← Chapters

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း (၂၉-၃၀)

Vol. 3 Ch. 29-30

အခန်း ၂၉ ခိုင်မာမှု

အိပ်ခန်းဆောင်ထဲမှ ဖယောင်းတိုင်မီးက တောက်ပနေ‌သောကြောင့်‌ ‌စာရေးရာတွင် မျက်လုံးကို မထိခိုက်စေနိုင်ပေ။ သို့သော် ယခုအချိန်တွင် လဲ့ကျစ်၏ မျက်နှာက ဟော်တူ၏လည်ပင်းနှင့် နီးကပ်နေပြီး သူမ၏ မျက်လုံးထောင့်မှ နေပြီး လူနှစ်ယောက် ပွေ့ဖက်နေသည်ကို ကြမ်းပြင်ပေါ်၌ ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ဖယောင်းတိုင်မီးစာက တဖျပ်ဖျပ် ခတ်နေပြီး ကြမ်းပြင်ပေါ်ရှိ အရိပ်များက ယိမ်းယိုင်နေသော်လည်း မပြောင်းလဲသေးသည်မှာ လူနှစ်ယောက်၏ပုံရိပ်က နီးကပ်နေပြီး ခွဲ၍ မရခြင်းပင်။

လဲ့ကျစ်၏ မျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် ခပ်တိမ်တိမ်အပြုံးက အနည်းငယ် အေးခဲသွားပြီး သူမ ခဏတာ စိတ်လွတ်သွားဟန်ဖြင့် သူမ၏ မျက်လုံးများ အနည်းငယ် ရီဝေသွားသည်။

‌

သူမ၏ ခါးတစ်ဝိုက်တွင် လှည့်ပတ်နေသော လက်ဖဝါးများက ဖြေလျော့သွားပြီး ဟော်တူက လဲ့ကျစ်၏ ပုခုံးကို သိုင်းဖက်ကာ သူမကို သူနှင့် ခပ်လှမ်းလှမ်းသို့ ဆွဲခွာလိုက်သည်။

"နောက်တစ်ခု ရေးမလား"

မျက်လုံးလေးလုံးက မျက်နှာချင်းဆိုင် အားပြိုင်နေကြပြီး လဲ့ကျစ်က မက်မွန်ပွင့်ပုံမျက်လုံးတစ်စုံကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေကာ သူ့မျက်လုံးအောက်ခြေမှ မတူညီသော ခံစားချက်အချို့ကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။

‘မဟုတ်သေးဘူး၊ အရင်ကလို လျစ်လျူရှုမှုနဲ့ ဝေးကွာမှုတွေက ရှိနေတုန်းပဲ’

လဲ့ကျစ်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်ပြန်သည်။

ကံကောင်းထောက်မစွာဖြင့် သူမ ခုလေးတင် တွေးခဲ့မိသော အတွေးများက သူမ၏ အထင်အမြင်လွဲခြင်းမျှသာ ဖြစ်နေသေးသည်။ တခါတရံတွင် လဲ့ကျစ်က သူမ၏ နှလုံးသားထဲမှ ဆန္ဒနှင့် အလွန်အမင်း ကွဲကွာနေကာ ဆန့်ကျင်နေတတ်သည်။ တစ်ဖက်တွင်မူ ဟော်တူက သူမကို နှစ်သက်လာစေရန် မျှော်လင့်နေခဲ့သည်။ ထိုသို့ဖြစ်လာလျင် သူမ ဤအရာများ လုပ်ဆောင်ရာတွင် အလွန်အမင်း ချုပ်တည်းနေရန် မလိုတော့ပေ။ သို့သော်လည်း တစ်ဖက်တွင်လည်း ဟော်တူက သူမကို အလွန်နှစ်သက်လာမည်ကို ကြောက်ရွံ့နေခဲ့ပြီး ထိုအရာက သူ သူမကို မကြိုက်တာထက် ပိုစိုးရိမ်စေခဲ့သည်။

အတူရှိနေခဲ့ရသည်မှာ အချိန်သိပ်မကြာသေးသော်လည်း လဲ့ကျစ်က ဟော်တူထံမှ ထွက်ပေါ်နေသော အန္တရာယ်ရောင်ဝါကို ခံစားသိရှိထားပြီး ဖြစ်သည်။ ထို့အပြင် သူက လူအများ၏ နှလုံးသားကို ဖောက်ထွင်းမြင်နိုင်ပုံရပြီး သူ၏ အတွေးများက စေ့စပ်သေချာကာ အသေးစိပ်လွန်းလှသည်။

‘ဒီလိုလူကို ရန်စနေရတဲ့ ဘဝမှာ သူမကိုယ်သူမ သတိမထားရင် သူမကိုယ်သူမ လွယ်လွယ်နဲ့ပြန် လောင်ကျွမ်းစေလိမ့်မယ်ဆိုတာကို သူမ မသိပဲ နေပါ့မလား’

တရားမျှတစွာ ပြောရလျှင်တော့ ဟော်တူက သူမအပေါ် တကယ်ကို ကောင်းမွန်သည်ဟု ယူဆနိုင်သည်။ လက်အောက်ခံတိုင်းပြည်တစ်ခု၏ မင်းသမီးတစ်ဦးအနေဖြင့် သူမ တာ့ချီတွင် ကောင်းမွန်စွာ နေထိုင်နိုင်ပြီး သူက သူမ လက်စားချေရန်ပင် ခွင့်ပြုထားခဲ့သည်။

လဲ့ကျစ်က သူမနှင့် ဟော်တူအကြားတွင် သူတို့က တစ်ဦးကို တစ်ဦး အသုံးချနေသော မဟာမိတ်များ သို့မဟုတ် ဘုံရည်မှန်းချက်များရှိသည့် မဟာမိတ်များ ဖြစ်နိုင်သည်ဟု တွေးခဲ့သည်။

‘အဲဒါက လွဲပြီး တခြားခံစားချက်တွေလည်း မရှိနိုင်ဘူးလေ’

ဟော်တူက လီတိုင်းပြည်ကို ဖျက်ဆီးသော တာ့ချီ၏စစ်ပွဲတွင် မပါဝင်ခဲ့ပေ။ သို့သော် တာ့ချီ၏စစ်တပ်က တာ့လီ၏မြို့တော်သို့ ဝင်ရောက်ခဲ့သည့်နေ့မှစ၍ တာ့လီ၏ လဲ့မျိုးနွယ်စုနှင့် တာ့ချီ၏ဟော်မျိုးနွယ်ကြားတွင် အမြဲတမ်း ဖျောက်ဖျက်မရနိုင်သော တံတိုင်းတစ်ခု ရှိနေပြီးသား ဖြစ်သွားခဲ့သည်။

သို့ရာတွင် အရာတစ်ခုက တစ်ခုနှင့်သာသက်ဆိုင်ပြီး အခြားအရာများနှင့် မရောထွေးနိုင်ပေ။ တရားမျှတမှုနှင့်ပတ်သက်၍ လဲ့ကျစ်က သူမနှင့် ဟော်တူက အံ့ဖွယ်နည်းဖြင့် ဆင်တူကြောင်း တွေ့ရှိလိုက်ရသည့်အတွက် အံ့အားသင့်သွားခဲ့သည်။ ထို့ကြောင့် သူမက ဟော်တူကို သူ၏ဆုလာဘ်အဖြစ် ရာဇပလ္လင် လုံခြုံစေဖို့ ကူညီပေးရန် စဉ်းစားခဲ့သည်။

သူမ၏ရည်ရွယ်ချက်က ဟော်တူက စိတ်မပြောင်းသွားဘဲ သူ့အဖေ ဟော်ချန်ယွင်ကို သတ်ခြင်းအပါအဝင် သူမ၏ လက်စားချေခြင်းများကို မတားဆီးရန် ဖြစ်သည်။

‘ဒါပေမယ့် အဲ့တာက ခက်ခဲ့မယ် မဟုတ်ဘူးလား.....

သွေးက ရေထက် ပိုပျစ်တယ်တဲ့။ သူမအတွက်တော့ အမှန်တကယ်ကို နည်းနည်း ဆန်းကြယ်နေသေးတယ်။’

ထို့ကြောင့် တစ်ခါတစ်ရံတွင် လဲ့ကျစ်က ဟော်တူ ပိုမိုရိုးရှင်းပြီး ကြမ်းတမ်းနိုင်စေရန် မျှော်လင့်ကာ သူမထံမှ လိုချင်သောအရာကို ယူစေချင်ခဲ့သည်။ ဥပမာအားဖြင့် သူမ၏ခန္ဓာကိုယ် သို့မဟုတ် ဟော်ရှနှင့် သူမ၏ဆက်ဆံရေးကို အသုံးချပြီး အကျိုးကျေးဇူးများ ရရှိရန် ယူစေချင်သည်။ ဤနည်းအားဖြင့် အနာဂတ်တွင် အချင်းချင်း ရန်သူ ဖြစ်လာလျှင်ပင် သူမ အပြစ်ရှိစိတ် အနည်းငယ်သာ ခံစားရနိုင်သည်။

ဟော်တူက လဲ့ကျစ်၏ ငိုင်တွေနေသော အသွင်အပြင်ကို ဆက်လက်ကြည့်ရှုနေသော်လည်း သူမကို ဘာမျှ မတိုက်တွန်းပေ။ သူမစိတ်ထဲတွင် အလွန်လေးလံနေမှန်း သူ့စိတ်ထဲမှ သိနေခဲ့သည်။ အတိအကျပြောရလျှင် သစ္စာဖောက်ခံခဲ့ရသူတစ်ယောက်အနေဖြင့် သူ ယခင်ကကဲ့သို့ နုံအနေသေးတယ်ဆိုရင် သူမကို လူမိုက်ဟုသာ ခေါ်သင့်တော့သည်။

ဖယောင်းတိုင်မီးက အလယ်အူတိုင်အထိ လောင်ကျွမ်းသွားပြီး သိမ်မွေ့သော အက်ကွဲသံများ ထွက်ပေါ်လာသည်။

လဲ့ကျစ်၏ မျက်လုံးများက အနည်းငယ် လှုပ်သွားပြီး သူမ၏ အတွေးများက လွင့်ပျယ်သွားခဲ့သည်။ သူမက မျက်လွှာချပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်ပြန်သည်။

‘ငါ တကယ်ပဲ အတွေးများနေမိပြီ၊ သူက ငါ့ကို ကစားစရာအဖြစ် ဆက်ဆံနေခဲ့တာလည်း ဖြစ်နိုင်သေးတယ်၊ အဲဒါဆိုရင် ငါ့ကိုယ်ငါ ဒုက္ခရောက်အောင် လုပ်နေစရာ မလိုတော့ဘူးလေ’

ကြမ်းပြင်ပေါ်မှ အရိပ်များကို ထပ်မြင်လိုက်ရချိန်တွင် လဲ့ကျစ်က ခေါင်းကို ပြန်မော့လိုက်ပြီး သူမ၏အမူအရာလည်း ပုံမှန်ပြန်ဖြစ်သွားကာ သူမ၏အတွေးကို သူမဘာသာ ထောက်ခံရင်း ခေါင်းညိတ်လိုက်သည်။ သူမက ဟော်တူ၏ပေါင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး စားပွဲခုံဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားကာ စာရေးစုတ်တံကို ယူလိုက်ပြီး စာစရေးလိုက်သည်။ ခဏအကြာတွင် သူမက စာရွက်ကို ကောက်ယူပြီး ဟော်တူကို ပေးလိုက်သည်။

ဟော်တူက လှမ်းယူလိုက်ပြီး စာရွက်ပေါ်ရှိ အကြောင်းအရာကို ပေါ့ပေါ့ပါးပါး ဖတ်ကြည့်နေသည်။ စာလုံးလေးက အနည်းငယ်သာ ပါဝငနေသည်။

[အကိုင်းအခက်တွေက ကူးတို့ဆိပ်*ရဲ့ အရိပ်နဲ့ ပြည့်နေတယ်]

(ကူးတို့ဆိပ်* – တရုတ်ဘာသာစကားတွင် တူဟု အသံထွက်သည်)

သူမက ဟော်ရှ၏ လက်ရေးကို အတုမယူဘဲ တမင်တကာ ပေါ့ပေါ့ပါးပါး ရေးထားသောကြောင့် သူ ရယ်မောလိုက်သည်။ ဤစကားလုံးများက သူမ၏ ပုံမှန်စာရေးဟန်ဖြစ်နိုင်သည်။ စာအရေးအသားက သာမန်မိန်းကလေးများ၏ စကားလုံးများနှင့် မတူဘဲ နူးညံ့သိမ်မွေ့သော်လည်း သပ်ရပ်ပြတ်သားနေသည်။

"ဒါက"

လဲ့ကျစ်က မျက်တောင်ခတ်လိုက်ပြီး လေးနက်သော အပြုံးလေးဖြင့် ရှင်းပြနေသည်။

"အရှင့်သားအတွက် ကျေးဇူးဆပ်တဲ့ လက်ဆောင်"

ထိုစကားကြောင့် ဟော်တူက သူ၏အေးစက်စက် အဖြူရောင်မျက်နှာပေါ်မှ ရွံရှာဖွယ်အမူအရာဖြင့် သူမကို စိုက်ကြည့်နေသည်။

အဓိပ္ပါယ်ကိုတော့ ထပ်မရှင်းပြခဲ့ပေ။

‘ဒီလို ကြေကွဲစရာကောင်းတဲ့ စကားလုံးလေးတွေကို ကျေးဇူးတင်တဲ့ လက်ဆောင်အဖြစ် ပေးချင်တဲ့ စိတ်ရှိတာလား’

"ဒါက ရေတွက်လို့ရတဲ့ လက်ဆောင်မဟုတ်ပေမယ့် နောက်ကွယ်က အတွေးတစ်ခုပါ"

ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ သူက သူမနားရွက်နားသို့ ကပ်ကာ ထပ်ပြောလိုက်ပြန်သည်။

“ဒီမင်းသားက ငယ်ငယ်တုန်းက စာကောင်းကောင်း မသင်ခဲ့ဘူး၊ အဲ့အကြောင်းကို ထိုက်ဇီဖေး ပြောပြတာ ပိုကောင်းမယ်၊ အကိုင်းအခက်တွေက ကူးတို့ဆိပ်ရဲ့အရိပ်နဲ့ ပြည့်နေတယ်ဆိုတာ ဘာလဲ”

ခေတ္တတိတ်ဆိတ်သွားပြီးနောက် သူက သူမနှင့် ပိုမိုနီးကပ်လာစေရန် လဲ့ကျစ်၏ခါးတစ်ဝိုက်ကို တမင်တကာ တင်းနေအောင် ဖက်ထားလိုက်သည်။ သူ၏ပါးလွှာသော နှုတ်ခမ်းများက သူမ၏နားရွက်ဖျားကို ပေါ့ပေါ့တန်တန် ထိတွေ့လိုက်ပုံရပြီး ဆက်မေးနေပြန်သည်။

“အကိုင်းအခက်တွေ ပြည့်နေတယ်… ဘယ်လိုပြည့်နေတာလဲ”

အေးမြသော မင့်ရနံနှင့်ထွက်သက်ဝင်သက်က သူမ၏ နားရွက်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပြီး လဲ့ကျစ်၏ပါးပြင်လေးများ နီရဲလာသည်။

‘သူ နောက်တစ်ခါ လုပ်ပြန်ပြီ’

‘တမင်တကာ အဓိပ္ပာယ်အမှားတွေ လျောက်ပြောနေတာ’

လဲ့ကျစ်က သူ ဘာကိုဆိုလိုမှန်း သိသော်လည်း အချိန်တိုင်း သူ လိုချင်သည့်အရာကို မ‌ပေးချင်ပေ။ သူမက ဟော်တူ၏ပခုံးပေါ်သို့ လက်နှစ်ဖက်တင်လိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ သူ့လက်ဖဝါးများကို ဆွဲယူလိုက်ပြီး သူမ၏နှလုံးပေါ်သို့ တင်လိုက်သည်။ သူမက သိမ်မွေ့သောလေသံဖြင့် ရှင်းပြလိုက်သည်။

"အရှင့်သားက အခု ကျစ်ကျစ်ရဲ့ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်နေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ"

ဟော်တူက သူမ၏ ပေါက်ကရ စကားကို နားထောင်ရင်း ရယ်မောနေလေသည်။ ယခုအချိန်တွင် လဲ့ကျစ်က သူမကို စိတ်အနှောက်အယှက်ဖြစ်စေသော ကြီးမားသည့် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားပြီဟု ခံစားနေရသည်။ သူမက အမြဲတမ်း လျှို့ဝှက်သောအသွင်အပြင်လေး အမြန်ပြန်ရောက်လာခဲ့သည်။ အစမှ အဆုံးထိ သူမ သူ့ကို တမင်တကာချဉ်းကပ်ပြီး သွေးဆောင်တိုင်း သူမထံတွင် သူမ၏ကိုယ်ပိုင်ရည်ရွယ်ချက်များ ရှိနေသည်ကို သူ သိနိုင်ခဲ့သည်။

ဟော်တူက အပိုစကားမပြောဘဲ သူ့လက်ဖဝါးများကိုသာ ပြန်ရုတ်လိုက်ပြီး သူ၏အနက်ရောင်မျက်လုံးများဖြင့် ထိုမြေခွေးမျက်လုံးလေးများကို စိုက်ကြည့်နေသည်။

ဟော်တူ၏အကြည့်က ခန့်မှန်းရခက်လွန်းလှသည်။ လဲ့ကျစ်တစ်ယောက် စိတ်ပူသွားရပြီး သူမ၏ ဒဏ်ရာရနေသော ပခုံးလေးလည်း အနည်းငယ် တုန်သွားခဲ့သည်။ သူမ မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိပြန်သည်။

"ဒဏ်ရာက နာနေတာလား"

လဲ့ကျစ်က ပြန်ဖြေလိုက်သည်။

“နည်းနည်း…”

"ကုတင်ပေါ် သွားထိုင်"

ဟော်တူက ကူကယ်ရာမဲ့နေဟန်ဖြင့် အိပ်ခန်းအတွင်းရှိ ဆေးသေတ္တာကို သွားယူလိုက်သည်။ သူ ဘီးတပ်ထိုင်ခုံကို ကုတင်ဘေးသို့ တွန်းလာချိန်တွင် လဲ့ကျစ်က သူမ၏ ဖိနပ်နှင့် ခြေအိတ်များကို ချွတ်ထားပြီး ကုတင်ပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။ သူမက သူမ၏အဝတ်အစားထိပ်ရှိ ကြယ်သီးသုံးလုံးကို ဖြုတ်လိုက်ပြီး ညာဘက်ပခုံးပေါ်ရှိ အဝတ်စကို ဆွဲချလိုက်ပြန်သည်။

ထိုအချင်းအရာကို မြင်လိုက်ရသည့် ဟော်တူကတော့ သူ့လည်စိ ညင်ညင်သာသာ လှိမ့်သွားသည်ကို ခံစားလိုက်ရသည်။

"လဲ့ကျစ်၊ အရှက်ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရလဲ သိလား"

လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို တွန့်ပြီး စိတ်ထဲမှ ပြန်ပြောလိုက်သည်။

‘ကျွန်မက ကျွန်မကိုယ်ကျွန်မ တံခါးဝအ‌ရောက် အရင်ပို့တာတောင် ရှင်က ကျွန်မကို မလိုချင်ဘူး... စိတ်ကြွဆေးလဲ အသုံးမဝင်ဘူး... အခုလို ဝတ်ထားတာကလဲ မရသေးဘူးလား...’

မည်သို့ပင်ဖြစ်စေ သူမ၏ပါးစပ်ကတော့ ဖွင့်မပြောရဲခဲ့ပေ။

ဟော်တူက သူမကို တချက်ထပ်ကြည့်လိုက်ပြီး ထို့နောက် သူမ၏အနာပေါ်ရှိ ချည်ထည်စကို ဖြည်ကာ ဆေးထည့်ပြီး ပတ်တီးပြန်ပတ်ပေးလိုက်သည်။

ဆေးထည့်ပြီးနောက် ဟော်တူက ဆေးသေတ္တာကို ဘေးနားတွင် ချထားလိုက်သည်။ လဲ့ကျစ် မနက်ခင်းနိုးလာချိန်တွင် သူမ၏ပခုံး၌ ပတ်တီးစည်းပေးထားသည်ကို ရုတ်တရက် တွေးလိုက်မိသည်။ မနေ့ညက ဟော်တူ အခန်းထဲသို့ ပြန်မလာခဲ့ဘူးဟု သူမ ထင်ခဲ့ပြီး ကျင့်ရှင်းက သူမကို ပတ်တီးစည်းပေးခဲ့ခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးခဲ့သည်။ ယခုမှ ပတ်တီးစည်းပုံ အတူတူဖြစ်နေမှန်း သူမ သိလိုက်ရသည်။ ထို့ကြောင့် ဟော်တူက သူမ ဒဏ်ရာရကတည်းက သူမကို ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းပင်။

"မနေ့ညက အရှင့်သား ကျွန်မအတွက် ဆေးစည်းပေးခဲ့တာလား"

လဲ့ကျစ်က သွေးတိုးစမ်းကာ မေးလိုက်သည်။

"ကိုယ် မဟုတ်ဘူး..."

ဟော်တူက မျက်တောင်မခတ်ဘဲ ရိုင်းစိုင်းစွာ ပြောလာပြန်သည်။

“တစ္ဆေပဲဖြစ်လိမ့်မယ်”

လဲ့ကျစ်ကလည်း အဓိပ္ပါယ်မဲ့ လေသံဖြင့် အရှက်မရှိ တုံ့ပြန်လိုက်သည်။

"ကျွန်မ သိပါတယ်၊ အရှင့်သားက ကျွန်မကို အရမ်းဂရုစိုက်တယ်၊ ကျွန်မ ဒဏ်ရာရကတည်းက အရှင့်သားက အရမ်းစိတ်ပူနေတာ၊ အရှင့်သားရဲ့ မျက်နှာက တော်တော် နွမ်းနယ်နေတာကို ကျွန်မ မြင်နေရတယ်”

ဟော်တူတစ်ယောက် စကားပင် မပြောနိုင်တော့ဘဲ သူမ၏ပခုံးကို ကိုင်ကာ အိပ်ခိုင်းလိုက်သည်။ သို့တိုင်အောင် သူက သူမကို ပတ်ပေးဖို့ ဘရိုကိတ်စောင်ကို ဆွဲထုတ်နေရင်း ထပ်ပြောလိုက်ပြန်သည်။

"ထိုက်ဇီဖေးရဲ့ထင်ရောင်ထင်မှား ဖြစ်တတ်တဲ့ရောဂါက ပိုဆိုးလာပြီ"

သူက ပြောပြီးသည်နှင့် သူ့ဘေးနားမှ ကျောက်စိမ်းဖြူတုတ်ကောက်ကို ကောက်ကိုင်လိုက်ပြီး ဆေးသေတ္တာကို ပြန်သွားထားရန် ပြင်ဆင်လိုက်သည်။ မထင်မှတ်ပဲ သွယ်လျသောလက်တစ်စုံက သူ့အင်္ကျီလက်ဝကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူမကို လှည့်ကြည့်စေလိုက်သည်။

“အရှင့်သား၊ ကျွန်မ ပခုံးပေါ်က ဒဏ်ရာတွေ သက်သာလာတဲ့အခါ ကျွန်မတို့ …”

လဲ့ကျစ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး သူမ၏မျက်လုံးများက ကြင်လင်တောက်ပနေကာ ပြတ်သားပုံပေါ်နေသည်။

“ချစ်ကြရအောင်”

သူ တွန့်ဆုတ်နေမည်ကို စိုးရိမ်သဖြင့် သူမက ထပ်ပြောလိုက်ပြန်သည်။

“ကျွန်မ အရမ်းဆန္ဒရှိပါတယ်”

ဟော်တူက သူမကို စိတ်ဝင်စားနေကြောင်း သူမ မြင်နိုင်သော်လည်း မည်မျှကြာနေသည်ကိုတော့ သူမ မသိသေးပေ။ သို့သော် သူမ မျှော်လင့်ထားတာထက် ကျော်လွန်ပြီး အခြေအနေတွေ တိုးတက်လာသည်ကိုလည်း သူမ မမြင်ချင်ပြန်ပေ။

‘ဟော်တူက သူမကို မချစ်ရင်လဲ ဘာဖြစ်သေးလဲ၊ တကယ်ဖို့ ဒီအရူးက သူမအတွက် အမှန်တကယ် အချစ်မှာ ပျော်ဝင်သွားရင်သာ အဲ့ကိစ္စက အားလုံးကို အပြင်းအထန် ရှုပ်ထွေးစေမှာ...’

တာ့ချီရှိ အမျိုးသားများက အသစ်ကို နှစ်သက်ပြီး အဟောင်းကို မုန်းတီးသည်ဟု ဆိုကြသည်။ သူတို့က အမျိုးသမီးများကို မထီမဲ့မြင်ပြု ဆက်ဆံပြီး သူမတို့ကို ရရှိပြီးနောက် လျင်မြန်စွာ မကြိုက်ကြတော့ပေ။ သူမတို့ ကိုယ်လက်နှီးနှောပြီးလျှင် သူမတို့က စစ်မှန်သည့် မဟာမိတ်များ ဖြစ်လာပြီး အပြန်အလှန် အကျိုးအမြတ်အတွက် ဘေးကင်းသည့် အကွာအဝေးကို ထိန်းသိမ်းထားရန် အချိန်အများကြီးယူရမည် မဟုတ်တော့ဟု လဲ့ကျစ် တွေးနေပြန်သည်။

သူမ၏ စကားဆုံးသွားချိန်တွင် ဟော်တူ၏မျက်လုံးများ ပူလောင်လာသော်လည်း သူက တုံ့ပြန်ခြင်း မရှိပေ။ ခဏကြာတော့ သူက မေးလာပြန်သည်။

“လဲ့ကျစ်၊ မင်းအသက် ဘယ်လောက်ရှိပြီလဲ”

လဲ့ကျစ်က အံ့ဩသွားသည်။ ဟော်တူက သူမ၏အသက်အရွယ်ကို သိနေသည်မှာ ထင်ရှားသော်လည်း သူမက နာခံမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သေးသည်။

“ဆယ့်ခြောက်နှစ်”

“ဆယ့်ခြောက်…”

ဟော်တူက သဘောတကျရယ်ရင်း ခေါင်းကို ခါယမ်းလိုက်ကာ ဆေးသေတ္တာကို ကိုင်ရင်း သူ့ဘာသာသူ ပြန်လှည့်ထွက်သွားသည်။

လဲ့ကျစ်၏ ပါးပြင်များက ခဏတာအတွင်း နီရဲလာပြီး သူမ၏မျက်လုံးများလည်း အနည်းငယ် နီရဲလာပြန်သည်။ သူမက သူမ၏ခန္ဓာကိုယ်ကို ကုတင်အတွင်းဘက်သို့ လှည့်လိုက်ပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

‘ရှက်စရာ ကောင်းလွန်းတယ်... ထပ်ပြီး အငြင်းပယ်ခံရပုံပဲ...’

‘ကောင်းပြီ၊ ဟော်တူက သူမက အရမ်း စိတ်ဝင်စားစရာကောင်းပြီး သူမရဲ့ခန္ဓာကိုယ်က လုံးဝစိတ်ဝင်စားစရာမကောင်းဘူးလို့ တွေးနေပုံရပဲ၊ ဒါလဲ ကောင်းတဲ့အရာတစ်ခုပါပဲ...’

သိပ်မကြာခင်မှာပင် ဟော်တူလည်း ကုတင်ပေါ်သို့ လှဲချလိုက်သည်။ ရှက်ကိုးရှက်ကန်းဖြစ်နေရာမှ မသက်သာသေးသည့် လဲ့ကျစ်က သူ့ဘက်ကို ကျောပေးပြီး ဤတစ်ညတော့ ဒီအတိုင်း အိပ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူမ၏ကိုယ်ပေါ်ရှိ ဘရိုကိတ်စောင်ကို ရုတ်တရက် ဆွဲယူခံလိုက်ရပြီး ဟော်တူက သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူမကို ညင်ညင်သာသာ ဆွဲယူလိုက်ပြီး အနောက်မှ ပွေ့ဖက်လိုက်သည်။ ထို့နောက်တွင် သူက အနည်းငယ် အက်ရှရှ ဖြစ်နေသောအသံဖြင့် တစ်စုံတစ်ခု ပြောလာသည်ကို သူမ ကြားလိုက်ရသည်။

"မင်း တကယ်စဉ်းစားပြီးပြီလား"

*****

စာရေးသူပြောစရာရှိတယ် ၊

ဟော်တူ : ငါ့မိန်းမက ငါနဲ့ ချိန်းတွေ့ချင်နေတယ်၊ ဒါပေမယ့် တကယ်တော့ သူက ငါနဲ့ ချစ်ချင်နေတာ...

ကျစ်ကျစ် : ဒီအရူးကို လှုပ်နှိုးရတာ အန္တရာယ်များလိုက်တာ... အဲ့တာကြောင့် ငါ စပြီး ထိတ်လန့်လာပြီ....

အခန်း ၃၀ ပျော်ရွှင်မှု

မင့်ရနံပါသော အေးမြသည့် ဝင်သက်ထွက်သက်များက နေရာအနှံ့ လွှမ်းခြုံနေပြီး သူ၏ပူနွေးသော ရင်ဘတ်နှင့် ကပ်ထားသော လဲ့ကျစ်၏ နောက်ကျောက သူမ၏ ခန္ဓာကိုယ်ကို တောင့်တင်းသွားစေသည်။ သူမ၏ စိတ်ထဲတွင် ဟော်တူက အတွင်းအပြင်သာမက ခန္ဓာကိုယ်မှ နှလုံးသားအထိ အမြဲအေးစက်နေသူ ဖြစ်သည်။ သို့သေည် ယခုအချိန်တွင်တော့ သူက ခါတိုင်းနှင့် တော်တော်လေး ကွာခြားနေခဲ့သည်။

လဲ့ကျစ်၏ စိတ်က အချိန်အတော်ကြာ ဗလာကျင်းနေပြီး မလှုပ်မယှက် ဖြစ်နေကာ အသိပျောက်သည်အထိ လန့်ဖျပ်နေခဲ့သည်။ သူမ နောက်မှ လူကို အဖြေမပေးမိသလို သူကလည်း မတိုက်တွန်းခဲ့ပေ။ သို့သော် ထိုအချိန်တွင် သူက သူမကို လွှတ်ပေးလိုက်ပြီး သူမနှင့် ခပ်ခွာခွာ နေလိုက်သည်။

သူမ၏နောက်ကျောမှ အပူအရင်းအမြစ် ရုတ်တရက် ပျောက်ကွယ်သွားမှသာ လဲ့ကျစ် တုံ့ပြန်နိုင်ခဲ့သည်။ သူမ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်မိချိန်တွင် သူမ အချိန်မီ မတုံ့ပြန်နိုင်ခဲ့သည့်အတွက် စိတ်ပျက်သွားရသည်။

‘အခုနေ သူမ သူ့ကို ပွေ့ဖက်ထားလိုက်ရင် အရမ်းသိသာသွားမှာ မဟုတ်ဘူးလား’

ခဏလောက်စဉ်းစားပြီးနောက် လဲ့ကျစ်က စောင်အောက်မှ သူမလက်ကို ညင်သာစွာ ရွှေ့လိုက်သည်။ ဟော်တူ၏လက်ဖဝါးကို ရှာတွေ့ပြီးနောက် သူမ၏နူးညံ့သောလက်ချောင်းများက သူ့လက်ချောင်းများကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး နှစ်ယောက်သား၏လက်ချောင်းများကို ရောယှက်ထားသည်။

သူ့လက်ဖဝါးမှ ထွက်လာသော အေးစက်မှုက လဲ့ကျစ်ကို အံ့ဩစေပြန်သည်။

‘နွေးထွေးတဲ့ ပွေ့ဖက်မှုနဲ့ အေးစက်တဲ့ လက်ဖဝါးတွေက တကယ်ပဲ လူတစယောက်ထဲဆီကနေ ဆင်းသက်လာတာလား’

ထို့နောက် သူမ အများကြီးမစဉ်းစားတော့ဘဲ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“အမ်း”

အချိန်အတော်ကြာပြီးနောက် သူမဘေးနားမှလူ အိပ်ပျော်သွားပြီဟု လဲ့ကျစ် တွေးလိုက်မိပြီး ရယ်သံတိုးတိုးလေး ထွက်သွားမိသည်။

"ကောင်းပြီ"

ထိုအချိန်မှသာ ဟော်တူက ပြန်ဖြေလိုက်သည်။

"ဒီမင်းသား သဘောတူတယ်"

လဲ့ကျစ်၏မျက်နှာလေးက ချက်ခြင်း ရှုံတွသွားပြန်သည်။

‘တခြားသူတွေ အိမ်ထောင်ကျပြီးရင် ဘယ်လိုနေကြလဲဆိုတာကို သူမ မသိပေမယ့် သူမနဲ့တော့ မတူလောက်ဘူး’

‘ကောင်းပြီ၊ ကောင်းပြီ ... ကောင်းပြီတဲ့လား....

ဒီလေသံနဲ့ဆိုရင် သူ ဘယ်လောက်တောင် ဝန်လေးနေလဲဆိုတာ မှန်းလို့ရတယ်’

‘ချစ်ကြဖို့ကို သူမက အတင်းတောင်းဆိုတယ်လို့များ သူ တွေးနေတာလား’

လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ၏ဒဏ်ရာမှ ပြန်လည်သက်သာလာချိန်တွင် လဲ့ကျစ်က ဟော်တူပေးခဲ့သော စာအုပ်ငယ်ကို ဂရုတစိုက် ဖတ်ခဲ့သည်။ သူမ အနည်းငယ် ရှက်နေသော်လည်း ယောက်ျားနှင့်မိန်းမကြားရှိကိစ္စများကို သူမ တကယ်နားမလည်ခဲ့ပေ။ ယနေ့အခြေအနေတွင် လဲ့ကျစ်က အိပ်ယာထဲမှ ကိစ္စများအပါအဝင် မည်သည့်အရာကိုမျှ သိပ်မသိခဲ့ပေ။ ထို့ကြောင့် သူမ အလွန်ဂရုတစိုက် လေ့လာခဲ့သည်။

ထို့အပြင် စာအုပ်ငယ်လေးထဲမှ အကြောင်းအရာများက မော့မော့များ သင်ပေးခဲ့သည့် အကြောင်းအရာနှင့် အလွန်ကွာခြားနေခဲ့သည်။ ၎င်းကို ဖတ်ပြီးနောက် လဲ့ကျစ်က ချစ်မှုရေးရာကိစ္စက ခင်ပွန်းဖြစ်သူကို သူ အလိုရှိတိုင်း လုပ်ခွင့်ပေးရမည်ဟု ပြောခဲ့သော မော့မော့ စကားလောက် ကြောက်စရာ မကောင်းတော့သလို သူမ ခံစားလာရသည်။

‘ဟော်တူ ဒီစာအုပ်ကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ’

လဲ့ကျစ်က တစ်ချိန်က သူ ဤအိမ်ထောင်ရေးကို အပြီးမသတ်ရန် ပြောခဲ့ဖူးသည်ကို သတိရမိသည်။ ယုတ္တိရှိရှိပြောရလျင် မဖြစ်သင့်ပေ။ တာ့ချီ၏ တော်ဝင်မိသားစုများက အိပ်ယာဝင်အစေခံများကို အလွန်စောစီးစွာ လက်ခံနိုင်ပြီး လှပသောကိုယ်လုပ်တော်များစွာရှိသည်ဟု ပြောကြသည်။ ထိုနေ့က အကြီးဆုံးမင်းသား၏အကျင့်များကို ဟော်ချင်းယုဆီမှ နားထောင်ခဲ့ရသည့်အတွက် လဲ့ကျစ်က သူမထက် လေးနှစ်ကြီးသော ဟော်တူတွင် မိန်းမ မရှိဖူးကြောင်း မယုံနိုင်ပေ။ သို့သော် အရှေ့နန်းတော်နှင့် ထိုက်ဇီစံအိမ်တွင် အိပ်ယာဝင်အစေခံ၊ ကိုယ်လုပ်တော်များနှင့် အခြားအမျိုးသမီးများ အမှန်တကယ် မရှိနေပေ။

သို့သော် ဟော်တူက ထူးဆန်းသော စိတ်ထားရှိသောကြောင့် သူမ အတွေးများနေမိပြန်သည်။

‘မတော်တဆ သူ အပြင်မှာ ကြိုက်ခဲ့တဲ့ အမျိုးသမီး ရှိနေမလားဆိုတာ သေချာမသိနိုင်ဘူးလေ၊ ဘယ်သူက‌ သူအကြောင်းကို သိနိုင်မှာတုန်း၊ ဘာပဲဖြစ်ဖြစ်ပါ အဲဒါက ငါ စိုးရိမ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။

အမှန်တယ်တွင် လဲ့ကျစ်၏စိတ်ကူးထဲ၌ အစီအစဥ်ချထားပြီးသားဖြစ်သည်။

ဟော်တူ ပြောခဲ့သလို သူ့ထံတွင် အမျိုးသမီးတစ်ယောက်မှ မရှိခဲ့ဘူးဆိုပါက သူမ ပိုမိုလေ့လာသင်ယူပြီး ချစ်တင်းနှောချိန်အတွင်းမှာ သူ့ကို နည်းနည်းလေး လမ်းညွှန်ပေးမည်ဟု တွေးထားခဲ့သည်။ သူက အတွေ့အကြုံ ရှိသူဖြစ်နေလျှင်ပင် သူ့ခြေထောက်က အဆင်မပြေသောကြောင့် သူမဘက်မှ ညံ့ဖျင်းသည့် အနေအထားသို့ မရောက်သွားစေရန် နည်းစနစ်များကို ပိုမိုလေ့လာသင့်သည်ဟု တွေးနေခဲ့သည်။ အတိုချုပ်ပြောရလျှင် အရေးကြီးဆုံးအချက်က မိမိကိုယ်မိမိ မနာကျင်စေရန်သာ ဖြစ်သည်။

ခဏအကြာတွင် လဲ့ကျစ်တစ်ယောက် သူမ၏အတွေးများကို ပြန်ဆွဲထုတ်လိုက်ပြန်သည်။ နောက်ဆုံးတွင် ထိုချစ်မှုရေးရာကိစ္စများက ဝေးကွာနေဆဲပင်။

လဲ့ကျစ်က မနက်ဖြန် ရန်ဟမ့်အား သတ်ပစ်နိုင်မည့် အစီအစဉ်ကို စတင်စဉ်းစားနေခဲ့ပြီး သူမ သတိမထားမိပါက အမှားအယွင်းဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သူမ တွေးနေရင်းဖြင့် မျက်တောင်များ မှိတ်ကျသွားသည်။ သူမ၏အသက်ရှုသံများလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ဟော်တူက သူ့ဘာသာသူ ထထိုင်လိုက်ပြီး လဲ့ကျစ်၏ အိပ်ပျော်နေသော မျက်နှာလေးကို စိုက်ကြည့်နေပြန်သည်။ သူမ၏ ဖြူဖွေးသော နှင်းရောင်ပါးပြင်ပေါ်တွင် လေးနက်သော အသွင်အပြင်များ ရှိနေပြီး သူမက အိပ်ပျော်နေချိန်မှာပင် ပြေလျော့သွားခြင်း မရှိပေ။

‘အရမ်းတွေ တွေးနေတာ သူမ မပျင်းဘူးလား’

သူက နှာတချက်မှုတ်ကာ ဘာသိဘာသာဖြင့် အနည်းငယ် ရယ်မောလိုက်ပြန်သည်။ သူ လုံးဝ သတိမထားမိလိုက်သော်လည်း သူ့၏မက်မွန်ပွင့်ပုံမျက်လုံးများတွင် နူးညံ့သောအကြည့်တစ်ခု ပေါ်လာခဲ့သည်။

ဟော်တူက တဖန် လဲလျောင်းလိုက်ပြီး သူမ အိပ်ပျော်သွားပြီးနောက် သူမ ကိုင်ထားခဲ့သော လက်က အနည်းငယ် လျော့ရဲသွားသလို ခံစားလိုက်ရသည်။ သူက သူမ ခွန်အား၏ အစိတ်အပိုင်းကို သူ့လက်ထဲသို့ ရွှေ့လိုက်ပြီး သူမ၏လက်ကလေးကို အမှတ်တမဲ့ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

ရှည်လျားပြီး မှောင်မိုက်သောညက အဆုံးမရှိပေ...

ထို့အပြင် လကလည်း ပျေက်ကွယ်နေခဲ့သည်။

ထိုက်ဇီစံအိမ်၏ ငြိမ်သက်ခြင်းနှင့် မတူဘဲ ကျင့်ရှန်းစံတော်တွင် တစ်ယောက်တည်း အိပ်မပျော်နိုင် ဖြစ်နေကာ ဖယောင်းတိုင်မီးကို ကြည့်ရင်း မှင်တက်စွာ ထိုင်နေသူတစ်ဦးရှိသည်။

"ဝမ်ဖေး*၊ အရင်အိပ်တာက ပိုကောင်းမယ် ထင်ပါတယ်"

ရှန်းချင်းယန်၏ ခန်းဝင်အစေခံ လုယင်က သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။

(ဝမ်ဖေး* – မင်းသားတစ်ပါး၏ ဇနီးအား ပေးသောဘွဲ့၊ ကြင်ယာတော်မင်းသမီး)

“လုယင်…”

ရှန်းချင်းယန်၏ မျက်လုံးများက နီရဲနေပြီး သူမ၏ အသံကလည်း အက်ရှနေသည်။

"သူ ငါ့ကို မကြိုက်ရင် ဘာလို့ ငါ့ကို လက်ထပ်ခဲ့တာလဲ"

သခင်မ၏ အသက်ဝိညာဉ်ပျောက်ဆုံးနေသော အသွင်အပြင်ကို မြင်လိုက်ရသောကြောင့် လုယင်လည်း ဝမ်းနည်းလာသည်။ သူမက သူမ၏လက်ထဲမှ အပေါ်ရုံကို သေချာဖြန့်ပြီး ရှန်းချင်းယန်၏ပါးလွှာသော ခန္ဓာကိုယ်လေးပေါ်သို့ ခြုံပေးလိုက်သည်။ ယခုတလော ဖြစ်ပျက်ခဲ့သည့်အရာများကို တွေးရင်း လုယင်က ဒေါသတကြီး အံကြိတ်နေခဲ့သည်။

‘ဝမ်ရယ်*က စော်ကားလွန်းတယ်...’

(ဝမ်ရယ်* – မင်းသားဘွဲ့ပါ၊ မင်းသားတိုင်းကိုတော့ ဝမ်ရယ်လို့ ခေါ်လို့မရပါဘူး။ ဧကရာဇ်ကနေ နယ်မြေ အပိုင်စားပေးပြီး ဘွဲ့နံမည်ချီးမြှင့်ထားတဲ့ မင်းသားတွေကိုပဲ ဝမ်ရယ်လို့ခေါ်လို့ရတာမျိုးပါ။ သူတို့အပိုင်စားရတဲ့နယ်မြေမှာတော့ သူတို့က ဘုရင်ပါ)

“အဲ့လို မဟုတ်ပါဘူး သခင်မက အရမ်းလှတဲ့သူလေ။ ဝမ်ရယ်က သခင်မရဲ့ အလှဆုံးပုံစံကို မတွေ့ဖူးသေးလို့ပါ"

"တကယ်လား"

ရှန်းချင်းယန်က နှုတ်ခမ်းကို ကော့ကာ ဝမ်းပန်းတနည်း ပြုံးလိုက်ပြန်သည်။

‘လုယင်က သူမ ဝမ်းမနည်းစေဖို့ နှစ်သိမ့်ပေးချင်လို့ အကောင်းဆုံး ကြိုးစားနေမှန်း သူ သိပါတယ်’

‘အရမ်းအေးတယ်’

ဒီအိမ်ကြီးက ဘာလို့ ဒီလောက်တောင် အေးစက်နိုင်ရတာလဲ’

ရှန်းချင်းယန်၏ မျက်လုံးများက မှုန်ဝါးလာကာ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

‘အရင်တုန်းက လဲ့ကျစ်က ဟော်ရှရဲ့ နှလုံးသားက ဖျောက်ဖျက်လို့ မရတဲ့ တစ်ဦးတည်းသောသူလို့ သူမ ထင်ထားခဲ့တာ။ ဒါပေမယ့် မနေ့ညက မင်္ဂလာဦးညမှာတောင် သူက သူမကို မထိခဲ့ဘူး။ ဒါပေမယ့် ဒီနေ့ သူ အိမ်တော်ကို ပြန်ရောက်လာပြီး ညစာစားပြီးတဲ့အချိန်မှာ ပျောက်ကွယ်သွားခဲ့တယ်။ သူ ရုံးတော်က တာဝန်တွေနဲ့ အလုပ်ရှုပ်နေတယ်လို့ သူမ ထင်ခဲ့မိတာကြောင့် လုယင်ကို ခေါ်ပြီး အိမ်ကြီးတဝိုက် လမ်းလျှောက်ခဲ့မိတယ်’

‘အနောက်ဘက် ခြံထောင့်သို့ မရောက်မချင်း သူမ ဘာမှ မသိခဲ့ဘူး။ အဲ့နေရာကို ရောက်တော့ အကြောင်းတစ်ခုခုကြောင့် ဘေးနားက အစောင့်တွေနဲ့ အစေခံတွေက ထူးဆန်းတဲ့ပုံ ပေါက်လာပြီး သူမကို အကြိမ်ပေါင်းများစွာ တားဆီးခဲ့ကြတယ်။ သူမက စူးစမ်းချင်စိတ်ကြောင့် တားဆီးတဲ့လူတွေကို လျစ်လျူရှုပြီး အဲ့လူကို သွားကြည့်ဖို့ ကြိုးစားခဲ့မိတယ်’

"ဒီမှာ ဘယ်သူနေတာလဲ"

အစေခံများက တုန်လှုပ်ခြောက်ခြားဟန်ဖြင့် တစ်ယောက်ကို တစ်ယောက်ကြည့်နေကာ အဖြေကို ချက်ချင်း ပြန်မပေးဝံ့ဘဲ တုန်တုန်ယင်ယင် အသံဖြင့် မရဲတရဲ ပြန်ဖြေလာကြသည်။

"ဝမ်ဖေး၊ ဒီမှာနေတဲ့လူကို ကျန်းမန်လို့ ခေါ်ပါတယ်"

နောက်ဆုံးတွင် ထိူလူက သူတို့၏ ဝမ်ရယ် လက်ခံထားသော အိပ်ယာနွေးစေတဲ့သူတစ်ယောက် ဖြစ်ပြီး အစေခံများက သူမတွင် မည်သည့်ရာထူး သို့မဟုတ် အဆင့်အတန်းမှ မရှိသောကြောင့် သူမအား မည်သို့ခေါ်ရမှန်း မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့အနေဖြင့် ဝမ်ဖေးကို အမည် ပြောပြရုံမှလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုစကားကပင် ရှန်းချင်းယန်ကို တုန်လှုပ်သွားစေပြီး ယိုင်လဲလုမတတ် ဖြစ်သွားစေသည်။ ကံကောင်းထောက်မစွာဖြင့် လုယင်က သူမကို ဘေးမှ ထိန်းထားပေးခဲ့သည်။

ကျန်းမန်...

‘ဒါဆို သူမကို လက်မထပ်ခင် ဟော်ရှမှာ မိန်းမတစ်ယောက်ရှိနေတာ ကြာပြီပေါ့။’

တာ့ချီတွင် ထိုသို့သောအရာများက အဆန်း မဟုတ်သော်လည်း ရှန်းချင်းယန်က သူမ လှည့်စားခံရသည်ဟု တွေးနေဆဲပင်။ လဲ့ကျစ်က ဟော်ရှ မစွန့်လွှတ်နိုင်သော တစ်ဦးတည်းသောသူဟု သူမ ထင်ခဲ့သော်လည်း ယခု နောက်တစ်ယောက်ရှိနေပြန်သည်။

‘ကျန်းမန်က ဘာလို့ ရှိနေသေးတာလဲ....

ကျန်းမန်က ဘယ်သူလဲ.....

သူ့မှာ မိန်းမဘယ်နှစ်ယောက်ရှိတာလဲ’

သူမ မျက်မှောင်ကြုတ်ကာ အခန်းတံခါးဝသို့ ရောက်သည်အထိ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။ ဘေးမှ လုယင်က သူမ၏လက်ကို မြှောက်လိုက်ပြီး တံခါးခေါက်ရန် ပြင်ဆင်လိုက်သည်။

ထိုအခိုက်အတန့်တွင် အမျိုးသမီး၏ တိုးညှင်းသော ညည်းညူသံနှင့်အတူ အခန်းတွင်းမှ ငိုကြွေးသံများ ထွက်ပေါ်လာသည်။ တသံပြီး တသံ မပြီးဆုံးနိုင်တော့ပေ။

သခင်မနှင့် အစေခံတို့ အချင်းချင်း ထိတ်လန့်စွာ ပြန်ကြည့်လိုက်မိကြသည်။ လုယင်၏လက်က ခဏတန့်နေကာ တံခါးကို မခေါက်ခဲ့သလို နောက်ကိုလည်း ပြန်မဆုတ်နိုင်ခဲ့ပေ။

ခဏတာအတွင်း အရှက်နှင့် ဒေါသက သူမခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။ ငယ်စဉ်ကလေးဘဝကတည်းက သင်ယူခဲ့သော မြင့်မြတ်သော အမျိုးသမီးတစ်ဦး၏ကျင့်ဝတ်များက ရှန်းချင်းယန်ကို ရူးသွပ်စွာ မပြေးဝင်နိုင်စေခဲ့ပေ။

‘သူမ ဝင်သွားရင်ရော ဘာလုပ်နိုင်မှာလဲ၊ သူမကိုယ်သူမ အရှက်ရစရာတွေ ထပ်ထည့်မိရုံပဲ ရှိတော့မှာပေါ့’

သူမ အိပ်ခန်းထဲသို့ မည်သို့ ပြန်ရောက်လာမှန်းပင် သူမ မသိတော့ပေ။ သူမ တစ်ကိုယ်လုံး ရေခဲရေထဲတွင် စိမ်ထားခံရပြီး အအေးဒဏ်ကြောင့် နာကျင်နေသလို ခံစားနေရသည်။

“သွားကြစို့၊ ဝန်ကြီးချုပ်အိမ်တော်ကို ပြန်သွားမယ်”

ရှန်းချင်းယန်က သူမ၏မျက်နှာမှ မျက်ရည်များကို သုတ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

လုယင်၏ မျက်လုံးများက အထိတ်တလန့် ပြူးကျယ်သွားပြီး တားဆီးလိုက်သည်။

“ပြန်လို့မရဘူးလေ သခင်မ... မိဘအိမ်ကို သတို့သမီးပြန်မယ့်နေ့တောင် မရောက်သေးဘူး"

သို့သော် ရှန်းချင်းယန်က ပြတ်ပြတ်သားသား မတ်တပ်ထရပ်ပြီး တံခါးအပြင်သို့ ထွက်လာခဲ့သည်။ သူမ၏ နောက်ကျောက မြင်ကွင်းအားလုံးကို လုံးဝ အဆုံးအဖြတ်ပေးနေခဲ့သည်။

.........။.........။......

နောက်တစ်နေ့......

လဲ့ကျစ်နှင့် ဟော်တူတို့ နံနက်စာစားနေချိန်တွင် လီယောင်က စိုးရိမ်တကြီးဖြင့် ထမင်းစားခန်းဆီသို့ လျှောက်လာခဲ့သည်။ သူမက ဟော်တူကို တွေ့သွားပြီး ဆက်ဝင်မလာရဲပဲ ခန်းမအပြင်ဘက်၌ ရပ်စောင့်နေသည်။

လီယောင်၏ အပြုအမူက လဲ့ကျစ်ကို တင်းမာသွားစေသည်။

‘လီယောင်ကို ဒီမနက် ရန်အိမ်တော်ရဲ့အပြင်ဘက်ကို သွားစစ်ဆေးဖို့ သူမ မနေ့ထဲက ညွှန်ကြားထားခဲ့တာလေ။ အဆင်မပြေတာတွေ မရှိဘူးဆိုရင် နောက်တဆင့်ကို ဆက်သွားလို့ ရပြီ။ လီယောင်က အရမ်းအရိပ်အကဲ နားလည်သူတယ်။ ပြသနာ ကြီးကြီးမားမား တစ်ခုခုကြောင့် မဟုတ်ရင် လီယောင် ဒီလို အလျင်စလို ဖြစ်နေမှာ မဟုတ်ဘူး။ ခုတော့ လီယောင်က သူမ မနက်စာစားပြီးတာကိုတောင် မစောင့်နိုင်တော့ဘူး။

ရန်အိမ်တော်မှာ တစ်ခုခုဖြစ်နေတာ ဖြစ်နိုင်လား’

လဲ့ကျစ်က တုန်လှုပ်နေသည့် နှလုံးသားဖြင့် လီယောင်ကို လှမ်းခေါ်ရန် သူမ၏ပါးစပ်ကို အမြန်ဖွင့်လိုက်သည်။

‘ဒီလိုအရေးကြီးတဲ့ အခိုက်အတန့်မှာ ရန်အိမ်တော်မှာ တစ်ခုခု ဖြစ်သွားခဲ့ရင် ဒီနေ့အတွက် သူမရဲ့အစီအစဉ်ကို ထိခိုက်စေလိမ့်မယ်’

လီယောင်က ဦးညွှတ်အရိုအသေပေးလိုက်ပြီး တစ်ခုခုပြောချင်နေသော်လည်း ချီတုံချတုံ ဖြစ်နေပြန်သည်။

လဲ့ကျစ်က သူမ ဟော်တူရှိနေသည့်အတွက် စိတ်ပူပြီး စကားမပြောရဲ ဖြစ်နေသည်ဟု တွေးကာ ပြောရန် တိုက်တွန်းလိုက်သည်။

"မင်း စိတ်ထဲရှိတာကို ထုတ်ပြောလို့ ရတယ်"

“သခင်မ၊ ဒီအစေခံက ရန်အိမ်တော်ရဲ့ အပြင်ဘက်ကို သွားခဲ့ပါတယ်”

လီယောင်က နှုတ်ခမ်းကို ကိုက်နေပြီး ဆက်မပြောခင် ခေတ္တစကား ရပ်ထားပြီးမှ ဆက်ပြောလိုက်သည်။

“မနေ့ညက ရှန်းယိတပ်မရဲ့ ဒုတပ်မှူး ရန်ဟမ့် တစ်ခုခု ဖြစ်သွားခဲ့တယ်…”

လီယောင်က ရှင်းရှင်းလင်းလင်း တင်ပြနေသည်။ လဲ့ကျစ်တစ်ယောက် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏လက်များ တုန်ခါသွားကာ ငွေတူဖြင့် ကိုင်ထားသည့် ပဲနီမုန့်ပင် ကြွေပန်းကန်လုံးထဲသို့ ပြုတ်ကျသွားသည်။

သူမ၏ ချယ်ရီနှုတ်ခမ်းများက အနည်းငယ် ဖွင့်ဟလာပြီး တိုးတိုးလေး ရေရွတ်နေပြန်သည်။

“ဟုတ်လား…”

‘သင်းကွပ်ခံရတာတဲ့လား....’

နောက်ဆုံးတွင် သူမ ထမင်းစားစားပွဲတွင် ထိုင်နေဆဲဖြစ်သောကြောင့် ထိုစကားကို အကျယ်ကြီး မပြောနိုင်ခဲ့ပေ။

လဲ့ကျစ်၏အမူအရာကို ကြည့်ရင်း လီယောင်က သခင်မ၏ စိတ်ခံစားချက်ကို ကောင်းစွာ နားလည်နိုင်သည်။ မကြာသေးမီက ရန်အိမ်တော် အပြင်ဘက်တွင် လူအများ ပြောနေကြသည်ကို ကြားလိုက်ရချိန်၌ သူမတွင်လည်း အလားတူ တုံ့ပြန်မှုမျိုး ရှိခဲ့သည်။

“ဟုတ်ကဲ့”

လီယောင်၏ လေသံမှာ ခိုင်မာနေသည်။

"ဒီအစေခံက ဖြစ်ပျက်ခဲ့တာတွေကို အတိအကျ မသိနိုင်ပေမယ့် ဒါက အမှန်ပါပဲ"

လဲ့ကျစ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူမက လီယောင်ကို ကြည့်ကာ ညွှန်ကြားလိုက်ပြန်သည်။

“ဒီနေ့ အစီအစဉ်ကို လောလောဆယ် ဖျက်လိုက်ပြီ၊ မနက်စာစားပြီး ကောင်းကောင်းအနားယူလိုက်တော့"

လီယောင်က သတိကြီးပြီး မနေ့ညက သူမ ကောင်းကောင်းအနားယူခြင်း မရှိသည်ကို လဲ့ကျစ် သိထားခဲ့သည်။

လီယောင် ထွက်သွားပြီးနောက် လဲ့ကျစ်က ထိုအချက်ကို ချေဖျက်ရန် အချိန်အတော်ကြာခဲ့သည်။

‘ဒါနဲ့ ရန်ဟမ့်က သူမ မလှုပ်ရှားခင်မှာ အရင်ဆုံး လူညွန့်တုံးသွားခဲ့တာလား....’

ကနဦး တုန်လှုပ်ချောက်ချားမှု ပျောက်ကွယ်သွားပြီးနောက် သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်သည့် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

‘လူဆိုးတွေက မကောင်းမှုအတွက် မကောင်းတဲ့အကျိုးကို ခံစားရတာ ဖြစ်နိုင်လား...

ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်လဲ...’

သူမ၏ ပါးစပ်ထောင့်များ ကွေးညွှတ်လာသည်နှင့်အမျှ သူမ၏ အပြုံးက ပိုတောက်ပပြီးရင်း ပိုတောက်ပလာသည်။

လဲ့ကျစ်က သူမ၏ ဣန္ဒြေ မဆုံးရှုံးစေရန် အတတ်နိုင်ဆုံး ကြိုးစားရင်း မျက်လွှာချထားလိုက်သည်။ သို့သော် သူမ၏ နှလုံးသားထဲမှ ပျော်ရွှင်မှုကို မထိန်းထားနိုင်သောကြောင့် သူမ၏ပခုံးများ လှုပ်ယမ်းနေမှုကို သူမ မထိန်းနိုင်ခဲ့ပေ။

“တော်ပြီ၊ ဖုံးကွယ်မနေနဲ့တော့”

ဟော်တူက ပြောလာခဲ့သည်။

"မင်း ရယ်ချင်ရင် ရယ်လိုက်"

ထိုစကားကို ကြားပြီးနောက်တွင် လဲ့ကျစ်က ဟန်ဆောင် မနေတော့ပေ။ သူမက သူမ၏ မျက်နှာလေးကို မော့လိုက်ပြီး တောက်ပစွာ ပြုံးပြနေသည်။ သူမက သွားစွယ်လေးများ ပေါ်အောင် ပြုံးပြနေပြီး သူမ အလွန်ပျော်နေမှန်း သိသာနေသည်။

ဟော်တူက သူ့ခေါင်းကို သူမဘက်သို့ လှည့်လိုက်ပြီး သူမ၏ အပြုံးကို စိုက်ကြည့်နေသည်။

‘ဒီရက်ပိုင်း သူမ ဒီလောက်ပြုံးနေတာကို သူ မမြင်ဖူးသေးဘူး။ ဟန်ဆောင်မှုတွေ ဖိနှိပ်ချုပ်ချယ်မှုတွေ မရှိဘဲ သူမရဲ့ ဟန်ဆောင်မာန်တင်းထား ပုံပန်းသဏ္ဍာန်လေးလည်း မရှိတော့ဘူး’

‘သူမ တကယ်ပျော်နေတဲ့အချိန်မှာ ဒီလိုဖြစ်သွားတာပေါ့လေ၊ သူမရဲ့မျက်နှာလေးက တောက်ပနေပြီး သူမရဲ့မျက်လုံးတွေကလည်း အပြစ်ကင်းစင်နေသလိုပဲ။ လှုပ်ခတ်နေတဲ့ သွားစွယ်လေးတွေကတောင် သူမရဲ့ ပျော်ရွှင်မှုကို ပြသနေတယ်။’

ဟော်တူက သူမ၏ အပြုံးကြောင့် ကူးစက်ခံရသလို ဖြစ်သွားပြီး သူလည်း နှုတ်ခမ်းများ တွန့်ကွေးသည်အထိ ပြုံးလိုက်သည်။

"မင်း အရမ်းပျော်နေတာလား"

"ပျော်တယ်"

လဲ့ကျစ်က ဘာကိုမှ လျှို့ဝှက်မထားတော့ပေ။ အချိန်အတော်ကြာအောင် ရယ်မောပြီးနောက် နောက်ဆုံးတွင် သူမ စိတ်သက်သာရာရသွားခဲ့သည်။ ခေတ္တကြာပြီးနောက်တွင် သူမက သူမ၏ အပြုံးကို ထိန်းထားကာ သူမ၏ မေးစေ့ကို လက်နှစ်ဖက်ဖြင့် ပွတ်ရင်း မေးလာပြန်သည်။

“ဒါပေမယ့် ဘယ်သူက ဒါကို လုပ်ခဲ့တာလဲ…”

"ဒါက မကောင်းမှုတွေအများကြီး ကျူးလွန်ခဲ့ပြီး လူပေါင်းများစွာကို ရန်စခဲ့တဲ့ ရန်ဟမ့်ကြောင့်ပဲ ဖြစ်ရမယ်"

ဟော်တူက ရယ်မောလိုက်ပြီး လဲ့ကျစ်၏နဖူးကို အသာအယာပုတ်ကာ အမှတ်မထင် မေးလိုက်ပြန်သည်။

"ကျေနပ်ပြီလား"

သူမ၏ ပျော်ရွှင်မှုများက တဖြေးဖြေး ပြန်မှေးမှိန်သွားပြီး လဲ့ကျစ်က ခဏလောက် တွေးနေပြီးမှ ခေါင်းခါလိုက်သည်။

"မလုံလောက်သေးဘူး"

သူမအစ်မ၏ ဗလာကျင်းနေသော မျက်လုံးများကို ပြန်တွေးရင်း လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ထားလိုက်ပြန်သည်။

‘ရန်ဟမ့်က သေကို သေရမှာ... သူ မသေရင် သူမအစ်မရဲ့စိတ်က ပုံမှန်ပြန်ဖြစ်သွားရင်တောင် သူ့ကို မြင်တာနဲ့ မကောင်းတဲ့အမှတ်တရတွေ ပြန်ဖြစ်လာစေမှာ သေချာတယ်၊ အစ်မရဲ့ နှလုံးသားကို ဖောက်ထားတဲ့ ဆူးတွေကို သူမ လက်နဲ့ တစ်ချက်ချင်း ဖြုတ်ပစ်ရမယ်’

‘ဒါပေမယ့် အခု ရန်ဟမ့် တစ်ခုခုဖြစ်သွားတော့ ရန်အိမ်တော်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားမှာ သေချာတယ်၊ သူမရဲ့ အကြံအစည်လည်း မအောင်မြင်နိုင်လောက်တော့ဘူး၊ ဒါပေမယ့် အရေးမကြီးပါဘူးလေ၊ သူမ စောင့်နိုင်တယ်’

ဟော်တူက လဲ့ကျစ် ငြိမ်သက်မှု ပြန်လည်ရရှိသွားသည်ကို ကြည့်နေသော်လည်း သူမ၏မျက်လုံးများတွင် လူသတ်ရန် ရည်ရွယ်ချက်က ခိုင်မာပြတ်သားနေဆဲဖြစ်သည်ကို မြင်နိုင်ခဲ့သည်။

ထိုအရာက သူ့ကို အနည်းငယ် ထိတ်လန့်သွားစေသည်။

‘စောစောက သူမ မဟုတ်ဘူးလား.... သူမ ဘယ်လောက်ပဲ စိတ်လှုပ်ရှားနေပါစေ ပျော်ရွှင်မှုတွေက သူမကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူး၊ သူမက နောက်တဆင့်အတွက် အမြဲတမ်း အလျင်အမြန် အစီအစဉ် ဆွဲနိုင်တယ်’

‘ဒါပေမယ့် သူမ ခဏတာ ပျော်ရွှင်စေဖို့အတွက် မနေ့ညက အချိန်ဖြုန်းခဲ့ရတာ မဟုတ်တော့ဘူးပဲ၊ တန်တယ်....’

ဟော်တူက ရုတ်တရက် သူ့နှလုံးသားထဲတွင် မျှော်လင့်ချက်အချို့ ရှိနေသည်ကို ခံစားလိုက်ရသည်။

လဲ့ကျစ်က ထိုခွေး၏အသက်ကို မည်သို့သတ်မည်ကို သူ သိချင်နေမိသည်။

‘ဟက်... တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။’

****

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်...

ဟော်တူ : ချီးကျူးပေး...ကိုယ့်ကို ချီးကျူးပေးနော် မိန်းမ...အဲ့တာ ကိုယ်လုပ်တာ

PS : ဟော်တူရေ... နင့်ရဲ့ နောက်ဖေးခြံဝင်းမှာ မီးလောင်နေပြီ...

All Chapters