← Chapters

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း (၃၁-၃၃)

Vol. 3 Ch. 31-33

အခန်း ၃၁ ရုပ်ဖျက်ခြင်း

နေရောင်မြင့်တက်လာပြီး အလင်းရောင်များ ဖြာကျနေပြီ ဖြစ်သော်လည်း ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသူများကတော့ နက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲမှ နိုးထလာခြင်း မရှိကြသေးပေ။

“ဘုန်း”

မဟော်ဂနီရောင် တောက်ပြောင်နေသော တံခါးချပ်ကြီးမှာ အရှိန်ဖြင့် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ ဧကရီက ဖီးနစ်ဝတ်ရုံကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါစွာ ရှိနေသော်လည်း သူမ၏ မျက်နှာထက်တွင် ဖော်ပြ၍မရနိုင်သော ဒေါသရိပ်များ ပြည့်နှက်နေသည်။ သူမ၏ လှပသော မျက်ဝန်းအစုံက ကုတင်ပေါ်မှ ကြည့်မကောင်းလှသည့် မြင်ကွင်းကို စိုက်ကြည့်နေသည်။

လင်းဝမ်နင်က ဒေါသစိတ်ဖြင့် နာကျင်နေကာ သူမ၏မျက်လုံးများတွင် စိတ်ပျက်မှုများ ပြည့်နေခဲ့သည်။

‘သူမ တစ်ခုခု မှားခဲ့ပြီလား။ အမေတစ်ယောက်အနေနဲ့ သူမက သူမရဲ့စိတ်နှလုံးကို သူမသားအတွက် အကြွင်းမဲ့ မြုပ်နှံပြီး အရာအားလုံးကို စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် သူမရဲ့သားကတော့ လုံးဝကို မိုက်မဲလွန်းပြီး သူမကို စိတ်ပျက်စေခဲ့တယ်’

‘ဘဝင်မြင့်တယ်၊ ရန်သူကို လျှော့တွက်တယ်၊ အပျော်အပါးမက်တယ်၊ လောဘကြီးတယ်၊ တကယ်တော့ သူမရဲ့သားက မသန်စွမ်းတဲ့သူလောက်တောင် အသုံးမကျဘူး’

“ဧကရီမယ်မယ်... မယ်မယ် စိတ်အေးအေးထားပါ၊ အနည်းဆုံးတော့ ဝမ်ရယ် နိုးလာတဲ့အထိ စောင့်ပေးပါဦး”

ချင်မော့မော့က လင်းဝမ်နင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူ ဖြစ်ပြီး သူမ တွေးနေသည့် အတွေးများကို ခန့်မှန်းနိုင်သည်။ သူမက ကုတင်ဘေးသို့ လျှောက်သွားပြီး ကျန်းမန်ကို ကုတင်ပေါ်မှ အတင်းဆွဲထုတ်လိုက်သည်။

ကြောက်လန့်တကြား အော်ဟစ်လိုက်သည့် ကရုဏာသက်ဖွယ် တောင်းပန် ငိုကြွေးသံများ ထွက်ပေါ်လာပြီး ကျင့်ရှန်းအိမ်တော်၏ အနောက်ဝင်းတွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

တံခါးအပြင်ဘက်တွင် ရပ်နေသော အစေခံများနှင့် နောက်လိုက်များလည်း အသက်တောင် မရှုရဲပဲ ခေါင်းများကိုသာ ငုံ့ပြီးရင်း ငုံ့ထားကြသည်။

ဟော်ရှက သူ့အဝတ်အစားများ သပ်ရပ်သွာအောင် အလျင်အမြန် ပြန်ဝတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဧကရီ၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

"ဒီသားတော်က ကိုယ်ကိုကိုယ် မထိန်းနိုင်တာပါ၊ ဒါက သူ့ကြောင့် မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး မယ်တော်က သူ့ကို အရှက်ရအောင် မလုပ်ပါနဲ့”

ကျန်းမန်ကို ယခုနထဲက ဆွဲထုတ်သွားပြီး သူမကို မည်သို့ နှိပ်စက်မည်ကို သူ မသိနိုင်သေးပေ။

လင်းဝမ်နင်က ချင်မော့မော့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ချင်မော့မော့က သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး သူမ၏အင်္ကျီလက်ဝထဲရှိ အမွှေးထုတ်ကို ချက်ချင်း ထုတ်ကာ ဟော်ရှအား လှမ်းပေးလိုက်သည်။

"ဝမ်ရယ်၊ အရှင်က ဒီနေရာကို ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲဆိုတာ တစ်ခါမှ မစဉ်းစားမိဘူးလား၊ အရှင်က တစ်ဖက်လူရဲ့ တွက်ချက်ခြင်းကို ခံလိုက်ရတာပါ"

ဟော်ရှ၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။

‘အဲ့လို ဖြစ်ခဲ့တာလား၊ သူ သူမကို စွဲလမ်းနေပြီး ညတိုင်း သူမ မရှိရင် အသက်မရှင်နိုင်သလိုဖြစ်နေခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။’

"ရှအာ မင်းရဲ့အမှားကို မင်း သိပြီလား"

"သားတော် အမှားကို သိပါပြီ"

ဟော်ရှ၏အမူအရာက ညိုးငယ်နေသည်။

“ကောင်းပြီ၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်၊ အခု အရေးကြီးဆုံးက ချင်းယန်ကို ပြန်ခေါ်ဖို့ ဝန်ကြီးချုပ်အိမ်တော်ကို သွားရမယ်၊ မင်း နားလည်လား”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်ရှတစ်ယောက် စိတ်ရှုပ်ထွေးသွားရပြန်သည်။

‘ရှန်းချင်းယန်က ထွက်သွားခဲ့တာလား’

လင်းဝမ်နင်၏ မျက်လုံးများက အေးစက်သွားပြီး ထပ်ပြောလာခဲ့သည်။

“မင်းက လက်ထပ်ပြီးတာ မကြာသေးဘူး၊ မင်းရဲ့ ဇနီးကို လျစ်လျူရှုပြီး ဒီလို နိမ့်ကျတဲ့ အစေခံနဲ့ ပျော်ပါးနေတယ်၊ ပိုပြီး အရေးကြီးတာက မင်းမိန်းမက မင်းကို ဖမ်းမိတာကိုတောင် ခံလိုက်ရသေးတယ်”

ထိုစကားက ဟော်ရှအတွက် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

‘ဒါဆို ရှန်းချင်းယန်က သူတို့ကို ဖမ်းမိခဲ့တာပေါ့၊ ဒါပေမယ့် အဲ့လိုဆိုရင်တောင် သူမက ဝန်ကြီးချုပ်အိမ်တော်ဆီ ပြန်သွားစရာ လိုလို့လား၊ သူမက ပြန်သွားခဲ့တာလား၊ သူက ဝမ်ရယ်ဆိုတော့ အိမ်တော်ထဲမှာ မောင်းမမိဿံတွေ ထားတာ ထူးဆန်းလို့လား၊ သူမကပဲ သူ့ဆီ အရင်ရောက်လာပြီး သူကို သဘောကျကြောင်း စပြောခဲ့တာ အသိသာကြီးလေ၊ သူက သူမကို လက်ထပ်ပေးပြီး ကျင့်ရှန်းရဲ့တရားဝင် ဝမ်ဖေးဖြစ်အောင် လုပ်ပေးပြီးပြီပဲ၊ ဒါက လုံလောက်ပြီ မဟုတ်ဘူးလား....

ဒီမိန်းမက ဘာလို့ ဒီလောက် လောဘကြီးရတာလဲ’

ထိုသို့ တွေးမိလေလေ ဟော်ရှက သူ လဲ့ကျစ်အပေါ် ပို၍ ပို၍ အပြစ်ရှိသည်ဟု ခံစားလာရသည်။ သူ၏ကျစ်ကျစ်က အရှက်တရားများကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို သည်းခံကာ လူရော စိတ်ပါ ထိခိုက်စေသည်အထိ သူ စေခိုင်းသမျှကို ထမ်းဆောင်ပေးနေခဲ့သည်။

‘မျှော်လင့်ထားသလိုပဲ၊ ဒါက ရှန်းချင်းယန်နဲ့ ဘယ်လိုမှ ယှဉ်လို့မရနိုင်တဲ့ ငယ်ချစ်ဦးတွေရဲ့ ချစ်ခင်မှုပဲ’

ဟော်ရှက သူ့ကို ဆေးခတ်ကာ တွက်ချက်ခဲ့သော "အစားထိုး" ကိုပင် အလွန်စိတ်ဆိုးနေခြင်း မရှိပေ။

'သူမက ငါ့ကို ချစ်လို့ တစ်ညလုံး အနားမှာ ရှိစေချင်ရုံပဲ ဖြစ်မှာပါ။ သူမက ငါ့ဆီက ဘာအဆင့်အတန်းမှ မတောင်းဆိုခဲ့သလို၊ အစားထိုး တစ်ယောက်အဖြစ် သတ်မှတ်ခံရတာကိုလည်း ဘာမှ မပြောခဲ့ဘူး။ ဒီလို မိန်းမမျိုးကမှ ချစ်ဖို့ကောင်းတာ'

‘ရှန်းချင်းယန်ကတော့ တံခါးပေါက်ကနေ ဖြတ်ဝင်လာတဲ့ ဝမ်ဖေးဖြစ်နေတောင် ဒီလို အသေးအဖွဲကိစ္စအတွက် မနာလို ဖြစ်ပြီး မိဘအိမ်ကို ပြန်သွားခဲ့တယ်၊ တော်တော် ဒေါသထွက်ဖို့ ကောင်းနေပြီ၊ သူမက ဝန်ကြီးချုပ်ရဲ့ သမီးဆိုပြီး ငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား’

ဟော်ရှက အံကြိတ်ထားပြီး သူ့နှလုံးသားထဲတွင် ရှန်းချင်းယန်အပေါ် အငြိုးအတေးများ ပိုတိုးလာခဲ့သည်။

လင်းဝမ်နင်က ဟော်ရှတွေးနေပုံကို ခန့်မှန်းနိုင်သည်။ သူမ၏သားက ကောင်းကင်ဘုံ၏ အချစ်ခံသားဖြစ်ခဲ့သော်လည်း အိမ်မှ ထွက်ခွာပြီး လီတိုင်းပြည်တွင် ဓားစာခံအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ ထို့ကြောင့် သူမက သားဖြစ်သူကို အပြစ်မပေးရက်ပေ။

သူမက သက်ပြင်းတစ်ချက်ချကာ ထပ်ပြောလိုက်ပြန်သည်။

"ရှအာ၊ မင်း ချင်းယန် မကြိုက်ဘူးဆိုတာကို မယ်တော် သိပါတယ်၊ ဒါပေမယ့် မင်းက အခုမှ တာ့ချီကို ပြန်လာတာလေ၊ မင်းရဲ့အခြေခံအုတ်မြစ်က မတည်ငြိမ်သေးဘူး၊ ဝန်ကြီးချုပ်ရှန်းရဲ့ အာဏာကို ဆုပ်ကိုင်ထားဖို့ လိုနေသေးတယ်”

အချိန်အတော်ကြာပြီးနောက် ဟော်ရှက ခေါင်းညိတ်လိုက်သည်။

“သားတော် နားလည်ပါပြီ၊ သားတော် သူ့ကို ပြန်ခေါ်ဖို့ ဝန်ကြီးချုပ်အိမ်တော်ကို သွားလိုက်ပါ့မယ်"

သူ ထရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ့ခြေလှမ်းများ ပြန်ရပ်တန့်သွားကာ နောက်သို့ လှည့်ကြည့်လာပြန်သည်။ ထို့နောက် ညှိုးငယ်သော အရိပ်အယောင်များဖြင့် တောင်းဆိုလိုက်သည်။

"မယ်တော်.... ရှောင်ကျစ်ကို... လွှတ်ပေးနိုင်.....မလား"

တံခါးအပြင်ဘက်မှ နေရောင်ခြည်က တောက်ပစွာ ဖြာကျနေသော်လည်း ဟော်ရှကတော့ နေရောင်ဘက်သို့ ကျောခိုင်းထားသောကြောင့် သူ့မျက်နှာတစ်ခုလုံး မှောင်မိုက်နေလေသည်။

“မင်းက မင်းရဲ့ဂုဏ်အသရေကို သိနေသရွေ့ ငါက သူ့ကို အရှက်ရစေမှာ မဟုတ်ဘူး”

လင်းဝမ်နင်က သူမလက်ကို ဝှေ့ယမ်းရင်း ထပ်ပြောလိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ သူ့ကို မင်းနဲ့အတူ နေခွင့်ပေးမယ်"

ကျေနပ်လောက်သောအဖြေကို ရရှိပြီးနောက် ဟော်ရှက အလွန်ဝမ်းမြောက်သွားပြီး လူကို ပြန်ခေါ်ရန် ၀န်ကြီးချုပ်အိမ်တော်သို့ ပျော်ပျော်ရွှင်ရွှင်ထွက်သွားတော့သည်။

နက်ပြာရောင် မြေခွေးသားမွေးအပေါ်ရုံအင်္ကျီကို ဝတ်ထားသည့် ဟော်ရှ၏ နောက်ကျောကို ကြည့်နေသည့် လင်းဝမ်နင်တော့က သက်ပြင်းချလိုက်ပြန်သည်။

‘သူမရဲ့သားက ဟော်ချန်ယွင်နဲ့ တော်တော်တူတယ်။ အရင်တုန်းက ဟော်ရှ လဲ့ကျစ်ကို ချစ်မိပြီး ကြီးကျယ်တဲ့အရာတွေကို ရရှိဖို့ ခက်ခဲမှာကို သူမ ကြောက်ရွံ့ခဲ့ဖူးတယ်။

အဲဒါကြောင့် သူမ ကျန်းမန်ကို ရှာဖွေပေးခဲ့တာ၊ အခုတော့......

ဟုတ်ပါတယ်လေ၊ ဟော်ချန်ယွင်ရဲ့သားက ဘယ်လိုလုပ်ပြီး တခြားသူကို ချစ်မြတ်နိုးတတ်တဲ့သူ ဖြစ်လာနိုင်မှာလဲ’

သိသာတာကတော့ သူမ အလွန်အမင်း စိုးရိမ်မိသွားတာပါပဲ....’

.......။........။.......

နူးညံ့သိမ်မွေ့သော ကျောက်စိမ်းမျက်နှာဖုံးကို ပြန်ဆင်မြန်းထားပြီးသည့် ဟော်ရှက ဝန်ကြီးချုပ်အိမ်တော်တွင် အရာရာကို ပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့သည်။

ရှန်းဟွိုက်က အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။

ဝန်ကြီးချုပ်၏ ဇနီးသည်က စောစီးစွာ ကွယ်လွန်သွားပြီး ရှန်းဟွိုက်က နောက်အိမ်ထောင် မပြုတော့ဘဲ တစ်ဦးတည်းသော သမီးဖြစ်သူ ရှန်းချင်းယန်ကိုသာ အဖိုးတန် ရတနာလေးသဖွယ် အလွန်အမင်း ချစ်မြတ်နိုးခဲ့သည်။

သို့သော် မနေ့ညကမှ လက်ထပ်လိုက်သည့် သမီးလေးက မျက်ရည်များဖြင့် အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ ရှန်းဟွိုက်လည်း ဖြစ်ပျက်သမျှကို ကြားသိရပြီး ဒေါသများ တဟုန်းဟုန်း တောက်လာခဲ့သည်။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်ခဲ့ပေ။

‘ချင်းယန်နဲ့ ဟော်ရှကို ကွာရှင်းခွင့်ပေးလိုက်ရင် ကောင်းမလား။ ဒါဆို သူ့သမီးလေး အနာဂတ်မှာ ဘယ်လို ရပ်တည်နိုင်တော့မှာလဲ၊ ပြီးတော့ နောင်တချိန် သူ မရဏပြည်ကို ရောက်တဲ့အခါ သူ့ဇနီးကို ဘယ်လို ရှင်းပြရမှာလဲ’

ကံကောင်းထောက်မစွာဖြင့် ဟော်ရှက စိတ်ရင်းမှန်ဖြင့် လာရောက်တောင်းပန်ခဲ့သည်။

ရှန်းဟွိုက်ကလည်း ဟော်ရှ၏ ရပ်တည်ချက်နှင့် အရည်အချင်းကို အကဲခတ်နိုင်ခဲ့သည်။ ဟော်ရှက စိတ်သဘောထား မတည်ငြိမ်သေးသော လူငယ်တစ်ဦးသာ ဖြစ်နေသေးသော်လည်း နောင်တွင် ပိုကောင်းလာမည်ဟု သူ ယူဆခဲ့သည်။ သူသာ ဟော်ရှကို အစွမ်းကုန် ကူညီပေးခဲ့လျှင် ဟော်ရှ အာဏာရလာသည့်အခါ သူ့သမီးကလည်း တိုင်းပြည်၏ မိခင်၊ ဧကရီ ဖြစ်လာပေလိမ့်မည်။

‘သူ့သမီးလေးက ဒီတာ့ချီမှာ ဂုဏ်သရေအရှိဆုံး အမျိုးသမီး ဖြစ်လာဖို့ ထိုက်တန်တယ်’

ထို့ကြောင့် ရှန်းဟွိုက်က သူ့၏မကျေနပ်မှု အနည်းငယ်ကို လေသံမာမာဖြင့် ဖော်ပြပြီးနောက် ဟော်ရှကို အတွင်းခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

ရှန်းချင်းယန်က မျက်လုံးများမှိတ်ထားပြီး သေမင်းတမန်လို ဖြူဖျော့သော မျက်နှာဖြင့် ပန်းထိုးခေါင်းအုံးပေါ်တွင် လှဲလျောင်းနေသည်။ သူမ တံခါးဖွင့်သံကို ကြားနေရသော်လည်း အခန်းထဲသို့ ဝင်လာသူကို လုယင်ဟု ယူဆထားပြီး မျက်လုံးပင်င် ဖွင့်မကြည့်ခဲ့ပေ။

"ပြန်ထွက်သွား...ငါ ဘာမှ မစားချင်ဘူး"

"ဘာလို မစားရမှာလဲ"

နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရသဖြင့် ရှန်းချင်းယန်က သူမ၏မျက်လုံးများကို မယုံကြည်နိုင်စွာ ဖွင့်လိုက်ပြီး နူးညံ့သိမ်မွေ့သော အမူအရာအပြည့်နှင့်လူက သူမ၏မျက်လုံးများရှေ့တွင် ရှိနေပြီ ဖြစ်သည်။ ဟော်ရှက သူ့လက်ကို မြှောက်လိုက်ပြီး သူမပါးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

“အဲ့ဒါဆို ကိုယ် စိတ်မကောင်းဖြစ်ရမှာပေါ့”

အခန်းထဲတွင် စန္ဒကူးနံ့ သင်းပျံ့နေပြီး အပူပေးမီးဖိုက တလက်လက် တောက်လောင်နေသည်။

ရှန်းချင်းယန်၏ အေးစက်နေသော နှလုံးသားကလည်း အနည်းငယ် ပြန်ပူနွေးလာသည်။ သို့သော် ရုတ်တရက် ယောက်ျားတစ်ယောက်၏ အက်ရှရှအသံနှင့် အမျိုးသမီးတစ်ယောက်၏ နူးညံ့သော ညည်းညူသံများ ထွက်ပေါ်လာသလို သူမ ခံစားလိုက်ရသည်။

သူမက ရုတ်တရက် သတိဝင်လာပြီး သူ့လက်ကို ဆွဲခွာဖို့ သူမလက်ကို မြှောက်လိုက်သည်။

“ကျွန်မကို မလှည့်စားပါနဲ့တော့။ ရှင်က.... ကျွန်မကို မ…”

သူမ၏ စကားမဆုံးခင် ဟော်ရှက သူမထံသို့ ချဉ်းကပ်လာပြီး သူမ၏နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ပိတ်ထားလိုက်သည်။

ခန္ဓာကိုယ်မှ နှလုံးသားအထိ တုန်လှုပ်သွားရသော ရှန်းချင်းယန်က ဟော်ရှ၏ မျက်ဝန်းများထဲမှတစ်ဆင့် သူမ၏ မျက်နှာလေး ရှက်သွေးဖြန်းကာ နီမြန်းသွားသည်ကို ရှင်းလင်းစွာ မြင်နေရသည်။ သူ့အနမ်း၏ ပြင်းပြမှုနှင့် နူးညံ့မှုကို သူမ ခံစားနေရသည်။

“တောင်းပန်ပါတယ် ယန်ယန်”

အနမ်းများအပြီးတွင် ဟော်ရှက သူမ၏ နှုတ်ခမ်းများကို လက်ဖြင့် အသာအယာ အုပ်ကိုင်ကာ တီးတိုးပြောလိုက်ပြန်သည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်ပူများ စီးကျလာသည်။ ရှန်းချင်းယန်၏ နှလုံးသားက တစ်လှည့်စီ ခံစားနေရသော်လည်း သူ့အပေါ် ထားရှိသော အချစ်ကြောင့် သူမ၏စိတ်နှလုံး ပျော့ပြောင်းသွားခဲ့ရသည်။

လမင်းကြီးက တောက်ပလွန်းသဖြင့် ကြယ်တာရာတို့ပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ ထိုည၏ လမင်းက ယခင်ကထက် ပိုဝိုင်းစက်နေသယောင် ရှိနေလသည်။

ညစာစားပြီးနောက် ဟော်ရှက ရှန်းချင်းယန်နှင့်အတူ ဝန်ကြီးချုပ်အိမ်တော်မှ ပြန်ထွက်ခွာလာခဲ့ပြီး သူ့၏အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

ညနက်ချိန်တွင် ရှန်းချင်းယန်က မှုန်ဝါးသောမျက်လုံးများဖြင့် သူမရှေ့မှ လူကို စိုက်ကြည့်နေသည်။

‘နောက်ဆုံးတော့ သူနဲ့ သူမ တစ်သားတည်းဖြစ်သွားခဲ့ပြီ’

နူးညံ့သော အနမ်းများက သူမ၏ ပါးပြင်၊ နှုတ်ခမ်းနှင့် နားရွက်များအနှံ့ ကျရောက်လာခဲ့သည်။ ကြယ်များ လင်းလက်နေချိန်တွင် သူမက ချစ်သူကို ကျေနပ်စွာ ဖက်တွယ်ရင်း အိပ်မောကျသွားခဲ့သည်။

ရှန်းချင်းယန် အိပ်ပျော်သွားကြောင်း သေချာသွားသည့်အခါ ဟော်ရှက သူ တနေကုန်ဝတ်ထားသည့် မျက်နှာဖုံးကို ဆုတ်ဖြဲလိုက်သည်။ သူက ရှန်းချင်းယန်ကို အမူအရာမဲ့သော မျက်နှာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာထက်တွင် သူ ဖန်တီးခဲ့သော အနီကွက်များဖြင့် ရှိနေဆဲပင်။ သူက သူမ ဖက်ထားသော သူ့လက်ကို ရွံရှာစွာ ဆွဲထုတ်လိုက်ပြီး သူမနှင့် ခပ်ခွာခွာဖြစ်သွားအောင် နေရာရွေ့လိုက်သေးသည်။

'ဒီလောက်ဆို မင်း ကျေနပ်သင့်ပြီ မဟုတ်လား'

ဟော်ရှက သူ့ရင်ဘတ်ထဲမှ အရှက်ရမှုကို မျိုသိပ်ထားလိုက်သည်။ ယနေ့တွင် သူက တတိယမင်းသား ကျင့်ရှန်းဝမ် မဟုတ်ဘဲ တစ်ဖက်မိန်းကလေး စိတ်ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားပေးနေရသည့် ဖျော်ဖြေရေးသမားတစ်ဦးကဲ့သို့ ခံစားနေရသည်။ မချစ်မနှစ်သက်ရသူနှင့် အတူနေရခြင်းက မည်မျှအထိ စိတ်ပျက်စရာကောင်းကြောင်း သူ ကိုယ်တိုင် သိရှိလာခဲ့ရသည်။

'ဒါဆိုရင် ကျစ်ကျစ်ရော... သူမလည်း ဒီလိုမျိုးပဲ စိတ်ဆင်းရဲနေရှာမှာလား'

ထိုအတွေးက ဟော်ရှ၏ နှလုံးသားကို နာကျင်သွားစေသည်။ ဟော်တူက ရှန်းချင်းယန်ထက် အဆတစ်ရာ ပိုခက်ခဲမည်ဟု သူ ထင်နေခဲ့သည်။

‘ဒီလို နေထိုင်ရတာ တစ်ညတာပဲ ရှိသေးတာ‌တောင် သူ သည်းမခံနိုင်လောက်အောင် စိတ်မသက်မသာဖြစ်နေခဲ့ရတယ်၊ ကျစ်ကျစ်က အဲ့လိုနေထိုင်ရတာ ကြာနေပြီ မဟုတ်ဘူးလား.....

သူ ကျစ်ကျစ်ကို လျော်ကြေးပေးရမယ်’

‘အခုအချိန်မှာ သူ သူမကို အိမ်တော်ထဲအထိ ခေါ်ဖို့ မဖြစ်နိုင်သေးပေမယ့် အနည်းဆုံးတော့ သူမကို ပျော်ရွှင်အောင် လုပ်ပေးရမယ်။ ကျစ်ကျစ်အတွက် အစိုးရိမ်ရဆုံးသူက လဲ့ကျင်းဆိုတာကို သူ သိတယ်၊ အဲ့တော့ သူမရဲ့အစ်မကို မကြာခဏ သွားကြည့်ခွင့်ပြုလိုက်မယ်’

.......။.......။......

ကျွန်ဈေးအတွင်း၌...

ဤအခိုက်အတန့်တွင် လဲ့ကျစ်က သူမကိုယ်သူမ အလွန်ပင် အသုံးမကျသလို ခံစားနေရသည်။

ရန်ဟမ့်၏မတော်တဆမှုသတင်းကို ကြားပြီးကတည်းက သူမ သူ့ကိုသတ်ပစ်မည့် အစီအစဉ်အား ခေတ္တဆိုင်းငံ့ထားခဲ့သည်။ သို့သော်လည်း သူမ၏ ကလဲ့စားချေရန် အစီအစဉ်ကိုတော့ မရပ်တန့်နိုင်ပေ။ ကျင့်ရှင်းနှင့် လင်းယွဲ့က သူမကိုယ်စား ဆိုင်ဖွင့်ရန်အတွက် အလုပ်များနေသည်။ သူမက ရွေးချယ်ထားသော ဆိုင်၏အခြေအနေများ၊ ဆိုင်အတွက် ကူညီရန် လျာထားသောလူများနှင့် အခြားအရာများကို တစ်ခုပြီး တစ်ခု နှိုင်းယှဉ်ရန်သာ လိုအပ်သည်။ လတဝက်အတွင်းတွင် သူမ၏ဆိုင်ကို ဖွင့်နိုင်ပေလိမ့်မည်။

သို့သော် သူမကိုယ်စား မည်သူမျှ မလုပ်နိုင်သော ကိစ္စတစ်ခု ရှိနေသေးသည်။

ထိုအရာက သိုင်းပညာ ကျွမ်းကျင်သည့် အခြေခံလူတန်းစားတစ်ချို့ ရနိုင်ရန် ဖြစ်သည်။

လဲ့ကျစ်က ဟော်တူကို ထာဝရ အားကိုးလို့ မရနိုင်ဘူးဟု တွေးထားခဲ့သည်။ သူမတွင်လည်း ကိုယ်ပိုင်အင်အားစု ရှိထားသင့်ပြီး ဤကဲ့သို့သော လောကကြီးတွင် သိုင်းပညာရှင်များကိုသာ ယုံကြည်နိုင်သည်ဟု သူမ ထင်နေပြန်သည်။

သို့သော်လည်း ထူးချွန်သော သိုင်းပညာရှင်များကို ရနိုင်ရန် ခဲယဉ်းလွန်းပြီး သူတို့က ငွေရှိတိုင်း ဝယ်ယူနိုင်သော အရာဝတ္ထုပစ္စည်းများ မဟုတ်ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နံနက်စောစောအချိန်တွင် ခြံဝင်းထဲ၌ ရဲမက်များကို လေ့ကျင့်ပေးနေသည့် အန်းရွှယ်ကို သူမ မြင်တွေ့ခဲ့ရသည်။ အန်းရွှယ်ကဲ့သို့သော လူမျိုးက ရန်သူတစ်ရာကိုပင် တစ်ကိုယ်တည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ လဲ့ကျစ်က "အန်းရွှယ်"လို လက်အောက်ငယ်သား ဆယ်ယောက်လောက် ရနိုင်လျှင် ကောင်းမည်ဟု စဥ်းစားနေခဲ့သည်။

သူမအနေဖြင့် အငိုက်ဖမ်း တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိသောကြောင့် ဟော်ရှ၏ ခွေးအသက်ကို နှုတ်ယူရန်အတွက် "အန်းရွှယ်" ဆယ်ယောက်ရှိလျှင် လုံလောက်ပေလိမ့်မည်။

“အင်း…”

လဲ့ကျစ်က ဆယ်ကြိမ်မြောက် သက်ပြင်းကို ချလိုက်ပြန်သည်။ သူမက သူမ၏ရှေ့မှ ရွှေဖရုံသီးမုန့်ပန်းကန်ကို ငွေရောင်ဓားငယ်လေးဖြင့် ထိုးလိုက်ပြီး ဟော်တူကို လှည့်ကြည့်ကာ သွေးတိုးစမ်းချင်သည့်လေသံဖြင့် လှမ်းမေးလိုက်သည်။

“အရှင့်သား၊ ဒီအန်းရွှယ်လို ရတနာကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ”

ထိုစကားကို ကြားလိုက်ချိန်တွင် ဟော်တူက ငွေတူများကို ပြန်ချလိုက်ပြီး သူ့မျက်လုံးများကို ပင့်တင်ကာ လဲ့ကျစ်ကို အေးတိအေးစက် ကြည့်လာခဲ့သည်။

‘အန်းရွှယ်က ဘယ်လိုရတနာမျိုးမို့လို့လဲ’

“ကျွန်ဈေးမှာ ဒီလိုလူတွေ အများကြီးရှိတယ်”

ဟော်တူ၏ လေသံက အေးစက်တည်ငြိမ်နေပြီး ထပ်မေးလာပြန်သည်။

"မင်း စိတ်ဝင်စားလို့လား"

လဲ့ကျစ်က သူ့နှုတ်ခမ်းကို တွန့်ကွေးရင်း သူမ၏မျက်လုံးများမှ ရွှင်မြူးမှုကို ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်သည်။

“ကျွန်မ... ကျွန်ဈေးကို သွားကြည့်လို့ ရမလား”

“သွားလို့ရတယ်၊ ဒီမင်းသားက မင်းကို ချုပ်နှောင်ထားတာမှ မဟုတ်တာ”

"အရှင့်သားရော ကျွန်မနဲ့အတူ လိုက်ပေးမှာလား"

လဲ့ကျစ်က မျှော်လင့်တကြီး မေးလိုက်ပြန်သည်။

ဟော်တူ၏နှာခေါင်းအောက်တွင် ရဲမက်များကို တိတ်တဆိတ် ပြုစုပျိုးထောင်ရန် သူမ တွေးခဲ့ဖူးသော်လည်း ထိုအရာက အလွန်ခက်ခဲမှန်း သိသာလွန်းနေသည်။ ထိုအတွက်ကြောင့် လဲ့ကျစ်က ရိုးရိုးသားသားဖြင့် ဟော်တူကို သူမနှင့် အတူလိုက်ပေးရန် ဖိတ်ခေါ်လိုက်မည်။

‘အန်းရွှယ်လို အရည်အချင်းရှိတဲ့သူကို ရွေးချယ်နိုင်ခဲ့တာက သူ့မှာ ထူးထူးခြားခြား ကောင်းမွန်တဲ့ အမြင်ရှိတယ်လို့ ပြသနေတာ မဟုတ်ဘူးလား’

“မလိုက်ဘူး”

“…”

ဟော်တူက သူမကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သဖြင့် သူမ ဘာမှ မတတ်နိုင်ခဲ့ပေ။ သို့သော် ကံကောင်းသည်မှာ သူက အန်းရွှယ်ကို သူမနှင့်အတူ လိုက်ပါရန် စီစဉ်ပေးခဲ့ခြင်းပင်။

ထို့ကြောင့်လည်း ဤညနက်သန်းခေါင်တွင် လဲ့ကျစ်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကျွန်ဈေးသို့ ရောက်ရှိနေခဲ့ခြင်းပင်။ လဲ့ကျစ်က ချမ်းသာသော ကုန်သည်တစ်ဦး၏ ဇနီးပုံစံ ၀တ်ဆင်ထားပြီး အန်းရွှယ်အပါအဝင် အခြားအစေခံသုံးယောက်နှင့်အတူ မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေခဲ့သည်။

ကွင်းပြင်ရှိ ကျွန်များက အနီးကပ်တိုက်ပွဲများအတွင်း တစ်ဦးချင်း တိုက်ခိုက်နေကြပြီး အနိုင်ရသော ကျွန်များက မြင့်မားသော စင်မြင့်ပေါ်တွင်ထိုင်နေသော မှူးမတ်များ၏ ရွေးချယ်ခြင်းကို ခံရရန် အရည်အချင်းပြည့်မီသည်။ ကျွန်တစ်ဦးကို လိုချင်သူ များပြားနေပါက အမြင့်ဆုံးဈေး ပေးနိုင်သူကသာ ရရှိမည်ဖြစ်သည်။

ပွဲစဉ်များကို တပွဲပြီး တစ်ပွဲ စောင့်ကြည့်နေခဲ့သော်လည်း လဲ့ကျစ်အတွက် ကျေနပ်ဖွယ်ရလဒ်ကို မတွေ့ခဲ့ရပေ။ သူမ အနည်းငယ် မောပန်းနွမ်းနယ်လာချိန်တွင် ပိန်ပိန်ပါးပါးနှင့် နက်မှောင်သောအသားအ‌ရေရှိသည့် အသက် တစ်ဆယ့်သုံးနှစ်ခန့် လူငယ်လေးက ထွားကျိုင်းသော ကျွန်ကို တိုက်ခိုက်ရန် ကွင်းလယ်သို့ ဝင်လာခဲ့သည်။ ခွန်အားကွာခြားမှု အလွန်များသောကြောင့် စင်မြင့်ပေါ်ရှိ လူအများအပြားက ထိုလူငယ်လေးအတွက် စိတ်မဝင်စားသည့်တိုင် မျက်တောင်မခတ် ကြည့်နေကြဆဲပင်။

အချက်ပေးသံ ကြားလိုက်ရပြီး တခဏအကြာမှာပင် လူငယ်လေးက သန်မာထွားကျိုင်းသော လူကြီးကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် လှဲချလိုက်သည်။

လဲ့ကျစ်က တခဏချင်း လန်းဆန်းသွားပြီး ခေါင်းလှည့်ကာ မေးမြန်းလိုက်သည်။

“ရှောင်အန်း၊ ဒီကလေးက ကောင်းတယ်လို့ မင်း ထင်လား"

သို့သော်လည်း အန်းရွှယ်၏ မျက်လုံးများက သူမ၏နံဘေးမှ ကျင့်ရှင်းထံသို့သာ ရောက်ရှိနေပုံရသည်။

‘ကောင်းပြီ၊ အန်းရွှယ်က ကွင်းပြင်က တိုက်ပွဲကို လုံးဝ မကြည့်နေခဲ့ပုံပဲ’

သို့သော် ထိုအရာက အန်းရွှယ်အတွက် မတရားစွပ်စွဲမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သူ၏ စိတ်အာရုံက ကွင်းထဲတွင် ရှိမနေသယောင် ထင်ရသော်လည်း သူက အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာ အကဲခတ်နိုင်ခဲ့သည်။

"သခင်မ... ဒီလူကို သုံးလို့ ရပါတယ်"

အန်းရွှယ်၏ စကားကို ကြားရမှပင် လဲ့ကျစ်လည်း စိတ်အေးသွားရသည်။ သူမက လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ဝယ်ယူမည့် ဈေးနှုန်းကို ခေါ်လိုက်သည်။ သို့သော် ထိုလူငယ်လေး၏ အရည်အချင်းကို သဘောကျသူများပြားလှသဖြင့် လူတိုင်းက အပြိုင်အဆိုင် ဈေးတိုးပေးနေကြပြီး အလျှော့ပေးမည့်သူ မရှိသလောက်ပင်။

သို့သော် လဲ့ကျစ်က အနိုင်ရရန် ဆုံးဖြတ်ထားခဲ့သည်။

သူမက အံကြိတ်ကာ ဈေးတိုးပေးလိုက်သည်။

“ငွေစငါးရာ”

ထိုအသံ ထွက်ပေါ်လာပြီးနောက် ကျွန်ဈေးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ကျွန်တစ်ယောက်က မည်မျှပင် အစွမ်းထက်နေပါစေ ငွေစငါးရာဆိုသော ပမာဏက အလွန်များပြားလှသည်ဟု လူတိုင်းက တွက်ဆလိုက်သောကြောင့်ပင်။

“ငွေစငါးရာ... တစ်ကြိမ်”

“ငွေစငါးရာ...နှစ်ကြိမ်”

လဲ့ကျစ်၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာသည်။ သူမ ဆိုင်ဖွင့်ရန်အတွက် လိုအပ်သော အထွေထွေအသုံးစရိတ်များအပြင် လူဝယ်ရန်အတွက် သူမတွင် ငွေလျန်နှစ်ထောင်သာ ကျန်နေတော့သည်။ သူမ အနည်းဆုံး လူငါးဦးခန့် ဝယ်ယူရန် ရည်ရွယ်ထားသဖြင့် လူတစ်ယောက်အတွက် ငွေငါးရာ သုံးစွဲခြင်းက သူမ သတ်မှတ်ထားသည့် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။

လဲ့ကျစ်တစ်ယောက် မည်သူမျှ သူမထံမှ လုယူနိုင်တော့မည်မဟုတ်ဟု တွေးတောရင်း “အတည်ပြုလိုက်ပြီ” ဟူသော စကားလုံးကို ကျေနပ်စွာ စောင့်ဆိုင်းနေခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် သူမထက် ခြေတစ်လှမ်း ပိုမြန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ငွေစတစ်ထောင်”

ထိုအသံက အရမ်းရင်းနှီးနေသောကြောင့် လဲ့ကျစ်တစ်ယောက် ကျိန်ဆဲမိလုနီးနီး ဖြစ်သွားရပြန်သည်။ သူမ ဒေါသတကြီး လှည့်ကြည့်လိုက်ချိန်တွင် ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် ဟော်တူကို တွေ့လိုက်ရသည်။ သူ၏ ခါးတွင် ရွှေချည်ပန်းထိုးထားသော ခါးစည်းကို ပတ်ထားသဖြင့် မြင့်မြတ်သောအသွင်ကို ပို၍ ပေါ်လွင်စေသည်။

သူ၏ လက်ထဲတွင် ကျောက်စိမ်းဖြူ တုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ထားသော်လည်း မြင့်မားသော စင်မြင့်ထက်တွင် ထိုင်နေသူများအကြား သူ၏ တည်ရှိမှုက ထင်ရှားလွန်းလှသည်။

လဲ့ကျစ်က မကျေမနပ်ဖြင့် သူမ၏နှုတ်ခမ်းလေးကို ခပ်ဖွဖွဖိကာ ကိုက်လိုက်ပြန်သည်။

‘သူ မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား...

အိုး... ဘာလို့ ခုမှလာပြီး လူကို လုချင်နေသေးတာလဲ...’

.......။......။......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်ရှ : မတွေ့တာကြာပြီနော်၊ ငါ့ကို အရမ်းလွမ်းနေလား၊ ကောင်မလေးတွေရဲ့ နှလုံးသားထဲမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အနေနဲ့ မင်းတို့ အားလုံး ငါ့ကိုချစ်တယ်ဆိုတာ ငါ သိပါတယ်.....

ရှောင်တူ နှင့် ကျစ်ကျစ် : ………

အခန်း ၃၂ မသန်တဲ့ခြေထောက်

ဆူညံနေသော စင်မြင့်က အံ့သြဖွယ်ကောင်းလောက်အောင် ရုတ်ချည်း တိတ်ဆိတ်သွားသည်။

လဲ့ကျစ်က အနောက်သို့ ပြန်လှည့်မကြည့်တော့သလို ဈေးထပ်တိုးရန်လည်း လက်မမြှောက်တော့ပေ။ ခဏအကြာတွင် သူမဘေးနားရှိ အစေခံက ညာဘက်ထောင့်သို့ အသာဖယ်ပေးလိုက်သည်ကို သူမ မြင်လိုက်ရပြီး ခရမ်းရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက သူမဘေးရှိ ထိုင်ခုံတွင် ဝင်ရောက်နေရာယူလိုက်သည်။

မကြာမီမှာပင် "အရောင်းအဝယ် အတည်ပြုပြီး" ဟူသော အသံ ထွက်ပေါ်လာသည်။ သူမ မျက်စိကျထားသော လူငယ်လေးကတော့ အလုခံလိုက်ရပြီ ဖြစ်သည်။ လဲ့ကျစ်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် မျက်နှာကိုသာ ငုံ့ထားလိုက်မိသည်။

စင်မြင့်ပေါ်ရှိလူတိုင်းက ချမ်းသာသည်ဖြစ်စေ၊ ရာထူးရှိသည်ဖြစ်စေ သူတို့အားလုံးက အထက်တန်းစားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အခြေအနေကို ချက်ချင်း ရိပ်မိသွားကြသည်။

‘ဒါက လူငယ်လင်မယားက ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား’

လဲ့ကျစ်၏ နောက်တွင် ထိုင်နေသည်က အသက်ကြီးကြီးနှင့် ချမ်းသာသော ကုန်သည်စုံတွဲတစ်တွဲ ဖြစ်သည်။ နူးညံ့သော ချည်ထည်ဝတ်စုံကို ဆင်မြန်းထားသည့် သခင်မကြီးက မနေနိုင်တော့ဘဲ လှမ်းပြောလိုက်သည်။

“ဟေး၊ ဒီက လူကြီးမင်း၊ ကျွန်မ ပြောပြမယ်.... လူကြီးမင်းရဲ့ ဇနီးကို ဒီလိုပုံစံနဲ့ ချော့လို့ မရဘူးလေ၊ မင်းက ဘာမှမဟုတ်ဘဲ ငွေစငါးရာကို ဖြုန်းတီးလိုက်ပြီ၊ ဒါပေမယ့် မင်းမိန်းမက မင်းကို အရှုံးသမားလို့ပဲ အပြစ်တင်လိမ့်မယ်၊ ကြည့်လိုက်၊ မင်းရဲ့မိန်းမ အခု ဒေါသထွက်နေပြီ မဟုတ်ဘူးလား၊ မင်း သူ့ကို ကောင်းကောင်းချော့ရတော့မယ် ထင်တယ်"

"တောင်းပန်ပါတယ် မင်းတို့နှစ်ယောက် သူ့ကို ဂရုမစိုက်နဲ့"

သခင်မ၏အနားမှ ချောမောသောယောကျာ်းက သူမကို ပွေ့ဖက်လိုက်ပြီး တားဆီးလိုက်သည်။

"အားဝူ၊ ပြသနာ မရှာနဲ့"

ထိုစကားက အပြစ်တင်သောစကားများ ဖြစ်သော်လည်း သူ့လေသံက အလွန်နူးညံ့နေသည်။

လဲ့ကျစ်၏ပါးပြင်များက နီမြန်းလာသည်။ သူမက ခေါင်းကို လှည့်ကာ စုံတွဲဆီသို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

သူမတို့နှစ်ယောက်၏ရုပ်ရည်က ပြောင်မြောက်လွန်းပြီး သခင်မ၏စကားများကြောင့် ပတ်ဝန်းကျင်မှ လူများက စူးစူးဝါးဝါး လှမ်းကြည့်နေကြသည်။

နှစ်ယောက်သား အလွန်နီးနီးကပ်ကပ် ထိုင်နေကြပြီး ဟော်တူ၏ ခရမ်းဖျော့ရောင်အင်္ကျီအနားစက လဲ့ကျစ်၏ နှင်းဖြူရောင် မြေခွေးသားမွေးအပေါ်ရုံအင်္ကျီပေါ်တွင် ရှိနေခဲ့သည်။ လဲ့ကျစ်က တချက်မော့ကြည့်လိုက်ပြီး ဟော်တူက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

‘ဟုတ်တယ်၊ သူက အရာရာတိုင်းကို အမြဲတမ်း မျက်ကွယ်ပြုနိုင်တဲ့သူပဲ’

သို့သော် နောက်အခိုက်အတန့်တွင် သူမဘေးမှ လူက လဲ့ကျစ်၏ပုခုံးများကို ဖက်ထားလိုက်ပြီး သူတို့နောက်မှ စုံတွဲ၏နမူနာအတိုင်း လိုက်လုပ်နေပြန်သည်။

“အရှင့်သား မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အခု ဘာလာလုပ်တာလဲ"

လဲ့ကျစ်က တိုးညှင်းသောလေသံဖြင့် မေးလိုက်သည်။

"ဟက်"

ဟော်တူက သူ့မျက်လုံးကို အနည်းငယ် ပင့်ကြည့်လိုက်ရင်း အပြုံးဖြင့် ပြန်ဖြေလာသည်။

"သခင်မကို ချော့ဖို့"

လဲ့ကျစ်ကတော့ သူ ဒုက္ခမပေးလျှင် ပိုကောင်းမည်ဟုသာ တွေးနေခဲ့သည်။

အချိန်ခနကြာပြီးနောက် စိတ်ဆိုးနေဆဲဖြစ်သော လဲ့ကျစ်က မေးလိုက်ပြန်သည်။

“ဒါဆို အရှင့်သားက ဘာလို့ ကျွန်မဆီက လူကို လုလိုက်တာလဲ၊ သူ့ကို ကျွန်မ အရင် တွေ့တာ.."

"မင်း သူ့ကို ဘယ်လို မြင်လဲ"

“အဲဒီလူငယ်က ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိတယ်၊ ပြီးတော့ လှုပ်ရှားတဲ့အခါ သူ့ရဲ့ခြေထောက်တွေက လေတိုက်သလို မြန်တယ်”

လဲ့ကျစ်က ယခုန ကွင်းပြင်မှ မြင်ကွင်းကို ပြန်တွေးနေပြီး သူမ၏ လေးစားမှုကို မဖုံးကွယ်ဘဲ ထပ်ပြောလိုက်သေးသည်။

"အန်းရွှယ်ကတောင် သူ ကောင်းတယ်လို့ ပြောခဲ့သေးတယ်"

‘ခြေထောက်တွေက လေလိုမြန်တယ်လား’

ဟော်တူက သူ့ဘေးနားမှ တုတ်ကောက်ကို ပြန်ငုံ့ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။

ထိုအချိန်မှသာ လဲ့ကျစ်လည်း ချက်ခြင်း သတိဝင်သွားပြီး သူမ၏ပါးပြင်လည်း အရောင် ဖျော့သွားသည်။ သူမက သူ့လက်ကို အမြန်ဆုပ်ကိုင်လိုက်သည်။ သူမ တစ်ခုခု ရှင်းပြချင်သော်လည်း ဘာပြောရမှန်းမသိ ဖြစ်နေကာ လည်ချောင်းတွင် တခုခု ပိတ်ဆို့နေသလို ဖြစ်နေခဲ့ရသည်။ သူမ ခေတ္တမျှ မေ့လျော့သွားခဲ့ပြီး သူ၏ အားနည်းချက်ကို မထီမဲ့မြင်ပြုမိသလို ဖြစ်သွားခဲ့သည်။

“ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်...”

ဟော်တူကတော့ ဘေးသို့ စောင်းငဲ့ကြည့်ကာ ဘာမှ မဖြစ်သလို ပြန်‌ပြောလိုက်သည်။

"ဘာလို့ တောင်းပန်တာလဲ၊ မင်းပြောတာ မှန်တယ်လေ"

သူမ၏ထိတ်လန့်နေသော မျက်နှာငယ်လေးက သူ၏ နက်မှောင်သော မျက်ဝန်းအစုံထဲတွင် ထင်ဟပ်နေသည်။

‘ဒါက သူ့အတွက် သူမရဲ့အမှန်ကန်ဆုံး ခံစားချက်ပဲ၊ အတုအယောင် မြှောက်ပင့်မှုကို ဖယ်ရှားလိုက်ရင် သူမဆီမှာ သူ့ကို ကြောက်ရွံနေတဲ့ အကြောက်တရားတွေပဲ ရှိတယ်။ တောက်ပပြီး လှပတဲ့ အပြုံးတွေ၊ မရိုးသားတဲ့ ပွေ့ဖက်မှုတွေနဲ့ နူးညံ့တဲ့ တိုးတိုးလေးပြောသံတွေက သူမ စိတ်ပျက်လက်ပျက်နဲ့ ဟန်ဆောင်ပြုမူနေခဲ့တာလေ....

ခုတော့ ဘယ်လောက်တောင် ပုံမှန်ဖြစ်နေလိုက်သလဲ...

သူမသာ ရိုးသားနေခဲ့ရင် အဲ့တာကမှ မူမမှန်တာလေ...’

ဟော်တူက မျက်မှောင်ကြုတ်ရင်း သူ့ကိုယ်သူ မေးလိုက်ပြန်သည်။

‘ဒါပေမယ့် မင်း အဲ့ဒါတွေကို အမြဲတမ်း သိနေခဲ့တာပဲ မဟုတ်ဘူးလား....

အဲ့ဒါဆို ခုနက နှလုံးခုန်သံက ဘာကြီးလဲ’

လွန်ခဲ့သော အခိုက်အတန့်တွင် ဟော်တူက သူ၏ မသန်စွမ်းဖြစ်နေသော ခြေထောက်ကို ကြည့်လိုက်ပြီး သူ့စိတ်ထဲသို့ အဓိပ္ပာယ်မဲ့သော အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ သူ သူ့တုတ်ကောက်ကို စွန့်ပစ်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်လာစေရန် သူ့ခြေထောက်ကို ကုသချင်စိတ် ပေါ်လာခြင်းပင်။

သူ့အတွေးတို့က လွန်ခဲ့သော ဆယ်နှစ်ကျော်မှ အချိန်တစ်ခုဆီသို့ လွင့်မျောသွားပြန်သည်။ ထိုစဉ်က ခြေထောက်ကျိုးနေသော သူ့မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းတမ်းမှုများ ပြည့်နှက်နေခဲ့သည်။

“ရှောင်တူ... မင်း တကယ်ပဲ မကုချင်တော့ဘူးလား”

“မကုဘူး”

“ဟူး.... ဒါက မင်းအပေါ်ပဲ မူတည်တာပါ၊ ဘာပဲဖြစ်ဖြစ် မင်းဆန္ဒရှိတဲ့အခါ ကုသလို့ ရနေတာပဲ”

“ဘယ်တော့မှ မကုဘူး”

သူ ထိုသို့ ကျိန်ဆိုခဲ့သည်။

သူက သူ့ကိုယ်သူ ဘယ်တော့မှ မကုသဘဲ တစ်သက်လုံး ခြေမသန်သည့်သူအဖြစ် နေထိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။

ဟော်တူက ရှုပ်ထွေးလှသော ခံစားချက်တို့ကို မောင်းထုတ်လိုက်ပြီး လဲ့ကျစ်၏ ပခုံးပေါ်မှ သူ့လက်ကို ပြန်ရုပ်သိမ်းကာ သူမနှင့် ခပ်ခွာခွာ နေလိုက်သည်။

လဲ့ကျစ်မျက်လုံးများက ရီဝေသွားသည်။ သူ သူမကို ဂရုမစိုက်ချင်တော့သည်မှာ ထင်ရှားလှသည်။ သူမက သူမ၏မြေခွေးသားမွေးအင်္ကျီကို အမြန်ဖြန့်ကာ ဟော်တူနားသို့ ကပ်သွားပြီး သူမတို့နှစ်ဦးစလုံး အပေါ်သို့ မြေခွေးသားမွေးဝတ်ရုံ ခြုံထားလိုက်သည်။ မြေခွေးသားမွေးဝတ်ရုံက သေးငယ်သည် မဟုတ်သော်လည်း လူနှစ်ဦးကို ဖုံးအုပ်ထားရန် သူတို့ အလွန်နီးကပ်ဖို့ လိုအပ်နေသည်။ သူမက ဟော်တူ၏လက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားရင်း သူ့ထံမှ တွန်းဖယ်ခံရမည်ကို စိုးကြောက်နေမိပြန်သည်။

"ရှင် ဒေါသထွက်နေတာ သိသာတယ်လေ"

လဲ့ကျစ်၏ မျက်လုံးများက နီရဲနေပြီး သူမ စိတ်ပူနေသလို စိတ်မကောင်းလည်း ဖြစ်နေမိသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ဟော်တူက သက်ပြင်းချရင်း ပြောလာပြန်သည်။

"ကိုယ် စိတ်မဆိုးပါဘူး"

"ဒါဆို ရှင် ကျွန်မကို ဘာလို့ မဖက်တာလဲ"

ဟော်တူက လူအများ‌ရှေ့တွင်ပင် မဆင်မခြင် ပြုမူလိုက်သော လဲ့ကျစ်၏ အပြုအမူကြောင့် အံ့သြသွားခဲ့သည်။ သူက တိုးတိုးလေး ရယ်မောပြီး စနောက်လာခဲ့သည်။

"ဒါက လူတွေ အများကြီးရှိတဲ့ နေရာနော်၊ ကျေးဇူးပြုပြီး မင်းကိုမင်း ထိန်းထားဦး"

သူ ထိုသို့ပြောလိုက်သော်လည်း သူမကို လက်နှစ်ဖက်ဖြင့် ဆွဲယူပွေ့ဖက်ထားမိဆဲပင်။

‘အရာရာ သူမ သဘောအတိုင်းပဲပေါ့...’

ဟော်တူက အန်းရွှယ်၏နေရာသို့ အစားထိုး ဝင်ရောက်လာခဲ့ပြီး ဒုတိယပိုင်းတွင် လဲ့ကျစ်အတွက် လူများရွေးချယ်ပေးရန် ကူညီပေးခဲ့သည်။ နောက်ဆုံးတွင် လဲ့ကျစ်က သာမန်ထက် ထူးခြားသော ကိုယ်ခံပညာစွမ်းရည်ရှိသည့် လူငယ်လေးဦးကို ရွေးချယ်နိုင်ခဲ့သည်။ ယောက်ျားလေး နှစ်ယောက်နှင့် မိန်းကလေး နှစ်ယောက်ဖြစ်သည်။

သို့သော် လဲ့ကျစ်ကတော့ ဟော်တူ လုဝယ်သွားသော လူငယ်လေးကို တွေးနေမိသေးသည်။ ရထားလုံးပေါ် တက်ပြီးနောက် လဲ့ကျစ်က အကြိမ်ပေါင်းများစွာ တုံ့ဆိုင်းနေခဲ့သည်။ သူမ စကားပြောချင်သော်လည်း သူ့ဒဏ်ရာကို ထိမိမည်အား စိုးရိမ်နေမိပြန်သည်။

"ကိုယ်... သူ့ကို မင်းအတွက် လက်ဆောင်ပေးမယ်"

လဲ့ကျစ် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။ ဟော်တူက နောက်ပြောင်နေပုံ မပေါ်သည်ကို မြင်လိုက်ရမှ သူမ ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ပုခုံးပေါ်သို့ မှီချလိုက်သည်။

‘ဒီခရီးစဉ်က တော်တော်အကျိုးရှိတာပဲ’

ကျွန်ဈေးက ထိုက်ဇီအိမ်တော်နှင့် အတော်လေး ဝေးကွာသောကြောင့် လဲ့ကျစ် တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။

ဟော်တူက သူ့မျက်လုံးများကို အောက်စိုက်လိုက်ပြီး သူမ၏ အိပ်နေသော မျက်နှာလေးကို စိုက်ကြည့်နေခဲ့သည်။

‘တွယ်ကပ်တတ်တဲ့ တစ္ဆေမလေး...

သူ့ဘေးမှာ အိပ်နေပြန်ပြီ...’

သို့သော် သူ သူမကို တွန်းထုတ်ရမည့်အစား သူ့နဖူးကို သူမ ပေါ်မှီကာ သူမနှင့် ပို၍ပင် နီးကပ်စေခဲ့သည်။

......။......။.....

နောက်ထပ် လတစ်ဝက်တွင် လဲ့ကျစ်လည်း အလွန် အလုပ်ရှုပ်နေခဲ့သည်။

ပထမဦးစွာ ထျန်းလဲ့ဆိုင်ခန်းကို အပြည့်အဝ ဖွင့်လှစ်နိုင်ခဲ့သည်။

လဲ့ကျစ်က သင့်လျော်သော ဆိုင်တာဝန်ခံကို ရွေးချယ်ခဲ့သော်လည်း နေ့စဉ်စာရင်းများကို သူမကိုယ်တိုင် စစ်ဆေးရန် စံအိမ်သို့ ပို့ရမည်ဟု သတ်မှတ်ပေးလိုက်သည်။ အမှန်တကယ်တွင် လဲ့ကျစ်က စာရင်းစာအုပ်များကို တစ်ခါ်မှ မဖတ်ဖူးဘဲ ယခုမှ ဖြည်းဖြည်းချင်း သင်ယူနေရခြင်း ဖြစ်သည်။ သူမ နားမလည်သော အရာများရှိလာလျှင် အိမ်တော်ရှိ အိမ်ထိန်းအိုကြီးထံသို့ သွား‌ရောက်တိုင်ပင်ရသည်။ သူမက အလွန် လျင်မြန်စွာ သင်ယူနိုင်ခဲ့ပြီး ရက်အနည်းငယ်အတွင်း ဆိုင်လည်ပတ်မှုတွင် ရှိနေသော ချို့ယွင်းချက်အချို့ကို ထောက်ပြနိုင်လာသည်။

ကျင့်ရှင်းနှင့် လင်းယွဲ့က သူမအတွက် ဆိုင်ကို မကြာခဏ သွားရောက်စစ်ဆေးပေးသည်။ ဆိုင်က အမြတ်မရသေးသော်လည်း အနည်းဆုံးအနေဖြင့် ပထမခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။

ကျွန်ဈေးမှ ပြန်ပါလာသော လူငါးဦးအတွက် လဲ့ကျစ်က သူတို့ကို ချက်ချင်း အလုပ်ခိုင်းရန် စီစဉ်မထားသေးပေ။ သူတို့က ဆယ်ကျော်သက်ကလေးများ ဖြစ်ကြပြီး ပိန်လွန်းလှသည်။ လဲ့ကျစ်က သူတို့ကို အရင် အနားယူစေပြီး ကျန်းမာလာစေရန် တိုက်တွန်းခဲ့ပြီး သူတို့၏ ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်ထိန်းသိမ်းရန် တောင်းဆိုခဲ့သည်။

နောက်ထပ် ထူးခြားချက်တစ်ခုက အကြောင်းရင်း တစ်ခုခုကြောင့် ဟော်ရှက သူမအား အစ်မဖြစ်သူထံသို့ တစ်လလျှင် သုံးကြိမ် သွားရောက်တွေ့ဆုံခွင့် ပေးခဲ့ခြင်းပင်။

ထို့ကြောင့် လဲ့ကျစ်တစ်ယောက် သူမ၏အစ်မဆီ ရောက်လာခဲ့ပြန်သည်။ အစ်မ၏စိတ်က ယခင်ကလို ပြန်ကောင်းမလာသေးသော်လည်း သူမ၏မျက်နှာက အရင်ကထက် ပိုနီမြန်းလာသည်။ လီယောင်က အစစအရာရာ ဂရုစိုက်ပေးသလို ထောင်စောင့်များကိုလည်း စားဖွယ်သောက်ဖွယ်များ မကြာခဏ ပို့ပေးလေ့ရှိသည်။ ထိုကဲ့သို့ အပြန်အလှန် ရှိလာသောအခါ ထောင်စောင့်များကလည်း လဲ့ကျင်းကို ပို၍ ဂရုတစိုက် ရှိလာကြသည်။

နှင်းများ အဆက်မပြတ် ကျဆင်းနေပြီး သစ်ပင်ပန်းမာန်များအားလုံးကို ဆီးနှင်းများ ဖုံးလွှမ်းလာသည်။ နေ့ရက်များကလည်း တဖြည်းဖြည်း ပို၍ အေးစိမ့်လာခဲ့သည်။

အပ်ချုပ်ဌာနက ထိုက်ဇီဖေးအတွက် ဆောင်းတွင်းဝတ် အဝတ်အထည်များ ပြုလုပ်ရန် အထည်အလိပ်အမြောက်အမြား ပေးပို့လာခဲ့သည်။ ထိုအချိန်တွင် ကျင့်ရှင်း၏အဝတ်အစားများက ထူထဲသောအဝတ်များ မဟုတ်ကြောင်း လဲ့ကျစ် သတိပြုမိသွားသည်။ သူမ ဂရုစိုက်မပေးမိသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

ထို့ကြောင့် လဲ့ကျစ်က ကျင်းရှို့အထည်ဆိုင်မှ ဆောင်းအဝတ်တစ်သုတ် မှာယူရန် တစ်စုံတစ်ယောက်ကို စေခိုင်းလိုက်ပြီး အိမ်တော်အတွင်းရှိ လူများကို ဆုလာဘ်အဖြစ် ဝေငှပေးလိုက်သည်။ ခဏအကြာတွင် အိမ်တော်၏လေထုက အနည်းငယ် ပိုနွေးထွေးပုံပေါ်လာခဲ့သည်။

ထိုက်ဇီအိမ်တော်တွင် အလုပ်လုပ်ရသဖြင့် သူတို့၏ လစဉ်လစာက မနည်းလှသော်လည်း အရှင့်သားက အေးစက်စက်ရှိလှသဖြင့် အစေခံများအတွက် ယခုကဲ့သို့ နွေးထွေးသော ဂရုစိုက်မှုမျိုးကို တစ်ခါမျှ မရရှိခဲ့ဖူးကြပေ။

သူတို့အားလုံး စိတ်လှုပ်ရှားနေကြသည်။ ယခုနှစ်တွင် ထိုက်ဇီဖေး အိမ်တော်ထဲသို့ ဝင်ပြီးလာခဲ့ပြီး အရာရာ ကွဲပြားသွားသလို သူတို့ ခံစားနေကြရသည်။

ဟော်တူက ဤအရာကို သဘာဝကျကျ လှောင်ပြောင်ခဲ့သည်။

‘လူတွေရဲ့ နှလုံးသားကို အနိုင်ယူဖို့ အသေးအမွှားလေးတွေကို ဆုပေးရတာက တကယ်ကို ငြီးငွေ့စရာကောင်းလွန်းတယ်’

မကြာခင်မှာပင် လဲ့ကျစ် မှာယူထားသည့် တခြားပစ္စည်းများကို တယောက်ပြီး တယောက် လာပို့ပေးခဲ့ကြသည်။ သူမက ကျင့်ရှင်းနှင့် လင်းယွဲ့ကို အပြုံးဖြင့် ခေါ်ကာ စားပွဲဆီသို့ ညွှန်ပြလိုက်သည်။ ကောင်မလေးနှစ်ယောက်က သူမ ညွှန်ပြသည့် ဦးတည်ရာအတိုင်း လိုက်ကြည့်နေကြသည်။

စားပွဲပေါ်တွင် ပုလဲဆံထိုးများ၊ လက်ကောက်များနှင့် လှပသောအထည်များဖြင့် ပြည့်နှက်နေသည်။

သူမတို့၏မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းလာပြီး လင်းယွဲ့က အလွန်ပျော်ရွှင်နေဟန်ဖြင့် မေးလာခဲ့သည်။

“ဒါတွေက…”

"ဒါတွေက မင်းတို့အတွက်"

လဲ့ကျစ်က မျက်စဖြင့် ညွှန်ပြလိုက်သည်။ သူမက သူမ၏ လူယုံတော် သုံးယောက်အပေါ် အမြဲတမ်း ရက်ရက်ရောရော ရှိလိုသူ ဖြစ်သည်။

“လီယောင် အလုပ်က ပြန်လာတဲ့အခါကျရင် ငါတို့ အတူတူ ရွေးကြတာပေါ့”

ကောင်မလေးနှစ်ယောက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး လီယောင် မြန်မြန်ပြန်လာရန် မျှော်လင့်နေကြသည်။

ကျင့်ရှင်းကလည်း တစ်နေ့ထက်တစ်နေ့ ပိုတက်ကြွလာသည်။ သူမက လဲ့ကျစ်အတွက် လက်ဖက်ရည်ပူပူတစ်ခွက် ငဲ့ပေးလိုက်ပြီး သူမ၏ဗာဒံစေ့ပုံ မျက်လုံးများတွင် နောက်ပြောင်ချင်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

"သခင်မ ကျွန်မတို့အတွက် ဒီပစ္စည်းတွေကို သီးခြားပြင်ဆင်ပေးတာ အရမ်း ကျေးဇူးတင်ပါတယ်၊ ဒါဆိုရင် အရှင့်သားအတွက် ပြင်ဆင်ပေးထားတဲ့အရာကတော့ ထူးထူးခြားခြား ဖြစ်ရမယ်”

"ဒါက ပုံမှန်ပဲလေ"

ထိုစကား ပြောလိုက်သူက လင်းယွဲ့ဖြစ်ပြီး “ကျွန်မ ကောင်းကောင်းနားလည်ပါတယ်”ဟူသော အမူအရာဖြင့် ပြောလိုက်ခြင်းဖြစ်ကာ လဲ့ကျစ်ကိုပင် မျက်လုံး မှိတ်ပြနေသေးသည်။

လဲ့ကျစ်၏ မျက်နှာပေါ်က အပြုံးကတော့ အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်။

‘ငါ... တစ်ခုခု မေ့သွားပုံရတယ်’

သို့သော် သူမ စဉ်းစားရန် အချိန်မရသေးခင်မှာပင် လီယောင် ပြန်ရောက်လာခဲ့သည်။ သို့သော် သူမ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။

"သခင်မ၊ တစ်ခုခု ဖြစ်သွားပြီ"

လီယောင်က နှုတ်ခမ်းကို ကိုက်ထားပြီး သူမ၏လက်လေးများက အနည်းငယ် တုန်ခါနေသည်။

"ရန်ဟမ့်က..."

သူမ၏အမူအရာကို မြင်လိုက်ရချိန်တွင် ကျင့်ရှင်းနှင့် လင်းယွဲ့တို့က အလျင်စလို ရှေ့တိုးလာပြီး လီယောင် နွေးထွေးစေရန် သူမ၏လက်နှစ်ဖက်ကို အသီးသီး ဆုပ်ကိုင်ပေးလိုက်ကြသည်။

"သူ ဘာဖြစ်လို့လဲ၊ အလျင်မလိုနဲ့၊ ဖြည်းဖြည်းပြော"

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ မျက်တောင်လေးများလည်း မသိစိတ်ကြောင့် တုန်ခါသွားခဲ့သည်။ ရန်ဟမ့်က ရှန်းယိစစ်တပ်၏ လက်ထောက်တပ်မှူးရာထူးမှ ဖယ်ရှားခံရပြီးကြောင်းကို မတော်တဆမှုအပြီး နောက်တစ်နေ့တည်းက သူမ သိထားခဲ့သည်။

‘လက်ရှိအခြေအနေအရ သူ ဘာတွေလုပ်နိုင်ဦးမှာလဲ’

လီယောင်က အကြိမ်အနည်းငယ် အသက်ရှူသွင်းပြီးနောက် ပြန်တည်ငြိမ်သွားကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။

"သခင်မ၊ ရန်ဟမ့်က ဒုတပ်မှူး မဖြစ်နိုင်တော့ပေမယ့် ဧကရာဇ်မင်းမြတ်က သူ့ရဲ့ အရင်အကျိုးဆောင်မှုတွေကို ပြန်တွေးပြီး ရှဖေးထိုင်မှာ အလုပ်လုပ်ခွင့်ပေးလိုက်တယ်"

"ဘာ"

လဲ့ကျစ်က သူမ၏ လက်သီးများကို ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူမ၏နှလုံးခုန်သံများက မြန်ဆန်လာခဲ့သည်။ အစ်မဖြစ်သူ၏ စိတ်အခြေအနေက ယခုမှ တည်ငြိမ်စပြုနေချိန်တွင် ရန်ဟမ့်ကို သူမ၏ရှေ့မှောက်သို့ ပေါ်လာခွင့် လုံးဝ မပေးနိုင်ချေ။

‘လုံးဝ မရဘူး’

"သူ ဒီနေ့ အလုပ်စဝင်ပြီလား"

“ထောင်စောင့်တွေပြောတာကို ကြားခဲ့တာပါ”

လီယောင်က လေးလေးနက်နက် အမူအရာဖြင့် ထပ်ပြောလာခဲ့သည်။

"သူတို့က နန်းတော်ကနေ အတွင်းသတင်းကို အချိန်မီရခဲ့တာ၊ ရန်ဟမ့်ကတော့ မနက်ဖြန်ညီလာခံပြီးမှ အဲ့ကိုသွားမယ်လို့ ခန့်မှန်းရတယ်"

လဲ့ကျစ်က ထိုနေရာတွင်ပင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူမ၏မျက်လုံးများက အေးစက်နေပြီး စကားတစ်လုံးချင်းစီကို အံကြိတ်ကာ ပြောနေခဲ့သည်။

“ကောင်းပြီလေ၊ ဒါဆို ဒီသခင်ရန်ကို ခဏလောက် သွားတွေ့ကြတာပေါ့”

........။........။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ဟော်တူ - “ငါ့အတွက် ဘာလို့ လက်ဆောင်မပါတာလဲ”

ကျစ်ကျစ် - “စကားမရှည်နဲ့... အလုပ်သွားလုပ်စရာ ရှိတယ်”

ဟော်တူ - (စပ်စုလိုသော ပုံစံဖြင့်) “မင်း လူတစ်ယောက်ကို သတ်ချင်နေတာလား၊ ကိုယ်က အဲ့ဒီနေရာမှာ တော်တော်ကျွမ်းကျင်တယ်နော်”

ကျစ်ကျစ် - “ရှင်က တစ်သက်လုံး ခြေမသန်တဲ့သူပဲ ဖြစ်ချင်တာ မဟုတ်ဘူးလား၊ ဝေးဝေးမှာ သွားနေစမ်းပါ...”

ဟော်တူ - “......”

ငါတော့ ရယ်ရင်းနဲ့ သေတော့မှာပဲ ဟော်တူရေ... နင့်မိန်းမက အလုပ်အကြီးကြီးလုပ်တော့မယ်။

အခန်း ၃၃ ဒေါသ

လဲ့ကျစ်က ရှဖေးထိုင်၏တံခါးဝဆီသို့ လှမ်းကြည့်လိုက်ပြီး မှောင်မှိုင်းနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်ပြန်သည်။

နေ့ခင်းဘက်ဖြစ်နေသည်မှာ သိသာထင်ရှားနေသော်လည်း မိုးသည်းထန်စွာ ရွာသွန်းတော့မည့်အလား ကောင်းကင်တစ်ခုလုံး မီးခိုးရောင် သန်းနေသည်။

ရန်ဟမ့်က ရှဖေးထိုင်၏ ပင်မခန်းမဆောင်အလယ်တွင် မှုန်မှိုင်းသောမျက်နှာဖြင့် ထိုင်နေသည်။ သူ့မျက်လုံးများက တိမ်ထူနေသလို မှိုင်းဝေနေပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကလည်း အနည်းငယ်ဖြူနေသည်။ သူ၏ တက်ကြွမှုက သိသိသာသာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သူက မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထောင်စောင့်အုပ်စုတစ်စုကို စိုက်ကြည့်နေပြီး သူတို့၏မျက်နှာပေါ်တွင် ရွဲ့စောင်းသည့်အကြည့်မျိုး ရှိ မရှိကို အသေအချာ ပိုင်းခြားဝေဖန်နေသည်။

‘အဲ့လို အမူအရာ နည်းနည်းလေးရှိနေရင်တောင် စံနမူနာ အနေနဲ့ သတ်ပစ်ရလိမ့်မယ်။’

လူတစ်ယောက်၏ ဂုဏ်သိက္ခာကို ဆုံးရှုံးလိုက်ရပြီးနောက်တွင် ရန်ဟမ့်၏ စိတ်နေစိတ်ထားမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ယုတ်မာရက်စက်လာခဲ့သည်။

ထိုက်ဇီဖေး ရောက်ရှိလာကြောင်း သတင်းပို့ရန် အပြင်ဘက်မှ အစောင့်တစ်ဦး ဝင်လာသည်။

ဟော်ရှက လဲ့ကျစ်ကို လာရောက်လည်ပတ်ခွင့် ပေးထားကြောင်း ရန်ဟမ့်က သိနေသောကြောင့် လုံးဝ မအံ့သြပေ။ သူမ ယနေ့လာမည်ဆိုပါက လတစ်လ၏နောက်ဆုံးအကြိမ်အတွက် ဖြစ်သည်။

‘အိုး၊ ဘာအတွက်လဲ’

သူ ပြန်လည်သက်သာလာချိန်တွင် ရန်ဟမ့်က သူ့ကို အန္တရာယ်ပြုခဲ့သူကို စုံစမ်းစစ်ဆေးရန် အကောင်းဆုံးသူလျှိုများကို စေလွှတ်ခဲ့သော်လည်း ဘာမျှမတွေ့ခဲ့ရပေ။ သူက ရှန်းယိစစ်တပ်၏ လက်ထောက်တပ်မှူးအဖြစ် လူအများနှင့် ရန်ငြိုးဖွဲ့ထားသော်လည်း ထိုလူများက သူ့ကို ဘာမှ မလုပ်ဝံ့ကြောင်း သူ သိထားသည်။

မကြာသေးမီက တိုင်းပြည်ကို ဖျက်ဆီးခံခဲ့ရသည့် ညီအစ်မ နှစ်ယောက်ဖြစ်နိုင်သည်ဟု သူ သေသေချာချာ တွေးထားမိသည်။

‘သူတို့က သူ့အပေါ် အလွန်အမင်း အာဃာတ ဖြစ်နေမှာ မဟုတ်လား’

သို့သော် လဲ့ကျင်းက ဤနေရာတွင် အကျဉ်းချခံထားရပြီး လဲ့ကျစ်က ကျင့်ရှန်းမင်းသား၏ မင်္ဂလာပွဲ၌တွေ့စဥ်တွင် သူမ၏လက်များ တုန်တုန်ယင်ယင် ဖြစ်နေသေးသည်။

‘သူမ ဘယ်လိုဖြစ်နိုင်မှာလဲ?’

‘သူတို့ မဟုတ်ရင်…’

ရန်ဟမ့်ထံတွင် ထင်မြင်ယူဆချက်တစ်ခုရှိနေသေးသည်။ လဲ့ကျစ်က သူမ၏အလှအပကို အသုံးချကာ ဟော်တူကို မြှူဆွယ်ပြီး သူ့အား နာကျင်အောင် လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ခြင်းလည်း ဖြစ်နိုင်သေးသည်။ နောက်ဆုံးတွင် ဧကရီနှင့် ကျင့်ရှန်းဝမ်တို့က ခြေမသန်သော ထိုက်ဇီကိုပင် မဖယ်ရှားနိုင်ခဲ့ကြပေ။ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့သည့်တိုင် သူတို့က ဟော်တူ၏ အခြေခံအင်အားကိုပင် မထိနိုင်ကြသေးချေ။ ဟော်တူက အမှောင်ထဲတွင် ပုန်းအောင်းနေသော မိစ္ဆာတစ်ကောင်နှင့်တူပြီး မည်သူမျှ သူ၏ လျှို့ဝှက်ချက်ကို ရှာမတွေ့နိုင်ကြပေ။ ထို့ကြောင့်လည်း သူတို့ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြရသည်။

သို့သော် ဟော်တူ၏နည်းလမ်းများက ရက်စက်ကြမ်းကြုတ်သည်ဟု ရန်ဟမ့် သိသည်။

‘အဲ့လိုမှမဟုတ်ရင် ဒီသူလျှိုတွေနဲ့ အစောင့်အကြပ်တွေက ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ မရှိသလိုသလို မရေမရာနဲ့ လုံးလုံးလျားလျား ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလေ’

ယခုအခါ လဲ့ကျစ် ဤနေရာသို့ ရောက်လာပြီဖြစ်ရာ သူကလည်း သူမ၏ တုံ့ပြန်မှုကို မြင်တွေ့ချင်နေခဲ့သည်။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော ထောင်စောင့်များက လဲ့ကျစ်ရောက်ရှိလာသည့်အတွက် အလွန်ကျေးဇူးတင်နေခဲ့ကြသည်။ ထိုသို့မဟုတ်ပါက သူတို့ မည်မျှကြာအောင် ဒူးထောက်နေရမည်ကို မသိနိုင်တော့ပေ။ အားလုံးက လဲ့ကျစ်ကို လေးလေးစားစား ဂါရဝပြုပြီး ပြန်ထွက်ခွာရန် တောင်းဆိုလိုက်ကြသည်။

ခန်းမက တိတ်ဆိတ်သွားပြန်သည်။ ရှဖေးထိုင်တွင် ရှ* ဟူသော စာလုံးပါသော်လည်း အရိုးထိတိုင်အောင် အေးခဲနေသည်ဟု ခံစားရစေသည်။

(ရှ* – တရုတ်ဘာသာစကားတွင် နွေရာသီကို ဆိုလိုသည်)

"ထိုက်ဇီဖေးကို ဂါရဝပြုပါတယ်"

"ရန်သခင်ကြီး... အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"

လဲ့ကျစ်က စိုးရိမ်ဟန်ဖြင့် ထပ်ပြောလိုက်သေးသည်။

"ရန်သခင်ကြီးရဲ့မျက်နှာက မကောင်းတာကို ငါ မြင်နေရတယ်၊ ဘာလို့ ခဏလောက် အနားမယူတာလဲ"

ရန်ဟမ့်က သူရှေ့တွင် ရှိသော အလွန်လှပပြီး ကြောင်သူတော်လို ဆွဲဆောင်မှုရှိသော မျက်နှာကို အေးစက်စွာ စိုက်ကြည့်ရင်း ထပ်ပြောလိုက်သည်။

“ကျွန်တော်မျိုးက လစာကို တရားဝင် ခံစားနေရသူဖြစ်လို့ ဧကရာဇ်မင်းမြတ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှထမ်းဆောင်ရမှာပါ၊ ဒီလို အခြေအနေမှာ ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီး အနားယူနိုင်မှာလဲ”

ခေတ္တရပ်တန့်နေပြီးနောက် သူက ထပ်ပြောလာပြန်သည်။

“ထိုက်ဇီဖေးနဲ့ ကျွန်တော်မျိုးက တစ်ယောက်ကို တစ်ယောက် သိခဲ့တာကြာပြီဆိုတော့ အခု ဒီမှာ တာဝန်ပေးခံရတုန်းလေး ထိုက်ဇီဖေးရဲ့အစ်မကို ပိုပြီး ဂရုစိုက်ပေးပါ့မယ်"

ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် လဲ့ကျစ်က သူမ၏ တစ်ကိုယ်လုံးထဲသို့ အအေးဓာတ်များ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ သူမက သူမ၏အင်္ကျီလက်ဝထဲမှ ဓားမြှောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

‘သူက ငါ့ကိုတောင် ပွင့်ပွင့်လင်းလင်း ရန်စရဲတယ်ပေါ့လေ....’

သို့သော် သူမ ရှဖေးထိုင်တွင် လှုပ်ရှားလိုက်မည်ဆိုပါက သူမ သူ့ကို အနိုင်ရရန် အခွင့်အလမ်း မရှိပေ။ ထို့ကြောင့် လဲ့ကျစ်က သူမ၏ လည်ပတ်ခွင့်အချိန် မကုန်ဆုံးမီအထိ သူနှင့် အရင်ဆုံး အချိန်ဆွဲကစားရန် ဆုံးဖြတ်လိုက်သည်။

‘အနည်းဆုံးတော့ ဒီညနေစောင်းတဲ့အထိ သူ့ကို အချိန်ဆွဲထားရမယ်၊ အဲ့ဒါမှ အစ်မ စိတ်မထိခိုက်အောင် ကာကွယ်ပေးနိုင်ပေလိမ့်မယ်’

"ရှဖေးထိုင်က တစ်နှစ်ပတ်လုံး အေးစက်နေပြီး အုံ့မှိုင်းနေတာကြောင့် ရန်သခင်ကြီးအတွက် ပြန်လည်သက်သာလာဖို့ တကယ်ကို မသင့်တော်ဘူး။ ဘာလို့ တခြားနေရာကို ပြောင်းရွှေ့ဖို့ မတောင်းဆိုတာလဲ”

လဲ့ကျစ်က သူ့ကို အရင် မြှူဆွယ်ရန် တွေးထားသောကြောင့် စကားစလိုက်သည်။

“မကြာသေးမီက ကျွန်မ ရှားပါးပစ္စည်းတမျိုးဖြစ်တဲ့ ပေ့ဟိုင်ဘက်က‌ထွက်တဲ့ ရွှေရောင်သန္တာကျောက် ရထားသေးတယ်။ အဲ့ဒီအရာက အာရုံကြောတွေကို ငြိမ်သက်စေပြီး စိတ်ကို လန်းဆန်းစေတယ်၊ သိပ်မကြာခင် သခင်ကြီးရဲ့အိမ်တော်ကို အရောက်ပို့ပေးမယ်၊ အဲဒါကို ကျွန်မရဲ့စိတ်ရင်းလို့ ယူဆပေးပါ”

လဲ့ကျစ်၏ ချော့မော့ပြောဆိုသော လေသံက ရန်ဟမ့်ကို အလွန်အမင်း သာယာကျေနပ်သွားစေသည်။

‘သူ အရမ်းတွေးမိသွားပုံရတယ်။ သူမက တိုင်းပြည်နဲ့ မိသားစုကို ဆုံးရှုံးခဲ့ရပြီး အခြားသူတွေ ချုပ်ကိုင်တာကို ခံနေရတဲ့ မိန်းကလေးတစ်ယောက်ထက် မပိုဘူး။ သူမက ကြောက်လန့်ပြီးရင်း ကြောက်လန့်နေရုံပဲ တတ်နိုင်မှာ’

“ကျွန်တော်မျိုးက လူပြိန်းတစ်ယောက်ပါ၊ ဒီလောက် အဖိုးတန်တဲ့အရာကို မသုံးထိုက်ပါဘူး”

ရန်ဟမ့်က ခပ်လှောင်လှောင် ရယ်မောလိုက်ရင်း လီယောင်၏ ခန္ဓာကိုယ်ကို မက်မောသော အကြည့်များဖြင့် ကြည့်ရင်း ပြောလာခဲ့သည်။

“အခုလို အခြေအနေမျိုးမှာ ကျွန်တော်မျိုးကို ဂရုစိုက်ပေးဖို့ ရင်းနှီးတဲ့လူတစ်ယောက်လောက်ပဲ လိုချင်မိတာပါ”

ထိုအရာကမှ ရန်ဟမ့်၏ အစီအစဉ် အစစ်အမှန် ဖြစ်သည်။

‘ကျောက်စိမ်းကို ဆွဲဆောင်ဖို့ အုတ်ဖုတ်ရမယ်လေ။ လဲ့ကျင်းကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုတာက အတုအယောင်ပဲ၊ တကယ်က လီယောင်ကို လိုချင်တာ’

သူက လဲ့ကျစ်ကို စမ်းသပ်ရန် လဲ့ကျင်းကို မသုံးချင်ပေ။ ပထမအချက်အနေဖြင့် ဟော်ရှက လဲ့ကျင်းကို မထိရန် အမိန့်ပေးခဲ့သည်။ ဒုတိယအချက်က လဲ့ကျင်းက လဲ့ကျစ်အတွက် အလွန်အရေးကြီးပြီး သူ လဲ့ကျစ်ကို အဆုံးစွန်ထိ တွန်းမပို့ချင်သေးပေ။

‘ဘာပဲဖြစ်ဖြစ် စိတ်တိုနေရင် ယုန်တောင် ပြန်ကိုက်လိမ့်မယ်’

ထို့ကြောင့် သူမကို စမ်းသပ်ရန်အတွက် သူမ၏ အနီးကပ်အစေခံ လီယောင်ကို အသုံးပြုလျှင် လုံလောက်ပြီဟု သူ ယူဆထားသည်။ ထို့အပြင် လီယောင်က ဖြူစင်အပြစ်ကင်းပြီး ချစ်စရာကောင်းသော ရုပ်ရည်ရှိသဖြင့် သူ့အတွက် ဆွဲဆောင်မှုရှိလှသည်။ သူ၏ အဖိုဓာတ်မှာ ပျက်စီးသွားပြီ ဖြစ်သော်လည်း သူ့စိတ်ထဲမှ တပ်မက်မှုကိုတော့ ဖျောက်ဖျက်၍ မရနိုင်သေးပေ။ လီယောင်၏ မျက်နှာလေးကို ကြည့်ရင်း ရန်ဟမ့်တစ်ယောက် စိတ်ထဲမှ တဏှာစိတ်များ ကြွတက်လာသည်။ သင်းကွပ်ခံထားရသူများအတွက်လည်း ကစားရန် နည်းလမ်းပေါင်းစုံ ရှိနေသေးသည်။

သူက လီယောင်ကို အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေသဖြင့် လီယောင်တစ်ယောက် တစ်ကိုယ်လုံး စိမ့်တက်သွားကာ စိတ်မသက်မသာ ဖြစ်သွားရသည်။ သူမက မျက်လွှာကို အောက်ချထားရင်း ကြောက်ရွံ့တုန်ယင်နေလေသည်။

လဲ့ကျစ်က သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ရင်ထဲမှ ရွံရှာမှုကို အတင်းဖိနှိပ်နေရသည်။

'ဒီလို လူ့တိရစ္ဆာန်မျိုးတွေက သင်းကွပ်ခံလိုက်ရရင်တောင် နောင်တမရတဲ့အပြင် သူတို့ရဲ့ ရှင်သန်မှုက လူ့လောကအတွက် ဘာတန်ဖိုးမှ မရှိဘူး'

သူက သူ့သေတွင်းကို အလျင်အမြန် ရှာဖွေနေသည့်အတွက် သူမအနေဖြင့် သူ့ကို ထောင်ချောက်ထဲသို့ ပို့ဆောင်မည့် အစီအစဉ်ကို နောက်ထပ် မနှောင့်နှေးစေချင်တော့ပေ။

"ရန်သခင်ကြီး ပြောတဲ့အဓိပ္ပါယ်ကို ငါ နားလည်ပါတယ်"

လဲ့ကျစ်က လီယောင်၏ ကျောပြင်ကို အသာအုပ်မိုးကာ ကာကွယ်ပေးလိုက်ရင်း ရှက်ကိုးရှက်ကန်း ပုံစံမျိုးလေးဖြင့် ထပ်ပြောလိုက်သည်။

“ဒါက… သခင်ကြီးအနေနဲ့ ငါ့ကို စဉ်းစားဖို့ အချိန်ခဏလောက်တော့ ပေးပါဦး”

အကယ်၍ သူမက ချက်ချင်း ငြင်းဆိုလိုက်လျှင် ရန်ဟမ့် သံသယဝင်သွားစေနိုင်သောကြောင့် ဖြစ်သည်။ ထိုအချိန်တွင် အကျဉ်းထောင်စောင့်တစ်ဦး အလျင်အမြန် ဝင်ရောက်လာပြီး ဒူးထောက်ထိုင်ချလိုက်ကာ သတင်းပို့လာခဲ့သည်။

"သခင်ကြီး၊ ကျင့်ရှန်းဝမ်က သခင်ကြီးကို စကားစမြည်ပြောဖို့ သူ့အိမ်တော်ကို လာခဲ့ဖို့ သတင်းပို့ပါတယ်"

ထိုအခါမှသာ လဲ့ကျစ်လည်း သက်ပြင်းချနိုင်သွားသည်။

“ကောင်းပြီ၊ ကျွန်တော်မျိုး ထိုက်ဇီဖေးဆီက သတင်းကောင်းကို စောင့်မျှော်နေပါ့မယ်"

ရန်ဟမ့်၏ လေသံတွင် အပိုင်ရတော့မည်ဟူသော ယုံကြည်ချက်များ ပြည့်နေခဲ့သည်။

"ထိုက်ဇီဖေးက ကျွန်တော်မျိုးကို အချိန်အကြာကြီး မစောင့်ခိုင်းပါနဲ့"

.......။.......။......

ရှဖေးထိုင်မှ အတူထွက်ခွာလာချိန်တွင် လီယောင်၏ ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ရောထွေးနေသည်။ အစပိုင်းတွင် သံသယများဖြင့် ဆက်ဆံခဲ့ကြသော်လည်း ယခုအခါ သူမနှင့် သခင်မက ခိုင်မာသော တွဲဖက်များ ဖြစ်နေကြပြီ ဖြစ်သည်။ လီယောင်က သူမအပေါ် ထားရှိသော သခင်မ၏ ကြင်နာမှုကို ရင်ထဲ၌ အမြဲစွဲမှတ်ထားသည်။ သူမကို အဆိပ်ဖြေပေးခြင်း၊ ဂရုစိုက်ပေးခြင်းနှင့် အကောင်းဆုံး အစားအသောက်၊ အဝတ်အထည်များ ပေးကမ်းခြင်းတို့က သူမ၏ အဖွားကွယ်လွန်ပြီးနောက်ပိုင်း မည်သူမျှ မလုပ်ပေးခဲ့ဖူးသော အရာများပင် ဖြစ်သည်။

သို့သော် သခင်မတွင် ပူပန်မှုများစွာ ရှိနေသည်ကိုလည်း သူမ မြင်နိုင်ခဲ့သည်။ အထူးသဖြင့် အစ်မဖြစ်သူ လဲ့ကျင်းအပေါ် ထားရှိသော သံယောဇဉ်ကို သူမ ပို၍ နားလည်နိုင်သည်။ ရန်ဟမ့်က စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည့်အပြင် သူမကို အသုံးချကာ သခင်မကို အရှက်မဲ့စွာ ခြိမ်းခြောက်ခဲ့သည်။ လီယောင်က ထိုအကြောင်းကို တွေးရင်း သခင်မအတွက် အခက်အခဲ မဖြစ်စေချင်တော့ပေ။

“လီယောင်... လီယောင်”

ရထားလုံးပေါ် ရောက်ကတည်းက လီယောင် စိတ်လွင့်နေသဖြင့် လဲ့ကျစ်က သူမကို လှမ်းခေါ်လိုက်ခြင်းပင်။ ယခုန ရှဖေးထိုင်တွင် ပြောခဲ့သော စကားများအတွက် သူမအနေဖြင့် လီယောင်ကို ချက်ချင်း မရှင်းပြနိုင်ခဲ့ပေ။ ဤမိုက်မဲသောမိန်းကလေးက အလွန်အမင်း တွေးတောနေသည်ကို လဲ့ကျစ် ရိပ်မိလိုက်သည်။

လဲ့ကျစ်က လီယောင်၏ လက်ကို ဆုပ်ကိုင်ကာ အသာအယာ ပွတ်သပ်ပေးရင်း အားပေးလိုက်သည်။

“အရမ်းကြီး မတွေးပါနဲ့။ ရန်ဟမ့် ပြောခဲ့တဲ့ ညစ်ညမ်းစကားတွေကိုလည်း ဂရုမစိုက်နဲ့၊ စိတ်မပူနဲ့... ငါ ရှိတယ်”

နွေးထွေးသော ခံစားမှုတစ်ခုက သူမ၏နှလုံးသားထဲသို့ စိမ့်ဝင်လာပြီး လီယောင်၏ မျက်လုံးများကို နာကျင်သွားစေသည်။ သူမ အသံထွက် ငိုမိမည်ကို စိုးရိမ်သောကြောင့် စကားမပြောနိုင်တော့ပေ။

‘ဒီတော့ ဒါက တစ်စုံတစ်ယောက်ဆီကနေ အကာအကွယ် ပေးခံရတဲ့ ခံစားချက်မျိုးလား’

.....။......။.....

"လီယောင် ပြန်လာပြီ"

သူမ အခန်းထဲသို့ ဝင်လိုက်သည်နှင့် လင်းယွဲ့၏ အသံကြည်ကြည်လေး ထွက်ပေါ်လာပြီး လီယောင်ကို စားပွဲနားသို့ ဆွဲခေါ်သွားသည်။ လင်းယွဲ့နှင့် ကျင့်ရှင်းတို့က ရန်ဟမ့်နှင့် လဲ့ကျစ်တို့အကြားမှ အတိတ်အကြောင်းအရာများကို အသေးစိတ် မသိကြသော်လည်း လီယောင်၏ အသွင်အပြင်က ပုံမှန်မဟုတ်ဘဲ အဆင်မပြေဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် စိုးရိမ်တကြီး မေးလိုက်ကြသည်။

"လီယောင်... နင် နေမကောင်းဘူးလား"

လီယောင်က ခေါင်းခါပြလိုက်သည်။

"ငါ အဆင်ပြေပါတယ်"

"အဲဒါ အကောင်းဆုံးပဲ"

ကျင့်ရှင်းက သူမ၏လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်ရှိ ဆေးခွက်ကို ကိုင်ကာ ထပ်ပြောလိုက်သည်။

"ဒီအားဆေးက နွေးနေသေးတယ်၊ မြန်မြန်သောက်လိုက်ဦး"

လင်းယွဲ့ကလည်း ဘေးမှ ခေါင်းညိတ်ထောက်ခံလိုက်သည်။

“သခင်မက နင် ဆေးသောက်ဖို့ မေ့နေမှာကို စိုးရိမ်ပြီး နေ့တိုင်း စောင့်ကြည့်ဖို့ ပြောခဲ့တယ်၊ နည်းနည်း ခါးပေမယ့် နောက်ထပ်နှစ်ရက်လောက်ပဲ ထပ်သောက်ရမှာပါ”

လီယောင် ဆေးခွက်၏အဖုံးကို ဖွင့်လိုက်သည်နှင့် ရင်းနှီးသော ဆေးနံ့က လေထဲသို့ ပျံ့လွင့်လာသည်။ သူမ အဆိပ်ဖြေပြီးကတည်းက လဲ့ကျစ်က သူမ၏သွေးခုန်နှုန်းကို စစ်ဆေးပေးရန် တစ်ယောက်ယောက်ကို စေလွှတ်ခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က အားနည်းနေသဖြင့် အားဆေးသောက်ရန် သမားတော်က ညွှန်ကြားထားခြင်း ဖြစ်သည်။

သူမက ဆေးကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ ဆေးက ခါးသည်ဟု လူတိုင်းပြောကြသော်လည်း သူမအတွက်တော့ ထိုဆေးခါးခါးထဲတွင် ချိုမြိန်သော ဂရုစိုက်မှု အရသာကို ခံစားနေရဆဲပင်။

"ငါ နည်းနည်း ပင်ပန်းလို့ အနားယူချင်တယ်"

"ကောင်းပြီလေ၊ ခဏလောက် အိပ်လိုက်ဦး"

လင်းယွဲ့က အပြုံးလေးဖြင့် ထပ်ပြောလာပြန်သည်။

"နင် နိုးလာတော့မှ ငါတို့ ပုလဲဆံထိုးတွေ အတူတူ ရွေးကြတာပေါ့"

လင်းယွဲ့နှင့် ကျင့်ရှင်းတို့ ထွက်ခွာသွားပြီးနောက် လီယောင်က အနားယူနိုင်ခြင်း မရှိခဲ့ပေ။ သူမက ဆေးခွက်အလွတ်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။ သူမ၏သခင်မက ရန်ဟမ့်အား တစ်ခုခုလုပ်တော့မည်ကို သူမ သိနေခဲ့သည်။

သို့သော် ရန်ဟမ့်က မကြာသေးမီက မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် ထိုသို့ပြုလုပ်မည်ဆိုလျှင် အလွန်အန္တရာယ်များလှသည်။ သူမအနေဖြင့် သခင်မကို အန္တရာယ်မဖြစ်စေချင်ပေ။ အကယ်၍ သူမသာ ရန်ဟမ့်၏ ဆန္ဒအတိုင်း လိုက်လျောပြီး သူမ၏ ခန္ဓာကိုယ်ကို ငါးစာအဖြစ် အသုံးချကာ ရန်ဟမ့်ကို ထောင်ချောက်ထဲ ဆွဲသွင်းနိုင်ခဲ့လျှင် သခင်မအတွက် ခြိမ်းခြောက်မှုကို ဖယ်ရှားပေးနိုင်မလားဟု သူမ တွေးတောနေမိသည်။

ခဏအကြာတွင် လီယောင်၏မျက်နှာပေါ်၌ ပြတ်သားသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူမက ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သောကြောင့် နောင်တရတော့မည် မဟုတ်ပေ။

......။......။......

လဲ့ကျစ်က အိပ်ခန်းထဲတွင် သူမ၏ အတွေးများကို ခွဲခြမ်းစိတ်ဖြာနေပြီး အသင့်တော်ဆုံး အစီအစဉ် ချမှတ်နိုင်ရန် တွေးတောနေသည်။ သူမက စာရွက်ကို လှန်ကြည့်လိုက်ပြီး အချိန်အလိုက် လုပ်ဆောင်ရမည့်အရာများကို ရှင်းရှင်းလင်းလင်း ရေးမှတ်နေသည်။

ထိုစဉ် တံခါးအပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ သူမ မော့ကြည့်လိုက်ချိန်တွင် ဟော်တူက နှင်းဖြူလုံးလေးကို ပွေ့ပိုက်ထားပြီး သူ၏ ဘီးတပ်ထိုင်ခုံကို အိပ်ခန်းထဲသို့ ဖြည်းညှင်းစွာ တွန်းဝင်လာသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် လဲ့ကျစ်က သူ့ကို အာရုံစိုက်ရန် အချိန်မရှိဘဲ ပြတ်ပြတ်သားသား လှမ်းပြောလိုက်သည်။

“အရှင့်သား၊ ကျွန်မ ဒီနေ့ အလုပ်နည်းနည်းရှုပ်နေတယ်"

ထိုအရာက သူ့ကို အခန်းထဲမှ ထွက်သွားပေးရန် ယဉ်ကျေးစွာ မောင်းထုတ်လိုက်ခြင်းပင်။

‘အပျော်ရှာချင်ရင် တခြားနေရာကို သွား...’

ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောရင်း ပြောလာခဲ့သည်။

"ထိုက်ဇီဖေးက အလုပ်များနေတာဆိုတော့ ထိုက်ဇီဖေးရဲ့ အစေခံ ပျောက်သွားတာကို သတိမထားမိလိုက်ဘူးပေါ့"

လဲ့ကျစ်၏ လက်ထဲမှ စာရေးစုတ်တံက ရုတ်တရက် ပြုတ်ကျသွားပြီး သူမ၏နှလုံးသားလည်း တုန်လှုပ်သွားရသည်။ သူမ၏ စိတ်ထဲသို့ ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ဝင်ရောက်လာသည်။

‘လီယောင်... သူမက မိုက်မဲတာတွေ လုပ်တော့မှာလား’

‘ရန်အိမ်တော်...မဟုတ်သေးဘူး.. သူမကို တားရမယ်’

လဲ့ကျစ်က အခန်းထဲမှ အမြန်ထွက်ရန် ပြင်လိုက်ပြီး ဟော်တူ၏ ဘေးမှ ဖြတ်ပြေးလိုက်စဉ် သူက သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆုပ်ကိုင်လိုက်သည်။

"သွားခွင့်ပေး"

သူမက စိုးရိမ်ပူပန်နေပြီး ငိုရှိုက်နေသောလေသံဖြင့် တောင်းဆိုလိုက်သည်။

“နောက်ကျသွားလိမ့်မယ်၊ ကျွန်မ သူ့ကို ကယ်တင်ချင်တယ်"

ဟော်တူက သူမလက်ကို မလွှတ်ပေးဘဲ မျက်မှောင်ကြုတ်ကြီးဖြင့် ပြောလာပြန်သည်။

"မင်း ဘာတွေကြောက်နေတာလဲ၊ ကိုယ် မင်းအတွက် သူ့ကို ပြန်ဖမ်းလာခဲ့ပြီးပြီ"

‘အဲ့လောက် လိုအပ်လို့လား။ သူမကို ကြည့်ရတာ ကောင်းကင်ကြီး ပြိုကျတော့မလို ဖြစ်နေပြီ’

‘ဟက်...ရယ်စရာကောင်းလိုက်တာ...’

စိုးရိမ်ပူပန်နေသော လဲ့ကျစ်၏ နှလုံးသားက ရုတ်ချည်း တည်ငြိမ်သွားသည်။ သူမက သက်ပြင်းတစ်ချက်ချကာ အသံနက်ကြီးဖြင့် မေးလိုက်သည်။

"လူ ဘယ်မှာလဲ"

"ပင်မခန်းမဆောင်မှာ"

ဟော်တူက သူမ၏လက်ကို လွှတ်ပေးလိုက်ပြီး သူမ၏ ပြောင်းလဲသွားသော အမူအရာကို စိုက်ကြည့်နေပြန်သည်။

လဲ့ကျစ်၏ မျက်နှာက ဒေါသရိပ်ကြောင့် တည်တင်းနေသည်။ သူမက ဟော်တူကို ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင့်သား၊ ကျွန်မအတွက်နဲ့ အရှင့်သားကို ဒုက္ခရောက်စေခဲ့ပြီ"

ထိုစကားကို ပြောပြီးနောက် သူမက အိပ်ခန်းဆောင်မှ ထွက်ကာ ပင်မခန်းမဆောင်ဆီသို့ အမြန်လျှောက်လာခဲ့သည်။

ဟော်တူက သူမကို မတားဘဲ သူမ၏နောက်ကျောကိုသာ တိတ်တဆိတ် စိုက်ကြည့်နေပြီး သူမ၏ နောက်ကျောမြင်ကွင်းကပင် သူမ မည်မျှအထိ ဒေါသထွက်နေသည်ကို ပြသနေသည်။

ဤသည်မှာ သူမ ဒေါသထွက်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူမ၏ မြေခွေးမျက်လုံးလေးများက မှုန်ကုပ်ကုပ်နှင့် တောက်ပနေသေးသည်။

‘ဟက်၊ တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်’

*****

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်...

ဟော်တူ: ငါကြောက်တယ်လို့...

All Chapters