← Chapters

အခန်း (၃၄-၃၅)

Vol. 4 Ch. 34-35

အခန်း (၃၄-၃၅)

Vol. 4 Ch. 34-35

အခန်း ၃၄ စိတ်သက်သာသွားပြီလား

မွန်းတည့်ချိန် ရောက်နေပြီဖြစ်သော်လည်း ကောင်းကင်ယံက စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အုံ့မှိုင်းနေဆဲပင်။

လဲ့ကျစ်က ပင်မခန်းမ၏အပြင်ဘက်သို့ အပြေးအလွှား လျှောက်လှမ်းနေသည်။ အန်းရွှယ်က တံခါးဝတွင် ရပ်စောင့်နေပြီး သူမကို မြင်သည်နှင့် သတင်းပို့လာခဲ့သည်။

"ထိုက်ဇီဖေး... ဒီလက်အောက်ငယ်သားက လီယောင်ကို ရန်စံအိမ်နဲ့ တစ်လီလောက်အကွာမှာတင် ကြားဖြတ်ပြီး ပြန်ခေါ်လာနိုင်ခဲ့ပါတယ်၊ ထိုက်ဇီဖေးရဲ့ အစေခံက တကယ်ကို သခင်နဲ့ထိုက်တန်တဲ့ အစေခံပါပဲ"

“ကောင်းပါပြီ... သူရဲကောင်းအန်း၊ ရှင် အရင်ဆုံး ထွက်သွားလို့ရပါပြီ”

အန်းရွှယ်က ခေါင်းညိတ်ပြကာ အခြားအစေခံများကိုပါ ခေါ်ဆောင်ပြီး ခန်းမအပြင်ဘက်သို့ ထွက်ခွာသွားသည်။ လေပြင်းများက ခန်းမထဲသို့ ဝှေ့ယမ်းတိုက်ခတ်လာပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသော လီယောင်၏ ပိန်ပါးလှသော ကျောပြင်ကို ပွတ်တိုက်သွားသည်။ လဲ့ကျစ်က တုန်ရီနေသော ထိုကျောပြင်လေးကို စိုက်ကြည့်ရင်း သူမ၏ရင်ထဲမှ ခါးသီးမှုများကို အတင်းမျိုသိပ်ကာ ခန်းမအလယ်ရှိ လက်တင်ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။

အတန်ကြာသည်အထိ သခင်ရော ကျွန်ပါ စကားမဆိုနိုင်ကြဘဲ တိတ်ဆိတ်နေကြသည်။ လေထုက အလွန်အမင်း တင်းမာနေသဖြင့် လီယောင်လည်း ဆက်သည်းမခံနိုင်တော့ဘဲ နီမြန်းနေသော မျက်ဝန်းများကို ပင့်ကြည့်လိုက်သည်။

“သခင်မ... ကျွန်မ...”

သူမ ထိုစကားနှစ်လုံးကိုသာ ပြောနိုင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။

“မင်း ဘယ်နေရာမှာ မှားခဲ့လဲဆိုတာ သိလား”

အေးစက်စက် လေသံတစ်ခု သူမ၏ နားထဲသို့ ဝင်ရောက်လာချိန်တွင် လီယောင်၏ နှလုံးသားလည်း အေးခဲသွားရသည်။

“ဒီအစေခံ မှားခဲ့ပါတယ်၊ သခင်မရဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက် မချသင့်ပါဘူး၊ ဒါပေမယ့် သခင်မ... ကျေးဇူးပြုပြီး ဒီအစေခံကို ယုံကြည်ပေးပါ၊ ဒီအစေခံက ရန်ဟမ့်ရဲ့ အသက်ကို သတ်နိုင်မှာ သေချာပါတယ်”

သူမ၏ သခင်မက အလွန်အမင်း တွေးတောတတ်သူဖြစ်သဖြင့် သူမအတွက် တစ်စုံတစ်ရာ ထိခိုက်မည်ကို စိုးရိမ်နေမှန်း လီယောင် နားလည်နေသည်။ သို့သော် သူမ၏ လုပ်ရပ် အောင်မြင်မည်ဟု သူမ ကိုယ်တိုင် ယုံကြည်ချက် အပြည့်ရှိနေခဲ့သည်။

ထိုစကားကို ကြားလိုက်သည့် လဲ့ကျစ်က မျက်မှောင်ကြုတ်နေပြန်သည်။

‘ဒီကောင်မလေးက ခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူးပဲ’

လဲ့ကျစ်က ဒေါသကြောင့် အသက်ကို ပြင်းပြင်းထန်ထန် ရှူလိုက်ပြီး သူမ၏လက်များကို မြှောက်ကာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ရိုက်ချလိုက်သည်။ မထင်မှတ်ပဲ လက်ဖက်ရည်ခွက်ထဲမှ ပွက်ပွက်ဆူနေသော လက်ဖက်ရည်များက လဲ့ကျစ်၏ လက်ခုံပေါ်သို့ စင်ထွက်လာခဲ့သည်။ ခွက်ကလေးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသလို သူမ၏ လက်ခုံလေးလည်း ရုတ်ချည်း နီရဲသွားရသည်။

သို့သော် လဲ့ကျစ်က သူမ၏ လက်မှ နာကျင်မှုကို ဂရုမစိုက်နိုင်ဘဲ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်၊ မင်း လုပ်နိုင်တာပေါ့၊ လီယောင်... ငါ မင်းရဲ့ အရည်အချင်းကို တစ်ခါမှ သံသယ မဝင်ခဲ့ဘူး”

လီယောင်တစ်ယောက် မျက်လုံးပြူးသွားရပြန်သည်။

‘ဒီလိုဆိုရင် ဘာလို့ သူမကို သွားခွင့်မပေးတာလဲ’

“ဒါဆိုရင်... မင်းက အဲ့ဒီ တိရစ္ဆာန်ကောင်နဲ့အတူ အသက်အသေခံချင်နေတာလား”

လဲ့ကျစ်က သူမ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး လီယောင်၏ အစီအစဉ်ကို တွေးမိတိုင်း သူမ အလွန် စိတ်မကောင်း ဖြစ်နေရသည်။

“မင်းရဲ့ စွမ်းဆောင်နိုင်ရည်ကို ငါ သဘောကျတယ်။ မင်း ငါ့ကို ကူညီနိုင်လိမ့်မယ်လို့လည်း ငါ မျှော်လင့်ခဲ့တယ်၊ ဒါပေမယ့် ငါ့အတွက် လမ်းခင်းပေးဖို့ မင်းရဲ့ အသက်ကို အရင်းအနှီးလုပ်ဖို့တော့ ငါ တစ်ခါမှ မစဉ်းစားဖူးဘူး”

“မင်းက လူသားတစ်ယောက်ပါ၊ အသုံးချခံ ပစ္စည်းတစ်ခု မဟုတ်ဘူး”

လဲ့ကျစ်က ထိုင်ခုံ၏ နောက်ကျောသို့ အသာမှီချလိုက်ရင်း သူမ အမှားတစ်ခုခု လုပ်မိလေသလားဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်။ အစပိုင်းတွင် လီယောင်၊ ကျင့်ရှင်းနှင့် လင်းယွဲ့တို့တွင် သူမကို ကူညီပေးနိုင်သည့် အားသာချက်များ ရှိနေသဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု မြင်တွေ့နေရသော အခြေအနေက သူမ အမှန်တကယ် မြင်တွေ့လိုသည့် အရာ မဟုတ်ပေ။

‘သူမ လိုချင်တဲ့ သစ္စာရှိမှုက ဒီလို မဟုတ်ဘူး။ အပြစ်မဲ့သူတွေရဲ့သွေးတွေကို သုံးပြီး သူမအတွက် ကလဲ့စားချေတဲ့လမ်းကို မဖောက်လုပ်ချင်ဘူး။ လူတိုင်းမှာ ကောင်းမွန်တဲ့ဘဝနဲ့ ရပ်တည်မှုတွေ ရှိသင့်တယ်’

ယနေ့ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်တွေးကြည့်လျှင် ဟော်တူ၏ အချိန်မီကူညီမှုသာ မရှိခဲ့ပါက လီယောင်တစ်ယောက် မည်သူမျှ မသိလိုက်ဘဲ ဤလောကထဲမှ တိတ်တဆိတ် ထာဝရပျောက်ကွယ်သွားနိုင်ပေသည်။ လဲ့ကျစ်က သူမ၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖုံးကွယ်ကာ သက်ပြင်းတစ်ချက်ချရင်း ထပ်ပြောလိုက်သည်။

"လီယောင်... မင်း ထွက်သွားလို့ရပြီ၊ ငါ မင်းအတွက် လိုအပ်တဲ့ ခရီးစရိတ် ပြင်ဆင်ပေးမယ်၊ ဟော်ရှအတွက်လည်း စိတ်မပူနဲ့တော့၊ အခုချိန်ကစပြီး မင်းက မင်းပဲ၊ မင်းကို ဘယ်သူမှ ထိန်းချုပ်လို့ ရတော့မှာ မဟုတ်ဘူး"

လဲ့ကျစ်၏ စကားကြောင့် လီယောင်တစ်ယောက် မှင်သက်သွားရသည်။ ထို့နောက် သူမ သတိပြန်ဝင်လာကာ လဲ့ကျစ်၏ ပေါင်ပေါ်သို့ ခေါင်းတင်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

"လီယောင် မှားသွားပါတယ်... ဒီအစေခံက တကယ်မှားမှန်း သိပါပြီ၊ သခင်မ.... ကျွန်မကို နှင်မထုတ်ပါနဲ့... ဒီလိုမျိုး နောက်ထပ် ဘယ်တော့မှ မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ့မယ်"

လီယောင်က သူတစ်ပါး၏ ကြိုးကိုင်မှုအောက်တွင်သာ ရှင်သန်ခဲ့ရသူဖြစ်သဖြင့် သူမကိုယ်သူမ စွန့်လွှတ်ထားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူမလည်း နာကျင်တတ်သည့် အသွေးအသားရှိသော လူသားတစ်ယောက်ဖြစ်သည်ကိုပင် သူမ လုံးလုံး မေ့လျော့နေခဲ့သည်။ ယခု လဲ့ကျစ်၏ စကားလုံးတိုင်းက သူမ၏ နှလုံးသားကို ထိမှန်သွားပြီး ဤမျှကောင်းမွန်သော သခင်ကို မည်သို့မျှ စွန့်ခွာမသွားနိုင်ကြောင်း နားလည်သွားတော့သည်။

‘ဒီလောက်ကောင်းတဲ့ သခင်ကို ဘယ်လိုထားခဲ့နိုင်မှာလဲ’

ငိုရှိုက်သံနှင့်အတူ ပြင်းထန်ကျယ်လောင်သော အာမခံစကားများက လဲ့ကျစ်ကို သက်ပြင်းချနိုင်စေခဲ့သည်။ သူမက လီယောင်ကို တကယ်မောင်းထုတ်လိုခြင်း မဟုတ်ဘဲ လီယောင်အနေဖြင့် မည်သည့်နေရာတွင် မှားယွင်းနေမှန်း သိရှိနားလည်စေချင်ခြင်းသာ ဖြစ်သည်။

‘သူမ လီယောင်ကို အမြဲတမ်းစောင့်ကြည့်နေဖို့ မဖြစ်နိုင်ဘူးလေ၊ လီယောင် အရာများစွာကို တစ်ပြိုင်နက်တည်း မှန်မှန်ကန်ကန် တွေးခေါ်နိုင်ဖို့ အားလုံးကို အမှန်တကယ် နားလည်နေမှ ဖြစ်မယ်’

"မင်း တကယ်ပဲ နားလည်သွားတာလား"

လီယောင်က မျက်ရည်များကြားမှ ခေါင်းကို အားတက်သရော ညိတ်ပြနေသည်။

“ကောင်းပြီ...”

လဲ့ကျစ်က သူမကို ထူပေးလိုက်ရင်း ထပ်သတိပေးလိုက်သည်။

“နောက်တစ်ကြိမ်ဆိုတာ မရှိစေနဲ့တော့၊ အခုတော့ ပြန်ပြီး အနားယူလိုက်”

“ဒါပေမယ့်... ရန်ဟမ့်က အရမ်းအန္တရာယ်များတယ်၊ သခင်မ....”

လီယောင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေဆဲပင်။

“သခင်မ...သခင်မရဲ့ အစီအစဉ်ကို ကျွန်မကို ပြောပြပါ၊ အဲ့ဒီအချိန်ကျရင် သခင်မက ဘေးကနေပဲ ကြည့်နေပါ၊ ကျွန်မကိုပဲ လုပ်ခွင့်ပေးပါ”

လဲ့ကျစ်က ခေါင်းခါကာ ငြင်းဆန်လိုက်သည်။

‘လီယောင် စိတ်ပူနေမှန်း သူမ သိသလို လီယောင်ကို ချန်ထားခဲ့မယ်ဆိုရင်လည်း လီယောင် လက်ခံမှာ မဟုတ်မှန်း သူမ သိပါတယ်၊ ဒါပေမယ့်… အစ်မရဲ့ အရှက်တရားနဲ့ သူမရဲ့ နှလုံးသားထဲက မုန်းတီးမှုတွေအတွက် တခြားသူရဲ့လက်ကို မသုံးချင်ဘူး။ ဒါက သူမ ကိုယ်တိုင်လုပ်ရမယ့် အရာပဲ’

လဲ့ကျစ်၏ ပြတ်သားသော အသွင်အပြင်ကြောင့် လီယောင်လည်း နာနာခံခံ ပြန်ထွက်သွားတော့သည်။

လီယောင် ထွက်သွားပြီးနောက် လဲ့ကျစ်က ရှုပ်ပွနေသော ခန်းမထဲကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမ သန့်ရှင်းရေး လုပ်ခိုင်းရန် လူခေါ်ဖို့ ပြင်နေချိန်တွင် ဟော်တူက သူ၏ ဘီးတပ်ထိုင်ခုံကို အေးအေးဆေးဆေး တွန်းကာ ခန်းမထဲသို့ ဝင်လာသည်ကို တွေ့လိုက်ရသည်။

လဲ့ကျစ်တစ်ယောက် မျက်မှောင်ကြုတ်လိုက်မိပြန်သည်။

‘ဒီလူ ဒီမှာရှိနေတာ ဘယ်လောက်ကြာပြီလဲ’

"ခွက်ကို ခွဲရတာ ပျော်လား"

ဟော်တူ၏အကြည့်က ကြမ်းပြင်ပေါ်ရှိ ကြွေစများပေါ်တွင် ကျရောက်နေသည်ကို မြင်လိုက်ရသဖြင့် လဲ့ကျစ်က ကမန်းကတန်း တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ်၊ ခု ချက်ခြင်းရှင်းပေးဖို့ အစေခံတွေကို ခေါ်လိုက်မယ်"

"ပြန်လာခဲ့"

လဲ့ကျစ်လည်း ရှေ့သို့ လှမ်းလိုက်သော ခြေထောက်ကို နောက်သို့ ပြန်ဆုတ်လိုက်ရသည်။ သူမက ခေါင်းငုံ့ကာ ဟော်တူဆီသို့ သွားနေရင်း ထပ်တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မ ပစ္စည်းတွေကို ပစ်ချဖို့ တကယ်ကို မရည်ရွယ်ခဲ့ပါဘူး၊ နောက်တစ်ကြိမ် မရှိစေရပါဘူး”

ဟော်တူထံမှ ဘာတုံ့ပြန်မှုမျှ မရှိသော်လည်း အမှားလုပ်ထားမိသော လဲ့ကျစ်က သူ့ကို မော့မကြည့်ရဲ ဖြစ်နေလေသည်။ သို့သော် သူမ၏ ဘယ်ဘက်လက်ကို ရုတ်တရက် ဆွဲယူခံလိုက်ရပြီး လက်ခုံပေါ်မှ အေးမြသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။

လဲ့ကျစ်က အံ့အားတကြီး မော့ကြည့်လိုက်မိချိန်တွင် ဆီမွှေးပုလင်းတစ်လုံး ကိုင်ထားသည့် ဟော်တူကို တွေ့လိုက်ရသည်။ သူ၏ အေးစက်လှသော လက်ချောင်းဖြူဖြူများက ဖြူဖွေးသော ဆေးမွှေးများထဲတွင် နှစ်မြှုပ်နေပြီး သူမ၏ နီရဲနေသော လက်ခုံပေါ်သို့ ညင်သာစွာ ပွတ်လိမ်းပေးနေသည်။ သူမ အလွန်အမင်း အံ့ဩသွားရသဖြင့် ခဏတာမျှ စကားမပြောနိုင် ဖြစ်ရပြန်သည်။

“အစေခံကို ဆုံးမတာက မင်းကိုယ်မင်း နာကျင်အောင် လုပ်ဖို့လား”

ဟော်တူက သူ့မျက်ဝန်းများထဲမှ အရိပ်များကို ဖုံးကွယ်ထားရင်း ကဲ့ရဲ့လှောင်ပြောင်သည့် လေသံဖြင့် ပြောလာခဲ့သည်။

“တကယ့်ကို အလားအလာရှိတာပဲ”

“ကျွန်မ... ကျွန်မ သတိလက်လွတ် ဖြစ်သွားတာပါ”

လဲ့ကျစ်၏ မျက်နှာလေးက အနည်းငယ် နီမြန်းနေသည်။ အမှန်စင်စစ် သူမ ရှက်နေမိခြင်းပင်။

ဟော်တူက ဆီမွှေးပုလင်းကို ပိတ်လိုက်ပြီး လဲ့ကျစ်၏ ညာလက်ကို ဆုပ်ကိုင်လိုက်ကာ လိမ်းဆေးပုလင်းကို သူမ၏ လက်ဖဝါးထဲသို့ ထည့်ပေးလိုက်သည်။

"ဒါက...."

လဲ့ကျစ်က လိမ်းဆေးပုလင်းကို ကြည့်ရင်း တအံ့တဩ မေးလိုက်ပြန်သည်။ ဟော်တူက ရယ်မောပြီးမှ သူ့မျက်ခွံကို အနည်းငယ်ပင့်တင်ရင်း မေးလာပြန်သည်။

“ကိုယ့်ဘာသာ တစ်နေ့ကို သုံးကြိမ် လိမ်း၊ ဘာလဲ.... မင်းကို ဆေးလိမ်းပေးဖို့ ဒီမင်းသားကို ကူညီခိုင်းချင်နေသေးတာလား"

“မဟုတ်ဘူး… မလိုပါဘူး”

လဲ့ကျစ်က ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်ကာ ခေါင်းခါပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် အရှင့်သား”

ထိုအခိုက်အတန့်တွင် အန်းရွှယ် ဝင်လာပြီး ဟော်တူကို လေးလေးစားစား အရိုအသေပေးပြီးမှ သတင်းပို့လိုက်သည်။

"အရှင့်သား၊ အားလုံး အဆင်သင့်ဖြစ်ပါပြီ"

"သွားမယ်"

လဲ့ကျစ်က သူမ ဘာဆက်လုပ်ရမှန်း မသိဖြစ်နေသော်လည်း ယနေ့ လုပ်ဆောင်ရမည့် အလုပ်များက အရေးကြီးနေဆဲဖြစ်ကြောင်း တွေးမိကာ ဤအခြေအနေကို အခွင့်အရေးယူပြီး ထွက်ခွာရန် ကြိုးစားလိုက်သည်။

“အရှင့်သား... ကျွန်မ...”

သူမ၏စကားမဆုံးခင် ဟော်တူက ဘီးတပ်ထိုင်ခုံကို တွန်းထုတ်သွားသည်။ အဖြူရောင်ကျောက်စိမ်း ဘီးတပ်ထိုင်ခုံက အေးစက်သော အလင်းရောင်ဖြင့် တောက်ပနေပြီး ဘေးလူကို ဖိအားပေးနေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

လဲ့ကျစ်လည်း မငြင်းဆန်ရဲတော့ဘဲ အားတင်းကာ သူ့နောက်မှ လိုက်သွားရတော့သည်။

လမ်းလျှောက်လာရင်း လဲ့ကျစ်၏ ရင်ထဲတွင် သံသယစိတ်များ ပိုမိုကြီးထွားလာခဲ့သည်။ အကြောင်းအရင်းက သူမတို့ သွားနေသည့် ဦးတည်ရာက အစေခံများ နေထိုင်သည့် နေရာဖြစ်နေခြင်းကြောင့်ပင်။ သူမတို့ နီးကပ်လာသည်နှင့်အမျှ လီယောင်တစ်ယောက် သူမ၏ ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ အစောင့်နှစ်ဦးနှင့်အတူ အခန်းထဲမှ ထွက်ခွာသွားသည်ကို လဲ့ကျစ် အဝေးမှ လှမ်းမြင်လိုက်ရသည်။

လဲ့ကျစ်တစ်ယောက် အသက်ရှုသံများပင် ရပ်တန့်မတတ် ဖြစ်သွားပြီး သူမ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားပြန်သည်။

‘ဟော်တူက လီယောင်ကို ဘာလုပ်မှာလဲ။ သူမကို စိတ်ကြိုက်လုပ်ခွင့်ပေးမယ်လို့ သူ ပြောခဲ့တာ မဟုတ်ဘူးလား’

"အရှင့်သား၊ သူတို့က လီယောင်ကို ဘယ်ကိုခေါ်သွားတာလဲ"

လဲ့ကျစ်က ဟော်တူ၏ အင်္ကျီစကို ညင်သာစွာ ဆွဲကိုင်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"ခွက်တစ်ခွက်လောက် ခွဲလိုက်ရုံနဲ့ စိတ်သက်သာရာရသွားပြီလား"

ဟော်တူက သူမ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ခပ်အေးအေး စကားလုံးများဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။

"ကျွန်မ စိတ်သက်သာသွားပြီ"

လဲ့ကျစ်က ခေါင်းညိတ်ရင်း ထပ်အတည်ပြုလိုက်သည်။

"ကျွန်မ တကယ်ကို စိတ်သက်သာရာရသွားပါပြီ"

"ဒါပေမယ့် ဒီမင်းသားကတော့ မလုံလောက်ဘူးလို့ ထင်တယ်"

ဟော်တူ၏စကားက လဲ့ကျစ်ကို အံ့အားသင့်သွားစေသည်။ သူမက လီယောင် သွားနေသည့်ဘက်သို့ စိုးရိမ်တကြီး လှမ်းကြည့်လိုက်ပြီး လီယောင်က ခေါင်းငုံ့လျက် လိုက်ပါသွားကာ ရှေ့မှသွားသော အစောင့်များကလည်း တင်းမာသောအမူအရာရှိနေသည်ကို သူမ တွေ့လိုက်ရသည်။ ထိုအရာက သူမ၏ရင်ကို တုန်လှုပ်နေစေသည်။

‘ဟော်တူက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ’

"အရှင့်သား၊ သူတို့ကို ရပ်ခိုင်းလိုက်ပါ"

လဲ့ကျစ်က စိုးရိမ်နေပြီး သူမ၏အသံကလည်း အနည်းငယ် တုန်ခါနေသည်။

"သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့"

သို့သော် ဟော်တူကတော့ ဘာသိဘာသာ ပြုံးနေပြီး ဘာမှ ပြန်မဖြေသေးပေ။

"ဟော်တူ"

သူ၏ လျစ်လျူရှုမှုကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က ဒေါသထွက်သွားပြီး သူ့အမည်ကို အော်ခေါ်လိုက်သည်။ ထို့နောက် သူ၏တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ လီယောင်ရှိရာသို့ ပြေးသွားလိုက်သည်။

"မင်းတို့... သူ့ကို အခုချက်ချင်း လွှတ်လိုက်စမ်း"

အစောင့်များနှင့် လီယောင်က သူမကို အံ့အားသင့်ဟန်ဖြင့် လှည့်ကြည့်လာကြသည်။

"သခင်မ.... ဘာမှားလို့လဲဟင်"

လီယောင်က အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးလာခဲ့သည်။

"သူတို့က မင်းကို ဘယ်ကို ခေါ်သွားတာလဲ"

လဲ့ကျစ်က လေးနက်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။

"ပြီးတော့ မင်းက ဘာလို့ အိတ်တွေ သယ်လာရတာလဲ"

"သခင်မ မသိဘူးလား... အရှင့်သားက အစေခံတွေရဲ့ နေရာကို မြောက်ဘက်ခြံဝင်းဆီ ပြောင်းခိုင်းလိုက်တယ်လို့ အစောင့်အစ်ကိုတွေက ပြောပြတယ်။ ကျင့်ရှင်းနဲ့ တခြားသူတွေတောင် သွားနှင့်ကြပြီလေ"

‘…ဒါက ဘယ်လိုဖြစ်ရတာလဲ’

လဲ့ကျစ်၏ ပါးစပ်ထောင့်များ အေးခဲသွားရသည်။ သူမ အခြေအနေကို ရိပ်မိသွားပြီး အရှက်ပြေ နှစ်ခါလောက် ရယ်လိုက်ကာ လီယောင်နှင့် အစောင့်များကို သွားခွင့်ပြုလိုက်သည်။ သူမ မျက်လွှာကို အောက်ချလျက် ဟော်တူရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်မိပြန်သည်။ ယခုအချိန်တွင် သူမ၏ ခြေထောက်များက ပေါင်ချိန်ထောင်ချီ လေးလံနေသလို သူမ ခံစားနေရသည်။

‘ယခုလေးတင်ပဲ သူ့အမည်ကို အပြည့်အစုံခေါ်ပြီး အော်ဟစ်ခဲ့မိတာ မဟုတ်ဘူးလား’

ဟော်တူဆီသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း လဲ့ကျစ်တစ်ယောက် ရုတ်တရက် မျက်လုံးပြူးကာ ပြုံးနေပုံရသော်လည်း မပြုံးသေးသော မက်မွန်ပွင့်ပုံမျက်လုံးတစ်စုံဆီသို့ ပြေးသွားတော့သည်။

.......။.......။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

ကျစ်ကျစ် : “ဒီပါးစပ်ကတော့… သွားပြီးပဲ…”

ဟော်တူ : “ဟက်...”

အခန်း ၃၅ နှုတ်ဆက်ပွဲ

ယနေ့ လဲ့ကျစ် ဝတ်ဆင်ထားသည်က မက်မွန်ပွင့်ရောင်ဝတ်စုံလေး ဖြစ်သည်။ သူမက ဟော်တူကို တောင်းပန်တိုးလျှိုးနေဟန်ဖြင့် ပြုံးပြနေပြီး အလွန် နူးညံ့စွာ ပြုမူနေသည်။

ဟော်တူက သူ့ဘေးနားရှိ တုတ်ကောက်ကို ကောက်ကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။ လဲ့ကျစ်ကလည်း သူ့ကို ကူတွဲပေးရန် သူ့အနားသို့ အလျှင်အမြန် တိုးသွားရင်း စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် မေးလိုက်သည်။

“အရှင့်သားက ဘာလို့ သူတို့ကို တခြားနေရာကို ရွှေ့ခိုင်းလိုက်တာလဲဟင်”

“မင်း ဘယ်လိုထင်လဲ"

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ဖိထားလိုက်ပြန်သည်။

‘ငါက ဘယ်လိုသိနိုင်မှာလဲ’

“လက်ဖက်ရည်ခွက်ကို ခွဲတာက မလုံလောက်ဘူးလေ”

“လက်ဖက်ရည်ခွက်တစ်လုံး ခွဲလိုက်ရုံနဲ့တော့ မင်းရဲ့ဒေါသတွေ ပြေပျောက်ဖို့ မလုံလောက်သေးဘူးလေ”

ဟော်တူက ရှေ့တည့်တည့်ကို ကြည့်ကာ အေးအေးဆေးဆေး ပြောနေခဲ့သည်။

“ဒီနေရာတစ်ခုလုံးကို ဖြိုချဖျက်ဆီးပစ်လိုက်ရင်ရော ဘယ်လိုလဲ”

သူ၏ လေသံက အရေးမပါသော အသေးအဖွဲ ကိစ္စလေးတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်လွန်းလှသည်။ သို့သော် လဲ့ကျစ်ကတော့ သူမ၏စိတ်ကို တည်ငြိမ်အောင် မထားနိုင်တော့ပေ။ သူမ၏ မျက်ခုံးလေးများ ပင့်တက်သွားပြီး သူမ အံ့အားသင့်လွန်းသဖြင့် သူမ၏ချယ်ရီရောင်နှုတ်ခမ်းလွှာလေးများလည်း အနည်းငယ် ပွင့်အာသွနေသည်။

‘အခန်းတွေကို ဖြိုချပစ်လိုက်မယ်… မလိုပါဘူးနော်...အား’

ဟော်တူကတော့ အေးအေးဆေးဆေး ဆက်ပြောနေဆဲပင်။

"မင်း ကိုယ်တိုင် လုပ်ချင်လား၊ ဒါမှမဟုတ် တခြားသူတွေကို ဖြိုတာကို ကြည့်မလား"

‘သူမ တခုမှ မရွေးနိုင်ဘူးလေ.. မရဘူးလား’

"ကောင်းပြီ၊ တတိယအနေနဲ့ ရွေးချယ်စရာရှိသေးတယ်"

ထိုအချိန်တွင် လဲ့ကျစ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဤအရူးက စကားအဖြစ် ပြောနေခြင်း ဖြစ်ရန် မျှော်လင့်နေမိသည်။

သို့သော် နောက်အခိုက်အတန့်တွင်......

"ဒါမှမဟုတ် မင်းရဲ့အစေခံတွေကို ဖျက်ဆီးပစ်လိုက်ရမလား"

“…”

ပေးထားသော ရွေးချယ်မှု သုံးခုစလုံးက ပုံမှန်မဟုတ်သဖြင့် သူမအတွက် အခြားနည်းလမ်း မရှိတော့ပေ။ ထို့ကြောင့် လဲ့ကျစ်တစ်ယောက် သာမန်ထက် အနည်းငယ်သာ သာလွန်သည့် ရွေးချယ်စရာကို ‌ရွေးလိုက်ရသည်။

ထိုက်ဇီအိမ်တော်၏ အစောင့်များက အိမ်တော်ကို စောင့်ကြပ်ရုံသာမကဘဲ အခန်းများ ဖြိုဖျက်သည့် အလုပ်မျိုးကိုလည်း အလွန် လျင်မြန်ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ကြသည်။ မကြာမီမှာပင် အလှဆင်ပစ္စည်းမျိုးစုံ၊ စားပွဲများ၊ ထိုင်ခုံများ၊ ကုတင်များနှင့် အခန်းတံခါးများပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကုန်ပြီး ခြံဝင်းထဲသို့ ပစ်ချခြင်း ခံလိုက်ရသည်။ ဖြိုဖျက်နေသော ဆူညံသံများက အတော်ကြာသည်အထိ မရပ်တန့်သွားခဲ့ပေ။

ခေတ္တအတွင်းမှာပင် ခြံဝင်းကြီးတစ်ခုလုံးမှာ ရှုပ်ထွေးပျက်စီးနေပြီ ဖြစ်သည်။

“အခုရော... ပျော်ပြီလား”

ဟော်တူက မျက်လွှာကို အသာပင့်ကြည့်ကာ ပြုံးယောင်သန်းနေသည့် အကြည့်များဖြင့် မေးလာခဲ့သည်။

“လက်ဖက်ရည်ခွက်နဲ့ ပစ်ပေါက်တာထက်စာရင် ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်လား”

လဲ့ကျစ်က ကြမ်းပြင်ပေါ်ရှိ ပျက်စီးနေသော အပိုင်းအစများကို ကြည့်ကာ အားကိုးရာမဲ့သလို ခံစားရသော်လည်း လီယောင်၏ ကိစ္စကြောင့် ဖြစ်ပေါ်နေသော သူမ၏ ရင်ထဲမှ ဒေါသတချို့ သိသိသာသာ ပြေပျောက်သွားသည်ကို သတိထားမိလိုက်သည်။

‘အရင်တုန်းက စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံလာခဲ့ရင် ခမည်းတော်က သူမကို စိတ်ထင်တိုင်း မလုပ်ဖို့ ဆုံးမသွန်သင်ခဲ့တယ်၊ သူမကလည်း ငယ်ငယ်ကတည်းက ခမည်းတော်ရဲ့ စကားကို နားထောင်ခဲ့တယ်၊ ဒီနေ့ သူမ တကယ်ကို ဒေါသထွက်ခဲ့လို့ ပထမဆုံးအကြိမ်အဖြစ် ခွက်တစ်လုံးကို ပစ်ပေါက်လိုက်မိတာပါ’

'အခု ဒါက လူဆိုးတွေနဲ့ နီးနီးကပ်ကပ် နေရတာ များလာရင် လူတွေက ပိုပြီး ဆိုးသွမ်းလာတတ်တာမျိုးလား’

‘ဒါမှမဟုတ် ငါ့ရဲ့ စိတ်နေစိတ်ထားကပဲ ပိုပြီး ကြမ်းတမ်းလာတာလား'

သူမ အဖြေ မရသေးမီမှာပင် အန်းရွှယ် ရောက်ရှိလာခဲ့သည်။ သူ၏ မျက်နှာထားက အလွန်လေးနက်နေပြီး ဟော်တူကို သတင်းပို့ရန် အရေးကြီးသည့် ကိစ္စတစ်ခု ရှိနေပုံရသည်။ ဟော်တူက အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး လဲ့ကျစ်၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးရင်း ပြောလာခဲ့သည်။

"မင်းမှာ လုပ်စရာတွေ ရှိနေတာ မဟုတ်ဘူးလား၊ သွားဆက်လုပ်တော့လေ"

ထို့နောက် သူက အန်းရွှယ်နှင့်အတူ စာကြည့်ဆောင်ဘက်သို့ ထွက်ခွာသွားသည်။

လဲ့ကျစ်က ဟော်တူ၏ နက်ပြာရောင် ကျောပြင်ကို ကြည့်ရင်း ခဏမျှ မှင်သက်နေမိသည်။

‘အခုန ဒီနေရာမှာ သူမတို့က ထိုက်ဇီနဲ့ လက်အောက်ခံတိုင်းပြည်က မင်းသမီးဆိုတဲ့ သွင်ပြင်လက္ခဏာတွေအပြင် တကယ့်ကို သာမန်စုံတွဲတွေလို ဖြစ်နေပုံရတယ်’

“နှုတ်ဆက်ပါတယ်…”

လဲ့ကျစ်က ယနေ့ည၏ အစီအစဉ်ကို ရုတ်တရက် သတိရသွားပြီး တိုးတိုးလေး ပြောလိုက်ပြန်သည်။

‘သူမဘက်က ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာအောင်စီစဥ်ခဲ့ပေမယ့် ဒီလောကကြီးမှာ ပြီးပြည့်စုံတဲ့ အစီအစဥ်ဆိုတာ လုံးဝမရှိခဲ့ဘူးလေ။ ဒီတွက်ချက်မှုမှာ တစ်စုံတရာ လွဲမှားမှု ရှိခဲ့ရင် အခုအချိန်က သူမတို့ တစ်ယောက်နဲ့ တစ်ယောက်နောက်ဆုံးအကြိမ် တွေ့ကြတာမျိုး ဖြစ်သွားနိုင်သေးတယ်။

ခုနက သူမ သူ့ကို ဘာမှ မပြောနိုင်ခဲ့ဘူး’

"အရှင့်သား"

လဲ့ကျစ်က အလွန်အမင်း မစဉ်းစားတော့ဘဲ လှမ်းအော်လိုက်ပြီး တစ်ချိန်တည်းတွင် သူမ၏ ခြေလှမ်းများက ရှေ့သို့ တိုးလာနေပြီ ဖြစ်သည်။

‘ဒါက တကယ်ပဲ နောက်ဆုံးအကြိမ် ဖြစ်နိုင်တယ်လေ... သေသေချာချာ နှုတ်ဆက်ရမှာပေါ့....’

ဟော်တူက သူ့ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အံ့ဩရိပ်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲ"

လဲ့ကျစ်က ရင်တထိတ်ထိတ်ဖြင့် ဟော်တူ၏ရှေ့တွင် ရပ်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းအစုံက ပူလောင်လာပြီး ရုတ်တရက် ဘာပြောရမှန်း မသိဖြစ်သွားရပြန်သည်။ ထို့နောက် သူမက ဟော်တူ၏ ခါးကို ဖက်ကာ သူ့ကို ပွေ့ဖက်လိုက်ပြီး ခြေဖျားလေး အနည်းငယ်ထောက်ကာ သူမ၏ မေးစေ့ကို သူ့ပခုံးပေါ်သို့ တင်ထားလိုက်သည်။

နောက်ဆုံးတွင် သူမ ပြောချင်သော စကားလုံးများစွာက စကားလုံးနှစ်လုံးတည်းအဖြစ် ပေါင်းစပ်သွားပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ်"

ထိုမြင်ကွင်းကို မြင်နေရသည့် ဘေးနားရှိ အန်းရွှယ်က အလိုက်တသိဖြင့် ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားပြီး အခြားတစ်ဖက်သို့ မျက်နှာလွှဲထားပေးသည်။

ခေါင်ရမ်းပန်းရနံ့ သင်းသင်းလေးက ဟော်တူ၏ နှာခေါင်းဝသို့ ပျံ့လွင့်လာသည်။ သူက သူ့ရင်ခွင်နားမှ အနက်ရောင် ဆံနွယ်များကို ငေးကြည့်ရင်း ရယ်မောကာ စနောက်လာပြန်သည်။

"အခန်းတွေကို ဖြိုချခိုင်းလိုက်လို့ ဒီလောက်တောင် ပျော်သွားတာလား"

လဲ့ကျစ်က သူမ၏ လက်များကို ချက်ချင်း ပြန်လွှတ်လိုက်ပြီး သူမတို့နှစ်ဦးကြားမှ အကွာအဝေးကို ခြားလိုက်ပြန်သည်။ သူမက လက်ထဲမှ ဆေးပုလင်းလေးကို တင်းတင်းဆုပ်ကိုင်ပြီး ဘာမှမပြောဘဲ ပြုံးပြနေသည်။

ရင်းနှီးနွေးထွေးသော ခံစားချက်တစ်ခုက လေထဲ၌ ပျံ့လွင့်နေဆဲပင်။ လဲ့ကျစ်က တစ်ခုခုကို သတိရသွားဟန်ဖြင့် အကြံပေးလိုက်သည်။

"အရှင့်သား... မနက်စာကို ပူပူနွေးနွေး စားတာက ကျန်းမာရေးအတွက် ပိုကောင်းတယ်”

‘ပြီးတော့.... ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်နော်....’

နောက်ဆုံးတွင် သူမက အနည်းငယ် ဦးညွှတ်ကာ ဂါရဝပြုပြီး ထွက်ခွာသွားတော့သည်။ "ကျွန်မ သွားတော့မယ်"

လဲ့ကျစ် ထွက်သွားပြီးနောက် ဟော်တူက ဘာစကားမှ မဆိုဘဲ ထိုနေရာတွင် ရပ်နေခဲ့သည်။

‘ခုနက သူမ ပြောခဲ့တဲ့စကားက သူမရဲ့နောက်ဆုံးစကားတွေနဲ့တူပြီး သူက အဲဒါတွေကို သိပ်သဘောမကျဘူး’

အချိန်အတန်ကြာမှ ဟော်တူက ဘေးမှ အန်းရွှယ်ကို လှည့်မေးလိုက်သည်။

"သူ မင်း ပြောခဲ့သလို လုပ်တော့မှာလား"

......။......။.......

ရန်အိမ်တော်တွင်....

ရန်ဟမ့်က လဲ့ကျစ်ထံမှ လျှို့ဝှက်စာတစ်စောင် လက်ခံရရှိသည့်အတွက် အံ့သြနေခြင်း မရှိပေ။ သူ့လက်ထဲတွင် လဲ့ကျင်းဟူသော ဓားစာခံရှိနေသရွေ့ သူ အသာစီးရနေမည်ဟု ယုံကြည်ထားသည်။ သို့သော် စာကို ဖတ်ကြည့်လိုက်ချိန်တွင် သူ အနည်းငယ် မျက်မှောင်ကြုတ်မိသွားပြီး သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုတစ်ခု ထွက်ပေါ်လာသည်။

ထိုက်ဇီက သံသယကြီးလွန်းသူ ဖြစ်သောကြောင့် လီယောင်ကို ရန်အိမ်တော်သို့ တိုက်ရိုက်မပို့နိုင်ကြောင်း လဲ့ကျစ်က ပြောလာခဲ့သည်။ ယင်းအစား လီယောင်ကို မြို့ပြင်ရှိ ရေပူစမ်းသို့ ခေါ်လာမည်ဖြစ်ပြီး အပန်းဖြေအိမ်တော်တွင် သူမကို လာရောက်တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့သည်။

သို့သော်လည်း ရန်ဟမ့်က လွန်ခဲ့သော တစ်လခွဲခန့်က မမျှော်လင့်ဘဲ လုပ်ကြံခံခဲ့ရခြင်းကြောင့် အနည်းငယ် ကြောက်လန့်နေခဲ့သည်။

‘သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းတာဆိုရင်ရော ဘယ်လိုလုပ်မလဲ’

ရန်ဟမ့်က စာကို ခြေမွလိုက်ပြီး ကုတင်ပေါ်ရှိ သစ်သားသေတ္တာကို လှမ်းကြည့်ကာ အံကြိတ်နေပြန်သည်။ ထိုကိရိယာ အစုံအလင်က ယခုလို သုတ်သင်ခံရပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်း ဒဏ်ရာက သူ့ကို နေ့စဉ် ညှဉ်းပန်းနှိပ်စက်နေသည်ဟူသော အချက်ကို သတိရစေသည်။

သို့သော် လီယောင်၏ အပြစ်ကင်းစင်သော မျက်နှာကို တွေးလိုက်မိချိန်တွင် သူ့ကိုယ်တွင်း၌ နွေးထွေးသော ခံစားမှုတစ်ခု ထွက်ပေါ်လာသည်။

‘ကိစ္စမရှိပါဘူးလေ။ သူမတို့က မိန်းမပျိုတွေပါပဲ... သူမတို့က သူ့ကို ဘာလုပ်နိုင်မှာလဲ...’

နောက်ဆုံးတွင် သူက ရေပူစမ်းရှိရာ အပန်းဖြေအိမ်တော်သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သို့တိုင်‌အောင် ရန်ဟမ့်က အမှားအယွင်း မရှိစေရန် သူ့ကို လျှို့ဝှက်ကာကွယ်ပေးနိုင်မည့် လျှို့ဝှက်သက်တော်စောင့် အနည်းငယ် ခေါ်သွားရန် ဆုံးဖြတ်လိုက်သေးသည်။

......။......။......

ရေပူစမ်းအပန်းဖြေအိမ်တော်တွင်...

လဲ့ကျစ်က လီယောင်ကို ချမ်းသာသော ကုန်သည်တစ်ဦး၏ဇနီးအမည်ဖြင့် ကြိုတင်စာရင်းပေးခိုင်းထားပြီး ယခုအခါ ထိုနေရာတွင် သူမတို့ နှစ်ဦးတည်းသာ ရှိနေသည်။ လဲ့ကျစ်က အိမ်နောက်ဖေးရှိ လွှဲဒါန်းပေါ်တွင် ထိုင်နေပြီး အုံ့မှိုင်းနေသော ကောင်းကင်ကြီးကို ကြည့်ကာ ယနေ့ညတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး သူမ၏ အစီအစဉ်ကို ကူညီပေးရန် မျှော်လင့်နေမိသည်။

“သခင်မ... အားလုံး စီစဉ်ပြီးပါပြီ”

လီယောင်က လဲ့ကျစ်၏ နံဘေးသို့ လျှောက်လာပြီး သခင်မ၏ အလုံးစုံသော အစီအစဉ်ကို နားထောင်ခဲ့သည်။ အစီအစဉ်၏ တိကျသေချာမှုကို သူမ အံ့ဩနေသော်လည်း အနည်းငယ်တော့ စိုးရိမ်နေသေးသည်။

"လီယောင်လည်း သခင်မနဲ့အတူနေပါရစေ"

လဲ့ကျစ်က အပြုံးဖြင့် ခေါင်းခါလိုက်ပြီး သူမ၏အင်္ကျီလက်ဝထဲမှ စာတစ်စောင်ကို ထုတ်ကာ လီယောင်ကို လှမ်းပေးလိုက်သည်။

"မင်း အိမ်ပြန်ရမယ်၊ တကယ်လို့ ယင်ရှီ (မနက် ၃ နာရီမှ မနက် ၅ နာရီ)အထိ စံအိမ်တော်ကို ငါ ပြန်မရောက်လာရင် ဒီစာကို အရှင့်သားဆီ ပေးလိုက်”

လီယောင်၏ မျက်လုံးများက ချက်ချင်း နီရဲလာပြီး စာကို လက်မခံချင်ပုံဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။ သူမ အမှန်တကယ် ကြောက်ရွံ့နေခြင်းပင်။

"မင်း ဘာတွေတွေးနေလဲ"

လဲ့ကျစ်က စာကို လီယောင်၏ ရင်ဘတ်ထဲသို့ အတင်းထည့်ပေးလိုက်ရင်း အပြုံးဖြင့် အားပေးလိုက်သေးသည်။

“ငါ စိတ်ပျက်စရာ စကားတွေ မပြောဘူး၊ စိတ်မပူနဲ့... စိတ်ချလက်ချနေ၊ ငါ ကျိန်းသေ ပြန်လာခဲ့မယ်”

လဲ့ကျစ်၏တိုက်တွန်းမှုကြောင့် လီယောင်က ရေပူစမ်းမှ အိမ်တော်ဆီသို့ တစ်လှမ်းချင်း နောက်ပြန်လှည့်ကြည့်ရင်း ထွက်ခွာသွားခဲ့သည်။

ယခုအခါ အပန်းဖြေအိမ်တော်ကြီးအတွင်း၌ လဲ့ကျစ် တစ်ဦးတည်းသာ ကျန်ရစ်နေတော့သည်။ သူမက တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ တံစက်မြိတ်များ၊ တံခါးအစွန်းများနှင့် ပြတင်းပေါက်များက သူမ၏ အကြည့်မှ လွတ်သွားခြင်း မရှိပေ။ ထိုအထဲတွင် ငွေ့ရည်ဖွဲ့နေသော နွေးထွေးသည့် ရေပူစမ်းကန်ကြီးလည်း အပါအဝင် ဖြစ်သည်။

လဲ့ကျစ်က သူမ၏အပေါ်ဝတ်ရုံကို သေသပ်အောင်ပြင်ဆင်လိုက်ပြီး အနီရောင်ဇီးပန်းပင်တစ်ပင်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။ သူမက ဇီးပန်းတစ်ပွင့်ကို ကျပန်းချိုးယူလိုက်ပြီး ပေါ့ပေါ့ပါးပါး နမ်းရှိုက်လိုက်သည်။

‘အရာအားလုံးက အဆင်သင့်ဖြစ်နေခဲ့ပြီ။ ချစ်စရာကောင်းပြီး နူးညံ့သိမ်မွေ့နေတဲ့ ဒီနေရာကတော့ နောက်ဆုံးမှာ အနီရောင်သွေးတွေနဲ့ စွန်းထင်သွားရတော့မယ်’

တစ်ဖက်တွင် လီယောင်ကလည်း ထိုက်ဇီစံအိမ်တော်သို့ ပြန်ရောက်ကတည်းက ဂနာမငြိမ် ဖြစ်နေသည်။ သူမက လက်ထဲမှစာကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း မှောင်စပြုလာသည့် ကောင်းကင်ကို ကြည့်ကာ သူမ၏ စိုးရိမ်စိတ်တို့ကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ နောက်ဆုံးတွင် သူမ ဆက်ပြီး အောင့်အီးမထားနိုင်တော့ဘဲ စာဖတ်ခန်းသို့ ပြေးသွားခဲ့သည်။ သူမ၏သခင်မက ထိုက်ဇီဖြစ်သည့် ဟော်တူအပေါ် မည်သို့သော ခံစားချက်မျိုး ထားရှိသည်ကို သူမ တိတိကျကျ မသိသော်လည်း အရေးကြီးသည့်အချိန်တွင် ထိုက်ဇီအတွက် စာတစ်စောင် ချန်ထားခဲ့သည်မှာ သူမ၏ သခင်မ သူ့ကို ယုံကြည်၍ဖြစ်မည်ဟု လီယောင် တွေးလိုက်မိသည်။

ဟော်တူက စာဖတ်ခန်း၏ ပြတင်းပေါက်နားတွင် ရပ်လျက် မည်းမှောင်နေသော ညကောင်းကင်ယံကို ကြည့်ကာ အချိန်ကို တွက်ချက်နေသည်။ ခဏအကြာတွင် သူ၏ ဖြူဖျော့သော မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ အခန်းပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

‘သူ အခုနေသာ မသွားဘူးဆိုရင် သူရဲ့မြေခွေးလေး လူသတ်နေတဲ့ ပုံစံကို မြင်နိုင်တော့မှာ မဟုတ်ဘူး...’

သို့သော် အန်းရွှယ် တံခါး ဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ တစ်စုံတစ်ယောက် ဒူးထောက်နေသည်ကို တွေ့လိုက်ရသည်။

"အရှင့်သားကို ဂါရဝပြုပါတယ်"

လီယောင်က တုန်ရီနေသော လက်များဖြင့် စာကို ကမ်းပေးလိုက်သည်။

“ကျွန်တော်မျိုးမရဲ့သခင်မက အခု မြို့စွန်က ရေပူစမ်းမှာ ရှိနေပါတယ်၊ ယင်ရှီမှာမှ သခင်မ ပြန်မလာခဲ့ဘူးဆိုရင် အရှင့်သားအတွက် စာတစ်စောင်ပေးဖို့ ဒီအစေခံကို အမိန့်ပေးခဲ့ပါတယ်၊ ဒါပေမယ့်… ဒီအစေခံ…”

လီယောင်၏ အသံက တုန်ယင်နေပြီး စကားဆက်မပြောနိုင်တော့ပေ။ ဟော်တူက စာကို ဖတ်ပြီးနောက် သူမ၏သခင်မကို ကာကွယ်ပေးရန် တစ်စုံတစ်ဦးကို စေလွှတ်နိုင်မည်ဟု သူမ လောင်းကြေးထပ်ခဲ့သည်။

‘အရှင့်သားမှာ ကူညီချင်စိတ်ရှိသရွေ့ သခင်မအတွက် အန္တရာယ်နည်းသွားမှာ အသေအချာပဲ’

ဟော်တူက စာကို လှမ်းယူလိုက်သော်လည်း ဘာမှ ပြန်မပြောပေ။ သူ့အမူအရာ ခက်ထန်အေးခဲသွားသည်ကို မြင်နိုင်သည့် အန်းရွှယ်က လီယောင်ကို အပြင်သို့ အရင်ထွက်သွားရန် အရိပ်အယောင် ပြလိုက်သည်။

လီယောင် ထွက်သွားပြီးနောက် ဟော်တူက အပန်းဖြေအိမ်တော်သို့ အလျင်စလို မသွားသေးဘဲ စားပွဲတွင် ပြန်ထိုင်လိုက်သည်။ သူက ကြောက်ရွံ့နေသည့်ကြားမှ လဲ့ကျစ်အတွက် သူ့ကို လာရှာရဲသည့် လီယောင်၏ သစ္စာရှိမှုကို ပြန်တွေးနေပြန်သည်။

ထို့နောက် မကြာသေးမီက လီယောင်အား ကယ်တင်ရန် လီယောင်အတွက် တောင်းပန်ပေးခဲ့သော လဲ့ကျစ်၏ပြောစကားများကို သူ ပြန်သတိရမိသွားသည်။

"ရိုးသားမှု... ကျွန်မက ကျွန်မရဲ့ ရိုးသားမှုကို သုံးတာပါ"

ထိုအချိန်တွင် ဟော်တူက လဲကျစ်၏ မအူမလည်ဖြစ်မှုအတွက် စိတ်ထဲမှ ရယ်မောနေခဲ့သေးသည်။

ထိုအကြောင်းကို တွေးမိချိန်တွင် ဟော်တူက သူ့နှုတ်ခမ်းများကို တွန့်လိုက်ပြီး သူ့အပြုံးက ပိုအားကောင်းလာသည်။

‘သူ့ရဲ့မြေခွေးလေးက ဒီအလောင်းအစားကို အနိုင်ရခဲ့တယ်ပေါ့’

သို့သော် ဟော်တူတစ်ယောက် စာကို ဖွင့်ဖတ်လိုက်သည့် ခဏမှာပင် သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးများ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူ၏ မျက်ဝန်းအစုံကလည်း မှိုင်းညို့ခက်ထန်လာပြီး ဒေါသအရိပ်အယောင်များ ဖုံးလွှမ်းလာသည်။

.......။.......။.......

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်...

ကျစ်ကျစ် : သူ ဘာလို့ စိတ်ဆိုးနေပြန်ပြီလဲ..... (လက်မြှောက်ထား)

ဟော်တူ : “.....”

All Chapters