အခန်း (၄၂-၄၄)
Vol. 4 Ch. 42-44
အခန်း ၄၂ အကျိုးကျေးဇူးများ
ချန်ချိုးခန်းမအတွင်း၌...
တာ့ချီဧကရာဇ် ဟော်ချန်ယွင်က အေးစက်သော မျက်နှာပေးဖြင့် စားပွဲခုံတွင် ထိုင်ကာ တိုင်းရေးပြည်ရေး အစီရင်ခံစာများကို အာရုံစိုက် စစ်ဆေးနေသည်။
လင်းဝမ်နင်က တံခါးအပြင်ဘက်မှ နေ၍ ထိုမြင်ကွင်းကို မြင်နေရပြီး သူမ၏ ခြေလှမ်းများကို ပေါ့ပါးသွားအောင် သတိထားလိုက်သည်။ သူမက ဟော်ချန်ယွင်၏ အနီးရှိ အစေခံကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် သူမ၏စကတ်စလေးကို အနည်းငယ် မကာ အခန်းတွင်းသို့ ဝင်လာခဲ့သည်။
လေထုထဲတွင် မွှေးရနံ့များ ပျံ့လွင့်လာသည်နှင့် ဟော်ချန်ယွင်က သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး လင်းဝမ်နင်ကို မြလိုက်သည်နှင့် နူးညံ့စွာ ပြုံးပြလိုက်သည်။
"အရှင်က တိုင်းပြည်အရေးတွေကိုပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး စားဖို့တောင် မေ့နေတော့ ကျွန်တော်မျိုးမ အရမ်း စိတ်ပူနေမိရပြီ"
လင်းဝမ်နင်က ချစ်စဖွယ် ဒေါသထွက်ဟန်ဆောင်ကာ ရွှေရောင်ဆီးသီးများဖြင့် ချက်ထားသော နှင်းမှိုစွပ်ပြုတ် ပန်းကန်လုံးကို ဟော်ချန်ယွင်၏ရှေ့သို့ တင်ပေးလိုက်သည်။ ထိုအခါမှသာ ဟော်ချန်ယွင်၏ တင်းမာနေသော အမူအရာ ပြေလျော့သွားပြီး သူ့မျက်ဝန်းထဲတွင်လည်း ကြင်နာမှု အရောင်အဝါလေးများ ပေါ်လာသည်။ သူက ခပ်တိုးတိုး ရယ်မောရင်း စွပ်ပြုတ်ပန်းကန်ကို ယူရန် လက်လှမ်းလိုက်သည်။
"မင်းကို စိတ်ပူစေမိတာ ငါကိုယ်တော်ရဲ့ အမှားပါ"
သို့သော် လင်းဝမ်နင်က သူ့ထက် လက်ဦးမှု ယူလိုက်သည်။ သူမက သူ၏အနားသို့ တိုးကပ်လာကာ ငွေဇွန်းလေးဖြင့် မွှေးကြိုင်လှသော ဟင်းချိုကို ဖြည်းညှင်းစွာ ခပ်ယူပြီး ဟော်ချန်ယွင်၏ နှုတ်ခမ်းဝသို့ တိုက်ကျွေးရန် ပြင်လိုက်သည်။
ဟော်ချန်ယွင်က ပါးစပ်ကို ဟရုံမျှ ရှိသေးချိန်တွင် အပြာနုရောင် ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခု အဝေးမှ ပြေးလွှားလာပြီး ခန်းမအပြင်ဘက်တွင် ကြောင်တက်တက်ဖြင့် ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုလူက ခန်းမထဲသို့ ဝင်လာရန်ပင် မဝံ့မရဲ ဖြစ်နေပုံရသည်။
"စွေ့ဖုန်း"
ဟော်ချန်ယွင်က သူ့အပြုံးကို ဖယ်လိုက်ပြီး အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ဝင်လာခဲ့ "
ထိုအခါမှ စွေ့ဖုန်းက နန်းတော်ခန်းမထဲသို့ အလျင်အစလို ဝင်လာခဲ့ပြီး သူ စိတ်မသက်မသာ ဖြစ်နေပုံမှာ ထင်ရှားလှသည်။ သူက ဝင်လာရင်းနှင့်ပင် လဲကျလုနီးပါး ဖြစ်နေပြီး နှစ်ကြိမ်ခန့် ယိုင်ထိုးသွားသည်။ ထို့နောက် စားပွဲရှေ့တွင် ဒူးထောက်ချလိုက်ကာ တုန်လှုပ်နေသော အသံဖြင့် လျှောက်တင်လာသည်။
"အရှင်မင်းကြီး... ဒီကျွန်က သေသင့်ပါတယ်၊ ကျေးပြုပြီး အပြစ်ပေးတော်မူပါ အရှင်မင်းကြီး..."
စွေ့ဖုန်းက ထိမ်းမြားလက်ထပ်ရန် အမိန့်တော်ကို သူ၏ခေါင်းပေါ်တွင် လက်နှစ်ဖက်ဖြင့် မြှောက်တင်ထားသော်လည်း သူ့နဖူးကတော့ ကြမ်းပြင်နှင့် ထိကပ်နေကာ ခေါင်းကိုပင် မမော့ဝံ့ရှာပေ။ ဟော်ချန်ယွင်က အခြေအနေကို ရိပ်မိလိုက်သော်လည်း ဘာမှမဖြစ်သကဲ့သို့ အေးတိအေးစက် ဆက်ပြောခိုင်းလိုက်သည်။
"ဆက်ပြောစမ်း"
"ဟုတ်ကဲ့ပါ... ဒီကျွန်က အမိန့်တော်ကို ကြေညာပြီးတဲ့နောက်မှာ... အရှင့်သားထိုက်ဇီက စကားတစ်ခွန်းမှ မပြောတဲ့အပြင် အမိန့်တော်ကိုလည်း လုံးဝ လက်ခံခြင်း မရှိပါဘူး"
စွေ့ဖုန်းက ကြောက်ရွံ့တုန်လှုပ်နေသော အသံဖြင့် ဆက်ပြောနေပြန်သည်။
"ဒီကျွန်က အရှင့်သားကိုယ်စား ထိုက်ဇီဖေးကို အမိန့်တော် ပေးချင်ခဲ့ပေမဲ့လည်း ဒီကျွန် စကားမဆုံးခင်မှာပဲ အရှင့်သားထိုက်ဇီက... အရှင့်သားက ဒီကျွန်ကို မောင်းထုတ်ဖို့ သူ့လူတွေကို စေလွှတ်လိုက်ပါတယ်...အရှင်မင်းကြီး"
ခန်းမကြီးတစ်ခုလုံး သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေသော အစေခံများနှင့် ကျေးကျွန်များကလည်း ဧကရာဇ်မင်း၏ ဒေါသဒဏ်ကို မတော်တဆ ခံရမည်အား စိုးရွံ့နေကြပြီး အသက်ပင် ဝဝမရှူဝံ့ကြတော့ပေ။
လင်းဝမ်နင်၏ မျက်နှာကလည်း ပျက်ယွင်းသွားသည်။ သူမက ဟော်ချန်ယွင်ကို အကဲခတ်လိုက်ပြီးနောက် ခန်းမအတွင်းရှိ လူအားလုံးကို ညွှန်ကြားလိုက်သည်။
"အားလုံး ဆုတ်ခွာသွားကြစမ်း"
ထိုစကားက လူတိုင်းကို စိတ်သက်သာရာ ရသွားသေသည်။ အထူးသဖြင့် စွေ့ဖုန်းက ကြမ်းပြင်ပေါ်တွင် အကြိမ်ကြိမ် ဦးတိုက်ပြီးနောက် တုန်တုန်ယင်ယင်နှင့် ခန်းမထဲမှ ကမန်းကတန်း ထွက်သွားတော့သည်။
လင်းဝမ်နင်က ဟော်ချန်ယွင်၏ အနားသို့ တိုးသွားကာ မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ကပ်ပြောလိုက်သည်။
"အရှင်မင်းကြီး... ထိုက်ဇီရဲ့ အပြုအမူတွေက ဒီနှစ်တွေအတွင်းမှာ ပိုပြီး ရိုင်းစိုင်းလာပါတယ်၊ တိုင်းပြည်ရဲ့ ထီးနန်းဆက်ခံသူက နန်းတွင်းကို လာချင်တဲ့အချိန်လာ၊ ပြန်ချင်တဲ့အချိန်ပြန် လုပ်နေတာတောင် အရှင်က သည်းခံခဲ့တယ်၊ အခုတော့ သူက တော်ဝင်အမိန့်တော်ကိုတောင် ဗြောင်ကျကျ ဖီဆန်နေပါပြီ၊ အရှင်မင်းကြီးက သူ့ကို ဒီထက်ပိုပြီး အခွင့်အရေး ပေးချင်သေးတာလား"
သူမ စကားပြောနေစဉ်အတွင်း သူမက ဟော်ချန်ယွင်၏ မျက်လုံးများကို စိုက်ကြည့်နေသော်လည်း သူ၏ မျက်ဝန်းများက အေးစက်လွန်းလှသဖြင့် မည်သည့်ခံစားချက်ကိုမျှ ဖတ်၍မရနိုင်ပေ။
ခေတ္တနားပြီးနောက် လင်းဝမ်နင်က ဆက်ပြောလိုက်သည်။
“အရှင်မင်းကြီး မေ့သွားပြီလား၊ ရှအာ တာ့လီကို မသွားခင်က အရှင်မင်းကြီး ပြောခဲ့ဖူးတယ်လေ..."
“ငါကိုယ်တော် မမေ့ပါဘူး၊ ဧကရီ စိတ်ပူနေစရာ မလိုဘူး၊ ငါကိုယ်တော်က ရှအာ အတွက် စီစဉ်ပေးမှာပါ"
ဟော်ချန်ယွင်က လေးလေးနက်နက် အသံဖြင့် ထပ်ပြောလိုက်သည်။
"အရင်ဧကရာဇ်ကိုယ်တိုင် သူ ရှိစဉ်ကတည်းက ထီးနန်းအမွေဆက်ခံဖို့ပဲ သူ့ကို လေ့ကျင့်ပေးခဲ့တာ၊ အခု ရာဇပလ္လင်ကို ရှအာဆီ မျှမျှတတနဲ့ ရိုးရိုးသားသား လွှဲပြောင်းပေးချင်တယ်ဆိုရင်တော့ အများကြီး ကြိုးစားရလိမ့်မယ်"
"ဟုတ်ကဲ့... ကျွန်တော်မျိုးမ နားလည်ပါပြီ"
လင်းဝမ်နင်က နွေးထွေးသော လေသံဖြင့် ပြန်လျှောက်တင်လိုက်သည်။
လင်းဝမ်နင်က ချန်ချိုးနန်းတော်မှ ပြန်လည်ထွက်ခွာလာခဲ့သည်။ ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်က သူမ၏ ပါးပြင်ပေါ်သို့ ကျရောက်နေသော်လည်း သူမ၏ နှလုံးသားကတော့ အောက်ခြေအထိ အေးခဲနေခဲ့ချေပြီ။
သူမ၏ ဖီးနစ်မျက်လုံးအစုံက အနည်းငယ် ကျဉ်းမြောင်းသွားပြီး နှုတ်ခမ်းထောင့်တွင် အပြစ်ကင်းစင်ပုံရသော အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ခင်ပွန်းက ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံးသော ဘုရင်တစ်ပါး ဖြစ်သလို အအေးစက်ဆုံးသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။ ဟော်ချန်ယွင်က နောင်တွင် ဟော်ရှအား ထီးနန်းလွှဲပေးမည်ဟု ထပ်ခါတလဲလဲ ကတိပေးနေသော်လည်း လင်းဝမ်နင်က လုံးဝ မယုံကြည်ပေ။
‘ရှအာ နန်းမတက်ရသေးသရွေ့ သူမ တစ်ရက်မှ စိတ်အေးနိုင်မှာ မဟုတ်ဘူး’
'ဟော်တူရဲ့ မွေးမိခင် ဧကရီဟောင်းတုန်းကလည်း သူ့ရဲ့ အဲဒီလို လှည့်ကွက်တွေနဲ့ပဲ အဆုံးသတ်သွားခဲ့ရတာ မဟုတ်ဘူးလား'
တစ်ချိန်တည်းမှာပင် ခန်းမထဲတွင် မျက်နှာသေဖြင့် ကျန်ရစ်ခဲ့သော ဟော်ချန်ယွင်၏ မျက်လုံးများထဲ၌ ဝမ်းနည်းသယောင် အပြုံးတစ်ခု ပေါ်လာသော်လည်း ထိုအပြုံးက တဖြည်းဖြည်းနှင့် ခက်ထန်လာသည်။ မိမိ၏ ခြေထောက်ကို ဖြတ်ပစ်ပြီးနောက် စိတ်ဓာတ်ကျသွားခဲ့သော သူ၏သားတော်က ယခုအချိန်တွင် အားနည်းသွားပုံရသည်။ ဖခင်တစ်ယောက်အနေဖြင့် ကြည့်လျှင် ဤသည်မှာ ကောင်းသည်ဟု ထင်ရသော်လည်း တာ့ချီ၏ ဘုရင်အဖြစ် ကြည့်ပါက ဤသည်မှာ ကောင်းသော ကိစ္စမဟုတ်ပေ။
ဟော်တူ၏ ပုံရိပ်က သူ၏မျက်စိရှေ့တွင် ပေါ်လာပြီး ထိုမျက်ခုံးမျက်ဖျားများက သူ၏ မှတ်ဉာဏ်ထဲ၌ နက်ရှိုင်းစွာ မြုပ်နှံထားသော မျက်နှာတစ်ခုကို တဖြည်းဖြည်း ပြန်လည်ထင်ဟပ်စေသည်။
'သူက... သူ့အမေနဲ့ ပိုတူလာတယ်'
ဟော်ချန်ယွင်က သူ့နှုတ်ခမ်းကို တင်းတင်းစေ့ကာ ထိုမြင်ကွင်းကို ဖျောက်ပစ်လိုက်သည်။ ခဏအကြာတွင် သူ၏ မျက်နှာက မည်သည့်အခါမှ မပြုံးဖူးခဲ့သည့်အလား သိမ်မွေ့အေးစက်သော အသွင်သို့ ပြန်လည်ရောက်ရှိသွားကပြီး အေးစက်စွာ အမိန့်ပေးလိုက်တော့သည်။
"ထိုက်ဇီကို နန်းတော်ထဲဝင်ဖို့ သတင်းပို့လိုက်"
......။.......။.......
ဟော်တူ တော်ဝင်အမိန့်တော်ကို ငြင်းဆိုလိုက်သည့် သတင်းက ထိုက်ဝေစံအိမ်သို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။
အိပ်ခန်းအတွင်းရှိ မှန်ရှေ့တွင် မင်္ဂလာဝတ်စုံကို ဝတ်ကြည့်နေသည့် လင်းယွိရှန့်က အစေခံမလေးထံမှ သတင်းကို ကြားလိုက်ရပြီး သူမ၏ ရွှင်လန်းနေသော မျက်နှာလေး ချက်ချင်းပင် ပျက်ယွင်းသွားရသည်။ သူမ ရေခဲရေအပြည့်ရှိသော အင်တုံထဲသို့ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အအေးဓာတ်က သူမ၏ အရိုးထဲအထိ စိမ့်ဝင်သွားသည်။
'ဘယ်လိုဖြစ်နိုင်မှာလဲ...'
လင်းယွိရှန့်တစ်ယောက် မယုံနိုင်အောင် ဖြစ်နေရသည်။ သူမ၏အစ်ကိုတော်ထိုက်ဇီက လက်အောက်ခံတိုင်းပြည်ငယ်လေးမှ မင်းသမီးတစ်ဦးကိုပင် လက်ထပ်ရန် သဘောတူခဲ့သော်လည်း ယခု သူမကို လက်ထပ်ရန် တော်ဝင်အမိန့်တော်ကိုတော့ ဖီဆန်ခဲ့သည်။
ယခင်က သူမနှင့် အိမ်ရှေ့စံကြားတွင် ရင်းနှီးမှု များများစားစား မရှိခဲ့သဖြင့် ငြင်းဆိုခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးနိုင်ခဲ့သော်လည်း၊ လဲ့ကျစ်နှင့် သူ၏ကြားတွင်လည်း မည်သည့်ရင်းနှီးမှုမှ မရှိခဲ့သည်မှာ အမှန်ပင်။ သူ တော်ဝင်အမိန့်ကို ဆန့်ကျင်ရခြင်းက အကြောင်းအရင်း တစ်ခုခု ရှိနေပေလိမ့်မည်။
'အစ်ကိုတော်မှာ တစ်ခုခု ဖုံးကွယ်ထားတာလား... ဒါမှမဟုတ် လဲ့ကျစ်က မြေခွေးမလို လှည့်ကွက်တွေ သုံးပြီး အစ်ကိုတော့်ကို အမိန့်တော် ဖီဆန်ခိုင်းခဲ့တာလား'
ထိုသို့ တွေးမိသည်နှင့် လင်းယွိရှန့်၏ စိတ်ထဲတွင် စိုးရိမ်စိတ်နှင့် ဒေါသစိတ်တို့ဖြင့် ပူလောင်လာရပြန်သည်။ နောက်ဆုံးတွင် သူမအတွက် ဖခင်၏ ခွင့်ပြုချက်နှင့် အဒေါ်ဖြစ်သူ၏ သဘောတူချက်ကို စောင့်ဆိုင်းမနေနိုင်တော့ပေ။ ယခင်က သူမ ကျင့်ဝတ်များကို တင်းတင်းကြပ်ကြပ် လိုက်နာခဲ့ရသဖြင့် သူနှင့်တွေ့တိုင်း စကားတစ်ခွန်းပင် မပြောရဲဘဲ သူ့နောက်မှသာ တိတ်တိတ်ကလေး ငေးကြည့်နေခဲ့ရသည်။ သို့သော် ယခုအချိန်တွင် သူမ ထိုသို့ ဆက်လက် ငြိမ်မနေနိုင်ချေ။
လင်းယွိရှန့်က သူမအချိန်များစွာ ဖြုန်းတီးနေမိပြီဟု တွေးလိုက်မိပြီး နောင်တရနေပြန်သည်။ အစ်ကိုတော်ထိုက်ဇီ၏ ဘေးနားရှိ အမျိုးသမီးက သူမထက် သာလွန်သွားမည်ကို စိုးရိမ်စိတ်ကလည်း သူမကို တွန်းအားပေးနေသည်။
သူမက မိန်းကလေးတစ်ဦး၏ သိက္ခာနှင့် အရှက်အကြောက်တို့ကို ဘေးဖယ်ထားပြီး အစ်ကိုတော်ထိုက်ဇီအပေါ် ထားရှိသည့် သူမ၏ ခံစားချက်များကို ဗြောင်ကျကျ ထုတ်ဖော်ပြသရန် ဆုံးဖြတ်လိုက်သည်။
‘သူမ သူ့ကို လုံးဝ အလွတ်မပေးနိုင်တော့ဘူး’
‘သူမ သူမရဲ့နှလုံးသားနောက်ကို လိုက်ရမယ်’
လင်းယွိရှန့်က သူမလက်ထဲမှ မင်္ဂလာဝတ်စုံကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် စကတ်ကို ပေါ့ပေါ့ပါးပါး မတင်လိုက်ပြီး အခန်းထဲမှ ပြေးထွက်သွားသည်။
သူ့အမေကို ငယ်ငယ်ကတည်းက ဆုံးရှုံးခဲ့ရသည့် အစ်ကိုတော်ထိုက်ဇီက စိတ်ဓာတ်ကျပြီး အထီးကျန်နေခဲ့သည်ဟု လင်းယွိရှန့် ယူဆထားသည်။ သူမက နွေရာသီမှ အတောက်ပဆုံးသော နေရောင်နှင့်တူပြီး သူမသာလျှင် သူ့ကို နွေးထွေးစေပြီး အမှောင်ထဲသို့ မရောက်သွားအောင် ထိန်းထားနိုင်မည်ဟု ယုံကြည်နေခဲ့သည်။
........။.......။......
ထိုက်ဇီ စံအိမ်တော်တွင်...
ဟော်တူက ဧကရာဇ်၏အမိန့်တော်ကို ကြေငြာရန် ရောက်လာသော စွေ့ကုန်းကုန်းကို နှင်ထုတ်ရန် သူ၏လူများကို စေလွှတ်ပြီးကတည်းက အိမ်တော်အတွင်းရှိ လေထုက ပို၍ ပို၍ လေးလံလာသည်။
တော်ဝင်အမိန့်တော်ကို ဖီဆန်ခြင်းက အသေးအဖွဲကိစ္စ မဟုတ်ပေ။
လဲ့ကျစ်က သူမ၏ပတ်ဝန်းကျင်ရှိ အစေခံများကို ဖယ်ရှားလိုက်ပြီး သူမတစ်ယောက်တည်း ဟော်တူနောက်မှ နောက်ဖေးခြံဆီသို့ ဖြည်းညှင်းစွာ လိုက်ပါသွားခဲ့သည်။
ခြံဝင်းအလယ်ရှိ ကျောက်စားပွဲပေါ်တွင် ပြန်မသိမ်းရသေးသော လက်ဖက်ရွက်ခြောက်များနှင့် ငှက်သိုက်များ ရှိနေသေးသည်။
စွေ့ဖုန်း မရောက်မီတွင် သူမက ကျင့်ရှင်းနှင့် လင်းယွဲ့တို့အား လက်ဖက်ရွက်ကောင်းကောင်းများ၊ ငှက်သိုက်ခြောက်များနှင့် ငါးခြောက်များ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့နောက် ရှားရှားပါးပါး ပူနွေးနေသော ရာသီဥတုကို အခွင့်ကောင်းယူကာ နောက်ဘက်ခြံတွင် ဤလက်ဖက်ရွက်များ၏ အရည်အသွေးကို သေချာ လေ့လာနေခဲ့သည်။
စိတ်ကောင်းဝင်ခဲလှသော ဟော်တူပင်လျှင် စိတ်ကောင်းဝင်နေပြီး သူမနှင့်အတူ အေးအေးဆေးဆေး ရှိနေခဲ့သည်။
သို့သော်လည်း အမိန့်တော်ကြောင့် ထိုသာယာမှုလေး ပျက်ပြားသွားခဲ့ရသည်။
“ဆက်လုပ်လေ”
ဟော်တူက ထိတ်လန့်နေသော လဲ့ကျစ်ကို မျက်လုံးများကို ကြည့်ကာ ထပ်ပြောလိုက်သည်။
"မပြီးသေးဘူးမလား"
"အိုး"
လဲ့ကျစ်၏ ချယ်ရီရောင်နှုတ်ခမ်းများ အနည်းငယ် ပွင့်အာသွားပြီး ဟော်တူကို အံ့သြတကြီး စိုက်ကြည့်နေသည်။
‘တော်ဝင်အမိန့်တော်ကို ဖီဆန်ခြင်းလိုမျိုး ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုက သူ့မျက်လုံးထဲမှာ ဘာမှ မဟုတ်ဘူးလား၊ ဒီလောကမှာ သူ့နှလုံးသားကို တုန်လှုပ်သွားစေနိုင်တဲ့ အရာ တစ်ခုမှ မရှိဘူးလား’
လဲ့ကျစ်က သူမ၏စိတ်နှလုံးအောက်မှ သက်ပြင်းတစ်ချက်ချနေရင်း ဟော်တူထံသို့ ချဉ်းကပ်သွားကာ ကျောက်ထိုင်ခုံပေါ်တွင် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်သည်။
ကျောက်စားပွဲပေါ်ရှိ ကြွေဖြူလက်ဖက်ရည်အိုးက ပွက်ပွက်ဆူနေပြီး “ပွတ် ပွတ်”ဟု အသံထွက်နေသည်။
လဲ့ကျစ်က ခွက်အလွတ်နှစ်ခွက်ကို တိတ်တဆိတ် ယူကာ သူမရှေ့တွင် ချထားပြီးနောက် နှင်းဆီလက်ဖက်ခြောက်အချို့ကိုယူကာ ခွက်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် လက်ဖက်ရည်အိုးကို ကောက်ယူပြီး လက်ဖက်ရည်ခွက်ထဲသို့ လောင်းထည့်လိုက်သည်။ လက်ဖက်ရည်ခွက်ကို ပြန်ချပြီးနောက် လဲ့ကျစ်က အနည်းငယ် ကယောင်ကတန်းဖြစ်နေပြီး မငြိမ်မသက် ဖြစ်နေသည်။ နောက်ထပ်ခွက်အလွတ်ထဲသို့ ရေလောင်းထည့်နေစဉ်တွင် ဟော်တူ၏အမူအရာကိုလည်း ဘေးတိုက်ကြည့်လိုက်သေးသည်။
သို့သော် သူမ သူ့ဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် သူမလက်ထဲမှ လက်ဖက်ရည်အိုးက အနည်းငယ် လွဲချော်သွားပြီး ကျောက်စားပွဲပေါ်ရှိ လဲ့ကျစ်၏ အခြားလက်ခုံပေါ်သို့ ရေနွေးပူပူများ တိုက်ရိုက်လောင်းချလိုက်မိသည်။
ထိုအခိုက်အတန့်တွင် အေးစက်သော လက်ဖဝါးတစ်ခုက သူမ၏ လက်ခုံကို ချက်ချင်း လာရောက်ဖုံးအုပ်လိုက်သည်။ လဲ့ကျစ် ငုံ့ကြည့်လိုက်ချိန်တွင် ရေနွေးပူများက သူမ၏ လက်ပေါ်သို့ မကျဘဲ ဟော်တူ၏ လက်ခုံပေါ်သို့ တိုက်ရိုက် ကျသွားသည်ကို သူမ တွေ့လိုက်ရသည်။
သူမက လက်ဖက်ရည်အိုးကို ဖယ်ရှားရန် အလျင်မြန်ဆုံး အရှိန်ကို အသုံးပြုခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။ ဟော်တူ၏ အေးစက်သော အဖြူရောင်လက်ခုံလေး နီရဲသွားသည်။
လဲ့ကျစ်က မျက်လုံးပြူးလေးဖြင့် သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ သူမက သူ့လက်ကို မြှောက်ကာ သေချာကြည့်လိုက်သည်။ သူမက သူ့လက်ကို ထိရန် သူမ၏လက်ချောင်းများကို ဆန့်ထုတ်လိုက်သော်လည်း သူ့ကို ပိုမိုနာကျင်စေမည်ကိုလည်း ကြောက်ရွံ့နေပြန်သည်။
ခဏလောက် ကြာသည်အထိ လောကကြီးတွင် အပူခံဆီမွှေးဟု ခေါ်သည့် တစ်ခုခု ရှိနေသည်ကိုပင် သူမ မေ့နေခဲ့သည်။
"နာနေလားဟင်"
စကားသံထွက်လာသည်နှင့် တပြိုင်နက် လဲ့ကျစ်က သူမ၏အသံ တုန်လှုပ်နေမှန်း နားလည်လိုက်သည်။
ဟော်တူက ပြန်မဖြေဘဲ သူမ၏အမူအရာကို စူးစူးစိုက်စိုက် ကြည့်နေသည်။
"အပူခံဆီ သွားယူလိုက်မယ်"
လဲ့ကျစ်က အမြန်ထကာ ဆေးသွားယူရန် ပြင်လိုက်သော်လည်း သူက သူမ၏ အဖြူရောင်လက်ကောက်ဝတ်ကို ဖြည်းညှင်းစွာ ဆွဲယူလိုက်ပြီး လဲ့ကျစ်တစ်ယောက် ဟော်တူ၏လက်နှစ်ဖက်ထဲသို့ ထပ်မံကျရောက်သွားပြန်သည်။
ဟော်တူက သူမ၏ မျက်လုံးများကို စိုက်ကြည့်ရင်း အေးစက်တည်ငြိမ်သော လေသံဖြင့် မေးလာခဲ့သည်။
"ဘာလို့ ဒီလောက်တောင် စိတ်မသက်မသာ ဖြစ်နေရတာလဲ"
လဲ့ကျစ်က သူမ၏ နှုတ်ခမ်းလွှာများကို တင်းတင်းစေ့ထားပြီး သူ့လက်ခုံ နောက်ကို မဖိမိစရေန် ရှောင်လွှဲနေလိုက်သည်။
"အရှင့်သား.... တော်ဝင်အမိန့်ကို လက်မခံရင် ပြဿနာရှိမှာလား"
ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး မျက်ခုံးပင့်ကာ ဘာသိဘာသာ နေနေလေသည်။
လဲ့ကျစ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဟော်တူ၏ အနက်ရောင်မျက်လုံးများကို စိုက်ကြည့်နေပြီး သူ့မျက်ဝန်းတွင် သူမ၏ပုံရိပ် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူမက တခုခုကို ပြောရန် ချီတုံချတုံ ဖြစ်နေရပြန်သည်။
ခဏမျှ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် လဲ့ကျစ်က မေးလိုက်ပြန်သည်။
“အရှင့်သား... အရှင့်သားက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို ဘာကြောင့် ဖီဆန်ချင်ရတာလဲ”
ထိုစကားကို ကြားသည်နှင့် ဟော်တူ၏ မျက်နှာပေါ်မှ အပြုံးများ မှိန်ဖျော့သွားသည်ကို သူမ မြင်လိုက်ရသည်။ သူက သူမ၏ မျက်လုံးများကို စူးစူးစိုက်စိုက် ကြည့်နေရင်းမှ အသံမာမာဖြင့် ပြန်မေးလာခဲ့သည်။
"ထိုက်ဇီဖေး ဆိုလိုတာက... ကိုယ်က ဧကရာဇ်ရဲ့ အမိန့်ကို လက်ခံပြီး တခြားကိုယ်လုပ်တော်တစ်ယောက်နဲ့ လက်ထပ်လိုက်ဖို့ မင်း မျှော်လင့်နေတာလား"
လဲ့ကျစ်တစ်ယောက် အံ့သြသွားရပြန်သည်။
‘သူမ.... မဟုတ်... အဲ့လို မဟုတ်ဘူးလေ.....အား.....
ဘာကြောင့်လဲလို့ပဲ မေးတာပါနော်....
ဟော်တူက ဘာလို့ သူမ ပြောချင်တဲ့ အဓိပ္ပါယ်တွေကို အခြေအမြစ်မရှိသလို ဖြစ်စေပြီး အမြဲတမ်းတလွဲ အဓိပ္ပာယ်ဖွင့်ဆိုနေရတာလဲ’
"ကျွန်မက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး"
လဲ့ကျစ်က အလွန်စိုးရိမ်နေသဖြင့် သူ့လက်ကို အလျင်စလိုဆွဲကာ တောင်းပန်နေရင်း ဒေါသအနည်းငယ်ထွက်ဟန်ဖြင့် ထပ်ပြောလိုက်သည်။
"အရှင့်သားကို ကိုယ်လုပ်တော်ယူခွင့် မပေးနိုင်ဘူး"
သူမ၏ ရင်ထဲတွင် အမှန်တကယ် တင်းကျပ်နေပြီး သူမကိုယ်တိုင် သတိမထားမိဘဲ အသံပင် မြင့်တက်လာရသည်။
"အရှင့်သားကို အဲဒီကိုယ်လုပ်တော်နဲ့ လက်ထပ်ခွင့် လုံးဝ မပေးနိုင်ဘူး"
ဟော်တူက သူမ၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်နှင့် စိတ်လှုပ်ရှားနေသော ပုံစံလေးကို ကြည့်ကာ အလွန်ပင် စိတ်ဝင်စားသွားသည်။ သူက တိုးတိုးလေး ရယ်မောရင်း ပြောလာပြန်သည်။
"မင်းက ကိုယ့်ကို လက်ထပ်ခွင့် မပေးဘူးဆိုမှတော့... ကိုယ်က တော်ဝင်အမိန့်တော်ကို ဖီဆန်ရုံပဲ ရှိတော့တာပေါ့"
သူ့လေသံက အလွန်ပင် သဘာဝကျလှသဖြင့် လဲ့ကျစ်တစ်ယောက် စိတ်ရှုပ်ထွေးသွားရသော်လည်း မသိစိတ်မှ ခေါင်းညိတ်မိသွားသည်။ အချိန်အတော်ကြာပြီးမှသာ လဲ့ကျစ်တစ်ယောက် အခြေအနေကို ပြန်လည် သတိပြုမိသွားသည်။
‘မဟုတ်သေးပါဘူး... သူမက ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို သူ ဘာကြောင့် ဖီဆန်ရတာလဲလို့ မေးနေတာလေ။ ဘာကြောင့် သူက သူမကြောင့် အမိန့်ကို ဖီဆန်ရသလိုမျိုး ပြောနေရတာလဲ’
လဲ့ကျစ်က ဟော်တူကို စကားဖြင့် မနိုင်သည့်အပြင် သူ၏ စကားထောင်ချောက်ထဲသို့ ထပ်မံ မကျရောက်ချင်တော့သဖြင့် သူ့ကို မျက်စောင်းခဲကာ ကြည့်နေရုံသာ တတ်နိုင်သည်။
ထိုအချိန်တွင် အန်းရွှယ်က ခပ်ဝေးဝေးမှ အလျန်အမြန် လျှောက်လာနေသည်။ လူနှစ်ယောက် လုံးထွေးနေသည့်ပုံသဏ္ဍာန်ကို လှမ်းကြည့်ရင်း သူ အနည်းငယ် တွန့်ဆုတ်သွားသော်လည်း အရေးကြီးသော သတင်းကို ပို့ရန်အတွက် ခေါင်းငုံ့ကာ ရှေ့သို့ တိုးလာခဲ့သည်။
"အရှင့်သားကို အကြောင်းကြားပါတယ်၊ အိမ်တော်အပြင်ဘက်မှာ တစ်ယောက်ယောက်က အရှင့်သားကိုတွေ့ဖို့ တောင်းဆိုနေပါတယ်"
လဲ့ကျစ်က ဟော်တူ၏ ရင်ခွင်ထဲတွင် ထိုင်နေဆဲဖြစ်ပြီး သူမ၏နှင်းဖြူရောင် ပါးပြင်များက အနည်းငယ် နီမြန်းနေသည်၊၊ သူမ ထရပ်ရန် ဟော်တူ၏ပခုံးကို တွန်းလိုက်သော်လည်း သူမ၏ ခါးကို ဖက်ထားသော ဟော်တူ၏ လက်များက ပို၍ တင်းကျပ်လာသည်။ ဟော်တူက သူမကို ထခွင့်မပေးချင်သေးပေ။
"ဘယ်သူလဲ"
သူက ပျင်းရိဟန်ဖြင့် မေးလိုက်သည်။
"ထိုက်ဝေရဲ့သမီး၊ လင်းမိန်းခလေး"
ထိုအမည်ကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်၏ လှုပ်ရှားမှုက ရပ်တန့်သွားသည်။
‘ဒီလင်းယွိရှန့်က စိတ်မရှည်တော့ဘူးပေါ့လေ။ လက်မထပ်ရသေးတဲ့ အမျိုးသမီးတစ်ဦးက ထိုက်ဇီစံအိမ်တော်ကို အရူးအမူး ပြေးလာရင် သူမရဲ့ဂုဏ်သိက္ခာ ထိခိုက်မှာကိုတောင် သူမ မသိတော့ဘူးလား’
ဟော်တူက မကျေမနပ်ဖြစ်သွားပြီး အန်းရွှယ်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"သူ့ကို မောင်းထုတ်လိုက်"
အန်းရွှယ်က စိတ်ဆင်းရဲနေပုံရပြီး ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြောလာသည်။
“ဒီလက်အောက်ငယ်သားက သုံးနိုင်တဲ့ နည်းလမ်းအားလုံး သုံးထားပြီးပါပြီ၊ ဒါပေမယ့် သူက လုံးဝ ထွက်မသွားတဲ့အပြင် တံခါးအပြင်ဘက်မှာ အသံကျယ်ကြီးနဲ့ အရှင့်သားကို အော်ခေါ်နေပါတယ်...”
လင်းယွိရှန့်က မည်သည့်အတွက်ကြောင့် ဤသို့ အော်ခေါ်နေသည်ကိုမူ ထိုနေရာရှိ လူအားလုံး ကောင်းကောင်း သိနေကြသည်။
လဲ့ကျစ်က ဟော်တူ၏ မျက်နှာ ပို၍ပို၍ ညိုမှောင်လာသည်ကို သတိထားမိလိုက်သည်။ သူ၏ မက်မွန်ပွင့်ပုံ မျက်ဝန်းအစုံတွင် လူသတ်လိုသော အရိပ်အယောင်များ စွန်းထင်းလာသည်ကို မြင်လိုက်ရသောကြောင့် သူမ တိုးတိုးလေး ဝင်ပြောလိုက်သည်။
"ကျွန်မပဲ သွားပြီး ဖြေရှင်းလိုက်ပါ့မယ်၊ သူ တံခါးအပြင်မှာ ဒီလိုမျိုး လာရှုပ်နေတာက အရှင့်သားရဲ့ သိက္ခာအတွက် မကောင်းဘူးလေ"
ဤတစ်ကြိမ်တွင် ဟော်တူက သူမ၏ခါးကို လွှတ်ပေးလိုက်သဖြင့် လဲ့ကျစ် ချောမွေ့စွာ မတ်တတ်ရပ်နိုင်ခဲ့သည်။ သို့သော်လည်း သူက သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လုံးဝ လွှတ်မပေးသေးပေ။ လဲ့ကျစ်က သူ့ကို အံ့ဩတကြီး ကြည့်လိုက်ပြန်သည်။
"မင်း မသွားနဲ့"
ဟော်တူက သူမကို လေးလံသောအကြည့်ဖြင့် စိုက်ကြည့်ရင်း ထပ်ပြောလိုက်သည်။
"ကိုယ် သွားမယ်"
နောက်ဆုံးအကြိမ်က သူမ ပြောခဲ့သည့် ညစ်ညမ်းသောစကားများအတွက် အပြစ်ပေးရန် ပျက်ကွက်ခဲ့သည်။
ယနေ့တွင် လဲ့ကျစ် ထိုစကားမျိုး ထပ်ပြီး နားထောင်နေရမည့်အခြေအနေမျိုး အဖြစ်မခံနိုင်တော့ပေ။ သူ့ရှေ့မှာ လဲ့ကျစ်ကို လာရောက်စော်ကားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့အရာပဲ။
"ဒါပေမယ့် အရှင့်သားက သူ့ကို စိတ်ဆိုးနေတာမဟုတ်ဘူးလား"
လဲ့ကျစ်က စိုးရိမ်တကြီး မေးလိုက်သည်။
"အင်း"
ဟော်တူက သူ၏ အနက်ရောင်မျက်လုံးများတွင် လူသတ်လိုသော ရည်ရွယ်ချက်များ ပြည့်နှက်နေပြီး သူက ဖြည်းညှင်းစွာ ပြန်ဖြေလိုက်သည်။
“မသွားနဲ့ မသွားနဲ့…”
လဲ့ကျစ်က ပြန်ထိုင်ချလိုက်ပြီး သူ့၏အပူလောင်သွားသော လက်ခုံနောက်ဘက်ကို သူမ၏ လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"သူက နည်းနည်းတော့ စိတ်တိုဖို့ ကောင်းတာ အမှန်ပဲ၊ အရှင့်သား တကယ်ပဲ စိတ်မချမ်းသာဘူးဆိုရင်လည်း သူ့ကို စကားအနည်းငယ်နဲ့ပဲ ကြိမ်းမောင်းလိုက်နော်၊ တကယ်လို့ ထပ်ပြီး ရှုပ်နေသေးရင် အန်းရွှယ်ကိုပဲ နှစ်ချက်လောက် ရိုက်ခိုင်းလိုက်၊ လူတစ်ယောက်ကိုတော့ အသက်အန္တရာယ်ဖြစ်အောင် မလုပ်ပါနဲ့... အဲဒါကို မေ့လိုက်ကြရအောင်လားဟင်"
လဲ့ကျစ်၏ နူးညံ့မှုကြောင့် ဟော်တူ၏ လူသတ်ချင်စိတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားရသည်။ သူက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရန် လက်မြှောက်လိုက်ပြီး သူမအနားသို့ တိုးကပ်လာကာ မေးနေပြန်သည်။
"သူ့ကို မသတ်ဘဲ ထားလိုက်ဖို့လား... ဟုတ်ပါပြီ၊ ဒါက မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ဒီလို ဒုက္ခပေးတတ်တဲ့သူကို ချန်ထားပေးရမယ်ဆိုရင်... ကိုယ့်အတွက် ဘာအကျိုးကျေးဇူးတွေ ပြန်ရနိုင်မှာလဲ"
လဲ့ကျစ်က သူ၏ မျက်လုံးများကို စိုက်ကြည့်နေရင်းမှ ထိုလူ၏ စိတ်ထဲတွင် ရှိနေမည့် ကောက်ကျစ်သော စိတ်ကူးများကို ကောင်းကောင်း ရိပ်မိလိုက်သည်။
‘ဒီလူက ဘယ်တော့မှ သူ့ဘက်က အရှုံးခံမှာ မဟုတ်ဘူး။
ကောင်းပြီလေ....’
သူမက သူမ၏နှုတ်ခမ်းလေးကို တစ်ချက်တွန့်ကာ ပြုံးလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ ထို့နောက် သူ၏ နားကို သူမ၏ နှုတ်ခမ်းလေးဖြင့် ဖိကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ပြီးရင် ပြောပြမယ်လေ... နော်... အစ်ကိုတော်... ထိုက်ဇီ”
.......။......။......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : အာ၊ အာ၊ အား.....အားးးးးးးးးးးး...... ငါ သေပြီ...
ကျစ်ကျစ်: “……”
အန်းရှောင်ရွှယ် : ငါ ဘာမှ မတွေ့ဘူး။ ငါ အရမ်းပင်ပန်းပြီး အိပ်ငိုက်နေပြီ။
လင်းယွိရှန့် : မင်းတို့ ငါ့ကို ဘာအတွက် ခေါ်တာလဲ......
အခန်း ၄၃ ကသိကအောက်
လေအေးများ တိုးဝှေ့တိုက်ခတ်နေပြီး ကောင်းကင်ယံမှ နှင်းမှုန်များကလည်း တစ်စစ ကြွေကျလာနေပြီ ဖြစ်သည်။ မိုးချုပ်စပြုပြီဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရိပ်သန်းစပြုလေပြီ။
လင်းယွိရှန့်က ရှေ့မှ လမ်းပြနေသော အစေခံနောက်သို့ လိုက်ပါလာရင်း ထိုက်ဇီအိမ်တော်၏ ပင်မခန်းမဆောင်ဆီသို့ လှမ်းဝင်လာခဲ့သည်။ သူမ၏ နှလုံးခုန်သံက ဗုံတီးနေသကဲ့သို့ ကျယ်လောင်လွန်းလှပြီး ခန္ဓာကိုယ်ပေါ်မှ ပန်းရောင်ဖျော့ဖျော့ အပေါ်ရုံအင်္ကျီလေးကို ခပ်တင်းတင်း ဆွဲစေ့လိုက်မိသည်။
စံအိမ်တော်အပြင်ဘက်မှာ ရှိနေစဉ်က သူမ၏ နှလုံးသားထဲတွင် သတ္တိများ အပြည့်ရှိနေခဲ့သော်လည်း အိမ်တော်ထဲသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့်တပြိုင်နက် သူမ၏ နှလုံးသားက လည်ချောင်းထဲအထိ ခုန်တက်လာမတတ် ကြောက်ရွံ့တုန်လှုပ်နေမိသည်။ သို့သော် လင်းယွိရှန့် မည်မျှပင် ကြောက်ရွံ့နေပါစေ မရှက်နိုင်တော့ပေ။
‘ငါ ဒီအထိ ရောက်နေပြီဆိုမှတော့ ငါ့ရင်ထဲက ခံစားချက်အားလုံးကို ထုတ်ဖော်ရမှာပဲ။ ပြီးတော့ အစ်ကိုတော်ထိုက်ဇီက ငါကို မတွေ့ချင်ပေမယ့် နောက်ဆုံး သူ ငါ့ကို ခေါ်ဆောင်ဖို့ တစ်စုံတစ်ဦးကို စေလွှတ်လိုက်တာပဲ မဟုတ်ဘူးလား၊ ဒါက ကောင်းမွန်တဲ့ စတင်ခြင်းတစ်ခု ဖြစ်မှာပါ'’
ဤသို့တွေးလိုက်မိချိန်တွင် သူမ၏ မျက်နှာပေါ်၌ ချိုမြိန်လွန်းသော အပြုံးတစ်ခု ပေါ်လာပြီး ခန်းမဆောင်ထဲသို့ အားတင်းကာ ဝင်ရောက်သွားသည်။
ခန်းမထဲတွင် ဟော်တူကို တွေ့လိုက်ရသည်။ သူက အစိမ်းရင့်ရောင် ကြာပန်းများနှင့် ခရမ်းရောင်စိန်ပုံစံများ ပန်းထိုးထားသည့် ပိုးထည်ဝတ်စုံကို ခမ်းနားစွာ ဝတ်ဆင်ထားသည်။ အင်္ကျီလက်ဝများတွင်လည်း သဘာဝရှုခင်းပုံများကို သေသပ်လှပစွာ ပန်းထိုးထားပြီး ခါးတွင်ဝတ်စုံနှင့် အရောင်တူသည့် ကျောက်စိမ်းခါးချိတ်လေးကို ချိတ်ဆွဲထားသည်။
သူ့ကို ကြည့်ရသည်က ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသည့် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။ ဖြူစင်အေးစက်သော အသွင်အပြင်က လူအများကြားတွင် အလှမ်းကွာဝေးနေသကဲ့သို့ ခံစားရစေသည်။
လင်းယွိရှန့်က လေးလေးစားစား အရိုအသေပြုလိုက်ကာ နှုတ်ဆက်လိုက်သည်။
“ကျွန်မ လင်းယွိရှန့်ပါ၊ အရှင့်သားထိုက်ဇီကို ဂါရဝပြုပါတယ်”
လင်းယွိရှန့်က ဤယဉ်ကျေးပျူငှာသော ကျင့်ဝတ်များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဟော်တူ၏ရှေ့တွင် သူမ အကောင်းဆုံး မလုပ်ဆောင်နိုင်ဟု အမြဲလိုလို ခံစားခဲ့ရသည်။ သူမက အောက်နှုတ်ခမ်းကို ဖိကိုက်ထားရင်း နီမြန်းနေသော မျက်နှာလေးကို မော့ကာ ဟော်တူ၏ မျက်လုံးများကို သေချာစိုက်ကြည့်နေမိသည်။
စက္ကန့်အနည်းငယ်မျှ ကြာသောအခါ သူမ၏ရင်ထဲမှ နှလုံးခုန်သံက ပိုမိုပြင်းထန်လာပြီး အသက်ရှူပင် ရပ်သွားပြီဟု ထင်မှတ်နေမိသည်။ ယခင်က သူမ သူ့ကို အဝေးကသာ ငေးကြည့်နိုင်ခဲ့သော်လည်း ယခု သူမတို့နှစ်ဦးကြားရှိ အကွာအဝေးက အနီးကပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ သူ၏ ကြည်လင်နေသော မျက်နှာနှင့် ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံစံမျက်ဝန်းအစုံက သူမ၏ မျက်လုံးများထဲတွင် ထင်ရှားစွာ ပုံရိပ်ထင်နေသည်။
လင်းယွိရှန့်က မျက်တောင်ပင် မခတ်ဘဲ သူ့ကို ဤအတိုင်း ဆက်ကြည့်နေနိုင်ရန် လောဘတကြီး မျှော်လင့်နေမိသည်။ ဤအခိုက်အတန့်တွင် သူမက အချစ်မဝနိုင်သော ကြောင်လေးတစ်ကောင်ကဲ့သို့ ဖြစ်နေရှာသည်။
ဟော်တူက သူ၏ မျက်ဝန်းများကို ပျင်းရိဟန်ဖြင့် ပင့်တင်လိုက်ပြီး လင်းယွိရှန့်က သူ့ထံမှ စူးရှသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။ ဘာခံစားချက်မှ ရှာမတွေ့နိုင်သော ထိုအကြည့်များက သူမ၏ နှလုံးသားကို နာကျင်စေသည်။ သူမ လုပ်နိုင်သည်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားရန်သာ ရှိတော့သည်။
“ကျေးဇူးပြုပြီး... ကျွန်မရဲ့ ရင်ထဲက စကားလေးတွေကို ပြောခွင့်ပြုဖို့ အရှင့်သားကို အသနားခံပါရစေ၊ ခွင့်ပြုနိုင်မလားဟင်”
ဟော်တူက ဘာစကားမှ ပြန်မပြောသလို မျက်လုံးတစ်ချက်ပင် မလှုပ်ပေ။ လင်းယွိရှန့်ကတော့ သူ သူမကို အာရုံစိုက်နေသည်ဟု ထင်မှတ်သွားပြီး အသက်ကို ပြင်းပြင်းရှူကာ ဆက်ပြောနေခဲ့သည်။
“ကျွန်မ... ကျွန်မက အရှင့်သားကို သဘောကျနေတာ ကြာပါပြီ၊ ဒါကြောင့် ဒီနေ့ ဒီကို ရဲရဲဝံ့ဝံ့ လာခဲ့ပြီး အရှင့်သားကို မေးချင်တာက... ဘာကြောင့် ဧကရာဇ်မင်းမြတ် အပ်နှင်းလိုက်တဲ့ ဒီအိမ်ထောင်ရေးကို ငြင်းပယ်ခဲ့တာလဲဆိုတာပါပဲ၊ အရှင့်သားက ယွိရှန့်အပေါ် မကျေနပ်တာရှိရင် ကျွန်မကို အခွင့်အရေးတစ်ခုလောက် ပေးဖို့ တောင်းဆိုပါရစေ၊ ကျွန်မက အရှင့်သားအတွက် ပြောင်းလဲပေးဖို့ အဆင်သင့်ရှိပါတယ်”
သူမ၏စိတ်လှုပ်ရှားမှုများကြောင့် လင်းယွိရှန့်၏ အသံက တုန်ယင်နေပြီး သူမ၏ နူးညံ့ပျော့ပျောင်းသော လေသံထဲတွင် ချစ်ခင်စုံမက်မှုများအပြင် ဖုံးကွယ်၍မရသော ထိတ်လန့်မှုများလည်း ပြည့်နှက်နေသည်။
ဘေးတွင် ရပ်နေသော ကိုယ်ရံတော်အန်းရွှယ်က ဤကဲ့သို့ မိန်းကလေးတစ်ဦး၏ ဝန်ခံမှုကို ကြည့်ရင်း သူ့၏အရှင့်သားထိုက်ဇီကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက အရှင့်သားနောက်သို့ အချိန်အတော်ကြာ လိုက်ပါလာခဲ့သူဖြစ်ပြီး ဤအမူအရာက ဘာကိုဆိုလိုမှန်း ကောင်းစွာ သိရှိနေသည်။
'အရှင့်သားရဲ့ မျက်လုံးတွေက လင်းယွိရှန့်ဆီမှာ ရှိနေသလို ထင်ရပေမယ့်... တကယ်တမ်းတော့ သူ့စိတ်တွေက တခြားနေရာကို လွင့်စင်နေတာပဲ။ လင်းယွိရှန့်ရဲ့ အသည်းနှလုံးက လာတဲ့ စကားတွေကို အရှင့်သား ကြားနေမှာတောင် မဟုတ်ဘူး'
ဘေးတွင် ရပ်နေသော အန်းရွှယ်က ဘာစကားမှ ဝင်မပြောနိုင်သောကြောင့် တိတ်တဆိတ်သာ ရပ်နေခဲ့သည်။ သူ၏နှလုံးသားထဲတွင်တော့ လင်းယွိရှန့်အတွက် သနားစဖွယ် ငိုကြွေးပေးနေမိသည်။
(T/N: ရှောင်အန်းရွှယ်က လင်းယွိရှန့်အတွက် မျက်ရည်နှစ်စက်တဲ့)
ဟော်တူက အမှန်တကယ် စိတ်လွင့်နေခဲ့ခြင်း ဖြစ်သည်။ လဲ့ကျစ်က သူ့နားနားသို့ ကပ်လျက် "အစ်ကိုတော်ထိုက်ဇီ" ဟု ခေါ်လိုက်သည့် အသံချိုချိုလေးက သူ့နှလုံးသားကို ယခုထက်တိုင် တုန်လှုပ်နေစေသည်။ ထိုအသံကြောင့် သူ ယခုအချိန်အထိ သူ့စိတ်ကို တည်ငြိမ်အောင် မနည်း ပြန်ထိန်းနေရသည်။
ယခင် ခန်းဆီးနောက်ကွယ်တွင် ရှိနေစဉ် ဤကဲ့သို့သော မြှောက်ပင့်စကားသံမျိုးကို သူ ကြားဖူးခဲ့သော်လည်း ထိုစဉ်က ဟော်တူတစ်ယောက် ရွံရှာလွန်းသဖြင့် တုန်ယင်မိသည်အထိ ငြီးငွေ့ခဲ့ဖူးသည်။ သို့သော် ယနေ့ လဲ့ကျစ်၏ နှုတ်ဖျားမှ ထွက်ပေါ်လာသော ထိုအခေါ်အဝေါ်ကို ကြားလိုက်ရချိန်တွင်တော့ သူကိုယ်တိုင် အံ့ဩသွားမိသည်။
'အစ်ကိုတော်' နှင့် 'ထိုက်ဇီ' ဟူသော စကားလုံးနှစ်ခု ပေါင်းစပ်သွားသည့်အခါ ဤမျှအထိ နားထောင်လို့ ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
'အစ်ကိုတော်ထိုက်ဇီ...'
‘အစ်ကို အားရှထက် အများကြီး နားထောင်လို့ ကောင်းတယ်’
လဲ့ကျစ်၏ နှုတ်ဖျားက ထွက်ပေါ်လာသော လေနွေးနွေးလေးက ဟော်တူ၏ နားရွက်များကို ညင်သာစွာ ပွတ်သပ်သွားသကဲ့သို့ ခံစားရစေပြီး သူ့နားရွက်ထိပ်လေးများပင် အနည်းငယ် ပူထူသွားရသည်။
“အဟမ်း... အဟမ်း...”
ဘေးမှ အန်းရွှယ်က ဟော်တူ သတိပြန်ဝင်လာစေရန် ရည်ရွယ်ပြီး တမင်တကာ ချောင်းဆိုးလိုက်သည်။ ထိုအခါမှ ဟော်တူ သတိပြန်ဝင်လာပြီး ရှေ့တွင်ရှိနေသော လင်းယွိရှန့်ကို လှမ်းကြည့်လိုက်သည်။ သူမ ခုန ဘာတွေပြောသွားသည်ကို လုံးဝ မကြားလိုက်ရပေ။ သူမ၏ နှုတ်ခမ်းများ လှုပ်ရှားနေသည်ကိုသာ သူ ဝေဝေဝါးဝါး မြင်လိုက်ရသည်။
'ဆူညံလွန်းတယ်...'
နောက်ဆုံးအကြိမ် တွေ့ဆုံစဉ်က လဲ့ကျစ်ကို စော်ကားမော်ကား ပြောဆိုခဲ့သည့် စကားလုံးများက လင်းယွိရှန့်၏ ပါးစပ်မှ ထွက်ကျလာခဲ့သည်ကို ဟော်တူ မမေ့သေးပေ။ သူ၏ နက်မှောင်သော မျက်ဝန်းအစုံတွင် နှင်းခဲအလွှာများကဲ့သို့ အေးစက်မှုများ တဖြည်းဖြည်း ဖုံးလွှမ်းလာသည်။
ဟော်တူက မျက်ခုံးများကို တင်းတင်းကြပ်ကြပ် ပင့်တင်လိုက်ရာ သူ၏ အေးစက်သော မျက်လုံးများထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ စွန်းထင်းလာတော့သည်။ သို့သော် သူက ယိမ်းယိုင်နေသော နှလုံးသားကို ပြန်လည်ထိန်းချုပ်ကာ လူသတ်လိုသည့်ဆန္ဒကို အတင်းအကျပ် နှိမ်နှင်းလိုက်သည်။
'သူမကို သတ်လိုက်ရင်လည်း ဘာအကျိုးအမြတ်မှ ရှိမှာမဟုတ်ဘူး။ ဒါက အလုပ်မဖြစ်ဘူး။ သည်းခံရမယ်... ငါ သည်းခံမှဖြစ်မယ်'
“မင်းက လင်း...”
ဟော်တူက သူမ လင်းမိသားစုမှ ဖြစ်ကြောင်း သိထားသဖြင့် နာမည်ခေါ်ရန် ပါးစပ်ဟလိုက်သော်လည်း သူမ၏ အမည်ကို လုံးဝ မမှတ်မိတော့ပေ။ ဟော်တူ၏ အေးစက်သောအသံကို ကြားလိုက်ရရုံဖြင့် လင်းယွိရှန့်က အလွန်ပျော်ရွှင်သွားပြီး အလောတကြီး ဝင်ပြောလိုက်သည်။
"အစ်ကိုတော်ထိုက်ဇီ...အရှင့်သား ၊ ကျွန်မရဲ့နာမည်က ယွိရှန့်ပါ"
"လင်းယွိရှန့်"
ဟော်တူက ခပ်ယောင်ယောင် ရယ်မောလိုက်ပြီး ထပ်မေးလိုက်သည်။
“ထိုက်ဝေလင်းချီ ရဲ့ သမီးလား”
လင်းယွိရှန့်က ရှက်ရွံ့စွာဖြင့် ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြန်ထူးလိုက်သည်။ ထိုအချိန်တွင် ဟော်တူ၏ နှုတ်ဖျားမှ ပြတ်သားသော စကားသံများ ထွက်ပေါ်လာသည်။
“အဲ့ဒီလို သိမ်ဖျင်းတဲ့ အပြုအမူတွေ၊ အမြင်ကျဉ်းတဲ့ အတွေးအခေါ်တွေနဲ့ ကိုယ့်ခံစားချက်ကိုတောင် မထိန်းချုပ်နိုင်တာက တာ့ချီရဲ့ မြင့်မြတ်တဲ့ မိန်းကလေးတွေမှာ ရှိသင့်တဲ့ပုံစံလား”
သူ၏ လေသံက တည်ငြိမ်နေသော်လည်း စကားလုံးတိုင်းတွင် သရော်လှောင်ပြောင်မှုများနှင့် မထီမဲ့မြင်ပြုမှုများ ပြည့်နှက်နေသည်။ လင်းယွိရှန့်လည်း သူမ ကြားလိုက်ရသည့် စကားကြောင့် ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်လျက် လဲကျသွားသည်။
'သိမ်ဖျင်းတဲ့ အပြုအမူ... အမြင်ကျဉ်းတဲ့ အတွေးအခေါ်...'
ဤစကားအနည်းငယ်က သူမ၏ နှလုံးသားကို ဓားဖြင့် ထိုးနှက်ခံလိုက်ရသလို ခံစားရစေသည်။ သူမ ရင်ထဲတွင် ဆိုးဆိုးရွားရွား နာကျင်သွားရသည်။ လင်းယွိရှန့်၏ ဦးနှောက်တစ်ခုလုံး ကမောက်ကမ ဖြစ်သွားပြီး တစ်ခုခုကို အမြန်ရှင်းပြချင်သော်လည်း စကားလုံးများက လည်ချောင်းဝ၌ တစ်နေပြန်သည်။
“ကျွန်မ... ကျွန်မ... အရှင့်သား... အဲ့ဒါက...”
“ဒီမင်းသားက မင်းကို ထပ်မတွေ့ချင်တော့ဘူး။ အနာဂတ်မှာ ငါ့ကို မြင်ရင် လမ်းလွှဲသွားတာက မင်းအတွက် အကောင်းဆုံးပဲ”
ဟော်တူက သူ၏ တုတ်ကောက်ကို ကောက်ကိုင်လိုက်ပြီး အဝေးသို့ လှည့်ထွက်သွားရင်း ထပ်ပြောလိုက်သည်။ သူက လင်းယွိရှန့် ဘေးနားမှ ဖြတ်သွားစဉ် သူမ ဒူးထောက်ထားသော ကြမ်းပြင်ကို တစ်ချက်ငုံ့ကြည့်ကာ မကျေမနပ်ဖြင့် အမိန့်ပေးလိုက်သေးသည်။
“တစ်ယောက်ယောက် လာခဲ့စမ်း... ဒီပင်မခန်းမဆောင်ထဲက ကြမ်းခင်းပြားတွေကို အကုန်လဲပစ်လိုက်”
အန်းရွှယ်က လေးနက်သောအသံဖြင့် နာခံကြောင်း တုံ့ပြန်လိုက်သည်။ သူက ထွက်ခွာသွားသော ဟော်တူ၏ ကျောပြင်ကို ကြည့်ကာ ကြမ်းပြင်ပေါ်တွင် ဝမ်းနည်းပူဆွေးစွာ ဒူးထောက်ကျန်ရစ်ခဲ့သော လင်းယွိရှန့်ကို ပြန်လှည့်နေပြန်သည်။
'ထိုက်ဇီဖေးသာ ဒီမြင်ကွင်းကို လူကိုယ်တိုင် မြင်ခဲ့ရင် အရှင့်သားဆီမှာ လင်းယွိရှန့်ကို မသတ်ဖို့ တားခဲ့တာကို နောင်တရနေမလားပဲ'
‘အမှန်စင်စစ်တော့ သေခြင်းတရားဆိုတာက ဓားတစ်ချက်စာလောက်ပါပဲ။ ပြီးတော့ အရှင့်သားက… အသည်းခွဲသမားကြီး’
.......။.......။......
လဲ့ကျစ်က ကျောက်ထိုင်ခုံပေါ်တွင် ထိုင်နေရင်း လက်ထဲမှ မွှေးပျံ့နေသော ဆေးဆီပုလင်းလေးကို ငေးကြည့်နေမိသည်။ အညိုရောင် ဆေးပုလင်းလေးက အနည်းငယ် အေးစက်နေပြီး သူမ၏ လက်ဖဝါးဆီသို့ အအေးဓာတ် ခပ်ပါးပါးလေး ဖြန့်ဝေပေးနေသည်။
သူမ၏ မျက်နှာထက်တွင် လေးနက်သော အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။ ဟော်တူ စောနက ထွက်သွားချိန်တွင် ပေါ့ပေါ့ပါးပါး ရယ်မောသွားခဲ့သဖြင့် သူမတို့ကြားမှ သဘောတူညီချက်အတိုင်း ဖြစ်လာလိမ့်မည်ဟု ယူဆနိုင်သော်လည်း လင်းယွိရှန့်၏ စိတ်နေစိတ်ထားကြောင့် ဟော်တူ ဒေါသထွက်သွားခဲ့လျှင် ဤမရေရာသော ကတိက အလုပ်ဖြစ် မဖြစ် မသိနိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခု ခြံဝင်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသည်။ လဲ့ကျစ်က စိတ်အားထက်သန်စွာဖြင့် ထိုင်ရာမှထကာ ဟော်တူရှိရာသို့ ပြေးသွားလိုက်သည်။ သူ့ရှေ့သို့ ရောက်သည်နှင့် သူမ၏ မျက်လုံးဝိုင်းလေးများဖြင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်အောက် လှည့်ပတ်စစ်ဆေးကြည့်လိုက်သည်။
'ကံကောင်းလိုက်တာ... သူ့အဝတ်အစားတွေမှာ သွေးစွန်းနေတာမျိုး မရှိဘူး'
သက်ပြင်းတစ်ချက် ချလိုက်မိသော်လည်း လဲ့ကျစ်၏ နှလုံးသားက ပြန်လည်တုန်လှုပ်သွားရပြန်သည်။
'ဟော်တူက လူတစ်ယောက်ကို သတ်ဖို့ ဘယ်တုန်းက သူ့လက်ကို ကိုယ်တိုင်သုံးလို့လဲ။ ဘေးကနေပဲ အေးအေးလူလူ ကြည့်နေတတ်တာ မဟုတ်ဘူးလား'
ဤသို့တွေးမိသည်နှင့် သူမ သူ့အနားသို့ တိုးကပ်သွားပြီး နှာသီးဖျားလေးဖြင့် အသာအယာ ရှူကြည့်လိုက်သည်။ သွေးနံ့ လုံးဝ မရပေ။ သူမ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ စိတ်ချလက်ချ ပြုံးလိုက်မိသည်။
“အရှင့်သားက ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး... ဟုတ်တယ်မလား”
ဟော်တူက ညင်သာစွာ နှာမှုတ်လိုက်ပြီး ကျောက်စိမ်းဘီးတပ်ကုလားထိုင်၏ ဘေးနားသို့ လျှောက်သွားကာ ဝင်ထိုင်လိုက်သည်။
'ဒီမိန်းကလေးကတော့... တစ်ခုခု တောင်းဆိုစရာရှိရင် ‘အစ်ကိုတော်ထိုက်ဇီ’ လို့ ညင်ညင်သာသာ ခေါ်တတ်ပြီး အလုပ်ပြီးသွားတဲ့အခါကျတော့ “အရှင့်သား” လို့ပဲ ရိုးရိုးရှင်းရှင်း ခေါ်တော့တာလား၊ ငါ့ကို တကယ်ပဲ မထီမဲ့မြင် ပြုနေတာပဲ'
ဟော်တူ၏ မကျေမနပ်ဖြစ်နေသော အကြည့်ကို တွေ့လိုက်ရသဖြင့် လဲ့ကျစ် ခဏတာမျှ ထိတ်လန့်သွားသော်လည်း ယခုအခါ သူ့အကျင့်ကို ကျင့်သားရနေပြီ ဖြစ်၍ ယခင်ကလောက် မကြောက်တော့ပေ။ သူမ သူ့နောက်သို့ ဖြည်းညှင်းစွာ လိုက်သွားပြီး ဟော်တူ၏ အနားတွင် ဝင်ထိုင်လိုက်သည်။ သူမက ဘာမှ ထပ်မပြောတော့ဘဲ ရေနွေးပူဖြင့် လောင်းခဲ့မိသော သူ့လက်ကို အသာအယာ ဆွဲယူလိုက်သည်။
အချိန်မီ ဆေးမလိမ်းခဲ့သောကြောင့် သူ့လက်ဖမိုးပေါ်ရှိ မီးလောင်ဖု အနီကွက်များက အရေပြားပေါ်တွင် ရေးထွင်းထားသကဲ့သို့ နီရဲနေသည်။ လဲ့ကျစ်၏ ရင်ထဲတွင် တင်းကျပ်သွားရသည်။
'ဟော်တူရဲ့ လက်တွေက အရမ်းကြည့်ကောင်းတာလေ... မီးလောင်ဒဏ်ရာတွေ ကျန်ခဲ့ရင် နှမြောစရာကြီး'
တရားခံဖြစ်သော လဲ့ကျစ်က အပြစ်ရှိစိတ်ဖြင့် ဆေးပုလင်းအဖုံးကို ဖွင့်ကာ လက်ချောင်းထိပ်လေးများကို အေးစက်နေသော ဆေးမြှုပ်ထဲသို့ အနည်းငယ် နှစ်လိုက်သည်။ သူမ ဆေးလိမ်းပေးရန် ပြင်နေစဉ်မှာပင် ကိုယ်ရံတော်အန်းရွှယ်က ကမန်းကတန်း ပြေးဝင်လာသည်။
“အရှင့်သား... နန်းတော်က အမိန့်တော် ရောက်လာပါတယ်၊ ဧကရာဇ်မင်းမြတ်က အရှင့်သားကို နန်းတော်ထဲ ချက်ချင်းဝင်ဖို့ အမိန့်ချလိုက်ပါတယ်”
ငြိမ်ကျသွားသော လဲ့ကျစ်၏ နှလုံးသားက ပြန်လည် စိုးရိမ်ပူပန်လာရပြန်သည်။ တော်ဝင်အမိန့်တော်ကို ဖီဆန်ခဲ့သည့်ကိစ္စက လွယ်လွယ်နှင့် ပြီးဆုံးသွားမည်မဟုတ်ကြောင်း သူမ ကောင်းကောင်း သိနေသည်။ သူမ၏ လက်ချောင်းထိပ်မှ ဆေးဆီများက အရေပြားထဲသို့ စိမ့်ဝင်ကာ အေးမြလန်းဆန်းစေရမည် ဖြစ်သော်လည်း သူမကတော့ ဟော်တူကို တွေတွေကြီး စိုက်ကြည့်နေပြန်သည်။
ဟော်တူက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ ထို့နောက် သူက တုတ်ကောက်ကို ကောက်ကိုင်ကာ နန်းတော်သို့ သွားရန် မတ်တပ်ထရပ်လိုက်သည်။
“လိမ်း... ဆေးလိမ်းပြီးမှ သွားပါ”
လဲ့ကျစ်က သူ့အင်္ကျီလက်ဝကို စိတ်အားထက်သန်စွာ ဆုပ်ကိုင်ထားရင်း တားလိုက်သည်။ သူမ၏ လေသံက ထိတ်လန့်နေပုံ ရနေသည်။ သို့သော် ဟော်တူက သူမလက်ထဲမှ ဆေးပုလင်းကို လှမ်းယူပြီး ကျောက်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ထို့နောက် ဒဏ်ရာရနေသော လက်ဖဝါးကို မြှောက်ကာ သူ့၏အပူလောင်နေသော အနီစက်များကို လဲ့ကျစ်၏ နှုတ်ခမ်းဖူးဖူးလေးများနှင့် ညင်သာစွာ ထိတွေ့လိုက်သည်။ သူက ဒဏ်ရာရနေသည့် လက်နောက်ကျောကို သူမ၏ နှုတ်ခမ်းနားတလျှောက် ဖြည်းဖြည်းချင်း ပွတ်တိုက်နေပြီး၊ သူမ၏ ဝင်သက်ထွက်သက် နွေးနွေးလေးများဖြင့် ဆေးလိမ်းနေသလို ပြုမူနေသည်။
လဲ့ကျစ်ကတော့ မှင်သက်နေသည်။ သူမက ဟော်တူ၏ မျက်ဝန်းထဲမှ နူးညံ့သောအကြည့်များကို ကြောင်တောင်တောင်လေး စိုက်ကြည့်နေသည်။
'သူ ဘာတွေ လုပ်နေတာလဲ... သူကိုယ်တိုင်ရော သိရဲ့လား'
“ကျွစ်...”
ဟော်တူက သူ့လက်ကို ပြန်ရုပ်လိုက်ပြီး လဲ့ကျစ်၏ ပူနွေးနေသော ပါးပြင်နုနုကို သူ့လက်ချောင်းများဖြင့် ပွတ်သပ်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ကိုယ့်အတွက် စိတ်ပူလို့လား”
“အင်း...”
လဲ့ကျစ်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
လောကကြီးက မှန်းဆ၍မရနိုင်ကြောင်းကို ရုတ်တရက်ဖြစ်ပေါ်လာတတ်သည့် အပြောင်းအလဲများအား ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားဖူးသည့် လဲ့ကျစ်က အသိဆုံး ဖြစ်သည်။ ထို့ကြောင့် သူမက မထင်မှတ်သော လမ်းခွဲခြင်းမျိုးကို အမြဲတမ်း ကြောက်ရွံ့နေတတ်သည်။
တာ့ချီဧကရာဇ် ဟော်ချန်ယွင်က ရက်စက်သော စိတ်ထားရှိပြီး မိမိသားအရင်းဖြစ်သူ ဟော်တူအပေါ်တွင်လည်း ဂရုစိုက်မှုကင်းမဲ့ကြောင်း အထင်အရှား တွေ့မြင်နိုင်သည်။ ယခု ဟော်တူက တော်ဝင်အမိန့်တော်ကို ပွင့်ပွင့်လင်းလင်း ဖီဆန်လိုက်သောကြောင့် ဧကရာဇ်က သူ့ကို နန်းတော်ထဲသို့ အလျင်အမြန် ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် လဲ့ကျစ်လည်း စိုးရိမ်စိတ်များဖြင့် ရင်တလှပ်လှပ် ဖြစ်နေရသည်။
'ဟော်တူသာ တစ်ခုခုဖြစ်သွားရင် ငါ့ရဲ့ လက်စားချေမယ့် အစီအစဉ်တွေ အကုန်ပျက်စီးကုန်မှာပဲ။ အဲ့ဒီအခါကျရင် ဟော်ရှကို ဆွဲဆောင်ရတဲ့ နည်းလမ်းဟောင်းဆီ ပြန်သွားရတော့မှာလား'
ယခုအချိန်တွင် လဲ့ကျစ်က ဟော်ရှ၏ မျက်နှာကို တွေးလိုက်ရုံနှင့် အလွန်ရွံရှာနေမိပြီ ဖြစ်သည်။ သူမကိုယ်သူမလည်း ပြန်ပြီး မေးခွန်းထုတ်မိနေသေးသည်။
'ငါ တကယ်ပဲ အဲ့ဒီလူကို တည်ငြိမ်တဲ့ အမူအရာနဲ့ ပြန်ပြီး သွေးဆောင်နိုင်ပါဦးမလား၊ မဖြစ်နိုင်တော့ဘူး... ဘယ်လိုမှ မလုပ်နိုင်တော့ဘူး'
“ဒါဆို... နားထောင်လို့ကောင်းတာ တစ်ခုခု ပြောဦးလေ”
ဟော်တူ၏ အသံကြောင့် အတွေးများ ပြတ်တောက်သွားရသည့် လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြန်သည်။ သူမက ဟော်တူ၏ လည်ပင်းနားသို့ သူမ၏ ပါးပြင်လေး ကပ်လိုက်ရင်း တိုးတိုးလေး ခေါ်လိုက်သည်။
“အစ်ကိုတော်ထိုက်ဇီ... အစ်ကိုတော်ထိုက်ဇီ... အစ်ကိုတော်ထိုက်ဇီ...”
ဟော်တူ ဘာကို ကြားချင်နေမှန်း သူမ သိနေပြီး သူ အလိုရှိသည့်အတိုင်း သူမ လုပ်ဆောင်ပေးလိုက်ခြင်းပင်။
လဲ့ကျစ်၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားသော နောင်တများစွာ ရှိနေခဲ့သည်။ ဆွေမျိုးရင်းချာများ ရုတ်တရက် သေဆုံးသွားခြင်း၊ မိမိ၏ ဝတ္တရားများကို မပြည့်စုံနိုင်ခဲ့ခြင်းနှင့် သူတို့ကို ပြောပြရန် အချိန်မရခဲ့သော စကားများစွာ ရှိနေခဲ့သည်။
'တကယ်လို့ ဒါက ဟော်တူနဲ့ ငါ နောက်ဆုံးတွေ့ရတာမျိုး ဖြစ်ခဲ့ရင်... သူ ထွက်မသွားခင်မှာ သူ နည်းနည်းပိုပြီး ပျော်ရွှင်သွားအောင် လုပ်ပေးချင်မိတယ်'
သို့သော် ထိုအခေါ်အဝေါ်ကို ခေါ်လိုက်တိုင်း လဲ့ကျစ်၏ နှလုံးသားလည်း အနည်းငယ် တုန်လှုပ်နေခဲ့သည်။ သူမ၏ နှလုံးသားကို မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် အခိုင်အမာ ဆုပ်ကိုင်ထားသကဲ့သို့ ခံစားနေရပြီး သူမ၏မျက်ဝန်းအိမ်တွင်လည်း မျက်ရည်များ ဝဲတက်လာသည်။ ထိုခဏ၌ သူမ၏ အတွင်းစိတ်ထဲမှ မေးခွန်းတစ်ခု ပဲ့တင်ထပ်လာပြန်သည်။
'မင်း တကယ်ပဲ ကြောက်နေတာလား၊ အဲ့ဒီလို ကြောက်နေတာက မင်းရဲ့ လက်စားချေဖို့ အစီအစဉ်အတွက်ကြောင့်လား... ဒါမှမဟုတ် တခြားအရာကြောင့်လား'
သူမ၏ ပါးစပ်ထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြန်သည်။
“ကောင်းပြီလေ”
ဟော်တူက သူ့လက်ကို မြှောက်လိုက်ပြီး လဲ့ကျစ်၏ လည်ပင်းနောက်ဘက်သို့ လက်ဖဝါးတင်ကာ ညင်ညင်သာသာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူမ၏ နားရွက်နားသို့ ကပ်လျက် တိုးတိုးလေး ကပ်ပြောလိုက်ပြန်သည်။
ဟော်တူ ထွက်သွားပြီးသည့်တိုင် လဲ့ကျစ်က ထိုနေရာ၌ ကြောင်တောင်တောင်လေး ရပ်ကျန်ရစ်ခဲ့သည်။ သူ့စကားလုံးများက သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေဆဲပင်။
“အခု မခေါ်နဲ့ဦး... ကိုယ် ပြန်လာတာကို စောင့်နေ၊ ဒီညနေကျမှ ခေါ်ဖို့အတွက် ချန်ထားပေးဦး၊ အိပ်ရာပေါ်ရောက်ရင် ကိုယ့်ကို အဲ့ဒီလိုခေါ်ဖို့ မမေ့နဲ့နော်”
'မိုက်မဲလိုက်တဲ့ စကားတွေ... အဓိပ္ပာယ်မရှိတာတွေ... ပေါက်ကရတွေ'
လဲ့ကျစ်က စိုးရိမ်စိတ်နှင့် ရှက်ရွံ့မှုများ ရောပြွမ်းနေဟန်ဖြင့် သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်ထားသည်။ သူမက အမိန့်တော်ကို ဖီဆန်ခဲ့သော ဟော်တူအတွက် ပြစ်ဒဏ်တစ်ခု ရုတ်တရက် ရောက်လာရန်ပင် မျှော်လင့်မိသွားသည်။
'သူ့ရဲ့ အဲ့ဒီလို ပေါက်ကရစကားတွေ ပြောတတ်တဲ့ ပါးစပ်ကို... အပ်နဲ့ပဲ ချုပ်ပစ်လိုက်ချင်တော့တယ်'
......။........။........
ဒီစာရေးသူမှာ ပြောစရာပါရှိတယ်...
ကျစ်ကျစ် : ဒီသေသင့်တဲ့ ခြေမသန်တဲ့ သူရဲ့ ခြေထောက်က အာဏာဖီဆန်မှုကြောင့် ကျိုးသွားတယ်လို့တောင် ငါ သံသယဖြစ်မိတယ်။
ဟော်တူ: မြောင်...., မြောင်...., မြောင်....,
အခန်း ၄၄ ကြောက်ရွံ့မှု
ဟော်တူ နန်းတော်တံခါးဝသို့ လှမ်းဝင်လိုက်ချိန်တွင် ကောင်းကင်တစ်ခုလုံး တိမ်ထူထပ်ကာ အုံမှိုင်းနေပြီး နောက်ဆုံးတွင် နှင်းပွင့်ဖြူဖြူလေးများ တစ်လွှာပြီးတစ်လွှာ ကျဆင်းလာသည်။
သူက ကောင်းကင်ယံသို့ မော့ကြည့်နေပြီး သူ၏မျက်လုံးထဲသို့ တမင်တကာ ဝင်လာသော နှင်းပွင့်လေးများ အရည်ပျော်သွားသည်အထိ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သည်။
'လောကကြီးက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပေမယ့်... ရေခဲနဲ့ နှင်းတွေရဲ့ အေးစက်မှုကတော့ ထာဝရမပြောင်းလဲဘဲ ရှိနေမှာပဲ'
ဟော်တူက ကျောက်စိမ်းတုတ်ကောက်ကို အားပြုလျက် နန်းတော်လမ်းမပေါ်တွင် ဖြည်းညှင်းစွာ လျှောက်လှမ်းနေသည်။ သူ၏ ကျောပြင်က တဖြောင့်တည်း တည်မတ်နေဆဲပင်။ လမ်းတစ်လျှောက်ရှိ နန်းတွင်းအစေခံများနှင့် မိန်းမစိုးများက ဟော်တူ၏ ဘေးနားမှ ဖြတ်သွားကြချိန်တွင် ရပ်တန့်ကာ တရိုတသေ ခေါင်းငုံ့အရိုအသေ ပေးနေကြသည်။
နန်းတော်ထဲတွင် အိမ်ရှေ့စံနှင့် ပတ်သက်သော ကောလာဟလများက အလွန်ပင် များပြားလှသည်။ ထိုသတင်းအများစုက ကြောက်စရာကောင်းလှပြီး သူ၏ ပုံမှန် ညို့မှိုင်းအေးစက်နေသော အသွင်အပြင်ကလည်း ထိုကောလာဟလများကို အတည်ပြုပေးနေသကဲ့သို့ ရှိနေလေသည်။
သို့သော် နန်းတွင်းသူ နန်းတွင်းသားများအားလုံး ဝန်ခံရမည့်အချက်တစ်ခုက သူ၏ လှုပ်ရှားမှုတိုင်းတွင် ရှိနေသော ခမ်းနားထည်ဝါသည့် မင်းသားတစ်ပါး၏ အရောင်အဝါမျိုးကို အခြားမင်းသားများ မည်သို့မျှ လက်လှမ်းမမီနိုင်ခြင်းပင်။ ခြေထောက် မသန်စွမ်း ဖြစ်နေလျှင်ပင် သူ၏ အရှိန်အဝါက မှိန်ဖျော့မသွားခဲ့ပေ။
လေနှင့် နှင်းများက ပိုမိုပြင်းထန်လာပြီး ဟော်တူ၏ ဆံပင်များပေါ်တွင် နှင်းပွင့်များ အလွှာလိုက် ဖုံးအုပ်လာသည်။ သူက ရှေ့ကိုသာ အေးစက်စွာ စိုက်ကြည့်ရင်း တော်ဝင်ဥယျာဉ်ဆီသို့ ဦးတည်လျှောက်လှမ်းနေသည်။
လဲ့ကျစ် အပါအဝင် လူတိုင်းက ဟော်တူ တော်ဝင်အမိန့်တော်ကို ဖီဆန်ခဲ့သောကြောင့် ဟော်ချန်ယွင်က သူ့ကို အလျင်အမြန် ဆင့်ခေါ်သည်ဟု ထင်နေကြသည်။ သို့သော်လည်း ထိုအရာက အကြောင်းပြချက်အစစ်အမှန် မဟုတ်ကြောင်း ဟော်တူတစ်ယောက်တည်းသာ ကောင်းကောင်း နားလည်နိုင်သည်။
စိုစွတ်လာသော နှင်းပွင့်များက သူ၏ အနက်ရောင် ဆံနွယ်များကို စိုစွတ်သွားစေသည်။ သူ၏ နှုတ်ခမ်းထောင့်များက တဖြည်းဖြည်း တွန့်ကွေးလာသည်။
'လာပါ့ပွဲတော်က နီးနေပြီပဲ၊ အဲ့ဒီနေ့က ခမည်းတော်ရဲ့ တစ်နှစ်မှာ တစ်ကြိမ်သာပြတဲ့ "ချစ်ခင်မှု" တွေ ထွက်ပေါ်လာမယ့်နေ့ပေါ့လေ'
(လာပါ့* – နှစ်စဉ်နှစ်တိုင်း လပြက္ခဒိန်၏ ၁၂လပိုင်း ၈ ရက်နေ့ ပွဲတော်၊ အများအားဖြင့် နတ်မင်းရှစ်ပါးကို ပူဇော်တဲ့ပွဲတော်လို့ ယုံကြည်ကြပြီး ဗုဒ္ဓကို ပူဇော်တယ်လိုလည်း ယုံကြည်ကြပါတယ်တဲ့။ ပြီးတော့ အဲ့ပွဲတော်ပြီး နောက်သုံးပတ်လောက်ဆိုရင် နှစ်သစ်ကူးပြီမို့ နှစ်သစ်ကူးအကြိုပွဲလို့လဲ သတ်မှတ်ကြတယ်၊ အများအားဖြင့် ကျန်းမာစေဖို့၊ လာဒ်လာဘရွှင်စေဖို့ ရည်ရွယ်ပြီး ကျင်းပကြတယ်။ အဲ့နေမှာ လာဘထမင်းရည်/လာဘယာဂု ကိုသောက်လေ့ရှိကြတယ်)
တော်ဝင်ဥယျာဉ်အတွင်းရှိ အနီရောင်ဇီးပန်းပွင့်လေးများက ငွေဖြူရောင် နှင်းများကြားတွင် ပိုမိုနီရဲစွာ ပွင့်လန်းနေကြသည်။ ဟော်တူ လှမ်းကြည့်လိုက်ချိန်တွင် ဟော်ချန်ယွင်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ဇီးပန်းပင်ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုဇီးပန်းပင်က သူ့မယ်တော်ကိုယ်တိုင် စိုက်ပျိုးခဲ့သည့် အပင်ဖြစ်သည်။
ဟော်တူက ဖြည်းညှင်းစွာ ချဉ်းကပ်သွားသော်လည်း စကားတစ်ခွန်းမှ မပြောသလို၊ အလေးအမြတ်လည်း မပြုဘဲ ဟော်ချန်ယွင်၏ ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။ ဟော်ချန်ယွင်ကလည်း သူ့ကို အရေးမလုပ်ဘဲ ဇီးပန်းပင်ကိုသာ ငေးငေးငိုင်ငိုင် လှမ်းကြည့်နေသည်။
ကင်းလှည့်နေသော တော်ဝင်အစောင့်များ ဖြတ်သွားချိန်တွင်ပင် ထိုသားအဖနှစ်ဦးက လုံးဝ မလှုပ်မယှက် ရှိနေကြသည်။ သူတို့နှစ်ဦးကြားတွင် အေးစက်မာကျောသော အတားအဆီးတစ်ခု ကာရံထားသကဲ့သို့ ခံစားရစေပြီး ဘေးလူများ အနီးသို့ မကပ်ဝံ့အောင် ကြောက်ရွံ့နေစေသည်။
နန်းတွင်းအစေခံများနှင့် မိန်းမစိုးများကလည်း အသံပင် မထွက်ဝံ့ကြဘဲ ခြေသံကိုပင် သတိကြီးစွာ ထိန်းသိမ်းနေကြရသည်။ ညအချိန် ရောက်ရှိလာသဖြင့် နန်းတော်တစ်ခုလုံးကို ဆီမီးများ လင်းထိန်အောင် ထွန်းညှိလိုက်ကြပြီ ဖြစ်သည်။
“တူအာ...”
နောက်ဆုံးတွင် ဟော်ချန်ယွင်က စကားစပြောလာသည်။ သူ၏ အသံက နှင်းခဲများ ဖုံးလွှမ်းနေသကဲ့သို့ အေးစက်လွန်းလှသည်။
“မင်းရဲ့မယ်တော် ကွယ်လွန်သွားတဲ့ နှစ်ပတ်လည်နေ့ နီးလာပြန်ပြီ၊ ဒီနှစ်ရော... မင်း သူ့ကို မတွေ့ချင်သေးဘူးလား”
ဟော်တူက နှုတ်ခမ်းကို မဲ့လိုက်ရင်း ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။
“ခမည်းတော်ဧကရာဇ်က သူ့ကို သွားတွေ့ရင် လုံလောက်ပါပြီ”
ထိုစကားကို ကြားလိုက်ချိန်တွင် ဟော်ချန်ယွင်က မျက်လွှာပင့်ကြည့်လာသော်လည်း ဘာမှ မပြောဘဲ ဘေးသို့ အကြည့်ပြန်လွှဲသွားသည်။
ဟော်တူက မဆင်မခြင် နေထိုင်တတ်သူ ဖြစ်သော်လည်း ရှေ့တွင်ရှိနေသည့် ကြောင်သူတော်ယောင်ဆောင်ကာ ချစ်ခင်ဟန်ပြတတ်သော ဤလူနှင့်အတူ အတူကစားပေးရန် စိတ်ဝင်စားခြင်း မရှိပေ။ သူက ချည်သားခြေနင်းဖိနပ်ကို အနည်းငယ် မတင်ကာ နောက်ပြန်လှည့်လိုက်ပြီး ပြန်ထွက်ရန် အသင့်ပြင်လိုက်သည်။
“အဲ့ဒီလဲ့ကျစ်ကို... မင်း တကယ်ပဲ ကြိုက်လို့လား”
ဟော်ချန်ယွင်၏ မေးခွန်းကြောင့် ဟော်တူ၏ ခြေလှမ်းများ ခဏတာ ရပ်တန့်သွားသည်။ ထို့နောက် သူက စိတ်အားထက်သန်နေသကဲ့သို့ လေသံဖြင့် ပြန်ဖြေလိုက်သည်။
“ဒီသားတော်က သူ့ကို သဘောကျတာပေါ့...”
သူက သူ့လေသံတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသလို ပုံဖော်ရင်း ဆက်ပြောလိုက်သေးသည်။
“တတိယညီတော်ရဲ့ စေတနာကိုပဲ ကျေးဇူးတင်ရတော့မယ်၊ အဲ့ဒီလို စီစဉ်ပေးခဲ့တဲ့ သူ့ကြောင့်သာ မဟုတ်ရင်... ဒီသားတော်က ဘယ်လိုလုပ်ပြီး ဒီလောက် နွေးထွေးနူးညံ့တဲ့ ရင်ခွင်ထဲမှာ ယစ်မူးခွင့်ရပါ့ပလဲ”
ဟော်ချန်ယွင်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာ နှာမှုတ်လှောင်ပြောင်လိုက်သည်။
“ဟွန့်... ဟုတ်လား၊ အခုတော့ မင်းလည်း ယောက်ျားနဲ့ မိန်းမကြားက ကိလေသာတွေထဲမှာ ပျော်မွေ့နေတတ်ပြီပေါ့၊ ဒါဆို မင်းက ဘာဖြစ်လို့ တော်ဝင်အမိန့်တော်ကို ဖီဆန်တာလဲ၊ ချီမျိုးနွယ်တွေရဲ့ ကောင်းချီးကို ရတာက မင်းအတွက် မကောင်းဘူးလား”
“ဟက်...”
ဟော်တူက မထီမဲ့မြင် ပြုံးလိုက်ပြီးမှ လှောင်ပြောင်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ခမည်းတော်ဧကရာဇ်က ဒီသားတော်အတွက် တကယ့်အလှလေးကို အရင်ပေးခဲ့ပြီး... အခုကျတော့ ရုပ်ဆိုးတဲ့ တစ်ယောက်ကို ထပ်ပေးတယ်။ ဘာလဲ... ခမည်းတော်က အသက်ကြီးလာလို့ မျက်စိတွေ မှုန်သွားပြီလား”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီး ထိုအကြောင်းကို အလေးအနက် တွေးတောနေသည့်ဟန်ဖြင့် ဆက်ပြောလိုက်ပြန်သည်။
“တကယ်လို့ ခမည်းတော်က ဒီသားတော်ကို ဇနီးတစ်ယောက်ထက်ပိုပြီး ပေးချင်တယ်ဆိုရင်... ဘာလို့ ရှဖေးထိုင်က တစ်ယောက်ကို မပေးတာလဲ၊ အဲ့ဒါဆိုရင်တော့ လဲ့မျိုးနွယ်က ရင်သပ်ရှုမောဖွယ် အလှလေး နှစ်ယောက်ကို တစ်ပြိုင်တည်း ပိုင်ဆိုင်ရမှာ၊ အဲ့ဒါမှ ချီမျိုးနွယ်တွေရဲ့ ကောင်းချီးမင်္ဂလာ အစစ်အမှန် ဖြစ်မှာပေါ့”
“မင်း... မင်း အယုတ်တမာကောင်.... ထွက်သွားစမ်း”
ဟော်ချန်ယွင်က ဒေါသအလွန်အမင်း ထွက်သွားပြီး ကြမ်းတမ်းသော အမူအရာများပင် ထွက်ပေါ်လာသည်။ သူက အသက်ရှူကြပ်သွားသလို ခံစားနေရပြီး ဟော်တူကတော့ သူ့ကို ဂရုမစိုက်ပေ။ ဟော်တူ ထိုနေရာမှ ထွက်လာသည်မှာ ကြာလှပြီ ဖြစ်သည်။
နန်းတော်တံခါးမှ ထွက်လာသည်နှင့်တပြိုင်နက် ဟော်တူက သူ့အင်္ကျီလက်ဝထဲတွင် ခပ်တင်းတင်း ဆုပ်ထားသော လက်သီးကို ဖြေချလိုက်သည်။ သူ လက်သီးကို ပြင်းထန်စွာ ဆုပ်ထားခဲ့မိသဖြင့် သူ၏လက်သည်းရာများက လက်ဖဝါးပေါ်တွင် အနီရောင် အမှတ်အသားများအဖြစ် ထင်ကျန်နေခဲ့သည်။
သူ၏ မျက်နှာပေါ်မှ ဟန်ဆောင်အပြုံးများကလည်း မှိန်ဖျော့သွားပြီး သူ့အမူအရာက ရေခဲကဲ့သို့ အေးစက်သွားသည်။
‘အခုနပြောနေတဲ့ ဟော်ချန်ယွင်ရဲ့ စကားတွေက ပေါ့ပေါ့ပါးပါးလို့ ထင်ရပေမယ့် တကယ်တမ်းတော့ လျှို့ဝှက်စူးစမ်းမှုတွေ ရှိနေတာလေ။ ဟော်ချန်ယွင်က သူ ထိမ်းမြားလက်ထပ်ခြင်းအမိန့်ကို လက်မခံတာကို ဂရုမစိုက်ဘူး။ ဟော်ချန်ယွင် စိတ်ဝင်စားတာက သူက ဘာလို့ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်ကို ငြင်းပယ်ခဲ့လဲ ဆိုတာပါပဲ’
ဟော်ချန်ယွင်က 'လဲ့ကျစ်' ဟူသော နာမည်ကို ထုတ်ပြောလိုက်ချိန်တွင် ဟော်တူ၏ နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ ဤနှစ်များတစ်လျှောက် သူက သူ့၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိုပင် ဂရုမစိုက်ဘဲ နေထိုင်ခဲ့သော်လည်း လွန်ခဲ့သော ထိုအခိုက်အတန့်လေးအတွင်းတွင် သူ၏ ရင်ဘတ်တစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကာ အသက်ရှူကြပ်သည့်အထိ နာကျင်ခဲ့ရသည်။
'နံရိုးတွေထဲအထိ နာကျင်နေတာပဲ...'
ယခုန သူသာ တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့လျှင် ဟော်ချန်ယွင်၏ သံသယဖြစ်လွယ်သော ကိုယ်ရည်ကိုယ်သွေးအရ သူ့အတွေးများကို သေချာပေါက် သိရှိသွားမည်ဖြစ်သည်။
အမှန်စင်စစ် ဟော်တူ၏ တကယ့်ပြိုင်ဘက်က ဟော်ရှမဟုတ်ဘဲ သူ၏ ခမည်းတော် ဟော်ချန်ယွင် ဖြစ်နေခဲ့သည်။ ဟော်တူက နှစ်ပေါင်းများစွာကြာအောင် စီစဉ်မှုများ ပြုလုပ်ခဲ့သူဖြစ်ပြီး ရှုံးနိမ့်ခြင်း၏ ရလဒ်ကိုလည်း ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
'ရှုံးရင်တော့ သေရမှာပေါ့... အဲ့ဒါအပြင် ဘာမှ ထပ်ဆုံးရှုံးစရာ မရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် အနိုင်ရခဲ့ရင်တောင် တစ်နေ့မှာ သေရမှာပဲ။ ဒါက သေခြင်းတရား တစ်ခုပါပဲ'
သို့သော် ယနေ့တွင်မူ သူ့ရင်ဘတ်ထဲမှ အသက်ရှူကြပ်လောက်အောင် တင်းကျပ်နေသည့် ဝေဒနာကြောင့် ဟော်တူတစ်ယောက် ရုတ်တရက် အသိဝင်လာခဲ့သည်။
'ငါ... အခုတော့ ငါ လုံးဝ ရှုံးလို့ မဖြစ်တော့ဘူး'
......။......။........
ထိုက်ဇီ စံအိမ်တော်အတွင်း၌...
“ညောင်...”
လဲ့ကျစ်က ကုတင်ပေါ်တွင် မတ်မတ်ထိုင်နေပြီး သူမ၏ လက်နှစ်ဖက်ထဲ၌ 'ထော့ကျိုးလေးဟော်'ကို ပွေ့ချီထားသည်။ သူမ၏ လက်ဖဝါးနှင့် ကြောင်လေး၏ ခေါင်းကို ဖိမိသည်အထိ တစ်စုံတစ်ခုကို စဉ်းစားရင်း ကြောင်တောင်တောင်လေး ငေးနေခြင်း ဖြစ်သည်။
လက်ဖဝါးပေါ်သို့ ကြောင်မွှေးနုနုလေးများ၏ ပွတ်တိုက်မှုကို ခံစားလိုက်ရမှ လဲ့ကျစ် သတိပြန်ဝင်လာပြီး စားပွဲပေါ်ရှိ တောက်ပနေသော အနီရောင်ဖယောင်းတိုင်ကို ကြည့်လိုက်ပြန်သည်။ ဤဖယောင်းတိုင်က အခန်းတွင်း လန်းဆန်းစေရန် သူမ လင်းယွဲ့ကို ထွန်းခိုင်းထားခြင်း ဖြစ်ပြီး ယခုအခါ ကုန်လုနီးပါး ဖြစ်နေချေပြီ။
လဲ့ကျစ်က ကြောင်လေးကို ပွေ့ချီလျက် ကုတင်ပေါ်မှ ဆင်းကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အပြင်ဘက်မှ အမှောင်ထုထဲသို့ တွေတွေကြီး ငေးကြည့်နေမိပြန်သည်။
'ဟော်တူက ဘာလို့ အခုထိ ပြန်မလာသေးတာလဲ...'
ကံကောင်းထောက်မစွာဖြင့် နန်းတော်ဘက်မှ အခြားသတင်းဆိုးများ ထွက်ပေါ်မလာသေးပေ။
‘ဘာသတင်းမှ မကြားရသေးတာက အကောင်းဆုံးသတင်းပဲ’
ရုတ်တရက် တံခါးအပြင်ဘက်မှ လေးလံသော ခြေသံများနှင့်အတူ မြေပြင်ပေါ်သို့ တုတ်ကောက်ထောက်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ လဲ့ကျစ်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကြောင်လေးကို အောက်သို့ အသာချကာ တံခါးဆီသို့ အမြန်ပြေးသွားလိုက်သည်။ သူမ တံခါးဖွင့်ရန် လက်လှမ်းလိုက်စဉ်မှာပင် တစ်ယောက်ယောက်က တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သည်။
“ပြန်လာပြီလား...”
သူမ၏ လေသံထဲတွင် ထိန်းမနိုင်သိမ်းမရသော ပျော်ရွှင်မှုများ ရောယှက်နေသည်။ လဲ့ကျစ်က သူ၏ အင်္ကျီလက်ဝကို အရင်ဆွဲယူလိုက်ပြီးမှ လက်ကို လှမ်းဆွဲလိုက်သည်။ အေးခဲနေသော စိုစွတ်မှုကို ခံစားလိုက်ရသဖြင့် သူမ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။
ရင်းနှီးနေသော ရုပ်သွင်ကို မြင်လိုက်ရသဖြင့် ကြောင်လေးကလည်း ဟော်တူ၏ ခြေရင်းသို့ စိတ်လှုပ်ရှားစွာ ပြေးသွားပြီး ခေါင်းလေးမော့ကာ ဟော်တူကို ပွတ်သပ်လိုက်သည်။ သို့သော် ဟော်တူ၏ အဝတ်အစားများက နှင်းများအရည်ပျော်ခြင်းကြောင့် စိုရွှဲနေသဖြင့် ကြောင်လေး၏ ခြောက်သွေ့ပျော့ပျောင်းသော အမွှေးများကို စိုစွတ်စေကာ ချက်ချင်းဆိုသလိုပင် ဘောလုံးတစ်လုံးကဲ့သို့ စုကျုံသွားတော့သည်။
“ညောင်”
ကြောင်လေးက ဝမ်းနည်းစွာ အော်ဟစ်လိုက်ပြီး ရွံရှာသည့်ပုံစံဖြင့် ချက်ချင်း နောက်ပြန်လှည့်ထွက်ပြေးသွားတော့သည်။ လဲ့ကျစ်ကတော့ ထွက်မပြေးပေ။ သူမက ဟော်တူ၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်နှင့် သူ့နဖူးကို စမ်းကြည့်နေသည်။
ရေခဲတုံးတစ်တုံးကဲ့သို့ အေးစက်နေမှုကို ခံစားလိုက်ရပြီးနောက် သူမ၏ မျက်နှာမှ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။
“အပြင်မှာ နှင်းတွေ အသည်းအသန် ကျနေတာလေ... အရှင့်သားက ဘာလို့ ထီးမဆောင်းလာတာလဲ”
ရင်းနှီးနေသော နူးညံ့သည့်အသံလေးကို ကြားလိုက်ရသဖြင့် ဟော်တူလည်း ပြုံးလိုက်မိသည်။ သူမပါ အအေးမိသွားမည်ကို စိုးရိမ်သောကြောင့် သူက တည်ငြိမ်သောအမူအရာဖြင့် လဲ့ကျစ်၏လက်ကို ဖြည်းဖြည်းချင်း ဖယ်လိုက်ကာ ရေချိုးခန်းဘက်သို့ လျှောက်သွားလိုက်သည်။
“ကိုယ် အရင် ရေချိုးလိုက်ဦးမယ်”
“ရေချိုးခန်းထဲက ရေတွေက အေးနေပြီ၊ ရေနွေးရတဲ့အထိ စောင့်နေရင် တော်တော်ကြာမှာပေါ့”
လဲ့ကျစ်က သူ၏ ရွှဲနစ်နေသော အဝတ်အစားများကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း ထပ်ပြောလိုက်သည်။
“ကျွန်မတို့ ရေပူစမ်းကန်ကို သွားမလား”
ဟော်တူက ပြုံးနေပြီး လဲ့ကျစ်၏ လက်ဖမိုးပေါ်သို့ သူ့လက်ကို တင်လိုက်ကာ သူမကို လွှတ်ပေးရန် အရိပ်အယောင်ပြလိုက်သည်။
“အင်း... ကိုယ့်ဘာသာကိုယ် သွားလိုက်မယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် လဲ့ကျစ်က မျက်မှောင်ကြုတ်သွားပြန်သည်။ တစ်နေ့တာလုံး စုပြုံနေခဲ့သော သူမ၏စိုးရိမ်မှုများက ဒေါသအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
'နန်းတော်ထဲမဝင်ခင်ကတော့ ရိုင်းစိုင်းတဲ့စကားတွေ ပြောခဲ့ပြီး... အခုကျမှ လာပြီး တည်ငြိမ်ပြနေတာလား၊ ကောင်းပြီလေ...'
လဲ့ကျစ်က ပေါ့ပေါ့ပါးပါးလေး ညည်းတွားလိုက်သော်လည်း သူမ၏ လက်ကိုတော့ လုံးဝ မလွှတ်ပေးပေ။
“ဘာလဲ... အရှင့်သားထိုက်ဇီက ကျွန်မ ထိတာကို မကြိုက်ဘူးလား။ ကောင်းပြီလေ... အရှင့်သားက မထိစေချင်ဘူးဆိုရင်လည်း နောက်ဆို ကျွန်မ အရှင့်သားကို ထပ်မထိတော့ဘူး၊ ကတိပေးတယ်”
'အိုး... အကြိမ် ကိုးဆယ့်ကိုးကြိမ်တောင် ကျန်သေးတယ်လေ။ အဲ့ဒီတော့ အိပ်မက်ပဲ မက်နေလိုက်တော့'
ဟော်တူကတော့ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ဘဲ ကူကယ်ရာမဲ့ ဖြစ်နေခဲ့သည်။ သူမက သူ့ကို ပြန်လည်အံတုရန် စိတ်အားထက်သန်နေသော်လည်း သူမ၏ ဒေါသစိတ်က အလွန် တက်ကြွနေသည်မှာ အထင်အရှားပင်။ သို့သော် ဤအချက်ကပင် ကောင်းသောလက္ခဏာ ဖြစ်သည်။ သူ့အပေါ်တွင် ထားရှိသော သူမ၏ ကြောက်ရွံ့မှုများက တဖြည်းဖြည်း လျော့နည်းလာနေသည်ကို ပြသနေသည်။
ယခင်ကဆိုလျှင် လဲ့ကျစ် ဤကဲ့သို့သော ပုံစံမျိုး ဖြစ်လာလိမ့်မည်ဟု သူ တွေးပင် မတွေးရဲခဲ့ပေ။
'ချိုမြိန်ဖွယ်ကောင်းတဲ့ ညုတုတု အမူအရာလေးပဲ...'
“သွားကြရအောင်...”
ဟော်တူက သူမကို ဆက်တွဲခွင့်ပြုလိုက်သည်။
“ခဏစောင့်ဦး”
လဲ့ကျစ်က သူ့လက်ကို လွှတ်လိုက်ပြီး ဗီရိုဆီသို့ အမြန်ပြေးသွားကာ ထူထဲသော အပေါ်ရုံအင်္ကျီတစ်ထည်ကို ယူလာပြီး ဟော်တူကိုယ်ပေါ်သို့ ဂရုတစိုက် ခြုံပေးလိုက်သည်။
ဟော်တူက တစ်နေကုန် နှင်းထဲတွင် မတ်တပ်ရပ်နေခဲ့ရသူ ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က အေးခဲတောင့်တင်းနေခဲ့သည်။ သို့သော် ယခုအခိုက်အတန့်တွင်မူ ဟော်တူ၏ နှလုံးသားထဲသို့ နွေးထွေးမှုလေးတစ်ခု တစ်ဟုန်ထိုး တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုနွေးထွေးမှုက အပေါ်ရုံအင်္ကျီကြောင့်လား သို့မဟုတ် သူမကြောင့်လားဆိုသည်ကိုတော့ သူကိုယ်တိုင်ပင် မဝေခွဲနိုင်တော့ပေ။
နှစ်ယောက်သား ရေပူစမ်းကန်မှ ပြန်လာချိန်တွင် အချိန်က တော်တော်နောက်ကျနေပြီ ဖြစ်သည်။ ကုတင်ကန့်လန့်ကာများကို ချလိုက်ပြီးနောက် လဲ့ကျစ်က သူမ၏ ပါးပြင်လေးများကို အသာအုပ်လိုက်မိသည်။ ရေပူစမ်းကြောင့် ဖြစ်ပေါ်လာသည့် အပူရှိန်က ယခုထက်တိုင် မပျောက်သွားသေးပေ။ စောနက စိတ်မရှည်ဘဲ သူ့နောက်ကို ဇွတ်လိုက်သွားမိသည့်အတွက် သူမ အနည်းငယ် နောင်တရမိသွားသည်။
'သူ့ရဲ့ တည်ငြိမ်လေးနက်တဲ့ ပုံစံတွေက အတုအယောင်တွေပဲ၊ အပြင်အဝတ်အစားတွေကို ချွတ်လိုက်တာနဲ့ ပြုံးနေတဲ့ မျက်လုံးလေးတွေနဲ့ ငါ့ဆီ ရောက်လာတာ... တကယ့်ကို အမြတ်ထုတ်ချင်နေတဲ့ပုံပဲ'
စမ်းရေကန်နားမှ မြင်ကွင်းများက သူမ၏ မျက်လုံးထဲတွင် ပြန်လည် ထင်ဟပ်လာသည်။ ကန်ထဲမှ အပူချိန်က မြင့်မားလွန်းသဖြင့် လဲ့ကျစ် အသက်ကို ပြင်းပြင်းရှူခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူမ၏ အသိဉာဏ်က ကပ်နေသေးသဖြင့် အမြန်ပြေးထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
လဲ့ကျစ်က မျက်လုံးများကို တင်းတင်းမှိတ်ထားရင်း ဘာမှမတွေးတော့ရန် သူမကိုသူမ တွန်းအားပေးလိုက်သည်။
'အိပ်လိုက်တော့... နိုးလာရင် အရာရာ အဆင်ပြေသွားလိမ့်မယ်'
လဲ့ကျစ်ကိုယ်တိုင်လည်း တစ်နေ့တာလုံး ကြောက်ရွံ့စိုးရိမ်မှုများကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့ပြီး အလျင်အမြန် အိပ်ပျော်သွားခဲ့သည်။ အချိန်မည်မျှ ကြာသွားသည်ကို မသိနိုင်သော်လည်း သူမ၏ ဘေးနားမှ အသက်ရှူသံက တဖြည်းဖြည်း နှေးကွေးလာပြီး နာကျင်စွာ ညည်းညူးနေသည့်အသံအချို့ ထွက်ပေါ်လာသည်။
လဲ့ကျစ်က မူလကတည်းက အအိပ်ဆက်သူဖြစ်ပြီး အသံအနည်းငယ်ကြားသည်နှင့် နိုးလာခဲ့သည်။ သူမ အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ဟော်တူ၏ လက်မောင်းကို ထိရန် လက်လှမ်းလိုက်သည်။ ထိုအချိန်တွင် သူ့၏ညအိပ်ဝတ်စုံမှ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရသည်။
'သေချာတာက... သူလည်း စောနက ရေပူစမ်းမှာ စိမ်လာတာပဲလေ။ ဘာလို့ ဒီလောက် အေးစက်နေရတာလဲ'
လဲ့ကျစ်၏ နှလုံးသားက ထိတ်လန့်သွားပြီး အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူမ ထထိုင်ကာ ကုတင်ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သောကြောင့် အပြင်ဘက်ရှိ ဖယောင်းတိုင်မီးမှိန်မှိန်က ကုတင်ထဲသို့ စိမ့်ဝင်လာသည်။ သူမက ဟော်တူ၏ အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
“အရှင့်သား... နေလို့ မကောင်းဘူးလား”
“ဘာမှ မဖြစ်ပါဘူး... မင်း အရင် အိပ်နှင့်တော့လေ”
ဟော်တူက မျက်လုံးများကိုပင် မဖွင့်ဘဲ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။ သို့သော် လဲ့ကျစ်က မယုံပေ။ သူမက သူမ၏လက်လေးကို မြှောက်လိုက်ပြီး သူ့၏ ပါးပြင်၊ နဖူးနှင့် လည်ပင်းတို့ကို စမ်းကြည့်လိုက်သည်။
ဟော်တူ၏ ခန္ဓာကိုယ်က ရေခဲတုံးကဲ့သို့ အလွန်အမင်း အေးစက်နေပြီး နဖူးတွင်လည်း အေးစက်သော ချွေးစေးများ ထွက်နေသည်။
'ဘာမှမဖြစ်ဘူးတဲ့လား... ဒါက ကြီးကြီးမားမား ဖြစ်နေတာ အသိသာကြီးပဲလေ'
"အရှင့်သား.... ဘာဖြစ်နေတာလဲဟင်”
လဲ့ကျစ်၏ မျက်နှာလေးက စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ဖြူဖျော့သွားပြီး အသံများပင် တုန်ယင်နေသည်။ ဟော်တူကတော့ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမှ မဆိုဘဲ ငြိမ်သက်နေခဲ့သည်။ လဲ့ကျစ်က အလွန်စိုးရိမ်သွားပြီး သူ၏ ကြက်သွေးရောင် ညဝတ်ဝတ်စုံမှ ခါးစည်းကြိုးကို တင်းတင်းဆုပ်ကိုင်ကာ သူမ၏နှုတ်ခမ်းကို ဖိကိုက်ရင်း ထပ်ပြောလိုက်သည်။
“အရှင့်သား ဘာမှမပြောရင်... ကျွန်မဘာသာပဲ ကြည့်လိုက်တော့မယ်နော်”
လဲ့ကျစ်၏ စကားက ပြတ်သားတင်းမာနေသော်လည်း သူမ၏ နှလုံးသားကတော့ အားငယ်တုန်လှုပ်နေသေးသည်။ တကယ်တမ်းတွင် သူ ဘာမှမပြောဘဲ တားမြစ်နေလျှင် သူ့ဝတ်စုံကို ချွတ်ကြည့်ရန်အထိ သူမ သတ္တိမရှိသည်မှာ အမှန်ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့် ဟော်တူက သူ့မျက်လုံးများကို ဖွင့်ကြည့်လာသည်။ သူ၏ မျက်ဝန်းအိမ်ထဲတွင် အမှောင်ထုတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ပင်။ သူက လဲ့ကျစ်ကို လေးလေးနက်နက် စိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် စိတ်လျှော့လိုက်သည့်ဟန်ဖြင့် တိုတိုတုတ်တုတ် ပြောလာသည်။
“ခြေထောက်...”
နှစ်စဉ်နှစ်တိုင်း လာပါ့ပွဲတော်အကြိုကာလ ရောက်တိုင်း ဟော်တူက ခြေထောက်မှဖြစ်စေ၊ နှလုံးသားမှဖြစ်စေ အဆက်မပြတ် နာကျင်နေရတတ်သည်။ ထိုနာကျင်မှု၏ ကွာခြားချက်ကို သူကိုယ်တိုင်ပင် အတိအကျ မပြောပြနိုင်ပေ။ သို့သော် ယခုနှစ်တွင်မူ နာကျင်မှုက ပို၍ ဆိုးရွားလာသည်။ ယနေ့ နှင်းထဲတွင် အကြာကြီး ရပ်နေခဲ့ရခြင်းကြောင့်လည်း ဖြစ်နိုင်ပေလိမ့်မည်။
လဲ့ကျစ်က ကမန်းကတမ်း ထထိုင်လိုက်ပြီး သူ၏ ဘောင်းဘီအောက်နားကို ခြေသလုံးအပေါ်သို့ တွန်းတင်လိုက်သည်။ ထိုခြေထောက်က သာမန်ခြေထောက်နှင့်မတူဘဲ မသန်စွမ်းဖြစ်နေသော သူ၏ခြေထောက်ကို သူမ အနီးကပ် ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
လဲ့ကျစ်က သူ၏ခြေသလုံးမှ အားနည်းမှုကို ခံစားလိုက်ရပြီး လက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ ညင်သာစွာ ဆုပ်ကိုင်ကြည့်လိုက်သည်။ ထိုအခါမှ သူ၏ တစ်ကိုယ်လုံး အေးစက်နေရသည့် အရင်းအမြစ်ကို သူမ ရှာတွေ့သွားခဲ့သည်။ သူ၏ ခြေထောက်များက ရေခဲခန်းထဲမှ ထုတ်ယူလိုက်သော ရေခဲတုံးများကဲ့သို့ အေးစက်တောင့်တင်းနေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
ခြေသလုံးပေါ်ရှိ နက်မှောင်သောအနီရောင် အမာရွတ်ကြီးကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က မသိစိတ်ဖြင့် ထိုနေရာကို ပွတ်သပ်ပေးရန် လက်လှမ်းလိုက်မိသည်။ သူ့ကို ထိခိုက်နာကျင်စေမည်အား သူမ ကြောက်လန့်နေပြီး သူမ၏ လှုပ်ရှားမှုတိုင်းက အလွန်ပေါ့ပါးနေသည်။ သို့သော် သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များက ဝေဝါးလာခဲ့ပြီ ဖြစ်သည်။
“အဲ့ဒါက မနာပါဘူး...”
ဟော်တူ၏ မျက်လုံးများက သူမ၏ မျက်နှာပေါ်မှာပင် အမြဲရှိနေခဲ့ပြီး သူမ မမေးမီမှာပင် သူက အရင်ဖြေထားလိုက်သည်။ ၎င်းက အမှန်တရားပင်။ သူ၏ ခြေသလုံးက သွေးလည်ပတ်မှု ပြတ်တောက်နေသဖြင့် မည်သည့်အထိအတွေ့ကိုမျှ မခံစားနိုင်တော့သည်မှာ ကြာနေချေပြီ။ ရံဖန်ရံခါ ထုံကျင်တတ်သော်လည်း ၎င်းက ခြေထောက်မသန်စွမ်းဖြစ်ပြီးနောက် ဖြစ်ပေါ်လာသည့် တုန်လှုပ်ချောက်ချားဖွယ် ဝေဒနာတစ်ခုမျှသာ ဖြစ်သည်။
“ဘယ်သူက... အရှင့်သားကို ဒီလောက်အထိ နာကျင်အောင် လုပ်ခဲ့တာလဲဟင်”
ထိုစကားကို ပြောထွက်သွားပြီးမှ လဲ့ကျစ်ကိုယ်တိုင်ပင် အံ့ဩသွားရသည်။ ဤမေးခွန်းက သူမအနေဖြင့် စည်းကျော်သကဲ့သို့ ဖြစ်သွားပြီး မမေးသင့်သော မေးခွန်းဖြစ်နေသည်မှာ ထင်ရှားလှသည်။
......။........။.......
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ဟော်တူ : ၉၉ ကြိမ်ဆိုတော့ အခု ဘယ်နှစ်ခါ ကျန်သေးလဲ။
ကျစ်ကျစ်: ဘာမှ မရှိတော့ဘူး၊ ကုန်ပြီ။
ဟော်တူ : “......”