အဲဒါ သူပဲ
Vol. 14 Ch. 187
“ဒီလူက အခြားမျိုးနွယ်စု တစ်ခုခုက သူလျှိုဖြစ်တာကြောင့် အဲဒီလို စကားလုံးတွေကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့တယ်။ သူက ပုချန့်မျိုးနွယ်နဲ့ ဟန်တောင်တန်းကြားထဲ သဘောထား ကွဲလွဲမှုကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီလိုပြစ်မှုမျိုးကို သေဒဏ်ချမှတ်ခြင်းနဲ့ပဲ အပြစ်ပေးသင့်တယ်။ ငါကိုယ်တိုင် ဒီလူရဲ့ အသက်ကို အဆုံးသတ်ပေးမှာ ဖြစ်ပြီးတော့ စိန်ခေါ်မှုကို ဆက်လုပ်ဖို့ သဘောတူတယ်”
ပုချန့်မျိုးနွယ်စု အကြီးအကဲ၏ အသံသည် လေထုအတွင်း ပျံ့လွင့်လာခဲ့ပြီး ဟန်တောင်တန်းမြို့တော် အထက်တွင် အနက်ရောင် အခိုးအငွေ့ များနှင့် ဖုံးလွှမ်းခံထားရသည့် လူသည် ပေါက်ကွဲသံ တစ်ချက်နှင့်အတူ အသားအပိုင်းအစများ၊ သွေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် အောက်သို့ ပြုတ်ကျမလာခင်မှာပင် အနက်ရောင် မြူငွေ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေထုအတွင်း လွင့်ပါး ပျောက်ကွယ်သွားသည်။
တိုက်ခတ်နေသည့် လေသည် မြို့တော်အတွင်း လေထုထဲမှ သွေးနံ့တို့ကို အဝေးသို့ သယ်ဆောင်သွားခဲ့ပြီး ဟန်တောင်တန်းမြို့တော်မှ ဒေါသထွက်နေသည့် လူတို့ကို တစ်ဖြည်းဖြည်းတည်ငြိမ်သွားစေခဲ့သည်။
စုမင် သံကြိုး၏ သတ္တမမြောက်အပိုင်းတွင်ရပ်လျက် ဟန်တောင်တန်းမြို့တော်ဆီသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် မြို့တော်ရှိရာဆီသို့ လက်သီးနှင့် လက်ဝါးထပ်လျက် လေးနက်စွာ ဦးညွှတ်လိုက်သည်။
သူ ဦးညွှတ် လိုက်ပြီးသည်နှင့် မူလက တည်ငြိမ်နေခဲ့သည့် ဟန်တောင်တန်း မြို့တော်မှ လူအုပ်ကြီးသည် နောက်တစ်ကြိမ် တုန်လှုပ်စွာ ပြန်လည် အော်ဟစ်လာကြသည်။
“ဆရာ၊ မင်းက သံကြိုးတစ်ခုလုံးကို ပြီးဆုံးအောင် လျှောက်ရမယ်နော်။ နဝမမြောက်အပိုင်းကို ဖြတ်ကျော်ပြီးတော့ ဟန်တောင်တန်းရဲ့ အပြင်လူတွေဖြစ်တဲ့ ကျုပ်တို့ အားလုံးအတွက် တိုက်ခိုက်ပေးပါ”
“ဆက်သွားပါ။ ငါတို့အားလုံး မင်းကို စောင့်ကြည့်နေမယ်။ ကျေးဇူးပြုပြီး ရှေ့ဆက်လျှောက်ပါ”
“ပုချန့်တောင်ဆီကို ရောက်အောင်သွားပြီး မင်းရဲ့ စိန်ခေါ်မှုကို ပြီးအောင်လုပ်ပါ။ အေးခဲကောင်းကင်ကလန်ကို ဝင်ရောက်ပြီးတော့ ငါတို့ အပြင်လူ အချင်းချင်းအတွက် မျှော်လင့်ချက်တွေပေးပါ”
တစ်သံပြီးတစ်သံ များပြားလာခဲ့သော အသံများသည် ယခင်နှင့် ကွဲပြားခြားနား နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့၏ စကားလုံးများသည် အားပေးမှုများ၊ မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည်။ သူတို့အတွက်တော့ စိန်ခေါ်သူဖြစ်သည့် စုမင်သည် လူစိမ်းတစ်ယောက် မဟုတ်တော့ပါချေ။ သူသည် သူတို့အားလုံး၏ မျှော်လင့်ချက် အမှတ်အသားပင် ဖြစ်ပြီး ဟန်တောင်တန်းရှိ အပြင်လူ အားလုံးအတွက် ကိုယ်စားလှယ်ပင်ဖြစ်သည်။
“ညီနောင် မင်း စိန်ခေါ်မှုကို ပြီးမြောက်အောင် လုပ်ခဲ့ပါ။ မင်းပြန်လာတာနဲ့ ငါပွဲတစ်ခုကို ပြင်ဆင်ထားလိုက်မယ်။ လက်မောင်းချင်းချိတ်လို့ သောက်ကြတာပေါ့”
နန်ထျန်း၏ ပျော်ရွှင်နေသည့် အသံသည် လေထုအတွင်း ပျံ့လွင့်လာခဲ့သည်။
သူ့မျက်လုံးများ အတွင်းမှ လေးစားမှုတို့သည် သူပြောခဲ့သည့် ဖိတ်ခေါ်ချက်အား ပိုမို လေးနက်စေခဲ့သည်။
“ငါ့ကိုပါ ထည့်တွက်လိုက်”
လန်ယင်၏မျက်နှာသည် အေးစက်၍ သီးသန့်ဆန်နေဆဲ ဖြစ်သော်လည်း ထိုအခိုက်အတန့်တွင်တော့ သူ့နှုတ်ခမ်းများထက်တွင် တစ္ဆေတစ်ကောင်၏ အပြုံးကဲ့သို့ အပြုံးတစ်ခု ရှိနေခဲ့သည်။
“ငါ့ကိုလည်း ဖယ်မထားခဲ့ကြနဲ့လေ။ ညီနောင်နန်၊ မင်းက ဒီတစ်ကြိမ်တော့ ယစ်မူးပန်းပွင့်ဝိုင်ကို ထုတ်ရတော့မှာနော်”
ခဲ့ကျူးစစ်၏ ရယ်မောသံ ထွက်ပေါ်လာချိန်တွင် ဟန်တောင်တန်းမြို့တော် အတွင်းမှ ထွက်ပေါ်လာနေခဲ့သည့် အသံများကို ပိုမိုပြင်းထန် လာစေခဲ့သည်။
“ဒါက အလွယ်တကူ စီစဉ်လို့ ရပါတယ်။ ငါ ကျိန်းသေပေါက် ထုတ်သုံးရမှာပေါ့”နန်ထျန်း ပျော်ရွှင်စွာ ရယ်မောရင်း ပြောလိုက်သည်။
ရွှမ်းလွမ်မျက်နှာသည် ပိုမိုမည်းမှောင် သွားခဲ့ပြီး အဝေးတွင်သာ ရပ်လျက် စကားတစ်ခွန်းမှ ဝင်မပြောခဲ့ချေ။
စုမင် သူတို့၏ စကားလုံးများ အားလုံးကို ကြားရ၏။ သူ ခေါင်းကိုမော့လျက် ဟန်တောင်တန်းဆီသို့ အချိန်အတော်ကြာ ကြည့်နေခဲ့ပြီးနောက်မှ ပြန်လှည့်လိုက်ပြီး သံကြိုး၏ သတ္တမမြောက်အပိုင်း အဆုံးတွင်ရှိသည့် သတ္တမမြောက် ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်သည်။
သံကြိုးပေါ်တွင် အကြီးအကဲကို ထပ်မံမြင်တွေ့ရခြင်း မရှိတော့ပေ။ သူ့နှလုံးသား၏ နက်ရှိုင်းသည့်နေရာတွင် ဖုံးကွယ်ထားခဲ့သည့် ကောင်မလေးသည်လည်း ပေါ်မလာခဲ့ပေ။
ဤအချက်သည် မည်သည့်အရာကို ဆိုလိုကြောင်း စုမင် မစဉ်းစားလိုပေ။ သံကြိုးပေါ်မှ အရာအားလုံးသည် အတုအယောင် ဖြစ်သည်ဟုလည်း မိမိကိုယ်ကို တည်ငြိမ်စွာ မပြောနိုင်တော့ချေ။ သူ ဆက်လက်၍ သေချာမှု မရှိတော့ပေ။
ပြင်ပရှိ ဆူညံစွာ ဆွေးနွေးသံများကြားမှပင် စုမင် သံကြိုး၏ သတ္တမမြောက်အပိုင်း ပြီးမြောက်သည်အထိ ရှေ့သို့ တိတ်ဆိတ်စွာ လျှောက်လှမ်းခဲ့ပြီး သတ္တမကျောက်တိုင်ပေါ်တွင် မတ်တတ် ရပ်လိုက်သည်။
အနက်ရောင်တိမ်စိုင် များသည်တော့ ကောင်းကင်၏ အပိုင်းတော်တော်များများနှင့် အလင်းရောင်တို့ကို ဖုံးအုပ်ထားဆဲ ဖြစ်သော်လည်း ထိုအခိုက်အတန့်သည် ကောင်းကင်သည် အနည်းငယ် ပြန်လည် တောက်ပလာခဲ့သည်ကို သူမြင်လိုက်ရ၏။
“အဋ္ဌမမြောက် အပိုင်း …”
စုမင် သတ္တမမြောက် ကျောက်တိုင်ပေါ်တွင် အနားယူရန် မရပ်တန့်ခဲ့ပေ။ ထိုအစား ခြေကိုမလျက် သံကြိုး၏ အဋ္ဌမမြောက် အပိုင်းပေါ်သို့ ခြေလှမ်းလိုက်သည်။ သံကြုးပေါ်သို့ နင်းလျှောက်မိသည့် အခိုက်အတန့် အထိပင် သူမြင်တွေ့လိုသည့် ကောင်မလေးကို မြင်တွေ့ရခြင်း မရှိသေးချေ။ သို့သော် သူသည် ပုချန့်မျိုးနွယ်စုနှင့် အလွန်ပင် နီးကပ် နေခဲ့ပြီဖြစ်သည်။
ပုချန့်တောင်ပေါ်မှ သူ့ကိုအေးစက်စွာ ငေးစိုက်ကြည့်နေသည့် လူများကိုပင် သူမြင်နေရပြီ ဖြစ်သည်။
သံကြိုး၏ အဋ္ဌမမြောက်အပိုင်းကို လျှောက်လှမ်းချိန်တွင် အိုမင်းမှုနှင့် အချိန်တို့မှ ဖြစ်ပေါ်လာခဲ့သည့် ဖိအားကို စုမင်ခံစားမိသည်။ ခြေတစ်လှမ်း လှမ်းလိုက်ချိန်တိုင်းတွင် သူ၏အသက် စွမ်းအားများစွာ ကုန်ဆုံးနေခဲ့သည် ဆိုသည့် ခံစားချက်ကြီးပင် ဖြစ်သည်။ သူ၏ချီကို လှည့်ပတ်ထားခဲ့လျှင်ပင် သူဆက်လက် လျှောက်လှမ်းနိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
ပင်ပန်းနွမ်းနယ်မှုသည် စုမင်တစ်ကိုယ်လုံး ပြည့်နှက် နေခဲ့သည်။ ရှေ့သို့ ပေ၁၀၀ခန့် ရွေ့လျားခဲ့ပြီးချိန်တွင် သူ့အသက်ရှူသံက ပိုမိုပြင်းထန် လာခဲ့သည်။ ပင်ပန်းနွမ်းနယ်မှု များကြားမှ သူ၏ အသက်စွမ်းအားနှင့် ခွန်အားများ ကုန်ဆုံးနေခဲ့ရသည်ကို သူခံစားနိုင်၏။
သူသည် အချိန်နှင့်အမျှ ဖြည်းဖြည်းချင်း အိုမင်းလာနေ သကဲ့သို့ပင် ဖြစ်သည်။ အမှန်တကယ်တော့ သူအိုမင်းသွားခဲ့ပြီး အဆုံးတွင် ပြာများအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးသို့ လွင့်ပါးသွားရမည်ဟုပင် ခံစားနေရခြင်း ဖြစ်သည်။
‘ဒါက သံကြိုး အဋ္ဌမမြောက် အပိုင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုလား။ အချိန်က လျင်မြန်စွာ ကုန်ဆုံးနေခဲ့ပြီးတော့ ဘယ်သူမှအဲဒါကို သဘောမပေါက်နိုင်ခင်မှာပဲ ဒါက ပြီးဆုံးသွားပြီး ကျရှုံးသွားရလိမ့်မယ်’
စုမင် ရှေ့ဆက်လျှောက်ခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံး သွားခဲ့ပြီးမှန်း သူမသိချေ။ ကမ္ဘာလောကကြီးသည် တဖြည်းဖြည်းနှင့် အမှောင်ထုအတွင်းမှ လွတ်မြောက် လာခဲ့ပြီဖြစ်ပြီး စုမင် ကိုယ့်လက်ကို ပြန်ကြည့်လိုက်မိသည်။ အရေပြားပေါ်တွင် အရေးအကြောင်းများ ထွက်ပေါ်နေခဲ့ပြီး သူသည် လူငယ်တစ်ယောက် ဆက်မဟုတ်တော့ဘဲ အဘိုးအို တစ်ယောက်သဖွယ် ဖြစ်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် သံကြိုးအဋ္ဌမမြောက် အပိုင်း၏ တစ်ဝက်ခန့်ကိုသာ ဖြတ်သန်းခဲ့ ရသေးသည်။ ကျန်ရှိနေသည့် အပိုင်းတစ်ဝက်သည် လေထဲတွင် လှုပ်ယမ်းနေခဲ့ပြီး အချိန်သည် လူတို့အား စောင့်မနေဟူသည့် ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့သည်။
ကမ္ဘာလောကကြီး ထွန်းလင်း တောက်ပလာခဲ့ပြီး နံနက်ခင်းသို့ ရောက်ရှိ လာသည်နှင့်အမျှ ပုချန့်မျိုးနွယ်စု အကြီးအကဲနှင့် အခြားသူများသည်လည်း သံကြိုးပေါ်မှ တစ်ဆင့် သူတို့နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည့် စုမင်ကို အေးအေးဆေးဆေး ငေးကြည့် နေခဲ့ကြ၏။ သူတို့ အကြည့်များသည်တော့ အေးစက် နေခဲ့ကြသည်။
နေရောင်အောက်တွင် လင်းချင်းနေခဲ့ပြီ ဖြစ်သည့် ပုချန့်တောင်ဆီသို့ စုမင် မော့ကြည့်လိုက်သည်။ အေးစက်စက် အကြည့်များကို သူ တွေ့လိုက်ရပြီး ခဏတာ တိတ်ဆိတ် သွားခဲ့ရသည်။
‘ငါ ဆက်မသွားနိုင်တော့ဘူး ... အကယ်၍ ငါသာ အချိန်ရဲ့ စွမ်းအားကို မချိုးဖျက်နိုင်ဘူး ဆိုရင် ငါ သံကြိုးအဋ္ဌမမြောက် အပိုင်းရဲ့ အဆုံးသတ်အထိ လျှောက်လှမ်း နိုင်ခဲ့ရင်တောင်မှ ငါ့ရဲ့ အသက်စွမ်းအားတွေကို ဆက်လက်ဆုံးရှုံး သွားပြီးတော့ သေသွားလိမ့်မယ်’
‘ဒီလိုဆိုရင်တော့ ငါဘာမှ ... ထပ်ပြီး ဖုံးကွယ် မထားနိုင်တော့ဘူးပဲ’
စုမင်၏ မျက်လုံးများအတွင်း အလင်းတစ်ချက်က ဖျတ်ခနဲ လင်းလက် သွားခဲ့သည်။ တိမ်များ ဖုံးလွှမ်းနေသည့် ကောင်းကင်ကို ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် သွေးကြောများ ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။
သူတို့သည် သူ့မျက်နှာတွင် ပထမပေါ်လာခဲ့သည်။ ခဏအတွင်းမှာပင် သူဖုံးကွယ် ထားခဲ့သည့် သွေးကြောတို့သည် မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသွေးကြောများသည် ထူးဆန်းသည့် ရုပ်ပုံတစ်ခုသဖွယ်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တုန်လှုပ်ဖွယ် ကောင်း၍ စွမ်းအားကြီးမားသည့် အရှိန်အဝ ါတစ်ခုသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ် လာခဲ့သည်။ ထိုအရှိန်အဝါ ထွက်ပေါ် လာသည်နှင့် ကောင်းကင်မှ တိမ်စိုင် များသည်ပင် ပြောင်းလဲသွားဟန်တူပြီး အဝေးသို့ လွင့်ပါးတော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။
ပုချန့်တောင်ပေါ်မှ အကြီးအကဲနှင့် အခြားသူများသည် ထိုအရာကို ပထမဆုံး သတိပြုမိကြခြင်း ဖြစ်သည်။ အကြီးအကဲ၏ မျက်လုံးတို့သည် မှေးကျုံ့သွားပြီး အသားတောင်လေးသဖွယ် လူ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲ သွားခဲ့သည်။ ပုချန့်တောင်ပေါ်မှ လူများအားလုံးသည် သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသော မငြိမ်မသက်မှုများကို ခံစားလိုက်မိကြသည်။ ဤအရာသည် သူတို့ မထိန်းချုပ်နိုင်သည့် တွန်းအား တစ်ခုကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ဝတ်ရုံများအောက်မှ စုမင်၏ ကိုယ်လုံး အထက်ပိုင်းနှင့် လက်မောင်းများကို များစွာသော သွေးကြောများ ဖုံးလွှမ်းထားခဲ့ပြီး အံ့အားသင့်ဖွယ် အရှိန်အဝါသည် ဆက်လက် တိုးပွား လာနေခဲ့သည်။ ထို့နောက် ပိုမိုသန်မာသည့် အရှိန်အဝါ တစ်ခုသည် ကျယ်လောင်သည့် အသံတစ်ခုနှင့်အတူ ပေါက်ကွဲ ထွက်လာခဲ့၏။
သွေးကြောများအား ဖုံးကွယ်ထားချိန်တွင် လှည့်ပတ်ခြင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် အပြည့်အစုံ ဖော်ထုတ်ထားချိန်တွင် လှည့်ပတ်ခြင်းတို့က ကွဲပြားခြားနား ကြသည်။ သူသည် ၎င်းတို့ကို သူ့ခန္ဓာကိုယ် အတွင်းတွင်သာ လှည့်ပတ်လျှင် သူ၏ ကိုယ်ပိုင်ချီကိုသာ အသုံးပြုရသည်။ သို့သော် ၎င်းတို့ကို သူ့ခန္ဓာကိုယ်ပေါ်တွင် ထုတ်ဖော်ထားလျှင် သူ့ချီသည် ကောင်းကင်နှင့် မြေပြင်တို့ဖြင့် ဆက်စပ် နေလိမ့်မည်ဖြစ်ပြီး အသန်မာဆုံး စွမ်းအားကို သူအသုံးချနိုင်မည် ဖြစ်သည်။
ဤတစ်လျှောက်လုံး စုမင် သွေးကြောများကို ခန္ဓာကိုယ် အတွင်း၌သာ ဖုံးကွယ် ထားခဲ့သည်။ ယခုတော့ သူဆက်လက်၍ ဖုံးကွယ် မထားနိုင်တော့ဘဲ ၎င်းတို့ကို အပြည့်အဝ ထုတ်ဖော် လိုက်ရန်သာ ရွေးချယ် လိုက်တော့သည်။
သူ့ခန္ဓာကိုယ်မှ အံ့အားသင့်ဖွယ်ချီတို့ ပိုမိုသန်မာ လာသည်နှင့်အမျှ ပုချန့်တောင်ဆီမှ အံ့သြတုန်လှုပ်စွာ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။ တောင်ပေါ်တွင်တော့ အကြီးအကဲ မှလွဲ၍ အသားတောင်လေးသဖွယ် လူသည်လည်း ထိတ်လန့် တုန်လှုပ်မှု အခြေအနေသို့ ကျရောက် နေခဲ့သည်။ ထိုအခိုက်အတန့်တွင် တူညီသည့် မှတ်ဉာဏ် တစ်ခုသည် သူတိုစိတ်များထဲ၌ ပြန်ပေါ်လာခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က ဟန်တောင်တန်းမှ ရာသီဥတုကိုပင် ပြောင်းလဲသွားစေခဲ့သည့် အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီးတစ်ခု … ပုချန့်မျိုးနွယ်စု အကြီးအကဲသည် တည်ငြိမ်နေဟန် ရသော်လည်း သူ၏ နှလုံးသားထဲတွင်တော့ ယခုလေးတင် လူတို့အား ပြသထားခဲ့သည့် အမျက်ဒေါသထက် အားမနည်းသည့် ပြင်းထန်သည့် ခံစားချက် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
“သူ ... သူက …”
မယုံကြည်နိုင်မှုတို့သည် အကြီးအကဲ၏ မျက်လုံးများအတွင်း ထွက်ပေါ် လာခဲ့သည်။ ထိုအထဲတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အမြွက်ပင် ပါဝင်နေခဲ့သည်။ သူသည် အစတည်းကပင် ဤလူကို မြင့်မားစွာ ရှုမြင်ခဲ့သော်လည်း ယခုတော့ ထိုကဲ့သို့ ရှုမြင်ခြင်းသည်ပင် မလုံလောက်သေးဘဲ ထိုသူ့ကို လျှော့တွက်ခဲ့မိကြောင်း ရုတ်တရက် သတိပြုလိုက်မိသည်။
“သွေးကြော ကျောက်သားနယ်ပယ် ပြီးပြည့်စုံခြင်း …”
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိပြီး သူ့မျက်နှာက ဖြူရော် သွားခဲ့သည်။
သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်ပေါ်လာခဲ့သည့် အခိုက်အတန့်တွင် စုမင်၏ ခြေထောက်များကို သိပ်သည်းလှသော သွေးကြောများက ဖုံးအုပ်ထားခဲ့ပြီ ဖြစ်သည်။ သူ၏ သွေးကြောများသည် ဝတ်ရုံများ အောက်တွင် ဖုံးကွယ်ခံထားရသည် ဆိုသော်လည်း ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်လှုပ်စေနိုင်သည့် မယုံနိုင်ဖွယ်ချီ စွမ်းအင်တို့က သူ့ကိုယ်မှ ထွက်ပေါ်နေခဲ့သည်။ ၎င်းသည် ကောင်းကင် အရောင်ကိုပင် ပြောင်းလဲသွားစေခဲ့ပြီး ဧရိယာတစ်ဝိုက် လေငြိမ်သွားစေ၏။ လောကတစ်ခွင်လုံး အနက်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
စုမင် ခေါင်းကို မော့လိုက်သည်။ လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပျက်ခဲ့သော ထူးဆန်းသည့် ဖြစ်ရပ်ကဲ့သို့ပင် ထိုအချိန်တွင် ကောင်းကင်မှ အနက်ရောင် တိမ်စိုင်များသည် တွန့်လိမ်တုန်ခါ နေခဲ့ကြသည်။ ရုပ်နယ်လွန် အဆင့်၏ နတ်ဘုရား ရုပ်တုသည် ဟန်တောင်တန်းပေါ်သို့ နောက်တစ်ကြိမ် ပြန်လည် ဆင်းသက် လာတော့မည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စုမင်အထက်လေထဲတွင် အနီရောင်မျဉ်းတို့ ပေါ်ထွက် လာခဲ့သည်။ ထိုအနီရောင်မျဉ်းတို့သည် ထင်ယောင်ထင်မှား ဖြစ်ရုံမျှသာ ဖြစ်သော်လည်း ၎င်းတို့ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ အတူတကွ စုဝေး သွားခဲ့ကြသည်။ အချိန်ခဏ အတွင်းမှာပင် ပေရာပေါင်းများစွာ ရှိသည့် ဧရာမသွေးပုံရိပ်ကြီး တစ်ခု စုမင်အထက် လေထဲတွင် ဖြစ်ပေါ်လာသည်။
ထိုပုဂ္ဂိုလ်တွင် မျက်နှာ ရှိမနေခဲ့ဘဲ သွေးကြော ၉၇၉ ကြောမှ ဖြစ်ပေါ်ခဲ့ဟန် တူသည့် မျက်နှာပုံသဏ္ဌာန်သာ ရှိနေခဲ့သည်။ ၎င်းပေါ် ထွက်လာသည်နှင့် တစ်ပြိုင်နက် စုမင်၏ သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်မှ မာန်စွမ်းအားရှင် တစ်ဦး၏ အရှိန်အဝါသည် အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။
“အဲဒါ ... သူပဲ။ သွေးကြောကျောက်သားနယ်ပယ် ပြည့်စုံဆင့် ... သွေးကြော ၉၇၉ ကြော ... တစ်ကြောလေးပဲ ထပ်တိုးလိုက်၊ သူက ဒဏ္ဍာရီတွေထဲမှာပဲ ရှိတယ်ဆိုတဲ့ ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်သွားလိမ့်မယ် ... ဒီလိုလူမျိုးက ပုချန့်မျိုးနွယ်စု သံကြိုးကို စိန်ခေါ်နေတာ။ ပြီးတော့ ငါတို့က အခုလေးတင် သူ့ကို ဆန့်ကျင်ချင်ခဲ့ ကြသေးတယ် …”
ပုချန့်တောင်ပေါ်မှ အသားတောင်လေးသဖွယ် လူသည် စုမင်အထက်ရှိ သွေးကြောများမှ ဖွဲ့စည်းထားသည့် ဧရာမပုံရိပ်ကြီးကို မြင်လိုက်ချိန်တွင် သွေးတစ်လုတ် အန်လိုက်ရသည်။ သူ့မျက်နှာပေါ်မှ အခြား စိတ်ခံစားချက်များ အားလုံးနေရာတွင် တုန်လှုပ်မှုက အစားထိုးသွားသည်။ သူ့နောက်မှ အခြားသူများသည်လည်း မှင်တက်ကြောင်အ နေခဲ့ပြီး သူတို့ရှေ့တွင် ဖြစ်ပျက်သွားခဲ့သည့် အရာကို နားမလည်နိုင်သည့် အံ့သြတကြီး အမူအရာများ ဖြစ်နေခဲ့ကြသည်။
အရောင်စုံရေကန် တောင်ပေါ်တွင် ယန်လွမ်တစ်ယောက် သက်ပြင်း ရှိုက်လိုက်မိသည်။ သူမသည်လည်း တုန်လှုပ်နေမိသည်။ သံကြိုးကို စိန်ခေါ်သူသည် လွန်ခဲ့သည့် လအနည်းငယ်က ပေါ်ထွက်လာခဲ့သူ ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့် ထားခဲ့မိပေ။
“ငါ မယုံနိုင်ဘူး ... အဲဒါ သူပဲ”
သူမဘေးတွင်တော့ အဘွားအို၏ မျက်နှာရှိ လုပ်နိုင်ကိုင်နိုင်စွမ်း မရှိဟန်ပေါ်သည့် အမူအရာသည် ကျန်းမာသည့် အနီရောင်ဖြင့် အစားထိုး သွားခဲ့သည်။ သူမသည် စုမင်ကိုကြည့်ပြီး သူ့အပေါ်မှ သွေးလူပုံရိပ်ကို ပြန်ကြည့်လိုက်ပြီးနောက် သူမမျက်လုံးများထဲတွင် ယခင်က တစ်ခါမှ မတွေ့ခဲ့ရဖူးသည့် တောက်ပမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်သည် ထိတ်လန့် တုန်လှုပ်မှု အတွင်း ကျရောက် နေခဲ့သည်။ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် အယောင်ယောင် အမှားမှားဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်မိ၏။ သူ့အမူအရာသည် ထိတ်လန့်တုန်လှုပ်မှု အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူသည်ပင် ထိုအခြေအနေ ဖြစ်နေခဲ့ခြင်းဖြစ်၍ သူ့ဘေးတွင် ရပ်နေခဲ့သည့် ဖန်းရှန်သည်တော့ ပိုမိုဆိုးရွား နေခဲ့သည်။ ဖန်းရှန်သည် လုံးဝပင် ကြောင်အနေခဲ့ပြီ ဖြစ်သည်။
ဖန်းချန်းလန် တစ်ယောက်သာလျှင် တုန်လှုပ် သွားပြီးနောက် စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာခဲ့သည်။
ဟန်တောင်တန်း မြို့တော်သည် ခဏတာ တိတ်ဆိတ်မှုအတွင်း ကျရောက် သွားခဲ့ပြီးနောက် အံ့အားသင့် စိတ်လှုပ်ရှားမှုများ ပြည့်နေသည့် အော်ဟစ်သံများသည် မြို့တော် အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ စုမင် ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ် လာခဲ့သည့် သွေးကြောများသည် သူတို့ကို ထူးခြားဆန်းကြယ်သော ပြောင်းလဲမှု တစ်ခုကို ကြုံတွေ့လိုက်ရစေသည်။
ဟန်ဖေးကျစ် တုန်ယင်သွားပြီး အသက်ရှူသံတို့ လျင်မြန်လာခဲ့သည်။ နန်ထျန်း၊ ခဲ့ကျူးစစ်နှင့် လန်ယင် တို့သည်လည်း မှင်တက်ကြောင်အ သွားခဲ့သော်ငြား အချိန်အတော်ကြာသော အခါတွင် ခေါင်းကိုသာ ခါလိုက်မိကြသည်။ စုမင်ကို ကြည့်နေသည့် သူတို့ အကြည့်များသည် နှစ်ထောင်းအားရ သဘောကျခြင်းတို့ မဟုတ်တော့ဘဲ လေးစားမှုများသာ ဖြစ်နေတော့သည်။
“သွေးကြော ၉၇၉ ကြော ... သူ တစ်ခုလေးပဲ လိုတယ်။ ပြီးရင်တော့ ... သူက ... ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်ပြီပဲ။ သူသာ ကြီးမြတ်သော ပြည့်စုံဆင့် အတွင်းကနေ ရုပ်နယ်လွန်အဆင့်ကို ချိုးဖျက် တက်ရောက်မယ် ဆိုရင် သူ့စွမ်းအားက ရုပ်နယ်လွန် အလယ်ဆင့်က လူတွေနဲ့တောင် အနိုင်တိုက်နိုင်လိမ့်မယ်။ ပြီးတော့ ရုပ်နယ်လွန် နှောင်းပိုင်း အဆင့်က သာမန် မာန်စွမ်းအားရှင်နဲ့တောင် ကိုယ်တိုင် တောင့်ခံတိုက်ခိုက်နိုင်ဦးမှာ”
“ဒီလူ ... အကယ်၍ သူသာ ကြီးမြတ်သော ပြည့်စုံဆင့် အတောအတွင်းကနေ ရုပ်နယ်လွန်အဆင့် ချိုးဖျက် တက်ရောက်မယ် ဆိုရင် ဟန်တောင်တန်း မြို့တော်နဲ့ မျိုးနွယ်စု သုံးစုလုံးမှာ သူအသန်မာဆုံး ဖြစ်လာလိမ့်မယ်။ သူသာ ဆန္ဒရှိမယ် ဆိုရင် သူတစ်ယောက်တည်းနဲ့တောင် မျိုးနွယ်စု တစ်စုလုံးကို သုတ်သင် သတ်ဖြတ်နိုင်လိမ့်မယ်”
“လွန်ခဲ့တဲ့ လအနည်းငယ်က သူဘာလို့ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်ဖို့ မရွေးချယ်ခဲ့တာလဲ ဆိုတာ ငါသိသွားပြီ။ သူက နောက်ထပ် သွေးကြောတစ်ကြော ထုတ်ဖော်ချင် နေတာပဲ။ သူက ဟန်တောင်တန်းရဲ့ သွယ်ဆက် သံကြိုးတန်းတွေ စိန်ခေါ်မှုကို တုန်လှုပ်စရာအဖြစ် အသုံးပြုပြီး နောက်ထပ် သွေးကြောတစ်ခုကို ထုတ်ဖော်ချင် နေတာလို့ ငါထင်တယ်”
***