← Chapters

ကြီးမြတ်သော ပြည့်စုံဆင့်

Vol. 14 Ch. 188

ကြီးမြတ်သော ပြည့်စုံဆင့်

Vol. 14 Ch. 188

လူအုပ်၏ ဆွေးနွေးသံများသည် ကောင်းကင်ကိုပင် တုန်လှုပ် စေနိုင်သည်အထိ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ဤတစ်ကြိမ် ဟန်တောင်တန်း သွယ်ဆက် သံကြိုးတန်းများ၏ စိန်ခေါ်မှုသည် သူတို့၏ စိတ်ခံစားချက်များကို လှိုင်းလုံးများသဖွယ် မြင့်လိုက်တက်လိုက် ခံစားနေရစေသည်။ စုမင်၏ ကျရှုံးခဲ့မှုဖြစ်စေ၊ ချောက်နက်ကြီးများ အတွင်းမှ ပြန်တက် လာခြင်းဖြစ်စေ၊ နောက်ဆုံးတွင် ပုချန့်မျိုးနွယ်မှ ထွက်ပေါ်လာခဲ့သည့် သဘောထား ကွဲလွဲမှုများကြောင့် ဒေါသတကြီး အော်ဟစ်ပြောဆိုသံများ ဖြစ်စေ သူတို့နားထဲတွင် ပဲ့တင်ထပ်နေဆဲပင် ဖြစ်သည်။ ဤအရာများသည် သူတို့ကို စိတ်လှုပ်ရှားစေပြီး စိတ်လှုပ်ရှားမှု လှိုင်းများကြောင့် သူတို့ နှလုံးသားများကို လှုပ်ခတ်စေခဲ့သည်။

သို့သော် ထိုအရာများနှင့် ယှဉ်လျင် သူတို့ ယခုခံစားနေရသည့် တုန်လှုပ်မှုသည် ယခင်ကိစ္စရပ်များထက် ပိုမိုသာလွန် နေခဲ့သည်။ သံကြိုးပေါ်မှ လူသည် ကောင်းကင်သို့ မော့ကြည့်နေပြီး မိမိတို့အားလုံး၏ အပေါ်၌ ဧရာမပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည့် မြင်ကွင်းသည် သူတို့အားလုံး၏ အာရုံကို ဖမ်းစား သွားခဲ့သည်။

သွေးကြော ၉၇၉ ကြော ... ဤအရာသည် လူအများစု အနေဖြင့် သူတို့ဘဝတွင် မမြင်ဘူးခဲ့သည့် အရာပင် ဖြစ်သည်။ ၎င်းသည် လူအများစု သူတို့ဘဝတွင် လုပ်နိုင်မည့် အရာမျိုးလည်း မဟုတ်ပေ။

ကောင်းကင်မှ တိမ်စိုင်များ အောက်သို့ နိမ့်ဆင်းလာသည့် မြင်ကွင်းသည် သူတို့ နှလုံးသားများအတွင်း မမေ့ပျောက်နိုင်ခဲ့သည့် လွန်ခဲ့သော လအနည်းငယ်က ဖြစ်ရပ်ကို ပြန်လည် အမှတ်ရမိစေသည်။ ဟန်တောင်တန်းမြို့တော်မှ ဆွေးနွေးမှု ခေါင်းစဉ်များ၏ ဗဟိုဖြစ်သော ထူးခြားဆန်းကြယ်သည့် လူနှစ်ဦးအနက် တစ်ဦးသည် သူတို့ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ထိုစိတ်လှုပ်ရှားမှုသည် စကားလုံးများနှင့် ဖော်ပြရန် အလွန်ခက်ခဲလှပြီး ၎င်းကို အလွန်အမင်း ထိတ်လန့်သည်ဟုသာ ပြောဆိုနိုင်တော့သည်။

ပုချန့်တောင်ပေါ်မှ မျိုးနွယ်စု အကြီးအကဲသည် သေလုနီးပါး ဖြူရော်နေခဲ့သည်။ သူ့စိတ်သည် ကသောင်းကနင်း ဖြစ်နေခဲ့ပြီး စဉ်းစားတွေးခေါ် နိုင်စွမ်းတို့ ပျောက်ဆုံး သွားရ၏။ ဤတစ်နေ့တည်း အတွင်းမှာပင် ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကြောင့် သူကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ ပထမဆုံး ဟန်တောင်တန်း ခေါင်းလောင်းသံက သူတို့၏ တောင်အကာအရံမြူကို ပြန့်ကျဲ သွားစေခဲ့သည်။ ထိုအရာသည် သူတို့အပေါ်သို့ ကပ်ဘေးတစ်ခုကို ရုတ်တရက် ကျရောက် လာစေခဲ့သည်။ သူတို့သည် ထိုကပ်ဘေးမှ ဆံချည်တစ်ဖျားစာ ကပ်လွတ် လာခဲ့ပြီးနောက် သူတို့ခေါင်းပေါ်သို့ ထိုဘေးအန္တရာယ် ယူဆောင်လာခဲ့သူကို အေးစက်၍ လူသတ်လိုသည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့မိသည့် အခိုက်အတန့်မှာပင် သူတို့ရှေ့တွင် တည်ငြိမ်နေခဲ့သည့် ထိုလူသည် ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်ရန် သွေးကြော တစ်ကြောသာ လိုတော့ သူဖြစ်ကြောင်း သူရုတ်တရက် အသိအမှတ် ပြုလိုက်ရပြန်သည်။

မျိုးနွယ်စုသုံးစု အတူတကွ ပူးပေါင်းခဲ့လျှင်ပင် သူတို့သည် ဤကဲ့သို့ လူတစ်ဦးကို အပြစ်ပြု နှောင့်ယှက်၍ မရနိုင်ဆဲပင် ဖြစ်သည်။

အကယ်၍ ထိုကဲ့သို့ လူတစ်ဦးသည် သွေးကြော တစ်ကြောခန့် ထပ်မံ ထုတ်ဖော်နိုင်ခဲ့ပြီး ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်နိုင်ခဲ့လျှင် သူသည် ရုပ်နယ်လွန် အလယ်ဆင့်မှ စွမ်းအားကြီး မာန်စွမ်းအားရှင် များထက်ပင် သာလွန်နိုင်လိမ့်မည် ဖြစ်သည်။ ပုချန့်မျိုးနွယ်စုသည် ထိုကဲ့သို့လူမျိုးကို အပြစ်ပြုရဲခြင်း မရှိချေ။

ထိုလူ၏ ဆက်လက် စိန်ခေါ်မှုကို တားဆီးရန် ကြိုးစားခဲ့ကြပြီး သူ့ကို ဆန့်ကျင်ခဲ့သည့် အစီအစဉ်များကို ပြန်တွေးလိုက်မိချိန်တွင် ပြင်းထန်သည့် အကြောက်တရား တစ်ခုသည် အကြီးအကဲ၏ နှလုံးသား အတွင်း၌ ကြီးထွားလာခဲ့သည်။

“သူက ဟန်တောင်တန်းရဲ့ သံကြိုးတန်းတွေကို ဖိအားအဖြစ် အသုံးချချင်ခဲ့တာပဲ။ အဲဒီလိုဆိုရင် သူက နောက်ထပ် သွေးကြောတစ်ကြော ရနိုင်လိမ့်မယ် ... အဲဒါကို ငါတို့က သူ့အတွက် ခက်ခဲစေမဲ့ အရာတွေကို တမင်တကာ လုပ်ခဲ့မိတာ။ သူသာ အောင်မြင်သွားပြီ ဆိုရင် …”

ပုချန့်မျိုးနွယ်စု အကြီးအကဲသည် တီးတိုး ရေရွတ်လိုက်ရင်း သူ့နှလုံးသား အတွင်း၌ ပူပန်မှုတစ်ခု မြင့်တက် လာခဲ့သည်။

“သူက ဆရာစစ်မာပိုင်ဆိုင်တဲ့ အရာကိုတောင် လုယူဖို့ ကြိုးစားရဲခဲ့တာ မအံ့သြတော့ပါဘူး။ သူ့မှာ ... အဲဒီလို လုပ်နိုင်ခွင့်ရှိတာကိုး”

အသားတောင်လေးသဖွယ် လူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ရှေ့သို့ခြေလှမ်း အနည်းငယ်လှမ်းလျက် တောင်စွန်းတွင် ရပ်လိုက်သည်။ ထို့နောက် အားတင်း၍ ပြုံးလိုက်ရင်း သံကြိုး၏ အဋ္ဌမမြောက် အပိုင်းတွင် ရပ်နေသည့် စုမင်ထံသို့ လက်သီးနှင့် လက်ဝါးထပ်လျက် လေးနက်စွာ ဦးညွှတ်လိုက်သည်။

“ငါက ပုချန့်မျိုးနွယ်စု ခေါင်းဆောင် ကွမ်းကျန်းနဉ်ပါ။ နှုတ်ဆက်ပါတယ် ဆရာ။ ငါတို့ရဲ့အရင်က ကျူးလွန်မိခဲ့တဲ့ အပြစ်တွေကို မင်းခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်မိပါတယ်။ ငါတို့မျိုးနွယ်စုရဲ့ သံကြိုးကို မင်းရွေးချယ်လိုက်တာက ငါတို့အတွက် ဂုဏ်ယူစရာပါပဲ။ မင်းနောက်ထပ် သွေးကြောတစ်ကြော ရမှာကိုလည်း ငါတို့အားလုံး ဒီနေရာကနေ မျှော်လင့် စောင့်စားနေပါ့မယ်။ မင်းရဲ့နာမည်က တောင်ပိုင်းအရုဏ်ဦး တစ်ခုလုံးမှာ ကျော်ကြားသွားတဲ့ အချိန်ကျရင် ငါတို့က မင်းအတွက် ဂုဏ်ယူရမှာပါ”

ထိုသူ၏အသံသည် အလွန်အမင်း စစ်မှန်ပွင့်လင်း နေခဲ့ပြီး သူ့မျက်နှာတွင် ရိုသေလေးစားမှု အပြည့်ဖြင့် သုံးကြိမ် ဦးညွှတ်လိုက်သည်။

ပုချန့်မျိုးနွယ်စု အကြီးအကဲသည် ခဏတာ တိတ်ဆိတ် နေပြီးနောက် စုမင်အား လေးနက်စွာ ဦးညွှတ်လိုက်သည်။

“ငါက ပုချန့်မျိုးနွယ်စု အကြီးအကဲ ကွမ်းပေရှင်းပါ။ နှုတ်ဆက်ပါတယ် ... ဆရာ”

သူတို့၏ မျိုးနွယ်စု ခေါင်းဆောင်နှင့် အကြီးအကဲတို့ ထိုသို့လုပ်သည်ကို မြင်လျှင် ပုချန့်မျိုးနွယ်စုမှ အခြားခေါင်းဆောင် များသည်လည်း သူတို့နောက်တွင် မတ်တတ် ရပ်လိုက်ပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ် လိုက်ကြသည်။

ပုချန့်တောင်ပေါ်မှ အကြီးအကဲနှင့် မျိုးနွယ်စု ခေါင်းဆောင်တို့ကို စုမင်တစ်ချက် လှမ်းကြည့်လိုက်သော်လည်း စကား ပြန်မပြောခဲ့ပေ။ သူ၏သွေးကြောများ အားလုံးကို ဖော်ထုတ်ပြီးခဲ့ချိန် ရောက်လျှင် ဤကဲ့သို့ ဖြစ်ပျက် လာလိမ့်မည်ဟု သူခန့်မှန်းထားခဲ့မိပြီးသား ဖြစ်သည်။ အကယ်၍ အလယ်အလတ်တန်းစား မျိုးနွယ်စုတစ်ခု၏ အကြီးအကဲနှင့် ခေါင်းဆောင် ဖြစ်နေခဲ့ပြီး ယခုလို သည်းခံမှုနှင့် ဖြေရှင်းတတ်မှုမျိုး မရှိလျှင် သူတို့သည် ကြာမြင့်စွာတည်းကပင် အခြားသူတစ်ဦးဦးဖြင့် အစားထိုး ခံခဲ့ရလိမ့်မည်ပင် ဖြစ်သည်။

သို့သော်လည်း သူ့တွင် အချိန်အနည်းငယ်သာ ရှိခဲ့သည်။ ကောင်းကင်မှ တိမ်စိုင်များ နိမ့်ဆင်း လာခဲ့သည်နှင့် သူ့ခန္ဓာကိုယ်အတွင်း ဖိနှိပ်ထားခဲ့သည့် ရုပ်နယ်လွန်အဆင့် တက်ရောက်လိုသည့် တွန်းအားသည် ထိန်းချုပ်မှုမှ လွတ်ထွက်တော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။ သူ အချိန်မရွေး ရုပ်နယ်လွန် အဆင့်သို့ ရောက်သွားနိုင်သည်။

“ခုနေ့ ငါက ပုချန့်တောင်မှာ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်မယ်။ ငါ့ကို ကာကွယ်ပေးပါ။ ပြီးရင် မင်းတို့အရင်က အပြစ်ပြုခဲ့တာတွေ အားလုံးကို ခွင့်လွှတ်ပေးမယ်” သူ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

ပုချန့်မျိုးနွယ်စု အကြီးအကဲနှင့် ခေါင်းဆောင်တို့သည် ခေါင်းကို ရုတ်တရက် မော့လိုက်မိသည်။ သူတို့မျက်နှာများတွင် ထိတ်လန့် တုန်လှုပ်မှုများ ထွက်ပေါ် လာခဲ့သော်လည်း ထိုအရာများသည် လေးနက်မှုများနှင့် လျင်မြန်စွာ အစားထိုးသွားခဲ့ပြီး နာခံဟန်ဖြင့် ခေါင်းညိတ် လိုက်ကြသည်။

“ဆရာ၊ စိတ်မပူပါနဲ့။ ငါလည်း မင်းကို ကာကွယ်ပေးပါ့မယ်။ မင်းကို နှောင့်ယှက်မဲ့ ဘယ်သူ့ကိုမှ ငါလက်ခံမှာ မဟုတ်ပါဘူး”

အဘွားအိုတစ်ဦး၏ အသံက ပုချန့်တောင်ဆီမှ ထွက်ပေါ်လာခဲ့သည်။ သူမအသံသည် အိုမင်းနေဟန် ပေါက်သော်လည်း ခိုင်မာသည့်ခွန်အား အရိပ်အမြွက်တို့ ပါဝင်နေခဲ့သည်။

“ငါ ယန်လွမ်ကလည်း မင်းကို ကာကွယ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး စိတ်မပူပဲနဲ့ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်ပါ”

“ငါ၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲ ဖန်းကျန့် မင်း သွေးကြောတစ်ကြော ထပ်မံ တိုးပွားနိုင်ခဲ့ပြီးတော့ ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်တဲ့ အချိန်ကနေ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်နိုင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။ ဒါက ဟန်တောင်တန်းရဲ့ မျိုးနွယ်စု သုံးစုလုံးအတွက် အရေးကြီးတဲ့ ကိစ္စပါပဲ။ ငါလည်း မင်းကို ကာကွယ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး စိတ်မပူဘဲ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်ပါ”

“ငါ၊ ဖန်းရှန်၊ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု ခေါင်းဆောင် မင်းကို ကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်”

“ငါ နန်ထျန်းကလည်း မင်းကို ကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်။ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့”

“ငါ ခဲ့ကျူးစစ် မင်းကို ကာကွယ်ပေးပါ့မယ်”

“ငါလည်း အတူတူပဲ။ ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန် အဆင့်တက်မဲ့ မာန်စွမ်းအားရှင် တစ်ယောက်ကို ငါတစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒီနေ့တော့ ငါ၊ လန်ယင် မင်းကို ကာကွယ်ပေးပါ့မယ်”

တစ်ချိန်တည်းမှာပင် ဟန်တောင်တန်း မြို့တော်ရှိ လူအုပ်ကြီးများ ထဲမှလည်း အသံလှိုင်းလုံးကြီးများ ထွက်ပေါ် လာခဲ့သည်။ များစွာသော လူများသည် သူတို့စုမင်ကို ကာကွယ်ပေးရန် ဆန္ဒရှိကြောင်း လေးစားစွာ ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

“ငါတို့ မင်းကို ကာကွယ်ပေးဖို့ ဆန္ဒရှိပါတယ်”

စုမင် သံကြိုးပေါ်တွင် ရပ်လျက် လက်သီးဆုပ်လိုက်ပြီး  သူ့ပတ်ဝန်းကျင်မှ လူအားလုံးကို ကျေးဇူးတင်ကြောင်း ပြလိုက်သည်။ ထို့နောက် ရှေ့သို့ရုတ်တရက် ခြေလှမ်းလိုက်ရင်း သူ့ခန္ဓာကိုယ် တစ်ခုလုံးမှချီကို လှည့်ပတ်လိုက်ရာ သွေးနီရောင် အလင်းသည် ကောင်းကင်ကိုပင် ထွန်းလင်း သွားစေခဲ့သည်။ သွေးနီရောင် အလင်းသည် သူ့ခန္ဓာကိုယ် အတွင်းမှ တောက်ပစွာ ထွက်ပေါ်နေခဲ့သည်။ သူ့အထက်မှ ဧရာမသွေး လူပုံရိပ်ကြီးသည်လည်း အနီရောင်အလင်းတို့ တောက်ပနေခဲ့ပြီး ထိုအခိုက်အတန့်တွင် ဒေသတစ်ခုလုံးသည် အံ့အားသင့်ဖွယ် အနီရောင် အရိပ်ကြီးအောက် ကျရောက်နေသကဲ့သို့ ဖြစ်ပေါ်နေခဲ့သည်။

သူ့ချီတို့ကို လှည့်ပတ်လိုက်သည်နှင့် တစ်ပြိုင်နက်၊ စုမင် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသက်သွင်းလျက်  ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုအတွင်း ဝင်ရောက်လိုက်ပြီး ခြေတစ်လှမ်းစီတိုင်းကို စွမ်းအား အပြည့်ဖြင့် လမ်းလျှောက်လိုက်သည်။ သူ၏ချီဓာတ်ကြောင့် သံကြိုးပေါ်မှ အသက်စွမ်းအား စုပ်ယူခံရခြင်းသည် တဖြည်းဖြည်း ဟန်ချက်ညီ လာခဲ့သည်။

ခြေတစ်လှမ်းစီတိုင်းတွင် အနီရောင် အလင်းတို့ စုမင်ခန္ဓာကိုယ်မှ တောက်ပနေခဲ့သည်။ သူသည် မူလတည်းကပင် သံကြိုး၏ အဋ္ဌမမြောက်အပိုင်း တစ်ဝက်ခန့်ကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ သူ၏ချီအားလုံးကို လှုပ်ရှားမှုနှင့်အတူ သူ့အမြန်နှုန်းလည်း တိုးတက် လာခဲ့သည်။ နောက်ဆုံးတွင် သူသည် ရှေ့သို့ ရွေ့လျားနေစဉ်အတွင်း သူ၏ခြေထောက်အောက်မှ သံကြိုးကိုပင် မကြည့်တော့ပေ။ သို့သော် သူ ခြေလှမ်း လိုက်တိုင်းတွင် သူ့ခြေထောက်သည် သံကြိုးအပေါ်သို့သာ အတိအကျ ကျရောက် သွားခဲ့သည်သာ ဖြစ်သည်။

အမွှေးတိုင် တစ်တိုင် ထွန်းစာခန့် ကုန်လွန်သွားခဲ့ပြီး စုမင် အဋ္ဌမမြောက် ကျောက်တိုင်အပေါ်တွင် ရပ်လိုက်နိုင်ခဲ့ချိန်တွင်တော့ ပုချန့်တောင်ဆီသို့ မရောက်ခင် သူ့ရှေ့၌ နောက်ဆုံးအပိုင်း တစ်ခုသာ ကျန်ရှိတော့သည်။

ထိုအချိန်တွင် သူ၏ အဆက်မပြတ် ချီလှည့်ပတ်မှုကြောင့်  သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်နေသည့် ခွန်အားသည် ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ထပ်မံတိုးပွား လာခဲ့သည်။

စုမင် ဤတိုးတက်မှုကို မျှော်လင့်ထားခဲ့ပြီး ဖြစ်သည်။ သူ့အတွက် ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်လိုသည့် စိတ်ဆန္ဒတွန်းအားကို ဖိနှိပ်ရန် အလွန်ခက်ခဲ ခဲ့ရသည်။ ၎င်းကို နောက်တစ်ကြိမ် ဖိနှိပ်လိုသည့် မည်သည့် အတွေးမှ သူ့တွင်မရှိတော့ပေ။ ယခုနေ့ သူ ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများ စိန်ခေါ်ခြင်းကို ပြီးဆုံးအောင် လုပ်မည်။ ယခုနေ့ သူ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်နိုင်ရမည်။

သွေးကြောများမှ ဖြစ်ပေါ်လာခဲ့သည့် ဧရာမသွေးလူ ပုံရိပ်ကြီး၏ သွေးကြောများ ဖုံးလွှမ်းနေခဲ့သော မျက်နှာမှ နဖူးပေါ်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် အနီရောင် အလင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး ... ၉၈၀ ခု မြောက်သွေးကြော ထွက်ပေါ်လာခဲ့သည်။

သွေးကြော ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်သည် မရပ်မနား မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ တိမ်စိုင်များသည်လည်း ပြိုကွဲလာခဲ့ ကြသည်မှာ ၎င်းတို့အတွင်းမှ ဧရာမလက်ကြီး တစ်ခုက အင်အားသုံး စုတ်ဖြဲနေသကဲ့သို့ပင် ဖြစ်သည်။ မိုးတိမ်စိုင်များ စုတ်ဖြဲ ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် နေရောင်ခြည်သည် ကမ္ဘာမြေပေါ်သို့ ရှင်းရှင်းလင်းလင်း ဖြာကျလာခဲ့ပြီး စုမင် ခန္ဓာကိုယ်ပေါ်တွင် စုဝေးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်၌ တွန့်လိမ်ပုံပျက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က ဟန်တောင်တန်းမြို့တော်တွင် တွေ့မြင်ခဲ့ရသည့် မြင်ကွင်းသည် နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

ဤအရာသည် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု ပေါ်ထွက် လာတော့မည့် လက္ခဏာရပ်ပင် ဖြစ်သည်။ ထိုလက္ခဏာရပ် ဖြစ်ပေါ်လာခဲ့ပြီး သိပ်မကြာခင်မှာပင် ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုသည် သူတို့အပေါ်သို့ နောက်တစ်ကြိမ် ကျဆင်း လာခဲ့တော့သည်။

ကောင်းကင်သည် မရပိမနား မြည်ဟီးနေခဲ့ပြီး တိမ်စိုင်ပမာဏ အများစုမှာ စုတ်ဖြဲခြင်း ခံလိုက်ရသည်။ အလင်းရောင် ဖျော့ဖျော့သည် ကမ္ဘာလောက တစ်ခုလုံးပေါ်သို့ ကောင်းကင်မှ တစ်ဆင့် ကျဆင်းလာခဲ့သည်။ မြေပြင်သည် အနည်းငယ် တုန်ခါသွားခဲ့၏။ သန်မာ၍ ဖိနှိပ်နိုင်သည့် အားတစ်ခုသည် လူတို့အပေါ်သို့ ကျရောက်လာခဲ့ပြီး သူတို့ကိုတုန်ယင် သွားစေသည်။

စုမင် ရုတ်တရက် တုန်လှုပ် သွားခဲ့သည်။ သူ့နဖူးပေါ်တွင်တော့ စုဝေးနေခဲ့သည့် သွေးကြောတစ်ခု ရှိနေခဲ့သည်။ ထိုသွေးကြောသည် သူ၏ မျက်နှာတစ်ခုလုံးကို ဖြတ်သန်းလျက် ထောင့်ဖြတ် တည်ရှိနေခဲ့သည်။ ၎င်းပေါက်ထွက် လာသည်နှင့် ကောင်းကင်နှင့် မြေပြင်ကိုပင် လှုပ်ခါပစ်နိုင်သည့် ပေါက်ကွဲသံတစ်ခု သူ့ကိုယ်အတွင်းမှ ထွက်ပေါ် လာခဲ့သည်ဟု စုမင် ခံစားလိုက်ရသည်။ အခြားမည်သူမှ ထိုအသံကို မကြားနိုင်ဘဲ သူတစ်ဦးတည်းသာ ကြားနိုင်ခြင်း ဖြစ်သည်။

ပေါက်ကွဲသံကြီး ထွက်ပေါ်သွားပြီးနောက် စုမင် ပိုမိုသန်မာ လာခဲ့၏။ ကောင်းကင်မှ သူ့ကိုခေါ်နေသည့် မရေမရာ ခံစားချက် တစ်ခူကို ခံစားလိုက်မိသည်။ ထိုအခိုက်အတန့်တွင် အစွမ်းထက် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်များ အပါအဝင် သူ့ပတ်ဝန်းကျင်မှ လူများအားလုံး အားနည်းနေသည်ဟု စုမင်  ထူးခြားစွာ ခံစားလိုက်ရသည်။

အထူးသဖြင့်တော့ သွေးကြောကျောက်သား နယ်ပယ်မှ လူများပင်ဖြစ်သည်။ စုမင် အတွေး တစ်ချက်တည်းနှင့်ပင် သွေးကြော ကျောက်သား နယ်ပယ်ရှိ လူများ၏ ခန္ဓာကိုယ်တို့မှ သွေးကြောတို့ကို ထွက်ခွာသွားအောင် ပြုလုပ်နိုင်သည်ဟု သူထင်မိသည်။ သူ့မျက်လုံးထဲတွင်  ရုပ်နယ်လွန် အဆင့်မှ လူများသည်ပင် ဆက်လက်၍ အစွမ်းထက် မနေတော့ပေ။

မျိုးနွယ်စုသုံးစုမှ ထွက်ပေါ်နေသည့် ရုပ်နယ်လွန် အလယ်အဆင့် အရှိန်အဝါတို့သာလျှင် စုမင်အား သူတို့အပေါ်သို့ အနည်းငယ် အာရုံစိုက်မိစေသည်။

‘ဒါက သွေးကြောကျောက်သား နယ်ပယ်ရဲ့ ကြီးမြတ်သော ပြည့်စုံဆင့်လား …’

စုမင် မျက်လုံးတို့ကို ပိတ်လိုက်ပြီးမှ ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်သည်။ ထို့နောက် ရုပ်နယ်လွန်အဆင့် တက်ရောက်လိုသည့် စိတ်ဆန္ဒတွန်းအားကို ဆက်လက် ဖိနှိပ်မထားတော့ချေ။ ခြေထောက်ကိုမလျက် သံကြိုး၏ နဝမမြောက် အပိုင်းဆီသို့ လျှောက်သွားလိုက်သည်။

“သွေးကြော ... ၉၈၀ …”

ပုချန့်မျိုးနွယ်စု အကြီးအကဲတစ်ယောက် တုန်လှုပ်သွားမိသည်။ သူ့ရှေ့မှ ကျောက်တိုင်ပေါ်တွင် ရပ်နေသည့် စုမင်အား ဆန့်ကျင်သည့် မည်သည့် အတွေးကိုမျှ သူဆက် မတွေးမိတော့ပေ။ သူ့တွင် နက်ရှိုင်းသော လေးစားမှုသာ ရှိနေခဲ့သည်။

“သွေးကြောကျောက်သား နယ်ပယ်ရဲ့ ... ကြီးမြတ်သော ပြည့်စုံဆင့် ... ဒါက ဒီလိုလူတစ်ယောက်ကို ငါပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ အခုလိုမျိုး ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်ခဲ့တဲ့ မာန်စွမ်းအားရှင်တွေက တောင်ပိုင်းအရုဏ်ဦး တစ်ခုလုံးမှာတောင် ရှားပါးလိမ့်မယ်”

ပုချန့်မျိုးနွယ်စု ခေါင်းဆောင်၏ မျက်လုံးများတွင် စိတ်အားထက်သန်မှု အရိပ်အယောင်တို့ ရှိနေခဲ့သည်။ မာန်စွမ်းအားရှင်များ အားလုံးသည် အစွမ်းထက်မှုကို ကိုးကွယ်ကြသည်။ သူ့ရှေ့မှလူသည် ရုပ်နယ်လွန် အဆင့်သို့ သေချာပေါက် တက်ရောက်နိုင်မည့် တစ်စုံတစ်ယောက် ဖြစ်သည်။ သူသာ ရုပ်နယ်လွန်အဆင့် တက်ရောက်ပြီးသည်နှင့် ဟန်တောင်တန်း နယ်မြေဒေသ တစ်ခုလုံးတွင် အသန်မာဆုံး လူတစ်ယောက် ဖြစ်လာမည်မှာ သံသယရှိစရာပင် မလိုပါချေ။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ပေါ်တွင် အကြီးအကဲ၏ အသက်ရှူသံတို့ လျင်မြန်နေခဲ့သည်။ ဤလူသည် စစ်မာရှင်းနှင့် တစ်စုံတစ်ရာ ပတ်သက်မှု ရှိမည်ဟု သူကောက်ချက်ချခဲ့ပြီး ဖြစ်သည်။ ဖြစ်နိုင်တာက ... ကံတရားလို အရာများလား။

ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စု အကြီးအကဲသည် မခန့်မှန်းရဲချေ။ မော့စုဖြစ်စေ၊ စစ်မာရှင်းဖြစ်စေ သူသည် ထိုသူနှစ်ဦး အပေါ်၌ လွတ်လပ်စွာ ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့သော် သူယုံကြည်မိသည်မှာ အကယ်၍ မော့စုသည် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်ခဲ့ပြီး ဟန်တောင်တန်းကို နောက်တစ်ကြိမ် ပြန်ရောက်ခဲ့လျှင် သူသည် တောက်ပသည့် နေတစ်စင်းသဖွယ် ဖြစ်နေလိမ့်မည်ပင်။

ဖန်းရှန် ဝမ်းသာ နေခဲ့သည်။ သူ့သား ဖန်းမုသည် အမှန်တကယ်ပင် ကုသပျောက်ကင်း နိုင်လိမ့်မည်ဟု သူသိရှိခဲ့ပြီဖြစ်သည်။ မော့စု သူ့ကို မလိမ်ခဲ့ပေ။

“သူက ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်ရှိခဲ့ပြီ”

အဘွားအိုသည် အရောင်စုံ ရေကန်မျိုးနွယ်စု တောင်ပေါ်မှနေ၍ ဟန်တောင်တန်းသံကြိုးများဆီသို့ ကြည့်နေခဲ့ရာမှ အဝေးတွင် ရပ်နေခဲ့သည့် ဟန်ဖေးကျစ်ကို ပြန်ကြည့်လိုက်ပြီး သူမမျက်လုံးများအတွင်း ထူးဆန်းသည့် အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။

“ဖေးအာ၊ ငါကတော့ မင်းအတွက် အကုန်လုံး ပြင်ဆင်ပေးခဲ့ပြီးပြီ။ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ပြီးတာနဲ့ မင်းရဲ့ ကံပေါ်မှာပဲ မူတည်လိမ့်မယ်”

ကောင်းကင်ရှိ စွမ်းအားများ စုဝေးသွားခဲ့ပြီး ဟန်တောင်တန်း မြို့တော်မှ လူအုပ်ကြီးသည် စုမင်ကိုယ်ပေါ်တွင် ၉၈၀ မြောက် သွေးကြော ပေါ်ထွက်လာသည်ကို မြင်လိုက်ချိန်တွင် ဆွေးနွေးသံများ၊ အော်ဟစ်သံများ အားလုံး တိတ်ကျ သွားခဲ့သည်။ သူတို့၏ အကြည့်များသည် သူတို့အတွေးတို့ကို အလုံးစုံ ဖော်ပြနေခဲ့သည်။

သွေးကြောက် ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့် …

ထိုအခိုက်အတန့်တွင်ပင် ဟန်တောင်တန်း မြို့တော်၏ တတိယအလွှာနှင့် ဒုတိယအလွှာကို ဆက်သွယ်ထားခဲ့သည့် ကျောက်တုံးဂိတ် တံခါးဘေးမှ ဟန်တောင်တန်း ခေါင်းလောင်းသည် မည်သူမှ မထိပါဘဲနှင့် မသဲမကွဲ ခပ်ဖျော့ဖျော့ ခေါင်းလောင်းသံ တစ်ချက် ထုတ်လွှတ်လိုက်သည်။

***

All Chapters