အခန်း (၁၉၁)
Vol. 20 Ch. 191
အခန်း(191)
ကျင်းရူမုန်တစ်ယောက် ဝေဝါးနေသည့် အာရုံများကြားတွင် အေးစက်လွန်းသော စင်မြင့်ပေါ်မှ ပွေ့ချီခြင်းခံလိုက်ရပြီးနောက် သူမ၏ ဖခင် သို့မဟုတ် အစ်ကိုဖြစ်သူ၏ နောက်ကျောကဲ့သို့ ကျယ်ပြန့်ပြီး နွေးထွေးလွန်းသော ကျောပြင်တစ်ခုပေါ်တွင် မှီတွယ်လိုက်ရသည်ဟူ၍ ခံစားလိုက်ရ၏။
ပြင်းထန်လွန်းသော အအေးဒဏ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ကျင်းရူမုန်မှာ ဤကာလအတွင်း ပုံမှန် အစားအစာများကို စားရခဲလွန်း၏။
သူမ စားရသမျှက သွေးအားကောင်းစေရန်နှင့် ခန္ဓာကိုယ်ကို အာဟာရဖြည့်တင်းပေးရန်အတွက် အရသာမရှိသော အားဆေးများနှင့် ဖြည့်စွက်စာများသာ ဖြစ်လေသည်။
သူမဘက်မှအပြင်းအထန် ခုခံပြီးနောက်တွင်တော့ စားသောက်ခွင့်ပင် ဆုံးရှုံးခဲ့ရပြီး နေ့စဉ် ကြိတ်ချေထားသော အရည်များကိုသာ ပိုက်မှတစ်ဆင့် သူမ၏ အစာအိမ်ထဲသို့ တိုက်ရိုက် သွင်းပေးလာခဲ့တော့သည်။
သူမက အသိစိတ် ပြန်ဝင်လာတော့မည့် အချိန်တွင် သူမ၏ ပါးစပ်ထဲသို့ နွေးထွေးသော အရည်တချို့ကို လောင်းထည့်နေသည်ကို ခံစားလိုက်ရသည်။
ထိုအရည်မှာ ချိုအီအီနှင့် သွေးနံ့ကဲ့သို့ ညှီစို့စို့အရသာ ရှိနေပြီး သံဓာတ်အရသာကလည်းပြင်းထန်လွန်းသည်။
သူမက ရုန်းကန်ချင်ခဲ့သော်လည်း မအောင်မြင်သောကြောင့် နောက်ဆုံး၌ ထိုအရည်များကို လက်ခံလိုက်ရလေတော့သည်။
ကျင်းရူမုန်က မျက်လုံးကို ပြန်ဖွင့်လိုက်သောအချိန်တွင် သက်ပြင်းတစ်ချက်ချလိုက်မိ၏။
သူမက မနိုးလာချင်ခဲ့ပေ။
အေးစက်လွန်းသော လှောင်အိမ်၊ စက်ကိရိယာမျိုးစုံနှင့် သူမ၏ အသားထဲသို့ စူးစိုက်ဝင်လာမည့် အေးစက်သော အပ်များကို ရင်မဆိုင်ချင်တော့ပါချေ။
သူမက ရုန်းကန်ချင်၊ အော်ဟစ်ချင်သော်လည်း မတတ်နိုင်ခဲ့ပါချေ။
သို့သော် ယခုအချိန် သူမ နိုးလာချိန်တွင် မျက်စိကျိန်းစေသော မီးချောင်းအလင်းရောင်များ မရှိတော့ပေ။
သူမက ခဏမျှ မှင်သက်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မိ၏။
သူမ၏ ပတ်ဝန်းကျင်မှ စက်ကိရိယာများ၊ ခန္ဓာကိုယ်ထဲ ထိုးသွင်းထားသော ပိုက်များက ပျောက်ကွယ်သွားပြီဖြစ်ကာ လျှပ်စစ်စီးဆင်းပြီး လှုပ်ရှားမှုကိုတားဆီးသည့် သံကြိုးနှစ်ချောင်းလည်း မရှိတော့ပေ။
ပတ်ဝန်းကျင်ရှိ ပရိဘောဂများက သမ္မတနိုင်ငံခေတ်ဦးကကဲ့သို့ ရိုးရှင်းလှပသော ပုံစံသာရှိသည်။
သူမ နာကျင်နေသော လက်ကောက်ဝတ်ကို မြှောက်ကည သူမ၏ မျက်နှာနှင့် ရင်ဘတ်ကို ထိတွေ့ကြည့်သော်လည်း လှုပ်ရှားမှုများကိုတော့ အဆင်အခြင်မဲ့စွာ မလုပ်ရဲခဲ့ပါချေ။
လွန်ခဲ့သော တစ်နှစ်အတွင်း သူမက အိမ်မက်များစွာ မက်ခဲ့ဖူးသည်။
သူရဲကောင်းတစ်ဦးက သူမကို ငရဲခန်းထဲမှ ဆွဲထုတ်သွားသည်၊ သို့မဟုတ် နှိပ်စက်ခံရ၍ သေဆုံးသွားပြီးနောက် ကမ္ဘာသစ်တစ်ခုတွင် ပြန်လည်၍မွေးဖွားလာခဲ့သည်.. စသည်ဖြင့်။
သို့သော် အကြိမ်တိုင်းက စိတ်ကူးယဉ် အိပ်မက်သက်သက်သာ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ဤမြင်ကွင်းကို မြင်သောအချိန်တွင် သူမက ထိတ်လန့်သွားပြီး မယုံကြည်နိုင်ဖြစ်နေရ၏။
နာကျင်နေသည့်တိုင် သူမကိုယ်သူမ အပြင်းအထန် ဆွဲဆိတ်ကြည့်လိုက်မိသည်။
နာကျင်မှုက အစစ်အမှန် ဖြစ်နေခဲ့သည်။ သူမက အိပ်မက်မက်နေခြင်းဟု ထင်ခဲ့သော်လည်း သူမအတွက် အမှန်တကယ်ကို နာကျင်လွန်းနေခဲ့လေ၏။
ကျင်းရူမုန်က ငေးငိုင်နေချိန်မှာပင် ပိတ်ဆို့ထားသော တံခါးအပြင်ဘက်မှ စကားပြောသံများနှင့် ပစ္စည်းများကို ရွှေ့ပြောင်းနေသံကို ကြားလိုက်ရသည်။
သူမ ထိုင်မနေနိုင်တော့ဘဲ မည်သည့်အရာများဖြစ်နေသသည်ကို သိနိုင်ရန်အတွက် ခုတင်ပေါ်မှ ဆင်းလိုက်လေ၏။
သို့သော်လည်း အနည်းငယ် လှုပ်ရှားလိုက်ရုံနှင့်ပင် သူမ၏ တစ်ကိုယ်လုံးက နာကျင်နေခဲ့လေသည်။
သူမ စောင်ကို မ,ကြည့်လိုက်ချိန်တွင် သူမ၏ နံပါတ် (၂) စမ်းသပ်ခံဝတ်စုံက မရှိတော့ဘဲ အမျိုးသမီးသုံး ချည်သား ညဝတ်ဂါဝန်နှင့် အစားထိုးထားသည်ကို တွေ့ရ၏။
သူမက အင်္ကျီလက်ကို မ,တင်ကြည့်လိုက်ချိန်တွင် သူမ၏ လက်မောင်းတစ်ခုလုံးတွင် ညိုမည်းနေသော အညိုအမည်းကွက်များနှင့် အပ်ပေါက်ရာများဖြင့် ပြည့်နှက်နေကြောင်းကို တွေ့မြင်လိုက်ရလေသည်။
ထိုအရာများအားလုံးက သုတေသနဌာနတွင် သွေးစုပ်ထုတ်တုန်းက အပ်ပေါက်ရာများသာ ဖြစ်ပေသည်။
ထိုအပ်များက ရှည်လျားပြီး ထူလွန်းသည့်အတွက် သူမ၏ အသားထဲသို့ ဝင်လာတိုင်း နာကျင်လွန်းသောကြောင့် မေးရိုးများပင် တဆတ်ဆတ် တုန်သွားရသည်။
သွေးစုပ်ထုတ်ပြီးတိုင်းတွင်လည်း သူမ၏ ခန္ဓာကိုယ်တွင် အပေါက်ကြီးတစ်ခု ကျန်ရစ်တတ်သည်ပင်။
အစပိုင်းတွင် သူမ၏ ခန္ဓာကိုယ်မှ ပြန်လည်ကုစားနိုင်စွမ်းက ကုသပေးနိုင်ခဲ့သေးပေ၏။
သို့သော်လည်း ကာလရှည်ကြာစွာ သွေးစုပ်ထုတ်ခြင်းနှင့် အပ်ဖြင့် ထိုးခြင်းများကို ခံရသောအချိန်တွင်တော့ သူမ၏ တစ်ကိုယ်လုံးတွင် အပ်ပေါက်ရာများဖြင့် ပြည့်နှက်သွားပြီး သူမ၏ ကိုယ်ခံအားစနစ်ကလည်း ပျက်စီးသွားကာ တစ်ကိုယ်လုံးတွင် အမာရွတ်များသာ ကျန်ရစ်တော့သည်။
သူမက တုန်ယင်နေသော ခြေထောက်များကို အားပြုလျက် တံခါးဆီသို့ လျှောက်သွားခဲ့သည်။
တံခါးပေါ်တွင် အကွက်ဖော်ထားသော ပြတင်းပေါက်ငယ်လေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရလေသည်။
သူမက ဤသည်ကို အသာအယာ တွန်းဖွင့်လိုက်လျှင် တံခါးပေါ်တွင် ထွင်းထုထားသော ရေထဲ၌ ငါးလေးများက ကစားနေသည့် ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။
အပေါက်လေးမှ တစ်ဆင့် အပြင်ဘက် မြင်ကွင်းကို သူမမြင်တွေ့နိုင်ခဲ့ကာ အသံများကိုလည်း ပို၍ ရှင်းလင်းစွာ ကြားနေရ၏။
“ဒီနေ့ည ဘာစားကြမလဲ”
“ခဏနေဦး.. ငါ မေးကြည့်လိုက်မယ်၊ ဧည့်သည် ကလေးလေးတစ်ယောက်လည်း ရောက်နေသေးတယ်”
တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်လေသည်။
ထိုဧည့်သည်လေးမှာ တခြားသူမဟုတ်ဘဲ ယင်ရိလျို၏ ရင်ခွင်ထဲ ထည့်လာခဲ့သော ကောင်လေးဖြစ်ပြီး သူ၏အမည်က ထျန်းထျန်း ဖြစ်သည်။
စကားပြောနေကြသော အမျိုးသားနှင့် အမျိုးသမီး၏ အသံများက သူမအတွက် စိမ်းသက်နေလေ၏။
အသံကို နားထောင်ကြည့်ခြင်းအားဖြင့် ထိုသူတို့က သူမ မမြင်နိုင်သော တစ်နေရာတွင် ရှိနေကြခြင်း ဖြစ်ပေလိမ့်မည်။
သူမ မြင်ရသည်က တံခါးနှင့် မျက်နှာချင်းဆိုင်ရှိ ဆိုဖာအသေးလေးပေါ်တွင် ထိုင်နေသော သွယ်လျသည့် အမျိုးသမီးတစ်ဦးကိုသာ ဖြစ်သည်။
ထိုအမျိုးသမီးက ငိုက်မြည်းနေသကဲ့သို့ မျက်လုံးများကို ပိတ်ထား၏။
ကျင်းရူမုန် ဂရုတစိုက် အကဲခတ်နေချိန်မှာပင် ဆိုဖာပေါ်မှ အမျိုးသမီးက ရုတ်တရက် မျက်လုံးဖွင့်လိုက်ကာ သူမ၏ အကြည့်နှင့် တည့်တည့်ဆုံသွားတော့၏။
ကျင်းရူမုန်က လန့်ဖျန့်သွားရပြီး နောက်သို့ ဒယီးဒယိုင်ဆုတ်လိုက်မိပြီး အားမရှိသော ခြေထောက်များက ခွေကျလျက် ကြမ်းပြင်ပေါ်သို့ ဘန်းခနဲ ထိုင်လျက်သား ကျသွားလေတော့သည်။
တံခါးက အပြင်ဘက်မှ တွန်းဖွင့်ခြင်းကို ခံလိုက်ရလေသည်။
အမျိုးသမီးနှစ်ဦးမှာ တစ်ဦးက မတ်တတ်ရပ်ပြီး တစ်ဦးက ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သားဖြင့် တိတ်ဆိတ်နေကြ၏။
ကျင်းရူမုန်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများက ပြည့်နှက်နေချိန်မှာပင် အတော်လေးတက်ကြွလန်းဆန်းသော ပုံစံရှိသည့် အမျိုးသားတစ်ဦးက ပွင့်နေသော တံခါးကြားမှ အထဲသို့ လှမ်းကြည့်လိုက်လေသည်။
သူမ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်ကို မြင်သချိန်တွင် သူက စိုစွတ်နေသော လက်များကို သူ၏ အဝတ်အစားတွင် အလျင်အမြန် သုတ်လိုက်လေ၏။
“ကျဲ.. နိုးလာတာကို ဘာလို့ ကြမ်းပြင်ပေါ်မှာ ထိုင်နေရတာလဲ”
တစ်ချိန်တည်းမှာပင် အထူးတပ်ဖွဲ့စခန်းထဲတွင် ကျင်းယန်က ယင်ရိလျိုကို သူ၏ ပခုံးပေါ်တွင် တင်ထားလျက် ကာမိုဖလပ် ဝတ်ရုံရှည်များကို ဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ဝင် အုပ်စုနှင့်အတူ ရပ်နေခဲ့ကာ အထက်မှ ရှန်ကျစ်ဟူ၏ အမိန့်ထုတ်ပြန်ချက်များကို နားထောင်နေကြသည်။
တစ်ရက်အတွင်းမှာပင် သုတေသနဌာန စီးနင်းခံရသည့် သတင်းက အခြေစိုက်စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကို တုန်လှုပ်စေခဲ့သည်။
ကျူးကျော်သူ၏ သတ္တိကိုလည်း အားလုံးက အံ့ဩချီးကျူးနေကြလေသည်။
သုတေသနဌာနက အခြေစိုက်စခန်း၏ အင်အားကြီး အဖွဲ့အစည်းသုံးရပ်ထဲမှ တစ်ခုဖြစ်ကြောင်းကို သိထားရမည်။
ထိုသူတို့ကို ရန်စမိခြင်းက အရူးတစ်စုကို ရန်စလိုက်ခြင်းနှင့် တူညီပေ၏။
တစ်ပြိုင်နက်တည်းမှာပင် သုတေသနဌာနထဲ၌ လူသားစမ်းသပ်မှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း သတင်းများကလည်း မည်သူ့ထံမှ ပေါက်ကြားသည်မသိဘဲ ပျံ့နှံ့သွားခဲ့ပြီး အများပြည်သူအကြားတွင် ထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ရှန်ကျစ်ဟူက သုတေသနဌာနကို မည်သည့်အချိန်ကမျှ သဘောမကျခဲ့ပေ။
အကယ်၍ အထက်လူကြီးများ၏ တင်းကျပ်သော အမိန့်ကသာ မရှိပါက သူက ဂရုမစိုက်ရုံသာမက လက်ခုပ်တောင် တီးမိပေလိမ့်မည်။
သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ ပြောဆိုလေ၏။
“အခု အထက်က အဲဒီကိစ္စကို စုံစမ်းစစ်ဆေးနေပြီ၊ မင်းတို့ထဲက တစ်ယောက်ယောက်က ဒီကိစ္စကို သိနေသေးလား၊ ဒါမှမဟုတ် အဲဒီလူတွေထဲက တစ်ယောက်လားဆိုတာကို ငါမသိပေမဲ့..
မင်းတို့က လုပ်ပြီးသွားပြီဆိုမှတော့ မင်းတို့ရဲ့ အမြီးတွေကို လုံအောင်ဝှက်ထားကြတော့”
လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ချက်ချင်းပင် ခပ်တိုးတိုးရယ်မောလိုက်လေသည်။
သူတို့က ရယ်မောနောက်ပြောင်နေကြသာ တချို့ကလည်း မနေ့ညက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးနေကြ၏။
ကျင်းယန်နှင့် ယင်ရိလျိုတို့ ထွက်ခွာလာချိန်တွင် မှန်အမိုးခုံး (၉) ခုကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် စမ်းသပ်ခံပုဂ္ဂိုလ် (၆) ဦးကို ပြန်လည်၍ ဖမ်းဆီးရမိထားသည်။
ကျင်းရူမုန်နှင့် ကောင်လေးအပြင် နောက်ထပ် လူနှစ်ဦးကလည်း လွတ်မြောက်သွားခဲ့လေသည်။
သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များက ရိုးရှင်းမနေပေ။
ကျင်းယန်က ထိုကောင်လေးမှတစ်ဆင့် တခြားစမ်းသပ်ခံပုဂ္ဂိုလ်များ၏ စွမ်းရည်များကို သိရှိခဲ့ရပြီး တစ်ညလုံး စာရင်းပြုစု၍ နေရာအနှံ့တွင် ပျံ့နှံ့အောင် ပြုလုပ်ခဲ့၏။
ထိုလူများထဲတွင် အပြင်လူများ၊ တစ်ကိုယ်တည်းသမားများက ပါဝင်သော်လည်း မြို့တော် B အခြေစိုက်စခန်းတွင် ရှိနေဆဲဖြစ်သော ဆင့်ကဲပြောင်းလဲသူများ၏ မိသားစုဝင်များလည်း ပါဝင်နေလေသည်။
အင်အားကြီး ဆင့်ကဲပြောင်းလဲသူ အသင်းတစ်ခုမှ ခေါင်းဆောင်တစ်ဦးက ထိုစာရင်းကို မြင်တွေ့လိုက်ရချိန်တွင် ပျောက်ဆုံးနေသော သူ၏ညီသည်လည်း ထိုစာရင်းထဲတွင် ပါဝင်နေကြောင်းကို သိလိုက်ရတော့သည်။
ယခုအချိန်တွင် သုတေသနဌာနက ထွက်ပြေးသွားသော စမ်းသပ်ခံပုဂ္ဂိုလ်များနှင့် အမည်မသိ ကျူးကျော်သူများကို ဖမ်းဆီးရန် အချိန်နှင့် အင်အားကို စိုက်ထုတ်နေရရုံသာမက၊ အခြေစိုက်စခန်းထဲရှိ ပြည်သူ့ဆန္ဒကို ငြိမ်ဝပ်အောင် ပြုလုပ်ရန်နှင့် လူလာတောင်းနေသော ဆင့်ကဲပြောင်းလဲသူ အဖွဲ့များကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသောကြောင့် လုံးဝကို ဖရိုဖရဲ ဖြစ်နေတော့သည်။
လီကျွင်းက ဤကိစ္စကြောင့် တစ်ညလုံး မျက်စိမမှိတ်ခဲ့ရပေ။
သူက လူလာတောင်းသော ဆင့်ကဲပြောင်းလဲသူအသင်း၏ ခေါင်းဆောင်နှင့် သီးသန့် သဘောတူညီမှု ရယူပြီးသည်နှင့် စစ်ဘက်နှင့် နိုင်ငံရေးဌာနမှ မြေခွေးအိုကြီးများထံမှ ဟန်ဆောင်ကောင်းလွန်းသော စာတစ်စောင်ကို လက်ခံရရှိခဲ့ပြန်သည်။
သူတို့က သုတေသနဌာန၏ ဖြစ်ရပ်ကြောင့် အခြေစိုက်စခန်းထဲ၌ ထိတ်လန့်မှုများက ဖြစ်ပေါ်ခဲ့ရသောကြောင့် ဤအတွက် သုတေသနဌာနကသာ တာဝန်အပြည့်ယူရမည်ဟု ပြောဆိုကြ၏။
ထိုမြေခွေးအိုကြီးများက မည်သည့်အရာကိုဆိုလိုခြင်းဖြစ်ကြောင်းကို လီကျွင်းက အတပ်သိသည်။
သူတို့က သူ အခက်တွေ့နေချိန်ကို အခွင့်ကောင်းယူ၍ သုတေသနဌာနကို အကြီးအကျယ် ဓားပြတိုက်ချင်နေကြခြင်းသာ ဖြစ်၏။
သို့သော် သူက အံကြိတ်၍ လက်ခံရုံမှတစ်ပါး တခြားမရှိတော့ပေ။
ထို့အတွက်ကြောင့် ထိုလောဘသားများ၏ ဗိုက်ကို အနည်းငယ် ပြည့်သွားစေရန် တန်ဖိုးကြီးလွန်းသော သုတေသနဆေးဝါးများနှင့် အဆင့်မြင့် ကိရိယာတချို့ကို ပေးပါမည်ဟု ကတိပေးလိုက်ရသည်။
သုတေသနဌာက တစ်ရက်အတွင်း အကြီးအကျယ် ထိခိုက်ပျက်စီးသွားခဲ့ရလေသည်။
*