← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း(192)

လီကျွင်းက ကျင်းယန်ကို အသည်းထဲမှ နာကျည်းနေသော်လည်း၊ စမ်းသပ်ခံပုဂ္ဂိုလ်များကို မည်သို့ပင် မေးမြန်းစေ တံခါးဖွင့်ပေးသွားသူ၏ ပုံပန်းသဏ္ဌာန်ကို မည်သူကမျှ သေချာစွာ မဖော်ပြနိုင်ကြပေ။

သူ ထိုနေ့က စောင့်ကြည့်ကင်မရာ မှတ်တမ်းများကို ပြန်လည် စစ်ဆေးခိုင်းလျှင် ညစ်ပတ်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကင်မရာကို ကျောခိုင်းလျက် အလွန်သတိရှိနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကိုသာ တွေ့ရသည်။

ထို့နောက် သူက ထိုနေ့က တံခါးဝတွင် ထိုအမျိုးသားနှင့် ဆုံခဲ့သော လူငယ်သုတေသနပညာရှင်ကို ရှာဖွေခဲ့လေ၏။

ထိုလူငယ်မှာ သူ အထင်သေးခဲ့သော တောသားက သုတေသနဌာနကို ပြောင်းပြန်လှန်ခဲ့သူဖြစ်ကြောင်းကို သိလိုက်ရသောကြောင့် အလွန် အံ့အားသင့်သွားခဲ့။သည်။

သူက ထိတ်လန့်တုန်လှုပ်နေပြီး ထိုသူနှင့် ပတ်သက်နေသည်ဟု အဖွဲ့အစည်းမှ သံသယမဝင်စေရန် သူက မြင်ခဲ့သော မျက်နှာပုံစံကို အလျင်အမြန်ပင် ဖော်ပြလေတော့သည်။

ကိုင်းနေသော ကျောပြင်၊ ဆံပင်အရှည်နှင့် မျက်နှာပေါ်တွင် မီးလောင်ဒဏ်ရာ အမာရွတ်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး။

ကျယ်ပြန့်ပြီး လူမျိုးစုံလွန်းသော မြို့တော် B အခြေစိုက်စခန်းတွင် ဤကဲ့သို့သော လူမျိုးက အနည်းဆုံး ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းမျှသာ ရှိနိုင်သည့်အပြင်၊ ရုပ်ဖျက်ထားနိုင်ခြေ ရှိသည်ကိုလည်း ထည့်တွက်ရပေဦးမည်။

လီကျွင်းက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အခြေစိုက်စခန်းထဲရှိ ချန်ဟုန်အသင်းမှ ရှေးဖြစ်ဟောသူကို ခေါ်ဆောင်လာရန် လူလွှတ်လိုက်လေသည်။

သူတို့က သူမကို ဖိတ်ကြားလိုက်ခြင်းပင် ဖြစ်၏။

လျို့ကျန်းက သုတေသနဌာနက စီးနင်းခံရမှုအကြောင်းကို ကြိုတင်သိရှိထားပြီး ဖြစ်သည်။

သူမအနေဖြင့် ထိတ်လန့်မိသကဲ့သို့ စိတ်ရှုပ်ထွေးမှုများလည်း ဖြစ်နေ၏။

သူမ၏ ယခင်ဘဝတွင် ဤဖြစ်ရပ်မျိုးကို တစ်ခေါက်မျှ မကြားဖူးခဲ့ပေ။

သုတေသနဌာနသို့ ဖိတ်ကြားခြင်း ခံရချိန်တွင် သူမက ထိုအကြောင်းကိုသာ ဆက်တိုက် စဉ်းစားနေမိသည်။

လီကျွင်းက သူမကို လက်ခံတွေ့ဆုံပြီးနောက်၊ သူမ၏ ရှေးဖြစ်ဟော စွမ်းရည်ကို အသုံးပြု၍ မနေ့ညက သုတေသနဌာနသို့ ကျူးကျော်ဝင်ရောက်၍ စမ်းသပ်ခံပုဂ္ဂိုလ်များကို ခေါ်ဆောင်သွားသူကို ရှာဖွေပေးရန် ပွင့်လင်းစွာပင် တောင်းဆိုလိုက်လေသည်။

လျို့ကျန်းက မှင်တက်သွားရ၏။ သူမက အမှန်တကယ့် ရှေးဖြစ်ဟောသူ မဟုတ်ပါချေ။ ထို့ကြောင့် ထိုသူက မည်သူဖြစ်ကြောင်းကို မည်သို့ သိနိုင်ပါမည်နည်း။

ဤဖြစ်ရပ် မတိုင်မီအထိ သုတေသနဌာနက လူသားစမ်းသပ်မှုများကို ပြုလုပ်နေသည်ကိုပင် သူမက မသိခဲ့ပေ။

လီကျွင်းက သူမထံသို့ ချဉ်းကပ်လာရခြင်းမှာ ဒုတိယ စမ်းသပ်ခံပုဂ္ဂိုလ်နှင့် ပတ်သက်သော အချက်အလက်များကို သူမဘက်မှ ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

သူမ၏ ယခင်ဘဝမှ သိရှိချက်များအရ သူမက မသေဆုံးမီက စစ်ဘက်မှ စွန်းမိသားစုတွင် ဆင့်ကဲပြောင်းလဲသူများ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးနိုင်သော မြင့်မြတ်သည့် ဆေးတစ်မျိုး ရှိကြောင်းကို သူမက သိရှိခဲ့ရသည်။

ထိုဆေး၏ အကူအညီဖြင့် စွန်းမိသားစု၏ အကြီးအကဲက ဗိုလ်ချုပ်မှသည် ကမ္ဘာပျက်ကပ်ပြီးနောက် ဩဇာအရှိဆုံး လူအုပ်စုထဲသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ဗိုလ်ချုပ်စုန့်၏ သားဖြစ်သူက သေလုမျောပါး ဖြစ်နေချိန်တွင် သူမက သဲလွန်စတချို့ကို မသိမသာ ပေးခဲ့ဖူးသည်။

စွန်းမိသားစုနှင့် စုန့်မိသားစုတို့က မည်ကဲ့သို့သော သဘောတူညီချက်များကို ရယူခဲ့ကြသည်ကို မသိရသော်လည်း စုန့်မိသားစုက ထိုမြင့်မြတ်သော ဆေးကို ရရှိခဲ့ပြီး အသက်လုနေရသော သူတို့၏ သားကို ကယ်တင်နိုင်ခဲ့ကြသည်။

လက်ဆင့်ကမ်းပြောင်းလဲမှုများစွာက ဖြစ်ပေါ်ပြီးနောက်တွင် ထိုအံ့ဖွယ်ဆေးက နောက်ဆုံးတွင် သုတေသနဌာန၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်၏။

လွန်ခဲ့သော လဝက်ခန့်က သုတေသနဌာနက အခြေစိုက်စခန်းထဲ၌ ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချသော အထူးအာနိသင်ရှိ ဆေးဝါး တစ်မျိုးကို တီထွင်ခဲ့သည်။

ယခင်ဘဝမှ မှတ်ဥာဏ်များ ရှိနေသော လျို့ကျန်းက ထိုအထူးဆေးက သူမ၏ ယခင်ဘဝက စွန်းမိသားစုကို အာဏာရစေခဲ့သော အံ့ဖွယ်ဆေးဖြစ်ကြောင်းကို သိလိုက်လေသည်။

ဒဏ်ရာများကို ဤမျှ လျင်မြန်စွာ ကုသပေးနိုင်သော ဆေးက မည်သို့သော မှော်ဆန်သည့် ဒြပ်စင်မျိုး ဖြစ်နေမည်လဲဆိုသည်ကို သူမ အမြဲ စပ်စုလိုခဲ့သည်။

သို့သော် မနေ့ညက ဖြစ်ရပ်ပြီးမှသာ သူမ နားလည်သွားခဲ့တော့သည်။

ရှားပါးပြီး အဖိုးတန်လွန်းသော ပစ္စည်းများဟူ၍ မရှိပေ။

ဤသည်က လူသားတို့၏ ယုတ်မာမှုသာ ဖြစ်သည်။

အထူးဆေးဟု ခေါ်သောအရာက ထူးခြားသော စွမ်းရည်ရှိသည့် ဆင့်ကဲပြောင်းလဲသူများ၏ ခန္ဓာကိုယ်မှ သွေးများကို ထုတ်ယူ၍ သန့်စင်ပြီးနောက် ဈေးကွက်တွင် ရောင်းချနေခြင်းသာ ဖြစ်၏။

လျို့ကျန်း၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံဖြင့် မွန်းကြပ်နေရသည်။

ဤသည်က သူမ၏ ရည်ရွယ်ချက် မဟုတ်သကဲ့သို့ သုတေသနဌာနက လူသားစမ်းသပ်မှုများကို ပြုလုပ်မည်ကိုလည်း သူမက မသိခဲ့ပါချေ

သိာ့သော်လည်း ထိုဆင့်ကဲပြောင်းလဲသူက သူမကြောင့် သုတေသနဌာနသို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်ကိုတော့ သူမက ဝန်ခံရပေလိမ့်မည်။

“ငါက မကောင်းမှုရဲ့ အပေါင်းအပါပဲ”

လျို့ကျန်းတစ်ယောက် သူမ၏ အတွေးများထဲမှ ရုတ်တရက် နိုးထလာချိန်တွင် လီကျွင်းက သူမကို အပြုံးတစ်ခုနှင့် ကြည့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရ၏။

ရုတ်တရက် သူမ၏ ကျောရိုးထဲအထိ အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားပြီး၊ တစ်စုံတစ်ရာကို သတင်းရသည်နှင့် သုတေသနဌာနကို သေချာပေါက် အကြောင်းကြားပါမည်ဟု ဗလုံးဗထွေး ပြန်ပြောလိုက်ရလေ၏။

ထို့နောက်တွင် သူမက ပျာပျာသလဲ ခြေလှမ်းများဖြင့် သုတေသနဌာနပြင်ပသို့ ထွက်လာခဲ့တော့သည်။

လီကျွင်းက ထူးခြားသော စွမ်းရည်ရှိသည့် ဆင့်ကဲပြောင်းလဲသူများကို ဖမ်းဆီးလေ့လာနိုင်သည်ဆိုပါက၊ သူမ၏ ရှေးဖြစ်ဟော စွမ်းရည်အပေါ်တွင်လည်း ထူးဆန်းသော စိတ်ကူးများက ရှိနေနိုင်သည်။

သူမက ဤနေရာတွင် ကြာရှည်စွာမနေသင့်တော့ပေ။

ထွက်ခွာသွားသော လျို့ကျန်း၏ နောက်ကျောပြင်ကို ကြည့်ရင်း လီကျွင်း၏ လက်ထောက်က ခပ်တိုးတိုး မေးလိုက်ပေ၏။

“အကြီးအကဲ ဘယ်လိုလဲ၊ ရှေးဖြစ်ဟောသူက ဘာပြောလဲ”

လီကျွင်းက နှာခေါင်းကိုတစ်ချက် ရှုံ့လိုက်ပြီးအေးစက်စွာ ပြောလိုက်ပေသည်။

“ရှေးဖြစ်ဟောသူ ဟုတ်လား၊ သူမက လူတွေကို လှည့်စားဖို့ ဟန်ဆောင်နေတာလို့ပဲ ငါ ထင်တယ်၊

ဒီမိန်းမကို အားကိုးလို့ မရဘူး၊ သူက တိတ်တဆိတ် ဘာတွေကိုလုပ်နေလဲဆိုတာကို စောင့်ကြည့်ဖို့ လူလွှတ်လိုက်၊ တစ်ခုခု သတင်းရရင် ငါ့ကို လာပြော”

လက်ထောက်က ခေါင်းညိတ်ပြ၏။ ထို့နောက် လီကျွင်းက ဘေးမှလူကို မေးလိုက်ပြန်သည်။

“နံပါတ် (၁) စခန်းရဲ့ ပိုးသတ်တဲ့အလုပ်ကကော ဘယ်လိုနေလဲ”

လီကျွင်း၏ တည်ငြိမ်ပြီး ယဉ်ကျေးပျူငှာသော မူလပုံစံက ပြန်လည်၍ ပေါ်ပေါက်လာသည်ကို မြင်သောအချိန်တွင် လက်ထောက်က မနေနိုင်ဘဲ တုန်ယင်သွားမိပြီး ဦးညွှတ်လျက် ပြန်ဖြေလိုက်လေ၏။

“ပြီးသွားပါပြီ”

လီကျွင်းက ရက်စက်သော အပြုံးမျိုးကို ပြုံးလိုက်လေသည်။

“ဒီတစ်ခေါက် ခွဲစိတ်မှုကိုတော့ ငါကိုယ်တိုင် ပါဝင်ချင်တယ်”

အိမ်သို့ ပြန်ရောက်ချိန်တွင်ပင် ယင်ရိလျိုက သုတေသနဌာနရှိ ရှုပ်ထွေးမှုများအကြောင်းကို ကျင်းယန်ကို ခပ်တိုးတိုး ပြောပြနေဆဲပင်။

ကျင်းယန် တံခါးဖွင့်လိုက်သည်နှင့် အခန်းထဲရှိ လေထုက တစ်မျိုး ထူးဆန်းနေပြီး တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်၏။

ယင်ရိလျို မော့ကြည့်လိုက်သောအချိန်တွင် လူတိုင်းက ဧည့်ခန်းတွင် ထိုင်နေကြပြီး သူမနှင့် သူမ၏ ရွှေပေါင်လုံးကို စိုက်ကြည့်နေကြသောကြောင့် သူမက ချက်ချင်းပင် နေရခက်သွားရသည်။

ဘာဖြစ်လို့လဲ။ ဘာလို့လူတိုင်းက စိုက်ကြည့်နေကြတာလဲ။

ဆိုဖာ၏ တစ်ဖက်စွန်းတွင်ရှိနေသည့် တဆတ်ဆတ် တုန်ယင်နေသော အမျိုးသမီးထံသို့ သူမ၏ အကြည့် ရောက်သွားချိန်တွင်တော့ ကျင်းရူမုန်က နိုးလာပြီဖြစ်ကြောင်း ချက်ချင်း နားလည်သွားရ၏။

ကျင်းရူမုန်က နိုးလာပြီးနောက်တွင် လင်းကျားကို ငိုင်တိုင်တိုင် စိုက်ကြည့်နေမိသည်။

သူမကို ကျောင်းမောင်နှမက ခုတင်ပေါ်တွင် ထိုင်ရန် ကူညီပေးခဲ့လေ၏။

ဖြစ်ပျက်သမျှ ဇာတ်လမ်းအစအဆုံးကို နားထောင်ပြီးမှသာ သူမအနေဖြင့် အခြေအနေမှန်ကို နားလည်သွားခဲ့၏။

ယခုအချိန်တွင် သူမက သူမ၏ အစ်ကိုဖြစ်သူအသင်း၏ နေအိမ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

သူမကို သူမ၏အစ်ကိုက ကယ်တင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညက သူမက ခံစားခဲ့ရသော ဝေဝါးမှုများက အိပ်မက်မဟုတ်ဘဲ လက်တွေ့ဘဝပင် ဖြစ်နေသည်။

သူမ တောင့်မခံနိုင်ဘဲ ငိုကြွေးမိတော့သည်။ ကျောင်းမောင်နှမ၏ နှစ်သိမ့်မှုကြောင့် လမ်းခရီးတစ်လျှောက်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာတချို့ကိုလည်း သူမက သိရှိခဲ့ရ၏။

သူမအတွက် အံ့ဩစရာ အကောင်းဆုံးအချက်က ကျင်းယန်မှ် ယုန်လေးအဖြစ် ပြောင်းလဲနိုင်သော မိန်းကလေးတစ်ဦးအပေါ်တွင် အလွန်ပင် ဂရုစိုက်လွန်းသည့် ဖခင်တစ်ဦးကဲ့သို့ ဖြစ်နေသည်ဟူသော ကျောင်းချီယန်၏ စကားပင် ဖြစ်သည်။

သူမ၏ အစ်ကိုဖြစ်သူက ငယ်စဉ်က ဖြစ်ရပ်တစ်ခုကြောင့် စိတ်ဒဏ်ရာ ရရှိခဲ့ပြီး လူတိုင်းအပေါ်တွင် အေးစက်စက် ဆက်ဆံတတ်သူဖြစ်ကြောင်းကို သူမက အမြဲ သိထားခဲ့သည် မဟုတ်ပါလား။

ဤသည်က သူမက အနောင်တရဆုံး အရာလည်း ဖြစ်ပေသည်။ ငယ်စဉ်က သူမ၏ အစ်ကို ကို စိတ်နာအောင် လုပ်ခဲ့မိသည်

မိန်းကလေးတစ်ဦးကို သူမ၏အစ်ကိုက ပြုံးပြနေမည့် ပုံရိပ်ကို သူမက စိတ်ကူးပင် မယဉ်နိုင်ခဲ့ပေ။

မိုးချုပ်လာသည်နှင့်အမျှ သူမ၏ နှလုံးခုန်သံကလည်း ပို၍ မြန်လာခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း သူမ၏ ကြိုးစားမှုများကြောင့် ကျင်းယန်နှင့် သူမ၏ ဆက်ဆံရေးက ငယ်စဉ်ကကဲ့သို့ တင်းမာမှု မရှိတော့ပေ။

သို့သော်လည်း အတိတ်က ဒဏ်ရာများကို အလွယ်တကူ မေ့ပျောက်၍ မရနိုင်ကြောင်းကို သူမက သိထားသောကြောင့် သူမကိုယ်သူမ အမြဲ ဆင်ခြင်နေခဲ့၏။

အားလပ်ရက်များမှလွဲ၍ သူမက ကျင်းယန်ကို နေမထိထိုင်မသာ မဖြစ်စေရန် အိမ်သို့ သိပ်မပြန်တတ်ပေ။

သူမ၏ အသက် (၁၄) နှစ်အရွယ်တွင် မိဘနှစ်ပါးလုံးက ပြည်ပရှိ ကျွန်းငယ်လေးတစ်ခု၌ ယာဉ်မတော်တဆမှုဖြင့် ကွယ်လွန်ခဲ့ကြ၏။

သူမအတွက် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားခဲ့ရသော်လည်း၊ သူမ၏ အစ်ကိုဖြစ်သူကသာ တာဝန်အားလုံးကို ပုခုံးလွှဲ ပြောင်းယူခဲ့ခြင်း ဖြစ်သည်။

ငယ်စဉ်က သူမက သူ့ကို နှိပ်စက်ခဲ့သော်လည်း သူက သူမ၏ စားဝတ်နေရေးအတွက် မည်သည့်အချိန်တွင်မဆို လိုလေသေးမရှိ ထောက်ပံ့ပေးခဲ့သည်။

ပြင်ပလူများ၏ အမြင်တွင် သူမက ကျင်းမိသားစု၏ ဂုဏ်သရေရှိလွန်းသော သမီးအဖြစ် ဆက်လက်၍ တည်ရှိနေခဲ့ရ၏။

သူမက အမြဲတမ်း အပြစ်ရှိသကဲ့သို့ ခံစားနေရသော်လည်း သူမ၏ အစ်ကို ကို မည်သို့ ပြန်လည်၍ ပေးဆပ်ရမည်ကို မသိခဲ့ပေ။

သူ့တွင် လိုအပ်ချက်ဟူ၍ မည်သည်မျှမရှိပေ။နောက်ကျမှ ပေးအပ်သော နွေးထွေးမှုကလည်း မလိုအပ်တော့ဟု သူမ ထင်ခဲ့မိသည်။

ခြေထောက် ဒဏ်ရာရရှိပြီးနောက်တွင် သူ၏ စရိုက်က ပို၍ မှိုင်တွေပြီး တိတ်ဆိတ်သွားခဲ့၏။

ထို့ကြောင့် ကျင်းရူမုန်က အိမ်တွင် မွေးမြူရန် တိရစ္ဆာန်လေးများကို ဝယ်ယူပေးခဲ့ခြင်း ဖြစ်သည်။

ထိုသတ္တဝါလေးများက ကျင်းယန်၏ နှလုံးသားကို နွေးထွေးစေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ခြင်းပင်။

သူမက ပို့ပေးခဲ့သော သတ္တဝါလေးများထဲတွင် နယ်သာလန်မှ တင်သွင်းသော မျိုးစပ်ယုန်ပုလေး တစ်ကောင်က ပါဝင်သည်ကို သူမ သေသေချာချာ မှတ်မိနေသည်။

ဤသည်က အလွန်သေးငယ်ပြီး ချစ်စရာကောင်းလွန်း၏။

ထို့ကြောင့် ကျောင်းချီယန်က ကျင်းယန်နှင့် စတင်ဆုံတွေ့ချိန်က ယုန်လေးတစ်ကောင်ကို ပွေ့ချီထားသည်ဟု ပြောလိုက်ချိန်တွင်၊

ချစ်စရာကောင်းလွန်းသော ထိုယုန်လေးနှင့် ပတ်သက်၍ သူမ၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သည်။

*

All Chapters