← Chapters

အခန်း (၁၉၅)

Vol. 20 Ch. 195

အခန်း (၁၉၅)

Vol. 20 Ch. 195

အခန်း(195)

ဆေးအတိုက်ခံရသည့် နှိပ်စက်မှု ပြီးဆုံးသွားသောအချိန်တွင်တော့ ယင်ရိလျိုတစ်ယောက် ဒေါသထွက်လွန်းသောကြောင့် ပေါက်စီတစ်လုံးကဲ့သို့ ဖောင်းကားနေတော့သည်။

သူမက ပါးစပ်ထဲမှ သံဓာတ်အရသာများကို ဆေးကြောပစ်ရန် ရေကို အမြန်သောက်လိုက်ပြီး၊ အနောက်ဘက်က ကျင်းယန်ကို လျစ်လျူရှု၍ ဆိုဖာပေါ်သို့ ခုန်တက်၍ စိတ်ကောက်နေလိုက်၏။

ထိုအချိန်တွင် ထျန်းထျန်းဆိုသည့် ကောင်လေးက သူမ၏ ဘေးသို့ ရောက်လာကာ သူ၏ ဝိုင်းစက်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်၍ ကလေးသံလေးဖြင့် မေးလိုက်သည်။

“ကျဲ ခုနက ဘာစားတာလဲ”

ယင်ရိလျို၏ မျက်လုံးများက လှုပ်ရှားသွားပြီး သူမ၏ စိတ်ထဲတွင် ဆိုးသွမ်းသော အကြံတစ်ခုက ပေါ်လာခဲ့သည်။

သူမက ခေါင်းကို အနည်းငယ် မော့၍ ကျင်းယန် ရှိရာဘက်သို့ လှမ်းကြည့်လိုက်လျှင် ထိုအမျိုးသားက သူတို့ဘက်ကို ကြည့်မနေပေ။

သူမက နေရာလွတ်ထဲမှ ကယ်လ်ဆီယမ်ဆေးပြား တစ်ပြားကို ထုတ်ယူ၍ ထိုကောင်လေး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်လေသည်။

ကလေးက နှုတ်ခမ်းကို တသပ်သပ်နှင့် အားရပါးရ စားနေသည်ကို မြင်ရသောအချိန်တွင်တော့ သူမတွင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။

ကလေး၏ တည်ငြိမ်သော မျက်နှာအမူအရာကို ကြည့်၍ သူမ မနေနိုင်ဘဲ မေးလိုက်မိသည်။

“အရသာရှိလား”

ထျန်းထျန်းက ဝါးစားနေရင်း ခေါင်းကိုညိတ်၍ပြန်ဖြေလိုက်လေတော့သည်။

“အရသာရှိတယ်”

ယင်ရိလျိုက သူမက နားကြားမှားသည်ဟု ထင်မှတ်ခဲ့သော်လည်း ထိုကောင်လေးက အရသာရှိသည်ဟု အလွန်ပင်အလေးအနက် ပြောနေသည်ကို မြင်ရချိန်တွင် အလွန်ပင်ပျော်ရွှင်သွားပြီး ခပ်တိုးတိုး ပြောဆိုလိုက်ပေ၏။

“ဒါဆိုရင် အခုကစပြီး ကျဲရဲ့ အားဆေးတွေတိုင်းကို မင်းပဲ စားပေးတော့နော်၊ ဟုတ်ပြီလား”

ထျန်းထျန်းက သူ၏ ခေါင်းလုံးလုံးလေးကို ငြိမ့်ပြ၍ ပြန်ဖြေသည်။

“ကောင်းပါပြီ”

သူမအတွက် အခက်ခဲဆုံး ပြဿနာက ဤမျှလောက် လွယ်ကူစွာ ပြေလည်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယင်ရိလျိုက စိတ်ကြည်လင်သွားပြီး ထိုပဲပင်ပေါက်လေး၏ ခေါင်းကို ပွတ်သပ်ပေး၍ ပြောလိုက်ပေ၏။

“ဒါတွေကိုစားရင် မင်းက အရပ်အမြန် ရှည်လာမှာ”

ထျန်းထျန်းက သူ၏ ခေါင်းလေးကို စောင်းလိုက်ပြီး ကြည်လင်လွန်းသော သူ၏ မျက်ဝန်းအစုံဖြင့် ယင်ရိလျိုကို ကြည့်၍ မေးလိုက်လေ၏။

“ကျဲက ဒါတွေကိုစားလို့ ဒီလောက်အထိ အမြန်ကြီး ရှည်လာတာလား”

ယင်ရိလျိုက မှင်သက်သွားရသည်။

ထိုကောင်လေး၏ မျက်လုံးများကို ကြည့်ပြီးနောက်တွင် သူက သူမ၏ ကြီးထွားနှုန်းကို အမှန်တကယ်ပင် သတိပြုမိနေခြင်းဖြစ်ကြောင်းကို သူမက သိလိုက်ရ၏။

ဤသည်က အမှန်တကယ် လူသားလေးတစ်ယောက်ဟုတ်ပါ့မလားဟူသည်ကို သူမ သံသယဝင်လာမိသည်။

သူမက တွန့်ဆုတ်နေချိန်မှာပင် အရှေ့မှ ကလေးငယ်က ခေါင်းကိုခါလိုက်ပြီး ပြောဆိုလေ၏။

“ကျွန်တော်ကလည်း စားချင်တယ်၊ ကျဲလိုမျိုး အမြန် လူကြီးဖြစ်ချင်တာ၊ ကျဲ ကျွန်တော့်ကို စောင့်ရမယ်နော်”

ယင်ရိလျို ပြုံးလိုက်မိသည်။ သူမက ထူးခြားချက်တစ်ခုကြောင့်သာ ရှည်နေခြင်း ဖြစ်ပေ၏။

လူတိုင်းက သူမကဲ့သို့ အလိုရှိတိုင်း မည်သို့ အရပ်ရှည်နိုင်ပါမည်နည်း။

သူမက ထိုကလေးကို စနောက်လိုက်မိ၏။

“ဘာလို့ လူကြီး အမြန်ဖြစ်ချင်ရတာလဲ၊ အခုလည်း ချစ်စရာကောင်းနေတာပဲလေ”

သူ၏ ပါးကို အမြဲတစေ အညှစ်ခံနေရသောကြောင့် စကားပြောလျှင် ဗလုံးဗထွေး ဖြစ်နေသော်လည်း သူက အလေးအနက်ပင် ပြောလိုက်လေသည်။

“ကျွန်တော်က လူကြီးဖြစ်လာရင် ကျွန်တော် ကျဲကို လက်ထပ်နိုင်လိမ့်မယ်”

ယင်ရိလျို၏ လက်များက ရုတ်တရက်ပင် ရပ်တန့်သွားရ၏။

သူမ နားကြားမှားသည်ဟု ထင်မှတ်မိပြီး မျက်နှာအမူအရာကလည်း တစ်ခဏအတွင်း အေးခဲသွားတော့သည်။

“ဘာ.. ဘာပြောလိုက်တာလဲ”

ဘယ်သူ့ကို လက်ထပ်ရမှာလဲ။ ငါ့ရဲ့ရင်ဘတ်လောက်တောင် မရှိသေးတဲ့ ဒီဝတုတ်လေးကိုလား။

ထျန်းထျန်းက တည်ငြိမ်သော အမူအရာဖြင့် သူ၏ လက်ချောင်းလေးများကို ချိုး၍ ရေတွက်ပြနေသည်။

“ကျဲက ကျွန်တော့်ရဲ့ တင်ပါးကိုလည်း ပုတ်တယ်၊ ဖက်လည်းဖက်တယ်၊ ကျဲရဲ့ ယုန်နားရွက်တွေကိုလည်း ပေးကိုင်တယ်၊ ကျွန်တော့်ရဲ့ ပါးတွေကိုလည်း ညှစ်တယ်လေ”

သူ စကားမဆုံးသေးမီမှာပင် သူ၏နောက်မှ အရိပ်ကြီးတစ်ခုက မိုးလာပြီး၊ သန်မာသော လက်တစ်ဖက်က သူ၏ ကော်လံအနောက်ဘက်မှ ဆွဲမလိုက်လေတော့၏။

ထို့နောက် ဒေါသသံပါသော နက်ရှိုင်းသည့် အသံတစ်ခုက အနောက်ဘက်မှ ထွက်ပေါ်လာ၏။

“မင်း ဘာပြောလိုက်တာလဲ ဝတုတ်လေး”

ကျင်းယန် ထိုဘက်သို့ ကြည့်မနေသော်လည်း သူက ဂရုမစိုက်နေခြင်း မဟုတ်ပေ။

ထိုဝတုတ်လေးက ယင်ရိလျိုကို လက်ထပ်ချင်သည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ဒေါသများက တလိပ်လိပ် တက်လာခဲ့ပြီး၊ ချက်ချင်းပင် ရှေ့သို့တိုး၍ ထိုကလေးကို ဆွဲမလိုက်ခြင်း ဖြစ်၏။

သူတို့နှစ်ဦး၏ အရပ်အမောင်းက သိသာစွာ ကွာခြားလွန်းသည်။

ယခုအချိန်တွင် ကျင်းယန်၏ မျက်ဝန်းများက ဒေါသရိပ်များဖြင့် မည်းမှောင်နေပြီး ပဲပင်ပေါက်လေးကို ဆွဲမထားပုံမှာ ကလေးကို အနိုင်ကျင့်နေသော လူဆိုးကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။

ယင်ရိလျိုက ထျန်းထျန်း၏ ကော်လံက ပြဲသွားမည်ကိုဖြစ်စေ၊ ကျင်းယန်၏ ကိုင်ပုံကြောင့် ကလေး၏ လည်ပင်းညှစ်မိမည်ကိုဖြစ်စေ စိုးရိမ်သွားပြီး အလန့်တကြားဖြင့် ပြောဆိုလိုက်တော့၏။

“သူ့ကို လည်ပင်းမညှစ်ပါနဲ့ဦး”

ကျင်းယန်၏ ဒေါသက ပို၍ပင် ကြီးထွားလာခဲ့သည်။

သူက သူ၏လက်ထဲမှ ကလေးကို ကြည့်ပင် မကြည့်ချင်တော့ပေ။ ထိုဝတုတ်လေးကို မှန်ခန်းထဲမှ လွှတ်ပေးခဲ့မိသည်ကိုပင် နောင်တရနေမိတော့သည်။

စိတ်လှည့်စားမှုတွေနဲ့ လမ်းညွှန်မှုတွေလား။

အာကာသထဲကိုသာ ပစ်လိုက်တော့။

ဒီဝတုတ်လေးက ဒီလောက်အထိ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ယုန်လေးအပေါ်ကို ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေရှိနေမှန်းသိရင် သုတေသနဌာနထဲမှာပဲ တစ်သက်လုံး ထားခဲ့သင့်တာ။

ကျင်းယန်၏ ချောမောသော မျက်နှာက အေးစက်နေခဲ့ကာ သူ့ကိုယ်သူ သဘောကောင်းလွန်းသွားပြီဟု ခံစားနေရ၏။

ဆူညံသံကို ကြားချိန်တွင် ကျောင်းမောင်နှမသည်လည်း အိမ်ထဲမှ ထွက်လာကြလေ၏။ ထို့နောက် သူတို့၏ ခေါင်းဆောင်က ဒေါသပေါက်ကွဲလုနီးပါးပင် ဖြစ်နေသည်ကို မြင်သောကြောင့် အမြန်ပင်ရှေ့သို့တိုး၍ ထျန်းထျန်းကို ကယ်တင်လိုက်ကြသည်။

“ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ၊ စိတ်ကိုအေးအေးထားပါဦး ကျင်းကော၊ ကလေးတစ်ယောက်နဲ့ ရန်ဖြစ်ရတာ မတန်ပါဘူး!”

ထိုအချိန်မှာပင် ထျန်းထျန်းက အလေးအနက် အမူအရာဖြင့် ထပ်ပြောလိုက်ပြန်၏။

“ကျွန်တော် ပြောတာက အမှန်တွေပဲ၊ မကြာခင်မှာ ကျဲက... ”

ကျင်းယန်၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွားသည်ကို မြင်ချိန်တွင် ကျောင်းစီဟွေ့က အဆက်မပြတ် စကားပြောနေသော ထျန်းထျန်း၏ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ထိုအန္တရာယ်ရှိသော နေရာမှ ခေါ်ထုတ်သွားလေတော့သည်။

“ကျွန်မ သူ့ကို သွားသိပ်လိုက်တော့မယ်!”

ယင်ရိလျိုက သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဘာတွေလဲ မသိတော့ပါဘူး။

အခန်းထဲတွင်။

ဤနေရာက အတော်ပင် ကျယ်ဝန်းလွန်းသည်။

ယင်ရိလျိုက အရှိန်အဟုန်နှင့် ကြီးထွားနေပြီး သူမ၏ ခန္ဓာကိုယ်ကလည်း မိန်းကလေးငယ်တစ်ဦးအဖြစ် ပြောင်းလဲနေပြီ ဖြစ်၍ သူမက ကျင်းယန်နှင့် အမြဲတစေ အတူမနေနိုင်တော့ပေ။

သူမက သူမ၏ ကိုယ်ပိုင် အိပ်ခန်းလေးကို သေသပ်စွာ ပြင်ဆင်ထားသည်။

ရေချိုးပြီးနောက် သူမက ဆံပင်များကို ခြောက်အောင် သုတ်လိုက်သော်လည်း သူမ၏ နားရွက်လေးများက အနည်းငယ် စိုစွတ်နေဆဲပင်။

ကျင်းယန်က ဘေးနားတွင် မရှိသောအချိန်တွင် သူမက တစ်နည်းနည်းဖြင့်စိတ်မလုံခြုံသကဲ့သို့ ခံစားနေရ၏။

ခဏမျှ စဉ်းစားပြီးနောက် သူမက အကြောင်းပြချက်တစ်ခုကို ရှာကာ အရုပ်လေးကို ပွေ့ချီလျက် ကျင်းယန်၏ အခန်းဆီသို့ ပြေးသွားလေတော့သည်။

ကျင်းယန်က ခုတင်ပေါ်တွင် ထိုင်၍ စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့သော်လည်း စိတ်ကတော့ စာထဲတွင် မရှိပေ။

ယုန်လေးက သူ၏ဘေးနားတွင် မရှိသောအချိန်တွင် သူက အမြဲတစေစိတ်မကြည်မလင် ဖြစ်နေတတ်ပြီး တစ်စုံတစ်ခုက သူ၏ လက်ထဲမှ လွတ်ထွက်သွားသကဲ့သို့ ခံစားနေရ၏။

ထိုအချိန်မှာပင် အခန်းတံခါးဝ၌ ခေါင်းလေးပြူကြည့်နေသော ယုန်လေးကို မြင်လိုက်ရသည်။

သူပင် မသိလိုက်ဘဲ စိတ်အခြေအနေက ချက်ချင်းပင် ကောင်းမွန်သွားခဲ့ပြီး မိန်းကလေးကို လက်ဝေ့ယမ်း ပြလိုက်လေ၏။

ယင်ရိလျိုက အခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ သူမ၏ နားရွက်လေးများက စိုနေဆဲဖြစ်ကြောင်းကို ကျင်းယန် သတိပြုမိသောကြောင့် ရေများကို သုတ်ပေးရင်း လေသံခပ်တိုးတိုးဖြင့် မေးလိုက်ပေ၏။

“ဘာလို့ လာတာလဲ၊ အိပ်လို့မရဘူးလား”

ယင်ရိလျို၏ မျက်လုံးလေးများက လှုပ်ရှားသွားပြီး သူမ၏ မျက်နှာတွင် ချိုသာသော အပြုံးလေးတစ်ခုက ပေါ်လာခဲ့သည်။

သို့သော် ကျင်းယန်က ထိုအပြုံးက တစ်နည်းနည်းဖြင့် ထူးဆန်းနေပြီး ယုန်လေးက တစ်ခုခုကို ကြံစည်နေပြီဟု သိလိုက်လေသည်။

သူမက လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလေ၏။

“ခုနက ကျွန်မက ပြောခဲ့တဲ့ အပြစ်ပေးမဲ့ ကိစ္စကို မှတ်မိလား”

မိန်းကလေးငယ်၏ ခပ်ဆိုးဆိုးနှင့် ချစ်စရာကောင်းသော အမူအရာကို မြင်လိုက်ရသောအချိန်တွင် ကျင်းယန်က ရုတ်တရက် ပြုံးလိုက်မိသည်။

သူက မျက်လွှာကိုချလိုက်ပြီး တည်ငြိမ်သော်လည်း နောက်ပြောင်ချင်သော လေသံဖြင့် ပြောလိုက်လေ၏။

“ငါက ငါ့ဘာသာ နာကျင်အောင် လုပ်မိတာပဲ၊ ဘာလို့ အပြစ်ပေးခံရမှာလဲ”

သူ၏ အသံက ညအမှောင်ထုထဲတွင် နက်ရှိုင်းပြီး ဆွဲဆောင်မှု ရှိလွန်းသောကြောင့် ယင်ရိလျို၏ ယိုင်နဲ့နေသော နှလုံးသားက တစ်ခဏအတွင်းမှာပင် လှုပ်ခတ်သွားရပြန်သည်။

ယုန်လေးက ဒေါသထွက်ပြီး အော်တော့မည့် အမူအရာကို မြင်လိုက်ရသောအချိန်မှသာ သူက အပြုံးကို ရပ်လိုက်ပြီး ရိုးသားစွာပင် ပြောလိုက်လေ၏။

“ကောင်းပြီ၊ အပြစ်ပေးခံရမှာပေါ့၊ ထုထုက ဘယ်လို အပြစ်ပေးချင်လဲဆိုတာကို ပြောပါဦး”

ကျင်းယန်၏ ချောမောလှပသော မျက်နှာသွင်ပြင်ကို ကြည့်ရင်း ယင်ရိလျိုက ရုတ်တရက် နေရခက်သွားရသည်။

သူမက သတ္တိမွေးရန်အတွက် တံတွေးတစ်ချက်ကို မျိုချလိုက်ပြီး ကြောက်စရာ မည်သည်မှမရှိဟု သူ့ကိုယ်သူ ပြန်ပြောနေမိပြန်၏။

သူမက အပြစ်ပေးခြင်းဟု ခပ်တိုးတိုး ပြောလိုက်သော်လည်း၊ သူမ၏ အသံက အပြစ်ရှိသကဲ့သို့ ခံစားနေရသောကြောင့် အားနည်းနေသည်။

ကျင်းယန်က ယုန်လေးက တောင်းဆိုလာ့အရာများမည်ကို ခန့်မှန်းထားသော်လည်း သူမ၏ အပြစ်ပေးမှုကို အမှန်တကယ် ကြားလိုက်ရသည့်အချိန်တွင်တော့ သူ၏ အမြဲတမ်း တည်ငြိမ်လွန်းသော မျက်နှာအမူအရာကး တစ်ခဏမျှ တောင့်တင်းသွားခဲ့ရ၏။

“မင်း ဘာပြောလိုက်တာလဲ”

ယင်ရိလျိုက ထိုစကားလုံးများကို ပြောထွက်သွားပြီးသည်နှင့် သူမ၏ ရင်ထဲမှ ကြောက်ရွံ့မှုနှင့် ရှက်ရွံ့မှုများက တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ယင်ရိလျိုက အားမာန်အပြည့်ဖြင့် ထပ်မံ၍ အော်ပြောလိုက်လေသည်။

“ကျွန်မက ပြောတာက.. ရှင့်ရဲ့ အမြီးကို ကိုင်ချင်တယ် လို့ ပြောတာ!”

*

All Chapters