အခန်း (၁၉၆)
Vol. 20 Ch. 196
အခန်း(196)
ကျင်းယန်၏ အမြီး ပြန်လည်ပေါ်ထွက်လာသောအချိန်တွင် ယင်ရိလျိုက စပ်စုလိုစိတ်ဖြင့် အနားသို့ တိုး၍ ကြည့်လိုက်မိ၏။
သူမ၏အရှေ့မှ ရှည်လျားလွန်းသော အမြီးက မြေအောက်မှာထက်စာလျှင် ညမီးအလင်းရောင်အောက်တွင် ပို၍ ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
ကျင်းယန်၏ တစ်ကိုယ်ရည်စရိုက်နှင့် အလိုက်ဖက်ဆုံးအရာက ဆင့်ကဲပြောင်းလဲလာသည့် သူ၏ အမြီးရှည်ကြီးပင် ဖြစ်သည်။
သူ၏ မျက်နှာအမူအရာက တည်ငြိမ်အေးစက်နေသော်လည်း အသာအယာ လှုပ်ခတ်နေသော အမြီးဖျားလေးက သူ၏ စိတ်ထဲမှ တုန်လှုပ်မှုကို ဖော်ပြနေခဲ့သည်။
သူ၏အမြီးက ရွှေရောင်အကြေးခွံများက စိပ်စိပ်လေး ဖုံးလွှမ်းနေပြီး အောက်ဘက်သို့ရောက်လေ ပို၍ သွယ်လျသွားလေပင်။
အစပိုင်းတွင် ယင်ရိလျိုက အမြီးဖျားတွင် အမွေးနုလေးများသာ ရှိသည်ဟု ထင်ခဲ့သော်လည်း အနီးကပ်ကြည့်မှသာ ဤသည်က မြွေအမြီးကဲ့သို့ အကြေးခွံအထပ်ထပ် ဖြစ်နေကြောင်းကို သိလိုက်ရသည်။
သူမက စိတ်ရှုပ်ထွေးနေသော ကျင်းယန်ကို တစ်ချက်ကြည့်ကာ မနေနိုင်ဘဲ အမြီးကို လှမ်းဖမ်းလိုက်မိ၏။
သို့သော် သူမ၏အရှေ့မှ ရွှေရောင်အမြီးရှည်ကြီးက ကျွမ်းကျင်စွာပင် ဝေ့ယမ်းသွားသောကြောင့် သူမ၏လက်က မထိနိုင်ခဲ့ပေ။
ယင်ရိလျိုက မျက်လုံးများကို မှေးလိုက်မိ၏။ သူမက ရွှေပေါင်လုံး၏ အားနည်းချက်ကို မတော်တဆ ရှာဖွေတွေ့ရှိသွားပြီကြောင်းကို သိလိုက်ရလေသည်။
သူမက ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် ရွှေရောင်အမြီးကို အမိအရ ဆုပ်ကိုင်လိုက်တော့သည်။
ဤသည်မှာ အေးစက်စက်နှင့် ချောမွတ်နေပြီး မြွေတစ်ကောင် သို့မဟုတ် နူးညံ့သော သတ္တုတစ်မျိုးကို ကိုင်ထားရသကဲ့သို့ပင်။
သူမက စပ်စုလိုစိတ်ဖြင့် နှစ်ချက်၊ သုံးချက်မျှ ပွတ်သပ်ကြည့်လိုက်ပေ၏။
သို့သော် သေသေချာချာ မမြင်ရသေးမီမှာပင် သူမ၏လက်ထဲမှ အမြီးရှည်ကြီးက အားဖြင့် ရုန်းခါသွားလေသည်။
ယင်ရိလျိုက ကြောင်အ,သွားရ၏။ သူမက ခေါင်းမော့ကြည့်လိုက်သောအချိန်တွင် ကျင်းယန်၏ နားရွက်နောက်ဘက်များက နီရဲနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။
ထို့နောက် သူမ၏ အကြည့်က ရွှေနီရောင် သူငယ်အိမ်နှင့် တည့်တည့်ဆုံသွားကာ ထိုမျက်ဝန်းများထဲမှ လှုပ်ခတ်နေသော အရှိန်အဝါများကြောင့် သူမက လန့်သွားရရှာသည်။
“ကျွန်မ.. ကျွန်မ သွားအိပ်တော့မယ်”
သူမ၏ စိတ်ထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရပြီး အခန်းထဲမှ အမြန်ပြေးထွက်သွားတော့သည်။
နောက်ထပ် မနေရဲတော့ရုံသာမက သူမ ယူလာသော အရုပ်ကလေးကိုပင် ခုတင်ပေါ်၌ မေ့ကျန်ခဲ့လေတော့သည်။
ကျင်းယန်တစ်ယောက် သူ၏ မြီးညှောင့်ရိုးဆီမှ တစစ်စစ် နာကျင်ယားယံမှုကို ခံစားနေရဆဲပင်။
ယုန်လေးက ဤကဲ့သို့ တောင်းဆိုလိမ့်မည်ဟု သူက မထင်မှတ်ထားသကဲ့သို့ သူ၏ အမြီးက ဤမျှအထိ ထိခိုက်လွယ်လိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။
အချိန်အတော်ကြာအောင် စိတ်ကို ငြိမ်အောင်ထားပြီးမှ သူ၏ ရှုပ်ထွေးနေသော ခံစားချက်များက ပုံမှန်ပြန်ဖြစ်သွားရသည်။
သူ၏ အကြည့်က ခုတင်ပေါ်တွင် လဲလျောင်းနေသော ပန်းရောင်အရုပ်ကလေးထံသို့ ကျရောက်သွား၏။
ဤသည်က မြို့တော် Z တွင် ရှိချိန်က ယုန်လေး၏အတွက် သူက ဝယ်ပေးခဲ့သော အရုပ်လေးပင်။
သူက ထိုအရုပ်လေးကို ကောက်ယူ၍ ခုတင်ဘေး စားပွဲပေါ်တွင် တင်ပေးလိုက်ပြီးနောက် ညအိပ်မီးကို ပိတ်လိုက်ကာ အခန်းတစ်ခုလုံးကို မှောင်မည်းသွားစေခဲ့သည်။
နောက်တစ်နေ့ မနက်တွင်တော့ ကျင်းရူမုန်၏ အစားအသောက်ပျက်မှုကို ဂရုစိုက်သည့်အနေဖြင့် ဆန်ပြုတ်ကိုသာ ပြင်ဆင်ပေးခဲ့သည်။
ကံကောင်းစွာဖြင့် လူတိုင်းက အစားအစာ၏ တန်ဖိုးကို နားလည်ကြသောကြောင့် မည်သူကမျှ ဂျီမတိုက်ကြပေ။
ထျန်းထျန်းက နေ့စဉ် သူ၏မျက်နှာထက်ကြီးသော ပန်းကန်လုံးကြီးကို ကိုင်၍ ဆန်ပြုတ်ကို အားရပါးရ သောက်နေတတ်သည်။
ယမန်နေ့ညက သူ၏ ရဲရင့်သော စကားလုံးများ ကြောင့် ကျင်းယန်က သူ့ကို မှတ်ထားပြီးသား ဖြစ်၏။
ဤဝတုတ်လေးသာ ယင်ရိလျို၏ ငါးမီတာအတွင်း ရောက်လာသည်နှင့် ကျင်းယန်ထံမှ အေးစိမ့်သော အရှိန်အဝါများက ထွက်ပေါ်လာတတ်သည်။
ကျောင်းစီဟွေ့က တခြားမတတ်နိုင်ဘဲ ထိုကလေးကို ထောင့်တစ်နေရာတွင်သာ ထိုင်ခိုင်းထားရတော့၏။
ကံကောင်းစွာဖြင့် ထျန်းထျန်းက အလွန်ပင်လိမ္မာပြီး စားစရာပေးထားလျှင် အေးဆေးစွာ ရှိနေတတ်၏။
သူက ဆန်ပြုတ်တစ်ခွက်နှင့်ပင် ဘေးတစ်နေရာ၌ တိတ်တဆိတ် ထိုင်နေနိုင်သည်။
ကျင်းယန်၏ သွေးက ကျင်းရူမုန်၏ ကျန်းမာရေးကိုပြန်လည်၍ကောင်းမွန်စေရန်အတွက် သူမ၏သွေးထက် ဆယ်ဂဏန်းမက ပို၍ ထိရောက်လွန်းသည်။
ထို့အပြင် သူတို့က မောင်နှမအရင်းများ ဖြစ်ကြသောကြောင့် ကျင်းရူမုန်၏ ဖြူလျော်နေသော ပါးပြင်များက တစ်ညအတွင်းမှာပင် သွေးရောင် ပြန်သန်းလာခဲ့သည်။
သူမ၏ အစ်ကိုဖြစ်သူ၏ အေးစက်စက် မျက်နှာအမူအရာကို ကြည့်၍ ကျင်းရူမုန်က အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးမှ မေးလိုက်ပေ၏။
“ကော၊ ကောရဲ့ သွေးထဲမှာလည်း အဲဒီလို စွမ်းအားတွေက ရှိနေတာလား”
ကျင်းယန်က ခေါင်းညိတ်ရုံသာ ပြုလိုက်သော်လည်း ကျင်းရူမုန်၏ မျက်နှာက ပို၍ ဖြူလျော်သွားရသည်။
ထို့နောက် သူမ၏ အစ်ကိုဖြစ်သူက အေးစက်စွာဖြင့် ပြောလာလေ၏။
“ငါ့အတွက် စိတ်မပူပါနဲ့၊ မင်းကိုယ်မင်းပဲ ဂရုစိုက်ပါ”
ကျင်းရူမုန်လည်းသူမ၏ အစ်ကိုက သုတေသနဌာနကို တစ်ကိုယ်တည်း ဝင်ထွက်နိုင်သူဖြစ်သောကြောင့် သူ၏ စွမ်းရည်က အလွန်ပင် မြင့်မားလိမ့်မည်ဟုသာ တွေးတောရင်း သူမ၏ အင်္ကျီစကို လက်ချောင်းများဖြင့် မကြာခဏ ဆုတ်နယ်နေမိသည်။
ထိုအချိန်တွင် ကျင်းယန်က မေးလိုက်ပေ၏။
“မင်း အဲဒီနေရာကို ဘယ်လိုရောက်သွားတာလဲ”
ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် ကျင်းရူမုန်၏ ထက်မြက်မှုနှင့်ဆိုပါက ဤအခြေအနေအထိ ရောက်မလာသင့်ပေ။
သူမက ဇာတ်လမ်းအစအဆုံးကို ထစ်ငေါ့စွာ ပြောပြပြီးနောက်တွင်တော့ ကျင်းယန်က မည်သည်ကိုပြောရမှန်းမသိအောင်ပင် ဖြစ်သွားရလေသည်။
ကမ္ဘာပျက်ကပ်ပြီးနောက် မြို့တော် B က ရက်သတ္တပတ် နှစ်ပတ်ခန့် ရှုပ်ထွေးမှုများကို ကြုံတွေ့ခဲ့ရသည်။
ထိုအချိန်တွင် ကျင်းရူမုန်က မိသားစုချင်း ရင်းနှီးသည့် စွန်းမိသားစုထံသို့ ချက်ချင်း သွားရောက်၍ ခိုလှုံခဲ့ပြီး မြို့ထဲရှိ သန္ဓေပြောင်းသတ္တဝါများကို ဖယ်ရှားသည့် အဓိကတပ်ဖွဲ့တွင် ပါဝင်ခဲ့၏။
ထိုအချိန်မှာပင် သူမက သူမ၏ ခန္ဓာကိုယ်၌ ထူးခြားချက်တစ်ခုကို တွေ့ရှိခဲ့သည်။
သူမက ဒဏ်ရာရတိုင်း တခြားသူများထက် ပို၍ လျင်မြန်စွာ ပြန်လည်၍သက်သာလာခြင်းပင်။
အစပိုင်းတွင် သူမ၏ စိတ်ထင်သည်ဟု မှတ်ယူခဲ့သော်လည်း၊ ပြင်းထန်သော ဒဏ်ရာတချို့ကို ခံစားရပြီးနောက်တွင် ဤသည်က သူမ၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်ဖြစ်ကြောင်းကို သဘောပေါက်လိုက်ရသည်။
ကျင်းရူမုန်က ထက်မြက်သူဖြစ်သော်လည်း ဒုက္ခမတွေ့ဖူးဘဲ ကျင်းမိသားစုတွင် အလိုလိုက်ခံထားရသော သခင်မလေးတစ်ဦးသာ ဖြစ်ခဲ့သည်။
သူမ၏ ဖုံးကွယ်သည့် နည်းလမ်းများက အားနည်းချက်များစွာ ရှိနေသောကြောင့် သူမ၏ ထူးခြားသော အရည်အသွေးကို မကောင်းသော ရည်ရွယ်ချက်ရှိသူများက မကြာမီမှာပင် သိရှိသွားကြတော့၏။
ထိုသူက သူမကို အကြိမ်ကြိမ် တွေ့ဆုံဖူးသည့် မိသားစု၏ လေးစားထိုက်သော လူကြီးတစ်ဦးဖြစ်သူ စွန်းရှုံဖုန်းပင် ဖြစ်လေသည်။
သူက မြို့တော် B စစ်ဘက်တွင် ရာထူးကြီးသူဖြစ်ပြီး ကျင်းရူမုန်နှင့် အသက်ချင်းမကွာသော သားတစ်ဦးလည်း ရှိ၏။
ကျင်းရူမုန်၏ အထူးစွမ်းရည်ကို သတိပြုမိပြီးနောက် စွန်းရှုံဖုန်းက သူ၏သားကို ကျင်းရူမုန်နှင့် နီးစပ်အောင် ပြုလုပ်ခိုင်း၍ ချစ်ခင်ရင်းနှီးသည့် ဟန်ဆောင်မှုများကို ဖန်တီးခဲ့သည်။
ကျင်းရူမုန်က သူမနှင့် ဆက်ဆံနေသော ထိုအမျိုးသားက သူမ၏ ဆင့်ကဲပြောင်းလဲမှု စွမ်းရည်များကို မသိမသာ စုံစမ်းနေကြောင်းကို သတိပြုမိချိန်တွင် အခြေအနေ မဟန်တော့ကြောင်းကို သိလိုက်ပြီး စွန်းမိသားစုထံမှ ထွက်ခွာရန် စတင် စီစဉ်တော့သည်။
သို့သော် သူမက နေထိုင်သည့် နေရာက စွန်းရှုံဖုန်း၏ သူလျှိုများဖြင့် ပြည့်နှက်နေခဲ့သည်။
အကူအညီနှင့် အပေါင်းအဖော်မရှိသော မိန်းကလေးတစ်ဦးအနေဖြင့် မြို့တော် B တွင် အခြေခိုင်ပြီးသား စွန်းမိသားစုကို မယှဉ်နိုင်ခဲ့ပေ။
သူမ ထွက်ပြေးရန် ကြံစည်နေကြောင်းကို သိသွားသောအချိန်တွင် စွန်းရှုံဖုန်းက ကြင်နာတတ်သော လူကြီးတစ်ဦး၏ မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီး သူမကို ဖမ်းဆီး၍ စွန်းမိသားစုထဲ၌သာ ပိတ်လှောင်ထားလိုက်လေတော့သည်။
ထိုအချိန်က သူမ၏ အိပ်မက်ဆိုးဟု ထင်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် သုတေသနဌာနသို့ ရောက်ရှိသွားချိန်၌ စွန်းရှုံဖုန်း၏ နည်းလမ်းများက လီကျွင်းနှင့် နှိုင်းယှဉ်လျှင် ကလေးလှည့်ကွက်လောက်သာရှိသေးကြောင်းကို သူမ သိလိုက်ရ၏။
သွေး၏ အာနိသင်ကို မြှင့်တင်ရန်အတွက် လီကျွင်းက
သူမကို သွေးအားကောင်းစေသော အစားအစာ အမြောက်အမြားကို ကျွေးမွေးပြီး ဆေးရည်များကိုလည်း အဆက်မပြတ် သွင်းပေးခဲ့သည်။
သွေးစုပ်ထုတ်ရုံနှင့် မကျေနပ်ဘဲ ဤသည်ကို သန့်စင်ပြီး အာနိသင်ကို ပိုမိုပြင်းထန်အောင်လည်း ပြုလုပ်ခဲ့၏။
သူက ပို၍ ရက်စက်သော နည်းလမ်းတစ်ခုကိုပင် ကြံစည်ခဲ့သေးသည်။
သူမ၏ ကျန်းမာရေးက ယိုယွင်းလာသည်နှင့်အမျှ သူမကို နေ့စဉ် သွေးသွင်းပေးပြီး ထိုသွေးများကို သူမ၏ ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်စေပြီးမှ ပြန်လည်၍ ထုတ်ယူခြင်း ဖြစ်၏။
ဤနည်းလမ်းက အံ့ဖွယ်ဆေး ၏ အာနိသင်ကို လျော့ကျစေသော်လည်း ထွက်နှုန်းကို တိုးစေသည်။
ကျင်းရူမုန်က ထိုအဖြစ်အပျက်များကို ပြန်လည်၍တွေးတောရင်း တုန်ယင်နေခဲ့ရ၏။
ထိုမှောင်မည်းသော အတွေ့အကြုံများကို စဉ်းစားရုံနှင့်ပင် သူမက အလွန်ပင် မွန်းကြပ်လွန်းသည်။
ယင်ရိလျိုက သူမ၏ စိတ်ခံစားမှုကို ချော့မြှူပေးရန်အတွက် တုန်ယင်နေသော သူမ၏ လက်မောင်းပေါ်သို့ လက်လေးဖြင့် အသာအယာ ပုတ်ပေးလိုက်မိသည်။
ကျင်းယန်က စွန်းရှုံဖုန်းဟူသော နာမည်ကို စိတ်ထဲတွင် တိတ်တဆိတ် မှတ်သားလိုက်ပြီးနောက် ကျင်းရူမုန်ကို ပြောလေ၏။
“မင်း နေပြန်ကောင်းလာတာနဲ့ မြို့တော် B ကနေ ထွက်သွားတော့၊ နေဖို့ သင့်တော်တဲ့ နေရာတစ်ခုကို ရှာတွေ့ပြီဆိုရင် ငါ့ဆီကို သတင်းပို့လိုက်”
ဆိုဖာပေါ်တွင် ထျန်းထျန်းနှင့် ဆော့ကစားနေသော ကျောင်းချီယန်က ဤစကားကို ကြားသောအချိန်တွင် မနေနိုင်ဘဲ ပြောလိုက်ပေ၏။
“ကျင်းကော၊ ကျင်းကျဲကို ဘာလို့ လွှတ်လိုက်တာလဲ၊ ကျွန်တော်တို့နဲ့ အတူရှိနေရင် ပိုပြီး ဂရုစိုက်ပေးလို့ မရဘူးလား”
ကျင်းရူမုန်က အားတင်း၍ပြုံးလိုက်ပြီးပြောလိုက်ပေ၏။
“ရပါတယ်၊ ကျွန်မ နေကောင်းသွားတာနဲ့ ထွက်သွားပါ့မယ်”
သူမကအထင်လွဲသွားပြီဖြစ်ကြောင်းကို သိလိုက်သောကြောင့် ကျင်းယန်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်သော်လည်း ရှင်းပြချက်တချို့ကိုတော့ ပြောလိုက်လေသည်။
“မြို့တော် B က လူဦးရေလည်းများတယ်၊ မြို့ထဲကနေ ထွက်သွားဖို့လည်း လွယ်ကူတယ်၊
ဒီကနေသာ ထွက်သွားနိုင်ရင် သုတေသနဌာနရဲ့ လက်လှမ်းမီရာကနေ လွတ်မြောက်သွားလိမ့်မယ်၊
ဒါပေမဲ့ ဒီမှာသာ ငါတို့နဲ့သာ ဆက်နေမယ်ဆိုရင်တော့ တစ်နေ့မဟုတ် တစ်နေ့ ဖော်ထုတ်ခံရမှာပဲ”
ထို့ကြောင့် ယခုတစ်ကြိမ်တွင် အဝေးဆုံးသို့ ရောက်လေလေ၊ ပို၍ ဘေးကင်းလေလေ ဖြစ်လာပေလိမ့်မည်။
ထျန်းထျန်းနှင့် ပတ်သက်၍တော့ ထိုကလေးကလည်း သူတို့အနားတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်ပေ။
အနည်းဆုံးတော့ လီကျွင်းက မသေသေးသကဲ့သို့ သုတေသနဌာနကလည်း ပြိုလဲမသွားသေးသောကြောင့် သူတို့အားလုံးက အန္တရာယ်ရှိနေဆဲပင်။
ရက်အနည်းငယ်မျှ ထိတွေ့ဆက်ဆံပြီးနောက်တွင် ရှူးယန်အသင်းသားတိုင်းက ထျန်းထျန်းက တခြားသူများနှင့် ကွဲပြားနေကြောင်းကို သတိပြုမိလိုက်ကြသည်။
သူ၏ စာနာနားလည်နိုင်စွမ်းက သုညနီးပါးဖြစ်ပြီး သာမန်လူသားကလေးတစ်ဦးတွင် ရှိအပ်သော စိတ်ခံစားမှုမျိုး မရှိပေ။
သူက စကားပြောလျှင်လည်း အလွန်ပင် ရှင်းလင်းပြတ်သားလွန်း၏။
ယင်ရိလျိုက ဤကောင်လေးကလည်း သူမကဲ့သို့ပင် အချိန်ကို ဖြတ်ကျော်လာသူ တစ်ဦးလားဟုပင် သံသယဝင်မိခဲ့သည်။
*