အခန်း (၁၉၇)
Vol. 20 Ch. 197
အခန်း(197)
ယင်ရိလျိုအနေဖြင့် ထျန်းထျန်းကို သီးသန့်နေရာတွင် အကြိမ်ကြိမ် စမ်းသပ်ကြည့်ပြီးနောက်မှသာ သူက သူ၏ အသက်အရွယ်ထက် အသိတရားက အဆပေါင်းများစွာ ရင့်ကျက်နေသော ကလေးတစ်ဦးဖြစ်ကြောင်းကို သိလိုက်ရလေ၏။
တစ်ခါတစ်ရံတွင် သူက လူတို့ကို ရယ်ရခက်၊ ငိုရခက် ဖြစ်စေမည့် စကားများကို ပြောတတ်သေးသည်။
ထျန်းထျန်း၏ အခြေအနေနှင့် ပတ်သက်၍ ကျင်းရူမုန်က သူမဘက်မှ တချို့အချက်များကို သိရှိထားနိုင်ကြောင်းကို ပြောဆိုလေ၏။
သူမ၏ အမှတ်စဉ်က (၂) ဖြစ်ပြီး၊ သူမက သုတေသနဌာနသို့ ပထမဆုံးအသုတ်အနေဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသော စမ်းသပ်ခံပုဂ္ဂိုလ်များထဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။
အစောပိုင်းကာလများတွင် သုတေသနဌာန၌ ဆင့်ကဲပြောင်းလဲသူ အမြောက်အမြားက ရှိနေခဲ့သည်။
ထူးခြားသော စွမ်းရည်ရှိသည့် အုပ်စုများအပြင် လူသားစမ်းသပ်မှုအတွက် အသုံးပြုရန် ဖမ်းဆီးထားသူများကလည်း ရှိခဲ့၏။
သူမ၏ ကံကြမ္မာက ခွဲစိတ်စားပွဲပေါ်တွင်သာ အဆုံးသတ်ရတော့မည်ဟု သူမက မှတ်ယူထားခဲ့သော်လည်း၊
လူသားစမ်းသပ်မှုများကို ပြုလုပ်နေကြောင်းက ပေါက်ကြားသွားမှုကြောင့် ပြည်သူများအကြားတွင် အကြီးအကျယ် ကန့်ကွက်ရှုတ်ချမှုများက ဖြစ်ပေါ်ခဲ့ရသည်။
ထိုအချိန်မှစ၍ လီကျွင်းက ဖမ်းဆီးထားသော ဆင့်ကဲပြောင်းလဲသူ အများစုကို လွှတ်ပေးရန် ဖိအားပေးခံခဲ့ရသော်လည်း၊ အထူးအမှတ်စဉ် သတ်မှတ်ထားသူများနှင့် စွမ်းရည်ရှိသူများကို အလွန်ပင် လျှို့ဝှက်သော နေရာများ၌ ဆက်လက်၍ ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။
လျှို့ဝှက်သော နေရာတစ်ခု။
ထျန်းထျန်းကို သုတေသနဌာနသို့ စတင်ခေါ်ဆောင်လာချိန်က သူက ယခုထက်ပင် ပို၍ ငိုင်တိုင်တိုင် ဖြစ်နေခဲ့သည်။
သုတေသနဌာနမှ လူများက ကျွေးသမျှကို မည်သည်ကိုမျှ ငြင်းဆန်ခြင်းမရှိဘဲ စားသောက်ခဲ့၏။
တစ်လကျော် ကြာမြင့်ပြီးနောက်မှသာ သူက ကိုယ်ပိုင်အသိစိတ်နှင့် စိတ်ခံစားမှုများက တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့ပြီး၊ ဒေါသထွက်တတ်ရန်နှင့် ငြင်းဆန်တတ်ရန်ကို သင်ယူခဲ့ခြင်းပင် ဖြစ်သည်။
ကျင်းရူမုန်က သုတေသန ပညာရှင်များက ပြောဆိုခဲ့ကြသည်များကို အစွမ်းကုန် ပြန်လည်၍အမှတ်ရရန် ကြိုးစားရင်း ပြောဆိုလေ၏။
“သူတို့ပြောတာကတော့ ထျန်းထျန်းနဲ့ နံပါတ် (၆) က မျိုးနွယ်တူတွေပဲတဲ့၊
ဒါပေမဲ့ သူတို့က မပြည့်စုံတဲ့ ထူးခြားဖြစ်စဉ်တွေလို့ ပြောကြတယ်”
နံပါတ် (၆) ဟူသော အမှတ်စဉ်ကို ကြားလိုက်ရချိန်တွင် ယင်ရိလျိုက သုတေသနဌာနတွင် သူမက မြင်တွေ့ခဲ့ရသော အင်္ကျီမပါသည့် အမျိုးသားကြီးကို ချက်ချင်း ပြေးမြင်လိုက်မိသည်။
သူ၏ ကိုယ်အထက်ပိုင်းတွင် အနီရောင် သွေးကြောမျှင်များက ယှက်သန်းနေပြီး၊
ခါးအောက်ပိုင်းတွင် သိပ်သည်းလွန်းသော အပင်အမြစ်များက ဖြာထွက်နေပုံက ရှေးဟောင်း ဂရိဒဏ္ဍာရီထဲမှ သတ္တဝါတစ်ကောင်နှင့်ပင် ဆင်တူလွန်းသည်။
တခြားသူများက ထိုစမ်းသပ်ခံပုဂ္ဂိုလ်များကို မမြင်ဖူးကြသောကြောင့် ကျောင်းစီဟွေ့က မနေနိုင်ဘဲ မေးလိုက်ပေ၏။
“နံပါတ် (၆) ဆိုတာက ဘယ်သူလဲ”
“သူက၊ တကယ်ကို ထူးဆန်းတဲ့ အမျိုးသားတစ်ယောက်ပဲ၊
လူတစ်ပိုင်း အပင်တစ်ပိုင်း ဖြစ်နေပြီး ခန္ဓာကိုယ်ရဲ့ အောက်ပိုင်းက မြေကြီးထဲမှာ အမြစ်တွယ်နေတာ၊ သုတေသနဌာနက မှန်ခန်းထဲမှာ ပိတ်လှောင်ခံထားရတာလေ”
ယင်ရိလျိုက ပြန်လည်တွေးတောရင်း ပြောလိုက်ပေ၏။
ထို့နောက်တွင် ကျင်းယန်က သူမကို ထိုမှန်ခန်းကို ဖွင့်ခွင့်မပေးခဲ့သည်ကို ရုတ်တရက် သတိရသွားသောကြောင့် သူ့ဘက်သို့ လှမ်းကြည့်လိုက်မိသည်။
ရွှေပေါင်လုံးက အဲဒီတုန်းကတည်းက နံပါတ် (၆) မှာ တစ်ခုခုက မှားနေတယ်ဆိုတာကို ရိပ်မိနေခဲ့တာလား။
ကျင်းရူမုန်က ဆက်လက်ရှင်းပြသည်မှာ..
သူတို့က အထူးအမှတ်စဉ်ရှိသော စမ်းသပ်ခံပုဂ္ဂိုလ်များ၏ အထောက်အထားများကို တဖြည်းဖြည်းချင်း သိရှိလာခဲ့ကြသည်။
သူတို့တွင် အမှန်တကယ်ပင် ကွဲပြားသော စွမ်းရည်များ ရှိကြပြီး၊ အပြင်ဘက်ရှိ သာမန် ဆင့်ကဲပြောင်းလဲသူများနှင့် နှိုင်းယှဉ်လျှင် သူတို့က အထူးစွမ်းအားရှင်များနှင့် ပို၍ တူနေသည်။
ဥပမာအားဖြင့်၊ ပထမအသုတ်မှ အသက် ခုနစ်ဆယ်အရွယ် အဘိုးအိုတစ်ဦးက ထူးခြားသော တိရစ္ဆာန်မျိုးစိတ်တစ်ခု၏ ပူးကပ်ခြင်းကို ခံထားရ၏။
သူ့တွင် ထူးခြားသော စွမ်းအား မရှိသော်လည်း ကျောက်တုံးများနှင့် သတ္တုမျိုးစုံကို စားသောက်နိုင်ပြီး၊ သူစားလိုက်သော သတ္တုများကို သူ၏ အရေပြားပေါ်တွင် ပြန်လည်၍ ပေါ်ထွက်လာစေနိုင်သောကြောင့် သူ၏ အရေပြားက အလွန်ပင် မာကျောလွန်းသည်။
နောက်ထပ် ဥပမာတစ်ခုက ယင်ရိလျိုက မြင်တွေ့ခဲ့ဖူးသော ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် အမာရွတ်များဖြင့် ပြည့်နှက်နေသည့် အဘွားအိုပင် ဖြစ်၏။
သူမကလည်း လင်းကျားနှင့် ဆင်တူသော ထူးဆန်းသည့် သတ္တဝါတစ်မျိုး ဖြစ်သည်။
ဒုတိယအကြိမ် မြူနှင်းများက ကျဆင်းချိန်တွင် သူမက ထူးခြားသော ပိုးမွှားတစ်မျိုး၏ ဝါးမျိုခြင်းကို ခံခဲ့ရကာ သန္ဓေပြောင်းသွားပြီးနောက်တွင် သူမက ပိုးမွှားအုပ်ကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းနိုင်ခဲ့သည်။
ထိုပိုးမွှားများက အလွန်ပင် သေးငယ်လွန်းသောကြောင့် မျက်စိဖြင့် မမြင်နိုင်ပေ။
သူတို့က အတူ စုဝေးလိုက်သောအချိန်တွင် မြူခိုးများနှင့် ခွဲခြား၍မရနိုင်ဘဲ လမ်းလျှောက်နေသော မြူခိုးကြီးသဖွယ် ဖြစ်နေသောကြောင့် ဖမ်းဆီးရန် အလွန်ခက်ခဲလွန်း၏။
သို့သော် ထိုပိုးမွှားများက မီးကို ကြောက်ကြသည်။
အဘွားအို၏ ခန္ဓာကိုယ် တစ်ဝက်ခန့် မီးလောင်ထားခြင်းက သုတေသန ပညာရှင်များက သူမကို ဖမ်းဆီးချိန်အတွင်း ထွက်ပြေးရန် ကြိုးစားနေသော မြူခိုးပိုးမွှား များကို မီးတုတ်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့သောကြောင့် သူမ၏ မူလပုံစံအတိုင်း ပြန်လည်၍ ပြောင်းလဲသွားခဲ့ရခြင်းကြောင့် ဖြစ်သည်။
ဤအထူးအမှတ်စဉ်ရှိသော ဆင့်ကဲပြောင်းလဲသူများက အခြေခံအားဖြင့် ထူးခြားဆန်းပြားသူ များပင် ဖြစ်ကြပြီး၊
သူတို့၏ ထူးခြားချက်က သူတို့ အသွင်ပြောင်းသွားသော မျိုးစိတ်များက ယခင်က ကမ္ဘာမြေပေါ်တွင် တစ်ချိန်မျှ မရှိခဲ့ဖူးခြင်းပင် ဖြစ်၏။
ဤမျိုးစိတ်များက မည်သည့်နေရာက ရောက်လာသနည်း၊ အရေအတွက်က မည်မျှရှိသနည်း ဆိုသည်ကို မည်သူကမျှ မသိကြပေ။
တစ်ခုတည်းသော ခန့်မှန်းနိုင်သည့် အချက်က ဤသတ္တဝါများက ကမ္ဘာပျက်ကပ် မတိုင်မီကတည်းက တည်ရှိနေခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။
ယခင်က မရှိခဲ့ဖူးသော၊ ကမ္ဘာမြေမှပင် မဟုတ်နိုင်သော မျိုးစိတ်တစ်ခု။
အကယ်၍ ကျင်းရူမုန်၏ စွမ်းရည်က ဤမျှလောက်အထိ အဖိုးမတန်ခဲ့ပါက၊ သူမကဲ့သို့ မျိုးဗီဇအရ ဆုတ်ယုတ်နေသော စွမ်းရည်ရှင်တစ်ဦးက အမှတ်စဉ် သတ်မှတ်ခံရရန်ပင် အရည်အချင်း မပြည့်မီနိုင်ပေ။
ဤနေရာသို့ ရောက်သောအချိန်တွင် ကျင်းရူမုန်က ခါးသီးစွာ ပြုံးလိုက်မိ၏။
ဤကဲ့သို့သော ဂုဏ်ပြုမှုမျိုးက ကြောက်မက်ဖွယ်ကောင်းသော ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်သည်။
သူမကသာ ရွေးချယ်ခွင့်ရှိပါက သာမန်လူတစ်ဦးသာ ဖြစ်ချင်မိပါတော့သည်။
နံပါတ် (၆) နှင့် ထျန်းထျန်းတို့ကလည်း သန္ဓေပြောင်းသူများပင် ဖြစ်ကြသည်။
သူတို့နှစ်ဦးလုံးက အပင်သန္ဓေပြောင်းသူများ ဖြစ်ကြကြောင်းကို သူတို့က ပြသသော စွမ်းရည်များအရ သိနိုင်သည်။
ထျန်းထျန်းက နေ့စဉ် အထူးအပင်တစ်ပင်အဖြစ် နိုးထလာလေ့ရှိသည်။ ဤသည်က သူက အလွန်ငယ်ရွယ်စဉ်မှာပင် ပြင်းထန်သော ထိတ်လန့်မှုကို ခံစားခဲ့ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
သူ၏ မိဘများကလည်း သူ၏ ထူးခြားသော အပင်စွမ်းရည်ကြောင့်ပင် သေဆုံးသွားခဲ့ကြခြင်း ဖြစ်နိုင်သည်။
နံပါတ် (၆) ၏ ထူးခြားသော စွမ်းရည်က သုတေသနဌာနတွင် ပျံ့နှံ့နေသော ဒုတိယမြောက် အံ့ဖွယ်ဆေးပင် ဖြစ်၏။
နံပါတ် (၆) ၏ မူလပုံစံက နွယ်ပင်နှင့်တူသော အပင်တစ်မျိုးဖြစ်ပြီး၊ နွယ်ပင်များတိုင်းက ချည်မျှင်များကဲ့သို့ ရောယှက်နေ၍ တိုက်ခိုက်နိုင်သော ဆူးများဖြင့် ဖုံးလွှမ်းနေသည်ဟု ပြောကြသည်။
ထိုနွယ်ပင်ပေါ်တွင် သီးသော အသီးက ကျင်းရူမုန်၏ သွေးကဲ့သို့ပင် အာနိသင်ရှိသော အထူးဆေး ဖြစ်သည်။
ထိုအသီးက ဆင့်ကဲပြောင်းလဲသူများ၏ ဒဏ်ရာကို လျင်မြန်စွာ မကုသပေးနိုင်သော်လည်း၊ ဤသည်က အရှိန်မြှင့်တင်ပေးသည့် ဆေးအဖြစ် လုပ်ဆောင်ပေး၍ အချိန်တိုအတွင်း စွမ်းရည်များကို အဆပေါင်းများစွာ တိုးမြင့်ပေးနိုင်သောကြောင့် အလွန်ပင် တန်ဖိုးရှိလွန်းသည်။
သွေးဟူသည်က ကုန်ခမ်းသွားခြင်း မရှိသော်လည်း၊ ဤအသီးက အလိုရှိတိုင်း အမြဲတမ်း ရရှိနိုင်သည့် အရာမဟုတ်ပေ။
သုတေသန ပညာရှင်များက နံပါတ် (၆) ကို အသီးများ အဆက်မပြတ် သီးလာအောင် မည်ကဲ့သို့ နှိုးဆွခဲ့ကြသနည်းဆိုသည်ကို မည်သူကမျှ မသိကြပေ။
မကြာမီမှာပင် ကျင်းရူမုန်က သွေးစုပ်ရန် လာသော ပညာရှင်နှစ်ဦး၏ စကားကို ကြားလိုက်ရသည်။
နံပါတ် (၆) က ရူးသွပ်သွားပြီ ဟူ၍ပင်။
ရူးသွပ်သွားတာလား?
ကျင်းယန်က မျက်မှောင်ကြုတ်မိသွားရ၏။ ထိုအရာက ထင်သလောက် မရိုးရှင်းကြောင်းကို သူက ခံစားမိနေသည်။
သူ၏ အထူးစွမ်းရည်ကြောင့် သူက ဆင့်ကဲပြောင်းလဲသူများ၏ အရှိန်အဝါကို ခံစားသိရှိနိုင်သော်လည်း၊
နံပါတ် (၆) ထံတွင် အသက်ရှင်နေသော လူသားတစ်ဦး၏ အရိပ်အယောင်ကို အနည်းငယ်မျှပင် မခံစားရဘဲ၊ သူကိုယ်တိုင်က သန္ဓေပြောင်းအပင်ကြီး တစ်ပင်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားသကဲ့သို့ပင် ခံစားရခြင်း ဖြစ်၏။
ထို့ကြောင့်ပင် ထိုနေ့က သူက တွန့်ဆုတ်နေခဲ့ခြင်း ဖြစ်သည်။ နံပါတ် (၆) က အလွန်ပင် အန္တရာယ်ရှိနိုင်သည်ဟု သူက သံသယဝင်ခဲ့သောကြောင့် ယုန်လေးကိိ မှန်အဖုံးကို မဖွင့်ရန် တားဆီးခဲ့ခြင်း ဖြစ်သည်။
ကျင်းရူမုန်က မျက်မှောင်ကြုတ်လျက် ပြောဆိုလေ၏။
“ကျွန်မကလည်း အသေးစိတ်ကိုတော့ သေသေချာချာ မသိပါဘူး၊
ကျွန်မက ခဏခဏ သတိလစ်နေတတ်တော့ ကြားရသမျှက ဟိုတစ်စ ဒီတစ်စတွေပါပဲ၊
အတိုချုပ်ပြောရရင်တော့ နံပါတ် (၆) ရဲ့ဖြစ်စဥ်က တကယ်ကို ထူးခြားတဲ့ ကိစ္စတစ်ခုပါပဲ”
သူမက စကားပြောနေချိန်မှာပင် ဆိုဖာပေါ်တွင် ခြေထောက်လေးများကို လွှဲ၍ ဒိန်ချဉ်သောက်နေသော ထျန်းထျန်းက ရုတ်တရက် ကြားဖြတ်၍ပြောလိုက်ပေ၏။
သူ၏ မျက်လုံးများက ကြည်လင်တောက်ပနေသည်။
“ကျွန်တော် သိတယ်၊ အဲဒီအစ်ကိုကြီးက ဘာလဲဆိုတာကို ကျွန်တော် သိတယ်”
ဧည့်ခန်းထဲရှိ လူတိုင်းက ဆိုဖာပေါ်မှ ကောင်လေးကို အံ့ဩတကြီးဖြင့် ကြည့်လိုက်မိကြသည်။
သူက ဤကဲ့သို့ ရုတ်တရက် စကားပြောလာလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားပေ။
ပါးစပ်ဘေးတွင် နွားနို့အစွန်းအထူးလေးများက ရှိနေဆဲဖြစ်သော ထျန်းထျန်းက ယင်ရိလျိုကို အပြစ်ကင်းသော မျက်နှာအမူအရာဖြင့် ကြည့်၍ ပြောလေ၏။
“ကျဲ သိချင်ရင် ကျွန်တော်က ပြောပြနိုင်တယ်”
ကျင်းယန်ထံမှ အေးစိမ့်သော အရှိန်အဝါများက စတင်၍ထွက်ပေါ်လာပြီး သူ၏ မျက်ဝန်းများကလည်း တစ်ခဏအတွင်း အေးစက်လာသည်။
သူက မျက်လုံးများကို မှေးလိုက်၍ လက်သီးကို တင်းကြပ်စွာဆုပ်ထားသောကြောင့် အရိုးချင်း ရိုက်ခတ်သံများပင် ထွက်ပေါ်လာလေ၏။
ဤသည်ကို မြင်သောအချိန်တွင် ထျန်းထျန်းက လိမ္မာစွာပင် ပါးစပ်ပိတ်လိုက်ပြီးမှပြောလိုက်ပေသည်။
“ကောင်းပြီ၊ အဲဒီအစ်ကိုကြီးက ကျဆုံးသူတဲ့၊ ဝတ်စုံဖြူဝတ်တဲ့လူတွေက ပြောနေတာကို ကျွန်တော် ကြားခဲ့တာ”
သူက ခြေထောက်ကို လွှဲလိုက်ပြန်၏။
“ကျွန်တော့်ရဲ့ အသိစိတ်က ပိုးမွှားတွေမှာ ကပ်ငြိနိုင်တော့ နံပါတ် (၆) အစ်ကိုကြီးကို သူတို့က လျှပ်စစ်နဲ့ တို့နေတာတွေကို ကျွန်တော် မြင်ခဲ့ရတယ်၊
ကျွန်တော်တို့က စကားတောင် ပြောဖြစ်သေးတယ်၊ နံပါတ် (၆) အစ်ကိုကြီးက တစ်နေ့ကျရင် လူသားအားလုံးကို သတ်ပစ်မယ်တဲ့”
*