← Chapters

အခန်း (၁၉၈)

Vol. 20 Ch. 198

အခန်း (၁၉၈)

Vol. 20 Ch. 198

အခန်း(198)

ကလေးများက စကားကို အထိန်းအကွပ်မရှိ ပြောတတ်ကြသည်ဟု ဆိုကြသည်။

သိုးသော်လည်း ထျန်းထျန်း ကလေးမျက်နှာလေးဖြင့် ထိုကဲ့သို့သော စကားမျိုးကို ပြောလိုက်ချိန်တွင် ယင်ရိလျိုနှင့် တခြားသူများမှာ ကျောရိုးထဲအထိ အေးစိမ့်သွားကြရသည်။

သူက နံပါတ် (၆) နှင့် နေ့တိုင်း မည်သို့ ဆက်သွယ်နိုင်သည်လဲ။ နံပါတ် (၆)က အဘယ်ကြောင့် သူ့ကို ထိုကဲ့သို့သော စကားမျိုးကို ပြောရသည်လဲ။

ထျန်းထျန်းက သူ၏ ဖောင်းအိနေသော လက်ချောင်းလေးများဖြင့် သူ၏ နှုတ်ခမ်းနားကို ထိတွေ့၍ လျက်လိုက်ပြီးနောက်၊ ဤအိမ်ဝင်းသို့ ရောက်ရှိလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြုံးလိုက်လေသည်။

ထိုအပြုံးကြောင့် သူက အလွန်ပင် တက်ကြွလန်းဆန်းသော အသွင်အပြင်ကို ဖြစ်ပေါ်သွားရ၏။

သို့သော် ယင်ရိလျိုတစ်ယောက် သူ့ကို ကြည့်ရင်း ရင်ထဲတွင် ထိတ်လန့်မှုကိုသာ ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ထိုကောင်လေးက ပါးစပ်ကိုဖြဲ၍ ပြုံးနေသော်လည်း၊ သူ၏ ဝိုင်းစက်နက်မှောင်သော မျက်လုံးများ အလွန်ပင် နက်ရှိုင်းလွန်းကာ သာမန်လူသားကလေးတစ်ဦး၏ မျက်လုံးများ မဖြစ်နိုင်သောကြောင့်ပင်။

“ဒါနဲ့ သူတို့ကပြောတာတော့ ကျွန်တော်ကလည်း ကျဆုံးသူ တစ်ယောက်ပဲတဲ့”

ထျန်းထျန်းက စကားပြောပြီးသည်နှင့် သူ၏ မျက်လုံးအစုံက မှင်များ ဖိတ်စင်သွားသည့်ကဲ့သို့ မျက်သူငယ်၏ အလယ်ဗဟိုမှနေ၍ အလွန်မှောင်မည်းသော လှိုင်းအစက်အပျောက်များက အပြင်ဘက်သို့ ပျံ့နှံ့သွားလေသည်။

ထို့နောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းကလည်း စတင်၍ လှုပ်ရှားဖောင်းကားလာပြီး အစိမ်းရောင် အကိုင်းအခက်များက သူ၏ ဘောင်းဘီကို ဖောက်ထွက်လျက် အပြင်ဘက်သို့ ပြန့်ကားလာတော့သည်။

ကျင်းယန် သူ၏ ရုတ်တရက် ပြောင်းလဲမှုကို ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး အော်ဟစ်လိုက်ပေ၏။

“သတိထား!”

ယင်ရိလျိုက သူ၏ဘေးတွင် ထိုင်နေခြင်းမဟုတ်ဘဲ ကျင်းရူမုန်၏ တခြားတစ်ဖက်တွင် ရှိနေခြင်းဖြစ်သည်။

သူက သူမထံသို့ မလှမ်းနိုင်သောကြောင့် အားနည်းနေသော သူ၏ညီမကိုသာ ဘေးသို့ အမြန်ဆွဲဖယ်လိုက်ရ၏။

နောက်တစ်စက္ကန့်တွင် ချွန်ထက်သော အကိုင်းအခက်များက ကျင်းရူမုန်က မတိုင်ခင်က ထိုင်ခဲ့သော နေရာသို့ ရောက်ရှိလာသည်။

သူ၏ အကြည့်က ဘေးရှိ ယင်ရိလျိုထံ၌သာ ရှိနေ၏။

မိန်းကလေးက ထျန်းထျန်း၏ အခြေအနေကြောင့် တစ်ခဏမျှ မှင်တက်သွားသည်ကို သူမြင်လိုက်ရသည်။

သူမ သတိဝင်လာသောအချိန်တွင် စားပွဲကို အားပြုလျက် နောက်သို့ ရုတ်တရက် ခုန်ဆုတ်လိုက်လေ၏။

သူမ၏ ခန္ဓာကိုယ်က လေထဲတွင် တစ်ဝက်ခန့် ရောက်ရှိနေပြီးနောက် မြေပြင်ပေါ်သို့ ဒူးထောက်လျက်သား ပြုတ်ကျသွားသည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် ထျန်းထျန်းက ချစ်စရာကောင်းသော ကောင်လေးအဖြစ်မှ သတ္တဝါဆန်း ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သူ၏ ခန္ဓာကိုယ် အောက်ပိုင်းက အပင်တစ်ပင်ကဲ့သို့ လုံးဝ ပြောင်းလဲသွားပြီး၊ ခြေထောက်နှစ်ဖက်က အဆုံးမရှိ ထွက်ပေါ်လာသော ဆူးပါသည့် အလုံးဝိုင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ အရပ်ကလည်း နှစ်မီတာကျော်အထိ မြင့်တက်သွားသည်။

သူ၏ မျက်နှာလေးက မည်သည့် ခံစားချက်မျှ မရှိဘဲ လူအုပ်ကြီးကို ခေါင်းငုံ့ကြည့်နေလေ၏။

သူ၏ လက်မောင်းများကလည်း အဖုအထစ်များပါသော အကိုင်းအခက်များအဖြစ်သို့ ပြောင်းလဲသွားပြီး အကိုင်း၏ ထိပ်ဖျားတွင် အလုံးငယ် နှစ်လုံးက ထွက်ပေါ်နေသည်။

ယင်ရိလျိုက သူ၏ လက်ထဲရှိ ဆူးပါသော အလုံးလေးကို မြင်သောအချိန်တွင် ချက်ချင်းပင် တင်းမာသွားခဲ့သည်။

ထိုအလုံးလေးက ပေါက်ထွက်သွားပါက မရေမတွက်နိုင်သော စိတ်လှည့်စားတတ်သည့် ပိုးမွှားများက ပျံ့လွင့်လာမည်ဖြစ်ပြီး၊ ကျင်းယန်မှလွဲ၍ ရှိသမျှလူတိုင်းက စစ်မှန်လွန်းလွန်းသော စိတ်လှည့်စားမှုများထဲသို့ ကျရောက်သွားမည်ကို သူမ မှတ်မိနေသည်။

ထိုပိုးမွှားများက အပြင်သို့ ပျံ့လွင့်သွားပါက ပတ်ဝန်းကျင်ရှိ လူများကိုလည်း စိတ်ခြောက်ခြားသွားစေနိုင်သည်။

ထိုသို့ဖြစ်ပါက ကျင်းရူမုန်နှင့် ထျန်းထျန်းတို့ ဤအိမ်ဝင်းထဲ၌ ပုန်းနေကြသည်ဟူသော သတင်းကို ဖုံးကွယ်ရန် မဖြစ်နိုင်တော့ပေ။

ကျင်းယန်က သုတေသနဌာနမှ စမ်းသပ်ခံပုဂ္ဂိုလ်များကို ခိုးယူခဲ့ကြောင်းကို သုတေသနဌာနက သေချာပေါက် သိသွားမည်ဖြစ်ပြီး၊ အဆုံးမရှိသော လိုက်လံဖမ်းဆီးမှုများက သူတို့ကို စောင့်ကြိုနေပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် သူမကို ပို၍ ထိတ်လန့်စေသောအရာက ထျန်းထျန်း၏ အသွင်ပြောင်းမှု မဟုတ်ဘဲ သူ မတိုင်မီက ပြောလိုက်သော စကားပင် ဖြစ်၏။

တစ်စက္ကန့်တွင် အပြစ်ကင်းစင်သော ကောင်လေးဖြစ်နေပြီး နောက်တစ်စက္ကန့်တွင် မိစ္ဆာကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းက မည်သို့ပင်ကြည့်သည်ဖြစ်စေ မယုံနိုင်စရာပင်။

ကျင်းယန်က တည်ကြည်သော မျက်နှာအမူအရာဖြင့် အိတ်ကပ်ထဲမှ သေနတ်ကို ထုတ်ယူ၍ ထျန်းထျန်း၏ ဦးခေါင်းနှင့် မျက်လုံးများကို တည့်တည့်ချိန်ထားလိုက်သည်။

အကယ်၍ ထျန်းထျန်းသာ တစ်ခုခုကို လှုပ်ရှားလိုက်ပါက သူက ချက်ချင်းပင် တုံ့ပြန်လိမ့်မည်။

ဤအခြေအနေအောက်တွင် လူတိုင်း၏ မျက်နှာများက ဖြူလျော်နေကြပြီး မည်သူကမျှ အဆင်အခြင်မဲ့ မလှုပ်ရှားရဲကြပေ။

ထျန်းထျန်းက သူ၏ ခေါင်းကို စောင်းလိုက်ပြီး ကျင်းယန်ကိုစိတ်ရှုပ်ထွေး ဖြစ်နေသော အမူအရာဖြင့် ကြည့်၍ မေးလိုက်ပေ၏။

“ဦးဦး၊ ကျွန်တော့်ကို သတ်ချင်လို့လား၊ ဘာဖြစ်လို့လဲ။

ယင်ရိလျို၏ စိတ်ထဲတွင် ဒိန်းခနဲ ဖြစ်သွားရသည်။

ပုံမှန်အားဖြင့် ဗီလိန်တစ်ယောက်က ထိုကဲ့သို့ ပြောလာလျှင် သူက ဒေါသပေါက်ကွဲတော့မည်ဖြစ်ပြီး သူ့ရှေ့မှ လူကို သတ်ဖြတ်တော့မည်ဟူသော အဓိပ္ပာယ်ပင်။

သို့သော် အချိန်အတော်ကြာ စောင့်ကြည့်နေသော်လည်း သူ၏ ဆူးများပါသော မျက်နှာလေးက

စိတ်ရှုပ်ထွေးဖြစ်မှုနှင့် မကျေနပ်မှုတချို့နှင့်အတူ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖြည်းဖြည်းချင်း ပြန်လည်၍ ကျုံ့ဝင်သွားပြီး ပဲပင်ပေါက်လေးအဖြစ်သို့ ပြန်လည်၍ ပြောင်းလဲသွားလေတော့သည်။

သူ၏ မျက်လုံးများက ပုံမှန် ပြန်ဖြစ်သွားပြီး ခန္ဓာကိုယ်ကလည်း ပြန်လည်၍ ဖောင်းအိလာခဲ့သည်။

သူ၏ ကိုယ်လုံးတီး တင်ပါးလေး ပေါ်နေသော်လည်း၊ သူက ခေါင်းမော့၍ လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

“ဒါက ဦးဦးတို့ မြင်ချင်တဲ့ အရာ မဟုတ်ဘူးလား၊ ဒါကြောင့် ကျွန်တော်က မြင်အောင် လုပ်ပြတာလေ”

ဧည့်ခန်းတစ်ခုလုံးက တိတ်ဆိတ်သွားရသည်။ သူတို့က တစ်စုံတစ်ခုကို အထင်လွဲခဲ့ပုံရသည်။

သူက စစ်မှန်သော မိစ္ဆာတစ်ကောင် မဟုတ်ပေ။ သူက အထင်လွဲခံရသော သနားစဖွယ် သတ္တဝါလေးတစ်ဦးမျှသာ ဖြစ်ပေ၏။

သို့သော် ထျန်းထျန်းက ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း ဘေးမှ ကျင်းရူမုန်နှင့် ကျောင်းချီယန်တို့က နောက်သို့ တစ်လှမ်း ဆုတ်လိုက်ကြသည်။

ကောင်လေး၏ မကျေနပ်မှုများက ပို၍ ပြင်းထန်လာသည်ကို မြင်သောအချိန်မှသာ သူတို့က တွန့်ဆုတ်လျက်ဖြင့် အနားသို့ ချဉ်းကပ်ကြလေတော့သည်။

ထူးခြားသော စွမ်းရည်များကို အသုံးပြုခြင်းက ဆင့်ကဲပြောင်းလဲသူတိုင်းက ပြုလုပ်နိုင်သော အရာဖြစ်သော်လည်း၊ မတိုင်မီက ထျန်းထျန်းကဲ့သို့ ကြည့်လိုက်ရုံနှင့် အလွန်ပင် အန္တရာယ်ရှိပြီး ယုတ်မာသောအငွေ့အသက်များက ထွက်ပေါ်နေသူမျိုးကို သူတို့က တစ်ခေါက်မျှ မမြင်ဖူးခဲ့ကြပေ။

ကျင်းယန်သည်လည်း ထျန်းထျန်းကို မြင်ရသည်က နံပါတ် (၆) နှင့် ဆုံတွေ့ရသကဲ့သို့ ခံစားချက်မျိုးကို ရရှိနေသည်။

သို့သော် ယခုတစ်ခေါက်တွင် နံပါတ် (၆) ထက် ပို၍ အန္တရာယ်ရှိသော ခံစားချက်မျိုးပင်ဖြစ်သည်။

ယင်ရိလျိုက အဓိကအချက်ကို ဖမ်းဆွဲလိုက်ပေ၏။

သူမက မျက်မှောင်ကြုတ်နေသော ထိုကောင်လေးကို ကြည့်၍ မေးလိုက်မိသည်။

“ထျန်းထျန်း ကျဆုံးသူဆိုတာ ဘာလဲဆိုတာကို ကျဲကို ပြောပြလို့ ရမလား”

ဤသည်က အသုံးအနှုန်းအသစ်တစ်ခုပင် ဖြစ်၏။ သူမအနေဖြင့် ယခင်က တစ်ခေါက်မျှ မကြားဖူးသကဲ့သို့ နိုဗယ်များထဲတွင်လည်း ဖော်ပြထားခြင်း မရှိပေ။

တစ်စုံတစ်ခုက သူမ၏ သိမြင်နိုင်စွမ်း၏အပြင်ဘက်သို့ ရောက်ရှိနေပြီဟု ခံစားလိုက်ရသည်။

ထျန်းထျန်းက အချိန်အတော်ကြာအောင် လက်ဟန်ခြေဟန်ဖြင့် ရှင်းပြနေသော်လည်း မည်သူကမျှ နားမလည်ကြပေ။

သူက ခဏမျှ စဉ်းစားလိုက်ပြီးမှ မျက်လုံးများက တောက်ပသွား၍ သူ၏ ဦးခေါင်းကို ညွှန်ပြလျက်ပြောလာသည်။

“ကျွန်တော်က ဦးဦးတို့နဲ့ မတူဘူးဆိုတာကို ကျွန်တော် ခံစားရတယ်”

သူက ခဏမျှ ထပ်မံ၍ စဉ်းစားပြီးမှ ဆက်ပြောသည်။

“ကျွန်တော်က အသိစိတ် ပြန်ဝင်လာတဲ့ အချိန်ကစပြီး အားလုံးကို မေ့သွားခဲ့တာ နောက်ပိုင်း သုတေသနဌာနကို ဖမ်းခေါ်ခံရတော့ အဲဒီလူတွေက ကျွန်တော့်ကို ကျဆုံးသူ ရဲ့ မပြည့်စုံတဲ့ ပုံစံတစ်ခုလို့ ပြောကြတယ်၊

လူသားတွေရဲ့ ဗီဇစိတ်တွေက ကျန်နေသေးတယ်တဲ့၊ ဒါကြောင့် ကျွန်တော့်ရဲ့ ပိုးမွှားတွေက နံပါတ် (၆) အစ်ကိုကြီးရဲ့ အခန်းထဲ ရောက်သွားတဲ့အချိန် သူက ကျွန်တော့်ကို စကားလှမ်းပြောခဲ့တာ”

ထျန်းထျန်းကိုယ်တိုင်ကလည်း ဤသည်ကို အပြည့်အဝ ရှင်းလင်းစွာ မသိသော်လည်း၊ သူက မှတ်ဉာဏ် အလွန်ကောင်းမွန်ပြီး သူ၏ ဖော်ပြချက်ကလည်း အတော်ပင် ရှင်းလင်းလွန်းသည်။

သူက ပြောပြသည်က နံပါတ် (၆) က ပိုးမွှားများတွင် ကပ်ငြိနေသော အသိစိတ်မှတစ်ဆင့် သူ့ကို ဆက်သွယ်ခဲ့ခြင်း ဖြစ်ပြီး၊

လူသားများက ဥာဏ်များတတ်သောကြောင့် ယုံကြည်၍မရကြောင်းနှင့်၊ တစ်နေ့တွင် ထျန်းထျန်း၏ အသိစိတ်ကလည်း သူကဲ့သို့ပင် ပြည့်စုံသော ပုံစံတစ်ခုသို့ ဖြစ်လာလိမ့်မည်ဖြစ်ကြောင်းကို ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

ကျောင်းမောင်နှမက နားမလည်နိုင်ဘဲ ရှိနေဆဲဖြစ်သော်လည်း ကျင်းယန်က ထိုကလေး၏ ထစ်ငေါ့စွာ ပြောစကားများမှတစ်ဆင့် တစ်စုံတစ်ရာကို အကြမ်းဖျင်း ရိပ်မိလိုက်ပေ၏။

သူက မေးလိုက်လေ၏။

“မင်းက လူသားလား”

ထျန်းထျန်းက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ သူ၏လက်ချောင်းလေးများကို ချိုးရေတွက်ရင်းဖြင့် ပြောဆိုလေသည်။

“အစတုန်းကတော့ ကျွန်တော်ကိုယ်ကျွန်တော် အပင်တစ်ပင်လို့ ထင်ခဲ့တာ၊ အဲဒီနောက်တော့ လူသားတစ်ယောက်လို့ ထင်မိပြန်ရော”

“ဒါဆို နံပါတ် (၆) က လူသားလား”

ထျန်းထျန်းက ပြတ်သားစွာပင် ခေါင်းခါပြလိုက်လေ၏။

“အစ်ကိုကြီးက ပြောတာကတော့ သူက လူသားတွေလိုမျိုး အနှစ်သာရမရှိတဲ့ အရာမဟုတ်တော့ဘူးတဲ့၊

သူက လူသားရဲ့ အသိစိတ်ကို ဝါးမျိုခဲ့တာ ကြာပြီလို့ ပြောတယ်”

ဤသည်ကို ကြားလိုက်ရချိန်တွင် ကျင်းယန်၏ စိတ်ထဲ၌ ခန့်မှန်းချက်တစ်ခုက ပေါ်ပေါက်လာခဲ့သည်။

ကျင်းယန်အနေဖြင့် အထူးတပ်ဖွဲ့မှ သူငယ်ချင်းဟောင်းတချို့နှင့် ရင်းနှီးလာပြီးနောက်ပိုင်းတွင် လျှို့ဝှက်သတင်းတချို့ကိုလည်း ပိုမိုကြားသိလာခဲ့ရသည်။

ထိုဝါရင့်စစ်သည်များက မစ်ရှင်များကို ဆောင်ရွက်စဉ်အတွင်း၌ ထူးဆန်းသော အတွေ့အကြုံများစွာ ရှိခဲ့ကြ၏။

မြောက်ဘက်နယ်စပ်ဒေသတွင် အမဲလိုက်ရင်း ပြန်လာသူတစ်ဦးက သူတို့က ထူးခြားသော လူတစ်မျိုးကို မတော်တဆ သတ်မိခဲ့ကြောင်းကို ပြောပြဖူးသည်။

ဤသည်က ရှင်းကျန်းမြောက်ပိုင်း၏ အေးစက်လွန်းသော လေပြင်းများကြားတွင် သူတို့၏နောက်ဘက် ဆီးနှင်းများထဲမှ ခုန်အုပ်လာသော ဝံပုလွေဖြူကြီးတစ်ကောင်ပင် ဖြစ်သည်။

ထုဝံပုလွေက အသင်းဖော်နှစ်ဦး၏ လည်ချောင်းကို တစ်ခဏအတွင်း ကိုက်ဖြတ်ခဲ့၏။

ဆိုရလျှင် ထိုဝံပုလွေက လူသားများကို အလွန်ပင် ရန်လိုနေသည်။

အကျအဆုံးများစွာဖြင့် ထိုဝံပုလွေကို အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့ပြီးနောက်တွင်တော့ ဆီးနှင်းများပေါ်တွင် ဝံပုလွေအလောင်းမရှိတော့ဘဲ ထိုအစား ကိုယ်လုံးတီး အမျိုးသားတစ်ဦး၏ အလောင်းကသာ ကျန်ရစ်ခဲ့တော့၏။

သူက နှင်းဝံပုလွေများနှင့်အတူ နေထိုင်သော လူသားတစ်ဦးကဲ့သို့ဖြစ်နေပြီး၊ သူ၏ စရိုက်နှင့် နေထိုင်မှုပုံစံက ဝံပုလွေတစ်ကောင်နှင့် လုံးဝထပ်တူကျနေခြင်းပင်။

*

All Chapters