အခန်း (၁၉၉)
Vol. 20 Ch. 199
အခန်း(199)
ထိုဝါရင့်စစ်သား၏ ပြောစကားအရ ထိုသူက သူတို့ကို ကြည့်သောအချိန်တွင် မျက်ဝန်းများတွင် လူသားဆန်မှု အလျဉ်းမရှိဘဲ ဝံပုလွေတစ်ကောင်၏ ရက်စက်ကြမ်းကြုတ်သော အကြည့်မျိုးသာ ရှိသည်။
ထိုသန္ဓေပြောင်းသူ သေဆုံးပြီးနောက်တွင် ဒေသခံ သုတေသနဌာနတစ်ခုက သူ၏အလောင်းကို ယူဆောင်သွားခဲ့သောကြောင့် နောက်ဆက်တွဲကို မသိရတော့ပေ။
သို့သော် ဤကဲ့သို့သော လူမဆန်သည့် သန္ဓေပြောင်းသူများနှင့် ဆုံတွေ့ရခြင်းက တစ်ကြိမ်တစ်ခါတည်း မဟုတ်ဘဲ တခြားမြို့များတွင်လည်း အလားတူ ဖြစ်ရပ်များက ရှိနေကြောင်းကို ကြားသိရသည်။
မြို့တော် B ရှိ သုတေသနဌာနမှ ပြောခဲ့သော ကျဆုံးသူများဖြစ်သည့် ထျန်းထျန်းနှင့် နံပါတ် (၆) တို့၏ အခြေအနေများကို ဆက်စပ်ကြည့်လိုက်သောအချိန်တွင် ကျင်းယန်၏ စိတ်ထဲတွင် အဖြေတစ်ခုက အတိအကျ ပေါ်ထွက်လာတော့သည်။
အစောပိုင်း၌ သန္ဓေပြောင်းသူများတွင် စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်မှုနှင့် စရိုက်ကြမ်းကြုတ်မှုများက ရှိတတ်ကြသည်။ ဤသည်က သန္ဓေပြောင်း သတ္တဝါများ၏ လွှမ်းမိုးမှုကို ခံရခြင်းကြောင့်သာ ဖြစ်ကြောင်း လူအများက သိထားပြီးသား ဖြစ်၏။
ဆင့်ကဲပြောင်းလဲသူများနှင့် သန္ဓေပြောင်း သတ္တဝါများက ဆက်လက် ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ကျဆုံးသူများဟူသော အခြေအနေသစ်တစ်ခုက ပေါ်ပေါက်လာခဲ့သည်။
ဆိုရလျှင် သန္ဓေပြောင်းသူများက သေဆုံးသွားသည့်တိုင် အဘယ်ကြောင့် ပြန်လည် နိုးထလာ၍ သက်ရှိအဖြစ် ဆက်လက်၍ တည်ရှိနိုင်ကြသနည်းဆိုသည်ကိုတော့ မည်သူကမျှ မစဉ်းစားခဲ့မိကြပေ။
( note _ ရှုပ်နေမှာစိုးလို့၊ သန္ဓေပြောင်းတွေဆိုတာက သေပြီးမှ ပြန်ပြီးရှင်သန်လာကြတာလေ ၊ ဥပမာ လင်းကျားလိုမျိုး.. သူက အင်းစက်တွေဆီမှာ အစားခံရပြီးမှ ပြန်ပြီးရှင်လာတာ)
တကယ်တမ်းတွင် သူတို့က သန္ဓေပြောင်း သတ္တဝါများ၏ ခန္ဓာကိုယ်ကို အသုံးပြုနေကြခြင်းသာ ဖြစ်၏။
အကယ်၍ အသိစိတ်ဝင်လာသော သတ္တဝါများတွင် လူသားတို့၏ အသိစိတ် ရှိနေသည်ဆိုပါက လူသားများကို ဝါးမျိုခဲ့သော မျိုးစိတ်များက မည်သည့်နေရာသို့ ရောက်ရှိသွားသည်လဲ။
သူတို့က သေသွားပြီလား သို့မဟုတ် အသက်ရှင်နေကြဆဲလား။
ကျင်းယန်အနေဖြင့် သူ၏ ခန့်မှန်းချက်က အမှန်တရား၏ အစိတ်အပိုင်း အတော်များများကို လက်လှမ်းမီနေခြင်းဖြစ်ကြောင်းကိုတော့ မသိလိုက်ပါချေ။
ကမ္ဘာပျက်ကပ်လွန်ကာလက တရွေ့ရွေ့ ပြောင်းလဲလာသည်နှင့်အမျှ သန္ဓေပြောင်း သတ္တဝါများ၏ စွမ်းရည်များက တိုးတက်လာပြီး သူတို့၏ အသိစိတ်ကလည်း ပိုမို၍ အားကောင်းလာခဲ့သည်။
အကယ်၍ လူသားတစ်ဦးက သန္ဓေပြောင်း သတ္တဝါတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံရချိန်တွင် စိတ်ဓာတ်ခိုင်မာမှုမရှိပါက သူ၏ အသိစိတ်က ကြေမွသွားပေလိမ့်မည်။
ထိုအချိန်တွင် သန္ဓေပြောင်း သတ္တဝါ၏ အသိစိတ်က လူသား၏ ခန္ဓာကိုယ်ကို ပြောင်းပြန်ဝါးမျိုလိုက်လေတော့သည်။
ထိုသူတို့ကို လူသားခန္ဓာကိုယ်ရှိသော်လည်း တိရစ္ဆာန် သို့မဟုတ် အပင်များ၏ အသိစိတ်ဖြင့် ရှင်သန်နေသော ကျဆုံးသူများဟု ခေါ်ဆိုခြင်း ဖြစ်ပေ၏။
သူတို့က လူသားများကို မုန်းတီးကြသည်။
နံပါတ် (၆) က အပင်တစ်ဦးအဖြစ် အမြဲတစေ စမ်းသပ်ခံနေရပြီး ရှင်သန်လိုစိတ် ကုန်ခမ်းသွားချိန်တွင် သူ၏ လူသားအသိစိတ်က သေဆုံးသွားခဲ့ပုံရသည်။ ထို့နောက်တွင် အပင်၏ အသိစိတ်က ထိုခန္ဓာကိုယ်ကို လုံးဝ သိမ်းပိုက်လိုက်ခြင်းသာ ဖြစ်၏။
ထို့ကြောင့်ပင် ကျင်းယန်က သူ့ထံမှ လူသားဆင့်ကဲပြောင်းလဲသူ၏ အရှိန်အဝါကို မရရှိခဲ့ခြင်းပင်။
ထျန်းထျန်းက အသက်ငယ်ရွယ်လွန်းသောကြောင့် အသိစိတ်က အပြည့်အဝ မဖွံ့ဖြိုးသေးဘဲ လူသားနှင့် အပင်၏ အသိစိတ် နှစ်ခုလုံးက ယှဉ်တွဲ တည်ရှိနေခြင်းဖြစ်နိုင်၏။
ထို့ကြောင့် သူ့ထံ၌ စာနာနားလည်နိုင်စွမ်းက မရှိခြင်းပင်။
ယင်ရိလျိုက ထျန်းထျန်း ဆိုဖာပေါ်တွင် ပြန်ထိုင်၍ ခြေထောက်လေးများကို လွှဲနေသည်ကို ကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးနေမိ၏။
ကမ္ဘာပျက်ကပ်၏ နောက်ပိုင်းကာလများတွင် တချို့သော ဆင့်ကဲပြောင်းလဲသူများက ပို၍ စိတ်ဓာတ်ကြမ်းကြုတ်ကာ ရက်စက်လာလိမ့်မည်ဟူသော နိုဗယ်ထဲမှ အချက်အလက်များက ဤကျဆုံးသူများကို ဆိုလိုခြင်း ဖြစ်ပေလိမ့်မည်။
*
သုံးရက်အကြာတွင် ရုံကျင်းဖင်းတို့အဖွဲ့ထံသို့ ပါဆယ်ထုပ်တစ်ခု ရောက်ရှိလာခဲ့၏။
ဤသည်ကို သတင်းစာ စက္ကူအထပ်ထပ်ဖြင့် ထုပ်ပိုးထားသော်လည်း အပြင်ဘက်မှပင် ပူနွေးစိုစွတ်သော အပူရှိန်ကို ခံစားနေရသည်။
အသင်းသားတစ်ဦးက ဘတ်စကက်ဘောလုံးထက်ပင် ပိုကြီးသော ထိုအရာကို လှမ်းကိုင်ကြည့်လျှင် အလွန်ပင် နူးညံ့လွန်းကြောင်းကို သိလိုက်ရ၏။
သူက နှာခေါင်းနားကပ်၍ နမ်းကြည့်လိုက်သောအချိန်တွင်တော့ သတင်းစာစက္ကူများကို ဖောက်ထွက်လာသော သွေးနံ့များက သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာလေတော့သည်။
စက္ကူပေါ်တွင် သူတို့ခေါင်းဆောင်၏ နာမည်ကို မြင်လိုက်ရသောကြောင့် သူက အိမ်ထဲသို့ အပြေးအလွှား ဝင်သွားခဲ့၏။
“ခေါင်းဆောင်၊ ခေါင်းဆောင်အတွက် ပါဆယ်တစ်ခု ရောက်နေတယ်!”
ရုံကျင်းဖင်းက အိမ်ထဲတွင် အလေးမနေခြင်းပင် ဖြစ်၏။
ဆောင်းဦးနှောင်းပိုင်းသို့ ရောက်နေပြီဖြစ်သော်လည်း သူက အင်္ကျီအပါးလေးကိုသာ ဝတ်ထားပြီး သူ၏ အတွင်းဝတ်အင်္ကျီကလည်း ချွေးများဖြင့် စိုရွှဲနေသည်။
သူက နဖူးမှ ချွေးများကို သုတ်လိုက်၍ မျက်မှောင်ကြုတ်လျက် အခန်းအပြင်သို့ ထွက်လာခဲ့၏။
တခြားအသင်းသားများကလည်း ဆူညံသံကြောင့် ထွက်လာကြပြီး စားပွဲပေါ်မှ ကြီးမားလွန်းသော အရာကို စပ်စုလိုသော မျက်ဝန်းများဖြင့် ကြည့်နေကြလေတော့သည်။
“ဒါက ဇီဝလက်နက်တစ်ခုခုတော့ မဟုတ်ဘူးမလား၊ ဖွင့်လိုက်ရင် ပေါက်ကွဲသွားမှာလား”
အသင်းဖော်တစ်ဦးက အပြစ်ကင်းစင်စွာဖြင့် မေးလိုက်လျှင်ဘေးနားရှိလူ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရ၏။
“မင်းရဲ့ ဇီဝလက်နက်ကသာ ပျော့ခွေပြီး အသုံးမကျတာ”
ရုန်ကျင်းဖင်းက လက်ဆေးပြီး ထွက်လာချိန်တွင် သူ၏ အသင်းဖော်များက ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရ၏။
သူထွက်လာသည်ကို မြင်လျှင် အထဲတွင် မည်သည်ကရှိသနည်းဆိုသည်ကို မြင်ချင်ဇောဖြင့် အမြန်ဖွင့်ရန် တိုက်တွန်းကြတော့သည်။
အသင်းဖော်တစ်ဦးက လွမ်းဆွတ်တမ်းတစွာဖြင့်ပြောလေသည်။
“ကမ္ဘာပျက်ကတည်းက အထုပ်တွေ လက်ခံရတာ၊ ပါဆယ်တွေ ဖွင့်ရတာမျိုးကို မလုပ်ရတော့ဘူး၊
အွန်လိုင်းကနေ ပစ္စည်းမှာရတာနဲ့ အစားအသောက်ကို မှာစားရတဲ့ အချိန်တွေကို တကယ်လွမ်းမိတယ်”
ရုန်ကျင်းဖင်းက အထဲ၌ အသားတစ်ထုပ် ရှိနေလိမ့်မည်ဟု အလိုလို ခံစားမိနေ၏။
သူက မျက်မှောင်ကြုတ်လျက် သတင်းစာ အထပ်ထပ်ကို ဖြည်လိုက်၍၊ အိတ်ထဲ၌ သွေးများက ပေကျံနေသော ပလတ်စတစ်အိတ်တစ်လုံးနှင့် အမှန်တကယ့်ကို နီရဲလတ်ဆတ်နေသော အသားတုံးကြီး တစ်တုံးက ရှိနေပေသည်။
“ဒါက ဘယ်သူလဲ၊ ဘာလို့ ကပ္ပတိန်ကို အသားတစ်တုံး ပေးပို့ရတာလဲ၊ ဒါက နောက်ပြောင်တာလား”
အသင်းဖော်တစ်ဦးက မယုံကြည်နိုင်စွာဖြင့် ပြောဆိုပေ၏။
“ဟေ့ ကြည့်ဦး! ဒီအသားတုံးက နှလုံးသားနဲ့ မတူဘူးလား၊ ပြီးတော့ လတ်ဆတ်ပြီး နွေးတောင် နွေးနေသေးတယ်!”
တစ်စုံတစ်ဦးက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်သော်လည်း တခြားသူများက သံသယဖြစ်နေကြ၏။
“မင်းက အိပ်မက်မက်နေတာလား၊ ဒီလောက်ကြီးတဲ့ နှလုံးသားမျိုးရှိဖို့ဆိုရင် အဆင့် (၃) ဒါမှမဟုတ် အဆင့် (၄) နီးပါးရှိတဲ့ သန္ဓေပြောင်းသားရဲမျိုး ဖြစ်မှရမှာ”
ပြောရင်းနှင့်ပင် ထိုသူ၏ အသံက တိမ်ဝင်သွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ရုန်ကျင်းဖင်းက ထိုသွေးစွန်းနေသော အသားတုံးကို လက်ဖဝါးပေါ်တွင် တင်လိုက်ချိန်တွင် ဤသည်က သန့်ရှင်းသပ်ရပ်စွာ လှီးဖြတ်ထားသော၊ အနည်းငယ်မျှ ပျက်စီးခြင်းမရှိသည့် သန္ဓေပြောင်းသားရဲ၏ နှလုံးသား အစစ်အမှန်ပင် ဖြစ်နေသောကြောင့်ပင်။
ဤသည်၏ အရည်အသွေးနှင့် လတ်ဆတ်မှုက အထူးပင် ကောင်းမွန်လွန်းသည်။
အသင်းဖော်များက အံ့ဩခြင်းနှင့် စိတ်လှုပ်ရှားခြင်းများက ရောယှက်နေကြပြီး ဤအရာကို သူတို့၏ ကပ္ပတိန်ကို မည်သူက ပေးခဲ့သနည်းဟု ဝိုင်းဝန်းစဉ်းစားကြတော့သည်။
ဤကဲ့သို့ အဆင့်မြင့် သားရဲမျိုးက သူတို့အတွက်ပင် ရင်ဆိုင်ရန် မလွယ်ကူပေ။
အကယ်၍ ဤနှလုံးသားကို မြို့တော် B ရှိ အမှတ်လဲလှယ်ဌာနတွင် သွားရောက်၍လဲလှယ်ပါက သူတို့အဖွဲ့၏ အဆင့်က ယခုဆောင်းရာသီတွင် နှစ်ဆင့်မျှ တက်လှမ်းနိုင်မည်ပင်။ မည်သူက စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
“ဒါက ဖီးနစ်အဖွဲ့က ဒု-ကပ္ပတိန် ပို့တာလား၊ သူက ငါတို့ရဲ့ ကပ္ပတိန်ကို ကြိုက်နေတာ ကြာပြီ၊ ဆောင်းတွင်းလက်ဆောင် ကြိုပို့တာလား မသိဘူး”
“မင်းကတော့ လျှောက်ပြောပြီ၊ အဲဒီ ဒုကပ္ပတိန်က သန္ဓေပြောင်းသားရဲရဲ့ အဖိုးတန်ဆုံး အစိတ်အပိုင်းကို ဒီအတိုင်း ပေးပစ်နိုင်တဲ့ အစွမ်းရှိလို့လား”
အသင်းဖော်များ၏ တစ်ယောက်တစ်ပေါက် ပြောဆိုနေသော စကားများကို နားထောင်ရင်း ရုန်ကျင်းဖင်းက မျက်လုံးလှန်လိုက်မိ၏။
သူက သူ၏လက်ထဲရှိ ပူနွေးနေသော အရာကို ကြည့်၍ ဤအရာကို မည်သူပေးပို့ခြင်းဖြစ်ကြောင်းကို ကောင်းစွာ သိရှိနေသည်။
သူ၏ အမူအရာက ပြောမပြတတ်အောင်ပင် ရှုပ်ထွေးနေတော့သည်။
*
ဆောင်းဦးအစတွင် ရှူးယန်အဖွဲ့က ရန်သူ့၏နယ်မြေများကို ဖြတ်ကျော်၍ အခြေစိုက်စခန်းထဲသို့ ပြန်လည်၍ဝင်ရောက်လာခဲ့သည်။
သူတို့က ကုန်တင်ကားငယ်တစ်စီးကို အသုံးပြု၍ အခြေစိုက်စခန်းဆီသို့ မောင်းနှင်လာကြ၏။
လမ်းဘေးရှိ ဆင့်ကဲပြောင်းလဲသူများက ကားထဲမှ ထွက်ပေါ်လာသော သွေးနံ့ပြင်းပြင်းကို ရရှိကြပြီး အားကျသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
ဤအဖွဲ့က အမဲလိုက်ရာတွင် အောင်မြင်မှုကြီးမားစွာရရှိခဲ့ပြီး ယခုဆောင်းရာသီကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မည်က သေချာလွန်းပေ၏။
ကျင်းယန်နှင့် အဖွဲ့သားများက သူတို့ကအမဲလိုက်၍ရရှိခဲ့သော အဆင့် (၃) သန္ဓေပြောင်းခွေးများကို အမှတ်များအဖြစ် လဲလှယ်ခဲ့ကြသည်။
ယင်ရိလျိုက ဂွမ်းအင်္ကျီအပါးလေးကို ဝတ်ဆင်ထားသော်လည်း သိပ်ပြီးထူမနေပေ။
အေးစက်သော လေပြင်းကြောင့် သူမ၏ နှာခေါင်းလေးက အေးစက်နေပြီး၊ ဖြူဖျော့နေသော ကောင်းကင်ယံကို ကြည့်၍ သူမ၏ စိတ်ထဲမှ ရေရွတ်နေမိသည်။
ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ။
မြို့တော် B တွင် အမှတ်များကို တခြားအခြေစိုက်စခန်းများမှ အမှတ်များအဖြစ် လဲလှယ်နိုင်သော ဝန်ဆောင်မှု ရှိသော်လည်း ဤသည်က တစ်ဖက်သတ်သာ ဖြစ်သည်။
ယနေ့တွင် ရှုးယန်အဖွဲ့က အမှတ်အမြောက်အမြားကို မြို့တော် Z ၏ အမှတ်ကတ်ပြားအဖြစ်သို့ လဲလှယ်သွားခဲ့ကြ၏။
အိမ်သို့ ပြန်ရောက်သောအချိန်တွင် ကျင်းရူမုန်က ရေနွေးများကို အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမက ကျန်းမာရေး သိသာစွာ ပြန်လည်၍ကောင်းမွန်လာပြီး မျက်နှာလေးကလည်း အသားအရေ ပြန်လည်စိုပြည်လာခဲ့သည်။
သူမက လူတိုင်းအတွက် ရေနွေးကိုခပ်ပေးပြီးနောက်၊ ယင်ရိလျို၏ အေးစက်နေသော လက်ကလေးများကို သူမ၏ ပူနွေးသော လက်ဖဝါးဖြင့် ဆုပ်ကိုင်၍ နွေးထွေးအောင် လုပ်ပေးနေရှာ၏။
ယင်ရိလျိုကလည်း ကျင်းယန်၏ အမဲလိုက်ကွင်းပြင်မှ စွမ်းဆောင်ချက်များကို အသံကျယ်ကျယ်ဖြင့် ပြောပြနေခြင်းဖြင့် မောင်နှမနှစ်ဦးကြားရှိ အေးစက်နေသော လေထုကို ပြေလျော့အောင် ကြိုးစားပေးနေလေ၏။
ကျင်းရူမုန်က ညင်သာသော အပြုံးဖြင့် တိတ်တဆိတ် နားထောင်နေခဲ့သည်။
ထိုအချိန်တွင် ကျင်းယန်က သူမ၏ အနားသို့ လျှောက်လာပြီး အိတ်ကပ်ထဲမှ အမှတ်ကတ်ပြားတစ်ခုကို လှမ်းပေးလိုက်လေသည်။
ကျင်းရူမုန်က ကတ်ကို ကြည့်ကာ ခေတ္တမျှ မှင်တက်သွားပြီးမှခပ်တိုးတိုး ပြောလိုက်မိ၏။
“ကျေးဇူးတင်ပါတယ် ကော”
*