အခန်း (၂၀၀)
Vol. 20 Ch. 200
အခန်း(200)
ကျင်းရူမုန်အနေဖြင့် ဤအဖွဲ့၏ နွေးထွေးသော လေထုကို အမှန်တကယ်ပင် နှစ်သက်မိသကဲ့သို့၊ သူမ၏ အစ်ကိုဖြစ်သူက ပြောင်းလဲသွားသည်ကို မြင်ရသောကြောင့်လည်း စိတ်ရင်းဖြင့် ဝမ်းသာနေမိသည်။
သို့သော် သူမက သွားရမည့်အချိန် ရောက်ပြီဖြစ်ကြောင်းကိုလည်း နားလည်ထား၏။
“မနက်ဖြန်မနက်မှာ မြို့တော် B ကနေ မြို့တော် Z ကို သွားမယ့် ကုန်သည်အဖွဲ့ ရှိတယ်၊ လူတစ်ရာကျော်လောက် အတူ သွားကြမှာ၊
ခရီးက နည်းနည်းဝေးပေမဲ့ ငါ ခေါင်းဆောင်နဲ့ စကားပြောထားပြီးပြီ၊ သူတို့က မင်းကို ခေါ်သွားလိမ့်မယ်”
ကျင်းယန်က ဆက်လက်၍ပြောလေ၏။
“မင်းရဲ့ ဘေးကင်းလုံခြုံရေးအတွက် ငါ အစီအစဉ်တွေကို လုပ်ထားပြီးပြီ၊
ဒီအမှတ်ကတ်က မြို့တော် Z ကကတ်ပဲ၊ အဲဒီမှာ လုံလောက်မှာပါ၊
တစ်ခုခုဖြစ်ရင် လီကျန်းကျန်း ကို သွားရှာပြီး ငါ့ရဲ့ညီမလို့ ပြောလိုက်၊ သူက ငါ့ရဲ့မျက်နှာနဲ့ မင်းကို ကူညီလိမ့်မယ်”
ကျင်းယန်၏ အမူအရာက အေးစက်နေသော်လည်း ယင်ရိလျိုအနေဖြင့် ထိုသူက ညီမဖြစ်သူကို အမှန်တကယ်ပင် ဂရုစိုက်ကြောင်းကို သိနေသည်။
မဟုတ်လျှင် ဤမျှအထိ အသေးစိတ် မှာနေမည် မဟုတ်ပေ။
မြို့တော် Z တွင် လီကျန်းကျန်းက အာဏာအပြည့်ရှိနေသောကြောင့် ထိုနေရာက ကျင်းရူမုန်အတွက် အလုံခြုံဆုံးပင် ဖြစ်ပေလိမ့်မည်။
စကားပြောပြီးနောက်တွင် ကျင်းယန်က မျက်နှာသေဖြင့် မီးဖိုချောင်ထဲသို့ ဝင်သွားတော့၏။
ယင်ရိလျိုက ကျင်းရူမုန်၏ စိတ်မကောင်းဖြစ်နေသော မျက်နှာလေးကို ကြည့်၍ သက်ပြင်းချမိပြီး၊ သူမနှင့်အတူ အဝတ်အစားများကို သိမ်းဆည်းရန် အခန်းထဲသို့ လိုက်သွားခဲ့သည်။
ယင်ရိလျိုက အစားအသောက်များနှင့် မုန့်များကို အိတ်ထဲသို့ အတင်းထည့်ပေးနေသည်ကို ကြည့်ရင်း ကျင်းရူမုန်က ရုတ်တရက် ငုံ့၍ ထိုနူးညံ့သော မိန်းကလေးငယ်လေးကို တင်းကျပ်စွာ ဖက်ထားလိုက်လေတော့သည်။
အတော်ကြာအောင် စဉ်းစားပြီးနောက် ကျင်းရူမုန်က ခပ်တိုးတိုး ပြောရှာပေသည်။
“ယုန်လေး၊ ကောက နင့်ကို တကယ်ကို မြတ်နိုးတာ၊ သူက တစ်စုံတစ်ယောက်အပေါ်ကို ဒီလောက်အထိ ကောင်းကောင်းဆက်ဆံတာကို ငါ တစ်ခေါက်မှ မမြင်ဖူးဘူး၊ ဒါကြောင့် ငါ့ကိုယ်စား သူ့ကို သေချာလေး ဂရုစိုက်ပေးပါဦးနော်”
ရွှေပေါင်လုံးကြီးက သူမကို အလွန်နှစ်သက်သည်ဆိုသော စကားကြောင့် ယင်ရိလျို၏ မျက်နှာလေးက နီရဲသွားရလေသည်။
သူမက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ခေါင်းကိုညိတ်ပြ၍ ရင်ဘတ်လေးကို ပုတ်ကာပြောလိုက်၏။
“စိတ်မပူပါနဲ့ ကျင်းကျဲ၊ ရွှေပေါင်လုံးကြီး ကျင်းယန်ကို ကျွန်မ သေချာပေါက် ဂရုစိုက်ပေးမှာပါ”
သူ့ကို ရွှေပေါင်လုံးကြီးဟု ခေါ်ရသည်က အနည်းငယ် ထူးဆန်းနေသော်လည်း ကျင်းရူမုန် ဆက်ပြောမည့် စကားများဆီသို့သာ အာရုံရောက်သွားခဲ့သည်။
ကျင်းရူမုန်၏ မျက်နှာက ဝမ်းနည်းရိပ်များဖြင့် ယှက်သန်းနေပြီး ခါးသီးစွာ ပြုံးလိုက်ပေ၏။
“ငါ အရင်က အသိဉာဏ်မရှိခဲ့လို့ အမှားတွေ အများကြီးကို လုပ်ခဲ့မိတယ်၊ ကောကို တကယ် အားနာမိပါတယ်၊ အခုတော့ သူ့ရဲ့ကိစ္စတွေမှာ ဝင်ပါဖို့ ငါ့မှာ အခွင့်အရေး မရှိတော့ပါဘူး၊ သူက ငါ့ရဲ့အပေါ်ကို အမြဲကောင်းခဲ့တာ၊ ငါ့ဘက်ကသာ မှားခဲ့တာပါ”
ကျင်းရူမုန်၏ စကားများကို နားထောင်ရင်း ယင်ရိလျိုက ခန့်မှန်းမိသည်။
ဤမောင်နှမနှစ်ဦးကြားမှ ပဋိပက္ခက သူမက ထင်ထားသည်ထက်ပင် ပို၍ ပြင်းထန်ပုံရသည်ပင်။
သူမက စပ်စုချင်စိတ် ဖြစ်မိသော်လည်း ထပ်မမေးတော့ဘဲ ကျင်းရူမုန်ကို ပြုံးလာအောင်သာ စနောက်ပေးလိုက်တော့သည်။
တခြားတစ်ဖက်ရှိ မီးဖိုချောင်ထဲတွင်တော့ ကျင်းယန်က အသားနှင့် မုန်လာဥနီများကို စဉ်းနှီတုံးပေါ်တင်ကာ တိတ်တဆိတ် လှီးဖြတ်နေလေသည်။
ဤသည်က ယင်ရိလျိုက အကြိုက်ဆုံး ဟင်းလျာပင် ဖြစ်ပေသည်။
ဟင်းချက်နေရင်းနှင့် သူက ညီမဖြစ်သူအကြောင်းကို ရုတ်တရက် တွေးမိသွားရ၏။
တကယ်တမ်းတွင်တော့ သူက ကျင်းရူမုန်အပေါ်တွင် အငြိုးအတေး သိပ်မရှိပေ။
သူ့နှလုံးသားထဲတွင် သူမက ညီမလေး တစ်ယောက်သာ ဖြစ်ပေသည်။ သို့သော်လည်း တချို့သောအရာများက မေ့ပစ်ချင်တိုင်း မေ့၍ မရနိုင်ပေ။
သုတေသနဌာနတွင် ရှိချိန်က ပိုးမွှားများကို ရှူမိပြီးနောက် မြင်ခဲ့ရသည့် အာရုံခြောက်ခြားမှုများကို ကျင်းယန်က သတိရမိပြန်၏။
အမှောင်ထုထဲတွင် ကွယ်လွန်သွားပြီဖြစ်သော သူ၏ဖခင်က ကြိမ်လုံးတစ်ချောင်းကို ကိုင်၍ သူ၏ကျောပြင်ကို အားကုန် လွှဲရိုက်နေခဲ့သည်။
ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်သော်လည်း ဤပုံရိပ်က သူ့အတွက် နာကျင်စရာ အရင်းအမြစ်တစ်ခု ဖြစ်နေဆဲပင်။
ထိုအချိန်က ကျင်းရူမုန်က မိခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ နေရောင်ခြည်အောက်တွင် ရပ်လျက် သူ အနှိမ်ခံနေရပြီး ရိုက်နှက်ခံနေရသည်ကို လှမ်းကြည့်နေခဲ့၏။
ကျင်းယန်က ဟင်းသီးဟင်းရွက် လှီးနေရင်း ခေတ္တ ရပ်တန့်သွား၏။
သူက ငေးငိုင်နေရင်း လက်ချောင်းကို ဓားထိသွားသောကြောင့် စဉ်းနှီတုံးပေါ်တွင် သွေးများက ပေကျံသွားခဲ့သည်။
သူ့အနေဖြင့် မည်သည့်နာကျင်မှုကိုမှ မခံစားရသကဲ့သို့ အေးစက်စက် ရေထဲ၌ သူ၏လက်ကို ဆေးလိုက်ပေ၏။
အေးစက်လွန်းသော ရေများက ဒဏ်ရာပေါ်သို့ စီးဆင်းသွားပြီး ဒဏ်ရာကို ဖြူလျော်သွားစေ၏။
ခဏအကြာတွင် သွေးတိတ်သွားပြီး ဒဏ်ရာနေရာ၌ ပိတ်ဆို့နေသော ပြတ်ရှရာတစ်ခုအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။
သူက ထိုဒဏ်ရာကို ဂရုမစိုက်ဘဲ ခေါင်းငုံ့လျက် ဟင်းသီးဟင်းရွက်များကို ပြန်၍ လှီးဖြတ်နေခဲ့လေသည်။
ဆောင်းရာသီ မနက်ရှိုင်းမီ အချိန်၌ ဝတ်ရုံခြုံထားသော သွယ်လျသည့် အမျိုးသမီးတစ်ယောက်က ကုန်သည်အဖွဲ့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလျက် မြို့တော် B ရှိ အခြေစိုက်စခန်းမှ ထွက်ခွာ၍ မြို့တော် Z ဆီသို့ ဦးတည်သွားခဲ့၏။
ယင်ရိလျို ခေါင်းမော့ကြည့်လိုက်သောအခါ သူမဘေးတွင်ရှိနေသည့် လူ၏ နက်ရှိုင်းသော မျက်လုံးများကို မြင်လိုက်ရသည်။
သူမ၏ လက်ချောင်းများကို မသိမသာ ဆုပ်ကိုင်မိသွားပြီးနောက် တိုးညင်းစွာ ပြောလိုက်၏။
“ကျွန်မ ရှင်နဲ့အတူ ရှိနေပေးမှာပါ… ဝမ်းမနည်းပါနဲ့နော်”
တစ်ခါမျှ ဝမ်းနည်းခြင်း မရှိခဲ့ဖူးသော ကျင်းယန်သည်လည်း နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး ကောင်မလေး၏ လက်ကလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေသည်။
ထုထု.. မင်းပြောခဲ့တဲ့စကားကို မင်းမှတ်မိနေရမယ်နော်။
ငါ့ကို ဘယ်တော့မှ မထားခဲ့ပါနဲ့။
ငါနဲ့အတူပဲ ရှိနေပေးပါ။
ကျင်းယန် ထိုသို့တွေးနေရင်းဖြင့် သူ၏ မျက်လွှာချထားသော မျက်လုံးများက လှိုင်းထနေသော နီကျင်ကျင် ရွှေရောင်အလင်းများကို ဖုံးကွယ်ထားခဲ့၏။
သို့မဟုတ်ပါက သူ၏ ခန္ဓာကိုယ်တွင် မည်သို့ဖြစ်ပျက်လာမည်ကို သူကိုယ်တိုင်ပင် မသိနိုင်တော့ချေ။
*
ဆောင်းရာသီ ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ကမ္ဘာမြေသည်က တစ်ကမ္ဘာလုံးဆိုင်ရာကြီးမားသော နှင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရကာ အပူချိန်က ရာစုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ပေသည်။
ညဥ့်နက်ပိုင်းတွင် နှင်းများက တိတ်တဆိတ် ကျဆင်းနေခဲ့၏။
အခြေစိုက်စခန်းရှိ လူများက ရာသီဥတုမှာ ပုံမှန်မဟုတ်သော ဦးတည်ရာဖြင့် တဖြည်းဖြည်း ပို၍ အေးခဲလာကြောင်း သတိပြုမိကြသော်လည်း သူတို့ထဲမှ မည်သူကမျှ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ခန့်မှန်းနိုင်စွမ်း မရှိခဲ့ကြချေ။
ယင်ရိလျို မနက်ခင်း နိုးလာချိန်တွင် အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ သူမ မျက်လုံးများကို ပွတ်သပ်လျက် ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လျှင် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
ပြတင်းပေါက်တစ်ခုလုံးကို ထူထဲလှသော နှင်းခဲလွှာများက လုံးဝဖုံးအုပ်ထားပြီး အပြင်ဘက်မြင်ကွင်းကို ကွယ်နေခဲ့သည်။
သူမက ပြတင်းပေါက်ပေါ်သို့ လေပူများ မှုတ်ထုတ်ပြီး သူမ၏ နွေးထွေးသော လက်ဖဝါးများဖြင့် အဆက်မပြတ် ပွတ်တိုက်လိုက်ပြီးမှသာ ပြတင်းပေါက်ပေါ်၌ ကြည်လင်သော နေရာလေးတစ်ခု ဖြစ်ပေါ်လာလေသည်။
ထို “အပေါက်” လေးမှတစ်ဆင့် အပြင်ဘက်တွင် နှင်းများ အပြင်းအထန် ကျဆင်းနေသည်ကို သူမ မြင်လိုက်ရ၏။
နှင်းများ ဖုံးလွှမ်းနေသော အခြေစိုက်စခန်းအတွင်း၌ လူတစ်ယောက် နှစ်ယောက်လောက်က လမ်းလျှောက်နေကြသည်။ နှင်းများသည်က သူတို့၏ ဒူးဆစ်အထိ ရောက်ရှိနေပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူတို့နောက်မှ ခြေရာများကို နှင်းများက ချက်ချင်း ပြန်ဖုံးသွားခဲ့၏။
ညတွင်းချင်းပင် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့လေပြီ။
တံခါးများနှင့် ပြတင်းပေါက်များကြားမှ အေးစက်သော လေအေးများ စိမ့်ဝင်လာသည်။
သူမ အိပ်ခန်းထဲမှ ထွက်လာချိန်တွင် ကျောင်းစီဟွေ့က အခန်းတွင်းရှိ အပေါက်အကွဲများအားလုံးကို အဝတ်စများဖြင့် ပိတ်ထားသည်ကို တွေ့လိုက်ရ၏။
ထိုအရာက အခန်းတွင်းရှိ နွေးထွေးမှုများကို လေတိုက်၍ လွင့်ပါမသွားအောင် ကာကွယ်ပေးထားပေသည်။
သူမ မျက်နှာသစ်ပြီးနောက် ကြောင်အစွာဖြင့် မေးလိုက်၏။
“ဘာတွေ ဖြစ်ကုန်တာလဲ”
“ဘယ်သူသိမှာလဲ… ရုတ်တရက်ကြီး နှင်းတွေ အများကြီး ကျလာတာပဲ… ချန်ကောကတော့ ဒီမနက် အာရုဏ်မတက်ခင်ကတည်းက နိုးနေတာ၊
အထက်က ပေးတဲ့ တာဝန်ရှိတယ်လို့ ပြောပြီး မင်းနိုးလာတာ စောင့်ပြီးရင် မနက်စာစားပြီးမှလာခဲ့ဖို့ ငါတို့ကို ပြောသွားတယ်”
ကျောင်းချီယန်က ဝင်ပြောလိုက်သည်။
နှင်းများ အပြင်းအထန် ကျဆင်းနေသောကြောင့် အပြင်ဘက်တွင်နေသည့် အနက်ရောင်ဝံပုလွေကြီးသည်လည်း ဧည့်ခန်းထဲသို့ ဝင်လာကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းလျက် အမြီးကို ပျင်းရိစွာ ခါယမ်းနေခဲ့၏။
ကျောင်းချီယန်၏ စကားကို ကြားမှသာ ယင်ရိလျိုတစ်ယောကာ အခန်းထဲတွင် ကျင်းယန် မရှိတော့ကြောင်းကို သတိပြုမိသွားခဲ့သည်။
သူတို့အဖွဲ့က အစားအစာကို အမြန်ဆုံး စားသောက်ပြီးနောက် ပစ္စည်းများ ထုပ်ပိုးကာ အထူးတပ်ဖွဲ့ စခန်းဆီသို့ ဦးတည်ထွက်ခွာခဲ့ကြလေသည်။
တံခါးကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ကြီးမားသော နှင်းမုန်တိုင်းက အဖြူရောင်နှင်းခဲများကို လူများ၏ လည်ပင်းကြားထဲသို့ လွင့်စင်လာစေသောကြောင့် ခန္ဓာကိုယ်အတွင်းရှိ နွေးထွေးမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားရလေ၏။
နှင်းများ အလွန်ထူထပ်နေသောကြောင့် ယင်ရိလျိုတစ်ယောက် အရှေ့မှ လမ်းကိုပင် သဲသဲကွဲကွဲ မမြင်ရချေ။
လေနှင့် နှင်းများကြောင့် သူမ၏ မျက်လုံးများမှာ မှေးစင်းနေခဲ့ရသည်။
စခန်းရှေ့သို့ ရောက်လာချိန်တွင် လူတစ်စုနှင့်အတူ ကုန်း၍ နှင်းများကို ရှင်းလင်းနေသော ကျင်းယန်ကို ချက်ချင်း တွေ့လိုက်ရ၏။
ထိုအမျိုးသား၏ ကိုယ်ပေါ်တွင် နှင်းလွှာတစ်ခု ဖုံးလွှမ်းနေပြီး လှုပ်ရှားလိုက်တိုင်း နှင်းများ ပြုတ်ကျနေသသောကြောင့် သူ့အနေဖြင့် အပြင်ဘက်တွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကို သိရှိနိုင်သည်။
မြို့တော် B ရှိ အခြေစိုက်စခန်းတွင် သုတေသနဌာနမှ ထုတ်လုပ်ထားသော နှင်းအရည်ပျော်ဆေးများ ရှိ၏။
နေ့ဘက် အပူချိန်ကို အနုတ် (၁၀°C)တွင် ထိန်းချုပ်ထားနိုင်သော်လည်း ညဘက် နှစ်နာရီ၊ သုံးနာရီခန့် နှင်းခဲများ အထူဆုံးအချိန်တွင် အနုတ် (၃၀°C)နီးပါးအထိ ရောက်ရှိနိုင်ကာ အပူချိန်မှာ ဆက်လက် ကျဆင်းနေဆဲ ဖြစ်သည်။
နှင်းများက ဂွမ်းစိုင်များကဲ့သို့ အစုလိုက်အပြုံလိုက် ကျဆင်းနေခဲ့၏။
မနေ့ညက စတင်ကျဆင်းခဲ့သော နှင်းများမှာ ယနေ့တိုင်အောင်ပင် မရပ်တန့်သေးချေ။
မွန်းလွဲပိုင်းတွင် နှင်းများ အနည်းငယ် ပါးသွားပြီးနောက် ရှူးယန်အသင်းဝင်များသည်လည်း အထက်မှ ပေးအပ်သော တာဝန်များကို ယူကာ နှင်းခဲရှင်းလင်းရေးဆေးများနှင့် ဂေါ်ပြားများကို ကိုင်ဆောင်လျက် နှင်းများကို ဖယ်ရှားခဲ့ကြလေသည်။
ဆင့်ကဲပြောင်းလဲသူများက ပိုမိုသန်မာလာကြသောကြောင့် အအေးဆုံးသော ဆောင်းရာသီကိုပင် တောင့်ခံနိုင်ကြသော်လည်း သာမန်လူများမှာတော့ ထိုသို့ မဟုတ်ကြချေ။
ထိုကဲ့သို့ အလွန်အမင်း အေးခဲသော ဒဏ်ကြောင့် သူတို့၏ လက်များနှင့် မျက်နှာများတွင် အဖုအပိမ့်များ ထွက်လာကာ အေးစက်သော လေဒဏ်ကြောင့် အရေပြားများ ခြောက်သွေ့အက်ကွဲပြီး နာကျင်မှုများကို ခံစားနေကြရပေသည်။
*