အေးခဲကောင်းကင်ကလန်မှ သံတမန်များ
Vol. 14 Ch. 189
သံကြိုး၏ နဝမမြောက် အပိုင်းသည် ဟန်တောင်တန်း သံကြိုးတစ်ခုလုံး၏ နောက်ဆုံးအပိုင်း ဖြစ်သည်။ ၎င်းသည် ပုချန့်တောင်နှင့် ချိတ်ဆက်လျက် ရှိသည်။ သူ ထိုနေရာ၌ ရပ်နေလျှင် ပုချန့်တောင်ပေါ်မှ အရာအားလုံးကို ရှင်းလင်း ပြတ်သားစွာ မြင်နိုင်သည်။
စုမင် ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်သည်။ နဝမမြောက်အပိုင်းသို့ ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သည့် ဆူညံသံတစ်ခုသည် သူ့ခန္ဓာကိုယ် အတွင်းမှ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ထိုအသံကို ကြားလိုက် ရသူသည် သူတစ်ဦးတည်း မဟုတ်ခဲ့ပေ။ ထိုအသံသည် လေထုအတွင်း ပဲ့တင်ထပ် သွားခဲ့သည်။
သူ့ခန္ဓာကိုယ် အတွင်းရှိ သွေးကြောများ ထူးဆန်းသည့် အပြုအမူဖြင့် တစ်ခုနှင့် တစ်ခု ရင်ဆိုင် ဆန့်ကျင်နေရာမှ အခြားသော နောက်ထပ် သွေးကြောတစ်ကြော ထွက်ပေါ် လာတော့မည့် လက္ခဏာရပ်ပင် ဖြစ်သည်။
အသံသည် သိပ်မကျယ်လောင် သော်လည်း ပုချန့်တောင်ပေါ်တွင် ရပ်နေသည့် အကြီးအကဲနှင့် မျိုးနွယ်၏ ခေါင်းဆောင် များသည်တော့ ထိုအသံကို ကြားလိုက်ရပြီး တုန်လှုပ် သွားခဲ့ကြသည်။
သံကြိုး၏ နဝမမြောက်အပိုင်းမှ အချိန်စီးဆင်းမှုသည် မယုံနိုင်စရာ တုန်လှုပ်ဖွယ် ကောင်းနေခဲ့ပြီး စုမင် လျင်မြန်စွာ မရွေ့လျားနိုင်ခဲ့ပေ။ စုမင် ရှေ့သို့ရွေ့လျားခဲ့ပြီး သံကြိုး၏ ဆယ်ပုံနှစ်ပုံခန့်သို့ ရောက်ရှိခဲ့ချိန်တွင် ရုတ်တရက် တုန်လှုပ်မှု တစ်ခုက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်သန်း သွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ အသံများသည် ပိုမို ပြင်းထန်လာပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် လှုပ်ခါစေနိုင်သည့် ပမာဏသို့ ရောက်ရှိလာခဲ့သည်။ သူ့အထက်မှ သွေးနီရောင် ပုံရိပ်ကြီး၏ သွေးကြောများ သိပ်သည်းစွာ ဖုံးအုပ်ထားခဲ့သည့် ရင်ဘတ်ပေါ်တွင် အခြားသွေးကြောတစ်ခု နောက်တစ်ကြိမ် ပေါ်ထွက် လာခဲ့လေသည်။
၉၈၁ ခုမြောက် သွေးကြော …
ရှင်းလင်းကြည်လင် နေခဲ့သည့် ကောင်းကင်ကို စုမင် မော့ကြည့်လိုက်သည်။ ခေါင်းစွပ်အောက် ဖုံးကွယ်ထားခဲ့သည့် သူ့မျက်လုံးတို့က ဝင်းလက် တောက်ပနေခဲ့သည်။ ဟန်တောင်တန်း၏ သံကြိုးများပေါ် လျှောက်လှမ်းချိန်တွင် သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ခြင်းသည် လူများကို အံ့အားသင့်စေလိုခြင်း သာမက ဟန်တောင်တန်း၏ သံကြိုးများပေါ်တွင် လျှောက်လှမ်းရင်းဖြင့် သူ၏စွမ်းအားကို တိုးပွားစေလိုသည့် သူ၏ ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။
မျိုးနွယ်စုသုံးစုမှ အကြီးအကဲများနှင့် အခြားခေါင်းဆောင်များက စုမင်သည် ဟန်တောင်တန်း၏ သံကြိုးများကို အသုံးပြု၍ သူ၏ သွေးကြောများကို တိုးပွားအောင် လုပ်ချင်သည်ဟု ခန့်မှန်းခဲ့ကြသော်လည်း စုမင်တွင် ဒုတိယ ရည်ရွယ်ချက် ရှိနေသေးကြောင်းကိုတော့ သူတို့ မခန့်မှန်းနိုင်ခဲ့ပေ။
စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိသည်။ တောင်လေပြင်းက သူ့မျက်နှာကို ဖြတ်တိုက်သွားခဲ့ပြီး ယခုအချိန်အထိ သူအသက်ရှင် နေသေးသည်ကို ခံးစားလိုက်မိ၏။ သူ့ခြေထောက်အောက်မှ သံကြိုးသည် လှုပ်ယမ်း နေခဲ့သည်။ လှုပ်ယမ်းသွားခဲ့သည့် တစ်ကြိမ်စီတိုင်းတွင် အချိန်ကိုယ်တိုင်သည်ပင် လှိုင်းလုံးများသဖွယ် တစ်ဟုန်ထိုး စီးဆင်းနေခဲ့သည်ဟု သူခံစားနေရသည်။
“သွေးကြော ၉၈၁ ကြော ... ဒါက မလုံလောက်သေးဘူး …”
စုမင် တီးတိုးရေရွတ်လိုက်ရင်း နောက်တစ်ကြိမ် ရှေ့ဆက် တိုးလိုက်ပြန်သည်။
သံကြိုး၏ နဝမမြောက်အပိုင်းကို ဖြတ်လျှောက်နိုင်ခဲ့သူများ မည်သို့ပြုလုပ်ခဲ့မှန်း သူမစဉ်းစားတတ်ချေ။ သံကြိုး၏ အသက်စွမ်းအား စုပ်ယူနှုန်းသည် အလွန်လျင်မြန် နေခဲ့ပြီး ရုပ်နယ်လွန်အဆင့်မှ မာန်စွမ်းအားရှင် တစ်ယောက် ဆိုလျှင်ပင် ထိုအရာကို တွန်းလှန်ရန် ခက်ခဲလိမ့်မည်ဟု သူသိနေခဲ့သည်။ သူတို့ဖြတ်လျှောက်နိုင်ခဲ့လျှင်ပင် သူတို့၏ အသက်စွမ်းအားသည် အလွန်ဝေဒနာ ခံစားရပေလိမ့်မည်။
စုမင် မျက်လုံးများ တောက်ပ သွားခဲ့သည်။ သူ ရှေ့သို့ ဆက်လျှောက်လှမ်းခဲ့ပြီး သူနှင့် ပုချန့်တောင်ကြားမှ အကွာအဝေးက ဆက်ကျုံ့လာခဲ့သည်။ အမွှေးတိုင်တစ်တိုင် ထွန်းစာ အချိန်ခန့် ကုန်ဆုံးပြီးချိန်တွင် သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်နေခဲ့သည့် အရှိန်အဝါသည် နောက်တစ်ကြိမ် တိုးပွားလာခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်လည်း နောက်ထပ် သွေးကြောသည် သူ့ရင်ဘတ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် သူ့အပေါ်မှ ဧရာမပုံရိပ်ကြီး တွင်လည်း ရောင်ပြန်ဟပ် နေခဲ့ရာ စုမင်ကိုယ်ပေါ်၌ ၉၈၂ ခုမြောက် သွေးကြော ထွက်ပေါ် လာခဲ့သည်ကို ဧရိယာတစ်ဝိုက်ရှိ လူများအားလုံး မြင်လိုက်ကြရသည်။
ဆူညံစွာ ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။ ဟန်တောင်တန်းမြို့တော် တစ်ခုလုံး စိတ်လှုပ်ရှား နေခဲ့ကြသည်။ မျိုးန်ယ်စုသုံးစုမှ လူများသည်လည်း မိမိတို့တောင်များ ပေါ်တွင် ရပ်လျက် သံကြိုး၏ နဝမမြောက် အပိုင်းတွင် ရပ်နေခဲ့သည့် စုမင်ကို လေးစားနေကြသည့် အမူအရာများဖြင့် ကြည့်ရှုလျက် ရှိသည်။
“သွေးကြော ၉၈၂ ကြော ... သူ နဝမမြောက် အပိုင်းကို ပြီးဆုံးတဲ့ အချိန်ကျရင် သွေးကြော ဘယ်လောက်များများ ရနေမလဲ မသိဘူးနော်”
“သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်တဲ့ ပြည့်စုံဆင့်ကို ရောက်တဲ့ မာန်စွမ်းအားရှင်ကို ငါ အရင်က မမြင်ဖူးခဲ့ဘူး။ ဖြစ်နိုင်တာက ... သူက သူ့ကိုယ်သူ စိန်ခေါ်ပြီးတော့ ရှေးအချိန်တုန်းကတောင် ရှားပါးတယ်လို့ ယူဆထားခဲ့တဲ့ အခြေအနေတစ်ခုဖြစ်တဲ့ သွေးကြော ၁၀၀၀ ရောက်အောင် လုပ်ပြီးတော့ ထူးခြားဆန်းကြယ်မှု တစ်ခုခု ဖန်တီးဖို့ ကြိုးစားနေတာများ ဖြစ်နိုင်မလား”
“သွေးကြော ၁၀၀၀ ... ငါ အဲဒီအကြောင်းကို လူကြီးတစ်ယောက် ပြောတာ ကြားဖူးတယ်။ ‘သွေးကြော ၁၀၀၀ ကနေ ရုပ်နယ်လွန်ခဲ့သူက ရိုးရေစတေး အဆင့်အောက်မှာ အသန်မာဆုံး ဖြစ်လိမ့်မယ်’တဲ့”
လေထုထဲတွင် ဆွေးနွေးသံများ ကျယ်ပြန့်စွာ ဖြစ်ပေါ် နေခဲ့သော်လည်း အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင် များသည်တော့ တိတ်ဆိတ် နေခဲ့ကြသည်။ သူတို့ မျက်နှာများတွင်တော့ စုမင်အား လေးစားမှုများဖြင့်သာ ပြည့်နေခဲ့သည်။
စုမင် သံကြိုးကို ဆက်လျှောက်လှမ်းခဲ့သည်။ သူ့ကိုယ်ပိုင်စွမ်းအားကို သူခံစား၍ရသည်။ သွေးကြောများ တိုးပွားလာသည်နှင့်အမျှ သွေးကြောတစ်ကြော ဆိုလျှင်ပင် သူရှေ့ဆက်ရမည့် လမ်းကြောင်းတွင် ရှေ့သို့ဧရာမ ခုန်ကျော်သွား သကဲ့သို့ ခံစားရသော်လည်း စွမ်းအားတစ်ခုလုံး အပေါ်တွင် သူအပြည့်အဝ ထိန်းချုပ်နိုင်နေသည်ကို သတိပြုလိုက်မိသည်။
ထိုစွမ်းအားသည် သွေးကြော ၉၈၂ ကြောလုံး၏ စွမ်းအားဖြစ်သည်။ ၎င်းသည် သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်သို့ ရောက်ရှိခဲ့သည့် မာန်စွမ်းအားရှင်များ အားလုံးအတွက် ထူးခြားသော စွမ်းအားတစ်ခု ဖြစ်သည်။
သူ ရံဖန်ရံခါတွင် ကောင်းကင်သို့ မော့ကြည့်နေခဲ့သည်။ တိမ်များ ပြိုကွဲသွားခဲ့ပြီး သူတို့နေရာတွင် မြူအခိုးအငွေ့ အလွှာတစ်ခု ရှိနေခဲ့သည်။ ထိုမြူတို့သည် တိမ်များကဲ့သို့ မထူထပ်သော်လည်း တည်ငြိမ်ထင်ရှားသည့် အရှိန်အဝါများဖြင့် ပြည့်နေခဲ့သည်။ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုသည် ကောင်းကင်တွင် လျင်မြန်စွာ အကောင်အထည် ပေါ်လာခဲ့သည်။ သူ နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့ခြင်းသည် စုမင် ရုပ်နယ်လွန်အဆင့် တက်ရောက်ရန် လိုသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
“ငါ နောက်ဆုံးတော့ ရုပ်နယ်လွန်အဆင့် တက်ရောက်ဖို့ ရွေးချယ်လိုက်ပါပြီ …”
စုမင် ကောင်းကင်ရှိ မြူခိုးတို့ကို စိတ်လွန်ဆွဲနေဟန်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူ့ခြေထောက်ကိုမလိုက်ပြီး သံကြိုးတစ်လျှောက် ရှေ့သို့ ဖြည်းညင်းစွာ ဆက်လျှောက်ခဲ့လိုက်သည်။
သံကြိုးပေါ်တွင် လမ်းလျှောက်ခြင်းသည် ကုန်လွန်နေသည့် အချိန်ပေါ်တွင် လမ်းလျှောက် နေသကဲ့သို့ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ၊ နက်မှောင်တောင်တွင် ရှိခဲ့စဉ်က အမှတ်တရများသည် သူ့စိတ်ထဲတွင် ထင်ဟပ်နေခဲ့သည်။ ဘယ်နနှစ်တောင် ရှိသွားခဲ့ပြီလဲ ဖြစ်နိုင်တာက ၄ နှစ်ကနေ ၅ နှစ်လောက်လား။ အရမ်းကို ကြာသွားတာများ ဖြစ်နေမလား။ နှစ်ပေါင်းမည်မျှ ကြာသွားခဲ့သည်ကို စုမင် မိမိကိုယ်ကို သေချာမပြောနိုင်ချေ။
တောင်ပိုင်းအရုဏ်ဦး နယ်မြေသို့ စတင်ရောက်ရှိခဲ့ချိန်က ရောထွေး၍ ဝမ်းနည်းမှု မှတ်ဉာဏ်များနှင့် တောင်စောင်းတွင် လဲလျောင်း၍ ကောင်းကင်သို့ မော့ကြည့်လျက် ငိုကြွေးနေခဲ့မှုများသည် သူ့စိတ်အတွင်း မကြာသေးသလို ခံစားနေရဆဲပင် ဖြစ်သည်။
စုမင်ခန္ဓာကိုယ် အတွင်းမှ စွမ်းအား အရှိန်အဝါသည် နောက်တစ်ကြိမ် တိုးပွား လာပြန်သည်။ သူ့အပေါ်မှ ဧရာမသွေးလူပုံရိပ်ကြီးတွင် ယခုသွေးကြော ၉၈၃ ကြော ရှိနေခဲ့ပြီဖြစ်သည်။
၉၈၃ ခုမြောက် သွေးကြော၏ သွေးနီရောင် အလင်းသည် ကောင်းကင်ကိုပင် ထွန်းလင်းသွားစေပြီး ကြည့်ရှုနေသူအားလုံး၏ မျက်လုံးများအတွင်း တိုးဝင်သွားခဲ့သည်။ သွေးကြောကျောက်သား နယ်ပယ်မှ လူများကို တုန်ယင် သွားစေနိုင်သည့် စွမ်းအား အရှိန်အဝါသည် စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ဟန်တောင်တန်း မြို့တော်နှင့် မျိုးနွယ်စုသုံးစုအတွင်းမှ သွေးကြောကျောက်သား နယ်ပယ်တွင် ရှိသူများ အားလုံးသည် သူတို့ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ဘဲ ဒူးထောက် ကိုးကွယ်လိုဟန်ဖြင့် ထိုဖိအားအောက်တွင် တုန်ယင်လာခဲ့သည်။
၎င်းသည် သွေးကြောများကို ဖိနှိပ်ချုပ်ချယ် လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းသည် မာန်စွမ်းအားရှင် တစ်ယောက် သွေးကြော ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့် ရောက်ရှိချိန်တွင်သာ ပေါ်ထွက်လာမည် ဖြစ်သည့် အရာမျိုးလည်း ဖြစ်သည်။
သူ ကျင်းနန်နှင့် ပထမဆုံး တွေ့သည့်အချိန်၊ ရုပ်နယ်လွန်အဆင့်မှ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ဦးကို သူပထမဆုံး တွေ့ခဲ့ဖူးချိန်တွင် စုမင် စိတ်နှလုံးသည် ထိတ်လန့်တုန်လှုပ်မှုနှင့် စိတ်အား ထက်သန်မှုတို့ဖြင့်သာ လွှမ်းမိုးနေခဲ့သည်။ အစွမ်းထက် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ဦးဖြစ်လိုသည့် စိတ်ဆန္ဒမျိုးစေ့သည် ထိုအချိန်မှစ၍ သူ့နှလုံးသားထဲတွင် စိုက်ပျိုးထားခဲ့ပြီး တဖြည်းဖြည်း ကြီးထွားလာခဲ့၏။
“ငါ ရုပ်နယ်လွန် အဆင့်ကို ရောက်ချင်တယ်။ ငါ ရုပ်နယ်လွန် အဆင့်မှာ အစွမ်းထက် မာန်စွမ်းအားရှင်တစ်ဦး ဖြစ်ချင်တယ် …” စုမင် တီးတိုး ရေရွတ်လိုက်သည်။
၎င်းသည် ထိုအချိန်က သူ၏လျင်မြန်စွာ အဖြစ်လိုခဲ့ဆုံးသော ဆန္ဒဖြစ်သည် ... အစွမ်းထက်သည့် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့ပြီး သူ့မျိုးနွယ်စုကို ကာကွယ်ပေးချင်မိသည်။
သို့သော် ယခုတော့ ... ဝမ်းနည်းမှုများ စုမင် မျက်နှာပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။ သူသည် ရုပ်နယ်လွန်အဆင့်နှင့် နီးကပ်နေခဲ့ပြီး ဖြစ်ပြီး ရုပ်နယ်လွန် အဆင့်သို့ အချိန်မရွေး တက်ရောက်နိုင်သည် အထိပင် နီးကပ်နေခဲ့ပြီဖြစ်သည်။ သို့သော် ... မျိုးနွယ်စုကို ကာကွယ်ရန် ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ရမည် ဟူသည့် ဆန္ဒကို သူ့မျှော်လင့်ချက် များထဲတွင် ဆက်လက်၍ ရှာမတွေ့ခဲ့တော့ပေ။
သူ၏ ဝမ်းနည်းပူဆွေးမှုသည် သူ့ခန္ဓာကိုယ်မှပင် ထွက်ပေါ် လာခဲ့သည့်အတွက် လူများကို မယုံနိုင်ဖွယ် စိတ်ဓာတ်ကျနေသည့် အခြေအနေတစ်ခုသို့ ကျရောက်သွားစေပြီး ဧရိယာ တစ်ဝိုက်မှ ဆူညံနေမှုများ တိတ်ဆိတ် သွားခဲ့သည်။
စုမင် လျှောက်လှမ်းနေစဉ် သူ၏သွေးကြောများ နောက်တစ်ကြိမ် တိုးပွားခဲ့ပြန်သည်။ ယခုတော့ သူ့တွင် သွေးကြော ၉၈၄ ကြော ရှိနေခဲ့ပြီဖြစ်သည်။
သွေးကြောများ၏ တည်ရှိမှုကြောင့် စုမင်၏ အရေပြား တစ်လက်မစီတိုင်းကို သွေးကြောများက သိမ်းပိုက်ထားခဲ့ပြီး စုမင်အား သွေးကြောများဖြင့် သိပ်သည်းစွာ ဖုံးအုပ်ခံထားရစေသည်။
ကောင်းကင်သည် တုန်ခါသွားပြီး၊ မိုးခြိမ်းသံများ မြည်ဟည်း သွားသည်။ လျှပ်စီးတန်း တို့သည်လည်း တဝင်းဝင်း တောက်ပနေကြသည်။ ကောင်ကင်အား ဖုံးလွှမ်းထားခဲ့သည့် မြူခိုးတို့သည် စုဝေးသွားခဲ့ပြီး ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု ပုံရိပ်ကြီး ပေါ်လာခဲ့သည်။
ရုပ်တုပုံရိပ်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ့စွမ်းအားက လူတိုင်းအပေါ် ကျရောက်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် သက်ရှိများ အားလုံးသည် သူတို့နှလုံးသားမှ ဝိညာဉ်ထိအောင်ပင် တုန်လှုပ်သွားခဲ့သည်ဟု ခံစားလိုက်ရသည်။
စုမင် ဆက်လက် လျှောက်လှမ်းနေခဲ့ရင်း မဟူရာတောင်မျိုးနွယ်စု အကြီးအကဲ၏ ရုပ်ပုံက သူ့စိတ်အတွင်း ပေါ်ပေါက်နေခဲ့သည်။ သူသည် စုမင် တွေ့ဖူးသည့် ဒုတိယမြောက် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် ဖြစ်သည်။ ပိထူသည် ကျင်းနန်ထက် ပိုမို အားကောင်းသည်ဟုပင် စုမင် ခံစားမိသည်။
ပိထူ၏ခွန်အားသည် ရုပ်နယ်လွန်အဆင့် သူ၏စွမ်းအားထံမှ လာခြင်းဖြစ်သည်။ သူ အသုံးပြုခဲ့သည့် ထူဆန်းသော မာန်ပညာရပ်များနှင့် သူတို့ကြားမှ ပြင်းထန်သော တိုက်ပွဲများအတွင်း စုမင် ကူကယ်ရာမဲ့စွာ အကြိမ်ကြိမ် ခံစားခဲ့ရပြီး ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်လိုသည့် သူ၏ဆန္ဒက ပိုမို တိုးပွားခဲ့ရသည်။
ပေါက်ကွဲသံများ စုမင်ထံမှ ထွက်ပေါ်လာခဲ့ပြီး ၉၈၅ ခုမြောက် သွေးကြော ထွက်ပေါ်လာခဲ့သည်။ ထိုတုန်လှုပ်ဖွယ် အမြန်နှုန်းသည် မြင်နေရသူ အားလုံးကို မယုံကြည်မှုများ ဖြစ်ပွားသွားစေသည်။ ဟန်ဖေးကျစ် အပါအဝင် နန်ထျန်းနှင့် အခြားလူများသည်ပင် သူတို့မျက်လုံးများ အတွင်းမှ ထိတ်လန့် တုန်လှုပ်မှုတို့ကို ဖုံးကွယ်ထားရန် ခက်ခဲနေခဲ့ ကြသည်။
ဤလများအတွင်း အဘယ်ကြောင့် စုမင် ရုပ်နယ်လွန်အဆင့် မတက်ရောက်ခဲ့ရခြင်းကို သူတို့ ရုတ်တရက် ဆိုသလိုပင် နောက်တစ်ကြိမ် နားလည် သွားခဲ့ပြန်သည်။ သူ့တွင် ရှိနေခဲ့သည့် သွေးကြော အရေအတွက်ဖြင့် သူကျေနပ်မနေနိုင်ခဲ့၍ ဖြစ်သည်။ သူက ... ပိုမိုလိုချင်နေခဲ့သည်။
သွေးကြော ၉၈၅ ကြောဖြင့် ဆိုလျှင် သူ့ကိုယ်သူ ကြီးမြတ်သော ရုပ်နယ်လွန်အဆင့် ရောက်ရှိသူဟု ပြောဆိုနိုင်ပြီ ဖြစ်သည်။ သို့သော် ကြီးမြတ်သော ပြည့်စုံဆင့်သို့ ရောက်ရှိခဲ့ချိန်မှ စ၍ သွေးကြောတစ်ကြော ပိုတိုးလာတိုင်းတွင် သူရုပ်နယ်လွန် အဆင့်သို့ တက်ရောက်နိုင်မည့် အချိန်တွင် ရရှိမည့် ခွန်အားသည်လည်း ပိုမိုတိုးများ လာသည်ပင် ဖြစ်သည်။
သူနှင့် ရုပ်နယ်လွန် အဆင့်လူများ ကြားထဲမှ ကွာခြားချက်သည် အလွန်ကြီးမားသည်။
စုမင် ရှေ့သို့ တိတ်ဆိတ်စွာ လျှောက်လှမ်းခဲ့သည်။ သူ ဟန်တောင်တန်း မြို့တော်သို့ ပထမဆုံးအကြိမ် စတင် ရောက်ရှိခဲ့သည့် အခိုက်အတန့်နှင့် ဟယ်ဖုန်း၊ ဟန်ဖေးကျစ်တို့ကို ပထမဆုံးအကြိမ် မြင်ခဲ့ရသည့် အချိန်တို့ကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထိုအချိန်က သူသည် နောင်တစ်ချိန်တွင် ဟယ်ဖုန်း၏ သခင်ဖြစ်လာလိမ့်မည်၊ ဟန်ဖေးကျစ်နှင့် ပြောဆိုဆက်ဆံ ရလိမ့်မည်ဟု သူလုံးဝမျှော်လင့်ထားခြင်း မရှိခဲ့ပေ။
“အကြီးအကဲ သိလား။ အကြီးအကဲရဲ့ လာစုလေးက ရုပ်နယ်လွန် အဆင့်ကို တက်ရောက်တော့မယ် ... သူက သူ့ကိုယ်ပိုင် မာန်အမှတ်အသားကို ရေးဆွဲတော့မယ်တဲ့လေ။ ကျွန်တော့ရဲ့ မာန်အမှတ်အသားက ဘယ်လိုပုံမျိုး ဖြစ်နေမှာလဲ …”
စုမင် ရေရွတ်လိုက်ရင်း နောက်တစ်လှမ်း လှမ်းလိုက်ချိန်တွင် အခြားသွေးကြော တစ်ခုသည် သူ့အရေပြားပေါ်တွင် ပေါ်ထွက် လာခဲ့သည်။
၉၈၆ ခုမြောက် သွေးကြော …
ထိုအချိန်တွင် သံကြိုး၏ နဝမမြောက် အပိုင်း တော်တော်များများကို စုမင် လျှောက်လှမ်းခဲ့ပြီးပြီ ဖြစ်သည်။ သူနှင့် ပုချန့်တောင်ကြားတွင် ပေ ၁၀၀၀ ပင် မဝေးတော့ချေ။ တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့သူတို့၏ မျက်နှာများကို စုမင်ရှင်းလင်းစွာ မြင်နေရရုံ သာမက ပုချန့်မျိုးနွယ်စု အကြီးအကဲနှင့် အခြားလူများသည်လည်း စုမင်၏ ဝတ်ရုံများကို ရှင်းလင်းစွာ မြင်နေရချေသည်။
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် ရိုသေလေးစားစွာဖြင့် ခေါင်းကို ငုံ့ထားလိုက်သည်။
သူ့ဘေးမှ မျိုးနွယ်စု ခေါင်းဆောင်သည်လည်း ခေါင်းကိုငုံ့လျက် စုမင် ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်သည် သွေးရောင်အလင်းဖြင့် နီရဲတောက်ပနေခဲ့ပြီး မိုးခြိမ်းသံများလည်း မြည်ဟည်း နေကြသည်။ ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုသည်လည်း ဖြည်းညင်းစွာ အကောင်အထည် ပေါ်လာနေခဲ့သည်။
နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည့် စွမ်းအားသည်လည်း ပိုမိုသန်မာ လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အရောင်စုံရေကန် မျိုးနွယ်စုထံမှ တောက်ပသည့် အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းသည် အဖြူရောင် ဖြစ်သည်။ သာမန်အချိန်များ ဆိုလျှင်တော့ ၎င်းသည် နေ့အလင်းရောင် ကဲ့သို့ပင် ဖြစ်၍ အာရုံစိုက်ခံရမည် မဟုတ်သော်လည်း ယခုလို လေကတစ်ခွင် အနီရောင်များ ထွန်းလင်းတောက်ပ နေခဲ့ချိန်တွင်တော့ ထိုအဖြူရောင်အလင်း ထွက်ပေါ်လာသည့်အခါ ချက်ချင်းဆိုသလို သိသာထင်ရှား သွားခဲ့ရသည်။
ထိုအလင်းသည် လူအများ၏ အာရုံကို ဆွဲဆောင် သွားခဲ့သည်။ သို့သော် လက်တစ်ဆုပ်စာ လူတို့သာ ထိုအလင်းရောင်၏ အရင်းအမြစ်ကို သိကြသည်။
“တည်နေရာ ပြောင်းရွှေ့ခြင်းလား”
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲတစ်ယောက် အံ့အားသင့် သွားမိသည်။ မျိုးနွယ်စုခေါင်းဆောင်ကို လှမ်းကြည့်လိုက်ချိန်တွင် သူတို့မျက်လုံးများ အတွင်းမှ မသေချာ မရေရာမှုတို့ကို အချင်းချင်း ပြန်မြင်လိုက်ကြရသည်။
ပုချန်မျိုးနွယ်စု သည်လည်း အလားတူ မသေချာမရေရာ ဖြစ်သွားခဲ့သည်။ အရောင်စုံရေကန် မျိုးနွယ်စုသည်လည်း အလားတူ မသေချာစွာ ခံစားလိုက်ရသည်။ အဘွားအိုသည် ခေါင်းကို ဖြည်းညင်းစွာ လှည့်လိုက်ပြီး အလင်းရောင် တောက်ပစွာ ထွက်ပေါ်လာသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။ ၎င်းသည် အရောင်စုံရေကန် မျိုးနွယ်စု တောင်၏ တောင်ထိပ် အလယ်ဗဟိုမှ ဖြစ်သည်။ ထိုနေရာရှိမြေပြင်တွင် ဧရာမရုပ်ပုံကြီး တစ်ခုကို ထွင်းထုထားချေသည်။
“အကြီးအကဲ၊ ဒါက ... ဒီ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အေးခဲကောင်းကင် ကလန်ကပဲ အသုံးပြုနိုင်တာ ... အဲဒါများ ဖြစ်နေမလား …”
ယန်လွမ် အဘွားအိုကို ကြည့်လိုက်သည်။
အဘွားအိုသည် ခဏတာ တိတ်ဆိတ်နေခဲ့ပြီးနောက်မှ ခေါင်းညိတ် ပြလိုက်သည်။
မည်သို့ပင်ဆိုစေ ထိုအခိုက်အတန့်တွင် တည်နေရာ ရွှေ့ပြောင်းခြင်း အလင်းသည် ပေါ်ထွက် လာခဲ့သော်လည်း ကောင်းကင်တွင် ပုံပေါ်လာခဲ့သည့် ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုထံမှ ဖိနှိပ်နိုင်သည့် စွမ်းအားကြောင့် အလင်း အပိုင်းအစများအဖြစ် ချက်ချင်း ဖြိုခွဲခံလိုက်ရလေပြီး ထို အပိုင်းအစတို့သည် အဝေးသို့ ပြန့်ကျဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟန်တောင်တန်းမြို့တော်မှ လီ ၁၀၀၀၀ အဝေးရှိ ဝေးလံခေါင်သီသည့် တောင်တန်းတစ်ခု၏ အထက်ကောင်းကင်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးတစ်ခု မြည်ဟည်း သွားခဲ့သည်။ အဖြူရောင် အလင်းသည် နေရာအနှံ့မှ ထွက်ပေါ်လာပြီး ရှုပ်ထွေးသည့် ရုပ်ပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ပေါက်ကွဲ ထွက်သွားခဲ့သည်။ လူသုံးဦးသည် ညစ်ပေရှုပ်ပွနေသည့် အသွင်ဖြင့် အဖြူရောင် အလင်းအတွင်းမှ ထွက်လာခဲ့၏။
“ဟန်တောင်တန်း မြို့တော်မှာ ဘာဖြစ်နေတာလဲ။ တည်နေရာ ရွှေ့ပြောင်းခြင်း စွမ်းအားကို ဝင်နှောင့်ယှက်နေတဲ့ တစ်စုံတစ်ရာ ရှိနေတယ်။ ဒါကြောင့် ငါတို့ကို ဒီနေရာကိုပဲ ရွှေ့ပြောင်း ပေးလိုက်နိုင်ခဲ့တာ”
လူသုံးဦးအတွင်းမှ ခေါင်းဆောင်သည် အဖြူရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ဦး ဖြစ်သည်။ သူ့မျက်လုံးများသည်တော့ လူတစ်ဦးကို ကြောက်လန့်စေနိုင်သည့် စွမ်းအားတို့ဖြင့် တောက်ပနေခဲ့သည်။ ထိုအချိန်တွင်တော့ သူသည် ဟန်တောင်တန်း မြို့တော်ဆီသို့ မျက်မှောင်ကြုတ်လျက် ငေးကြည့်နေခဲ့သည်။
သူ့ဘေးမှ လူနှစ်ဦးသည်တော့ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့ပင် ဖြစ်သည်။ နှစ်ဦးလုံးသည် အသက်သုံးဆယ် အရွယ်များ ဖြစ်သည်။ သူတို့သည် အလွန်ချောမော လှပသည့်အပြင် ရုပ်နယ်လွန်အဆင့်မှ မာန်စွမ်းအားရှင် များလည်း ဖြစ်သည်။
ငယ်ရွယ်သည့် အမျိုးသားက စကားပြောလိုက်ခြင်း ဖြစ်သည်။