ကျားလှောင်အိမ်ဂြိုဟ်ရှိ သဘောတူညီချက်
Vol. 95 Ch. 1324
သတ္တမတောင်ပင်လယ်တွင် ကျင့်ကြံသူများ စိတ်ဓာတ်အားမာန်တက်ကြွလာသည်နှင့်အညီ သူတို့၏အသက်မဲ့နေသောမျက်လုံးများသည် လင်းလက်တောက်ပလာကြ၏။
တိုက်ကွက်လေးတစ်ကွက်တည်းနှင့် အပြင်သူပေါင်းများစွာအား သတ်ဖြတ်ခဲ့သော မန်ဟို၏ပုံရိပ်ကို သူတို့ ရုတ်တရက် ပြန်လည်မြင်ယောင်လာ၏။ ထိုမြင်ကွင်းနှင့် ယခုလေးတင် ပြောခဲ့သည့် သူ၏စကားတို့ ပေါင်းစည်းသွားသောအခါ သူတို့စိတ်နှလုံးထဲ၌ ဘွဲ့ထူးတစ်ခု ပေါ်ပေါက်လာသည်။
တာအိုဥသျှောင်
မန်ဟို လုပ်ခဲ့သည့်အရာနှင့် သူ ပြောခဲ့သည့်စကားများက တိုက်ပွဲတွင် သူ မည်မျှသန်မာကြောင်း ဤကျင့်ကြံသူများအတွက် ထင်ရှားသွားစေသည်။ ထိုကဲ့သို့ အတိုက်အခိုက်စွမ်းရည်သည်တောင်ပင်လယ်လောက၏ စစ်ပွဲတွင် အလွန်အရေးပါလိမ့်မည်။
ဤကျင့်ကြံသူများ နားမလည်သည့်အကြောင်းအရာများစွာ ရှိသလို၊ ကောင်းကင်ဘုံ ၃၃ ဘုံ၏ ကြောက်မက်ဖွယ်အင်အားမှာလည်း သူတို့ စဉ်းပင်မစဉ်းစားချင်သည့် အရာဖြစ်သည်။ သူတို့မှာ မျှော်လင့်ချက်လေး ကောက်ရိုးမျှင်မျှသာ ရှိလျှင်တောင်မှ အမိအရဖမ်းဆုပ်ကြမည်အထိ စိတ်ပျက်လက်မှိုင်ကြခဲ့ရသည်။
ဤအခိုက်အတန့်တွင် မျှော်လင့်ချက်ရောင်ခြည်သည် သူတို့၏မျက်ဝန်းများ၌ တောက်လောင်နေလေပြီ။ သူတို့အတွက် မန်ဟို့လို ကျင့်ကြံသူတစ်ယောက်သည် တောင်ပင်လယ်လောက၏ အင်အားကို ကိုယ်စားပြု၍ သူက မျှော်လင့်ချက်မမဲ့သေးသည့်အပြင် ယုံကြည်ချက်လည်း ရှိသေးကြောင်း ပြောလျှင် သူတို့ သူ့ကို ယုံသည်။
“ဒီစစ်ကို စခဲ့တာ ငါတို့ တောင်ပင်လယ်လောကသားတွေပဲ” မန်ဟိုက ဆက်ပြောသည်။ “ဒါကြောင့် ... ဒါဟာ ကောင်းကင်ဘုံ ၃၃ ဘုံကနေ ငါတို့ကို တိုက်ခိုက်နေတဲ့ စစ်မဟုတ်ဘူး။ ငါတို့က ... ကောင်းကင်ဘုံ ၃၃ ဘုံကို စစ်ပြိုင်နေတာ
“ငါတို့တောင်ပင်လယ်လောကသားကျင့်ကြံသူတွေ ကြယ်တာရာကောင်းကင်အစစ်ကို မော့ကြည့်နိုင်အောင် အဲဒီကောင်းကင်ဘုံ ၃၃ ဘုံကို ဖျက်စီးပစ်ကြစို့” မန်ဟို စကားပြောနေစဉ် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ မျက်ဝန်းများသည် ပိုမိုတောက်ပလာ၏။
သို့သော် စကားသက်သက်နှင့်တင် မလုံလောက်ပေ။ မန်ဟိုသည် သူ့ပတ်ပတ်လည်ရှိ လူအုပ်ကြီးကို ကြည့်လိုက်စဉ် တစ်စုံတစ်ခုကို နားလည်သွား၏။
သူ ယခုမြင်နေရသောအရာမှာ ... ဤနေရာ၌သာ ကွက်ဖြစ်နေသည့် မတော်တဆမှုမဟုတ်ပေ။ မည်သည့်တောင်ပင်လယ်သို့သွားသွား တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ စိတ်ထဲ၊ နှလုံးသားထဲ၌ လူးလာဖြတ်ပြေးနေသော စိတ်ပျက်အားငယ်မှုကို သေချာပေါက် မြင်တွေ့ရလိမ့်မည်။
တစ်နေရာနှင့်တစ်နေရာ စိတ်ပျက်အားငယ်မှုအတိုင်းအတာက ကွဲပြားကောင်းကွဲပြားလိမ့်မည်။ လူတချို့သည် စိတ်ပျက်အားငယ်မှုကို ဖိနှိပ်၍ အသတ်အဖြတ်စိတ်ဆန္ဒအဖြစ် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မည်။ သို့သော် တချို့ကတော့ သေချာပေါက် ကြောက်လန့်တုန်ရီပြီး တိုက်ခိုက်လိုစိတ်တို့ ပျောက်ဆုံးကုန်လိမ့်မည်။ ထိုသို့သာဖြစ်လျှင် ... စစ်ကို အောင်နိုင်ဖို့ကား .... မျှော်လင့်ချက်မဲ့ရတော့မည်။
ဤစစ်ပွဲ မည်မျှခက်ခဲမည်ဖြစ်ကြောင်း နားလည်သဖြင့် ရိုးရှင်းသောအမှန်တရားလေးတစ်ခုကိုလည်း သူ သဘောပေါက်သွားသည်။ စစ်ပွဲသည် ... သူရဲကောင်းများကို လိုအပ်သလို၊ တစ်ချိန်တည်းမှာပင် မလိုအပ်ပေ။
သူရဲကောင်းများကို လိုအပ်သည့် အကြောင်းရင်းက သူတို့က သူတို့သွေးသောက်ရဲဘော်များ၏ စိတ်ဓာတ်အားမာန်ကို လှုံ့ဆော်ပေးနိုင်သည့်အတွက်ပင်။
တစ်ဆက်တည်းမှာပင် သူရဲကောင်းများကို မလိုအပ်သည့် အကြောင်းရင်းမှာတော့ ... လူတစ်ယောက်တည်းနှင့် စစ်ပွဲ၏အနိုင်ကို ဘယ်တော့မှ မဆုံးဖြတ်နိုင်၍ဖြစ်သည်။ ထိုတစ်ယောက်သည် ပါရာဂွန်ကိုးတံဆိပ်ကဲ့သို့ပင် အစွမ်းထက်နေစေကာမူ ဆုံးဖြတ်မပေးနိုင်ပေ ... လူတွေကို ကယ်တင်နိုင်သော်လည်း လောကကိုတော့ ဆုံးရှုံးရမည်။
စစ်ပွဲသည် စည်းလုံးမှုကို လိုအပ်သည်။ လူအချင်းချင်း ညီညွတ်မှ ဖြစ်မည်။
စည်းလုံးညီညွတ်မှသာ တောင်ပင်လယ်သားကျင့်ကြံသူများ ဦးပြန်မော့နိုင်မည်။ ပြင်းပြသော စိတ်ဓာတ်အားမာန်နှင့်သာ ... သူတို့သည် အဆိုးမြင်စိတ်အားလုံးကို တိုက်ဖျက်၍ ကောင်းကင်ဘုံ ၃၃ ဘုံနှင့် သူသေကိုယ်သေ တိုက်ခိုက်ရဲမည့် ဇွဲရှိလာမည်။ ခံနိုင်ရည်ရှိလာမည်။
“ငါ တစ်ခုခုတော့ လုပ်ရမယ်...” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ များသောအားဖြင့် သူသည် သူ့ကိုယ်သူ တောင်ပင်လယ်လောကသခင်ဟု မတွေးခဲ့ပေ။ ယင်းက လက်ရှိအချိန်မဟုတ်ဘဲ နောက်မှ ဖြစ်လာမည့်အရာ မဟုတ်ပါလော။
“အဲဒီစိတ်က မှားနေခဲ့တယ်ထင်တယ်” သူက တွေးသည်။ “အနာဂတ်ဆိုတာ မရှိတော့ရင် ... တောင်ပင်လယ်လောကသခင်လည်း ရှိတော့မှာမဟုတ်ဘူး...” ကြယ်တာရာကောင်းကင်ထက်ရှိ ကောင်းကင်ဘုံ (၁) ကို မော့ကြည့်လိုက်စဉ် မန်ဟို့မျက်လုံးများ တောက်ပလာသည်။ ယခုလေးတင် သူ တွေးခဲ့မိသည့် အရူးစိတ်ကူးမှာ ပိုမိုပြင်းထန်လာနေ၏။ သူက အသက်ပြင်းပြင်းရှူသွင်းရင်း သူ့စိတ်သူ ခဏထိန်းလိုက်သည်။
ထို့နောက် သူသည် ယွီဝမ်ကျန်းနှင့်အတူ ကျားလှောင်အိမ်ဂြိုဟ်တစ်လျှောက် ဖြတ်သန်းသွား၏။
သူ့အနောက်ရှိ ကျင့်ကြံသူများမှာ အားတက်လာခဲ့ကြပုံပေါ်သည်။ မန်ဟို ထွက်ခွာသွားသည်ကို ကြည့်နေစဉ် သူတို့နှလုံးသားထဲ၌ မီးစလေးများ ပေါ်လာပြီး ဖြေးဖြေးမှန်မှန် တောက်လောင်စပြုလာလေပြီ။
ထိုမီးစများ ပို၍ပူပြင်းတောက်လောင်လာပါက ဘာဖြစ်မည်လဲ စိတ်ကူးကြည့်နိုင်သည်။ ဤကျင့်ကြံသူများ၏ နှလုံးသားများ တဟုန်းဟုန်းတောက်လာပြီး နောက်ဆုံး၌ တောင်ပင်လယ်လောကတစ်ခွင် ကူးစက်သွားလိမ့်မည်။ အဆုံးသတ်တွင် ထိုမီးတောက်များ၏ မီးလောင်တိုက်သွင်းခံရသူက သူတို့ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် ရန်သူများဖြစ်လာလိမ့်မည်။
အက်ကြောင်းများ၊ ချောက်များက ကျားလှောင်အိမ်ဂြိုဟ်၏ မျက်နှာပြင်ကို ဖုံးလွှမ်းထားသည်... မြေပြင်အားလုံးမှာ အချိန်နှင့်အမျှ ကြီးမားပြန့်ကားလာနေသော ပက်ကြားအက်များဖြင့် လွှမ်းခြုံခံထားရသည်။ ဤအခိုက်တန့်တွင် ဂြိုဟ်မှာ ပြိုကွဲသွားဖို့ တဲတဲလေးသာ လိုတော့သယောင်ပင်။
တောင်ပင်လယ်လောက၏ စစ်ဒဏ်ကို ဆဋ္ဌမနှင့် သတ္တမတောင်ပင်လယ်က ခါးဆီးခံနေပုံရသည်။ မန်ဟို ကျားလှောင်အိမ်ဂြိုဟ်ကို လှည့်ပတ်ကြည့်နေစဉ် သူ၏မျက်လုံးများသည် သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။
ထိုမျှသာမက သခင်အဖြူကို သတ်ခဲ့ပြီးသည့်တိုင် သူ့အမျက်က မပြေသေးပေ။
“အခု ငါ တွေးကြည့်တော့မှ တောင်ပင်လယ်သခင်တွေအကြားမှာ သစ္စာဖောက်နောက်တစ်ယောက် ရှိနေသေးတဲ့ပုံပဲ” သူက တွေးပြီး အဝေးသို့ အေးစက်စွာ လှမ်းကြည့်နေပြီးနောက် ယွီဝမ်ကျန်းဘက် လှည့်ကြည့်သည်။
“ညီနောင်ယွီဝမ် လေဟုန်ခွင်းလောကမှာတုန်းက သတ္တမတောင်ပင်လယ်မှာ ... နတ်ဘုရားသွေးရှိတဲ့အကြောင်း မင်း ပြောခဲ့ဖူးသလားလို့” မန်ဟိုမှာ ဖြတ်သွားရုံသာ စီစဉ်ထားသော်လည်း သူ့အတွက် အရေးပါသည့်အရာတချို့ ဤနေရာတွင် ရှိနေသေးသည်။
နတ်ဘုရားသွေးသည် အပြင်အားကိုယ်အဆင့်မြှင့်ဖို့အတွက် အတိုင်းအတာတစ်ခုအထိ အရေးပါသည်။ မကြာသေးမီက အဆင့်တက်မှုများပြီးနောက် သူ၏လက်ရှိအပြင်အားကိုယ်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာခဲ့သည်။ ၎င်းသာ အဆင့်တက်နိုင်လျှင် သူ တည်ဆောက်ခဲ့သော အခြေခံအုတ်အမြစ်အရ မယုံကြည်လောက်အောင် တိုးတက်သွားပြီး တာအိုဥသျှောင်အဆင့်သို့ ချက်ချင်း ရောက်ရှိလိမ့်မည်။
ထိုအခါ သူ၏လက်ရှိကျင့်ကြံအဆင့်နှင့် ကြောက်မက်ဖွယ်နတ်ဘုရားအာရုံကို ထည့်တွက်လျှင် ... သူသည် တာအိုဥသျှောင်အဆင့်စွမ်းအားကို အမှန်တကယ် ကိုင်စွဲနိုင်မည်။
သခင်အဖြူထံမှ မြစိမ်းဧကရာဇ်၏ ထာဝရဂါထာကို ရရှိပြီးနောက် သူသည် ထာဝရအလွှာဖြင့် တော်တော်လေး ခံနိုင်ရည်ရှိလာ၏။ သို့ထိတိုင် ရှေးဟောင်းဝိညာဉ်မီးအိမ်ငြှိမ်းခြင်း၏ ပျက်စီးခြင်းခုနစ်မျိုးအနက်မှ ဒုတိယအမျိုးအစားဖြစ်သော အသွေးအသားပျက်စီးခြင်းကို မရင်ဆိုင်ခင် သူ့အပြင်အားကိုယ်အနေဖြင့် သန်မာလာဖို့ လိုသေးကြောင်း သူ ပြောနိုင်သည်။
သူ့အကြံရခဲ့သည့် အရူးစိတ်ကူးအတွက် သူ့၌ တာအိုဥသျှောင်အဆင့် အတိုက်အခိုက်စွမ်းရည် ပိုင်ဆိုင်ထားဖို့ လိုအပ်သည်။ သို့မှသာ ထိုစိတ်ကူးကို အကောင်အထည်ဖော်ဖို့ သူ ယုံကြည်ချက်ရှိမည်။
“ရှိတာပေါ့” ယွီဝမ်ကျန်းက ပြန်ဖြေသည်။ “အဲဒါက နတ်ဘုရားသင်္ချိုင်းလျှိုမှာ ရှိတာ။ ဒါပေမဲ့ အပြင်သူတွေ သိမ်းပိုက်ထားပြီးသွားပြီ....
“ညီနောင်မန် မင်းသွားချင်ရင်တော့ ငါ ခေါ်သွားပေးနိုင်တယ်” ယွီဝမ်ကျန်း၏ မျက်လုံးများက လင်းလက်နေသည်။
“အခုမဟုတ်သေးဘူး” မန်ဟိုက လေသံအေးအေးဖြင့် ပြန်ဖြေသည်။ “ဒီဂြိုဟ်ပေါ်မှာ ငါ မဖြေရှင်းရသေးတဲ့ ကံကြွေးတချို့ရှိတယ်။ ညီနောင်မန် ငါ လုပ်စရာရှိလို့ ခဏစောင့်ပေးပါဦး” ထို့နောက် မန်ဟိုသည် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။
“ငါတို့နှစ်ယောက်လုံးက အက်ရှလွန်တွေ” သူက တွေးသည်။ “ဒါပေမဲ့ မန်ဟိုက လူတိုင်း သူ့ကို မော်ကြည့်ရတဲ့အဆင့်အထိ ရောက်နေခဲ့ပြီ။ ဒါပေမဲ့ ငါကတော့ .... အခုထိ ရှေးဟောင်းနယ်ပယ်အဆင့်ကနေ မတက်သေးဘူး။ ဒီစစ်ပွဲ ဘယ်လောက်ကြာမလဲ ပြောရခက်တယ်။ ငါ တာအိုနယ်ပယ်ကို တက်မှဖြစ်မယ်” ယွီဝမ်ကျန်း၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်မှုဖြင့် တောက်ပလာ၏။
မန်ဟိုသည် ကျားလှောင်အိမ်ဂြိုဟ်၏မြေပြင်များတစ်လျှောက် ပျံသန်းနေစဉ် သူ့ကိုယ်အတွင်းမှ ဖြာထွက်နေသော အရှိန်အဝါတစ်ခုကို ခံစားနေရသည်။ ၎င်းက သူ့ကျင့်ကြံခြင်းအခြေခံ၏ အတွင်းအနက်ပိုင်းထဲရှိ အဖြူရောင်စိန်ပုံသဏ္ဍာန်အရာဝတ္ထုတစ်ခုမှ လာနေသည်။
“ကျားလှောင်အိမ်ဂြိုဟ် ချုံမန်းတိုင်...” မန်ဟိုက ခပ်တိုးတိုး ရေရွတ်သည်။ သူ တောင်ကောင်းကင်ဂြိုဟ်တွင် ရှိတုန်းက ကောင်းကင်မှ ပြုတ်ကျလာခဲ့သော အင်မော်တယ်၏အလောင်းကို သူ ဘယ်တော့မှ မမေ့ခဲ့ပေ။ ထိုအင်မော်တယ်ကား ချုံမန်းတိုင်မှတစ်ပါး အခြားမဟုတ်။ သူ၏အမွေအနှစ်ကို ကျားလှောင်အိမ်ဂြိုဟ်သို့ ပြန်ပို့ပေးမည်ဟု မန်ဟို သဘောတူခဲ့၏။
ထိုအချိန်က ချုံမန်းတိုင် ပေးခဲ့သော လက်ဆောင်သည် အဖိုးထိုက်ရတနာတစ်ပါးလို ဖြစ်ခဲ့၏။ ယခုတော့ သိပ်မပြောပလောက်ပေ။ သို့သော် ချုံမန်းတိုင်သည် ကျားလှောင်အိမ်ဂြိုဟ်ပေါ်ရှိ သူ့အိမ်သို့ သူ့အမွေအနှစ်ကို ပြန်ထားပေးခြင်းဖြင့် မန်ဟို ကံကြမ္မာကောင်းတချို့ ရရှိနိုင်သည်ဟု ပြောခဲ့၏။
မှန်သည်၊ မန်ဟိုက ထိုကိစ္စကို သိပ်အာရုံမရှိပေ။ လက်ရှိအချိန်တွင် သူ့ကို အထောက်အကူများစွာပေးနိုင်သည့် ကံကြမ္မာကောင်းသိပ်မရှိသည်မဟုတ်ပါလော။ ထိုစဉ်တုန်းက ချုံမန်းတိုင်၏ကျင့်ကြံခြင်းအရဆိုလျှင် သူ့အနေဖြင့် မန်ဟို့အတွက် အသုံးတည့်မည့်အရာများကို မချီးမြှင့်နိုင်တော့ပေ။
မန်ဟိုသည် ကံကြမ္မာကောင်းရလိုရငြား လာခဲ့ခြင်းမဟုတ်၊ ကတိတည်ရန်အတွက်သာ လာခဲ့ခြင်းဖြစ်၏။
တရိပ်ရိပ် ဆက်သွားနေစဉ် သူက သူ့ကိုယ်ထဲရှိ စိန်၏အငွေ့အသက်များကို အာရုံစိုက်ထားသည်။ မကြာမီ အရှေ့၌ တောင်တစ်လုံး ပေါ်လာသည်....
တောင်သည် အက်ကွဲပျက်စီးနေသော်လည်း အပြီးတိုင်မပြိုကျသေးပေ။ မန်ဟို ၎င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ စွန့်ပစ်ခံထားရသော ကျင့်ကြံခြင်းဂူတစ်ဂူကို တွေ့လိုက်ရသည်။ ကျင့်ကြံဂူအတွင်းရှိ အရာအားလုံး ဖုန်အလိမ်းလိမ်းတက်နေသော်လည်း အတွင်းထဲတွင် မန္တန်ဝင်္ကပါတစ်ခု ရှိနေသည်။ မန္တန်ဝင်္ကပါ၏အလယ်တည့်တည့်တွင် လက်ဝါးအရွယ်ရှိ မှင်ရည်ကျောက်စိမ်းတိုင်တစ်တိုင် ရှိသည်။ ထိုတိုင်လေးပေါ်တွင် စိန်ပုံစံအံခွက်တစ်ခွက် ရှိသည်။
မန်ဟို အနားရောက်သွားလျှင်ချင်း သူ့ရင်ဘတ်သည် အရောင်အဝါတောက်ပလာပြီး ချုံမန်းတိုင် သူ့ကို ပေးအပ်ခဲ့သော စိန်ပုံသဏ္ဍာန်အမွေအနှစ်က ရုတ်တရက် ပျံထွက်သွားသည်။
၎င်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားရင်း တောင်နံရံရှိ အက်ကြောင်းများထဲမှတစ်ဆင့် ကျင့်ကြံခြင်းဂူထဲ ဝင်ရောက်သွား၏။ ထို့နောက် မန္တန်ဝင်္ကပါထံ နိမ့်ဆင်း၍ စိန်ပုံစံအံခွက်ထဲ ကျသွားသည်။
မန်ဟိုက အဖြူရောင်စိန်နောက် လိုက်မသွားဘဲ တောင်အပြင်တွင် ပျံဝဲရင်း စောင့်ကြည့်နေသည်။ တခဏကြာသော် သူ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ဒါက..” သူသည် ရှေ့တစ်လှမ်းလှမ်းပြီးနောက် တောင်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ နတ်ဘုရားအာရုံဖြင့် တောင်ကို စစ်ဆေးကြည့်ပြီးသည့်အခါ မူမမှန်သည့်အရာတစ်ခုမှ မရှိကြောင်း သူ အတည်ပြုနိုင်သွားသည်။ သူ့နတ်ဘုရားအာရုံအဆင့်အရ သူ့ထံမှ ပုန်းအောင်းနေနိုင်မည့် ဖြစ်တည်မှု ရှားလေသည်။ စောစောက သူ၏နတ်ဘုရားအာရုံသည် မန္တန်ဝင်္ကပါက အမွေအနှစ်ကို ဆက်ခံမည့် သင့်တော်သောတပည့်တစ်ဦးကို ရှာဖွေနေပုံရသော အငွေ့အသက်များ ထုတ်လွှတ်နေကြောင်း ဖော်ပြခဲ့၏။
သို့သော် ယခုတွင် စိန် အံခွက်ထဲ ကျသွားပြီးနောက် မန္တန်ဝင်္ကပါက ချက်ချင်း ပြောင်းလဲသွားသည်။ အမွေအနှစ်ကို အပ်နှင်းမည့်အစား ၎င်းက တစ်စုံတစ်ခုကို ဆင့်ခေါ်နေသယောင်ပင်။
မန်ဟိုသည် မန္တန်ဝင်္ကပါအပြင်တွင် ပျံဝဲရင်း မျက်မှောင်ကြုတ်နေ၏။ မန္တန်ဝင်္ကပါကို လေ့လာနေစဉ် ဆင့်ခေါ်နေသောစွမ်းအား၊ အပေါ်ရှိ ကောင်းကင်ဘုံ ၃၃ ဘုံကို ဂရုမစိုက်ဘဲ အမည်မသိနေရာတစ်ခုအထိ ဦးတည်နေသော တစ်စုံတစ်ခုကို သူ အာရုံရလိုက်သည်။
ဤသည်မှာ ယခုလို မန္တန်ဝင်္ကပါမျိုးကို မန်ဟို ပထမဆုံးမြင်ဖူးခြင်းဖြစ်သလို၊ ကောင်းကင်ဘုံ ၃၃ ဘုံ၏ ချုပ်နှောင်မှုကို ထိုးဖောက်နိုင်သော အရာတစ်ခုကိုလည်း ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ထိုစိန်ပုံစံအမွေအနှစ်က သူ့ကို နှစ်ပေါင်းများစွာ အားဖြည့်ပေးခဲ့ဖူးသည့်အတွက် ၎င်းတွင် သူ့အရှိန်အဝါအနည်းငယ်လည်း ပါရှိနေသည်။ ထိုမျှသာမက ထိုအရှိန်အဝါအနည်းငယ်သည် မန်ဟိုပင် နားမလည်သည့် နည်းလမ်းမျိုးဖြင့် ဆင့်ခေါ်စွမ်းအားကို ပြောင်းလဲပေးနေသယောင်ပင်။
“ဒါက အမွေအနှစ်မဟုတ်ဘူး... ချုံမန်းတိုင် ခင်ဗျားက ဘယ်သူလဲ” မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက အေးစက်စက် နှာမှုတ်လိုက်သည်။ လက်ရှိအဖြစ်အပျက်ကို မထင်မှတ်ထားသော်လည်း သူ့အနေဖြင့် မန္တန်ဝင်္ကပါကို စိတ်ရှိလျှင် ဖျက်စီးပစ်နိုင်သည်။ ၎င်းက သူ၏ကတိကို ဖျက်ရာရောက်နိုင်သော်လည်း လက်ရှိတောင်ပင်လယ်လောကမှာ မထင်မှတ်ထားသော အမည်မသိအန္တရာယ်ကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးပေ။
သူသည် ကတိတည်ဖို့ ၊ ချုံမန်းတိုင်ကို ကျေးဇူးပြန်ဆပ်ဖို့ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်၏။ သို့သော် ယခုတော့ သူ၏မျက်နှာထားက တင်းမာခက်ထန်နေသည်။ သူသည် တောင်ပင်လယ်လောကကို အန္တရာယ်ဖြစ်စေမည့် ဤမန္တန်ဝင်္ကပါကို ဖျက်စီးဖို့ ကံကြွေးတင်ခံပြီး သူ့ကတိသာ ဖျက်လိုက်မည်။
သူက သူ့လက်ကို ဆန့်ရင်း စွမ်းအားတို့ စုစည်းလိုက်သည်။ ၎င်း မန္တန်ဝင်္ကပါအပေါ် ကျရောက်တော့မည့်အချိန်မှာပင် အသံတစ်သံက မန်ဟို့စိတ်ထဲတွင် ရုတ်တရက် စကားပြောလိုက်လေသည်။
၎င်းက တောင်းဆိုနေသောအသံဖြစ်သည်။ အသံပိုင်ရှင်က ... ချုံမန်းတိုင်ပင်။
“ကျေးဇူးပြုပြီး ငါ့ကို မျှော်လင့်ချက်နည်းနည်းလောက် ထားခွင့်ပေးပါ... ကျေးဇူးပြုပြီး။ ငါ့မှာ မင်းကို ထိခိုက်လိုစိတ်လည်း မရှိသလို၊ တောင်ပင်လယ်လောကကိုလည်း အန္တရာယ်မပြုလိုပါဘူး။ ကျေးဇူးပြုပြီး ငါ့ကို ... မျှော်လင့်ခွင့်ပေးပါ
“ငါ အသက်ပြန်သွင်းပေးချင်တဲ့သူက ... သူက ငါ့သခင်ပဲ....
“လွန်ခဲ့တဲ့နှစ်တွေတုန်းက သူက ငါ့ကို ဘဝပြန်ဝင်စားခွင့်သံသရာထဲ စေလွှတ်ခဲ့တယ်။ ငါ အများမှအများကြီး ကြုံတွေ့ခဲ့ရတယ်။ နောက်ဆုံး ငါ အတိတ်ကို ပြန်မှတ်မိပြီး ငါ ဘယ်သူမှန်း သိသွားခဲ့တဲ့အခါ ... ငါ့သခင်ဟာ သူ့ဝိညာဉ်မီးကို ငြှိမ်းခဲ့ပြီးပြီးဆိုတာ သတိရခဲ့တာပဲ
“ငါ ငါ့သခင်ကို အသက်ပြန်သွင်းချင်တယ်။ အဲဒါက ငါ့ဘဝရဲ့ တစ်ခုတည်းသောရည်ရွယ်ချက်ပဲ။ ကျေးဇူးပြုပြီး ငါ့ကို မျှော်လင့်ချက်ထားခွင့်ပေးပါ။ မင်း ငါ့ကို ကူညီပေးမယ်ဆိုရင် .. ငါ ဒီတောင်ပင်လယ်စစ်ပွဲမှာ မင်းကို ကူညီပေးနိုင်တယ်”
ချုံမန်းတိုင် ဘာပြောပြော မန်ဟိုက မတုန်လှုပ်ပေ။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ဖြန့်ကျက်လိုက်ရာ ဆင့်ခေါ်ခြင်း နှောင့်ယှက်ခံလိုက်ရသဖြင့် မန္တန်ဝင်္ကပါသည် အက်ကွဲသံများကို ထုတ်လွှတ်စပြုလာ၏။ သို့သော် ထိုအခိုက်အတန့်တွင် ချုံမန်းတိုင် ပြောနိုင်သော စကားတစ်ခွန်းက မန်ဟို့ကို တုံ့ခနဲ ရပ်သွားစေသည်။
“ငါ ချုံမန်းတိုင် ငါ့အသက်နဲ့ ကျိန်ဆိုတယ်။ မင်း ဒီမန္တန်ဝင်္ကပါကို ဒီတိုင်းထားပေးရင် တောင်ပင်လယ်လောကအတွက် ငါ့အသက်ကို ပေးအပ်ပေးမယ်”
မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "ခင်ဗျား ကျုပ်ကို ဘယ်လို ကူညီမှာလဲ” သူက မေးသည်။
ချုံမန်းတိုင် ပြန်ဖြေသောအခါ သူအသံသည် ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်နေ၏။ “အနှစ်သာရ ၇ ခု ပါရာဂွန်ကို ချုပ်နှောင်ပြီး မင်းရဲ့ရုပ်သေးရုပ် လုပ်နိုင်အောင် ငါ ကူညီပေးနိုင်တယ်”
(Deadblade : ချုံမန်းတိုင် တစ်စုံတစ်ယောက်ကို ပြန်အသက်သွင်းပေးချင်တဲ့အကြောင်း ရွှေတုန်းလျှိုက အပိုင်း ၆၉၂ မှာ ဖော်ပြခဲ့ဖူးပါတယ်။ ပြီးတော့ ကောင်းကင်တံခါးကို ငါပိတ်မယ်ထဲက မဟုတ်တဲ့ အချက်အလက်တစ်ချို့လည်း ကျွန်တော် ပြောချင်တယ်။ Spoiler တော့ မဟုတ်ပေမယ့် တခြားစာအုပ်က အကြောင်းနည်းနည်းပါးပါးပေါ့။ ကောင်းကင်တံခါးကိုငါပိတ်မယ် စာအုပ်ထွက်တော့ အတော်များများက ချုံမန်းတိုင်ဟာ အမှန်တရားရှာပုံတော်ထဲက ဇာတ်ကောင်တစ်ယောက်လို့ သုံးသပ်ကြပါတယ်။ စိန်ပုံစံအမှတ်အသားတွေက အဲဒီစာအုပ်ရဲ့ ကျင့်စဉ်တွေမှာ အတော်လေးအရေးပါပါတယ် ဆိုတော့ သက်သေတစ်ခုပေါ့လေ။ သူက အမှန်တရားရှာပုံတော်ထဲက ဇာတ်ကောင်သာဆိုရင် သူ့သခင်ကလည်း အဲဒီစာအုပ်က ဖြစ်နိုင်ခြေများပါတယ်။ သူ့သခင်က စုမင်ဖြစ်တယ်လို့လည်း ခန့်မှန်းကြတယ်။ ဟုတ်ပါတယ် ဒါတွေက ဒီအခန်းမှာပါတဲ့ အချက်အလက်တွေအရ ခန့်မှန်းချက်တွေသက်သက်ပဲ ဖြစ်ပါတယ်ခင်ဗျာ)