← Chapters

မန်ဟို့နှလုံးသား.....

Vol. 95 Ch. 1325

မန်ဟို့နှလုံးသား.....

Vol. 95 Ch. 1325

မန်ဟိုမှာ အတော်လေး တုန်လှုပ်သွားမိသည်။ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်၍ တောင်ပင်လယ်လောကတွင် ခရီးနှင်နေသည့်အချိန်၌ပင် သူသည် ချုံမန်းတိုင် သူ့အား ကံကြမ္မာကောင်း ချီးမြှင့်ပေးခဲ့သည်ကို မမေ့ခဲ့သလို၊ ကျားလှောင်အိမ်ဂြိုဟ်နှင့်ပတ်သက်၍ သဘောတူထားသည်ကိုလည်း မမေ့ခဲ့ပေ။

ချုံမန်းတိုင်၏အမွေအနှစ်ကို ကျားလှောင်အိမ်ဂြိုဟ်သို့ ပြန်ပို့ဖို့ သူ အမြဲစိတ်ထဲထည့်ထားခဲ့သည်။ သို့သော် ထိုအမွေအနှစ်က တကယ်တော့ အတုကြီးဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ၎င်းက ပရိယာယ်တစ်ခု ဖြစ်ခဲ့လေသည်။

မန်ဟိုက တိတ်ဆိတ်စွာ ပျံဝဲနေသည်။ သူ့အနေဖြင့် အလှည့်စားခံနိုင်သည်။ သို့သော် ဤကဲ့သို့မန္တန်ဝင်္ကပါ၏ တည်ရှိမှုကိုသော်လည်းကောင်း၊ ၎င်း တောင်ပင်လယ်လောကကို အန္တရာယ်ပြုနိုင်ခြေကိုသော်လည်းကောင်း လက်မခံနိုင်ပေ။ သူသည် တောင်ပင်လယ်လောကအတွက် တာဝန်ရှိသလို၊ စစ်၏မာယာကိုလည်း သူ မျက်မြင်တွေ့ခဲ့ပြီးလေပြီ။ ထိုမျှသာမက ထိုစစ်ရေးစစ်ရာများက သူ့ကို ပြောင်းလဲစေခဲ့ပြီးပြီဖြစ်သည်။

သူကား အရွယ်ရောက်လာခဲ့ပြီးချေပြီ။

ထို့ကြောင့် ဤမန္တန်ဝင်္ကပါကို မြင်လျှင်ချင်း သူ၏ တုံ့ပြန်မှုမှာ ကတိဖျက်လျှင် ပြန်ခံစားရမည့် ကံကြွေးနှင့်ပတ်သက်၍ မစိုးရိမ်ဘဲ ၎င်းကို ဖျက်စီးဖို့ ဖြစ်သည်။

သို့သော် ... တစ်ချိန်တည်းမှာပင် ချုံမန်းတိုင်၏ စကားက သူ့ကို စိတ်လှုပ်ရှားစေခဲ့သည်။ အမှန်တွင် သူ့စိတ်သည် ချာချာလည်နေပြီး သူ့မျက်လုံးများသည် တောက်ပနေ၏။

“ငါ ချုံမန်းတိုင် ငါ့ဝိညာဉ်နဲ့ ကျိန်တယ်။ ငါ ပြောတဲ့စကားမှာ မုသားပါရင် ...ငါ သေသေရှင်ရှင် ငါ့သခင်ကို ဘယ်တော့မှ ပြန်မတွေ့ရပါစေသား” ချုံမန်းတိုင်အသံထဲရှိ စိတ်ဓာတ်ပြင်းပြမှုသည် ပို၍ကြီးထွားလာပြီး သူ၏ရိုးသားမှုက သူ၏တောင်းဆိုသံကို ပို၍အားကောင်းလာစေသည်။

အမှန်တွင် သူ စကားပြောနေစဉ် မန်ဟိုသည် အားကောင်းသောသစ္စာတစ်ခု၏ အငွေ့အသက်များကို ရိုးတိုးရိပ်တိပ် ခံစားလိုက်ရပြီး တောင်နှင့် မန္တန်ဝင်္ကပါအတွင်း၌ စုဝေးလာသည် ကံကြွေးကိုလည်း ခံစားလိုက်ရ၏။

ထိုအရာအားလုံးက ချုံမန်းတိုင်စကားက မှန်ကန်ကြောင်း သက်သေပြနေသည်။

မန်ဟိုက စစချင်း ဘာမှမပြောသေး။ သူသည် သွေးအေးရက်စက်သော လူတစ်ယောက်မဟုတ်ပေ။ ချုံမန်းတိုင်ကလည်း အတိတ်တုန်းက သူ့ကို ကံကြမ္မာကောင်းချီးမြှင့်ခဲ့ဖူးသည်။ သူသာ ရွေးချယ်နိုင်လျှင် ထိုလူ၏မျှော်လင့်ချက်ကို ဖျက်စီးမည်မဟုတ်ပေ။ သူက သူ့ဝိညာဉ်နှင့်ပင် ကျိန်ထားပြီးပြီမဟုတ်ပါလော။

“အဲဒီလိုမျိုး ခင်ဗျား ဘယ်လိုလုပ်နိုင်တာလဲ" မန်ဟိုက မေးသည်။

“ငါ ဘယ်လိုလုပ်နိုင်လဲဆိုတာ အရေးမကြီးဘူး” ချုံမန်းတိုင်က ဖြေသည်။ “အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ဦးကိုသာ လက်ညှိုးထိုးလိုက်။ ကျန်တာ ငါ ဆက်လုပ်လိုက်မယ်” သူ့အသံအရ ချုံမန်းတိုင်သည် နောက်ဆက်တွဲအကျိုးဆက်များကို ထည့်တွက်နေဟန်မတူပေ။ ထိုကဲ့သို့ပညာရပ်တစ်ခုအတွက် ပေးဆပ်ရမည့် တန်ကြေးက စဉ်းစားကြည့်ဖို့ မဖြစ်နိုင်လောက်အောင် ကြီးမားလွန်းလိမ့်မည်။

“ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်နေရာဖြစ်ဖြစ် ငါ အသက်ရှင်နေသရွေ့ မင်း လုပ်ရမယ့်အရာလေးက ဒီချုပ်နှောင်အမှတ်အသားကို အားဖြည့်ပေးလိုက်ရုံပဲ... ပြီးရင် မင်း ချုပ်နှောင်လို့ရပြီ” လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတတစ်ခုသည် တောင်အတွင်းထံ ထွက်လာပြီး မန်ဟို့အရှေ့တွင် ပျံဝဲနေ၏။

သင်္ကေတက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး ၎င်းအတွင်းမှ အခိုးအငွေ့များ လိမ့်ထွက်နေသည်။ ၎င်းကို ရှင်းလင်းပြတ်သားစွာ မမြင်ရသလို၊ ၎င်းအတွင်း၌ မရေမတွက်နိုင်သော ပြောင်းလဲမှုများ တည်ရှိနေသည်။ မန်ဟိုက မှော်သင်္ကေတကို တခဏကြည့်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သည်။ သူသည် အင်္ကျီလက်စခါရင်း မှော်သင်္ကေတကို သိမ်းပြီးနောက် လှည့်မပြန်ခင် တောင်ကို အတန်ကြာ ကြည့်နေ၏။

ကျားလှောင်အိမ်ဂြိုဟ် သတ္တမတောင်ပင်လယ်တွင် တည်ရှိနေသေးသည့် အကြောင်းရင်း၊ ၎င်း မဖျက်စီးခံခဲ့ရသည့် အကြောင်းရင်းမှာ ယွီဝမ်ကျန်းနှင့် ကျန်ကျင့်ကြံသူများကြောင့်မဟုတ်ကြောင်း မန်ဟို ပြောနိုင်သွားလေပြီ။ ၎င်းက ... ဤတောင်အတွင်းရှိ မန္တန်ဝင်္ကပါနှင့် တစ်ဂြိုဟ်လုံးကို ကာကွယ်ပေးထားသော ချုံမန်းတိုင်၏ လက်ကျန်စွမ်းအားကြောင့် ဖြစ်သည်။

ထိုမန္တန်ဝင်္ကပါ၏ အကာအကွယ်စွမ်းအားကြောင့် ဂြိုဟ်မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ပွထနေသည့်တိုင် ဂြိုဟ်သည် မပြိုကွဲသွားခြင်းဖြစ်၏။

မန်ဟိုက ရှေ့တစ်လှမ်းလှမ်းပြီး အဝေးသို့ ရောက်သွားလေပြီ။ “ဘယ်လိုဖြစ်တည်မှုမျိုးက အစေခံတစ်ယောက်ကို အဲဒီလောက်လေးစားကြည်ညိုစေပြီး သူ့ကို ပြန်အသက်သွင်းဖို့ အတိုင်းထက်အလွန် အရူးအမူးဖြစ်နေစေနိုင်တာလဲ...”

သူ ထွက်သွားသည့်အချိန်တွင် မန္တန်ဝင်္ကပါ၏အလယ်၌ ဝါးတားတားအရိပ်တစ်ခု ပေါ်လာသည်။ ၎င်းက ချုံမန်းတိုင်ဖြစ်ပြီး မှေးမှိန်ပျောက်ကွယ်သွားနေပုံပေါ်သည်။ သူသည် မျှော်လင့်ချက်နှင့် လွမ်းဆွေးမှုတို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မန္တန်ဝင်္ကပါကို စိုက်ကြည့်နေ၏။

“အခြားသူတွေအတွက် သခင်ဟာ ထာဝရတစ်လျှောက်လုံး မျက်လုံးတွေကို မှိတ်ပစ်ခဲ့တယ်...” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကျွန်တော်ပြန်လာတဲ့အခါ သခင့်ကို ဘယ်မှာမှ ရှာမတွေ့တော့ဘူး...” ချုံမန်းတိုင်၏အသံသည် ပူဆွေးသောကတို့ လောင်မြိုက်နေသံပေါက်၏။ သူက မန္တန်ဝင်္ကပါထဲတွင် ထိုင်ချလိုက်သည်။

“ကျေးဇူးပြုပြီး ... ပြန်လာပါတော့ သခင်ရယ်...”

မန်ဟိုသည် သူ့လမ်းသူသွားနေစဉ် အသားဂျယ်လီ သူ့သိုလှောင်အိတ်ထဲမှ ဘယ်အချိန်က ထွက်လာခဲ့မှန်း မသိလိုက်ပေ။ အသားဂျယ်လီသည် တောင်ကို လှည့်ကြည့်ရင်း သူ့ပခုံးပေါ်တွင် နားနေ၏။ ထို့နောက် ကြက်တူရွေးလည်း ပျံထွက်လာပြီး သူ့ပခုံးပေါ်၌ နားကာ ပြန်လှည့်ကြည့်နေသည်။

ထိုသကောင့်သားနှစ်ကောင် ပူပူညံညံမလုပ်သော ယခုလိုအခြေအနေမှာ ရှားလှပေသည်။

အသားဂျယ်လီက သက်ပြင်းချကာဖြင့် ပြောသည်။ “အဲဒီဖြစ်တည်မှု ချုံမန်းတိုင်က အစေခံလေးသက်သက် မဟုတ်တော့ဘူးထင်တယ်နော်။ မန်ဟို တစ်နေ့ မင်း သေဆုံးသွားရင် ငါလည်း ချုံမန်းတိုင်လို မင်းကို အသက်ပြန်သွင်းဖို့ အစွမ်းကုန်ကြိုးစားပေးမယ်လို့ မင်း ထင်လား။ ဒီမေးခွန်းက တကယ်စဉ်းစားသင့်တဲ့ မေးခွန်းပဲကွ။ အစ်ကိုငါး မင်းရော ဘယ်လိုထင်လဲ”

မန်ဟိုက တုံ့ခနဲ ရပ်သွားသည်။ အသားဂျယ်လီ၏စကားသည် လူတစ်ယောက်အား ရင်ထဲထိသွားစေနိုင်သော်လည်း အသားဂျယ်လီ၏နှုတ်မှ ထွက်လာသည်ကို ကြားရခြင်းက အတော်လေးထူးဆန်းလှသည်။

“ငါကိုယ်တော် သခင်ငါးကတော့ မတူညီတဲ့မေးခွန်းတစ်ခုကို စဉ်းစားနေတာ... သခင်ငါးသာ သေဆုံးသွားရင် မန်ဟို ... မင်း ဝမ်းနည်းမှာလား။ မင်း ငါ့ကို အသက်သွင်းဖို့ ကြိုးစားမှာလား” ကြက်တူရွေးက အလွန်လေးနက်သောအမူအရာဖြင့် မန်ဟို့ကို လှမ်းကြည့်သည်။

“အေး” မန်ဟိုက ခပ်တိုးတိုး ပြန်ဖြေသည်။ ကြက်တူရွေးနှင့် အသားဂျယ်လီတို့နှစ်ကောင် သူ့နောက်လိုက်ခဲ့သည်မှာ ကြာပြီဖြစ်၍ သူ့ရင်ထဲတွင် ၎င်းတို့အား အစေခံဟုသာ မမြင်တော့ပေ။

“ဟဲဟဲ သခင်ငါးက မသေနိုင်သလို၊ အသတ်လည်း မခံရနိုင်တော့ မင်း အဲဒီအခွင့်အရေး ဘယ်တော့မှ ရမှာမဟုတ်ဘူး” ကြက်တူရွေးက အားရပါးရ ရယ်နေသော်လည်း ၎င်း၏မျက်ဝန်းထဲတွင် ဝမ်းနည်းပူဆွေးမှုအရိပ်အယောင်လေး ဖြတ်ပြေးသွား၏။ သို့သော် ကြက်တူရွေးသည် နဂိုအတိုင်း ဣန္ဒြေပြန်ဆည်လိုက်လေသည်။

မန်ဟိုက ဘာမှထပ်မပြောတော့။ သူ့နှလုံးသားထဲတွင် အထုံးတစ်ခု အမြစ်တွယ်နေသည် ... ထိုအထုံးနှင့်ပတ်သက်ပြီး သူ မစဉ်းစားရဲပေ၊ မတွေးရဲပေ။ အကြောင်းရင်းက မည်သည့်ဘက်ခြမ်းကို ရွေးရမှန်း သူ မသိသည့်အတွက်ပင်။

တောင်ပင်လယ်လောက၏စစ်ပွဲဖြစ်လာရသည့် အကျိုးမှာ ... ကြေးမုံဆိုသည့် အကြောင်းကြောင့် ဖြစ်မှန်း သူ သိထားသည်။

ကြေးမုံကိုသာ ပေးလိုက်လျှင် .... စစ်နိဂုံးချုပ်လိမ့်မည်လော။

၎င်း မန်ဟို မစဉ်းစားရဲသော မေးခွန်းတစ်ခုဖြစ်သည်။ သူ့မိသားစုသည် တောင်ပင်လယ်လောကတွင် နေထိုင်၏။ သူ့မိတ်ဆွေများ၊ သူ့ဆရာများနှင့် ကျန်သက်ရှိသတ္တဝါများလည်း ထိုနည်းတူပင်... သို့သော် အခြားတစ်ဖက်တွင် ကြေးမုံသည် မှီခိုရာဂိုဏ်းသို့ သူ စရောက်တည်းက သူနှင့်အတူ ရှိခဲ့၏။ ၎င်းက သူ့ကို အဖော်ပြုပေးခဲ့ပြီး စာပေသမားလေးဘဝမှ ထိပ်ဆုံးသို့ရောက်အောင် မြှင့်တင်ပေးခဲ့လေသည်။

ကြက်တူရွေးနှင့်ပတ်သက်၍မူ မန်ဟိုသည် ၎င်းကို ဂရုမစိုက်ချင်ယောင်ဆောင်သော်လည်း နှစ်ပေါင်းများစွာကြာပြီးနောက် ၎င်းကို သံယောဇဉ်တွယ်နေပြီဖြစ်၍ မခွဲခွာနိုင်ပေ။

“ကြက်တူရွေးကို စွန့်လွှတ်ရမှာလား” သူက တွေးသည်။ “တောင်ပင်လယ်လောကကို စွန့်လွှတ်ရမှာလား... ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသော ရွေးချယ်မှုက ငါ့ကိုယ်ငါ စွန့်လွှတ်တာပဲ ဖြစ်မယ်ထင်တယ်”

မန်ဟိုက သက်ပြင်းခိုးချလိုက်သည်။ ဤမေးခွန်းကို သူ မစဉ်းစားချင်ပေ။ တစ်နေ့ကျလျှင် ထိုဆုံးဖြတ်ချက်ကို ချဖို့ သူ ဖိအားပေးခံရလိမ့်မည်။

ရွေးချယ်ရမည့်အချိန်ကျလျှင် မည်မျှရက်စက်သောအရှိတရားကို သူ ရင်ဆိုင်ရမည်လဲ မည်သူသိမည်နည်း။

“ငါ အစွမ်းပိုထက်လာအောင် လုပ်ရမယ်” သူက မျက်လုံးများတောက်ပနေလျက် တွေးပြီး နာကျင်ဖွယ်ကောင်းသော မေးခွန်းအကြောင်း မတွေးတော့ဘဲ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက် အဝေးသို့ ထွက်သွားသောအလင်းတန်းတစ်တန်း အသွင်ပြောင်းသွားသည်။

အသားဂျယ်လီသည် သူ့ပခုံးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေပြီး ကြက်တူရွေးမှာ တစ်စုံတစ်ခုကို မေ့ဖျောက်ထားဟန်ရသော်လည်း ထူးထူးဆန်းဆန်း တိတ်ဆိတ်စွာဖြင့် မန်ဟို၏သိုလှောင်အိတ်ထဲရှိ ကြေးမုံအတွင်း ပြန်ဝင်သွားသော ရောင်စုံအလင်းတန်းအသွင်း ပြောင်းသွားသည်။

မန်ဟိုသည် နားလည်ရခက်သော ကံတရားအကြောင်း စဉ်းစားရင်း သက်ပြင်းတချချနှင့် ဆက်လက်ပျံသန်းနေ၏။ ဤအခိုက်အတန့်တွင် သူ့မှာ သူ့မိသားစုအတွက် စိတ်ပူမှု၊ ရှုချင်နှင့် ပြန်ဆုံစည်းလိုစိတ်တို့ထဲတွင် နစ်မြောနေလေသည်။

နောက်ဆုံးတွင် သူသည် သူ့အား တင်ပျဉ်ခွေလျက် ထိုင်စောင့်နေသော ယွီဝမ်ကျန်းဆီ ပြန်ရောက်သွား၏။ အချိန်ကုန်ခံစကားပြောနေမည့်အစား မန်ဟိုက သူ့ကို ကြည့်၍ စကားတစ်ခွန်းဆိုသည်။

“ငါ့ကို မင်းပြောတဲ့ နတ်ဘုရားသင်္ချိုင်းလျှိုကို ခေါ်သွားပေး”

ယွီဝမ်ကျန်း၏မျက်လုံးများသည် တောက်ပလာ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ခေါင်းညိတ်ပြီး ထရပ်လိုက်သည်။ မန်ဟိုသည် အင်္ကျီလက်စကို ခါလိုက်ပြီး နှစ်ယောက်သား အမြန်ဆုံးအရှိန်ဖြင့် ကြယ်တာရာကောင်းကင်ကို ဖြတ်သွားသော အလင်းတန်းများအသွင် ပြောင်းသွားကြ၏။

ပုံမှန်အားဖြင့် ယွီဝမ်ကျန်းမှာ မန်ဟို့ကို အမှီလိုက်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် မန်ဟိုက သူ့ကို စွမ်းအားတချို့ ငှားပေးလိုက်ပြီး ယွီဝမ်ကျန်း ပြောသောနေရာသို့ ထွက်လာခဲ့ကြသည်။

“ငါ ပိုပြီးအစွမ်းထက်လာရမယ်။ ဒါမှ ကံတရားကနေ သွေဖယ်ပြီး ငါ့လမ်းငါ ဖောက်နိုင်မယ်” ယခုတွင် မန်ဟိုနှင့်ပတ်သက်ပြီး တစ်စုံတစ်ခုက ညှို့မှိုင်းအေးစက်နေလေသည်။ ပျိုမျစ်မှုနှင့် ရိုးသားမှုအငွေ့အသက်များ ဖယ်ရှားခံလိုက်ရပြီး တောင်ပင်လယ်လောက၌ ဖြစ်ပျက်နေသော အနိဋ္ဌာရုံမြင်ကွင်းများကြောင့် ပူဆွေးနာကျင်နေမှုသာ ကျန်ရစ်ခဲ့သည်။

သတ္တမတောင်ပင်လယ်မှာ တသဲသဲ ဝင်ရောက်လာနေသော အပြင်သူများ၏လက်ထဲ ကျလုနီးနီးဖြစ်နေသည်။ ကြယ်တာရာကောင်းကင်တွင်လည်း သူတို့၏အနက်ရောင်ကုဗတုံးများ ပြည့်နေသည်။ ဖိအားသည်လည်း အရပ်လေးမျက်နှာသို့ ဖြာထွက်သက်ရောက်နေ၏။

မကြာမီ မန်ဟိုနှင့် ယွီဝမ်ကျန်းသည် သတ္တမတောင်ပင်လယ်၏ အရှေ့တောင်အရပ်ရှိ အလွန်တိတ်ဆိတ်သော နေရာတစ်နေရာတွင် ပေါ်လာကြသည်။ ခပ်ဝေးဝေး အနက်ရောင်ကုဗတုံးအပြည့် ဧရိယာတစ်ခု ရှိသည်။ ကုဗတုံးများသည် မျက်နှာပြင်တစ်လျှောက် လျှပ်စီးများ လူးလွန့်ဖြတ်ပြေးနေလျက် ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေ၏။ ၎င်းတို့အထဲ ဝင်ချည်ထွက်ချည်လုပ်နေသော အပြင်သူများ၏ပုံရိပ်ကို မြင်ရနေလေသည်။

သူတို့ကား မန္တန်ဝင်္ကပါတစ်ခု ဖော်ဆောင်နေကြပုံပေါ်သည်...

“နတ်ဘုရားသင်္ချိုင်းလျှိုက ရှေ့နားမှာ” ယွီဝမ်ကျန်းက ပြောသည်။ “အဲ့ဒါက ရှေးဟောင်းစစ်မြေပြင်ရဲ့ အကြွင်းအကျန်အပျက်စီးတွေ တည်ရှိနေတဲ့ အာကာသအကွဲကြောင်းတစ်ကြောင်းပဲ။ အထဲမှာ မင်း သတိမထားမိခင်မှာပဲ မင်းကို သတ်ပစ်နိုင်တဲ့ နတ်ဘုရားစိတ်ဆန္ဒအမျှင်တွေ မရေမတွက်နိုင်အောင် ရှိတယ် ...

“နတ်ဘုရားသင်္ချိုင်းလျှိုက သတ္တမတောင်ပင်လယ်တစ်ခုလုံးမှာ အန္တရာယ်အများဆုံးနေရာတွေထဲက တစ်နေရာပဲ။ အရင်တစ်ခေါက် ငါ ဝင်သွားတုန်းက အကွာဝေးတိုတိုလေးအထိပဲ သွားနိုင်ခဲ့တယ်။ ဒါပေမဲ့ ကံကောင်းထောက်မပြီး မသန့်စင်တဲ့နတ်ဘုရားတစ်ကောင်ရဲ့ သွေးတစ်စက်ကို ရခဲ့တယ်လေ။ အဲဒါကတောင် ငါ့အပြင်အားကိုယ် မယုံနိုင်လောက်အောင် အဆင့်မြှင့်ဖို့ လုံလောက်ခဲ့တာ”

ယွီဝမ်ကျန်းသည် မန်ဟို့နတ်ဘုရားအာရုံ၏ ကာကွယ်မှုအောက်တွင် ဖြစ်သည်။ သူတို့ ကြယ်တာရာကောင်းကင်တွင် ပျံဝဲနေကြစဉ် အနှစ်သာရ ၆ ခုအထွတ်အထိပ်အဆင့် တာအိုဥသျှောင် သို့မဟုတ် အနှစ်သာရ ၇ ခု ပါရာဂွန်မဟုတ်သူများအနေဖြင့် သူတို့၏တည်ရှိမှုကို ခံစားမိမည်မဟုတ်ပေ။ “ကောင်းကင်ဘုံ ၁ သက်ဆင်းလာတော့ ဒီနေရာက အပြင်သူတွေ သိမ်းပိုက်လိုက်တဲ့ ပထမဆုံးနေရာဖြစ်သွားခဲ့တယ်

“အပြင်သူတချို့ဆို အထဲဝင်ကြည်ပြီးလောက်ပြီ။ သူတို့ကြည့်ရတာ နတ်ဘုရားတွေကို ယူချင်ကြတဲ့ပုံပေါ်တယ်…”

မန်ဟိုသည် အဝေးကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ အနက်ရောင်ကုဗတုံးများစွာမှ လာနေသော အစွမ်းထက်ပညာရှင်များ၏အငွေ့အသက်တို့ကို သူ ခံစားနေရသည်။ ထိုမျှသာမက အနက်ရောင်ကုဗတုံးများမှ စီရင်ထားသော မန္တန်ဝင်္ကပါတွင် ကြောက်မက်ဖွယ်စွမ်းအားလည်း ပါရှိနေသည်။

နတ်ဘုရားသင်္ချိုင်းလျှို၏ပတ်ဝန်းကျင်တွင် အပြင်သူများ ပြည့်နေ၏။ အနှစ်သာရ ၆ ခု ပညာရှင်မရှိသော်လည်း အနှစ်သာရ ၅ ခု ပညာရှင်များ ရှိနေသည်။ မန်ဟိုသည် သူ၏နတ်ဘုရားအာရုံဖြင့် လေးယောက်ကို တွေ့ရှိပြီးလေပြီ။

ထို့အပြင် မန်ဟို နတ်ဘုရားအာရုံဖြင့် ကြည့်နိုင်သော အတိုင်းအတာ၏အလွန်ရှိ နတ်ဘုရားသင်္ချိုင်းလျှိုထဲ ဝင်ရောက်သွားခဲ့သည့် အပြင်သူများကို ထည့်မတွက်ရသေးပေ။

မန်ဟိုက ယွီဝမ်ကျန်းကို ကြည့်ကာ ပြောသည်။ “ညီနောင်မန်၊ ဒီနေရာက သိပ်အန္တရာယ်များတယ်။ မင်း ငါ့ကို ဒီနေရာမှာ စောင့်နေသင့်တယ်ထင်တယ်...”

ယွီဝမ်ကျန်းက တခဏတွေဝေနေပြီးနောက် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ခေါင်းခါသည်။

“ကောင်းကင်ဘုံ ၃၃ ဘုံက ဒီစစ်ပွဲမှာ သေမျိုးတွေကိုတောင် ချမ်းသာမပေးဘူး။ သူတို့က ငါတို့အားလုံးကို အပြတ်ရှင်းဖို့ ကြံစည်ထားတာ သိသာတယ်... သူတို့က တောင်ပင်လယ်လောကထဲက သက်ရှိသတ္တဝါအားလုံးရဲ့ သွေးဆက်တွေကို မျိုးဖြုတ်ပစ်ချင်နေတာ

“ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့ ဆိုတဲ့ စကားပုံလိုပေါ့လေ” ယွီဝမ်ကျန်းသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၏။ “ငါ အစွမ်းပိုထက်လာဖို့ လိုတယ်။ ငါ ကျင့်ကြံအဆင့်တက်ဖို့ လိုတယ်။ နတ်ဘုရားသွေးနဲ့ အသက်စွမ်းအားတချို့ စတေးပြီး တာအိုနယ်ပယ်အဆင့် အပြင်အားကိုယ်ကို နှစ်တစ်ရာရယူနိုင်တဲ့ အပြင်အားကိုယ်သန့်စင်ခြင်းမှော်အစွမ်း ငါ့မှာ ရှိတယ်

“ငါ ယွီဝမ်ကျန်းက အက်ရှလွန်ကျင့်ကြံသူတစ်ယောက်။ တာအိုအဆင့်တက်လှမ်းပြီး နှစ်တစ်ရာပဲ အသက်ရှင်ရရင်တောင်မှ အက်ရှလွန်ပီသအောင် ငါ နေမယ်” ယွီဝမ်ကျန်း၏မျက်လုံးများသည် လင်းလက်လာပြီး သူ့မျက်ဆံများက မီးဝင်းဝင်းတောက်နေသည်။

All Chapters