← Chapters

အဲဒါ ငါတို့ ဂျူနီယာညီမလေး ဖြစ်ရမယ်

Vol. 14 Ch. 190

အဲဒါ ငါတို့ ဂျူနီယာညီမလေး ဖြစ်ရမယ်

Vol. 14 Ch. 190

“အရောင်စုံရေကန် မျိုးနွယ်စုမှာရှိတဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်က လေးလွှာစည်း တည်နေရာ ရွှေ့ပြောင်းခြင်း ပညာရပ်ကို အခြေခံထားခဲ့တာပဲ။ အရောင်စုံ ရေကန်မျိုးနွယ်စု အကြီးအကဲက အဲဒါရဲ့ ဖွဲ့စည်း တည်ဆောက်ပုံတွေကို သေချာ လေ့လာခဲ့ပြီးတဲ့နောက်မှာ လက်ဝဲတော်ရံကို ပေးအပ်ခဲ့တာ။ အဲဒါရဲ့ အကွာအဝေးဘောင်က နေရာနှစ်နေရာမှာ ရှိတယ်။ ငါတို့အရင်က အကြိမ်ကြိမ် စမ်းသပ်ခဲ့ဖူးတာကြောင့် အဲဒါနဲ့ ပတ်သက်လို့ မှားစရာ အကြောင်းမရှိဘူး …”

လူသုံးဦးအနက်မှ အမျိုးသမီးက တည်ငြိမ်စွာ ပြောလိုက်သည်။ သူမအသံသည် ညင်သာ နေခဲ့သော်လည်း ဘာဖြစ်သွားမှန်း မသိဟန်ဖြင့် မျက်မှောင်ကြုတ်လျက် ရှိသည်။

“ငါတို့ သွားကြည့်ရင် သိရမှာပေါ့။ ဒါက အရောင်စုံရေကန် မျိုးနွယ်စုကြောင့် ဆိုရင်တော့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို တောင်ပိုင်းအရုဏ်ဦး နယ်မြေအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဖို့ မဖြစ်နိုင်သေးဘူး ဆိုတာ အကြီးအကဲချုပ်ကို ငါတို့ ပြန်ပြောပြရလိမ့်မယ်။ ခေါင်းဆောင် လျူ ကရော ဘယ်လိုထင်လဲ”

ချောမော ခန့်ညားသည့် အမျိုးသားသည် သူ့ဘေးမှ အဘိုးအိုကို ရိုသေလေးစားစွာ လှည့်ကြည့်လိုက်သည်။

အမျိုးသမီးသည်လည်း အလားတူပင်။ အဘိုးအိုဆီသို့ လှည့်ကြည့်လိုက်ရင်း ရိုသေလေးစားဟန်ဖြင့် ဦးညွှတ်လိုက်သည်။

“ဒီတစ်ကြိမ် မင်းတို့နှစ်ယောက်စလုံးက ဟန်တောင်တန်း မြို့တော်ကို ကျောင်းတော်ရဲ့ သံတမန်တွေအဖြစ် လာကြတာပဲ။ ငါကတော့ ငါ့ရဲ့ သူငယ်ချင်းတွေကို လာတွေ့ရုံသက်သက်ပဲ။ မင်းတို့ဘာသာပဲ ဆုံးဖြတ်ကြပါ” အဘိုးအို ခပ်ရေးရေးပြုံးလျက် တည်ငြိမ်အေးဆေးစွာ ပြောသည်။

အမျိုးသားက နာခံကြောင်း လေးစားစွာ ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် အမျိုးသမီးထံ လှမ်းကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် အဘိုးအိုက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ အဝေးသို့ စေ့စပ်သေချာစွာ စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာတွင် လေးနက်သည့်အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

“ခဏ နေဦး …”

“မင်း ဟန်တောင်တန်း မြို့တော်ကို မထွက်ခွာခင်တုန်းက လက်ဝဲတော်ရံက နေရာတစ်နေရာ ပေးလိုက်ပြီးတော့ အရောင်စုံရေကန် မျိုးနွယ်စုက ယန်ဖေးကို လက်ခံဖို့ ပြောခဲ့တယ်။ ဟုတ်တယ်မလား”

ဖြည်းညင်းစွာ ပြောဆိုနေရင်းမှ အဘိုးအို၏ အမူအရာက ပိုမိုလေးနက် လာခဲ့သည်။

အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံး အံ့အားသင့် သွားကြသည်။ အမျိုးသမီးက လျင်မြန်စွာ ခေါင်းညိတ် ပြလိုက်သော်လည်း သူမမျက်နှာတွင်တော့ စိတ်မသက်သာမှုများ ရှိနေခဲ့သည်။ မလာခင်က သူမ ဤတာဝန်ကို အလွန် အရေးကြီးသည်ဟု မသတ်မှတ်ခဲ့ပေ။ မည်သည့် မမျှော်လင့်ထားသည့် အဖြစ်အပျက်များမှ မဖြစ်ပွားဘဲ တပည့်တစ်ယောက်ကိုသာ ခေါ်ဆောင်ရမည့် တာဝန်တစ်ခုဟု သူမရိုးရှင်းစွာ တွေးတောခဲ့ခြင်း ဖြစ်သည်။ ဟန်ဖေးကျစ်သည် သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်သို့ နီးစပ်နေသူဟု ဆုံးဖြတ်ခံထား ရသော်လည်း ကလန်သို့ ဝင်ရောက်ရန် မည်သူမှသူမကို တွန်းအားမပေးခဲ့ဘဲ သူမဆန္ဒဖြင့်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သူမ၏ အဖွဲ့ဝင် ဂျူနီယာတပည့်လေးက တည်နေရာ ရွှေ့ပြောင်းခြင်း ပြုလုပ်တော့မည့် အချိန်မှာပင် အဘိုးအိုက သူတို့အရှေ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့ပြီး သူတို့နှင့်အတူ တည်နေရာ ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။

၎င်းသည် သူတို့ငြင်းဆန်နိုင်သည့် အရာမဟုတ်သလို၊ ငြင်းပယ်ပိုင်ခွင့်လည်း မရှိပေ။ ငြင်းပယ်ရဲဖို့ဆိုလျှင် ပိုဝေးသေးသည်။ အဘိုးအို၏ မိသားစုနာမည်သည် လျူ ဖြစ်သည်။ အေးခဲကောင်းကင် ကလန်မှ သူ့ရာထူးသည် လက်ဝဲတော်ရံလောက် မမြင့်မားသော်လည်း သူသည် အကြီးအကဲစီနီယာ တစ်ဦးပင် ဖြစ်သည်။ သူသည် အများနှင့်မတူ ထူးခြားသူဖြစ်ပြီး တောင်တစ်လုံးတွင် သူတစ်ဦးတည်းသာ နေထိုင်နေသူ ဖြစ်သည်။ သူသည် အေးခဲကောင်းကင်လန်မှ လူဖြစ်သော်လည်း အမှန်တကယ်တွင်တော့ အေးခဲကောင်းကင်ကလန် အတွင်းရှိ မည်သည့်အရာကိုမှ သူစိတ်ဝင်စားခြင်း မရှိချေ။ သူသည် ကျောင်းတော်တွင် ယာယီခေတ္တခဏ နေထိုင်နေ သကဲ့သို့ပင် ဖြစ်သည်။

တစ်ခါတစ်ရံ သူသည် အလွန်နူးညံ့ သိမ်မွေ့သော်လည်း ကြောက်စရာ ကောင်းလောက်အောင် စိတ်ဆိုးနေတတ်သည့် အချိန်များလည်း ရှိ၏။ အေးခဲကောင်းကင်လန်၏ လက်ဝဲတော်ရံသည်ပင် သူ့ကို လက်သီးနှင့် လက်ဝါးထပ်လျက် အရိုအသေပေးရပြီး ဤအဘိုးအိုကို ဝမ်းကွဲဘကြီးဟု ခေါ်ရလေသည်။

အေးခဲကောင်းကင်လန်ထဲတွင် ဤအဘိုးအိုနှင့် ပတ်သက်သည့် ကောလာဟလများလည်း ရှိ၏။ ထိုကောလာဟလများ အားလုံးသည် ကြားရသူများ အားလုံးကို တုန်လှုပ်ချောက်ချား သွားစေတတ်ပြီး အဘိုးအိုရှေ့တွင် မထီမဲ့မြင် မပြုရဲဖြစ်စေသည်။

သို့သော် အံ့အားသင့်ဖွယ် ကောင်းသည်မှာ အဘိုးအို၏ ကျင့်ကြံဆင့်သည် ဤနှစ်များအတွင်း ပြောင်းလဲခဲ့ဟန်မတူပဲ ရိုးရေစတေး အဆင့်တွင်သာ ရှိနေဆဲဖြစ်နေခြင်းပင်။

အဘိုးအိုက မေးလိုက်သည်နှင့် အမျိုးသမီးသာမက သူမဘေးမှ အမျိုးသားသည်လည်း စိုးရိမ်ပူပန် လာခဲ့သည်။ အဘိုးအို၏ ရုတ်တရက်ဆန်သည့် စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို သူတို့မသိပေ။

“အဲဒီလုံမပျိုရဲ့ စွမ်းအားက ဘယ်လောက်လဲ”

အဘိုးအိုက နောက်တစ်မျိုး ထပ်မေးလိုက်သည်။

“ခေါင်းဆောင် လျူ၊ လက်ဝဲတော်ရံ ပြောဆိုခဲ့တဲ့ပုံ အရဆိုရင် အဲဒီအမျိုးသမီးရဲ့ စွမ်းအားက သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်ကို နီးကပ်နေပါပြီတဲ့။ ကျွန်တော်တို့ သူမကို ကျောင်းကို ခေါ်သွားပြီးတာနဲ့ လက်ဝဲတော်ရံက သူမကို သူ့တပည့်အဖြစ် ခေါ်ဆောင်မှာပါ”

အမျိုးသားက ရုတ်တရက် လေးစားစွာ ပြန်ဖြေသည်။

“သူ့တပည့်အဖြစ် ခေါ်မယ်တဲ့လား။ မင်းတို့ရဲ့ လက်ဝဲတော်ရံက ဒီတစ်ကြိမ်တော့ တကယ့် ကျောက်မျက်တုံး တစ်ခုကို ရှာတွေ့ခဲ့တာပဲ …”

အဘိုးအိုသည် တစ်စုံတစ်ရာ ခံစားမိပုံဖြင့် အဝေးသို့ ကြည့်နေခဲ့သည်။

“အကယ်၍ ငါထင်တာသာ မှန်မယ်ဆိုရင်၊ ဟန်တောင်တန်းမြို့တော်မှာ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု ပေါ်ထွက် လာတာကြောင့် တည်နေရာ ရွှေ့ပြောင်းခြင်းကို နှောင့်ယှက် ဖျက်ဆီးခံလိုက်ရတာပဲ”

အဘိုးအို၏ မျက်လုံးများအတွင်း ထူးဆန်းသည့် အလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့စကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အမျိုးသားနှင့် အမျိုးသမီးတို့၏ အမူအရာ များသည်လည်း ရုတ်တရက် ပြောင်းလဲ သွားခဲ့ကြပြီး ဟန်တောင်တန်း မြို့တော်ရှိရာဆီသို့ လှမ်းကြည့် လိုက်မိကြ၏။

“ရုပ်နယ်လွန်အဆင့်ရဲ့ နတ်ဘုရား ရုပ်တုလား”

အမျိုးသမီးသည် သက်ပြင်း ရှိုက်လိုက်မိရင်း တုန်လှုပ်သွားမိသည်။ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ နောက်ကွယ်မှ အကျိုးသက်ရောက်မှုကို သူမ ရှင်းရှင်းလင်းလင်း သိ၏။ အေးခဲကောင်းကင်ကလန် အတွင်း၌ပင် သူတို့ ရုပ်နယ်လွန်အဆင့် တက်ရောက်ချိန်တွင် ရုပ်နယ်လွန် အဆင့်၏ နတ်ဘုရား ရုပ်တုကို ဆင့်ခေါ်နိုင်သည့် မာန်စွမ်းအားရှင်များသည် ရှားပါးသော မြင်ကွင်းဖြစ်သည်။

“လက်ဝဲတော်ရံက ဒီအမျိုးသမီးကို အလွန်အမင်း သဘောကျနေခဲ့တာ မအံ့သြမိတော့ပါဘူး။ သူက အေးခဲကောင်းကင် ကလန်ကို မဝင်ရောက်ခင်မှာတောင် ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုကို ဆင့်ခေါ်နိုင်တယ်။ သူမသာ ကျောင်းတော်ကို ဝင်ရောက်ပြီးတာနဲ့ သူမရဲ့ အဆင့်အတန်းက သေချာပေါက်ကို ကွဲပြားခြားနား သွားလိမ့်မယ်”

အမျိုးသားသည် တုန်လှုပ်သွားမိပြီး ထိုယန်ဖေးနှင့် ရင်းနှီးကျွမ်းဝင်လိုသည့် အတွေးများ သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။

“အခုအချိန် ဟန်တောင်တန်း မြို့တော်ထဲမှာ သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်ကို ရောက်နေခဲ့တဲ့ အခြားမာန်စွမ်းအားရှင်သာ မရှိဘူးဆိုရင်တော့ မင်းတို့ရမဲ့ အရာက အောင်မြင်မှုတစ်ခုပဲ”

အဘိုးအိုက ခေါင်းခါလိုက်ရင်း ထိုအဖြစ်အပျက်ကြောင့် စိတ်လှုပ်ရှားနေဟန်ဖြင့် ရှေ့ဆက်လျှောက်လိုက်သည်။

“ဟန်တောင်တန်း မြို့တော်အတွင်းမှာ သွေးကြောကျောက်သား နယ်ပယ် ပြည့်စုံဆင့်ရှိတဲ့ သူနှစ်ဦးက အရမ်းတိုက်တိုက် ဆိုင်ဆိုင် ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ညီမငယ် ဟန်ဖေးကျစ်ကသာ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုကို ဆင့်ခေါ်ခဲ့တာ ဖြစ်ရမယ်”

အမျိုးသား၏မျက်နှာတွင် အပြုံးရေးရေး ဖြစ်ပေါ်လာပြီး အဘိုးအိုနောက်သို့ လိုက်သွားလိုက်သည်။

“အဖွဲ့ဝင် ညီမငယ် ဟန်ဖေးကျစ်သာ ကျောင်းတော်ကို ဝင်ရောက်လိုက်တာနဲ့၊ သူမက ကျောက်မျက်ရတနာ တစ်ခုလို တောက်ပလာပြီးတော့ အေးခဲကောင်းကင်ကို တုန်လှုပ်စေနိုင်မှာ အသေအချာပဲ။ ငါ သူမအကြောင်းကို အရမ်းသိချင်နေပြီ။ ငါတို့သူမကို တွေ့တာနဲ့ သူမနဲ့ သိကျွမ်းနိုင်ဖို့ ငါ လုပ်ရမယ်”

အမျိုးသမီးသည် ဖြည်းညင်းစွာ ပြောလိုက်ရင်း သူမမျက်နှာပေါ်တွင် လှပသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အဘိုးအိုသည် မည်သည့် စကားမျှ ပြန်မပြောခဲ့ချေ။ သူတို့သုံးဦးလည်း အလင်းတန်းများ သဖွယ်ဖြင့် ရှေ့သို့ ဦးတည်ခဲ့သည်။ သူတို့ ဟန်တောင်တန်း မြို့တော်နှင့် နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်မှ ထွက်ပေါ်လာနေသည့် လွှမ်းမိုးမှု အရှိန်အဝါကို ဖြည်းဖြည်းချင်း ခံစားလာရသည်။ မိုးတိမ်များသည် ပြိုကွဲလာနေခဲ့ပြီး ထိုမိုးတိမ်များ အတွင်း၌ ဝေဝါးဝါး နတ်ဘုရား ရုပ်တုကြီးတစ်ခု လျင်မြန်စွာ ပုံပေါ်လာနေသည်ကို တွေ့ရှိလိုက်ရသည်။

သူတို့အပေါ်သို့ ကျရောက် နေခဲ့သည် ဖိအားသည် သူတိုသုံးဦး ဟန်တောင်တန်း မြို့တော်နှင့် လီ ၅၀၀၀ ခန့်သာ ကွာဝေးတော့ချိန်တွင် သူတို့အပေါ် ကျရောက်နေခဲ့သည့် ဖိအားသည် အပြင်းထန်ဆုံး ဖြစ်လာခဲ့သည်။

“ဘယ်လောက်တောင် သန်မာတဲ့ စွမ်းအားလဲ။ ကြည့်ရတာ အဖွဲ့ဝင်ညီမလေး ဟန်ဖေးကျစ် ဆင့်ခေါ်ခဲ့တဲ့ နတ်ဘုရားရုပ်တုက ... ကျောင်းတော်ထဲက တချို့လူတွေ ရုပ်နယ်လွန်အဆင့် တက်တဲ့အချိန်မှာ ဆင့်ခေါ်ခဲ့တဲ့ နတ်ဘုရားရုပ်တုတွေနဲ့ နည်းနည်း ကွဲပြားနေသလိုပဲ”

အမျိုးသားက ထိုသို့  ပြောလိုက်သော်လည်း စိတ်အေးလက်အေးသာ ရှိနေခဲ့သည်။

“ဟုတ်တယ်။ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု ပေါ်ထွက်လာတာကို ငါလေးကြိမ် တွေ့ဖူးတယ်။ ဒီတစ်ခါက ငါးကြိမ်မြောက်ပဲ။ ဒါပေမဲ့ ဒီတစ်ခါ ခံစားနေရတဲ့ ဖိအားက အပြင်းထန်ဆုံးပဲ။ ငါတို့က နီးသေးတာတောင် မဟုတ်ဘဲ လီ ၅၀၀၀ အဝေးကနေတောင် အခုလိုခံစားနေရပြီ …”

အမျိုးသမီးသည်လည်း တုန်လှုပ်နေရင်းမှ လေးစားနေမိသည်။ သူမနှလုံးသား အတွင်းတွင်လည်း အမျိုးသားကဲ့သို့ပင် ဟန်ဖေးကျစ်နှင့် မိတ်ဆွေဖြစ်လာလိုသည့် အတွေးများ ပိုမိုရှင်းလင်း လာခဲ့သည်။

သို့သော် ထိုနေရာသို့ နီးကပ် လာသည်နှင့်အမျှ အဘိုးအို၏ မျက်လုံးထဲတွင် ထူးဆန့်သည့် အလင်းတစ်ခု ထွက်ပေါ် လာသည်ကိုတော့ သူတို့ သတိမပြုလိုက်မိပေ။ အဘိုးအို၏ အမူအရာသည် ပိုမိုလေးနက် တည်ကြည် လာခဲ့သည်။ နောက်ဆုံးတွင် ရုပ်တရက် ရပ်တန့်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ရင်း တဖြည်းဖြည်း အံ့သြတုန်လှုပ် သွားခဲ့သည်။

“အဲဒီ လုံမပျိုလေးရဲ့ စွမ်းအားက သွေးကြောကျောက်သားနယ်ပယ် ပြည့်စုံဆင့်နဲ့ နီးကပ်နေပြီလို့ မင်းစောစောက ပြောခဲ့တာ မဟုတ်လား” အဘိုးအိုက ရုတ်တရက် မေးလာသည်။

အမျိုးသားနှင့် အမျိုးသမီးတို့သည်လည်း သူရပ်တန့်သလို ရပ်တန့် လိုက်ကြသည်။ အဘိုးအို၏ စကားလုံးများကို သူတို့ အနည်းငယ် ရှုပ်ထွေးနေခဲ့သော်လည်း လေးစားစွာဖြင့် ပြန်ဖြေဆဲပင်ဖြစ်သည်။

“ခေါင်းဆောင်လျူ၊ အတိတ်မှာတုန်းက လက်ဝဲတော်ရံ ကိုယ်တိုင် အဖွဲ့ဝင် ညီမငယ်လေး ဟန်ဖေးကျစ်ကို အကဲဖြတ်ခဲ့တာပါ”

အဘိုးအိုသည် ခဏတာ တိတ်ဆိတ်နေခဲ့ပြီး နောက်မေးခွန်း တစ်ခုကို ထပ်မေးလာခဲ့သည်။

“အဲဒါက ဘယ်လောက် ကြာပြီလဲ”

“လက်ဝဲရံက ဒီနေရာကို လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက လာခဲ့တာပါ”

ချောမောခန့်ညားသည့် အမျိုးသားက လျင်မြန်စွာ ပြန်ဖြေသည်။

အဘိုးအိုက ဟန်ဖေးကျစ်အား တပည့်အဖြစ် လိုချင်နေမည်ကို သူစိုးရိမ်မိသည်။ ထို့ကြောင့်ပင် သူ့စကားများထဲတွင် လက်ဝဲတော်ရံဟူသော အမည်ကို ထပ်ခါထပ်ခါ ထည့်သွင်း ပြောဆိုနေခဲ့ခြင်း ဖြစ်သည်။

“လက်ဝဲတော်ရံ … အကြီးအကဲက အဖွဲ့ဝင်ညီမငယ် ဟန်ဖေးကျစ်ကို အရမ်း အလေးထားပါတယ်။ သူမကို လွန်ခဲ့တဲ့နှစ် အနည်းငယ်တည်းက တပည့်အဖြစ် ခေါ်ယူချင်ခဲ့တာလို့ ကျွန်တော် ကြားဖူးတယ်။ သူက  အဖွဲ့ဝင်ညီမငယ်လေး အပေါ်မှာပဲ သေချာ အာရုံစိုက်ထားချင်လို့ ဒီနှစ်တွေထဲမှာ တခြားတပည့်တွေတောင် ထပ်မခေါ်ခဲ့ပါဘူး”

သူ့ဘေးရှိ အမျိုးသမီးက လေးလေးစားစားဖြင့် ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းကလား”

တောက်ပသည့် အလင်းတစ်ခုက အဘိုးအို၏ မျက်လုံးများထဲတွင် ဖြစ်ပေါ်လာ၏။

“ဟုတ်ပါတယ်။ ညီမငယ် ဟန်ဖေးကျစ်က တကယ့်ကို ထိတ်လန့်စရာ ကောင်းတဲ့ အရည်အချင်းမျိုး ရှိတာ။ နှစ်ဝက်အတွင်းမှာပဲ သွေးကြော ကျောက်သားနယ်ပယ် ပြည့်စုံဆင့်ကို ရောက်ရှိနိုင်ခဲ့တာ ... ကျွန်မတောင် သူမကိုမယှဉ်နိုင်ဘူး”

အမျိုးသားက သက်ပြင်းချလိုက်မိသည်။

အဘိုးအိုသည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

“ဒါက သွေးကြော ကျောက်သားနယ်ပယ် ပြည့်စုံဆင့် သက်သက်ပဲလား။ သေချာ လေ့လာကြည့်လိုက်ကြ။ ဒီလို ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုက သွေးကြော ကျောက်သားနယ်ပယ် ပြည့်စုံဆင့်က မာန်စွမ်းအားရှင် တစ်ယောက်အတွက် ပေါ်လာမှာ မဟုတ်ဘူး။ သွေးကြော ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်က မာန်စွမ်းအားရှင် အတွက်ပဲ ပေါ်လာနိုင်တာ”

သူပြောလိုက်ချိန်တွင် အမျိုးသားနှင့် အမျိုးသမီးတို့၏ အမူအရာများက အကြီးအကျယ် ပြောင်းလဲ သွားခဲ့ကြသည်။

“သွေးကြော ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်လား။ ညီမငယ်လေးက နှစ်ဝက်အတွင်းမှာ သွေးကြော ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်ခဲ့တာလား။ ဒါ ... ဒါက …”

အမျိုးသားက အလွန်အမင်း အံ့အားသင့် သွားမိပြီး မယုံကြည်နိုင်သည့် တုန်လှုပ်မှုတို့ဖြင့် မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ကြီးမြတ်သော ပြည့်စုံဆင့် အတွင်းကနေ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်တာ ... လက်ဝဲတော်ရံ အကြီးအကဲသာ ဒီအကြောင်းကိုသိရင် သူကိုယ်တိုင်လာမှာ အသေအချာပဲ”

အမျိုးသမီးသည် တုန်လှုပ်စွာဖြင့် ဟန်တောင်တန်း မြို့တော်ဆီ လှမ်းကြည့်လိုက်သည်။

ထိုအခိုက်အတန့် ဟန်တောင်တန်း မြို့တော်တွင် ကောင်းကင်မှ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုသည် ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်သည်။ သူ၏စွမ်းအား ကျဆင်း လာသည်နှင့်အမျှ ကောင်းကင်နှင့် မြေပြင်ကိုပင် အနည်းငယ် စတင် တုန်ခါလာစေသည်။ သွေးကြော ကျောက်သားနယ်ပယ်မှ မာန်စွမ်းအားရှင်များ အားလုံးသည် ဆက်လက် မတ်တတ် မရပ်နိုင်တော့ဘဲ မြေပေါ်သို့ ဒူးထောက်ကျ သွားခဲ့ကြသည်။ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် အချို့သည်ပင် ထိုစွမ်းအားကို သူတို့မခုခံနိုင်ကြောင်း တွေ့လိုက်ရ၏။ သိက်မကြာခင်မှာပင် သူတို့သည်လည်း ဒူးထောက်၍ ရုပ်တုကို ကိုးကွယ်ရန် ဖိအား ပေးခံရတော့မည် ဖြစ်သည်။

သူ့ထံမှ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်လိုသည့် စိတ်ဆန္ဒ တွန်းအားသည် အကန့်အသတ်သို့ ရောက်ရှိသွားသည်ကို စုမင် ခံစားလိုက်မိသည်။ သို့သော် သွေးကြော ၉၈၆ ကြောဖြင့် သူစိတ်မကျေနပ်နိုင်သေးချေ။

သံကြိုးပေါ်တွင် ရပ်နေရာမှ ရှေ့သို့ ခြေလှမ်းကျယ်ကြီး တစ်လှမ်း လှမ်းလိုက်ပြီး ပုချန့်တောင်နှင့် သူ့ကြားရှိ ပေ ၁၀၀၀ အကွာအဝေးကို နီးကပ် သွားစေလိုက်ရင်း ဆက်လျှောက် လိုက်သည်။ သူတို့အကြား ပေ ၇၀၀ ခန့်သာ ဝေးတော့သည့် အချိန်တွင် စုမင်ခန္ဓာကိုယ် အတွင်းမှ ဆူညံသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။ ထို့နောက် ကောင်းကင်နှင့် မြေပြင်သည်ပင် တုန်ခါလှုပ်ရှား သွားခဲ့ပြီး အခြားသွေးကြောတစ်ခု ထပ်မံ ပေါ်ထွက်လာခဲ့ပြန်သည်။

သွေးကြော ၉၈၇ ကြော …

၉၈၇ ခုမြောက် သွေးကြော ထွက်ပေါ်လာသည်နှင့် ကောင်းကင်ရှိ တိမ်တိုက်များ ပြင်းထန်စွာ နိမ်းဆင်းသွားသည်။ ရုပ်ပုံသဏ္ဌာန် မပီပြင်သည့် နတ်ဘုရားရုပ်တုကြီးက မြူခိုးငွေ့များ အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။

ထိုရုပ်တုသည် လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပေါ်ခဲ့သည့် နတ်ဘုရားရုပ်တုနှင့် ထပ်တူနီးပါး တူညီနေသော်လည်း လူတို့သာ သေချာအာရုံစိုက် ကြည့်မည် ဆိုလျှင် အချို့ခြားနားမှုများကို မြင်ရမည်ဖြစ်သည်။ သူထုတ်လွှတ်နေသည့်ဖိအားသည် လွန်ခဲ့သည့် လအနည်းငယ်က ရုပ်တုမှဖိအားထက် သာလွန်နေခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က ရုပ်တု၏ အသက်ဝင်မှုနှင့် ဉာဏ်ရည် တို့သည်လည်း ဤရုပ်တုနှင့် မနှိုင်းယှဉ်နိုင်ပေ။ လွန်ခဲ့သည့် လအနည်းငယ်က ရုပ်တုသည် လူတစ်ဦးကဲ့သို့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားခဲ့သည် ဆိုလျှင် ယခုရုပ်တုသည်တော့ နတ်ဘုရား၏ တစ်ပါး၏ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထား သကဲ့သို့ပင် ဖြစ်သည်။

“သင့်ကို ... ရုပ်နယ်လွန်အဆင့် တက်ရောက်ဖို့ ငါ အမိန့်ပေးတယ်”

အသံသည် မိုးခြိမ်းသံများသဖွယ် ထွက်ပေါ်လာခဲ့ပြီး နယ်မြေဒေသ တစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ ထိုအသံ ကောင်းကင်မှ ဆင်းသက်လာသည်နှင့် ရာသီဥတုသည် ပြောင်းလဲသွားသည်။ မြေပြင်သည် တုန်ခါသွားခဲ့ပြီး တောင်ပေါ်မှ ကျောက်တုံးများ လိမ့်ဆင်းကျ သွားကြသည်။ အသံကြီး ကျရောက်လာသည်နှင့် သွေးကြော ကျောက်သား နယ်ပယ်မှ လူများသည် စိတ်ဝိညာဉ်အတွင်းမှပင် တုန်လှုပ်ချောက်ချား သကဲ့သို့ ခံစားလိုက်ရပြီး ဒူးထောက်၍ ကိုးကွယ် လိုက်မိကြသည်။ သူတို့စိတ်များထဲတွင် တဝီဝီမြည်သံကြီး ဖြစ်ပေါ်လာခဲ့ပြီး စိတ်များ ဗလာဖြစ်သွားခဲ့ကြသည်။

ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် များသည်လည်း ဆက်လက်၍ မတ်တတ် မရပ်နိုင်ကြတော့ပေ။ နန်ထျန်းနှင့် အခြားသူများသည်လည်း ဒူးထောက်ရန် ဖိအားပေးခံလိုက်ရပြီး သူတို့ခန္ဓာကိုယ်များက တုန်ယင်နေကြ၏။ ဟန်တောင်တန်း မြို့တော်နှင့် ပတ်ဝန်းကျင် ဒေသတစ်ခုလုံးတွင် မျိုးနွယ်စုသုံးစုမှ အကြီးအကဲများနှင့် ယန်လွမ်သည်သာ မတ်တတ် ရပ်ကျန်နိုင်ခဲ့ကြသည်။

အရောင်စုံရေကန် မျိုးနွယ်စု ခေါင်းဆောင်သည် အားနည်းပုံ ပေါ်သော်လည်း ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုရှေ့တွင် ရပ်တည်နိုင်ခြင်းကြောင့် သူမ၏စွမ်းအားသည် ကောလာဟလများနှင့် မကိုက်ညီကြောင်း သက်သေပင်ဖြစ်သည်။

ထိုအသံကို စုမင် ကြားလိုက်ချိန်တွင် သူ၏ချီသည် သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ် လာခဲ့သည်။ သူ့အပေါ်ရှိ သွေးကြောများမှ ဖြစ်တည်နေခဲ့သည့် ဧရာမသွေးလူ ပုံရိပ်ကြီးသည် ကျိုးပျက်ခြင်းနှင့် ပြန်လည် စုစည်းခြင်းများ ဖြစ်ပေါ်လာတော့မည်ကဲ့သို့ လှိုင်းဂယက်ငယ်များ ထွက်ပေါ်လာခဲ့သည်။ ဧရာမ သွေးလူပုံရိပ်ကြီး၏ ကိုယ်ထည်ပေါ်မှ သွေးကြော ၉၈၇ ကြောသည်လည်း စတင် တုန်ခါ လာခဲ့သည်။

လူသုံးဦးသည် ကောင်းကင်မှ တစ်ဆင့် ဦးတည် လာနေခဲ့သော်လည်း ဟန်တောင်တန်း မြို့တော်မှ လီ ၄၀၀၀ ခန့် ဝေးကွာနေဆဲ ဖြစ်သည်။ မြို့တော်နှင့် နီးကပ် လာသည်နှင့်အမျှ ဖိအားသည် ပိုမိုတိုးလာခဲ့ပြီး သူတို့၏ အရှိန်နှုန်းကို လျော့ကျ သွားစေခဲ့သည်။

သူတို့သည် လီထောင်ပေါင်းများစွာ ဝေးကွာ နေသေးသော်လည်း ဟန်တောင်တန်းမှ ထွက်ပေါ်လာသည့် ခမ်းနားကြီးကျယ်သည့် အသံကိုတော့ ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ရလေသည်။

အဘိုးအိုသည် မျက်လုံးများ ကျဉ်းမြောင်းသွားရုံမှအပ ပကတိ တည်ငြိမ်နေခဲ့သည်။ သို့သော် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးသည်တော့ အလွန်တုန်လှုပ် ချောက်ချားသွားခဲ့ပြီး မတ်တတ်ရပ်နိုင်ရန်ပင် ခဲယဉ်း သွားခဲ့ကြသည်။ သူတို့မျက်နှာပေါ်တွင်တော့ စိတ်အားထက်သန်မှုများ ဖြစ်ပေါ်လာခဲ့၏။

“ညီမငယ် ဟန်ဖေးကျစ်က ရုပ်နယ်လွန် အဆင့်ကို တက်ရောက်နေပြီ …”

“သူမက သွေးကြော ကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့် အတွင်းကနေ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ခဲ့တာ။ သူမသာ ပြီးဆုံး အောင်မြင်သွားပြီ ဆိုတာနဲ့ သူမရဲ့စွမ်းအားက …”

***

All Chapters