← Chapters

လေးနက်သော အတွေးများ

Vol. 14 Ch. 192

လေးနက်သော အတွေးများ

Vol. 14 Ch. 192

ဟန်တောင်တန်းမြို့တော် နယ်မြေတစ်ခုလုံး တုန်ခါသွားသည်နှင့် မည်သည့် ကျင့်ကြံဆင့်တွင် ရှိသူဖြစ်ပါစေ၊ အသံမထွက်ရဲတော့ပေ။ ထိုအခိုက်အတန့်တွင် သတိရှိနေသူများ အားလုံးသည် ကောင်းကင်ကို ကြည့်လိုက်၊ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်နေသည့် အရှိန်အဝါများဖြင့် ပြည့်နှက်နေသည့် တင်ပျဉ်ချိတ် ထိုင်နေသူအား ကြည့်လိုက်ဖြင့် စောင့်ဆိုင်း နေကြသည်။

အလင်းတန်း သုံးခုသည် လီထောင်ပေါင်းများစွာ အဝေးမှနေ၍ ဟန်တောင်တန်း မြို့တော်ဆီသို့ ဦးတည်လာနေခဲ့သည်။ သူတို့သည် လျင်မြန်စွာ နီးကပ် လာခဲ့လိုသော်ငြား ထိုဧရိယာတစ်ဝိုက် ပြည့်နှက်နေသည့် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု အစစ်အမှန်ပုံစံ၏ စွမ်းအားများကြောင့် ရှေ့တိုးရန် ရုန်းကန် နေရချေသည်။ မြည်ဟည်းသံ တစ်ခုနှင့်အတူ အပြာရောင် လျှပ်စီးအလင်းတန်း ကျရောက် သွားချိန်တွင် လေထုထဲရှိ ဖိအားသည် ပိုမိုအားကောင်း လာဟန်ရသည်။

အမျိုးသားနှင့် အမျိုးသမီးတို့သည် ဖြူရော်နေခဲ့ပြီဖြစ်ကာ အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရပြီး ဟန်တောင်တန်း မြို့တော်ရှိရာ အရပ်သို့ တုန်လှုပ်စွာ ငေးကြည့် နေခဲ့ကြသည်။ သူတို့၏ စိတ်များသည် ဗလာကျင်းနေခဲ့ပြီး ၎င်းတို့ထံတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အရာသည် နှလုံးသားများ အတွင်းမှ ဖြစ်ပေါ်လာသည့် သူတို့၏ ဂျူနီယာညီမငယ် ဟန်ဖေးကျစ် အပေါ်သို့ ကြောက်ရွံ့ လေးစားမှုတို့ပင် ဖြစ်သည်။

အဘိုးအိုတစ်ဦးတည်းသာ ဟန်တောင်တန်း မြို့တော်ရှိရာသို့ တောက်ပသည့် မျက်လုံးတို့ဖြင့် စိုက်ကြည့်နေခဲ့သည်။ စကားမပြောခဲ့သော်ငြား သူ့နှလုံးသားထဲတွင်လည်း ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

‘ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုရဲ့ အစစ်အမှန် ပုံစံပေါ်လာပြီးတော့ ရုပ်နယ်လွန် အဆင့်ကို တက်ရောက်ဖို့ သုံးကြိမ် အမိန့်ပေးခဲ့တယ်။  ရုပ်နယ်လွန် အဆင့်ကို တက်ရောက်နေတဲ့သူက သူ့ရဲ့ သွေးကြောတွေကို ဖိနှိပ်နေတယ်လို့ ဆိုလိုတာပဲ ... ဒီလူက ရည်မှန်းချက် ကြီးတယ်။ သူ့မှာ သာမန်ထက်လွန်ကဲတဲ့ အလိုဆန္ဒရှိရုံတင် မကဘူး သူ့မှာ သွေးကြောတွေကို တိုးပွားလာအောင် လုပ်ဖို့ နည်းလမ်းလည်း ရှိနေတာပဲ’

‘ဒါက တကယ်ပဲ လုံမလေး ဟန်ဖေးကျစ်လား။ ဒီလိုဆိုရင်တော့ ကျိုးရှန့်က တပည့်ကောင်း တစ်ယောက်ကို ရလိုက်တာပဲ။ သူသာ သူမကို သေချာလေ့ကျင့် ပေးလိုက်ရင် သူမက စစ်မာရဲ့အငယ်ဆုံး လူကိုတောင် ယှဉ်ပြိုင်နိုင်လောက်တယ်’

‘ဒါပေမဲ့ ဒါက တုန်လှုပ်စရာ အကောင်းဆုံး မဟုတ်ဘူး။ အဲဒီမိုးတိမ်တွေက ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု အစစ်အမှန်ပုံစံရဲ့ စွမ်းအား အောက်မှာတောင် အတူတကွ စုဖွဲ့နိုင်တယ်။ ပြီးတော့ ကျဆင်းလာတဲ့ အပြာရောင်လျှပ်စီးတန်း ... ဘာကြောင့် ... အဲဒီ လျှပ်စီးတန်းက ကျဆင်း လာခဲ့ရတာလဲ’

အဘိုးအို၏ မျက်လုံးတို့သည် တောက်ပနေခဲ့ရင်း သူသက်ပြင်းချလိုက်မိသည်။ သူကိုယ်တိုင် စူးစမ်း လေ့လာနိုင်ရန်အတွက် သူ့ဘေးရှိလူများကို မပစ်ပယ်ခဲ့ပေ။ ထိုအစား သက်ပြင်းချပြီးသည်နှင့် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး အမျိုးသမီးနှင့် အမျိုးသား ပျံသန်းနေသည့် အရှိန်နှုန်းဖြင့်သာ အရှိန်တူညီစွာ ထားလိုက်ရင်း မြို့တော်ဆီ ဖြည်းညင်းစွာ ပျံသန်းလာလိုက်သည်။

ထိုအချိန် ဟန်တောင်တန်း မြို့တော်အထက် ကောင်းကင်တွင်တော့ ဂျုံးဂျုံးဂျိန်းဂျိန်း အသံများ မြည်ဟည်းနေခဲ့သည်။ စုမင် ခန္ဓာကိုယ်တွင် ၉၉၁ ခုမြောက် သွေးကြော ထွက်ပေါ်လာသည့် ခဏတွင် အနက်ရောင် ချပ်ဝတ်နှင့် နတ်ဘုရားရုပ်တု၏ အစစ်အမှန်ပုံစံ အထက်ရှိ မိုးတိမ်တို့သည် စူးရှသည့် အပြာရောင် အလင်းဖြင့် နောက်တစ်ကြိမ် တောက်ပ လာခဲ့ပြန်သည်။ ယခင်တစ်ခုထက် ပိုမိုထူထပ် သန်မာသည့် အပြာရောင်လျှပ်စီးတန်း တစ်ခုသည် ရုတ်ခြည်း ဆိုသလို ကျဆင်းလာခဲ့ပြန်သည်။

အပြာရောင် လျှပ်စီးတန်းသည် ကောင်းကင်နှင့် မြေပြင်အကြား လေဟာနယ်ကို တွန့်လိမ်ပုံပျက် သွားစေသည်။ အသက်ရှူရန်ပင် မေ့လျော့နေခဲ့သည့် ဟန်တောင်တန်း ပတ်ဝန်းကျင်နယ်မြေ တစ်ဝိုက်ရှိ လူတိုင်း၏ မျက်လုံးအောက်တွင်ပင် လျှပ်စီးအလင်းတန်းသည် စုမင်ဘေးရှိ ဟယ်ဖုန်းထံသို့ ဦးတည်လျက် ဖြောင့်တန်းစွာ ကျဆင်း လာခဲ့ချေသည်။

ဆေးဖက်ဝင် အငွေ့အသက်တို့သည် ဟယ်ဖုန်း၏ ခေါင်းထဲတွင် လျင်မြန်စွာ စုဝေးလျက်ရှိသည်။ ဖွဲ့တည်နေခဲ့သည့် မပီဝိုးတဝါး အလုံးလေးသည်လည်း ဆေးဖက်ဝင် အငွေ့အသက် အားလုံးကို စုပ်ယူပြီး ဆေးလုံးအသွင်ပြောင်းလိုသည့်အလား အတွင်းတွင်လျင်မြန်စွာ လှည့်ပတ်နေခဲ့သည်။

လျှပ်စီးတန်းသည် မြည်ဟည်းသံ တစ်ခုနှင့်အတူ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ အစစ်အမှန်ပုံစံကို ဖြတ်သန်းလျက် ဟယ်ဖုန်းထံ ကျဆင်းလာခဲ့ပြီး ခဏအတွင်းမှာပင် ဟယ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီး တစ်ခုသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး ဟယ်ဖုန်း၏ ခန္ဓာကိုယ်သည်လည်း အပြာရောင် အလင်းတို့ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အက်ကွဲသံတို့ ထွက်ပေါ်လာပြီး လျှပ်စီး အလင်းတန်းတို့သည် သူ့ခန္ဓာကိုယ် တစ်ဝိုက် ဖြစ်ပေါ်လာခဲ့၏။ ၎င်းတို့အထဲမှအချို့သည် ပုချန့်တောင်ပေါ်သို့ ကျရောက်သွားခဲ့ကြပြီး အပြင်သို့ ပျံ့နှံ့ သွားခဲ့ကြလေသည်။ စုမင်ထံသို့ ပျံ့လွင့်လာခဲ့သည့် အချို့ပင် ရှိ၏။

စုမင် ရုတ်တရက် ထိတ်လန့်သွားပြီး မျက်လုံးတို့ကို ဖွင့်လိုက်မိရင်း ထူးဆန်းသည့် အလင်းသည် သူ့မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သည်။

သူ့မျက်လုံးများကို ဖွင့်လိုက်ချိန်တွင် ရုတ်တရက် ဆိုသလိုပင် ဟယ်ဖုန်း၏ ခြေလက်များသည် အပြာရောင် လျှပ်စီးအလင်းအောက်တွင် လောင်ကျွမ်း ပျက်စီးသွားခဲ့ပြီး အနက်ရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်ကို စုမင် တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း တော်တော်များများသည်လည်း လျှပ်စီးတန်း၏ အောက်တွင် သဲလွန်စမကျန် ပျောက်ကွယ် သွားခဲ့လေသည်။

ထို့နောက်တွင်တော့ စုမင် မျက်လုံးများထဲတွင် ဟယ်ဖုန်း၏ ခန္ဓာကိုယ်သည် ဦးခေါင်း အပါအဝင် အပိုင်းသေးသေးသာ ကျန်ရှိတော့သည်။ အလင်းတန်းသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး တဖြည်းဖြည်း သူနှင့် ပေါင်းစပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဟယ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ ဆေးဖက်ဝင် အငွေ့အသက်များသည် အလင်းတန်း၏ အထောက်အပံ့ဖြင့် ပိုမိုလျင်မြန်စွာ စုဝေးသွားကြပြီး ဟယ်ဖုန်း၏ ဦးခေါင်းအတွင်းမှ မပြတ်မသား အလုံးငယ်ဆီသို့ ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်နှုန်းဖြင့် ပေါင်းစပ် သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် မပြတ်မသား အလုံးငယ် အတွင်းရှိ လက်သည်းခွံ အရွယ်အစား ဆေးလုံးတစ်လုံး စတင် ဖြစ်ပေါ်လာခဲ့သည်။ မကြာမီမှာပင် ဆေးလုံးသည် ပြီးမြောက် အောင်မြင်တော့မည် ဖြစ်သည်။

လျှပ်စီးအလင်းတန်း နှစ်ချက်ကြောင့် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ အစစ်အမှန်ပုံစံထံမှ ဖိအားသည်လည်း များစွာ အားနည်းသွားခဲ့ပြီး စုမင်၏ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်လိုသည့် တွန်းအားဆန္ဒကို လျင်မြန်စွာ ပျောက်ကွယ် သွားစေခဲ့သည်။

ဤအရာသည် စုမင်၏ဘဝ တစ်သက်တာအတွက် အခွင့်အလမ်းပင် ဖြစ်သည်။

ဤအရာသည် သူမျှော်လင့်ထားသည်များထက် ကျော်လွန်နေခဲ့သည်။ ဝိညာဉ်လုယက်ကို သန့်စင်နေသည့် အချိန်တွင် ကျဆင်းလာမည့် လျှပ်စီးကြောင့် ယခုလို မယုံနိုင်ဖွယ် အခွင့်အရေးမျိုး ပေါ်လာလိမ့်မည်ဟု စုမင် မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့မိပေ။

မူလက သူသွေးကြော ၉၉၀ သာ ထုတ်ဖော်နိုင်ခဲ့သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်၏ အကန့်အသတ်ပင် ဖြစ်သည်။ သူ့အတွင်းရှိ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်လိုသည့် တွန်းအားဆန္ဒကို ဖိနှိပ်နိုင်ရန် သူ့တွင် နည်းလမ်း မရှိတော့ပေ။ သူ၏တစ်ခုတည်းသော ရွေးချယ်စရာသည် ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်ရန်သာ ဖြစ်သည်။

ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ရတော့မည့် အချိန်တွင် သူစိတ်မကောင်း ဖြစ်မိသော်လည်း သွေးကြောများကို တိုးမြှင့်ရန် သူဆက်မစဉ်းစားခဲ့ပေ။ သူ့အထက်မှ ဧရာမသွေးလူပုံရိပ်ကြီးလည်း ပျက်စီးသွားခဲ့ပြီး သူ့သွေးကြောများလည်း အရည်ပျော်နေခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်း၏ အရှိန်အဝါတို့ဖြင့် ဖုံးအုပ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူသွေးကြောများ ဆက်လက် တိုးပွားအောင် မလုပ်ဆောင်နိုင်တော့ချေ။

သူ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက် ရတော့မည် ဖြစ်သည်။ သို့သော် ... လျှပ်စီးအလင်းတန်းနှစ်ခု ပေါ်ထွက်လာမှုသည် ရေခဲမြစ်တစ်ခုအတွင်း အက်ကြောင်းတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ သူ့အတွက်လည်း လမ်းကြောင်း တစ်ခုကို ဖွင့်ပေးခဲ့သည်။

ကြည့်နေသူများသည်လည်း အချိန်အတော်ကြာ အသက်ရှူကြပ်နေရာမှ ရုတ်တရက် လွတ်မြောက်လာဟန်ဖြင့် သန့်ရှင်းသည့်လေတို့ကို အငမ်းမရ ရှူရှိုက်လိုက်မိကြသည်။

တောက်ပသည့် အလင်းတဖြာသည် စုမင်မျက်လုံးများ အတွင်း လျှပ်တစ်ပြက် ဆိုသလို ဖြစ်ပေါ်သွားခဲ့ပြီး  သူသည် တစ်စုံအရာကြောင့် တုံ့ဆိုင်း သွားခဲ့သည်။

သို့သော် ထိုတုံ့ဆိုင်းမှုသည်လည်း ကြာရှည်မခံဘဲ စုမင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ၉၉၁ ခုမြောက် သွေးကြော ထွက်ပေါ်လာသည်နှင့် သူသည် မာန်စွမ်းအားရှင် အရိုးကို အရည်ဖျော်ရန် ရုပ်နယ်လွန်အဆင့်၏ အရှိန်အဝါကို အသုံးချပစ်လိုက်သည်။

၎င်းသည် အရည်ပျော်လာခဲ့ပြီး စုမင်၏ ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်သည့် ဖြစ်စဉ်သည်လည်း ရပ်တန့်သွားခဲ့သဖြင့် သူ၏ သွေးကြောများ နောက်တစ်ကြိမ် ထပ်မံတိုးပွား လာခဲ့ပြန်သည်။

၉၉၂

၉၉၃

၉၉၄

သွေးကြောသုံးခု တိုးပွားလာမှုသည် စုမင် ခန္ဓာကိုယ်အတွင်း ပေါက်ကွဲသံများ မြည်ဟည်း သွားစေသည်။ ခန္ဓာကိုယ်ထဲတွင် အတူတက် တည်ရှိမနေနိုင်ဟန်ဖြင့် သွေးကြောများ၏ စွမ်းအားသည်လည်း ရုပ်နယ်လွန်အဆင့် အရှိန်အဝါကို ဆန့်ကျင် နေကြသည်။ မည်သို့ပင်ဆိုစေ စုမင်မျက်လုံးများ အတွင်းမှ အလင်းသည်တော့ ပိုမို၍သာ တောက်ပ လာခဲ့သည်။

ဤနောက်ထပ် သွေးကြောများသည် သူ့ကိုပိုမို သန်မာလာအောင် ပြုလုပ်ပေးနေသည့် အခြေအနေကို စုမင်ကောင်းစွာ ခံစားနိုင်သည်။ ထွက်ပေါ်လာနေသည့် သွေးကြောများနှင့်အတူ သူ့ခွန်အားများ တိုးပွား လာနေသည်ကို သူခံစားနေရသည်။

ထိုအချိန်တွင် ကောင်းကင်မှ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ အစစ်အမှန် ပုံစံသည်တော့ တုန်ခါသွားခဲ့သည်။ အပြာရောင် လျှပ်စီးအလင်း တစ်ခုသည် သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် ဖြစ်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် ရုပ်တု၏ ထိုင်နေသည့် ပုံစံအတိုင်း အတိအကျ ထိုင်နေခဲ့သည့် ဟယ်ဖုန်း၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက် နေသကဲ့သို့ပင် ဖြစ်သည်။ သူတို့အကြားတွင် ဆက်သွယ်မှုတစ်မျိုး ရှိနေခဲ့ပြီး လျှပ်စီးလောင်ကျွမ်းခြင်းတွင် ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုသည် ဟယ်ဖုန်း၏ ခန္ဓာကိုယ်အား အစားထိုးလျက် ကူညီပေး နေသကဲ့သို့ပင် ဖြစ်သည်။

လျှပ်စီးသည် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် ကရုဏာကင်းမဲ့သည့် အကြည့်တစ်ခုသည် ရုပ်တု၏ မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သည်။ တစ်ဖြည်းဖြည်းနှင့် ၎င်းသည် မတ်တတ် ထရပ်တော့မည့်ဟန်ဖြင့် ရုပ်တုသည် သူ့ခန္ဓာကိုယ်ကြီးကို ဖြည်းညင်းစွာ လှုပ်ရှားလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့အထက် မြင့်မားသည့်နေရာရှိ  တိမ်စိုင်များသည် အတူတကွ စုဝေးသွားခဲ့ကြပြီး တတိယအကြိမ်အဖြစ် ပမာဏများပြားလှသော အပြာရောင်အလင်းတို့ ဖြစ်ပေါ်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင် အပြာရောင်အလင်း၏ ပြင်းထန်မှုသည် ယခင်နှစ်ကြိမ်ထက် ရှင်းလင်း ပြတ်သားစွာပင် ပိုမိုသာလွန်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် တိမ်စိုင် တစ်ခုလုံးသည်ပင် အပြာရောင် ပြောင်းသွားခဲ့သည်။

ပတ်ဝန်းကျင်ရှိ မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် လျှပ်စီးတန်း တို့သည်လည်း အပြာရောင်တိမ်စိုင်ဆီ တိုးဝင်လျက် ၎င်းအတွင်းသို့ ရောစပ်သွားခဲ့ကြပြီး သန်မာသည့် ဖိအားအဖြစ် ပြောင်းလဲသွားကာ လူတိုင်းအပေါ်သို့ ကျရောက်လာခဲ့သည်။

နောက်ဆုံးတွင်တော့ ထိုအပြာရောင် တိမ်စိုင်အတွင်းရှိ လျှပ်စီးအလင်းတန်းသည် လူတို့၎င်းကို ကြည့်ရှုမိရုံနှင့်ပင် အံ့သြတုန်လှုပ်ရသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ တိမ်စိုင်အတွင်းမှ လျှပ်စီးအလင်းတန်းသည် ယခင်နှစ်ကြိမ်ထက် ပိုမို၍သာလွန် ပြင်းထန်လိမ့်မည်ကို သူတို့အားလုံး သေချာပေါက် ပြောနိုင်ချေသည်။ အမှန်တစ်ကယ်တွင် ... ယခင်လျှပ်စီးတန်းနှစ်ခုသည် ဤအရာနှင့် လုံးဝပင် မယှဉ်နိုင်ခြင်းဖြစ်သည်။

ပုချန့်မျိုးနွယ်စုမှ အကြီးအကဲနှင့် မျိုးနွယ်စု ခေါင်းဆောင်တို့သည် လုံးဝပင် အံ့အားသင့် ကြောက်ရွံ့နေခဲ့ကြပြီး မြေပြင်တွင် ထိတ်လန့်တုန်လှုပ်စွာ ဝပ်တွားနေမိကြသည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ပေါ်တွင်လည်း အလားတူပင်ဖြစ်သည်။ ဖန်းချန်းလန်သည်ပင် ဖြူရော်နေခဲ့ချေသည်။ ကောင်းကင်ကို ကြည့်လိုက်မိသည့် အချိန်တွင် သူမမျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ဖြစ်ပေါ်လာခဲ့သည်။

အရောင်စုံရေကန် တောင်ပေါ်တွင် ယန်လွမ်သည် ရုပ်နယ်လွန် အလယ်ဆင့်တွင် ဖြစ်သော်လည်း ကောင်းကင်မှ ထိုထူးဆန်းသည့် ဖြစ်ရပ်အောက်တွင် သူမကိုယ်သူမ သေးငယ်၍ အားနည်းသကဲ့သို့ ခံစားလိုက်ရသည်။ လျှပ်စီးအလင်းတန်းတို့၏ စွမ်းအားသည် သူမကို တုန်လှုပ်ချောက်ချား စေခဲ့သည်။

အဘွားအိုသည်တော့ မြေပြင်တွင် ဒူးထောက်လျက် မျက်လုံးတို့ကို ပိတ်ထားခဲ့သည်။ သူမ၏ အမူအရာသည် တည်ငြိမ် နေခဲ့သော်လည်း လက်သီးကို ဆုပ်လိုက်ဖြေလိုက် လုပ်နေခဲ့သည်။ ဤအရာသည် သူမ၏ မျက်နှာတွင် ပြထားသကဲ့သို့ သူမ၏ နှလုံးသား အတွင်းမှ အမှန်တကယ် ခံစားနေရသည် မဟုတ်ကြောင်း အသေအချာ ဖော်ပြနေခဲ့သည်။

ဟန်တောင်တန်းမြို့တော် အတွင်းတွင်တော့ သုသာန်တစပြင်သဖွယ် တိတ်ဆိတ် နေခဲ့သည်။ မည်သူကမှ အသံမထွက်ခဲ့သလို မည်သူကမှ စတင် ဆွေးနွေးခြင်း မပြုခဲ့ပေ။ လူတိုင်းသည် စိတ်လှုပ်ရှားမှုနှင့် တွေးခေါ်နိုင်မှုများ အလယ်တွင် တွေးခေါ်နိုင်မှုများ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအထဲတွင် ဒူးထောက်လျက်ရှိသည့် နန်ထျန်း၊ ခဲ့ကျူးစစ်၊ လန်ယန်နှင့် ရွှမ်းလွမ်တို့လည်း ပါဝင်နေခဲ့သည်။

လီထောင်ပေါင်းများစွာ အဝေးမှ မြို့တော်ဆီသို့ ဦးတည်လာနေသည့် လူသုံးဦးအနက်မှ အမျိုးသားနှင့် အမျိုးသမီး တို့သည်လည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် အော်ဟစ်လိုက်မိပြီး ရုတ်တရက် ရပ်တန့်လိုက်ကြရသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ဟန်ဖြင့် တိမ်စိုင်များထံသို့ အံ့အားသင့်စွာ ငေးကြည့်နေမိကြသည်။

အဖွဲ့ကို ဦးဆောင်နေသည့် အဘိုးအိုသည် အဝေးရှိ တိမ်စိုင်များကို တိတ်ဆိတ်စွာ ကြည့်လိုက်မိ၏။ ထို့နောက် သူလည်း အလားတူပင် အသက်ပြင်းပြင်း ရှူသွင်းလိုက် ရချေသည်။

စုမင် ပုချန့်တောင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူ့ခန္ဓာကိုယ် အတွင်းမှ သွေးကြော ၉၉၄ ကြောသည် သူခံနိုင်ရည်ရှိသည့် အတိုင်းအတာသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ စုမင် အံကြိတ်လျက် သူ့ခန္ဓာကိုယ် အတွင်းမှ မာန်အရိုးကို အရည်ဖျော်ရန် နောက်တစ်ကြိမ် ကြိုးစားလိုက်သည်။ သို့သော် သူထိုအရိုးကို အရည်ဖျော်ရန် မည်မျှပင် ကြိုးစားပါစေ၊ သူ့ခံနိုင်ရည်ကို ချိုးဖျက်ရန် မည်မျှပင် ကြိုးစားပါစေ သွေးကြောများသည်တော့ ဆက်လက်တိုးပွားရန် ငြင်းဆန်နေခဲ့ပြီး ၉၉၄ ကြောတွင်သာ ဆက်တည်ရှိနေခဲ့သည်။

ကောင်းကင်ရှိ တိမ်စိုင်များ စုဝေးလျက် လျှပ်စီးအလင်းတန်း ကျရောက် လာတော့မည် ဖြစ်သလို နတ်ဘုရား ရုပ်တုသည်လည်း ဖြည်းညင်းစွာ မတ်တတ် ထရပ်နေခဲ့ပြီ ဖြစ်သည်။ မိမိအတွက်အချိန်သည် တိုတောင်းကြောင်းကို စုမင်သိသည်။ သူ အပြာရောင် တိမ်စိုင်တို့ကို မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများ အတွင်းရှိ တုံ့ဆိုင်းမှုများသည် သွေးကြောများကြောင့် ဖြစ်သော်လည်း ထိုတုံ့ဆိုင်းမှုများအပြင် စိတ်ကူး၍မရနိုင်သည့် မယုံကြည်မှုများလည်း ရှိနေခဲ့သည်။

ထိုမယုံကြည်နိုင်မှုတို့သည် သွေးကြောများကြောင့် မဟုတ်သလို ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ခြင်းကြောင့်လည်း မဟုတ်ပေ ... ၎င်းတို့သည် ဟယ်ဖုန်းကို ဒုတိယလျှပ်စီး ရိုက်ခတ်သွားခဲ့ချိန်တွင် စုမင်ကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည့် လျှပ်စီးအလင်းတန်းလေး များကြောင့် ဖြစ်သည်။

ထိုအလင်းတန်းလေး များသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ရောစပ်သွားခဲ့ပြီး သူ့ကိုရုတ်တရက် ထိတ်လန့် တုန်လှုပ်စေခဲ့သည်။ သူတို့သည် ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားနိုင်ပြီ ဖြစ်သော်လည်း သူ့ခန္ဓာကိုယ် အတွင်းတွင် အချိန်ခဏကြာ ရှိနေခဲ့ကြသေးသည်။

ထိုအခိုက်အတန့်တွင် ၎င်းတို့သည် စုမင်၏ စိတ်ထဲတွင် လေးနက်သည့် အတွေးများကို ဖြစ်ပေါ်လာစေခဲ့ပြီး သူ့ကိုအနည်းငယ် တုန်လှုပ်ချောက်ချား သွားစေခဲ့သည်။

ထိုအတွေးသည် ရဲရင့်ပြီး မဆင်မခြင်နိုင်လွန်း လှသည်။ ၎င်းကို ရယ်စရာ တစ်ခုဟုပင် ပြောနိုင်၏။

သို့သော် ယခုတော့ စုမင်ကိုယ်တိုင်သည်ပင် ထိုအတွေးသည် စိတ်ကူးယဉ်ဆန်သည်ဟု တွေးတော နေမိသော်လည်း သူသည် စိတ်လှုပ်ရှားစွာဖြင့် ထိုအရာပေါ်တွင်သာ အဆက်မပြတ် တွေးတောနေခဲ့မိသည်။

‘ငါ့မှာ အခွင့်အရေးက တစ်ခုပဲ ရှိတယ်။ ဒါက ငါ့ရဲ့  စိတ်ကူးယဉ်မှု သက်သက်လား ဒါမှမဟုတ် အစစ်အမှန် ဖြစ်လာနိုင်လား ဆိုတာကို သိနိုင်မဲ့ တစ်ခုတည်းသော အချိန်ပဲ ... ငါကြိုးစားကြည့်ချင်တယ်’

စုမင် ကောင်းကင်ရှိ အပြာရောင် တိမ်စိုင်များကို ငေးကြည့်နေရင်းမှ သူ့မျက်လုံးများအတွင်း ရူးသွပ်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။

‘ဝိညာဉ်လုယက်က ငါ့အတွက် ရုပ်နယ်လွန် အဆင့်ရဲ့ မူလ မာန်အကြောမျှင် ဖြစ်လာနိုင်တယ် ဆိုပေမဲ့ ဒါက အရာဝတ္ထုတစ်ခုပဲ ... အဲဒါက ငါ့ရဲ့ကာယ ဖြစ်တည်မှုတစ်ခု ဖြစ်မလာနိုင်ဘူး။ မူလအကြောမျှင်က အကြမ်းခံကိုယ်ထည်ကို လိုအပ်တဲ့ပုံပဲ’

‘ဒါပေမဲ့ ဒီအစွမ်းထပ်တဲ့ အပြာရောင် လျှပ်စီး အလင်းတန်းက ငါ့ခန္ဓာကိုယ်ထဲမှာ ခဏပဲနေတယ်။ အဲဒီအခိုက်အတန့်လေး အတွင်းမှာတော့ သူက ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှု တစ်ခုလို့ ဆိုလိုတာလား။ ဒါပေမဲ့ အဲဒီအချိန် ပြီးသွားရင်တော့ သူက ရုပ်ပိုင်းဖြစ်တည်မှု မရှိတဲ့ အရာအဖြစ် ပြန်ဖြစ်သွားလိမ့်မယ် …’

***

All Chapters