← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း။ ၁၉၁

ကုယန်ရန်သည် နံရံကိုမှီ၍ ထိုင်နေရင်း ဝိညာဉ်လွင့်ထွက်သွားသည့်အလား ကောင်းကင်ယံကို ကြည့်ကာ ငေးမှိုင်နေသည်။

“သေပြီ... အစ်ကိုမုန့် တကယ်ပဲ သေသွားပြီ...”

ငယ်စဉ်ကတည်းက သူမသည် သူမ၏ အစစ်အမှန်ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ပြီး မုန့်မိသားစုတွင် နေထိုင်ခဲ့ကာ မုန့်ဟဲတုန်းနှင့်အတူ ငယ်သူငယ်ချင်းများအဖြစ် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။

သူမသည် မုန့်ဟဲတုန်းနှင့် လက်ထပ်ထိမ်းမြားပြီး ရွှေပန်းခိုင်၊ ငွေပန်းခိုင်များ ဆောင်းကာ ရဲရဲနီသော မင်္ဂလာဝတ်စုံကို ဝတ်ဆင်ရမည့်နေ့ရက်များကို အကြိမ်ကြိမ် စိတ်ကူးယဉ်ခဲ့ဖူးသည်။

“သေခြင်းတရားက ခြားခဲ့ပြီ... ချစ်ခွင့်လည်း မရှိတော့ဘူး...”

ကုယန်ရန်၏ မျက်နှာမှာ ပြာနှမ်းနေသော်လည်း ဝမ်းနည်းကြေကွဲစွာဖြင့် ပြုံးလိုက်မိသည်။

သူတို့၏ နောက်ဆုံးခွဲခွာခြင်းမှာ ထာဝရနှုတ်ဆက်ခြင်း ဖြစ်သွားလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးခဲ့မိချေ။ သူတို့၏လမ်းစဉ်မှာ ထာဝရပြတ်တောက်သွားခဲ့ပြီး ပြန်လည်ဆုံတွေ့နိုင်တော့မည် မဟုတ်ပေ။

တုတ်... တုတ်... တုတ်...

ထိုစဉ်မှာပင် မှောင်မိုက်သော ချောက်နက်၏ အပြင်ဘက်မှ ခြေသံများ ပဲ့တင်ထပ်လာခဲ့သည်။

ခန့်ညားထည်ဝါပြီး တည်ငြိမ်သော အမူအရာရှိသည့် မျက်လုံးသုံးလုံးနှင့် လူငယ်တစ်ဦးက ချောက်နက်အတွင်းသို့ လမ်းလျှောက်ဝင်လာ၏။

“ညီမလေး... သေသွားတဲ့သူက ပြန်ရှင်မလာတော့ဘူး။ စိတ်လျှော့လိုက်ပါတော့"

အသက်သုံးဆယ်ခန့်ရှိသော ထိုလူငယ်သည် အိပ်ရေးပျက်၊ အစားပျက်ဖြစ်နေသည့် ကုယန်ရန်ကို ကြည့်ကာ မျက်ဝန်းထဲ၌ ကြင်နာမှုအရိပ်အယောင်များ ဖြတ်သန်းသွားပြီး ညင်သာစွာ နှစ်သိမ့်သည်။

ကုယန်ရန်သည် ထိုလူငယ်ကို တောင့်တောင့်ကြီး မော့ကြည့်လိုက်သည်။ မူလက သစ်သားတုံးကဲ့သို့ အသက်မဲ့နေသော သူမ၏မျက်ဝန်းထဲတွင် အဆုံးမဲ့သော မျှော်လင့်ချက်အရိပ်အယောင်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

သူမသည် အပြေးအလွှား သွားရောက်ကာ ထိုလူငယ်ကို ကြည့်၍ ပြောလိုက်သည်။

“အစ်ကိုရွှမ်တိန်... ကျွန်မကို ကူညီပါဦး။ အစ်ကိုမုန့်အတွက် ကလဲ့စားချေပေးပါ။ အဲဒီ ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းကို သတ်ပေးပါ”

၎င်းကို ကြားရလျှင် လူငယ်က ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

“မဖြစ်ဘူး ညီမလေး... ငါတို့သာ အဲဒီလိုလုပ်လိုက်ရင် ငါတို့ရဲ့ ရှေးဦးကမ္ဘာဦးမျိုးနွယ်တစ်ခုလုံး အန္တရာယ်ဖြစ်သွားလိမ့်မယ်"

ကုယန်ရန်မှာ လက်မလျှော့သည့်အပြင် တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့်

“အစ်ကိုရွှမ်တိန်... အရင်က အစ်ကို ကျွန်မကို ကတိပေးခဲ့ဖူးတယ်လေ။ ကျွန်မ ဘာပဲတောင်းဆိုတောင်းဆို အစ်ကို မငြင်းဘူးလို့။ ကျွန်မအတွက်ဆိုရင် အသက်တောင် ပေးရဲပါတယ်လို့... အစ်ကို မေ့သွားပြီလား”

ထိုစကားကြောင့် လူငယ်၏ မျက်နှာတွင် ဝေခွဲမရသည့် အရိပ်အယောင်များ ပေါ်လာပြီး

“ညီမလေး... ငါ သေချာပေါက် မှတ်မိတာပေါ့ ဒါပေမဲ့... ဒါပေမဲ့ ဒီကိစ္စက ငါတို့မျိုးနွယ်စုတစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။ ငါတစ်ယောက်တည်း သေရမှာက ကိစ္စမရှိပေမဲ့ မျိုးနွယ်စုတစ်ခုလုံးကို ဘေးဒုက္ခရောက်အောင် လုပ်မိရင်တော့ ငါက မျိုးနွယ်စုရဲ့ အပြစ်သားကြီး ဖြစ်သွားလိမ့်မယ်”

ကုယန်ရန်၏ မျက်နှာမှာ မှိုင်ကျသွားပြီးနောက် ခေတ္တစဉ်းစားကာ ပြောလိုက်သည်။

“ဒါဆိုရင် အစ်ကိုရွှမ်တိန်... ဒီကိစ္စက အရမ်းခက်ခဲနေတယ်ဆိုရင် နောက်ဆုံးတစ်ချက်ပဲ တောင်းဆိုပါရစေ"

“အဲဒါကတော့ ရှောင်ပင်းဆိုတဲ့သူက ဇီဝေချန်မိသားစုရဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မုန့်မိသားစုဆီ အသိပေးပေးဖို့ပါပဲ"

မျက်လုံးသုံးလုံးနှင့် လူငယ်၏မျက်နှာတွင် ပို၍ပြင်းထန်သော စိတ်ကူးယဉ်တိုက်ပွဲများ ဖြစ်ပေါ်လာသည်။

အသိတရားအရဆိုလျှင် ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ဘေးကြီးအတွင်း၌ အကောင်းဆုံးနည်းလမ်းမှာ ဘေးထွက်ကြည့်နေရန်သာ ဖြစ်သည်။ သို့သော် ကုယန်ရန်၏ အားကိုးရာမဲ့ပြီး ခြောက်ကပ်နေသော မျက်နှာကို ကြည့်ကာ သူ၏နှုတ်ဖျားသို့ ရောက်နေသော ငြင်းဆန်စကားကို မပြောရက်နိုင်ဘဲ ဖြစ်နေရ၏။

“အစ်ကိုရွှမ်တိန်... အစ်ကိုသာ ကျွန်မအတွက် ဒါလေးလုပ်ပေးမယ်ဆိုရင် ကျွန်မ အစ်ကို့ကို လက်ထပ်ပါ့မယ်"

ကုယန်ရန်က တိုးတိတ်စွာ ပြောလိုက်သည်။

ထိုစကားအဆုံး၌

ဝုန်း….

မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင် မျက်လုံးသုံးလုံးနှင့် လူငယ်မှာ ကုယန်ရန်ကို မှင်တက်ကာ စိုက်ကြည့်နေမိသည်။

နောက်တစ်ခဏ၌ သူသည် အံကြိတ်ကာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ငါ ကတိပေးတယ်"

ခဏအကြာတွင် မျက်လုံးသုံးလုံးရှိသော ရှေးဦးမျိုးနွယ်စုနယ်မြေအတွင်းမှ အရိပ်မည်းတစ်ခုက တိတ်တဆိတ် ထွက်ခွာသွားတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ချင်းပြည်နယ်၌ စစ်သင်္ဘောနှင့် ပျံသန်းနိုင်သော သင်္ဘောပေါင်း ရာနှင့်ချီ၍ ကောင်းကင်ယံသို့ ထိုးတက်သွားကြပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီသို့ ဦးတည်၍ ချီတက်နေကြသည်။

ကောင်းကင်ယံတစ်ခုလုံးမှာ မိုးကုပ်စက်ဝိုင်းအထိ ရှည်လျားစွာ သွယ်တန်းနေသော ထိုသင်္ဘောကြီးများဖြင့် ပြည့်နှက်နေ၏။ စစ်သင်္ဘောတိုင်းကို နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိ သံမဏိများဖြင့် သွန်းလုပ်ထားပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားပုံစံ စာသားများကိုလည်း ထွင်းထုထားကာ ဟင်းလင်းပြင်ကြီးကိုပင် ဖိနှိပ်ထားသည်။

စစ်သင်္ဘောများပေါ်တွင် မရေမတွက်နိုင်သော မုန့်မိသားစုဝင်များနှင့် လက်အောက်ခံအဖွဲ့အစည်းများမှာ သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တိုက်ပွဲဝင်လှံရှည်များကို ကိုင်ဆောင်လျက် အေးစက်သော အရှိန်အဝါတို့ဖြင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေကြသည်။

သင်္ဘောတိုင်များတွင် အလံများကို လွှင့်တင်ထားရာ တစ်ဖက်၌ နက်မှဲာင်သော လျှို့ဝှက်ငှက်ပုံစံကို ဖော်ပြထားပြီး အခြားတစ်ဖက်၌မူ မုန့်ဟူသော စာလုံးကြီးကို ခန့်ညားစွာ ရေးထိုးထားသည်။

သူတို့သည် တိုက်ကြီးတစ်ခုပြီးတစ်ခုကို ဖြတ်ကျော်ကာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်နေကြခြင်းပင်။ စစ်ယာဉ်တန်း၏ အလယ်ဗဟိုတွင် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ကိုးခုမြောက်ကောင်းကင်အဆင့်ရှိသော လျှို့ဝှက်ငှက်ကြီး သုံးကောင်က ရွှေ့လျားနန်းတော်တစ်ခုကို ဆွဲငင်နေပြီး ထိတ်လန့်ဖွယ်ရာ အော်ဟစ်သံများကို ပြုလုပ်နေကြ၏။

“သတ်ကြ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို မြေလှန်ပစ်ကြ။ မုန့်မိသားစုရဲ့ သားတော်အတွက် ကလဲ့စားချေကြ”

“ဒီတစ်ခေါက်မှာတော့ ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းရဲ့ ခေါင်းကို ဖြတ်ရမယ်”

အော်ဟစ်ကြွေးကြော်သံများမှာ ကောင်းကင်ယံကို တုန်ဟည်းစေသည်။ သံချပ်ကာများမှ ထွက်ပေါ်လာသော အေးစက်သည့် အလင်းရောင်များမှာ ကောင်းကင်အထိ ရောက်ရှိနေ၏။ သူတို့၏ တားဆီး၍မရသော အရှိန်အဝါကို မည်သည့်အရာကမျှ ရင်ဆိုင်နိုင်စွမ်း မရှိချေ။

မုန့်မိသားစု ဦးဆောင်သော ဤစစ်တပ်ကြီးသည် ဒီရေအလား တိုးဝင်လာပြီး ကောင်းကင်ယံကို ဖုံးလွှမ်းသွားခဲ့သည်။ တိမ်တိုက်များမှာလည်း ထိုအရှိန်အဝါအောက်တွင် အစိတ်စိတ်အမွှာမွှာ ပျက်စီးကုန်ရသည်။

မြေပြင်ပေါ်၌ ကျင့်ကြံသူ အများအပြားမှာ ဤမြင်ကွင်းကို မော့ကြည့်နေကြပြီး သူတို့၏မျက်လုံးများမှာ ပြူးကျယ်သွားကာ အမူအရာများလည်း အကြီးအကျယ် ပြောင်းလဲသွားကြသည်။

“ချင်းပြည်နယ် မုန့်မိသားစုက သူတို့ရဲ့ အင်အားအားလုံးကို အသုံးချလိုက်ပြီပဲ”

“ဒါ... ဒါက မကြုံစဖူး စစ်ပွဲကြီးတစ်ခု ဖြစ်တော့မယ်”

“ဟား... ဒါက ထာဝရအသက်ရှည်ခြင်းမိသားစုတစ်ခုရဲ့ အခြေခံအင်အားလား”

“ချင်းပြည်နယ် မုန့်မိသားစုက ဆုတ်ယုတ်နေပြီလို့ သတင်းတွေ ထွက်နေတာ။ ဆုတ်ယုတ်နေတဲ့ပုံစံ တစ်စက်ကလေးမှ မရှိပါလား”

“ကုလားအုတ်က သေခါနီးမြင်းထက်တောင် ပိုကြီးသေးတယ်။ မုန့်မိသားစုက ဘယ်လောက်ပဲ ဆုတ်ယုတ်နေပါစေ ထာဝရအသက်ရှည်ခြင်းမိသားစုဖြစ်တုန်းပဲ။ ဒီခေတ်ရဲ့ ထိပ်တန်းအင်အားစုတွေထဲက တစ်ခုပဲ”

“အဲဒါ... အဲဒါ မုန့်မိသားစုရဲ့ သားတော်ကိုးပါးပဲ ဒုတိယမျိုးဆက် ကျောင်းသားတွေထဲမှာ အစွမ်းအထက်ဆုံးလို့ လူသိများတဲ့သူတွေ အကုန်လုံး ပြန်လာကြပြီ”

“ဟား... ဒီလောက်ကြီးမားတဲ့ စစ်တပ်ကြီးက မုန့်ဟဲတုန်းအတွက် ကလဲ့စားချေဖို့ သက်သက်ပဲလား။ အဲဒီ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်တော့ အန္တရာယ်ရှိပြီ”

“ဒီတစ်ခေါက်ရော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ရှောင်ပင်းကို ဆက်ပြီး ကာကွယ်ပေးဦးမှာလား”

ကျင့်ကြံသူအားလုံးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်နေကြသည်။

မကြာမီမှာပင် ထိုကျင့်ကြံသူများအားလုံးသည် သူတို့၏ စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ဘဲ မုန့်မိသားစု စစ်တပ်ကြီး၏ အနောက်မှ အဝေးကနေ ကပ်၍ လိုက်ပါသွားကြတော့သည်။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေတွင် ဖြစ်ပွားတော့မည့် မကြုံစဖူး တိုက်ပွဲကြီးကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန်အတွက် ဖြစ်သည်။

ဤအခိုက်အတန့်တွင် အရှေ့ပိုင်းနက်နဲရာနယ်မြေ တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ။

ကွန်ဟော့ခန်းမဆောင်အတွင်း၌ ဍဝတ်စုံဖြူဝတ်ဆင်ထားသော ချင်ထျန်းကျုန်းသည် အေးစက်လှသော အထက်တန်းနေရာတွင် ထိုင်နေ၏။

သူ၏အောက်တွင်မူ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်ဘက်တောင်ထိပ်နှင့် မြောက်ဘက်တောင်ထိပ်တို့မှ တောင်ထိပ်သခင်နှစ်ဦး မဟာဘိုးဘေးခန်းမမှ ဘိုးဘေးကြီးများစွာနှင့် တောင်ဘက်၊ မြောက်ဘက်တောင်ထိပ်နှစ်ခုလုံးမှ သာမန်အကြီးအကဲများ ရှိနေကြသည်။

နိဗ္ဗာန်နနယ်ပယ်ရောက်ရှိနေသူ ငါးဦးထက်မနည်း ရှိနေသလို စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူမှာလည်း ဆယ်ဦးကျော် ရှိနေသည်။

“နတ်ဘုရားသားတော်က တံခါးပိတ်ကျင့်ကြံနေတုန်းပဲလား”

ချင်ထျန်းကျုန်းက မည်သည့်ခံစားချက်မျှမပြဘဲ တည်ကြည်လေးနက်စွာ မေးလိုက်သည်။

မုယွဲ့မေက ခေါင်းညိတ်ပြကာ “ပင်းအာက တံခါးပိတ်ကျင့်ကြံနေတာ ရက်အနည်းငယ်ရှိပြီ။ တစ်ခါမှ အပြင်မထွက်သေးဘူး"

“ကောင်းပြီ... သူ့ကို ဆက်ပြီးကျင့်ကြံခိုင်းထားလိုက်ပါ။ ဒီကိစ္စအတွက်နဲ့ သူ့ကို အနှောင့်အယှက်ပေးဖို့ မလိုဘူး"

ချင်ထျန်းကျုန်းသည် ခေါင်းညိတ်လိုက်ပြီးနောက် ခန်းမအပြင်ဘက်ရှိ အဆုံးမဲ့သော ကောင်းကင်ယံသို့ အကြည့်ကို ပို့လိုက်ရာ အဝေးမှ တရွတ်တိုက် ချီတက်လာနေသော စစ်တပ်ကြီးကို အကာအကွယ်မဲ့ ဟင်းလင်းပြင်ကြီးအား ဖြတ်ကျော်၍ မြင်တွေ့နေရသကဲ့သို့ ရှိ၏။

“မမျှော်လင့်ထားဘဲ မုန့်မိသားစုက အဖိုးကြီးက တကယ်ပဲ သတ္တိရှိတာပဲ။ အင်အားအပြည့်နဲ့ ချီတက်လာရဲတယ်ပေါ့။ ချန်မိသားစုကို ပိတ်ဆို့ထားနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့သွားပုံပဲ”

ချင်ထျန်းကျုန်းသည် နှုတ်ခမ်းထောင့်ကို အနည်းငယ်တွန့်ကာ ပြုံးလိုက်ပြီးနောက် ခန်းမအတွင်းရှိ အကြီးအကဲများကို ကြည့်၍ လေးနက်စွာ ပြောလိုက်သည်။

“လူကြီးမင်းတို့... အခြေအနေတွေက စတင်တော့မယ် ငါတို့ ဘယ်လိုရှေ့ဆက်ကြမလဲ”

ထိုစကားအဆုံးတွင် အကြီးအကဲများ၏ မျက်ဝန်းများမှာ လက်ခနဲ ဖြစ်သွားကြသည်။

မုယွဲ့မေက တည်ငြိမ်စွာဖြင့် “မုန့်မိသားစုက ပြင်းပြင်းထန်ထန် ဖိအားပေးလာပြီဆိုတော့ အသည်းအသန် တိုက်ပွဲဝင်ရမှာကတော့ ရှောင်လွှဲလို့မရတော့ဘူး”

သူမ၏အကြည့်သည် ခန်းမအတွင်းရှိ အကြီးအကဲများကို ဝေ့ကြည့်လိုက်ပြီးနောက် အသံကိုနှိမ့်၍ “ဒီတိုက်ပွဲက ပင်းအာကြောင့် ဖြစ်လာရတာပါ။ ပင်းအာအတွက် တိုက်ခိုက်ပေးဖို့ ဘယ်သူ့ကိုမှ ကျွန်မ အတင်းအကျပ် မတိုက်တွန်းပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ကတော့ ကျွန်မမှာ တာဝန်အပြည့်အဝ ရှိတယ်”

စကားအဆုံးတွင် မုယွဲ့မေက ပထမဆုံး ထရပ်လိုက်သည်။

“တောင်ထိပ်သခင်မု... ရှောင်ပင်းက ကျွန်တော့်ရဲ့ မြောက်ဘက်တောင်ထိပ်ကိုလည်း ဝင်ထားတာပဲ။ သူက ကျွန်တော့်ရဲ့ မြောက်ဘက်တောင်ထိပ် တပည့်တစ်ယောက်ပဲ ဒီတိုက်ပွဲမှာ ကျွန်တော် ထိုပါးကျန်းယီ မပါလို့ ဘယ်ဖြစ်မလဲ”

ထိုပါးကျန်းယီက အားရပါးရ ရယ်မောရင်း ထရပ်လိုက်သည်။

“လူငယ်တွေက လူကြီးတွေဆီ လာတယ်ဆိုရင်တော့... လူကြီးတွေ အကုန်လုံးကို ဒီနေရာမှာပဲ မြေလှန်ပစ်လိုက်ကြတာပေါ့”

အကြီးအကဲများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်ဝန်းထဲ၌ ဝေခွဲမရသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

ခဏအကြာတွင် ဘိုးဘေးကြီးတစ်ဦးက တိုးတိတ်စွာ ပြောလိုက်သည်။

“ရှောင်ပင်းက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ နတ်ဘုရားသားတော်ပဲ။ အကယ်၍ သူ့ကို ငါတို့ရဲ့ တောင်တံခါးရှေ့မှာ လူအများရှေ့မှာ အသတ်ခံလိုက်ရမယ်ဆိုရင် နောင်တစ်ချိန်မှာ ဘယ်သူကများ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ဝင်ရဲတော့မှာလဲ”

ထိုသို့ဆိုရင်း ထိုဘိုးဘေးကြီးက ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူ၏စကားကြောင့် အခြားအကြီးအကဲများမှာလည်း သဘောပေါက်သွားသည့် အမူအရာများ ပေါ်လာကြ၏။

“ဟားဟားဟား မှန်တာပေါ့ ငါတို့ရဲ့ နတ်ဘုရားသားတော်ကိုသာ အသတ်ခံခိုင်းလိုက်ရင် တစ်လောကလုံးရဲ့ လှောင်ပြောင်စရာကြီး ဖြစ်သွားမှာပေါ့”

“မုန့်မိသားစုဆိုတာ ဘာမှမဟုတ်ပါဘူး။ သူတို့က ငါတို့နတ်ဘုရားသားတော်ကို သတ်ချင်တယ် ဟုတ်လား ငါတို့ကို အရင်ကျော်သွားခိုင်းလိုက်”

“ရှောင်ပင်းက ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေရဲ့ ဂုဏ်သိက္ခာပဲ။ တခြားသူတွေက ငါတို့အပေါ် နင်းခြေသွားတာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ”

“တောင်ထိပ်သခင်မု... ခင်ဗျားရဲ့ စကားတွေက ကျွန်တော်တို့ကို အရမ်း အထင်သေးလွန်းရာ ရောက်နေပြီ။ ငါတို့အားလုံးက တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေပဲ။ ဂုဏ်ယူစရာရှိလည်း အတူတူ ဆုံးရှုံးစရာရှိလည်း အတူတူပဲပေါ့။ စည်းလုံးရမယ်ဆိုတဲ့ အသိ ငါတို့မှာလည်း ရှိပါတယ်”

“မုန့်မိသားစုက မြင့်မြတ်တဲ့မိသားစု ဖြစ်ပေမဲ့ ငါတို့ကလည်း ရှေးဟောင်းသန့်စင်ရာနယ်မြေပဲ ဘာကို ကြောက်နေရမှာလဲ”

“အရှေ့ပိုင်းနက်နဲရာနယ်မြေက ငြိမ်သက်နေတာ ကြာပြီ။ ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကလည်း အေးစက်နေတာ ကြာပြီ။ အခုတော့ ဒီရေသေကြီးကို လှုပ်ခတ်ပစ်ရမယ့်အချိန် ရောက်ပြီ”

ရယ်မောသံများကြား၌ ခန်းမအတွင်းရှိ လူတိုင်း ထရပ်လိုက်ကြသည်။

သူတို့၏မျက်နှာထက်တွင် အပြုံးများ ရှိနေကြသော်လည်း ပြင်းထန်သော ဆုံးဖြတ်ချက်များကိန်းအောင်းနေကာ အရာရာအတွက် အသင့်ဖြစ်နေကြပြီဖြစ်ကြောင်း ထင်ရှားနေသည်။

မုယွဲ့မေမှာ အနည်းငယ် အံ့အားသင့်သွားပြီး ရင်ထဲ၌ လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။

ဂိုဏ်းတစ်ခုဆိုသည်မှာ မိသားစုတစ်ခုကဲ့သို့ မဟုတ်ပေ။

မိသားစုတစ်ခုသည် သွေးသားချင်း တူညီကြသဖြင့် ဂိုဏ်းတစ်ခုထက် ပို၍ စည်းလုံးတတ်ကြသည်။ မုန့်မိသားစု တိုက်ခိုက်လာလျှင် သန့်စင်ရာနယ်မြေအတွင်းရှိ တစ်စုံတစ်ဦးက ငြိမ်းချမ်းရေးအတွက် ရှောင်ပင်းကို ထုတ်ပေးရန် ရွေးချယ်လိမ့်မည်ဟု သူမ မူလက ထင်မှတ်ခဲ့မိသည်။

သို့သော်လည်း ရောက်ရှိနေသော လူဆယ့်ခုနစ်ဦးအနက် တစ်ဦးတစ်ယောက်မျှ ကြောက်ရွံ့ခြင်း မရှိကြချေ။

ချင်ထျန်းကျုန်းက ပြုံးလိုက်ရာ သူ၏ရင်ထဲ၌ ကြီးမားလှသော ရဲရင့်စိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

“ကောင်းပြီ တောင်ထိပ်သခင်တွေနဲ့ အကြီးအကဲတွေ... ကိုယ့်တောင်ထိပ်ကို ပြန်ပြီး တာအိုမျိုးစေ့အဆင့်အောက်က တပည့်တွေကို ဂိုဏ်းပြင်ပ မထွက်ဖို့ ညွှန်ကြားလိုက်ကြ။ သူတို့ကို ဂိုဏ်းစောင့်ရှောက်ရေး အစီရင်စုထဲမှာ ခိုလှုံခိုင်းထားလိုက်...”

ချင်ထျန်းကျုန်း စကားပြောနေစဉ်မှာပင် ဝတ်စုံနက်နှင့် အဖိုးအိုတစ်ဦး ခန်းမအတွင်းသို့ ပြုံးလျက် ဝင်လာခဲ့သည်။

“ဂိုဏ်းချုပ်... အချိန်မရှိတော့ပုံပဲ...”

အဖိုးအိုက ခေတ္တရပ်ကာ တံခါးဘက်သို့ လက်ညှိုးညွှန်ပြလိုက်ရင်း

“ဂိုဏ်းချုပ်... အပြင်ဘက်ကို တစ်ချက်လောက် ကြည့်လိုက်ပါဦး"

“အို”

ချင်ထျန်းကျုန်းက မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ခန်းမအပြင်ဘက်သို့ ကြည့်လိုက်၏။

ကွန်ဟော့ခန်းမဆောင်၏ အပြင်ဘက် ဖြူစင်သော ကျောက်စိမ်းရင်ပြင်ထက်၌ လူအုပ်ကြီးမှာ အနက်ရောင် တိမ်တိုက်ကြီးအလား ပြည့်နှက်နေသည်။

တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်တို့မှ တပည့်အများအပြားသည် သူတို့အလိုအလျောက် ရောက်ရှိလာကြပြီး ရင်ပြင်ထက်၌ တည်ကြည်လေးနက်စွာ ရပ်နေကြခြင်းပင်။

မြောက်ဘက်တောင်ထိပ်ဘက်၌ ခန်ရုံသည် ရှေ့ဆုံးမှ ရပ်နေပြီး သူ၏ဆံနွယ်ရှည်များမှာ လွင့်ပျံနေကာ ခန္ဓာကိုယ်တစ်ခုလုံးတွင် အနက်ရောင် မန္တန်စာသားများ ဖုံးလွှမ်းနေသည်။

သူ၏ ဘယ်ဘက်နှင့် ညာဘက်အနောက်တွင်မူ လက်မောင်းရှည်သည့် နီရှောင်လုံနှင့် ဒဏ်ရာဟောင်းများ ပျောက်ကွယ်သွားပြီဖြစ်သော ဖုန်းနိုင်းတို့ ရှိနေကြ၏။

တောင်ဘက်တောင်ထိပ်ဘက်၌မူ ကွမ်းထျန်းယု၊ လီရန်နှင့် ချန်ကျီရှင်း ရာထူးတက်သွားပြီးနောက် နတ်ဘုရားသားတော်အဖြစ် အသစ်ခန့်အပ်ခြင်းခံရသော အမွေဆက်ခံသူဝမ်တုန်းတို့က ရှေ့ဆုံးမှ ရပ်နေကြသည်။

သူတို့၏အနောက်တွင်မူ တောင်ထိပ်နှစ်ခုလုံးမှ တာအိုမျိုးစေ့အဆင့် တပည့်များနှင့် သာမန်တပည့်များ ရှိနေကြ၏။

တပည့်ပေါင်း တစ်ထောင်ကျော်တို့သည် စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသော်လည်း ကြီးမားလှသော ဖိအားပေးမှုတစ်ခုမှာ ပတ်ဝန်းကျင်တစ်ခုလုံး၌ လွှမ်းမိုးနေသည်။

နောက်တစ်ခဏတွင် “အကယ်၍ ဒီနေ့မှာ ငါတို့ကသာ ဘေးထွက်ပြီး အေးအေးဆေးဆေး ကြည့်နေမယ်ဆိုရင်... မနက်ဖြန် ငါတို့ဆီကို ဘေးဒုက္ခကျရောက်လာတဲ့အခါ ဘယ်သူက ငါတို့ဘက်က ရပ်တည်ပေးမှာလဲ”

လူအုပ်ကြီးထဲမှ ရုတ်တရက် အော်ပြောသံတစ်ခု ထွက်ပေါ်လာသည်။

“ငါတို့တွေ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်အတွက် တိုက်ပွဲဝင်ဖို့ အသင့်ပဲ”

ထိုစကားသည် ပေါက်ကွဲစေတတ်သော ဆေးယမ်းတောင့်ကို မီးရှို့လိုက်သကဲ့သို့ပင်။

ဝုန်း…

တောင်ဘက်နှင့် မြောက်ဘက်တောင်ထိပ်တို့မှ တပည့်ပေါင်း တစ်ထောင်ကျော်တို့သည် ခန်းမအတွင်းရှိ ချင်ထျန်းကျုန်းထံသို့ အကြည့်များကို ပို့လိုက်ကြသည်။

“ငါတို့တွေ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်အတွက် တိုက်ပွဲဝင်ဖို့ အသင့်ပဲ”

“ငါတို့တွေ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်အတွက် တိုက်ပွဲဝင်ဖို့ အသင့်ပဲ”

“ငါတို့တွေ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်အတွက် တိုက်ပွဲဝင်ဖို့ အသင့်ပဲ”

အော်ဟစ်သံများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီးနောက် နောက်ဆုံးတွင် တားဆီး၍မရသော ရေစီးကြောင်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားတော့သည်။

“ငါတို့တွေ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်အတွက် တိုက်ပွဲဝင်ဖို့ အသင့်ပဲ”

ထိုအသံများသည် တောင်ပြိုသံ၊ ပင်လယ်လှိုင်းတံပိုး ရိုက်ခတ်သံများကဲ့သို့ပင်

ကောင်းကင်ယံတစ်ခုလုံးကို တုန်ဟည်းသွားစေပြီး ဝေးလံလှသော ကောင်းကင်ပြင်ကျယ်အထိ ပဲ့တင်ထပ်သွားတော့သည်။

အခန်း။ ၁၉၂

ကွန်ဟော့ခန်းမဆောင်။

ချင်ထျန်းကျုန်းသည် ခိုင်မာပြတ်သားသော မျက်နှာများကို ကြည့်ရင်း သွေးများဆူပွက်လာကာ အတန်ကြာအောင် စကားမဆိုနိုင်ဘဲ ဖြစ်နေရသည်။

“ငါတို့ဂိုဏ်းသားတိုင်းက ဒီလိုစိတ်ဓာတ်မျိုးရှိနေမှတော့... ဂိုဏ်းကြီးမားထွန်းကားလာဖို့ ဘာပူစရာလိုတော့မလဲ”

ချင်ထျန်းကျုန်းသည် ခေါင်းကိုငုံ့ကာ ပြုံးလိုက်ပြီးနောက် အသက်ကို ပြင်းပြင်းတစ်ချက်ရှူ၍ စကားတစ်လုံးတည်းကိုသာ ပြောလိုက်သည်။

“တိုက်ခိုက်ကြ”

တိုက်ခိုက်ကြဟူသော စကားသံထွက်ပေါ်လာသည်နှင့်အမျှ ကွန်ဟော့ခန်းမအနောက်ဘက်ရှိ ရေကန်ကြီးအတွင်းမှ နဂါးနီတစ်ကောင်သည် ကောင်းကင်ယံသို့ ဝုန်းခနဲ ထိုးတက်သွားခဲ့သည်။

ဂါးးးး….

နဂါးနီသည် ဟိန်းဟောက်ကာ ကိုးခုမြောက်ကောင်းကင်ယံအထိ တည့်တည့်မတ်မတ် တက်လှမ်းသွား၏။ ထို့နောက် ကောင်းကင်ယံ၌ ကိုယ်ကိုတစ်ပတ်လှည့်ကာ အောက်သို့ ငုပ်လျှိုးဆင်းလာပြီး ချင်ထျန်းကျုန်း၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားကာ ကြက်သွေးရောင် နဂါးနီသံချပ်ကာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ချင်ထျန်းကျုန်းသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်အတွင်းမှ အစက်အပြောက်များဖြင့် ပြည့်နှက်နေသော ရှေးဟောင်းလှံရှည်ကြီးတစ်စင်း ထွက်ပေါ်လာခဲ့သည်။

“သူငယ်ချင်းဟောင်းလေး... မင်း သွေးသောက်နိုင်သေးရဲ့လား”

ချင်ထျန်းကျုန်းသည် ရှေးဟောင်းလှံရှည်ကို အသာအယာ ပွတ်သပ်လိုက်ရာ သူ၏မျက်ဝန်းထဲ၌ အတိတ်ကို လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်သွားသည်။ ကြာမြင့်စွာကတည်းက ပျောက်ကွယ်နေခဲ့သော ခံစားချက်တို့သည် သူ၏ရင်ထဲ၌ ပြန်လည်နိုးထလာခဲ့သည်။

ဤအခိုက်အတန့်တွင် သူသည် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသော ထိုဂုဏ်ယူဖွယ်ရာ နှစ်ကာလများဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ခါတုန်းက သူသည်လည်း လောက၏ ဒီရေလှိုင်းကို စီးနင်းသူ၊ မုန်တိုင်းများကို လှုပ်ခတ်နိုင်သည့် ပြိုင်ဘက်ကင်းသူရဲကောင်းတစ်ဦး ဖြစ်ခဲ့ဖူးသည်။ ပါရမီရှင်များ အရပ်ရပ်မှ ပေါ်ထွန်းလာသော်လည်း သူသည် နှစ်ပေါင်းရာချီအောင် ရှေ့ဆုံးမှ ဦးဆောင်ခဲ့သူ ဖြစ်သည်။

ယခုအခါတွင်မူ လှံကို မြေမြှုပ်ထားခဲ့ပြီး သံချပ်ကာကိုလည်း ဝှက်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ကာ သူတို့၏ ခေတ်ကာလမှာ ကုန်ဆုံးသွားခဲ့သည်မှာ ကြာခဲ့လှပြီဖြစ်သည်။ လောကကြီးသည် သူတို့၏ ဇာတ်လမ်းများကို မသိရှိကြတော့ပေ။ ခေတ်သစ်၏ သင်္ဘောများပေါ်တွင် သူတို့၏ ခေတ်ဟောင်းပုံရိပ်များ ပါဝင်ခြင်း မရှိတော့ချေ။

“နေဝင်ချိန်က အတိုင်းအထက်အလွန် ကောင်းမွန်လှပေမဲ့ ဆည်းဆာနဲ့တော့ နီးကပ်နေပြီ။ ဒါပေမဲ့... ဆည်းဆာကလည်း လှပနေတုန်းပါပဲ"

ချင်ထျန်းကျုန်းက ပြုံးလျက် ပြောလိုက်သည်။ ထို့နောက် သူ၏လှံကို ဝှေ့ယမ်းလိုက်ရာ လှံသွားမှာ မြေပြင်သို့ စောင်းလျက် ရှိနေ၏။

သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်သို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။ သူ၏အနောက်တွင်မူ တောင်ထိပ်သခင်နှစ်ဦး၊ အကြီးအကဲများစွာနှင့် မရေမတွက်နိုင်သော တပည့်များမှာလည်း တစ်ညီတစ်ညွတ်တည်း လိုက်ပါလာကြသည်။

ခဏအကြာတွင် ချင်ထျန်းကျုန်းသည် ဂိုဏ်း၏အပြင်ဘက်၌ တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး အဝေးသို့ မျှော်ကြည့်လိုက်သည်။ သူ ခံစားသိရှိနေရသည်မှာ ထိုအဆုံးမဲ့သော အဝေးဆီမှ ကြီးမားလှသော စစ်တပ်ကြီးက တစ်လောကလုံးကို လွှမ်းမိုးကာ ချီတက်လာနေသည်။

“ဒီတိုက်ပွဲကနေ တစ်လောကလုံး နဂါးဟိန်းသံကို ပြန်ကြားစေရမယ်”

ချင်ထျန်းကျုန်းသည် တင်ပလ္လင်ခွေထိုင်လိုက်ကာ လှံကို ဒူးပေါ်တွင် ကန့်လန့်ဖြတ်တင်ထားရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေတော့သည်။ သူ၏အနောက်၌မူ မရေမတွက်နိုင်သော လူအုပ်ကြီးသည် ပခုံးချင်းယှဉ်လျက် ကောင်းကင်ယံကို ငေးကြည့်နေကြ၏။ ဂိုဏ်းတစ်ခုလုံးသည် မုန့်မိသားစု ရောက်ရှိလာမည့်အချိန်ကို စောင့်မျှော်နေကြခြင်းပင်။

...

...

နောက်တစ်နေ့ နံနက်ခင်းသည် ဟိန်းဟောက်သံများနှင့်အတူ ရောက်ရှိလာခဲ့သည်။ အာရုံဦးအချိန်၌ နေရောင်ခြည်တန်းများသည် ညဉ့်မှောင်ထုကို ဖောက်ထွင်းကာ မြေကမ္ဘာကို အလင်းပေးလိုက်သည်။

တောင်ပိုင်းပင်လယ်နှင့် အရပ်ရှစ်မျက်နှာမှ ကျင့်ကြံသူ အများအပြား ရောက်ရှိလာကြသည်။ ၎င်းနောက်တွင်မူ ကောင်းကင်၏ အစွန်းတစ်ဖက်မှ မိုးခြိမ်းသံကဲ့သို့သော အသံကြီးများ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့၏။

ကောင်းကင်လှိုင်းတပည့်များစွာမှာ မော့ကြည့်လိုက်ကြရာ အဝေးဆုံးဆီမှ အစက်အပြောက်များမှာ ဒီရေတက်လာသကဲ့သို့ လျင်မြန်စွာ ချီတက်လာနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအစက်အပြောက်များမှာ ဦးစွာ၌ နှမ်းစေ့ခန့်သာ ရှိသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလာခဲ့သည်။

သိပ်သည်းလှသော စစ်တပ်ကြီးသည် ရှေ့သို့ တိုးဝင်လာနေ၏။ နှစ်ပေါင်းထောင်ချီ သန့်စင်ထားသော သံမဏိများဖြင့် ပြုလုပ်ထားသည့် စစ်သင်္ဘောကြီးများမှာ သံမဏိတောအုပ်ကြီးအလား တိမ်တိုက်များကို ကျော်ဖြတ်ကာ ဟင်းလင်းပြင်ကြီးကို လွှမ်းမိုးထားသည်။

ထိုစစ်သင်္ဘောကြီးများပေါ်တွင် မုန့်ဟူသော စာလုံးပါသည့် အလံများမှာ လေထဲတွင် တဖျတ်ဖျတ်နှင့် တုန်ခါနေကြသည်။ ကုန်းပတ်ပေါ်ရှိ လူတိုင်းသည်လည်း တိုက်ပွဲဝင်လှံများ၊ သံမဏိဓားများနှင့် လှံရှည်များကို ကိုင်ဆောင်ကာ အေးစက်လှသော သံချပ်ကာများကို ဝတ်ဆင်လျက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီသို့ အုံနှင့်ကျင်းနှင့် ချီတက်လာကြသည်။

အကြောက်မက်ဖွယ်ကောင်းဆုံး အရာမှာမူ ထိုစစ်သင်္ဘောများ၏ အလယ်ဗဟို၌ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရောက်ရှိထားသည့် လျှို့ဝှက်ငှက်သုံးကောင်သည် အနက်ရောင်ရွှေ့လျားနန်းတော်ကြီးကို ဆွဲငင်လာကြသည်။

ထိုနန်းတော်ကြီးမှ ထွက်ပေါ်လာသော ဖိအားမှာ ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းမိုးထား၏။ မိုင်တစ်ရာခန့် ဝေးကွာနေသေးသော်လည်း ထိုကြီးမားလှသော ဖိအားကြောင့် ကောင်းကင်လှိုင်းတပည့်များမှာ ရင်ဘတ်ထဲ၌ မွန်းကြပ်လာကြပြီး ဘီလူးကြီးများရှေ့မှ ပုရွက်ဆိတ်ငယ်များကဲ့သို့ ခံစားလိုက်ရသည်။

နောက်တစ်ခဏ၌ စစ်သင်္ဘောများနှင့် ရွှေ့လျားနန်းတော်ကြီးမှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးဝရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ချင်ထျန်းကျုန်းသည် မော့ကြည့်လိုက်ရာ သူ၏ကြီးမားလှသော နတ်ဘုရားအာရုံသည် စစ်တပ်တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံ၍ စစ်ဆေးလိုက်၏။

နိဗ္ဗာန်နနယ်ပယ်ခုနစ်ဦး၊ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ကျင့်ကြံသူ ဆယ်ဂဏန်း၊ ဝိညာဉ်ခရီးသွားနယ်ပယ်ကျင့်ကြံသူ အမြောက်အမြား နှင့် အဆင့်နိမ့် ကျင့်ကြံသူများမှာမူကား မရေမတွက်နိုင်အောင်ပင်။

ဤသည်မှာ မုန့်မိသားစုနှင့် သူတို့၏ မဟာမိတ်အဖွဲ့အစည်းများ ပေါင်းစည်းထားသော အင်အားစုကြီးဖြစ်ပြီး အစွမ်းကုန် ချီတက်လာခြင်းပင်။ နိဗ္ဗာန်နနယ်ပယ်အရေအတွက်အရဆိုလျှင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထက်ပင် သာလွန်နေသည်။

“ဒီနှစ်တွေအတွင်း မုန့်မိသားစုက တော်တော်လေး တိုးတက်လာပုံပဲ။ ဒါကြောင့်လည်း ကောင်းကင်လှိုင်းကို လာပြီး ဖိအားပေးရဲတာပေါ့"

ချင်ထျန်းကျုန်းက ခေါင်းကိုအသာခါယမ်းကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ မမြင်နိုင်သော စွမ်းအားတစ်ခု ပြန့်လွင့်သွားပြီး မုန့်မိသားစုထံမှ လာသော ဖိအားများကို ရိုက်ခွဲဖျက်ဆီးလိုက်ရာ စိတ်မသက်မသာ ဖြစ်နေကြသော တပည့်များမှာ ချက်ချင်းပင် စိတ်လက်ပေါ့ပါးသွားကြ၏။

နောက်တစ်ခဏ၌ အနက်ရောင်နန်းတော်ကြီးအတွင်းမှ ခန့်ညားပြီး ခံစားချက်ကင်းမဲ့သော အသံတစ်သံ ထွက်ပေါ်လာသည်။

“ရှောင်ပင်းကို ထုတ်ပေးလိုက်ပါ။ ဒါဆိုရင် မုန့်မိသားစုက ဒီနေ့ပဲ ဆုတ်ခွာပေးမှာဖြစ်ပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကိုလည်း အထိအခိုက်မရှိစေရဘူးလို့ အာမခံတယ်"

ထိုစကားအဆုံးတွင် ချင်ထျန်းကျုန်းက သူ၏လှံရှည်ကို ကန့်လန့်ဖြတ်ဝှေ့ယမ်းကာ လှောင်ပြုံးပြုံးလိုက်၏။

“လျှို့ဝှက်ချက်တွေနဲ့ ဟန်ဆောင်မနေနဲ့... ငါ့ရှေ့ကို ထွက်လာပြီး စကားပြောစမ်း”

ဝုန်း…

ကြောက်မက်ဖွယ်ကောင်းသော လှံအလင်းတန်းကြီးသည် ကောင်းကင်ဘုံမှ နတ်ဘုရားမြစ်ကြီးတစ်ခု အဟုန်နှင့် စီးဆင်းလာသကဲ့သို့ အနက်ရောင်နန်းတော်ကြီးဆီသို့ ပြင်းထန်စွာ ပြေးဝင်သွားတော့သည်။

ထိုလှံအလင်းမှာ ကမ္ဘာကြီးကို နှစ်ပိုင်းခွဲပစ်တော့မည့်အလား ကြောက်မက်ဖွယ်ကောင်းလှသဖြင့် မုန့်မိသားစုဝင်များနှင့် အကြီးအကဲများမှာ မျက်နှာပျက်ယွင်းသွားကာ အလုအယက် ရှောင်တိမ်းကြရသည်။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့်ရှိသူများပင်လျှင် ထိုလှံအလင်း၏ အနားသတ်နှင့် ထိမိမည်ကို ကြောက်လန့်သဖြင့် အဝေးသို့ ဆုတ်ခွာသွားကြ၏။

ချွင်….

အနက်ရောင်နန်းတော်အတွင်းမှ အိုမင်းသော လက်တစ်ဖက် ထွက်ပေါ်လာပြီး ထိုလှံအလင်းတန်းကြီးကို အသာအယာပင် ဖမ်းဆုပ်လိုက်သည်။

ဂွမ်း….

အက်ကွဲသံတစ်ချက်နှင့်အတူ နတ်ဘုရားမြစ်ကြီးသဖွယ် လှံအလင်းတန်းမှာ ထိုလက်ဖဝါးအတွင်း၌ အလင်းစက်များအဖြစ် ကြေမွသွားပြီး ဟင်းလင်းပြင်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

ခရမ်းရောင် မြွေနဂါးဝတ်ရုံကို ဝတ်ဆင်ထားသော၊ ဆံပင်ဖြူများ လွင့်ပျံနေသည့် သိန်းငှက်နှာခေါင်းနှင့် အဖိုးအိုတစ်ဦး နန်းတော်ထဲမှ ထွက်လာခဲ့သည်။ သူ၏မျက်နှာမှာ အလွန်တရာ အေးစက်တည်ငြိမ်နေပြီး သူ၏မျက်ဝန်းများထဲ၌မူ နေထွက်၊ လဝင်၊ ကြယ်စင်မြစ်များ စီးဆင်းနေသည့် ထူးဆန်းသော ဖြစ်ရပ်များမှာ အဆက်မပြတ် ပေါ်ပေါ်ထင်ထင် ဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးမှာ တောက်ပသော နတ်ဘုရားအလင်းများဖြင့် ဖုံးလွှမ်းနေပြီး ပြိုင်ဘက်ကင်းသော အရှင်သခင်တစ်ဦးကဲ့သို့ပင်။

“မုန့်မိသားစုရဲ့ မျိုးနွယ်စုခေါင်းဆောင် မုန့်ယွန့်ထျန်းပဲ”

“မျိုးနွယ်စုခေါင်းဆောင်မုန့် ကိုယ်တိုင် ထွက်လာပြီ”

အနောက်မှ လိုက်ပါလာကြသော ကျင့်ကြံသူ အများအပြားမှာ နတ်ဘုရားအလင်းများဖြင့် ဖုံးလွှမ်းနေသော အဖိုးအိုကို ကြည့်ကာ ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။

“နှစ်ငါးရာကို ခေတ်တစ်ခုလို့ သတ်မှတ်မယ်ဆိုရင် မုန့်ယွန့်ထျန်းဟာ ပြီးခဲ့တဲ့ခေတ်ရဲ့ ခေါင်းဆောင်တစ်ဦးပဲ”

“ဒါက နိဗ္ဗာန်နနယ်ပယ်ရဲ့ စွမ်းအားလား။ တကယ့်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဝိညာဉ်တစ်ခုလုံး ကွဲအက်သွားတော့မလိုပဲ”

ကျင့်ကြံသူများက တိုးတိတ်စွာ တီးတိုးပြောဆိုနေကြ၏။

ကောင်းကင်ယံအထက်မှနေ၍ မုန့်ယွန့်ထျန်းသည် ကောင်းကင်လှိုင်းတပည့်များကို ငုံ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“ငါ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်။ ဒီနေ့မှာ သွေးချောင်းစီးပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ ပျက်စီးသွားတာကို ရွေးမလား ဒါမှမဟုတ် ရှောင်ပင်းကို ထုတ်ပေးပြီး ငါတို့နှစ်ဖက် မျိုးဆက်အလိုက် မိတ်ဆွေဖွဲ့မလား”

ချင်ထျန်းကျုန်းသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး လှောင်ပြောင်လိုက်၏။

“အဖိုးကြီးမုန့်... နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ မင်းရဲ့ကျင့်ကြံမှုက ဘယ်လောက်တိုးတက်လာလဲ ငါမသိပေမဲ့ မင်းရဲ့ လေလုံးထွားတာကတော့ တော်တော်လေး တိုးတက်လာတာပဲ"

“မင်းကို ချန်တောက်ယန်က ခွေးပြေးဝက်ပြေး လိုက်ဖမ်းလို့ အသည်းအသန် ပြေးခဲ့ရတာကို မေ့သွားပြီလား”

ချင်ထျန်းကျုန်းက ခေါင်းကိုခါယမ်းကာ တည်ငြိမ်စွာ ဆက်ပြောသည်။

“တော်စမ်းပါ... ငါတို့နှစ်ယောက်စလုံးက မြေခွေးအိုကြီးတွေပဲ။ ဘာတွေ ဟန်ဆောင်နေဦးမှာလဲ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက ဒီတိုက်ပွဲအတွက် အသင့်ပြင်ထားတာ ကြာပြီဆိုတာ မင်းမမြင်ဘူးလား”

မုန့်ယွန့်ထျန်းသည် ထိုစကားကို ကြားသော်လည်း မျက်နှာအမူအရာမှာ တစ်စက်ကလေးမျှ မပြောင်းလဲဘဲ ရှေ့သို့ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။

“ဒါဆိုရင်လည်း ပြီးတာပဲ"

“ငါ့မုန့်မိသားစုရဲ့ နဂါးပျံကို ဖျက်ဆီးတယ်။ ငါ့မိသားစုကို စော်ကားတယ်။ အခုထိလည်း ခေါင်းမာနေတုန်းပဲ"

“ဒီနေ့မှာ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေသာ မြေလှန်ခံရမယ်ဆိုရင် ဒါက မင်းတို့ ထိုက်တန်လို့ပဲ ဖြစ်လိမ့်မယ်"

စကားအဆုံးတွင်

ဝုန်း

နိဗ္ဗာန်နနယ်ပယ်ကျင့်ကြံသူတစ်ဦးတွင်သာ ရှိနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများမှာ မုန့်ယွန့်ထျန်း၏ ခန္ဓာကိုယ်မှ စတင်၍ မြင့်တက်လာတော့သည်။

All Chapters