အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း။ ၁၉၅
ရှူး…
ကောင်းကင်ယံ၌ သွေးမြူများ ပြည့်နှက်သွားပြီး လေပြင်းများက ထိုသွေးညှီနံ့များကို အဝေးသို့ သယ်ဆောင်သွားသည်။
တောင်တံခါးရင်ပြင်တစ်ခုလုံးသည် ချက်ချင်းဆိုသလို သေမင်းတမျှ တိတ်ဆိတ်သွားခဲ့ရ၏။ မုန့်မိသားစု ကျင့်ကြံသူများဖြစ်စေ၊ ကောင်းကင်လှိုင်းတပည့်များဖြစ်စေ၊ အဝေးမှ စောင့်ကြည့်နေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများဖြစ်စေ အားလုံးမှာ ချန်ကျီရှင်းကို ကြည့်ကာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်တက်နေကြရသည်။
အသက်တစ်ရှူစာ။
သုံးချက်။
ငါးချက်။
အသက်ရှူအကြိမ် တစ်ဆယ်ကျော်မျှ ကြာသွားပြီးနောက်မှသာ
“ဝါရင့် စစ်မှန်သောကိုယ်ပိုင် သတ္တမအဆင့်အရှင်သခင်တစ်ယောက်ကို... လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာလား”
တုန်ရင်နေပြီး မယုံကြည်နိုင်သော လေသံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဝုန်း…
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးအပြင်ဘက်တစ်ခုလုံး ချက်ချင်းပင် ပွက်ပွက်ညံသွားတော့သည်။
“ဘုရားရေ လက်သီးတစ်ချက်တည်းနဲ့ စစ်သင်္ဘောတစ်ရာကို ဖျက်ဆီးတယ်။ လက်သီးတစ်ချက်တည်းနဲ့ သတ္တမအဆင့်ကျင့်ကြံသူကို သတ်ပစ်တယ်”
“ဒီကောင်းကင်လှိုင်း နတ်ဘုရားသားတော်မှာ ဘယ်လိုစွမ်းအားမျိုး ရှိနေတာလဲ”
“ဟား တကယ့်ကို ကြောက်စရာကောင်းလိုက်တာ”
“ဒီနတ်ဘုရားသားတော်က အသက်အားဖြင့်ဆိုရင် အခုမှ နှစ်ဆယ်ကျော်ပဲ ရှိဦးမှာ မဟုတ်ဘူးလား ဘယ်လိုလုပ် ဒီလောက်ထိ အစွမ်းထက်နေရတာလဲ”
“ဟို အကြွင်းမဲ့ ဆွဲငင်အားဆိုတဲ့ နတ်ဘုရားအတတ်ကရော ဘာလဲ မုန့်မိသားစုရဲ့ နောက်လိုက်တွေအကုန်လုံးကို တစ်ခဏချင်းမှာတင် ဖိနှိပ်လိုက်တာပဲ”
“စိတ်ကူးကြည့်ဖို့တောင် ခက်တယ် နားကိုမလည်နိုင်တော့ဘူး”
အံ့သြတုန်လှုပ်သံများမှာ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေတော့သည်။
အဝေးမှ စောင့်ကြည့်နေကြသော တစ်ကိုယ်တော်ကျင့်ကြံသူများမှာလည်း ချန်ကျီရှင်းကို ကြည့်ကာ ထိတ်လန့်နေကြ၏။ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဘက်တွင်မူ ခေတ္တမျှ မိန်းမောသွားကြသော တပည့်ပေါင်းများစွာမှာ ဒီရေလှိုင်းကြီးအလား ကျယ်လောင်လှသော အောင်ပွဲခံကြွေးကြော်သံများကို အော်ဟစ်လိုက်ကြတော့သည်။
“နတ်ဘုရားသားတော်”
ဤအခိုက်အတန့်တွင် ကောင်းကင်လှိုင်းတပည့်များမှာ ချန်ကျီရှင်းကို အလွန်တရာ ကြည်ညိုအားကိုးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။
“သူက ပိုပြီးတော့တောင် အစွမ်းထက်လာပြန်ပြီ"
ခန်ရုံနှင့် အခြားသူများမှာ ချန်ကျီရှင်းကို အဝေးမှလှမ်းကြည့်ကာ ခေါင်းခါရင်း ခါးသက်သက် ပြုံးလိုက်ကြမိသည်။
"တောင်ထိပ်နှစ်ခုပြိုင်ပွဲ ပြီးဆုံးခဲ့တာ လအနည်းငယ်ပဲ ရှိသေးတာ မဟုတ်ဘူးလား။ အခု ဒီရှောင်ပင်းရဲ့ စွမ်းအားက မယုံနိုင်လောက်အောင်ကို ထပ်ပြီး ပြောင်းလဲသွားပြန်ပြီပဲ"
ကောင်းကင်လှိုင်းတပည့်များ၏ ဝမ်းသာအားရ ကြွေးကြော်သံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်မှာ ချန်ကျီရှင်းဆီသို့ စတင်တိုက်ခိုက်ရန် ပြေးဝင်လာကြသော မုန့်မိသားစုမှ အရှင်သခင်များပင်။
သူတို့အားလုံး ချက်ချင်းပင် ရပ်တန့်သွားကြပြီး သူတို့၏မျက်နှာထက်တွင် အလွန်တရာ ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့၏။
မုန့်ရွှမ်ထိန်ဆိုသည်မှာ မုန့်မိသားစု၏ တတိယမြောက်အကြီးအကဲဖြစ်ပြီး ကျင့်ကြံမှုမှာ စစ်မှန်သောကိုယ်ပိုင် သတ္တမအဆင့်သို့ ရောက်ရှိထားသူ ဖြစ်သည်။ မုန့်မိသားစု တစ်စုလုံးတွင် မုန့်ရွှမ်ထိန်ထက် သာလွန်သော စစ်မှန်သောကိုယ်ပိုင်အဆင့် ကျင့်ကြံသူမှာ လက်ချိုးရေတွက်၍ပင် ရနိုင်သည်။
ထို့ပြင် မုန့်ရွှမ်ထိန်ကို အနိုင်ယူခြင်းနှင့် လက်သီးတစ်ချက်တည်းဖြင့် အမှုန့်ဖြစ်အောင် သတ်
ပစ်ခြင်းမှာ လုံးဝကို ကွဲပြားခြားနားလှသည်။
လက်သီးတစ်ချက်တည်းနဲ့ အပြီးသတ်လိုက်တာပဲ... ဒါက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတာလဲ။ စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်ရှိတဲ့သူတောင် ဒီလောက်လွယ်လွယ်လေး လုပ်နိုင်ပါ့မလား"
မုန့်မိသားစုမှ ကျန်ရှိနေသော ကျင့်ကြံသူများမှာ ဝေခွဲမရ ဖြစ်နေကြစဉ်မှာပင်
ရှူး
ဖြူဖျော့ဖျော့ လူရိပ်တစ်ခုမှာ အဝေးမှ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။ သိုးအုပ်ထဲသို့ တိုးဝင်လာသော ကျားတစ်ကောင်အလားပင် မြေပြင်ပေါ်၌ ဆွဲငင်အားဖြင့် ဖိနှိပ်ခံထားရသော မုန့်မိသားစု မဟာမိတ်စစ်တပ်အတွင်းသို့ တဟုန်ထိုး ဝင်ရောက်တိုက်ခိုက်ပါတော့သည်။
“ဒါ... ဒါက ဘာကြီးလဲ”
“အား”
“မြန်မြန် ထွက်ပြေးကြ”
“တောက် ဒီကလေးက ဘယ်လိုကျိန်စာမိနေတဲ့ ဘီလူးလဲကွ”
ထိတ်လန့်တုန်လှုပ်သံများမှာ ချက်ချင်းပင် ပဲ့တင်ထပ်သွားသည်။ မကြာမီမှာပင် သွေးများမှာ ကောင်းကင်သို့ ပန်းထွက်သွားပြီး ခြေလက်အင်္ဂါ အပြတ်အသတ်များမှာလည်း အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။
“ဟင်”
မုန့်မိသားစုမှ စစ်မှန်သောကိုယ်ပိုင်အဆင့် အရှင်သခင်များ သတိမမူမိခင်မှာပင်
ဝုန်း…
ဂလက်ဆီမြစ်ကြီးတစ်ခုအလား နက်မှောင်လှသော ဓားအလင်းတန်းတစ်ခုသည် ခေါင်းမူးဝေဖွယ်ကောင်းသော မိစ္ဆာစွမ်းအင်များကို သယ်ဆောင်လာလျက် ဝေးလံလှသော အရပ်မှနေ၍ ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။
ထိုကြောက်မက်ဖွယ်ကောင်းသော ဓားဖိအားကြောင့် မုန့်မိသားစု၏ အရှင်သခင်များမှာ ဓားနှင့်မထိမိသေးခင်မှာပင် နာကျင်မှုကို ခံစားလိုက်ရပြီး မျက်နှာများ ပျက်ယွင်းကာ ဘေးဘက်သို့ အလုအယက် ရှောင်တိမ်းလိုက်ကြရသည်။
စစ်မှန်သောကိုယ်ပိုင် ပဉ္စမအဆင့်ရှိသော မုန့်မိသားစု အကြီးအကဲတစ်ဦးမှာ အနည်းငယ်မျှ နှေးကွေးသွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ဝက်မှာ ထိုအနက်ရောင်ဓားအလင်း၏ ခုတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
“ဘာ”
မုန့်မိသားစု အရှင်သခင်များမှာ ထိတ်လန့်တုန်လှုပ်လျက် အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဟင်းလင်းပြင်အတွင်း၌ သားရဝတ်စုံကို ဝတ်ဆင်ထားကာ ဆံပင်ဖြူများ ဖရိုဖရဲဖြစ်နေပြီး ကျောပေါ်တွင် ဓားခေါင်းတလားကြီးကို ထမ်းထားသော အဖိုးအိုတစ်ဦးသည် မည်သည့်အမူအရာမျှ မပြဘဲ တစ်လှမ်းချင်း လျှောက်လှမ်းလာနေသည်။ သူ၏လက်ထဲတွင်မူ ကြက်သွေးရောင် မိစ္ဆာဓားတစ်စင်း ရှိနေပြီး ဓားလက်ကိုင်ရှိ ပိတ်ထားသော မျက်ခွံမှာ ရုတ်တရက် ပွင့်လာခဲ့၏။
ထိုအဖိုးအို ခြေတစ်လှမ်းလှမ်းတိုင်း ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များမှာ ပြန့်လွင့်သွားသည်။ သူသည် ချန်ကျီရှင်း၏ ဘေးတွင် ရပ်လိုက်သောအခါ ထိုဓားစွမ်းအင်မှာ ကောင်းကင်နှင့်မြေပြင်ကို လွှမ်းမိုးထားသော ဓားဖိအားကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
“သခင်လေး... ဟွားလင်ဟို ရောက်ပါပြီ”
နောက်ထပ် ကျယ်လောင်လှသော ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာပြန်သည်။ အလင်းတန်းတစ်ခုမှာ မုန့်မိသားစု အရှင်သခင်များကြားမှ ဖြတ်သန်းသွားခဲ့၏။
မကြာမီမှာပင် ထိုအလင်းတန်းသည် ချန်ကျီရှင်း၏ ဘေးတွင် ရပ်တန့်လိုက်ပြီး ဝတ်စုံနက်ကို ဝတ်ဆင်ထားကာ မျက်နှာကို ဖုံးကွယ်ထားသော ပုပုကွကွ လူတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ထိုသူသည် သူ၏လက်ထဲတွင် မုန့်မိသားစု အရှင်သခင်များထံမှ လုယူလာသော ဓမ္မရတနာအချို့ကို ကိုင်ဆောင်ထားလျက် ကျေနပ်ဂုဏ်ယူနေသည့်ပုံ ရှိသည်။
“ဟင်”
“ငါ့ရဲ့ ရတနာကော”
“ဒါ ဘယ်တုန်းက အခိုးခံလိုက်ရတာလဲ”
“တောက် ငါ့ရဲ့ ရတနာနဲ့ အာရုံချင်း ဆက်သွယ်လို့ မရတော့ဘူး ဒါက ဘယ်လိုအတတ်လဲ”
မုန့်မိသားစု မဟာမိတ်မှ စစ်မှန်သောကိုယ်ပိုင်ကျင့်ကြံသူများမှာ ပထမဆုံး မှင်တက်သွားသော်လည်း နောက်မှ အခြေအနေကို သဘောပေါက်သွားကာ မျက်နှာများ မည်းမှောင်သွားကြသည်။ သူတို့၏ ရတနာများမှာ ခဏချင်းအတွင်း အလုခံလိုက်ရရုံသာမက ထိုရတနာများနှင့် ဆက်သွယ်မှုပါ ပြတ်တောက်သွားသဖြင့် ပင်လယ်ထဲသို့ နစ်မြုပ်သွားသော ကျောက်ခဲကဲ့သို့ပင် မည်သို့မျှ အမိန့်ပေး၍ မရတော့ပေ။
“သခင်လေး... ကျွန်တော်တို့ နောက်ကျသွားပါတယ်"
အတူတကွ ရောက်ရှိလာကြသော လူရိပ်သုံးဦးမှာ ချန်ကျီရှင်းကို ရိုသေစွာ နှုတ်ဆက်လိုက်ကြသည်။ ချန်ကျီရှင်းက ထိုသုံးဦးကို ကြည့်ကာ အသာအယာ ပြုံးပြလိုက်၏။
ဤသုံးဦးမှာကား ချန်ကျီရှင်း၏ လက်အောက်ရှိ တစ်ဦးတည်းသော အမှောင်တပ်ဖွဲ့အဖွဲ့ဝင်များပင်။
ဓားမိစ္ဆာ တုကူးနီ၊ သူခိုးဘုရင် ဟွားလင်ဟိုနှင့် ကျိန်စာသင်္ကေတလူငယ် ချန်ပုချိပင်။
ဖတ် ဖတ် ဖတ်..ဍ
ချန်ပုချိ၏ သတ်ဖြတ်မှုမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ညဉ့်မှောင်ထုအတွင်းရှိ တံစဉ်တစ်ခုအလား မုန့်မိသားစုဝင်များ၏ အသက်ကို လျင်မြန်စွာ ရိတ်သိမ်းနေသည်။ ချန်ကျီရှင်းမှာ တစ်ခုခုကို ခံစားမိသကဲ့သို့ တုကူးနီကို ကြည့်ကာ မျက်ခုံးပင့်လျက် အနည်းငယ် အံ့သြစွာ ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံမှုတွေ အကုန်ပြန်ရပြီလား”
တုကူးနီက ပြုံးလျက် ခေါင်းညိတ်ကာ “ဟုတ် ကျွန်တော့်ရဲ့ ရုပ်ခန္ဓာက လှောင်အိမ်ထဲက ထွက်လာသလိုပဲ ကျွန်တော့်ရဲ့ စိတ်ဓာတ်ကလည်း လွတ်မြောက်သွားပြီဆိုတော့ ကျင့်ကြံမှုတွေကလည်း သဘာဝအတိုင်း ပြန်ရောက်လာတာပါ” ဟု ပြောလိုက်သည်။
“ကောင်းတယ်"
ချန်ကျီရှင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
ဓားမိစ္ဆာ တုကူးနီသည် လွန်ခဲ့သော နှစ်ပေါင်းရှစ်ဆယ်ကပင် စစ်မှန်သောကိုယ်ပိုင် အဌမအဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ သူသည် တစ်ခါတုန်းက စီကုန်းမျိုးနွယ်စုမှ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်ရှိ အဆင့်မြင့်ဘိုးဘေး ကိုးဦးကို တစ်ယောက်တည်း ရင်ဆိုင်ကာ အကုန်လုံးကို သတ်ဖြတ်ခဲ့ဖူးသူပင်။
အခန်း။ ၁၉၆
တုကူးနီ၏ ကျင့်ကြံမှုများ အပြည့်အဝပြန်လည်ရရှိသွားပြီဖြစ်ရာ သူသည် ချန်ကျီရှင်း၏လက်အောက်တွင် အစွမ်းထက်ဆုံး ဝှက်ဖဲတစ်ချပ် ဖြစ်လာတော့မည်မှာ သေချာသည်။
“သခင်လေး... ဘိုးဘေးကြီးတို့ကတော့ လမ်းမှာ အခက်အခဲလေးနည်းနည်းနဲ့ တွေ့နေလို့ပါ"
တုကူးနီက ခပ်ဖွဖွရယ်မောရင်း ပြောလိုက်သည်။
“ဒါပေမဲ့ အရေးမကြီးပါဘူး။ အဲဒီအခက်အခဲလေးတွေက ဘိုးဘေးကြီးတို့ကို တားထားနိုင်မှာမဟုတ်ဘူး။ သူတို့ မကြာခင် ရောက်လာပါလိမ့်မယ်"
“အင်း"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။
သူတို့စကားပြောနေစဉ်မှာပင်
“မောင်လေးရှောင်... ဒါက...”
လီရန်က တုန်ရီနေသော အသံတိုးတိုးဖြင့် မေးလိုက်မိသည်။ ရုတ်တရက်ပေါ်လာသော ဤလူများမှာ အားလုံး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်ဖော်နေကြသည်။ ထိုဖြူဖျော့ဖျော့လူငယ်မှလွဲ၍ ကျန်နှစ်ဦးမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေခဲ့ပုံပင်။ အထူးသဖြင့် ဓားကိုကျောပိုးထားသော အဖိုးအို၏ ဓားဖိအားမှာ သူမ၏ကျောပြင်ကို အပ်နှင့်ထိုးနေသကဲ့သို့ ခံစားရစေသည်။
“စီမံကိန်းအရ... ငါတို့ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကလူတွေကို တိုက်ပွဲထဲကနေ ဆုတ်ခွာခိုင်းလိုက်ပါ အစ်မလီ"
ချန်ကျီရှင်းက လီရန်ကို အသာအယာပြုံးပြလိုက်ပြီးနောက် မုန့်မိသားစုကျင့်ကြံသူများဘက်သို့ အကြည့်ကို လွှဲလိုက်သည်။
“ဒီတိုက်ပွဲကို ငါပဲ ဆက်ပြီး တာဝန်ယူလိုက်တော့မယ်"
သူ အသက်ကို ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး
“တုကူးနီ၊ ဟွားလင်ဟို... ဟိုလူတွေကို မင်းတို့ပဲ တာဝန်ယူလိုက်ကြတော့"
“အမိန့်အတိုင်းပါပဲ”
တုကူးနီက ကျယ်လောင်စွာရယ်မောလိုက်ပြီး မုန့်မိသားစုမှ စစ်မှန်သောကိုယ်ပိုင်အရှင်သခင် ဆယ်ဂဏန်းခန့်ကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းအစုံ၌ မိစ္ဆာမီးလျှံများ တောက်လောင်လာခဲ့သည်။
“ကြာခဲ့ပြီ... တော်တော်လေးကို ကြာခဲ့ပြီ...”
“ငါ့ရဲ့ အစွမ်းအားလုံးကို ထုတ်သုံးပြီး မတိုက်ရတာ”
ဝုန်း…
စကားအဆုံးတွင် မိစ္ဆာဓားပေါ်ရှိ ဒေါင်လိုက်မျက်လုံးမှနေ၍ သွေးကြောကဲ့သို့သော အစင်းကြောင်းများမှာ တုကူးနီ၏ လက်မောင်းတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်တစ်ဝက်ကို ဖုံးလွှမ်းသွားခဲ့သည်။
ရှူး…
တုကူးနီ၏ အရှိန်အဝါမှာ ဤအခိုက်အတန့်တွင် အရူးအမူး မြင့်တက်လာတော့သည်။ သူ၏မျက်ဝန်းများမှ နီရဲသော မိစ္ဆာခိုးငွေ့များ ထွက်ပေါ်လာ၏။ နောက်တစ်ခဏ၌ သူသည် ရှေ့သို့တစ်လှမ်းတိုးကာ ခန္ဓာကိုယ်ကို ကိုင်းညွတ်လျက် အရှိန်ယူလိုက်သည်။ သူ၏ညာလက်က ဓားလက်ကိုင်ကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်၏။
“ဓားဆွဲခြင်းအတတ်၏ အစစ်အမှန်အနှစ်သာရ ကောင်းကင်သတ်ဖြတ်ခြင်း ထိုးစစ်”
ဝုန်း…
တုကူးနီသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော အနီရောင်မျဉ်းတစ်ကြောင်းအဖြစ် ပြောင်းလဲသွားပြီး မုန့်မိသားစုမှ စစ်မှန်သောကိုယ်ပိုင်ကျင့်ကြံသူများဆီသို့ ခုတ်ပိုင်းချလိုက်သည်။ ကျယ်ပြောလှသော ကောင်းကင်ကြီးမှာ တစ်ခဏချင်းမှာပင် နှစ်ပိုင်းကွဲသွားသကဲ့သို့ပင်။
“တုကူးနီ ငါ့ကို စောင့်ဦးလေကွ”
ဟွားလင်ဟိုကလည်း အော်ဟစ်ကာ ရယ်မောရင်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မုန့်မိသားစု အရှင်သခင်များအုပ်စုဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“တောက်”
မုန့်မိသားစု အကြီးအကဲများ၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားပြီး ထိုနှစ်ဦးကို ခုခံရန် အစွမ်းကုန် ကြိုးစားကြသည်။ ချက်ချင်းပင် မဟာတိုက်ပွဲကြီးမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်လာတော့သည်။
ထိုစဉ်မှာပင် ချန်ကျီရှင်းက အကြည့်ကို လွှဲလိုက်ပြီး ကောင်းကင်ယံ၌ ပျံသန်းနေသော အနက်ရောင်နန်းတော်ကြီးဆီသို့ စိုက်ကြည့်လိုက်သည်။ သူ ရောက်ရှိလာကတည်းက ထိုနန်းတော်အတွင်းမှ အကြည့်တစ်စုံက သူ့အပေါ်တွင် အမြဲရှိနေသည်ကို သူ ခံစားမိသည်။
“ခမ်းနားလိုက်တာ တကယ်ကို ခမ်းနားလွန်းတယ်"
“ဇီဝေချန်မိသားစု တတိယတောင်ထိပ်ရဲ့ တတိယသခင်လေးက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ဆင်းလာပြီး နတ်ဘုရားသားတော် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
အနက်ရောင်နန်းတော်အတွင်းမှ သာယာနာပျော်ဖွယ် ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မကြာမီမှာပင် မျက်နှာဖြူဖြူ၊ မုတ်ဆိတ်မွှေးကင်းစင်သော လူလတ်ပိုင်းတစ်ဦးမှာ နန်းတော်ထဲမှ တစ်လှမ်းချင်း ထွက်ပေါ်လာခဲ့သည်။
ထိုသူသည် အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိပုံရသော်လည်း ဆံပင်များမှာ ဖြူဖွေးလျက်ရှိပြီး သူ၏မျက်လုံးများကို ဖွင့်လိုက်၊ ပိတ်လိုက်လုပ်တိုင်း ကြောက်မက်ဖွယ်ကောင်းသော နေထွက်
ခြင်း၊ လဝင်သည့် ပုံရိပ်များ ပေါ်ထွက်နေ၏။ သူ၏အရေပြားပေါ်တွင်လည်း နတ်ဘုရားအလင်းများ ဝန်းရံနေသဖြင့် ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မင်းတစ်ပါးနှင့်ပင် တူလှသည်။
“မုန့်မိသားစုရဲ့ နဝမမြောက်သားတော် မုန့်ချန်းယွမ်ပဲ”
အဝေးမှ စောင့်ကြည့်နေသူ ကျင့်ကြံသူတစ်ဦးက ထိုအမည်ကို အံ့သြတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
မုန့်မိသားစု၏ သားတော်ကိုးပါးမှာ နဂါးများကဲ့သို့ပင် ထူးချွန်ကြရာ မုန့်ချန်းယွမ်မှာ ကိုးခုမြောက် နောက်ဆုံးနဂါးပင်။ သူသည် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကမှ မွေးဖွားခဲ့သူဖြစ်ပြီး အခြားသော သားတော်ရှစ်ဦးနှင့် ကျင့်ကြံခြင်းသက်တမ်း ရာနှင့်ချီ၍ ကွာခြားလှသည်။ ထို့ကြောင့် သူသည် သားတော်ကိုးပါးအနက် ကျင့်ကြံမှုအနိမ့်ဆုံးဖြစ်သော်လည်း
မုန့်ချန်းယွမ်သည် သူ၏မျိုးဆက်တွင် အစွမ်းထက်ဆုံးသူ ဖြစ်သည်။ ကျင့်ကြံခြင်း နှစ်ပေါင်းငါးဆယ်အတွင်းမှာပင် သူ၏အဆင့်မှာ စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ မကြာသေးမီက ကျင်းပခဲ့သော အရှေ့ပိုင်းလျှို့ဝှက်နယ်မြေပြိုင်ပွဲတွင်လည်း သူသည် ပြိုင်ဘက်အားလုံးကို ကျော်ဖြတ်ကာ ပထမဆုကို ဆွတ်ခူးခဲ့သူ ဖြစ်သည်။
လူတိုင်း၏ အမြင်တွင် မုန့်ချန်းယွမ်သည် မုန့်မိသားစု၏ နဂါးကိုးပါးအနက် အလားအလာအရှိဆုံး နဂါးပင်။ အချိန်အနည်းငယ်မျှ ပေးလိုက်ရုံနှင့် သူသည် သူ၏အစ်ကိုများကို ကျော်တက်သွားမည်မှာ မလွဲဧကန်ပင်။
ကောင်းကင်ယံအထက်၌ မုန့်ချန်းယွမ်သည် အနက်ရောင်နန်းတော်ထဲမှ တစ်လှမ်းချင်း လှမ်းလာရာ သူ၏ခြေလှမ်းတိုင်းတွင် မဟာတာအိုဂယက်လှိုင်းများ ထွက်ပေါ်နေတော့ပေသတည်း။
“အဲဒီ အသုံးမကျတဲ့ ချန်ထျန်းလျန်ဆီကနေ ဒီလောက်အလားအလာရှိတဲ့ ချီလင်သားတော်တစ်ယောက် မွေးဖွားလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
“မင်းက မင်းအဖေထက် ပိုတော်တယ်လို့ ငါဝန်ခံရမယ်"
မုန့်ချန်းယွမ်သည် သူ၏ခေါင်းကို အသာငုံ့ကာ ချန်ကျီရှင်းကို စိတ်ဝင်တစား ကြည့်နေသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်ခန့်က ဝတ်စုံနက်ဝတ် လူရိပ်တစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ရောက်ရှိလာပြီး ရှောင်ပင်းဆိုသူမှာ အမှန်စင်စစ် ဇီဝေချန်မိသားစု တတိယတောင်ထိပ်၏ သခင်လေး ချန်ကျီရှင်းဖြစ်ကြောင်း သတင်းပေးသွားခဲ့ခြင်းပင်။ ထိုသတင်းကြောင့်ပင် မုန့်ချန်းယွမ်သည် နန်းတော်ထဲမှ ထွက်လာခဲ့ခြင်းပင်။
မုန့်ချန်းယွမ်၏ စကားအဆုံးတွင် ပတ်ဝန်းကျင်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
“ဘာ ကောင်းကင်လှိုင်း နတ်ဘုရားသားတော်က ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ဟုတ်လား”
မယုံကြည်နိုင်သော အာမေဍိတ်သံများစွာ ထွက်ပေါ်လာ၏။ ချန်ကျီရှင်းမှာမူ သူ၏နောက်ကြောင်း ပေါ်သွားပြီဖြစ်ရာ ဆက်လက်ဟန်ဆောင်မနေတော့ဘဲ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“မင်း ငါ့အဖေကို သိတာလား”
“သိတာပေါ့...”
မုန့်ချန်းယွမ်က ခနဲ့တဲ့တဲ့ ပြုံးလိုက်ရင်း “မင်းအဖေရဲ့ ကျင့်ကြံမှုတွေ နောက်ပြန်ဆုတ်သွားစေတဲ့ အနာရောဂါရဲ့ အရင်းအမြစ်က ဘယ်သူလဲဆိုတာ မင်းသိလား”
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ ထိုစကားကြောင့် တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။ မုန့်ချန်းယွမ်က ဆက်၍ ရယ်မောရင်း ပြောသည်။
“လွန်ခဲ့တဲ့နှစ်တွေက အရှေ့ပိုင်းဒေသ မဟာပြိုင်ပွဲတုန်းက မင်းအဖေက ငါ့ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ချန်မိသားစုအတွက် အရင်းအမြစ်တွေ ရဖို့ဆိုပြီး သူက အတင်းအကျပ် နယ်ပယ်ကို မြှင့်တင်ပြီး ငါ့ကို ရင်ဆိုင်ခဲ့တယ်။ ပြောစမ်းပါဦး... မင်းအဖေက မိုက်မဲလွန်းတယ် မဟုတ်ဘူးလား”
“နောက်ဆုံးတော့ သူ ငါ့ကို မကျော်ဖြတ်နိုင်ခဲ့တဲ့အပြင် သူ့ရဲ့ မဟာတာအို အခြေခံမှာပါ ကုလို့မရတဲ့ ဒဏ်ရာတွေ ရသွားခဲ့တာပေါ့"
မုန့်ချန်းယွမ်၏ မျက်နှာထက်တွင် နှမြောတသဟန် ပေါ်လာသည်။
“နှမြောဖို့ကောင်းတာက အဲဒီတုန်းက ပြိုင်ပွဲစည်းကမ်းတွေကို လျစ်လျူရှုပြီး မင်းအဖေကို စင်ပေါ်မှာတင် သတ်မပစ်လိုက်မိတာပဲ။ အဲဒီလိုသာ သတ်ခဲ့ရင် ဒီနေ့မှာ မင်းလို မျိုးမစစ်လေး ပေါ်လာမှာ မဟုတ်ဘူး"
“ဒါပဲလား”
ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှ အေးစက်သော သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း မြင့်တက်လာသည်။
သူ၏ဖခင် ချန်ထျန်းလျန်၏ ကျင့်ကြံမှုများ ရပ်တန့်သွားစေသည့် အဓိကတရားခံမှာ ဤလူဖြစ်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
“အို... ဒါကို ကြားတာတောင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်သေးတာပဲ”
မုန့်ချန်းယွမ်က ထပ်မံရယ်မောလျက်
“ဒီလိုလုပ်ပါလား... မင်းလည်း မင်းအဖေလိုပဲ မင်းရဲ့ မဟာတာအို အခြေခံကို ကိုယ့်ဘာသာ ဖျက်ဆီးလိုက်။ ပြီးရင် မုန့်ဟဲတုန်းရှေ့မှာ ဒူးထောက်ပြီး အပြစ်ပေးဆပ်တဲ့အနေနဲ့ သူ့ဆီမှာ နှစ်ပေါင်းတစ်ရာ ကျွန်ခံမယ်လို့ ကတိပေးရင် ဒီနေ့ တိုက်ပွဲကို ငါ အဆုံးသတ်ပေးမယ်။ ဘယ်လိုလဲ”
“ဒူးထောက်ပြီး အပြစ်ပေးဆပ်ရမယ်”
ချန်ကျီရှင်း၏ နှုတ်ခမ်းများမှာ လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
“ငါ အဲဒီလို လုပ်ချင်ရင်တောင် မုန့်ဟဲတုန်းက အခွင့်အရေး ရပါဦးမလား”
ဝုန်း…
ဖြူဖွေးသောဆံပင်များနှင့် တစ်ကိုယ်လုံး ပတ်တီးများ ပတ်ထားသော လူရိပ်တစ်ခု ချန်ကျီရှင်း၏ အနောက် ဟင်းလင်းပြင်မှ ထွက်ပေါ်လာသည်။
“ဟင်”
မုန့်ချန်းယွမ် ထိုလူကို ကြည့်လိုက်ရာ ရင်ထဲ၌ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
"ဒီလူကို ငါ မြင်ဖူးတာပေါ့။ မုန့်ဟဲတုန်းက ဒီလူ့ကို အကောင်းဆုံး ညီအစ်ကိုပါဆိုပြီး မိသားစုထဲအထိ ခေါ်လာခဲ့ဖူးတာ မဟုတ်လား"
သို့သော် ယခု ထိုလူက ချန်ကျီရှင်းဘေးတွင် ရပ်နေသည်မှာ
ရှူး…
ထိုဖြူဖွေးသောဆံပင်နှင့်လူ (ချန်ချိုးအား) သည် ခါးမှ အဝတ်အိတ်တစ်ခုကို ဖြည်၍ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ သေဆုံးနေသော်လည်း မျက်လုံးများ ပြူးကျယ်နေဆဲဖြစ်သော မီးခိုးဖြူရောင် ဦးခေါင်းတစ်ခုမှာ အိတ်ထဲမှ လိမ့်ထွက်လာ၏။
“မုန့်... မုန့်ဟဲတုန်း မုန့်ဟဲတုန်း သေသွားပြီလား”
တုကူးနီ၏ ဖိနှိပ်ခြင်းကို ခံနေရသော မုန့်မိသားစု အကြီးအကဲများမှာ ထိုမြင်ကွင်းကြောင့် ပို၍ပင် ဒေါသထွက်ကုန်ကြသည်။
“ဟဲတုန်း”
မုန့်ချန်းယွမ်၏ မျက်နှာမှာ တစ်ခဏချင်းမှာပင် အကြီးအကျယ် ပျက်ယွင်းသွားပြီး ချန်ကျီရှင်းနှင့် ချန်ချိုးအားကို စူးစိုက်ကြည့်လိုက်သည်။ ချက်ချင်းပင် သူ အရာအားလုံးကို သဘောပေါက်သွားခဲ့သည်။
“မင်းတို့ သေချင်နေတာပဲ”
မုန့်ချန်းယွမ်မှာ အစွန်းကုန် ဒေါသထွက်သွားကာ သူ၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များမှာ အတိုင်းအဆမရှိ ပေါက်ကွဲလာသည်။ အကယ်၍ မုန့်ဟဲတုန်းမှာ ဒဏ်ရာပဲ ရခဲ့လျှင် မျှော်လင့်ချက် ရှိသေးသော်လည်း ယခု မုန့်ဟဲတုန်း သေဆုံးသွားခြင်းမှာ မုန့်မိသားစုအတွက် ထာဝရအသက်ရှည်ခြင်းလမ်းစဉ်ကို လုံးဝ ဆုံးရှုံးသွားရခြင်းပင်။
ဝုန်း…
မုန့်ချန်းယွမ်၏ ခန္ဓာကိုယ်မှ စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်အထွတ်အထိပ်၏ အရှိန်အဝါမှာ နိဗ္ဗာန်နနယ်ပယ်၏ အငွေ့အသက်အချို့နှင့်အတူ ပေါက်ကွဲထွက်လာသည်။
“နယ်ပယ်တစ်ဝက် နိဗ္ဗာန်နလား”
ချန်ကျီရှင်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။
သူသည် ချက်ချင်းပင် ချန်ချိုးအားကို ဘေးသို့ တွန်းထုတ်လိုက်သည်။ မုန့်ချန်းယွမ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရှေ့သို့ ရောက်ရှိလာပြီး ချန်ချိုးအားကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။ သို့သော် လွဲချော်သွားသဖြင့် သူ၏တိုက်ကွက်ကို ချက်ချင်းပြောင်းကာ ချန်ကျီရှင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူ၏လက်ချောင်းများကြားတွင် တောက်ပလှသော နတ်ဘုရားအလင်းများ စုစည်းနေပြီး လေမုန်တိုင်းတစ်ခုအလား ပြင်းထန်လှသည်။
“လာစမ်း”
ချန်ကျီရှင်းက ဟိန်းဟောက်လိုက်ရင်း သူ၏ညာလက်မောင်းကို နောက်သို့ဆွဲကာ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ တောင်တန်းရာချီကို မနိုင်စွမ်းသည့် ကြောက်မက်ဖွယ် စွမ်းအားကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။
ဝုန်း…
လက်သီးနှင့် လက်ဝါး ရိုက်ခတ်မိရာမှ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မြေကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်လှိုင်း၏ ဂိုဏ်းစောင့်ရှောက်ရေးအစီရင်စုမှာလည်း ဂယက်ထသွား၏။ စောင့်ကြည့်နေသူ ကျင့်ကြံသူများမှာ နာကျင်စွာဖြင့် နားများကို ပိတ်ထားကြရသည်။
ချန်ကျီရှင်းမှာမူ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏တိုက်ကွက်ကို ပြောင်းလဲလိုက်ပြီး စက္ကန့်
အနည်းငယ်အတွင်း လက်သီးချက်ပေါင်း ရာနှင့်ချီ၍ ပစ်လွှတ်လိုက်တော့သည်။