အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း။ ၁၉၇
ဒိုင်း ဒိုင်း ဒိုင်း…
မြေကမ္ဘာတုန်ဟည်းသွားသော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ကျီရှင်းနှင့် မုန့်မိသားစု၏ နဝမမြောက်နဂါး မုန့်ချန်းယွမ်တို့သည် တိုက်ကွက်ပေါင်း ရာနှင့်ချီ၍ အပြန်အလှန် နှီးနှောပြီးကြပြီဖြစ်သည်။ သူတို့၏ ရိုက်ခတ်မှုတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေပြီး ဘေးမှ လွင့်စင်လာသော အရှိန်အဝါလေးမျှပင် သာမန် စစ်မှန်သောကိုယ်ပိုင်ကျင့်ကြံသူတစ်ဦးကို သေစေနိုင်စွမ်းရှိသည်။
“နွားနတ်ဆိုး... ကောင်းကင်ရိုက်ခွဲခြင်း”
နွားနတ်ဆိုး၏ ဟိန်းဟောက်သံနှင့်အတူ ချန်ကျီရှင်းက လက်သီးဖြင့် ထိုးနှက်လိုက်ရာ ပေါင်သန်းပေါင်းများစွာ လေးလံသော အားအင်များ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
“ကောင်းကင်တံခါး ပိတ်ဆို့ခြင်း”
မုန့်ချန်းယွမ်၏ မျက်ဝန်း၌ ရက်စက်မှုများ ဖြတ်ပြေးသွားပြီး သူ၏လက်မောင်းနှစ်ဖက်ကို ကြက်ခြေခတ်ယှက်ကာ ရှေ့သို့ တွန်းထုတ်လိုက်သည်။
ဒိုင်း..
လေးလံသော အသံကြီးနှင့်အတူ မုန့်ချန်းယွမ်မှာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီး သူ၏သွေးလေများမှာလည်း ရူးသွပ်စွာ ဆူပွက်လာခဲ့သည်။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ ခွန်အားပဲ"
သူသည် သူ၏လက်မောင်းပေါ်ရှိ ထင်ထင်ရှားရှား ပေါ်နေသော လက်သီးရာကို ငုံ့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ဒေါသနှင့် ထိတ်လန့်မှုကြောင့် အရောင်အမျိုးမျိုး ပြောင်းလဲနေ၏။ သူ အသက်ရှူပင် မစိစစ်ရသေးခင်မှာပင် ချန်ကျီရှင်း၏ မျက်လုံးများမှာ မီးခိုးဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။
သေခြင်းတရား၏ အငွေ့အသက်များမှာ မီးခိုးမြူများအဖြစ် ပြောင်းလဲကာ ချန်ကျီရှင်း၏ မျက်လုံးများမှ ချက်ချင်း ပြန့်လွင့်လာပြီး မုန့်ချန်းယွမ်ဆီသို့ ဒီရေအလား တိုးဝင်သွားတော့သည်။
“ဒါက ဘာကြီးလဲ”
မုန့်ချန်းယွမ် မျက်မှောင်ကြုတ်လိုက်ရင်း ထိုမြူခိုးများကို ဖယ်ရှားရန် လက်ဖြင့် လေပြင်းကို ဖန်တီးလိုက်သည်။ သို့သော် ထိုမြူခိုးများမှာ ဤဟင်းလင်းပြင်တွင် တကယ်ရှိမနေသကဲ့သို့ပင် ထိုလေပြင်းများကို ဖောက်ထွက်သွားပြီး မုန့်ချန်းယွမ်၏ လက်မောင်းများပေါ်သို့ ကပ်ငြိသွားခဲ့သည်။
ရှူး...
ခဏချင်းမှာပင် မုန့်ချန်းယွမ်၏ လက်မောင်းပေါ်ရှိ အသားများမှာ လျင်မြန်စွာ တွန့်လိမ်၍ ခြောက်ကပ်သွားတော့သည်။
“ဒါ ဘာစွမ်းအားလဲ”
မုန့်ချန်းယွမ် မျက်နှာပျက်သွားကာ အနောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ သူ၏ နတ်ဘုရားအလင်းများ တောက်ပကာ အသားပြည့်ဖြိုးခဲ့သော လက်မောင်းများမှာ ယခုအခါ အိုမင်းရင့်ရော်ကာ အရိုးများပင် မြင်နေရတော့မည့်အလား ခြောက်သွေ့သွားခဲ့၏။ ထိုလက်မောင်းဆီမှ နှစ်ပေါင်းများစွာစာ အသက်စွမ်းအားများကို တစ်ခဏချင်း စုပ်ယူခံလိုက်ရသကဲ့သို့ပင်။
“ဒါက ဘာစွမ်းအားလဲဆိုတာ အရေးမကြီးပါဘူး"
“အရေးကြီးတာက အသက်နဲ့ သေခြင်းတရားက သံသရာလည်နေတာပဲ"
ချန်ကျီရှင်း၏ မျက်လုံးထဲမှ သေခြင်းအငွေ့အသက်များ ပျောက်ကွယ်သွားပြီး အနက်ရောင်သင်္ကေတနှစ်ခု ပေါ်ထွက်လာသည်။
“ငါက ရှင်သန်မယ်"
“မင်းကတော့ သေရမယ်”
ချက်ချင်းပင် ချန်ကျီရှင်း၏ လက်ဖဝါးအလယ်မှ စူးရှတောက်ပလှသော အလင်းဖြူများ ပေါက်ကွဲထွက်လာပြီး မိုးခြိမ်းသံများ ဟိန်းထွက်လာ၏။
ဝုန်း….
ချန်ကျီရှင်း၏ လက်ဖဝါးအတွင်း၌ ငွေရောင်လျှပ်စီးနဂါးများ ကခုန်နေကြပြီး မိုးကြိုးမုန်တိုင်းများမှာလည်း တဖျတ်ဖျတ် လက်နေသည်။ မရေမတွက်နိုင်သော လျှပ်စီးတန်းများမှာ သူ၏လက်ချောင်းများကြား၌ ဧရာမမြွေကြီးများအလား ယှက်နွယ်နေပြီး သူ၏လက်ဖဝါးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးအကျဉ်းထောင်တစ်ခုကို ဖြစ်ပေါ်စေသည်။
၎င်းမှာ ကံတရားရွေးချယ်ခံလင်းဖုန်း၏ ဒုတိယမြောက် မဟာနတ်ဘုရားအတတ် လက်ဝါးမိုးကြိုးအကျဉ်းထောင်ပင်။
ဒိုင်း….
ချန်ကျီရှင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ ပေတစ်ထောင်ခရီးမှာ သူ၏ခြေဖဝါးအောက်၌ တစ်လက်မမျှသာ ရှိတော့သကဲ့သို့ မုန့်ချန်းယွမ်၏ အထက်သို့ ချက်ချင်းရောက်သွားသည်။ သူသည် မိုးကြိုးအကျဉ်းထောင်ကို ဆုပ်ကိုင်လျက် မုန့်ချန်းယွမ်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။
မုန့်ချန်းယွမ်မှာ ထိုမိုးကြိုးများ၏ စူးရှမှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးရှိ ချွေးပေါက်များပင် ပွင့်ထွက်သွားမတတ် ဖြစ်သွားရ၏။
“ထာဝရအသက်ရှည်ခြင်းအတတ် အဆုံးမဲ့လမင်း”
မည်သည့်နှောင့်နှေးမှုမျှမရှိဘဲ မုန့်ချန်းယွမ်၏ လက်အတွင်း၌ ဖြူဖွေးသော လရောင်များ ပေါ်ထွက်လာပြီး အလျင်အမြန် လည်ပတ်နေသော အဆုံးမဲ့အလင်းဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
သို့သော် ချန်ကျီရှင်း၏ လက်သီး မကျရောက်မီမှာပင်
ဝုန်း…
မရေမတွက်နိုင်သော နတ်ဘုရားအာရုံများမှာ ဧရာမတူကြီးတစ်ခုအဖြစ် ပြောင်းလဲကာ မုန့်ချန်းယွမ်၏ အသိဉာဏ်ပင်လယ်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ မုန့်ချန်းယွမ်မှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ရပြီး သူ၏လက်ထဲမှ အလင်းဒိုင်းမှာလည်း အလိုအလျောက် ပြိုကွဲသွားခဲ့သည်။
“တောက် နတ်ဘုရားအာရုံ တိုက်ခိုက်မှုလား.....”
စကားပင် မဆုံးသေးမီ
ဒိုင်း…
ချန်ကျီရှင်း၏ လက်သီးမှာ မုန့်ချန်းယွမ်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။
နွားနတ်ဆိုးက ဟိန်းဟောက်ကာ မိုးကြိုးများက ပေါက်ကွဲထွက်လာသည်။
ပြင်းထန်လှသော မိုးကြိုးအကျဉ်းထောင်မှာ မုန့်ချန်းယွမ်၏ ရင်ဘတ်ပေါ်၌ ပေါက်ကွဲထွက်သွားရာ သူ၏ခန္ဓာကိုယ်မှာ ပေထောင်ချီ၍ အနောက်သို့ လွင့်စင်သွားခဲ့ရသည်။ သူ၏ရုပ်ခန္ဓာမှာ ပြိုလဲပျက်စီးလုနီးပါးဖြစ်ကာ ပြန်လည်တည်ဆောက်လိုက်၊ ပြန်လည်ပြိုလဲလုနီးပါးဖြစ်လိုက်နှင့် အကြိမ်ပေါင်းများစွာ ဖြစ်ပျက်သွားပြီးနောက်မှသာ မုန့်ချန်းယွမ် ရပ်တန့်သွားနိုင်ခဲ့သည်။
နိဗ္ဗာန်နနယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားသော သူ၏ခန္ဓာကိုယ်မှာ ယခုအခါ အင်္ဂတေရုပ်တစ်ခုအလား အက်ကြောင်းများစွာဖြင့် ပြည့်နှက်နေ၏။
“တောက် သေစမ်း”
မုန့်ချန်းယွမ်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရင်း အံကြိတ်လိုက်သည်။ သူ၏မျက်နှာမှာ ထိတ်လန့်မှုနှင့် ဒေါသတို့ဖြင့် ရောယှက်နေ၏။ အကယ်၍ သူသာ နိဗ္ဗာန်နစွမ်းအားအချို့ကို မသိရှိထားလျှင် အခြားသော စစ်မှန်သောကိုယ်ပိုင် နဝမအဆင့်ကျင့်ကြံသူဆိုပါက ခုနက တိုက်ကွက်တစ်ခုတည်းနှင့်ပင် ဝိညာဉ်ပါ ပျောက်ကွယ်သွားခဲ့လောက်သည်။
“ဒီကောင်က ရုပ်ခန္ဓာနဲ့ ခွန်အားတင်မကဘူး။ ထူးဆန်းတဲ့ နတ်ဘုရားအာရုံတိုက်ခိုက်မှုတွေမှာလည်း ကျွမ်းကျင်တယ်။ ပြီးတော့ သူ့ရဲ့ နတ်ဘုရားအတတ်တစ်ခုချင်းစီက ကောင်းကင်ဘုံနဲ့ ပြိုင်ဆိုင်နိုင်လောက်အောင်ကို ထူးခြားလွန်းတယ်”
“လူတစ်ယောက်တည်းက ဘယ်လိုလုပ် ဒါတွေအကုန်လုံးကို တတ်မြောက်နေရတာလဲ”
မုန့်ချန်းယွမ်၏ မျက်နှာထက်တွင် ယခင်ကကဲ့သို့ တည်ငြိမ်မှုများ မရှိတော့ပေ။
“ငါ့အဖေက မင်းကို မယှဉ်နိုင်ခဲ့ဘူးဆိုရင်... ငါပဲ စမ်းကြည့်ရတာပေါ့"
ချန်ကျီရှင်း၏ မျက်နှာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူသည် ဟင်းလင်းပြင်ကို လှမ်း၍ ဆုပ်ကိုင်လိုက်ရာ ရှေးဟောင်းပြီး သံချေးတက်နေသော နတ်ဘုရားဓားတစ်စင်း သူ၏လက်ထဲ၌ ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ယံ၌ ကြည်လင်လှသော ပန်းပွင့်ချပ်ပေါင်းများစွာမှာ နှင်းပွင့်များအလား ဝဲဖြာကြွေကျလာသည်။
“ပျံသန်းနေသော ပန်းပွင့်"
ချန်ကျီရှင်းသည် ရှေ့သို့ တစ်လှမ်းတက်ကာ သူ၏လက်ထဲမှ ဓားကို အသာအယာ ဝှေ့ယမ်းလိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း…
တောက်ပလှသော ဓားအလင်းတန်းများမှာ အရပ်မျက်နှာအနှံ့သို့ ခုတ်ပိုင်းသွားပြီး ဟင်းလင်းပြင်ကြီးကို လိုက်ကာတစ်ခုအလား ဆုတ်ဖြဲလျက် မုန့်ချန်းယွမ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ဓားတာအို သူက ဓားတာအိုကိုပါ တတ်မြောက်ထားတာလား”
မုန့်ချန်းယွမ်မှာ ဦးစွာ မှင်တက်သွားပြီးနောက် သူ၏မျက်ဝန်း၌ မယုံကြည်နိုင်လောက်သော တုန်လှုပ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ထို့နောက်တွင်မူ သူသည် အစွမ်းကုန်ခုခံရင်း ထိုဓားအလင်းတန်းများကို ရိုက်ခွဲပစ်လိုက်ရ၏။ သူ အသက်ဝဝပင် မရှူရသေးမီမှာပင်
ဝေးလံလှသော အရပ်မှ တစ်လှမ်းချင်း လျှောက်လာခဲ့သော ချန်ကျီရှင်းသည် သူ၏ခေါင်းပေါ်သို့ ထပ်မံရောက်ရှိလာပြန်သည်။
“ပျံသန်းနေသော ပန်းပွင့်ဓားတာအို ခဏတာလှပမှု”
ချန်ကျီရှင်း၏ နက်ရှိုင်းလှသော အသံနှင့်အတူ မုန့်ချန်းယွမ်၏ မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်းကြီးမှာ သူ၏မျက်ဝန်းအတွင်း၌ ပေါက်ကွဲထွက်လာခဲ့သည်။
မုန့်ချန်းယွမ် မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားပြီး လက်ဖျားများဖြင့် မန္တန်အစီရင်စုများကို လျင်မြန်စွာ ဖော်ဆောင်ကာ ကာကွယ်ရေးနတ်ဘုရားအတတ် ဆယ်ဂဏန်းခန့်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။
သို့သော် မြစ်ကြီးများနှင့် နတ်ဘုရားရေတံခွန်ကြီးများအလား အရှိန်အဟုန်ပြင်းလှသော ဤဓားအလင်းအောက်တွင် ဒြပ်ရှိသောအရာအားလုံးမှာ အပေါ်ယံအလွှာများသဖွယ်ပင်။ အစိတ်စိတ်အမွှာမွှာ ကွဲအက်၍ ပျက်စီးသွားခဲ့ရသည်။ ထိုဓားချက်သည် မုန့်ချန်းယွမ်၏ မသေမျိုးနိဗ္ဗာန်ရုပ်ခန္ဓာကို တိုက်ရိုက်ခုတ်ဖြတ်သွားရာ သူ၏ကိုယ်မှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားခဲ့ရ၏။ သွေးများနှင့် အသားစများ လွင့်စင်သွားပြီး ဖြူဖွေးလှသော အရိုးများကိုပင် မြင်နေရတော့သည်။
“ဒါက ဘယ်လိုဘီလူးမျိုးလဲကွ”
မုန့်ချန်းယွမ်သည် မျက်နှာများတွန့်လိမ်လျက် ဟိန်းဟောက်လိုက်ပြီး သူ၏မျက်ဝန်း၌ ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုများ ပေါ်ပေါက်လာခဲ့သည်။ သူသည် ချန်ကျီရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် အသက်လုကာ အနောက်သို့ အစွမ်းကုန် ဆုတ်ခွာလိုက်တော့သည်။
“အလဟဿ ဖြစ်သွားမယ့် သေအံ့ဆဲဆဲ ရုန်းကန်မှုပဲ"
ချန်ကျီရှင်းက ခေါင်းယမ်းလိုက်ရင်း စကားတစ်လုံးတည်းကိုသာ ပြောလိုက်သည်။
“ရပ်တန့်စေ"
ချက်ချင်းပင် ကောင်းကင်နှင့်မြေပြင်ကြားရှိ အရာအားလုံးမှာ ခေတ္တရပ်နားခြင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ လွင့်မျောနေသော ဖုန်မှုန့်များ၊ တိုက်ခတ်နေသော လေပြင်းများနှင့် အစွမ်းကုန် ဆုတ်ခွာနေသော မုန့်ချန်းယွမ်။ အရာအားလုံးမှာ ဤအခိုက်အတန့်၌ အေးခဲသွားခဲ့ရ၏။
ချန်ကျီရှင်းက တစ်လှမ်းတိုးလိုက်ပြီး မုန့်ချန်းယွမ်ဆီသို့ ထပ်မံချဉ်းကပ်လိုက်သည်။
ဒိုင်း ဒိုင်း ဒိုင်း
ပတ်ဝန်းကျင်၌မူ တိုက်ပွဲများမှာ မရပ်မနား ဆက်လက်ဖြစ်ပွားနေဆဲပင်။
“ကောင်းကင်ခွဲ လပြည့်ဟိန်းဟောက်သံ”
တုကူးနီသည် တစ်ယောက်တည်းနှင့် ဆယ်ယောက်ကို ရင်ဆိုင်နေပြီး သူ၏မျက်လုံးများမှ နီရဲသော မိစ္ဆာခိုးငွေ့များ ထွက်ပေါ်နေ၏။ ဆယ်မိုင်ပတ်လည်တွင် အနက်ရောင် မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကမ္ဘာတစ်ခုကို ဖြစ်ပေါ်စေသည်။ သူ၏လက်ထဲမှ မျက်စိဖျက်ဆီးခြင်း မိစ္ဆာဓားမှာလည်း ရူးသွပ်စွာ ခုတ်ပိုင်းနေပြီး တိုက်ကွက်တိုင်းမှာ ခွန်အား၏ အထွတ်အထိပ်သို့ ရောက်နေသဖြင့် မုန့်မိသားစု အကြီးအကဲများကို အကြီးအကျယ် တုန်လှုပ်စေသည်။
မုန့်မိသားစု အကြီးအကဲများမှာ ထိတ်လန့်နေကြရုံသာမက နာကျည်းမှုများဖြင့်လည်း ပြည့်နှက်နေကြသည်။ သူတို့၏ ရတနာများသာ အခိုးမခံရလျှင် ဤကဲ့သို့ အသတ်ခံနေရသော သိုးသူငယ်များကဲ့သို့ ဖြစ်နေမည် မဟုတ်ပေ။
တုကူးနီ၏ အနောက်၌မူ ပုပုကွကွ လူရိပ်ကလေးမှာ မယုံနိုင်လောက်အောင် မြန်သောနှုန်းဖြင့် လှုပ်ရှားနေပြီး မမျှော်လင့်ထားသော ထောင့်များမှနေ၍ တိကျစွာ တိုက်ခိုက်နေသည်။ မုန့်မိသားစု အကြီးအကဲတစ်ဦးမှာ တုကူးနီ၏ တိုက်ကွက်မှ သီသီလေးလွတ်သွားသဖြင့် စိတ်အေးသွားစဉ်မှာပင် ဟွားလင်ဟိုက မြေပြင်အောက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး ထိုသူ၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲကာ မြေကြီးထဲသို့ ဆွဲချသွားခဲ့သည်။ နာကျင်မှုနှင့် ဒေါသတို့ ရောယှက်နေသော အော်ဟစ်သံကြီး ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် မြေပြင်ပေါ်၌ သွေးကွက်ကြီးတစ်ခု စိမ့်ထွက်လာတော့သည်။
“တုကူးနီ အဖိုးကြီး... မင်းနဲ့ ငါနဲ့ဆိုရင် ဒီလောကမှာ ငါတို့က အနိုင်မရနိုင်တဲ့သူ မရှိတော့ဘူး မဟုတ်လား”
ဟွားလင်ဟိုက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
ဒိုင်း…
တုကူးနီက အကြီးအကဲတစ်ဦးကို ဓားတစ်ချက်တည်းနှင့် ခုတ်ပိုင်းလိုက်ရာ ဓားလက်ကိုင်ရှိ မိစ္ဆာမျက်လုံးမှာ အသာအယာ လည်ပတ်သွားပြီး ထိုသူ၏ သွေးအားလုံးကို ချက်ချင်း စုပ်ယူလိုက်သည်။
“မြှောက်ပင့်တာ တော်လွန်းတယ်နော်"
တုကူးနီက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
အခြားတစ်ဖက်တွင်မူ ကျိန်စာသင်္ကေတလူငယ် ချန်ပုချိသည် ဖြူဖျော့သောမျက်နှာ၊ စိတ်လွင့်နေသော မျက်ဝန်းများဖြင့် အလောင်းများနှင့် သွေးပင်လယ်များကြား၌ ရပ်နေ၏။
“သိုးတွေ အများကြီးပဲ"
သူသည် သူ၏ဘေးရှိ ဟင်းလင်းပြင်တစ်ခုသို့ လှည့်ကြည့်လိုက်ရင်း တောင့်တင်းနေသော သူ၏မျက်နှာထက်၌ အတင်းအကျပ် အပြုံးတစ်ခုကို ဖော်လိုက်သည်။
“ညီမလေး... ဒီတစ်ခါတော့ မင်း ဝဝလင်လင် စားရတော့မှာပဲ"
ပို၍ဝေးသောနေရာရှိ မုန့်မိသားစု၏ မဟာမိတ်တပ်များကြား၌
“နာကျင်မှုရဲ့ အရသာကို ခံစားလိုက်စမ်းပါ"
ချန်ချိုးအားသည် မျက်လုံးများကို မှိတ်ထားပြီး ကမ္ဘာကြီးကို ပွေ့ဖက်ထားသကဲ့သို့ လက်နှစ်ဖက်ကို ဖြန့်ထားသည်။
“ငါ့ရဲ့ နာကျင်မှုတွေကို မင်းတို့အားလုံးနဲ့ ဝေမျှလိုက်မယ်"
ကျင့်ကြံသူပေါင်းများစွာ၏ မျက်ဝန်းအတွင်း၌ မြွေအရိပ်တစ်ခု ပေါ်ထွက်လာသည်။ ချန်ချိုးအားက လက်တစ်ဖက်ပင် မမြှောက်ရသေးမီ ထိုလူအုပ်ကြီးမှာ ရုတ်တရက် လဲကျသေဆုံးကုန်ကြပြီး မြေပြင်ပေါ်၌ တုန်ယင်လျက် သွေးများ အန်ထုတ်ကုန်ကြသည်။ သူတို့၏ ပါးစပ်၊ မျက်လုံး၊ နှာခေါင်းနှင့် နားများအတွင်းမှ အင်းဆက်များ၊ မြွေများ၊ ပုရွက်ဆိတ်များနှင့် ပိုးကောင်များမှာ တရွရွ တိုးထွက်လာကြတော့သည်။
ဤအခိုက်အတန့်တွင် အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးချိန်မှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်ရှိ အခြေအနေမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
စောင့်ကြည့်နေသော ကျင့်ကြံသူများနှင့် ကောင်းကင်လှိုင်းတပည့်များမှာ ဤမြင်ကွင်းကို ကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။
လူငါးယောက်တည်းနဲ့ မုန့်မိသားစုရဲ့ မဟာမိတ်တပ်တစ်ခုလုံးကို တားဆီးထားနိုင်တာလား။
“ဒါ... ဒါက တော်တော်လေးကို လွန်လွန်းတယ် မဟုတ်ဘူးလား”
“ကြောက်စရာပဲ သူတို့တစ်ယောက်ချင်းစီက အစွမ်းထက်လွန်းတယ်"
“ဟို ဓားသမားက... ဟိုတုန်းက ဓားမိစ္ဆာနဲ့ တူလိုက်တာ”
“မုန့်မိသားစုတော့ တစ်မိသားစုလုံး အသတ်ခံရတော့မှာပဲ”
“မုန့်ဟဲတုန်းက တကယ်သေသွားတာလား အဲဒီပတ်တီးတွေနဲ့လူက မုန့်ဟဲတုန်းရဲ့ တစ်သက်တာသူငယ်ချင်း မဟုတ်ဘူးလား ဘယ်လိုလုပ် ရှောင်ပင်းဘက် ပါသွားရတာလဲ”
အမျိုးမျိုးသော ဆွေးနွေးသံများမှာ ဆူညံနေတော့သည်။ အခြေအနေက အပြောင်းအလဲ မြန်လွန်းသလို သတင်းအချက်အလက်တွေကလည်း များလွန်းလှသည်။ သူတို့ပင် လိုက်မပြောနိုင်လောက်အောင်ပင်။
နောက်ဆုံး၌ ဆွေးနွေးသံများအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ အားလုံး၏ အကြည့်မှာ ချန်ကျီရှင်းဆီသို့သာ ရောက်ရှိသွားကြ၏။
“မြန်မြန်ကြည့်ဦး မုန့်မိသားစုရဲ့ နဝမမြောက်နဂါး မုန့်ချန်းယွမ်တော့ ပြိုလဲတော့မယ်”
“ဘုရားရေ ဒီနတ်ဘုရားသားတော်က သူ့ရဲ့အရှိန်အဝါအရဆိုရင် စစ်မှန်သောကိုယ်ပိုင် ဆဌမအဆင့်ပဲ ရှိသေးတာမဟုတ်ဘူးလား။ ဒါပေမဲ့ နိဗ္ဗာန်နနယ်ပယ်ကို ခြေတစ်လှမ်းလှမ်းထားတဲ့ မုန့်ချန်းယွမ်ကို ဖိနှိပ်ထားနိုင်တာလား”
“တစ်ခါမှ မကြားဖူးသလို တစ်ခါမှလည်း မမြင်ဖူးဘူး။ ဒီလောက်အစွမ်းထက်တာမျိုး ရှေးဟောင်းသမိုင်းမှာတောင် မှတ်တမ်းမရှိလောက်ဘူး”
“ကောင်းကင်လှိုင်း နတ်ဘုရားသားတော်တင် မကတော့ဘူး။ သူက ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေး ချန်ကျီရှင်းပဲ”
“ချန်မိသားစုရဲ့ တတိယသခင်လေးက အသုံးမကျတဲ့ အလေအလွင့်ဆိုပြီး ကောလာဟလတွေ ထွက်နေတာ မဟုတ်ဘူးလား ဒါကို အသုံးမကျဘူးလို့ ခေါ်တာလား”
“ဟား အကယ်၍ နတ်ဘုရားသားတော်က တကယ်ပဲ ချန်မိသားစုရဲ့ သခင်လေးဆိုရင် သူက ထိပ်တန်းဂိုဏ်းကြီး နှစ်ခုလုံးရဲ့ အထောက်အပံ့ကို ရထားတာပေါ့”
လူပေါင်းများစွာ၏ တုန်လှုပ်မှုများကြား၌ အဖိုးအိုတစ်ဦးက တစ်ခုခုကို သတိရသွားဟန်ဖြင့် တိုးတိတ်စွာ ပြောလိုက်သည်။
“မင်းတို့ မေ့နေတဲ့ အကြောက်စရာအကောင်းဆုံး အချက်တစ်ခု ရှိသေးတယ်။ အဲဒါကတော့ ချန်မိသားစုရဲ့ သခင်လေး ချန်ကျီရှင်း ပေါ်လာကတည်းက အခုချိန်ထိဆိုရင်... ၁၃ နှစ်ပဲ ရှိသေးတယ် ဆိုတာပဲ"
အခန်း။ ၁၉၈
“၁၃ နှစ်...”
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်တွင် မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများသည် အသက်ရှူမှားမတတ် ဖြစ်သွားကြရပြီး သူတို့၏မျက်ဝန်းများတွင် သရဲသရဲစီးမြင်လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာခဲ့သည်။
“တိုတောင်းလှတဲ့ ၁၃ နှစ်တာ ကျင့်ကြံမှုသက်တမ်းနဲ့ စစ်မှန်သောကိုယ်ပိုင် ဆဌမအဆင့်ကို ရောက်တယ်လား”
“ဘုရားရေ အသက် ၁၃ နှစ်အရွယ်နဲ့ စစ်မှန်သောကိုယ်ပိုင် ဆဌမအဆင့်ဆိုတာ သမိုင်းတစ်လျှောက်မှာ တစ်ခါမှမရှိခဲ့ဖူးတဲ့ စံချိန်ပဲ မဟုတ်လား”
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုနည်းနဲ့ ဒီအဆင့်ကို ရောက်သွားတာလဲ”
ကျင့်ကြံသူအပေါင်းမှာ အံ့သြလွန်း၍ စကားပင် မဆိုနိုင်တော့ချေ။ အသက် ၁၃ နှစ်အရွယ်နှင့် ဤမျှမြင့်မားသော အဆင့်သို့ ရောက်ရှိခြင်းမှာ သူတို့၏ အသိဉာဏ်နှင့် ဆင်ခြင်တုံတရားတို့ထက် များစွာ ကျော်လွန်နေသည်။
တစ်ဖက်တွင်မူ “အားနည်းတယ်။ အားနည်းတယ်။ အားနည်းလွန်းတယ်”
ချန်ကျီရှင်းသည် ရှေ့သို့တစ်လှမ်းတိုးကာ လက်သီးဖြင့်ထိုးလိုက်၊ ဓားဖြင့်ခုတ်လိုက်နှင့် အေးဆေးစွာ တိုက်ခိုက်နေသော်လည်း ဆံပင်ဖြူနှင့် မုန့်ချန်းယွမ်မှာမူ ရိုက်ခတ်ခံရမှုကြောင့် သူ၏ရုပ်ခန္ဓာမှာ အက်ကြောင်းများထင်လာပြီး အဆက်မပြတ် နောက်ဆုတ်နေရသည်။
“မင်း... ကောင်စုတ်လေး”
မုန့်ချန်းယွမ်သည် မျက်နှာပြာနှမ်းလျက် အံကြိတ်လိုက်သည်။ ချန်ကျီရှင်း၏ နောက်ထပ်လက်သီးတစ်ချက် ပြေးဝင်လာသည်ကို မြင်လျှင်
“ဓမ္မပုံရိပ် မဟာတာအို ဖျက်ဆီးခြင်းချပ်ပြား”
မုန့်ချန်းယွမ်၏ တစ်ကိုယ်လုံးရှိ စွမ်းအင်များမှာ ဆူပွက်လာပြီး သူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
ဝုန်း…
ပေတစ်ထောင်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ ရေပူများကဲ့သို့ စတင်ပွက်လောရိုက်လာသည်။ အဆုံးမဲ့သော မဟာတာအိုမန္တန်စာသားများမှာ လေထုထဲ၌ ကခုန်နေကြပြီး နတ်ဘုရားအလင်းတန်းများမှာလည်း တိုးထွက်လာခဲ့၏။ ကောင်းကင်ယံ၌ ပန်းများပွင့်ကာ မြေပြင်မှ ရွှေကြာပွင့်များ ပေါ်ထွက်လာသည်။ ကြည်လင်တောက်ပသော လပြည့်ဝန်းနှင့်တူသည့် ရွှေရောင်ချပ်ပြားကြီးတစ်ခုမှာ ကောင်းကင်နှင့်မြေပြင်ကြား၌ ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုချပ်ပြားပေါ်၌ ရှေးဟောင်းနက်မှောင်သော နတ်ဘုရားပုံစံများနှင့်အတူ ချန်း၊ ခွန်း၊ ကျန်း၊ ရွှမ်း၊ လီ၊ ခန့်၊ ကန့်၊ တွေးကဲ့သို့ အဌဂံသင်္ကေတများစာသားများမှာ ထင်ရှားစွာ ရှိနေ၏။
“သွားစမ်း”
မုန့်ချန်းယွမ်က လက်နှစ်ဖက်ဖြင့် ရှေ့သို့တွန်းထုတ်လိုက်သည်။ ရွှေရောင်ချပ်ပြားကြီးမှာ အရှိန်အဟုန်ဖြင့် လည်ပတ်လျက် ချန်ကျီရှင်းဆီသို့ ဦးတည်သွားတော့သည်။ ဟင်းလင်းပြင်ကြီးမှာ တိုက်ရိုက်ပြိုလဲသွားပြီး လမ်းကြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့၏။ မဟာတာအိုပင်လျှင် အမှုန့်ဖြစ်သွားရတော့မည့်အလားပင်။
“မလှုပ်မယှက် တောက်ပသောဘုရင်... ပွင့်စေ"
ချန်ကျီရှင်းမှာ သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ညာလက်ဖြင့် ပန်းပွင့်မန္တန်တစ်ခုကို အသာအယာ ဖော်ဆောင်လိုက်သည်။
စကားအဆုံးတွင်
ဝုန်း
ပေတစ်သောင်းခန့် မြင့်မားသော ဧရာမရုပ်သွင်ကြီးတစ်ခုမှာ ချန်ကျီရှင်း၏ အနောက်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာကား ထည်ဝါခန့်ညားလှသော အနက်ရောင် ဗုဒ္ဓရုပ်ပွါးတော်ကြီးပင်။
ထိုဗုဒ္ဓရုပ်ပွားတော်၏ တစ်ကိုယ်လုံးမှာ နက်မှောင်သော အပြာရောင်ရှိပြီး ကြာပန်းလမင်းပလ္လင်ပေါ်တွင် ရပ်တည်နေ၏။ ဦးခေါင်းထက်၌ ပန်းငါးပွင့်သရဖူကို ဆောင်းထားပြီး ဆံနွယ်များမှာ ဖရိုဖရဲ လွင့်ဖြာနေသည်။ မျက်လုံးသုံးလုံးရှိရာ ဘယ်ဘက်မျက်လုံးက အထက်၊ ညာဘက်မျက်လုံးက အောက်သို့ ကြည့်နေပြီး တတိယမျက်လုံးမှာမူ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေသည်။ ဦးခေါင်းအနောက်ဘက်၌ အနက်ရောင် မီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်နေ၏။
လက်အတွင်း၌လည်း ရတနာနှစ်ပါးကို ဆုပ်ကိုင်ထားကာ ညာလက်က နဂါးရှစ်ကောင် ပတ်နွယ်နေသော အနက်ရောင်နဂါးဓားကို ကိုင်ထားပြီး ဘယ်လက်ကမူ အနက်ရောင်ကြိုးတစ်စကို ကိုင်ထားသည်။ ထိုကြိုး၏ တစ်ဖက်တွင် ချိတ်တစ်ခုရှိပြီး အခြားတစ်ဖက်တွင် နတ်ဘုရားလှံရှိနေသည်။
ဒိုင်း ဒိုင်း ဒိုင်း
ဖျက်ဆီးခြင်းချပ်ပြားကြီးမှာ တဝီဝီလည်လျက် ပြေးဝင်လာသော်လည်း ချန်ကျီရှင်းဆီသို့ မရောက်မီမှာပင် သူ၏အနောက်ရှိ မလှုပ်မယှက် တောက်ပသောဘုရင်သည် တောင်တန်းမြစ်ကမ္ဘာများအလား ကျယ်ပြောလှသော လက်နက်ကြီးကို ဆန့်ထုတ်ကာ ထိုချပ်ပြားကို အနက်ရောင်လက်ဝါးကြီးဖြင့် ဖမ်းဆုပ်လိုက်သည်။
မဟာတာအိုကိုပင် ဖျက်ဆီးနိုင်စွမ်းရှိပုံရသော ထိုချပ်ပြားကြီးမှာ ထိုအနက်ရောင်လက်ဝါးအတွင်း၌ တစ်လက်မမျှပင် ဆက်မတိုးနိုင်တော့ချေ။ ချပ်ပြားမှာ အရှိန်အဟုန်ဖြင့် လည်ပတ်နေဆဲဖြစ်သဖြင့် နတ်ဘုရားအလင်းစက်ပေါင်းများစွာမှာ အရပ်မျက်နှာအနှံ့ လွင့်စင်နေသည်။
နောက်တစ်ခဏ၌ ချန်ကျီရှင်းက သူ၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့်အတူ အနောက်မှ ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီးသည်လည်း လက်ချောင်းများကို စုဆုပ်လိုက်သည်။
ဂွမ်း….
ပြင်းထန်လှသော ပွတ်တိုက်သံကြီး ထွက်ပေါ်လာပြီးနောက် ဖျက်ဆီးခြင်းချပ်ပြားတစ်ခုလုံးမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲ၍ ပျက်စီးသွားတော့သည်။
မုန့်ချန်းယွမ်၏ မျက်နှာမှာ သွေးဆုတ်၍ ဖြူလျော်သွားခဲ့ကာ သူ နောက်ထပ်တိုက်ကွက်မပြောင်းနိုင်ခင်မှာပင် ထိုပေတစ်သောင်းမြင့်သော အနက်ရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးသည် အခြားလက်တစ်ဖက်မှ နဂါးဓားကို မြှောက်ကာ မုန့်ချန်းယွမ်ဆီသို့ ခုတ်ပိုင်းချလိုက်တော့သည်။
မုန့်ချန်းယွမ်သည် သူ၏ခေါင်းကို မော့ကြည့်လိုက်ရာ ပုကျိုးတောင်ကြီး ပြိုလဲကျလာသကဲ့သို့ ခံစားရစေသည့် ဧရာမနဂါးဓားကြီးကို မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်မိတော့သည်။
“ဟင့်အင်း... မဖြစ်နိုင်ဘူး”
သူသည် ရူးသွပ်စွာဖြင့် သူတတ်သမျှ နတ်ဘုရားအတတ်များနှင့် မန္တန်များကို အစွမ်းကုန်ထုတ်ဖော်လျက် သူ၏ရှေ့၌ ကာကွယ်ရေးဒိုင်းပေါင်းများစွာကို ဖန်တီးလိုက်တော့သည်။
သို့သော်လည်း အရာရာမှာ အလဟဿပင် လုံးဝကို အသုံးမဝင်ခဲ့ချေ။
ဒိုင်း ဒိုင်း ဒိုင်း
ကာကွယ်ရေးဒိုင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။
ထို့နောက်တွင်မူ နဂါးရှစ်ကောင်ပတ်နွယ်နေသော ဓားကြီးသည် အရှိန်အနည်းငယ်မျှသာ လျော့သွားလျက် မုန့်ချန်းယွမ်၏ ဦးခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ချန်းယွမ်၏ ရုပ်ခန္ဓာမှာ ပေါက်ကွဲသွားပြီး သွေးအိုင်နှင့် အသားစများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ဤမြင်ကွင်းကို ကြည့်နေကြသော ကျင့်ကြံသူများနှင့် ကောင်းကင်လှိုင်းတပည့်ပေါင်းများစွာမှာ ရင်တထိတ်ထိတ်ဖြစ်သွားကြရပြီး သူတို့၏မျက်ဝန်းများတွင်လည်း တောက်ပသော အရောင်များဖြင့် ပြည့်နှက်သွားသည်။
“သေ... သေသွားပြီလား”
တစ်စုံတစ်ယောက်က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်မိသည်။
ချန်ကျီရှင်း၏ အနောက်ဘက်တွင်မူ မိုးထိအောင် မြင့်မားလှသော အနက်ရောင်ဗုဒ္ဓ ဓမ္မပုံရိပ်ကြီးမှာ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ကာ ချန်ကျီရှင်းသည် မုန့်ချန်းယွမ်၏ အလောင်းရှိရာဆီသို့ လှမ်းကြည့်လိုက်သည်။
သွေးအိုင်နှင့် အသားပုံကြီးဖြစ်နေသော မုန့်ချန်းယွမ်၏ အသားစများမှာ တုန်ယင်လာသည်ကို တွေ့လိုက်ရ၏။ နောက်တစ်ခဏ၌ သွေးများမှာ နောက်သို့ ပြန်လည်စီးဝင်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
အလွန်တရာ ဖြူဖျော့နေသော မျက်နှာနှင့်အတူ မုန့်ချန်းယွမ်သည် မြေပြင်မှ ထရပ်လိုက်ပြီး လေကို အငမ်းမရ ရှူရှိုက်နေရသည်။ သူ၏ရင်ဘတ်မှာလည်း ပန်းပဲဖိုမှ ဖိုခုတ်နေသကဲ့သို့ ပြင်းထန်စွာ နိမ့်ချီမြင့်ချီ ဖြစ်နေသည်။
“ဒါတောင် မသေသေးဘူးလား ဒါက နိဗ္ဗာန်နစွမ်းအားလား”
ချန်ကျီရှင်းက မုန့်ချန်းယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်ရင်း သူ၏မျက်ဝန်းထဲ၌ စဉ်းစားတွေးတောဟန်တစ်ခု ဖြတ်ပြေးသွားသည်။
နိဗ္ဗာန်နနယ်ပယ်ဆိုသည်မှာ ဖီးနစ်ငှက်တို့၏ သေဆုံးခြင်းမှ ပြန်လည်ရှင်သန်ခြင်းဟူသော အဓိပ္ပာယ်ကို ယူထားခြင်းဖြစ်ရာ မသေနိုင်ခြင်းနှင့် ပြန်လည်မွေးဖွားခြင်းပင်။ ဤနယ်ပယ်သို့ ရောက်ရှိသွားသူတစ်ဦးသည် လူသားခန္ဓာကိုယ်မှ လုံးဝရုန်းထွက်သွားပြီဖြစ်ကာ မသေမျိုးနယ်ပယ်သို့ ခြေလှမ်းလှမ်းလိုက်ပြီဟု သတ်မှတ်နိုင်၏။
သွေးတစ်စက်ရှိရုံဖြင့် ပြန်လည်ရှင်သန်နိုင်ခြင်းမှာ နိဗ္ဗာန်နနယ်ပယ်ရှိ အရှင်သခင်များသာ တတ်မြောက်နိုင်သော နည်းလမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် နိဗ္ဗာန်နအဆင့်ရှိသူတစ်ဦးကို ပြင်ပအားဖြင့် သတ်ရန်မှာ အလွန်ခက်ခဲသည်။ သူတို့၏ တကယ့်ရန်သူမှာ အချိန်တစ်ခုတည်းသာ ရှိတော့သည်။
ချန်ကျီရှင်းမှာ အနည်းငယ်မျှ အံ့သြသွားရခြင်းမှာ ဤမုန့်ချန်းယွမ်သည် နိဗ္ဗာန်နနယ်ပယ်သို့ အစစ်အမှန် မရောက်သေးဘဲ စွမ်းအားအချို့ကိုသာ သိရှိနားလည်ထားခြင်းဖြစ်သော်လည်း သွေးမှတစ်ဆင့် ပြန်လည်ရှင်သန်ခြင်းကို လုပ်ဆောင်နိုင်နေခြင်းကြောင့်ပင်။
“ဒါနဲ့တောင် မသေဘူးဆိုရင်လည်း ပြီးတာပဲလေ... တစ်ခါတည်းနဲ့ မသေရင် အကြိမ်တစ်ထောင် သတ်ပေးရတာပေါ့”
“မင်း ဘယ်လောက်အထိ ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှ အေးစက်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
ဝုန်း…
ခြေတစ်လှမ်း ပြင်းပြင်းလှမ်းလိုက်ရုံဖြင့် ချန်ကျီရှင်းသည် လေထုထဲ၌ အရိပ်များစွာ ချန်ရစ်ခဲ့ကာ မုန့်ချန်းယွမ်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိသွားတော့သည်။
“ဟင့်အင်း... မလုပ်နဲ့”
၎င်းကို မြင်လျှင် မုန့်ချန်းယွမ်၏ မျက်နှာမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားတော့သည်။ ပထမတစ်ချက်မှ လွတ်မြောက်ခဲ့ခြင်းမှာပင် ကံကောင်းလွန်း၍ ဖြစ်သည်။ ယခုအခါတွင်မူ ဒုတိယတစ်ချက်ကို ခံနိုင်ရန် အင်အား လုံးဝမရှိတော့ချေ။
“ဘိုးဘေးကြီး စစ်ကူတွေ ဘာလို့ ရောက်မလာသေးတာလဲ”
မုန့်ချန်းယွမ်သည် ရုတ်တရက် ခေါင်းမော့လိုက်ပြီး သူ၏ကျန်ရှိသမျှ အားအင်အားလုံးကို သုံးကာ ကောင်းကင်ပြင်ပဆီသို့ အော်ဟစ်လိုက်တော့သည်။
ကောင်းကင်ပြင်ပ၌ ကြယ်တာရာများမှာ ကျယ်ပြောလှသော ကောင်းကင်ယံ၌ လည်ပတ်နေကြပြီး ရှေးဟောင်းအငွေ့အသက်များမှာ ဖုံးလွှမ်းနေ၏။ ဧရာမ ကြယ်တာရာကြီးတစ်ခုအတွင်း၌ မြူထုများ ဝန်းရံနေသော လူရိပ်နှစ်ဦးသည် မိုင်ပေါင်းထောင်ချီ ကွာဝေးလျက် တစ်ဦးနှင့်
တစ်ဦး ရင်ဆိုင်၍ ရပ်နေကြသည်။ သူတို့၏အောက်ရှိ ကြယ်တာရာကြီးမှာလည်း အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် လူရိပ်နှစ်ဦးအနက် တစ်ဦးမှာ တစ်ခုခုကို သတိပြုမိသွားဟန်ဖြင့် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏အမြင်အာရုံမှာ ဟင်းလင်းပြင် မိုင်သန်းပေါင်းများစွာကို ဖောက်ထွက်သွားပြီး ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်ရှိ မြင်ကွင်းများကို မြင်လိုက်ရ၏။
“ဇီဝေချန်မိသားစု... တတိယသခင်လေး ချန်ကျီရှင်း”
“အဲဒါ... ဟဲတုန်းလား”
ချက်ချင်းပင် ထိုလူရိပ်၏ မျက်ဝန်းအစုံမှ ပြင်းထန်လှသော အလင်းတန်းများ ထွက်ပေါ်လာသည်။
“မင်းတို့ သေချင်နေတာပဲ”
နောက်တစ်ခဏ၌ ထိုလူရိပ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလျက် တဟုန်ထိုး ဆင်းသက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက် ဟင်းလင်းပြင်ရှိ အခြားတစ်နေရာ၌ ဝဲဂယက်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ထိုဝဲဂယက်၏ အလယ်မှနေ၍ လူရိပ်များစွာ တရိပ်ရိပ် ထွက်ပေါ်လာကြတော့၏။
“ဘိုးဘေးကြီး... ကျွန်တော်တို့ နောက်ဆုံးတော့ ရောက်လာပါပြီ"
အဖိုးအိုတစ်ဦး၏ အသံမှာ ဝဲဂယက်အတွင်းမှ ခပ်ဖွဖွ ရယ်မောလျက် ထွက်ပေါ်လာခဲ့ပေသတည်း။