အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း။ ၁၉၉
ကောင်းကင်ပြင်ပ၌
“မင်းတို့ သေချင်နေတာပဲ”
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှ မြင်ကွင်းအားလုံးက မုန့်ယွန့်ထျန်း၏ မျက်ဝန်းအစုံ၌ ထင်ဟပ်နေသည်။
ဒေါသတကြီး မျက်လုံးပြူးလျက် သေဆုံးနေသော မုန့်ဟဲတုန်း၏ ဦးခေါင်းကို မြင်လိုက်ရချိန်တွင် သူသည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ကမ္ဘာမြေတုန်ဟည်းသွားစေမည့် နာကျင်ကြေကွဲဖွယ် အော်ဟစ်သံကြီးကို လွှတ်ထုတ်လိုက်တော့သည်။
သေပြီ
ဟဲတုန်း တကယ်ပဲ သေသွားပြီ။
ဤသည်မှာ သူတို့၏ ချင်းပြည်နယ် မုန့်မိသားစုအတွက် ထာဝရအသက်ရှည်ခြင်း လမ်းစဉ်ကို သက်သေပြရန် ရှိသမျှ မျှော်လင့်ချက်အားလုံး လုံးဝဥဿုံ ပြတ်တောက်သွားခြင်းပင်။
ဝုန်း ဝုန်း ဝုန်း…
မုန့်ယွန့်ထျန်း၏ မျက်ဝန်းမှ အိုမင်းရင့်ရော်သော မျက်ရည်များ စီးကျလာသော်လည်း သူ၏ ခန္ဓာကိုယ်မှမူ တစ်ခါဖူးမျှ မရှိခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ မြင့်တက်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် မုန့်ယွန့်ထျန်းသည် ကောင်းကင်ယံကို ဆုတ်ဖြဲလျက် ကိုးထပ်ကောင်းကင်အောက်ရှိ ချန်ကျီရှင်းဆီသို့ တဟုန်ထိုး ဆင်းသက်လာတော့သည်။
ချလွမ်…
ရှေးဟောင်း ကြက်သွေးရောင် လှံရှည်တစ်စင်းသည် တောင်ထိပ်ပေါင်း ရာနှင့်ချီကို မတင်ကာ ရိုက်ခွဲပစ်လိုက်ပြီး မုန့်ယွန့်ထျန်း၏ ရှေ့၌ ပိတ်ဆို့ရပ်တန့်လိုက်သည်။ မုန့်ယွန့်ထျန်းက လက်ဝါးဖြင့် ရိုက်ချလိုက်ရာ ထိုတောင်ထိပ်ရာပေါင်းများစွာမှာ ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ကြေမွသွားခဲ့ရ၏။
“မုန့်ယွန့်ထျန်း... မင်း အခုဆို ရှောင်ပင်းရဲ့ အထောက်အထားကို သိလောက်ပြီ။ သူက ချန်
သောက်ရန်ရဲ့မြေးပဲ။ ဒါကိုတောင် မင်းက အတင်းအဓမ္မ သတ်ချင်နေတာလား”
ချင်းထျန်းကျန့်က လှံလက်ကိုင်ကို လှမ်းဖမ်းကာ မုန့်ယွန့်ထျန်းရှေ့တွင် ခိုင်မြဲစွာ ရပ်တန့်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟဲတုန်းကလည်း ငါ့ရဲ့မြေးပဲကွ”
မုန့်ယွန့်ထျန်း၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောက်ကျစ်ယုတ်မာသော ပုံစံပေါက်နေပြီး မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေသည်။
“ဒီနေ့မှာတော့ သူက ဇီဝေချန်မိသားစုရဲ့ တတိယသခင်လေးဖြစ်ဖြစ် ကောင်းကင်လှိုင်းရဲ့ နတ်ဘုရားသားတော်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး”
“ငါ သိတာကတော့... အသက်ကို အသက်နဲ့ ပြန်ပေးဆပ်ရမယ်ဆိုတာပဲ”
“ငါ့မြေး ဟဲတုန်းအတွက် သူပါ လိုက်သေပေးရမယ်”
စကားအဆုံးတွင် မုန့်ယွန့်ထျန်းသည် သူ၏ ကျင့်ကြံမှုကို အဆုံးစွန်ထိ မြှင့်တင်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဖယ်စမ်း”
ပြောပြောဆိုဆိုဖြင့် ချင်းထျန်းကျန့်၏ လှံချက်ကို လျစ်လျူရှုကာ လက်ဝါးဖြင့် ရိုက်ထုတ်လိုက်ရာ လှံသွားမှာ သူ၏ရင်ဘတ်ကို ဖောက်ထွက်သွားပြီး သွေးချင်းချင်းနီသော အပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့သည်။ သို့သော် သူသည် နာကျင်မှုကို ဂရုမစိုက်ဘဲ ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကောင်းကင်လှိုင်း အပြင်ဘက်ရှိ ချန်ကျီရှင်းကို သတ်ရန် အာကာသကို ဖြတ်ကျော်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အခြားတစ်နေရာ၊ ဖရိုဖရဲဖြစ်နေသော မိစ္ဆာပင်လယ်အလား ပြောင်းလဲနေသည့် နိဗ္ဗာန်နစစ်တလင်းအတွင်း၌
ဒိုင်း ဒိုင်း…
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ ဘိုးဘေးကြီးနှစ်ဦး၏ ရုပ်အလောင်းများမှာ ထိုတိုက်ပွဲအတွင်းမှ လွင့်စင်ထွက်လာခဲ့သည်။ သူတို့၏ မျက်နှာများမှာ ဖြူဖျော့နေပြီး သွေးများ အန်ထုတ်နေကြရ၏။ တစ်ဦးကိုတစ်ဦး ကြည့်ကာ ခါးသက်သက် ပြုံးလိုက်မိကြသည်။
"မတတ်နိုင်တော့ဘူးလေ။ မုန့်မိသားစု မဟာမိတ်တပ်ထဲမှာ သူတို့ထက် နိဗ္ဗာန်နနယ်ပယ်အဆင့်ရှိတဲ့သူက နှစ်ယောက်တောင် ပိုများနေတာ မဟုတ်လား။ နိဗ္ဗာန်နအဆင့်ရှိတဲ့သူ တစ်ယောက်တည်းနဲ့တင် တိုက်ပွဲရဲ့ အရှုံးအနိုင်ကို ပြောင်းလဲပစ်နိုင်တာ အခုလို နှစ်ယောက်တောင် ပိုနေတာဆိုတော့ ဘယ်လောက်အထိ အခြေအနေ ဆိုးသွားမလဲ စဉ်းစားသာကြည့်တော့"
“ငါတို့ အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ"
ဘိုးဘေးကြီးနှစ်ဦးမှာ စိတ်ထဲမှ သက်ပြင်းချလိုက်ကြသည်။
ထိုစဉ်
ရှူး ရှူး…
နိဗ္ဗာန်နအဆင့် လူရိပ်နှစ်ဦးမှာ ထိုတိုက်ပွဲအတွင်းမှ ထိုးထွက်လာခဲ့သည်။ သူတို့မှာ မုန့်မိသားစု၏ ပဉ္စမမြောက်သားတော် မုန့်ချန်းကော့နှင့် စတုတ္ထမြောက်သားတော် မုန့်ချန်းကျောက်တို့ပင်။
တစ်ဦးက ခရမ်းရွှေရောင် တာအိုသရဖူနှင့် ကြယ်တာရာ တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ခြေတစ်လှမ်းတိုင်းတွင် ဖျက်ဆီးခြင်းပုံရိပ်ယောင်များ ပေါ်ထွက်နေသည်။ အခြားတစ်ဦးမှာ ရေတံခွန်အလား နက်မှောင်သော ဆံနွယ်များရှိကာ တစ်ကိုယ်လုံး နတ်ဘုရားအလင်းများ ဖုံးလွှမ်းနေသဖြင့် အလွန်တရာ ခန့်ညားထည်ဝါလှသည်။ သူတို့နှစ်ဦးမှာ ဘိုးဘေးကြီးများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ချန်ကျီရှင်းရှိရာ အရပ်သို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
“မကောင်းတော့ဘူး”
ဘိုးဘေးကြီးနှစ်ဦး မျက်နှာပျက်သွားကာ အနောက်မှ အတင်းအကျပ် လိုက်ပါသွားကြ၏။
ဝုန်း ဝုန်း ဝုန်း…
ချန်ကျီရှင်းက အဆက်မပြတ် ထိုးနှက်နေသဖြင့် မြေကမ္ဘာမှာ အရူးအမူး တုန်ခါနေသည်။
“ဟင့်အင်း”
အလွန်တရာ မကျေမနပ်ဖြစ်နေသော ဟိန်းဟောက်သံကြီးနှင့်အတူ ချန်ကျီရှင်း၏ ခန္ဓာကိုယ်ရှိ အပ်စိုက်မှတ် ၅၅၀ လုံးမှာ ကြယ်တာရာအလင်းများဖြင့် တောက်ပလာပြီး သူ၏အတွင်း၌ နွားနတ်ဆိုး၏ ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်သွားခဲ့သည်။
လက်သီးကို မြှောက်လိုက်ကာ ရှေ့သို့ ပစ်လွှတ်လိုက်၏။
ဝုန်း
မုန့်ချန်းယွမ်၏ ရုပ်ခန္ဓာမှာ တည့်တည့်မတ်မတ် အထိုးခံလိုက်ရပြီး သူ၏ရင်ဘတ်တွင် သွေးချင်းချင်းနီသော အပေါက်ကြီးတစ်ခု ပေါ်ပေါက်သွားသည်။ ဤလက်သီးချက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွက်သွားခဲ့ပြီး ကြယ်တာရာအလင်းများ ဝန်းရံနေသော လက်သီးမှာ ကျောဘက်မှ တိုးထွက်နေ၏။
မုန့်ချန်းယွမ်သည် မယုံကြည်နိုင်သကဲ့သို့ပင် သူ၏ခေါင်းကို အသာအယာငုံ့ကာ သူ့ထံသို့ ဖောက်ထွက်နေသော လက်သီးကို ငေးကြည့်နေမိသည်။ သူ၏ အသက်စွမ်းအားများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး မဟာတာအို အခြေခံမှာလည်း ပြိုလဲသွားခဲ့သည်။ သူ၏ ဝိညာဉ်မှာလည်း တစ်လက်မချင်း ပျောက်ကွယ်နေ၏။
“ဘယ်လိုလုပ်ပြီး.....”
သူသည် ပါးစပ်ကို အနည်းငယ်ဟလိုက်ရင်း တစ်စုံတစ်ခုပြောရန် ကြိုးစားသော်လည်း
ရှူး ရှူး ရှူး
စကားပင် မဆုံးသေးမီမှာပင် မုန့်ချန်းယွမ်သည် ချန်ကျီရှင်းကို နာကျည်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ခြေထောက်မှ စတင်ကာ အလင်းစက်ပေါင်းများစွာအဖြစ် ပြောင်းလဲလျက် ကမ္ဘာမြေကြား၌ ပျံ့လွင့်၍ ကွယ်ပျောက်သွားတော့သည်။
ဝုန်း….
မိုးကုပ်စက်ဝိုင်း၏ အဆုံး၌ လခြမ်းကွေးတစ်ခု ပြိုလဲသွားခဲ့၏။ ဤသည်မှာ နယ်ပယ်တစ်ဝက် နိဗ္ဗာန်နအဆင့်ရှိသူတစ်ဦး ကျဆုံးချိန်တွင်သာ ပေါ်ပေါက်လေ့ရှိသော ထူးခြားသည့် နိမိတ်ဆိုးပင်။
ချန်ကျီရှင်းသည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး ခေါင်းမော့လျက် ကောင်းကင်ယံကို စိုက်ကြည့်လိုက်၏။ အရပ်မျက်နှာ နှစ်ဖက်မှနေ၍ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အရှိန်အဝါကြီးနှစ်ခု တဟုန်ထိုး တိုးဝင်လာသည်ကို သူ ခံစားမိနေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ တောင်တံခါးရှေ့၌ ဟင်းလင်းပြင် ဝဲဂယက်လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုဝဲဂယက်၏ အလယ်ဗဟို၌ လူအုပ်ကြီးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာ၏။
ဦးဆောင်လာသူမှာကား ပုခုံးပေါ်သို့ ဖရိုဖရဲ ကျနေသော ဆံပင်ဖြူများရှိသည့် ထည်ဝါခန့်ညားသော အဖိုးအိုကြီးတစ်ဦးပင်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် အပြာရောင်ဝတ်စုံဝတ် အဘိုးအို နှစ်ဦးရှိနေပြီး သူတို့ထံမှ နိဗ္ဗာန်နနယ်ပယ်၏ အရှိန်အဝါများမှာ အတားအဆီးမဲ့ ထွက်ပေါ်နေသည်။ သူတို့၏ အနောက်၌မူ မျက်နှာဖုံးစွပ်ထားသော လူရိပ်များစွာ ရှိနေပြီး ထိုသူတို့၏ လည်ပင်းများတွင် အနက်ရောင် စက်ဝိုင်းပုံ ကျိန်စာသင်္ကေတများခတ်နှိပ်ထား၏။
အကြောက်စရာအကောင်းဆုံး မြင်ကွင်းမှာ ထိုအုပ်စု၏ အနောက်ဆုံးတွင် ဖြစ်သည်။ သံကြိုးရှည်ကြီးတစ်ခုသည် အလောင်းများစွာကို တန်းစီလျက် ဆွဲခေါ်လာနေခြင်းပင် ထိုအလောင်းများမှာ ဟင်းလင်းပြင်ထဲ၌ တိတ်ဆိတ်စွာ လွင့်မျောနေပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်ဖော်နေကြသည်။
“သူတို့က... ဘယ်သူတွေလဲ.....”
စောင့်ကြည့်နေသော ကျင့်ကြံသူများမှာ ထိုအလောင်းတန်းကြီးကို ကြည့်ကာ သရဲသရဲစီးမြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်ကုန်ကြသည်။
“ဆေးဘုရင်ချိုင့်ဝှမ်းရဲ့ လက်ရှိဂိုဏ်းချုပ် ဝူယွိကျိ”
“မြောက်ပိုင်းဓားဘုရင် ချင်းထျန်းလျဲ့”
“မြစ်ရှည်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်”
“မိစ္ဆာဂိုဏ်းရဲ့ သွေးနတ်ဘုရားသခင်”
“နေမင်းကြီးနတ်ဘုရားဂိုဏ်းရဲ့ ဂိုဏ်းချုပ်”
“ဒါ... ဒါက... ဘုရားရေ သံကြိုးနဲ့ အဆွဲခံထားရတဲ့ အဲဒီအလောင်းငါးလောင်းစလုံးက နိဗ္ဗာန်နနယ်ပယ်အရှင်သခင်တွေပဲ”
ကျင့်ကြံသူများမှာ အလောင်းများ၏ အထောက်အထားကို တစ်ခုပြီးတစ်ခု မှတ်မိသွားကြပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် အသက်ရှူမှားကုန်ကြတော့သည်။ နိဗ္ဗာန်နနယ်ပယ် သူတို့သည် တစ်လောကလုံးတွင် အနှိုင်းမဲ့သော အရှင်သခင်ကြီးများ ဖြစ်ကြသည်။ ပုံမှန်ဆိုလျှင် တစ်ဦးကိုပင် မြင်တွေ့ရန် ခက်ခဲလှသော်လည်း ယနေ့တွင်မူ နိဗ္ဗာန်နအဆင့် အလောင်းငါးလောင်းတောင်မှ ခွေးသေဝက်သေကဲ့သို့ ဆွဲခေါ်လာခြင်းကို ခံနေရ၏။
“ဘိုးဘေးကြီး... ကျွန်တော်တို့ နည်းနည်းတော့ နောက်ကျသွားပုံပဲ။ တတိယသခင်လေးက သူ့ဘာသာသူ တိုက်ပွဲကို အဆုံးသတ်တော့မယ်"
အကြီးအကဲမဟူရာက ချန်တောက်ယန်၏ ဘယ်ဘက်မှနေ၍ ခပ်ဖွဖွ ရယ်မောလိုက်သည်။
“အရေးမကြီးပါဘူး။ ကျီအာကို အိမ်ပြန်ခေါ်ဖို့ လာကြတာပဲလေ"
ချန်တောက်ယန်က ခေါင်းညိတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မြန်မြန်အဆုံးသတ်လိုက်ကြ ဟိုနှစ်ယောက်ကို ရှင်းပစ်လိုက်"
“အမိန့်အတိုင်းပါ”
အကြီးအကဲမဟူရာနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ချန်ကျီရှင်းဆီသို့ တဟုန်ထိုး ပြေးဝင်လာနေသော မုန့်ချန်းကော့နှင့် မုန့်ချန်းကျောက်တို့ဆီသို့ လျှပ်စီးအလား ထိုးထွက်သွားကြတော့သည်။
ချန်တောက်ယန်မှာမူ ခေါင်းကိုမော့လျက် ကောင်းကင်ပြင်ပမှ ဆင်းသက်လာသော လူရိပ်ကို စိုက်ကြည့်လိုက်သည်။
“မုန့်ယွန့်ထျန်း... ဒီလို အကောင်ပေါက်လေး အနည်းငယ်နဲ့ ငါ့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား”
ချန်တောက်ယန်က တည်ငြိမ်စွာ ဆိုလိုက်၏။
“မင်းကို သင်ခန်းစာ မပေးရတာ ကြာပြီဆိုတော့ မင်းရဲ့ ကိုယ်လေးချိန်ကို မင်း မေ့သွားပုံပဲ"
ပြောပြောဆိုဆိုဖြင့် ချန်တောက်ယန်သည် လက်ကို ဆန့်ထုတ်ကာ အဝေးမှနေ၍ ရက်စက်စွာ ရိုက်ချလိုက်သည်။
ဝုန်း…
လေထုထဲ၌ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မြူထုများ ဖုံးလွှမ်းနေသော လူရိပ်တစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ယိုင်ထိုးကာ ပြုတ်ကျလာခဲ့သည်။ ထိုသူ၏ ကာကွယ်ရေးအလင်းတန်းများမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး အိုမင်းနေသော သူ၏မျက်နှာထက်
တွင် နီရဲနေသော လက်ဝါးရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့၏။
မုန့်ယွန့်ထျန်းသည် သူ၏မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး ဒေါသနှင့် အရှက်ရမှုကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။ ခေတ္တမျှကြာသော် သူသည် ဆံပင်ဖြူနှင့် အဖိုးအို ချန်တောက်ယန်ကို စူးစိုက်ကြည့်ကာ နာကျည်းကြေကွဲဖွယ် အသံကြီးဖြင့် အော်ဟစ်လိုက်တော့သည်
“ချန်တောက်ယန်”
အခန်း။ ၂၀၀
ရှူး ရှူး ရှူး….
ဤအခိုက်အတန့်တွင် လူပေါင်းများစွာ၏ အကြည့်များသည် ပုခုံးပေါ်သို့ ဖရိုဖရဲကျနေသော ဆံပင်ဖြူများရှိသည့် ထည်ဝါခန့်ညားသော အဖိုးအိုကြီးဆီသို့ တစ်ပြိုင်နက်တည်း ကျရောက်သွားကြသည်။
ထိုသူက ဇီဝေချန်မိသားစု၏ ဘိုးဘေးကြီး ချန်တောက်ယန်ပင်။
ဤအမည်၏ အဓိပ္ပာယ်ကို နားမလည်သေးသော လူငယ်ကျင့်ကြံသူအချို့က စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသော်လည်း အတွေ့အကြုံရှိသော အကြီးအကဲများမှာမူ မျက်မှောင်ကြုတ်လျက် ထိတ်လန့်တုန်လှုပ်နေကြ၏။ အချို့က အသက်ရှူမှားမတတ် ဖြစ်သွားကြသလို အချို့မှာမူ အလွန်အမင်း စိတ်လှုပ်ရှားကာ ကြည်ညိုလေးစားမှုများဖြင့် မျက်ဝန်းများ တောက်ပနေကြသည်။ အချို့မှာမူ တစ်ကိုယ်လုံး တုန်ယင်နေပြီး ချန်တောက်ယန်၏ အကြည့်နှင့် မဆုံမိစေရန် ခေါင်းကို အမြန်ငုံ့ထားကြရရှာသည်။
“ချန်တောက်ယန် သူ တကယ်ပဲ လောကထဲကို ပြန်ထွက်လာတာလား”
“ဇီဝေတာအိုအရှင်သခင် ချန်တောက်ယန် တစ်ခေတ်တစ်ခါက ကျင့်ကြံသူလောကတစ်ခုလုံးကို ဖိနှိပ်ထားနိုင်ခဲ့တဲ့သူပဲ”
“တောင်ထိပ်ကို ရောက်ဖို့ထက် ချန်တောက်ယန်နဲ့ မတွေ့ဖို့က ပိုအရေးကြီးတယ်”
“သူ့ရဲ့ အရှိန်အဝါက အရပ်ရှစ်မျက်နှာကို လွှမ်းမိုးထားပြီး ထာဝရကာလပတ်လုံး အုပ်စိုးနိုင်စွမ်းရှိတာပဲ”
“တစ်ခေတ်တစ်ခါမှာ တစ်ဦးတည်း အနှိုင်းမဲ့ရပ်တည်ခဲ့ပေမယ့် ကျိန်စာသင့်ပြီး နယ်ပယ်အထွတ်အထိပ်ကို မရောက်နိုင်တော့ဘူးလို့ အပြောခံရတဲ့ ချန်တောက်ယန်လား”
တိုးတိတ်သော ဆွေးနွေးသံများမှာ ပျံ့လွင့်နေတော့သည်။ စကားလုံးအနည်းငယ်မျှဖြင့်ပင် ဆံပင်ဖြူဖရိုဖရဲနှင့် ဤအဖိုးအို၏ ခက်ခဲကြမ်းတမ်းခဲ့သော အတိတ်ပုံရိပ်များကို ပြန်လည်ဖော်ပြနေသကဲ့သို့ပင်။
ဖြောင်း….
ချန်တောက်ယန်သည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာဖြင့် အဝေးမှနေ၍ နောက်ထပ် ရက်စက်လှသော လက်ဝါးချက်တစ်ချက်ကို လွှတ်ထုတ်လိုက်ပြန်သည်။ ဝေးကွာသောနေရာ၌ ရှိနေသည့် မုန့်ယွန့်ထျန်းမှာ ချက်ချင်းပင် အပြင်းအထန် အရိုက်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် လွင့်စင်ကျသွားတော့သည်။
“ချန်တောက်ယန်”
မုန့်ယွန့်ထျန်းသည် လက်တစ်ဖက်ဖြင့် သူ၏မျက်နှာကို အုပ်ထားပြီး သွေးစထွက်နေသော ပါးစပ်ဖြင့် အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။
ထိုစဉ်မှာပင် နီရဲသော နဂါးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရှေးဟောင်းလှံရှည်ကို ကိုင်ဆောင်ထားသော လူရိပ်တစ်ခုသည် ကိုးထပ်ကောင်းကင်အထက်မှ တစ်လှမ်းချင်း ဆင်းသက်လာခဲ့သည်။
“ဂိုဏ်းချုပ်မင်းကြီး”
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ တပည့်များမှာ ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်လိုက်ကြ၏။
ချင်းထျန်းကျန့်က ခေါင်းကို အသာအယာညိတ်ပြလိုက်ပြီးနောက် ချန်တောက်ယန်ဆီသို့ ပြုံးလျက် လျှောက်လှမ်းလာကာ ပြောလိုက်သည်။
“ကြည့်စမ်း... နှစ်တွေ ဒီလောက်ကြာသွားတာတောင် မင်းရဲ့ဒေါသက အရင်အတိုင်းပဲလား ရောက်ရောက်ချင်းပဲ နိဗ္ဗာန်နအဆင့် အရှင်သခင်ငါးယောက်ကို သတ်ပစ်လိုက်တယ်ဆိုတော့ သူတို့နောက်ကွယ်က အင်အားစုတွေရဲ့ လက်စားချေမှုကို မကြောက်ဘူးလား”
ချန်တောက်ယန်က ချင်းထျန်းကျန့်ကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“သူတို့က ဘာနောက်ခံ၊ ဘာအခြေခံမှမရှိတဲ့ အညတရတွေပဲ။ သူတို့ကို သတ်လိုက်တာ ဘာမှ အရေးမကြီးပါဘူး"
တစ်ချိန်တည်းမှာပင်
ဝုန်း ဝုန်း…
မိုးကုပ်စက်ဝိုင်းအစွန်း၌ နောက်ထပ် လပြည့်ဝန်းနှစ်ခု ပြိုလဲသွားသည့် ထူးခြားသော နိမိတ်များ ပေါ်ထွက်လာပြန်သည်။ လူပေါင်းများစွာ၏ ရင်ထဲ၌ ထိတ်ခဲသွားကြရ၏။ ဤသည်မှာ စစ်မှန်သော နိဗ္ဗာန်နအဆင့်အရှင်သခင်နှစ်ဦး ထပ်မံကျဆုံးသွားပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။
နောက်တစ်ခဏ၌ အကြီးအကဲမဟူရာနှစ်ဦးမှာ မုန့်ချန်းကော့နှင့် မုန့်ချန်းကျောက်တို့၏ ဦးခေါင်းများကို ကိုင်ဆောင်လျက် လျင်မြန်စွာ ပျံသန်း၍ ရောက်ရှိလာကြသည်။ မုန့်မိသားစု၏ နဂါးကိုးပါးအနက် တစ်နာရီခွဲအတွင်းမှာပင် သုံးဦး ကျဆုံးသွားခဲ့သည်။
ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်တွင် တိုက်ပွဲမှာ မသိမသာပင် အဆုံးသတ်သွားခဲ့သည်။ မိုယွဲ့မေ၊ ထိုပါးကျန်းယီ၊ အကြီးအကဲ ဟေးယီနှင့် အခြားသူများမှာ အဝေးမှနေ၍ ပျံသန်းပြန်လာကြ၏။
“ဂိုဏ်းချုပ်မင်းကြီး"
သူတို့သည် ဦးစွာ ချင်းထျန်းကျန့်ကို အလေးပြုကြပြီးနောက် ချန်တောက်ယန်ကို စပ်စုလိုစိတ် သတိထားလိုစိတ်များဖြင့် ကြည့်လိုက်မိကြသည်။ ဤသူကား သူတို့အမြဲကြားဖူးနေရသော တစ်ခေတ်တစ်ခါက ဂန္ထဝင်ပုဂ္ဂိုလ်ကြီးပင်။
“စီနီယာချန်ကို နှုတ်ဆက်ပါတယ်”
အားလုံးက လိမ္မာပါးနပ်စွာ နှုတ်ဆက်ကြ၏။
“အင်း... မင်းက တောင်ထိပ်သခင်မမိုလား မင်းအကြောင်း ငါသိပါတယ်။ ငါ့မြေး ကျီအာကို ကောင်းကောင်းစောင့်ရှောက်ပေးတယ်လို့ ကြားမိတယ်"
ယခင်က ခံစားချက်မဲ့နေသော ချန်တောက်ယန်မှာ မိုယွဲ့မေကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်သည်။
သူသည် မိုယွဲ့မေကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူ၏မျက်ဝန်းများမှာ အဓိပ္ပာယ်ပါပါ တောက်ပလာခဲ့သည်။
“တောင်ထိပ်သခင်မမို မင်းမှာ အချိန်ရရင် ဇီဝေတောင်ကို ခဏခဏ လာလည်ပါဦး။ ငါတို့ ပိုပြီး ရင်းနှီးသွားအောင်ပေါ့"
မိုယွဲ့မေမှာ အနည်းငယ် ကြောင်အသွားသော်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ ကျွန်မ အချိန်ရရင် သေချာပေါက် လာခဲ့ပါ့မယ်"
ဤအခိုက်အတန့်တွင် လူတိုင်း၏ မျက်နှာထက်၌ စိတ်အေးသွားသော အရိပ်အယောင်များ ပေါ်လာကြသည်။ ယနေ့တိုက်ပွဲ၏ ရလဒ်မှာ အပြီးသတ်ဆုံးဖြတ်ပြီးသွားပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
မုန့်မိသားစုဘက်တွင်မူ တစ်ချိန်က ခန့်ညားထည်ဝါခဲ့သော မုန့်မိသားစု မဟာမိတ်တပ်ကြီးမှာ ယခုအခါ လူအနည်းငယ်မျှသာ ကျန်ရှိတော့သည်။ မုန့်မိသားစုတပည့် တစ်ထောင်ကျော်အနက် ဆယ်ပုံတစ်ပုံပင် မပြည့်တော့သော လူအရေအတွက်သာ အသက်ရှင်ကျန်ရစ်တော့သည်။
မုန့်ယွန့်ထျန်းသည် ဤမြင်ကွင်းကို ကြည့်ရင်း ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ပင်။ တစ်ချိန်က မတ်မတ်ရှိခဲ့သော သူ၏ကျောပြင်မှာ ယခုအခါ ကိုင်းညွတ်သွားပြီး သူ၏မျက်ဝန်းများတွင် အဆုံးမရှိသော ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေတော့သည်။
ဤတိုက်ပွဲသည် မုန့်မိသားစု၏ နှစ်ပေါင်းထောင်ချီ ခိုင်မာခဲ့သော အခြေခံအုတ်မြစ်ကို အမြစ်
ပြတ် ချေမှုန်းကာ ဖျက်ဆီးပစ်လိုက်ခြင်းပင်။
“အဖေ”
ကျန်ရှိနေသော မုန့်ချန်းနန်နှင့် မုန့်ချန်းလုံတို့သည် ရှေ့သို့တိုးလာပြီး ယိုင်ထိုးနေသော မုန့်ယွန့်ထျန်းကို ဝိုင်းမပေးကြ၏။ မုန့်ယွန့်ထျန်းက ထိုနှစ်ယောက်ကို တွန်းဖယ်လိုက်ပြီး ကောင်းကင်ယံကို အားကိုးရာမဲ့စွာ ငေးကြည့်နေမိသည်။
ကောင်းကင်ဘုံက တကယ့်ကို မတရားဘူး။
"မုန့်မိသားစုကို ထာဝရအလင်းတရားရတော့မလိုလိုနဲ့ မျှော်လင့်ချက်တွေ ပေးခဲ့ပြီးမှ ဘာဖြစ်လို့ ဒီလောက်တောင် ရက်စက်ပြီး အကုန်လုံးကို ဖျက်ဆီးပစ်ရတာလဲ"
မုန့်ယွန့်ထျန်းသည် လက်ကိုဆန့်ထုတ်ကာ မုန့်ဟဲတုန်း၏ ဦးခေါင်းကို ရင်ခွင်ထဲ၌ ပွေ့ပိုက်ထားလိုက်သည်။ သူ၏ကြမ်းတမ်းသော လက်ဖဝါးဖြင့် မုန့်ဟဲတုန်း၏ မျက်နှာကို အသာအယာ ပွတ်သပ်ပေးနေမိ၏။
“ဟဲတုန်းအာ...”
သူ၏အသံများ တုန်ယင်နေပြီး ပြူးကျယ်နေဆဲဖြစ်သော မုန့်ဟဲတုန်း၏ မျက်လုံးများကို တုန်တုန်ရင်ရင်ဖြင့် ပိတ်ပေးလိုက်သည်။
ချန်တောက်ယန်သည် ဤမြင်ကွင်းကို ရှုပ်ထွေးသော ခံစားချက်ဖြင့် ကြည့်နေသည်။ မိသားစုတစ်ခု၏ အကြီးအကဲတစ်ဦးအနေဖြင့် မုန့်ယွန့်ထျန်း၏ ထိုအခိုက်အတန့် ခံစားချက်ကို သူ ကိုယ်ချင်းစာနိုင်၏။
သို့သော်လည်း ချန်တောက်ယန်က လေးနက်စွာ ပြောလိုက်သည်။
“မုန့်ယွန့်ထျန်း... မင်းနဲ့ငါက ရာစုနှစ်ပေါင်းများစွာ သိလာခဲ့ကြတာပဲ။ ငါ့ရဲ့စွမ်းအားကိုလည်း မင်းသိပါတယ်။ ငါ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောပါနဲ့။ အကယ်၍ မင်းသာ ဒီနေ့ ဒီနေရာမှာ ကိုယ့်အသက်ကိုယ် အဆုံးစီရင်မယ်ဆိုရင် ကျန်တဲ့ မုန့်မိသားစုဝင်တွေကို ငါ လက်ဖျားနဲ့တောင် မတို့ဘူးလို့ ကတိပေးတယ်။ ဘယ်လိုလဲ”
ထိုစကားကို ကြားသောအခါ မုန့်ယွန့်ထျန်းက တိတ်ဆိတ်နေဆဲပင်။
သူသည် အတိုင်းအဆမဲ့သော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ကြည်လင်နေသော ကောင်းကင်ပြာကြီးမှာ သူ၏အမြင်တွင် စူးရှတောက်ပလွန်းနေ၏။ သူ အစွမ်းကုန် အသုံးပြုခဲ့သော အဆက်အသွယ်များ၊ သူ စီစဉ်ထားခဲ့သော လျှို့ဝှက်အစီအမံများအားလုံးမှာ ဇီဝေချန်
မိသားစု၏ လက်ထဲတွင် အရာမထင်ဘဲ ပျက်စီးသွားခဲ့ရသည်။
ပြီးတော့ ငါတို့မိသားစုရဲ့ အစွမ်းအထက်ဆုံး ဘိုးဘေးကြီးကလည်း အခုထိ ပေါ်မလာသေးဘူးဆိုတော့ တစ်ခုခု လွဲချော်သွားပြီဆိုတာ သေချာသလောက်ပဲ။ မဟုတ်ရင်တော့ ကောင်းကင်လှိုင်းနဲ့ ချန်မိသားစုရဲ့ ဘိုးဘေးကြီးတွေ ဒီနေရာမှာ ရှိနေမှာ မဟုတ်ဘူး။
ဒီနေ့ ကစားပွဲကတော့ အကုန်လုံး ရှုံးနိမ့်သွားတဲ့ ပွဲတစ်ပွဲပဲ။
ထိုသို့တွေးတောရင်း မုန့်ယွန့်ထျန်းသည် သူ၏အကြည့်ကို ပြန်ရုပ်လိုက်ပြီး တည်ငြိမ်နေသော ချန်တောက်ယန်နှင့် လက်ထဲမှ လှံရှည်ကို အသာအယာ ပွတ်သပ်နေသည့် ချင်းထျန်းကျန့်တို့ကို ရင်ဆိုင်လိုက်သည်။
သူသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ လက်မခံချင်သော်လည်း ဝန်ခံရတော့မည်မှာ ယခုအခါ သူသည် လမ်းဆုံးကို ရောက်သွားခဲ့ခြင်းပင်။
ထို့နောက် သူ၏အကြည့်ကို ကျန်ရှိနေသော မုန့်မိသားစုဝင်များဆီသို့ နောက်ဆုံးအကြိမ် ဝှေ့ယမ်းကြည့်လိုက်သည်။ မျက်နှာတိုင်းမှာ သွေးစွန်းနေကြပြီး သူတို့၏မျက်ဝန်းများတွင် ဖုံးကွယ်မထားနိုင်သော ပင်ပန်းနွမ်းနယ်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့မှာ အထင်အသား ရှိနေ၏။ ဆက်လက်တိုက်ခိုက်နေဦးမည်ဆိုလျှင် သူတို့အားလုံးမှာ ဟဲတုန်းနှင့်အတူ မြေမြှုပ်ခံရရုံသာ ရှိတော့မည်။
မုန့်ယွန့်ထျန်း၏ ရင်ထဲ၌ နာကျင်သွားရသည်။
“ကံပါလာတော့ လောကကြီးက ဝိုင်းကူကြတယ်။ ကံကုန်သွားတော့ သူရဲကောင်းလည်း အစွမ်းမပြနိုင်တော့ဘူးပေါ့"
မုန့်ယွန့်ထျန်းက တိုးတိတ်စွာ ရေရွတ်လိုက်ရင်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။
နောက်တစ်ခဏ၌ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ချန်တောက်ယန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“ချန်တောက်ယန် ဒီနေ့တိုက်ပွဲက ငါ့ရဲ့ ခေါင်းမာမှုကြောင့် ဖြစ်လာတာပဲ”
“သူတို့ကို လွှတ်ပေးလိုက်ပါ... ငါ့အသက်ကို ဒီမှာပဲ အဆုံးသတ်ပေးမယ်”
ထိုစကားအဆုံးတွင် ချန်တောက်ယန်က ခေါင်းညိတ်ပြလိုက်သည်။
“ဘိုးဘေးကြီး”
“အဖေ”
ကျန်ရှိနေသော မုန့်ချန်းနန်နှင့် မုန့်ချန်းလုံတို့မှာ ဝမ်းနည်းကြေကွဲမှုကြောင့် နီရဲနေသော မျက်ဝန်းများဖြင့် ရှေ့သို့ အပြေးအလွှား တိုးလာကြသည်။ မုန့်ယွန့်ထျန်းက သူတို့ကို လှည့်ကြည့်ကာ တင်းမာသော အကြည့်ဖြင့် တားဆီးလိုက်၏။
ထို့နောက် မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ သူသည် အသက်ကို ပြင်းပြင်းရှူကာ ချန်တောက်ရန်ကို စူးစိုက်ကြည့်လျက် အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“ချန်တောက်ယန်... မင်းရဲ့ကတိကို မှတ်ထားပါ”
ဝုန်း
မုန့်ယွန့်ထျန်းသည် သူ၏ညာလက်ဝါးဖြင့် သူ၏ နဖူးကို အားကုန် သုံး၍ ရိုက်ချလိုက်တော့သည်။ ထိုရိုက်ချက်နှင့်အတူ မုန့်ယွန့်ထျန်း၏ တစ်ချိန်က အနှိုင်းမဲ့ခဲ့သော အရှိန်အဝါများမှာ ချက်ချင်းပင် လွင့်စင်ကာ ပျောက်ကွယ်သွားခဲ့သည်။
ဘုန်း….
သူ၏ခန္ဓာကိုယ်မှာ ရှေ့သို့ မှောက်ခုံလဲကျသွားပြီး မြေပြင်ပေါ်၌ အင်အားမဲ့စွာ ငြိမ်သက်သွားတော့သည်။
ဝုန်း….
မိုးကုပ်စက်ဝိုင်း အစွန်း၌ နောက်ထပ် လပြည့်ဝန်းတစ်ခု ပြိုလဲကျသွားခဲ့ပြန်သည်။ နိဗ္ဗာန်နနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိထားသော အရှင်သခင်ကြီးတစ်ဦး ကျဆုံးသွားခြင်းအတွက် ကောင်းကင်ဘုံကပင် လိုက်လံဝမ်းနည်းနေသကဲ့သို့ပင်။
“ဘိုးဘေးကြီး”
“အဖေ”
မုန့်မိသားစုဝင်များမှာ ဝမ်းနည်းပူဆွေးမှုများဖြင့် ငိုကြွေးအော်ဟစ်ရင်း ရှေ့သို့ ပြေးဝင်လာကြသည်။ သူတို့သည် မုန့်ယွန့်ထျန်း၏ ရုပ်အလောင်းကို ပွေ့ချီကာ ကောင်းကင်ယံကို ကြည့်၍ ရင်ထုမနာ အော်ဟစ်နေကြတော့၏။
စောင့်ကြည့်နေသူများမှာလည်း စိတ်ဓာတ်များ ပြင်းထန်စွာ တုန်လှုပ်သွားကြရသည်။ နိဗ္ဗာန်နနယ်ပယ် အထွတ်အထိပ် အရှင်သခင်ကြီးတစ်ဦးကို ချန်တောက်ယန်က မျက်စိရှေ့တင် ကိုယ့်ဘာသာ အဆုံးစီရင်သွားအောင် ဖိအားပေးနိုင်ခဲ့ခြင်းပင်။
သူတို့အားလုံး ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ကောင်းကင်ယံရှိ ချန်တောက်ယန်မှာမူ လှည့်
ကြည့်လိုက်ပြီး အေးစက်တိတ်ဆိတ်သော အမိန့်တစ်ခုကို ပေးလိုက်တော့သည်။
“ပေါင်းပင်တွေကို ရှင်းချင်ရင် အမြစ်ကနေ ဆွဲနှုတ်ပစ်ရမယ်... သူတို့ကို အပြတ်ရှင်းလိုက်ကြ။ ပြီးရင်တော့ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးလိုက်"