← Chapters

ရုပ်နယ်လွန်အဆင့်သို့ တက်ခြင်း

Vol. 14 Ch. 193

ရုပ်နယ်လွန်အဆင့်သို့ တက်ခြင်း

Vol. 14 Ch. 193

“လျှပ်စီးကပ်ဘေး ဆိုတဲ့ အဓိပ္ပာယ်က ဘာများလဲ” စုမင် တီးတိုး ရေရွတ်လိုက်သည်။

‘လျှပ်စီးကပ်ဘေး’ဟူသော စကားလုံးများသည် သူ့ခေါင်းထဲတွင် သိမ်းဆည်းထားသည့် ဝိညဉ်လုယက် ဖော်စပ်ရန် နည်းလမ်းထဲတွင် ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။

သူ့မှတ်ဉာဏ်များထဲတွင် လျှပ်စီးကပ်ဘေးသည် ဝိညာဉ် လုယက်ကြောင့်သာ ဖြစ်ပေါ်လာ နိုင်သည်ဟု မှတ်သား ထားမိသည်။ သဘာဝ၏ နိယာမတရားတို့သည် လူတို့ကို ဆေးဖော်အိုးအဖြစ် အသုံးပြု၍ ဆေးလုံးများ ဖော်စပ်ခြင်းကို ခွင့်မပြုသလို သေဆုံးခြင်း အငွေ့အသက်တို့ကို အသုံးချရန်တော့ ပို၍ပင် မဖြစ်နိုင်ပါချေ။ ဒါသည် အဘယ်ကြောင့် ကောင်းကင်ဘုံ လျှပ်စီးသည် ကပ်ဘေးအဖြစ်သို့ ပြောင်းလျက် သူ့အပေါ်သို့ ကျရောက်လာသည်လဲ ဆိုတာပင် ဖြစ်သည်။ ဤလျှပ်စီး အလင်းတန်း၏ ရည်ရွယ်ချက်သည် ဆေးလုံးကို ဖျက်ဆီးရန် ဖြစ်သော်လည်း ဆေးလုံးကို အလောင်းဖြင့် ကာရံထားခဲ့သဖြင့် ရိုက်ခတ်လိုက်ချိန်တွင် လျှပ်စီး၏ အားသည် လျော့နည်း သွားခဲ့ရသည်။ နောက်ဆုံး၌ အလောင်း ဖျက်ဆီး ခံလိုက်ရချိန်တွင်တော့၊ ဆေးလုံးသည် ဖော်စပ်ပြုလုပ်ပြီး ဖြစ်သွားပေလိမ့်မည်။

ဤဆေး၏ ဖော်ပြချက်နှင့် ပတ်သက်၍ စုမင် ဘယ်တုန်းကမှ အမှန်တကယ် အသေးစိတ်ကျကျ စဉ်းစား တွေးတောခဲ့ဖူးခြင်း မရှိပေ။ သူ၏ သဘောပေါက် နားလည်မှုအပေါ် အခြေခံ၍ ပြောရလျှင် ဤသည်မှာ သူနားမလည်နိုင်သည့် တစ်စုံတစ်ရာပင် ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ သူ့နှလုံးသားသည် လျင်မြန်စွာ ခုန်နေလျက် သူ့ခေါင်းထဲတွင် ဖြစ်ပေါ်လာသည့် အတွေးသည် သူ့ကို စိတ်လှုပ်ရှားနေစေပြီး ဆေးလုံးအကြောင်း ဖော်ပြချက်က သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။

‘လျှပ်စီးကပ်ဘေး ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ။ ငါတို့က ကပ်ဘေး ဆိုတဲ့ စကားလုံးကို ဖယ်ထုတ်လိုက်ရင် လျှပ်စီးဆိုတာပဲ ကျန်ခဲ့လိမ့်မယ်’

စုမင်စိတ်တို့ ရှုပ်ထွေး နေခဲ့သည်။ လျှပ်စီးဆိုသည်နှင့် သူအကျွမ်းတဝင် မရှိပေ။ သူ တောင်ပိုင်း အရုဏ်ဦး နယ်မြေသို့ စတင် ရောက်ရှိခဲ့သည့် အချိန်တွင် လျှပ်စီးရိုက်ခတ်ခံရသည့် သစ်ပင်တို့ကို မြင်ဖူးခဲ့ရသည်။

စုမင် ထိုအချိန်က ခွဲခြမ်းစိတ်ဖြာ ကြည့်မိခဲ့ပြီး ထိုသစ်ပင်တို့၏ ပင်စည်များသည် အလွန်စိုစွတ်သောကြောင့် လျှပ်စီးတန်း၏ ရိုက်ခတ်လောင်ကျွမ်း ခံရသည်ဟု သူယုံကြည်ခဲ့သည်။ အားလုံးပြီးသွားပြီး နောက်တွင်တော့ သူ့ဆေးလုံးများ ဖော်စပ်ရန်အတွက် လိုအပ်သော ပစ္စည်းများသာ ကျန်ရစ်ခဲ့သည်။

မည်သို့ပင်ဆိုစေ သူ၏ ယခင်ယူဆချက်တွင် မတိကျမှုအချို့ ရှိနေဟန်တူသည်။

‘မိုးသစ်တောထဲမှာ သစ်ပင်တွေ အများကြီးရှိတယ်။ ဒါဆို ဘာကြောင့်များ ပိုမြင့်မားတဲ့ သစ်ပင်တွေကပဲ လျှပ်စီးကို ဆွဲဆောင်ရတာလဲ ... ။ ဖြစ်နိုင်တာက အဲဒီသစ်ပင်တွေရဲ့ စိုထိုင်းဆက ပိုမြင့်နေလို့လား ဒါမှမဟုတ် ဒါအတွက် တခြား အကြောင်းအရင်းများ ရှိနေတာလား’

‘လျှပ်စီးက သစ်ပင်တွေကို ရိုက်ခတ်နိုင်တယ်။ ဒါဆို ဒီတစ်ကြိမ်မှာ ဘာဖြစ်လို့ ဟယ်ဖုန်းရဲ့ ခန္ဓာကိုယ်က လျှပ်စီးကပ်ဘေးထဲက မိုးကြိုးလျှပ်စီးတွေ အကုန်လုံးကို ဆွဲဆောင် နေခဲ့ရတာလဲ။ ငါ့ရဲ့ မှတ်ဉာဏ်ထဲက ဖော်ပြချက်တွေက အရမ်း အဓိပ္ပာယ်မပေါ်အောင် လျှို့ဝှက်လွန်းတယ်။ ကြည့်ရတာ အဲဒါတွေက ဒီအရာအတွက် မှန်ကန်တဲ့ ရှင်းလင်းချက် ဟုတ်ဟန်မတူဘူး’

ဤသဘောတရား ဖြစ်ရပ်ကို စုမင်နားမလည်နိုင်ချေ။

အမှန်တွင်တော့ လျှပ်စီးတန်း ကျဆင်းလာခြင်းသည် သဘာဝသာ ဖြစ်သည်ဟု သူ့အတွင်းမှ ခံစားချက်တစ်ခုက သူ့ကို ပြောပြနေခဲ့သည်။ ဘာကြောင့်ဤအရာ ဖြစ်ပျက်ရသနည်း ဆိုတာနှင့် ဘာကြောင့် ဖြစ်ပျက်ရခြင်း၏ အရင်းအမြစ်တို့သည် သူမသိရှိနိုင်သည့် အရာပင် ဖြစ်သည်။

သို့သော် ဤအချိန်တွင် သူ၏ရူးသွပ်နေသည့် အတွေးတို့ကို အကောင်အထည် ဖော်လိုလျှင် သူ ဤအရာအားလုံးကို အပြည့်အဝ နားလည် သဘောပေါက်ရမည် ဖြစ်သည်။

ဘာကြောင့်များ လျှပ်စီးတန်းက တည်ရှိနေရတာလဲ။ လျှပ်စီးဆိုတာ ဘာလဲ။

‘လျှပ်စီးကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ငါနားမလည်ဘူး ဆိုရင် ငါက အဲဒါကို ငါ့ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းပြီးတော့ ငါ့ရဲ့ မူလအကြောမျှင်အဖြစ်ကို ပြောင်းလဲဖို့ လုပ်နိုင်မှာ မဟုတ်ဘူး’

၎င်းသည် စုမင်၏ စိတ်ကူးပင် ဖြစ်သည်။ ရူးသွပ်သလို မယုံကြည်နိုင်ဖို့လည်း ကောင်းသည်။ သို့သော် စိတ်လှုပ်ရှားစရာ အတွေးပင် ဖြစ်သည်။

သို့သော် လျင်မြန်စွာ တွေးတော စဉ်းစားမှုအချို့ ပြုလုပ်ပြီးချိန်တွင်တော့ စုမင် ထိုအရာကို လက်လျှော့ လိုက်ရတော့မည် ဖြစ်သည်။ လျှပ်စီးသည် ဘယ်လိုအရာမျိုး ဆိုသည်နှင့် ဘယ်နေရာမှ လာသည် ဆိုခြင်းတို့ကို သူနားမြလ်နိုင်ပေ။ လျှပ်စီးကို သူ့ခန္ဓာကိုယ်ထဲတွင် တည်ရှိနေအောင် လုပ်နိုင်မည်ဟူသော ယုံကြည်ချက် သူ့မှာမရှိပေ။

နောက်ဆုံးတွင်တော့ ထိုအတွေးတို့သည် သက်ပြင်းတစ်ခု အဖြစ်သာ ပြောင်းလဲ သွားခဲ့ရသည်။ သူ့တွင်ရှိသည့် အချိန်သည် တိုတောင်းကြောင်းကို စုမင်သိသည်။ ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တုသည် ဖြည်းညင်းစွာ မတ်တတ် ထရပ်နေပြီဖြစ်သလို ကောင်းကင်မှ လျှပ်စီး အလင်းတန်း သည်လည်း မရိုက်ခတ်သေးခင် လျင်မြန်စွာ စုဝေးနေခဲ့သည်။ သူ့ခန္ဓာကိုယ် အတွင်းမှ မာန်အရိုးကို မည်မျှပင် ပြင်းပြင်းထန်ထန် အရည်ဖျော်နေပါစေ၊ စုမင် နောက်ထပ် သွေးကြောတို့ကို တိုးပွားလာအောင် မလုပ်နိုင်တော့ပါချေ။ ၎င်းသည် သူအံကြိတ်လျက် ခံနိုင်ရည်ရှိရုံနှင့် ပြီးမြောက်နိုင်မည့် အရာတစ်ခု မဟုတ်ပေ။

သူ၏ ယခုအခြေအနေသည် ပြည့်နေသော ကျောက်သားပုလင်း တစ်ခုပင် ဖြစ်သည်။ ၎င်းအထဲသို့ နောက်ထပ်ရေတို့ ဆက်လောင်းချ နေလျှင်ပင် ပုလင်းထဲကိုတော့ သူရေထပ်ဖြည့်နိုင်တော့မည် မဟုတ်ပါချေ။ ၎င်းတို့သည် ဖိတ်စင်ကျ သွားရုံသာ ရှိပေလိမ့်မည်။

အကယ်၍ သူ သွေးကြောတို့ ထပ်မံထုတ်ဖော်ချင်လျှင် သူ၏တစ်ခုတည်းသော နည်းလမ်းသည် ကျောက်သားပုလင်းကို ပိုမိုကြီးထွား လာအောင် လုပ်ရန်သာဖြစ်သည်။

အမှန်စင်စစ်တော့ စုမင်ခန္ဓာကိုယ်ပေါ်တွင် ၉၉၀ ခုမြောက် သွေးကြော ထွက်ပေါ် လာခဲ့ပြီးသည်နှင့် သူ၏နှိုင်းယှဉ်ပြမှုထဲက ပုလင်းကဲ့သို့ပင် သူသည်ပြည့်ဝ သွားခဲ့ပြီဖြစ်၏။ သူ့ခန္ဓာကိုယ် အတွင်းတွင် ပေါင်းစပ်နေခဲ့သည့် ရုပ်နယ်လွန်အဆင့်၏ အရှိန်အဝါကြောင့်သာ သူနောက်ထပ် သွေးကြော ၄ ကြောကို ထပ်မံ ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပုလင်း  ပိုမို ကြီးထွားလာသသည့် ပုံစံကဲ့သို့ ထိုအရှိန်အဝါသည်လည်း သူ့ခန္ဓာကိုယ်ကို တနည်းနည်းဖြင့် ပြောင်းလဲပေးခဲ့၏။ ၎င်းသည် သူ၏သွေးကြောများကို တိုးမြှင့်ရန် မည်သည့်အရာမှ မလုပ်နိုင်တော့သည့် အချိန်တွင် သူ၏ အစွမ်းထက်သော ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်လာရန် အကူးအပြောင်းကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးခဲ့သည်။

သို့သော် ယခုတော့ သူ့အကန့်အသတ်သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိ သွားပြန်ပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်တွင် နောက်ထပ် အခြားသော သွေးကြောတို့ ပေါ်ထွက်လာအောင် လုပ်နိုင်မ ည့်နည်းလမ်း မရှိတော့ပေ။ ၎င်းသည် စုမင် လုံးဝ နားလည်သည့် အရာပင် ဖြစ်သည်။ ဤအရာတွင်တော့ သွေးလောင်ကျွမ်းခြင်းသည်ပင် သူ့ကို မကူညီနိုင်သည်ကို သူသိ၏။

‘ရှေးတုန်းက လူတွေ သွေးကြော ၁၀၀၀ ကို ဘယ်လိုများ ထုတ်ဖော်နိုင်ခဲ့တာလည်း မသိဘူး။ ဖြစ်နိုင်တာက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကြော ၁၀၀၀ ဝင်ဆံ့နိုင်တဲ့ အံ့သြဖွယ် အလားအလာနဲ့ မွေးဖွားလာခဲ့တာ ထင်တယ်။ ဒါပေမဲ့ ငါကတော့ သူတို့မှ မဟုတ်တာ …’

‘သူတို့ အဲဒါကို ဘယ်လိုလုပ်ခဲ့မှန်း ငါမသိဘူး။ ဒါပေမဲ့ ငါသာ သွေးကြောတွေကို ထပ်တိုးမြှင့်ချင်တယ် ဆိုရင် ... အဲဒါက ... တစ်ခုတည်းသော နည်းလမ်းပဲ’

တောက်ပသည့် အလင်းတစ်ခု စုမင် မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သည်။ သူ ဖြည်းညင်းစွာ မတ်တတ် ထရပ်လိုက်ပြီး မြေပေါ်သို့ ဆောင့်နင်းလျက် သူ့ကိုယ်သူ လေထဲသို့ ခုန်ပစ်လိုက်သည်။ သူ လေထုအလယ်သို့ ရောက်နေသည့် အချိန်တွင် သူ့လက်မောင်းများကို ကျယ်ပြန့်စွာ ဖြန့်ကား ထားခဲ့သည်။

‘ငါ့ခန္ဓာကိုယ်က ပြည့်နေခဲ့ပြီ။ နောက်ထပ် သွေးကြောတွေ ထပ်ထုတ်ဖော်လို့ မရတော့ဘူး။ ငါစဉ်းစားနိုင်တဲ့ တစ်ခုတည်းသော အရာက ကျောက်သားပုလင်းကို ချိုးဖဲ့သလိုမျိုး ငါ့ခန္ဓာကိုယ်ကို ကျိူးပဲ့သွားစေဖို့ပဲ၊ အဲဒါက အက်ကွဲသွားတာနဲ့ ဝင်ဆန့်နိုင်တဲ့ ရေပမာဏကလည်း တိုးလာလိမ့်မယ်’

‘ငါ့ခန္ဓာကိုယ်က ကျိုးပဲ့သွားခဲ့ရင်တောင်၊ ငါက ရုပ်နယ်လွန် အဆင့်ကို ရောက်မဲ့ အချိန်အတိအကျကို ဖမ်းဆုပ်နိုင်ခဲ့မယ် ဆိုရင် အဲဒါက ဘာမှဖြစ်မှာ မဟုတ်ဘူး’

စုမင် မျက်လုံးများသည့် တည်ငြိမ်မှုနှင့် ရူးသွပ်မှုများ ရောထွေးလျက် တောက်ပနေခဲ့သည်။

ရူးသွပ်မှုသည် သူ၏စိတ်ကူးမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး တည်ငြိမ်မှုသည်တော့ သူစီစဉ်ထားသည့် လုပ်ဆောင်မှု တစ်ခုချင်းစီမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

စုမင် လေထဲတွင် အချိန်ကြာကြာ မနေနိုင်ပေ။ သိပ်မကြာခင်မှာပဲ သူပြန်ပြုတ်ကျ သွားလိမ့်မည်ဖြစ်သည်။

ယခုတော့ သူသည် လက်တို့ကျယ်ပြန့်စွာ ဖြန့်ကား ထားလိုက်ပြီး သူ့ခန္ဓာကိုယ်မှ ကျယ်လောင်သည့် မြည်ဟည်းသံများ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခဲ့သည်။ အသံများ လေထုအတွင်း ပျံ့လွင့်သွားသည်နှင့် သူ့ကိုယ်အတွင်းမှ ၉၉၄ ခုသော သွေးကြောတို့သည် လောင်ကျွမ်း ပြိုကွဲသွားသကဲ့သို့ ပြန့်ကျဲသွားခဲ့သည်။

‘ငါ့ရဲ့ ခန္ဓာကိုယ်ကိုသာ မချိုးဖျက်နိုင်ဘူး၊ ငါ့ကိုယ်ကို ကျောက်သားပုလင်း တစ်ခုအဖြစ်ကနေ လွတ်မြောက်အောင် မပြုလုပ်နိုင်ဘူ းဆိုရင် ငါ နောက်ထပ် သွေးကြောတွေကို ရရှိနိုင်ဖို့ နည်းလမ်း မရှိတော့ဘူး’

စုမင် နှလုံးသားထဲမှ အော်ဟစ် ပစ်လိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်းမှ ဟိန်းဟောက်သံများသဖွယ် ထွက်ပေါ်လာခဲ့ချိန်တွင် စုမင်ပါးစပ်မှ သွေးတို့ ကျဆင်း လာခဲ့သည်။ ထို့အပြင် သူ၏ မျက်လုံးများ၊ နားများနှင့် နှာခေါင်းတို့မှလည်း သွေးတို့ ယိုစီးကျလာခဲ့၏။

သူ့ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်နေသည့် အသံများသည် ၎င်းတို့၏ အကျယ်လောင်ဆုံး အမှတ်သို့ ရောက်ရှိသွားခဲ့ပြီး သွေးကြော များသည်လည်း သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲ သွားခဲ့သည်။ ၎င်းတို့ထိုသို့ ဖြစ်သွားသည်နှင့် ပထမဆုံး သက်ရောက် ခံလိုက်ရသည့် အရာမှာ သူ့ခန္ဓာကိုယ်ပင် ဖြစ်သည်။ ကျောက်သားပုလင်း ကျိုးပဲ့သွားသည့် အတိုင်း  ... ဖြစ်ပျက် လာလိမ့်မည်ဟု သူတွေးထင် ထားခဲ့သလိုပင် ဖြစ်လာခဲ့သည်။

စုမင် ခန္ဓာကိုယ်တွင် အက်ရာများ ဖြစ်ပေါ်လာ၏။ သူ့ခန္ဓာကိုယ်သည် အပိုင်းပိုင်း ခွဲခံနေရသကဲ့သို့ပင် ဖြစ်သည်။ အက်ရာများ ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် သူသည် အပိုင်းအစများအဖြစ် ဆုတ်ဖြဲခံ လိုက်ရလိမ့်မည် ဖြစ်သည်။

အနီရောင်အလင်းတို့သည် ပါးလွှာသည့် အက်ကြောင်းများ အတွင်းမှ တောက်ပ လာနေပြီး ၎င်းတို့အတွင်းမှ ကွက်တိကွက်ကျား ထွက်ပေါ် လာနေခဲ့ပြီး ပိုမိုပျံ့နှံ့သွားတော့မည့် အရိပ်အယောင်များပင် ပြလျက်ရှိသည်။

ဖော်ပြ၍မရနိုင်သည့် နာကျင်မှုသည် စုမင်ခန္ဓာကိုယ်၏ နေရာတိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။ သူ့ကိုယ်သူ ဖျက်ဆီးနေသည့် ထိုနာကျင်မှုသည် သာမန် လူတစ်ဦးဆိုလျှင် ခံနိုင်ရည်မရှိမည့် နာကျင်မှုပင် ဖြစ်သည်။ စုမင်လည်း အလားတူပင် ၎င်းကို တောင့်မခံနိုင်တော့ပေ။ သူ့အမူအရာသည် ရှုံ့မဲ့နေခဲ့သော်လည်း သူ့ခန္ဓာကိုယ်သည်တော့ ဆက်လက်၍ စုတ်ဖြဲ ခံနေရဆဲပင် ဖြစ်ပြီး သူ့သွေးကြောများသည် နောက်တစ်ကြိမ် ရုတ်ခြည်း တိုးပွား လာခဲ့တော့သည်။

၉၉၅

မည်သူမှ မမြင်နိုင်သည့် နေရာဖြစ်သော စုမင်၏ ညာဘက် ခြေထောက်တွင် ၉၉၅ ခုမြောက် သွေးကြော ထွက်ပေါ်လာခဲ့သည်။

သွေးကြောထပ်မံ ပေါ်ထွက်လာမှုသည် စုမင်ခန္ဓာကိုယ် စုတ်ဖြဲခံနေရသည့် အရှိန်ကို ပိုတိုးသွားစေခဲ့၏။ များစွာသော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ သူသည် ဖျက်ဆီးခံရပြီး သေဆုံးရတော့မည် ဟူသော ခံစားချက်က သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြည့်နှက်လာခဲ့သည်။

သို့သော် ခေါင်းစွပ်အောက်တွင် ဖုံးကွယ်ထားသည့် စုမင်နှုတ်ခမ်းများတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအပြုံးသည် ရက်စက်၍ အကြင်နာမဲ့နေခဲ့၏။ ထိုရက်စက်၍ အကြင်နာမဲ့မှုသည် အခြားသူများအပေါ်တွင် မဟုတ်ဘဲ သူကိုယ်တိုင် အတွက်ပင် ဖြစ်သည်။ သူ၏အကြီးအကဲ တစ်ချိန်က ပြောခဲ့ဖူးသည့် အရာကို သူအမြဲတမ်း အမှတ်ရနေခဲ့သည်။

သူတစ်စုံတစ်ရာကို လိုချင်လျှင် တစ်စုံတစ်ခုကိုတော့ ပြန်လည် စွန့်လွှတ်ရမည် ဖြစ်သည်။

သူ တစ်ခုခုကို ပိုရချင်လေလေ၊ ပိုစတေးရ လေလေပင် ဖြစ်သည်။ ထိုစတေးမှုသည် ဆုလာဘ်နှင့် ညီမျှမှုရှိ၊ မရှိ ထိုက်တန်မှု ရှိ၊မရှိ ဆိုသည်မှာ သူတစ်ဦးတည်းသာ ဆုံးဖြတ်နိုင်သည့် အရာပင်ဖြစ်ပြီး အခြားမည်သူမှ မဟုတ်ပါချေ။

‘ငါက ဒီခြေလှမ်းကို လှမ်းခဲ့ပြီးလို့ ၉၉၅ ခုမြောက် သွေးကြောကိုတောင် ရရှိထားခဲ့ပြီ။ ငါ့မှာရှိတဲ့ အရာအားလုံးကို အသုံးမချဘူး၊ ဒါအတွက် မတိုက်ခိုက်ဘူးဆိုရင် ငါ ... စိတ်ကျေနပ်နိုင်မှာ မဟုတ်ဘူး’

စုမင် ခန္ဓာကိုယ်သည် လေထဲမှ စတင် ပြုတ်ကျလာခဲ့သည်။ ထိုအချိန်အတွင်း၌ပင် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ အက်ကွဲ ထွက်နေခဲ့သည်။

စုမင်း ကျဆင်း လာရင်းနှင့်ပင် ဆူညံသံများသည်လည်း လေထုအတွင်း ပဲ့တင်ထပ်နေခဲ့ပြီး အခြားသွေးကြောတစ်ခု စုမင် ဘယ်ဘက်ခြေထောက်တွင် ပေါ်ထွက်လာခဲ့သည်။

၉၉၆

ထပ်တိုးသွေးကြောသည် စုမင်၏ ခန္ဓာကိုယ်ကို ၎င်း၏ ကျိုးပဲ့မှုအမှတ်သို့ ရောက်ရှိသွားစေခဲ့သည်။ သူ့ခန္ဓာကိုယ်မှ သွေးမြူများ ထွက်ပေါ်လာခဲ့ပြီး စုမင်၏ အမြင်အာရုံကို ဝေဝါးသွားစေ၏။ သေဆုံးရတော့မည်ဟူသော ခံစားမှုက သူ့ခန္ဓာကိုယ် တစ်ခုလုံးသို့ ပြည့်နှက်လာခဲ့သည်။

ထိုအချိန်တွင် သတိရှိနေသေးသူများ အားလုံး စုမင်လုပ်ရန် ကြိုးစားနေသည့် အရာကို မြင်နိုင်ချေသည်။ သူ၏အပြုအမူများမှ တစ်ဆင့် သူ၏ရူးသွပ်မှုနှင့် သွေးကြောများ တိုးမြှင့်လိုသည့် ဆန္ဒတို့ကို သူတို့ ခံစားနေရသည်။

ယခုအချိန်တွင် လုံးဝ မတ်တတ် ထရပ်လိုက်ပြီ ဖြစ်သည့် အနက်ရောင် ချပ်ဝတ်နှင့် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ အစစ်အမှန်ပုံစံကို စုမင် ပြုတ်ကျနေရာမှ မော့ကြည့်လိုက်သည်။ ထိုရုပ်တုကြီး မတ်တတ် ရပ်လိုက်ချိန်တွင် ၎င်းသည် ကောင်းကင်နှင့်ပင် ထိကပ်သွားဟန်ပေါ်၏။ ၎င်းဝတ်ဆင်ထားသည့် အနက်ရောင် ချပ်ဝတ်သည် အဆုံးမရှိသည့် ရက်စက်ကြမ်းကြုတ်သည့် အော်ရာ အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့သည်။

သူသည် စုမင်ကို အေးစက်စွာ စိုက်ကြည့်လျက် စုမင်ကို ညာလက်ဖြင့် နောက်တစ်ကြိမ် ညွှန်ပြလိုက်သည်။

“ဒါက နောက်ဆုံးအကြိမ်ပဲ ... သင့်ကို ... ရုပ်နယ်လွန်အဆင့် တက်ရောက်ဖို့ ငါအမိန့်ပေးတယ်”

၎င်း၏အသံကြီး လေထုအတွင်း ပဲ့တင်ထပ်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်ပေါ်မှ အပြာရောင် တိမ်စိုင်သည်ပင် ခဏတာ ရပ်တန့်သွားခဲ့သည်။ စုမင် ခေါင်းကိုမော့လျက် ကောင်းကင်သို့ ခပ်တိုးတိုး အော်ဟစ်လိုက်သည်။

“သွေးကြောတွေ”

သူ့ခန္ဓာကိုယ်သည် စုတ်ပြဲသွားခဲ့ပြီ ဖြစ်သည်။ ကျောက်သားပုလင်းသည် လုံးဝပင် ပျက်စီးသွားခဲ့လေပြီ။ ထိုဖြစ်ရပ်အတွင်း စုမင် ဝတ်ရုံများသည်လည်း ပေါက်ကွဲပျက်စီး သွားခဲ့သည်။ သွေးမြူတို့သည် သူ့ခန္ဓာကိုယ် အပြင်ဘက် ဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းထားခဲ့ပြီး သူ့မျက်နှာနှင့် အက်ကွဲစုတ်ပြဲနေသည့် သူ့ခန္ဓာကိုယ်တို့ကို လုံးဝ ဖုံးကွယ်ထားခဲ့သဖြင့် မည်သုမှ သူ့မျက်နှာကို မမြင်နိုင်ပေ။

သူ့ခန္ဓာကိုယ် ကျိုးပဲ့အက်ကွဲ သွားသည်နှင့် သူ့ခန္ဓာကိုယ်၏ အကန့်အသတ်သည် တိုးမြင့်သွားဟန်ဖြင့် စုမင်၏ သွေးကြောတို့သည် ထိတ်လန့်တုန်လှုပ်ဖွယ် အရှိန်ဖြင့် ရူးသွပ်စွာ တိုးပွား လာခဲ့လေသည်။

၉၉၇

၉၉၈

၉၉၉

၉၉၉ ခုသော သွေးကြောတို့သည် စုမင်၏ ကျိုးကြေနေသည့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဖုံးအုပ်ထားခဲ့သည်။ ၁၀၀၀ ခုမြောက် သွေးကြော အတွက် နေရာလွတ်ပင် မကျန်ရှိတော့ဟန် ပေါ်နေခဲ့သည်။

တစ်ခုတည်းသော ကျန်ရှိနေသည့် နေရာသည် သွေးမြူများ အောက်တွင် ဖုံးကွယ်ခံထားရသည့် သူ့မျက်နှာပေါ်မှ မျက်လုံးများအောက်ရှိ နက်မှောင်တောင်မျိုးနွယ်စု မာန်နတ်ဘုရားရုပ်တု၏ ပျက်စီးသွားသည့် အပိုင်းအစ လာရောက် ထိမှန်စဉ်က သူ၏မျက်နှာပေါ်တွင် ကျန်ရစ်ခဲ့သည့် အမာရွတ်ပင် ဖြစ်သည်။

၎င်းသည် သာမန် အမာရွတ် တစ်ခုသာ ဖြစ်သော်လည်း စုမင်အတွက်တော့ ဤအရာသည် သူ့ခန္ဓာကိုယ်ပေါ်တွင် နက်မှောင်တောင်နှင့် ပတ်သက်၍ ကျန်ရစ်နေခဲ့သည့် အမှတ်အသားတစ်ခု ဖြစ်သည်။

၁၀၀၀ ခုမြောက် သွေးကြော ထွင်ပေါ်လာခဲ့မည် ဆိုလျှင် စုမင်မျက်နှာပေါ်မှ အမာရွတ်သည် အစားထိုးခံလိုက်ရပြီး ပျောက်ကွယ် သွားပေလိမ့်မည်။ နက်မှောင်တောင်နှင့် ပတ်သက်၍ ကျန်ရှိနေခဲ့သည့် တစ်ခုတည်းသော အမှတ်အသား ပျောက်ကွယ် သွားရတော့မည် ဟူသော အခိုက်အတန့်တွင် စုမင် မျက်လုံးများအတွင်း စိတ်လွန်ဆွဲမှုတို့ ဖြစ်ပေါ်လာခဲ့သည်။

သွေးကြော ၁၀၀၀ ဖြင့် ရုပ်နယ်လွန် အဆင့်တက်ခြင်းသည် ရှေးကျသောလူများ၏ ခေတ်၌ပင် ရှားပါးသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် နက်မှောင်တောင်နှင့် ပတ်သက်သည့် တစ်ခုတည်းသော အကျွင်းအကျန် သဲလွန်စကို ဖျက်ဆီး ပစ်လိုက်မည်လား၊ သို့တည်းမဟုတ် ဤအမာရွတ်ကိုပင် ထိန်းသိမ်းထားပြီး ၁၀၀၀ ခုမြောက် သွေးကြောကို လက်လျှော့လိုက်မည်လား။ ဒါသည် မေးခွန်းတစ်ခုပင် ဖြစ်သည်။

“မင်းက တစ်ခုကို လိုချင်ရင် တစ်ခုကိုတော့ စွန့်လွှတ်ရမှာပဲ ... အဲဒါကို စွန့်လွှတ်ဖို့ ထိုက်တန်ရဲ့လား ဆိုတာကိုတော့ မင်းပဲ ဆုံးဖြတ်ရမှာ …”

အကြီးအကဲ၏ စကားသံတို့သည် စုမင်ခေါင်းထဲ၌ ပဲ့တင်ထပ် သွားခဲ့သည်။ သူ၏ အကြီးအကဲ၊ နက်မှောင်တောင်နှင့် နက်မှောင်တောင် မာန်နတ်ဘုရားရုပ်တု ပျက်စီးသွားခဲ့သည် တို့ကိုပင် သူပြန်မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

နောက်ဆုံးတွင်တော့ ဟန်ခုန်း၏ စွမ်းအားကို အသုံးချခဲ့စဉ်က လေဟာနယ်ထဲတွင် သံကြိုးများဖြင့် ချည်နှောင်ခြင်း ခံထားရသည့် သူ့ကိုယ်သူ မြင်လိုက်ရသည့် မြင်ကွင်းသည် စုမင်မျက်လုံးများအတွင်း ပြန်ပေါ်လာခဲ့သည်။ ထိုစုမင်၏မျက်နှာတွင် မည်သည့်အမာရွတ်မှ ရှိမနေခဲ့ပေ။ သို့သော် သူတစ်စုံတစ်ခု ပြောလိုက်ပြီးချိန်တွင် ထိုအမာရွတ်က သူ့မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။

“ငါ ... ငြင်းပယ်တယ်”စုမင် ခပ်တိုးတိုး ပြောဆိုလိုက်သည်။

ထိုစကားလုံးများ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင်ပင် ၁၀၀၀ ခုမြောက် သွေးကြောသည် ပျောက်ကွယ် သွားခဲ့၏။ တစ်ချိန်တည်းမှာပင် ရုပ်နယ်လွန် အဆင့်၏ ကြီးမားသော အရှိန်အဝါသည် စုမင်ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ၏ကျိုးပဲ့နေခဲ့သည့် ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်သွားခဲ့ပြီး

ပျံ့နှံ့နေသည့် သွေးမြူတို့သည်လည်း ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့သည်။ စုတ်ပြဲနေသည့် အဝတ်များသည်ပင် ၎င်းတို့အချင်းချင်း ပြန်လည် စုဝေးသွားခဲ့ပြီး စုမင်ခန္ဓာကိုယ်ပေါ်တွင် ယခင်ရှိနေခဲ့သည့်အတိုင်း ပြန်လည် ဖြစ်ပေါ်သွားခဲ့ကြသည်။

ကမ္ဘာလောကကြီးက ဟိန်းဟောက် မြည်ဟည်းသွားခဲ့ပြီး ရုပ်နယ်လွန်အဆင့်မှ လူများနှင့်သာ သက်ဆိုင်သည့် အရှိန်အဝါသည် စုမင်ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ်လာခဲ့၏။ ထိုအရှိန်အဝါ၏ စွမ်းအားသည် ပတ်ဝန်းကျင်ရှိ သွေးကြောကျောက်သား နယ်ပယ်မှ မာန်စွမ်းအားရှင်များ အားလုံးကို တုန်ယင် သွားစေခဲ့သည်။ နန်ထျန်းနှင့် အခြားအစွမ်းထက်သော ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်များသည်ပင် တုန်လှုပ်ချောက်ချား သွားခဲ့ရသည်။ စုမင်ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ် လာနေသည့် မယုံနိုင်ဖွယ် သန်မာသည့် ဖိအားကို သူတို့ ရှင်းရှင်းလင်းလင်း ခံစားနေရလေသည်။

ရုပ်နယ်လွန်အဆင့်သို့ တက်ခြင်း … ။

***

All Chapters