ရုပ်နယ်လွန်အဆင့်၏ စစ်နတ်ဘုရားဘွဲ့ ချီးမြှင့်ခံရခြင်း
Vol. 14 Ch. 194
ဖိအား၏ စွမ်းအားသည် သာမန် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်ထက် ပိုမိုသာလွန် နေခဲ့သော်လည်း မတည်ငြိမ်သေးချေ။ ထိုအရှိန်အဝါတို့သည် စုမင် ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြည့်နှက်နေခဲ့ပြီး ထိုဖိအားများ ပျောက်ကွယ်သွားသည့် တိုင်အောင်ပင် သူ့ပတ်ဝန်းကျင်ရှိ လူများအားလုံးကို စိတ်ဝိညာဉ်အတွင်းမှပင် တုန်လှုပ်နေစေခဲ့သည်။
ဤအကြိမ်သည် သူတို့ဘဝများတွင် သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်မှ လူတစ်ဦး၏ ရုပ်နယ်လွန် အဆင့်တက်ရောက်ခြင်း ဖြစ်စဉ်တစ်ခုလုံးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဤအရာသည် သူတို့ကို အလွန်အမင်း တုန်လှုပ် ချောက်ချားစေပြီး သူတို့ဘဝများကိုပင် သက်ရောက်စေလေသည်။
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် မြေပေါ်တွင် ဒူးထောက် ဝပ်တွားလျက် ထိတ်လန့် တုန်လှုပ်နေခဲ့၏။ သူ၏ကျင့်ကြံဆင့်သည် ရုပ်နယ်လွန် အလယ်ဆင့်တွင် ဖြစ်သော်လည်း စုမင်အပေါ်တွင် ဖော်ပြ၍ မရနိုင်သော ရိုသေလေးစားမှု တစ်ခုရှိနေခဲ့သည်။ ၎င်းသည် စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် စွမ်းအားကြောင့် သူ့စိတ်ဝိညာဉ် အတွင်းမှ ဖြစ်ပေါ်လာခဲ့သည့် လေးစားမှုပင် ဖြစ်သည်။
သူပင် ထိုအခြေအနေမျိုး ဖြစ်ပေါ်နေခဲ့ရာ သူ့ဘေးမှ အသားတောင်လေး တစ်လုံးသဖွယ်လူ၏ အခြေအနေသည်တော့ ပိုမိုဆိုးရွား နေခဲ့လေသည်။ ပုချန့်မျိုးနွယ်စု ခေါင်းဆောင်သည် စုမင်အား အလွန်အမင်း ရိုသေလေးစားစွာဖြင့် ကြည့်ရှုနေခဲ့၏။
စုမင်ခန္ဓာကိုယ်မှ ၉၉၉ ခုသော သွေးကြောတို့သည် ရုတ်ခြည်း ဆိုသလို အရည်ပျော် သွားခဲ့ကြသည်။ ထို့နောက် ပြုတ်ကျနေသည့် သူ့ခန္ဓာကိုယ်သည် ပုချန့်တောင်ထိပ်နှင့် ပေ ၁၀၀ ခန့်သာ ကွာဝေးတော့ချိန်တွင် ပထမဆုံးအကြိမ် အနေဖြင့် သူ၏ကိုယ်ပိုင်ခွန်အားနှင့် စုမင် လေထဲတွင် လွင့်မျော ရပ်တန့်လိုက်သည်။
သူ ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်မှ အနက်ရောင် ချပ်ဝတ်နှင့် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ အစစ်အမှန် ပုံစံကြီးသည် စုမင်ကိုနူးညံ့စွာ ကြည့်နေခဲ့ပြီး သူ၏ သီးခြားဆန်သည့် အေးစက်စက် မျက်ဝန်းများထဲတွင်တော့ အသိအမှတ်ပြုမှု အရိပ်အမြွက်တို့ ပါဝင်နေခဲ့သည်။
“ရုပ်နယ်လွန်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကို ချိုးဖျက်တယ် ... ဒါက ပထမဆုံး မာန်နတ်ဘုရား ချမှတ်ထားတဲ့ ဒုတိယဥပဒေသကို လိုက်နာ နေတာကြောင့် ... တောင်အရပ်ဖြိုခွင်းဓားကို ... ငါပေးအပ်လိုက်တယ် ... ကြီးမြတ်သော ယုပြည်ထောင်ကို လာရောက်ပြီး ဓားကိုလက်ခံပါ ... ပြီးတော့ ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားဘွဲ့ကိုလည်း ချီးမြှင့်လိုက်တယ်”
ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ ခမ်းနားကြီးကျယ်သည့် အသံသည် လေထုအတွင်း ပဲ့တင်ထပ်နေခဲ့သည်။ သူသည် စုမင်ကို လေးနက်စွာ စိုက်ကြည့်လိုက်ပြီး ညာဘက်လက်ကို စုမင်ထံသို့ ဦးတည်လိုက်သည်။ ထို့နောက် ၎င်းလက်သည် စုမင်ရှေ့တွင် ပေါ်လာသည့် အချိန်တွင် စုမင်၏ ဦးခေါင်းခွံထိပ်သို့ ထိကပ်လိုက်ချေသည်။
စုမင် မရှောင်ခဲ့ပါချေ။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ် အတွင်း၌ သွေးကြောများ မရှိတော့သော်လည်း သွေးကြော ၉၉၉ ကြော၏ အစွမ်းထက် အဆပေါင်းများစွာ သာလွန်သည့် စွမ်းအားသည်တော့ သူ့ကိုယ်အတွင်း၌ ရှိနေခဲ့ပြီဖြစ်သည်။
ထို့အပြင် ကောင်းကင်မှ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုသည် သူ့အား ထူးဆန်းသည့် ခံစားချက်တစ်ခု ပေးစွမ်းနေခဲ့သည်။ သူတို့ကြားတွင် ထူးခြားဆန်းကြယ်သည့် ဆက်နွှယ်မှု တစ်စုံတစ်ရာ ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ထိုရုပ်တုကြီးသည် အေးစက်စက် သီးခြား ဖြစ်တည်နေသည့် အရာတစ်ခု မဟုတ်ဘဲ သူ့ထံမှ ရင်းနှီးကျွမ်းဝင်သည့် အငွေ့အသက် အာရုံကို ခံစားနေရစေလေသည်။
နတ်ဘုရားရုပ်တု၏ ညာဘက်လက်ညှိုးသည် စုမင်ဦးခေါင်းခွံထိပ်သို့ ထိတွေ့လိုက်ချိန်တွင် စုမင်ခန္ဓာကိုယ်သည် ယိမ်းယိုင် တုန်ယင်သွားခဲ့၏။ လက်ချောင်းမှနေ၍ သူ့ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိလာသည့် အထူးစွမ်းအင် တစ်မျိုးကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်က တစ်ကြိမ်ပြီး တစ်ကြိမ် တုန်ယင် နေခဲ့ရသည်။ ပိုမိုတိုးပွား သန်မာလာနေသည့် ထိုခံစားမှုသည် သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားခဲ့၏။
နောက်ဆုံးတွင်တော့ ထိုအထူး အရှိန်အဝါသည် စုမင် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားခဲ့ပြီး ၎င်းတို့သည် စုမင်ခန္ဓာကိုယ် တစ်ခုလုံးကို ဝန်းရံသွားခဲ့သည်နှင့် စုမင်၏ ခေါင်းမှ ခြေဖျားသို့တိုင် ဝန်းရံနေခဲ့သည့် အနက်ရောင် မြူခိုးအစုအဝေးကြီး အဖြစ်မှ အနက်ရောင် ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲ သွားခဲ့တော့သည်။ ထိုချပ်ဝတ်သည် ရုပ်နယ်လွန်အဆင့် နတ်ဘုရား ရုပ်တု၏ အစစ်အမှန်ပုံစံကြီး ဝတ်ဆင်ထားသည့် ချပ်ဝတ်နှင့် အနည်းငယ် ကွဲပြားခြားနား နေခဲ့သည်။ ၎င်းသည် ရိုးရှင်းသည့် ပုံစံရှိသော်လည်း အလွန်အံ့သြဖွယ် ကောင်းသည့် စွမ်းအားသည်တော့ ရုတ်တရက် ထွက်ပေါ် လာခဲ့လေသည်။
သို့သော် စုမင်၏ ချပ်ဝတ်သည် ပုံရိပ်ယောင် တစ်ခုသာဖြစ်ပြီး အစစ်အမှန် မဟုတ်ပါချေ။
“ကြီးမြတ်သော ယုကို ... လာခဲ့ပါ”
ကောင်းကင်မှ နတ်ဘုရား ရုပ်တုကြီးသည် သူ့ညာဘက်လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ခဏအကြာတွင် ကောင်းကင်မှ လုံးဝပျောက်ကွယ် သွားတော့သည်။ ဤနေရာတွင် ထိုရုပ်တုကြီး ရှိနေခဲ့သည် ဟူသည့် မည်သည့် သဲလွန်စမှ ရှာမတွေ့နိုင်ပါချေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်၌ တစ်ခုတည်းသော ကျန်ခဲ့သည့် အရာသည်တော့ လျှပ်စီးတို့ကို စုဆောင်းနေဆဲ ဖြစ်သည့် စွမ်းအားကြီးသော အပြာရောင် တိမ်တိုက်ကြီးပင် ဖြစ်သည်။ ယခု မည်သည့် အချိန်တွင်မဆို သူ့အပေါ်သို့ လျှပ်စီးကပ်ဘေး ကျရောက် လာတော့မည် ဖြစ်သည်။
“ငါ ... နောက်ဆုံးတော့ ... ရုပ်နယ်လွန်အဆင့်ကို ရောက်ခဲ့ပြီ”
စုမင် လေထဲတွင် ရပ်နေခဲ့၏။ သူ့ခန္ဓာကိုယ်ကို ဝန်းရံနေခဲ့သည့် အနက်ရောင် အခိုးအငွေ့ ချပ်ဝတ်သည် အေးစက်၍ ရက်စက်ကြမ်းကြုတ်ဟန် လေထုကို ဖြစ်ပေါ်နေစေသည်။ သူလေထဲတွင် ရပ်လျက် အပေါ်ဘက် အဝေးရှိ ကောင်းကင်သို့ မော့ကြည့်လိုက်ရင်း ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်ခုသည် သူ့နှလုံးသား အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။
“အကြီးအကဲ၊ ကျွန်တော် ရုပ်နယ်လွန် အဆင့်ကို ရောက်ခဲ့ပြီ ... ပိုင်လင်း ... မင်းသိလား။ ငါရုပ်နယ်လွန် အဆင့်ကို ရောက်သွားပြီ …”
စုမင် နှလုံးသား အတွင်းမှ ဝမ်းနည်းနေခဲ့မိသည်။ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ခြင်းသည် ပျော်ရွှင်ဖွယ် အခြေအနေ ဖြစ်သော်လည်း သူမသိသည့် အကြောင်းအရင်း တစ်ခုကြောင့် သူစိတ်လှုပ်ရှားမိသည်ဟု မခံစားရပေ။ ရိုးရှင်းစွာပင် သူနက်မှောင်တောင်ကိုသာ လွမ်းနေမိ၏။
သူ၏နာမည်ဂုဏ်သတင်းကို မြှင့်တင်နိုင်ခဲ့ပြီး ဟန်တောင်တန်းတွင် အစွမ်းထက်ဆုံး မာန်စွမ်းအားရှင် ဖြစ်လာခဲ့သည် ဆိုလျှင်ပင်၊ ဧရိယာတစ်ဝိုက်ရှိ မြင်ကွင်းအတွင်းမှ လူများသည် သူ့ကို မခြိမ်းခြောက်နိုင်ဘူး ဆိုလျှင်ပင်၊ ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်ပြီးချိန်တွင် ရှိနေသင့်သည့် စိတ်လှုပ်ရှား ပျော်ရွှင်မှုမျိုး သူ့မှာရှိမနေခဲ့ပေ။
ကောင်းကင်မှ အပြာရောင် တိမ်တိုက်ကြီးသည် မြည်ဟည်းသွားခဲ့၏။ သို့သော် ထိုမြည်ဟည်းသံသည် ဟန်တောင်တန်း မြို့တော်နှင့် မျိုးနွယ်စုသုံးစုမှ အော်ဟစ် ဆူညံများကိုမူ မတားဆီးနိုင်ခဲ့ချေ။ ထိုအသံများသည် ထိတ်လန့်တုန်လှုပ်ဖွယ် အသံဖြင့် လှိုင်းတစ်လုံးကဲ့သို့ မြင့်တက် နေခဲ့လေသည်။
“သူ သွေးကြော ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန် အဆင့်ကို တက်ခဲ့တယ်။ ပြီးတော့ သူက တောင်အရပ်ဖြိုခွင်းဓားနဲ့ ရုပ်နယ်လွန် အဆင့်ရဲ့ စစ်နတ်ဘုရားဆိုတဲ့ ဘွဲ့ကိုလည်း ရခဲ့သေးတယ် …”
“တောင်အရပ် ဖြိုခွင်းဓား ... အဲဒီဓားအကြောင်းကို ဘယ်ရှေးဟောင်း စာလိပ်မှာမှ ငါမဖတ်ဖူးဘူး။ ဒါပေမဲ့ ရုပ်နယ်လွန်အဆင့်ရဲ့ နတ်ဘုရားရုပ်တုက ပေးတဲ့ဓားမို့လို့ အရမ်းကို ထူးခြားနေမှာပဲ …”
“အဲဒါက သွေးကြော ကျောက်သားနယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို တက်တဲ့ မာန်စွမ်းအားရှင်အတွက် စိတ်လှုပ်ရှားစရာ ဆုလာဘ်လား။ သူတို့က ရတနာတစ်ခုကို ဆုလက်ဆောင် အဖြစ်ရတယ်။ ပြီးတော့ ရုပ်နယ်လွန် အဆင့်ရဲ့ စစ်နတ်ဘုရားဆိုတဲ့ ဘွဲ့ကိုလည်း ပေးအပ်ခြင်း ခံရတယ်။ ဒါထက် ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရား ဆိုတာက ဘာများလဲ”
“ဟန်တောင်တန်းမြို့တော်ရဲ့ အသန်မာဆုံး …”
နန်ထျန်းတစ်ယောက် လေထဲတွင် ရပ်နေသည့် စုမင်ကို ကြည့်လျက် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
“ရုပ်နယ်လွန် အဆင့်ရဲ့ စစ်နတ်ဘုရား ... အရင်တစ်ခေါက် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု ပေါ်ထွက်လာခဲ့တာကို ငါမြင်ခဲ့ဖူးတုန်းကကျ ဘာလို့အခုလို မဖြစ်ပွားခဲ့ရတာလဲ …”
ခဲ့ကျူးစစ်၏ နှလုံးသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်နေခဲ့ပြီး သူ့မျက်လုံးများထဲတွင်တော့ နက်ရှိုင်းသည့် ရိုသေလေးစားမှုများသာ ရှိနေခဲ့သည်။
ရွှမ်းလွမ်သည် လုံးဝပင်ကြောင်အ ငေးမောနေခဲ့ပြီ ဖြစ်သည်။ သူ့နှလုံးသား အတွင်းမှ စိတ်ခံစားချက် များသည်တော့ ရှုပ်ထွေးနေခဲ့ရပြီ ဖြစ်၏။ စုမင်ကို ကြည့်နေရင်းမှ သူ့တွင် အစွမ်းမရှိသည့် ခံစားမှုမျိုး ဖြစ်ပေါ်လာခဲ့သည်။
“ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရား ... သူက ရုပ်နယ်လွန် အဆင့်ရဲ့ စစ်နတ်ဘုရားဘွဲ့ကို ချီးမြှင့်ခံခဲ့ရတယ်”
ဟန်ဖေးကျစ် တုန်လှုပ်သွားခဲ့ပြီး သူမမျက်လုံးများ အတွင်း မယုံကြည်နိုင်မှုတို့ အထင်းသား ပေါ်လာခဲ့သည်။ သူမသည် ရုပ်နယ်လွန် အဆင့်ရဲ့ စစ်နတ်ဘုရားဟူသော ဘွဲ့၏ အဓိပ္ပာယ်ကို သိရှိသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ အမှန်တကယ်တွင်တော့ သူမသည်လည်း ရုပ်နယ်လွန် အဆင့်၏ စစ်နတ်ဘုရားတစ်ဦး ဖြစ်လာရန် သူမ၏သွေးကြောတို့ကို ဖိနှိပ်နေခဲ့ခြင်း ဖြစ်သည်။
“ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရား ဆိုတာက မာန်စွမ်းအားရှင် မျိုးနွယ်စုရဲ့ အနှစ်သာရကို အစစ်အမှန် ပိုင်ဆိုင်နိုင်ခဲ့တဲ့ ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ယောက်ကို ပေးအပ်ချီးမြှင့်တဲ့ အသိအမှတ်ပြုမှု တစ်ခုပဲ။ အဲဒါက မာန်စွမ်းအားရဲ့ အထိမ်းအမှတ်တစ်ခု ဖြစ်ပြီးတော့ ... သာမန် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်တွေ ယှဉ်ပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး …” အရောင်စုံရေကန် မျိုးနွယ်စုမှ အဘွားအိုသည် တီးတိုးရေရွတ်လိုက်မိသည်။
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု တောင်ပေါ်တွင် ဒူးထောက်နေသည့် အကြီးအကဲ၏ မျက်နှာတွင်လည်း လေးစားသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။
“ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားက ဟန်တောင်တန်းမှာ ပေါ်ပေါက်လာခဲ့တယ် ဆိုတာကို ငါမယုံနိုင်သေးဘူး ... သူ ကြီးမြတ်သော ယုကို ရောက်တဲ့အချိန်ကျရင် ဘယ်နတ်ဘုရား ရုပ်တုရဲ့ ချပ်ဝတ်ကိုရမလဲ ဆိုတာ ငါသိချင်မိတယ် …”
ခဏတာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးချိန်တွင် အရောင်စုံ ရေကန်တောင်ပေါ်မှ ပုံရိပ်နှစ်ခု ပျံသန်း ထွက်ပေါ်လာခဲ့၏။ အဘွားအိုနှင့် ယန်လွမ်တို့ပင် ဖြစ်သည်။ ယန်လွမ်မျက်နှာသည် အလွန်အမင်း ရိုသေလေးစားမှုများဖြင့် ပြည့်နေခဲ့ပြီး အဘွားအိုနှင့်အတူ လေထဲမှစုမင်ကို လေးနက်စွာ ဦးညွှတ်လိုက်သည်။
“အရောင်စုံရေကန် မျိုးနွယ်စုက စစ်နတ်ဘုရားအရှင်ရဲ့ ရုပ်နယ်လွန်အဆင့် တက်ရောက် သွားတာကို ဂုဏ်ပြုပါတယ်”
တစ်ချိန်တည်းမှာပင် ငြိမ်းအေးရာ အရှေ့အရပ်တောင်ပေါ်မှ ပျံသန်းထွက်လာခဲ့သည့် အကြီးအကဲနှင့် တောင်ပေါ်တွင် ရပ်နေသည့် ဖန်းရှန်တို့၏ စကားသံများသည်လည်း အတူတူ ထွက်ပေါ်လာခဲ့သည်။
“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက စစ်နတ်ဘုရားအရှင်ရဲ့ ရုပ်နယ်လွန်အဆင့် တက်ရောက်သွားမှုကို ဂုဏ်ပြုပါတယ်”
“ပုချန့်မျိုးနွယ်စုကလည်း စစ်နတ်ဘုရား အရှင်ရဲ့ ရုပ်နယ်လွန်အဆင့် တက်ရောက်သွားခြင်းကို ဂုဏ်ပြုပါတယ်”
ဟန်တောင်တန်းမြို့တော်မှ လူများအပါအဝင် စုမင်ကို ဂုဏ်ပြုနေသည့် အသံများသည် လေထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
ဟန်တောင်တန်း မြို့တော်နှင့် လီထောင်ပေါင်းများစွာ အဝေးတွင်တော့ အေးခဲကောင်းကင်ကလန်မှ အဘိုးအိုကလွဲ၍ အမျိုးသားနှင့် အမျိုးသမီး တို့သည်တော့ ဟန်တောင်တန်း မြို့တော်ကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ် နေခဲ့ကြလေသည်။
“အဖွဲ့ဝင် ညီမငယ်လေး ဟန်ဖေးကျစ်က ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာလား”
“ငါတို့ ဒါကို လက်ဝဲတော်ရံဆီ အမြန်ဆုံး သတင်းပို့ရမယ်။ ညီမငယ်လေး ဟန်ဖေးကျစ်ရဲ့ နာမည်က အေးခဲကောင်းကင် ကလန်တစ်ခုလုံးကို သေချာပေါက် ကျော်ကြား သွားလိမ့်မယ်”
စုမင် လေထဲတွင် ရပ်လျက် သူ၏အတွေးတို့ကို ဖိနှိပ်နေခဲ့ပြီး ကောင်းကင်မှ အပြာရောင် တိမ်တိုက်ကြီးကို မော့ကြည့်လိုက်သည်။ ယခုအချိန်သည် လှုပ်ရှားနိုင်သည့် အချိန်မဟုတ်ဟု စုမင် ခံစားနေရသည်။ သူသည် ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်နေသည့် လမ်းတစ်ဝက်တွင်သာ ရှိနေသေးသည်။ မပြီးဆုံးသေးချေ။
‘ငါ့ရဲ့ မူလမာန်အကြောမျှင်ကို အလျင်အမြန် ရွေးချယ်ပြီးတော့ ငါ့ခန္ဓာကိုယ်ထဲကို ထည့်သွင်းရမယ်။ ပြီးရင်တော့ တရားထိုင်ရင်း ငါ့ရဲ့ မာန်အမှတ်ကို ဆွဲသားဖို့အတွက် ဒီနေရာကနေ ထွက်ခွာပြီး တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ရှာဖွေရလိမ့်မယ်’
သူ၏ မာန်အမှတ်ဆွဲသားခြင်း ပြီးဆုံးမှသာလျှင် ရုပ်နယ်လွန် အဆင့်သို့ တက်ရောက်ခြင်းဖြစ်စဉ် ပြီးမြောက်သည်ဟု ယူဆ၍ရပြီး သူ့စွမ်းအားက တည်ငြိမ် သွားလိမ့်မည် ဖြစ်သည်။
‘လျှပ်စီးတန်းက ကျတင်းလာမလား မလာဘူးလား ဆိုတာကို ငါမသိတာ စိတ်ညစ်စရာပဲ။ အဲဒါက ကျဆင်းလာဖို့ ဘယ်လောက်ကြာဦးမယ် ဆိုတာ ငါမသိသလို အဲဒါကို ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားပြီး ငါ့ရဲ့ မူလအကြောမျှင် လုပ်ဖို့ ဘယ်လောက် ခက်ခဲမယ် ဆိုတာကိုလဲ ငါမသိဘူး ... ငါက ဝိညာဉ်လုယက်ကိုပဲ အသုံးချနိုင်တယ်’
စုမင် လေထုအလယ်တွင် တိတ်ဆိတ်စွာ ရပ်လျက် ကောင်းကင်မှ အပြာရောင် တိမ်တိုက်ကြီးကို မော့ကြည့်နေခဲ့၏။ သူ၏မျက်လုံးများတွင် နောင်တရဟန်ဖြင့် မိုးကြိုးလျှပ်စီး ကျဆင်းလာပြီး ဆေးလုံး ဖြစ်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်း နေခဲ့လေသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ပင် ကောင်းကင်ရှိ အပြာရောင် တိမ်တိုက်အတွင်း စုဝေးနေခဲ့သည့် လျှပ်စီး အလင်းတန်းသည် ရုတ်တရက် လင်းလက် ထွက်ပေါ် လာခဲ့သည်။ တိမ်တိုက်များ အတွင်းမှ အလင်းတစ်ချက် ပျိုးပြက် သွားခဲ့ချိန်တွင် မိုးကြိုးလျှပ်စီးသည် တစ်စုံတစ်ရာ၏ ဦးဆောင် လမ်းပြခံရဟန်ဖြင့် အဝေးရှိ တောင်တစ်လုံး အပေါ်သို့ ကျဆင်း သွားခဲ့ချေသည်။
ထိုအခြင်းအရာကို မြင်လိုက်ချိန်တွင် စုမင်ခေါင်းထဲ၌ တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ် သွားခဲ့သည်။ ကောင်းကင်ရှိ အပြာရောင် တိမ်တိုက်ကြီးကို ငေးကြည့်နေရာမှ လေထုထဲတွင် လွင့်မျောနေသည့် အနည်းငယ်သာ ကျန်ရှိတော့သော ဟယ်ဖုန်း၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်မိသည်။
‘လျှပ်စီးက သစ်ပင်တွေကို ရိုက်ခတ်တယ် ... ငါ ဝိညာဉ်လုယက်ကို ဖန်တီးချိန်မှာ လျှပ်စီးကို ဆွဲဆောင်နိုင်ခဲ့တယ် ... လျှပ်စီးက တောင်ထိပ်ပေါ်ကို ကျရောက်လာပြီး ရိုက်ခတ်ခဲ့တယ် ... ဒါ ... ဒါက’
စုမင် တစ်စုံတစ်ရာကို နားလည်သွားခဲ့ဟန် တူသော်လည်း ထိုအတွေးသည် သူ့ခေါင်းထဲတွင် ရှင်းလင်းမနေခဲ့ပေ။ သို့သော် သူတစ်စုံတစ်ရာကို ဆုပ်ကိုင်ထားနိုင်ပြီ ဟုတော့ ခံစားနေရလေသည်။
ထိုအခိုက်အတန့်တွင် အပြာရောင် တိမ်တိုက်ကြီးသည် မြည်ဟည်း သွားခဲ့ပြန်သည်။ ပေါက်ကွဲ ထွက်တော့မည့်ဟန်နှင့် များစွာသော လျှပ်စီးအလင်းတို့ စုဝေးနေခဲ့ကြ၏။ တိမ်တိုက်အတွင်းမှ ခပ်ပါးပါး လျှပ်စီးတန်းများသည်ပင် ဧရိယာတစ်ဝိုက်ရှိ ကုန်းမြေများပေါ်သို့ ကျရောက် လာခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့ဆိုလျှင် ကြည့်ရှုသူများ စုဝေး နေခဲ့ကြသည့် တောင်များဆီသို့ပင် ကျရောက်သွားခဲ့၍ သူတို့သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး လျှပ်စီးတန်းကို လျင်မြန်စွာ ရှောင်လိုက်ကြ ရလေသည်။
‘အသက်သွင်းခြင်း ... အသက်သွင်းခြင်း ... ငါသိပြီ’
စုမင်၏ မျက်လုံးတို့ တောက်ပသွားခဲ့ပြီး ထိုအရာသည် မည်သည့်အရာ ဖြစ်ကြောင်း သူနားလည် သွားခဲ့ရပြီဖြစ်သည်။
‘လျှပ်စီးက မူလက ကောင်းကင်ကနေ ကျဆင်းလာခဲ့တာ မဟုတ်ဘူး။ သူ သစ်ပင်တွေကို ရိုက်ခတ်တာကလည်း သူ့ဆန္ဒအလျောက် မဟုတ်ဘူး။ လျှပ်စီးမှာ စိတ်ဆန္ဒကို မရှိဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။ သူ့ကို ဒီအတိုင်း လေထဲမှာရှိတဲ့ သစ်ပင်တွေက ဆွဲဆောင်ခဲ့တာပဲ …’
‘ဧရိယာတစ်ဝိုက်က တောင်တွေ အတွက်လည်း အတူတူပဲ။ သူတို့က ကောင်းကင်ပေါ်မှာရှိတဲ့ လျှပ်စီးကို ဆွဲဆောင်ခဲ့ကြတာ …’
‘ဒီဧရိယာအတွင်းက လူတွေအတွက်လည်း အတူတူပဲ …’
‘ဟယ်ဖုန်းကလည်း အတူတူပဲ။ လျှပ်စီးက သူ့ကိုတိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ သူ့ဆီက တစ်စုံတစ်ခုကသာ လျှပ်စီးကို သူ့ဆီ ဆွဲဆောင်ခဲ့တာပဲ။ တောင်တွေထဲမှာ၊ သစ်ပင်တွေထဲမှာနဲ့ အခြားနေရာတွေထဲမှာ ရှိနေခဲ့တဲ့ အရာက ဘာလဲ...’
‘တကယ်ပဲ ... အဲဒါက ဘာများလဲ’
‘ဟယ်ဖုန်းက သန့်စင်ခြင်းအတွက် သေဆုံးခြင်း အငွေ့အသက်တွေကို စုပ်ယူခဲ့တယ်။ အဲဒါက သေဆုံးခြင်း အငွေ့အသက်များ ဖြစ်နိုင်မလား။ ဒါပေမဲ့ မြေပြင်ထဲမှာနဲ့ တောင်တွေထဲမှာ သေဆုံးခြင်း အငွေ့အသက်မှ မရှိတာ။ အဲဒါက သေဆုံးခြင်း အငွေ့အသက် မဟုတ်ဘူး။ အခြားတစ်ခုခုပဲ ဖြစ်ရမယ်’
‘လျှပ်စီးကို ဘာက ဆွဲဆောင်နေခဲ့တာလဲ’
စုမင် ထိုအယူအဆကို အနည်းငယ် နားလည် လာခဲ့သော်လည်း ပိုမို၍လည်း ရှုပ်ထွေးလာခဲ့၏။ မည်သို့ပင်ဖြစ်စေ သူ့တွင် ထိုအရာကို စဉ်းစားနေချိန် မရှိပေ။
သူ့စိတ်သည် အပြင်းအထန် အလုပ်လုပ် နေသကဲ့သို့ အပြာရောင် တိမ်တိုက်ကြီး သည်လည်း ကောင်းကောင်နှင့် မြေပြင်ကိုပင် တုန်လှုပ်စေနိုင်သည့် ပြင်းထန်သော အသံနှင့် မြည်ဟီးနေခဲ့သည်။ နောက်ဆုံးတွင်တော့ အပြာရောင် တိမ်တိုက်ကြီးသည် လုံလောက်သော လျှပ်စီးတို့ကို စုဆောင်းပြီးဟန်ဖြင့် လူတိုင်း၏ မျက်လုံးထဲသို့ စူးရှသည့် အပြာရောင် အလင်းက ဝင်ရောက်လာခဲ့ပြီး မိုးကြိုးလျှပ်စီးက ကျဆင်းလာတော့မည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်၌ပင် စုမင် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသက်သွင်းလိုက်ရာ သူ့စိတ်သည် တုန်လှုပ်သွားခဲ့ရ၏။ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသက်သွင်းလိုက်ပြီး နောက်တွင် သူတုန်လှုပ်စွာဖြင့် ကုန်းမြေအတွင်းမှ တစ်စုံတစ်ရာကို ဝေဝေဝါးဝါး မြင်တွေ့လိုက် ရချေသည်။ မိုးခြိမ်းသံ မြည်ဟည်း သွားပြီးသည်နှင့် သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ခပ်ဖျော့ဖျော့ လျှပ်စီး အလင်းလွှာတို့သည် ဒီရေလှိုင်း အသွင်ဖြင့် တောက်များပေါ်၊ ကုန်းမြေပေါ်နှင့် လူအုပ်များပေါ်တွင် ရှိနေခဲ့သည်။ ထိုအရာသည် ကောင်းကင်မှ လျှပ်စီးကို ဆွဲဆောင်နေသည့် အရာပင် ဖြစ်သည်။ မိုးကြိုးလျှပ်စီးတို့သည် ၎င်းတို့ကို ထိရိုက်ရန် ကျဆင်းခဲ့ကြခြင်းပင်။
မြေပြင်တွင် ရွေ့လျားနေသည့် သာမန် မျက်စိဖြင့် မမြင်နိုင်သော လျှပ်စီးအလင်းတို့သည် ဟယ်ဖုန်းခန္ဓာကိုယ်၏ စုပ်ယူခြင်းကို ခံနေရပြီး ပမာဏများပြားလှသော ထိုအရာတို့သည် သူ့ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက် စုဝေးသွားခဲ့ကြသည်။ ၎င်းတို့သည် သူ့ခန္ဓာကိုယ် အတွင်းမှ ဆေးလုံးကို အာဟာရ ပြုပေးသကဲ့သို့ မြေပြင်မှစုဝေးလာသည် လျှပ်စီးအလင်းတို့ဖြင့် ဟယ်ဖုန်း ခန္ဓာကိုယ်ကိုလည်း အတောက်ပဆုံးသော နေရာတစ်ခု ဖြစ်သွားစေခဲ့သည်။
သူ့စိတ်ကူးယဉ်မှု အပိုင်းအစထဲမှ အသံကဲ့သို့ သု့အားခေါ်နေသည့် ခပ်တိုးတိုး အသံတစ်ခုကို စုမင်ကြားလိုက်ပုံ ရပြီးနောက် မြည်ဟည်းသံ တစ်ခုသည် သူ့ခေါင်းထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
သူ ... နားလည်သွားခဲ့ချေပြီ။
တစ်ချိန်တည်းမှာပင် တိမ်တိုက်ကြီးသည်လည်း မိုးကြိုးလျှပ်စီး၏ စုပ်ယူခြင်းကို ခံလိုက်ရဟန်ဖြင့် ကျုံ့ဝင်သွားခဲ့သည်။ ၁၀ ပေခန့် အကျယ်ရှိသည့် အပြာရောင် မိုးကြိုးလျှပ်စီးတန်းကြီး တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ၎င်းသည် ဟယ်ဖုန်း၏ ခန္ဓာကိုယ်နှင့် မြေပြင်ဆီသို့ ဦးတည်ကျဆင်း သွားခဲ့တော့သည်။
***
စာစဉ်(၁၄) ပြီး၏။