ရုပ်နယ်လွန်ခြင်း၏ ရတနာ
Vol. 15 Ch. 195
မိုးကြိုးလျှပ်စီး၏ တောက်ပနေသည့် အပြာရောင်အလင်းက ကုန်းမြေတစ်ခုလုံးကို အပြာရောင် ခြယ်သသွားခဲ့သည်။ ၎င်းသည် ကြည့်ရှုနေသူတို့၏ မျက်လုံးများ အတွင်း၌ပင် တောက်ပသွားခဲ့ပြီး အပြာရောင် အရိပ်တို့ ရောင်ပြန်ဟပ် နေခဲ့စေသည်။
၁၀ပေခန့် အကျယ်ရှိသည့် အပြာရောင်မိုးကြိုး လျှပ်စီးသည် ဆူညံသံတစ်ခုနှင့် လေထုကို ဖြတ်သန်းလျက် ဟယ်ဖုန်းထံသို့ တိုးဝင်လာခဲ့သည်။ ၎င်းသည် အလွန်လျင်မြန်လှပြီး ခဏချင်းဆိုသလိုပင် ရောက်ရှိလာခဲ့၏။ သို့သော် ၎င်းနီးကပ်လာသည့် အခိုက်အတန့်မှာပင် စုမင်က ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သည်။
စုမင်သည် မိုးကြိုးလျှပ်စီး ဦးတည်သွားနေသည့် ဟယ်ဖုန်း၏ဘေးသို့ ခြေလှမ်းလိုက်ခြင်း မဟုတ်ပေ။ ထိုအစား ပုချန့်တောင်ထိပ်သို့သာ သွားလိုက်ခြင်း ဖြစ်သည်။ တောင်ထိပ်တွင် သူခြေချလိုက်မိသည့် အခိုက်အတန့်၌ပင်၊ ဆူညံပေါက်ကွဲသံများ လေထုအတွင်း ပဲ့တင်ထပ်သွားခဲ့ပြီး မိုးကြိုးလျှပ်စီးက ဟယ်ဖုန်း၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားခဲ့သည်။ အနည်းငယ်သာ ကျန်ရှိနေတော့သည့် ဟယ်ဖုန်း၏ ခန္ဓာကိုယ်သည်လည်း ပြာများအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ဦးခေါင်းသာ ကျန်ရစ်ခဲ့၏။
ဟယ်ဖုန်း၏ မျက်လုံးများသည် ပွင့်နေဆဲပင်ဖြစ်ပြီး ထိုမျက်လုံးများ ထဲတွင်တော့ ထူးဆန်းသည့် မီးခိုးရောင် အရိပ်တစ်ခု ရှိနေခဲ့သည်။ သူ့ခေါင်းထဲ၌ ဆေးအဆီအနှစ်တို့မှ ဖြစ်ပေါ်လာခဲ့သည့် မပြတ်မသား အလုံးငယ်လေးက လျင်မြန်စွာ လှည့်ပတ်နေခဲ့ပြီး အငွေ့အသက် အဆီအနှစ်များအဖြစ်မှ ဆေးလုံးအဖြစ်သို့ ကူးပြောင်းနေခဲ့၏။
လျှပ်စီး၏ တိုက်ခိုက်မှုသည် မပြီးဆုံးသေးချေ။ ၎င်းသည် ဟယ်ဖုန်း၏ ကျန်ရှိနေသည့် ဦးခေါင်းကို ပြာမှုန်များအဖြစ် မပြောင်းလဲရသေးမချင်း ရပ်တန့်မည့်ပုံမပေါ်ပဲ ဆူညံသံ တစ်ခုနှင့်အတူ အောက်သို့ဆက်လက် ကျဆင်းနေသေး၏။
ထိုအခိုက်အတန့်၌ပင် စုမင်သည် ပုချန့်တောင်ထိပ်မှ ကျောက်တုံးအပေါ်သို့ တက်လိုက်သည်။ သူ ခဏလေးပင် ရပ်တန့်မနေခဲ့ပေ။ ထိုအချိန်တွင် စုမင်ခန္ဓာကိုယ် အတွင်း၌ ချီတို့ မရှိနိုင်တော့သော်လည်း သူကျောက်တုံးပေါ်သို့ ခြေချလိုက်မိသည့် အခိုက်အတန့်မှာပင် ပိုမိုသန်မာသည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ခြေထောက်အောက်မှ ပုချန့်တောင်ထဲသို့ တိုးဝင်သွားခဲ့သည်။
ငလျင်အငယ်စား တစ်ခုသည် ရုတ်တရက်ဆိုသလို တောင်ကို လှုပ်ခါသွားစေပြီး မပီဝိုးတဝါး ဆူညံပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ သို့သော် ထိုဆူညံသံများသည် မိုးခြိမ်းသံ၏ ဖုံးအုပ်သွားခြင်းကို ခံလိုက်ရပြီး မည်သူမျှ ၎င်းအသံတို့ကို မကြားလိုက်ရချေ။
တောင်သည် လှုပ်ခါသွားသည်နှင့် ပုချန့်မျိုးနွယ်မှ လူများသည်လည်း ထိတ်လန့်တုန်လှုပ် သွားရသော်လည်း သူတို့ ဒူးထောက်နေရာမှ မလှုပ်ရှားရဲကြပေ။ ဤမြင်ကွင်းသည် ကမ္ဘာမြေကြီး ကိုယ်တိုင်က လှုပ်ရှားသွားပြီး တောင်ကို လှုပ်ခါပစ်လိုက် သကဲ့သို့ပင် ဖြစ်သည်။ တောင်ကိုယ်တိုင်သည်ပင် စုမင်စွမ်းအားအောက်၌ ကျဆုံးသွားရသည့် အလား။
ထို့နောက် များမကြာမီတွင် တောင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး တောင်အောက်ခြေမှ သေဆုံးခြင်း အငွေ့အသက်တို့ကို လှုံ့ဆော်ခံရပြီး အထက်သို့ တက်လာခဲ့ကြသည်။
မတရားမှုကို ခံထားရသည့် ဝိညာဉ်များထံမှ စူးရှသည့် ငိုကြွေး ညည်းညူသံတို့ ထွက်ပေါ်လာခဲ့၏။ သူတို့သည် သေဆုံးခြင်း အငွေ့အသက် များနှင့်အတူ အဝေးသို့ ထွက်ပြေးလိုဟန်ဖြင့် တောင်ပေါ်တွင် ပျံ့နှံ့သွားကြသည်။
အချိန်က ကုန်ဆုံးလျက်ရှိသည်။ စုမင် ဤအရာအားလုံးကို သေချာခံစား တွေးတောရန် နည်းလမ်းမရှိခဲ့ပေ။ သို့သော် သာမန်မျက်စိဖြင့် မမြင်နိုင်သော ကုန်းမြေပေါ်တွင် လှိုင်းလုံးသဖွယ် ဖုံးလွှမ်းနေသည့် အလင်းစက်တို့ကြောင့် ထိုမိုးကြိုးလျှပ်စီးသည် ကောင်းကင်မှ ဆင်းသက်လာ ခဲ့သည်ကိုတော့ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကြောင့် သူမြင်နေရသည်။ ထိုအလင်းစက်များသည် အသက်ရှိဟန်တူ၏။ သူတို့သည် မိုးကြိုးလျှပ်စီးဖြင့် ထိတွေ့လိုဟန်ရသလို လျှပ်စီးတန်းသည်လည်း အလားတူဆန္ဒမျိုး ရှိနေသည့်ဟန်ပင်။
ထိုကြောင့်ပင် ကုန်းမြေကို ဖုံးလွှမ်းနေသည့် ၎င်းအလင်းစက်တို့သည် လျှပ်စီးကျရောက်မည့် တောင်များ၊ မြင့်မားသောသစ်ပင်များ ရှိရာဆီသို့ တိမ်တိုက်များနောက်မှ အရိပ်သဖွယ် လိုက်ပါနေခဲ့ကြခြင်း ဖြစ်နိုင်သည်။
အမျိုးအမည် မသိသည့် အကြောင်းရင်း အချို့ကြောင့် ထိုအလင်းစက်တို့သည် ဟယ်ဖုန်း၏ ခန္ဓာကိုယ်ထံသို့ ဦးတည် တိုးဝင်နေကြပြီး သူ့ခန္ဓာကိုယ်ကို ၎င်းတို့က ဖုံးအုပ်ထားခဲ့သဖြင့် ထိုအခိုက်အတန့်တွင် ကုန်းမြေတစ်ခုလုံး၌ ဟယ်ဖုန်း၏ခန္ဓာကိုယ်က လျှပ်စီးကို အဆွဲဆောင်နိုင်ဆုံး အရာဝတ္ထုကြီး ဖြစ်နေခဲ့သည်။
ထိုအရာ၏နောက်ကွယ်မှ အကြောင်းရင်းကို စုမင်မသိသော်လည်း သေဆုံးခြင်း အငွေ့အသက်များကို မစုပ်ယူခင်က ဟယ်ဖုန်း၏ အလောင်းသည် ထိုကဲ့သို့အစွမ်းမျိုး မပိုင်ဆိုင်ကြောင်းကိုတော့ သူသိထားသည်။ ဟယ်ဖုန်းသည် မိုးကြိုးလျှပ်စီးကို ဆွဲဆောင်နိုင်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော ထိုအလင်းစက်တို့ သူ့ခန္ဓာကိုယ် အတွင်းသို့ ဝင်ရောက်လာသည့် အရာနှင့်ပတ်သက်၍ စုမင် ဆုပ်ကိုင်မိသည့် တစ်ခုတည်းသော မျှော်လင့်ချက်နှင့် သဲလွန်စသည် သေဆုံးခြင်း အငွေ့အသက်များပင် ဖြစ်သည်။
သဘာဝတရား၏ ဥပဒေနိယာမတို့ကို သူမသိပေ။ ပုချန့်တောက်အောက်မှ သေဆုံးခြင်း အငွေ့အသက်များ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် စုမင် ညာခြေကိုမလျက် တောင်ကိုနောက်တစ်ကြိမ် ထပ်နင်းချလိုက်သည်။
သူခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တောင်ကြီးသည် နောက်တစ်ကြိမ် တုန်ခါသွားခဲ့ပြန်သည်။ အကြီးအကဲ၊ မျိုးနွယ်စု ခေါင်းဆောင်နှင့် သူတို့ဘေးရှိ ပုချန့်မျိုးနွယ်မှ အခြားသူများ အားလုံးတို့သည် ဖြူရော်နေခဲ့ပြီ ဖြစ်သော်လည်း စုမင်ကိုရပ်တန့်ရန် မတားဆီးရဲပါချေ။
မည်သူမှ စုမင်ကို မတားဆီးရဲပေ။ သူတို့ မျက်လုံးများထဲတွင် စုမင်၏ခန္ဓာကိုယ်အား အနက်ရောင် မြူခိုးချပ်ဝတ်က ဖုံးအုပ်ထားခဲ့ပြီး လေမတိုက်ပဲနှင့် သူ့ဆံပင်တို့က လွင့်မျောနေခဲ့သည့်အပြင် မယုံနိုင်ဖွယ်ဖိအားနှင့် စွမ်းအားအရှိန်အဝါ တို့ကိုလည်း သူ့ကိုယ်မှ ထုတ်လွှတ်နေ ခဲ့သေးသည်။
သူသည် ဟန်တောင်တန်း၏ သွယ်ဆက် သံကြိုးတန်းများကို စိန်မခေါ်ခင်ကလို အမည်မသိသည့် မထင်မရှားလူတစ်ဦး မဟုတ်တော့ပေ။ ယခုအချိန်တွင် စုမင်သည် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တု၏ အသိအမှတ်ပြုမှုကို ရရှိထားသည့် ရုပ်နယ်လွန် အဆင့်၏ စစ်နတ်ဘုရားများထဲမှ တစ်ဦးပင်ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“စစ်နတ်ဘုရားအရှင်က ဘာလုပ်နေတာလဲ...”
“အရှင်သခင်က ရုပ်နယ်လွန်အဆင့်ကို ရောက်နေပြီ။ သူက သူ့ရဲ့ မူလမာန် အကြောမျှင်ကို သန့်စင်ဖို့လိုတယ်။ ဒါတွေအကုန်လုံးက သူ့ရဲ့ မူလမာန် အကြောမျှင်အတွက် လုပ်နေတာများ ဖြစ်နိုင်မလား”
“စစ်နတ်ဘုရားအရှင်ရဲ့ မူလမာန် အကြောမျှင်က ဘယ်လိုဖြစ်မလဲ ဆိုတာကို ငါသိချင်လိုက်တယ် ... အဲဒါက ဘယ်လိုပုံမျိုး ဖြစ်နေမလဲမသိဘူး”
ဟန်တောင်တန်း မြို့တော်မှ လူများသည် အချင်းချင်း တီးတိုးပြောဆို နေခဲ့ကြသည်။ ပုချန့်တောင်ကို ကြည့်နေသည့် သူတို့ အကြည့်များတွင်တော့ ရိုသေလေးစားမှုများဖြင့် ပြည့်နေခဲ့သည်။
သူတို့သည် စုမင်၏ မူလမာန်အကြောမျှင်က ဘယ်လိုပုံမျိုး ရှိမည်ဆိုတာကို သိလိုကြပြီး စုမင်၏ မာန်အမှတ်အသားက မည်ကဲ့သို့ ပေါ်ပေါက်လာမည် ဆိုသည်ကိုလည်း သင်ကြားလို ကြချေသည်။
“စစ်နတ်ဘုရား အရှင်မော့စုရဲ့ မူလမာန် အကြောမျှင်က သေချာပေါက်ကို သာမန်ထက်သာလွန် ထူးခြားနေလိမ့်မယ်”
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် အဝေးတွင်ရပ်နေသည့် စုမင်ကို ရိုသေလေးစားစွာ ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
ဖန်းရှန် မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ သူ့မျက်နှာသည်တော့ မိုးကြိုးလျှပ်စီးမှ အပြာရောင်အလင်းဖြင့် ရောင်ပြန်ဟပ်လျက် တောက်ပနေခဲ့ပြီး မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။ သူသည် စုမင် ရုပ်နယ်လွန်အဆင့် တက်ရောက်ခဲ့သည့် မြင်ကွင်းထဲတွင်သာ ကျရောက်နေခဲ့ပြီး ထိုမြင်ကွင်းမှ ပြန်လည် လွတ်မြောက်လာရန် ခက်ခဲနေဆဲပင် ဖြစ်သည်။
“စစ်မာရှင်းရဲ့ မူလမာန်အကြောမျှင်က ကမ္ဘာပေါ်က ထူးခြားတဲ့ ခုနစ်ရောင်ခြယ် တောင်တစ်လုံးပဲ။ အဲဒီရတနာက အေးခဲကောင်းကင် ကလန်မှာတောင် ကျော်ကြားပြီး ရုပ်နယ်လွန်အဆင့် အမြင့်ဆုံး ရတနာဆိုပြီး လူသိများတယ် ... မော့စုရဲ့ ရုပ်နယ်လွန်အဆင့် တက်ရောက်ခြင်း ရတနာက ဘာလဲဆိုတာ ငါသိချင်တယ်...”
ဖန်းချန်းလန်သည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထားမိပြီး သူမ၏နှလုံးသည်တော့ ထိန်းချုပ်မရစွာပင် စတင် ခုန်လာခဲ့သည်။
အလားတူ မေးခွန်းသည်ပင် အရောင်စုံရေကန် မျိုးနွယ်စုတွင်လည်း ဖြစ်ပေါ်နေခဲ့သည်။ ယခုသူမ လေးစားစွာ ကြည့်နေသည့် စုမင်သည် ယခင်က ဟန်တောင်တန်း ဘိုးဘေး၏ သီးသန့်နယ်မြေထဲတွင် သူမတွေ့ဆုံခဲ့ဖူးသည့် တစ်စုံတစ်ဦး ဖြစ်နေကြောင်းကို ယန်လွမ်မသိပေ။ သူမသည် တစ်ချိန်က သူနှင့် ခဏတာ တိုက်ခိုက်ခဲ့ဖူးပြီး သူ့ကို သူမ၏တွဲဖက်အဖြစ် ပြုလုပ်ရန်ပင် စဉ်းစားခဲ့သေးသည်။
အကယ်၍ သူမသာ ဤအရာများအားလုံးကို သိလျှင် သူမ မယုံနိုင်လောက်အောင်ပင် ထိတ်လန့်ကြောက်ရွံ့ နေခဲ့လိမ့်မည်ဖြစ်သည်။
“သူ့ရဲ့ မူလမာန်အကြောမျှင်က အဲဒီလိုများ ဖြစ်နေမလား...”
ယန်လွမ်ဘေးမှ အဘွားအိုသည် မသေချာ မရေရာစွာဖြင့် မျက်မှောင်ကြုတ် နေခဲ့၏။ သူမ၏ မျက်လုံးများသည်တော့ စုမင်ဘေးသို့ ကျရောက်နေသည့် အပြာရောင် လျှပ်စီးကိုသာ စူးစိုက်ကြည့်နေခဲ့ပြီး တဖြည်းဖြည်းနှင့် မယုံကြည်နိုင်မှုတို့က သူမ မျက်လုံးများအတွင်း ပေါ်လာခဲ့သည်။
“အဲဒါ ဖြစ်နေနိုင်မလား။ ဒါ ... ဒါက ... ဖြစ်တော့ မဖြစ်နိုင်ပါဘူးလေ...”
အဘွားအိုက တီးတိုးရေရွတ် လိုက်သည်။
စုမင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ပုချန့်တောင်သည်လည်း ပြင်းထန်စွာ တုန်ခါသွားပြီး ပိုမိုများပြားသော သေဆုံးခြင်း အငွေ့အသက်တို့က တောင်အောက်ခြေမှ တိုးထွက်လာခဲ့ ပြန်သည်။ ထိုအငွေ့အသက်တို့သည် အတူတကွ စုဝေးနေခဲ့ကြပြီး ၎င်းတို့အတွင်းမှ မတရားမှုကို ခံထားရသည့် ဝိညာဉ်များထံမှ စူးစူးရှရှ ငိုကြွေးညည်းညူ သံများကိုလည်း ကြားနေရချေသည်။
စုမင် ခေါင်းကို မော့လိုက်ချိန်တွင် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားခဲ့သည့် အနက်ရောင် မြူခိုးချပ်ဝတ်သည် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားခဲ့သဖြင့် သူ့အား မကောင်းဆိုးဝါး၊ မိစ္ဆာတစ်ဦးသဖွယ် ပုံပေါက်နေစေသည်။
စုမင် ညာဘက်လက်ကို မြှောက်၍ လေထဲသို့ကုပ်ဆွဲဟန် ပြုလိုက်ရာ သန်မာသည့် စုပ်ယူအားတစ်ခုက သူ့ခန္ဓာကိုယ်အတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲတွင် သွေးကြောများ ထပ်မံ မရှိတော့သော်လည်း ရုပ်နယ်လွန်အဆင့်၏ ချီစွမ်းအားများ ရှိနေခြင်းကြောင့် ထိုစုပ်ယူမှု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စုမင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှုကို သုံးလျက် ထိုစွမ်းအားတို့ကို ကျွမ်းကျင်စွာ ထိန်းချုပ်နေချိန်တွင် ၎င်းတို့သည် အဆက်မပြတ် လှည့်ပတ်နေသည့် ရေဝဲတစ်ခုအသွင် ပြောင်းလဲသွား ခဲ့ကြသည်။
ရေဝဲသည် သူ့ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။ စုမင် လေထဲသို့ ညာဘက်လက်ဖြင့် ကုပ်ဆွဲလိုက်သည်နှင့် ပတ်ဝန်းကျင်ဧရိယာ တစ်ဝိုက်တွင် ပျံ့လွင့်နေသည့် သေဆုံးခြင်း အငွေ့အသက်တို့က သူ့ထံ တိုးဝင်လာခဲ့ကြသည်။ ထို့နောက် မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းတို့က သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားခဲ့ကြသည်။ ၎င်းတို့အထဲမှ အချို့ဆိုလျှင် သူ့ခန္ဓာကိုယ် အတွင်းသို့ပင် ဝင်ရောက်ပေါင်းစပ် သွားခဲ့ကြသည်။
ရုပ်နယ်လွန်အဆင့်သို့ မတက်ရောက်ခင် အချိန်က သူသာ သေဆုံးခြင်း အငွေ့အသက်များနှင့် သက်ဆိုင်သည့် မာန်ပညာရပ်များကို လေ့ကျင့်မထားပဲ ယခုလိုလုပ်ခဲ့မည်ဆိုလျှင် သူ့ခန္ဓာကိုယ်သည် များစွာသော သေဆုံးခြင်း အငွေ့အသက်တို့ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပဲ အလောင်းအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
သို့သော် ယခုတော့ စုမင် ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲ၌ သွေးကြောတို့ မရှိတော့ပေ။ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းမှ ချီများ စီးထွက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း၌ မတူညီကွဲပြားသည့် နယ်ပယ်နှစ်ခုမှ စွမ်းအားတို့၏ ခြားနားချက် တစ်ခုရှိနေခဲ့သည်။ အကယ်၍ သေဆုံးခြင်းအငွေ့အသက် အချို့ကို စုပ်ယူခဲ့မိလျှင်ပင် သူ ၎င်းတို့ကို ချက်ချင်း ပြန့်ကျဲသွားအောင် ပြုလုပ်နိုင်ဆဲပင် ဖြစ်သည်။
စုမင်ခန္ဓာကိုယ် အတွင်း၌ သေဆုံးခြင်း အငွေ့အသက်တို့ လွှမ်းခြုံသွားသည့် အခိုက်အတန့်မှာပင် ဟယ်ဖုန်း၏ ဦးခေါင်းဆီသို့ တိုးဝင်နေသည့် သာမန်မျက်စိဖြင့် မမြင်နိုင်သော အလင်းစက်တို့သည် ရုတ်တရက် ရပ်တန့်သွားပြီး ဦးတည်ရာ ပြောင်းလဲသွားကြသည်ကို တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် သူတွေ့လိုက်ရ၏။ ထိုအလင်းစက်များက သူ့ထံသို့ ဦးတည်တိုးဝင် လာခဲ့ကြသည်။
ထိုအရာကို မြင်လိုက်သောအခါ စုမင်မျက်လုံးတို့ တောက်ပသွားမိသည်။
‘ငါ မှန်နေခဲ့တာပဲ’
သူ မျှော်လင့်ထားခဲ့သလိုပင် ဖြစ်သည်။ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အလင်းစက်တို့သည် သေဆုံးခြင်း အငွေ့အသက်များ၏ ဆွဲဆောင်မှုအား ခံရခြင်းဖြစ်သည်။
အချိန်ခဏအတွင်းမှာပင် အလင်းစက်တို့သည် သူ့ခန္ဓာကိုယ်ထံသို့ ရောက်ရှိလာကြပြီး အချို့က သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့ကြသည်။ အခြားကျန်သည့် အလင်းစက်တို့ကမူ သူနှင့် ပေါင်းစပ်သွားခဲ့၏။ သေဆုံးခြင်း အငွေ့အသက်များ ပြုလုပ်ခဲ့ကြသည့် အတိုင်းပင်ဖြစ်သည်။
စုမင် ၎င်းတို့ကို ဂရုတစိုက် လေ့လာနိုင်ချိန် မရှိသေးခင်မှာပင် ဟယ်ဖုန်းထံသို့ ကျဆင်းလာနေသည့် အပြာရောင် မိုးကြိုးလျှပ်စီးမှ လျှပ်စီးအလင်းတန်း နှစ်ခု ခွဲထွက်လာကြသည်။ ၎င်းတို့သည် တစ်စုံတစ်ရာ၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရဟန်ဖြင့် ၁၀ပေခန့်အကျယ်ရှိ မိုးကြိုးလျှပ်စီးကြီးထံမှ ရုတ်ခြည်း ဆိုသလို ကွဲထွက်သွားပြီး စုမင် ထံတိုးဝင်လာခဲ့ကြသည်။
အပြာရောင် လျှပ်စီးအလင်းတန်း နှစ်ခုသည် တစ်ခုနောက်မှတစ်ခု လိုက်ပါလာခဲ့ပြီး ချက်ချင်း နီးကပ်လာကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပထမ လျှပ်စီးက စုမင်ခန္ဓာကိုယ်ကို ရိုက်ခတ်သွားခဲ့သည်။ စုမင် တုန်ယင်သွားပြီး တုံ့ဆိုင်းခြင်း အလျင်းမရှိပဲ နောက်ဆုတ်လိုက်ရသည်။
သူ့ခန္ဓာကိုယ်သည် အနည်းငယ် ထုံကျင်နေသလို ခံစားနေရ၏။ သေးငယ်သော လျှပ်စီးအလင်းတန်း ငယ်လေးများက သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ဖြတ်သန်း ကူးခတ်နေခဲ့ကြပြီး စုမင်မျက်လုံးတို့က ပိုမိုတောက်ပ လာခဲ့သည်။ ထိုအချိန်တွင် ဒုတိယ အလင်းတန်းသည် နီးကပ်နေခဲ့ပြီဖြစ်ပြီး သူ့ကိုရိုက်ခတ်တော့မည် ဖြစ်သည်။ စုမင် နောက်သို့ အရှိန်အပြည့်ဖြင့် ထပ်ဆုတ်လိုက်သည်။
သူ့နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ခုန်နေခဲ့သည်။ ထိုအခိုက်အတန့်မှာပင် ကျဆင်းနေသည့် လျှပ်စီး၏ အချို့အစိတ်အပိုင်းများကို သူရှင်းလင်းစွာ မြင်လိုက်ရသော်လည်း အခြားအပိုင်း များသည်တော့ ဆက်လက်၍ ဖုံးအုပ်ခံထားရဆဲပင် ဖြစ်သည်။ နောက်ဆုတ်နေရင်းမှ စုမင် မျက်လုံးများအတွင်း တောက်ပမှုတစ်ခု ဖြစ်ပေါ်လာပြီး ရုတ်ခြည်းဆိုသလို ရပ်တန့်ပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင်ပင် ဒုတိယလျှပ်စီး အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လိုက်တော့သည်။
သူ တုန်လှုပ်သွားမိသည်။ သူ့ခန္ဓာကိုယ်အတွင်းမှ ချီအချို့သည်ပင် လှုပ်ခတ်သွားခဲ့ပြီး ထုံကျင်မှုကြောင့် သူ၏ အာရုံခံနိုင်မှုများ ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသည်။ လျှပ်စီးအလင်းတန်း နှစ်ခုအတွင်း၌ စွမ်းအားကောင်းသော အားတစ်ခုရှိနေခဲ့ပြီး ၎င်းအားကြောင့် စုမင် နောက်သို့ ပေရာအနည်းငယ်ခန့်ဆုတ်ရန် ဖိအားပေး ခံလိုက်ရချေသည်။
သို့သော် သူ့မျက်လုံးများသည်တော့ ပိုမို၍သာတောက်ပလာ ခဲ့တော့သည်။ ယခုတော့ သူအပြည့်အစုံ နားလည်သွားခဲ့ပြီ ဖြစ်သည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သော အလင်းစက်ငယ်လေးများ သူ့ခန္ဓာကိုယ်နှင့် သူ့ပတ်ဝန်းကျင်သို့ တိုးဝင်လာခဲ့ချိန်တွင် များစွာသော သေဆုံးခြင်း အငွေ့အသက်များ ပျောက်ကွယ်သွား ခဲ့ကြသည်ကို စုမင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူယခင်က သတိမထားမိခဲ့သည့် အခြား လျှပ်စီးအလင်းရောင် တစ်ခုကိုလည်း သူတွေ့လိုက်ရသည်။
မြေပြင်ကို ဖုံးအုပ်နေသည့် လျှပ်စီးအလင်းစက်တို့နှင့် ယှဉ်လျှင် ၎င်းသည် အနည်းငယ် မတူကွဲပြားသည့် အလင်းမှုန်လေးတစ်ခု ဖြစ်သည်။ ၎င်းတို့သည် တူသည်ဟု ထင်ရသော်လည်း သူတို့သည် လုံးဝကွဲပြားခြားနား နေသည်ကို စုမင် ခံစားနေရလေသည်။
‘သူတို့ထဲက တစ်ခုက မြေပြင်ကနေလာတယ်၊ ဒါကြောင့် ငါအဲဒါကို မြေကမ္ဘာလျှပ်စီးလို့ ခေါ်မယ်။ အခြားကျန်တာတွေကတော့ ဟင်းလင်းပြင်ကနေ လာတာမို့ ငါသူတို့ကို ဟင်းလင်းပြင် လျှပ်စီးလို့ခေါ်မယ်’
သူ ထိုအရာတို့ကို ရှင်းမပြတတ်ပေ။ အရာအားလုံးကို သူ မရေမရာ ခံစားသိနေခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်သည် မြေပြင်မှ လျှပ်စီးအလင်းစက်များဖြင့် ဖုံးအုပ်ခံလိုက်ရချိန်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်ပဲ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် သူသေချာ ဂရုစိုက်ကြည့်မှသာ ဝေဝေဝါးဝါး မြင်နိုင်သည့် ဒုတိယဟင်းလင်းပြင် လျှပ်စီးက သူ့ထံ တိုးဝင်လာခဲ့သည်ကို သူမြင်တွေ့ခဲ့ရသည်။
သူ့ခန္ဓာကိုယ်ကို ဗဟိုပြုလျက် မြေကမ္ဘာလျှပ်စီးနှင့် ဟင်းလင်းပြင် လျှပ်စီးတို့က အချင်းချင်း ရင်ဆိုင်ရိုက်ခတ် ကြသဖြင့် စုမင် ခန္ဓာကိုယ်တစ်ခုလုံး ထုံကျဉ်သွားခဲ့ရခြင်း ဖြစ်သည်။
‘ငါအခုတော့ နားလည်သွားပြီ။ ဒါက လျှပ်စီးပဲ။ ငါ အရင်ကသူ့ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ နားလည်ခဲ့တာ။ ဒါပေမဲ့ လျှပ်စီးရိုက်ခတ် ခံရခြင်းရဲ့ အစစ်အမှန် အကြောင်းရင်းက မြေကမ္ဘာလျှပ်စီးနဲ့ ဟင်းလင်းပြင် လျှပ်စီးတွေ ထိရိုက်မိ သွားတာကြောင့်ပဲ။ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ နေရာနှစ်ခုက လျှပ်စီးအလင်းစက်တွေ ထိမိသွားကြတဲ့ အချိန်ကျရင်၊ ကမ္ဘာမြေကိုတောင် တုန်ခါသွားစေနိုင်တဲ့ မိုးကြိုးလျှပ်စီးတန်းတွေ ဖြစ်ပေါ်လာတာကို ငါတို့ မြင်ရလိမ့်မယ်’
‘ငါသာ ဒီသံသရာဖြစ်စဉ်ကို ငါ့ခန္ဓာကိုယ်ထဲမှာ ဖန်တီးနိုင်မယ်ဆိုရင် ငါ့မှာအခုရှိတဲ့ ရုပ်နယ်လွန် အဆင့်ချီတွေနဲ့ လျှပ်စီးကို ငါ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်နိုင်ပြီး ငါ့ရဲ့ မူလရုပ်နယ်လွန်အဆင့် မာန်အကြောမျှင်အဖြစ် သန့်စင်နိုင်လိမ့်မယ်’
‘ငါသာ အောင်မြင်မယ်ဆိုရင် ... ငါ့ရဲ့ မူလမာန်အကြောမျှင်က ဆက်လက်ပြီး ပိုမိုအားကောင်း လာနိုင်တဲ့အပြင်၊ လျှပ်စီးကလည်း ငါ့ရဲ့ ထူးခြားဆန်းကြယ်တဲ့ မာန်အကြောမျှင် ဖြစ်လာလိမ့်မယ်’
ထိုအလိုဆန္ဒသည် စုမင်မျက်လုံးများအတွင်း ထွက်ပေါ်လာခဲ့သည်။
***