အခန်း (၆၈၃-၆၈၄)
Vol. 64 Ch. 683-684
အခန်း (၆၈၃) - ဆရာတပည့်နှစ်ဦးလုံးကိုရရှိခြင်း၊ ရွှမ်ဟွမ်ကမ္ဘာ၏ အချစ်တတ်ဆုံးသူ၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို သန့်စင်ခြင်း(၅)။
"ထွက်မယ်...”
"ရွှမ်ဟွမ်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ကြ...”
အမှောင်နတ်ဆိုးနဂါးက အော်ဟစ်လိုက်ပြီး မည်သည့်အပိုစကားမှ မပြောတော့ဘဲ အမိန့်ကို တိုက်ရိုက်ချမှတ်လိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...။
ချက်ချင်းပင် ရေတွက်၍မရနိုင်သော နတ်ဆိုးတပ်မတော်ကြီးသည် မြေအောက်ဂူထဲမှ အလုံးအရင်းဖြင့် ထွက်ပေါ်လာကြပြီး ကျိုင်းကောင်အုပ်ကြီးအလား ရွှမ်ဟွမ်ဂိုဏ်းရှိရာအရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
သို့ရာတွင် လမ်းတစ်လျှောက်လုံး၌ ၎င်းတို့သည် မည်သည့်လူသားနှင့်မျှ မတွေ့ခဲ့ရပေ။
အကြောင်းမှာ ထိုလူသားများသည် စောစောစီးစီးကတည်းက ပြောင်းရွှေ့သွားကြပြီဖြစ်ရာ သဘာဝကျကျပင် နတ်ဆိုးမျိုးနွယ်များ ဖြတ်သန်းသွားရမည့် နေရာများတွင် ကျန်ရှိနေမည်မဟုတ်ပေ။
ကောင်းကင်ယံထက်တွင် အဆုံးမဲ့သော အမည်းရောင်နတ်ဆိုးတိမ်တိုက်များ စုရုံးလာပြီး ကောင်းကင်နှင့် နေမင်းကြီးကို ဖုံးကွယ်သွားလေသည်။
ယခုအချိန်သည် နေ့လယ်ဘက်ဖြစ်နေပါသော်လည်း မည်သည့်နေရောင်ခြည်ကမျှ ထူထဲသော အမည်းရောင်တိမ်လွှာများကို ဖောက်ထွင်းဝင်ရောက်နိုင်ခြင်းမရှိပေ။
လောကတစ်ခွင်လုံးမှာ ထာဝရအမှောင်ထုထဲသို့ ကျဆင်းသွားသကဲ့သို့ပင်။
အပူချိန်မှာလည်း သိသိသာသာ ထိုးကျသွားလေသည်။ ပတ်ဝန်းကျင်အရပ်မျက်နှာမှ အေးစက်သော လေပြင်းများ တိုက်ခတ်လာပြီး လေအေးစီးကြောင်းများ ဖြစ်ပေါ်လာ၏။
မြေကြီးပေါ်တွင်လည်း ထူထဲသော ရေခဲလွှာများ ပေါ်လာကာ မိုင်သန်းဆယ်ချီ ကျယ်ဝန်းသော ကုန်းမြေကြီးအား အေးခဲသွားစေတော့သည်။
ခေါင်းဆောင်ဖြစ်သော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးနှစ်ထောင်ကျော်ကမူ အမည်းရောင်မြူခိုးများကို စီးနင်းကာ အမည်းရောင်လွတ်မြောက်ခြင်းအလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး အံ့မခန်းအရှိန်အဟုန်ဖြင့် ရွှမ်ဟွမ်ဂိုဏ်းထံ ချဉ်းကပ်လာကြရာ ပတ်ဝန်းကျင်တစ်ခုလုံး၌ ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းအငွေ့အသက်များ လွှမ်းခြုံနေတော့သည်။
ခပ်လှမ်းလှမ်းရှိ ရွှမ်ဟွမ်ဂိုဏ်းတည်ရှိရာ ဧရိယာတွင် မိုင်သန်းတစ်ရာပတ်လည်အား လွှမ်းခြုံထားသော ဧရာမအကာအကွယ်အစီအရင်တစ်ခု ရှိနေ၏။ ဤသည်ကား သဘာဝစိတ်ဝိညာဉ်စီးကြောင်းများနှင့် ချိတ်ဆက်ကာ အကာအကွယ်သုံးထပ် ဖြစ်ပေါ်နေသော ပဉ္စမအဆင့်အထွတ်အထိပ် ကာကွယ်ရေးအစီအရင်တစ်ခု ဖြစ်ပေသည်။
ဝိုးတဝါးရှိသော အကာအကွယ်သုံးထပ်က အရပ်ရှစ်မျက်နှာအား လွှမ်းခြုံထားပြီး အဝေးမှကြည့်လိုက်ပါက နက်နဲဆန်းကြယ်သော လိပ်ခွံပုံစံ အရေးအကြောင်းများ ပေါ်လွင်နေသည့် ဧရာမလိပ်မည်းကြီး၏ အခွံကြီးတစ်ခုနှင့် တူနေလေသည်။
ဤသည်မှာ ပဉ္စမအဆင့် အထွတ်အထိပ် ကာကွယ်ရေးအစီအရင်ဖြစ်သော 'ရွှမ်လိပ်လေဟာပြင်ပိတ်အစီအရင်'ပင်။
ယင်းက ကျိုးစွေ့ ရရှိခဲ့ဖူးသည့် အပြင်းထန်ဆုံးသော ပဉ္စမအဆင့် ကာကွယ်ရေးအစီအရင်များထဲမှ တစ်ခုဖြစ်သည်ဟု ဆိုနိုင်သည်။
တစ်ကြိမ် ဖွင့်လှစ်လိုက်သည်နှင့် ရှေးဟောင်းလိပ်မည်းကြီးတစ်ကောင် ဤနေရာတွင် ဝပ်စင်းနေသကဲ့သို့ ဧရာမလိပ်ခွံကြီးက အရပ်ရှစ်မျက်နှာကို ကာကွယ်ပေးထားလေသည်။
မည်သည့်ရန်သူက မည်သို့ပင် အသည်းအသန် တရပ်တိုက်ခိုက်သည်ဖြစ်စေ ဤလိပ်ခွံကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။
"သေးဖွဲလှတဲ့ လူသားတွေရဲ့ အစီအရင်ကများ ငါတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ တိုက်ခိုက်မှုကို တားဆီးချင်နေသေးတယ်...”
"နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ...”
"ချက်ချင်း အစီအရင်ဖွဲ့ပြီး ရွှမ်ဟွမ်ဂိုဏ်းရဲ့ အစီအရင်ကို ချိုးဖျက်ကြ...”
အမှောင်နတ်ဆိုးနဂါးက အေးစက်စွာ ရယ်မောလိုက်၏။
ယင်းက ဤပဉ္စမအဆင့်အထွတ်အထိပ် ကာကွယ်ရေးအစီအရင်ကြီးကို လှောင်ပြောင်သရော်လိုက်ခြင်းပင်။
နတ်ဆိုးမျိုးနွယ်အတွက် အစီအရင်များသည် ၎င်းတို့ ကျွမ်းကျင်သော ပညာရပ်တစ်ခု မဟုတ်သော်လည်း ရှည်လျားလှသော အချိန်ကာလတစ်လျှောက် သင်ယူခဲ့မှုများကြောင့် အစီအရင်များနှင့်ပတ်သက်၍ ကျွမ်းကျင်နားလည်နေခဲ့သည်။
လူသားများ ဖန်တီးထားသော ပဉ္စမအဆင့် အစီအရင်ကို ရင်ဆိုင်ရသည့်တိုင်အောင် ၎င်းတို့၌ ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှိနေဆဲဖြစ်၏။
ယင်းမှာ အစီအရင်ကို အစီအရင်ဖြင့် ချိုးဖျက်ခြင်းပင်။
ဝုန်း... ဝုန်း... ဝုန်း...။
နတ်ဆိုးများစွာက အလျင်အမြန် လူစုခွဲလိုက်ကြပြီး ၎င်းတို့ထံမှ အစီအရင်ပြားများကို ထုတ်ယူကာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာကို အစီအရင်မျက်လုံးအဖြစ် ထားရှိ၍ ဧရာမစစ်ပွဲအစီအရင်ကြီးတစ်ခုကို ချက်ချင်းပင် ဖြန့်ကျက်လိုက်ကြသည်ကို မြင်လိုက်ရ၏။
'ထျန်းတူမရဏနတ်ဆိုးအစီအရင်'ပင်။
ဤသည်ကား နတ်ဆိုးမျိုးနွယ်များ တတ်မြောက်ထားသည့် ပဉ္စမအဆင့်အထွတ်အထိပ် သတ်ဖြတ်ခြင်းအစီအရင်တစ်ခုလည်း ဖြစ်ပေသည်။ ယင်းက နတ်ဆိုးများစွာ၏ စွမ်းအားကို စုစည်းပေးနိုင်ပြီး ကြောက်မက်ဖွယ်ကောင်းသော မရဏနတ်ဆိုးစွမ်းအားကို ပေါက်ကွဲထွက်စေကာ ပြိုင်ဘက်ကင်းသော သတ်ဖြတ်ခြင်းစွမ်းအားကို ဖော်ဆောင်ပေးနိုင်၏။
စုရုံးလာသည့် နတ်ဆိုးအရေအတွက် များပြားလေလေ ဤအစီအရင်၏ စွမ်းအားက ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေလေ ဖြစ်သည်။
၎င်းတို့ကို တားဆီးရန် ကြိုးစားသူတိုင်း ဤစွမ်းအား၏ ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။
ဝုန်း...။
နောက်တစ်စက္ကန့်တွင် ဧရာမ အမည်းရောင်အစီအရင်ပုံစံတစ်ခု ပေါ်လာပြီး အဆုံးမဲ့ အမည်းရောင်အလင်းတန်းများ ဖြာထွက်လာကာ ရေတွက်၍မရနိုင်သော အမည်းရောင်နတ်ဆိုးချီများ ဝင်ရောက်လာသည်။
ဝိုးတဝါးဖြင့် လေဟာနယ်အနက်ရှိုင်းဆုံးနေရာမှ နတ်ဆိုးနတ်ဘုရားတစ်ပါး ပေါ်လာသကဲ့သို့ ထိုအပေါ်တွင် ပြည့်နှက်နေသော နတ်ဆိုးနတ်ဘုရားအင်းကွက်များ ပေါ်ထွက်လာကာ ရှေးဟောင်းဆန်ခြင်း၊ ရိုင်းစိုင်းကြမ်းတမ်းခြင်း၊ သေဆုံးခြင်း၊ ယုတ်မာဆိုးညစ်ခြင်းနှင့် ကျိန်စာတိုက်ခြင်း စသည့် အငွေ့အသက်များ ပျံ့နှံ့နေတော့သည်။
ဘန်း… ဘန်း… ဘန်း…။
အမှောင်နတ်ဆိုးနဂါး၏ လှုံ့ဆော်မှုအောက်တွင် 'ထျန်းတူမရဏနတ်ဆိုးအစီအရင်' မှ အမည်းရောင်မရဏနတ်ဆိုးအလင်းတန်းများ တစ်ချောင်းပြီးတစ်ချောင်း ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး အထိခံရလျှင်ပင် အသက်ဝိညာဉ်နှင့် ခန္ဓာကိုယ်ပါ ပျက်စီးသွားမည်ဖြစ်သည်။
သောင်းနှင့်ချီသော မရဏနတ်ဆိုးအလင်းတန်းများက အရာအားလုံးကို ဆုတ်ဖြဲပစ်မတတ် တိုက်ခိုက်နေကြပြီး 'ရွှမ်လိပ်လေဟာပြင်ပိတ်အစီအရင်' အပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းများ ပေါက်ကွဲထွက်ပေါ်လာလေသည်။
ထိုခဏ၌ ပဉ္စမအဆင့်အထွတ်အထိပ် ကာကွယ်ရေးအစီအရင်ဖြစ်သော 'ရွှမ်လိပ်လေဟာပြင်ပိတ်အစီအရင်' ပင်လျှင် ဤတိုက်ခိုက်ရေးအစီအရင်ကို ခုခံရန် ခက်ခဲနေခဲ့၏။
တိုက်ခိုက်မှုစွမ်းအားက ကာကွယ်မှုစွမ်းအားထက် အဆပေါင်းများစွာ သာလွန်နေခဲ့လေပြီ။
ဝုန်း... ဝုန်း... ဝုန်း...။
ခဏအကြာတွင် အရပ်ရှစ်မျက်နှာအား လွှမ်းခြုံထားသော ရွှမ်လိပ်အကာအကွယ်သည် ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး မှန်တစ်ချပ်ကွဲသွားသကဲ့သို့ အပိုင်းပိုင်းအစစ ပြတ်တောက်ကာ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများ ထွက်ပေါ်လာသည်။
မြေကြီးအောက်ခြေအနက်ပိုင်းရှိ အစီအရင်ပြားများစွာမှာလည်း မျက်စိတစ်မှိတ်အတွင်း အမှုန့်ဖြစ်သွားပြီး မြေပြင်ပေါ်၌လည်း ပြည့်နှက်နေသော အက်ကွဲကြောင်းများ ပေါ်လာကာ မိုင်တစ်သန်းအထိ ရှည်လျားသွားခဲ့သည်။
တောင်ကြီးများစွာမှာလည်း ဤစွမ်းအားကို မခံနိုင်တော့ဘဲ တစ်ခုပြီးတစ်ခု ပြိုကွဲပျက်စီးသွားကြ၏။
ရွှမ်ဟွမ်ဂိုဏ်းအား ဖုံးအုပ်ထားသော ကာကွယ်ရေးအစီအရင်မှာ ချက်ချင်း ပျောက်ကွယ်သွားပြီး အတွင်းပိုင်းဧရိယာမှာ လုံးဝ ပေါ်လွင်သွားတော့သည်။
"ဟားဟားဟား... သာမန် ပဉ္စမအဆင့် ကာကွယ်ရေးအစီအရင်လောက်ကများ ငါတို့ကို တားဆီးချင်နေတယ်တဲ့လား… တော်တော်ရယ်ရတာပဲ...”
"ဒီနေ့ ရွှမ်ဟွမ်ဂိုဏ်းဆိုတာ သမိုင်းထဲမှာပဲ ကျန်ရစ်တော့မယ်...”
အမှောင်နတ်ဆိုးနဂါး၏ မျက်နှာမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်နေချေသည်။
ရွှမ်ဟွမ်ဂိုဏ်းသည် အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းများနှင့် မျာစွာမကွာခြားလှဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သမိုင်းရေစီးကြောင်းထဲ၌ ပျောက်ကွယ်သွားကာ နတ်ဘုရားအသွင်ပြောင်းအဆင့် အမွေအနှစ်အပျက်အစီးများအဖြစ်သာ ကျန်ရစ်မည်ဟု ယင်းက တွေးတောနေ၏။
ဤကမ္ဘာလောကမှာ အဆုံးတွင်တော့ နတ်ဆိုးမျိုးနွယ်များကသာ ကြီးစိုးပေလိမ့်မည်။
"ငါ့ရွှမ်ဟွမ်ဂိုဏ်းကို လာတိုက်ရဲတယ်ပေါ့လေ...”
"ဒါဆိုရင် မင်းတို့အားလုံး ဒီနေ့ ဒီနေရာမှာပဲ အပြီးတိုင် ကျန်ရစ်နေခဲ့ကြတော့...”
"ယုတ်မာတဲ့ နတ်ဆိုးလမ်းစဉ်လိုက်သူတွေ အားလုံး သေသင့်တယ်...”
ထိုစဉ် ရုတ်တရက် အသံတစ်သံက ကောင်းကင်ယံ၌ ဟိန်းထွက်လာပြီး နတ်ဆိုးတစ်ကောင်စီ၏ သိစိတ်ပင်လယ်အနက်ရှိုင်းဆုံးနေရာအထိ ရိုက်ခတ်သွားကာ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် တိုက်ရိုက်ရိုက်နှိပ်လိုက်သော တာအိုအသံများအလားပင် ဖြစ်သွားသည်။
ထို့နောက် ချက်ချင်းပင် လေထုထဲ၌ ပုံရိပ်တစ်ခုပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ပျံ့နှံ့နေကာ ကီလိုမီတာတစ်သိန်းအထိ လွှမ်းခြုံထားသော နတ်ဘုရားအသွင်ပြောင်းအဆင့် နယ်မြေတစ်ခု ထုတ်လွှတ်လိုက်ပြီး နတ်ဆိုးများစွာကို လွှမ်းခြုံသွားလေသည်။
မမြင်ရသော နဂါးအရှိန်အဝါတစ်ရပ်က ဖိနှိပ်လာပြီး လေဟာနယ်ကို ချုပ်နှောင်လိုက်၏။
နတ်ဆိုးများအားလုံး ရင်ထဲမှနေ၍ အသက်ရှူကျပ်သွားသည်ကို ခံစားလိုက်ရပြီး သူတို့၏ ခန္ဓာကိုယ်များအပေါ် တောင်တန်းကြီးများကို ထမ်းပိုးထားရသကဲ့သို့ လှုပ်ရှား၍မရတော့ပေ။
"ရွှမ်ဟွမ်ဘိုးဘေး...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး ရုတ်တရက်ပေါ်လာသည့် ဤလူသားပုံရိပ်ကို သူတို့ ချက်ချင်း မြင်လိုက်ရ၏။
ဤလူ ပြာဖြစ်သွားလျှင်ပင် သူတို့ မှတ်မိကြသည်။ သေချာပေါက် ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုးစွေ့ပင် ဖြစ်၏။
နာမည်ကျော်ကြားလှသော 'ရွှမ်ဟွမ်ဘိုးဘေး' လည်း ဖြစ်ပေသည်။
ဤလူသည် ဘယ်ဘက်လက်တွင် ရွှေရောင်ရတနာမျှော်စင်ကို ပင့်ဆောင်ထားပြီး ညာဘက်လက်တွင် အစိမ်းရောင်ကြေးမုံတစ်ချပ်ကို ကိုင်ဆောင်ထားကာ ကျောဘက်၌ ရတနာဓားတစ်လက်ကို လွယ်ထားလေသည်။
သူ၏ ကျောဘက်တွင် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နှင့်မြေကြီး၏ ထူးကဲဖြစ်စဉ်များ ပေါ်ထွက်နေသကဲ့သို့ပင်။
ခြေထောက်နှစ်ဖက်က နတ်ဆင်ကြီးတစ်ကောင်၏ ခေါင်းပေါ်တွင် နင်းထားပြီး ခေါင်းပေါ်တွင်မူ အစစ်အမှန်နဂါးတစ်ကောင်က ရစ်ဝဲနေကာ ရေတွက်၍မရနိုင်သော နတ်သားရဲများက သူ့အား ဝိုင်းရံထားသကဲ့သို့ ရှိနေ၍ နတ်သားရဲများ၏ အရှင်သခင်နှင့် တူနေချေသည်။
"တယ်ရဲပါလား...”
"တစ်ယောက်တည်း ရင်ဆိုင်ရဲတယ်ပေါ့လေ...”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ မျက်လုံးများ၌ အေးစက်သော အလင်းတန်းများပေါ်လာပြီး အမျက်ဒေါသကို မအောင့်အည်းနိုင်တော့ပေ။
၎င်းတို့ နတ်ဆိုးမျိုးနွယ်စုများမှာ အလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ကြခြင်း ဖြစ်၏။
သို့သော် လူသားမျိုးနွယ်ဘက်မှ ရွှမ်ဟွမ်ဘိုးဘေးတစ်ယောက်တည်းသာ ထွက်လာခဲ့ရာ ၎င်းတို့ နတ်ဆိုးမျိုးနွယ်စုကို အထင်သေးလွန်းရာ ကျနေချေသည် မဟုတ်ပါလော။
အခန်း (၆၈၄) - အင်မော်တယ်ရတနာ၏ စွမ်းအား၊ လေဟာနယ်ကို ဖြိုခွဲခြင်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်ခြင်း(၁)။
အဝေးတစ်နေရာ၌…။
ရွှမ်ဟွမ်ဂိုဏ်း၏ ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲများစွာကလည်း ဤမြင်ကွင်းကို ကြည့်နေကြပြီး သူတို့၏မျက်နှာများမှာ အလွန်လေးနက်နေသည်။
"တောင်ထွတ်သခင်မ ယဲ့... ကျွန်တော်တို့ ဂိုဏ်းချုပ်အရှင်ကို ဝင်မကူညီပေးဖို့ မလိုဘူးလား...”
လူအများက ကြီးမားကျယ်ပြန့်လှသော နတ်ဆိုးတပ်ကြီးကို ကြည့်ကာ အသက်ရှူကြပ်လုမတတ်သော ဖိအားကို ခံစားနေကြရ၏။ သိသာစွာပင် နတ်ဆိုးမျိုးနွယ်တို့သည် သူတို့၏ အကောင်းဆုံးအင်အားများကို ထုတ်သုံးထားခြင်းဖြစ်ပေသည်။ ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းများပင်လျှင် ဤသို့သော ဝိုင်းဝန်းတိုက်ခိုက်မှုကို မကြုံဖူးခဲ့ချေ။
သို့ရာတွင် ဂိုဏ်းချုပ်အရှင်က သူတို့ကို ဝင်ရောက်တိုက်ခိုက်ရန် မလိုအပ်ဘဲ ဘေးမှနေ၍သာ စောင့်ကြည့်ရန် ပြောခဲ့မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။
ဤသည်ကပင် သူတို့ကို အနည်းငယ် စိုးရိမ်ပူပန်စေလေ၏။
"မလိုဘူး...”
"ရှင်တို့ဝင်ပါလည်း ဘာအသုံးကျမှာလဲ...”
"ဒါက နတ်ဘုရားအသွင်ပြောင်းအဆင့်တွေကြားက တိုက်ပွဲလေ… ရှင်တို့ဝင်ပါရင် သူ့ကို အနှောင့်အယှက်ပေးသလိုပဲ ဖြစ်နေမှာပေါ့...”
"နေရင်းထိုင်ရင်း ယောက်ျားက ရှင်တို့ကိုပါ ကာကွယ်ပေးနေရလို့ အာရုံလွင့်သွားလိမ့်မယ်...”
"ဂိုဏ်းထဲမှာပဲ စိတ်အေးလက်အေး နေကြစမ်းပါ...”
ယဲ့ဖေးရိုက အသံကိုနှိမ့်ကာ ပြောလိုက်၏။
"ဒါ..."
ထိုစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲများစွာမှာလည်း ကူကယ်ရာမဲ့ ဖြစ်သွားကြလေ၏။
သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်အားကောင်းပြီး သက်တမ်းမှာ နှစ်တစ်ထောင့်နှစ်ရာရှိကာ ဒေသတစ်ခု၏ဘိုးဘေးများဟု ခေါ်ဆိုနိုင်သော်ငြား၊ ဤကဲ့သို့သော နတ်ဘုရားအသွင်ပြောင်းအဆင့်များ၏ တိုက်ပွဲကြားတွင်မူ မည်သည့်အကူအညီမျှ မပေးနိုင်ကြချေ။
တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုသက်သက်မျှဖြင့်ပင် သူတို့ကို သေဆုံးသွားစေရန် လုံလောက်နေပေ၏။
ဂိုဏ်းချုပ်က သူတို့ကို တိုက်ပွဲဝင်ခွင့်မပြုခြင်းမှာ သူတို့ အချည်းနှီးသေဆုံးရမည်ကို စိုးရိမ်သောကြောင့် သီးသန့်ကာကွယ်ပေးခြင်းပင် ဖြစ်လေသည်။
သို့သော် ဤသို့သော ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားက တိုက်ပွဲကို ရင်ဆိုင်နေရချိန်တွင် သူတို့သည် အကြီးအကဲများဖြစ်ကြပါလျက် ဝင်မပါနိုင်ဘဲ ဘေးထိုင်၍ ကြည့်နေရခြင်းမှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။
ဤခံစားချက်မှာ သူတို့သည် ဂိုဏ်းချုပ်၏ ကျွေးမွေးစောင့်ရှောက်ခံ လူများကဲ့သို့ ခံစားနေကြရလေ၏။
"မစိုးရိမ်ပါနဲ့...”
"ယောက်ျားရဲ့ စွမ်းအားက ခန့်မှန်းလို့မရအောင် နက်နဲတယ်...”
"နတ်ဆိုးမျိုးနွယ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ပညာရှင်တွေ အများကြီးရှိပေမယ့် ယောက်ျားရဲ့ ပြိုင်ဘက်တွေ ဖြစ်လာဖို့ မသေချာဘူး...”
"အဆိုးဆုံးအခြေအနေ ရောက်ရင်တောင် ကျွန်မတို့က အစီအရင်အတွင်းကို ဆုတ်ခွာပြီး ကာကွယ်နိုင်သေးတယ်...”
"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့က မရှုံးနိမ့်နိုင်တဲ့ အခြေအနေမှာ ရှိနေတာပဲ...”
ချန်ဇီယွင်က တည်ငြိမ်အေးဆေးစွာဖြင့် ပြောလိုက်၏။
သူမသည် မိမိယောက်ျား၏ စရိုက်လက္ခဏာကို အလွန်ရှင်းလင်းစွာ သိရှိထားပေသည်။ ရာခိုင်နှုန်းပြည့် သေချာမှုမရှိပါက သူသည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်လှုပ်ရှားမည် မဟုတ်ချေ။
သူတို့ ဝင်ရောက်ကူညီပေးမည် ဆိုလျှင်ပင် များစွာ အဓိပ္ပာယ်ရှိမည်မဟုတ်ဟု ဆိုနိုင်ပေ၏။
အခြေအနေကို ငြိမ်သက်စွာ စောင့်ကြည့်နေခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်။
အကယ်၍ တကယ်တမ်း အန္တရာယ်ကြုံတွေ့လာရပါကလည်း သူမ၏ယောက်ျားသည် ချက်ချင်းလက်ငင်း ထွက်ပြေးနိုင်မည်ဖြစ်ရာ မည်သည့်အန္တရာယ်ကိုမျှ များများစားစား ကြုံတွေ့ရမည် မဟုတ်ချေ။
…………
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် လေထဲ၌ မားမားမတ်မတ် ရပ်နေကာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာကို အမူအရာကင်းမဲ့စွာဖြင့် ကြည့်နေလေ၏။
သူ၏စိတ်ထဲတွင် အလွန်ပင် ခံစားချက်များ ပြည့်နှက်နေချေသည်။
ဤမျှကြာရှည်စွာ ကျင့်ကြံခဲ့ပြီးနောက်၊ အဆုံးတွင် ဤကမ္ဘာလောက၏ အထွတ်အထိပ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ။
နောင်တစ်ချိန်တွင် သူသည် ဤကမ္ဘာလောက၏ အကြီးမားဆုံးသော အားကိုးရာဖြစ်လာမည်ဖြစ်ပြီး မည်သူကမျှ သူ့ကို ထိခိုက်အောင်လုပ်နိုင်မည် မဟုတ်ချေ။
သူသည် အပြောသက်သက်မဟုတ်ဘဲ အမှန်တကယ် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
ရွှမ်ဟွမ်ကမ္ဘာမှ ထွက်မသွားသရွေ့ သူသည် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဖြစ်ပြီး အရာအားလုံးကို အောင်နိုင်မည် ဖြစ်၏။
သေချာသည်မှာ ယခုအချိန်၌ ဤနတ်ဆိုးအုပ်စုကို ဖြေရှင်းပြီး လူသားမျိုးနွယ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုကို အမြစ်ပြတ် သုတ်သင်ပစ်ရန် လိုအပ်နေဆဲဖြစ်ကာ ထိုသို့ပြုလုပ်နိုင်မှသာ ကြီးမားသော အောင်မြင်မှုတစ်ခု ပြီးမြောက်သွားမည် ဖြစ်ပေသည်။
သူတစ်ယောက်တည်း ရှိနေသည်ဟု ထင်ရသော်ငြား သူ၏ခန္ဓာကိုယ်ထက်တွင် ကူပိုးကောင်များစွာ ရှိနေပြီး ကြီးမားသော တပ်မတော်ကြီးကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ လူတစ်ဦးတည်းဖြင့် တပ်မတော်တစ်ရပ် ဖြစ်တည်နိုင်ပြီး တစ်ကိုယ်တော် တိုက်ခိုက်နေရခြင်း မဟုတ်ချေ။
ထို့ကြောင့် နတ်ဆိုးအရေအတွက် မရေမတွက်နိုင်အောင် များပြားနေသည်ဖြစ်စေ သူ့အမြင်တွင် အရေးမပါလှချေ။
"သတ်...”
ကျိုးစွေ့သည် အပိုစကားများမပြောတော့ဘဲ မိမိခန္ဓာကိုယ်ထက်ရှိ ကောင်းကင်အဆင့်ဝိညာဉ်ရတနာတစ်ခုဖြစ်သော ချင်းလွမ်အစစ်အမှန်မီးတောက်ကြေးမုံကို ချက်ချင်းပင် အသက်သွင်းလိုက်လေသည်။ ဤသည်မှာ မူလက မိစ္ဆာဖီးနစ်မျိုးနွယ်၏ အဖိုးတန်ရတနာတစ်ခု ဖြစ်သော်လည်း ယခုမူ သူ၏လက်ထဲသို့ ကျရောက်လာခဲ့ပြီ ဖြစ်၏။
အတိတ်က သူသည် ဝိညာဉ်သန္ဓေသားအဆင့်သာ ရှိသေးချိန်တွင် ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာ၏ စွမ်းအင်အပြည့်အဝကို ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။
သို့သော် ယခုမူ မတူညီတော့ချေ။
နတ်ဘုရားအသွင်ပြောင်းအဆင့်၏ အစောပိုင်းသို့ တက်လှမ်းပြီးနောက်တွင် မူလဝိညာဉ်ကို စုစည်းနိုင်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်၏ မှော်စွမ်းအင်များကို ပိုင်ဆိုင်ထားလေရာ ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာကို အပြည့်အဝ အသက်သွင်းနိုင်ပြီး ရာခိုင်နှုန်းပြည့် စွမ်းအင်များကို ထုတ်ဖော်နိုင်နေပြီ ဖြစ်လေ၏။
ဝုန်း... ဝုန်း... ဝုန်း…။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဤအစိမ်းရောင်ကြေးမုံထဲသို့ ကြီးမားလှသော နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်များ ဝင်ရောက်သွားပြီး ကြေးမုံပေါ်တွင် ထူထပ်လှသော ချင်းလွမ်အက္ခရာများ ပေါ်ထွက်လာလေသည်။ အစိမ်းရောင်နတ်ငှက်များက ကြေးမုံထဲမှ ပျံသန်းထွက်ပေါ်လာပြီး ချင်းလွမ်တစ်ကောင် အသက်ဝင်လာသကဲ့သို့ အသက်ဝင်လှုပ်ရှားနေတော့သည်။
၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို အစိမ်းရောင်မီးတောက်များဖြင့် ဖွဲ့စည်းထားပြီး ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို ထုတ်လွှတ်နေလေ၏။
ဤသည်ကား ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာ၏ ထိပ်တန်းမိစ္ဆာမီးတောက်ဆယ်ခုထဲမှ တစ်ခုဖြစ်သော ချင်းလွမ်အစစ်အမှန်မီးတောက်ပင် ဖြစ်၏။
ဤကဲ့သို့သော မီးတောက်၏စွမ်းအားမှာ အဆုံးအစမရှိဟု ဆိုနိုင်ပြီး တစ်ကြိမ်ထိမိသည်နှင့် ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားမည်ဖြစ်ကာ မည်သည့်အရာမျှ ကျန်ရစ်ခဲ့မည် မဟုတ်ချေ။
ယခင်က မိစ္ဆာဖီးနစ်မျိုးနွယ်သည် ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာကို ပိုင်ဆိုင်ထားခဲ့ရာ တိုက်ခိုက်သမျှ အရာအားလုံးကို အောင်နိုင်ခဲ့သည်။
ရွှီး... ရွှီး... ရွှီး...။
သောင်းနှင့်ချီသော အစိမ်းရောင်နတ်ငှက်များက အသံများပြုကာ နတ်ဆိုးတပ်ကြီးဆီသို့ ပျံသန်းသွားကြလေ၏။ ၎င်းတို့၏ အမြန်နှုန်းမှာ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေပြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ကောင်းကင်ယံတစ်ခုလုံး အစိမ်းရောင်မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားလေ၏။
အစိမ်းရောင်မီးတောက်များက နတ်ဆိုးများစွာ၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်းပင် ကျဆင်းသွားတော့သည်။
"အား... အား... အား..."
ချက်ချင်းပင် နတ်ဆိုးများစွာမှာ သနားစဖွယ်အော်ဟစ်သံများ ပြုလုပ်လာကြရတော့သည်။
အကြောင်းမှာ ဤအစိမ်းရောင်မီးတောက်များ သူတို့၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီးနောက် မီးက ရေနံနှင့် တွေ့သွားသကဲ့သို့ ချက်ချင်းပင် ပြင်းထန်စွာ လောင်ကျွမ်းလာသည်ကို တွေ့လိုက်ရသောကြောင့်ပင် ဖြစ်နေတော့သည်။
သူတို့၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးချီစွမ်းအင်များကို လောင်စာအဖြစ် အသုံးပြုနေသကဲ့သို့ပင် ထင်မှတ်ရသည်။
နတ်ဆိုးချီစွမ်းအင် ပိုမိုထူထပ်သော နတ်ဆိုးများတွင် ချင်းလွမ်အစစ်အမှန်မီးတောက်က ပိုမိုပြင်းထန်စွာ လောင်ကျွမ်းလေ၏။
ကျင့်ကြံခြင်းအဆင့် နိမ့်ကျသော နတ်ဆိုးအချို့မှာ ချင်းလွမ်အစစ်အမှန်မီးတောက်၏ စွမ်းအားကို မည်သို့ ခံနိုင်ရည်ရှိပါမည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကြီးမားသော အစိမ်းရောင်မီးတိုင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး လေထုထဲတွင် အနံ့အသက်ဆိုးရွားလှသော အသားကင်နံ့များ ပြန့်လွင့်လာတော့သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများပင်လျှင် ထိုနည်းလည်းကောင်း ဖြစ်နေတော့သည်။
၎င်းတို့သည် ချင်းလွမ်အစစ်အမှန်မီးတောက်၏ တိုက်ခိုက်မှုကိုခံရပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလို လောင်ကျွမ်းသွားလေ၏။
ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်များကို ထုတ်ဖော်လိုက်လျှင်ပင် ဤချင်းလွမ်အစစ်အမှန်မီးတောက်များကို ငြှိမ်းသတ်နိုင်ခြင်း မရှိခဲ့ချေ။
"ဆုတ်ခွာကြ... ဆုတ်ခွာကြ...”
"ဒါက မိစ္ဆာမျိုးနွယ်ရဲ့ ချင်းလွမ်အစစ်အမှန်မီးတောက်ပဲ၊ စွမ်းအားက အဆုံးအစမရှိဘူး...”
"ဒါတွေနဲ့ မထိတွေ့မိစေနဲ့၊ မဟုတ်ရင် ခန္ဓာကိုယ်ထဲက နတ်ဆိုးချီစွမ်းအင်တွေ အကုန်လောင်ကျွမ်းသွားလိမ့်မယ်...”
"တကယ်လို့ ချင်းလွမ်အစစ်အမှန်မီးတောက် နည်းနည်းလေးထိမိရင်တောင် အသက်ရှင်ဖို့အတွက် ကိုယ်လက်အင်္ဂါတွေကို ဖြတ်ပစ်ရလိမ့်မယ်...”
ညို့ငင်ပင့်ကူနတ်ဆိုးက အသံကျယ်ကြီးဖြင့် အော်ဟစ်ကာ နတ်ဆိုးများစွာကို သတိပေးလိုက်၏။
၎င်းသည် ရှေးဟောင်းခေတ်က မိစ္ဆာဖီးနစ်မျိုးနွယ်၏ နတ်ဘုရားအသွင်ပြောင်းအဆင့်များနှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး ချင်းလွမ်အစစ်အမှန်မီးတောက်ကြောင့် အလွန်ကြီးမားသောဒုက္ခကို ခံစားခဲ့ရဖူးလေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ နတ်ဆိုးမျိုးနွယ်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့်များစွာ ရှိနေပြီး ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာဖီးနစ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်တွင် သနားစဖွယ် သေဆုံးသွားခဲ့ရ၏။
သို့တိုင် ထိုသို့ဖြစ်ခဲ့လျှင်ပင် နတ်ဆိုးမျိုးနွယ်ကို အလွန်ဆိုးရွားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သေးသည်။
ဤရွှမ်ဟွမ်ဘိုးဘေးက မိစ္ဆာဖီးနစ်မျိုးနွယ်၏ ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သော ချင်းလွမ်အစစ်အမှန်မီးတောက်ကြေးမုံကို အပြည့်အဝ ထိန်းချုပ်ထားနိုင်လိမ့်မည်ဟု ၎င်း ထင်မှတ်မထားခဲ့ချေ။
ဤကဲ့သို့သော ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ထားခြင်းသက်သက်မျှဖြင့်ပင် သူတို့ကို ကြီးမားသောပြဿနာများ ပေးစွမ်းနိုင်ရန် လုံလောက်နေ၏။