အခန်း (၆၈၅-၆၈၆)
Vol. 64 Ch. 685-686
အခန်း (၆၈၅) - အင်မော်တယ်ရတနာ၏ စွမ်းအား၊ လေဟာနယ်ကို ဖြိုခွဲခြင်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်ခြင်း(၂)။
ဝုန်း... ဝုန်း... ဝုန်း…။
ထိုစကားကို ကြားသောအခါ ချင်းလွမ်အစစ်အမှန်မီးတောက် ထိမှန်ထားသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာသည် တုံ့ဆိုင်းမနေတော့ဘဲ မီးတောက်စွဲနေသော သူတို့၏ခြေလက်များကို ချက်ချင်း ခုတ်ဖြတ်ပစ်လိုက်ရာ သွေးများစွာ ပန်းထွက်လာတော့သည်။
မြေပြင်ပေါ်သို့ ကျလာသော ခြေလက်များသည်လည်း ချင်းလွမ်အစစ်အမှန်မီးတောက်၏ လောင်ကျွမ်းမှုကြောင့် ပြာဖြစ်သွားလေ၏။
သူတို့တစ်ဦးချင်းစီ၏ စိတ်ထဲတွင် အလွန်ပင် ကြောက်ရွံ့တုန်လှုပ်နေကြတော့သည်။
အကယ်၍ အသက်ရှင်ရန်အတွက် ကိုယ်အင်္ဂါများကို စောစီးစွာ မဖြတ်ပစ်ခဲ့ပါက ခန္ဓာကိုယ်တစ်ခုလုံး ပြာဖြစ်သည်အထိ လောင်ကျွမ်းသွားမည်ကို စိုးရိမ်ရ၏။
"ချင်းလွမ်အစစ်အမှန်မီးတောက်လောက်နဲ့များ...”
"ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းနေပြီလို့များ ထင်နေတာလား...”
"အတော်ပဲ... ငါကိုယ်တော်ကလည်း ကောင်းကင်နဲ့မြေကြီးရဲ့ ထူးဆန်းတဲ့ရေတစ်မျိုးကို ပိုင်ဆိုင်ထားတယ်… ဘယ်သူ့စွမ်းအားက ပိုပြီး အားကောင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့...”
အမှောင်နတ်ဆိုးနဂါးက အေးစက်စွာ ရယ်မောလိုက်ပြီး ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို လှုပ်ခါလိုက်ရင်း လက်သည်းများဖြင့် ညင်သာစွာ ကုတ်ခြစ်လိုက်လေ၏။
ဝုန်း... ဝုန်း... ဝုန်း…။
ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးအစမရှိသော အနက်ရောင် ရေစီးကြောင်းများ စုစည်းလာပြီး ကြီးမားကျယ်ပြန့်သော အနက်ရောင်မြစ်တစ်စင်း ဖြစ်တည်လာသကဲ့သို့ ရှိနေတော့သည်။
မြစ်၏ အနက်ရှိုင်းဆုံးနေရာတွင် မရေမတွက်နိုင်သော မကျွတ်မလွတ်သေးသည့် ဝိညာဉ်များနှင့် အရိုးစုများ နေထိုင်နေကြသကဲ့သို့ မြင်တွေ့ရပြီး အမှောင်ထု၊ သေဆုံးခြင်း၊ ကျိန်စာနှင့် ဆန်းကြယ်မှုစသည့် အငွေ့အသက်များ ပါဝင်နေသော ငရဲမြစ်တစ်စင်းနှင့် တူလှပေ၏။
မြစ်ထဲသို့ တစ်ကြိမ်ကျသွားသည်နှင့် သေချာပေါက် သေဆုံးရမည် ဖြစ်သည်။
အသွေးအသားဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ လုံးဝ ပုပ်သိုးသွားမည်ဖြစ်ပြီး အရာအားလုံး ဝါးမျိုခံရပေမည်။
ဤသည်က ငရဲမြစ်ပင် ဖြစ်လေ၏။
၎င်းမှာ အတိတ်က ရှေးဟောင်းနတ်ဆိုးကမ္ဘာ၏ ထူးခြားသော မြစ်တစ်စင်းဖြစ်ပြီး ငရဲစွမ်းအားများ ပါဝင်နေကာ သေမင်းမြစ်ဟုလည်း ကျော်ကြားသည်။
နတ်ဆိုးများပင်လျှင် မြစ်ထဲသို့ ကျသွားပါက ပြန်လည်တက်လာနိုင်မည်မဟုတ်ဘဲ ငရဲမြစ်၏ ဝါးမျိုမှုနှင့် ပုပ်သိုးဆွေးမြည့်မှုကို ခံရမည်သာဖြစ်၏။
ထိုမှတစ်ဆင့် မြစ်၏အနက်ရှိုင်းဆုံးနေရာရှိ မကျွတ်မလွတ်သေးသော ဝိညာဉ်များ ဖြစ်သွားရမည်ဖြစ်ပြီး ထာဝရတိုင်အောင် ပြန်လည်မွေးဖွားခွင့် ရတော့မည်မဟုတ်ချေ။
ဝေါ…။
နောက်တစ်စက္ကန့်တွင် ကောင်းကင်ယံအထက်မှ ထိုငရဲမြစ်ကြီးသည် အောက်သို့ ပြင်းထန်စွာ ထိုးဆင်းလာပြီး ချက်ချင်းပင် ကြီးမားလှသော မိုးသည်းထန်စွာ ရွာသွန်းမှုအဖြစ် ပြောင်းလဲသွားလေတော့၏။
အနက်ရောင်မိုးပေါက်များက တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းလာပြီး ယင်အအေးဓာတ်၊ အေးစက်မှုနှင့် ပုပ်သိုးစေမှု စသည့် စွမ်းအားများ ပါဝင်နေချေသည်။
အကယ်၍ ဤငရဲရေ၏ ထိမှန်မှုကို ခံရပါက ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ချက်ချင်း အေးခဲသွားမည်ဖြစ်ပြီး အရည်ပျော်သွားကာ ကောင်းကင်နှင့် မြေကြီး၏ အစောဆုံးသော မူလအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
ဤကဲ့သို့သော အစွမ်းထက်သည့် သတ်ကွက်ကြောင့်သာ အမှောင်နတ်ဆိုးနဂါးကို အင်အားအကြီးဆုံး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများထဲမှ တစ်ကောင်ဟု ခေါ်ဆိုနိုင်ပြီး နတ်ဆိုးတပ်ကြီး၏ တပ်မှူးဖြစ်လာစေခဲ့ခြင်း ဖြစ်ချေသည်။
၎င်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ ပုံမှန်လူများထက် များစွာ ကျော်လွန်နေချေသည်။
သို့ရာတွင် ဝင်ရောက်တိုက်ခိုက်လာသည်မှာ အမှောင်နတ်ဆိုးနဂါး တစ်ကောင်တည်းသာ မဟုတ်ချေ။
အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းအဆင့်ရှိ နတ်ဆိုးကြီး နှစ်ကောင်ကလည်း ဝင်ရောက်လှုပ်ရှားလာကြလေ၏။
"မြေကမ္ဘာသံလိုက်စွမ်းအင်...”
တောင်တန်းနတ်ဆိုးဘီလူးကြီးကလည်း ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လာပြီး ပညာရှင်တို့၏ကျင့်ဝတ်များကို ဂရုမစိုက်ဘဲ ရွှမ်ဟွမ်ဘိုးဘေးကို ဝိုင်းဝန်းသတ်ဖြတ်ရန်သာ ကြံရွယ်နေတော့သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ နတ်ဆိုးမျိုးနွယ်နှင့် လူသားမျိုးနွယ်တို့၏ စစ်ပွဲဖြစ်ပြီး တစ်ကိုယ်တော် ယှဉ်ပြိုင်တိုက်ခိုက်နေခြင်း မဟုတ်ချေ။
ရန်သူနှင့်တွေ့လျှင် သေချာပေါက် အတူတကွ တိုက်ခိုက်ကြမည်သာ ဖြစ်၏။
၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်မှော်စွမ်းရည်ကို လည်ပတ်စေလိုက်ကာ လက်ကြီးတစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မြေပြင်တစ်ခုလုံး၏ သံလိုက်စက်ကွင်းများ ထိန်းချုပ်ခံလိုက်ရပြီး မျက်စိဖြင့်မမြင်နိုင်သော ကမ္ဘာ့ဝင်ရိုးစွန်းသံလိုက်စွမ်းအားများ ကျဆင်းလာကာ မိုင်တစ်သောင်းပတ်လည် ဧရိယာအား လွှမ်းခြုံသွားလေသည်။
ဝိုးတဝါးအခြေအနေတွင် မိုင်တစ်သောင်းပတ်လည်ဧရိယာရှိ ဆွဲငင်အားမှာ အဆပေါင်းများစွာ မြင့်တက်သွားပြီး မြေကြီးများပင် ပြိုကျလာသည်အထိ ဖိနှိပ်ထားသည်။
တောင်တန်းကြီးများစွာမှာလည်း ချက်ချင်းလက်ငင်း ပြားချပ်သွားတော့သည်။
"ညို့ငင်နတ်ဆိုးအလင်း...”
ညို့ငင်နတ်ဆိုးပင့်ကူကလည်း တိတ်တဆိတ် တိုက်ခိုက်လိုက်၏။
၎င်း၏ခန္ဓာကိုယ် ကြီးမားနေသည်ကိုသာ ကြည့်၍မရချေ။ တိုက်ခိုက်သည့်အခါ အသံတစ်စက်မျှမထွက်ဘဲ လေဟာနယ်ထဲသို့ ပေါင်းစပ်သွားသည့်အလား ခန္ဓာကိုယ်မှ အရှိန်အဝါတစ်စက်မျှ လွင့်ထွက်လာခြင်းမရှိဘဲ ထွင်းဖောက်မြင်နေရသော အခြေအနေတွင် ရှိနေသကဲ့သို့ပင် ဖြစ်နေချေသည်။
ထို့နောက် အနက်ရောင်အလင်းတန်းများကို တစ်ခုပြီးတစ်ခု ပစ်လွှတ်လိုက်လေသည်။
အကယ်၍ ရန်သူကိုသာ ထိမှန်သွားပါက ရန်သူ၏စိတ်ကို ညို့ငင်နိုင်ပြီး ဝိညာဉ်ကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထိုမှတစ်ဆင့် ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားစေပြီး ၎င်း၏ကျွန်အဖြစ်သို့ ပြောင်းလဲသွားစေပေမည်။
ဤသွေးမျိုးဆက်မှော်စွမ်းရည်ကို အားကိုး၍ ညို့ငင်နတ်ဆိုးပင့်ကူသည် နတ်ဆိုးမျိုးနွယ်များထဲတွင် အကြီးမားဆုံးသော စစ်တပ်ကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအများအပြားပင်လျှင် ၎င်း၏ကျွန်များဖြစ်လာကာ စေခိုင်းသမျှကို လုပ်ဆောင်ပေးရလေသည်။
ယခုအခါ ၎င်းသည်လည်း ဤသွေးမျိုးဆက်မှော်စွမ်းရည်၏ စွမ်းအားကို အသုံးပြု၍ ဤရွှမ်ဟွမ်ဘိုးဘေးကို ထိန်းချုပ်လိုနေသည်။
ထိန်းချုပ်၍ မအောင်မြင်လျှင်ပင် တစ်ဖက်လူ၏ ဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည် မဟုတ်ပါလော။
"အရမ်း အားနည်းလွန်းတယ်...”
ကျိုးစွေ့က မျက်စိကို မှေးကျဉ်းလိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုက ပေါ်ထွက်လာကာ သူ၏ဒုတိယမြောက် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သော အရပ်ရှစ်မျက်နှာနတ်ဆိုးချုပ်မျှော်စင်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
ရုတ်တရက်ဆိုသလို ရတနာမျှော်စင်တစ်ခုမှာ လေနှင့်အတူ ကြီးထွားလာပြီး ပေတစ်သောင်းအမြင့်ရှိသော မျှော်စင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်း၏အပေါ်တွင် သိပ်သည်းလှသော နတ်ဆိုးချုပ်အင်းကွက်များ ပေါ်ထွက်လာပြီး တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ အလွန်တရာ သန့်စင်မွန်မြတ်လှသည်။
အရပ်ရှစ်မျက်နှာ နတ်ဆိုးချုပ်နှောင်ခြင်း…။
မျက်စိတစ်မှိတ်အတွင်း ကြီးမားလှသော နတ်ဆိုးချုပ်နယ်မြေတစ်ခုက ပြန့်နှံ့သွားပြီး မိုင်တစ်သိန်းပတ်လည်ရှိ အချိန်နှင့် ဟင်းလင်းပြင်ကို ချုပ်နှောင်လိုက်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးရှိ ဝိညာဉ်ချီများ၊ ရုပ်ဝတ္ထုအားလုံးတို့သည် စီးဆင်းနိုင်စွမ်းမရှိတော့သည့်အလား ဖြစ်နေချေသည်။
ထင်ရှားသည်မှာ အရပ်ရှစ်မျက်နှာနတ်ဆိုးချုပ်မျှော်စင်၏ စွမ်းအားသည် နတ်ဆိုးမျိုးနွယ်ကို အလွန်အမင်း ဖိနှိပ်နိုင်ပြီး ၎င်း၏အထဲတွင် မရေမတွက်နိုင်သော နတ်ဆိုးချုပ်အင်းကွက်များ ပါဝင်ကာ နတ်ဆိုးများစွာ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခေတ္တခဏ ပိတ်လှောင်ထားနိုင်ပေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းသို့ တက်လှမ်းပြီးနောက်တွင် သူသည် ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့ပြီး နတ်ဆိုးချုပ်နယ်မြေ၏ စွမ်းအားကို ဆယ်ဆမက မြင့်တက်သွားစေခဲ့၏။
"ဘာ...”
အမှောင်နတ်ဆိုးနဂါး၊ တောင်တန်းနတ်ဆိုးဘီလူးကြီး၊ ညို့ငင်နတ်ဆိုးပင့်ကူ စသည့် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများမှာ မျက်နှာပျက်သွားကြရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ လှုပ်ရှား၍မရတော့သည်ကို အံ့ဩဖွယ်တွေ့လိုက်ရသလို၊ ၎င်းတို့ ပစ်လွှတ်လိုက်သော မှော်စွမ်းရည်များပင်လျှင် ဤတစ်စက္ကန့်အတွင်း၌ ရပ်တန့်သွားကြလေသည်။
ယခုအခါ ၎င်းတို့မှာ စိတ်အတွေးသည်သာ လည်ပတ်နိုင်တော့ပြီး ခန္ဓာကိုယ်မှာမူ ခြေတစ်လှမ်းမျှပင် ရွေ့လျားနိုင်ခြင်း မရှိတော့ပေ။
အရပ်ရှစ်မျက်နှာနတ်ဆိုးချုပ်မျှော်စင်၏ ဖိနှိပ်မှုအောက်တွင် နတ်ဆိုးများစွာသည် မည်မျှပင် အစွမ်းကုန် ရုန်းကန်နေစေကာမူ တစ်စက္ကန့်မျှ ထိန်းချုပ်ခံလိုက်ရတော့သည်။
သို့ရာတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် တိုက်ပွဲများ၌ ခန္ဓာကိုယ်တစ်စက္ကန့်မျှ ရပ်တန့်သွားခြင်းသည် အရာများစွာ ဖြစ်ပျက်ရန် လုံလောက်နေချေပြီ။
"သတ်...”
ကျိုးစွေ့က တတိယမြောက် ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်သည့် နဂါးငါးကောင်ဓားစက်ကို ထပ်မံထုတ်ယူလိုက်၏။ ဤသည်မှာ ကျောင်းလုံမျိုးနွယ်၏ အမြင့်မြတ်ဆုံးသော ရတနာဖြစ်ပြီး အနှိုင်းမဲ့ သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်နေပေသည်။
မူလက ဤသည်မှာ ကျောင်းလုံမျိုးနွယ်မှ ကောင်းကင်အဆင့်ဝိညာဉ်ရတနာဖြစ်ပြီး ကျောင်းလုံမျိုးနွယ်ဝင်သက်ရှိများသာလျှင် ၎င်း၏စွမ်းအားကို ရာခိုင်နှုန်းပြည့် လှုံ့ဆော်နိုင်မည်ဖြစ်သည်။
သို့သော် သူနှင့်မူ မတူညီပေ၊ သူ၏ ခန္ဓာကိုယ်အတွင်း၌ စစ်မှန်သော နဂါးသွေးကြောများ ပါဝင်နေပြီး ကျောင်းလုံများအပေါ် မွေးရာပါ ဖိနှိပ်နိုင်သည့် စွမ်းအားရှိလေသည်။
ထို့ကြောင့် သူသည် မိမိခန္ဓာကိုယ်ပေါ်ရှိ စစ်မှန်သော နဂါးအငွေ့အသက်ကို လှုံ့ဆော်လိုက်သည့်အခါ မျက်စိတစ်မှိတ်အတွင်း၌ပင် ဤကောင်းကင်အဆင့်ဝိညာဉ်ရတနာကို ထိန်းချုပ်လိုက်နိုင်သည်။
ထို့အပြင် နဂါးငါးကောင်ဓားစက်၏ စွမ်းအားကိုပါ အမြင့်ဆုံးအထိ ထုတ်ဖော်နိုင်သေး၏။
ဘန်း…။
မျက်စိတစ်မှိတ်အတွင်း သူသည် ဘယ်ဘက်လက်ဖြင့် နဂါးငါးကောင်ဓားစက်ကို ဆုပ်ကိုင်လိုက်ပြီး ညို့ငင်နတ်ဆိုးပင့်ကူဆီသို့ ဓားဖြင့် ခုတ်ချလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးသည် ဝိညာဉ်လျှို့ဝှက်ပညာရပ်များကို ကျွမ်းကျင်ပြီး သူ့အပေါ် ခြိမ်းခြောက်မှု အကြီးမားဆုံးဖြစ်သည့်အပြင်၊ ကာကွယ်နိုင်စွမ်းလည်း အလွန်အားနည်းသောကြောင့်ပင် ဖြစ်၏။
ထို့ကြောင့် သတ်ရန်အလွယ်ကူဆုံးသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးလည်းဖြစ်ရာ သဘာဝကျကျ ညို့ငင်နတ်ဆိုးပင့်ကူကို ပထမဆုံး ပစ်မှတ်ထားလိုက်ခြင်းဖြစ်ပေသည်။
ဤနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကိုသာ သတ်ပစ်လိုက်နိုင်ပါက တစ်ဖက်လူ၏ ခြိမ်းခြောက်မှုစွမ်းအားမှာ များစွာ လျော့ကျသွားပေမည်။
ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းတစ်ခုက ပစ်ခွင်းလာတော့၏။
ဝိုးတဝါးအခြေအနေအောက်တွင် ကျောင်းလုံငါးကောင် ပေါ်ထွက်လာပုံရပြီး ၎င်းတို့သည် အချင်းချင်း ရစ်ပတ်သွားကာ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်သည့် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
အခန်း (၆၈၆) - အင်မော်တယ်ရတနာ၏ စွမ်းအား၊ လေဟာနယ်ကို ဖြိုခွဲခြင်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်ခြင်း(၃)။
အုန်း…။
ညို့ငင်နတ်ဆိုးပင့်ကူမှာ တုံ့ပြန်နိုင်ခြင်းမရှိမီတွင်ပင် နဂါးငါးကောင်ဓားစက်မှ ထွက်ပေါ်လာသော ထိုရွှေရောင်အလင်းတန်းသည် ၎င်း၏ခန္ဓာကိုယ်အား အလယ်မှနေ၍ အပိုင်းပိုင်းအစစ ခုတ်ဖြတ်လိုက်ရာ အပိုင်းပေါင်း ဒါဇင်နှင့်ချီ၍ ကွဲထွက်သွားရပြီး မြင်းငါးကောင်ဆွဲ၍ အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသကဲ့သို့ပင် ဖြစ်သွားရချေသည်။
"မကောင်းတော့ဘူး...”
ညို့ငင်နတ်ဆိုးပင့်ကူမှာ ကြက်သီးမွေးညင်းများ ထသွားပြီး သေလောက်သည့်အန္တရာယ်ကို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ၎င်းသည် အရပ်ရှစ်မျက်နှာနတ်ဆိုးချုပ်မျှော်စင်၏ ချုပ်နှောင်မှုမှ နောက်ဆုံး၌ ရုန်းထွက်နိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် အချိန်နှောင်းသွားခဲ့ချေပြီ။
မိမိ၏ခန္ဓာကိုယ်သည် နဂါးငါးကောင်ဓားစက်၏ စွမ်းအားဖြင့် အပိုင်းပေါင်း ဒါဇင်နှင့်ချီ၍ ဖြတ်တောက်ခံရသည်ကို မျက်စိအပြူးသားဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့၏။
၎င်း အသတ်ခံရတော့မည့်အချိန်တွင် မျက်စိတစ်မှိတ်အတွင်း မူလဝိညာဉ်က ထွက်ခွာသွားလေသည်။
မူလဝိညာဉ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကြံစည်လိုက်တော့သည်။
ညို့ငင်နတ်ဆိုးပင့်ကူအတွက် မိမိ၏မူလဝိညာဉ်သာ ထွက်ပြေးလွတ်မြောက်သွားနိုင်ပါက နောင်တစ်ချိန်တွင် အခြားခန္ဓာကိုယ်ကို လုယူ၍ ပြန်လည်မွေးဖွားရန် အခွင့်အရေး ရရှိပေမည်။
"နောက်ကျသွားပြီ...”
ကျိုးစွေ့က မခိုးမခန့် လှမ်းကြည့်လိုက်သည်။ ညို့ငင်နတ်ဆိုးပင့်ကူ၏ အကြံအစည်ကို သူ မည်ကဲ့သို့ မသိဘဲနေပါမည်နည်း။
မှန်ပေသည်၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ‘အိပ်မက်ဝိညာဉ်ကူ’ သည် အချိန်အတော်ကြာကတည်းက စောင့်ဆိုင်းနေခဲ့ပြီး ၎င်း၏ပါးစပ်ကြီးကို ဟလိုက်ကာ ညို့ငင်နတ်ဆိုးပင့်ကူ၏ မူလဝိညာဉ်ကို တစ်ကိုက်တည်းဖြင့် ဝါးမျိုလိုက်တော့သည်။
"မလုပ်နဲ့… မလုပ်ပါနဲ့...”
ညို့ငင်နတ်ဆိုးပင့်ကူမှာ မနေနိုင်ဘဲ စူးရှစွာ အော်ဟစ်လိုက်ရတော့၏။
၎င်းသည် နတ်ဆိုးမျိုးနွယ်၏ ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး ရာထူးကြီးမားကာ အနာဂတ်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် မဟာယာနအဆင့် နတ်ဆိုးအဖြစ်သို့ပင် တက်လှမ်းရန် အခွင့်အရေးရှိနေသေးရာ ဤကဲ့သို့သော နေရာမျိုးတွင် မည်ကဲ့သို့ သေဆုံးချင်ပါမည်နည်း။
ကံမကောင်းစွာဖြင့် ၎င်း မည်မျှပင် ရုန်းကန်သည်ဖြစ်စေ၊ အော်ဟစ်နေသည်ဖြစ်စေ၊ နောင်တရသည်ဖြစ်စေ အရာအားလုံးသည်ကား အချည်းနှီးသာ ဖြစ်ပေသည်။
ဂျွတ်… ဂျွတ်… ဟူသော အသံအနည်းငယ် ထွက်ပေါ်လာပြီးနောက် မူလဝိညာဉ်တစ်ခုလုံးကို ‘အိပ်မက်ဝိညာဉ်ကူ’ က ဝါးမျိုသွားပြီး ၎င်း၏ဗိုက်ထဲရှိ အစားအစာအဖြစ် အပြီးတိုင် ပြောင်းလဲလိုက်တော့သည်။
ဤသည်ကပင် ‘အိပ်မက်ဝိညာဉ်ကူ’ ၏ စွမ်းအားကို အဆပေါင်းများစွာ မြင့်တက်သွားစေခဲ့သည်။
ထို့အပြင် နဂါးငါးကောင်ဓားစက်၏ ဤဓားချက်စွမ်းအားမှာ မပြီးဆုံးသေးဘဲ အဝေးဆီသို့ ဆက်လက်၍ ပစ်ခွင်းသွားသေး၏။
ဓားတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ညို့ငင်နတ်ဆိုးပင့်ကူ၏ နောက်တွင် ရှိနေသော နတ်ဆိုးများစွာမှာလည်း ဓားတစ်ချက်တည်းဖြင့် နှစ်ပိုင်းပိုင်းခံလိုက်ရသည်။
နတ်ဆိုးများစွာမှာ မျက်စိတစ်မှိတ်အတွင်း ကိုယ်လက်အင်္ဂါများ ပျက်စီးကာ သေဆုံးသွားကြတော့၏။
မိုင်တစ်သိန်းပတ်လည် ဧရိယာအတွင်း တောင်တန်းကြီးများစွာမှာလည်း ဓားတစ်ချက်ဖြင့် အပိုင်းပိုင်းဖြတ်တောက်ခံလိုက်ရသည်။ မြေကြီးပေါ်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော ဓားရာကြီးတစ်ခု ကျန်ရစ်ခဲ့ကာ ပတ်ဝန်းကျင်တစ်ခွင်၌ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များနှင့် ဓားစွမ်းအင်များ ပြည့်နှက်နေတော့သည်။
ထို့အပြင် အစောပိုင်းက အမှောင်နတ်ဆိုးနဂါး ဖန်တီးထားသော ငရဲမြစ်ကြီးမှာလည်း နှစ်ပိုင်းပိုင်းခံလိုက်ရပြီး ကမ္ဘာ့ဝင်ရိုးစွန်းသံလိုက်ဖန်တီးထားသော နယ်မြေမှာလည်း လွယ်ကူစွာပင် ဆုတ်ဖြဲခံလိုက်ရသည်။
ဆိုရလျှင် ဓားတစ်ချက်တည်းဖြင့်ပင် နတ်ဘုရားအသွင်ပြောင်း ပြီးပြည့်စုံခြင်းအဆင့် နတ်ဆိုးကြီးသုံးကောင်၏ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
တစ်လက်စတည်း ညို့ငင်နတ်ဆိုးပင့်ကူနှင့်တကွ နတ်ဆိုးအမြောက်အမြားကိုပါ သတ်ဖြတ်နိုင်ခဲ့၏။
ထို့ကြောင့် ဤတိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းမှုကို တွေးကြည့်နိုင်ပေသည်။
နဂါးငါးကောင်ဓားစက်၏ အစွမ်းသတ္တိမှာလည်း ကျောင်းလုံမျိုးနွယ်၏ အမြင့်မြတ်ဆုံးသော ရတနာဖြစ်သည်နှင့်အညီ အကန့်အသတ်မဲ့သော စွမ်းအားများရှိကြောင်း သက်သေပြရန် လုံလောက်နေသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
"တစ်ချိန်တည်းမှာ ကောင်းကင်အဆင့်ဝိညာဉ်ရတနာသုံးခုကို အသုံးပြုနိုင်တာပဲ...”
"မင်းဆီမှာ ဘယ်လိုလုပ်ပြီး ဒီလောက်များပြားတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်တွေ ရှိနေရတာလဲ...”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အမှောင်နတ်ဆိုးနဂါး၏ မျက်နှာမှာ အလွန်တရာ အကျည်းတန်သွားလေသည်။
ဤရွှမ်ဟွမ်ဘိုးဘေးသည် တိုက်ကွက်တစ်ကွက်တည်းဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်နိုင်ရုံသာမက၊ ညို့ငင်နတ်ဆိုးပင့်ကူကိုပါ သတ်ဖြတ်သွားခဲ့မည်ဟု ၎င်း လုံးဝ မထင်မှတ်ထားခဲ့ပေ။
၎င်းသည် ညို့ငင်နတ်ဆိုးပင့်ကူ၏ သေဆုံးမှုအပေါ် မည်သည့်ခံစားချက်မျှ မရှိသော်လည်း တစ်ဖက်လူမှာ နတ်ဆိုးမျိုးနွယ်၏ အသန်မာဆုံးသော တိုက်ခိုက်ရေးစွမ်းအားများထဲမှ တစ်ခုဖြစ်နေသည် မဟုတ်ပါလော။
ယခုအခါ ဤကဲ့သို့ ရွှမ်ဟွမ်ဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရချေပြီ။
ဤသည်မှာ နတ်ဆိုးမျိုးနွယ်အတွက် အလွန်ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုပင် ဖြစ်သည်။
သို့ရာတွင် ၎င်းအတွက် ပို၍ ယုံကြည်ရခက်သည်မှာ မျက်မှောက်ရှိ ဤရွှမ်ဟွမ်ဘိုးဘေးသည် ကောင်းကင်အဆင့်ဝိညာဉ်ရတနာသုံးခုကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်ခြင်းဖြစ်ပြီး ဤအချက်မှာ အလွန်ပင် စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသည်။
အဘယ်ကြောင့်ဆိုသော် သာမန် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် ကောင်းကင်အဆင့်ဝိညာဉ်ရတနာတစ်ခုကို လှုံ့ဆော်လိုပါက မှော်စွမ်းအင်အားလုံး ကုန်ခမ်းသွားရပေမည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်အဆင့်ဝိညာဉ်ရတနာသုံးခုကို လှုံ့ဆော်လိုသေးသည်မှာ အရူးတစ်ယောက် အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်သည်။
မိမိလှုံ့ဆော်နိုင်သော မှော်ရတနာများ များလေလေ ကောင်းလေလေဖြစ်ကြောင်း မည်သူမဆို သိကြသော်လည်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူအများစုတွင် ကောင်းကင်အဆင့်ဝိညာဉ်ရတနာတစ်ခုသာ ရှိကြသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်တွင် မှော်စွမ်းအင်များ ထိုမျှလောက် မများပြားသောကြောင့်ပင် ဖြစ်၏။
ကောင်းကင်အဆင့်ဝိညာဉ်ရတနာ တစ်ခုတည်းကပင် ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များကို ကုန်ခမ်းသွားစေရန် လုံလောက်နေသည်။
အကယ်၍ နောက်ထပ်တစ်ခု အပိုရှိနေလျှင်ပင် အလှပြထားရုံသာဖြစ်ပြီး မည်သို့မျှ အသုံးဝင်မည်မဟုတ်ပေ။
သို့သော် မျက်မှောက်ရှိ ဤရွှမ်ဟွမ်ဘိုးဘေးမှာမူ မတူညီချေ။
ကောင်းကင်အဆင့်ဝိညာဉ်ရတနာသုံးခုကို တစ်ပြိုင်နက်တည်း လှုံ့ဆော်နိုင်ရုံသာမက လှုံ့ဆော်ပြီးနောက်တွင် ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များမှာလည်း များစွာ ကုန်ခမ်းသွားပုံမရချေ။
ဤသည်မှာ ဤလူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအင်များက အလွန်အမင်း ထူထပ်များပြားနေသည်ဟုသာ ဆိုရတော့ပေမည်။
အဆင့်တူနတ်ဆိုးများပင်လျှင် ၎င်းနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။
"ဒီလူရဲ့ ခြိမ်းခြောက်မှုက သာမန်မဟုတ်ဘူး...”
"ငါတို့ စုပေါင်းတိုက်ခိုက်ပြီး ဒီကောင်ကို သတ်ပစ်ရမယ်...”
"ဒီအတိုင်း ဆက်သွားနေရင် သေချာပေါက် တစ်ယောက်ချင်းစီ ချေမှုန်းခံရလိမ့်မယ်...”
တောင်တန်းနတ်ဆိုးဘီလူးကြီး၏ မျက်နှာမှာလည်း အလွန်ပင် အကျည်းတန်နေသည်။
ဤလူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းမှုကို ၎င်း ခံစားနိုင်သလို၊ တိုက်ကွက်များမှာလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည် မဟုတ်ပါလော။
နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းသာဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းအားမှာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်လှုပ်စေနိုင်သည်။
၎င်းတို့ကဲ့သို့ နတ်ဘုရားအသွင်ပြောင်းအဆင့်များစွာ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့်တိုင် ရင်ထဲ၌ ယုံကြည်မှုအပြည့်ရှိပြီး ရေအလျဉ်စီးဆင်းနေသည့်အလား ပေါ့ပါးသွက်လက်နေသေး၏။
အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ၎င်းတို့မှာ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရမည်ကို စိုးရိမ်ရပြီး မဟာမိတ်တပ်ကြီးမှာလည်း အပြီးတိုင်း သတ်ဖြတ်ချေမှုန်းခံရပေတော့မည်။
"အခုပဲ အစီအရင်ကို ခင်းကျင်းကြ...”
အမှောင်နတ်ဆိုးနဂါးက အသံကျယ်ကြီးဖြင့် ကြုံးဝါးလိုက်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာကို အမိန့်ပေးလိုက်တော့သည်။
ဝုန်း…။
မျက်စိတစ်မှိတ်အတွင်း နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ကောင်ချင်းစီသည် ၎င်းတို့၏ ခန္ဓာကိုယ်များမှ အနက်ရောင်အစီအရင်အလံများကို ချက်ချင်းထုတ်ယူလိုက်ကြသည်။ ၎င်းတို့၏အပေါ်တွင် ရှေးဟောင်းနတ်ဆိုးများ၏ ပုံများကို ထွင်းထုထားကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်များ ပြည့်နှက်နေသည်။
ဤတစ်ကြိမ် တိုက်ခိုက်မှုတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးပေါင်း တစ်ထောင့်နှစ်ဆယ့်လေးကောင် အတိအကျ ပါဝင်လေသည်။
အစီအရင်အလံများစွာ ပေါင်းစပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပြိုင်ဘက်ကင်း အစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ရှေးဟောင်းနတ်ဆိုး မျိုးတုံးသတ်ဖြတ်ခြင်းမဟာအစီအရင်…။
ဆိုရလျှင် ဤအစီအရင်အလံအစုံသည် ရှေးဟောင်းနတ်ဆိုးကမ္ဘာမှ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ နှစ်သန်းပေါင်းများစွာ လက်ဆင့်ကမ်းမွမ်းမံခဲ့သော ဉာဏ်ပညာစွမ်းရည်များဖြစ်ပြီး တစ်ချိန်တည်းမှာပင် နတ်ဆိုးမျိုးနွယ်များ ပိုင်ဆိုင်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ကွက်များထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ဤအစီအရင်ကြီး၏ စွမ်းအားမှာ ဆဋ္ဌမအဆင့်သို့ပင် ရောက်လုနီးပါး ဖြစ်နေချေသည်။
တစ်ကြိမ်ခင်းကျင်း၍ အောင်မြင်သွားပါက ရှေးဟောင်းနတ်ဆိုးများ၏ ပုံရိပ်ယောင်များကို ဆင့်ခေါ်နိုင်ပြီး ကမ္ဘာဖျက်စွမ်းအားများကို ထုတ်ဖော်နိုင်မည်ဖြစ်၏။
ထိုကဲ့သို့သော စွမ်းအားမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ပညာရှင်များနှင့်ပင် ပုခုံးချင်းယှဉ်လုနီးနီး နှိုင်းယှဉ်နိုင်လောက်ပြီဟု ခန့်မှန်းရသည်။
ဤအစီအရင်အလံများကို အားကိုး၍ ရှေးဟောင်းနတ်ဆိုးကမ္ဘာသည် သွားလေရာတိုင်းတွင် အောင်ပွဲခံနိုင်ခဲ့သည်။
ရှေးခေတ်ကာလတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာက ရှေးဟောင်းနတ်ဆိုး မျိုးတုံးသတ်ဖြတ်ခြင်းမဟာအစီအရင်ကို ထုတ်ဖော်တိုက်ခိုက်ခဲ့သောကြောင့်သာ ကျင့်ကြံခြင်းလောကရှိ လူသားမျိုးနွယ် နတ်ဘုရားအသွင်ပြောင်းအဆင့်များစွာကို တစ်ချီတည်းဖြင့် အနိုင်ယူနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် မကြုံဖူးသောအောင်ပွဲကြီးကို ရရှိခဲ့ခြင်းပင်။
အကယ်၍ ကမ္ဘာနှစ်ခုပေါင်းစည်းခြင်းဖြစ်စဉ်သာ မပြီးဆုံးဘဲ ကမ္ဘာနှစ်ခုကွဲကွာမသွားပါက ၎င်းတို့သည် ကျင့်ကြံခြင်းလောကကို အစောကြီးကတည်းက သိမ်းပိုက်နိုင်ခဲ့မည်မှာ အသေအချာပင်ဖြစ်သည်။
ဝုန်း…။
မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းနတ်ဆိုးအငွေ့အသက်တစ်ခုက ကောင်းကင်သို့တိုင် ထိုးတက်သွားသည်။
ထိုအစီအရင်ကြီးသည် မိုင်တစ်သောင်းပတ်လည် ဧရိယာအား လွှမ်းခြုံသွားတော့၏။