အခန်း (၆၈၇-၆၈၈)
Vol. 64 Ch. 687-688
အခန်း (၆၈၇) - အင်မော်တယ်ရတနာ၏ စွမ်းအား၊ လေဟာနယ်ကို ဖြိုခွဲခြင်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်ခြင်း(၄)။
ရေတွက်မရနိုင်သော နတ်ဆိုးချီအငွေ့အသက်များအားလုံးသည် မဟာအစီအရင်အတွင်းသို့ စုဆောင်းပေါင်းစည်းသွားကြသည်။
အမည်းရောင်လက်ဝါးကြီးတစ်ခုမှာ အစီအရင်၏ အနက်ရှိုင်းဆုံးနေရာမှ ဖြည်းညင်းစွာ ထွက်ပေါ်လာချေသည်။ ယင်းအပေါ်တွင် သိပ်သည်းရှုပ်ထွေးလှသော ကောက်ကွေ့နေသည့် မိစ္ဆာအက္ခရာများက အသက်ဝင်နေသကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေကြလေသည်။
ထိုအမည်းရောင်လက်ဝါးကြီးပေါ်တွင် မရေမတွက်နိုင်သော တစ္ဆေဆိုးများ၊ မကျွတ်လွတ်သော ဝိညာဉ်များနှင့် အရိုးစုများက ဝေဝါးစွာ ပေါ်လာသကဲ့သို့ရှိနေပြီး အဆုံးမဲ့အမှောင်ထု၊ သတ်ဖြတ်ခြင်းနှင့် သွေးညှီနံ့များ ပါဝင်နေသယောင် ထင်မှတ်ရသည်။
၎င်းထွက်ပေါ်လာသည့် မျက်စိတစ်မှိတ်အတွင်း၌ ကောင်းကင်နှင့်မြေကြီးသည် အမှောင်ကျသွားပြီး မိုင်တစ်သန်းပတ်လည်ရှိ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်ချီများပင် စီးဆင်းမှုရပ်တန့်သွားသကဲ့သို့ ရှိလေသည်။
သက်ရှိအားလုံးသည် ဤအသက်ရှူကြပ်လောက်သည့် ဖိနှိပ်မှုအရှိန်အဝါကို ခံစားလိုက်ကြရ၏။
တစ်လောကလုံးမှာ ယခုအခိုက်အတန့်၌ တစ်စစီ ကွဲကြေသွားတော့မည့်အလားပင်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးထောင်ပေါင်းများစွာ၏ စွမ်းအားသည် ရှေးဟောင်းနတ်ဆိုးလက်တစ်ဖက်ကိုသာ ပုံဖော်နိုင်ကြောင်း သိသာထင်ရှားလှ၏။
သို့ရာတွင် ဤမျှနှင့်ပင် ထုတ်ဖော်လိုက်သည့်စွမ်းအားက စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ချေပြီ။
ဘန်း…။
ချက်ချင်းဆိုသလိုပင် ထိုရှေးဟောင်းနတ်ဆိုးလက်ကြီးသည် ကျိုးစွေ့၏ ချီအငွေ့အသက်ကို ပစ်မှတ်ထားလိုက်ပြီးနောက် ကောင်းကင်ကို ဖုံးကွယ်သွားလောက်သည့် လက်ဝါးကြီးက ကောင်းကင်ထက်မှနေ၍ ရိုက်ချလာလေသည်။
ဤဖိနှိပ်ရိုက်ချလိုက်သည့် တိုက်ခိုက်မှုသည် မိုင်တစ်သန်းပတ်လည်ရှိ မြေပြင်ကို တစ်စစီကြေမွသွားစေရန် လုံလောက်နေသကဲ့သို့ ရှိနေသည်။
ဤဒေသတစ်ခုလုံးကို မြေပြင်နှင့်တစ်ပြေးတည်း ဖြစ်သွားစေမည်မှာ အသေအချာပင်။
ရှေးဟောင်းခေတ်ကာလက ဤရှေးဟောင်းနတ်ဆိုးလက်ကြီးသည် တစ်ကြိမ်ထွက်ပေါ်ခဲ့ဖူးပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခုကို လက်ဝါးတစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့ဖူးသည်။
ထိုနတ်ဘုရားအသွင်ပြောင်းအဆင့်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးမှာ လွတ်မြောက်နိုင်ခဲ့ခြင်းမရှိဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
အပျက်အစီးအကြွင်းအကျန်များပင် ချန်ထားနိုင်ခဲ့ခြင်းမရှိဘဲ သမိုင်းရေစီးကြောင်းထဲတွင် ပျောက်ကွယ်သွားခဲ့ရ၏။
နှောင်းလူများမှာ ထိုဂိုဏ်း၏ အမည်နာမကိုပင် သိရှိနိုင်ခွင့်မရကြတော့ချေ။
ယခုအခါတွင်မူ ရှေးဟောင်းနတ်ဆိုးလက်ကြီးသည် နောက်ထပ်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်ပြီဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စု၏ အမြင့်ဆုံးစွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်သည်။
"ဒါက နတ်ဆိုးမျိုးနွယ်စုရဲ့ နောက်ဆုံးလက်နက်လား...”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးစွေ့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။
ယခင်က တစ်ခါမှ မရှိခဲ့ဖူးသော မိစ္ဆာသတ္တဝါကြီးတစ်ကောင် ဤကမ္ဘာလောကတွင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသကဲ့သို့ သူ ခံစားလိုက်ရ၏။
အကယ်၍သာ ကိုယ်ထင်ပြလာမည်ဆိုပါက ကောင်းကင်နှင့်မြေကြီးပင် တုန်လှုပ်သွားစေမည်မှာ သေချာပြီး ကမ္ဘာလောကကိုပင် ဆုတ်ဖြဲပစ်နိုင်ပေသည်။
ဤသည်မှာ အင်မော်တယ်တစ်ပါးနှင့် မခြားသည့် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။
ဤနတ်ဆိုးများသည် အတိတ်က ကျဆုံးသွားခဲ့သော ထိုရှေးဟောင်းနတ်ဆိုးကြီး၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အတုယူထားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
အတုအပတစ်ခုသာ ဖြစ်ပြီး စွမ်းအားတစ်စိတ်တစ်ပိုင်းသာ ပါဝင်နေမည်ဆိုလျှင်ပင် ယခုလက်ရှိ ကျင့်ကြံခြင်းလောကတွင် ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခု ဖြစ်နေခဲ့ချေပြီ။
နတ်ဆိုးမျိုးနွယ်စုက သူ့အား အသက်အန္တရာယ် ခြိမ်းခြောက်မှုပေးနိုင်သည်ဟု သူ ခံစားခဲ့ရသည်မှာ မဆန်းတော့ပေ။
"ဒါပေမဲ့ ကျုပ်ဆီမှာလည်း နောက်ဆုံးလက်နက်ရှိတယ်...”
ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။
အမှန်အတိုင်းပြောရလျှင် ဤသည်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သောစွမ်းအားမျိုး ဖြစ်နေပြီဖြစ်ရာ သူတစ်ယောက်တည်းဆိုပါက ရင်ဆိုင်နိုင်ရန် ခက်ခဲပေလိမ့်မည်။
နှမြောစရာကောင်းသည်မှာ သူ့တွင်လည်း အကူအညီရှိနေပြီး သူကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်ရန် လုံးဝ မလိုအပ်ခြင်းပင် ဖြစ်၏။
ထို့ကြောင့်သာ သူက ဤသို့ ကိုယ်တိုင်ကိုယ်ကျ ထွက်လာရန် ရဲတင်းနေခဲ့ခြင်းဖြစ်ပြီး နတ်ဆိုးမြောက်မြားစွာကို တစ်ကိုယ်တော်ရင်ဆိုင်ရဲခြင်း ဖြစ်ပေသည်။
သူ၏အကူအညီမှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ဖြစ်ကြောင်း အထူးပြောနေစရာမလိုချေ။
အင်မော်တယ်ကမ္ဘာမှလာသော ထိုအပင်သည် ယခုအချိန်အထိ ၎င်း၏ အထွတ်အထိပ်စွမ်းအားများကို ပြန်လည်ရရှိခြင်း မရှိသေးသော်လည်း သာမန်ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရာမျိုး မဟုတ်ပေ။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ၎င်းထံ၌ ဖိနှိပ်နိုင်စွမ်းရှိသည့် အင်အားများ ရှိနေဆဲပင် ဖြစ်၏။
ဤအခိုက်အတန့်တွင် သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် ချက်ချင်း ဆက်သွယ်လိုက်ပြီး ၎င်း၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငှားရမ်းအသုံးပြုနိုင်ရန် တောင်းခံလိုက်တော့သည်။
ဝုန်း…။
ချက်ချင်းပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က လှုပ်ရှားလာ၏။ ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားကာ လောကတစ်ခုလုံးကို ဖြတ်သန်းဖောက်ထွင်းထားသကဲ့သို့ရှိသော ဤအပင်ကြီးက စတင်တုန်ခါလာရာ ရွှမ်ဟွမ်ကမ္ဘာတစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းသွားပြီး အသေးစားငလျင်တစ်ခုကိုပါ ဖြစ်ပေါ်စေလေသည်။
ရွှီး… ရွှီး… ရွှီး…။
နောက်တစ်စက္ကန့်တွင် အစိမ်းရောင်နွယ်ပင်များက မြေကြီးအောက်ခြေမှ ဖောက်ထွက်လာပြီး အစိမ်းရောင်နဂါးများအလား ထွက်ပေါ်လာကြ၏။ ၎င်းတို့အပေါ်တွင် အစိမ်းရောင် အင်မော်တယ်အက္ခရာများ ပေါ်ထွက်နေပြီး သိပ်သည်းလှသော အင်မော်တယ်မူလချီများ ပျံ့နှံ့နေချေသည်။
အစိမ်းရောင်နွယ်ပင်တစ်ခုစီတိုင်းမှာ လှံရှည်ကြီးများကဲ့သို့ဖြစ်နေပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေနိုင်သော ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေလေသည်။
အုန်း…။
ချက်ချင်းဆိုသလိုပင် အစိမ်းရောင် နွယ်ပင်တစ်ချောင်းက ထိုရှေးဟောင်းနတ်ဆိုးလက်ကြီးနှင့် ပထမဆုံးအကြိမ် ဝင်တိုက်မိသွား၏။
ဤသည်ကား အင်မော်တယ်နှင့် ရှေးဟောင်းနတ်ဆိုးတို့၏ ထိပ်တိုက်တွေ့ဆုံမှုနှင့် တူပေသည်။
အင်မော်တယ်မူလချီနှင့် ရှေးဟောင်းနတ်ဆိုးချီတို့၏ တိုက်ခိုက်မှုလည်း ဖြစ်၏။
ကြယ်တံခွန်က ကမ္ဘာမြေကို ဝင်တိုက်မိသကဲ့သို့လည်း ထင်မှတ်ရပေသည်။
ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုကြီးကို ဖြစ်ပေါ်စေခဲ့လေသည်။
ကီလိုမီတာသန်းဆယ်ချီ ကျယ်ဝန်းသော ဧရိယာအတွင်း ရုတ်တရက်ဆိုသလို ယခင်က တစ်ခါမှမရှိခဲ့ဖူးသော ဝိညာဉ်ချီမုန်တိုင်းကြီးများ ဖြစ်ပေါ်လာပြီး အရပ်ဆယ်မျက်နှာကို လွှမ်းခြုံသွားတော့သည်။
ဝုန်း…။
အစွန်းရောက်စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားရာ ကောင်းကင်ကြီးပင် ဆုတ်ဖြဲခံလိုက်ရမည့်အလား ဖြစ်သွားရ၏။ ကြောက်မက်ဖွယ် လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခုက ပေါ်ထွက်လာပြီး ကီလိုမီတာတစ်သန်းခန့် ရှည်လျားကာ ကောင်းကင်ကြီး ကွဲအက်သွားသကဲ့သို့ပင် ဖြစ်နေတော့သည်။
အက်ကွဲကြောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ရေတွက်မရနိုင်သော လေဟာနယ်မုန်တိုင်းများက အချင်းချင်း ပွတ်တိုက်မြည်ဟည်းနေကြပြီး နယ်ပယ်ပြင်ပကောင်းကင်မိစ္ဆာမြောက်မြားစွာကလည်း ဟိန်းဟောက်သံများ ပြုလုပ်နေကြရာ ၎င်းတို့က ဤကမ္ဘာလောကထဲသို့ ဝင်ရောက်ရန် မစောင့်ဆိုင်းနိုင်တော့သည့်အလား ရှိလေသည်။
ထိုရှေးဟောင်းနတ်ဆိုးလက်ကြီးသည် ဒေါသထွက်သွားကာ ၎င်း၏ကိုယ်ပေါ်ရှိ နတ်ဆိုးချီများသည် လျင်မြန်စွာ မြင့်တက်လာ၏။ ၎င်းသည် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို ရူးသွပ်စွာ စုပ်ယူဝါးမျိုလိုက်ပြီး ၎င်းတို့၏သွေးသားနှင့် ဝိညာဉ်များကိုပါ ဝါးမျိုပစ်လိုက်တော့သည်။
ဤအချိန်သို့ရောက်ရှိနေပြီဖြစ်ရာ၊ ၎င်းတို့အနေဖြင့် ဤအစီအရင်ကို ရပ်တန့်ရန် ကြိုးစားလျှင်ပင် မဖြစ်နိုင်တော့ချေ။
အစီအရင် စတင်လည်ပတ်သွားသည်နှင့် ရန်သူကို သတ်ဖြတ်နိုင်ခြင်းမရှိပါက အစီအရင်၏ လုပ်ဆောင်ချက်ကို ရပ်တန့်နိုင်မည်ဟု စိတ်ကူးပင်ယဉ်နိုင်မည်မဟုတ်ပေ။
အကယ်၍သာ ရန်သူကို အချိန်မီ မသတ်ဖြတ်နိုင်ပါက ဤရှေးဟောင်းနတ်ဆိုးလက်ကြီးသည် အစီအရင်အတွင်းရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအားလုံး၏ သွေးသားနှင့် ဝိညာဉ်များကို တစ်ခုမကျန် စုပ်ယူဝါးမျိုသွားမည်ဖြစ်ပြီး ၎င်း၏ အာဟာရအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤသည်က ရှေးဟောင်းနတ်ဆိုး မျိုးတုံးသတ်ဖြတ်ခြင်း မဟာအစီအရင်၏ အကြီးမားဆုံးသော ဘေးထွက်ဆိုးကျိုးပင် ဖြစ်ပေသည်။
ယခင်က နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများသည် ဤဘေးထွက်ဆိုးကျိုးကို အမြဲတမ်း လျစ်လျူရှုခဲ့ကြ၏။
အကြောင်းမှာ ကျင့်ကြံခြင်းလောကဖြစ်စေ၊ ရှေးဟောင်းမိစ္ဆာသားရဲကမ္ဘာဖြစ်စေ သို့မဟုတ် ရှေးဟောင်းနတ်ဆိုးကမ္ဘာဖြစ်စေ မည်သည့်သက်ရှိသတ္တဝါ၊ မည်သည့်အင်အားစုကမှ ရှေးဟောင်းနတ်ဆိုးလက်ကြီး၏ တိုက်ခိုက်မှုတစ်ချက်ကို တောင့်ခံနိုင်မည် မဟုတ်သောကြောင့်ပင်။
လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်နှင့် အားလုံးက ပြာအဖြစ်သို့ ပြောင်းလဲသွားမည်သာ ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ လောကကြီး၌ ရှေးဟောင်းနတ်ဆိုးလက်ကြီးကို ကာကွယ်ဟန့်တားနိုင်သည့် စွမ်းအားမျိုး အမှန်တကယ်ရှိနေလိမ့်မည်ဟု ၎င်းတို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ကြပေ။
ဤသည်ကပင် ရှေးဟောင်းနတ်ဆိုး မျိုးတုံးသတ်ဖြတ်ခြင်းမဟာအစီအရင်၏ ဘေးထွက်ဆိုးကျိုးကို ချက်ချင်း ပေါက်ကွဲထွက်လာစေခဲ့၏။
အကယ်၍ အချိန်အတန်ကြာ ဆက်သွားနေမည်ဆိုပါက ရွှမ်ဟွမ်ဘိုးဘေးကိုယ်တိုင် လက်လှုပ်နေစရာ မလိုအပ်တော့ဘဲ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးထောင်ပေါင်းများစွာမှာ ဤအစီအရင်၏ စုပ်ယူဝါးမျိုခြင်းကို ခံရကာ အစီအရင်၏အာဟာရများ ဖြစ်သွားရပေတော့မည်။
"ကျစ်... ဒီရွှမ်ဟွမ်ဘိုးဘေးက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ စွမ်းအားကို တကယ်ကြီး လှုံ့ဆော်နိုင်တာလား...”
"အရှက်မရှိလိုက်တာ… အင်မော်တယ်ကမ္ဘာက အပင်ရဲ့ စွမ်းအားကို ဘယ်လိုလုပ်ပြီး အသုံးချနေရတာလဲ...”
"သူ့ကိုသတ်… မြန်မြန်သတ်ကြ… မဟုတ်ရင် ငါတို့ သေချာပေါက် သေရလိမ့်မယ်...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကြပြီး မယုံကြည်နိုင်ဖြစ်သွားကြရ၏။
၎င်းတို့သည် အလွန်အမင်း ထိတ်လန့်သွားကြပြီး ၎င်းတို့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဤအသက်ဘေးအန္တရာယ်ကို ခံစားလိုက်ကြရသည်။
ဤအခိုက်အတန့်တွင် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ သွေးသားနှင့် ဝိညာဉ်စွမ်းအားများမှာ အစီအရင်၏ အဆက်မပြတ် စုပ်ယူဝါးမျိုခြင်းကို ခံနေရကြောင်း ၎င်းတို့ တွေ့ရှိလိုက်ကြသည်။
များမကြာမီ ၎င်းတို့သည် ရှေးဟောင်းနတ်ဆိုး မျိုးတုံးသတ်ဖြတ်ခြင်းမဟာအစီအရင်၏ အာဟာရများ ဖြစ်သွားကြတော့မည်ကဲ့သို့ပင်။
ဝုန်း… ဝုန်း… ဝုန်း…။
ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းတို့ကို ဆက်လက်တွေးတောခွင့် မပေးတော့ဘဲ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားက ထပ်မံပေါက်ကွဲထွက်လာပြန်၏။
အခန်း (၆၈၈) - အင်မော်တယ်ရတနာ၏ စွမ်းအား၊ လေဟာနယ်ကို ဖြိုခွဲခြင်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်ခြင်း(၅)။
အစိမ်းရောင်နွယ်ပင်များက အဆက်မပြတ် တိုက်ခိုက်လာရာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ရှိပြီး အင်မော်တယ်အလင်းတန်းများအလား အစိမ်းရောင်အလင်းတန်းများက ပျံ့နှံ့နေကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေချေသည်။
ဂယက်ရိုက်ခတ်မှုမျှဖြင့်ပင် ပေတစ်သောင်းမြင့်သော တောင်ကြီးများမှာ မျက်စိတစ်မှိတ်အတွင်း အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
၎င်းတို့သည် ရှေးဟောင်းနတ်ဆိုးလက်ကြီးဆီသို့ ပြင်းထန်စွာ ထိုးဝင်သွားကြသည်။
ယခုတစ်ကြိမ်တွင်မူ ၎င်းတို့သည် ဤအမည်းရောင်လက်ဝါးကြီးကို အပြီးတိုင် ဖောက်ထွင်းသွားခဲ့ကြ၏။ ရှေးဟောင်းနတ်ဆိုး အက္ခရာများစွာမှာ မျက်စိတစ်မှိတ်အတွင်း ကြေမွသွားပြီး ယင်းအပေါ်တွင် သိပ်သည်းလှသော အက်ကွဲကြောင်းများ ပေါ်ထွက်လာကာ လုံးဝ တစ်စစီ ကွဲကြေသွားတော့မည့်အလား ရှိနေတော့သည်။
"ဒုက္ခပဲ...”
ရှေးဟောင်းနတ်ဆိုးလက်ကြီး ကြေမွသွားသည်နှင့်အမျှ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးထောင်ပေါင်းများစွာက စူးရှစွာ အော်ဟစ်လိုက်ကြရသည်။
၎င်းတို့သည်လည်း အစီအရင်၏ ရိုက်ခတ်မှုကို ချက်ချင်း ခံလိုက်ကြရလေသည်။
မူလက သတ်ဖြတ်ရန် ခက်ခဲသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများမှာ ယခုအခါ အစီအရင်၏ ချက်ချင်းဆိုသလို စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရပြီး သွေးသားနှင့် ဝိညာဉ်များအားလုံး စုပ်ယူခံလိုက်ရကာ အပြီးတိုင် ပျောက်ကွယ်သွားပြီး အသက်ပါ ဆုံးရှုံးသွားကြရချေသည်။
"ခွေးမသား ရွှမ်ဟွမ်ဘိုးဘေး...”
ကျန်ရစ်နေသည့် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ၏ သူငယ်အိမ်များမှာ ကျုံ့ဝင်သွားကြပြီး သေဆုံးသွားသောနတ်ဆိုးများကို ကြည့်ရင်း ယုန်သေ၍ မြေခွေးငိုကြွေးသကဲ့သို့ အကြီးအကျယ် ဝမ်းနည်းကြေကွဲသွားကြသည်။
မူလက ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ရှိထားကြပြီး ရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပစ်ရန်မှာ လက်ဝါးဖြန့်လိုက်သလောက် လွယ်ကူသည်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ဤရွှမ်ဟွမ်ဘိုးဘေး၌ နည်းလမ်းများစွာ ရှိနေပြီး ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကိုပါ ထိန်းချုပ်အသုံးပြုနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
ဤအတိုင်း ဆက်သွားနေမည်ဆိုပါက ၎င်းတို့ သေချာပေါက် သေရမည်သာ ဖြစ်ပေသည်။
၎င်းတို့၏အရေအတွက် များပြားနေသည်ဆိုသော်ငြား ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် နှိုင်းယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ချေ။
"ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူး...”
"မဟုတ်ရင် ငါတို့ သေချာပေါက် ရှုံးလိမ့်မယ်...”
"ငါတို့ရဲ့ နောက်ဆုံးလက်နက်ကို သုံးရမယ့်အချိန် ရောက်ပြီ...”
"မင်းတို့ ငါ့ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်… မဟုတ်ရင် ငါတို့နတ်ဆိုးမျိုးနွယ်စု သေချာပေါက် ဖျက်ဆီးခံရလိမ့်မယ်...”
အမှောင်နတ်ဆိုးနဂါး၏ မျက်နှာမှာ အလွန်အမင်း ဆိုးရွားနေပြီး ၎င်း၏လေသံက အလွန်တည်ကြည်လေးနက်နေကာ နတ်ဆိုးမြောက်မြားစွာကို အကြည့်တစ်ချက် ဝေ့ဝဲကြည့်လိုက်လေသည်။
ယခုအချိန်သည် ၎င်းတို့တစ်ယောက်တစ်ပေါက် အကြံအစည်ကိုယ်စီ ရှိနေရမည့် အချိန်မဟုတ်တော့။ အကယ်၍ အစွမ်းကုန်မထုတ်ပါက ယခုတစ်ကြိမ်တွင် ၎င်းတို့ သေချာပေါက် သေရမည်သာ။
"ကောင်းပြီ...”
ထိုစကားကိုကြားသောအခါ ကျန်ရစ်နေသည့် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများက တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။ ၎င်းတို့လည်း ကိစ္စရပ်၏ ကြီးလေးမှုကို သိရှိထားကြပေသည်။
ရန်သူ၏ အစွမ်းထက်မှုမှာ ၎င်းတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီ မဟုတ်ပါလော။
နောက်ဆုံးလက်နက်ကို အသုံးမပြုချင်လျှင်ပင် မဖြစ်တော့ချေ။
ဝုန်း…။
နောက်တစ်စက္ကန့်တွင် အမှောင်နတ်ဆိုးနဂါးသည် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ နတ်ဆိုးမျိုးနွယ်စု၏ နောက်ဆုံးလက်နက်ဖြစ်သော အင်မော်တယ်လက်နက် နတ်ဆိုးဧကရာဇ်တူကြီးကို ၎င်း၏ကိုယ်ပေါ်မှ ချက်ချင်း ထုတ်ယူလိုက်၏။
ဤသည်မှာ တောင်တစ်လုံးခန့် အရွယ်အစားရှိသော ကြီးမားလှသည့် မဟူရာတူကြီးတစ်လက် ဖြစ်ပေသည်။
ယင်း၏အပေါ်တွင် ရေတွက်မရနိုင်သော နတ်ဆိုးအက္ခရာများ ရေးထိုးထားလေသည်။
ဤမဟူရာတူကြီးကို ထုတ်ယူလိုက်သည့် တဒင်္ဂအတွင်းမှာပင် အင်မော်တယ်လက်နက်ထံမှ အရှိန်အဝါဖိအားများ ချက်ချင်း ထွက်ပေါ်လာ၏။ အင်မော်တယ်ချီတစ်မျှင်မျှသာ ဖြစ်လျှင်ပင် ကောင်းကင်ကြီးကို ဆွဲဖြဲပစ်နိုင်ပြီး အချိန်နှင့်ဟင်းလင်းပြင်ကို တစ်စစီ ကွဲကြေသွားစေနိုင်စွမ်း ရှိပေသည်။
ဤလောကကြီးသည် အင်မော်တယ်လက်နက်ထံမှ ထွက်ပေါ်လာသော ဤစွမ်းအားများကို ခံနိုင်ရည်မရှိချေ။
ကောင်းကင်နှင့်မြေကြီးကြားရှိ အဆုံးမဲ့ဝိညာဉ်ချီများမှာ ပထမဆုံးအကြိမ်အဖြစ် ဤအင်မော်တယ်လက်နက်၏ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရသည်။
အမှောင်ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ အလွန်ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် ပတ်ဝန်းကျင်ရှိ စွမ်းအင်များနှင့် ဒြပ်စင်များအားလုံးကို လုယူနေတော့သည်။
"ခဏလေး… ဒါက ဟိုရှေးဟောင်းနတ်ဆိုးကြီးဆီက အင်မော်တယ်လက်နက် မဟုတ်လား...”
"ဒါကို နတ်ဆိုးမျိုးနွယ်စုက ရသွားတာလား...”
ဤမဟူရာတူကြီးကို မြင်လိုက်ရသည့် တဒင်္ဂအတွင်း ကျိုးစွေ့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ မှတ်ဉာဏ်ထဲတွင် သူ မြင်တွေ့ခဲ့ရဖူးသော လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက မြင်ကွင်းများကို ချက်ချင်း သတိရသွားရသည်။
ထိုရှေးဟောင်းနတ်ဆိုးကြီးသည် ဤမဟူရာတူကြီးကို ကိုင်ဆောင်ထားပြီး ချန်ချွန်းတာအိုအရှင်နှင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
မှန်ပေသည်၊ ထိုတိုက်ပွဲတွင် ထိုရှေးဟောင်းနတ်ဆိုးကြီး ရှုံးနိမ့်သွားခဲ့သည်။
သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အင်မော်တယ်အဆင့် တည်ရှိမှုတစ်ခုဖြစ်ပြီး ၎င်း၏ကိုယ်ပေါ်တွင် ရှိနေသော လက်နက်မှာလည်း အင်မော်တယ်လက်နက်ပင် မဟုတ်ပါလော။
အောက်ဘုံလောကရှိ ကျင့်ကြံသူများ၏ စွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမည့် အရာမျိုး လုံးဝမဟုတ်ချေ။
အင်မော်တယ်လက်နက်၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို လှုံ့ဆော်နိုင်လျှင်ပင် သက်ရှိသတ္တဝါမြောက်မြားစွာကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
ထိုအခါ 'ကံကြမ္မာကူ' က သူ့ထံတွင် သေလောက်သည့်ဘေးအန္တရာယ်နှင့် အဆုံးမဲ့သတ်ဖြတ်လိုသော အငွေ့အသက်များရှိနေကြောင်း အဘယ်ကြောင့် ပြသနေသနည်းဆိုသည်ကို ကျိုးစွေ့ ချက်ချင်းပင် နားလည်သွားလေသည်။
ဤသတ်ဖြတ်လိုစိတ်များမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများထံမှ လာခြင်းမဟုတ်ဘဲ ဤအင်မော်တယ်ရတနာထံမှ လာခြင်းသာ ဖြစ်ပေလိမ့်မည်။
"မိုက်မဲလှတဲ့ ရွှမ်ဟွမ်ဘိုးဘေး… ငါတို့ကိုတောင် ဒေါသထွက်အောင် လုပ်ရဲတယ်ပေါ့...”
"ဒီနေ့ မင်း ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဆိုးဧကရာဇ်တူကြီးအောက်မှာ သေချာပေါက် သေရမယ်...”
အမှောင်နတ်ဆိုးနဂါးမှာ ထိုအင်မော်တယ်ရတနာကို လက်တွင်ကိုင်ဆောင်ထားရင်း ကြောက်မက်ဖွယ်ကောင်းအောင် ဟိန်းဟောက်လိုက်၏။
တောင်တန်းနတ်ဆိုးဘီလူးအပါအဝင် ကျန်ရစ်နေသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ထောင်ကျော်တို့သည် ၎င်းတို့၏ အသက်ကိုပဓာနမထားဘဲ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားလှသော နတ်ဆိုးစွမ်းအားများကို နတ်ဆိုးဧကရာဇ်တူကြီးအတွင်းသို့ ထည့်သွင်းပေးလိုက်ကြလေသည်။
ထိုအခိုက်တွင် နတ်ဆိုးဧကရာဇ်တူကြီးသည် ဤကြီးမားလှသော နတ်ဆိုးစွမ်းအားများကို လောဘတကြီး စုပ်ယူဝါးမျိုလိုက်၏။
မိုးခေါင်နေချိန်တွင် မိုးရေစက်များကို ရရှိလိုက်သကဲ့သို့ပင် ဖြစ်နေချေသည်။
၎င်းထံမှ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသော နတ်ဆိုးအငွေ့အသက်များ ထွက်ပေါ်လာပြီး အရာအားလုံးကို အုပ်စိုးဖိနှိပ်ကာ၊ ချေမှုန်းနိုင်စွမ်းရှိသော အထွတ်အထိပ် ဧကရာဇ်တစ်ပါးနှင့်ပင် တူနေချေသည်။ ၎င်းသည် အမြင့်မြတ်ဆုံးသော တည်ရှိမှုတစ်ခုပင် ဖြစ်လေသည်။
"ချီးတဲ့မှ...”
"အမှောင်နတ်ဆိုးနဂါး၊ မင်း ငါတို့ကို ချောက်ချခဲ့တာပဲ...”
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအများအပြားမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး ၎င်းတို့ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း သိရှိသွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဧကရာဇ်တူကြီး၏ စွမ်းအားကို အပြည့်အဝနှိုးဆွရန်အတွက် စွမ်းအင်တစ်စိတ်တစ်ပိုင်းကိုသာ ထောက်ပံ့ပေးရန် လိုအပ်သည်မဟုတ်သောကြောင့်ပင်။
ဤအင်မော်တယ်ရတနာသည် ၎င်းတို့၏ သွေးသားနှင့် ဝိညာဉ်တစ်ခုလုံးကိုပါ ဝါးမျိုပစ်လိုသည့်ပုံ ပေါက်နေ၏။
၎င်းတို့၏ ခန္ဓာကိုယ်နှင့် စွမ်းအားအားလုံးကို ဤအတုမရှိသော အင်မော်တယ်ရတနာထံသို့ ပူဇော်သက္ကာအဖြစ် ပေးအပ်ရမည် ဖြစ်သည်။
ထို့အပြင် ဤကဲ့သို့သော ပူဇော်သက္ကာခြင်းကို ရပ်တန့်ရန်လည်း လုံးဝမဖြစ်နိုင်ချေ။
ယခုအချိန်တွင် ၎င်းတို့ ထွက်ပြေးချင်နေလျှင်ပင် အချိန်နှောင်းသွားခဲ့ချေပြီ။
"မင်းတို့ကို လှည့်စားခဲ့တာ မဟုတ်ပါဘူး...”
"နတ်ဆိုးမျိုးနွယ်တွေ ကမ္ဘာလောကကြီးကို လွှမ်းမိုးအုပ်စိုးချင်ရင် အမြဲတမ်း ပေးဆပ်မှုတွေတော့ လိုအပ်တာပေါ့...”
"မင်းတို့တွေ စိတ်ချလက်ချ နေလိုက်ကြပါတော့...”
"အခု မင်းတို့ ပေးဆပ်ခဲ့သမျှ အရာအားလုံးက အလဟဿ ဖြစ်မသွားပါဘူး...”
"ငါက မင်းတို့ရဲ့ စွမ်းအားတွေကို အသုံးချပြီးတော့ ဒီရွှမ်ဟွမ်ဘိုးဘေးကို သတ်ပစ်မယ်… ရွှမ်ဟွမ်ဂိုဏ်းကို ဖျက်ဆီးပစ်ပြီးတော့ တစ်ကမ္ဘာလုံးကို ကျွန်ပြုပစ်မယ်...”
"ဒီကမ္ဘာလောကကြီးကလည်း ငါတို့ နတ်ဆိုးမျိုးနွယ်တွေရဲ့ လက်အောက်ကို ရောက်လာတော့မှာပါ...”
အမှောင်နတ်ဆိုးနဂါး၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
၎င်းသည် ၎င်း၏အပေါင်းအပါများကို အမှန်တကယ်ပင် လှည့်စားခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အင်မော်တယ်ရတနာ၏ စွမ်းအားကို နှိုးဆွရန်မှာ ထိုမျှမလွယ်ကူဘဲ ကြီးမားသောပေးဆပ်မှုများ လိုအပ်သောကြောင့်ပင်။
ထိုပေးဆပ်မှုမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာ၏ သွေးသားနှင့် ဝိညာဉ်များပင် ဖြစ်လေသည်။
နတ်ဆိုးဧကရာဇ်တူကြီးအား အစာဝအောင် ကျွေးမွေးနိုင်မှသာ ၎င်းထံမှ စွမ်းအားတစ်စိတ်တစ်ပိုင်းကို အသုံးချ၍ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေသော အစွမ်းကို ထုတ်ဖော်နိုင်မည် ဖြစ်၏။
မှန်ပေသည်၊ ဤကဲ့သို့သော ပေးဆပ်မှုကို ၎င်းကိုယ်တိုင် ပေးဆပ်လိမ့်မည်တော့ မဟုတ်ချေ။
အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို စတေးပစ်မှသာ ၎င်း၏ ရည်ရွယ်ချက်ကို ပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ပါလော။
"မင်း..."
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများစွာမှာ ဟိန်းဟောက်လိုက်ကြပြီး ဒေါသတကြီး ဖြစ်သွားကြရသည်။
၎င်းတို့သည် နတ်ဆိုးမျိုးနွယ်များ ကမ္ဘာလောကကို လွှမ်းမိုးအုပ်စိုးသည်ကို မြင်ချင်သော်လည်း ၎င်းတို့ကိုယ်တိုင် သေဆုံးသွားသည်ကိုတော့ မမြင်ချင်ကြပေ။
အကယ်၍ ကမ္ဘာလောကကို လွှမ်းမိုးနိုင်သော နတ်ဆိုးမျိုးနွယ်တွင် ၎င်းတို့ မပါဝင်ပါက ထိုကဲ့သို့သော နတ်ဆိုးမျိုးနွယ်အား မည်ကဲ့သို့ လိုအပ်ပါမည်နည်း။
ဝမ်းနည်းစရာကောင်းသည်မှာ ယခုအချိန်တွင် ၎င်းတို့ ရုန်းကန်ချင်လျှင်ပင် အချိန်မမီတော့ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ကိုယ်တိုင်ကိုယ်ကျ နတ်ဆိုးဧကရာဇ်တူကြီးအတွင်းသို့ ထည့်သွင်းပေးလိုက်ခြင်းမှာ တစ်ဖက်လူနှင့် ပဋိညာဉ်ချုပ်ဆိုလိုက်သည်နှင့် တူညီနေသောကြောင့် ဖြစ်၏။
၎င်းမှာ ပူဇော်သက္ကာပဋိညာဉ်ပင် ဖြစ်ပေသည်။
လမ်းတစ်ဝက်တွင် ရပ်တန့်ချင်လျှင်ပင် နတ်ဆိုးဧကရာဇ်တူကြီးက သဘောတူမည် မဟုတ်ချေ။