အခန်း (၆၈၉-၆၉၀)
Vol. 64 Ch. 689-690
အခန်း (၆၈၉) - အင်မော်တယ်ရတနာ၏ စွမ်းအား၊ လေဟာနယ်ကို ဖြိုခွဲခြင်း၊ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို သုတ်သင်ခြင်း(၆)။
ဝုန်း... ဝုန်း... ဝုန်း…။
ဤအခိုက်အတန့်တွင် နတ်ဆိုးဧကရာဇ်တူကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုနိုင်စွမ်းများ ထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ဆိုးတစ်ကောင် နိုးထလာသကဲ့သို့ အမှောင်ရေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတစ်ထောင်ကျော်ကို တစ်ကောင်မကျန် ဝါးမျိုပစ်လိုက်လေသည်။
တောင်တန်းနတ်ဆိုးဘီလူးပင်လျှင် ဝါးမျိုခံလိုက်ရ၏။
အမှောင်နတ်ဆိုးနဂါးမှလွဲ၍ အခြားသော နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများအားလုံးသည် နတ်ဆိုးဧကရာဇ်တူကြီး၏ ပူဇော်သက္ကာများအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးဧကရာဇ်တူကြီး၏ အစိတ်အပိုင်းများ ဖြစ်သွားကြလေသည်။
ထိုအချိန်တွင် နတ်ဆိုးဧကရာဇ်တူကြီးထံမှ အနက်ရောင်အလင်းတန်းများ ဆက်တိုက်ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်းအပေါ်ရှိ ရေတွက်၍မရနိုင်သော ရှေးဟောင်းနတ်ဆိုးအက္ခရာများက တွန့်လိမ်လှုပ်ရှားလာကာ ရှေးဟောင်းအငွေ့အသက်တစ်ခုမှာ အဆက်မပြတ် နိုးထလာသည်ကို တွေ့မြင်နေရတော့သည်။
"သေလိုက်စမ်း...”
အမှောင်နတ်ဆိုးနဂါး၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းနေပြီး ၎င်းသည် နတ်ဆိုးဧကရာဇ်တူကြီးကို ကိုင်ဆောင်ကာ ကျိုးစွေ့၏ အငွေ့အသက်ကို ပစ်မှတ်ထား၍ အားကုန်လွှဲရိုက်ချလိုက်လေသည်။
ဤတိုက်ခိုက်မှုတွင် ကမ္ဘာလောကကြီးကို ဖန်ဆင်းနိုင်လောက်သော စွမ်းပကားများ ပါဝင်နေပြီး ကောင်းကင်နှင့်မြေကြီးကိုပင် မျက်စိတစ်မှိတ်အတွင်း ရိုက်ခွဲပစ်လိုက်သကဲ့သို့ ဖြစ်နေချေသည်။
၎င်း၏ ခန္ဓာကိုယ်သည်လည်း အင်မော်တယ်ရတနာထံမှ ထွက်ပေါ်လာသော ဤစွမ်းပကားကို ခံနိုင်ရည်မရှိတော့ဘဲ ပေါက်ကွဲထွက်မည့် အခြေအနေသို့ ရောက်ရှိသွားရသည်။
ခန္ဓာကိုယ်ပေါ်ရှိ အရေပြားတစ်လက်မတိုင်းမှာ ကွဲအက်သွားပြီး သွေးများ အလုံးအရင်း ထွက်ကျလာကာ သွေးကြောများ အပိုင်းပိုင်းပြတ်တောက်သွားခဲ့ရသည်။
ကံကောင်းသည်မှာ ၎င်းက နတ်ဆိုးတစ်ကောင် ဖြစ်နေခြင်းပင်။
အကယ်၍ အခြားသော မျိုးနွယ်စုများသာဆိုလျှင် အင်မော်တယ်ရတနာ၏ အငွေ့အသက်ကြောင့် ပေါက်ကွဲထွက်သွားကာ အပိုင်းပိုင်းအစစ ကွဲကြေသွားပေလိမ့်မည်။
ဝုန်း... ဝုန်း... ဝုန်း…။
ဤတူရိုက်ချက် ကျရောက်လာချိန်တွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ အစိမ်းရောင်နွယ်ပင်များစွာမှာ ခုခံရန်ကြိုးစားလိုက်ပြီး ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြ၏။
သို့သော် အနည်းငယ်မျှပင် အသုံးမဝင်ခဲ့ချေ။
"ဂျွတ်... ဂျွတ်..." ဟူသော မြည်သံအနည်းငယ်နှင့်အတူ အစိမ်းရောင်နွယ်ပင်များသည် ချက်ချင်းပင် ချိုးဖြတ်ခံလိုက်ရကာ မျက်စိတစ်မှိတ်အတွင်းမှာပင် အပိုင်းပိုင်းအစစ ကွဲကြေသွားကြလေသည်။
ကမ္ဘာကြီးတစ်ခုလုံး ဖိနှိပ်ဝင်ရောက်လာသကဲ့သို့ အလွန်အမင်း လေးလံနေပြီး သာမန်စွမ်းအားများဖြင့် ခုခံနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
ဤတူရိုက်ချက်က ဤကုန်းမြေတိုက်ကြီးတစ်ခုလုံးကိုပင် အပိုင်းပိုင်းအစစ ကွဲကြေသွားစေနိုင်သည့်ပုံပေါ်နေသည်။
"ငါ့ကို သတ်ချင်တာလား… ဒီလောက် လွယ်မနေဘူး...”
"မင်းဆီမှာ အင်မော်တယ်ရတနာရှိသလို ငါ့ဆီမှာကော မရှိဘူးများ မှတ်နေလား...”
ကျိုးစွေ့၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းတန်းများ ပေါ်ထွက်လာပြီး ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း အရိပ်အယောင်များကို မတွေ့ရချေ။
ဤမြင်ကွင်းကို ရင်ဆိုင်ရန်အတွက် သူသည် စောစောကတည်းက ဖြေရှင်းမည့်နည်းလမ်းကို စဉ်းစားထားပြီး ဖြစ်၏။
သူက စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး သူ၏ကိုယ်ပေါ်ရှိ အင်မော်တယ်ရတနာဖြစ်သော ရှန်းဟိုင်ပုလဲကို ချက်ချင်း ဆင့်ခေါ်လိုက်လေသည်။
ဤသည်မှာ ချန်ချွန်းတာအိုအရှင် ချန်ရစ်ခဲ့သော အင်မော်တယ်ရတနာပင် ဖြစ်ပေသည်။
သူသည် ၎င်းကို ရိုးရှင်းစွာသာ ထိန်းချုပ်နိုင်သေးသော်လည်း နတ်ဆိုးဧကရာဇ်တူကြီးကို ခုခံရန်အတွက်မူ လုံးဝလုံလောက်နေပြီ ဖြစ်၏။
ဤအင်မော်တယ်ရတနာသည် သိုလှောင်အမျိုးအစား မှော်ရတနာဟု ထင်ရသော်လည်း တကယ့်လက်တွေ့တွင်မူ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်းနှစ်မျိုးစလုံး ပါဝင်သော အင်မော်တယ်ရတနာတစ်ခုပင် ဖြစ်ပေသည်။
အတိတ်ကာလက ချန်ချွန်းတာအိုအရှင်သည် ရှန်းဟိုင်ပုလဲ၏ စွမ်းအားကို အသုံးချကာ ရှေးဟောင်းနတ်ဆိုး၊ ရှေးဟောင်းမိစ္ဆာသားရဲများနှင့် အကြိတ်အနယ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်ရတနာ ရှန်းဟိုင်ပုလဲ၏ အစွမ်းထက်မှုမှာ လုံးဝကို သာမန်မဟုတ်ကြောင်း သက်သေပြရန် လုံလောက်နေသည်။
ရွှစ်...။
နောက်တစ်စက္ကန့်တွင် ကျိုးစွေ့၏ ကိုယ်ခန္ဓာမှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ရှန်းဟိုင်ပုလဲ၏ အတွင်းကမ္ဘာထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသည်။
အင်မော်တယ်ရတနာ ရှန်းဟိုင်ပုလဲက ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားမိသွားသည့်ပုံပေါ်ပြီး ၎င်းထံမှ အပြာရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာကာ ကမ္ဘာလောက၏ အကာအကွယ်အတားအဆီးတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ပတ်ဝန်းကျင်ကို လွှမ်းခြုံထားလိုက်ပြီး ပြီးပြည့်စုံသော ကာကွယ်မှုတစ်ခုကို ဖန်တီးလိုက်၏။
ဝိုးတဝါးဖြင့် တောင်တန်းများနှင့် ပင်လယ်ပြင်များ၏ ပုံရိပ်ယောင်များ ထွက်ပေါ်လာသကဲ့သို့ပင် ဖြစ်လေသည်။
ဝုန်း...။
ချက်ချင်းပင် နတ်ဆိုးဧကရာဇ်တူကြီး၏ စွမ်းအားများက ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်မတတ် ဝင်ရောက်လာပြီး ရှန်းဟိုင်ပုလဲအပေါ်သို့ အားကုန်ရိုက်ချလိုက်ရာ အင်မော်တယ်ရတနာနှစ်ခုမှာ မျက်စိတစ်မှိတ်အတွင်း ရိုက်ခတ်သွားပြီး နှစ်သန်းပေါင်းများစွာ မပြီးဆုံးသေးသော ရန်ကြွေးများကို အဆုံးသတ်ရန် ရည်ရွယ်ထားသကဲ့သို့ပင် ဖြစ်နေတော့သည်။
ဂျွတ်... ဂျွတ်...။
ဤလေဟာနယ်မှာ မျက်စိတစ်မှိတ်အတွင်း ပေါက်ကွဲသွားပြီး အနီးနားရှိ လေဟာနယ်ဆုံမှတ်တစ်ခုကိုပါ ထိမှန်သွားသဖြင့် ဧရာမလေဟာနယ်လမ်းကြောင်းကြီးတစ်ခု ချက်ချင်း ထွက်ပေါ်လာတော့သည်။
ပတ်ဝန်းကျင်ရှိ လေဟာနယ်များမှာ အပိုင်းပိုင်းကွဲထွက်သွားပြီး ပင့်ကူအိမ်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်အက်ကွဲကြောင်းများ ပြည့်နှက်သွားလေသည်။
ပတ်ဝန်းကျင်တွင် လေတိုက်သံများ ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေဟာနယ်လှိုင်းများ ဖြစ်ပေါ်လာ၏။
လေဟာနယ်လှိုင်းတိုင်းက သက်ရှိများစွာကို အလွယ်တကူပင် အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိပေသည်။
"ချီးတဲ့မှ...”
အမှောင်နတ်ဆိုးနဂါးမှာ မျက်နှာအမူအရာ ပြောင်းလဲသွားရသည်။ အဘယ်ကြောင့်ဆိုသော် ဤလေဟာနယ်အက်ကွဲကြောင်း ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ကြီးမားလှသော စုပ်ယူနိုင်စွမ်းများ ဖြစ်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ချက်တည်းနှင့် စုပ်ယူသွားကာ လုံးဝရုန်းထွက်၍ မရနိုင်ကြောင်းကို တွေ့ရှိလိုက်သောကြောင့်ပင်။
ရွှစ်...။
မျက်စိတစ်မှိတ်အတွင်းမှာပင် အမှောင်နတ်ဆိုးနဂါးမှာ နတ်ဆိုးဧကရာဇ်တူကြီးကို ကိုင်ဆောင်ထားရင်း လေဟာနယ်အက်ကွဲကြောင်းထဲသို့ စုပ်ယူခံလိုက်ရချေပြီ။
"သောက်ပြဿနာပဲ...”
ကျိုးစွေ့သည်လည်း အလန့်တကြား ဖြစ်သွားလေသည်။ ရှန်းဟိုင်ပုလဲပါ ဤလေဟာနယ်လမ်းကြောင်း၏ စုပ်ယူနိုင်စွမ်းကြောင့် စုပ်ယူခံလိုက်ရကြောင်းကို သူ တွေ့ရှိလိုက်ရသော်လည်း သူသည် ရှန်းဟိုင်ပုလဲကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသဖြင့် ရှန်းဟိုင်ပုလဲ၏ လှုပ်ရှားမှုကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ချေ။
ထို့ကြောင့် ရှန်းဟိုင်ပုလဲ လေဟာနယ်လမ်းကြောင်း၏ အနက်ရှိုင်းဆုံးနေရာသို့ စုပ်ယူခံလိုက်ရသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
"အား..."
လေဟာနယ်လမ်းကြောင်းထဲသို့ စုပ်ယူခံလိုက်ရသည့် အခိုက်အတန့်တွင် အမှောင်နတ်ဆိုးနဂါးထံမှ သနားစရာကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် လေဟာနယ်လှိုင်းများ ဝင်ရောက်လာပြီး အမှောင်နတ်ဆိုးနဂါးကို မျက်စိတစ်မှိတ်အတွင်း ဓားချက်ပေါင်းများစွာဖြင့် ခုတ်ထစ်လိုက်သကဲ့သို့ ဖြစ်သွားသောကြောင့်ပင်။
၎င်းသည် တစ်စက္ကန့်မျှပင် တောင့်ခံထားနိုင်ခြင်းမရှိဘဲ အမှုန့်ဖြစ်သွားအောင် ခုတ်ထစ်ခံလိုက်ရကာ အရိုးပင်မကျန်တော့ချေ။
လေဟာနယ်လမ်းကြောင်းထဲတွင် ပျောက်ကွယ်သွားရတော့၏။
သို့သော်လည်း ကျိုးစွေ့မှာမူ ရှန်းဟိုင်ပုလဲ၏ အကာအကွယ်ကြောင့် ဘေးကင်းလုံခြုံနေသည်။ ရေတွက်၍မရနိုင်သော လေဟာနယ်လှိုင်းများ ဝင်ရောက်လာသော်လည်း ရှန်းဟိုင်ပုလဲက အလွယ်တကူပင် ခုခံပေးထားနိုင်ပြီး မည်သည့် လေဟာနယ်လှိုင်း၏ စွမ်းအားကမှ ရှန်းဟိုင်ပုလဲ၏ ပင်မကိုယ်ထည်ကို မထိခိုက်စေနိုင်ခဲ့ပေ။
ဤသည်မှာ လေဟာနယ်လှိုင်းများကြားထဲတွင် ခရီးနှင်နေသော လေယာဉ်တင်သင်္ဘောကြီးတစ်စီးနှင့်ပင် တူနေချေသည်။
ပတ်ဝန်းကျင်တွင် မုန်တိုင်းများစွာ ထွက်ပေါ်လာသည့်တိုင် တောင်ကြီးတစ်တောင်ကဲ့သို့ တည်ငြိမ်နေလေသည်။
"သိမ်းယူစမ်း...”
အမှောင်နတ်ဆိုးနဂါးမှာ လေဟာနယ်လှိုင်းများ၏ ဖိနှိပ်မှုကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီး အင်မော်တယ်ရတနာ နတ်ဆိုးဧကရာဇ်တူကြီးမှာ ပိုင်ရှင်မဲ့အင်မော်တယ်ရတနာ ပြန်လည်ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ဤသည်မှာ အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်ကြောင်းကို ကျိုးစွေ့ ချက်ချင်းပင် နားလည်သွားသည်။
သူက အတွေးတစ်ချက်လှုပ်ရှားလိုက်ပြီး ရှန်းဟိုင်ပုလဲ၏ စွမ်းအားအနည်းငယ်ကို ချက်ချင်း အသုံးချလိုက်၏။
ဝှစ်...။
ချက်ချင်းပင် ဤအင်မော်တယ်ရတနာ နတ်ဆိုးဧကရာဇ်တူကြီးမှာ ရှန်းဟိုင်ပုလဲ၏ အတွင်းကမ္ဘာထဲသို့ သိမ်းဆည်းခံလိုက်ရလေသည်။
ဤအင်မော်တယ်ရတနာသည် မူလက အစွမ်းကုန် ရုန်းကန်ချင်နေသေး၏။
သို့သော်လည်း ရှန်းဟိုင်ပုလဲစွမ်းအားများ၏ ဖိနှိပ်မှုအောက်တွင် ၎င်း၏ကိုယ်ပေါ်ရှိ စွမ်းအားများမှာ အလျင်အမြန် ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် ငြိမ်သက်သွားသော အခြေအနေသို့ ရောက်ရှိသွားကာ မည်သည့်စွမ်းအားကိုမှ ပြန်လည်မထုတ်ဖော်နိုင်တော့ချေ။
အင်မော်တယ်ရတနာကို အင်မော်တယ်ရတနာဖြင့်သာ ဖိနှိပ်နိုင်ကြောင်း ထင်ရှားပေသည်။
‘သောက်ကျိုးတော့နည်းပြီ… ရွှမ်ဟွမ်ကမ္ဘာကို ပြန်သွားလို့ မရတော့ဘူး…'
ကျိုးစွေ့သည် အတွေးတစ်ချက်လှုပ်ရှားလိုက်ပြီး ရှန်းဟိုင်ပုလဲကို အသုံးချကာ ရွှမ်ဟွမ်ကမ္ဘာသို့ ပြန်သွားရန် စဉ်းစားလိုက်လေသည်။
ဝမ်းနည်းစရာကောင်းသည်မှာ သူသည်လည်း ရှန်းဟိုင်ပုလဲကို ရွှေ့ပြောင်းနိုင်စွမ်း မရှိသကဲ့သို့ ပတ်ဝန်းကျင်ရှိ လေဟာနယ်လှိုင်းများမှာလည်း အလွန်အမင်း ကြမ်းတမ်းလွန်းနေသည်။
ဤသည်မှာ သမုဒ္ဒရာပြင်ပေါ်က လှေငယ်လေးတစ်စင်းကဲ့သို့ပင် ဖြစ်ပြီး လှိုင်းတံပိုးများ၏ တွန်းပို့မှုနောက်သို့သာ လိုက်ပါသွားရတော့မည် ဖြစ်၏။
'ထားလိုက်တော့... ထားလိုက်ပါတော့လေ…'
'အရင်ဆုံး လေဟာနယ်ထဲမှာပဲ ခရီးဆက်ရတာပေါ့…'
'ပြီးမှပဲ ရွှမ်ဟွမ်ကမ္ဘာကို ပြန်သွားဖို့ နည်းလမ်းရှာတော့မယ်...’
'ကံကောင်းတာကတော့ ငါ့ရဲ့ ကိုယ်ပွားက ရွှမ်ဟွမ်ကမ္ဘာထဲမှာ ရှိနေသေးလို့ ပြဿနာကြီးကြီးမားမားတော့ မရှိလောက်ပါဘူး...’
ကျိုးစွေ့သည် ချက်ချင်းပင် တည်ငြိမ်သွားလေသည်။
မည်သို့ပင်ဖြစ်စေ ကိစ္စရပ်များက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ရာ မည်သို့မျှမတတ်နိုင်တော့ဘဲ ရေစုန်မျောလိုက်ရုံသာ ရှိတော့သည်။
ဖြစ်သမျှအကြောင်း အကောင်းပင် မဟုတ်ပါလော။
အခန်း (၆၉၀) - ရွှမ်ဟွမ်ကမ္ဘာအား တပေါင်းတစည်းတည်းဖြစ်စေခြင်း၊ အစစ်အမှန်ဝိညာဉ်ခွန်ဖန်နှင့် စိတ်ဝိညာဉ်ကမ္ဘာမှ လူသားမျိုးနွယ်(၁)။
ကျိုးစွေ့၏ပုံရိပ် ဤလေဟာနယ်ထဲ၌ ပျောက်ကွယ်သွားချိန်တွင်မူ မူလက ပေါ်ပေါက်နေခဲ့သော လေဟာနယ်အက်ကွဲကြောင်းများစွာသည် ယခုအခါ ကမ္ဘာလောက၏စွမ်းအားအောက်၌ လျင်မြန်စွာ ပြန်လည်ကုစားသွားလေ၏။
ဤသည်မှာ ကမ္ဘာလောက၏ သီးသန့်ရှိနေသော ကုစားနိုင်စွမ်းစွမ်းအားပင် ဖြစ်သည်။
လေဟာနယ်အတားအဆီးများမှာ ယာယီအားဖြင့် ဆုတ်ဖြဲခံလိုက်ရလျှင်ပင် ကမ္ဘာလောက၏ကုစားနိုင်စွမ်းကြောင့် လျင်မြန်စွာပင် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
ချက်ချင်းပင် စစ်မြေပြင်ကြီးတစ်ခုလုံးအတွင်း၌ ကျိုးစွေ့အပါအဝင် နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများအားလုံး လုံးဝ ပျောက်ကွယ်သွားချေပြီ။
သိသာထင်ရှားစွာပင် ဟာလာဟင်းလင်း ဖြစ်သွားလေ၏။
ဤမြင်ကွင်းကို ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများစွာကလည်း ပထမဆုံး မြင်တွေ့လိုက်ကြ၏။
“ဘာဖြစ်သွားတာလဲ… ဂိုဏ်းချုပ်ကြီးက နိုင်သွားတာလား…”
လက်ရှိအခြေအနေမှာ အဘယ်အရာများဖြစ်ပျက်သွားမှန်းကို နားမလည်နိုင်တော့ဘဲ တစ်စုံတစ်ယောက်က ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် နိုင်သွားပြီဟု ဆိုနိုင်သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးကောင်ရေ နှစ်ထောင်ကျော်မှာ ခုတ်ထစ်သတ်ဖြတ်ခံလိုက်ရသဖြင့် နတ်ဆိုးမျိုးနွယ်များ၏ ထိပ်တန်းစစ်အင်အားကို ချေမှုန်းနိုင်ခဲ့ပြီဟု ဆိုနိုင်ပြီး ကြီးမားလှသော အောင်ပွဲကြီးကို ရရှိခဲ့သည်ဟုပင် ဆိုနိုင်ပေသည်။
သို့သော် ပြဿနာမှာ အကြီးမားဆုံးသော ကျေးဇူးရှင်ဖြစ်သည့် ရွှမ်ဟွမ်ဂိုဏ်းချုပ်ကြီးသည် ဤအချိန် ဤအခါ၌ ပျောက်ကွယ်သွားကာ သေသည်၊ရှင်သည်ကိုမူ မသိရခြင်းပင် ဖြစ်၏။
“မကောင်းတော့ဘူး… ဂိုဏ်းချုပ်ကြီးက လေဟာနယ်အက်ကွဲကြောင်းထဲကို ပြုတ်ကျသွားသလိုပဲ…”
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
သူက ဂိုဏ်းချုပ်ကြီးမှာ လေဟာနယ်အက်ကွဲကြောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ဤကမ္ဘာလောကမှ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း ပြောဆိုလိုက်၏။
“ဂိုဏ်းချုပ်ကြီးက အဲဒီနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေနဲ့အတူတူ သေဆုံးသွားတာများလား…”
“မဖြစ်နိုင်တာ… ဂိုဏ်းချုပ်ကြီးက ဘယ်လိုအဆင့်အတန်းမျိုးလဲ… နတ်ဆိုးတွေရဲ့သတ်ဖြတ်တာကို ဘယ်လိုလုပ် ခံရနိုင်မှာလဲ…”
“အဲဒီနတ်ဆိုးတွေက အင်မော်တယ်ရတနာကို ထုတ်ယူလိုက်တာ မင်း မမြင်လိုက်ဘူးလား…”
“ဂိုဏ်းချုပ်ကြီးက တကယ်ပဲ အင်မော်တယ်ဝင်စားတာ ဖြစ်နိုင်ပေမဲ့ အင်မော်တယ်ရတနာကို ရင်ဆိုင်ရချိန်မှာတော့ တောင့်ခံနိုင်ဖို့ ခက်ခဲလောက်တယ်…”
ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများစွာမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး မျက်နှာများမှာလည်း အလွန်လေးနက်သွားကြလေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများအားလုံးကို ချေမှုန်းနိုင်ခဲ့သည်မှာ ရွှမ်ဟွမ်ဂိုဏ်းအတွက်ရော လူသားမျိုးနွယ်အတွက်ပါ သဘာဝကျကျ အကျိုးကျေးဇူးများစွာ ရှိပေသည်။ သို့သော် ဂိုဏ်းချုပ်ကြီး ပျောက်ဆုံးသွားပါက ရွှမ်ဟွမ်ဂိုဏ်းအတွက်မူ အလွန်ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
“စိတ်မပူကြနဲ့… ကျုပ် ဘာမှမဖြစ်ပါဘူး…”
ထိုအချိန်မှာပင် ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများစွာ၏ရှေ့မှောက်၌ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ထိုသူမှာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအသွင်ပြောင်းအဆင့်နယ်ပယ်၏အငွေ့အသက်များ လွှမ်းခြုံထားသော ကျိုးစွေ့ပင် ဖြစ်ချေသည်။
မှန်ပေသည်၊ ဤသည်ကား ကျိုးစွေ့၏အစစ်အမှန်ခန္ဓာကိုယ် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်၏။
အစစ်အမှန်ခန္ဓာကိုယ်မှာ 'ဆန်းဟိုင်ပုလဲ' ၏ နေရာလွတ်အတွင်း၌ ရှိနေသော်လည်း သူသည် ရွှမ်ဟွမ်ကမ္ဘာ၌ ကိုယ်ပွားထောင်ပေါင်းများစွာကို ချန်ထားရစ်ခဲ့လေသည်။
ထို့ကြောင့် သူ၏အစစ်အမှန်ခန္ဓာကိုယ် ထွက်ခွာသွားလျှင်ပင် ရွှမ်ဟွမ်ကမ္ဘာကို ထိန်းချုပ်နိုင်စွမ်းရှိနေဆဲပင် ဖြစ်ပေသည်။
“ဂိုဏ်းချုပ်ကြီး…”
“အရှင် ဘာမှမဖြစ်တာ တကယ်ကို ကောင်းတာပဲ…”
ကျိုးစွေ့ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လူအများမှာ ဝမ်းသာလုံးဆို့သွားကြသည်။ ၎င်းတို့မှာ ဂိုဏ်းချုပ်ကြီးနှင့် ထိုနတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ အတူတကွ သေဆုံးသွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း၊ ဤသည်မှာ အချည်းနှီးထိတ်လန့်ခြင်းသာ ဖြစ်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
၎င်းတို့သည် ကျိုးစွေ့၏ခန္ဓာကိုယ်မှ နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးသဖွယ် အရှိန်အဝါကို ခံစားလိုက်ရပြီးနောက် စိတ်သက်သာရာရသွားကြသည်။
ယခုလက်ရှိ ကျိုးစွေ့မှာ ရွှမ်ဟွမ်ဂိုဏ်းအတွက် သမုဒ္ဒရာကိုပင် ငြိမ်သက်စေနိုင်သော ထောက်တိုင်ကြီးပင် ဖြစ်၏။
ဂိုဏ်းချုပ်ကြီး ဘာမှမဖြစ်သရွေ့ ရွှမ်ဟွမ်ဂိုဏ်းသည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေမည်သာ မဟုတ်ပါလော။
“ကဲပါ စကားမများကြနဲ့တော့…”
“အခု နတ်ဆိုးမျိုးနွယ်ရဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်အများအပြား ချေမှုန်းခံလိုက်ရပြီ…”
“အခုအချိန်က နတ်ဆိုးမျိုးနွယ်ကို ပြန်လည်တိုက်ခိုက်ဖို့အတွက် အကောင်းဆုံးအချိန်ပဲ…”
“ချက်ချင်းထွက်ပြီး ကျန်နေတဲ့ နတ်ဆိုးတွေကို ချေမှုန်းကြ…”
ကျိုးစွေ့က အမိန့်ပေးလိုက်လေသည်။ သူက နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ချေမှုန်းခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသော အဆင့်နိမ့်နတ်ဆိုးများကို ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများထံ လွှဲအပ်လိုက်ခြင်းမှာ အကျိုးသင့်အကြောင်းသင့်ပင် ဖြစ်၏။
ကိစ္စရပ်တိုင်းကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံလုပ်ဆောင်နေရန် မဖြစ်နိုင်ပေ။ ထိုသို့သာဆိုလျှင် ဤတပည့်များကို အဘယ်မှာ လိုအပ်တော့မည်နည်း။
“နားလည်ပါပြီ ဂိုဏ်းချုပ်ကြီး”
ဤစကားကို ကြားသောအခါ ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများစွာ၏ မျက်လုံးများ၌ စိတ်လှုပ်ရှားမှုအလင်းတန်းများ ပေါ်လွင်လာလေသည်။ သိသာထင်ရှားစွာပင် နတ်ဆိုးမျိုးနွယ်၌ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများကို ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ အလှည့်အပြောင်းပြုနိုင်သည့် စွမ်းအားများ မရှိတော့ချေ။
သို့သော် ရွှမ်ဟွမ်ဂိုဏ်းတွင်မူ နတ်ဘုရားအသွင်ပြောင်းအဆင့်များစွာ ရှိနေသေးရာ ဤသည်က အဆင့်ချင်းမတူသော အပြီးသတ်ချေမှုန်းမှုကြီးပင် ဖြစ်သည်။
ဝုန်း... ဝုန်း... ဝုန်း...။
မျက်စိတစ်မှိတ်အတွင်း၌ပင် ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများသည် အသိုက်မှထွက်လာသည့်အလား အုံနှင့်ကျင်းနှင့် ထွက်ပေါ်လာကာ အဝေးရှိ နတ်ဆိုးစစ်တပ်ကြီးထံသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။ ၎င်းတို့သည် ကျန်ရစ်နေသော နတ်ဆိုးအကြွင်းအကျန်များကို ရှင်းလင်းကာ ကောင်းကင်နှင့်မြေကြီးကို ပြန်လည်လင်းလက်လာစေရန် လုပ်ဆောင်နေကြ၏။
ဝှစ်...။
ဤအခိုက်အတန့်၌ ကိုယ်ပွားကျိုးစွေ့သည်လည်း ချန်ဇီယွင်အစရှိသည့် တာအိုလက်တွဲဖော်များ၏အနီး၌ ပေါ်လာလေသည်။
သူမတို့သည် ဤသည်မှာ မိမိတို့ခင်ပွန်း၏ အစစ်အမှန်ခန္ဓာကိုယ်မဟုတ်ဘဲ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ကြောင်းကို မြင်မြင်ချင်းပင် မှတ်မိသွားကြ၏။
“ယောက်ျား... တကယ်ပဲ ဘာမှမဖြစ်ဘူးမှတ်လား…”
ယဲ့ဖေးရိုက မနေနိုင်ဘဲ စိုးရိမ်တကြီး မေးလိုက်သည်။ အခြားသော ရွှမ်ဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများ မသိကြသော်လည်း ၎င်းတို့ကမူ ရှင်းလင်းစွာ သိရှိထားကြသည်။
အစစ်အမှန်ခန္ဓာကိုယ်မှာ ဤနေရာ၌ မရှိတော့ဘဲ လေဟာနယ်၏နက်ရှိုင်းသောနေရာသို့ ဆွဲသွင်းခံလိုက်ရချေပြီ။
၎င်းတို့၏ခင်ပွန်းမှာ အလွန်တရာ စွမ်းဆောင်ရည်ကြီးမားကြောင်း သိရှိထားသော်လည်း ထိုအရာသည်ကား လေဟာနယ်စီးကြောင်း ဖြစ်နေသည်မဟုတ်ပါလော။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦး ဝင်ရောက်သွားလျှင်ပင် ကောင်းမွန်သော အဆုံးသတ်မျိုးဖြစ်လာရန်မူ ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ၎င်းတို့ စိုးရိမ်နေကြသည်မှာလည်း အပြစ်မဆိုသာချေ။
“ဘာမှမဖြစ်ပါဘူး… ကိုယ်ပွားတွေ ဘေးကင်းနေတယ်ဆိုတာက အစစ်အမှန်ခန္ဓာကိုယ်မှာလည်း ဘာပြဿနာမှ မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့…”
“အခု အစစ်အမှန်ခန္ဓာကိုယ်က အင်မော်တယ်ရတနာ 'ဆန်းဟိုင်ပုလဲ' ရဲ့အတွင်းကမ္ဘာထဲကို ဝင်ရောက်သွားပြီး လေဟာနယ်ထဲမှာ မျောနေတယ်…”
“အချိန်အတိုင်းအတာတစ်ခု ကြာရင်တော့ ရွှမ်ဟွမ်ကမ္ဘာကို ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်…”
ကိုယ်ပွားကျိုးစွေ့က လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဒါဆိုရင်လည်း တော်ပါသေးရဲ့…”
ထိုစကားကို ကြားသောအခါ ချန်ဇီယွင်နှင့် အခြားသူများမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြ၏။ အသက်ရှင်နေသေးသရွေ့ ပြဿနာက ကြီးကြီးမားမားမရှိလှချေ။ လေဟာနယ်ထဲသို့ ရောက်ရှိနေလျှင်ပင် ပြန်လည်ရောက်ရှိလာနိုင်ပေမည်။
သူမတို့သည် မိမိတို့ခင်ပွန်း၏စွမ်းဆောင်နိုင်ရည်အရ မကြာမီတွင် ရွှမ်ဟွမ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်းကို ယုံကြည်ထားကြသည်။
ဤသည်က အနှေးနှင့်အမြန်ဖြစ်လာရမည့် ကိစ္စရပ်တစ်ခုမျှသာ ဖြစ်၏။
“သေနာကျမယ့် နတ်ဆိုးမျိုးနွယ်တွေ… ယောက်ျားကို အန္တရာယ်ကြားထဲ ရောက်သွားစေရဲတယ်ပေါ့… တကယ်ကို သေသင့်တဲ့ကောင်တွေပဲ…”
“ဒီတစ်ကြိမ်တော့ ငါတို့ နတ်ဆိုးမျိုးနွယ်ကို အမြစ်ဖြတ်ပြီး မြေအောက်နတ်ဆိုးဂူထဲကို အပြီးတိုင်း ပြန်မောင်းထုတ်ပစ်ရမယ်…”
ချိုးရူယွီက သတ်ဖြတ်လိုငွေ့များ ထောင်းထောင်းထနေလျက် ပြောလိုက်လေသည်။
“ကောင်းပြီ…”
တာအိုလက်တွဲဖော်များစွာမှာ အချင်းချင်း အပြန်အလှန်ကြည့်လိုက်ကြပြီး တစ်ယောက်စီ၏ မျက်လုံးအိမ်နက်ရှိုင်းသောနေရာမှ နက်ရှိုင်းလှသည့် သတ်ဖြတ်လိုငွေ့များကို မြင်တွေ့နေရတော့သည်။
၎င်းတို့သည် စကားအပိုမဆိုတော့ဘဲ ရေနစ်နေသောခွေးကို ဝိုင်းရိုက်သည့် ထိုစစ်ပွဲကြီးအတွင်းသို့ ချက်ချင်းပင် ပါဝင်သွားကြတော့သည်။
...
တစ်လအကြာတွင်…။
ဤစစ်ပွဲကြီး၌ သဘာဝကျကျ ရွှမ်ဟွမ်ဂိုဏ်းက ကြီးမားသော အောင်ပွဲကြီးကို ရရှိခဲ့လေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးများ ဆုံးရှုံးသွားသော နတ်ဆိုးမျိုးနွယ်သည် ရွှမ်ဟွမ်ဂိုဏ်း၏ပြိုင်ဘက် လုံးဝ မဖြစ်နိုင်တော့ချေ။
ကျိုးစွေ့၏ကိုယ်ပွားများအပြင် ချန်ဇီယွင်၊ ချိုးရူယွီနှင့် ယဲ့ဖေးရိုစသည့် နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူ သုံးဦးလည်း ရှိနေသေး၏။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးတည်း ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားသည်ကပင် သဘာဝဘေးအန္တရာယ်ကြီးတစ်ခုနှင့် တူညီနေပေသည်။
လက်တစ်ဖက်လှန်ရုံ တိုက်ခိုက်လိုက်သော တိုက်ကွက်ကပင် မိုင်ပေါင်းတစ်သောင်းမျှ ကျယ်ဝန်းသော ကမ္ဘာမြေကြီးကို အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိလေသည်။
နတ်ဆိုးများ မည်မျှပင် များပြားသည်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြီးကဲ့သို့သော စွမ်းအားကို ရင်ဆိုင်ရချိန်တွင်မူ တို့ဟူးကဲ့သို့ ပျော့ညံ့နေဆဲပင် ဖြစ်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အမျိုးသမီးကျင့်ကြံသူသုံးဦး၏ ဝိုင်းဝန်းချေမှုန်းမှု အခြေအနေအောက်၌ သန်းပေါင်းထောင်ချီသော နတ်ဆိုးများမှာ သတ်ဖြတ်ခံလိုက်ရလေသည်။
ထို့အပြင် ဤနတ်ဆိုးရုပ်အလောင်းများကို 'နတ်ဆိုးသန့်စင်ကန်' ထံသို့ ပြန်လည်သယ်ဆောင်သွားကာ ဝိညာဉ်သေရည်အမြောက်အမြားကို သန့်စင်ဖန်တီးနိုင်ခဲ့ကြ၏။
ရွှမ်ဟွမ်ဂိုဏ်းသည် 'မြေအောက်နတ်ဆိုးဂူ' ၏ နက်ရှိုင်းသောနေရာအထိပင် တိုက်ရိုက်ဝင်ရောက်သွားခဲ့ပြီး နတ်ဆိုးမျိုးနွယ်ကို အပြီးတိုင် ချေမှုန်းရန် ကြိုးစားခဲ့ကြသေးသည်။
သို့သော် မြေအောက်နတ်ဆိုးဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိချိန်၌ ချန်ဇီယွင်နှင့် အခြားသူများမှာ ဆက်လက်၍ ရှေ့မတိုးနိုင်တော့ကြောင်းကို ရှာဖွေတွေ့ရှိသွားကြ၏။
အဘယ်ကြောင့်ဆိုသော် အတွင်းပိုင်းရှိ နတ်ဆိုးအငွေ့အသက်များမှာ အလွန်တရာ သိပ်သည်းလွန်းနေသောကြောင့်ပင်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများပင်လျှင် တောင့်ခံနိုင်စွမ်း မရှိကြချေ။ အကယ်၍ ထိုနေရာမျိုးတွင် အချိန်ကြာမြင့်စွာ နေထိုင်ပါက နတ်ဆိုးအငွေ့အသက်များ၏ ကျူးကျော်ဝင်ရောက်ခြင်းကို ခံရမည်ဖြစ်ပြီး နတ်ဆိုးအဖြစ်သို့ တိုက်စားပြောင်းလဲသွားရပေလိမ့်မည်။ ထို့ကြောင့် ဤစစ်ပွဲမှာ ဤနေရာ၌ပင် အဆုံးသတ်သွားခဲ့ရလေသည်။
သို့သော်ငြား ဤတိုက်ပွဲသည် နတ်ဆိုးမျိုးနွယ်များအား နှစ်ပေါင်းတစ်ထောင်အတွင်း အင်အားပြန်လည်မဖြည့်တင်းနိုင်လောက်အောင် လုံလောက်သော ထိုးနှက်ချက် ဖြစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ရွှမ်ဟွမ်ဂိုဏ်းသည် မြေအောက်နတ်ဆိုးဂူဝင်ပေါက်တိုင်း၌ ချိပ်ပိတ်အစီအရင်များကို ခင်းကျင်းခဲ့ပြီး နတ်ဆိုးများ မြေအောက်မှ ထွက်လာကာ ကမ္ဘာလောကကို အန္တရာယ်မပြုနိုင်စေရန်အတွက် ကျင့်ကြံသူများကို စေလွှတ်စောင့်ကြပ်စေခဲ့၏။
အချုပ်အားဖြင့်ဆိုရသော် ဤစစ်ပွဲပြီးဆုံးပြီးနောက် ရွှမ်ဟွမ်ဂိုဏ်း၏ အရှင်သခင်အဆင့်အတန်းမှာ လုံးဝ ခိုင်မာသွားခဲ့ပြီ ဖြစ်သည်။
ရွှမ်ဟွမ်ဂိုဏ်း၏ ကျော်ကြားမှုနှင့် သြဇာအာဏာမှာ ရွှမ်ဟွမ်ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့လေသည်။ များစွာသော ဂိုဏ်းများနှင့် မိသားစုများသည် ရွှမ်ဟွမ်ဂိုဏ်း၏အုပ်ချုပ်မှုအောက်သို့ အသီးသီး ဝင်ရောက်ခိုလှုံလာကြ၏။
နောက်ဆုံးတွင် ဤကမ္ဘာကို ရွှမ်ဟွမ်ဂိုဏ်းက ထိန်းချုပ်နိုင်ခဲ့ပြီး မည်သူမျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။
...