← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၃ + ၉၄

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

နောက်တစ်ခဏ၌ ရွှေနီရောင် စိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသော မိုးကြိုးများကို ထိန်းချုပ်လိုက်သဖြင့် ခြံဝင်းထဲရှိ သစ်ပင်တစ်ပင်မျှ ထိခိုက်သွားခြင်း မရှိပေ။

လူရိပ်နှစ်ခုက တိုက်ခိုက်မှုအရှိန်ကို ရပ်တန့်လိုက်ပြီးနောက် ဘေးမှကြည့်နေသော ဝေဝူရွှမ်က ခေါင်းကို တစ်ဆတ်ဆတ် ညိတ်လိုက်သည်။

"လေချန်ရဲ့ တိုးတက်မှုနှုန်းက ငါထင်ထားတာထက် အများကြီး ပိုမြန်နေပြီပဲ။ အရင်တုန်းကဆို မင်းက လင်းချန်ရဲ့ အထုအထောင်းခံသက်သက်ပဲလေ။"

လူရိပ်နှစ်ခု တစ်ဖက်စီ ခွဲထွက်သွားပြီးနောက် ခရမ်းရောင်မိုးကြိုး စိတ်ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွား၏။ လေချန်က ဖူးရောင်နေသော သူ၏ညာဘက်မျက်လုံးကို ပွတ်သပ်လိုက်ရသည်။

"ဒါပေမဲ့ ရလဒ်က အတူတူပါပဲဗျာ။ အမြဲတမ်း ဝက်တစ်ကောင်လို အထုအထောင်း ခံရတာချည်းပါပဲ။"

အခြားတစ်ဖက်ရှိ လင်းချန်ကမူ အားရပါးရ ရယ်မောလိုက်မိ၏။

"ဘယ်သူက မင်းကို အဲဒီလောက် အားနည်းခိုင်းလို့လဲ။ ဒါပေမဲ့ ငါက စွမ်းအားကို ထိန်းထားတဲ့ အခြေအနေမှာဆိုရင်တောင် မင်းက ငါ့ကို အထိနာအောင် လုပ်နိုင်လိုက်သေးတာပဲ... ဘယ်ဆိုးလို့လဲကွ"

ပြောပြီးသည်နှင့် လင်းချန် ဖူးရောင်နေသော သူ၏ ညာဘက်လက်မောင်းကို မြှောက်ပြလိုက်၏။

"ဒါပေမဲ့ မင်း ငါ့မျက်နှာကိုတော့ ထိအောင် မလုပ်နိုင်သေးပါဘူးကွာ။"

လေချန်က နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး လက်မြှောက်အရှုံးပေးသည့် ဟန်ဖြင့် ပြောလိုက်၏။

"ခေါင်းဆောင်လို သားရဲကောင်နဲ့ ယှဉ်ရတာက သေလမ်းရှာတာနဲ့ အတူတူပဲ။ ဒါတောင် ခေါင်းဆောင်က စွမ်းအားကို အမြဲတမ်း လျှော့သုံးနေလို့။ တကယ်လို့ အစွမ်းကုန်သာ သုံးလိုက်ရင်တော့..."

"ဒါပေမဲ့ မင်းမှာလည်း ကောင်းကင်နဲ့မြေကြီး ပြောင်းပြန်လှန်မတတ် အပြောင်းအလဲတွေ ဖြစ်လာပြီး မူလပြန်လည်ဖြည့်ဆည်းခြင်းကို အောင်မြင်သွားခဲ့ပြီလေ။"

လင်းချန်က လေချန်အား လက်ညှိုးညွှန်ပြကာ လက်မထောင်ပြလိုက်၏။

"မူလပြန်လည်ဖြည့်ဆည်းခြင်း ဆိုတာ တော်တော်လေး ခက်ခဲတာလေ။"

"မူလပြန်လည်ဖြည့်ဆည်းခြင်း..."

ထိုစကားကို ကြားသောအခါ လေချန်လည်း စိတ်လှုပ်ရှားသွားရ၏။ မူလပြန်လည်ဖြည့်ဆည်းခြင်း ဆိုသည်မှာ နိဗ္ဗာန်နယ်ပယ် ကျင့်ကြံခြင်း၏ အားနည်းချက်ကို ပြန်လည် ကုစားသော နည်းလမ်းပင် ဖြစ်သည်။

နားထောင်ရသည်မှာ ရိုးရှင်းလှသည်။ အသက်နှစ်ဆယ့်ခြောက်နှစ် မပြည့်မီ နိဗ္ဗာန်ကိုးဆင့်သို့ ရောက်ရှိနေသော စိတ်ဝိညာဉ်စွမ်းအားများကို နေယွမ်နယ်ပယ်အထိ ပြန်လည်ဖြိုခွင်းလိုက်ပြီးနောက် အသစ်တစ်ဖန် ပြန်လည်ကျင့်ကြံရခြင်း ဖြစ်သည်။

လေချန်သည် အသက်နှစ်ဆယ့်နှစ်နှစ် ရှိနေပြီဖြစ်ရာ အတိတ်ကသာဆိုလျှင် ဤကဲ့သို့ ဘယ်သောအခါမျှ လုပ်ရဲမည် မဟုတ်ပေ။ ယခင်က နိဗ္ဗာန်နယ်ပယ်သို့ ရောက်ရန် လေးနှစ်လုံးလုံး ကြာမြင့်ပြီး သူ၏အဘိုး ယူလာပေးသော ဆေးဝါးများကိုပင် အကူအညီ ယူခဲ့ရသည်။

အကယ်၍ သူသာ မူလပြန်လည်ဖြည့်ဆည်းခြင်းကို လုပ်ဆောင်လိုက်ပါက အသက်နှစ်ဆယ့်ခြောက်နှစ် မတိုင်မီ နိဗ္ဗာန်နယ်ပယ်ကိုးဆင့်သို့ ပြန်ရောက်နိုင်မည်ဟု အာမမခံနိုင်ပေ။

နိဗ္ဗာန်နယ်ပယ်ကိုးဆင့်သို့ အချိန်မီ ပြန်မရောက်နိုင်ပါက မူလက မြှင့်တင်ထားသော စိတ်ဝိညာဉ်စွမ်းအင်များ ပျောက်ကွယ်သွားမည့်အပြင် စိတ်ဝိညာဉ်စွမ်းအင်များ၏ မူလအားမှာလည်း လျော့နည်းသွားမည် ဖြစ်၏။

သို့သော် ယခုမူ ကွာခြားသွားပြီ ဖြစ်သည်။ လင်းချန် ပေးထားသော ကျင့်ကြံခြင်းနည်းစနစ်ကြောင့် သူ၏ ကျင့်ကြံနှုန်းမှာ ယခင်နှင့် တခြားစီ ဖြစ်နေပြီ ဖြစ်သည်။

ထို့အပြင် စိတ်ဝိညာဉ်စွမ်းအားကို ဖြိုခွင်းပြီးနောက် လင်းချန်သည် အမည်မသိ နည်းလမ်းတစ်ခုကို အသုံးပြုကာ သူ၏ ဖြိုခွင်းလိုက်သော စိတ်ဝိညာဉ်စွမ်းအားများအားလုံးကို ပျောက်ပျက်မသွားစေဘဲ ခန္ဓာကိုယ်ထဲ၌ ချိပ်ပိတ်သိမ်းဆည်းပေးထား၏။

ရလဒ်အနေဖြင့် ရက်ပေါင်းနှစ်ဆယ် အတွင်းမှာပင် လေချန်က နိဗ္ဗာန်တစ်ဆင့်မှ နိဗ္ဗာန်ကိုးဆင့်သို့ ပြန်လည် ကျင့်ကြံနိုင်လာသည်။ ထိုမျှ ထိတ်လန့်ဖွယ်ကောင်းသော ကျင့်ကြံနှုန်းကြောင့် လေချန် ကိုယ်၌ပင် မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။

သို့သော် သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာ မတည်ငြိမ်သေးပေ။ ​လေချန်သည် ခေါင်းဆောင် လင်းချန်၏ ပြောကြားချက်အတိုင်း သူ၏ ပါရမီအလားအလာများ အပြည့်အဝ မနိုးထသေးသဖြင့် ကောင်းကင်နယ်ပယ်သို့ တက်လှမ်းရန် စိတ်မကူးသေးဘဲ သူ၏ ကျင့်ကြံခြင်းအခြေခံ ခိုင်မာအောင် လုပ်ဆောင်နေခြင်း ဖြစ်၏။

မူလပြန်လည်ဖြည့်ဆည်းခြင်းကို အောင်မြင်ပြီးနောက် လေချန်၏ မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်မှာလည်း ပိုမို အားကောင်းလာလျက်ရှိသည်။

ကောင်းကင်လမ်းကြောင်းဘက်ခြမ်းမှ ကျူးကော့မင်က ကောင်းကင်လက်မှုပညာဌာနကို အသုံးပြုကာ လင်းချန်၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားသည့်တိုင် လင်းချန်၏ စိတ်ဝိညာဉ်စွမ်းအားများ ပိုမိုနိုးကြားလာသဖြင့် သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုများမှာ ယခင်ကထက် ပိုမို သွက်လက်နေ၏။

"ရှေးဟောင်းအမွေအနှစ်နယ်မြေ ဖွင့်ဖို့ ငါးရက်ပဲ လိုတော့တယ်။ ဒီရက်ပိုင်း အတွင်းစည်းမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်နေတယ် မဟုတ်လား။"

လင်းချန် ကျောက်စားပွဲနားသို့ လျှောက်သွားပြီး ပန်းကန်လုံးထဲမှ ရေများကို မော့သောက်လိုက်ကာ ပါးစပ်ထောင့်မှ ရေစက်များကို သုတ်လိုက်၏။

လေချန်သည်လည်း ကျောက်စားပွဲနားသို့ လျှောက်လာပြီး သူ၏ ပန်းကန်လုံးကို ကိုင်ကာ ရေများကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။

"ဟုတ်တယ်... လက်ရှိ နေရာရထားတဲ့သူတွေကို အတွင်းစည်းတပည့်တွေ အများကြီးက စိန်ခေါ်နေကြတာလေ။"

"တကယ်တော့ နတ်ဓားဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ကိန်းအောင်းနေကြတာပဲ။ ကမ်းရိုးတန်းပြည်နယ်ရဲ့ မဟာဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ဂိုဏ်းကြီးငါးခုထဲက တစ်ခု ဖြစ်နေတော့လည်း အခြေခံအုတ်မြစ်က ခိုင်မာတယ်လေ။"

ထိုအချိန်၌ ဝေဝူရွှမ်ကလည်း ပြုံးလျက် လျှောက်လာကာ ပြောလိုက်၏။ "တပည့်တော်တော်များများက ဂိုဏ်းထဲမှာ မနေကြဘူးလေ။ အဲဒီအစား ဂိုဏ်းတာဝန်တွေကို ထမ်းဆောင်ဖို့ အပြင်ထွက်ကြပြီး အပြင်လောကမှာ ဆက်ကျင့်ကြံကြတာ။"

"အဲဒီလို တပည့်တွေကိုလည်း လျှော့တွက်လို့ မရဘူး။ သူတို့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံတွေကလည်း ကြွယ်ဝတယ်မဟုတ်လား။"

လေချန် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရှေ့ရှိ စစ်ဧကရာဇ် ဝေဝူရွှမ်ကို ကြည့်လိုက်၏။

"ဦးလေးဝေနဲ့ ဂိုဏ်းချုပ်ကြီးတို့ အစတုန်းက ဂိုဏ်းထဲမှာ သိပ်မထင်ရှားခဲ့ဘူးဆိုတာ ကျွန်တော် မှတ်မိတယ်။ နောက်ပိုင်း အလယ်ပိုင်းရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ခွင့်နေရာလုပွဲကျမှ ရုတ်တရက် အစွမ်းတွေ ထုတ်ပြလာပြီး နေရာရသွားကြတာလေ။"

"နောက်ပိုင်း အလယ်ပိုင်းရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာ တခြားအင်အားစုတွေက တပည့်တွေကို အနိုင်ယူပြီး နတ်ဓားဂိုဏ်းရဲ့ ကြယ်ပွင့်အမွှာညီနောင် ဆိုတဲ့ ဘွဲ့ကို ရခဲ့ကြတာပဲ။"

လေချန်၏ စကားကို ကြားသောအခါ ဝေဝူရွှမ် ပြုံး၍ ခေါင်းညိတ်လိုက်ပြီး လင်းချန်နှင့် လေချန်အား ညွှန်ပြလိုက်၏။

"တကယ်တော့ မင်းတို့နှစ်ယောက်က အခု နတ်ဓားဂိုဏ်းမှာ ကိန်းအောင်းနေတဲ့ ပါရမီရှင်တွေပဲလေ။"

"ဒါပေမဲ့ ငါ သိချင်တာ တစ်ခု ရှိတယ်။ ဘာလို့ ငါ့ကို လာစိန်ခေါ်တဲ့လူ မရှိရတာလဲ။"

လင်းချန် လေချန်ကို ကြည့်ကာ စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

လက်ရှိရက်ပိုင်းအတွင်း လင်းချန် မော်ချင်းတောင်ပေါ်၌သာ နေပြီး လုံးဝ အပြင်မထွက်ပေ။ လေ့ကျင့်မှု ပြီးဆုံး၍ အိမ်ပြန်သော လေချန်သာ အပြင်ထွက်လေ့ရှိ၏။

အပြန်လမ်း၌ သူ အခြားတပည့်များနှင့် တွေ့ဆုံရလေ့ရှိသည်။ ထို့အပြင် သူ၏ လက်အောက်၌ မိုးကြိုးတပ်ဖွဲ့ရှိနေသဖြင့် နတ်ဓားဂိုဏ်း၏ ကိစ္စရပ်များကို အမြဲ သိရှိနေ၏။

လင်းချန် ထိုအကြောင်း မေးလာသည်ကို မြင်သောအခါ လေချန်က မရယ်ဘဲ မနေနိုင်တော့ပေ။

"ခေါင်းဆောင်ရဲ့ အရှိန်အဝါက ကြီးမားလွန်းလို့ ဘယ်သူမှ စိန်မခေါ်ရဲကြတာလေ။"

"စိန်မခေါ်ရဲဘူး ဟုတ်လား။"

လင်းချန် နားမလည်နိုင် ဖြစ်နေသေးသည်ကို မြင်သောအခါ လေချန်က အဘယ်ကြောင့် သူ့အား မည်သူမျှ မစိန်ခေါ်ကြသနည်း ဆိုသည်ကို သေချာ ရှင်းပြလိုက်၏။

အလယ်ပိုင်း ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ခွင့်နေရာ လုပွဲ၌ စိန်ခေါ်မှု တစ်ကြိမ် ရှုံးနိမ့်သွားသည်နှင့် စိန်ခေါ်သူ၌ နောက်ထပ် စိန်ခေါ်ခွင့် မရှိတော့ပေ။

ထို့ကြောင့် စိန်ခေါ်ရန် ပြင်ဆင်နေသော တပည့်များက ပြိုင်ဘက်ကို ရွေးချယ်ရာ၌ အလွန် သတိထားကြရသည်။

တစ်ကြိမ် ရှုံးနိမ့်သည်နှင့် အခွင့်အရေး လုံးဝ ဆုံးရှုံးသွားရမည် မဟုတ်ပါလော။ ထိုတပည့်များ၏ မျက်လုံးထဲ၌ လင်းချန်သည် အစပိုင်း၌ အနိုင်ယူရန် လွယ်ကူသော ပစ်မှတ်တစ်ခု အဖြစ် သတ်မှတ်ခံထားခဲ့ရ၏။

သူ၏ ကျောထောက်နောက်ခံ စစ်ပွဲဧကရာဇ် ဝေဝူရွှမ်သည် အပြင်လောက၌ သေဆုံးသွားပြီဟု ကောလာဟလ ထွက်နေသဖြင့် သူ့ကို ထောက်ပံ့မည့်သူ မရှိတော့ပေ။ ဧကရာဇ်လေဟန်၏ ကျောထောက်နောက်ခံ ရှိသော လေချန်နှင့်မူ ကွာခြားလှသည်။

သို့သော် လျူမင်၏ စိန်ခေါ်မှုပြီးကတည်းက လင်းချန်သည် လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက် ဖြစ်လာတော့သည်။

အစပိုင်း၌ လင်းချန်၏ လူငယ်ဧကရာဇ်ဘွဲ့သည် အမည်ခံသက်သက်သာ ဖြစ်ကြောင်း ၊ သိုင်းဝိညာဉ်လက်နက်မတပ်ဆင်နိုင်ကြောင်း ၊ နိဗ္ဗာန်နယ်ပယ်သို့ မတက်ရောက်နိုင်ကြောင်း ပြောဆိုကြ၏။

ရလဒ်အနေဖြင့် လင်းချန်သည် သိုင်းဝိညာဉ်လက်နက်တပ်ဆင်နိုင်ရုံသာမက သေခြင်းရှင်ခြင်း တိုက်ပွဲ၌ လေချန်ကို အနိုင်ယူပြီး လေချန်ကိုပင် သူ၏ နောက်လိုက်အဖြစ် ခေါ်ယူနိုင်ခဲ့သည်။

နောက်ပိုင်း၌ လျူမင်နှင့် လေကော့တို့ ပူးပေါင်းကာ လင်းချန်ကို အုပ်စုလိုက် တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသေး၏။

ရလဒ်မှာ လင်းချန် မည်သို့လုပ်ဆောင်လိုက်မှန်း မသိရဘဲ နိဗ္ဗာန်နယ်ပယ်၏ အဆင့်ကိုးရှိသော သံချပ်ကာတပ်ဖွဲ့ကြီး တစ်ခုကို ဆင့်ခေါ်နိုင်ခဲ့ပြီး လျူမင်ကို လက်သီးတစ်ချက်တည်းဖြင့် အလဲထိုးကာ ပြိုင်ပွဲမှ အရှက်တကွဲ ထွက်ခွာစေခဲ့သည်။

လေကော့ဆိုလျှင် လင်းချန်၏ ဓားချက်တစ်ချက်တည်းဖြင့် အသက်ပျောက်ခဲ့ရ၏။ ထိုအချိန်မှစ၍ အတွင်းစည်းတပည့်များ၏ မျက်လုံးထဲ၌ လူငယ်ဧကရာဇ်လင်းချန်သည် အလွန်ပင် မယုံနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်သူ ဖြစ်လာပြီး သာမန်စံနှုန်းများဖြင့် တိုင်းတာ၍ မရတော့ပေ။

အကယ်၍ သူတို့ လင်းချန်ကို ရွေးချယ်လိုက်ပြီး မမျှော်လင့်ဘဲ ရှုံးနိမ့်သွားလျှင် မည်သို့ လုပ်ကြမည်နည်း။

အစမှ အဆုံးထိ လင်းချန်၏ အစစ်အမှန် စွမ်းအားမှာ ခန့်မှန်း၍မရနိုင်အောင် နက်နဲနေပြီး အံ့ဖွယ်ရာများကို အမြဲ ဖန်တီးလေ့ရှိကြောင်း လူတိုင်း သိရှိသွားကြသည်။

"ဒါကြောင့် ခေါင်းဆောင်ကို စိန်ခေါ်တာက သေလမ်းရှာတာပဲလေ။ ဘယ်သူမှ စိန်မခေါ်ရဲကြဘူး။"

ပြောပြီးသည်နှင့် လေချန်က လင်းချန်လက်ထဲမှ နိဗ္ဗာန်မီးလျံဆေးရည်ကို ယူလိုက်ပြီး သစ်ပင်ပေါ်၌ ချိတ်ထားသော ဝတ်ရုံကို ယူခြုံလိုက်၏။

"ခေါင်းဆောင်... ကျွန်တော် ပြန်တော့မယ်ဗျာ။"

လင်းချန် မျက်တောင်ခတ်လိုက်ပြီး သူ၏ဆရာ ဝေဝူရွှမ်ကို ကြည့်လိုက်၏။ ဝေဝူရွှမ်ကလည်း ပြုံးလိုက်ပြီး လင်းချန်ကို ကြည့်ကာ ပြောလိုက်၏။

"လေချန် ပြောတာ မှန်တယ်လေ။ မင်းက တကယ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းတာပဲ။"

စကားဆုံးသည်နှင့် တံခါးပေါက်ဝမှ လေချန်၏ ပုံရိပ် ရုတ်တရက် ပြန်ပေါ်လာပြီး ကြောင်အမ်းအမ်းဖြင့် လင်းချန်အနားသို့ လျှောက်လာ၏။

"ဘာလို့ ပြန်လာတာလဲ။"

လေချန်၏ မျက်နှာကို မြင်သောအခါ လင်းချန် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"တစ်ယောက်ယောက်က ခေါင်းဆောင်ကို စိန်ခေါ်နေတယ်ဗျ..."

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၃ + ၉၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters