အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၅ + ၉၆
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team
ကျော်ကြီးလေချန်တစ်ယောက် မော်ချင်းတောင်ပေါ်မှ ဆင်းလာကာ ပျံသန်းရေးစင်္ကြံလမ်းပေါ်သို့ ခြေချလိုက်သည်နှင့် သူ့အား စောင့်ဆိုင်းနေကြသော မိုးကြိုးတပ်ဖွဲ့မှ တပည့်များကို တွေ့လိုက်ရ၏။
မိုးကြိုးတပ်ဖွဲ့မှ တပည့်များက လေချန်ကို မြင်သည်နှင့် လင်းချန်အား စိန်ခေါ်သူရှိကြောင်း သတင်းပို့လိုက်ကြသည်။ ထိုသတင်းကြောင့် လေချန် အံ့ဩသွားကာ မော်ချင်းတောင်ပေါ်သို့ ချက်ချင်း ပြန်တက်သွားပြီး လင်းချန်ကို အကြောင်းစုံ ပြန်ပြောပြလိုက်သည်။
လင်းချန်က ပြန်ရောက်လာသော လေချန်ကို ကြည့်ကာ အားရပါးရ ရယ်မောလိုက်မိတော့သည်။
"ဟားဟားဟား... ငါ့ကို စိန်ခေါ်တာက သေလမ်းရှာတာနဲ့ အတူတူပဲလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အခု တစ်ယောက်ယောက်က သေလမ်းရှာနေပြန်ပြီပေါ့။"
လေချန်က ခေါင်းကို အသာအယာ ခါယမ်းရင်း ပြန်ပြော၏။
"အဲလိုတော့လည်း မဟုတ်ဘူးဗျ...။ ဘာလို့ဆို... ဒီတစ်ခါ ခေါင်းဆောင်ကို စိန်ခေါ်တဲ့ တပည့်က တော်တော်လေး စွမ်းရည်ရှိတဲ့သူမို့ပါ။"
"အို... ဟုတ်လား။" ထိုစကားကြောင့် လင်းချန် စိတ်ဝင်စားသွား၏။
"ဒီတပည့် နာမည်က တင်းကျစ်ရုံတဲ့။ အပြင်စည်းမှာတုန်းက သူက နံပါတ်တစ် ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်း နိဗ္ဗာန်နယ်ပယ်ကို ချိုးဖျက်ပြီး အတွင်းစည်းတပည့် ဖြစ်လာတဲ့အခါ ဂိုဏ်းထဲမှာ သူ့ကို သိပ်မမြင်ရတော့ဘူး။ သူက ဂိုဏ်းရဲ့ အပြင်ပိုင်းတာဝန်တွေကိုပဲ သီးသန့်ယူပြီး လှည့်လည်နေတတ်တာ။ တစ်ခါတလေ တာဝန်သုံးလေးခုလောက်ကိုတောင် တစ်ပြိုင်နက် ယူတတ်သေးတယ်။"
"တာဝန်တွေ ပြီးလို့ ဂိုဏ်းကို ပြန်လာရင်လည်း ကြာကြာမနေဘူး။ တာဝန်အသစ်တွေ ထပ်ယူပြီး ဂိုဏ်းကနေ ချက်ချင်း ပြန်ထွက်သွားလေ့ရှိတယ်။"
"သူ ဘယ်လောက် သန်မာလဲဆိုတာ ဘယ်သူမှ သေချာမသိကြဘူး။ ဒါပေမဲ့ အပြင်စည်းမှာ ရှိတုန်းက ကျောက်ဟိုင်မင်းကိုတောင် ဖိနှိပ်နိုင်ခဲ့ဖူးတယ်လေ။ ဒါကြောင့် အခု သူက တော်တော်လေးကို အစွမ်းထက်နေလောက်ပြီ။"
လေချန် ပြောပြသည်ကို နားထောင်ပြီးနောက် လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။ တင်းကျစ်ရုံဆိုသူသည် အပြင်လောကအတွေ့အကြုံများမှတစ်ဆင့် မိမိကိုယ်ကို ထက်မြက်အောင် သွေးနေပြီး ဂိုဏ်းတာဝန်များကို ရူးသွပ်စွာ လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပုံရသည်။
ကျောက်ဟိုင်မင်းဆိုသူမှာ လက်ရှိ အတွင်းစည်း၌ စွမ်းအားအကြီးဆုံး အဆင့်တစ်နေရာကို ရယူထားသူ ဖြစ်လေ၏။ အပြင်စည်း၌ ရှိစဉ်က ကျောက်ဟိုင်မင်း တစ်ဦးတည်းသာ တင်းကျစ်ရုံကို ယှဉ်ပြိုင်နိုင်ခဲ့ပြီး သူတို့နှစ်ဦးကြား ရေတွက်မရနိုင်သော ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ဖူးသည်။
သို့သော် ကျောက်ဟိုင်မင်းသည် တင်းကျစ်ရုံကို မကြာခဏ ရှုံးနိမ့်လေ့ရှိပြီး တင်းကျစ်ရုံ၏ ဖိနှိပ်မှုကို အမြဲလိုလို ခံခဲ့ရသည်။
တင်းကျစ်ရုံသာ ဂိုဏ်းထဲ၌ အခြေချနေထိုင်ပြီး ပြိုင်ပွဲကြီးများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက အတွင်းစည်း၏ ပထမနေရာမှာ သူ့လက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်ပြီး ကျောက်ဟိုင်မင်းမှာ ဒုတိယနေရာ၌သာ ရှိနေလိမ့်မည်ဟု နတ်ဓားဂိုဏ်း အတွင်းစည်း၌ ပြောဆိုသံများပင် ထွက်ပေါ်လျက်ရှိ၏။
"ကြည့်ရတာ ဒီတင်းကျစ်ရုံက သူ့စွမ်းအားအပေါ် သူ တော်တော် ယုံကြည်မှု ရှိပုံပဲ။"
လင်းချန် ပြုံး၍ ခေါင်းညိတ်ရင်း ရေရွတ်လိုက်၏။ သိသာစွာပင် တင်းကျစ်ရုံသည် သူ၏စွမ်းအားမှာ အတွင်းစည်း အဆင့်တစ် နေရာမှ ကျောက်ဟိုင်မင်းထက် သာလွန်သည်ဟု ယုံကြည်နေသည်။ အကယ်၍ ထိုသို့သာဆိုလျှင် သူက လင်းချန်ကို မည်သည့်အတွက်ကြောင့် ကြောက်ရမည်နည်း။
"တင်းကျစ်ရုံ ဘယ်လောက်ပဲ သန်မာနေပါစေ... ခေါင်းဆောင်ကိုတော့ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။"
လေချန်က လင်းချန်ကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်ကာ ပြောလာ၏။ သကောင့်သား၏ မျက်နှာထားကို မြင်သောအခါ လင်းချန် သဘောကျစွာ ပြန်မေးလိုက်သည်။
"မင်းက ဘာလို့ အဲဒီလောက် သေချာနေရတာလဲ။"
"ခေါင်းဆောင် ဘယ်လောက် သန်မာလဲဆိုတာ ကျွန်တော် ကောင်းကောင်း သိတာပေါ့။" လေချန်က သက်ပြင်းချရင်း ဆက်ပြော၏။ "ခေါင်းဆောင်က သာမန်လူတွေလို နယ်ပယ်တူမှ ယှဉ်ပြိုင်နိုင်တာမျိုး မဟုတ်ဘူးလေ။ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်... ကမ်းရိုးတန်းပြည်နယ်ရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေထဲမှာ ခေါင်းဆောင်နဲ့ ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။"
"လေချန်... မင်းလို ကောင်စုတ်လေးက ဘယ်တုန်းကများ ဒီလောက် မြှောက်ပင့်တတ်သွားရတာလဲကွ။" ကျောက်စားပွဲဝိုင်း၌ ထိုင်နေသော ဝေဝူရွှမ်က ရယ်မောရင်း လှမ်းပြောလာသည်။
**--**--**--**--**--**--**--**
မိုးကြိုးတပ်ဖွဲ့မှ တပည့်များ၏ သတင်းပို့ချက်အရ တင်းကျစ်ရုံ၏ စိန်ခေါ်ပွဲကို နောက်တစ်နေ့ ၊ ပြိုင်ပွဲကွင်း အမှတ်ကိုး၌ ကျင်းပရန် စီစဉ်ထားသည်။ အချိန်မှာ လျူမင် စိန်ခေါ်စဉ်ကကဲ့သို့ပင် နေ့လယ်ပိုင်း၌ ဖြစ်၏။
ချင်ဝူရွှမ် သတ်မှတ်ထားသော စည်းမျဉ်းများအရ စိန်ခေါ်ခံရသူက မဖြစ်မနေ လာရောက်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဝင်ခွင့်နေရာမှာ တင်းကျစ်ရုံပိုင် ဖြစ်သွားလိမ့်ပေမည်။ သို့သော် လင်းချန်ကမူ သူ၏စွမ်းအားအပေါ် သူ အလွန်ယုံကြည်မှုရှိသောကြောင့် တင်းကျစ်ရုံ၏ စိန်ခေါ်မှုကို သိပ်ပြီး ဂရုမစိုက်လှပေ။
သို့သော်လည်း လင်းချန် ပေါ့ပေါ့ဆဆတော့ မနေခဲ့ပေ။ မည်သည့် ပြိုင်ဘက်ကိုမဆို လျှော့မတွက်ဘဲ သတိထားသင့်သည် မဟုတ်ပါလော။
ထိုသံမဏိစည်းမျဥ်းကို ဝေဝူရွှမ်က သူ့အား အမြဲတစေ သတိပေးလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝေဝူရွှမ် ကိုယ်တိုင်ပင်လျှင် ပြိုင်ဘက်အား သာမန်လူတစ်ယောက်ဟု ထင်မှတ်ကာ လျှော့တွက်ခဲ့မိရာမှ အဆိပ်မိပြီး သေလုနီးပါး ဖြစ်ခဲ့ရသည့် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်ခဲ့ဖူးသောကြောင့်ပင် ဖြစ်လေ၏။
ထို့နောက် လေချန်က မော်ချင်းတောင်ပေါ်မှ ဆင်းကာ သူ၏နေအိမ်သို့ ပြန်သွားတော့သည်။ ဝေဝူရွှမ်သည်လည်း သူ့အခန်းသို့ ပြန်ဝင်သွားသည်။
လင်းချန်၏ အိမ်ထဲ၌မူ အစားထိုးရုပ်သေးရုပ်များသာ ကျန်ရစ်ခဲ့သည်။ လင်းချန် ကိုယ်၌မှာမူ ဟွာရှာအင်ပါယာ အတွင်းရှိ မြို့တော်ကြီး အပြင်ဘက်မှ အခြားမြို့တစ်မြို့သို့ ပြန်ရောက်နေလေပြီ။
ခမ်းနားထည်ဝါပြီး စည်ကားလှသော နေပြည်တော်နှင့် ယှဉ်လျှင် ယခု လင်းချန် ရောက်ရှိနေသော မြို့မှာ လေထုထဲ၌ ပူနွေးသော အငွေ့အသက်များနှင့် ပြည့်နှက်နေပြီး သတ္တုချင်း ရိုက်ခတ်သံများက အဆက်မပြတ် ထွက်ပေါ်နေ၏။
မြို့တစ်မြို့လုံးကို သတ္တုများဖြင့် တည်ဆောက်ထားပြီး စက်မှုအစိတ်အပိုင်းများက မြို့အနှံ့ နေရာယူထားသည်။
မြို့ထဲ၌ လမ်းလျှောက်ကြည့်လိုက်လျှင် အရပ်နှစ်မီတာခန့် မြင့်မားကာ သန်မာထွားကျိုင်းသည့် အမျိုးသားများကို တွေ့မြင်နိုင်၏။ သူတို့သည် ကိရိယာတန်ဆာပလာများ ထည့်ထားသော အိတ်ကပ်များစွာ ပါဝင်သည့် သားရေဝတ်စုံများကို ဝတ်ဆင်ထားလျက် ရှိကြသည်။
ကောင်းကင်လက်မှုပညာဌာနသည် အင်ပါယာ၏ လုပ်ငန်းဆောင်တာများ ၊ အစီအရင် ထိန်းသိမ်းခြင်းများနှင့် နည်းပညာ သုတေသနများကို လုပ်ဆောင်နေသော ပညာရှင်များ နေရာအနှံ့ ဖြန့်ကျက်ထားသဖြင့် ဟွာရှာအင်ပါယာ၏ ဦးနှောက်ဟုပင် ဆိုနိုင်သည်။
မီးသွန်းဌာနကမူ ကောင်းကင်လက်မှုပညာဌာန၏ သုတေသနများကို လက်တွေ့ အကောင်အထည်ဖော်ပေးသော လက်ရုံးများ ဖြစ်ကြသည်။ စစ်သူကြီးများအတွက်ဖြစ်စေ ၊ စစ်သည်များအတွက်ဖြစ်စေ သူတို့၏ ကိရိယာများနှင့် လက်နက်များကို မီးသွန်းဌာနက ဖန်တီးပေးခြင်း ဖြစ်၏။
ယခု လင်းချန် ရောက်ရှိနေသော မီးပန်းပဲမြို့တော်သည် မီးသွန်းဌာန၏ ဌာနချုပ် ဖြစ်သည်။ မြို့တော်၏ လမ်းမများပေါ်သို့ လျှောက်လှမ်းရင်း အရာအားလုံးအား လင်းချန် စိတ်ဝင်တစား လိုက်လံကြည့်ရှုနေမိသည်။
မြို့တစ်မြို့လုံးမှာ သက်ဝင်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေ၏။ လင်းချန်ကို မြင်သောအခါ လက်မှုပညာရှင်များက ဦးညွှတ်အရိုအသေပြုကြသည်။
ဟွာရှာအင်ပါယာ၏ စစ်သည်များက ဉာဏ်ရည်တုကဲ့သို့သော ခံစားချက်မျိုးသာ ရှိပြီး သက်ရှိတစ်ဝက်ဟုသာ ယူဆ၍ရပေမည်။
သို့သော် ကောင်းကင်လက်မှုပညာဌာနမှ ပညာရှင်များနှင့် မီးသွန်းဌာနမှ လက်မှုပညာရှင်များမှာမူ စစ်သူကြီးများကဲ့သို့ပင် တကယ့် အသက်ဝင်နေကာ လူစင်စစ်နှင့် မခြားကြပေ။
လင်းချန်သည် မီးသွန်းဌာန၏ သံနှင့် မီး အငွေ့အသက်များအပြင် ယခင်ဘဝ ဂိမ်းကစားစဉ်က မခံစားခဲ့ရဖူးသော သက်ဝင်လှုပ်ရှားမှုများကို သေချာစွာ ခံစားကြည့်နေမိသည်။
ယခင်ဘဝ ဂိမ်းထဲ၌ မီးသွန်းဌာန၏ အတွင်းပိုင်းမှာ စက်ယန္တရားကြီး တစ်ခုသာ ဖြစ်သည်။ လက်မှုပညာရှင်များသည် လင်းချန်၏ တည်ဆောက်ရေး အမိန့်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပရိုဂရမ်အစီအစဉ်အတိုင်းသာ လုပ်ဆောင်ကြ၏။
ပင်ပန်းနွမ်းနယ်မှု ရှိလျှင်တောင်မှ သူတို့၏ ခေါင်းပေါ်၌ စာသားပါသော ပူပေါင်းလေး ပေါ်လာရုံသာ ဖြစ်၏။
သို့သော် ယခုအခါတွင်မူ ပင်ပန်းနေသော လက်မှုပညာရှင်များက အလုပ်ရုံများ၌ သစ်သားစားပွဲများ ခင်းကာ ချွေးသုတ်ခြင်း ၊ အနားယူခြင်း ၊ အေးအေးလူလူ စကားပြောခြင်းများ ပြုလုပ်နေကြပြီး ပန်းကန်ပြားငယ်လေးများဖြင့် မြည်းစရာများစားကာ အရက်သောက်ရင်း စကားစမြည် ပြောနေကြသည်ကိုပင် တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်သောအခါ လင်းချန်က လက်မှုပညာရှင်များ၏ အလုပ်ရုံထဲသို့ ဝင်သွားလိုက်၏။ ချက်ချင်းပင် အတွင်းမှ လက်မှုပညာရှင်များ အံ့အားသင့်သွားကြပြီး မတ်တတ်ရပ်လိုက်ကြသည်။
"အရှင်မင်းကြီး..."
"လာကြ... လာကြ... ထိုင်ပြီး ငါနဲ့အတူ သောက်ကြရအောင်။"
လင်းချန်က ပြုံးလျက် ပြောလိုက်ပြီး စားပွဲပေါ်မှ အရက်ပန်းကန်လုံးကို ယူကာ လက်မှုပညာရှင်အချို့ကို အတင်းဆွဲခေါ်၍ သူ့ဘေးတွင် ထိုင်စေလိုက်၏။ လက်မှုပညာရှင်များမှာလည်း ဝမ်းသာအားရ ဖြစ်သွားကြပြီး လင်းချန်နှင့် လေးလေးစားစား စကားပြောကြတော့သည်။
"မင်းတို့တွေ အင်ပါယာတပ်မတော်အတွက် မူလလက်နက်တွေနဲ့ ဝိညာဉ်ပစ္စည်းတွေ ဖန်တီးပေးဖို့ ကြိုးစားလုပ်ကိုင်နေကြတာ ပင်ပန်းနေကြပြီပေါ့။"
လင်းချန်က ပြောလိုက်ပြီး အရက်ပန်းကန်လုံးကို လက်မှုပညာရှင်များဘက်သို့ မြှောက်ပြကာ တစ်ကျိုက်တည်း မော့သောက်လိုက်၏။
လက်မှုပညာရှင်များကလည်း အလျင်အမြန် ခွက်များကို မြှောက်ကာ ကုန်စင်အောင် မော့သောက်လိုက်ကြသည်။
"ကောင်းကင်လက်မှုပညာဌာနက သုတေသနလုပ်ထားတဲ့ မူလလက်နက်တွေနဲ့ ဝိညာဉ်ပစ္စည်းတွေကို တပ်မတော်တစ်ခုလုံးရဲ့ လက်နက်ကိရိယာတွေ နေရာမှာ အစားထိုးဖို့ အမြန်ဆုံး သွန်းလုပ် ဖန်တီးရမှာပါပဲ။ မဟုတ်ရင် နောင်တစ်ချိန် အရှင်မင်းကြီး စစ်ထွက်တဲ့အခါ လက်အောက်က စစ်သည်တွေမှာ အဆင့်မီတဲ့ လက်နက်တွေ ၊ သံချပ်ကာတွေ မရှိရင် သူများတွေ လှောင်ပြောင်တာ ခံရမှာပေါ့ဗျာ။"
"လက်နက်ဟောင်းတွေနဲ့ သံချပ်ကာဟောင်းတွေကို အရည်ဖျော်ပြီး ပြန်သွန်းလုပ်ရတာက တကယ်တော့ သိပ်မပင်ပန်းပါဘူး။ အမတ်ချုပ် ပြောတာတော့ အရှင်မင်းကြီးက လောလောဆယ် တပ်မတော်ကြီးရဲ့ အကူအညီ မလိုသေးဘူးဆိုတော့ ကျွန်တော်တို့ရဲ့ တာဝန်တွေက သိပ်မလေးသေးပါဘူး။"
လက်မှုပညာရှင်များ၏ စကားကို နားထောင်ပြီးနောက် လင်းချန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူတို့ကို ချီးကျူးစကားဆိုကာ နှုတ်ဆက်၍ ထွက်ခွာလာခဲ့၏။
"အခုတော့ ငါတို့လည်း အရှင်မင်းကြီးနဲ့ အတူတူ သောက်ခဲ့ဖူးတယ်လို့ ကြွားလို့ ရပြီကွ။"
"ဟုတ်တယ်... ဟိုကောင်တွေဆို ငါတို့ကို မနာလိုလွန်းလို့ သေတောင် သေသွားလောက်တယ်။"
လင်းချန် ထွက်ခွာသွားပြီးနောက် ပျော်ရွှင်နေကြသော လက်မှုပညာရှင်များ၏ စကားသံများကို သူ မကြားလိုက်တော့ပေ။ ထိုအချိန်၌ သူသည် မီးပန်းပဲမြို့တော်၏ မြောက်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
မီးပန်းပဲမြို့တော် တောင်ဘက်ပိုင်းရှိ သတ္တုသံများ ဆူညံကာ ပူနွေးသော အငွေ့အသက်များနှင့် ယှဉ်လျှင် မြောက်ဘက်ပိုင်းက ပိုမို တိတ်ဆိတ်ငြိမ်သက်နေလျက် ရှိသည်။
ခမ်းနားထည်ဝါသော မျှော်စင်များနှင့် ဥယျာဉ်များဖြင့် ဖွဲ့စည်းထားသော အိမ်တော်တစ်ခုထဲသို့ ဝင်ရောက်လိုက်သည်နှင့် အပျိုတော်တစ်သိုက်က သူ့ကို ဦးညွှတ်ကြိုဆိုလိုက်ကြသည်။
"အရှင်မင်းကြီး..."
"ထကြပါ..." လင်းချန် လက်ကာပြလိုက်၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၅ + ၉၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
Editor - Author Chang'e 🌕
True Immortal Team