← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၇ + ၉၈

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

"ဧကရီအတွက် လက်ဆောင်က ပြီးပြီလား။"

လင်းချန် ပြုံး၍ မေးလိုက်၏။ သူ ဤနေရာသို့ လာရခြင်း ရည်ရွယ်ချက်မှာ ထိုကိစ္စကြောင့်ပင် ဖြစ်သည်။

လင်းချန်၏ မေးခွန်းကြောင့် သက်လတ်ပိုင်းအရွယ် အပျိုတော်တစ်ဦး အလျင်အမြန် ရှေ့ထွက်လာ၏။

"ဆရာလု ၊ ဆရာမထန်နဲ့ အမတ်ချုပ်ကျူးကော့မင်တို့ အနောက်ဘက်မှာ အလုပ်များနေကြပါတယ်ရှင်။"

အပျိုတော်၏ တင်ပြချက်ကို ကြားသောအခါ လင်းချန် ခေါင်းညိတ်လိုက်သည်။

"လမ်းပြစေ။"

လင်းချန်၏ အမိန့်ပေးသံ ဆုံးသည်နှင့် သူ့ရှေ့မှ အပျိုတော်များက ဘေးသို့ ဖယ်ရှားပေးလိုက်ကြပြီး အဆိုပါ သက်လတ်ပိုင်းအရွယ် အပျိုတော်က ဦးညွှတ်ကာ ခြံဝင်းအတွင်းပိုင်းသို့ လမ်းပြခေါ်ဆောင်သွားလိုက်သည်။

ထိုအပျိုတော်၏ နောက်သို့ ခဏမျှ လိုက်ပါသွားပြီးနောက် လင်းချန် အိမ်တော်၏ အနောက်ဘက် ခြံဝင်းထဲသို့ ရောက်ရှိသွား၏။ အနောက်ဘက် ခြံဝင်းအတွင်းရှိ ကြီးမားလုံခြုံသော ခန်းမကြီးထဲမှ လူသုံးဦး အလျင်အမြန် ထွက်လာပြီး လင်းချန်အား ဦးညွှတ်အရိုအသေ ပြုလိုက်ကြသည်။

"ကျွန်တော်မျိုး... ကျူးကော့မင်... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ။"

ကျန်နှစ်ဦးမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ အမျိုးသားမှာ လက်မှုပညာရှင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူဝတ်ဆင်ထားသော သားရေမှာ ပို၍ တန်ဖိုးကြီးပုံရကာ ကိရိယာတန်ဆာပလာများ ပိုမို ပါရှိနေ၏။

သူသည် သက်လတ်ပိုင်းအရွယ် ရုပ်ရည်ရှိပြီး နှုတ်ခမ်းမွှေး အနည်းငယ် ရှိကာ မျက်နှာပေါက်မှာ ဉာဏ်ရည်ထက်မြက်ပုံ ပေါ်သည်။

သူ့ဘေး၌မူ ပန်းပွင့်ပုံများ ပါသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးမှာ တည်ငြိမ်သော အမူအရာဖြင့် ရှိနေသည်။ သူမက လင်းချန်အား အရိုအသေပေးလိုက်ချိန်တွင် သူမ၏ သွယ်လျရှည်လျားသော လက်ချောင်းဆယ်ချောင်းကို တွေ့လိုက်ရ၏။

လင်းချန် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သုံးဦးစလုံးကို မတ်တတ်ရပ်ရန် အချက်ပြလိုက်သည်။

ဆရာလုသည် လက်နက်သွန်းလုပ်ခြင်းကို ကျွမ်းကျင်ပြီး သွန်းလုပ်ရေး တာဝန်ယူထားသော လက်မှုပညာရှင်များကို ဦးဆောင်သူ ဖြစ်လေသည်။

ထန်ကျစ်ကမူ ရက်ကန်းရက်လုပ်ခြင်းတွင် ထူးချွန်ပြီး အပျိုတော်များကို ဦးဆောင်၏။ မီးသွန်းဌာန တစ်ခုလုံးသည် သူတို့၏ ဦးဆောင်မှုအောက်တွင် ရှိကြသည်။

"အရှင်မင်းကြီး... ဧကရီအတွက် လက်ဆောင် ပြင်ဆင်မှု အခြေအနေကို လာကြည့်တာ ထင်တယ်ဗျ။"

မတ်တတ်ရပ်ပြီးနောက် ကျူးကော့မင်က လင်းချန်အနားသို့ ပြုံး၍ လျှောက်လာသည်။

"အခြေအနေ ဘယ်လိုလဲ... အချိန် သိပ်မကျန်တော့ဘူးလေ။"

ပြောရင်း လင်းချန် ခန်းမထဲသို့ ဝင်လိုက်ရာ အမှောင်ကျနေပြီး အလယ်တွင် ဖျော့တော့သော မီးစုန်းရောင်များ တောက်ပနေသည်ကို တွေ့လိုက်ရသည်။

နောက်မှ လိုက်ပါလာသော ဆရာလုက မီးအိမ်များကို အလျင်အမြန် ထွန်းညှိလိုက်မှသာ ခန်းမ၏ ပြတင်းပေါက်များအားလုံးကို သစ်သားများဖြင့် ရိုက်ပိတ်ကာ အနက်ရောင်လိုက်ကာများ ဖုံးချထားသည်ကို လင်းချန် တွေ့လိုက်ရသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမတို့ အစောက အကျိုးသက်ရောက်မှုကို စမ်းသပ်နေကြတာပါ။ အပြည့်အဝ မပြီးစီးသေးလို့ စိတ်ဝိညာဉ်စွမ်းအား နည်းနည်းပဲ သုံးပြီး အသက်သွင်းကြည့်တာပါ။ အကျိုးသက်ရောက်မှုက သိပ်မထင်ရှားလို့ နေရောင်ကို ပိတ်ပြီး ကြည့်နေရတာပါရှင်။"

ထန်ကျစ်က လင်းချန်ဘေးသို့ ရောက်လာပြီး သေချာ ရှင်းပြလိုက်သည်။

လင်းချန်ကမူ ခန်းမအလယ်ရှိ လက်ဆောင်ကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ အရမ်းကောင်းတယ်... ရှင်းရှင်း ဒီလက်ဆောင်ကို ရရင် သေချာပေါက် ပျော်သွားမှာပဲလေ။"

ဆရာလုက ဦးညွှတ်ရင်း လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးရဲ့ အမိန့်ကို ပြီးမြောက်အောင် ဆောင်ရွက်ပြီး ဧကရီကို ပျော်ရွှင်အောင် လုပ်ပေးရတာ ကျွန်တော်မျိုးတို့ရဲ့ တာဝန်ပါပဲဗျာ။"

လက်ဆောင်ကို စိုက်ကြည့်ရင်း လင်းချန် ပြုံး၍ မေးလိုက်သည်။ "ပြောကြစမ်းပါဦး... မင်းတို့ ဘယ်လို ဆုလာဘ်မျိုး လိုချင်ကြလဲ။"

လင်းချန် စကားဆုံးသည်နှင့် ကျူးကော့မင်က အလျင်အမြန် ဝင်လျှောက်တင်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက ဒီကိစ္စမှာ နည်းနည်းပဲ ပါဝင်ခဲ့တာပါဗျာ။ ဆရာလုနဲ့ ထန်ကျစ်တို့က ဆုလာဘ်နဲ့ ပိုထိုက်တန်ပါတယ်။ သူတို့ကို ပိုချီးမြှင့်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်ဗျာ။"

လင်းချန် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ဆရာလု နှင့် ထန်ကျစ် တို့ကို ကြည့်လိုက်၏။

"ငါ့ရဲ့ သစ္စာရှိတဲ့ လက်အောက်ငယ်သားတို့... ဘယ်လို ဆုလာဘ်မျိုး လိုချင်လဲ ရဲရဲသာ ပြောကြစမ်းပါ။"

ဆရာလုနှင့် ထန်ကျစ်တို့သည်လည်း အလျင်အမြန် ဦးညွှတ်လိုက်ပြီး သူတို့အနေဖြင့် တာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်၍ ဆုလာဘ် မတောင်းခံရဲကြောင်း နှိမ့်ချစွာ လျှောက်တင်ကြသည်။

သူတို့၏ စကားကို ကြားသောအခါ လင်းချန် ခေါင်းခါလိုက်ပြီး သဘောကျစွာ ရယ်မောလိုက်မိသည်။

"ဒီလိုလုပ်ကြတာပေါ့... ဆုလာဘ်ပေးတယ် ဆိုတာက ရိုးလွန်းတယ်လေ။ မင်းတို့ ရာထူးအဆင့်နဲ့ ဆင်းလည်း ရဲမနေဘူး။ ဒါကြောင့် မင်းတို့ကို ၇ ရက် ပိတ်ရက် ပေးမယ်။ အဲဒီရက်အတွင်း မင်းတို့ ဘာမှ လုပ်စရာ မလိုဘူး။ အေးအေးဆေးဆေး အနားယူကြ။ မင်းတို့ လက်အောက်က လက်မှုပညာရှင်တွေနဲ့ အပျိုတော်တွေလည်း အတူတူပဲ... အနားယူကြ။"

ဆရာလုနှင့် ထန်ကျစ်တို့ ၂ ယောက် ဆုလာဘ်ကြောင့် မှင်သက်သွားကြပြီးနောက် ဝမ်းသာပီတိ ဖြစ်သွားကြကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ဝပ်တွားလိုက်ကြ၏။

"ဒီလို ကရုဏာမျိုး ပေးသနားတဲ့အတွက် အားလုံး ကိုယ်စား အရှင်မင်းကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဗျာ။"

ဟွာရှာအင်ပါယာက ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက် ဝိညာဉ်စွမ်းအားများ ထုတ်လုပ်ခြင်းနှင့် ပေါင်းစပ်ဖွဲ့စည်းခြင်း ကဲ့သို့သော နည်းလမ်းများစွာဖြင့် ဤကမ္ဘာနှင့် ပေါင်းစည်းခဲ့ရ၏။ ထို့အတွက်ကြောင့်... ယခင်က အသုံးပြုခဲ့သော လက်နက်ကိရိယာများနှင့် သံချပ်ကာများကို ပြုပြင်ပြောင်းလဲရန် လိုအပ်လာသည်။

ထို့အပြင် လင်းချန် မကြာသေးမီက ရှေးဟောင်းကျမ်းစာ အများအပြားကို ပေးပို့ခဲ့သဖြင့် ဟွာရှာအင်ပါယာ၏ သုတေသန လုပ်ငန်းများ၌ အောင်မြင်မှုများစွာအား ရရှိခဲ့ပြီး လက်တွေ့ ထုတ်လုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကြီးမားသော လုပ်ငန်းတာဝန်များကြောင့် မီးသွန်းဌာနသည် နေ့မနား ညမနား ကြိုးပမ်းလုပ်ကိုင်ခဲ့ရပြီး ပင်ပန်းနွမ်းနယ်နေကြရ၏။

လင်းချန်၏ အမိန့်မရဘဲ သူတို့ အနားမယူရဲကြပေ။ ယခု ပေးသနားသော ဆုလာဘ်သည် ကြီးမားသော မင်္ဂလာတစ်ပါးပင် ဖြစ်သည်။

ဘေးနား၌ ရပ်နေသော ကျူးကော့မင်ကမူ သဘောကျ ရယ်မောလိုက်ပြီး သူ၏ အရှင်သခင်သည် တကယ်ပင် မေတ္တာကြီးမားကြောင်း တွေးနေမိသည်။

"ဘာပဲဖြစ်ဖြစ်... ငါ အခု စစ်တပ်ကြီး မလိုသေးသလို စစ်ဖြစ်နေတဲ့ အချိန်လည်း မဟုတ်ဘူးလေ။ ဒါကြောင့် ဒီလောက်ကြီး ပင်ပင်ပန်းပန်း လုပ်စရာ မလိုဘူး။"

လင်းချန် ကျူးကော့မင်ဘက်သို့ လှည့်ကြည့်ကာ မှာကြားလိုက်သည်။ "အလုပ်နဲ့ အနားယူမှု မျှတအောင် လုပ်ကြ ကြားလား။"

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး။" ကျူးကော့မင် ရှေ့တိုးလာပြီး ဦးညွှတ်လိုက်သည်။

"လက်ဆောင် ပြီးသွားရင် ငါ့ကို အသိပေးဦး။" ပြောပြီးသည်နှင့် လင်းချန်၏ ခန္ဓာကိုယ်ပေါ်၌ အဖြူရောင် အလင်းတန်းတစ်ခု လက်သွားပြီး နေရာမှ ပျောက်ကွယ်သွားကာ ဟွာရှာအင်ပါယာမှ ထွက်ခွာသွားတော့သည်။

လင်းချန် ထွက်သွားပြီးနောက် ကျူးကော့မင်က ဆရာလုနှင့် ထန်ကျစ်တို့ကို ကြည့်ကာ ပြုံး၍ စကားစလိုက်သည်။

"အစက ခင်ဗျားတို့ နားရက် မတောင်းရဲကြဘူးမလား။ အခုတော့ အရှင်မင်းကြီး ကိုယ်တိုင်က ၇ ရက် အနားယူခွင့် ပေးလိုက်ပြီပဲ... ဟားဟား။"

"အရှင်မင်းကြီးရဲ့ ထောက်ထားစာနာမှုက တကယ်ကို ကြီးမားလွန်းပါတယ်ဗျာ။" ဆရာလုက ကျေးဇူးတင်ရှိသော လေသံဖြင့် ပြန်လည်တုံ့ပြန်သည်။

"သိပ်ဟုတ်တာပေါ့... သတင်းကောင်းကို ဟိုကလေးမလေးတွေကို အမြန် သွားပြောပြလိုက်ဦးမယ်။"

ထန်ကျစ်သည်လည်း တောက်ပစွာ ပြုံးလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။ ထိုသည်ကို မြင်သောအခါ ကျူးကော့မင် တဟားဟား ရယ်မောလိုက်ပြီး ခေါင်းခါလိုက်ရတော့သည်။

"ဆရာမထန်က တကယ် စိတ်မြန်တာပဲ။ လုအိုကြီး... ကျွန်တော့်ကို ဖိတ်ပြီး မသောက်ချင်ဘူးလားဗျ။"

"သေချာတာပေါ့... သေချာတာပေါ့... ကျုပ်အိမ်ကိုသာ လာခဲ့ဗျာ။"

ဆရာလုက ကျူးကော့မင်ကို ဆွဲခေါ်လိုက်ပြီး အဖြူရောင် အလင်းတန်းနှင့်အတူ နေရာမှ ပျောက်ကွယ်သွားကြတော့သည်။

**--**--**--**--**--**--**--**

လင်းချန် သူ့အခန်းသို့ ပြန်ရောက်သောအခါ ညရောက်နေပြီ ဖြစ်သည်။ လင်းချန်သည် ကုတင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ ကျင့်ကြံခြင်း စတင်လိုက်ပြီး ဧကရာဇ်ကျင့်စဉ်ကို လည်ပတ်လိုက်၏။

ဒန်တျန် အတွင်း၌ ယခင်က ပင်လယ်သဖွယ် ကျယ်ပြောလှသော စိတ်ဝိညာဉ်စွမ်းအားများ နေရာ၌ မြူခိုးကဲ့သို့သော စိတ်ဝိညာဉ်စွမ်းအားများဖြင့် အစားထိုး ပြည့်နှက်နေလျက်ရှိသည်။

ယခင်က ပြန့်ကျဲနေသော စိတ်ဝိညာဉ်စွမ်းအားများက ပေါင်းစပ် လည်ပတ်နေပြီး ကြယ်တာရာ ဝဲကတော့တစ်ခုနှင့်ပင် တူနေသေး၏။

နိဗ္ဗာန်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းဆက အဆင့်တစ်ဆင့်လုံး မြင့်တက်သွားပြီး ဒန်တျန်အတွင်းရှိ စွမ်းအားများကို မြူခိုးများအသွင်ဖြင့် လည်ပတ်လာစေခြင်း ဖြစ်သည်။

သို့သော် ထူထပ်သော စိတ်ဝိညာဉ်မြူခိုးများထဲ၌ တောက်ပသော အလင်းတန်း နှစ်ခု ရှိနေ၏။ တစ်ခုမှာ ရွှေနီရောင် မိုးကြိုးဖြစ်ပြီး နောက်တစ်ခုမှာ အဖြူရောင်သမ်းသော အပြာရောင် ရေခဲတောင်ဖြစ်လေသည်။ ထိုအရာများက မိုးကြိုးလျှပ်စီးဓားနှင့် တိမ်တိုက်ဓားတို့ပင် ဖြစ်ကြသည်။

ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်ပြီးနောက် လင်းချန်၏ စိတ်က တည်ငြိမ်သွားပြီး သူ့စိတ်ထဲ၌ ပိုမို သန်မာလာစေရန် ဟူသော အတွေးတစ်ခုတည်းသာ ရှိတော့၏။

**--**--**--**--**--**--**--**

နောက်တစ်နေ့ ပြိုင်ပွဲကွင်း၌ အတွင်းစည်းတပည့်များ စုဝေးရောက်ရှိနေကြသဖြင့် စည်ကားသိုက်မြိုက်နေကြသည်။

ထိုအတွင်းစည်းတပည့်များ အားလုံးက ပြိုင်ပွဲစင်မြင့် အမှတ် ၉ ဆီသို့ ဦးတည်သွားနေကြပြီး သူတို့၏ ရည်ရွယ်ချက်မှာ လင်းချန် နှင့် တင်းကျစ်ရုံ တို့၏ ပွဲကို ကြည့်ရှုရန်ပင် ဖြစ်၏။

"မင်း ဘယ်လိုထင်လဲ... ဒီတစ်ခေါက် တင်းကျစ်ရုံနဲ့ လင်းချန်ပွဲမှာ ဘယ်သူ နိုင်ပြီး ဘယ်သူ ရှုံးမလဲကွ။"

"ပြောရခက်တယ်... လင်းချန်က တော်တော် ထူးဆန်းတယ်လေ။ ဒါပေမဲ့ တင်းကျစ်ရုံက ပိုသန်မာမယ့်ပုံပဲ။"

"ဘာလို့ အဲဒီလို ထင်တာ။"

"ကျောက်ဟိုင်မင်း ကိုယ်တိုင်က သူ တင်းကျစ်ရုံလောက် မစွမ်းဘူးလို့ ဝန်ခံထားပြီးပြီလေ။"

"မဖြစ်နိုင်တာ... ကျောက်ဟိုင်မင်းက အတွင်းစည်းရဲ့ ထိပ်ဆုံးပဲလေ။ တင်းကျစ်ရုံက ဘယ်လောက်တောင် သန်မာလို့လဲကွ။"

"တင်းကျစ်ရုံ ရောက်လာပြီဟေ့။"

တပည့်တစ်ယောက်၏ အာမေဋိတ်သံ ထွက်လာပြီးနောက် ပြိုင်ပွဲစင်မြင့်ကို ဝိုင်းရံထားသော လူအုပ်ကြီး၏ အပြင်ဘက်မှ လူပုံရိပ်တစ်ခု ခုန်တက်လာပြီး ပြိုင်ပွဲစင်မြင့် အမှတ် ၉ ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။

ထိုလူငယ်သည် နားရွက်အထိ ရှည်သော ဆံပင် ၊ ဓားသွားပုံစံ မျက်ခုံးနှင့် ကြယ်ရောင်ကဲ့သို့ မျက်လုံးများ ရှိပြီး ခပ်ချောချော ဖြစ်သော်လည်း မျက်နှာပေါ်ရှိ ကင်းခြေများပုံစံ အမာရွတ်တစ်ခုကြောင့် အနည်းငယ် ကြောက်စရာ ကောင်းနေ၏။

ထိုသူမှာ အတွင်းစည်းတပည့်များကြား၌ အသန်မာဆုံးဟု အမည်တွင်သည့် တင်းကျစ်ရုံပင် ဖြစ်လေ၏။ သူ၏ မျက်နှာထားမှာ တည်ငြိမ်နေပြီး အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားလျက် ရှိနေသည်။

ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရောက်သောအခါ သူ မတ်မတ်ရပ်လိုက်ပြီး မျက်လုံးတို့ကို မှိတ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

"လူငယ်ဧကရာဇ်လင်းချန် ရောက်လာပြီဟေ့။"

ရုတ်တရက် အတွင်းစည်းတပည့်များကြားမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လူအုပ်ကြီးမှာ ဘေးနှစ်ဖက်သို့ ကွဲသွားရသည်။ ထိုလူအုပ်ကြားမှ လင်းချန် ရှေ့ဆုံးမှ လျှောက်လာပြီး လေချန် ဦးဆောင်သော မိုးကြိုးတပ်ဖွဲ့ကမူ အနောက်မှ ကပ်လိုက်လာ၏။

လင်းချန် ပြိုင်ပွဲစင်မြင့်ဆီသို့ လျှောက်သွားပြီး လေချန်နှင့် မိုးကြိုးတပ်ဖွဲ့တို့က စင်မြင့်အစွန်းတွင် ရပ်တန့်ကာ ကြည့်ရှုနေကြသည်။

လင်းချန် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ခြေချလိုက်သည်နှင့် တင်းကျစ်ရုံ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သူ့ပြိုင်ဘက်ကို စူးစိုက်ကြည့်လိုက်သည်။

ခဏကြာသောအခါ တင်းကျစ်ရုံ စကားစပြောလာသည်။

သို့သော် သူ၏ စကားတစ်ခွန်းက ကြည်လင်သော ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်းကို အံ့အားသင့် မှင်သက်သွားစေကြတော့၏။

"ငါ မင်းလောက် မစွမ်းဘူး... စိန်ခေါ်မှုကို ဖျက်သိမ်းလိုက်တော့မယ်။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၇ + ၉၈ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters