← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၉ + ၁၀၀

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

တင်းကျစ်ရုံက စိန်ခေါ်မှုကို ပယ်ဖျက်လိုက်ပြီး လင်းချန်ကို မယှဉ်နိုင်ကြောင်း ဝန်ခံလိမ့်မည်ဟု ရောက်ရှိနေသူအားလုံး ထင်မှတ်မထားကြချေ။

နေ့လယ်ရောက်ရန် အချိန်လိုသေးသောကြောင့် ယခုကဲ့သို့ စိန်ခေါ်မှုကို ပယ်ဖျက်လိုက်ခြင်းအား ရှုံးနိမ့်သည်ဟု မသတ်မှတ်နိုင်သဖြင့် နောက်ထပ်စိန်ခေါ်ခွင့် ရှိနေသေး၏။

စိန်ခေါ်မှု ကျရှုံးသွားမှသာလျှင် နောက်ထပ် စိန်ခေါ်ခွင့်ကို ဆုံးရှုံးသွားမည် ဖြစ်လေသည်။

လင်းချန် မေးခွန်းထုတ်လိုက်၏။

"မင်းက တိုက်တောင် မတိုက်ရသေးဘဲ ငါ့ကို မယှဉ်နိုင်ဘူးလို့ ဘယ်လိုလုပ် သိတာလဲ။"

တင်းကျစ်ရုံ၏ တုံ့ပြန်မှုက လင်းချန် ထင်မှတ်မထားသော အရာဖြစ်နေ၏။ လင်းချန် မျက်ခုံးပင့်လိုက်ပြီး ပြိုင်ဘက်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

တစ်ချိန်တည်း၌မှာပင် တင်းကျစ်ရုံ၏ မျက်လုံးများ၌ စုစည်းထားသော စိတ်ဝိညာဉ်စွမ်းအားများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

လင်းချန်နှင့် ဤနေရာတွင် ရင်ဆိုင်လိုက်ရခြင်းက သူ့အား တစ်စုံတစ်ခုကို သဘောပေါက်သွားစေပုံရသည်။

တင်းကျစ်ရုံက သူ၏စွမ်းရည်ကို ရှင်းပြလိုက်၏။

"ငါ့ သိုင်းဝိညာဉ်ရဲ့ ထူးခြားချက်က အာရုံခံနိုင်စွမ်းပဲ။ ပြိုင်ဘက် ဘယ်လောက်သန်မာလဲဆိုတာ အတိအကျ မသိနိုင်ပေမဲ့ သူတို့က ငါ့ကို ဘယ်လောက်အထိ အန္တရာယ်ပေးနိုင်လဲ ဆိုတာကိုတော့ ငါ အာရုံခံနိုင်တယ်။"

"အဆင့်ခြောက်ဆင့်ရှိတယ်... အန္တရာယ်ကင်း ၊ သာမန် ၊ ခက်ခဲ ၊ ငရဲ ၊ အိပ်မက်ဆိုး နဲ့ သေခြင်းတရား။"

တင်းကျစ်ရုံက လင်းချန်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။

"အန္တရာယ်ရှိနိုင်ခြေကို တွက်ကြည့်ရရင် ကျောက်ဟိုင်မင်းက ခက်ခဲနဲ့ ငရဲကြားမှာ ရှိတယ်။ ငါ့မျက်နှာပေါ်က အမာရွတ်ကို ပေးခဲ့တဲ့သူက ငရဲအဆင့် အန္တရာယ်ရှိတဲ့ ရန်သူပဲ။"

အခြား အတွင်းစည်းတပည့်များက တင်းကျစ်ရုံ၏ စကားကို အံ့ဩခြင်း မရှိကြချေ။ သူ့သိုင်းဝိညာဉ်၏ ထူးခြားချက်ကို သူတို့ သိထားပြီး ဖြစ်သည်။

လင်းချန်ကမူ ထိုစွမ်းရည်ကို ဆန်းသစ်ကာ စိတ်ဝင်စားစရာကောင်းသည်ဟု ရှုမြင်လိုက်၏။ ထို့နောက် သူက စိတ်ဝင်တစားဖြင့် ဆက်မေးလိုက်သည်။

"စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်ပဲ။ ဒါဆို ငါကရော..."

"..."

လင်းချန်၏ မေးခွန်းကြောင့် တင်းကျစ်ရုံ ခဏတာ တိတ်ဆိတ်သွားပြီးနောက် မျက်လုံးမှိတ်ကာ ပြန်လည်ဖြေကြားလိုက်၏။

"သေခြင်းတရား။"

တင်းကျစ်ရုံက မျက်လုံးဖွင့်၍ လင်းချန်ကို ပြန်ကြည့်လိုက်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားရင်း မှတ်ချက်ချလိုက်သည်။

"ငါမင်းကို... ကြောက်မိတယ်။ လူငယ်ဧကရာဇ် ဆိုတဲ့ နာမည်နဲ့ မင်းက တကယ် လိုက်ဖက်တာပဲ။"

ပြောပြီးသည်နှင့် တင်းကျစ်ရုံ လှည့်ထွက်သွားပြီး ပြိုင်ပွဲစင်မြင့်ပေါ်မှ ဆင်းကာ ထွက်ခွာသွားတော့၏။ လူတိုင်း အာရုံစိုက်နေသော ပွဲသည် ဟာသတစ်ခုကဲ့သို့ပင် ပြီးဆုံးသွားတော့သည်။

သို့သော် ထွက်မသွားခင် တင်းကျစ်ရုံ ပြောသွားသော စကားများကြောင့် အတွင်းစည်းတပည့်များက လင်းချန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

တင်းကျစ်ရုံ၏ စိတ်နေသဘောထားကို သူနှင့်အတူ နတ်ဓားဂိုဏ်းသို့ ဝင်ရောက်လာသော အတွင်းစည်းတပည့်များ ကောင်းကောင်း သိကြသည်။

တင်းကျစ်ရုံသည် လိမ်ညာတတ်သူ မဟုတ်ချေ။

ထို့ကြောင့် သူပြောသည့် စကားများက အမှန်တရား ဖြစ်ကြောင်း သိသာနေ၏။ ထို့အပြင် တင်းကျစ်ရုံက တိုက်ခိုက်ရာ၌ ရူးသွပ်သူအဖြစ် နာမည်ကြီးသည်။

သူ့အတွက် ကြောက်ရွံ့ခြင်းဆိုသည်မှာ မရှိဟုပင် ထင်ရ၏။ သို့သော် ထိုကဲ့သို့သော လူက လင်းချန်ကို ကြောက်ရွံ့ကြောင်း ဝန်ခံလိုက်သည်လော။

တင်းကျစ်ရုံ၏ အာရုံခံနိုင်စွမ်း အဆင့်သတ်မှတ်ချက်တွင် လင်းချန် သေခြင်းတရား အဆင့် ဖြစ်နေသည်လော။

ထိုအရာကို တွေးမိပြီး ပြိုင်ပွဲစင်မြင့်အောက်မှ အတွင်းစည်းတပည့်များက စင်မြင့်ပေါ်မှ လင်းချန်ကို မော့ကြည့်လိုက်မိကြသည်။

တပည့်တစ်ဦးက မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"လင်းချန်က ဘယ်လောက်တောင်များ သန်မာနေတာလဲ။"

လင်းချန် ပြိုင်ပွဲစင်မြင့်ပေါ်မှ ဆင်းလာသည်ကို ကြည့်ရင်း လေချန်က သက်ပြင်းချကာ ဆိုလိုက်၏။

"မတိုက်ဘဲနဲ့ အနိုင်ရတယ်... ခေါင်းဆောင်က တကယ် သန်မာတာပဲ။"

လင်းချန်ကမူ လေချန်ဘေးမှ ဖြတ်သွားရင်း လေချန်၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဆတ်ဆတ် ထိုးကာ သတိပေးလိုက်သည်။

"မင်းအလှည့် ရောက်ပြီ။"

လက်သီးချက်ကြောင့် လေချန် နောက်သို့ ခြေလှမ်း နှစ်လှမ်းခန့် ယိုင်သွားပြီး ရယ်မောလိုက်၏။ ထို့နောက် ခေါင်းခါပြီး ပြိုင်ပွဲစင်မြင့်ဆီသို့ ဦးတည်သွားလိုက်သည်။

လေချန်က ပြိုင်ပွဲစင်မြင့်ပေါ် တက်သွားသည်ကို မြင်သောအခါ ထွက်ခွာရန် ပြင်နေသော အတွင်းစည်းတပည့်များ ခြေလှမ်းရပ်တန့်သွားပြီး စူးစမ်းချင်စိတ်များ ပြည့်နှက်သွား၏။

လေချန် စင်မြင့်ပေါ်သို့ ရောက်သည်နှင့် ရုတ်တရက် ကြေညာလိုက်သည်။ "အတွင်းစည်းက ညီအစ်ကို မောင်နှမတွေ ရှေ့မှောက်မှာ... ကျွန်တော် လေချန်က ကျောက်ဟိုင်မင်းကို စိန်ခေါ်ပါတယ်။"

ထို့နောက် သူက စင်မြင့်အောက်မှ တစ်နေရာကို တန်းတန်းမတ်မတ် ကြည့်လိုက်ရင်း ထပ်မံဖိတ်ခေါ်လိုက်၏။

"အစ်ကိုကြီးကျောက်... ကျေးဇူးပြုပြီး စင်မြင့်ပေါ် တက်လာခဲ့ပါ။"

လေချန်၏ စကားကြောင့် ရောက်ရှိနေသော အတွင်းစည်းတပည့်များ အံ့အားသင့်သွားကြပြီး သူကြည့်နေသော နေရာသို့ လှည့်ကြည့်လိုက်ကြသည်။

တစ်ချိန်တည်း၌ပင် လေချန် ကြည့်နေသော နေရာရှိ အတွင်းစည်းတပည့်များ ဘေးသို့ ဖယ်လိုက်ကြရာ လူငယ်တစ်ဦး ပေါ်လာ၏။ ဟထိုလူငယ်က ဆံပင်ရှည်ထားပြီး ပျင်းရိသော ပုံစံရှိကာ အပြာရောင်ဖျော့ဖျော့ ဝတ်ရုံကို ဝတ်ဆင်ထားသည်။

သမ်းဝေနေသဖြင့် မျက်လုံးထောင့်တွင် မျက်ရည်များပင် စို့နေ၏။ ထိုပျင်းရိနေသော လူငယ်က အတွင်းစည်း၌ နံပါတ်တစ်အဖြစ် လူသိများသော ကျောက်ဟိုင်မင်းပင် ဖြစ်လေသည်။

အဝေးသို့ မရောက်သေးသော တင်းကျစ်ရုံသည်လည်း ရပ်သွားပြီး ပြိုင်ပွဲစင်မြင့် အစွန်းသို့ ပြန်လျှောက်လာ၏။

လူအုပ်ထဲမှ တပည့်အချို့က အံ့ဩတကြီး ပြောဆိုလိုက်ကြသည်။ "လေချန် ရူးများသွားတာလားဟ။ ကျောက်ဟိုင်မင်းကို စိန်ခေါ်တယ် ဟုတ်လား။"

"လေကော့ကို အနိုင်ယူဖူးပေမဲ့ လေကော့က အတွင်းစည်းတပည့်တွေထဲမှာ အဆင့် ၉ ပဲ ရှိတာလေ။ ကျောက်ဟိုင်မင်းက အဆင့် ၁ ကွ။"

"ကောလာဟလတွေအရတော့... လေချန်က လင်းချန်ကို ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီးကတည်းက နေ့တိုင်း မော်ချင်းတောင်ကို သွားပြီး အတူတူ ကျင့်ကြံတယ်တဲ့။ ဘယ်လောက် တိုးတက်လာလဲ ဘယ်သူသိမှာလဲ။"

"ကျင့်ကြံခြင်း တိုးတက်လာရင်တောင် ဘယ်လောက်များ တိုးတက်လာမှာမို့လို့လဲကွာ။ ကျောက်ဟိုင်မင်းကို အနိုင်ယူချင်တာကတော့ မဖြစ်နိုင်တဲ့ အိပ်မက်မက်နေတာပဲ။"

ကျောက်ဟိုင်မင်းကမူ ပြိုင်ပွဲစင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး လေချန်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်ကာ မျက်လုံးကို မှေး၍ ကြည့်လိုက်၏။

ခဏကြာသောအခါ ကျောက်ဟိုင်မင်း၏ မှေးထားသော မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားကာ မေးမြန်းလိုက်သည်။

"သောက်ကျိုးနည်း။"

"မင်းက... တကယ်ကြီး လေချန်လား။"

လေချန်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

"သံသယဖြစ်စရာ မလိုပါဘူး။"

ထိုအခါ ကျောက်ဟိုင်မင်းက နောက်သို့ သုံးလှမ်းဆုတ်လိုက်ပြီး သူ၏ မျက်နှာထားက လေးနက်တည်ကြည်သွားကာ ထပ်မံမေးမြန်းလိုက်သည်။

"လင်းချန်နောက် လိုက်သွားပြီးနောက်ပိုင်း ဘာတွေဖြစ်ခဲ့တာလဲ။ မင်း ဘယ်လိုလုပ် အချိန်တိုအတွင်း ဒီလောက် သန်မာလာရတာလဲ။"

ကျောက်ဟိုင်မင်း စကားပြောလိုက်သည်နှင့် လူအုပ်ကြီးမှာ ဆူညံသွားရတော့၏။

လေချန် အလွန်သန်မာလာသည်ဟု ကျောက်ဟိုင်မင်းက ပြောလိုက်ခြင်းကို သူတို့ မယုံကြည်နိုင် ဖြစ်သွားကြရသည်။

စင်မြင့်အောက်ရှိ တင်းကျစ်ရုံ၏ မျက်နှာထားသည်လည်း ပြောင်းလဲသွား၏။ ကျောက်ဟိုင်မင်း၏ ပြိုင်ဘက်ဟောင်း ဖြစ်သည့်အားလျော်စွာ ထိုအကောင်၏ အကျင့်စရိုက်ကို သူကောင်းကောင်း သိထားသည်။

ကျောက်ဟိုင်မင်း၏ ပျင်းရိသော အမူအရာ လေးနက်သွားခြင်းမှာ အလွန်သန်မာသော ပြိုင်ဘက်များနှင့် ရင်ဆိုင်ရချိန်တွင်သာ ဖြစ်လေ့ရှိ၏။

သူ့အား ရင်ဆိုင်ရချိန်၌ပင် ထိုမျှလောက် လေးနက်မှု မရှိခဲ့ဖူးချေ။

တင်းကျစ်ရုံက ဝိညာဉ်စွမ်းအားကို မျက်လုံးတွင် စုစည်းပြီး လေချန်အား သေချာ အာရုံခံကြည့်လိုက်ရာ ထိတ်လန့်သွားရသည်။

"ငရဲနဲ့ အိပ်မက်ဆိုးကြားထဲမှာ... ပြီးတော့ အိပ်မက်ဆိုးအဆင့်နဲ့ အတော်လေး နီးကပ်နေပြီ...။"

တင်းကျစ်ရုံ အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။

ဧကရာဇ် လေဟန်၏ မြေးဖြစ်သူ လေချန်က အပြင်စည်း၌ ရှိစဉ်က ပါရမီမဆိုးလှသော်လည်း မာနကြီးသူ တစ်ယောက် ဖြစ်ကြောင်း တင်းကျစ်ရုံ သိထားသည်။

သို့သော် ယခုအခါ လေချန်က လုံးဝ ကွဲပြားခြားနားသော လူတစ်ယောက် ဖြစ်နေလေပြီ။ အကြောင်းရင်းမှာ အတွင်းစည်းတပည့်များ ပြောနေကြသည့်အတိုင်း လေချန်က လင်းချန်နှင့် သေခြင်းရှင်ခြင်းတိုက်ပွဲ ရှုံးနိမ့်ပြီးနောက် သူ့နောက်လိုက်ကာ မော်ချင်းတောင်တွင် နေ့တိုင်း ကျင့်ကြံခဲ့ခြင်းကြောင့်ပင် ဖြစ်၏။

တင်းကျစ်ရုံက ခေါင်းလှည့်ပြီး စင်မြင့်အောက် မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ ရပ်လျက် ပွဲကို ကြည့်နေသော လင်းချန်ကို လှမ်းကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။

"မင်းက လူရောဟုတ်ရဲ့လား"

**--**--**--**--**--**--**--**

ကြီးကြပ်ရေးအကြီးအကဲ၏ အချက်ပေးမှုနှင့်အတူ လေချန်နှင့် ကျောက်ဟိုင်မင်းတို့၏ ပွဲစဉ် တရားဝင် စတင်သွား၏။

ပွဲစတင်သည်နှင့် လေချန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားများကို မိုးကြိုးဓားတစ်လက်အဖြစ် ချက်ချင်း အသွင်ပြောင်း ကိုင်ဆောင်လိုက်ကာ ကျောက်ဟိုင်မင်းထံသို့ ပြေးဝင်သွားလိုက်၏။

လေချန် လှုပ်ရှားလိုက်သည်နှင့် စင်မြင့်အောက်မှ တပည့်များထံမှ အံ့ဩတကြီး အာမေဋိတ်သံများ ထွက်ပေါ်လာသည်။

"လေချန်ရဲ့ စိတ်ဝိညာဉ်အလင်းတန်းက ၉ သွယ် ဖြစ်နေပါလား။ သူက နိဗ္ဗာန်စက်ဝန်း ၈ သွယ်နဲ့ နိဗ္ဗာန်နယ်ပယ်ကို အောင်မြင်ခဲ့တာ မဟုတ်ဘူးလား။ အခုဘယ်လိုလုပ်..."

"မဖြစ်နိုင်တာ... သူ မူလပြန်လည်ဖြည့်ဆည်းခြင်း အောင်မြင်သွားတာလား။"

ထို့နောက် စင်မြင့်ပေါ်တွင် ဖြစ်ပျက်သွားသော အရာက ကြည့်ရှုနေသော အတွင်းစည်းတပည့်များကို ပို၍ပင် မှင်သက်သွားစေ၏။

ကျောက်ဟိုင်မင်းက လေချန်၏ ဓားချက်တစ်ချက်တည်းဖြင့် လွင့်ထွက်သွားရသည်။

တပည့်များက မယုံနိုင်စွာဖြင့် ရေရွတ်လိုက်ကြ၏။

"ဘာတွေ ဖြစ်ကုန်တာလဲ။"

ကျောက်ဟိုင်မင်းမှာမူ သူ၏ မူလလက်နက်ဖြစ်သော ဓားကြီးနှစ်လက်ကို ဆုပ်ကိုင်ထားလျက်ရှိသော်လည်း သူ၏လက်မောင်းတစ်ခုလုံး ထုံကျင်နေရလေပြီ။

သူ၏ လက်ချောင်းများကြားမှ သွေးများ စီးကျလာပြီး ထူထဲလှသော သူ၏ မြေကမ္ဘာစိတ်ဝိညာဉ်စွမ်းအားများမှာလည်း ပြိုကွဲစ ပြုလာ၏။

မြေကမ္ဘာစွမ်းအားနှင့် ဓားကြီးစိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ကျောက်ဟိုင်မင်း၏ ဝိညာဉ်စွမ်းအင်က အလွန် အစွမ်းထက်သည်။

ထိုစွမ်းအားမှာ တတိယတန်းအဆင့် အထက်တန်းစားဖြစ်ပြီး သူ့လက်ထဲရှိ မူလလက်နက်ကို အလေးချိန် နှစ်ဆ တိုးသွားစေသော်လည်း သူကမူ ပေါ့ပေါ့ပါးပါးပင် ကိုင်တွယ်နိုင်သေး၏။

သို့သော် ယခုအခါ ကျောက်ဟိုင်မင်းက လေချန်၏ မရပ်မနား တိုက်ခိုက်မှုအောက်တွင် ရုန်းကန်နေရပြီး ခံစစ်အနေအထားသို့ ရောက်နေရလေသည်။

ခံစစ်နှင့် တိုက်စစ် နှစ်မျိုးစလုံး ကောင်းမွန်သော ကျောက်ဟိုင်မင်းသည် တင်းကျစ်ရုံနှင့် ရင်ဆိုင်ရစဉ်ကပင် ဤမျှလောက် အရှက်ရဖွယ်ကောင်းလောက်အောင် ဖိနှိပ်မခံခဲ့ရဖူးချေ။

လေချန်၏ မျက်လုံးထဲ၌ လျှပ်စီးများ လက်သွားပြီး ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာကာ ကျောက်ဟိုင်မင်းထံသို့ ဓားဖြင့် ပိုင်းချရင်း ဟိန်းဟောက်လိုက်သည်။

"မိုးကြိုးပိုင်းဖြတ်ခြင်း"

"ဖူးးး" ကျောက်ဟိုင်မင်း၏ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်ကာ မြေကြီးပေါ်သို့ လဲကျသွားတော့သည်။ သူ၏ မူလလက်နက် ဓားကြီးလည်း လက်မှ လွတ်ကျသွားရတော့၏။

ရလဒ်က ရှင်းလင်းသွားပြီ ဖြစ်ရာ ပတ်ဝန်းကျင်တခုလုံးသည်လည်း လုံးဝ တိတ်ဆိတ်သွားတော့သည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၀ ၊ အတွဲ ၁ ၊ အပိုင်း ၉၉ + ၁၀၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

Editor - Author Chang'e 🌕

True Immortal Team

All Chapters