← Chapters

အခန်း (၉၆၃-၉၆၄)

Vol. 97 Ch. 963-964

အခန်း (၉၆၃-၉၆၄)

Vol. 97 Ch. 963-964

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၃ + ၉၆၄)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

သိသာလှစွာပင် မိစ္ဆာအုပ်စုတို့သည် ဖန်းချင်းယီ၏ လှည့်ကွက်များကို သိမြင်ထားပြီးဖြစ်ကာ ၊ သူတို့၏ မျှော်လင့်ချက်အားလုံးကို နဂါးထံ၌သာ ပုံအပ်ထားခဲ့သည်။ အမှန်တကယ်ပင် သူတို့ အောင်မြင်သွားခဲ့၏။ ထို့နောက်တွင်တော့ လူသားတပ်ဖွဲ့များမှာ တစ်ဖက်သတ် ချေမှုန်းခံရလေတော့သည်။

လူသားမျိုးနွယ်၏ မဟာမိတ်စစ်တပ်ကြီး တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် သုတ်သင်ခံလိုက်ရပြီး ၊ သိုင်းပညာရှင် တပ်ဖွဲ့များအားလုံးသည်လည်း ပျက်သုဉ်းသွားခဲ့ရသည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာများ ထိန်းချုပ်ထားသော မြေအောက်ကမ္ဘာနယ်မြေမှာ အရူးအမူး ပြန့်နှံ့သွားကာ ၊ အမေရိကတိုက် တစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း၌ သိမ်းပိုက်သွားခဲ့၏။ မြေအောက်ကမ္ဘာနယ်မြေသည် လအနည်းငယ်အတွင်း၌ပင် ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည် ဖြစ်သည်။

ဖန်းချင်းယီက တုပိုင်၏ ရင်ဘတ်ပေါ်၌ ဆက်ထိုင်နေရင်း တုပိုင်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “တုပိုင် ... ရှင် ကျွန်မကို ဒုတိယအကြိမ် ကယ်တင်ခဲ့ပြန်ပြီပဲ။ ရှင်က မိစ္ဆာမရဲ့ ဝိညာဉ်ကို ယူသွားပေမဲ့ ခန္ဓာကိုယ်ကိုတော့ ကျွန်မဆီ ချန်ထားခဲ့တယ်။ ဒါကြောင့် ဒီငရဲနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်က ကျွန်မအပိုင်ပဲ။”

တုပိုင် မျက်နှာသေဖြင့် ပြန်ပြောလိုက်၏။ “အောင်မြင်မှုအတွက် ဂုဏ်ပြုပါတယ်။ ဒါပေမဲ့ နေရာလေး နည်းနည်းလောက် ပြောင်းထိုင်ပေးလို့ ရမလား။”

ဖန်းချင်းယီက သဘောတူလိုက်သည်။ “ရတာပေါ့။” ထို့နောက် ရှေ့သို့ တိုးကာ တုပိုင်၏ လည်ပင်းပေါ်သို့ တည့်တည့် ထိုင်ချလိုက်တော့၏။

တုပိုင်၏ လေပြွန်မှာ ဖိညှစ်ခံလိုက်ရ၏။

“အဟွတ် ... အဟွတ် ... “

ဖန်းချင်းယီ တစ်ခစ်ခစ် ရယ်မောရင်း ပြောလာသည်။ “တုပိုင် ... ကံတရားက လူကို တကယ် လှည့်စားတာပဲ။ အခု ကျွန်မရဲ့ သိုင်းပညာက ရှင့်ထက် ပိုသာသွားပြီ။ အခုတော့ ကျွန်မသဘောပဲ။ နောက်ဆုံးတော့ ရှင့်ကို ကျွန်မ ပြန်ပြီး အနိုင်ကျင့်လို့ ရပြီ။ တကယ်ကို အရသာရှိတာပဲ။ ရှင် မကျေနပ်ဘူး မလား။”

တုပိုင် မျက်လုံးလှိမ့်လိုက်ရသည်။ “အရှုံးပေးပါတယ်။” ထို့နောက် အခြားနေရာသို့ ပြောင်းထိုင်ရန် ထပ်မတောင်းဆိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူသာ ထပ်ပြောလိုက်ပါက တစ်ဖက်လူက သူ၏ မျက်နှာပေါ်သို့ တည့်တည့် ထိုင်ချလာမည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

ထို့နောက် ဖန်းချင်းယီ၏ မျက်နှာက တည်ကြည်လေးနက်သွားတော့၏။

“တုပိုင် ... ရှင် ကျွန်မဝိညာဉ်ကို ကယ်တင်ခဲ့ပေမဲ့လည်း ဘာမှ မထူးပါဘူး။ ရှင် ဒီကမ္ဘာကြီးကို ကယ်တင်ချင်တယ်ဆိုရင် ဧရာမ နဂါးကြီးရဲ့ ဝိညာဉ်ကို ကယ်တင်ဖို့ လိုတယ်။ နီရှန် ၊ ကျီယင်ယင်နဲ့ တခြား ထောင်ချီတဲ့ လူသားသိုင်းပညာရှင် စစ်တပ်တွေ ၊ သိန်းချီတဲ့ လူသားမဟာမိတ်တပ်ပေါင်းစုတွေ ၊ ပေမင်ဓားဂိုဏ်းက တပည့် သောင်းချီနဲ့ မရေမတွက်နိုင်တဲ့ စွမ်းအင်လက်နက်တွေ ၊ လေသင်္ဘောကြီး ကိုးစင်း ... အားလုံးက မသေမျိုးနဂါးရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ။”

ဤအရာအားလုံးမှာ တုပိုင် အလိုရှိနေသော အရာများပင် ဖြစ်၏။ ကံကြမ္မာ မိစ္ဆာသခင်၏ သန်းလေးဆယ်သော စစ်တပ်ကြီးကို အနိုင်ယူလိုပါက ဤစွမ်းအင်လက်နက်များ ၊ သိုင်းပညာရှင် စစ်တပ်နှင့် အထူးသဖြင့် လေသင်္ဘောကြီး ကိုးစင်းမှာ မရှိမဖြစ်များပင်။

သေချာပေါက် အရေးအကြီးဆုံးအရာမှာ သူ နဂါး၏ ဝိညာဉ်ကို လိုအပ်နေခြင်းပင် ဖြစ်၏။

ဤသည်က တုပိုင်အနေဖြင့် ကံကြမ္မာ မိစ္ဆာသခင်ဟူသော ဧရာမ နောက်ဆုံးရန်သူကြီးကို အနိုင်ယူရန်အတွက် မရှိမဖြစ်လိုအပ်သော အခြေအနေတစ်ခုလည်း ဖြစ်သည်။

ဖန်းချင်းယီက ဆက်ပြော၏။ “ဒါပေမဲ့ နဂါးရဲ့ ဝိညာဉ်ကို လွတ်မြောက်စေချင်တယ်ဆိုရင် ရှင့်အနေနဲ့ သောင်းချီတဲ့ မိစ္ဆာဝိညာဉ်တွေကို အနိုင်ယူဖို့ လိုလိမ့်မယ်။”

အဘယ်ကြောင့်ဆိုသော် ယခုအချိန်၌ ထိုသောင်းချီသော မိစ္ဆာဝိညာဉ်များက မသေမျိုးနဂါးကို ထိန်းချုပ်ထားသောကြောင့်ပင် ဖြစ်၏။

“ဒါပေမဲ့ ... အစောက မိစ္ဆာမ တစ်ကောင်ရဲ့ ဝိညာဉ်ကိုတောင် ရှင် ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာလေ။ သောင်းချီတဲ့ မိစ္ဆာဝိညာဉ်တွေကို အနိုင်ယူဖို့ဆိုတာ ဝေလာဝေးပေါ့။”

ဤသည်မှာ အမှန်ပင် ဖြစ်၏။ တုပိုင်မှာ အလွန်အမင်း အစွမ်းထက်လှသော ရန်သူနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

သာမန်တိုက်ပွဲမျိုး၌ဆိုလျှင် ယခုလက်ရှိ တုပိုင်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုပါက တုပိုင်ဆယ်ယောက် ၊ အယောက်တစ်ရာ ရှိနေလျှင်ပင် သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

မိစ္ဆာဝိညာဉ်သောင်းချီဖြင့် မသေမျိုးနဂါးကြီးမှာ အလွန်တရာ အစွမ်းထက်လွန်းလှပြီး ၊ သူ၏ ထွက်သက်တစ်ချက်ကပင် တုပိုင်အား ပြာကျသွားစေရန် လုံလောက်နေပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဤနေရာက မြေအောက်ကမ္ဘာနယ်မြေ ဖြစ်ပြီး ၊ သူ၏ ပိုင်နက်နယ်မြေ ဖြစ်နေသောကြောင့်ပင်။

ဖန်းချင်းယီက ဆို၏။ “နဂါးရဲ့ ဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်း လွတ်မြောက်စေမဲ့ နည်းလမ်း ကျွန်မမှာ ရှိတယ်။ ပြီးတော့ အဲဒါကို ကျွန်မ တစ်ယောက်တည်းပဲ လုပ်နိုင်တာ။”

တုပိုင်က ဖြတ်ပြောလိုက်သည်။ “အဲဒီပစ္စည်း နှစ်ခုကို မင်း ဝှက်ထားတယ်မလား။”

ဖန်းချင်းယီ အံ့အားသင့်သွားပြီးနောက် ညည်းညူလိုက်၏။ “ရှင့်လို ဉာဏ်ကောင်းလွန်းတဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ တကယ်ကို ပျင်းစရာကောင်းတာပဲ။”

ထို့နောက် သူမ ခေါင်းညိတ်ကာ ဆက်ပြောသည်။ “မှန်တယ်။ အဲဒီပစ္စည်း နှစ်ခုကို ကမ္ဘာ့အက်ကွဲကြောင်းရဲ့ ဗဟိုချက်ကနေ ကျွန်မ တွေ့ခဲ့တာ။ ပြီးတော့ ကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ သွားဝှက်ထားလိုက်တယ်။ အနည်းဆုံးတော့ အဲဒါတွေ မိစ္ဆာတွေ လက်ထဲ မရောက်သွားသေးဘူးလေ။ ရှင်က နဂါးရဲ့ ဝိညာဉ်ကို လွတ်မြောက်စေချင်တယ်ဆိုရင် ၊ သောင်းချီတဲ့ မိစ္ဆာဝိညာဉ်တွေကို မျက်စိတစ်မှိတ်အတွင်း အနိုင်ယူချင်တယ်ဆိုရင် အဲဒီပစ္စည်း နှစ်ခုကို မဖြစ်မနေ သုံးမှ ရလိမ့်မယ်။”

တုပိုင် ခေါင်းညိတ်လိုက်၏။ “အဲဒီပစ္စည်း နှစ်ခုသာ ရှိရင် သောင်းချီတဲ့ မိစ္ဆာဝိညာဉ်တွေကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တယ်ဆိုတာ ငါ သိတယ်။”

ဖန်းချင်းယီ သတိပေးလိုက်သည်။ “ဒါပေမဲ့ ရှင်ကိုယ်တိုင်လည်း သေလောက်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ ရှင် မသေသွားရင်တောင်မှ သတိမထားဘူးဆိုရင် ကမ္ဘာကြီးကို ဖျက်ဆီးမဲ့ အဆိုးရွားဆုံး မိစ္ဆာကြီး ဖြစ်သွားလိမ့်မယ်။”

တုပိုင တုံ့ပြန်လိုက်၏။ “ငါ့ကိုယ်ငါ ယုံကြည်ချက်ရှိပါတယ်။”

“ဒါပေါ့ ... ရှင် အောင်မြင်သည်ဖြစ်စေ ၊ ကျရှုံးသည်ဖြစ်စေ ဇာတ်သိမ်းကတော့ အရမ်းကို စိတ်ဝင်စားစရာ ကောင်းနေမှာပဲ။”

“အဲဒီပစ္စည်း နှစ်ခုကို ဘယ်မှာ ဝှက်ထားလဲဆိုတာ ငါ့ကို ပြော။”

ဖန်းချင်းယီက လှပစွာ ပြုံးလိုက်သည်။ “ရတယ် ... ဒါပေမဲ့ ကျွန်မရဲ့ စည်းကမ်းချက် တစ်ခုကို ရှင် သဘောတူဖို့ လိုမယ်။”

တုပိုင်က ဆို၏။ “ပြောကြည့်လေ။”

ဖန်းချင်းယီက ဖြည်းညှင်းစွာ ပြောလာသည်။ “ရှင် ကျွန်မအသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့တဲ့အတွက် ကျွန်မ အရမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပေမင်ဓားဂိုဏ်းမှာတုန်းက ရှင် ကျွန်မကို အရှက်ခွဲခဲ့ဖူးတယ်လေ။ ကျွန်မတို့ မိန်းမတွေက ကျေးဇူးကို သိသလို ရန်ငြိုးကိုလည်း မှတ်ထားတတ်တယ်ဆိုတာ ရှင်လည်း သိမှာပါ။ ကျွန်မ ရှင့်ရဲ့ အသက်ကယ်ကျေးဇူးကိုတော့ ပြန်မဆပ်ချင်ဘူး။ ဒါပေမဲ့ ကျွန်မကို အရှက်ခွဲပြီး အနိုင်ကျင့်ခဲ့တဲ့အတွက်တော့ ကျွန်မ ကလဲ့စားပြန်ချေချင်တယ်။”

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော အချိန်အတော်ကြာက ဖြစ်၏။ ထိုအချိန်က ပေမင်ဓားဂိုဏ်း၏ အန်ချိုကျွန်း လိုဏ်ဂူထဲတွင် ဖြစ်ပြီး ၊ နှစ်တစ်ထောင် မြွေမိစ္ဆာကြီးနှင့် ရင်ဆိုင်ခဲ့ရစဉ်က ဖြစ်သည်။

တုပိုင်သည် ဖန်းချင်းယီအား အမှန်တကယ်ပင် ဆိုးရွားစွာ အရှက်ခွဲခဲ့ပြီး ၊ အလွန်အမင်း စည်းကျော်ခဲ့သည်။

“ပထမဆုံးအနေနဲ့ ကျွန်မကို ကလဲ့စားချေခွင့် ပေးရမယ်။”

တုပိုင်က သက်ပျင်းချလိုက်မိသည်။ “လုပ်ချင်ရာ လုပ်ပေတော့။”

ထို့နောက် လက်ခြေများကို ကားလိုက်ပြီး ၊ လုံးဝ ခုခံမည် မဟုတ်ကြောင်း ပြသလိုက်သည်။

ရုတ်တရက် ဖန်းချင်းယီက တုပိုင်၏ ခြေထောက်ပေါ်သို့ ခွထိုင်လိုက်ပြီးနောက် ၊ တုပိုင်၏ ဖနောင့်ကို လှမ်းဆွဲကာ ၊ ပါးစပ်ထဲထည့်၍ အားကုန် ကိုက်ချလိုက်၏။

တုပိုင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ “အားးး”

ဤသည်မှာ အလွန်တရာ ဆိုးရွားလှသည်။ ထိုအမျိုးသမီးသည် ရူးသွပ်နေပြီ ဖြစ်၏။ အမှန်တကယ်ပင် ကိုက်ချလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် မိစ္ဆာစွယ်များကိုပါ ထုတ်ပြလာသေးသည်။

တုပိုင်၏ ဖနောင့်ကို ကိုက်ဖြတ်လိုက်ရာ ၊ သွေးရာကြီးများပင် ထင်ကျန်ရစ်ခဲ့၏။ နာကျင်မှုကို ဖိနှိပ်ရန် စွမ်းအင်ကို အသုံးမပြုခဲ့သောကြောင့် ၊ အမှန်တကယ်ပင် နာကျင်လှသည်။

တစ်မိနစ်တိတိ ကိုက်ထားပြီးနောက်မှသာ ထိုအမျိုးသမီးက တုပိုင်၏ ဖနောင့်ကို လွှတ်ပေးလိုက်တော့သည်။

ထို့နောက် သူမလေးက ရွံရှာဟန်ဖြင့်ပင် တံတွေထွေးလိုက်သေးသည်။ “ထွီး ... ဖူး ... “

ဤမျှလောက် အားပါးတရ ကိုက်ပြီးမှ ၊ ယခုအခါတွင်မူ အနံ့အသက်ကို ရွံနေဟန်ပြသေးသည်။

ဖန်းချင်းယီ မတ်တတ်ရပ်လိုက်၏။ တုပိုင်သည်လည်း ထလိုက်ပြီး ၊ ခြေတစ်ဖက်တည်းဖြင့် ရပ်နေရသည်။

ဖန်းချင်းယီက ပြုံးစစဖြင့် ဆိုလာသည်။ “ဒုတိယ စည်းကမ်းချက် ... “

တုပိုင်က ခေါင်းညိတ်လိုက်သည်။ “ပြောလေ။”

ဖန်းချင်းယီက တုပိုင်အား စိုက်ကြည့်ကာ ​ဖြည်းညှင်းစွာပြောလာ၏။ “ကျွန်မက ဆယ့်ကိုးနှစ်တောင် အပျိုကြီး ဖြစ်နေခဲ့ရတာ။ ရှင် ကျွန်မကို လက်ထပ်ရမယ်။”

တုပိုင် လန့်ဖျပ်သွားရသည်။

ဖန်းချင်းယီ မျက်မှောင်ကြုတ်သွား၏။ “ဘာလဲ ... ရှင်က မယူချင်လို့လား။”

တုပိုင် ခေါင်းခါလိုက်သည်။ “အဲဒီလို မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားကမ္ဘာကို ပြန်ရောက်သွားရင် ငါ အရမ်း အားနာရမဲ့ မိန်းမတစ်ယောက် ရှိနေလို့ပါ။”

ဖန်းချင်းယီက နှာမှုတ်လိုက်သည်။ “အို ... ရှင်က ဘယ်တုန်းက ဒီလောက် အချစ်ကြီးပြီး သစ္စာရှိသွားတာလဲ။ ရှင် ကျွန်မကို လက်မထပ်ဘူးဆိုရင် အဲဒီပစ္စည်း နှစ်ခုကို ဘယ်တော့မှ ရမှာ မဟုတ်ဘူး။ သောင်းချီတဲ့ မိစ္ဆာဝိညာဉ်တွေကို အနိုင်ယူဖို့ ဝေလာဝေးသလို နဂါးရဲ့ ဝိညာဉ်ကို လွတ်မြောက်စေဖို့ဆိုတာလည်း ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။”

တုပိုင် လက်မြှောက်လိုက်ရတော့သည်။ “စတာပါ။ စတာ... ပြဿနာမရှိပါဘူး ... မင်းကို ငါ လက်ထပ်မယ်။”

ထိုအခါမှသာ ဖန်းချင်းယီက ကျေနပ်သွားတော့သည်။ “ဒီလိုမှပေါ့။” ထို့နောက် တုပိုင်၏ လက်ကို လှမ်းဆွဲကာ ၊ အရိုးလက်စွပ် တစ်ကွင်းကို သူ၏ လက်သူကြွယ်၌ တိုက်ရိုက် စွပ်ပေးလိုက်တော့၏။

ထို့နောက် သူမက သက်ပြင်းချလိုက်ရသည်။ “ဟင်း... အသက် ၃၀ ကျော်မှပဲ မိန်းမတစ်ယောက် ပီသတော့တယ်။”

ထို့နောက် သူမက လက်ချောင်းများဖြင့် တုပိုင်၏ ကျောပြင်ပေါ်တွင် စာအနည်းငယ် ရေးလိုက်ကာ ၊ ထိုပစ္စည်းနှစ်ခုကို ဝှက်ထားသည့် နေရာကို ပြောပြလိုက်သည်။

တုပိုင် သံဩသင့်သွားရသည်။ “ဒီပစ္စည်း နှစ်ခုနဲ့ဆိုရင် မင်း ကမ္ဘာကြီးကိုတောင် အုပ်စိုးလို့ ရနေပြီပဲ။ ဘာလို့ မင်းကိုယ်တိုင် မယူတာလဲ။”

ဖန်းချင်းယီ မဲ့ပြုံး ပြုံးပြလိုက်သည်။ “ရှင် ကျွန်မကို အထင်ကြီးလွန်းနေပြီ။ ကျွန်မ အရမ်း အားနည်းနေတုန်းကဆိုရင် အဲဒီပစ္စည်း နှစ်ခုကို ကြောက်ခဲ့တယ်။ ဒါပေမဲ့ အခု ကျွန်မရဲ့ သိုင်းပညာတွေ အစွမ်းထက်လာတဲ့အခါမှာတော့ ၊ အဲဒီပစ္စည်း နှစ်ခုရဲ့ သွေးဆောင်မှုကို ကျွန်မ လုံးဝ မခုခံနိုင်တော့ဘူး။ ကျွန်မလို မိန်းမသားခန္ဓာကိုယ် သေးသေးလေးက အဲဒီပစ္စည်း နှစ်ခုရဲ့ စမ်းသပ်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။”

တုပိုင် ခဏတာတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။ “မင်းက သေးသေးလေး မဟုတ်တော့ပါဘူး။”

ဖန်းချင်းယီက ဆွဲဆောင်သည့် အပြုံး​လေးဖြင့် တုပိုင်အား ဖက်လိုက်ကာ ညဥ်းညူးလိုက်သည်။ “အို ... ရှင်က ကျွန်မနဲ့ မင်္ဂလာဦးညကို အခုချက်ချင်း ဖြတ်သန်းချင်နေပြီလား။”

တုပိုင် လက်မြှောက်ကာ အရှုံးပေးလိုက်၏။

ထို့နောက် တုပိုင် မြေအောက်ကမ္ဘာနယ်မြေမှ ထွက်ခွာလာပြီး ၊ ထိုရတနာနှစ်ပါး ဝှက်ထားရာ နေရာဆီသို့ ပြေးသွားလိုက်တော့၏။

ဖန်းချင်းယီက အဝေးမှ အော်ပြောလိုက်သည်။ “ရှင် မြန်မြန်လုပ်မှ ရမယ်။ မသေမျိုးနဂါးက သူ ဝါးမြိုထားတဲ့ စွမ်းအင်တွေကို ချေဖျက်နေတယ်။ သူ နိုးလာတာနဲ့ သိန်းချီတဲ့ လူသားမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ထောင်ချီတဲ့ လူသားသိုင်းပညာရှင်တွေကို စားသုံးပစ်လိမ့်မယ်။ အဲဒီအချိန်ကျရင် ရှင့်ရဲ့ နီရှန် ၊ ကျီယင်ယင်နဲ့ အားလုံး သေရင်တောင် မြေမြှုပ်စရာ နေရာကျန်မှာ မဟုတ်ဘူး။”

တုပိုင် ပြန်အော်လိုက်သည်။ “ငါ သိပါတယ်ဟ။”

ထို့နောက် သူ၏ အရှိန်မှာ ပို၍ပင် မြန်ဆန်သွားတော့သည်။

ဖန်းချင်းယီ အဝေးမှ ထပ်မံ၍ လှမ်းအော်လိုက်ပြန်သည်။ “ရှင် ပျံတောင် မပျံနိုင်ဘူးလား။ ဆယ်နှစ်ကျော်တောင် ကြာသွားတာကို ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။”

ဆယ်နှစ်ကျော် ကြာသွားသည်မှာ မှန်သော်လည်း ထိုဆယ်နှစ်ပတ်လုံး တုပိုင်မှာ သတိလစ်မေ့မြောနေခဲ့ခြင်း ဖြစ်၏။

ဖန်းချင်းယီက ယခင်ကလိုပင် ဗိုလ်ကျတတ်ဆဲပင်။ သို့သော် ယခင်ကကဲ့သို့ သူတစ်ပါးကို အနိုင်ကျင့်တတ်သော်လည်း ၊ ယခုမူ သူမ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ဗိုလ်ကျနေခြင်းပင် ဖြစ်တော့သည်။

**--**--**--**--**--**--**--**

လေးနာရီကျော် ကြာပြီးနောက် တုပိုင် မြေအောက်ကမ္ဘာနယ်မြေထဲသို့ ထပ်မံ ခြေချလိုက်ပြန်သည်။

ဖန်းချင်းယီက တုပိုင်အား စိုက်ကြည့်လိုက်သည်။ “ပစ္စည်းတွေ ရပြီလား။”

တုပိုင် ခေါင်းညိတ်လိုက်၏။ “ရပြီ။”

ဖန်းချင်းယီက တုပိုင်အား နမ်းရင်း ပြောလိုက်သည်။ “အချိန်လည်း နီးကပ်နေပြီ။ မသေမျိုးနဂါးက ရှေ့ မိုင်သုံးရာလောက်မှာ ရှိတယ်။ မကြာခင် နိုးလာတော့မယ်။”

ထို့နောက် သူတို့ နှစ်ဦးစလုံး မြေအောက်ကမ္ဘာနယ်မြေထဲသို့ ဆက်လက်၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်ကြတော့၏။

မြေပြင်ပေါ်၌မူ မျိုးစုံသော သားရဲဆန်းများ အုပ်စုလိုက် ပြည့်နှက်နေပြီး ၊ အသိစိတ် လွတ်နေသကဲ့သို့ နေရာအနှံ့ ကစဉ့်ကလျား ပြေးလွှားနေကြသည်ကို တုပိုင် တွေ့လိုက်ရသည်။

ထိုသားရဲဆန်းများမှာ ရက်စက်ကြမ်းကြုတ်လှသည့် မြေအောက်ကမ္ဘာ၏ စစ်တပ်ကြီးပင် ဖြစ်လေ၏။

ဖန်းချင်းယီက ရှင်းပြလိုက်သည်။ “သူတို့က အစတုန်းက ကျွန်မခန္ဓာကိုယ်ထဲက မိစ္ဆာမ စစ်သူကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့ကြတာ။ အခု အဲဒီမိစ္ဆာမရဲ့ ဝိညာဉ်က ရှင့်ရဲ့ ဝါးမြိုတာကို ခံလိုက်ရပြီဆိုတော့ ၊ သူတို့လည်း ထိန်းချုပ်မှု လုံးဝ ကင်းမဲ့သွားကြတာပဲ။”

သူတို့ နှစ်ဦး ဆက်လက်၍ နက်ရှိုင်းသထက် နက်ရှိုင်းစွာ ဝင်ရောက်သွားကြ၏။ ပို၍ နက်ရှိုင်းလာလေလေ ၊ ပိုမို အစွမ်းထက်သည့် အရှိန်အဝါကိုလည်း ခံစားလာရလေသည်။ အသက်ရှူကြပ်မတတ် အစွမ်းထက်လှသော စွမ်းအင်များပင် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် မသေမျိုးနဂါးက ပို၍ ပို၍ နီးကပ်လာသောကြောင့် ဖြစ်သည်။ ထိုသည်က ဧရာမ နဂါးကြီး တစ်ကောင်၏ စွမ်းအားသာမက ၊ သောင်းချီသော မိစ္ဆာများ၏ ဝိညာဉ်စွမ်းအားများလည်း ပါဝင်နေသေးသည်။

တုပိုင် ဖန်းချင်းယီဘက် လှည့်ကာ အော်လိုက်၏။ “ဆက်မသွားနဲ့တော့။”

ဖန်းချင်းယီ ခေါင်းညိတ်လိုက်ပြီး တွေဝေခြင်း မရှိဘဲ ထိုနေရာ၌ပင် ရပ်တန့်လိုက်သည်။ မသေမျိုးနဂါးကြီးနှင့် သောင်းချီသော မိစ္ဆာများမှာ အလွန်တရာ အစွမ်းထက်လွန်းလှ၏။ သူမသည် ငရဲနယ်ပယ်၏ အထွတ်အထိပ်အဆင့်၌ ရှိနေသော်လည်း ဤတိုက်ပွဲမှာ သူမ ပါဝင်နိုင်စွမ်းရှိသည့် အရာမျိုး မဟုတ်နေပေ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၃ + ၉၆၄) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters