အခန်း (၉၆၅-၉၆၆)
Vol. 97 Ch. 965-966
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၅ + ၉၆၆)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ဧရာမနဂါးကြီး၏ ဝိညာဉ်ခန္ဓာကိုယ်မှာ မီတာတစ်ထောင်ကျော် ရှည်လျားပြီး မြေပြင်ထက်၌ ဝပ်နေစဉ်၌ပင် မီတာရာပေါင်းများစွာ မြင့်မားနေကာ ဧရာမ တောင်ကုန်းကြီးတစ်ခုနှင့် တူနေတော့၏။ နဂါးကြီး၏ ခန္ဓာကိုယ်၌ အမှန်တကယ် ဒြပ်သားဟူ၍ မရှိပေ။ မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များဖြင့်သာ ရစ်ပတ်ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
ထိုမိစ္ဆာဝိညာဉ်များက ကြက်သီးထဖွယ် ပြုံးဖြီးနေကြပြီး နဂါးကြီး၏ အရေခွံအဖြစ် ဖွဲ့စည်းထားကြရာ မြင်ရသည်မှာ အလွန်ပင် ကျောချမ်းစရာ ကောင်းလှ၏။
တုပိုင် မသေမျိုးနဂါးကြီးအနီးသို့ ချဉ်းကပ်သွားချိန်၌ပင် နဂါးကြီး၏ မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။
မျက်လုံးများမှ ထွက်ပေါ်လာသော အလင်းတန်းများမှာ မိစ္ဆာအငွေ့အသက်များဖြင့် အပြည့်အဝ ဖုံးလွှမ်းနေလျက်ရှိသည်။ ထိုအလင်းတန်းမှာ ဒြပ်ရှိအရာဝတ္ထုတစ်ခုသဖွယ် ဖြစ်နေပြီး အလင်းတန်း ကျရောက်သွားသည်နှင့် သေမင်းနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ထင်မှတ်ရ၏။
ထို့နောက် နဂါးကြီး၏ မျက်လုံးများထဲ၌ ပြင်းပြလှသော အထင်အမြင်သေးသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။
နဂါးကြီးကို ထိန်းချုပ်ထားသော မရေမတွက်နိုင်သည့် မိစ္ဆာဝိညာဉ်များက ကျောချမ်းဖွယ် အသံနက်ကြီးများဖြင့် တဟားဟား ရယ်မောလိုက်ကြ၏။
"လာခဲ့... လာခဲ့စမ်း..."
သူတို့၏ ကြီးမားလှသော စွမ်းအားနှင့် နှိုင်းယှဉ်လိုက်ပါက တုပိုင်မှာ အမှန်တကယ်ပင် သေးငယ်လွန်းလှသည်။ တုပိုင့်ထံ၌ လှည့်ကွက် တစ်ရာ ၊ တစ်ထောင် ရှိနေစေကာမူ သူတို့ အရာသွင်းမည် မဟုတ်ပေ။
ထို့နောက် မသေမျိုးနဂါးကြီးက ပါးစပ်ကြီးကို ဟလိုက်ရာ ငရဲပြည်သို့သွားသည့် ဝင်ပေါက်ကြီးတစ်ခုအလားပင် ဖြစ်နေတော့၏။ ထိုပါးစပ်ပေါက်ကြီးထဲ၌ လူပေါင်းသောင်းချီကို တုပိုင် မြင်လိုက်ရသည်။ နီရှန် ၊ ကျီပြောင်ပြောင် ၊ ကျီယင်ယင် ၊ ကျီချင်းကျူ အစရှိသူတို့ ပါဝင်ပြီး အားလုံးမှာ မသေမျိုးနဂါးကြီး၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိနေကြခြင်း ဖြစ်၏။
သောင်းချီသော မိစ္ဆာဝိညာဉ်များက ကြက်သီးထဖွယ် ပြုံးဖြီးလိုက်ကြပြန်သည်။
"လာခဲ့လေ... လာခဲ့စမ်း..."
တုပိုင်၏ နှုတ်ခမ်းထောင့်စွန်းများ ပင့်တက်သွားကာ ပြုံးလိုက်ပြီးနောက် ဧရာမ နဂါးကြီး၏ သွေးစွန်းနေသော ပါးစပ်ကြီးထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် နဂါးကြီး၏ ပါးစပ်ကြီးမှာ ပိတ်ကျသွားလေတော့သည်။
ဤသည်မှာ အချိန်ဆွဲနေရမည့် တိုက်ပွဲမျိုး မဟုတ်ကြောင်း တုပိုင် သိထား၏။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ချက်ချင်း အဆုံးအဖြတ်ပေးတော့မည် ဖြစ်သည်။ သူ စက္ကန့်ပိုင်းအတွင်း အသတ်ခံရမည် သို့မဟုတ် မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များကို စက္ကန့်ပိုင်းအတွင်း သုတ်သင်ရမည် ဖြစ်၏။
သူသာ အောင်မြင်ပါက ကံကြမ္မာ မိစ္ဆာသခင်ကို အနိုင်ယူရန် အထောက်အကူ ရရှိသွားမည် ဖြစ်သည်။ အကယ်၍ ကျရှုံးပါက ဤကမ္ဘာပေါ်၌ တုပိုင်သည် အသန်မာဆုံးသော မိစ္ဆာဘုရင်ကြီး ဖြစ်လာတော့လေမည်။
မသေမျိုးနဂါးကြီးက ပါးစပ်ကို ပိတ်လိုက်သည်။ ဆိုလိုရင်းမှာ အလွန် ရှင်းလင်းလှပြီး တုပိုင်အနေဖြင့် ပြန်ထွက်၍ ရတော့မည် မဟုတ်ပေ။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော မိစ္ဆာဝိညာဉ်များ၏ လှောင်ရယ်သံများက တုပိုင်၏ နားထဲ၌ ပဲ့တင်ထပ်လာ၏။
"ဟားဟားဟား..."
"နောက်ထပ် တစ်ကောင် တိုးပြန်ပြီပေါ့။"
"ငါတို့ရဲ့ ရန်သူ ရောက်လာပြီဟေ့။ ဒီကမ္ဘာကြီးရဲ့ ကယ်တင်ရှင်ကြီး ရောက်လာပြီကွ။"
မရေမတွက်နိုင်သော မျက်လုံးများသည်လည်း တုပိုင်ကို စိုက်ကြည့်နေကြသည်။ ရန်သူ မဟုတ်လျှင် အခြားမည်သူ ဖြစ်နိုင်မည်နည်း။ ဤမိစ္ဆာများမှာ ထိုစဉ်က တုပိုင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသူများပင် ဖြစ်၏။
ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက အမှန်တကယ်ပင် ကြက်သီးထဖွယ် ကောင်းလှ၏။ တုပိုင်၏ ခြေအောက်၌ တောင်လိုပုံနေသော သက်ရှိလူသားများ ပြည့်နှက်နေလေသည်။
ဤဟင်းလင်းပြင် ကမ္ဘာလောကရှိ ထိပ်သီးသိုင်းပညာရှင် အားလုံးမှာ ဤနေရာ၌ ရှိနေပြီး နဂါးကြီး၏ ဝမ်းဗိုက်ထဲသို့ မျိုချထားခံကြရည်။ အနည်းဆုံး သိုင်းပညာရှင် ထောင်ဂဏန်းခန့် ရှိလိမ့်မည်။ သာမန် စစ်သည်များမှာတော့ သိန်းချီရှိနေပြီး သက်ရှိလူသားများအားလုံး တစ်ယောက်ပေါ် တစ်ယောက် ထပ်နေလျက် ရှိနေကြသည်။
သူတို့သည် အသက်ရှင်နေဆဲဖြစ်သော်လည်း အိပ်မက်ဆိုးတစ်ခုထဲ ကျရောက်နေသကဲ့သို့ နိုးထလာနိုင်ခြင်း မရှိကြပေ။
ဤသက်ရှိလူသားများသည် မရေမတွက်နိုင်သော မိစ္ဆာများနှင့် မသေမျိုးနဂါးကြီးအတွက် ဝိညာဉ်အာဟာရများ ဖြစ်လာကြမည် ဖြစ်သည်။ သူတို့၏ အားနည်းလှသော ကျင့်ကြံခြင်းအဆင့်များ ဝါးမြိုခံရကာ အသိစိတ်မဲ့နေသော သရဲတစ္ဆေများ ဖြစ်လာကြရလေမည်။
ကျင့်ကြံခြင်းအဆင့် မြင့်မားသူများမှာမူ မသေမျိုးစစ်သည်များနှင့် တန်းတူဖြစ်သော ဝိညာဉ်စစ်သည်များအဖြစ် ပြောင်းလဲခံရမည် ဖြစ်သည်။
တုပိုင် ဆက်လက်၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်၏။
မသေမျိုးနဂါးကြီး၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟူ၍ မရှိဘဲ စွမ်းအင်ခန္ဓာကိုယ်သာ ဖြစ်သောကြောင့် အတွင်းပိုင်း နေရာလွတ်မှာ အလွန် ကြီးမားကျယ်ပြန့်လှသည်။ အတွင်းသို့ ပိုမို ဝင်ရောက်သွားလေလေ သက်ရှိလူသားများ ပိုမို များပြားလာလေလေ ဖြစ်၏။ အားလုံးက လေထဲ၌ မျောလွင့်နေကြပြီး သူတို့၏ မျက်နှာထက်၌ ထူးဆန်းသော အပြုံးများ ရှိနေကြသည်။
မသေမျိုးနဂါးကြီး၏ ခန္ဓာကိုယ်ထဲသို့ တုပိုင် ဆက်လက်၍ နက်ရှိုင်းသထက် နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်သည်။
ရုတ်တရက်ဆိုသလိုပင် ပြည့်နှက်နေသော သက်ရှိလူသားများ ပျောက်ကွယ်သွားကြလေ၏။ သူ မသေမျိုးနဂါးကြီး၏ အဓိက အချက်အချာနေရာဖြစ်သည့် နှလုံးသားရှိရာသို့ ရောက်ရှိတော့မည်ကို တုပိုင် နားလည်လိုက်သည်။
မှောင်မိုက်လှသော လမ်းကြောင်းတစ်ခုကို ဖြတ်သန်းပြီးနောက် တုပိုင်၏ မျက်စိရှေ့၌ အလင်းရောင်များ ရုတ်တရက် လင်းထိန်လာကြသည်။
ဧရာမ နှလုံးကြီးတစ်ခုက တုပိုင်၏ ရှေ့မှောက်၌ ထွက်ပေါ်လာ၏။ မသေမျိုးနဂါးကြီး၏ နှလုံး ၊ အချင်း မီတာတစ်ရာကျော်ရှိသော ဧရာမ နှလုံးကြီးပင် ဖြစ်သည်။
သေချာပေါက် ဤနှလုံးသည်လည်း အစစ်မဟုတ်ချေ။ စွမ်းအင်အစုအဝေးတစ်ခု ၊ အလင်းနှင့် အရိပ် အစုအဝေးတစ်ခုသာ ဖြစ်၏။ သို့သော် မြင်ရသည်မှာ အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းလှပြီး နှလုံးကြီးက ကျုံ့လိုက် ၊ ဆန့်လိုက်ဖြင့် ခုန်နေဆဲပင်။
ရုတ်တရက် အတွင်းပိုင်းမှ အလွန် ကြည်လင်ပြတ်သားကာ လူငယ်တစ်ဦးနှင့်တူသော အသံတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။
"ကယ်တင်ရှင်မင်းမြတ်... ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ။"
ထို့နောက် မသေမျိုးနဂါးကြီး၏ နှလုံး၌ အပေါက်တစ်ခု ပွင့်သွားသည်။
တုပိုင် ထိုအပေါက်မှတစ်ဆင့် မသေမျိုးနဂါးကြီး၏ နှလုံးထဲသို့ ဝင်ရောက်သွားလိုက်၏။
ထို့နောက် ပို၍ ထူးဆန်းလှသော မြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ ဤစွမ်းအင်နှလုံးကြီးထဲ၌ လူများ ပြည့်နှက်နေသည်။
ထို့အပြင် သူတို့အားလုံးသည် ပေမင်ဓားဂိုဏ်းမှ တပည့်များ ဖြစ်ကြသည်။ ပေမင်ဓားဂိုဏ်းမှ တပည့်ပေါင်း နှစ်သောင်းကျော်က သုံးဖက်မြင် အစီအရင်တစ်ခုအဖြစ် နေရာယူထားကြသည်။ သူတို့က တစ်ယောက်ပေါ် တစ်ယောက် ထပ်ကာ နှလုံးပုံသဏ္ဍာန် ဖန်တီး၍ အဆက်မပြတ် လည်ပတ်နေကြ၏။
တစ်နည်းအားဖြင့်ဆိုရသော် ဤမသေမျိုးနဂါးကြီး၏ နှလုံးကို ပေမင်ဓားဂိုဏ်း၏ တပည့် နှစ်သောင်းဖြင့် ဖွဲ့စည်းထားခြင်းပင် ဖြစ်လေသည်။
သိသာလှစွာပင် ပေမင်ဓားဂိုဏ်း တပည့်နှစ်သောင်း၏ ခန္ဓာကိုယ်များမှာ မိစ္ဆာဝိညာဉ်များ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
တကယ့်ကို ကောက်ကျစ်လှသော အကြံအစည်ပင်။ ဤမိစ္ဆာဝိညာဉ်များက ယခင်က ပေမင်ဓားဂိုဏ်း၏ တပည့်များကို အစွမ်းကုန် လေ့ကျင့်ပေးကာ ပိုမို အစွမ်းထက်လာစေရန် အရူးအမူး ကြိုးစားခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ထိုသို့ လုပ်ဆောင်ခြင်းမှာ နဂါး၏ နှလုံးသား ဖြစ်လာရန်အတွက်ပင် ဖြစ်နေ၏။
တစ်နည်းအားဖြင့်ဆိုရသော် နဂါးနှလုံးသား၏ ခုန်ပေါက်မှုနှင့် ကျုံ့ဆန့်မှုအားလုံးကို ပေမင်ဓားဂိုဏ်း တပည့်နှစ်သောင်းက လုံးဝ ပြီးပြည့်စုံအောင် လုပ်ဆောင်နေကြခြင်းပင် ဖြစ်လေ၏။
နှလုံးထဲ၌ သွေးကြောများ ရှိသကဲ့သို့ပင် ယခု မျက်စိရှေ့ရှိ ဧရာမ စွမ်းအင်နှလုံးကြီး၏ သွေးကြောများမှာလည်း စွမ်းအင်လမ်းကြောင်းများပင် ဖြစ်သည်။ တုပိုင် စွမ်းအင်လမ်းကြောင်းတစ်လျှောက် နဂါးနှလုံးသား၏ ဗဟိုချက်ဆီသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်၏။
ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ပေမင်ဓားဂိုဏ်း တပည့်များအားလုံးက သတ်မှတ်ထားသော လမ်းကြောင်းတစ်ခုအတိုင်း လိုက်ပါလှုပ်ရှားနေကြပြီး အစွမ်းထက်လှသော စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်နေကြသည်။
ဤမိစ္ဆာအုပ်စုက ဤမျှအထိ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိနေသည်လော။ လူနှစ်သောင်းကို စည်းစနစ်ကျပြီး အလွန်အမင်း အစွမ်းထက်လှသော စွမ်းအင်စက်ယန္တရားကြီးတစ်ခုအဖြစ် တည်ဆောက်ထားကာ လူတိုင်း၏ လှုပ်ရှားမှုနှင့် စွမ်းအင်ထုတ်လွှတ်မှုမှာ အနည်းငယ်မျှပင် ချွတ်ယွင်းချက် မရှိနေပေ။
တုပိုင် နဂါး၏ စွမ်းအင်နှလုံးသားဆီသို့ ဆက်လက်၍ နက်ရှိုင်းသထက် နက်ရှိုင်းစွာ ဝင်ရောက်သွားလိုက်သည်။ ထို့နောက် ရင်းနှီးနေသော မျက်နှာတစ်ခုကို သူ မြင်တွေ့လိုက်ရ၏။
တုရှန်၏ မိခင် ၊ တုဟွေး၏ ဇနီး ၊ ပေမင်ဓားဂိုဏ်း အန်ချိုကျွန်း၏ ကျွန်းသခင်အသစ် ကျီမင်းကျစ်ပင် ဖြစ်သည်။
ယခုအခါ၌ သူမသည် ပေမင်ဓားဂိုဏ်း၏ ထိပ်တန်းမဟာဆရာသခင် ဖြစ်နေသောကြောင့် စွမ်းအင်နှလုံးသား၏ ဗဟိုချက်၌ ရှိနေခြင်း ဖြစ်ရပေမည်။
တုပိုင်၏ အကြည့်ကို မြင်သောအခါ သူမက မျက်လုံးဖွင့်လိုက်ပြီး တုပိုင်အား ထူးဆန်းသော အပြုံးဖြင့် ပြုံးပြလာ၏။ သိသာလှစွာပင် ပြုံးနေသည်မှာ သူမ မဟုတ်ဘဲ သူမ၏ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာဝိညာဉ်က ပြုံးနေခြင်းသာ ဖြစ်သည်။
ကျီမင်းကျစ်က စူးရှကျောချမ်းဖွယ် အသံဖြင့် တခစ်ခစ် ရယ်မောလိုက်၏။ "ဝင်လာခဲ့လေ... ငါတို့ မြို့စားမင်းက နင့်ကို စောင့်နေတယ်။"
တုပိုင် ခြေလှမ်းအနည်းငယ် ရှေ့သို့တိုးသွားလိုက်ရာ နဂါးနှလုံးသား၏ ဗဟိုချက်သို့ ရောက်ရှိသွားတော့၏။
နှလုံးသား၏ အောက်ဆုံးအခန်း... မှောင်မိုက်နေသည်။
အမှောင်ထုထဲမှ လူငယ်၏အသံက ထပ်မံ ပဲ့တင်ထပ်လာပြန်၏။
"အဆွေတော် တုပိုင်... မင်းက တကယ်ကို ရဲရင့်တာပဲ။"
တုပိုင် မျက်မှောင်ကြုတ်ကာ အကဲခတ်လိုက်သည်။
"မင်းက..."
လူငယ်ထံမှ မောက်မာသည့် ရယ်သံလွင်လွင် ထွက်ပေါ်လာ၏။
"ငါက ဒီကမ္ဘာပေါ်မှာရှိတဲ့ မိစ္ဆာဝိညာဉ် ခုနစ်သောင်းရဲ့ ခေါင်းဆောင်ပဲ။ မင်း ငါ့ကို မိစ္ဆာမြို့စားလို့ ခေါ်လို့ရတယ်။ ဒါက မိစ္ဆာအင်ပါယာမှာရှိတဲ့ ငါ့ရဲ့ ဘွဲ့နာမည်ပဲ။"
မိစ္ဆာမြို့စားက ဤမျှ ရင့်ကျက်မှုမရှိသော ဆယ်ကျော်သက် လူငယ်တစ်ယောက်၏ အသံမျိုးကို ဖန်တီးထားသည်လော။
မိစ္ဆာမြို့စားက လှောင်ပြုံး ပြုံးလိုက်သည်။ "တစ်ခါတလေ မင်းတို့ လူသားတွေက ဘာလို့ ဒီလောက်တောင် ရူးမိုက်တဲ့ ရဲရင့်မှုမျိုးကို ပြနေရတာလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး။ နဂါးသွေးတိုက်ကြီးမှာတုန်းကလည်း ဒီလိုပဲ ၊ ဒီဟင်းလင်းပြင် ကမ္ဘာလောကမှာလည်း ဒီအတိုင်းပဲ။"
တုပိုင် မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ "နဂါးသွေးတိုက်ကြီးက လူသားတွေက အရမ်း ရဲရင့်ကြလို့လား။"
မိစ္ဆာမြို့စားက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
"မရဲရင့်ရင် အဲဒီလောက် မြန်မြန် မျိုးသုဉ်းသွားမှာ မဟုတ်ဘူးလေ။ နဂါးသွေးနွယ်ဖွားလို့ လူသိများတဲ့ လူသားတွေက မင်းတို့ထက် အများကြီး ပိုစွမ်းပေမယ့်လည်း မျိုးသုဉ်းသွားကြတာပဲ။ ဒီကမ္ဘာကြီးက လူသားတွေက ဒီလောက်တောင် အားနည်းပြီး သေးငယ်နေတာတောင် မျှော်လင့်ချက် ရှိသေးတယ်လို့ မင်း ထင်နေတာလား။"
တုပိုင်ကမူ အကြောက်အလန့်ကင်းစွာဖြင့် တဟားဟား ရယ်မောလိုက်တော့သည်။ "ဟားဟားဟား..."
မိစ္ဆာမြို့စားသည်လည်း တဟားဟားဖြင့် လှောင်ရယ်လိုက်သည်။
"မင်းတို့ရဲ့ ရိုးအပြီး ရူးမိုက်လှတဲ့ ရဲရင့်မှုအပြင် ၊ မင်းတို့ လူသားတွေက စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကိုလည်း သဘောကျတတ်ကြသေးတယ်။ မြေအောက်ကမ္ဘာဘုရင်မလို့ လူသိများတဲ့ ဖန်းချင်းယီဆိုတဲ့ ကောင်မ... သူကပဲ ငါတို့ကို အသုံးချခဲ့တယ်လို့ အမြဲတမ်း ထင်နေလောက်တယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ငါတို့ကသာ သူ့ကို အသုံးချခဲ့တာကွ။"
ဤသည်မှာ တကယ်ပင် ဟုတ်မှန်နေ၏။ ဖန်းချင်းယီက ပေမင်ဓားဂိုဏ်းမှ တပည့်နှစ်သောင်းကျော်ကို ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ပြီး မူလက သောင်းချီသော မိစ္ဆာဝိညာဉ်များ၏ စိတ်ဆန္ဒကို တွန်းလှန်တိုက်ခိုက်လိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါ၌မူ ပေမင်ဓားဂိုဏ်း၏ တပည့် နှစ်သောင်းလုံးမှာ မသေမျိုးနဂါးကြီး၏ နှလုံးသားနှင့် စွမ်းအင်စက်ယန္တရားများ ဖြစ်သွားရလေပြီ။
မိစ္ဆာမြို့စားက သရော်ဟန်ဖြင့် ဆက်ပြောသည်။
"အဆွေတော် တုပိုင်... အခုဆိုရင် ဆယ့်ငါးနှစ်ကျော်တောင် ကြာသွားခဲ့ပြီကို မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘာမှကို တိုးတက်မလာခဲ့ဘူးပဲ။"
အမှန်တကယ်၌မူ အခြေအနေက လုံးဝ ပြောင်းပြန်ဖြစ်နေပြီး တုပိုင်သည် အထွတ်အထိပ်မဟာဆရာသခင်အဆင့်မှ ဝူဇွန်းနယ်ပယ်နှင့် သူတော်စင်တစ်ပိုင်းအဆင့်များကို ကျော်ဖြတ်ကာ ဆဋ္ဌမအဆင့် သိုင်းသူတော်စင်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၅ + ၉၆၆) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။