← Chapters

အခန်း (၉၆၇-၉၆၈)

Vol. 97 Ch. 967-968

အခန်း (၉၆၇-၉၆၈)

Vol. 97 Ch. 967-968

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၇ + ၉၆၈)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

သို့သော် မိစ္ဆာမြို့စား၏ အမြင်၌မူ တုပိုင်၏ ကျင့်ကြံခြင်းအဆင့်မှာ အရေးပါလှသည်မဟုတ်ပေ။

တုပိုင် ပြုံးလိုက်၏။ "ငါကတော့ အဆင်ပြေတယ်လို့ ထင်တာပဲ။"

မိစ္ဆာမြို့စား၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ လှောင်ပြုံးတစ်ခု ပေါ်လာသည်။ "တကယ်တော့ မင်းလို အားနည်းလွန်းတဲ့ ပြိုင်ဘက်မျိုးနဲ့ ရင်ဆိုင်ရတာ ငါ နည်းနည်းတော့ ရှက်မိသားပဲ။ ဘာလို့လဲဆိုတော့ နှစ်ထောင်ပေါင်းများစွာအတွင်း မင်းလောက် အားနည်းတဲ့ ပြိုင်ဘက်မျိုးကို ငါ တစ်ခါမှ မကြုံဖူးလို့လေ။"

တုပိုင်က မိစ္ဆာမြို့စားအား မျက်နှာသေဖြင့် စိုက်ကြည့်လိုက်သည်။ "ငါတို့နှစ်ယောက်ကြားက စွမ်းအားကွာဟချက် အရမ်းကြီးမားတယ် ဆိုပေမယ့် ပြီးခဲ့တဲ့တစ်ခေါက်ကထက်တော့ ပိုမကြီးနိုင်ပါဘူး။ ပြီးတော့ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက စစ်တပ်တစ်ခုလုံး ပျက်သုဉ်းသွားခဲ့ရတာ မင်းတို့ဘက်ကပဲလေ။"

မိစ္ဆာမြို့စားက အားရပါးရ တဟားဟား ရယ်မောလိုက်၏။ "ပြီးခဲ့တဲ့တစ်ခေါက်တုန်းက မင်းဆီမှာ နဂါး ရှိနေခဲ့တာကိုး။ ဒီတစ်ခေါက်တော့ နဂါးက ငါ့လက်ထဲ ရောက်နေပြီကွ။"

ထို့နောက် မိစ္ဆာမြို့စားထံမှ တဟားဟားဖြင့် သဲ့သဲ့လေး လှောင်ရယ်သံ ထွက်ပေါ်လာ၏။

ထိုရယ်သံမှာ အလွန် ကြည်လင်ပြတ်သားနေပြီး အသက် ဆယ့်ငါးနှစ် ၊ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်၏ အသံနှင့် အတိအကျ တူညီနေသည်။

ထို့ကြောင့် တုပိုင်မှာ တစ်ဖက်လူ၏ မျက်နှာကို မြင်တွေ့ချင်စိတ် ပြင်းပြသွားရ၏။ သို့သော် ကံဆိုးစွာဖြင့် ပတ်ဝန်းကျင်မှာ လုံးဝ မှောင်မိုက်နေကာ မည်သည့်အရာကိုမျှ မြင်နိုင်စွမ်း မရှိနေပေ။

မိစ္ဆာမြို့စားက တုပိုင်အား စိုက်ကြည့်လာသည်။ "အဆွေတော် တုပိုင်... လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က မင်းရဲ့ ကယ်တင်မှုအတွက် ငါ အရမ်း ကျေးဇူးတင်တယ်ကွ။"

တုပိုင် မျက်မှောင်ကြုတ်သွားရ၏။ "အို... ဘာကို ဆိုလိုတာလဲ။"

မိစ္ဆာမြို့စားက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့လိုက်သည်။ "အကယ်လို့ မင်းသာ မကယ်တင်ခဲ့ဘူးဆိုရင် ဒီဟင်းလင်းပြင်လောကမှာရှိတဲ့ မိစ္ဆာတွေရဲ့ အထွတ်အထိပ်ခေါင်းဆောင်က အိပ်မက်ဆိုး မိစ္ဆာဘုရင် ဖြစ်နေမှာပေါ့။ မင်း စဉ်းစားကြည့်လေ။ မိစ္ဆာမြို့စားရဲ့ အထက်မှာ မိစ္ဆာနယ်စား ရှိမယ် ၊ ပြီးရင် မိစ္ဆာနယ်စားကြီး ရှိမယ် ၊ အဲဒီနောက်မှာမှ မိစ္ဆာမင်းသား ရှိတာ။ အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ လက်အောက်မှာ ငါ့လို မိစ္ဆာမြို့စားတွေ အနည်းဆုံး ရာဂဏန်းလောက် ရှိတယ်။ ဒါပေမဲ့ မင်းတို့ အတူတူ သေဆုံးသွားကြပြီးတဲ့နောက် ကမ္ဘာ့အက်ကွဲကြောင်းက လုံးဝ ပျက်စီးသွားခဲ့ပြီလေ။ ဒါကြောင့် ငါလို မိစ္ဆာမြို့စားမျိုးက ဒီကမ္ဘာကြီးရဲ့ မိစ္ဆာခေါင်းဆောင် ဖြစ်လာတော့တာပေါ့။"

တုပိုင် နှုတ်ခမ်းတစ်ဖက် တွန့်ကွေးကာ ပြုံးလိုက်၏။ "ဒါဆိုရင် မင်း ငါ့ကို ကျေးဇူးတင်သင့်တာပေါ့။"

မိစ္ဆာမြို့စား၏ မျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ထပ်မံပေါ်လာပြန်သည်။ "ဒါတင်မကသေးဘူး၊ မင်းရဲ့ မွန်မြတ်တဲ့ စိတ်ထားကို ဆက်ထိန်းထားပေးတဲ့အတွက်လည်း ငါက ကျေးဇူးတင်ချင်သေးတာ။ ဘာလို့လဲဆိုတော့ မင်းက အိပ်မက်စနစ်ရဲ့ စနစ်ရှင်လေ။ အကယ်လို့များ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကသာ မင်းကို သဘောကျသွားခဲ့မယ်ဆိုရင် မင်းကို မိစ္ဆာနယ်စား ၊ ဒါမှမဟုတ် မိစ္ဆာနယ်စားကြီး အဖြစ်တောင် ခန့်အပ်နိုင်တယ်။ အချိန်နဲ့အမျှ မင်းမှာ အဲဒီရာထူးနဲ့ လိုက်ဖက်တဲ့ စွမ်းအားတွေလည်း ရှိလာမှာပဲ။ ဒါပေမဲ့ မင်းက ဒီအရာအားလုံးကို စွန့်လွှတ်ခဲ့တယ်။ ဒါကြောင့်လည်း ဆယ့်ငါးနှစ်တောင် ကြာသွားတာတောင် မင်းက ဒီလောက်ထိ အားနည်းနေတုန်းပဲ။ အခုထိ သာမန် အလယ်အလတ်အဆင့် သိုင်းသူတော်စင်အဆင့်ပဲ ရှိသေးတယ်။ သေချာတာပေါ့... ဒါက နဂါးသွေးနွယ်ဖွားတွေရဲ့ အဆင့်သတ်မှတ်ချက်လေ။ ငါတို့ကတော့ ဒါတွေကို ဂရုမစိုက်ပါဘူး။"

တုပိုင်က မျက်ခုံးတစ်ဖက် ပင့်လိုက်မိသည်။ "ဒါဆိုရင် မင်းတို့က ဘယ်လို သတ်မှတ်တာလဲ။"

မိစ္ဆာမြို့စားက ပေါ့ပေါ့ပါးပါးပင် ပခုံးတွန့်ပြသည်။ "အရမ်း ရိုးရှင်းပါတယ်။ မိစ္ဆာသူကောင်း ၊ မိစ္ဆာသူကောင်းငယ် ၊ မိစ္ဆာမြို့စား ၊ မိစ္ဆာနယ်စား... စသဖြင့်ပေါ့။"

"မှန်တယ်။ စွမ်းအားနဲ့ ဘွဲ့ရာထူးက တစ်ထပ်တည်းကျတယ်။ ဒါက လုံးဝကို တရားမျှတယ် မဟုတ်ဘူးလား။"

တုပိုင်က မိစ္ဆာမြို့စားအား အကဲခတ်သလို စိုက်ကြည့်လိုက်သည်။ "ဒါဆိုရင် အဆွေတော် မိစ္ဆာမြို့စား... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နဂါးသွေးနွယ်ဖွားတွေရဲ့ အဆင့်သတ်မှတ်ချက်အရဆို ဘယ်အဆင့်မှာ ရှိနေလဲ။"

မိစ္ဆာမြို့စားက မာနတခွဲသားဖြင့် မေးငေါ့ပြလိုက်သည်။ "နိဗ္ဗာန်အဆင့်ရဲ့ အထွတ်အထိပ်ပဲကွ။"

အမှန်တကယ်တွင်မူ ဤသည်မှာ အလွန် ရှက်ဖွယ်ကောင်းလှသည်။ တုပိုင် ကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အသန်မာဆုံးသူမှာ ငရဲနယ်ပယ်အဆင့်၌ ရှိသူဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် ဧကရာဇ်ထိုက်ခန် အစွမ်းအထက်ဆုံး အချိန်၌ပင် ဤမိစ္ဆာမြို့စား၏ ရှေ့မှောက်တွင် စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရမည်သာ ဖြစ်သည်။

ယခုအချိန်၌ တုပိုင်၏ ကျင့်ကြံခြင်းအဆင့်မှာ နိဗ္ဗာန်အဆင့် အထွတ်အထိပ်သို့ ရောက်နေသူတစ်ဦး၏ လက်တစ်ဆစ်စာကိုပင် ယှဉ်နိုင်စွမ်း မရှိပေ။

မိစ္ဆာမြို့စားက လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားလိုက်သည်။ "ဒါက စွမ်းအား အရမ်းကွာဟလွန်းတဲ့ တိုက်ပွဲတစ်ခု ဖြစ်နေပေမယ့်လည်း ဆက်ပြီး ဖြစ်လာမှာပဲ။ ဒါပေမဲ့ ဒီတိုက်ပွဲမှာ အရမ်းကို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတစ်ခုကို ငါ မင်းကို ပြမယ်။ လူသိန်းပေါင်းများစွာက မင်းနဲ့အတူ အသေခံပေးကြလိမ့်မယ်။"

တုပိုင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရသည်။ "မင်းက မသေမျိုးနဂါးကြီးကို သုံးပြီး လူသားသိုင်းပညာရှင် တပ်မတော်နဲ့ သိန်းချီတဲ့ စစ်သည်တွေကို ဝါးမျိုပစ်ချင်နေတာလား။"

မိစ္ဆာမြို့စားက တဟားဟားဖြင့် အားရပါးရ လှောင်ရယ်လိုက်သည်။ "မှန်တာပေါ့။ ဝါးမျိုတာ ပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် ငါတို့ဆီမှာ လူသားရုပ်သေးရုပ် သိန်းပေါင်းများစွာ ထပ်တိုးလာလိမ့်မယ်။ အဲဒီအထဲမှာ မင်းရဲ့ ဇနီးသည်တချို့လည်း ပါနေလောက်တယ်။ သူတို့တွေ ရုပ်သေးရုပ် ဖြစ်သွားရင်တောင် အရမ်းကို လှနေဦးမာ အသေအချာပဲ။"

တုပိုင် အံကို တင်းတင်းကြိတ်လိုက်မိသည်။ "သူတို့ရဲ့ ဝိညာဉ်နဲ့ စွမ်းအားတွေကို နဂါးကြီးက ဝါးမျိုပြီး ရုပ်သေးရုပ်တွေ ဖြစ်သွားမယ်ဆိုရင် ငါကရော ဘယ်လိုဖြစ်သွားမှာလဲ။"

မိစ္ဆာမြို့စား၏ လှောင်ပြုံးမှာ ပိုမို နက်ရှိုင်းလာ၏။ "မင်းလား... သေချာပေါက် မင်းက ပျက်သုဉ်းသွားရမှာပေါ့။ ဘာလို့လဲဆိုတော့ မင်းက အရမ်းကို ထူးဆန်းလွန်းလို့ပဲ။ မင်း သေတာကို မမြင်ရဘူးဆိုရင် ငါ အိပ်ပျော်မှာ မဟုတ်ဘူး"

ထို့နောက် မိစ္ဆာမြို့စားက မိစ္ဆာဆန်ဆန်ပြုံးကာ တုပိုင်အား စိုက်ကြည့်လိုက်သည်။ "အဆွေတော် တုပိုင်... ငါ ဖယောင်းတိုင်မီး ထွန်းလိုက်တော့မယ်။ ငါ့ရဲ့ မျက်နှာအစစ်အမှန်ကို မြင်ရဖို့ မင်း အဆင်သင့်ဖြစ်ပြီလား။"

တုပိုင်က မျက်နှာသေဖြင့်ပင် ခေါင်းညိတ်လိုက်သည်။ "သေချာတာပေါ့။"

ချက်ချင်း ဆိုသလိုပင် ဖယောင်းတိုင်တစ်ခု လင်းထိန်လာသည်။ ထိုအခါမှ တုပိုင်က သူ၏ မျက်စိရှေ့ရှိ မိစ္ဆာမြို့စားကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။

မိစ္ဆာမြို့စားမှာ အလွန်အမင်း ချောမောလှသော လူငယ်လေးတစ်ဦး ဖြစ်ပြီး မိန်းကလေးအများစုထက်ပင် ပို၍ လှပနေသေး၏။

သူ၏ ချောမောမှုမှာ တုပိုင်ထက်ပင် သာလွန်နေပြီး တကယ့်ကို မိစ္ဆာတစ်ကောင်ကဲ့သို့ ညှို့ယူဖမ်းစားနိုင်စွမ်း ရှိနေသည်။ သို့သော် ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ထိုလူငယ်လေးက တုပိုင်နှင့် အလွန်အမင်း တူနေခြင်းပင် ဖြစ်သည်။

သူ၏ မျက်နှာသွင်ပြင်မှာ တုပိုင်နှင့် ကျီကျန်ယန်တို့ နှစ်ဦး ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသည်။ မှန်လေ၏။ ထိုခန္ဓာကိုယ်မှာ တုပိုင်၏သား တုမို၏ ခန္ဓာကိုယ်ပင် ဖြစ်သည်။

"အံ့သြသွားလား။ ဟားဟားဟား..." မိစ္ဆာမြို့စားက အောင်နိုင်သူတစ်ယောက်ကဲ့သို့ တဟားဟား ရယ်မောလိုက်သည်။ "မင်းရဲ့သားက အရမ်းကို လှပြီး သူ့ရဲ့ သွေးကြောပါရမီကလည်း အရမ်းကို မြင့်မားလွန်းတယ်။ ငါ့အတွက် ခန္ဓာကိုယ် ကိုးခု ပြင်ဆင်ထားပေမယ့် မင်းရဲ့သားကတော့ ငါ အနှစ်သက်ဆုံး ခန္ဓာကိုယ်ပဲကွ။"

တုပိုင် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။

အမှန်တကယ်တွင်မူ မိစ္ဆာမြို့စား၏ အသံကို ကြားလိုက်ရချိန်ကတည်းက ဤရလဒ်ကို တုပိုင်က ခန့်မှန်းမိပြီးသား ဖြစ်၏။ ထိုကလေးနှင့် အိမ်ရှေ့စံမင်းသမီး တုရှောင်တို့မှာ တုပိုင်၏ အတော်ဆုံး သားသမီးနှစ်ဦး ဖြစ်ကြသည်။

မိစ္ဆာမြို့စား၏ မျက်နှာထက်​၌ ရက်စက်ယုတ်မာသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ "အဆွေတော် တုပိုင်... အချိန်ကျတော့မယ်။ ငါတို့က နီရှန် ၊ ကျီယင်ယင်နဲ့ သူတို့အားလုံးရဲ့ ဝိညာဉ်တွေ ၊ စွမ်းအားတွေကို မျိုချပစ်တော့မယ်။ တစ်ချိန်တည်းမှာပဲ ငါ မင်းကို သတ်မယ်။ ဒါကို ဖအေကို ပြန်သတ်တယ်လို့ သတ်မှတ်လို့ရမလား။ ဟားဟားဟား... မင်းရဲ့သားက အခုချိန်ထိ အသက်ရှင်နေတုန်းပဲ။ သူ့ရဲ့ ဝိညာဉ်က ဦးနှောက်ရဲ့ တစ်ထောင့်တစ်နေရာမှာ ရှိနေပြီး အခုဖြစ်ပျက်နေတာတွေ အားလုံးကို မြင်တွေ့ ကြားသိနေရတယ်။ ဒါပေမဲ့ သူက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရဘူး။ ငါ မင်းကို သတ်မယ်ဆိုရင်တောင် သူ လုံးဝ တားဆီးနိုင်မှာ မဟုတ်ဘူး။ သူ့လက်နဲ့ကိုယ်တိုင် မင်းကို သတ်မယ်။ ဟားဟားဟား။"

"ဟားဟားဟား... တကယ့်ကို လောကကြီးရဲ့ အဆိုးရွားဆုံး အဖြစ်ဆိုးကြီးပဲ။"

"အဆွေတော် တုပိုင်... မင်းရဲ့သားက ငိုနေတယ်ကွ။" မိစ္ဆာမြို့စားက သူ၏ မျက်လုံးထောင့်ကို လက်ဖြင့် ညွှန်ပြလိုက်သည်။

လူငယ်လေး၏ မျက်လုံးထောင့်မှ တကယ်ပင် မျက်ရည်များ စီးကျနေသည်ကို တုပိုင်က မြင်တွေ့လိုက်ရသည်။ ငိုကြွေးနေသူမှာ သူ၏သား တုမိုသာ ဖြစ်ပြီး မိစ္ဆာမြို့စား မဟုတ်ပေ။

မိစ္ဆာမြို့စားက သူ၏ လက်ကို အထက်သို့ မြှောက်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် မရေမတွက်နိုင်သော မိစ္ဆာများက တုပိုင့်ထံသို့ ပြေးဝင်လာကြကာ ဝိုင်းရံလိုက်ကြတော့၏။

တစ်ချိန်တည်းမှာပင် ပေမင်ဓားဂိုဏ်းမှ တပည့်နှစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသော ဧရာမ စွမ်းအင်နှလုံးအူတိုင်ကြီးမှာလည်း လျင်မြန်စွာ စတင် လည်ပတ်လာသည်။

မသေမျိုးနဂါးကြီးမှာ စတင်၍ ဝါးမျိုတော့မည် ဖြစ်သည်။ ကျီယင်ယင် ၊ နီရှန် ၊ ကျီပြောင်ပြောင်နှင့် ရွှဲ့ကွမ်ရင် အစရှိသည့် လူသားသိုင်းပညာရှင် ထောင်ပေါင်းများစွာနှင့် လူသားစစ်တပ်မှ စစ်သည်သိန်းပေါင်းများစွာကို ဝါးမျိုပစ်တော့မည် ဖြစ်သည်။

ဧရာမ စွမ်းအင်နှလုံးအူတိုင်ကြီးထဲရှိ စွမ်းအင်အစီအရင်မှာ ပို၍ မြန်ဆန်စွာ လည်ပတ်လာပြီးနောက် အလွန်အမင်း တောက်ပလှသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာကြသည်။

မိစ္ဆာမြို့စားက တဟားဟားဖြင့် ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်လေ၏။ "နောက်ပြန်ရေတွက်ကြရအောင်"

"ရေတွက်လို့ ပြီးသွားတာနဲ့ တစ်ပြိုင်နက်... တုပိုင်... မင်း ပျက်သုဉ်းသွားရလိမ့်မယ်။ ပြီးတော့ လူသားသိန်းပေါင်းများစွာလည်း လုံးဝ ဝါးမျိုခံလိုက်ရလိမ့်မယ်ကွ။"

"ငါး..."

"လေး..."

"သုံး..."

မရေမတွက်နိုင်သော မိစ္ဆာများက တုပိုင်အား လုံးဝအပြည့်အဝ ဝိုင်းရံထားကြ၏။

ထိုအချိန်၌ပင် တုပိုင်က သူ၏ ရင်ခွင်ထဲမှ ဟင်းလင်းပြင်သေတ္တာကို အလျင်အမြန် ထုတ်ယူဖွင့်လှစ်လိုက်ပြီး အတွင်း၌ရှိသော အနက်ရောင် သရဖူတစ်ခုကို ရုတ်တရက် ဆွဲထုတ်ကာ သူ၏ ခေါင်းပေါ်သို့ အမြန် ဆောင်းလိုက်တော့၏။

အနက်ရောင် သရဖူ... ထိုသည်မှာ သခင်လေး ဖန်းချန် ဆောင်းခဲ့ဖူးသော အနက်ရောင် သရဖူပင် ဖြစ်သည်။

ဤသရဖူမှာ တစ်ချိန်က အိပ်မက်ဆိုး မိစ္ဆာဘုရင် ပိုင်ဆိုင်ခဲ့သော အရာ ဖြစ်သည်။ ထိုစဉ်က သခင်လေး ဖန်းချန်မှာ ဤသရဖူကို ဆောင်းလိုက်ပြီးနောက် ပြိုင်ဘက်ကင်း အစွမ်းထက်လှသော စွမ်းအားများကို ပိုင်ဆိုင်သွားခဲ့၏။

သူသည် နင်တောက်ရွှမ်ကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ခဲ့ရုံသာမက မဟာဆရာသခင်ရာပေါင်းများစွာ၏ စွမ်းအင်များကိုပင် ဝါးမျိုနိုင်ခဲ့ပြီး ကမ္ဘာ့အက်ကွဲကြောင်းကို ဆွဲဖြဲကာ အက်ကွဲကြောင်းထဲမှ အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ဦးခေါင်းကိုပင် ဆင့်ခေါ်နိုင်ခဲ့လေသည်။

ထို့နောက် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ဦးခေါင်းကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ခဲ့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၇ + ၉၆၈) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters