← Chapters

အခန်း (၉၆၉-၉၇၀)

Vol. 97 Ch. 969-970

အခန်း (၉၆၉-၉၇၀)

Vol. 97 Ch. 969-970

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၉ + ၉၇၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

လွန်ခဲ့သော ဆယ့်ငါးနှစ်... တုပိုင်တစ်ယောက် ဧရာမအရိုးနဂါးကြီးကို စီးနင်းလျက် ကမ္ဘာ့အက်ကွဲကြောင်းကို ဖျက်ဆီးကာ မရေမတွက်နိုင်သော မိစ္ဆာများနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သခင်လေး ဖန်းချန်၏ ခန္ဓာကိုယ်နှင့်တကွ သူ၏ခေါင်းပေါ်ရှိ အနက်ရောင်သရဖူပါ အရိပ်အယောင်မျှ မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားခဲ့၏။

ကျီယင်ယင်နှင့် နီရှန်တို့က တစ်ချိန်က ထိုအရာများကို လိုက်လံရှာဖွေခဲ့ကြသော်လည်း ရှာမတွေ့ခဲ့ကြပေ။

နောက်ပိုင်း၌ ဖန်းချင်းယီ မြေအောက်ကမ္ဘာနယ်မြေထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ခဲ့ရာမှ မြေအောက်အက်ကွဲကြောင်းများအတွင်းရှိ ဤအနက်ရောင်သရဖူနှင့် ရွှေတောင်ဝှေးတို့ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမက အလွန်အမင်း ထိတ်လန့်သွားခဲ့သဖြင့် ထိုပစ္စည်းနှစ်ခုကို အလွန်လျှို့ဝှက်သော နေရာတစ်ခု၌ ဖွက်ထားခဲ့၏။ ထို့နောက် မြေအောက်ကမ္ဘာသို့ ပြန်လာပြီး အားနည်းနေသော မိစ္ဆာဝိညာဉ်များနှင့် စာချုပ်တစ်မျိုး ချုပ်ဆိုခဲ့သည်။ ထိုအချိန်မှစ၍ သူမသည် မြေအောက်ကမ္ဘာဘုရင်မ ဖြစ်လာခဲ့၏။

ယခုအခါ၌ တုပိုင် အနက်ရောင်သရဖူကို ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် မြေအောက်ကမ္ဘာနယ်မြေရှိ မိစ္ဆာအားလုံး၏ အထွတ်အထိပ်ခေါင်းဆောင်အဖြစ် ချက်ချင်း ပြောင်းလဲသွားတော့သည်။

အနက်ရောင်သရဖူကို ဆောင်းထားသည့် တုပိုင်ထံမှ အိပ်မက်ဆိုး မိစ္ဆာဘုရင်နှင့် လုံးဝထပ်တူညီနေပြီး အလွန်အမင်း အစွမ်းထက်ကာ ထိတ်လန့်ဖွယ်ကောင်းသည့် အသံကြီးလည်း ထွက်ပေါ်လာ၏။ “မိစ္ဆာဝိညာဉ်တွေ အားလုံး... ငါ့သရဖူရဲ့ ကျောက်မျက်ရတနာထဲကို ဝင်ပြီး ငါ့စွမ်းအားတွေ ပြန်ရလာအောင် လုပ်ပေးကြစမ်း။”

အမှန်တကယ်၌မူ ဤသည်မှာ သူ နှုတ်မှ အသံထွက်ဆိုလိုက်ခြင်း မဟုတ်ပေ။ အချိန်နှောင့်နှေးသွားမည်စိုးရိမ်သဖြင့် စက္ကန့်ပိုင်းအတွင်း စိတ်အာရုံမှတစ်ဆင့် လွှမ်းမိုးအမိန့်ပေးလိုက်ခြင်းသာ ဖြစ်သည်။

မိစ္ဆာမြို့စား၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ရှုံ့မဲ့သွားရကာ အသံကုန်ဟစ်၍ အသည်းအသန် ရုန်းကန်ငြင်းဆန်တော့၏။ “မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ မင်းမှာ အနက်ရောင်သရဖူကို ဆောင်းခွင့် မရှိဘူး။ ငါတောင် ဆောင်းခွင့်မရှိတာ... မင်းမှာ လုံးဝ မရှိနိုင်ဘူးကွ။”

တုပိုင်၌ ထိုသို့ဆောင်းခွင့် ရှိနေသည်မှာ သေချာလှသည်။ ယခင်က သခင်လေး ဖန်းချန်၌ ဤအနက်ရောင်သရဖူကို ဆောင်းခွင့် အဘယ်ကြောင့် ရှိခဲ့ရသည်နည်း။ အကြောင်းမှာ သူက အိပ်မက်စနစ်၏ စနစ်ရှင် ဖြစ်ခဲ့သောကြောင့်ပင်။

တုပိုင်သည်လည်း စနစ်ရှင်တစ်ဦးပင် ဖြစ်၏။ ယခုအချိန်၌ အိပ်မက်ဆိုး မိစ္ဆာဘုရင်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ လုံးဝ ထွက်ခွာသွားပြီ ဖြစ်သော်လည်း တစ်ချိန်က အိပ်မက်စနစ်၏ စနစ်ရှင် ဖြစ်ခဲ့ဖူးသော သူ၏အမှတ်အသားမှာ ဘယ်သောအခါမျှ ပြောင်းလဲသွားမည် မဟုတ်ပေ။

ထို့ကြောင့် သူ့ထံ၌ အနက်ရောင်သရဖူကို ဆောင်းကာ မိစ္ဆာအားလုံးကို အမိန့်ပေးနိုင်စွမ်း ရှိနေခြင်း ဖြစ်၏။

တုပိုင်၏ အမိန့်ကို ကြားလိုက်ရပြီးနောက် မိစ္ဆာဝိညာဉ်များအားလုံးမှာ စိတ်ဆန္ဒမပါကြသော်လည်း သူတို့ကိုယ်သူတို့ လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။ အားလုံးက အမှောင်ရောင်ခြည်တန်းများအဖြစ် ပြောင်းလဲသွားကာ အနက်ရောင်သရဖူ၏ ကျောက်မျက်ရတနာထဲသို့ ရူးသွပ်စွာ စီးဝင်သွားကြတော့သည်။

"ရွှစ်... ရွှစ်... ရွှစ်..."

ရှေးဦးစွာ ပေမင်ဓားဂိုဏ်းမှ တပည့်နှစ်သောင်းကျော်၏ ခန္ဓာကိုယ်များထဲရှိ မိစ္ဆာဝိညာဉ်များက မရေမတွက်နိုင်သော ကြယ်ကြွေများကဲ့သို့ အနက်ရောင်သရဖူ၏ ကျောက်မျက်ရတနာထဲသို့ ဝင်ရောက်လာကြ၏။

ချက်ချင်းဆိုသလိုပင် မသေမျိုးနဂါးကြီးအား ရစ်ပတ်ထားသော မိစ္ဆာဝိညာဉ်များသည်လည်း မရေမတွက်နိုင်သော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အနက်ရောင်သရဖူ၏ ကျောက်မျက်ရတနာထဲသို့ ဝင်ရောက်လာကြသည်။

နောက်ဆုံးကျန်ရစ်သူမှာ... မိစ္ဆာမြို့စားပင် ဖြစ်သည်။ ထိုအကောင်သည် ရူးသွပ်စွာ ရုန်းကန်လျက် အော်ဟစ်နေ၏။

သို့သော် သူသည် သူ၏ ကိုယ်ပိုင်ဝိညာဉ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ တုမို၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံလိုက်ရကာ အနက်ရောင်သရဖူ၏ ကျောက်မျက်ရတနာထဲသို့ တစတစ စုပ်ယူခံလိုက်ရတော့သည်။

ဝါးမျိုခံရခါနီးအချိန်၌ မိစ္ဆာမြို့စား၏ မျက်လုံးများမှာ ကြောက်လန့်တကြား ပြူးကျယ်နေကာ တုန်ရီနေသော နှုတ်ခမ်းများဖြင့် တုပိုင်အား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိ၏။ “တုပိုင်... မင်းက... မင်းက ကယ်တင်ရှင် မဟုတ်ဘူးလားကွ။”

လက်ရှိအချိန်၌ သူ၏အသံမှာ လူငယ်လေးတစ်ဦး၏ အသံ မဟုတ်တော့ဘဲ မိစ္ဆာမြို့စား၏ အိုမင်းကြမ်းတမ်းလှသော မူလအသံကြီး ဖြစ်နေလေပြီ။

မိစ္ဆာမြို့စား၏ ကြမ်းတမ်းလှသော အသံကြီးမှာ နာကျင်ကြေကွဲစွာဖြင့် လေထုထဲ၌ ပဲ့တင်ထပ်သွားရသည်။ “မင်းက ကယ်တင်ရှင် မဟုတ်ဘူးလားကွ။ အခု မင်း အနက်ရောင်သရဖူကို ဆောင်းလိုက်တာနဲ့ တစ်ပြိုင်နက် အရှင်မင်းကြီး အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ ရုပ်သေးရုပ် လုံးလုံးလျားလျား ဖြစ်သွားပြီပဲ။ မင်း ဘယ်တော့မှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။ ကယ်တင်ရှင်ကနေ မိစ္ဆာဘုရင်အဖြစ် ပြောင်းလဲသွားရတော့မှာကွ။”

“ဒီကမ္ဘာကြီးက ငါ့လက်ထဲမှာ ပျက်သုဉ်းသွားမှာ မဟုတ်ဘဲ မင်း... တုပိုင်ရဲ့ လက်ထဲမှာ ပျက်သုဉ်းသွားရတော့မှာပဲ။ ကယ်တင်ရှင်ကနေ မိစ္ဆာဘုရင်အဖြစ် ပြောင်းလဲသွားတာ... အဖြစ်ဆိုး... တကယ့် အဖြစ်ဆိုးကြီးပဲ။” ထို့နောက် သူ၏အသံမှာ အရိပ်အယောင်မျှ မကျန်ရစ်တော့ဘဲ လုံးဝ ပျောက်ကွယ်သွားရတော့သည်။ သူ၏ ဝိညာဉ်မှာ အနက်ရောင်သရဖူ၏ ကျောက်မျက်ရတနာထဲသို့ လုံးဝ ဝါးမျိုခံလိုက်ရလေပြီ။

စာဖြင့် ရေးသားဖော်ပြရာ၌ ကြာမြင့်ပုံရသော်လည်း အမှန်တကယ်၍မူ အရာအားလုံးက အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်း၌ပင် မိစ္ဆာဝိညာဉ်အားလုံးကို အနက်ရောင်သရဖူက လုံးဝ ဝါးမျိုပြစ်လိုက်ခြင်း ဖြစ်လေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်လျက်ရှိနေ၏။

သို့သော် မိစ္ဆာမြို့စား ပြောသည်မှာ အမှန်တရားပင်။ အနက်ရောင်သရဖူကို ဆောင်းလိုက်သည်နှင့် တစ်ပြိုင်နက် တုပိုင်သည် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ရုပ်သေးရုပ် ဖြစ်လာရလေမည်။

တုပိုင်၏ ဝိညာဉ်စွမ်းအားနှင့် သနားစဖွယ် အားနည်းလှသော ကျင့်ကြံခြင်းအဆင့်ဖြင့် ရုန်းထွက်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် အနက်ရောင်သရဖူကို ဆောင်းလိုက်သည်နှင့် ကယ်တင်ရှင်အဖြစ်မှ မိစ္ဆာဘုရင်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။ ဤသောင်းနှင့်ချီသော မိစ္ဆာဝိညာဉ်များကို ဖျက်ဆီးပစ်ရန်မှာ မခက်ခဲသော်လည်း ၊ တုပိုင်ကိုယ်၌ကမူ မိစ္ဆာဘုရင်သစ် ဖြစ်သွားရန် အလွန်လွယ်ကူနေသည်ဟု မြေအောက်ကမ္ဘာဘုရင်မ ဖန်းချင်းယီ ယခင်က ပြောခဲ့ဖူးသည် မဟုတ်ပါလော။

ထိုသို့ဆိုလျှင် တုပိုင်သည် ဤကံကြမ္မာဆိုးမှ မည်သို့ လွတ်မြောက်နိုင်မည်နည်း။

**--**--**--**--**--**--**--**

အနက်ရောင်သရဖူကို ဆောင်းကာ မိစ္ဆာဝိညာဉ်အားလုံးကို ဝါးမျိုလိုက်သည့် အခိုက်အတန့်၌ တုပိုင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရ၏။ လူသားတစ်ဦး၏ မျက်နှာမှ မိစ္ဆာမျက်နှာအဖြစ်သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဆက်တိုက်ဆိုသလို ကြီးမားလာတော့၏။ သုံးမီတာ ၊ ငါးမီတာ ၊ ဆယ်မီတာမှသည် မီတာဆယ်နှင့်ချီ အမြင့်အထိ ကြီးမားလာသည်။

ရုတ်တရက် တုပိုင်၏ ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းဆိုသလို အစပျောက်ကာ ပျောက်ကွယ်သွားလေ၏။

အကြောင်းမှာ ထိုအရာက... ကိုယ်ပွားအတတ်ပင် ဖြစ်နေသောကြောင့်ပင်...။

တုပိုင်က ကြောက်မက်ဖွယ်ကောင်းသော စွန့်စားမှုတစ်ခုဖြစ်သည့် အလွန်အမင်း တိကျလှသော လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်လေ၏။

သူက အနက်ရောင်သရဖူကို ဆောင်းကာ စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည့် အခိုက်အတန့်မှာပင် ကိုယ်ပွားအတတ်ကို တစ်ပြိုင်နက်တည်း အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူ၏ ကိုယ်ပွားကို အနက်ရောင်သရဖူ ဆောင်းထားစေပြီး သူ၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ချက်ချင်း ဖယ်ရှားပစ်လိုက်၏။

သူ အောင်မြင်သွားသည်။ ကြီးမားလှသော အံ့ဖွယ်ရာတစ်ခုကို သူ ဖန်တီးနိုင်လိုက်လေပြီ။ သူ၏ ဝိညာဉ်မှာ ဖမ်းဆီးခံလိုက်ရလုနီးပါးပင် ဖြစ်သွားသေးသည်။

အနက်ရောင်သရဖူကို ဆောင်းလိုက်သည့် အခိုက်အတန့်၌ တုပိုင် ပြိုင်ဘက်ကင်း အစွမ်းထက်လှသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာက ကျယ်ပြောလှသော ကြယ်တာရာများ၏ စွမ်းအားကဲ့သို့ ကြီးမားလွန်းလှသဖြင့် တုပိုင်အနေဖြင့် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

တစ်နည်းအားဖြင့် ဆိုရသော် အကယ်၍ တုပိုင်သာ အချိန်မီ ရုန်းမထွက်နိုင်ခဲ့ပါက အကျိုးဆက်များမှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ သူသည် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ရုပ်သေးရုပ် ဖြစ်သွားမည်ဖြစ်ပြီး ကယ်တင်ရှင်ဘဝမှ မိစ္ဆာဘုရင်သစ်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်လေ၏။

ကံကောင်းစွာဖြင့် သူ အောင်မြင်သွားလေ၏။

မိစ္ဆာဝိညာဉ်များ အားလုံး ပျောက်ကွယ်သွားပြီးနောက် မသေမျိုးနဂါးကြီး၏ ခန္ဓာကိုယ်ကြီးက ဆက်တိုက်ဆိုသလို ကျုံ့ဝင်လာပြီး တဖြည်းဖြည်း သေးငယ်သွားတော့၏။ မူလ မီတာ ၁၅၀၀ ကျော် အရွယ်အစားမှ မီတာ ၃၀၀ ကျော်ခန့်သာ ရှိတော့သော အလင်းရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရုပ်လုံးရုပ်ထည် လုံးဝ မရှိတော့ပေ။ ထို့အပြင် နဂါးဝိညာဉ်မှာ အိပ်မောကျနေဆဲ ဖြစ်သည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်က ဤနဂါးကြီးမှာ အသားနှင့်သွေးများကို ဆုံးရှုံးခဲ့ရသော်လည်း အရိုးစုနှင့် ဝိညာဉ် ရှိနေဆဲ ဖြစ်၏။ သို့သော် ယခုအခါတွင်မူ အရိုးစု မရှိတော့ဘဲ အိပ်မောကျနေသော ဝိညာဉ်သာ ကျန်ရစ်တော့သည်။

နဂါးကြီး၏ ဝိညာဉ်မှာ မူလက ဟင်းလင်းပြင်နှင့် ကမ္ဘာမြေကြားတွင် အစပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း မိစ္ဆာတို့က မိစ္ဆာဝိညာဉ် သောင်းနှင့်ချီ အသုံးပြုစုဆောင်းကာ ပြီးပြည့်စုံသော နဂါးဝိညာဉ်အဖြစ် တစတစ ပြန်လည်ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်​လေ၏။

ထို့နောက် ဤမသေမျိုးနဂါးကြီးကို ထိန်းချုပ်ရန် သောင်းနှင့်ချီသော မိစ္ဆာဝိညာဉ်များကို အသုံးပြုခဲ့ပြီး ပေမင်ဓားဂိုဏ်းမှ သိုင်းပညာရှင် သောင်းကျော်ကို စွမ်းအင်နှလုံးအူတိုင်အဖြစ် အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ စွမ်းအင်နှလုံးအူတိုင်နှင့် သောင်းနှင့်ချီသော မိစ္ဆာဝိညာဉ်များကို ဆုံးရှုံးလိုက်ရပြီးနောက်တွင်တော့ ထာဝရ အိပ်မောကျနေမည့် နဂါးဝိညာဉ်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားလေတော့၏။

တုပိုင် မျက်လုံးများကို မှိတ်ကာ စိတ်ထဲ၌ နဂါးမန္တန်ကို ထပ်ခါတလဲလဲ ရွတ်ဆိုကြည့်လိုက်သည်။ မှန်ကန်ကြောင်း သေချာသွားပြီးနောက် ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ထုတ်လွှတ်လိုက်ကာ ရှေးဟောင်းနဂါးမန္တန်ကို နှုတ်မှ အသံထွက် ရွတ်ဆိုလိုက်၏။

တုပိုင်၏ မျက်လုံးများ စူးကှပြတ်သားသွားကာ လောကတစ်ခွင် တုန်ခါသွားစေမည့် အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။ “နိုးထလော့... အဝေးဆီက မြေအောက်ကမ္ဘာထဲကနေ နိုးထလာခဲ့စမ်း။”

တုပိုင်၏ အသံမှာ ကမ္ဘာမြေကြီး၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာသကဲ့သို့ ရှိနေပြီး ကောင်းကင်ယံမှ ထွက်ပေါ်လာသကဲ့သို့လည်း ရှိနေသည်။ မြင့်မြတ်ကာ အစွမ်းထက်ပြီး အားမာန်အပြည့်နှင့် ခမ်းနားထည်ဝါနေ၏။ စကားလုံးတိုင်း၌ ထူးခြားသော စွမ်းအားများ အပြည့်အဝ ပါဝင်နေသကဲ့သို့ပင် ဖြစ်နေ၏။

မန္တန်တစ်ကြောင်းတည်းသာ ဖြစ်သော်လည်း ချက်ချင်းဆိုသလိုပင် တုပိုင်၏ အတွင်းအားနှင့် ရွှမ်းချီစွမ်းအင်များ အားလုံး ကုန်ခမ်းသွားရသည်။

အချိန်အနည်းငယ် ကြာပြီးနောက်... နဂါးကြီး၏ မျက်လုံးများ တဖြည်းဖြည်း ပွင့်လာ၏။ မျက်လုံးထဲမှ ထွက်ပေါ်လာသည်မှာ ရွှေရောင်အလင်းတန်းများပင် ဖြစ်သည်။ ထိုအရာမှာ နဂါးမျိုးနွယ်စု၏ ထူးခြားမြင့်မြတ်သော အလင်းရောင်ပင် ဖြစ်၏။

တုပိုင်၏ မျက်နှာထက်၌ ရဲရင့်သော အပြုံးတစ်ခု ပေါ်လာကာ လက်ထဲရှိ ရွှေတောင်ဝှေးကို ကောင်းကင်သို့ တည့်မတ်စွာ ဆွဲမြှောက်လိုက်၏။ “ငါ့ရဲ့ မြင့်မြတ်ပြီး ရဲရင့်တဲ့ ရဲဘော်ရဲဘက်ကြီး... မင်း အိပ်မောမကျသွားသေးဘူးဆိုရင် ငါနဲ့အတူ တိုက်ပွဲဝင်ဖို့ လိုက်ခဲ့ပါ။ တခြားကမ္ဘာတစ်ခုဆီ သွားပြီး တိုက်ပွဲဝင်ကြမယ်။ အဲဒီကမ္ဘာကို ကယ်တင်ပြီး မိစ္ဆာတွေကို သွားဖျက်ဆီးပစ်ကြရအောင်။”

နဂါးဝိညာဉ်ကြီး၏ ရွှေရောင်မျက်လုံးကြီးများက တုပိုင်အား စူးရှစွာ စိုက်ကြည့်လာ၏။ ခန့်ညားလေးနက်လှသော အသံကြီးမှာ တုပိုင်၏ စိတ်အာရုံထဲသို့ တိုက်ရိုက် စီးဝင်လာသည်။ “ငါ့ရဲ့ ရဲဘော်ရဲဘက်... ငါက ခန္ဓာကိုယ် ၊ အရိုးစုနဲ့ စွမ်းအင်အများစုကို ဆုံးရှုံးလိုက်ရလို့ ဝိညာဉ်တစ်ခုတည်း ကျန်တော့တယ်ဆိုပေမယ့် ငါ့ရဲ့ ဒေါသနဲ့ တိုက်ပွဲဝင်ချင်တဲ့ စိတ်ဆန္ဒကတော့ ဘယ်သောအခါမှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။”

ဆက်လက်ပြီး နဂါးဝိညာဉ်ကြီးထံမှ ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေမည့် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာ၏။ “ဝေါင်းးးးးးးးးး”

ထို့နောက် အစွမ်းထက်လှသော မသေမျိုးနဂါးကြီးက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ တုပိုင်၏ လက်ထဲရှိ ရွှေတောင်ဝှေးထိပ်ပိုင်းသို့ အရှိန်ဖြင့် ပြေးဝင်လာသည်။ ထို့နောက် ရွှေတောင်ဝှေးပေါ်၌ အလှဆင်ထားသော ကျောက်မျက်ရတနာတစ်ခုကဲ့သို့ စွမ်းအင်ကျောက်သလင်းအဖြစ် စုစည်းသွားလေတော့၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၉၆၉ + ၉၇၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters