← Chapters

လျှပ်စီး၏ စွမ်းအား

Vol. 15 Ch. 196

လျှပ်စီး၏ စွမ်းအား

Vol. 15 Ch. 196

စုမင် ညာလက်ကိုမြှောက်လျက် ပုချန့်တောင်တွင် ဝန်းရံနေသည့် များစွာသော သေဆုံးခြင်း အငွေ့အသက်တို့ကို စုပ်ယူလိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းမှ စုပ်ဝဲလေးက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်သည်။ ထို့နောက် ခဏအတွင်းမှာပင် ကျယ်လောင်သော မြည်ဟည်းသံ တစ်ခုနှင့်အတူ သေဆုံးခြင်း အငွေ့အသက်များက သူ့ထံ တိုးဝင်လာခဲ့ကြသည်။

မြေပြင်တွင် ဖုံးလွှမ်းနေသည့် လျှပ်စီးအလင်းစက် များကလည်း သူတို့၏ဦးတည်ချက်ကို အလျင်အမြန် ပြောင်းလျက် စုမင်ထံ တိုးဝင်လာကြသည်။

စုမင်မျက်လုံးတို့ တောက်ပသွားခဲ့သည်။ သူ့ခန္ဓာကိုယ်အား  ရွေ့လျားလိုက်သည်နှင့် သူရပ်နေသည့် နေရာမှလေထုသည် တွန့်လိမ်သွားခဲ့သော်လည်း မည်သည့်လျှပ်စီးမှ ဖြစ်ပေါ်မလာခဲ့ပေ။

‘မြေကမ္ဘာလျှပ်စီးနဲ့ ဟင်းလင်းပြင် လျှပ်စီးနှစ်ခု ဆုံတွေ့တဲ့အချိန်မှ တကယ့်လျှပ်စီးက ဖြစ်ပေါ်လာတာ။ ငါက အဲဒါကို ရှောင်လွှဲလို့လည်း မရသလို ဖယ်ရှားလို့လည်း မရဘူး။ ဘာလို့လဲဆိုတော့ ငါမြင်ရတဲ့လျှပ်စီးက ပုံရိပ်ယောင် သက်သက်ပဲမို့လို့။ အမှန်ကတော့ မြေကမ္ဘာလျှပ်စီးနဲ့ ဟင်းလင်းပြင် လျှပ်စီးတွေ ထိတွေ့သွားတဲ့ အချိန်ကျမှ လျှပ်စီးရဲ့စွမ်းအားက ပေါ်လာတာပဲ’

စုမင်၏စိတ်တို့ ရှင်းလင်းပြတ်သား လာခဲ့သည်။ သူ ထိုသဘောတရားကို နားလည်သွားသည်နှင့် သစ်ပင်တစ်ပင်ကဲ့သို့  များစွာသော အကိုင်းအခွဲတို့ ထိုသဘောတရားမှ ထွက်ပေါ်လာခဲ့ပြီး စုမင်က သူ၏အတွေးတို့ကို များစွာသော မတူညီသည့် ဧရိယာများထံသို့ ခွဲထုတ်လိုက်သည်။ ထို့နောက် သူလှုပ်ရှားလိုက်သည်နှင့် ဘယ်တော့မှ မရပ်တန့်တော့ သော်လည်း သူ၏ ခြေတစ်လှမ်းစီတိုင်းတွင် များစွာသော မြေကမ္ဘာလျှပ်စီးတို့က သူ့ထံတိုးဝင်လာခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးအုပ်လျက် အတွင်းသို့ စိမ့်ဝင်သွား ကြချေသည်။

‘မြေကမ္ဘာလျှပ်စီးကို ငါအလုံအလောက် စုပ်ယူမပြီးခင် အချိန်အထိ  ဟင်းလင်းပြင်လျှပ်စီး ငါ့ကို လုံးဝထိလို့မဖြစ်ဘူး...’

စုမင် ရှောင်လွှဲနေသည့် အရာသည် တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ဖြင့် သူဝေဝေဝါးဝါး မြင်နေရသည့် ဟင်းလင်းပြင်လျှပ်စီးကို ဖြစ်သည်။

ဤအရာများအားလုံးကို အခြားသူများ မမြင်နိုင်ပေ။ သူတို့အမြင်တွင်တော့ စုမင်သည် ထိုနေရာတစ်လျှောက် ပုံစံအတည်တကျမရှိပဲ ပြေးလွှားနေ ခဲ့သော်လည်း ထူးဆန်း၍ တုန်လှုပ်ဖွယ် ကောင်းသည့်အရာမှာ စုမင်နောက်ရှိ လေဟာနယ်သည် ဆက်တိုက်ဆိုသလို တွန့်လိမ်ပုံပျက် နေခဲ့ခြင်းပင် ဖြစ်သည်။ သူတစ်နေရာမှ ထွက်ခွာသွားသည်နှင့် သူ့နောက်ဘက်မှ လေဟာနယ်သည် တွန့်လိမ်ပုံပျက်သွားခဲ့ပြီး သူတို့အမြင်အာရုံကို ခဏတာပိတ်ဆို့သွား သကဲ့သို့ ဖြစ်နေခြင်းပင်။ လေထုအတွင်းရှိ ထိုပုံပျက်မှုများသည် လှိုင်းဂယက်များသဖွယ် ပျံ့နှံ့လျက် ရှိသည်။

ထူးဆန်းသည့် မြင်ကွင်းသည် မြင်နေရသူတိုင်းကို စိတ်ရှုပ်ထွေးသွားစေပြီး မယုံကြည်နိုင် မှုများကြောင့် သူတို့ကိုယ်သူတို့ စုမင်အား ပိုမိုရိုသေလေးစား သွားကြစေသည်။

စုမင် ပိုမိုမြန်ဆန်လာခဲ့သည်။ သို့သော် သူ့အရှိန်နှုန်းက လျင်မြန်နေခဲ့သော်လည်း ကောင်းကင်တစ်ခုလုံးပင် ပြည့်နေဟန်တူသည့် ဟင်းလင်းပြင် လျှပ်စီးကလည်း မယုံနိုင်ဖွယ် အရှိန်နှုန်းဖြင့် လိုက်ပါလျက်ရှိပြီး စုမင်ထံမှ တစ်စုံတစ်ခုသည် သူ့ကို ရူးသွပ်သွားအောင် ဆွဲဆောင်နေဟန်ဖြင့် စုမင်ထံသို့ ပတ်ပတ်လည်မှ တိုးဝင်လာခဲ့ချေသည်။

အမှန်တကယ်တွင် ဟယ်ဖုန်း၏ ဦးခေါင်းကို တိုက်ခိုက်ခဲ့ပြီး  သူ့ခေါင်းအတွင်းမှ ဝိညာဉ်လုယက်ကို ပုံပေါ်လာစေသည့် ဧရာမအပြာရောင် မိုးကြိုးလျှပ်စီးကြီး သည်ပင် စတင်လှုံ့ဆော် ခံလိုက်ရဟန်ရသည်။ ၎င်းသည်လည်း အချိန်မရွေး လမ်းကြောင်း ပြောင်းသွားတော့မည့် ဟန်နှင့် တွန့်လိမ်ပုံပျက်မှုများက ပတ်ဝန်းကျင် ဧရိယာတစ်ဝိုက် ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် ရိုးရှင်းဟန် တူသော်လည်း စုမင်သာ နောက်ဆက်တွဲ ဆိုးကျိုးများကို နားလည်ချေသည်။ သူ အာရုံစိုက်လိုက်ရင်း ဟင်းလင်းပြင်လျှပ်စီးကို တတ်နိုင်သမျှ ရှောင်ရှားရန် ဧရိယာတစ်ဝိုက် ဆက်တိုက် ရွေ့လျားနေသော်လည်း အားနည်းချက်များ ရှိနေသေး၏။ တစ်ခါတစ်ရံတွင် လျှပ်စီးတန်းတို့ ဖြစ်ပေါ်လာပြီး သူ့အပေါ် ကျရောက်လာတတ် သေးသည်။

‘ဒါက မလုံလောက်သေးဘူး...’

ပုချန့်တောင်နှင့် ချိတ်ဆက်နေသည့် ဟန်တောင်တန်း၏ သံကြိုးတန်းဆီသို့ စုမင်ဦးတည်လိုက်သည်။ သံကြိုးပေါ်တွင် များစွာသော ပမာဏရှိသည့် မြေကမ္ဘာလျှပ်စီးတို့ကို စုမင်မြင်နေရသည်။ ဟယ်ဖုန်းသာ သူ့ထံသို့ ဟင်းလင်းပြင် လျှပ်စီးများကို ဆွဲခေါ်နေခြင်းကြောင့် မဟုတ်လျှင် ယခုအချိန်တွင် သံကြိုးသည် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတို့ဖြင့် တိုက်ခိုက် ခံနေရလိမ့်မည် ဖြစ်သည်။

အရှိန်နှုန်းအပြည့်ဖြင့် စုမင် သံကြိုးပေါ်သို့ ခြေချလိုက်မိသည်နှင့် သံကြိုးတွင် တွယ်ကပ်နေသည့် မြေကမ္ဘာလျှပ်စီးတို့က စုမင်ထံ အဘက်ဘက်မှ တိုးဝင်လာခဲ့ကြသည်။

ထိုအခိုက်အတန့်၌ပင် မြည်ဟည်းသံများ လေထုအတွင်း ပဲ့တင်ထပ်သွားပြီး များစွာသော မိုးကြိုးလျှပ်စီးများက တစ်ချိန်တည်းတွင် ဖြစ်ပေါ်လာကာ စုမင်ကိုရိုက်ခတ်ရန် ဦးတည်လာခဲ့ကြသည်။ သူ တုန်လှုပ် ချောက်ချားသွားပြီး ကောင်းကင်ထံဦးတည်၍ လေထဲသို့ ပျံတက်လိုက်သည်။

‘ငါ့မှာ မြေကမ္ဘာလျှပ်စီး အလုံအလောက်ရှိပြီ။ အခုငါက ပမာဏတူညီတဲ့ ဟင်းလင်းပြင်လျှပ်စီးပဲ လိုတော့တယ်။ သူတို့ ထိစပ်မိတဲ့အချိန်ကျရင် ငါ့ခန္ဓာကိုယ်က အဲဒါကို တောင့်ခံနိုင်မှာ မဟုတ်ဘူး  ... ဒါပေမဲ့ လျှပ်စီးကို ငါ့ရဲ့ မူလမာန် အကြောမျှင်အဖြစ် ပြောင်းလဲချင်တယ်ဆိုရင် ဒါက တစ်ခုတည်းသော နည်းလမ်းပဲ...’

‘ငါ အချိန်ကြာကြာ တောင့်ခံနိုင်လေလေ၊ အောင်မြင်ဖို့ အခွင့်အလမ်း ပိုမြင့်လေလေ...’

ထိုအချိန်တွင် စုမင်ခန္ဓာကိုယ် အတွင်းမှ သေဆုံးခြင်း အငွေ့အသက်များမှာ အကုန်ပျောက်ကွယ် သွားခဲ့ကြပြီဖြစ်သည်။ တစ်ခုတည်းသော ကျန်ရစ်ခဲ့သည့်အရာမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ပမာဏများပြားလှသော မြေကမ္ဘာလျှပ်စီးများပင် ဖြစ်သည်။ ၎င်းတို့သည် သူ့ခန္ဓာကိုယ်အတွင်းနှင့် ခန္ဓာကိုယ်ပတ်လည်တွင် ရှိနေခဲ့ကြပြီး ဟယ်ဖုန်းထက်ပို၍ လျှပ်စီးကို ဆွဲဆောင်နိုင်သည့် အရာတစ်ခု ဖြစ်လာခဲ့သည်။

‘ရုပ်ခန္ဓာရှိတဲ့ အရာဝတ္ထုတွေကိုပဲ သန့်စင်ပြီးတော့ မူလမာန် အကြောမျှင်အဖြစ် ပြောင်းလဲလို့ရတယ်။ လျှပ်စီးက ပျံ့လွင့်တတ်လို့ ငါ့ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် ထည့်သွင်းနေနိုင်မှ အဲဒါကို ငါ့အပိုင်ဖြစ်အောင် လုပ်လို့ရမှာ’

‘အဲဒါပြီးမှပဲ ငါက လျှပ်စီးကို ထိန်းချုပ်နိုင်တယ်လို့ ယူဆလို့ရလိမ့်မယ်။ လျှပ်စီးကိုယူဆောင်ပြီး ခန္ဓာကိုယ်နဲ့ ပေါင်းစပ်တာနဲ့ ပတ်သက်လို့ အခြားနည်းလမ်းတွေ အကုန်လုံးက အတုအယောင် ကောလာဟလတွေပဲ။ ဘာလို့လဲဆိုတော့ လျှပ်စီးရဲ့ ပုံပန်းသွင်ပြင်က ပုံရိပ်ယောင် သက်သက်ပဲ။ တကယ့် အစစ်အမှန်စွမ်းအားက မြေကမ္ဘာလျှပ်စီးနဲ့ ဟင်းလင်းပြင် လျှပ်စီးနှစ်ခု ရိုက်ခတ်မိချိန်မှ ဖြစ်ပေါ်လာတာ။ ဒါကမှ လျှပ်စီးကို အစစ်အမှန် သန့်စင်ခြင်းပဲ’

စုမင် ကောင်းကင်သို့ ဦးတည်ပျံသန်း လိုက်သည်။ ကောင်းကင်၌ များစွာသော ပမာဏရှိသည့် ဟင်းလင်းပြင် လျှပ်စီးများ ရှိနေကြောင်းကို သူခံစားမိသည်။

ထိုနေရာသို့ သူ့ခန္ဓာကိုယ် ရောက်ရှိသွားချိန်တွင် ကမ္ဘာလောကကြီး တစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော လျှပ်စီးများက နေရာအနှံ့မှ ထွက်ပေါ်လာ ခဲ့ကြသည်။ ၎င်းတို့သည် စုမင်ထံသို့ သူ့ပတ်ပတ်လည်မှ တိုးဝင်လာခဲ့ကြ၏။ ကျယ်လောင်သော မြည်ဟည်းသံများ လေထုအတွင်း ပဲ့တင်ထပ်သွားပြီး လူတို့သည် စုမင်ကို ဆက်မမြင်ရတော့ချေ။ သူတို့မြင်နေရသည့် တစ်ခုတည်းသော အရာသည် အဆုံးမရှိသည့် ကောင်းကင်တစ်ခွင် ဖြန့်ကြက်နေသည့် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတို့ပင် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဟယ်ဖုန်း၏ ဦးခေါင်းကို အဆက်မပြတ် တိုက်ခိုက်နေသည့် အပြာရောင် မိုးကြိုးလျှပ်စီးသည် ရုတ်တရက် လမ်းကြောင်း ပြောင်းသွားပြီး အဝေးရှိ စုမင်ထံတိုးဝင်သွား၏။

အပြာရောင်လျှပ်စီးတန်း ဦးတည်ထွက်ပေါ် လာသည်နှင့် ကမ္ဘာလောကကြီး ကိုယ်တိုင်သည်ပင် ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ တုန်ခါသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟန်တောင်တန်း မြို့တော်အထက် ကောင်းကင် လီ၁၀၀၀ ဧရိယာအတွင်းမှ မိုးကြိုးလျှပ်စီး တို့သည်လည်း ဆူညံစွာဖြင့် လေထုကိုဖြတ်သန်းလျက် စုမင်ထံ တိုးဝင်လာခဲ့ကြသည်။ များစွာသော ထိုမိုးကြိုးလျှပ်စီးတို့သည် လောကတစ်ခုလုံးကိုပင် လင်းထိန်သွားစေခဲ့၏။ မြည်ဟည်း ဆူညံသံများ ပဲ့တင်ထပ်သွားပြီး မြေပြင်မှ လူများအားလုံးကို အံ့အားသင့် ထိတ်လန့်သွားစေပြီး သူတို့စိတ်များက ဗလာဖြစ်သွားခဲ့ကြသည်။

ကောင်းကင်သည်တော့ လျှပ်စီးတို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။

မြည်ဟည်းသံများ အလယ်မှ လျှပ်စီး အလင်းစက်တို့ဖြင့် ဖုံးအုပ်ခံထားရသည့် စုမင်သည်တော့ သွေးများ အန်ထုတ်လိုက်ရသည်။ သူ့သွေးတို့ သွေးမြူများအဖြစ် ပြောင်းလဲမသွားခင် အချိန်၌ သွေးကြောများထဲတွင် ကူးခပ်သွားလာ နေခဲ့သည့် လျှပ်စီး အလင်းစက်တို့ကို တွေ့နိုင်ချေသည်။

စုမင် ဖြူဖျော့နေခဲ့သော်လည်း သူ့မျက်လုံးများသည်တော့ မယုံနိုင်ဖွယ် တောက်ပနေခဲ့သည်။ သူ့ခန္ဓာကိုယ် အတွင်းတွင်တော့ မြေကမ္ဘာလျှပ်စီးနှင့် ဟင်းလင်းပြင် လျှပ်စီးတို့သည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ထိတိုက်နေကြပြီး သူ့ခန္ဓာကိုယ်အတွင်း၌ ပိုမိုသန်မာ တိုးပွားလာနေသည့် လျှပ်စီးစွမ်းအားအဖြစ်သို့ ပြောင်းလဲလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရုပ်နယ်လွန်အဆင့် ချီတို့ကလည်း ထိုလျှပ်စီးစွမ်းအားတို့ကို ထိတ်လန့်တုန်လှုပ်ဖွယ် နည်းလမ်းဖြင့် စုပ်ယူနေကြ၏။ ၎င်းတို့ကို စုမင်၏ မူလမာန်အကြောမျှင်အဖြစ် သန့်စင်ရန် ထိုစွမ်းအားတို့ကို ဆက်လက် စုပ်ယူနေခြင်းဖြစ်သည်။

သန့်စင်ခြင်းနည်းလမ်းဖြင့် များစွာသော အရာဝတ္ထုတို့ကို သူ၏ မူလမာန် အကြောမျှင်အဖြစ် သန့်စင်နိုင်သည် ဆိုသော်လည်း ရှေးအချိန်များတည်းကပင် တစ်စုံတစ်ယောက်က လျှပ်စီးကို သူ၏ မာန်အကြောမျှင်အဖြစ် သန့်စင်သည် ဆိုခြင်းကိုမူ မည်သူမှ မကြားဖူးချေ။ သွေးကြော ၉၉၉ ကြောဖြင့် ရုပ်နယ်လွန်အဆင့် တက်ရောက်ခဲ့သည့် မာန်စွမ်းအားရှင် များသည်ပင် ဤကဲ့သို့ နှေးကွေးစွာပြောင်းလဲမှု ဖြစ်စဉ်ကြောင့် သူတို့မအောင်မြင်ခင် သေဆုံးသွားနိုင်ရန် လုံလောက်ချေသည်။

‘ငါ့ခန္ဓာကိုယ်က ဒါကို ဆက်မတောင့်ခံ နိုင်တော့ဘူး  ... ငါအခု တကယ်ပဲ အရှုံးပေးလိုက် ရတော့မှာလား’

စိတ်လွန်ဆွဲနေဟန်တို့ စုမင်မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။ သန့်စင်မှုကို သူပြီးမြောက်အောင် မလုပ်ဆောင်နိုင်ပေ။ သူ့အတွင်းမှ မြေကမ္ဘာလျှပ်စီးနှင့် ဟင်းလင်းပြင် လျှပ်စီးတို့သည် အချင်းချင်း အဆက်မပြတ် ဆန့်ကျင်ထိတိုက်ကြေဆဲ ဖြစ်သည်။ စုမင် ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း လျှပ်စီးနှစ်ခု တိုက်ခိုက်မိသည့် အကြိမ်တိုင်းတွင် ထွက်ပေါ်လာသည့် လျှပ်စီးစွမ်းအားက ပိုမိုသန်မာလာပြီး စုမင်ကို ဆက်လက်၍ တောင့်မခံနိုင် ဖြစ်လာစေသည်။

‘ငါသေမသွားခင် အများဆုံးအနေနဲ့ အသက်ရှူကြိမ် ၁၀ကြိမ်စာလောက်ပဲ ငါခံနိုင်တော့တယ်’

အပြာရောင်အရိပ်ကြီး တစ်ခုက ကောင်းကင်တွင် ဖြစ်ပေါ်လာခဲ့ပြီး စုမင် တုန်လှုပ်သွားရသည်။

‘ငါအရှုံးပေးလိုက်ပြီးတော့ ဝိညာဉ်လုယက်ကိုပဲ ငါ့ရဲ့ မူလမာန် အကြောမျှင်အဖြစ် လုပ်လိုက်ရတော့မလား  ... ဒါမှမဟုတ် ငါအခုလိုပဲ ဆက်လုပ်သင့်လား’

‘ဒါပေမဲ့ ငါ ဆက်လုပ်ရင်တောင် အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ငါ အရှုံးပေးလိုက်မိ ပြန်ရင်လည်း  ... အဲဒါကို နောင်တ ရနေမိလိမ့်မယ်’

‘ငါ့မှာ အခွင့်အရေး မရှိခဲ့တာကမှ ပိုကောင်းလိမ့်ဦးမယ်။ ဒါပေမဲ့ အခုတော့ လျှပ်စီးဘယ်လို ဖြစ်ပေါ်လာတယ် ဆိုတာကို ငါမြင်ခဲ့သိခဲ့ရပြီးပြီ။ ငါအဲဒါကိုလုပ်ဆောင်ဖို့ အချိန်သာ လုံလုံလောက်လောက် ရှိနိုင်ယ်ဆိုရင် ငါက လျှပ်စီးကို ငါ့ရဲ့ မူလမာန် အကြောမျှင်အဖြစ် ပြောင်းလဲနိုင်လိမ့်မယ်လို့ လုံးဝသေချာတယ်’

‘ဒါပေမဲ့...’

ကျယ်လောင်သည့် ဆူညံသံကြီးနှင့်အတူ စုမင် နောက်တစ်ကြိမ် သွေးအန်လိုက်ရပြီး သူ့မျက်နှာသည်တော့ ဖြူရော်သွားခဲ့၏။ အဝေးရှိကောင်းကင်တွင် လျှပ်စီးတို့ ပြည့်နေသည်ကို စုမင်ခံစားနေရသည်။

‘နည်းလမ်းတစ်ခုပဲ ရှိတော့တယ် ... ငါ့အတွက် နည်းလမ်းတစ်ခုပဲ ကျန်တော့တယ်’

ဤအရေးကြီးနေသည့် အချိန်အခိုက်အတန့်တွင် စုမင်ခေါင်းထဲ၌ အကြံအစည်တစ်ခု ပေါ်လာခဲ့သည်။ သို့သော် အောင်မြင်နိုင်မည်လား ဆိုသည်ကို သူ့တွင် စဉ်းစားနေရန် အချိန်မရှိချေ။ စုမင် လျင်မြန်စွာ ဆင်းသက်လာလိုက်သလို ကောင်းကင်သည်လည်း ဆူညံစွာ မြည်ဟည်းသွားခဲ့သည်။ သူ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ကျဆင်းလာနေ ခဲ့သော်လည်း လျှပ်စီးများသည်တော့ သု့ကို ဆက်လက်တိုက်ခိုက်လျက် ရှိသဖြင့် များစွာသောသွေးတို့ကို ဆက်လက် အန်ထုတ်နေရစေသည်။

နောက်ဆုံးတွင်တော့ ဟန်တောင်တန်း မြို့တော်အထက်သို့ သူ့ခန္ဓာကိုယ် ကျဆင်းလာသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်မြူခိုး ချပ်ဝတ်သည် ကျယ်လောင်သည့် ပေါက်ကွဲသံ တစ်ခုနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး စုမင်ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်ရုံတို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ခဏအတွင်းမှာပင် ၎င်းတို့သည်လည်း ပြာများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် လျှပ်စီးမှအလင်းတန်း၏ ပိတ်ကာထားမှုကြောင့် အခြားသူများအနေဖြင့် သူ့ကိုမြင်တွေ့နိုင်ရန် ခက်ခဲနေဆဲပင် ဖြစ်သည်။ သူတို့မြင်နိုင်သည့် တစ်ခုတည်းသော အရာသည် ဟန်တောင်တန်း ခေါင်းလောင်း တည်ရှိရာ ဒုတိယအလွှာနှင့် တတိယအလွှာတို့ကို ပိုင်းခြားထားသည့် ကျောက်တုံးဂိတ်တံခါး တည်ရှိရာသို့ ဟန်တောင်တန်းမြို့တော် အထက်မှနေ၍ ထိတ်လန့်တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့်  ဦးတည် ကျဆင်းလာနေသည့် လျှပ်စီးအလင်းလုံးကြီး တစ်ခုပင်ဖြစ်သည်။

စုမင် ဟန်တောင်တန်း ခေါင်းလောင်းပေါ်သို့ ကျရောက်လာပြီးနောက် လျင်မြန်စွာ ခြေချိတ်ထိုင်ချလိုက်ပြီး သူ့အတွင်းမှ လျှပ်စီးစွမ်းအားများကို ရူးသွပ်ဖွယ် အရှိန်နှုန်းဖြင့် သန့်စင်လိုက်သည်။ မိုးကြိုးလျှပ်စီးတို့သည် သူ့ကိုရိုက်ခတ် လိုက်ကြသော်လည်း ၎င်းတို့သူ့အပေါ် ကျရောက်လာသည့် အခိုက်အတန့်မှာပင် မိုးကြိုးလျှပ်စီးတို့သည် ဟန်တောင်တန်း ခေါင်းလောင်းကို ဖုံးအုပ်သွားခဲ့ မိကြသည်။

ခေါင်းလောင်းသည် တုန်ခါသွားပြီး ခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့သည်။ ထိုအသံတို့သည် ဧရိယာတစ်ဝိုက် ပဲ့တင်ထပ်နေခဲ့ပြီး လီ ၂၀၀၀၊ ၃၀၀၀နှင့် ၄၀၀၀ ခန့် ဧရိယာတစ်ဝိုက်မှ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ပမာဏများပြားလှသော မိုးကြိုးလျှပ်စီးများပင် ဖြစ်ပေါ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် စုမင်ကို ဗဟိုပြုလျက် တိုးဝင်လာခဲ့ကြ၏။

ကမ္ဘာလောက တစ်ခုလုံးကိုပင် တုန်လှုပ်စေနိုင်သည့် သန်မာထူးခြားသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသော ပိုမိုကျယ်လောင်သည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာ ခဲ့ပြန်သည်။

ထိုအချိန်တွင် ဟန်တောင်တန်း မြို့တော်မှ လီ၂၀၀၀အကွာအဝေးတွင် ရှိနေသည့် အေးခဲကောင်းကင် ကလန်မှ လူသုံးဦးအနက် တည်ငြိမ်နေဆဲပင် ဖြစ်သည့် အဘိုးအိုမှလွဲ၍ အမျိုးသားနှင့် အမျိုးသမီးတို့၏ အလုံးစုံသော စိတ်ခံစားချက်များအား ထိတ်လန့် တုန်လှုပ်မှုများဖြင့်သာ အစားထိုးသွား ခဲ့ကြသည်။ သူတို့သည် ကောင်းကင်မှ ထိတ်လန့်တုန်လှုပ်ဖွယ် မိုးကြိုးလျှပ်စီးတို့ကို ကြည့်ရင်း တုန်ယင်သွားမိကြသည်။

“ဘာ  ... ညီမငယ် ဟန်ဖေးကျစ်က ဘာလုပ်နေတာလဲ”

“သူမက လျှပ်စီးကို သန့်စင်နေတာ”

ပြန်ဖြေလိုက်သူသည် တည်ငြိမ်နေသော အဘိုးအိုပင်ဖြစ်သည်။ သူသည် တည်ငြိမ်နေဟန် ပေါ်သော်လည်း သူ့မျက်လုံးများအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုနှင့် စိတ်အားထက်သန်မှု များသည်တော့ သူ့နှလုံးသားအတွင်းမှ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်များကို ဖော်ပြနေခဲ့သည်။

‘ဒီလုံမလေးယန်ဖေးက တကယ် ရဲတင်းတယ်။ သူမက လျှပ်စီးကိုတောင် သူမရဲ့ မူလမာန် အကြောမျှင်အဖြစ် တကယ် အသုံးချရဲတာပဲ။ စစ်နတ်ဘုရားတစ်ဦး ဆိုတဲ့အတိုင်းပါပဲလား ... ရှေးအချိန်တွေတည်းက အရမ်းထူးချွန်တဲ့ လူအနည်းငယ်ကပဲ ကောင်းကင်ဘုံလျှပ်စီးကို သန့်စင်ရဲခဲ့တာ  ... ဒီအရာဆိုတာ မူလတည်းက အခြားလောကမှာရှိတဲ့ မသေမျိုးတွေပဲ လုပ်ဆောင်နိုင်တဲ့ အရာတစ်ခုပဲ။ ငါတို့ မာန်စွမ်းအားရှင် မျိုးနွယ်စုထဲမှာ အောင်မြင်ခဲ့တဲ့ လူဆိုတာ မကြားဖူးသလောက်ပဲ’

ချီးကျူးလေးစားမှုများ အဘိုးအို၏မျက်နှာတွင် ဖြစ်ပေါ်လာလဲ့သည်။

‘ဂျူနီယာကျိုးရှန့်က ခြေတစ်လှမ်း ဦးသွားပြီးတော့ သူမက လုံမလေး တစ်ယောက်လည်း ဖြစ်နေတာ စိတ်မကောင်းစရာပဲ  ... ငါ့ရဲ့ အမွေစားအမွေခံ တပည့်ဖြစ်ဖို့ သူမက သင့်တော်မနေဘူး ... စိတ်မကောင်းစရာပဲ။ ဘယ်လောက်တောင် စိတ်မကောင်းစရာ ကောင်းလိုက်လဲ’

အဘိုးအိုသည် လေးနက်သွာ သက်ပြင်းချလိုက်ရင်း အနည်းငယ် စိတ်ဓာတ်ကျသလို ခံစားလိုက်ရ၏။

‘သင့်တော်တဲ့ တပည့်တစ်ယောက် ရှာတွေ့ဖို့က အရမ်းကိုခက်ခဲတာပဲ’

ထိုအချိန် အတောအတွင်းမှာပင် အဝေးရှိ ခုနစ်ရောင်ခြယ် တောင်ခြေ၌ အရိုင်းဆန်သည့် အလှတရားတို့ဖြင့် မိန်းကလေးသည် ပေါ့ပါးစွာရယ်မောလိုက်ရင်း စစ်တုရင်ခုံကို ပြန်စီလိုက်သည်။ ပြီးနောက်တွင် ဝတ်ရုံအဖြူနှင့်လူကို ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်၏။ သူမမျက်နှာသည် ရှက်ရွံ့မှုကြောင့် အနည်းငယ် နီနေခဲ့သော်လည်း သူမ၏ခွက်ကို ကိုင်ထားရင်းမှ ထိုလူကို မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သေးသည်။

“အစ်ကိုကြီးစစ်မာ၊ ခွက်ချင်း တိုက်ကြရအောင်။ အစ်ကို့ကို အေးခဲကောင်းကင် လိုဏ်ဂူထဲ ဝင်ခွင့်ပြုဖို့ ကျွန်မ အဖေ့ကို ပြောလိုက်မယ်”

ဝတ်ရုံအဖြူနှင့်လူသည် ခပ်ရေးရေး ပြုံးလိုက်ပြီး သူ့ရှေ့မှ လှပသည့် ကောင်မလေးကို ညင်သာစွာကြည့်လျက် သူ့ခွက်ကို ယူလိုက်သည်။ သို့သော် ထိုသို့လုပ်လိုက်သည့် အခိုက်အတန့်မှာပင် သူ ရုတ်တရက် ထိတ်လန့်တုန်လှုပ် သွားရသည်။ ပမာဏ များပြားလှသော လျှပ်စီးအလင်းစက်တို့သည် နေရာအနှံ့မှ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ကူးခပ်ဖြတ်သန်း သွားကြသည်။ ကောင်မလေးသည်လည်း အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူမ၏ညာလက်က တုန်ယင်သွားခဲ့ကာ ဝိုင်ခွက်သည် ကျယ်လောင်သံ တစ်ခုနှင့်အတူ ကွဲကြေသွားခဲ့သည်။

ပထမဆုံး အကြိမ်အနေဖြင့် အမျိုးသား၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး လျင်မြန်စွာထရပ်လျက် အဝေးရှိ မိုးကုပ်စက်ဝိုင်းထံသို့ ငေးကြည့်လိုက်သည်။ ထို့နောက် သူ၏အသက်ရှူသံ တို့သည်လည်း လျင်မြန်လာခဲ့ချေသည်။ သူထိုသို့ ဖြစ်သွားသည်မှာ  မြင်ရခဲသည့် ရှားပါးသောမြင်ကွင်း တစ်ခုပင်ဖြစ်သည်။

“လျှပ်စီးရဲ့ စွမ်းအားလား။ ဟန်တောင်တန်း ခေါင်းလောင်းဆိုတာ ငါ၊ စစ်မာရှင်းက ပိုင်ဆိုင်တဲ့အရာပဲကွ”

***

All Chapters