← Chapters

အခန်း (၁၃၉၁-၁၃၉၃)

Vol. 95 Ch. 1391-1393

အခန်း (၁၃၉၁-၁၃၉၃)

Vol. 95 Ch. 1391-1393

အခန်း (၁၃၉၁) ဘီလ်ဂိတ်၏ တရုတ်ပြည် ခရီးစဉ်

ဖုန်းယွီသည် ကားပြတင်းပေါက်မှတစ်ဆင့် လုံခြုံရေးအရ လမ်းပိတ်ဆို့ထားသည့် မြင်ကွင်းကို ကြည့်ရှုရင်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချလိုက်မိသည်။ လမ်းဘေး ဝဲယာတစ်လျှောက်တွင် ပန်းအိုးများဖြင့် ဝေဝေဆာဆာ ပြင်ဆင်ထားသလို၊ အချို့သော နေရာများတွင်မူ မူလတန်း ကျောင်းသားလေးများက ပန်းစည်းများကို ကိုင်ဆောင်ကာ "ကြိုဆိုပါသည်... နွေးထွေးစွာ ကြိုဆိုပါသည်" ဟူသော ကြွေးကြော်သံများကို လေ့ကျင့်နေကြသည်ကို တွေ့ရသည်။

ဘီလ်ဂိတ်ဆိုသည်မှာ စီးပွားရေးသမား တစ်ဦးမျှသာ ဖြစ်သည်။ သူသည် နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်တစ်ဦး မဟုတ်သလို၊ အများဆုံး အနေဖြင့် မိုက်ခရိုဆော့ဖ်ကိုသာ ကိုယ်စားပြုနိုင်သူဖြစ်ပြီး၊ နိုင်ငံတစ်ခုကို ကိုယ်စားပြုနိုင်သူ မဟုတ်ပါချေ။ ဤမျှအထိ မြင့်မားလှသော အဆင့်အတန်းဖြင့် ကြိုဆိုနေရန် လိုအပ်ပါသလားဟု ဖုန်းယွီစိတ်ပျက်နေမိသည်။

ထို့အပြင် နိုင်ငံခြား ဧည့်သည်များ လာရောက်သည့် အခါတိုင်းတွင် အဘယ်ကြောင့် ကျောင်းသားလေးများကို လမ်းဘေးတွင် တန်းစီ၍ ကြိုဆိုခိုင်းရသနည်း။ မိခင်နိုင်ငံတော်၏ အနာဂတ် ရင်သွေးငယ်များသည် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ဆောင်ရန်အတွက် ဖြစ်တည်လာကြခြင်းလားဟု သူ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။

"Boss... ကျွန်တော်တို့ လမ်းကြောင်း လွှဲမောင်းရမလား"

"မလိုပါဘူး... ဒီမှာပဲ ခဏ စောင့်လိုက်ကြတာပေါ့။ သူတို့ ဖြတ်သွားပြီးမှ အိမ်ပြန်ရင်လည်း အချိန်မီပါသေးတယ်။ ဘာလဲ... မင်းက မိန်းမဆီကို အမြန်ပြန်ပြီး အဖော်ပြုချင်နေတာလား” ဖုန်းယွီက နောက်ပြောင်လိုက်သည်။

"Bossရယ်... ကျွန်တော့်ကို မစပါနဲ့ဦး။ လီလီမှာ ကိုယ်ဝန် ရှိနေပြီ၊ မနေ့ကမှ စစ်ဆေးတွေ့ရှိတာ။ နောက်နှစ်ရက်နေရင် သူမရဲ့မိဘတွေက လာပြီး ပြုစုပေးကြမှာဆိုတော့ အခုရက်ပိုင်းလေးမှာ ကျွန်တော် သူမဘက်မှာ ပိုပြီး ရှိနေပေးချင်လို့ပါ" မေကျိကောင်း က မျက်နှာလေး နီမြန်းလျက် ပြန်လည် ဖြေကြားလိုက်သည်။

"ဪ... မင်းတို့ လက်ထပ်တာ နောက်ဆုံး ခြောက်လပဲ ရှိသေးတယ်၊ ကိုယ်ဝန် ရသွားပြီပေါ့။ ဒါဟာ ဝမ်းသာစရာလား၊ ဒါမှမဟုတ် စိတ်ညစ်စရာလား” ဖုန်းယွီက တမင်တကာ ထပ်မံ စနောက်လိုက်သည်။ မင်္ဂလာဦး၏ လန်းဆန်းမှုတွေ မကုန်ဆုံးမီမှာပင် ဇနီးသည်က ကိုယ်ဝန်ရသွားပြီ ဖြစ်ရာ၊ ချစ်ဇနီးကို ထိတွေ့ခွင့် မရတော့မည့် အခြေအနေကို သူက ရည်ညွှန်းနေခြင်း ဖြစ်သည်။

"Boss... ကျွန်တော်တို့ နောက်မနေကြရအောင်၊ ဟုတ်ပြီလား"

"ဟားဟားဟား... ကောင်းပါပြီ။ ခဏနေ ငါ့ကို အိမ်အရောက် ပို့ပေးပြီးရင်၊ မင်းကို တစ်ပတ်ကြာ ခွင့်ပေးလိုက်မယ်။ အခုရက်ပိုင်း ရှောင်စူးကိုပဲ ကားမောင်းခိုင်းလိုက်မယ်၊ မင်းလည်း ယောက္ခမတွေ ရှေ့မှာ အမှတ်ရအောင် ကောင်းကောင်း ပြုစုပေးလိုက်ပေါ့"

"ကျေးဇူးတင်ပါတယ် Boss" မေကျိကောင်း တစ်ယောက် ပါးစပ်အရွက် နားရွက်တက်ချိတ်မတတ် ပြုံးသွားတော့သည်။

ပုံမှန်အားဖြင့် သူ၏ အလုပ်မှာ များစွာ မရှိလှပါချေ။ ပေကျင်းတွင်သာ ဖုန်းယွီအတွက် ကားမောင်းပေးရခြင်း ဖြစ်သည်။ ဖုန်းယွီသည် ပေကျင်းတွင် အမြဲရှိနေသူ မဟုတ်သဖြင့်၊ သူသည် လုပ်ဖော်ကိုင်ဖက်များထဲတွင် အားလပ်ဆုံးသူတစ်ဦး ဖြစ်သည်။ ထို့အပြင် ဖုန်းယွီသည် အခြားသော Bossများကဲ့သို့ ညဘက်တွင် ဖျော်ဖြေရေး အစီအစဉ်များစွာ ရှိသူ မဟုတ်ပါချေ။ ည ၁၁ နာရီကျော်သည်အထိ အပြင်မှာ နေလေ့မရှိသဖြင့်၊ သူသည် ပင်ပန်းနွမ်းနယ်မှုကို တစ်ခါမျှ မခံစားခဲ့ရပါချေ။

ဖုန်းယွီနောက်သို့ လိုက်ပါခဲ့သည့်အတွက် သူ၏ ဘဝအပေါ် အလွန်အမင်း ကျေနပ်နေမိသည်။ ထို့ပြင် အရင်က ရဲဘော်ဟောင်းများ ဖြစ်ကြသည့် သူများမှာလည်း အချို့မှာ လုပ်ငန်းရှင်ကြီးများ၏ ဘေးတွင် ရှိနေကြသလို၊ အချို့မှာလည်း အိမ်ရာစီမံကိန်းများတွင် လုံခြုံရေး မန်နေဂျာများ လုပ်ကိုင်နေကြရာ၊ လူတိုင်း၏ဘဝများ တိုးတက်လာခဲ့ခြင်းအတွက် သူတို့အားလုံးသည် ဖုန်းယွီအပေါ် အတိုင်းအထက်အလွန် ကျေးဇူးတင်နေကြသည်။

"မစ္စတာဝေ... ခင်ဗျားကို တွေ့ရတာ ဝမ်းသာပါတယ်"

ဒု-ဝန်ကြီးချုပ်ဝေသည် ဘီလ်ဂိတ်နှင့် လက်ဆွဲနှုတ်ဆက်ကာ သူ့အား ကားပေါ်သို့ တက်ရန် ဖိတ်ခေါ်လိုက်သည်။

"ခင်ဗျားတို့ တရုတ်လူမျိုးတွေဟာ တကယ်ကို ဖော်ရွေကြတာပဲ။ ဒီလောက် လူအမြောက်အမြားက ကျွန်တော့်ကို ကြိုဆိုနေကြတာ။ ပြီးတော့ ခင်ဗျားတို့ရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ထူးထူးခြားခြား ကောင်းမွန်လှပါလား"

ဝေဥက္ကဋ္ဌ ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားခဲ့သော်လည်း၊ ဘာမှ မပြောဘဲ ပြုံးလျက်သာ နေလိုက်သည်။ ထိုကြိုဆိုရေး ဆိုင်းဘုတ်များကို အစိုးရက ချိတ်ဆွဲထားခြင်း ဖြစ်သလို၊ ကြိုဆိုနေသော လူအုပ်ကြီးမှာလည်း အစိုးရက စီစဉ်ထားခြင်းသာ ဖြစ်သည်။ လမ်းများ ရှင်းလင်းနေခြင်းမှာလည်း အစိုးရ၏ အစီအစဉ်ကြောင့်သာ ဖြစ်သည် မဟုတ်ပါလား။

ဘီလ်ဂိတ်က စိတ်ထဲရှိသည့်အတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်စေကာမူ၊ ဝေဥက္ကဋ္ဌ၏ နားထဲတွင်မူ ဤသည်မှာ ရဲ့သဲ့သဲ့နိုင်လှသော သရော်စာကဲ့သို့ ခံစားနေရသည်။ သူသည် စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်မှာ နောင်တွင် အောက်ခြေ အဆင့်ဆင့်သို့ မှာကြားကာ၊ ဤကဲ့သို့သော လမ်းဘေးတန်းစီ ကြိုဆိုသည့် အခမ်းအနားများ၊ ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်းနှင့် ဟန်ပြများကို လုံးဝ မလုပ်ဆောင်ရန်ပင် ဖြစ်သည်။

"မစ္စတာဝေ... တကယ်တော့ အလုပ်ကိစ္စတွေကြောင့် ကြန့်ကြာမနေဘူးဆိုရင်၊ ကျွန်တော် မနှစ်ကတည်းက လာသင့်တာပါ။ တရုတ်ပြည်ဟာ ကျွန်တော် အလွန် သဘောကျတဲ့ နိုင်ငံတစ်ခု ဖြစ်သလို၊ တရုတ်ပြည်ရဲ့ စီးပွားရေး တည်ဆောက်မှုအတွက် အခွန်အခတွေနဲ့ ပါဝင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်"

အမေရိကန်၏ အခွန်စနစ်နှင့် နှိုင်းယှဉ်ပါက တရုတ်ပြည်၏ အခွန်မှာ များစွာ မရှိလှပါချေ။ အမေရိကန်၏ အခွန်စနစ်မှာ အလွန်ပင် ပြင်းထန်လှပြီး၊ ပြည်နယ်အခွန်၊ နိုင်ငံတော်အခွန်တို့မှာ တရုတ်ပြည်ထက် များစွာမြင့်မားလှသည်။ သူသည် သူ၏ ပိုင်ဆိုင်မှုများကို သူနှင့် သူ၏ ဇနီးတို့ တည်ထောင်ထားသော Charitable Foundationသို့ လှူဒါန်းရန် စီစဉ်နေသည်။ ဤသို့ဖြင့် အခွန်များစွာ သက်သာစေမည့်အပြင်၊ နောင်တွင် သူ၏ သားဖြစ်သူက ပိုင်ဆိုင်မှုများကို ဆက်ခံသည့်အခါ အဆမတန် များပြားလှသော အမွေခွန်များကိုလည်း သက်သာစေမည် ဖြစ်သည်။

အကယ်၍ သူ၏ သားတွင် သုံးစွဲရန် ငွေမလုံလောက်ပါက မည်သို့ လုပ်မည်နည်း။ ၎င်းမှာ အလွန်ပင် ရိုးရှင်းလှသည်။ သူ၏ သား အသက် ၁၈ နှစ် ပြည့်သည့် အခါမှစ၍၊ တရားဝင် နည်းလမ်းများဖြင့် ပိုင်ဆိုင်မှုများကို သားဖြစ်သူ၏ အမည်ပေါက်သို့ အဆင့်ဆင့် လွှဲပြောင်းပေးရုံသာ ရှိတော့သည်။ ဥပမာ ကုမ္ပဏီတစ်ခု တည်ထောင်ကာ သားဖြစ်သူနှင့် စီးပွားရေး လုပ်ဆောင်ခြင်း စသည်ဖြင့် နည်းလမ်းပေါင်းစုံ ရှိလှပေသည်။

သူ အမှန်တကယ် အိုမင်းသွားသည့် အခါတွင်၊ သူ၏ သားသည် အနည်းဆုံးအားဖြင့် ဒေါ်လာ သန်းသောင်းချီ ချမ်းသာသော သူဌေးကြီး ဖြစ်နေပေလိမ့်မည်။ ထို့အပြင် သူ၏ ပရဟိတ ဖောင်ဒေးရှင်း၏ အာဏာကိုလည်း ဆက်ခံနိုင်မည် ဖြစ်ရာ၊ သူ၏ မိသားစု သြဇာအာဏာမှာလည်း ချောမွေ့စွာ ဆက်လက် တည်မြဲနေမည် မဟုတ်ပါလား။

ဝေဥက္ကဋ္ဌက ပြုံးလျက် ဆိုလိုက်သည်။ "မစ္စတာဂိတ်ရဲ့ တရုတ်ပြည်အပေါ် ထည့်ဝင်မှုတွေအတွက် ကျေးဇူးတင်ပါတယ်"

သို့သော် သူ၏ စိတ်ထဲတွင်မူ "ဟင်း... ဟင်း...”သာ ရေရွတ်နေမိသည်။ စီးပွားရေး တည်ဆောက်မှုအတွက် အခွန်တွေနဲ့ ပါဝင်ပေးတယ် ဟုတ်လား။ စကားလုံးတွေကတော့ လှပလှချည်လား။ အဲဒီ အခွန်တွေ ဆိုတာကလည်း ငါတို့ တရုတ်ပြည်သူတွေဆီကနေ မင်း ရှာဖွေသွားတဲ့ ငွေတွေထဲက အစိတ်အပိုင်း အနည်းငယ်လေးပဲ မဟုတ်လား။

ဖုန်းယွီပြောသကဲ့သို့ပင် အကယ်၍ ငွေမရဘူးဆိုရင်၊ အမြတ်အစွန်းကြီးကြီးမားမား မရဘူးဆိုရင် မင်း လာပါ့မလား။

အခွန်ပေးဆောင်ခြင်းသည် နိုင်ငံတိုင်းတွင် ရှိနေသော တာဝန်ဝတ္တရား တစ်ခုသာ ဖြစ်သည်။ ခင်ဗျားတို့ အမေရိကန်မှာကော အခွန်မဆောင်ရဘူးလား။ ခင်ဗျား ပြောနေပုံက တကယ့်ကို ကြီးမားတဲ့ အနစ်နာခံမှုကြီး တစ်ခုလို ဖြစ်နေပြီဟု ဝေဥက္ကဋ္ဌ က စိတ်ထဲမှ တွေးတောနေမိသည်။

ဘီလ်ဂိတ်သည် ဝေဥက္ကဋ္ဌ၏ ဟန်ပြစကားများကို သတိမပြုမိပါချေ။ ရှေ့ခန်းတွင် ထိုင်နေသော ဘာသာပြန်သူမှာလည်း ဘေးစောင်းထိုင်ကာ ၎င်းတို့အတွက် ဘာသာပြန်ပေးနေရသဖြင့် စကားပြောရန် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် ရောက်ရှိသည့်တိုင်အောင် သူတို့အကြား စကားများစွာ ထပ်မံ မပြောဖြစ်ခဲ့ကြပါချေ။

"မစ္စတာ ဂိတ်... ယခုတစ်ကြိမ် တရုတ်ပြည်ကို လာတာဟာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံဖို့လို့ ပြောခဲ့တယ်နော်။ ဘယ်လို စီမံကိန်းမျိုးမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးထားပါသလဲ” ဝေဥက္ကဋ္ဌက မေးမြန်းလိုက်သည်။

အကယ်၍သာ ဘီလ်ဂိတ် က ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံမည်ဟု မပြောခဲ့ပါက၊ သူကိုယ်တိုင် ထွက်၍ တွေ့ဆုံနေမည် မဟုတ်ပါချေ။ ၎င်းတို့ မျှော်လင့်သည်မှာ ဘီလ်ဂိတ်၏ ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် အခြားသော စီးပွားရေးသမားများကိုပါ တရုတ်ပြည်သို့ ဆွဲဆောင်နိုင်ရန်နှင့်၊ တရုတ်ပြည်၏ စီးပွားရေးကို ပိုမို လျင်မြန်စွာ တိုးတက်စေရန်ပင် ဖြစ်သည်။

အမေရိကန်၏ စီးပွားရေး အလျင်အမြန် တိုးတက်ခဲ့စဉ်ကလည်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ဝင်ရောက်ခဲ့ခြင်းကြောင့် မဟုတ်ပါလား။

"ကျွန်တော်တို့ မိုက်ခရိုဆော့ဖ်ဟာ ကမ္ဘာ့ဆော့ဖ်ဝဲလ်လောကရဲ့ ခေါင်းဆောင် ဖြစ်တာနဲ့အညီ၊ သေချာပေါက် ဆော့ဖ်ဝဲလ်ပိုင်းမှာပဲ ရင်းနှီးမြှုပ်နှံသွားမှာပါ။ ကျွန်တော်တို့မှာ တရုတ်ပြည်တွင်း ဌာနခွဲတွေ ရှိပြီးသား ဖြစ်ပေမဲ့၊ အခု လုပ်ငန်းကို ထပ်မံ ချဲ့ထွင်ဖို့အတွက် နည်းလမ်း နှစ်မျိုး စဉ်းစားထားပါတယ်။ တစ်ခုကတော့... အချို့သော လုပ်ငန်းတွေကို ဝယ်ယူ သိမ်းပိုက်ခြင်းဖြစ်ပြီး၊ နောက်တစ်ခုကတော့... အချို့သော လုပ်ငန်းတွေမှာ ရှယ်ယာ ပါဝင် ရင်းနှီးမြှုပ်နှံခြင်းပါပဲ။ ဘယ်နည်းလမ်းပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမယ့် ပမာဏဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ (သန်းတစ်ထောင်) ထက် မနည်းစေရပါဘူး!"

အကယ်၍သာ ဖုန်းယွီ၏ ကြိုတင် သတိပေးချက်များ မရှိခဲ့ပါက၊ ဝေဥက္ကဋ္ဌ အနေဖြင့် ဤသတင်းအတွက် အလွန်ပင် ဝမ်းသာနေမိပေလိမ့်မည်။ ဒေါ်လာ သန်းတစ်ထောင် ဆိုသည်မှာ အလွန်ပင် ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှုကြီး မဟုတ်ပါလား။

သို့သော်လည်း ဖုန်းယွီက သူ့အား သတိပေးထားခဲ့သည်မှာ ဘီလ်ဂိတ်သည် တရုတ်ပြည်၏ ဆော့ဖ်ဝဲလ် ဈေးကွက်ကို ဝါးမြိုရန် ကြံစည်နေခြင်း ဖြစ်သလို၊ တရုတ်ပြည်၏ ဆော့ဖ်ဝဲလ် နည်းပညာ တိုးတက်မှုကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းပင်။ ထင်ရှားသည်မှာ ဖုန်းယွီပြောဆိုချက်များမှာ မှန်ကန်နေခဲ့ပြီ ဖြစ်သည်။ ဘီလ်ဂိတ်သည် တကယ်ပင် ထိုသို့ ကြံစည်နေခဲ့ခြင်းပင် ဖြစ်တော့သည်။

"မစ္စတာဂိတ်အနေနဲ့ သဘောကျနေတဲ့ လုပ်ငန်းများ ရှိလား” ဝေဥက္ကဋ္ဌက တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

"ကျွန်တော်တို့ အစောပိုင်းကတည်းက လုပ်ငန်းအချို့ကို စူးစမ်းခဲ့ပါတယ်။ အချို့သော အင်တာနက် ကုမ္ပဏီတွေ၊ ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေပေါ့။ ဥပမာ Baidu၊ Tencent၊ Sohu၊ Kingsoft နဲ့ Jiangxing စတဲ့ ကုမ္ပဏီတွေကို ဝယ်ယူဖို့ ဒါမှမဟုတ် ပူးပေါင်းဖို့ စီစဉ်နေပါတယ်။ ကမ်းလှမ်းမယ့် ဈေးနှုန်းကတော့ ဈေးကွက်ပေါက်ဈေးထက် သေချာပေါက် ပိုပေးမှာပါ"

ဝေဥက္ကဋ္ဌ နားထောင်ရင်း စဉ်းစားနေမိသည်မှာ ဘီလ်ဂိတ် တင်ပြလာသော ကုမ္ပဏီများမှာ ဖုန်းယွီပြောခဲ့သည့်အတိုင်း တရုတ်ပြည် IT လောက၏ ထိပ်သီး ဦးဆောင် ကုမ္ပဏီများသာ ဖြစ်နေခဲ့သည်။

တရုတ်ပြည်သည် 'ငါးနှစ် စီမံကိန်း'တွင် IT ကဏ္ဍကို အဓိက အရေးကြီးဆုံး လုပ်ငန်းအဖြစ် သတ်မှတ်ထားပြီး၊ မူဝါဒပိုင်းအရလည်း အပြည့်အဝ ပံ့ပိုးပေးနေချိန် ဖြစ်သည်။ အနောက်တိုင်း ဓနရှင်များမှာမူ ထိုအချက်ကို မျက်စိကျနေကြပြီး၊ ၎င်းတို့ကို ဝါးမြိုခြင်းအားဖြင့် သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးရန် ကြံစည်နေကြခြင်း ဖြစ်သည်။

ဒီ လူရိုင်းတွေရဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ရက်စက်လှချည်လား ဟု သူ စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။

"မစ္စတာဂိတ် ပြောတဲ့ ကုမ္ပဏီတွေဟာ ပုဂ္ဂလိက လုပ်ငန်းတွေ ဒါမှမဟုတ် ဖက်စပ် လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကြားခံအဖြစ် မိတ်ဆက်ပေးလို့ ရပေမဲ့၊ ဆွေးနွေးမှုတွေ အောင်မြင်၊ မအောင်မြင်ကတော့ ကျွန်တော် ဝင်ရောက် စွက်ဖက်ဖို့ မသင့်တော်ပါဘူး"

"မစ္စတာဝေ... ကျွန်တော်တို့ စုံစမ်းသိရှိရသလောက်တော့ Kingsoft မှာ တရုတ်အစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်နေတယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ မိုက်ခရိုဆော့ဖ်က ဒေါ်လာ တစ်ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး၊ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရယူခွင့် ပေးရင် မကောင်းဘူးလား။ ဒါဟာ ဈေးကွက်ပေါက်ဈေးထက် အများကြီး ပိုပေးထားတာပါ။ ထို့အပြင် ကျွန်တော်တို့ဟာ တရုတ်ပြည်အတွက် IT ပညာရှင် အမြောက်အမြားကိုပါ မွေးထုတ်ပေးနိုင်ပါသေးတယ်။ မိုက်ခရိုဆော့ဖ်က ထွက်လာတဲ့ အင်ဂျင်နီယာတွေဟာ ကမ္ဘာ့ထိပ်တန်း အဆင့်တွေပဲလေ"

ဝေဥက္ကဋ္ဌသည် စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်မိသည်။ ဖုန်းယွီခန့်မှန်းတာ လုံးဝ မမှားပါချေ။ ဘီလ်ဂိတ် အလိုချင်ဆုံးမှာ Kingsoft ဖြစ်နေခဲ့ပြီ။ ဒေါ်လာ သန်းတစ်ထောင်တည်းနဲ့တင် အုပ်ချုပ်ပိုင်ခွင့်ကို ရယူချင်နေတာလား။ ဖုန်းယွီက သူ့ကို ပြောပြထားသည်မှာ Kingsoft သာ စတော့ဈေးကွက် တက်သွားမည်ဆိုပါက၊ ငါးနှစ်မပြည့်မီမှာပင် ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၁၀၀ ဘီလီယံကျော်သွားမည် ဟူ၍ ဖြစ်သည်။

ထင်ရှားသည်မှာ... ဘီလ်ဂိတ်သည် တမင်တကာ လာပြီး အမြတ်ထုတ်ရန် ကြိုးစားနေခြင်းပင်။

ငါတို့ တရုတ်ပြည်ဟာ ခင်ဗျားတို့ အမေရိကန်တွေရဲ့ လှည့်ဖျားမှုအောက်မှာ အမြတ်ထုတ်ခံခဲ့ရတာတွေ မနည်းတော့ပါဘူး။ အဲဒါတွေက အတိတ်မှာပဲ ကျန်ခဲ့ပါပြီ။ အခု အချိန်မှာပါ ထပ်ပြီး အမြတ်ထုတ်ချင်နေသေးတယ် ဆိုရင်တော့... အိပ်မက်ပဲ မက်နေလိုက်ပါတော့!

"ဒီကိစ္စကိုတော့... မစ္စတာ ဂိတ် ကိုယ်တိုင်ပဲ သွားပြီး ဆွေးနွေးလိုက်ပါ။ အစိုးရ အနေနဲ့ကတော့ ကုမ္ပဏီတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဝင်ရောက် စွက်ဖက်လို့ မရပါဘူး။ ခင်ဗျားတို့ အမေရိကန်မှာလည်း ဒီအတိုင်းပဲ မဟုတ်လား”

အခန်း (၁၃၉၂) ဒီလောက်တောင် တိုက်ဆိုင်ရသလား။

ဘီလ်ဂိတ်သည် အခြေအနေ အရပ်ရပ်မှာ သူ မျှော်လင့်ထားသည့် လမ်းကြောင်းအတိုင်း ဦးတည်မနေသည်ကို သတိပြုမိလိုက်သည်။ တရုတ်ပြည်၏ အရာရှိကြီးများသည် ငွေသား အမြောက်အမြားကို မြင်သည်နှင့် မျက်စိမှိတ် လက်ခံတတ်ကြသည် သို့မဟုတ် စီးပွားရေးဆိုင်ရာ အောင်မြင်မှုများအတွက်ဆိုလျှင် အရာရာကို မေ့လျော့ကာ လိုလိုလားလား ရှိတတ်ကြသည်ဟု သူ ကြားဖူးထားသည် မဟုတ်ပါလား။

ရန်ပုံငွေ ဒေါ်လာ တစ်ဘီလီယံ (သန်းတစ်ထောင်) တောင်မှ တိုက်ရိုက် ထည့်ဝင်ပေးမည်ဖြစ်ပြီး၊ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကိုသာ တောင်းဆိုခြင်း ဖြစ်သည်။ လက်ရှိ Kingsoft၏ ဈေးကွက်တန်ဖိုးနှင့် နှိုင်းယှဉ်ပါက၊ သူသည် ဈေးကွက်ပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်း ပို၍ပေးထားခြင်းဖြစ်ရာ၊ ဤသည်ကိုပင် သူတို့ဘက်က မကျေနပ်နိုင်ကြသေးဘူးလား။

ထို့အပြင် ၎င်းတို့မှာ မိုက်ခရိုဆော့ဖ် ဖြစ်သည်။ မိုက်ခရိုဆော့ဖ်ထံမှ ရင်းနှီးမြှုပ်နှံမှု ရရှိရန်အတွက် ကုမ္ပဏီ အမြောက်အမြားမှာ တောင်းဆိုနေကြရသည် မဟုတ်ပါလား။ ဤကမ်းလှမ်းချက်ထဲတွင် မိုက်ခရိုဆော့ဖ် ဘက်က ပေးအပ်မည့် နည်းပညာဆိုင်ရာ အကူအညီများကိုပင် ထည့်သွင်း တွက်ချက်ထားခြင်း မရှိသေးပါချေ။

ကြည့်ရသည်မှာ သူပေးသော ဈေးနှုန်းက တစ်ဖက်လူကို မကျေနပ်စေနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ တရုတ်လူမျိုးများ၏ လောဘဇောမှာ ဤမျှအထိ ကြီးမားနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပါချေ။

သူသည် စတိဗ် ဘောလ်မာအား ဖုန်းယွီထံ ကြိုတင်၍ ဖုန်းဆက်ခိုင်းခဲ့ခြင်းမှာလည်း၊ ဈေးနှုန်းကို အလွန်အမင်း မမြှင့်တင်ချင်သောကြောင့် ဖြစ်သည်။ အကယ်၍ ဖုန်းယွီမှတစ်ဆင့် Kingsoft နှင့် ပူးပေါင်းဆောင်ရွက်မှုကို ညှိနှိုင်းနိုင်မည်ဆိုပါက၊ ငွေကုန်ကြေးကျ များစွာ သက်သာစေမည့်အပြင်၊ ဖုန်းယွီတစ်ယောက် စိတ်လိုက်မာန်ပါဖြင့် မိုက်ခရိုဆော့ဖ်အား အသေအလဲ တန်ပြန် တိုက်ခိုက်လာမည့် ဘေးကိုလည်း ရှောင်ရှားနိုင်မည် မဟုတ်ပါလား။

သို့သော်လည်း နောက်ဆုံးတွင် ဒု-ဝန်ကြီးချုပ်ဝေက သူ၏ အတွင်းရေးမှူးဖြစ်သူ ဦးစီးမှူးရွှီအား ဘီလ်ဂိတ် နှင့်အတူ လိုက်ပါသွားရန် ခွင့်ပြုခဲ့သည်။

ဘီလ်ဂိတ်သည် ဤအချက်အပေါ်တွင်တော့ အတော်လေး ကျေနပ်နေမိသည်။ တရုတ်ပြည်ရှိ အရာရှိကြီးများမှာ အလွန်ပင် သြဇာညောင်းသည်ဟု သူ ကြားဖူးထားရာ၊ ဤကဲ့သို့သော ပုဂ္ဂိုလ်၏ အတွင်းရေးမှူးသာ ရှေ့က ထွက်လာပေးမည်ဆိုလျှင်၊ တစ်ဖက်ကုမ္ပဏီက အလွယ်တကူပင် အလျှော့ပေးလိမ့်မည်ဟု သူ ယူဆထားခြင်းပင်။

သို့သော်လည်း သူ သတိမပြုမိလိုက်သော အချက်မှာ ဤသည်မှာ ဒု-ဝန်ကြီးချုပ်ဝေအနေဖြင့် သူ့အား ဆက်လက် ဆွေးနွေးလိုသောဆန္ဒ မရှိတော့သဖြင့် လွှတ်လိုက်ခြင်းသာ ဖြစ်သည်ဟူ၍ ဖြစ်သည်။

"ချိုး...လီ... ကျွန်တော်တို့ မိုက်ခရိုဆော့ဖ်က ရှယ်ယာဝင်ပြီးတဲ့နောက်မှာ၊ ခင်ဗျားတို့ရဲ့လစာတွေကို သိသိသာသာ တိုးမြှင့်ပေးမှာပါ။ ငွေသားတင်မကဘူး၊ စတော့ရှယ်ယာ ဆုလာဘ် ပေးအပ်သွားမှာပါ" ဘီလ်ဂိတ် က သူ၏ ဆွဲဆောင်မှုရှိသော ကမ်းလှမ်းချက်ကို ထုတ်ပြလိုက်သည်။

ဤပုဂ္ဂိုလ် နှစ်ဦးမှာ Kingsoft ၏ မူလတည်ထောင်သူများ ဖြစ်ကြရာ၊ သူတို့သာ သဘောတူမည်ဆိုပါက ကိစ္စရပ်များမှာ များစွာ လွယ်ကူသွားပေလိမ့်မည်။ အကယ်၍ ဝယ်ယူမှု မအောင်မြင်ခဲ့လျှင်တောင်မှ၊ ဤလူတော် နှစ်ဦးကို မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲသို့ ဘက်ပြောင်း ခေါ်ယူနိုင်ခဲ့မည်ဆိုလျှင်၊ ၎င်းသည်ပင် အောင်မြင်မှု တစ်ဝက် ရရှိခြင်း ဖြစ်သည်။

ဤလူများ ဘက်ပြောင်းလာမည်ဆိုပါက ထိပ်တန်း ပညာရှင် အမြောက်အမြားမှာလည်း သူတို့နောက်သို့ ပါလာကြမည် မဟုတ်ပါလား။ ပြိုင်ဘက်ဘက်မှ အင်အား လျော့နည်းသွားပြီး မိမိဘက်တွင် အင်အား တိုးလာမည်ဖြစ်ရာ၊ မိုက်ခရိုဆော့ဖ် အနေဖြင့် တရုတ်ပြည်တွင် Kingsoft ကို ပြန်လည် ဖိနှိပ်ထားနိုင်မည်မှာ အသေအချာပင်။

ချိုးပါ့ကျွင်းနှင့် လီတာ့ကျွင်းတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြသည်။ မိုက်ခရိုဆော့ဖ်၏စီမံခန့်ခွဲမှုအဖွဲ့မှာ အလွန်ပင် ထူးချွန်ကြသည်ဟု ကျော်ကြားသော်လည်း၊ ဘီလ်ဂိတ်၏ကိုယ်ပိုင် စီမံခန့်ခွဲမှု စွမ်းရည်မှာမူ သာမန်မျှသာ ဖြစ်သည်ဟုဆိုကြသည်မှာ၊ ယခု ကြည့်ရသလောက်တော့ ထိုပြောဆိုချက်များမှာ ချဲ့ကားထားခြင်း မဟုတ်သည်ကို သူတို့ သိမြင်လိုက်ရသည်။

ကုမ္ပဏီကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ထူးခြားသော နည်းလမ်းကောင်းများကို ကိုယ်တိုင် စဉ်းစားနေရန် မလိုအပ်ပါချေ။ ထိုကိစ္စများကို လက်အောက်ခံများထံ ပုံအပ်ထားနိုင်ပြီး၊ သူတို့ တင်ပြလာသော နည်းလမ်းများထဲမှ တစ်ခုကို ရွေးချယ်ကာ အတည်ပြု ဆုံးဖြတ်ချက် ချပေးရုံသာ ရှိတော့သည်။

ထို့ကြောင့်ပင် လူအတော်များများက ဆိုကြသည်မှာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ၅၀၀ ထဲမှ အဆင့်မြင့် စီမံခန့်ခွဲသူများအတွက် အရေးအကြီးဆုံးမှာ "လူမှုဆက်ဆံရေး ကွန်ရက်"သာ ဖြစ်ပြီး၊ "အရည်အချင်း"မှာ ဒုတိယ ဖြစ်သည်ဟူ၍ပင်။ လက်အောက်တွင် ဧရာမ စီမံခန့်ခွဲမှု အဖွဲ့ကြီး ရှိနေသရွေ့ မူလတန်း ကျောင်းသားတစ်ယောက်ပင်လျှင် ထိုရာထူးကို ကောင်းစွာ ထမ်းဆောင်နိုင်သည် မဟုတ်ပါလား။

သေချာပေါက် အကယ်၍ ထိုအဆင့်မြင့် အရာရှိမှာ ထူးချွန်သော အရည်အချင်းရှိသူ ဖြစ်မည်ဆိုပါက ပို၍ပင်ကောင်းမွန်လှပေသည်။ ဥပမာ eBay၏ မစ္စစ် ဝှစ်မန်းကဲ့သို့သော အမျိုးသမီးမျိုး ဖြစ်သည်။ သူမကို ကုမ္ပဏီ အမြောက်အမြားကပင် အလုအယက် လိုချင်နေကြသည် မဟုတ်ပါလား။

လက်ရှိတွင် Kingsoft ဆော့ဖ်ဝဲလ် ကုမ္ပဏီ၌ ချိုးပါ့ကျွင်းသည် ဥက္ကဋ္ဌ ဖြစ်သလို၊ လီတာ့ကျွင်းသည် အထွေထွေ မန်နေဂျာ ဖြစ်သည်။ သို့သော် သူတို့ နှစ်ဦးစလုံးမှာ ရှယ်ယာ အနည်းငယ်သာ ပိုင်ဆိုင်သော ရှယ်ယာရှင်ငယ်များသာ ဖြစ်ကြသည်။ အပြောင်းအလဲအချို့ ပြုလုပ်ပြီးနောက် လက်ရှိ ရှယ်ယာ ပိုင်ဆိုင်မှု အချိုးအစားမှာ Lenovo အုပ်စု ၃၀%၊ Taihua Holdings ၃၅%၊ Polar Bear Holdings ၂၅%၊ ချိုးပါ့ကျွင်း ၃%၊ လီတာ့ကျွင်း: ၂%၊ အခြား ဝါရင့် ဝန်ထမ်းများနှင့် အရာရှိများ ၅% ခန့် ဖြစ်သည်။

ရှယ်ယာ ၃ ရာခိုင်နှုန်းသာ ပိုင်ဆိုင်သူကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး၊ ၂ ရာခိုင်နှုန်း ပိုင်ဆိုင်သူကို အထွေထွေ မန်နေဂျာအဖြစ် တာဝန်ပေးထားခြင်းမှာ၊ အဓိက ရှယ်ယာရှင်ကြီး သုံးဦးစလုံးက သူတို့အပေါ် မည်မျှအထိ ယုံကြည်မှု ရှိနေသည်ကို ပြသနေခြင်းပင်။ သေချာပေါက် ဤသည်မှာလည်း အစောပိုင်းက ဖုန်းယွီကမ်းလှမ်းခဲ့သော ကတိကဝတ်များ ဖြစ်သည်။

ဖုန်းယွီသည် သူ၏ ကတိကို တည်သူ ဖြစ်သဖြင့်၊ သူတို့သည် ကုမ္ပဏီ စီမံခန့်ခွဲမှုပိုင်းတွင် မည်သည့် အနှောင့်အယှက်မှ မခံစားခဲ့ရပါချေ။

သို့သော်လည်း အကယ်၍ မိုက်ခရိုဆော့ဖ်သာ ရှယ်ယာအများစုကို ထိန်းချုပ်လိုက်မည်ဆိုပါက၊ သူတို့သည် ဥက္ကဋ္ဌနှင့် မန်နေဂျာ ရာထူးများကို ဆက်လက် ထိန်းထားနိုင်ပါဦးမည်လား။ အများဆုံး အနေဖြင့် အမှုဆောင်ချုပ်နှင့် ဥက္ကဋ္ဌ ရာထူးများကို ခွဲထုတ်ကာ သူတို့ကို တစ်နေရာစီ ပေးထားစေဦးတော့၊ ကုမ္ပဏီ၏ အချုပ်အခြာ အာဏာမှာမူ မိုက်ခရိုဆော့ဖ်၏ လက်ထဲသို့ ရောက်ရှိသွားမည်မှာ အသေအချာပင်။ ထိုသို့ဆိုလျှင် သူတို့အနေဖြင့် ယခုကဲ့သို့ လွတ်လပ်စွာ ဆုံးဖြတ်ချက်များ ချနိုင်ပါတော့မည်လား။

ဘီလ်ဂိတ်က ၎င်းတို့အား လစာတိုးပေးမည်ဟု ဆိုသည်။ အကယ်၍ လစာတိုးခြင်း၏ အလဲအလှယ်မှာ ကုမ္ပဏီ အာဏာများကို လက်လွှတ်ရမည်ဆိုပါက သူတို့သည် လစာတိုးရန် မလိုအပ်ပါချေ။ ထပ်ပြောရရင်... သူတို့၏ လက်ရှိ ဝင်ငွေမှာလည်း နည်းပါးလှသည် မဟုတ်ပါချေ။ ထို့ပြင် နောက်နှစ်တွင် Kingsoft စတော့ဈေးကွက် တက်လှမ်းရန် စီစဉ်ထားရာ၊ ထိုအချိန်တွင် စတော့ဈေးနှုန်းများ တဟုန်ထိုး မြင့်တက်လာမည် ဖြစ်သဖြင့် သူတို့အတွက် ငွေကြေး ပြဿနာမှာ လုံးဝ မရှိပါချေ။

ထို့ကြောင့် ဘီလ်ဂိတ်အနေဖြင့် အလွန် ကောင်းမွန်လှသည်ဟု ယူဆထားသော အခြေအနေများမှာ သူတို့အဖို့တော့ မည်သည့် ဆွဲဆောင်မှုမျှ မရှိလှပါချေ။ ထို့ထက်ပိုသည်မှာ သူတို့ Kingsoft ကို တည်ထောင်ခဲ့ခြင်းမှာ တရုတ်ပြည်၏ ကိုယ်ပိုင် ဆော့ဖ်ဝဲလ် ကုမ္ပဏီတစ်ခုကို ဖန်တီးကာ ပြည်ပကုမ္ပဏီများကို အနိုင်ယူရန် ရည်ရွယ်ထားခြင်းကြောင့် မဟုတ်ပါလား။

ကီရီလန်ကို အစောပိုင်းက ရှယ်ယာဝင်ခဲ့ခြင်းမှာ သူသည် နည်းပညာ၊ ရန်ပုံငွေနှင့် ဈေးကွက်များကိုပါ သယ်ဆောင်လာပေးခဲ့သောကြောင့် ဖြစ်သလို၊ ကုမ္ပဏီ စီမံခန့်ခွဲမှုပိုင်းကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပါဟု ကတိပေးခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။

အချိန်အတော်ကြာသည့်တိုင်အောင် ကီရီလန်ကိုသည် သူ၏ ကတိကို တည်ခဲ့သည့်အပြင် ရုရှားဘက်မှ နည်းပညာရှင်များ၏ စွမ်းဆောင်ရည်မှာလည်း အမှန်တကယ်ပင် ကြီးမားလှသည်။ ၎င်းတို့သည် စနစ်ဖော်ဆောင်ရေး၊ ဗိုင်းရပ်စ်နှိမ်နင်းရေးနှင့် ဘာသာပြန် ဆော့ဖ်ဝဲလ်များ ဖော်ဆောင်ရေးတွင် ကြီးမားသော အထောက်အကူများ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။

သို့သော် ဘီလ်ဂိတ်မှာမူ လုံးဝကွဲပြားသည်။ သူသည် Kingsoftကို ဝါးမြိုပစ်ချင်နေခြင်း ဖြစ်သည်။ တရုတ်ပြည်၏ လုပ်ငန်းတစ်ခုကို အမေရိကန်၏ လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲပစ်မည့် ကိစ္စကို သူတို့ မည်သို့လျှင် သဘောတူနိုင်ပါမည်နည်း။

"မစ္စတာဂိတ်... ကျွန်တော်တို့ရဲ့ အဖြေကတော့ အရင်အတိုင်းပါပဲ။ အကယ်၍ မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲကို Kingsoft လက်အောက်ကို လွှဲပြောင်းပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ ဆွေးနွေးလို့ ရပါတယ်။ အဲဒီလို မဟုတ်ဘဲ တခြားသော နည်းလမ်းတွေဆိုရင်တော့... လုံးဝဆွေးနွေးမှာ မဟုတ်ပါဘူး" ချိုးပါ့ကျွင်းက တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်သည်။

ဘီလ်ဂိတ် တစ်ယောက် ဒေါသကြောင့် အသက်ရှူပင် မှားသွားခဲ့ရသည်။ သူက သူတို့ကို ဝယ်ယူရန် လာခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ သူတို့က သူ့ဌာနခွဲကို ပြန်ဝယ်ဖို့ ကြံစည်နေကြသည်တဲ့လား။ ငါတို့က မိုက်ခရိုဆော့ဖ်ကွ။ ငါတို့ကပဲ တခြားသူတွေကို ဝယ်ယူတာ ရှိခဲ့ဖူးပေမဲ့၊ ငါတို့ကို ပြန်ပြီး ဝယ်ယူမယ်လို့ ပြောတဲ့သူကိုတော့ တစ်ခါမှ မကြားဖူးသေးဘူး။

ဘီလ်ဂိတ်နှင့်အတူ လိုက်ပါလာသော မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲ ဥက္ကဋ္ဌက ကြားဝင်ပြောဆိုလိုက်သည်။ "မစ္စတာချိုး... မစ္စတာလီ... ကျွန်တော်တို့ ဥက္ကဋ္ဌကြီး အခုတစ်ကြိမ် လာရောက်တာဟာ ခင်ဗျားတို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံခြင်းကို ခံထားရသူ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက Kingsoft မှာ ရှယ်ယာဝင်မယ့် ကိစ္စကိုလည်း တရုတ်အစိုးရဘက်က ထောက်ခံမှု ပေးထားတာပါ။ အဲဒါကြောင့်လည်း ဦးစီးမှူးရွှီက ကျွန်တော်တို့နဲ့အတူ ဒီကို လိုက်လာတာ မဟုတ်လား"

ထိုအခါမှ ဒု-ဝန်ကြီးချုပ်၏ အတွင်းရေးမှူး ဦးစီးမှူးရွှီက စကားစလိုက်သည်။ "ကျွန်တော်ကတော့... မစ္စတာဂိတ်ကို ဒီနေရာအထိ မိတ်ဆက်ပေးဖို့ လမ်းပြအဖြစ် လိုက်ပါလာတာပဲ ဖြစ်ပါတယ်။ တခြား ဘာမှမရှိရင်တော့ ကျွန်တော် ပြန်ပါတော့မယ်။ နိုင်ငံတော်အနေနဲ့ ကုမ္ပဏီတွေကြားက ပုံမှန် စီးပွားရေး လုပ်ဆောင်ချက်တွေမှာ ဝင်ရောက် စွက်ဖက်မှာ မဟုတ်ပါဘူး"

မင်းက တရုတ်လူမျိုး ဖြစ်ပြီးတော့ အမေရိကန် နိုင်ငံသား ခံယူလိုက်ရုံတင် မကဘူး၊ ပါးစပ်ကနေလည်း 'ခင်ဗျားတို့နိုင်ငံ'လို့ တစ်ခွန်းမကျန် ပြောနေတာလား။ အများအမြင် မကောင်းမှာ စိုးလို့သာပေါ့... မဟုတ်ရင်တော့ မင်းရဲ့ကျောရိုးကို လက်ညှိုးနဲ့ ထိုးပြီး မင်းကို ဘယ်နေရာကနေ မွေးထုတ်ခဲ့တာလဲလို့ ငါ မေးလိုက်မိမှာ သေချာတယ်” ဦးစီးမှူးရွှီက တွေးမိကာ စိတ်ထဲမှ တင်းကနဲ ဖြစ်သွားမိသည်။

မူလက ချိုးပါ့ကျွင်းတို့သည် နိုင်ငံတော်က ဖိအားပေးလာမည်ကို စိုးရိမ်နေခဲ့ကြသော်လည်း၊ ယခု ကြည့်ရသလောက်တော့ ထိုသို့ မဟုတ်သည်မှာ ထင်ရှားလှပေသည်။ တစ်ဖက်လူမှာ ခြင်္သေ့ရေခြုံထားသော မြေခွေးသာ ဖြစ်နေသည် မဟုတ်ပါလား။

သူတို့သည် ဘီလ်ဂိတ်အား ပြုံးစိစိဖြင့် ကြည့်လိုက်ကြရာ၊ ဘီလ်ဂိတ် တစ်ယောက် များစွာ အရှက်ရသွားခဲ့ရသည်။ ဒီငတုံးကတော့ (မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲ ဥက္ကဋ္ဌကို ဆိုလိုခြင်း ဖြစ်သည်) တရုတ် အရာရှိတွေက ငါတို့ကို သေချာပေါက် ကူညီမှာပါလို့ ပြောခဲ့ပြီးမှ၊ အခုတော့ ဘာတွေ ဖြစ်ကုန်တာလဲ။

ဘီလ်ဂိတ်သည် သူ၏ကျော်ကြားမှုကို အသုံးချကာ၊ ဤခရီးစဉ်မှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်မည်ဟု ယူဆထားခဲ့သည်။ ဥရောပ နိုင်ငံအတော်များများတွင် သူ ဤသို့ပင် လုပ်ဆောင်ခဲ့ဖူးသည် မဟုတ်ပါလား။

တစ်ဖက်လူက သူ ဘီလ်ဂိတ်ဖြစ်ကြောင်း သိလိုက်သည်နှင့် မည်သူကများ ဝမ်းသာအားရ မဖြစ်ဘဲ နေပါမည်နည်း။ သို့သော် တရုတ်ပြည်သို့ ရောက်သည့်အခါတွင်မူ လူတိုင်းက သူ့အပေါ်တွင် အများကြီးအလေးမထားဘဲ အေးစက်စက်သာ ဆက်ဆံနေကြသည် မဟုတ်ပါလား။ တရုတ်ပြည်က ရင်းနှီးမြှုပ်နှံမှုတွေကို အရမ်းလိုလားနေတာ မဟုတ်ဘူးလား။ တရုတ်အရာရှိတွေက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နိုင်တဲ့ အောင်မြင်မှုကို အရမ်းသဘောကျကြတယ်ဆိုတာ မဟုတ်ဘူးလား။

ထိုအချိန်မှာပင် ဘီလ်ဂိတ် အမြင်ချင်ဆုံး မဟုတ်သော ပုဂ္ဂိုလ်တစ်ဦးသည် အခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်။

"ဟိုး... ဘီလ်၊ ဒီလောက်တောင် တိုက်ဆိုင်ရသလား"

ဖုန်းယွီ၏မျက်နှာထက်တွင် ရိပ်ဖမ်းသံဖမ်း အပြုံးတစ်ခု ရှိနေခဲ့ပြီး အနည်းငယ် ပင့်တက်နေသော မျက်ခုံးများမှာလည်း ပြောင်လှောင်နေသည့်နှယ် ရှိနေခဲ့သည်။

ဖုန်းယွီသည် သူ၏ ရင်းနှီးမြှုပ်နှံမှု ကျရှုံးနေသည်ကို သိရှိထားသဖြင့် သူ၏အရှက်ရမှုကို လာရောက် ကြည့်ရှုခြင်း ဖြစ်ရမည်ဟု ဘီလ်ဂိတ် ကောက်ချက်ချလိုက်သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ သေချာပေါက် အောင်မြင်အောင် လုပ်ပြရပေမည်။

"ဖုန်း... ဒါဟာ တိုက်ဆိုင်တာ မဟုတ်ပါဘူး၊ ငါ တမင်တကာ လာခဲ့တာပါ။ Kingsoftရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ငါ လိုချင်တယ်။ မင်း ဈေးနှုန်း တစ်ခု ပြောလိုက်ပါ၊ ဒါကို မင်း လုပ်ပေးနိုင်တယ်ဆိုတာ ငါ သိတယ်"

ဖုန်းယွီက အံ့သြသွားဟန်ဖြင့် မျက်နှာပေးလိုက်ကာ ပြန်လည် ချေပလိုက်လေတော့သည်။ "အာ... ခင်ဗျားက Kingsoftရဲ့ ရှယ်ယာတွေကို ဝယ်ချင်တာလား။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... ကျွန်တော်ကလည်း ခင်ဗျားတို့ရဲ့ မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲကို ရောင်းမလားလို့ မေးမလို့။ ကျွန်တော်ကတော့ ရှယ်ယာ ရာခိုင်နှုန်းလောက်ကို စိတ်မဝင်စားပါဘူး၊ အကုန်လုံးကိုပဲ အပိုင် ဝယ်ယူချင်တာပါ။ ခင်ဗျားပဲ ဈေးနှုန်း တစ်ခု ပြောလိုက်ပါလေ"

အခန်း (၁၃၉၃) အရူးအမူး နယ်မြေချဲ့ထွင်ခြင်း

ဘီလ်ဂိတ်တရုတ်ပြည်မှ ပြန်လည်ထွက်ခွာသွားချိန်တွင် သူ၏မျက်နှာထက်၌ အလွန်ပင် မှိုင်တွေညှိုးငယ်သော အရိပ်အယောင်များ ဖုံးလွှမ်းနေခဲ့သည်။ သူကဲ့သို့ မာန်မာန အလွန်ကြီးမားသော ပုဂ္ဂိုလ်တစ်ဦးအဖို့ ယခုကဲ့သို့သော ကျရှုံးမှုမျိုးသည် ရင်ထဲတွင် မခံမရပ်နိုင်အောင် နာကျင်ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။

သူ၏ အရင်ဘဝတုန်းက မိုက်ခရိုဆော့ဖ်၏ ဂိမ်းစက်စီမံကိန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် အရှုံးပေါ်နေခဲ့စေဦးတော့၊ ဘီလ်ဂိတ်သည် လုံးဝအလျှော့မပေးဘဲ ဆက်လက်တောင့်ခံခိုင်းခဲ့ဖူးသည်။ ၎င်းမှာ မိုက်ခရိုဆော့ဖ်၏သမိုင်းတွင် ကျရှုံးသော စီမံကိန်းဟူ၍ တစ်ခုမျှ မရှိစေရဟူသော သူ၏တင်းကျပ်သည့် မူဝါဒကြောင့် ဖြစ်သလို၊ မည်သည့် စီမံကိန်းကိုမျှ အလွယ်တကူ စွန့်လွှတ်ရန် သူ ခွင့်မပြုသောကြောင့်လည်း ဖြစ်သည်။

ဘီလ်ဂိတ် အနေဖြင့် Kingsoftအား မည်သို့ ပြင်းထန်သော တုံ့ပြန်မှု ပေးရမည်ကို ကြံစည်နေစဉ်မှာပင် Taihua Holdings Groupက အရင်က ချုပ်ဆိုထားသော စာချုပ်ပါ အပိုဒ်တစ်ခုကို အသက်သွင်းလိုက်ကြောင်း သိလိုက်ရသည်။ ၎င်းမှာ ဈေးကွက်ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်း ပိုပေးကာ Aihua Little Tyrant ကုမ္ပဏီအတွင်းရှိ မိုက်ခရိုဆော့ဖ်၏ ရှယ်ယာများကို အတင်းအကျပ် ပြန်လည်ဝယ်ယူခြင်းပင် ဖြစ်သည်။

ဈေးကွက်ပေါက်ဈေးထက် ၅၀ ရာခိုင်နှုန်း ပိုရခြင်းမှာ အလွန်ပင် မြင့်မားသော ဈေးနှုန်းဖြစ်သဖြင့် မိုက်ခရိုဆော့ဖ်အနေဖြင့် ငွေကြေးအရ လုံးဝမနစ်နာပါချေ။ သို့သော်လည်း ဤလုပ်ရပ်သည် မိုက်ခရိုဆော့ဖ်၏ပါးကို လူသိရှင်ကြား ရိုက်လိုက်သကဲ့သို့ပင်။ မိုက်ခရိုဆော့ဖ်၏ လုပ်ငန်းတစ်ခုကို အခြားသူက အတင်းအကျပ် ဝယ်ယူသွားသည်ဟူသော သမိုင်းကြောင်းမျိုး မည်သည့်အခါက ရှိခဲ့ဖူးပါသနည်း။

ထိုနေ့မှာပင် မိုက်ခရိုဆော့ဖ် ဌာနချုပ်သို့ ပြန်လည်ရောက်ရှိသွားသော ဘီလ်ဂိတ်သည် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့ပြီး၊ ဖုန်းယွီအား သင်ခန်းစာ ကောင်းကောင်းပေးမည်ဖြစ်သလို၊ Kingsoft ကိုလည်း နာကျည်းဖွယ်ရာ အတွေ့အကြုံများ ပေးအပ်စေရမည်ဟု ကြွေးကြော်လိုက်လေတော့သည်။

ဖုန်းယွီသည် ခါမီဒါ မာဆာအို နှင့်အတူ G-BOX ဂိမ်းစက်များကို ဂျပန်နိုင်ငံ၏ ဧရာမ ဂိမ်းဈေးကွက်ထဲသို့ ထိုးဖောက်ရန် ဆွေးနွေးနေစဉ်မှာပင်၊ လျူချွမ်းကျစ်ထံမှ ဖုန်းဝင်လာခဲ့သည်။

"လျူအစ်ကို... ခင်ဗျားကို ဒီလောက်အထိ အလောတကြီး ဖြစ်စေတဲ့ ကိစ္စက ဘာလဲ။ ယင်ရှန်း ရဲ့ ဆော့ဖ်ဝဲလ်တွေ ပြဿနာ တက်လို့လား"

"အဲဒါ မဟုတ်ဘူး။ မိုက်ခရိုဆော့ဖ် ပဲ... မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲက ဒီနေ့ပဲ ရုတ်တရက် ဆော့ဖ်ဝဲလ်ကုမ္ပဏီ ငါးခုကို ဝယ်ယူလိုက်ပြီလို့ ကြေညာလိုက်တယ်။ အဲဒီကုမ္ပဏီတွေ အားလုံးက အက်ပလီကေးရှင်းဖော်ဆောင်ရေးမှာ ထူးချွန်တဲ့ ကုမ္ပဏီတွေချည်းပဲ"

ဖုန်းယွီ မျက်မှောင်ကြုတ်သွားမိသည်။ မိုက်ခရိုဆော့ဖ်က ဘာကြောင့် တရုတ် ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေကို ရုတ်တရက် လိုက်ဝယ်နေပါလိမ့်။ တရုတ်ပြည်မှာ သူတို့ ကိုယ်ပိုင် ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ ဓာတ်ခွဲခန်းတစ်ခု ရှိပြီးသား မဟုတ်ပါလား။

"ဝယ်ချင်ရင်လည်း ဝယ်ပါစေ။ ဘီလ်ဂိတ်က တရုတ်ပြည်ကို လာတုန်းက ဒေါ်လာ သန်းတစ်ထောင် ရင်းနှီးမြှုပ်နှံမယ်လို့ ကြွားခဲ့တာလေ။ အခု သူသာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဘူးဆိုရင် သူ လိမ်ပြောတာ ဖြစ်သွားမှာပေါ့။ သူ့လိုမာနကြီးပြီး သိက္ခာကို တန်ဖိုးထားတဲ့လူကတော့... အရှုံးပေါ်မယ်ဆိုရင်တောင် ဝယ်ပြမှာပဲ။ ဒါနဲ့... အဲဒီ ကုမ္ပဏီ ငါးခုကို ဝယ်တာ ငွေဘယ်လောက် ကုန်သွားလဲ” ဖုန်းယွီက အေးအေးလူလူပင် မေးမြန်းလိုက်သည်။

"ဒေါ်လာ သန်း ၅၀ ထက် မပိုဘူး”

ဒေါ်လာ သန်း ၅၀ အောက် ဟုတ်လား။ ကုမ္ပဏီ ငါးခုဆိုတော့... တစ်ခုချင်းစီရဲ့ အတိုင်းအတာက သိပ်မကြီးလှဘူးပေါ့။ သူတို့ဆီက ထူးခြားတဲ့ အက်ပလီကေးရှင်း တစ်ခုခုကို မိုက်ခရိုဆော့ဖ်က သဘောကျသွားလို့များလား။

"ဘာလဲ... ခင်ဗျားက ဒီကိစ္စထဲမှာ ပြဿနာ တစ်ခုခု ရှိနေတယ်လို့ ထင်လို့လား” ဖုန်းယွီက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

"ပြဿနာက... အဲဒီ ကုမ္ပဏီ ငါးခုဟာ အဲဒီလောက်အထိ တန်ဖိုးမရှိတာပဲ။ မိုက်ခရိုဆော့ဖ်က ဈေးပိုပေးပြီး ဝယ်ယူနေတာ သိသာလွန်းတယ်။ ပြီးတော့ ချိုးပါ့ကျွင်းတို့ စုံစမ်းကြည့်သလောက်တော့၊ မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲဟာ ဒီကုမ္ပဏီ ငါးခုတင် မကဘဲ... တရုတ်ပြည်က ဆော့ဖ်ဝဲလ် ကုမ္ပဏီ အားလုံးနီးပါးကို လိုက်လံ ဆက်သွယ်နေတယ်လို့ သိရတယ်"

ဘာ... တရုတ်ပြည်က ဆော့ဖ်ဝဲလ် ကုမ္ပဏီ အားလုံးကို ဟုတ်လား။

ဒါဆိုရင်... မိုက်ခရိုဆော့ဖ် က တရုတ်ပြည်ရဲ့ ဆော့ဖ်ဝဲလ် ဈေးကွက်တစ်ခုလုံးကို သိမ်းပိုက်ပြီး အုပ်စိုးချင်နေတာပေါ့။ သူက လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲခံရမှာကို မကြောက်ဘူးလား။

ဪ... ဟုတ်သားပဲ၊ Kingsoft နဲ့ အခြားသော နိုင်ငံပိုင် လုပ်ငန်းအချို့ ရှိနေသေးတာပဲ။

၎င်းတို့အနေဖြင့် လက်တွေ့တွင် ဈေးကွက်ကို လွှမ်းမိုးထားစေကာမူ၊ တမင်တကာ လက်ဝါးကြီးအုပ်သည့် လုပ်ရပ်မျိုး မလုပ်ဆောင်သရွေ့တော့ ပြဿနာ မရှိလှပါချေ။

ဤသည်မှာ သူ၏အရင်ဘဝက Intel နှင့် AMDတို့ကဲ့သို့ပင်။ Intel၏ ဈေးကွက်ဝေစုမှာ လက်ဝါးကြီးအုပ် အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း၊ AMD ပြုတ်မသွားစေရန် အမြဲတမ်း အခွင့်အရေး ချန်ပေးထားလေ့ ရှိသည်။ ထိုသို့ဖြင့် Intelသည် လက်ဝါးကြီးအုပ်မှုကြောင့် ကုမ္ပဏီ အတင်းအကျပ် ခွဲထုတ်ခံရမည့်ကံကြမ္မာမှ ကင်းဝေးခဲ့သည် မဟုတ်ပါလား။

"ကျွန်တော်တို့လည်း လက်လှုပ်ရှားဖို့ အချိန်တန်ပြီပေါ့။ အဲဒီကုမ္ပဏီတွေကို သွားကူပေးလိုက်ပါ၊ ဈေးနှုန်းတွေ မြင့်တက်လာအောင် ဘေးကနေ မြှောက်ပင့်ပေးလိုက်ပေါ့" ဖုန်းယွီက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

"မန်နေဂျာဖုန်း... ကျွန်တော် ပြောတာကို ခင်ဗျား နားမလည်တာလား။ မိုက်ခရိုဆော့ဖ်က တရုတ်ပြည်က ဆော့ဖ်ဝဲလ် ကုမ္ပဏီတွေ အားလုံးကို စုစည်းပြီး၊ ဧရာမ ကုမ္ပဏီကြီး တစ်ခုအဖြစ် ပြောင်းလဲကာ ငါတို့ ယင်ရှန်းကို ပြန်ပြီး ဖိနှိပ်ဖို့ ကြိုးစားနေတာလေ" လျူချွမ်းကျစ်က စိုးရိမ်တကြီးဖြင့် ရှင်းပြလိုက်သည်။

"ကျွန်တော် အဲဒါကို သိတာပေါ့။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုရဲ့ အတိုင်းအတာ ကြီးမားနေရုံ၊ ဝန်ထမ်းဦးရေ များနေရုံနဲ့ ငွေရမယ်လို့ ဘယ်သူပြောသလဲ။ ဒီလိုမျိုး ဧရာမ ကုမ္ပဏီကြီးတွေ ဒေဝါလီခံသွားတာကို ကျွန်တော်တစ်ယောက်တည်း မြင်ဖူးတာ မဟုတ်ဘူးနော်။ ဆော့ဖ်ဝဲလ် ကုမ္ပဏီတစ်ခုအတွက် အရေးအကြီးဆုံး အသက်သွေးကြောက ဘာလဲ... အဲဒါက 'ဆော့ဖ်ဝဲလ် အင်ဂျင်နီယာ'တွေပဲလေ!"

ဖုန်းယွီ၏ ဤစကားကို ကြားလိုက်ရသည့်အခါ လျူချွမ်းကျစ်တစ်ယောက် ရုတ်ခြည်း သဘောပေါက်သွားခဲ့သည်။ "မိုက်ခရိုဆော့ဖ်ကို အဲဒီကုမ္ပဏီတွေကို ဈေးကြီးကြီးပေးပြီး ဝယ်ခိုင်းလိုက်မယ်၊ ပြီးတော့မှ ကျွန်တော်တို့က လူတွေကို ပြန်ပြီး လုယူမယ်လို့ ခင်ဗျား ဆိုလိုတာလား"

"သေချာပေါက်ပေါ့။ မိုက်ခရိုဆော့ဖ် ဝယ်ချင်ရင်လည်း ဝယ်ပါစေ၊ အဲဒီထဲက လူတော်တွေကို ကျွန်တော်တို့ဘက် ပါအောင် လုယူဖို့ကသာ အဓိကပဲ။ ကျွန်တော်တို့ လုလို့ မကုန်ရင်တောင်မှ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံပိုင် နည်းပညာ ကုမ္ပဏီတွေ ရှိနေသေးတာပဲ။ ထပ်ပြောရရင် ဟောင်ကောင်က ကုမ္ပဏီတွေရော၊ တခြားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေရော ရှိနေတာပဲ။ မိုက်ခရိုဆော့ဖ် တရုတ်ပြည်မှာ ဒီလောက်အထိ အင်အားကြီးလာမှာကို သူတို့တွေကော ငြိမ်ခံနေကြလိမ့်မယ်လို့ ခင်ဗျား ထင်နေလား!"

တရုတ်ပြည်၏ ဤဈေးကွက်ကြီးမှာ လူတိုင်း သွားရည်ကျနေရသော နေရာတစ်ခု ဖြစ်သည်။ လူဦးရေ သန်းတစ်ထောင်ကျော် ရှိသော ဤဒေသကိုသာ အမေရိကန် သို့မဟုတ် ဂျပန်တို့ကဲ့သို့ အပြည့်အဝ ဖော်ဆောင်နိုင်မည်ဆိုပါက ရရှိမည့် အမြတ်အစွန်းမှာ မည်မျှအထိ ကြီးမားပါမည်နည်း။

ကမ္ဘာလုံးဆိုင်ရာ နယ်မြေချဲ့ထွင်လိုသော မည်သည့် ဆော့ဖ်ဝဲလ် လုပ်ငန်းမဆို တရုတ်ဈေးကွက်ကို လက်လွှတ်မည် မဟုတ်ပါချေ။ ထို့အပြင် မိုက်ခရိုဆော့ဖ် ဆိုသည်မှာ ဆော့ဖ်ဝဲလ်လောက၏ နံပါတ်တစ် ဖြစ်နေသဖြင့်၊ ကျန်ရှိသော ကုမ္ပဏီ အားလုံး၏ ဘုံရန်သူလည်း ဖြစ်နေသည် မဟုတ်ပါလား။

"မစ္စတာဂိတ်... တရုတ်ဈေးကွက်ထဲက နိုင်ငံတကာ ဆော့ဖ်ဝဲလ် ကုမ္ပဏီ အတော်များများဟာ အခု နယ်မြေချဲ့ထွင်မှုတွေကို စတင်နေကြပါပြီ။ အရင်က ကျွန်တော်တို့ ညှိနှိုင်းထားတဲ့ ကုမ္ပဏီတွေကလည်း အခုဆိုရင် ဈေးနှုန်းတွေကို အဆမတန် မြှင့်တောင်းနေကြပါတယ်" မိုက်ခရိုဆော့ဖ် တရုတ်ဌာနခွဲ တာဝန်ခံက အစီရင်ခံလိုက်သည်။

"ငါ ပြောပြီးသားပဲလေ... ယခုတစ်ကြိမ် တရုတ်ဈေးကွက်မှာ ငါတို့ ဒေါ်လာ သန်းတစ်ထောင်ထက်မက ရင်းနှီးမြှုပ်နှံမယ်လို့။ သူတို့က ဈေးမြှင့်တောင်းရင် ငါတို့ကလည်း ဈေးတိုးပေးလိုက်ရုံပေါ့၊ ဒါက ဘာများ သံသယ ရှိနေစရာ လိုသေးလို့လဲ”

ဘီလ်ဂိတ်သည် တရုတ်ဌာနခွဲ ဥက္ကဋ္ဌအပေါ် အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။ Kingsoft ၏ အလားအလာ ဤမျှအထိ ကြီးမားနေသည်ကို ကြိုတင်၍ အစီရင်ခံခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍သာ ကြိုတင် သိရှိခဲ့ပြီး အစီအစဉ်များ ချမှတ်ခဲ့မည်ဆိုပါက၊ ယခုကဲ့သို့ အားနည်းချက်ရှိနေမည့် အခြေအနေမျိုး ကြုံတွေ့ရပါမည်နည်း။

စတီဗ် ဘောလ်မာတို့ အဖွဲ့က ဤကဲ့သို့ နယ်မြေချဲ့ထွင်ခြင်းသည် ငွေအမြောက်အမြား ကုန်ကျစေမည်ဖြစ်ကြောင်း ဖျောင်းဖျနေစေကာမူ၊ ဤနည်းအားဖြင့် တရုတ်ဈေးကွက်၏ အနည်းဆုံး တစ်ဝက်ခန့်ကို သိမ်းပိုက်နိုင်မည်ဟု ဘီလ်ဂိတ်က အခိုင်အမာ ယုံကြည်ထားသည်။ ထို့ထက်ပိုသည်မှာ တရုတ်ဈေးကွက်အတွင်းရှိ IT ပညာရှင်များကိုပါ စုစည်းနိုင်မည် မဟုတ်ပါလား။

ဘီလ်ဂိတ်သည် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ပြီးပါက၊ မည်သူမျှ ပြောင်းလဲ၍ မရနိုင်ပါချေ။ ပေါလ် အယ်လန်သည်ပင် ဤလုပ်ရပ်မှာ မသင့်တော်ဟု ယူဆထားစေကာမူ၊ ဖုန်းယွီ၏ကုမ္ပဏီကို တိုက်ခိုက်နိုင်မည်ဖြစ်ရာ သူကလည်း အပြည့်အဝ ထောက်ခံခဲ့လေသည်။

ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ အကျိုးအကြောင်း ဆင်ခြင်တုံတရား ရှိရမည် ဖြစ်သော်လည်း၊ အချို့သော အချိန်များတွင် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းသည်လည်း ရလဒ်ကောင်းများ ထွက်ပေါ်လာတတ်သည် မဟုတ်ပါလား။ ထို့ပြင် မိုက်ခရိုဆော့ဖ်အဖွဲ့၏ ဆန်းစစ်ချက်အရ ဒေါ်လာ သန်းတစ်ထောင် ရင်းနှီးမြှုပ်နှံခြင်းသည် ၎င်းတို့အား တရုတ်ပြည်၏ ထိပ်တန်း ဆော့ဖ်ဝဲလ် ကုမ္ပဏီ ဖြစ်လာစေရန် လုံလောက်လှပေသည်။

နောက်ထပ် အားသာချက်တစ်ခုမှာ မိုက်ခရိုဆော့ဖ်အနေဖြင့် တရုတ်ဈေးကွက်ကို သိမ်းပိုက်နိုင်ပြီဟု ရင်းနှီးမြှုပ်နှံသူများက ယူဆသွားမည်ဆိုပါက မိုက်ခရိုဆော့ဖ်၏စတော့ဈေးနှုန်းမှာ သေချာပေါက် တက်လှမ်းပေလိမ့်မည်။ ထိုသို့သော ဈေးကွက်ကြီးကို ထိန်းချုပ်နိုင်ခြင်းကြောင့် အမြတ်အစွန်းများ တိုးပွားလာမည်မှာ မြေကြီးလက်ခတ်မလွဲရာ၊ ရင်းနှီးမြှုပ်နှံသူများမှာလည်း ရှယ်ယာများကို အလုအယက် ဝယ်ယူကြမည်မှာ အသေအချာပင်။

ဤသို့ဖြင့် တရုတ်ပြည်၏ ဆော့ဖ်ဝဲလ် ဈေးကွက်သည် ရုတ်တရက် လှိုင်းထန်လာခဲ့ပြီး တစ်ကမ္ဘာလုံးရှိ ဆော့ဖ်ဝဲလ်လောကကိုပင် တုန်လှုပ်စေခဲ့သည်။

ဆော့ဖ်ဝဲလ ကုမ္ပဏီ အမြောက်အမြားမှာ အလျင်အမြန်ပင် ဝယ်ယူသိမ်းပိုက်ခြင်း ခံနေရသဖြင့် လူတိုင်းက အံ့အားသင့်စွာ စောင့်ကြည့်နေကြရသည်။ အထူးသဖြင့် ဤတိုက်ပွဲတွင် မိုက်ခရိုဆော့ဖ် ကဲ့သို့သော ဧရာမ ငါးမန်းကြီးနှင့် တရုတ်ပြည်၏ အကြီးဆုံး Kingsoft တို့ ပါဝင်နေခြင်းကြောင့် ပို၍ပင်စိတ်ဝင်စားစရာ ကောင်းလှပေသည်။

ဤကိစ္စသည် တရုတ်အစိုးရ၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့သည်။ IT ကဏ္ဍသည် နိုင်ငံတော်က အလေးထားသော နယ်ပယ်ဖြစ်ရာ၊ အဘယ်ကြောင့် ယခုကဲ့သို့ အကြီးအကျယ် လှုပ်ခတ်နေရသနည်းဟု စိုးရိမ်မကင်း ဖြစ်နေကြသည်။

လျူချွမ်းကျစ်က အကျိုးအကြောင်း ရှင်းပြလိုက်သည့်အခါမှသာ အရာရှိကြီးများက သဘောပေါက်သွားခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ တရုတ်ပြည်၏ လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ အရှုံးမပေါ်သရွေ့တော့ လုံလောက်ပြီဟု ယူဆထားကြသည်။

မိမိတို့၏ မိခင်မြေမှာပင် အရှုံးပေးလိုက်ရမည်ဆိုပါက၊ နိုင်ငံ၏ သိက္ခာကိုပါ ထိခိုက်စေမည် မဟုတ်ပါလား။

"မန်နေဂျာဖုန်း... ကျွန်တော်တို့လည်း အခွင့်အရေးကို အရယူပြီး ကုမ္ပဏီ အနည်းငယ်ကို ဝယ်ယူလိုက်ပြီ။ အဲဒီကုမ္ပဏီတွေက အရည်အချင်းလည်း ရှိကြသလို၊ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေနဲ့လည်း ထပ်တူကျနေတာမို့၊ ကျွန်တော်တို့ရဲ့ အဓိက လုပ်ငန်းတွေကို ပိုပြီးအင်အားတောင့်တင်းစေမှာပါ" လျူချွမ်းကျစ်က ဆိုလိုက်သည်။

"ဒါဟာ အရမ်းကောင်းတဲ့ အစီအစဉ်ပဲ။ ကျွန်တော်တို့ ချေးထားတဲ့ ငွေတွေလည်း ကုန်သေးတာမှ မဟုတ်တာလေ။ ကျွန်တော်ကြည့်ရသလောက်တော့ အချိန်တန်ပြီ... အခုပဲ လူတွေကို စတင် လုယူကြတာပေါ့"

All Chapters