← Chapters

အခန်း (၁၃၉၇-၁၃၉၉)

Vol. 95 Ch. 1397-1399

အခန်း (၁၃၉၇-၁၃၉၉)

Vol. 95 Ch. 1397-1399

အခန်း (၁၃၉၇) စနစ်သစ်က အောင်မြင်တော့မယ်

"Boss... မိုက်ခရိုဆော့ဖ်ကို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲတဲ့အမှု စတင်နေပါပြီ။ ဒါပေမဲ့ မိုက်ခရိုဆော့ဖ် ရှေ့နေတွေရဲ့ အမူအရာအရဆိုရင်တော့ ဒီအမှုကို အချိန်ဆွဲထားဖို့ ကြံစည်နေပုံရတယ်။ အခု ငါတို့မှာ ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိပါတယ်။ ပထမတစ်ခုကတော့... တရားရုံးပြင်ပမှာတင် အပေးအယူလုပ်ပြီး ပြေငြိမ်းလိုက်တာပါ။ ဒါဆိုရင်တော့ မိုက်ခရိုဆော့ဖ်ရဲ့ အမှတ်တံဆိပ် ဂုဏ်သတင်းကို မထိခိုက်စေတော့ဘဲ နစ်နာကြေး တစ်ခုကိုတော့ ရနိုင်ပါတယ်။ ဒုတိယ နည်းလမ်းကတော့... အပေးအယူကို လုံးဝလက်မခံဘဲ တရားရုံးရဲ့ အပြီးသတ် စီရင်ချက်ကိုပဲ တောင်းဆိုတာပါ။ ဒီလိုဆိုရင်တော့ ရမယ့် ဒဏ်ကြေးငွေက နည်းသွားနိုင်ပေမဲ့ မိုက်ခရိုဆော့ဖ်ကိုတော့ ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်မှာပါ"

ပထမ နည်းလမ်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် နည်းလမ်းဖြစ်သည်။ မိုက်ခရိုဆော့ဖ်အနေဖြင့် ငွေပိုပေးရနိုင်သော်လည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်သဖြင့် မနစ်နာလှပါချေ။ ဒုတိယနည်းလမ်းမှာမူ တရုတ်ပြည်ဘက်က ငွေနည်းနည်းပဲ ရစေဦးတော့၊ မိုက်ခရိုဆော့ဖ် ကိုတော့ အထိနာစေမည်ဖြစ်ရာ၊ ဤသည်မှာ သွယ်ဝိုက်သော နည်းလမ်းဖြင့် "အပြန်အလှန် အနာတရဖြစ်စေခြင်း"ပင် ဖြစ်သည်။

"ဝီလ်ဆင်... ငါ ပြောခဲ့ပြီးသားပဲ။ အစိုးရကို သေသေချာချာ နားချပါ၊ တရားရုံးပြင်ပမှာ ပြေငြိမ်းတာမျိုးကို လုံးဝလက်မခံပါနဲ့” ဖုန်းယွီက လေးနက်တည်ကြည်စွာဖြင့် ဆိုလိုက်သည်။

"နားလည်ပါပြီ Boss။ ဒီအမှုမှာ ကျွန်တော်တို့ သေချာပေါက် အနိုင်ရစေရပါမယ်။ ကျွန်တော် တတ်နိုင်သမျှ နည်းလမ်းမျိုးစုံ သုံးပြီးတော့ ဒဏ်ကြေးငွေကို အများဆုံး ရအောင် ကြိုးစားပါ့မယ်။ အခု ကျွန်တော်က ဥရောပသမဂ္ဂမှာ မိုက်ခရိုဆော့ဖ်ကို တရားစွဲခဲ့ဖူးတဲ့ ရှေ့နေအဖွဲ့ နှစ်ခုကိုပါ အကူအညီတောင်းပြီး ပူးပေါင်းထားတာမို့ ကျွန်တော်တို့ဘက်က အနိုင်ရဖို့ အခွင့်အလမ်း ပိုများလာပါပြီ!"

"အင်း... နိုင်အောင်လုပ်ပါ။ မင်းတို့အတွက် ပေးရမယ့် ရှေ့နေခတွေကိုတော့ ငါ တစ်ပြားမှ မလျော့စေရပါဘူး"

ဝီလ်ဆင်၏မျက်နှာထက်တွင် ဝမ်းသာပီတိ အရိပ်အယောင်များ ထင်ဟပ်သွားခဲ့သည်။ သူ၏ Bossသည် မည်မျှအထိ လက်ဖျားငွေသီး၍ ရက်ရောတတ်သည်ကို သူ ကောင်းစွာ သိရှိထားသည်။ Boss ကျေနပ်အောင်သာ လုပ်ဆောင်နိုင်မည်ဆိုပါက သူ မျှော်လင့်ထားသည်ထက် ပိုသောအကျိုးကျေးဇူးများကို ရရှိမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ယခုအခါ ဝီလ်ဆင်၏ ရှေနေရုံးမှာလည်း နာမည်ကျော်ကြားနေပြီ ဖြစ်သည်။ သို့သော်လည်း သူသည် အခြားသောအမှုများကို လက်ခံဆောင်ရွက်ခြင်း မရှိတော့ဘဲ၊ သူ၏ Boss ဖုန်းယွီအတွက်သာ အချိန်ပြည့် လုပ်ကိုင်ပေးနေခဲ့သည်။ ကျန်ရှိသော ကိစ္စအဝဝကိုမူ သူ၏လက်အောက်ခံ ရှေ့နေများထံသာ လွှဲအပ်ထားတော့သည်။

"ဒါနဲ့ Boss... ကျွန်တော့်ရဲ့ မဟာမိတ်တွေဆီက သတင်းတစ်ခု ရထားပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ XX နိုင်ငံမှာ တရားရုံးပြင်ပ ပြေငြိမ်းဖို့ လုပ်တဲ့အခါ၊ အဲဒီနိုင်ငံက အစိုးရဌာနတွေရဲ့ မိုက်ခရိုဆော့ဖ်ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ထားတဲ့ အထောက်အထားတွေကို ရှာတွေ့သွားတယ်။ အဲဒါကို အသုံးချပြီး ခြိမ်းခြောက်ခဲ့လို့ ပြေငြိမ်းတဲ့အခါမှာ မိုက်ခရိုဆော့ဖ်က ငွေတစ်ပြားမှ ပေးစရာ မလိုခဲ့ဘူးလို့ သိရပါတယ်"

ဖုန်းယွီသည် မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ၎င်းမှာ ဘာကို ဆိုလိုသနည်းဆိုသည်ကို သူ ချက်ချင်းပင် ရိပ်မိလိုက်သည်။

သူ၏အရင်ဘဝတုန်းကလည်း မိုက်ခရိုဆော့ဖ်သည် တရုတ်ပြည်တွင် ဤနည်းလမ်းကို အသုံးပြုခဲ့ဖူးသည်။ တရုတ်နိုင်ငံပိုင် လုပ်ငန်းများနှင့် အစိုးရဌာနအချို့၏ခိုးကူးဆော့ဖ်ဝဲလ်သုံးစွဲမှုကို အထောက်အထား ရှာဖွေကာ၊ တရုတ်ပြည်၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို အကျပ်ကိုင် ခြိမ်းခြောက်ခဲ့ခြင်းပင်။

သို့သော် ယခုဘဝတွင်မူ အခြေအနေများမှာ လုံးဝ ကွဲပြားနေခဲ့ပြီ ဖြစ်သည်။ အစောပိုင်း ကတည်းက ဖုန်းယွီသည် LenovoGroupအား မိုက်ခရိုဆော့ဖ် Windows စနစ်ကို ကိုယ်စားလှယ်ယူ ရောင်းချခိုင်းခဲ့ပြီး၊ ဈေးနှုန်းကို အလွန်ပင် သက်သာအောင် သတ်မှတ်စေခဲ့သည်။ ထို့အပြင် ခိုးကူးမှုများကိုလည်း အကြိမ်ကြိမ် နှိမ်နင်းခဲ့သဖြင့်၊ တရုတ်ပြည်ရှိ နိုင်ငံပိုင် လုပ်ငန်းများနှင့် အစိုးရဌာန အများစုမှာ မူရင်းဆော့ဖ်ဝဲလ်ကိုသာ တရားဝင် အသုံးပြုနေကြပြီ ဖြစ်သည်။

နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်က ကိုယ်စားလှယ် ရောင်းချခွင့်ကို ပြန်လည် သိမ်းယူကာ၊ ၎င်းတို့၏ တရုတ်ဌာနခွဲမှတစ်ဆင့် တိုက်ရိုက် ရောင်းချခဲ့သည်။ ၎င်းတို့သည်လည်း ရောင်းအားတက်စေရန်အတွက် ကုမ္ပဏီကြီးများကို ဈေးနှုန်း သက်သာစွာဖြင့် ထည့်သွင်းပေးခဲ့ကြသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ မိုက်ခရိုဆော့ဖ်သည် ဈေးနှုန်းများကို တဖြည်းဖြည်း မြှင့်တင်လာခဲ့ရာ၊ ယခုအခါတွင်မူ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ဈေးနှုန်း အဆင့်အတန်းသို့ ရောက်ရှိလုနီးပါး ဖြစ်နေခဲ့ပြီ။ ဤအချက်ကြောင့်ပင် အချို့သော ပုဂ္ဂလိက အသုံးပြုသူများသည် ပညာရှင်များ၏ အကူအညီဖြင့် ခိုးကူးများကို ပြန်လည် သုံးစွဲလာကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခင်ဘဝနှင့် နှိုင်းယှဉ်ပါက ခိုးကူးသုံးစွဲမှုမှာ များစွာလျော့နည်းနေသေးသည်။ သို့သော်လည်း ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ခိုးကူးများမှာ ထပ်မံ၍ နေရာအနှံ့ ပျံ့နှံ့လာပေလိမ့်မည်။

ကံကောင်းသည်မှာ ဖုန်းယွီ၏ အနီးကပ် ကြီးကြပ်မှုအောက်တွင် Kingsoft ၏ ကိုယ်ပိုင် ကွန်ပျူတာ စနစ်မှာ မကြာမီ ထွက်ပေါ်လာတော့မည် ဖြစ်သည်။

ထိုအချိန်တွင် မိုက်ခရိုဆော့ဖ်သည်လည်း 'ခေတ်ပြောင်း တော်လှန်ရေး' ဟု ကြွေးကြော်ထားသော စနစ်သစ် VISTA ကို ဖော်ဆောင်နေချိန် ဖြစ်သည်။ (၎င်းမှာ ဖုန်းယွီ၏ အရင်ဘဝတွင် မိုက်ခရိုဆော့ဖ် အတွက် Waterloo ဖြစ်စေခဲ့သော စနစ်ပင် မဟုတ်ပါလား။)

ထိုစနစ်မှာ ရောင်းအား ညံ့ဖျင်းရုံတင်မက၊ ဟတ်ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်များအကြား အဆင်မပြေမှုကြောင့် အသုံးပြုသူများ၏ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ် က XP စနစ်ကို အတင်းအကျပ် ရပ်ဆိုင်းကာ အသုံးပြုသူများကို VISTA သုံးရန် ဖိအားပေးခဲ့သော်လည်း ကျရှုံးခဲ့ရပြန်သည်။ နောက်ဆုံးတွင် WIN 7 ကို စောစီးစွာ ထုတ်ဝေလိုက်ရပြီး၊ သုံးနှစ်ခန့် ကြာမြင့်မှသာ XP ကို အစားထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်လာ သန်းသောင်းချီ အကုန်အကျခံကာ ငါးနှစ်ကြာ သုတေသန လုပ်ခဲ့သော ထိုထုတ်ကုန် ကျရှုံးသွားခြင်းမှာ ထိုစဉ်က မိုက်ခရိုဆော့ဖ် အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်ခဲ့သည်။

ဖုန်းယွီ၏ ရည်ရွယ်ချက်မှာ ထိုအချိန်ကာလကို အသုံးချကာ Kingsoft ၏ စနစ်ကို မိတ်ဆက်ရန်ပင်။ မိုက်ခရိုဆော့ဖ်ကို ချက်ချင်း အစားထိုးနိုင်မည်ဟု မဆိုလိုစေဦးတော့၊ ဈေးကွက်၏ အစိတ်အပိုင်း တစ်ခုကို သိမ်းပိုက်ရန်မှာမူ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

ဖုန်းယွီက Kingsoft အဖွဲ့အား ပေးထားသော ညွှန်ကြားချက်မှာ "စနစ်သည် သေးငယ်ရမည်၊ ရိုးရှင်းရမည်၊ ထို့ပြင် အဆင်ပြေပြေ အသုံးပြုနိုင်ရမည်" ဟူ၍ ဖြစ်သည်။ ဤသို့မှသာ အသုံးပြုသူများမှာ မိုက်ခရိုဆော့ဖ်မှ Kingsoftဆီသို့ တဖြည်းဖြည်း ပြောင်းလဲ လာကြမည် မဟုတ်ပါလား။

နှမြောစရာ ကောင်းသည်မှာ ဖုန်းယွီအလိုရှိသော WIN 7 ကဲ့သို့သော စနစ်မျိုးမှာ၊ လက်ရှိ ဟတ်ဒ်ဝဲ အခြေအနေအရ ဖော်ဆောင်ရန် မဖြစ်နိုင်သေးခြင်းပင်။

သို့သော်လည်း ၎င်းတို့သည် ဖုန်းယွီ၏ လမ်းညွှန်မှုဖြင့် ဆာဗာများအတွက် သင့်တော်သော စနစ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ကာ၊ ၎င်းမှာလည်း နောက်ဆုံး စမ်းသပ်မှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဤနှစ်ကုန်တွင် ဈေးကွက်သို့ တရားဝင် တင်ပို့ရန် စီစဉ်ထားသည်။

၎င်းတို့တွင် HOS (စမတ်ဖုန်းစနစ်) ကို ဖော်ဆောင်ခဲ့သော အတွေ့အကြုံများ ရှိသဖြင့်၊ စနစ်ကို မည်သို့ ရိုးရှင်းအောင် လုပ်ရမည်ကို သိရှိထားကြသည်။ သို့သော်လည်း စမတ်ဖုန်းစနစ်နှင့် အစစ်အမှန် PC စနစ်တို့အကြား ကွာခြားချက်မှာမူ အလွန်ပင် ကြီးမားလှပေသည်။

ဤ PC စနစ်ကို ဖော်ဆောင်ရန်အတွက် Kingsoft ၏ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှ ဝင်ငွေအားလုံးနီးပါးကို ပုံအောရင်းနှီးမြှုပ်နှံထားခဲ့ရသလို၊ ယခုအခါတွင်မူ ဘဏ်မှ ချေးငွေများဖြင့်ပါ ဆက်လက် လုပ်ဆောင်နေရခြင်း ဖြစ်သည်။

ကံကောင်းသည်မှာ ချိုးပါ့ကျွင်းတို့အဖွဲ့မှာ ယုံကြည်ချက် အပြည့်ရှိနေခြင်းပင်။ အရင်တုန်းက တရုတ်ပြည်၏ ကွန်ပျူတာ စနစ်ကို ကိုယ်တိုင် ဖော်ဆောင်ခဲ့ကြစဉ်က မိုက်ခရိုဆော့ဖ် ဟူ၍ အရာမထင်ခဲ့ပါချေ။ သို့သော် နောက်ပိုင်းတွင် ထိုပညာရှင်များမှာ အလုပ်ထွက်ကုန်ကြသလို၊ အထက်ခေါင်းဆောင်များကလည်း ရင်းနှီးမြှုပ်နှံမှု မပြုခဲ့ကြသဖြင့် တရုတ်ပြည်၏ စနစ်မှာ မိုက်ခရိုဆော့ဖ် အောက်သို့ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်။

ချိုးပါ့ကျွင် သည် ထိုစဉ်က တရုတ်စနစ် ဖော်ဆောင်သူများထဲမှ အဓိက အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ သူသည် တရုတ်ပြည်အတွက် သင့်တော်သော စနစ်တစ်ခုကို အမြဲတမ်း ပြန်လည် ဖန်တီးချင်နေခဲ့သူ ဖြစ်သည်။ ဤစနစ်ကို နိုင်ငံတကာအထိ ထိုးဖောက်ကာ လူအများအပြား အသုံးပြုလာကြမည်ဆိုပါက ပို၍ပင်ကောင်းမွန်လှပေလိမ့်မည်။

စမတ်ဖုန်းစနစ် (HOS) စတင် ဖော်ဆောင်စဉ်ကလည်း ကန့်ကွက်သူများစွာ ရှိခဲ့သော်လည်း၊ အောင်မြင်မှု ရရှိခဲ့သည် မဟုတ်ပါလား။ Songjiangဖုန်းများ ဖြစ်ကြသည့် S1 နှင့် S2 တို့မှာ ရောင်းအား ကောင်းခဲ့သလို၊ Symbian၏ တိုးတက်မှုကိုပါ အဟန့်အတား ဖြစ်စေခဲ့သည်။ ထို့အပြင် မိုက်ခရိုဆော့ဖ်အား သုတေသန စရိတ်များ ပိုမိုသုံးစွဲလာအောင် ဖိအားပေးနိုင်ခဲ့ခြင်းမှာလည်း အောင်မြင်မှု တစ်ခုပင် ဖြစ်သည်။

HOSတောင် အောင်မြင်ခဲ့မှတော့... PC စနစ်က ဘာလို့ မအောင်မြင်နိုင်ရမှာလဲ။

၎င်းတို့အားလုံးမှာ LINUX စနစ် (ပင်ရင်းကုဒ်ကို အခမဲ့ ချပြထားသော Open Source စနစ်) ကို အခြေခံထားကြခြင်း ဖြစ်သည်။ ဤစနစ်သည် မိုက်ခရိုဆော့ဖ် အမုန်းဆုံး စနစ်တစ်ခု ဖြစ်စေကာမူ၊ ကမ္ဘာတစ်ဝန်းရှိ ဆော့ဖ်ဝဲလ် ကုမ္ပဏီများက လေ့လာနေကြခြင်း ဖြစ်သည်။ ချိုးပါ့ကျွင်းနှင့် လီတာ့ကျွင်းတို့သည် မိုက်ခရိုဆော့ဖ်ကို စိန်ခေါ်နိုင်မည့်၊ တစ်နေ့တွင် ကျော်တက်နိုင်မည့် စနစ်တစ်ခုကို ဖန်တီးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။

အရေးကြီးဆုံး အချက်မှာ ဖုန်းယွီ၏ အပြည့်အဝ ပံ့ပိုးမှုပင် ဖြစ်သည်။ အကယ်၍ လမ်းတစ်ဝက်တွင် ရန်ပုံငွေ ပြတ်တောက်သွားမည်ကို စိုးရိမ်နေကြမည်ဆိုပါက၊ ဖုန်းယွီက ဤစီမံကိန်းကို သီးသန့် ကုမ္ပဏီခွဲအဖြစ် ခွဲထုတ်ကာ သူကိုယ်တိုင် ငွေလုံးငွေရင်း ထည့်ဝင်ပေးမည်ဟု ကတိပေးထားခဲ့သည်။

ဤကတိကြောင့်ပင် ရှယ်ယာရှင်များမှာ ယုံကြည်မှု ပိုမို ခိုင်မာလာခဲ့ကြသည်။ Minsheng Bank မှ ချေးငွေကိုပင် လျူချွမ်းကျစ်ကိုယ်တိုင် သွားရောက် ညှိနှိုင်းပေးခဲ့သလို Lenovoအုပ်စုက အာမခံ ပေးခဲ့သဖြင့် ငွေအမြောက်အမြားကို ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ၎င်းတို့၏ ထုတ်ကုန်မှာ နောက်ဆုံး ညှိနှိုင်းမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ဈေးကွက်ထဲသို့ ရောက်ရှိသည့်အခါ မည်မျှအထိ လူကြိုက်များမည်ကိုသာ စောင့်ကြည့်ရန် ကျန်တော့သည်။

အခန်း (၁၃၉၈) AMDက Intelကို စိန်ခေါ်ခြင်း

AMDသည် လွန်ခဲ့သောနှစ်က တရုတ်ပြည် အနောက်ဘက်ဒေသတွင် ရင်းနှီးမြှုပ်နှံကာ စက်ရုံ တည်ထောင်ခဲ့သည်။ သေချာပေါက် ဤသည်မှာလည်း ဖုန်းယွီ၏ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသော ရလဒ်တစ်ခုပင်။ အကြောင်းရင်းမှာ ထိုဒေသတွင် မြေဈေး သက်သာရုံတင်မကဘဲ၊ လုပ်သားခမှာလည်း များစွာ ချိုသာသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် ဖုန်းယွီသည် CPU တစ်ခုကို မည်သို့ ဖန်တီးရမည်ကို လုံးဝ နားမလည်ပါချေ။ သို့သော်လည်း ဤထုတ်ကုန်၏ အနာဂတ် ဦးတည်ချက်ကိုမူ သူ ကောင်းစွာ ကြိုမြင်ထားသည်။

ထို့ကြောင့် ဖုန်းယွီသည် AMD ၏ ဥက္ကဋ္ဌအား အနာဂတ် အလားအလာများကို ပုံဖော်ပြခဲ့သည်။ သေချာပေါက် ဤသည်မှာ PC နယ်ပယ်အတွက်သာ ကန့်သတ်ထားခြင်း ဖြစ်သည်။ 'ဆာဗာ'များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍မူ ဖုန်းယွီမှာ များစွာ မမှတ်မိတော့ပါချေ။ သူ၏ အရင်ဘဝတွင်လည်း ဤဘာသာရပ်ကို အထူးပြုလေ့လာခဲ့သူ မဟုတ်သဖြင့်၊ ထိုနယ်ပယ်၏ တိုးတက်မှုမှာ မည်သို့ရှိသည်ကို သူ မသိရှိပါချေ။

ဖုန်းယွီက AMD အား CPU များတွင် 'အမာခံစနစ်'များကို တိုးမြှင့်သင့်ကြောင်း၊ ဥပမာအားဖြင့် အမာခံစနစ် တစ်ခုတည်းမှသည် အမာခံစနစ် နှစ်ခု ထိုမှတစ်ဆင့် အမာခံစနစ် လေးခုအထိ ဖော်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။ ဤသို့ လုပ်ဆောင်နိုင်မည်ဆိုပါက PC အသုံးပြုမှုပိုင်းတွင် ထူးခြားသော စွမ်းဆောင်ရည်များကို ပြသနိုင်မည် ဖြစ်သည်။

ဖုန်းယွီ၏ လွှမ်းမိုးမှုအောက်တွင် LenovoGroupသည်လည်း AMD နှင့် ရေရှည် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး၊ AMD ပရိုဆက်ဆာများကို အဓိကထား အသုံးပြုထားသော PC မော်ဒယ် အမြောက်အမြားကို ထုတ်ဝေခဲ့သည်။

AMD ၏ အမှတ်တံဆိပ် တန်ဖိုးမှာ Intel ထက် နိမ့်ကျနေဆဲ ဖြစ်သဖြင့်၊ စွမ်းဆောင်ရည် တူညီသည့်တိုင်အောင် ဈေးနှုန်းမှာ ပိုမိုသက်သာနေခဲ့ရာ၊ ဈေးကွက်၏ တုံ့ပြန်မှုမှာ အလွန်ပင် ကောင်းမွန်လှပေသည်။

အထူးသဖြင့် ကွန်ပျူတာ အစိတ်အပိုင်းများကို စိတ်ကြိုက် စုပေါင်းတပ်ဆင်သည့် ဈေးကွက်တွင် AMD ၏Motherboardများသည် Intelထက် ယွမ် ရာဂဏန်းမျှ ပိုမို သက်သာသော်လည်း၊ စွမ်းဆောင်ရည်မှာမူ အနည်းငယ်မျှ မနိမ့်ကျကြောင်း လူအတော်များများက သိမြင်လာကြသည်။

ထို့အပြင် ကွန်ပျူတာ အရောင်းဆိုင်များကလည်း အသုံးပြုသူများကို "အခုခေတ်မှာ နည်းပညာတွေက အရမ်း မြန်မြန်ဆန်ဆန် တိုးတက်နေတာပါ။ ခင်ဗျားတို့ အခု အကောင်းဆုံး၊ အဈေးအကြီးဆုံးကို ဝယ်လိုက်ရင်တောင်၊ နောက်တစ်နှစ်ဆိုရင် ခေတ်နောက်ကျသွားမှာပဲ။ ဒါကြောင့် ကွန်ပျူတာ ဝယ်တဲ့အခါမှာ 'စွမ်းဆောင်ရည်နဲ့ ဈေးနှုန်း မျှတမှု' (Cost-performance ratio) ကိုပဲ အဓိက ကြည့်သင့်တယ်” အကြံပေးနေကြသည်။

AMD ၏ Motherboard၊ NVIDIA၏ Graphics Card၊ Lenovo၏ ဟတ်ဒ်ဒစ်စသည်တို့ကို ဝယ်ယူမည်ဆိုပါက၊ ယွမ် တစ်ထောင်နီးပါး သက်သာစေမည်ဖြစ်သလို၊ စွမ်းဆောင်ရည်မှာလည်း အားရစရာ ကောင်းလှပေသည်။

နောက်တစ်နှစ် ကြာသည့်အခါ ထိုသက်သာသွားသော ယွမ် တစ်ထောင်ကို အသုံးပြုကာ ကွန်ပျူတာကို အဆင့်မြှင့်တင် လိုက်မည်ဆိုပါက၊ ဤသည်မှာ ပို၍ တွက်ခြေမကိုက်ဘူးလားဟု တွေးတောနေကြသည်။

အာရှ၏ PC ဧကရာဇ်ဖြစ်သော Lenovoက AMD နှင့် NVIDIA ကို ရွေးချယ်လိုက်ခြင်းသည် ထိုကုမ္ပဏီနှစ်ခု၏ ထုတ်ကုန် ရောင်းအားကို အဆမတန် မြင့်တက်စေခဲ့သလို၊ အမြတ်အစွန်းများလည်း တိုးပွားစေခဲ့သည်။ ထိုမှတစ်ဆင့် သူတို့သည် သုတေသန လုပ်ငန်းများအတွက် ပိုမိုများပြားသော ရန်ပုံငွေများကို အသုံးချနိုင်ခဲ့ကြသည်။

ရောင်းအား တဟုန်ထိုး တက်လှမ်းလာခြင်းနှင့် စွမ်းဆောင်ရည် ကောင်းမွန်ခြင်းတို့ကြောင့်၊ ထိုကုမ္ပဏီ နှစ်ခု၏ ထုတ်ကုန်များကို အခြားသော PC ထုတ်လုပ်သူများကပါ သဘောကျလာကြပြီး၊ အော်ဒါ များမှာလည်း အလျင်အမြန် တိုးတက်လာခဲ့သည်။

အကယ်၍ ထိုသို့မဟုတ်ပါကလည်း ဤကုမ္ပဏီနှစ်ခုသည် လွန်ခဲ့သော နှစ်နှစ်အတွင်း၌ ဌာနခွဲများနှင့် စက်ရုံ အမြောက်အမြားကို ဤမျှ မြန်ဆန်စွာ ဖွင့်လှစ်နိုင်မည် မဟုတ်ပါချေ။ ၎င်းတို့၏ နယ်မြေချဲ့ထွင်မှုမှာ အလွန်ပင် ပြင်းထန်လှပေသည်။

အထူးသဖြင့် NVIDIA မှာမူ ယခုအခါ ဝါရင့် ဗီဒီယိုကတ် ဘုရင်ကြီးဖြစ်သော ATI ကိုပင် စိန်ခေါ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဈေးကွက်ဝေစုအရ နှစ်ဦးနှစ်ဖက်မှာ ရင်ဘောင်တန်းနေပြီ ဖြစ်ကာ၊ လွန်ခဲ့သော သုံးနှစ်ခန့်ကမူ ၎င်းတို့သည် တစ်ဖက်လူ၏ ငါးပုံတစ်ပုံ အဆင့်မှာသာ ရှိခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့်ပင် NVIDIA သည် "အလားအလာ အကောင်းဆုံး ကုမ္ပဏီ"၊ "အမြန်ဆုံး တိုးတက်လာသော ကုမ္ပဏီ" နှင့် "ဝန်ထမ်းများ အလုပ်လုပ်ချင်ဆုံး ကုမ္ပဏီ" စသည့် ဂုဏ်ထူးဆောင် ဘွဲ့ထူးများကို အဆက်မပြတ် ရရှိနေခဲ့ခြင်းပင်။

NVIDIA တိုးတက်လာခြင်းသည် ရှောင်လွှဲ၍မရဘဲ ATI ကို ဆုတ်ယုတ်သွားစေခဲ့သည်။ မူလက ATI ရယူထားသော ဈေးကွက်ဝေစုမှာ သုံးပုံတစ်ပုံကျော် ကျဆင်းသွားခဲ့ရသလို၊ အမြတ်အစွန်းများမှာလည်း အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်။

ထို့အပြင် လွန်ခဲ့သော နှစ်နှစ်အတွင်း၌ ထူးခြားသော စွမ်းဆောင်ရည်ရှိသည့် ဗီဒီယိုကတ်များကိုလည်း ထုတ်ဝေနိုင်ခြင်း မရှိခဲ့ပါချေ။ ပြောင်းပြန်အားဖြင့် NVIDIA ကမူ ထုတ်ကုန်သစ်များကို အဆက်မပြတ် မိတ်ဆက်ကာ၊ မီဒီယာများတွင်လည်း နေရာအမြဲ ရယူနေခဲ့သည်။ ထို့ပြင် ဧရာမ PC ထုတ်လုပ်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များ ချုပ်ဆိုနိုင်ခဲ့သဖြင့်၊ ATI ၏ ဈေးကွက်တန်ဖိုးမှာ တဖြည်းဖြည်း ထိုးကျလာခဲ့ရတော့သည်။

သူ၏ အရင်ဘဝတွင်မူ ATI ကို AMD က ဝယ်ယူ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုဝယ်ယူမှုကြောင့်ပင် AMD သည် ဘဏ္ဍာရေး အကြပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ CPU နှင့် Graphics Card နယ်ပယ် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း ထိန်းကျောင်းနေရသဖြင့် သုတေသန ရန်ပုံငွေမှာ သိသိသာသာ မလုံလောက်ခဲ့ပါချေ။

CPU နယ်ပယ်တွင် Intel နှင့် ကွာဟချက် ကြီးမားနေသဖြင့် AMD သည် ရန်ပုံငွေ အများစုကို ATI ဗီဒီယိုကတ် သုတေသနဘက်သို့ ပုံအောခဲ့သည်။ ၎င်းတို့သည် ATI အား NVIDIA ကို အစဉ်တစိုက် ဖိနှိပ်ထားနိုင်မည့် ဈေးကွက်ဘုရင်အဖြစ် ရှိနေစေချင်ခဲ့ခြင်းပင်။ ဖုန်းယွီ မွေးဖွားခြင်းမပြုမီ အချိန်အထိ NVIDIA နှင့် AMD တို့သည် တစ်ဦးနှင့်တစ်ဦး အသေအလဲ အားပြိုင်နေခဲ့ကြရသည်။

ထိုအချိန်တွင် AMD သည် Graphics Cardမှ ရရှိသော အမြတ်များကို CPU သုတေသနဘက်သို့ ပြန်လည်ထည့်ဝင်ခဲ့သည်။ ဤသည်မှာ AMD ၏ ဗျူဟာပင်။ အားသာချက်ရှိသော ထုတ်ကုန်ဖြင့် အားနည်းချက်ရှိသော ထုတ်ကုန်ကို ပြန်လည်ဆွဲတင်ခြင်း ဖြစ်သည်။ အရိုးရှင်းဆုံး ဥပမာမှာ AMD ၏ Graphics Cardများသည် စွမ်းဆောင်ရည် မြင့်မားသော်လည်း၊ Intel၏Motherboardများနှင့် အဆင်မပြေဖြစ်အောင် တမင်ဖန်တီးထားလေ့ ရှိခြင်းပင်။

သို့သော်လည်း ဤအချက်ကြောင့်ပင် NVIDIA အတွက် အခွင့်အရေး ဖြစ်ပေါ်စေခဲ့ပြီး၊ ၎င်းအား ပိုမို ကြီးထွားလာစေခဲ့သည်။ ထိုစဉ်က AMD အနေဖြင့် အမြတ်ရခဲ့သလား သို့မဟုတ် အရှုံးပေါ်ခဲ့သလား ဆိုသည်မှာ ဝေခွဲရ ခက်လှပေသည်။

ယခုဘဝတွင်မူ AMD နှင့် NVIDIA တို့မှာ မိသားစုတစ်ခုတည်းကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်ရာ၊ သမိုင်းကြောင်းမှာ ဖုန်းယွီ၏ လက်ထဲတွင် အပြီးတိုင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကံကောင်းသည်မှာ ဤကုမ္ပဏီ နှစ်ခုမှာ သီးခြားစီ တည်ရှိနေကြခြင်းပင်။ အချို့သော ပူးပေါင်းဆောင်ရွက်မှုများ ရှိနေစေဦးတော့၊ များစွာတော့ မဟုတ်ပါချေ။ ၎င်းတို့သည် မိမိတို့၏ အဓိက လုပ်ငန်းများကိုသာ အာရုံစိုက် လုပ်ဆောင်နေကြသည်။ ဤသို့ဆိုလျှင် AMD ၏ CPU ဖွံ့ဖြိုးတိုးတက်မှုမှာ အရင်ဘဝကဲ့သို့ အတက်အကျများ ရှိနေတော့မည် မဟုတ်သလို၊ ဖုန်းယွီအနေဖြင့်လည်း NVIDIA အား ယခုထက် ပိုမို လျင်မြန်စွာ တိုးတက်လာစေရန် ယုံကြည်ချက် အပြည့် ရှိနေခဲ့သည်။

NVIDIA ၏ Graphics Card စွမ်းဆောင်ရည်မှာ အဆက်မပြတ် တိုးတက်နေသလို၊ အဆင့်မြှင့်တင်မှု အရှိန်အဟုန်မှာလည်း အလွန်ပင် မြန်ဆန်လှပေသည်။ သက်ဆိုင်ရာ နည်းပညာ ရင်းနှီးမြှုပ်နှံမှုများမှာလည်း များပြားလှပေသည်။ အရင်ဘဝတွင်မူ NVIDIA သည် ရန်ပုံငွေ ရှာဖွေမှု အကြိမ်ကြိမ် ပြုလုပ်ပြီးမှသာ လျင်မြန်စွာ တိုးတက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုဘဝတွင်မူ ဖုန်းယွီကသာ အဆက်မပြတ် ရင်းနှီးမြှုပ်နှံပေးနေသဖြင့်၊ NVIDIA တွင် သုတေသန လုပ်ဆောင်ရန် ငွေကြေး ပူပန်စရာ မလိုပါချေ။

သို့သော်လည်း NVIDIA ၏ နည်းပညာ ရန်ပုံငွေ လိုအပ်ချက်မှာ ပိုပိုကြီးမားလာခဲ့သည်။ ခါမီဒါ မာဆာအိုက ဖုန်းယွီအား ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှု မပြုတော့ဘဲ၊ NVIDIA ကို စတော့ဈေးကွက် (IPO) တက်လှမ်းရန် စီစဉ်သင့်ကြောင်း အကြံပြုခဲ့သည်။

အခြားသူများ၏ ငွေကို အသုံးချကာ မိမိအတွက် ငွေရှာခြင်းသည်သာ အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှု မဟုတ်ပါလား။

ဖုန်းယွီသည်လည်း သဘောတူလိုက်သည်။ ဤကဲ့သို့သော Hardware ထုတ်လုပ်သူများမှာ နည်းပညာ အောင်မြင်မှုကို လိုက်လံ ဆွဲကိုင်နိုင်ရန်အတွက် ငွေများကို အမြောက်အမြား မီးရှို့နေကြရသည် မဟုတ်ပါလား။

အခြားတစ်ဖက်တွင်မူ AMD သည် မူလကပင် စတော့တင်ထားသော ကုမ္ပဏီဖြစ်သဖြင့် ရန်ပုံငွေ ပြဿနာ မရှိပါချေ။ ပြောင်းပြန်အားဖြင့် ဖုန်းယွီက မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာ အများစုကို ဝယ်ယူပြီးနောက်၊ ထပ်မံ၍ ရင်းနှီးမြှုပ်နှံမှု မပြုခဲ့စေဦးတော့၊ AMD ၏ တိုးတက်မှုနှုန်းမှာ ဖုန်းယွီထင်မှတ်ထားသည်ထက်ပင် ပိုမို မြန်ဆန်နေခဲ့သည်။

"Boss... AMD အနေနဲ့ Intel ကို 'အမာခံစနစ် နှစ်ခု'ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး လူသိရှင်ကြား စိန်ခေါ်လိုက်တာဟာ အရမ်းကောင်းမွန်တဲ့ ဖြန့်ချိရေး တစ်ခု ဖြစ်လာပါလိမ့်မယ်။ AMD ရဲ့ စမ်းသပ်ချက်တွေအရဆိုရင်၊ သူတို့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို သာလွန်နေတာပါ။ AMD ဒါရိုက်တာ အဖွဲ့ဝင်တွေကလည်း Intel နဲ့ ယှဉ်ပြိုင်ဖို့ သဘောတူလိုက်ကြပါပြီ။ ဒီစမ်းသပ်ပွဲကို အမေရိကန်မှာ လုပ်မလား၊ တရုတ်ပြည်မှာ လုပ်မလား။ ဒါမှမဟုတ် ဥရောပမှာ လုပ်မလား” ရဲလ်ဖ်က ဖုန်းဆက်ကာ အစီရင်ခံလိုက်သည်။

"ဪ... အမာခံစနစ် နှစ်ခုပါတဲ့ ပရိုဆက်ဆာအသစ် ထွက်လာပြီပေါ့။ အရမ်းကောင်းတယ်။ ပြိုင်ပွဲကိုတော့ တရုတ်ပြည်မှာပဲ လုပ်ကြတာပေါ့။ ဒါမှသာ IT နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေက တရုတ်ပြည်ကို ပိုပြီး အာရုံစိုက်လာကြမှာပေါ့” ဖုန်းယွီက ခေတ္တမျှ စဉ်းစားပြီးနောက် ဆိုလိုက်သည်။

"ကောင်းပါပြီ... ဒါဆိုရင် ပေကျင်းမှာပဲ လုပ်ကြမလား။ ကျွန်တော် AMD ကို အကြောင်းကြားပြီး Intel ဆီကို ပြိုင်ပွဲကြေညာစာ တရားဝင် ပို့ခိုင်းလိုက်ပါ့မယ်"

"ရပါတယ်... ဒီဘက်က ပြိုင်ပွဲ ကျင်းပမယ့် နေရာကိုတော့ ငါပဲ စီစဉ်ပေးမယ်။ ‘Wind and Rain အဆောက်အအုံ'ကတော့ အတော်လေး သင့်တော်မယ်လို့ ထင်တယ်"

ဤသို့ဖြင့် သတင်းများတွင် ဖော်ပြသည့်အခါ 'Songjiang အဆောက်အအုံ' ဟူသော အမည်ကိုပါ ထည့်သွင်း ပြောကြားသွားမည်ဖြစ်ရာ၊ ဤသည်မှာလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် ကြော်ငြာဝင်ခြင်းပင် ဖြစ်သည်။ ဖုန်းယွီသည် သူ၏ လုပ်ငန်းစုများအတွက် အပြုသဘောဆောင်သော ဝါဒဖြန့်ချိရေး အခွင့်အရေးမှန်သမျှကို လက်လွှတ်မည့်သူ မဟုတ်ပါချေ။ ထို့ထက်ပိုသည်မှာ စမ်းသပ်ရာတွင် အသုံးပြုမည့် အခြားသော ကိရိယာများကိုလည်း Lenovoအုပ်စုက ပံ့ပိုးပေးမည်ဖြစ်ရာ၊ Lenovo၏ အမှတ်တံဆိပ် သြဇာညောင်းမှုကိုပါ တစ်ပါတည်း မြှင့်တင်နိုင်မည် မဟုတ်ပါလား။

"မင်း ဘာပြောလိုက်တယ်။ AMD က မီဒီယာတွေကနေတစ်ဆင့် ငါတို့ကို ကြေညာလိုက်တယ် ဟုတ်လား။ 'အမာခံစနစ် နှစ်ခု' ပါတဲ့ ပရိုဆက်ဆာ စွမ်းဆောင်ရည်ကို ယှဉ်ပြိုင်ဖို့ပေါ့လေ”

Intel ၏ CEO ဖြစ်သူ ဘင်ဂျမင်တစ်ယောက် ရုတ်ခြည်းပင် ပြဿနာ အကြီးအကျယ် တက်ပြီဖြစ်ကြောင်း ရိပ်မိလိုက်သည်။ တစ်ဖက်လူက ဤမျှအထိ လူသိရှင်ကြား စိန်ခေါ်ဝံ့မှတော့၊ ၎င်းတို့တွင် အနိုင်ရရန်အတွက် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိနေသောကြောင့်သာ ဖြစ်ရပေမည်။

ဘင်ဂျမင် တစ်ယောက် ရင်ထဲတွင် အလွန်ပင် ဒေါသထွက်နေမိသည်။ ဤသည်မှာ Intel ကို ခြေနင်းခုံအဖြစ် အသုံးချကာ၊ ၎င်းတို့၏ အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးစားခြင်းပင် မဟုတ်ပါလား။

အားလုံးက ပြိုင်ဘက်တွေပဲလေ၊ ခင်ဗျားတို့မှာ ထုတ်ကုန်အသစ် ရှိရင်လည်း ကိုယ့်ဘာသာကိုယ် ကြော်ငြာပါလား၊ ဘာဖြစ်လို့ ငါတို့ကို လာပြီး ဆွဲထည့်နေရတာလဲ။

လက်ရှိတွင် Intel သည် သူ၏ အဓိက အားအင်များကို 'ဆာဗာ' သုံး ပရိုဆက်ဆာများဘက်တွင်သာ အသုံးချနေခဲ့သဖြင့်၊ PC သုံး ပရိုဆက်ဆာ နယ်ပယ်တွင် အနည်းငယ် နောက်ကျကျန်နေခဲ့သည်။ မမျှော်လင့်ဘဲ AMD က ထိုဟာကွက်ကို အသုံးချကာ အခွင့်အရေး ယူသွားလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပါချေ။

ယခုအခါ ဘင်ဂျမင် တစ်ယောက် အကြီးအကျယ် ခေါင်းခဲနေရပြီ ဖြစ်သည်။ အကယ်၍ စိန်ခေါ်မှုကို လက်ခံလိုက်မည်ဆိုပါက၊ သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်ရာ Intel ၏ သိက္ခာကျဆင်းသွားမည်ဖြစ်သလို၊ AMD ၏ ထုတ်ကုန်များမှာလည်း အလုအယက် ရောင်းချရပေလိမ့်မည်။ အကယ်၍ စိန်ခေါ်မှုကို ငြင်းပယ်လိုက်မည် ဆိုပါကလည်း AMD က ဤအချက်ကို အသုံးချကာ သတင်းဖြန့်တော့မည်ဖြစ်ရာ၊ ရလဒ်မှာ အတူတူပင် ဖြစ်သည်။ Intel၏ သိက္ခာကျဆင်းကာ AMD ကသာ အကျိုးအမြတ် ရရှိသွားပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေ... Intel အတွက်တော့ အရှုံးနှင့်သာ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဒီလောက်အထိ ယုတ်မာလှတဲ့ အကွက်ကို... ဘယ်သူကများ စဉ်းစားခဲ့တာလဲ။

အခန်း (၁၃၉၉) ဖြစ်နိုင်ပါ့မလား။

"ဒီပြိုင်ပွဲမှာ ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ AMD ကတော့ အသာစီး ရသွားမှာ အသေအချာပဲ။ ဒါဆိုရင်တော့ ဘာမှ ထုတ်မပြောဘဲ နေလိုက်တာထက် နည်းပညာတွေကို အရှိန်အဟုန်နဲ့ မြှင့်တင်ပြီး AMD ရဲ့ 'Dual-coreပါ' ပရိုဆက်ဆာထက် သာလွန်တဲ့ အရာတစ်ခုကို အမြန်ဆုံး ထုတ်ပြတာကမှ ပိုကောင်းလိမ့်မယ်။ အဲဒီကျမှ သူတို့ကို ခြေဖဝါးအောက် ပြန်နင်းခြေပစ်တာပေါ့” Intel ၏ ဒါရိုက်တာတစ်ဦးက အကြံပြုလိုက်သည်။

ဘင်ဂျမင်က မျက်မှောင်ကြုတ်လျက် ပြန်လည် တုံ့ပြန်လိုက်သည်။ "ဘာမှ ထုတ်မပြောဘဲ နေမယ် ဟုတ်လား။ ဒါဆိုရင် ငါတို့ Intel ရဲ့ အမှတ်တံဆိပ် တန်ဖိုးက သေချာပေါက် ထိခိုက်သွားမှာပေါ့”

"ကျွန်တော့်အမြင်အရတော့ တခြားလမ်းကြောင်းတစ်ခုကနေ စဉ်းစားလို့ ရပါတယ်။ AMD က ယှဉ်ပြိုင်ချင်တယ် မဟုတ်လား။ ဒါဆိုရင် ထုတ်ကုန်တစ်ခုတည်းနဲ့ ပြိုင်လို့ မဖြစ်ဘူး။ ငါတို့ဆီမှာရှိတဲ့ ထုတ်ကုန် အမျိုးမျိုးကို ထုတ်ပြပြီး သူတို့နဲ့ ယှဉ်ပြိုင်ခိုင်းရမယ်။ ပြိုင်ပွဲတစ်ခုရဲ့ အရှုံးအနိုင်က အရေးမကြီးပါဘူး၊ ငါတို့ အနိုင်ရတဲ့ ထုတ်ကုန် အရေအတွက်က ပိုများနေဖို့ပဲ လိုတာ။ ဒါဆိုရင် ဒီပြိုင်ပွဲကြောင့် ဖြစ်လာမယ့် ဆိုးကျိုးတွေကို လျှော့ချနိုင်ရုံတင်မကဘဲ၊ ငါတို့ရဲ့ ပုံရိပ်ကိုပါ အပြုသဘောဆောင်တဲ့ ဘက်ကို ပြန်လှည့်လို့ ရနိုင်တယ်” အခြားဒါရိုက်တာ တစ်ဦးက ဖြည့်စွက် ပြောဆိုလိုက်သည်။

ဘင်ဂျမင်၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့သည်။ ဟုတ်သားပဲ... ပြိုင်ပွဲဆိုမှတော့ ထုတ်ကုန်တစ်ခုတည်းနဲ့ မဖြစ်သင့်ပါချေ။ Intel ၏ ထုတ်ကုန် အမျိုးအစားမှာ AMD ထက် ပိုမိုစုံလင်လှသလို၊ စွမ်းဆောင်ရည် မြင့်မားသော ထုတ်ကုန်များမှာလည်း အမြောက်အမြား ရှိနေသည် မဟုတ်ပါလား။ ၎င်းတို့သည် ထုတ်ကုန် အမျိုးမျိုးကို ရွေးချယ်ကာ နှိုင်းယှဉ်ပြခြင်းအားဖြင့် AMD၏ ယခု အောင်မြင်မှုမှာ ခေတ္တခဏ မျှသာ ဖြစ်ပြီး၊ Intel အနေဖြင့် အချိန်မရွေး ကျော်တက်နိုင်ကြောင်း လူထုကို သိရှိစေရန် ကြံစည်လိုက်တော့သည်။

"မန်နေဂျာဖုန်း... ယခုတစ်ကြိမ် AMD နဲ့ Intel တို့ရဲ့ နည်းပညာ အားပြိုင်ပွဲကို ပေကျင်းမှာ ကျင်းပဖို့ ရွေးချယ်လိုက်တာဟာ သက်ရောက်မှု မသေးလှဘူး။ အထူးသဖြင့် အင်တာနက်ပေါ်မှာ ကြည့်လိုက်ပါဦး... လူအတော်များများက ကမ္ဘာ့ ထိပ်တန်း ပရိုဆက်ဆာ ကုမ္ပဏီကြီး နှစ်ခုက တရုတ်ပြည်ကို လာပြီး ကြွားလုံးထုတ်နေကြတယ်၊ Lenovoကတော့ အရှက်ကွဲနေတာတောင်မှ မျက်နှာပန်း လှနေသေးတယ် ဆိုပြီး ဝေဖန်နေကြတယ်” လျူချွမ်းကျစ်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။

"ဒီသတင်းတွေကို ငါ မြင်ပါတယ်။ အင်တာနက် အသုံးပြုသူတွေ ဆိုတာကလည်း နိုင်ငံတော်အတွက် စိုးရိမ်ပူပန်တတ်ကြတဲ့ သူတွေပဲလေ။ ဒါပေမဲ့ ဒီကိစ္စကို လွယ်လွယ်ကူကူပဲ ဖြေရှင်းလို့ ရပါတယ်။ ငါ ကျုံးချင်းရှန်ကို မှာထားလိုက်မယ်၊ Songjiang ဟိုးဒင်းဟာ AMD ရဲ့ ရှယ်ယာရှင် တစ်ဦးဖြစ်ကြောင်း သတင်းကို ဝဘ်ဆိုက်တွေပေါ်မှာ ဖြန့်ခိုင်းလိုက်ပါ။ အဲဒီအခါကျရင်တော့ လူတွေ ဘယ်သူ့ကို အားပေးရမလဲဆိုတာ သိသွားကြလိမ့်မယ်” ဖုန်းယွီက အေးအေးလူလူပင် ဆိုလိုက်သည်။

လျူချွမ်းကျစ်က ခေါင်းညိတ် ထောက်ခံလိုက်သည်။ "ဒါဆိုရင်တော့ လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီပေါ့။ လူတွေက AMD ကို တခဲနက် အားပေးကြမှာ အသေအချာပါပဲ။ ကျွန်တော့်အမြင်အရတော့ တရုတ်ဈေးကွက်မှာ AMD ရဲ့ ရောင်းအားဟာ နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်းသွားဦးမှာ"

"AMD ရဲ့ ပရိုဆက်ဆာတွေက မူလကတည်းက စွမ်းဆောင်ရည်ပိုင်းမှာ Intel ကို ရင်ဘောင်တန်းနိုင်သလို၊ ဈေးနှုန်းကလည်း ပိုပြီးသင့်တင့်လှပါတယ်။ သာမန် အသုံးပြုသူတွေအတွက်ဆိုရင် AMD ကို ရွေးချယ်တာကသာ အကျိုးအကြောင်း အရှိဆုံးပဲလေ။ ထပ်ပြောရရင် ယခုတစ်ကြိမ်မှာ သူတို့ရဲ့ ထုတ်ကုန်က Intelထက် ပိုကောင်းနေတာမို့၊ နောင်ကျရင် AMD က Intel လက်ထဲက ဈေးကွက်တွေကို တဖြည်းဖြည်း ဝါးမြိုသွားလိမ့်မယ်။ အနာဂတ်မှာ သူတို့ နှစ်ခုဟာ အပြန်အလှန် အားပြိုင်နိုင်တဲ့ အဆင့်အထိ ရောက်လာမှာပါ"

သူ၏ အရင်ဘဝတွင်မူ AMD သည် ဤရည်မှန်းချက်ကို မအောင်မြင်ခဲ့ပါချေ။ သို့သော် ယခုဘဝတွင်မူ မသေချာတော့ပါချေ။ AMD သည် လွန်ခဲ့သောနှစ်က Bulldozer ဟု အမည်ပေးထားသော Motherboard ဗိသုကာ ဒီဇိုင်းသစ် တစ်ခုကို တင်ပြခဲ့သည်။ ၎င်းမှာ လက်ရှိတွင် အလွန် အရေးကြီးသော သုတေသန လုပ်ငန်းတစ်ခု ဖြစ်နေခဲ့ပြီ။ အကယ်၍ အောင်မြင်ခဲ့မည်ဆိုပါက အချို့သော နယ်ပယ်များတွင် Intel ကို ကျော်တက်နိုင်မည် ဖြစ်သည်။

"ဒါပေမဲ့ ဒီတစ်ခါမှာ Intel က ပရိုဆက်ဆာ အမျိုးမျိုးကို ထုတ်ပြီး AMD နဲ့ နှိုင်းယှဉ်ပြဖို့ ရွေးချယ်ထားတယ်။ 'Dual-coreပါ' စနစ်ကလွဲရင် ကျန်တဲ့ နေရာတွေမှာ AMD က အသာစီး မရနိုင်တဲ့အပြင်၊ အားနည်းချက်တွေတောင် ရှိနေနိုင်သေးတယ်” လျူချွမ်းကျစ်က သတိပေးလိုက်သည်။

"အဲဒါ ဘာဖြစ်လဲ။ ဈေးနှုန်းတွေကိုကော နှိုင်းယှဉ်ကြည့်ကြရဲ့လား။ သူတို့ရဲ့ စွမ်းဆောင်ရည်က ပိုကောင်းနေစေဦးတော့၊ ငါတို့ရဲ့ ဈေးနှုန်းက ပိုပြီး သက်သာတာပဲလေ။ ငါ ဆိုလိုတာက AMD အနေနဲ့ ဈေးပေါတဲ့ လမ်းစဉ်ကို လျှောက်လှမ်းပြီး၊ အဆင့်မြင့် ဈေးကွက်ကို Intel လက်ထဲ ပုံအပ်ထားမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ငါ အလိုရှိတာက သုံးစွဲသူတွေကြားမှာ 'ကွန်ပျူတာ ဟတ်ဒ်ဝဲတွေဟာ အရမ်းမြန်မြန်ဆန်ဆန် အဆင့်မြင့်နေတာမို့၊ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်း မျှတမှု အရှိဆုံးကို ရွေးချယ်တာကသာ အကောင်းဆုံးဖြစ်တယ်' ဆိုတဲ့ အယူအဆကို ပြန့်နှံ့သွားစေချင်တာပါ"

Desktop ကွန်ပျူတာ တစ်လုံးကိုပင် အဆင့်မြင့် ပစ္စည်းများဖြင့် စိတ်ကြိုက် တပ်ဆင်မည်ဆိုပါက ယခုအချိန်တွင် ယွမ် နှစ်သောင်းခန့်အထိ ကျသင့်နိုင်ပေသည်။ ကြည်လင်ပြတ်သားသော LCD စခရင် တစ်ခုတည်းတင် ယွမ် ထောင်ဂဏန်း ရှိသလို၊ စွမ်းဆောင်ရည်မြင့် Graphics card များမှာလည်း ဈေးနှုန်း အလွန် ကြီးမားလှပေသည်။

သို့သော်လည်း သာမန်လူတစ်ဦးအဖို့မူ ထိုအရာများမှာ လုံးဝ မလိုအပ်ပါချေ။ ပုံမှန်အားဖြင့် ယွမ် ငါးထောင်၊ ခြောက်ထောင်ခန့်ဖြင့် စုဆောင်းထားသော ကွန်ပျူတာ တစ်လုံးသည်ပင် နှစ်ပေါင်းများစွာအထိ အသုံးခံနိုင်သည် မဟုတ်ပါလား။

ထိုကဲ့သို့သော အဆင့်မြင့် ပစ္စည်းများမှာ တစ်ဖက်တွင် ငွေကြေး ကြွယ်ဝသူများအတွက် ရည်ရွယ်ခြင်း ဖြစ်သလို၊ နောက်တစ်ဖက်တွင်မူ ငွေကို ဂရုမစိုက်သော ကုမ္ပဏီကြီးများနှင့် အစိုးရ ဌာနများကို ရည်ရွယ်ခြင်း ဖြစ်သည်။

သူ၏ အရင်ဘဝတုန်းက သူ ကြားဖူးထားသည်မှာ အစိုးရ ဌာနများတွင် ဝယ်ယူထားသော ကွန်ပျူတာ အတော်များများမှာ ဈေးကွက်ပေါက်ဈေးထက် များစွာ ပိုမိုမြင့်မားနေတတ်သည် ဟူ၍ပင်။ ဈေးကွက်ထဲတွင် ရောင်းမထွက်တော့သော ပစ္စည်းများမှာ အစိုးရ သို့မဟုတ် နိုင်ငံပိုင် လုပ်ငန်းများ၏ ရုံးခန်းများထဲသို့ လှည့်ပတ် ရောက်ရှိသွားကြသည် မဟုတ်ပါလား။

ယခုဘဝတွင်လည်း အခြေအနေများမှာ များစွာ ပြောင်းလဲခြင်း မရှိသေးပါချေ။ ထိုကဲ့သို့သော စွမ်းဆောင်ရည် ညံ့ဖျင်းသည့် ပစ္စည်းများကိုပင် ရောင်းထွက်အောင် လုပ်နိုင်သော "ရွှေတံဆိပ်" အရောင်းဝန်ထမ်းများ အမြဲ ရှိနေတတ်သည် မဟုတ်ပါလား။ ထိုကိစ္စ၏ နောက်ကွယ်တွင် မည်သို့သော လျှို့ဝှက်ချက်များ ရှိနေသည်ကိုမူ အတတ်မပြောနိုင်ပါချေ။

ဖုန်းယွီ၏ စကားများကို နားထောင်ရင်း လျူချွမ်းကျစ်မှာ အတွေးနက်နေမိသည်။ သူ စဉ်းစားနေသည်မှာ Lenovoအနေဖြင့်လည်း ဤနည်းလမ်းကို အသုံးပြုကာ၊ ထုတ်ကုန်များ၏ စွမ်းဆောင်ရည်ကို ပြသခြင်းအားဖြင့် ရောင်းအားကို မြှင့်တင်နိုင်မည်လား ဟူ၍ပင်။

မူလက Lenovo၏ PC ဌာနနှင့် IBM ၏ PC ဌာနတို့သည် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။ နှစ်ဦးနှစ်ဖက်မှာ အပြန်အလှန်အားဖြင့် အဓိက ဈေးကွက်များတွင် ကိုယ်စားလှယ်ယူ ရောင်းချပေးခဲ့ကြသဖြင့် အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်ဟု ထင်ရသည်။

သို့သော်လည်း မကြာမီမှာပင် IBM ဘက်က မကျေမနပ် ဖြစ်လာခဲ့သည်။ အကြောင်းမှာ Lenovo၏ ရောင်းအားမှာ အလျင်အမြန် တိုးတက်လာခဲ့သော်လည်း၊ IBM ၏ ရောင်းအားမှာမူ တန့်နေခဲ့သောကြောင့် ဖြစ်သည်။ IBM သည် ဟတ်ဒ်ဝဲရော ဆော့ဖ်ဝဲလ်ပါ နှစ်မျိုးစလုံးကို လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်စေကာမူ၊ ၎င်းတို့သည် လုပ်ငန်း နှစ်ခုစလုံးကို အပြည့်အဝ အာရုံမစိုက်နိုင်တော့ကြောင်း သတိပြုမိလာကြသည်။ ထို့ကြောင့် ၎င်းတို့သည် PC လုပ်ငန်းကို ရောင်းချပစ်ရန် စတင် ကြံစည်လာခဲ့ကြသည်။

Lenovoသည်လည်း နယ်မြေချဲ့ထွင်ရန် အခွင့်ကောင်းကို စောင့်နေသူ ဖြစ်သဖြင့် IBM နှင့် စတင် ဆွေးနွေးခဲ့ကြသည်။ "ခင်ဗျားတို့ရဲ့ PC လုပ်ငန်းကို ငါတို့ဆီ ရောင်းလိုက်ပါလား။ ငါတို့က ငွေသားအပြင် Lenovoအုပ်စု ရဲ့ ရှယ်ယာတွေကိုပါ ပေးအပ်သွားမှာပါ။ ဒါဟာ အင်အားကြီး နှစ်ခု ပေါင်းစည်းလိုက်ခြင်း ဖြစ်သလို၊ ငါတို့ရဲ့ PC လုပ်ငန်းဟာ ကမ္ဘာ့နံပါတ်တစ် ဖြစ်လာမှာမို့ စတော့ဈေးနှုန်းတွေလည်း သေချာပေါက် တက်လာမှာပါ” ကမ်းလှမ်းခဲ့သည်။

အစပိုင်းတွင် IBM သည် ဤကမ်းလှမ်းချက်အပေါ် စိတ်ဝင်စားမှု ရှိခဲ့သလို၊ နှစ်ဦးနှစ်ဖက်မှာလည်း ရိပ်ဖမ်းသံဖမ်းဖြင့် ဆွေးနွေးခဲ့ကြရာ လျူချွမ်းကျစ် တစ်ယောက် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။

IBM သည် PC လောက၏ ရှေ့ဆောင်လမ်းပြ တစ်ဦး ဖြစ်နေဆဲ ဖြစ်ရာ၊ အကယ်၍သာ ၎င်းတို့၏ လုပ်ငန်းကို ဝယ်ယူနိုင်မည်ဆိုပါက နည်းပညာများစွာကို ရရှိနိုင်မည် ဖြစ်သည်။ ထို့ထက် အရေးကြီးသည်မှာ IBM ၏ အရောင်းကွန်ရက်များကိုပါ အပိုင်ရရှိမည်ဖြစ်ရာ၊ မြောက်အမေရိကနှင့် ဥရောပ ဈေးကွက်တွင် Lenovo ၏ ရောင်းအားမှာ တဟုန်ထိုး တက်လှမ်းသွားမည်မှာ အသေအချာပင်။

သို့သော်လည်း အဘယ်ကြောင့် မသိ၊ ယခုအခါတွင်မူ IBM ၏ သဘောထားမှာ ဝေခွဲရခက်သော အနေအထားသို့ ရောက်ရှိသွားခဲ့ရာ လျူချွမ်းကျစ် အဖို့ များစွာ စိတ်မသက်မသာ ဖြစ်နေရသည်။

သူသည် မြောက်အမေရိကတွင် စွမ်းဆောင်ရည် နှိုင်းယှဉ်ပွဲ တစ်ခု ပြုလုပ်ကာ Lenovo ၏ အမှတ်တံဆိပ်ကို မြှင့်တင်ခြင်းဖြင့် ရောင်းအား တက်အောင် လုပ်ဆောင်သင့်သလား၊ သို့မဟုတ်လျှင်လည်း IBM မငြင်းနိုင်လောက်သော အခြေအနေမျိုးကို ထပ်မံ ကမ်းလှမ်းသင့်သလားဟု စဉ်းစားနေမိသည်။

"မန်နေဂျာဖုန်း... ခင်ဗျားအမြင်အရ Lenovo က IBM ရဲ့ PC လုပ်ငန်းကို ဝယ်ယူလိုက်တာကော ဖြစ်နိုင်ပါ့မလား” လျူချွမ်းကျစ် က မအောင့်နိုင်ဘဲ မေးမြန်းလိုက်သည်။

"ဒါကတော့ ခင်ဗျား ဘယ်လို တွက်ဆသလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ အမှန်အတိုင်း ပြောရရင် ဝယ်ယူခြင်းမှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိသလို၊ မဝယ်ဘဲ နေခြင်းမှာလည်း အားသာချက်၊ အားနည်းချက်တွေ ရှိတာပါပဲ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကြံပြုချက်ကတော့... လောလောဆယ်မှာ မဝယ်ပါနဲ့ဦး။ ငါတို့ဘက်က IBM ကို ဈေးကွက်ထဲမှာ အရင်ဆုံး အလဲထိုး လိုက်ပြီးမှ၊ ဝယ်ယူမယ့် ကိစ္စကို ပြန်ပြီး ဆွေးနွေးတာက ပိုကောင်းပါလိမ့်မယ်” ဖုန်းယွီက ပြုံးလျက် ဆိုလိုက်သည်။

"IBM ကို အလဲထိုးမယ်။ ဒါဟာ... ဖြစ်နိုင်ပါ့မလား။ IBM မှာက မြောက်အမေရိက အစိုးရရဲ့ အော်ဒါတွေရော၊ ကုမ္ပဏီကြီးတွေရဲ့ အော်ဒါတွေပါ အခိုင်အမာ ရှိနေတာလေ။ ငါတို့ရဲ့ ထုတ်ကုန်တွေက စွမ်းဆောင်ရည်နဲ့ ဈေးနှုန်း မျှတမှု ရှိနေစေဦးတော့၊ 'အရောင်းအပြီး ဝန်ဆောင်မှု'ပိုင်းမှာ သူတို့ကို မမီသေးတာက ငါတို့ရဲ့ ရောင်းအားကို အကြီးအကျယ် ထိခိုက်စေနေတာ"

မည်သည့် ကွန်ပျူတာမဆို ပျက်စီးနိုင်ခြေ ရှိသည်သာ ဖြစ်သည်။ သို့သော် IBM တွင် မြောက်အမေရိက တစ်ခွင်၌ များပြားလှသော ပြင်ဆင်ရေး စင်တာများ ရှိနေသော်လည်း၊ Lenovoတွင်မူ ထိုသို့ မရှိပါချေ။ Lenovo အနေဖြင့် IBM အား ၎င်းတို့၏ ဝန်ဆောင်မှု ကွန်ရက်ကို အသုံးပြုခွင့်ပေးရန် တောင်းဆိုခဲ့သော်လည်း IBM က ငြင်းပယ်ခဲ့သည် မဟုတ်ပါလား။

"IBMရဲ့ အစိုးရ အော်ဒါတွေကိုတော့ လုံခြုံရေး အကြောင်းပြချက်တွေကြောင့် ငါတို့ လုယူနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမဲ့ ကုမ္ပဏီကြီးတွေရဲ့ အော်ဒါတွေကိုတော့ မသေချာဘူးနော်။ IBM မဟုတ်ရင်ကော တခြားသော ကုမ္ပဏီတွေက ငါတို့ရဲ့ ဝန်ဆောင်မှုပိုင်းကို တာဝန်ယူပေးမှာ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ ထပ်ပြောရရင်... နောက်ထပ် သုံးနှစ်မပြည့်ခင်မှာပဲ ငါတို့ရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေနဲ့ IBMရဲ့ PC လုပ်ငန်းကို သေချာပေါက် ဖိနှိပ်ထားနိုင်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့... သူတို့ကိုယ်တိုင်ကပဲ ဒီလုပ်ငန်းကို ငါတို့ဆီ ရောင်းပါရစေဆိုပြီး လာပြီး တောင်းဆိုကြလိမ့်မယ်။ အဲဒီအချိန်မှာ ဝယ်တာကမှ ခင်ဗျားအတွက် တွက်ခြေအကိုက်ဆုံး ဖြစ်လိမ့်မယ်"

IBMက ငါတို့ဆီ လာပြီး ရောင်းပါရစေလို့ တောင်းဆိုမယ် ဟုတ်လား။ ဒါ... တကယ်ကော ဖြစ်နိုင်ပါ့မလား။

All Chapters