← Chapters

အခန်း (၁၄၀၀-၁၄၀၂)

Vol. 95 Ch. 1400-1402

အခန်း (၁၄၀၀-၁၄၀၂)

Vol. 95 Ch. 1400-1402

အခန်း (၁၄၀၀) Intel ဒူးထောက်သွားပြီ

ဖောက်... ဖောက်... ဒိုင်း... ဒိုင်း...

"ဟေ့... ဘာဖြစ်နေတာလဲ၊ ဒီနားက ရုံးခန်းအဆောက်အအုံတွေချည်းပဲ မဟုတ်လား။ စားသောက်ဆိုင်အသစ် ဖွင့်တာလား” အင်္ကျီအဖြူဝတ်ထားသည့် လူတစ်ဦးက ဘေးနားရှိ သူငယ်ချင်းဖြစ်သူကို မေးမြန်းလိုက်သည်။

"မဟုတ်ပါဘူး၊ စားသောက်ဆိုင်အသေးလေး တစ်ခုတောင်မှ နောက်ထပ် လမ်းတစ်လမ်းကျော်မှ ရှိတာလေ"

"ဒါဆိုရင် ဘာလို့ ယမ်းသံတွေ ကြားနေရတာလဲ” အင်္ကျီအဖြူဝတ်က ပြန်မေးသည်။

"ကုမ္ပဏီအသစ် တစ်ခုခု ဖွင့်ပွဲလုပ်နေတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"

"ဟေ့... ပြီးခဲ့တဲ့ တစ်ခေါက်က ဒီနားမှာ ကုမ္ပဏီအသစ်တစ်ခု ဖွင့်တုန်းက တွေ့တဲ့သူတိုင်းကို လက်ဆောင်လေးတွေ ပေးတယ်၊ မြန်မြန်သွားရအောင်၊ ငါတို့လည်း တစ်ခုခု ရနိုင်တာပေါ့"

လူနှစ်ဦးသည် အလောတကြီး ပြေးသွားကြရာ၊ ရှေ့တွင် လူအုပ်ကြီးမှာ ပင်လယ်ပြင်သဖွယ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ အပြင်ဘက်တွင် တားမြစ်စည်းများတားထားသလို၊ ရဲတပ်ဖွဲ့ဝင်များကပါ လုံခြုံရေးယူကာ စနစ်တကျ ထိန်းသိမ်းပေးနေကြသည်။

"အားပါး... ဒီကုမ္ပဏီကတော့ တကယ့်ကို အရှိန်အဝါ ကြီးမားတာပဲ။ ဖွင့်ပွဲလေး လုပ်တာကိုတောင် ရဲတွေကပါ လာပြီး စောင့်ရှောက်ပေးနေရတယ် ဟုတ်လား” အင်္ကျီအဖြူဝတ်လူသည် ခြေဖျားထောက်ကာ အတွင်းသို့ ချောင်းကြည့်ရင်း တအံ့တသြ ရေရွတ်နေမိသည်။

"ဘာ ဖွင့်ပွဲလဲ၊ ခင်ဗျား အခုမှ ရောက်လာတာလား။ ဒါက 'အားပြိုင်ပွဲ' ကျင်းပနေတာ!" ရှေ့မှ လူတစ်ယောက်က နောက်သို့ လှည့်ကြည့်ကာ အံ့အားသင့်နေသောလေသံဖြင့် ပြောလိုက်သည်။

"ဘာ... အားပြိုင်ပွဲ ဟုတ်လား။ ခင်ဗျား လျှောက်ပြောနေတာပဲ။ ရုံးခန်း အဆောက်အအုံထဲမှာ အားပြိုင်ပွဲ လုပ်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ အဲဒီစင်မြင့်က ဘယ်မှာလဲ၊ ရုံးခန်းထဲမှာလား၊ ဒါမှမဟုတ် အစည်းအဝေးခန်းထဲမှာလား” အင်္ကျီအဖြူဝတ်လူက ပြန်လည် ချေပလိုက်သည်။

"ဒါက 'နည်းပညာ အားပြိုင်ပွဲ' ၊ IT နည်းပညာ... ခင်ဗျား နားလည်ရဲ့လား! ကမ္ဘာ့အကြီးဆုံး CPU ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး နှစ်ခု ပြိုင်နေတာ။ CPU ဆိုတာ ဘာလဲဆိုတာရော ခင်ဗျား သိရဲ့လား”

အင်္ကျီအဖြူဝတ်လူမှာ အူကြောင်ကြောင် ဖြစ်သွားခဲ့ရသည်။ CPU ဆိုသည်မှာ ကွန်ပျူတာပေါ်ရှိ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းလောက်သာ သူ သိထားသော်လည်း၊ အမှန်တကယ် ဘာကို ဆိုလိုသည်ကိုမူ အာမခံ အရောင်းဝန်ထမ်းဖြစ်သော သူက မည်သို့ သိပါမည်နည်း။ သို့သော် သူက အရှုံးမပေးလိုသဖြင့်၊ မသိဘဲနှင့် သိသလိုမျိုး ဟန်ဆောင်ကာ

"ငါက မသိဘဲ နေမလား၊ ကွန်ပျူတာထဲက ပစ္စည်းတစ်ခုပဲလေ။ ခင်ဗျားကသာ ဒီလောက်အထိ ကြွားနေတာ၊ ခင်ဗျားရော တကယ် သိလို့လား” အင်္ကျီအဖြူဝတ်လူက 'ငါ သိတာပေါ့၊ ခင်ဗျားသာ မသိတာ' ဟူသော မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။

"ကြွားတယ် ဟုတ်လား။ ငါက ကွန်ပျူတာ ရောင်းတဲ့သူ၊ ငါ မသိဘဲ နေမလား”

"ဒါဆိုရင် ကမ္ဘာ့အကြီးဆုံး CPU ကုမ္ပဏီ နှစ်ခုက ငါတို့နဲ့ ဘာဆိုင်လို့လဲ။ သူတို့ နည်းပညာ ပြိုင်တာကို ဘာဖြစ်လို့ ငါတို့ဆီမှာ လာလုပ်နေရတာလဲ”

"ကြည့်ရတာ ခင်ဗျား ဘာမှ မသိတာ သေချာသွားပြီ။ အဲဒီ AMD ဆိုတဲ့ ကုမ္ပဏီမှာ ဖုန်းယွီရဲ့ ရှယ်ယာတွေ ပါတာ။ ဖုန်းယွီဆိုတာ ဘယ်သူလဲ သိလား။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးလေ!"

"ဘာ... 'ဆီမီးကွန်ဒတ်တာ' ဟုတ်လား။ အဲဒါ ရေဒီယို မဟုတ်ဘူးလား၊ ဘာတွေ ကွန်ပျူတာလို့ လျှောက်ကြွားနေတာလဲ" အင်္ကျီအဖြူဝတ်လူက မထီမဲ့မြင် ပြုလျက် ဆိုလိုက်ပြန်သည်။

ကွန်ပျူတာ အရောင်းဝန်ထမ်းမှာ မျက်လုံးပြူးသွားခဲ့ရသည်။ ဤကဲ့သို့သော လူစားမျိုးနှင့်တော့ ဆက်လက် စကားမပြောနိုင်တော့ပါချေ။ ဘယ်သူကများ ဆီမီးကွန်ဒတ်တာကို ရေဒီယိုလို့ ပြောခဲ့လို့လဲ။ အဲဒါက သာမန် အပူချိန်မှာ လျှပ်ကူးပစ္စည်းနဲ့ လျှပ်ကာပစ္စည်း ကြားထဲမှာ ရှိတဲ့ ဂုဏ်သတ္တိရှိတဲ့ ပစ္စည်းကို ခေါ်တာ။

"ကုမ္ပဏီ အသီးသီးမှ ကိုယ်စားလှယ်များ၊ မီဒီယာ သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက်များခင်ဗျာ... အခု အားလုံး မြင်တွေ့နေရတာကတော့ AMD ကုမ္ပဏီနဲ့ Intel ကုမ္ပဏီတို့ရဲ့ နည်းပညာ အားပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ကုမ္ပဏီ နှစ်ခုစလုံးဟာ ကမ္ဘာ့ ထိပ်တန်း ပရိုဆက်ဆာ ထုတ်လုပ်သူတွေ ဖြစ်ကြပါတယ်။ အခုလို အားပြိုင်ပွဲလို့ အမည်တပ်ထားပေမဲ့၊ တကယ်တော့ ဒါဟာ နည်းပညာ ဖလှယ်မှု တစ်ခုဖြစ်သလို၊ ပရိုဆက်ဆာတွေရဲ့ အနာဂတ် ဦးတည်ချက်ကို ဆွေးနွေးတဲ့ ပွဲလည်း ဖြစ်ပါတယ်..."

လျူချွမ်းကျစ်သည် စင်မြင့်ထက်တွင် ရပ်လျက်၊ ယနေ့ပွဲ၏ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ပေးနေခဲ့သည်။ ဤအားပြိုင်ပွဲ ကျင်းပရာ နေရာမှာ ပေကျင်းမြို့ရှိ Wind and Rain အဆောက်အအုံ၏ တတိယထပ်ရှိ ခမ်းနားလှသော ဂုဏ်ပြုစားပွဲခန်းမကြီးပင် ဖြစ်သည်။

"ပထမဆုံး အနေနဲ့... 'ဆာဗာ'တွေအတွက် ရည်ရွယ်ထားတဲ့ 64-bit Dual-coreပါ' ပရိုဆက်ဆာတွေရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ပြပါ့မယ်..."

Intel ကိုယ်စားလှယ်သည် ရင်ကို ပင့်ကာ၊ ခေါင်းကို မော့လျက် စင်ပေါ်သို့ တက်လာခဲ့သည်။ သူ၏ပုံစံမှာ အောင်ပွဲကို လက်ဝယ် ရရှိထားသကဲ့သို့ပင်။ သူသည် ၎င်းတို့၏ ပရိုဆက်ဆာ စွမ်းဆောင်ရည် အချက်အလက်များကို ရှင်းပြပြီးနောက်၊ စမ်းသပ်ကိရိယာများနှင့် ချိတ်ဆက်ကာ တိုင်းတာပြလိုက်သည်။

စမ်းသပ်မှု ရလဒ်များမှာ သူ ပြောခဲ့သည့်အတိုင်းပင် အလွန် ထူးချွန်လှသဖြင့်၊ စင်အောက်ရှိ ကိုယ်စားလှယ်များက လက်ခုပ်တီး ချီးကျူးကြပြီး၊ အချင်းချင်း တီးတိုး စကားဆိုကာ Intel ၏ နည်းပညာကို အံ့သြ ဘဝင်ကျနေကြသည်။

ထိုအထဲမှ ဆီမီးကွန်ဒတ်တာ ကုမ္ပဏီငယ်လေးများမှာမူ၊ ၎င်းတို့နှင့် အလှမ်းဝေးလွန်းလှသော ကွာဟချက်ကို ကြည့်ကာ မျက်ဝန်းများတွင် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ပေါ်ထွက်နေခဲ့သည်။ ဒီလောက်အထိ ကွာခြားနေရင် ငါတို့ ဘယ်လို လိုက်မီပါတော့မလဲ။

AMD ကိုယ်စားလှယ် စင်ပေါ်တက်ရမည့် အလှည့်သို့ ရောက်သည့်အခါ၊ Intel ကိုယ်စားလှယ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော ခနဲ့ပြုံးတစ်ခု ရှိနေခဲ့သည်။ ငါတို့ Intel ရဲ့ မျက်နှာကို ဖြတ်ပြီး၊ ငါတို့ ပုခုံးကို ခြေနင်းခုံ လုပ်ချင်နေတာလား။

အိပ်မက်ပဲ မက်နေလိုက်ပါတော့..

ဒီနေ့မှာ... မင်းတို့ AMD ရော၊ တစ်ကမ္ဘာလုံးက လုပ်ဖော်ကိုင်ဖက်တွေပါ၊ ငါတို့ Intel ရဲ့ နည်းပညာ ဘယ်လောက်အထိ သာလွန်တယ်ဆိုတာကို မျက်ဝါးထင်ထင် တွေ့စေရမယ်။

ထပ်ပြောရရင်... ငါတို့မှာ ပူးပေါင်းဆောင်ရွက်တဲ့ ထုတ်လုပ်သူတွေ အများကြီး ရှိနေတာလေ၊ မင်းတို့ AMD နေရာရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

သို့သော်လည်း AMD ကိုယ်စားလှယ်က ထုတ်ကုန်၏ စွမ်းဆောင်ရည်ကို စတင် ပြောဆိုလိုက်သည့်အခါတွင်မူ၊ Intel ကိုယ်စားလှယ်မှာ ဆွံ့အကာ အံ့အားသင့်သွားခဲ့ရသည်။ ဘာဖြစ်လို့... AMD ရဲ့ ထုတ်ကုန် စွမ်းဆောင်ရည်က ငါတို့နဲ့ ထပ်တူကျနေရတာလဲ။

AMD က 'ဆာဗာ' သုံး ပရိုဆက်ဆာ နည်းပညာမှာ ဒီအဆင့်အထိ ရောက်သွားပြီ ဟုတ်လား။

မဟုတ်နိုင်တာ... ဒါဟာ သေချာပေါက် အလိမ်အညာတွေပဲ၊ AMD က လူတွေ ကြွားနေတာပဲ ဖြစ်ရမယ်။

သို့သော်လည်း မကြာမီမှာပင် စမ်းသပ်မှု ရလဒ်များ ထွက်ပေါ်လာခဲ့သည်။ AMD ၏ 'ဆာဗာ' သုံး Dual-core ပရိုဆက်ဆာ၏ စွမ်းဆောင်ရည်မှာ၊ Intel နှင့် အမှန်တကယ်ပင် ရင်ဘောင်တန်းနိုင်ခဲ့သည်။

Intel ကိုယ်စားလှယ်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေစဉ်မှာပင်၊ စင်အောက်ရှိ လူအုပ်ကြီး၏ ဝေဖန်ဆွေးနွေးသံများမှာ ပိုမိုဆူညံလာခဲ့သည်။ AMD ၏ နည်းပညာမှာ Intel ထက် မနိမ့်ကျတော့ပါချေ၊ ထို့ကြောင့်သာလျှင် ၎င်းတို့က ယခုကဲ့သို့ နည်းပညာ အားပြိုင်ပွဲကို စိန်ခေါ်ဝံ့ခြင်းပင် ဖြစ်ရပေမည်!

ထို့နောက်တွင် ကျင်းပသော Workstation များအတွက် Dual-core ပရိုဆက်ဆာ နှိုင်းယှဉ်ပွဲတွင်လည်း ဤအချက်မှာ ပိုမိုထင်ရှားလာခဲ့သည်။ နှစ်ဦးနှစ်ဖက်၏ စွမ်းဆောင်ရည်မှာ ထပ်မံ၍ တန်းတူ ဖြစ်နေပြန်သည်။

Intel ကိုယ်စားလှယ်၏ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာကို ကြည့်ကာ လျူချွမ်းကျစ်သည် ခေါင်းကို ခါယမ်းလျက် သက်ပြင်းချလိုက်မိသည်။ Intel ကိုယ်စားလှယ်သည် ဗျူဟာမြောက် အမှားတစ်ခုထဲသို့ သက်ဆင်းသွားခဲ့ပြီ ဖြစ်သည်။

ရှင်းရှင်းပြောရလျှင် AMD သည် Dual-core ပရိုဆက်ဆာ နည်းပညာတွင် အင်အားအားလုံးကို ပုံအောထားခဲ့ခြင်း ဖြစ်သည်။ Single-core ပရိုဆက်ဆာတွင်မူ AMD က Intel ကို အနည်းငယ် နိမ့်ကျနေဆဲ ဖြစ်သည်။

Intel သည် Single-coreတွင် အလွန် ထူးချွန်သလို၊ လက်ရှိ ဈေးကွက်တွင်လည်း Single-core ကသာ အဓိက ဖြစ်နေသေးသည်။ သို့သော် ယခု ပြိုင်ပွဲမှာ Dual-core အားပြိုင်ပွဲ ဖြစ်နေသဖြင့် Intel ၏ အားသာချက်များမှာ ပြသခွင့် မရတော့ပါချေ။

၎င်းနောက်တွင် ကျင်းပသော PC သုံး Dual-core ပရိုဆက်ဆာများ ပြိုင်ပွဲတွင်မူ Laptop အတွက်ဖြစ်စေ၊ Desktop အတွက်ဖြစ်စေ၊ 32-bit ဖြစ်စေ၊ 64-bit ဖြစ်စေ AMD က အားလုံးတွင် တစ်ပန်း သာသွားခဲ့လေတော့သည်။

စင်အောက်ရှိ ကုမ္ပဏီ ကိုယ်စားလှယ်များ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

AMD က Intel ကို စိန်ခေါ်ကတည်းက၊ ၎င်းတို့ နည်းပညာပိုင်းတွင် တစ်စုံတစ်ရာသော တိုးတက်မှု ရှိလိမ့်မည်ဟု တွေးထားခဲ့ကြသော်လည်း၊ ဤမျှအထိ ကြီးမားသော ကျော်တက်မှုမျိုး ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပါချေ။

အရင်က Intel နှင့် ရင်ဘောင်တန်းနိုင်သည် ဆိုရုံနှင့်တင် အလွန်အံ့သြစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ Intel ၏ ဈေးကွက်တန်ဖိုးမှာ AMDထက် အဆပေါင်းများစွာ မြင့်မားသလို၊ ဈေးကွက်ဝေစုမှာလည်း အဆပေါင်းများစွာ သာလွန်နေသည် မဟုတ်ပါလား။

သို့သော် ယနေ့မှစ၍ အရာရာမှာ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ AMD သည် PC သုံး Dual-core ပရိုဆက်ဆာ နယ်ပယ်တွင် Intel ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

ကမ္ဘာ့နံပါတ်တစ် ဟတ်ဒ်ဝဲ ထုတ်လုပ်သူ၊ ကမ္ဘာ့နံပါတ်တစ် ပရိုဆက်ဆာ ထုတ်လုပ်သူဖြစ်သော Intel ကြီးသည်၊ AMD ၏ ကျော်တက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

Intel ကိုယ်စားလှယ်သည် စင်ပေါ်တက်စဉ်က မောက်မာဝင့်ကြွားနေခဲ့သော်လည်း၊ ပြန်လည် ဆင်းလာသည့် အခါတွင်မူ စိတ်ဓာတ်များ အဆမတန် ပြိုလဲနေခဲ့သည်။ သူသည် စင်ပေါ်မှ ဆင်းလာစဉ်တွင် လှေကားထစ်ကို သေသေချာချာ မမြင်ဘဲ၊ ခြေလှမ်းမှားကာ စင်ရှေ့တွင် ဒူးထောက်လျက်သား လဲကျသွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် AMD ကိုယ်စားလှယ်၏ ရှေ့တည့်တည့်တွင် ဒူးထောက်နေသည့် ပုံစံမျိုး ဖြစ်သွားခဲ့ခြင်းပင်။

ထိုထက် ပို၍ ဆိုးသည်မှာ ဤမြင်ကွင်းကို သတင်းထောက်တစ်ဦးက အမိအရ မှတ်တမ်းတင်လိုက်နိုင်ခြင်းပင်။

ထိုသတင်းထောက်၏ ဦးနှောက်ထဲတွင် မနက်ဖြန်အတွက် သတင်းခေါင်းစဉ်ကြီးမှာ အသင့် ဖြစ်နေခဲ့ပြီ "Intel ကိုယ်စားလှယ်သည် AMD ၏ နည်းပညာရှေ့တွင် အညံ့ခံ ဒူးထောက်သွားခဲ့ရသည်" ဟူ၍ ဖြစ်သည်။

ဤဓာတ်ပုံနှင့်သာ တွဲဖက် ဖော်ပြလိုက်မည်ဆိုပါက လူတိုင်း၏ အာရုံကို သေချာပေါက် ဖမ်းစားနိုင်မည် မဟုတ်ပါလား။

အင်း... အသေးစိတ် အကြောင်းအရာထဲမှာတော့ AMD ပရိုဆက်ဆာတွေက Intel ကို အပြတ်အသတ် ကျော်တက်သွားပြီ။ အဓိက အကြောင်းရင်းကတော့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ဖုန်းယွီရှယ်ယာဝင်ခဲ့ခြင်းကြောင့် ဖြစ်သည် ဟု ရေးရမည်။

သတင်းများအရ ဖုန်းယွီရှယ်ယာဝင်သော ကုမ္ပဏီတိုင်းမှာ ထူးခြားသော အပြောင်းအလဲများ ရှိတတ်ကြသည်ဖြစ်ရာ၊ AMD ၏ ရှယ်ယာရှင်များအနေဖြင့် ဖုန်းယွီအား ရှယ်ယာဝင်ခွင့် ပေးခဲ့ခြင်းမှာ အလွန်ပင် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ရေးသားရပေမည်။

ထိုနေ့မှာပင် Sina အစရှိသော ပြည်တွင်း ဝဘ်ဆိုက်များတွင် သတင်းတစ်ပုဒ် တက်လာခဲ့သည်။ ၎င်း၏ ခေါင်းစဉ်မှာ "Intel သည် AMD ၏ ရှေ့တွင် ဒူးထောက်သွားခဲ့ပြီ!" ဟူ၍ ဖြစ်တော့သည်။

အခန်း (၁၄၀၁) ဈေးကွက်ဝေစုများ၏ အပြောင်းအလဲ

Intel ၏ ဥက္ကဋ္ဌသည် ဒေါသအရှိန် အဟုန် ပြင်းစွာဖြင့်၊ ထိုနေ့က အဖွဲ့ကို ဦးဆောင်သွားခဲ့သော ဒု-ဥက္ကဋ္ဌအား ရာထူးမှ ချက်ချင်း ထုတ်ပယ်လိုက်တော့သည်။ အကြောင်းပြချက်မှာ ကုမ္ပဏီအတွက် ကြီးမားသော ထိခိုက်နစ်နာမှုနှင့် ပုံရိပ်ကျဆင်းမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့်ပင်။

လမ်းလျှောက်တာတောင် လှေကားထစ်ကို မမြင်ရအောင် မင်းက ဘာတွေ လုပ်နေတာလဲ။ ခြေချော်တာပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်... AMD ရဲ့ ရှေ့မှာတော့ ဒူးသွားမထောက်သင့်ဘူးလေ။ အဲဒီမြင်ကွင်းကို သတင်းထောက်တွေ အများကြီးက မှတ်တမ်းတင်သွားကြပြီ၊ ငါတို့ Intel ရဲ့ သိက္ခာတော့ မြေစာပင် ဖြစ်ကုန်ပြီ ဟု စိတ်ထဲမှ ကြိမ်းမောင်းနေမိသည်။

အစောပိုင်းက နည်းပညာ အားပြိုင်ပွဲ ကျင်းပခြင်းမှာ ပြဿနာမရှိကြောင်း၊ နယ်ပယ်ပေါင်းစုံမှာ ယှဉ်ပြိုင်ပြခြင်းဖြင့် Intel၏ အင်အားကြီးမားမှုကို ပြသနိုင်လိမ့်မည်ဟု ထိုဒု-ဥက္ကဋ္ဌကပင် လျှောက်လဲခဲ့သည် မဟုတ်ပါလား။ သို့သော် ရလဒ်မှာမူ လူအများ၏ အာရုံစိုက်မှုကို AMD ကသာ ရရှိသွားခဲ့ပြီး၊ Intel မှာမူ တစ်ဖက်လူ အဆင့်တက်လှမ်းရန်အတွက် နင်းခြေသွားသော "ခြေနင်းခုံ" အဆင့်သို့ ရောက်ရှိသွားခဲ့ရသည်။

အကယ်၍သာ အစကတည်းက ဤပြိုင်ပွဲကို မပြုလုပ်ခဲ့ပါက အခြေအနေများမှာ ဤမျှအထိ ဆိုးရွားလိမ့်မည် မဟုတ်ပါချေ။ ဤကဲ့သို့သော အသုံးမကျသည့် အကြံဉာဏ်ကို ပေးခဲ့သည့်အပြင်၊ ပြိုင်ပွဲမှာပါ ရှုံးနိမ့်ခဲ့သဖြင့် ထိုသူအား မထုတ်ပယ်ဘဲ မည်သူ့ကို ထုတ်ပယ်ရပါတော့မည်နည်း။

ယခုတစ်ကြိမ် ရလဒ်သည် Intel အတွက် သိက္ခာကျရုံတင်မကဘဲ၊ လက်တွေ့ကျသော ထိုးနှက်ချက်မှာ AMD ၏ စတော့ဈေးနှုန်းမှာ ရုတ်ချည်း မြင့်တက်သွားခဲ့ပြီး၊ Intel ၏ စတော့မှာမူ ထိုနေ့မှာပင် ၅ ရာခိုင်နှုန်းခန့် ထိုးကျသွားခဲ့ခြင်းပင်။ ၎င်းတို့ကဲ့သို့သော ဧရာမ ကုမ္ပဏီကြီးများအဖို့ ၅ ရာခိုင်နှုန်း ကျဆင်းခြင်းသည်၊ ဈေးကွက်တန်ဖိုး ဒေါ်လာ သန်းထောင်ချီ ပျောက်ဆုံးသွားခြင်းပင် ဖြစ်ရာ၊ ရှယ်ယာရှင်တိုင်းမှာ အကြီးအကျယ် နစ်နာဆုံးရှုံးခဲ့ကြရသည်။

အကျိုးသက်ရောက်မှုမှာ ထိုမျှတင် မကပါချေ။ အချို့သော ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများသည် Intel ထံသို့ မှာယူထားသော အော်ဒါများကို လျှော့ချလိုက်ကြသလို၊ အချို့မှာမူ လုံးဝဖျက်သိမ်းလိုက်ကြတော့သည်။

AMD ၏ စွမ်းဆောင်ရည်က ပိုကောင်းပြီး၊ ဈေးနှုန်းကလည်း ပို၍ သက်သာနေမှတော့၊ AMD ကို မဝယ်ဘဲ Intel ကို ဘာဖြစ်လို့ ဝယ်နေရဦးမည်နည်း။ AMD ဘက်မှ ထိုနေ့မှာပင် ထုတ်ပြန်လိုက်သော ရောင်းဈေးများသည် Intel အား အလစ်အငိုက် မိသွားစေခဲ့သည်။

ဤနည်းပညာ အားပြိုင်ပွဲပြီးနောက် AMD ၏ ဂုဏ်သတင်းမှာ တဟုန်ထိုး တက်လှမ်းသွားခဲ့သည်။ ၎င်းနောက်တွင် နည်းပညာဆိုင်ရာ မီဒီယာများ၌သာမက၊ သာမန် သတင်းဌာနများတွင်ပါ AMD အကြောင်းကို အမြဲတစေ ဖော်ပြနေကြတော့သည်။ AMD ဟူသော အမှတ်တံဆိပ်သည် သုံးစွဲသူတိုင်း၏ ရင်ထဲသို့ လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ လက်ရှိ PC ထုတ်လုပ်သူများ၏ ကြော်ငြာများကို ကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။ ၎င်းတို့သည် "AMD CPU ကို အသုံးပြုထားပါသည်" ဟူသော စာသားကို စာလုံးကြီးများဖြင့် တမင်တကာ ထည့်သွင်း ရေးသားလာကြသည်။ AMD သည် "စွမ်းဆောင်ရည်မြင့်ပြီး ဈေးနှုန်းသင့်တင့်မှု" ၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အရင်ကမူ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ Intel တစ်ဦးတည်းသာ ရရှိခဲ့ဖူးခြင်း မဟုတ်ပါလား။

"တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒီစက်ရုံကြီး စတင် လည်ပတ်နိုင်ခဲ့လို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ အခုလို အော်ဒါတွေ ရုတ်တရက် အများကြီး တက်လာတာကို ကျွန်တော်တို့ လက်ခံနိုင်မှာ မဟုတ်ဘူး” AMD ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဥက္ကဋ္ဌ ယီထျန်းမင်က ဆိုလိုက်သည်။

ယီထျန်းမင်သည် ကနေဒါ နိုင်ငံသား ခံယူထားသော တရုတ်နွယ်ဖွား တစ်ဦး ဖြစ်သည်။ သူသည် မြောက်အမေရိကတွင် ပညာသင်ကြားခဲ့သော်လည်း၊ အထက်တန်း ကျောင်းအထိ တရုတ်ပြည်၌ နေထိုင်ခဲ့သူ ဖြစ်သည်။ သူ၏ မိဘများမှာ အစောပိုင်း ကတည်းက ပြည်ပသို့ ထွက်ခွာခဲ့သော နည်းပညာရှင်များ ဖြစ်ကြပြီး၊ နောက်ပိုင်းတွင် သူ့အား ကနေဒါသို့ ခေါ်ယူကာ တက္ကသိုလ် တက်စေခဲ့ခြင်း ဖြစ်သည်။ သူသည် ဘွဲ့ရပြီးနောက် AMD သို့ ဝင်ရောက်ခဲ့ကာ၊ အောက်ခြေ နည်းပညာ ဝန်ထမ်းဘဝမှတစ်ဆင့် အဆင့်ဆင့် ကြိုးပမ်းလာခဲ့ရာ၊ ယခုအခါ အသက် ၃၀ ကျော် အရွယ်ဖြင့် အာရှ-ပစိဖိတ် ဥက္ကဋ္ဌ ရာထူးကို ရယူထားနိုင်ပြီ ဖြစ်သည်။

"အော်ဒါတွေ တက်လာတာဟာ ကောင်းတဲ့ လက္ခဏာပဲလေ။ ဒါဟာ AMD ရဲ့ အမှတ်တံဆိပ်ကို ထုတ်လုပ်သူတွေရော သုံးစွဲသူတွေပါ အသိအမှတ်ပြုလာကြပြီဆိုတဲ့ သောပဲ။ ပြီးတော့ ငါတို့ရဲ့ နည်းပညာ အားပြိုင်ပွဲဟာ အောင်မြင်မှု အကြီးအကျယ် ရခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ကြော်ငြာစရိတ် ဒေါ်လာ သန်းရာချီ သုံးစွဲခဲ့ရပေမဲ့၊ ရလဒ်ကတော့ မျက်ဝါးထင်ထင် တွေ့နေရပြီ မဟုတ်လား” ဖုန်းယွီက ခေါင်းညိတ် ထောက်ခံလိုက်သည်။

ဖုန်းယွီ ကိုယ်တိုင်လည်း ဤမျှအထိ ထိရောက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပါချေ။ Intel ကိုယ်စားလှယ်၏ "ခြေချော်ပြီး ဒူးထောက်သွားခြင်း" မှာ သတင်းထောက်များအတွက် အလွန်ပင် ကောင်းမွန်သော ဖန်တီးမှု နယ်ပယ်တစ်ခု ဖြစ်သွားခဲ့သည် မဟုတ်ပါလား။

အထူးသဖြင့် တရုတ်ဈေးကွက်တွင် ကွန်ပျူတာ စုပေါင်းတပ်ဆင်သူများသည် AMD Motherboard ကိုသာ တိုက်ရိုက် တောင်းဆိုလာကြတော့သည်။ Intelကိုမူ ထည့်ပင် မစဉ်းစားကြပါချေ။ သူတို့ သိရှိထားသည်မှာ AMD တွင် ဖုန်းယွီ၏ ရှယ်ယာများ ပါဝင်နေသည် ဆိုသည့် အချက်ပင်။ ဖုန်းယွီ သည် နှစ်စဉ် နိုင်ငံတော်အတွက် ငွေကြေးများစွာ လှူဒါန်းနေသူ ဖြစ်သလို၊ သူ တည်ထောင်ထားသော "Taihua Education Fund" ကြောင့် လူအမြောက်အမြားမှာ အကျိုးကျေးဇူး ခံစားနေကြရသည်။

ငါတို့ ဖုန်းယွီ ရဲ့ ကုမ္ပဏီကို အားမပေးဘဲ ဘယ်သူ့ကို သွားပြီး အားပေးရမှာလဲ။ Intel က ခင်ဗျားတို့ ကျောင်းကို ငွေလှူဖူးလို့လား။ ထို့ထက်ပိုသည်မှာ AMD ၏ Motherboard မှာ စွမ်းဆောင်ရည်နှင့် ဈေးနှုန်း မျှတမှု ပိုမို မြင့်မားနေခြင်းပင်။

AMD ၏ အော်ဒါများမှာ ရုတ်ချည်း မြင့်တက်လာခဲ့သည်။ Lenovoက အော်ဒါများ ထပ်မံတိုးမြှင့်လိုက်ရုံတင် မကဘဲ၊ အခြားသော ထုတ်လုပ်သူ အမြောက်အမြားကပါ စရန်ငွေများ ပေးသွင်းကာ မှာယူလာကြတော့သည်။ ဖုန်းယွီ နှင့် အဆင်မပြေဖြစ်နေသော ဂျပန် PC ထုတ်လုပ်သူများပင်လျှင် AMD ထံသို့ အော်ဒါ အမြောက်အမြား လာရောက် မှာယူကြသည်။ ၎င်းတို့သည်လည်း အမြတ်အစွန်းနှင့်တော့ ရန်ဖြစ်မည် မဟုတ်ပါချေ။

ဤအခြေအနေကို ကုစားရန် Intel က ဈေးနှုန်းများကို အရေးပေါ် လျှော့ချလိုက်သဖြင့် ဈေးကွက်အချို့ကို ပြန်လည် ထိန်းထားနိုင်သော်လည်း၊ ၎င်းတို့၏ အမြတ်အစွန်းမှာမူ သိသိသာသာ လျော့နည်းသွားခဲ့ရသည်။ ၎င်းတို့၏ အမြတ်မှာ AMD ထက်ပင် နိမ့်ကျသွားနိုင်ပေသည်။ အကြောင်းမှာ AMD ၏ ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ Intel ထက် နဂိုကတည်းက နိမ့်ကျနေသောကြောင့် ဖြစ်သည်။

ထိုအချိန်မှာပင် AMD က နောက်ထပ် တုန်လှုပ်ဖွယ်ရာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြန်သည်။ ၎င်းမှာ AMD ၏ Motherboard များတွင် NVIDIA ၏ Graphics Card Slot Standard ကိုသာ အသုံးပြုတော့မည် ဟူ၍ ဖြစ်သည်။ ဤစံနှုန်းမှာ Intel သတ်မှတ်ထားသော စံနှုန်းနှင့် မတူသလို၊ ATI ၏ စံနှုန်းနှင့်လည်း မတူပါချေ။

ယခင်က NVIDIA သည် စွမ်းဆောင်ရည်ပိုင်းအရ ATI ကို ကျော်တက်ရန် ကြိုးပမ်းစဉ်က Interface ကို ပြောင်းလဲခဲ့ဖူးသည်။ ထိုစဉ်က Intel တို့က မကျေမနပ် ဖြစ်ခဲ့ကြသော်လည်း၊ NVIDIA ၏ စွမ်းဆောင်ရည်နှင့် ဈေးနှုန်းမှာ အလွန်ပင် ကောင်းမွန်နေသဖြင့် Intel သည်လည်း NVIDIA နှင့် ကိုက်ညီသော Motherboard များကို မဖြစ်မနေ ထုတ်လုပ်ပေးခဲ့ရသည်။

ယခုအခါ AMD သည် ATI ၏ စံနှုန်းကို လုံးဝ စွန့်လွှတ်လိုက်ကာ၊ NVIDIA ၏ စံနှုန်းကိုသာ အပြည့်အဝ ကျင့်သုံးတော့မည်ဟု ကြေညာလိုက်ခြင်းမှာ ကုမ္ပဏီ နှစ်ခု တရားဝင် မဟာမိတ် ဖွဲ့လိုက်ခြင်းပင် ဖြစ်သည်။ သေချာပေါက်၊ ဤနှစ်ခုသည် Hardware ချိတ်ဆက်မှုကိုသာ ပြောင်းလဲခြင်း ဖြစ်ပြီး၊ Microsoft ၏ စနစ်နှင့်တော့ ကိုက်ညီမှု ရှိနေဆဲ ဖြစ်သဖြင့်၊ Microsoft ကဲ့သို့သော Software ကုမ္ပဏီများမှာမူ ဝင်ရောက် စွက်ဖက်ခြင်း မရှိပါချေ။

ATI သည် ထိုသတင်းကို ကြားရသည့်အခါ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားခဲ့ရသည်။ ဤသည်မှာ ၎င်းတို့ကို ဈေးကွက်အတွင်းမှ အတင်းအကျပ် မောင်းထုတ်နေခြင်းပင်။ လွန်ခဲ့သော နှစ်နှစ်အတွင်း၌ ATI ၏ ဈေးကွက်ဝေစုမှာ NVIDIA ၏ ဝါးမြိုခြင်းကို ခံနေရစေဦးတော့ လက်ရှိတွင် နှစ်ဦးနှစ်ဖက်မှာ အင်အားချင်း မတိမ်းမယိမ်း ရှိနေသေးသည် မဟုတ်ပါလား။

သို့သော်လည်း AMD နှင့် NVIDIA တို့ ပေါင်းစည်းသွားခြင်းသည် ATI ၏ Graphics Card ရောင်းအားကို ပြင်းထန်စွာ ထိခိုက်စေမည်မှာ အသေအချာပင်။ မူလက ၎င်းတို့တွင် အော်ဒါများ ပြည့်နှက်နေခဲ့သော်လည်း၊ ယခုအခါတွင်မူ ၎င်းတို့၏ စက်ရုံများကိုပါ လျှော့ချ လည်ပတ်ရန် ပြင်ဆင်နေရပြီ ဖြစ်သည်။

AMD ၏ ခန့်မှန်းချက်အရ ယခုနှစ်၏ ရောင်းအားပမာဏမှာ မနှစ်ကထက် နှစ်ဆ မြင့်တက်လာမည်ဖြစ်ပြီး၊ ဒေါ်လာ သန်းရှစ်ထောင်ကျော် ရရှိလိမ့်မည် ဖြစ်သည်။ NVIDIA ၏ ရောင်းအားနှင့် အမြတ်မှာလည်း အလားတူပင် တိုးတက်လာမည် ဖြစ်သည်။ ယခုနှစ်၏ Graphics Card ဈေးကွက်တွင် NVIDIA ၏ ဝေစုမှာ ၅၀ ရာခိုင်နှုန်းကို သေချာပေါက် ကျော်ဖြတ်နိုင်မည်ဖြစ်ကာ၊ ဤလောက၏ တကယ့် နံပါတ်တစ် ဖြစ်လာတော့မည် ဖြစ်သည်။

နည်းပညာ အားပြိုင်ပွဲလေး တစ်ခုတည်းက IT လောက၏ ဈေးကွက် အခင်းအကျင်းကို ဤမျှအထိ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပါချေ။ ဤအရှိန်အဟုန်ထဲတွင် Lenovoလည်း ပါဝင်နေခဲ့သည်။ ၎င်းတို့သည် မော်ဒယ်သစ် PC များကို အမြန်ဆုံး ထုတ်လုပ်နိုင်ခဲ့သဖြင့် ဤလှိုင်းတံပိုးကို အသုံးချကာ ရောင်းအားကို အဆမတန် မြှင့်တင်နိုင်ခဲ့ကြသည်။

ထိုအချိန်တွင်... Intel သည် ၎င်းတို့၏ နည်းလမ်းဟောင်းအတိုင်း AMD အား တရားစွဲဆိုရန် ပြင်ဆင်လိုက်တော့သည်။

အခန်း (၁၄၀၂) ပြိုင်ဆိုင်မှု၏ နည်းလမ်းများ

Intel နှင့် AMD တို့အကြား ဆက်ဆံရေးမှာ အမှန်တကယ်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ အဘယ်ကြောင့် အရင်ဘဝတုန်းက AMD ကို Intel က နောက်ကွယ်မှ ရှယ်ယာဝင် ထိန်းချုပ်ထားသည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ရသနည်း။

၎င်းမှာ AMD ၏ ဒါရိုက်တာ အဖွဲ့ဝင်များနှင့် ရှယ်ယာရှင်များထဲတွင် Intel ၏ အရာရှိဟောင်းများနှင့် ရှယ်ယာရှင်ဟောင်းများ ပါဝင်နေခြင်းကြောင့်သာမက၊ နှစ်ဦးနှစ်ဖက်အကြား နည်းပညာ မူပိုင်ခွင့်များကို အပြန်အလှန် လိုင်စင်ထုတ်ပေးရန် သဘောတူညီချက်များ ရှိနေသောကြောင့်လည်း ဖြစ်သည်။ Intel နှင့် AMD တို့၏ သုတေသန ဦးတည်ချက်မှာ အမြဲတမ်း ကွဲပြားမှု ရှိနေခဲ့သည်။ ပရိုဆက်ဆာ ထုတ်လုပ်သူများ ဖြစ်ကြစေဦးတော့၊ နည်းပညာပိုင်းဆိုင်ရာ အာရုံစိုက်မှုမှာမူ ကွဲပြားကြသည် မဟုတ်ပါလား။

ယခုတစ်ကြိမ်တွင်လည်း AMD က Dual-core နည်းပညာ၌ တစ်ပန်းသာသွားခဲ့သော်လည်း၊ Single-core ပိုင်းတွင်မူ Intel ကို ရင်ဘောင်တန်းနိုင်စွမ်း မရှိသေးပါချေ။ သို့သော်လည်း ၎င်းတို့သည် နည်းပညာ မူပိုင်ခွင့်များကို အပြန်အလှန် ဖလှယ်လိုက်ကြခြင်းဖြင့်၊ နည်းပညာသစ်များကို နှစ်ဦးစလုံး လက်ဝယ်ပိုင်ဆိုင်သွားကြပြီး အခြားသော ဆီမီးကွန်ဒတ်တာ ကုမ္ပဏီများကို အလှမ်းဝေးစွာ ကျော်ဖြတ်ကာ ဤပရိုဆက်ဆာ ဈေးကွက်ကြီးကို နှစ်ဦးတည်း ဝေမျှ စိုးမိုးထားနိုင်ကြမည် ဖြစ်သည်။

လွန်ခဲ့သောနှစ်က Intel ၏ နှစ်စဉ် ဝင်ငွေမှာ AMD ထက် ဆယ်ဆနီးပါး သာလွန်နေခဲ့သည်။ AMD ၏ ဝင်ငွေမှာ ဒေါ်လာ ၄ ဘီလီယံပင် မပြည့်သော်လည်း၊ Intel မှာမူ ဒေါ်လာ ၄၀ ဘီလီယံနီးပါး ရှိနေခဲ့သည်။ PC ဈေးကွက်နှင့် ပရိုဆက်ဆာ နယ်ပယ်မှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာနေစေဦးတော့ Intel သည် AMD ကို အမြဲတစေ ဖိနှိပ်ထားခဲ့သည်။ သို့သော်လည်း Intel သည် AMD ကို အပြီးတိုင် ချေမှုန်းပစ်ရန်တော့ မဝံ့ရဲပါချေ။ အကြောင်းမှာ ပြိုင်ဘက် လုံးဝ မရှိတော့ပါက "လက်ဝါးကြီးအုပ်မှု" စွဲချက်ဖြင့် Intel ကုမ္ပဏီကြီးကို အတင်းအကျပ် အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ပစ်ရန် အမိန့်ချခံရနိုင်သောကြောင့် ဖြစ်သည်။ Intel က မလုပ်ချင်စေဦးတော့၊ အခြားသော ကုမ္ပဏီများက လက်ဝါးကြီးအုပ်မှုဖြင့် သေချာပေါက် တရားစွဲကြပေလိမ့်မည်။

ထို့ကြောင့်ပင် Intel သည် AMD နှင့် "ပြိုင်ဆိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု" ဆက်ဆံရေးကိုသာ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ဈေးကွက်ထဲတွင် Intel သည် AMD ကို အမြဲတစေ ဖိနှိပ်ထားသော်လည်း၊ ၎င်းတို့၏ သြဇာအာဏာကို အသုံးချကာ AMD ထံသို့ အော်ဒါ လုံးဝ မရောက်ရှိတော့သည့် အဆင့်အထိတော့ မလုပ်ဆောင်ပါချေ။

နည်းပညာပိုင်းတွင်လည်း အပြန်အလှန် လိုင်စင်ပေးရာ၌ အကန့်အသတ်များ ရှိနေခဲ့သည်။ နှစ်ဦးစလုံးသည် မိမိတို့၏ အဓိက အကျဆုံးသော အမာခံနည်းပညာများကိုတော့ တစ်ဖက်လူထံ လွှဲပြောင်းပေးအပ်လေ့ မရှိကြပါချေ။ ဆိုလိုသည်မှာ ၎င်းတို့ အပြန်အလှန် လိုင်စင်ပေးသော နည်းပညာများမှာ အဆင့်မြင့်ဆုံး မဟုတ်ဘဲ ဒုတိယတန်းစား နည်းပညာများသာ ဖြစ်ကြသည်။

အရင်ဘဝတုန်းက AMD နှင့် Intel တို့သည် အချင်းချင်း မူပိုင်ခွင့် ချိုးဖောက်မှု သို့မဟုတ် လက်ဝါးကြီးအုပ်မှုများဖြင့် အကြိမ်ကြိမ် တရားစွဲဆိုခဲ့ကြသည်။ များသောအားဖြင့် AMD က "အားနည်းသူ" ပုံစံဖြင့် အနိုင်ရလေ့ရှိပြီး၊ အကြီးမားဆုံးသော အောင်မြင်မှုမှာ တစ်ခါက နစ်နာကြေး ဒေါ်လာ ၁.၅ ဘီလီယံအထိ ရရှိခဲ့ဖူးခြင်းပင်။ ၎င်းမှာ AMD ၏ တစ်နှစ်စာ အမြတ်ထက်ပင် များပြားလှပေသည်။

ယခုတစ်ကြိမ်တွင်လည်း Intel က AMD ကို တရားစွဲဆိုလိုက်ပြန်သည်။ အကြောင်းပြချက်မှာ နည်းပညာ အားပြိုင်ပွဲမှ ဓာတ်ပုံများကို အသုံးပြုကာ အဓိပ္ပာယ် ကောက်လွဲအောင် ဝါဒဖြန့်ခြင်းမှာ "မတရားသော ပြိုင်ဆိုင်မှု" ဖြစ်သည်ဟူ၍ ဖြစ်သည်။ သို့သော် AMD ကမူ ဂရုမစိုက်ပါချေ။ ၎င်းတို့အကြား တရားစွဲဆိုမှုပေါင်းမှာ ရှစ်ဆယ်၊ တစ်ရာမက ရှိနေပြီ မဟုတ်ပါလား။ အရေးကြီးတာက ဈေးကွက်ကို အရင်လုဖို့ပဲ၊ တရားစွဲတာကတော့ နောက်မှပေါ့ ဟု ၎င်းတို့ တွေးတောနေကြသည်။

ဧရာမ ကုမ္ပဏီကြီးများအကြား တရားရင်ဆိုင်ခြင်းမှာ တစ်နှစ်တစ်ရက်နှင့် ပြီးဆုံးမည့် ကိစ္စ မဟုတ်ပါချေ။ သက်သေပြခြင်း၊ ရွှေ့ဆိုင်းခြင်းများဖြင့် အနည်းဆုံး တစ်နှစ်ခွဲခန့် ကြာမြင့်တတ်သည်။ Microsoft နှင့် EU တို့၏ အမှုမှာ ခြောက်နှစ် ခုနစ်နှစ်ကြာ ဆွဲခဲ့ခြင်းက သက်သေပင် ဖြစ်သည်။ တစ်ဖက်လူက အနိုင်ရတော့မည်ဟု မြင်လျှင်ပင် တရားရုံးပြင်ပ ပြေငြိမ်းရန် ညှိနှိုင်းကြပြီး၊ ညှိနှိုင်းမှု ပျက်ပြားပါက နောက်တစ်ကြိမ် တရားရုံး ပြန်တက်ကြခြင်းဖြင့် အချိန်ဆွဲတတ်ကြသည်။

ဤကဲ့သို့သော ပြိုင်ဆိုင်မှု နည်းလမ်းများကို ဖုန်းယွီ သည် နယ်ပယ်ပေါင်းစုံတွင် မြင်တွေ့ခဲ့ဖူးသည်။ အစောပိုင်း Sony နှင့် AIWA တို့သည် မူပိုင်ခွင့်နှင့် အရောင်းလမ်းကြောင်းများကို အပြန်အလှန် ဝေမျှကာ အခြားသော ပြိုင်ဘက်များကို ဘေးသို့ တွန်းထုတ်ပြီး Walkman ဈေးကွက်ကို ခွဲဝေယူခဲ့ကြသည်။ သို့သော် AIWA ကို ဖုန်းယွီ ဝယ်ယူပြီးနောက်တွင်မူ ထိုပူးပေါင်းဆောင်ရွက်မှုမှာ ရပ်တန့်သွားခဲ့ပြီး၊ ယခုအခါ AIWA က Sony ကို အပြတ်အသတ် ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

အရင်ဘဝက စီးပွားရေးလောက၏ ရက်စက်လှသော အကွက်များကို ဖုန်းယွီ အမှတ်ရနေမိသေးသည်။ ဥပမာ ပြည်တွင်း နို့ထွက်ပစ္စည်း လုပ်ငန်းတစ်ခု၏ ဝန်ထမ်းများက ပြိုင်ဘက်ကုမ္ပဏီ၏ နို့အရင်းအမြစ်တွင် ပြဿနာ ရှိနေသည်ဟု သတင်းမှားများ ဖြန့်ဝေကာ၊ တစ်ဖက်လူ၏ ရောင်းအားကို ကျဆင်းစေပြီး မိမိတို့၏ အရောင်းမြှင့်တင်သည့် နည်းလမ်းမျိုး။

သို့မဟုတ်လျှင်လည်း ဘီယာ လုပ်ငန်းနှစ်ခုအကြား ဈေးကွက်လုရာတွင်၊ ကုမ္ပဏီတစ်ခုက ပြိုင်ဘက်၏ ဘီယာပုလင်း အလွတ်များကို အကုန်အစင် လိုက်လံ ဝယ်ယူစုဆောင်းပစ်ခြင်းဖြင့်၊ တစ်ဖက်ကုမ္ပဏီမှာ ထုတ်လုပ်ရန် ပြင်သည့်အခါ ပုလင်းမရှိသဖြင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားအောင် လုပ်ဆောင်သည့် နည်းလမ်း။ ပုလင်းပျောက်ဆုံးမှုနှုန်းမှာ ပုံမှန်ထက် အဆပေါင်း ၁၀၀ ကျော် မြင့်တက်သွားသဖြင့် ထုတ်လုပ်နိုင်စွမ်း မရှိတော့သည့် အချိန်တွင်၊ ကျန်သည့် ကုမ္ပဏီက ဈေးကွက်ကို အလုံးစုံ သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ ပုလင်းဝယ်ယူရန် ငွေကုန်ကြေးကျ ရှိစေဦးတော့၊ ဈေးကွက်ကို ရရှိသွားပါက ထိုငွေများကို တစ်နှစ်အတွင်း ပြန်ရှာနိုင်သည် မဟုတ်ပါလား။

ထို့အပြင် အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဝန်ထမ်းများအကြား ဖောက်သည်လုရာမှ အချင်းချင်း အပြင်းအထန် ရန်ဖြစ်ကြပြီး လူသေမှုအထိ ဖြစ်ပွားခဲ့သော အမှုများလည်း ရှိခဲ့ဖူးသည်။ ဆော့ဖ်ဝဲလ် လောကတွင်လည်း "ငါ့ဆော့ဖ်ဝဲလ်ကို သုံးချင်ရင် သူ့ဟာကို ဖျက်ပစ်ရမယ်” အသုံးပြုသူများကို အကျပ်ကိုင်ကာ၊ တစ်ဖက်လူ၏ ဆော့ဖ်ဝဲလ်ကို ဗိုင်းရပ်စ်အဖြစ် သတိပေးချက်များ ပြသသည့် တိုက်ပွဲမျိုးလည်း ရှိခဲ့သည်။ ထိုစစ်ပွဲတွင် Tencentသည် သူ၏ ခိုင်မာသော အသုံးပြုသူ အခြေခံဖြင့် အောင်မြင်ခဲ့သည်။

ကုမ္ပဏီများက "ဝံပုလွေ ယဉ်ကျေးမှု"ဟု ခေါ်ဆိုကြသော 'တစ်ဖက်လူကို ဝါးမြိုပစ်မှသာ ကိုယ်ရှင်သန်မည်' ဟူသော အတွေးအခေါ်မှာ ကုမ္ပဏီငယ်လေးများသာ လုပ်ဆောင်လေ့ ရှိကြသည်။ တကယ့် ကုမ္ပဏီကြီးများမှာမူ ပြိုင်ဘက်အားလုံးကို ချေမှုန်းပစ်ရန် မဝံ့ရဲကြပါချေ။ Coca-Cola ရှိသည့် နေရာတွင် Pepsi ရှိနေသလို၊ McDonald's ရှိသည့် နေရာတွင် KFC ရှိနေခြင်းမှာလည်း အချင်းချင်း ယှဉ်ပြိုင်ရင်း ဈေးကွက်ကို ချဲ့ထွင်ကာ အခြားသော ပြိုင်ဘက်ငယ်များကို ဖယ်ရှားပစ်သည့် ဗျူဟာပင် ဖြစ်သည်။

ဖုန်းယွီက AMD ၏ CEO အား မေးမြန်းသည့်အခါ၊ သူတို့က စိုးရိမ်ရန် မလိုအပ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ Intel နှင့် တရားစွဲဆိုခြင်းမှာ အလေ့အထတစ်ခုလို ဖြစ်နေပြီဖြစ်ကာ၊ နည်းပညာသစ် တစ်ခုခုကို တစ်ဖက်ဖက်က အရင်ဖော်ဆောင်နိုင်သည့် အချိန်တွင် တရားရုံးပြင်ပ၌ ပြန်လည် ပြေငြိမ်းသွားကြလိမ့်မည် ဖြစ်သည်။

နောင်နှစ်တွင် AMD ၏ ဈေးကွက်ဝေစုမှာ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ အရင်က Intel နှင့် ဆယ်ဆ ကွာဟချက်မှာ လေးဆခန့်အထိ ကျုံ့သွားပေလိမ့်မည်။ အကယ်၍ AMD ကသာ နောက်ထပ် ပရိုဆက်ဆာ အသစ်တစ်ခုကို ကျော်တက် ထုတ်လုပ်နိုင်မည်ဆိုပါက ဤကွာဟချက်မှာ ပို၍ပင် ကျဉ်းမြောင်းသွားမည် ဖြစ်သည်။ နောက်ထပ် ငါးနှစ် ကြာသည့်အခါတွင်မူ AMD ၏ ဈေးကွက်ဝေစုမှာ ၄၀ ရာခိုင်နှုန်းအထိ ရှိလာရန် မျှော်လင့်ချက် အပြည့်ရှိနေပြီး၊ ထိုအခါတွင်မူ Intel အနေဖြင့် AMD ကို လျှော့တွက်၍ ရတော့မည် မဟုတ်ပါချေ။

ယခုအခါ ဖုန်းယွီသည် လျူချွမ်းကျစ်တို့အဖွဲ့နှင့် ပြန်လည် ဆုံတွေ့ကာ၊ ထုတ်ကုန်သစ် တစ်ခု ထုတ်လုပ်ရန်အတွက် လျှို့ဝှက်စွာ တိုင်ပင် ဆွေးနွေးနေကြလေတော့သည်။

All Chapters