အခန်း (၁၄၀၃-၁၄၀၅)
Vol. 95 Ch. 1403-1405
အခန်း (၁၄၀၃) Tablet PC
"ကျွန်တော် အရင်က ခင်ဗျားတို့ကို အကြံပြုခဲ့ဖူးသလိုပါပဲ... ကျွန်တော်တို့ဟာ အရွယ်အစား သေးငယ်ကျစ်လျစ်ပြီး၊ စွမ်းဆောင်ရည် မြင့်မားကာ၊ ဈေးနှုန်းလည်း ချိုသာတဲ့ ကွန်ပျူတာတစ်မျိုးကို ထုတ်လုပ်ရပါမယ်။ ဒီထုတ်ကုန်ဟာ ကျွန်တော်တို့အတွက် အမြတ်အစွန်း လမ်းကြောင်းသစ် တစ်ခု ဖြစ်လာစေမှာဖြစ်သလို၊ Lenovoကိုလည်း ကမ္ဘာ့နံပါတ်တစ် ကွန်ပျူတာ ကုမ္ပဏီအဖြစ် အမှန်တကယ် ရောက်ရှိစေမှာပါ"
ဖုန်းယွီက သူ၏ ရှေ့မှောက်ရှိ လူယုံတော်များကို ကြည့်ကာ ယုံကြည်ချက် အပြည့်ဖြင့် ဆိုလိုက်သည်။ သို့သော် လျူချွမ်းကျစ်ကမူ မျက်မှောင်ကြုတ်လျက် ဝေဖန်ထောက်ပြလာသည်။
"မန်နေဂျာဖုန်း... ခင်ဗျားပြောတာက အခြေခံအားဖြင့်တင် ရှေ့နောက်မညီ ဖြစ်နေသလိုပဲ။ စွမ်းဆောင်ရည်က မြင့်မားမယ်ဆိုရင် ဈေးနှုန်းက ဘယ်လိုလုပ်ပြီး ချိုသာနိုင်မှာလဲ။ နောက်ပြီး စွမ်းဆောင်ရည် မြင့်မားတဲ့ ပစ္စည်းတစ်ခုက အရွယ်အစား ဘယ်လိုလုပ်ပြီး သေးငယ်နိုင်ပါ့မလဲ”
အရင်ကလည်း ဖုန်းယွီဤအကြောင်းကို ပြောခဲ့ဖူးသည်။ ထိုစဉ်က လျူချွမ်းကျစ်သည် အဖွဲ့ကို ဦးဆောင်ကာ လေ့လာဆန်းစစ်ခဲ့သော်လည်း၊ လက်ရှိ နည်းပညာ အခြေအနေအရ လုံးဝမဖြစ်နိုင်ဟုသာ ကောက်ချက်ချခဲ့မိသည်။
ဖုန်းယွီက လက်ကာပြလိုက်ရင်း "မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ အရင်တုန်းကဆိုရင် ဒီလောက်သေးငယ်တဲ့ လက်ကိုင်ဖုန်းလေးနဲ့ အင်တာနက် သုံးနိုင်မယ်၊ အီးမေးလ် ပို့နိုင်မယ်၊ ဓာတ်ပုံရိုက်နိုင်မယ်လို့ ဘယ်သူကများ ထင်ခဲ့လို့လဲ။ IT လောကရဲ့ အရှိန်အဟုန်ဟာ ဘယ်လောက် မြန်မြန်ဆန်ဆန် ပြောင်းလဲနေသလဲဆိုတာ ခင်ဗျားတို့က ကျွန်တော့်ထက် ပိုသိမှာပါ"
"ကျွန်တော် ဆိုလိုတဲ့ ကွန်ပျူတာကို Tablet PC လို့ ခေါ်ပါတယ်။ ဆိုလိုတာက Touchscreen နည်းပညာကို အခြေခံထားတာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ... အခု ကျွန်တော်တို့ဆီမှာရှိတဲ့ ထိတွေ့မျက်နှာပြင် နည်းပညာဟာ ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ရှိနေပါတယ်။ မျက်နှာပြင် အရွယ်အစားက ၈ လက်မ ကနေ ၁၀ လက်မ ဝန်းကျင်လောက် ရှိရမယ်။ ခလုတ်တွေကတော့ အခု ကျွန်တော်တို့ ဒီဇိုင်းထုတ်ထားတဲ့ စမတ်ဖုန်းတွေလိုပဲ အနည်းဆုံး ဖြစ်ရမယ်။ အရှေ့ဘက်မှာ ခလုတ် ၁ ခုကနေ ၃ ခုလောက်ပဲ ပါရမယ်၊ ဒါမှမဟုတ် အဲဒီခလုတ်တွေကိုပါ ထိတွေ့စနစ်နဲ့ပဲ လုပ်ရမယ်"
"ဒါဟာ မျက်နှာပြင်ရဲ့ ကြည်လင်ပြတ်သားမှုပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ကံကောင်းတာက... ကျွန်တော်တို့ရဲ့ LCD မျက်နှာပြင် နည်းပညာဟာလည်း ကမ္ဘာ့ထိပ်တန်း အဆင့်မှာ ရှိနေတာပဲ။ ပြီးတော့ သေးငယ်ပေမဲ့ စွမ်းအားကြီးတဲ့ Motherboard၊ RAM နဲ့ Storage တွေလည်း လိုအပ်ပါတယ်။ ဒါတွေအားလုံးမှာ ကျွန်တော်တို့ရဲ့ နည်းပညာက မဆိုးလှပါဘူး"
" ကျွန်တော်တို့မှာ ဒီလောက် အခြေအနေကောင်းတွေ ရှိနေမှတော့၊ ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ လောင်လျူ... Lenovoက အရင်က IBM ရဲ့ ThinkPad လိုမျိုး ထုတ်ကုန်တစ်ခု လုပ်ခဲ့ဖူးတယ် မဟုတ်လား။ အဲဒါက မျက်နှာပြင်ကို လှည့်လိုက်ရင် ထိတွေ့စနစ်နဲ့ သုံးလို့ရတဲ့ ပုံစံမျိုးလေ။ အခု ကျွန်တော်တို့ လုပ်မှာက အဲဒီကနေ Keyboard ကို ဖြုတ်ပစ်လိုက်ရုံပဲ။ Motherboard နဲ့ အဓိက အစိတ်အပိုင်းတွေကို မျက်နှာပြင်ရဲ့ နောက်ဘက်မှာ တစ်ပါတည်း ထည့်သွင်းလိုက်ရမှာပါ။ ဘာကများ ခက်ခဲနေလို့လဲ”
"All-in-One PC တွေကိုတောင် ခင်ဗျားတို့ ထုတ်နိုင်ခဲ့တာပဲ။ ဒါဟာ အရွယ်အစား သေးငယ်သွားတဲ့ 'အသေးစား အလုံးစုံသုံး ကွန်ပျူတာ' တစ်မျိုးပဲပေါ့၊ ထိတွေ့မျက်နှာပြင် ပါဝင်တာပဲ ကွာခြားသွားတာလေ"
ဖုန်းယွီ၏ ရှင်းပြချက်များကို နားထောင်ပြီးနောက် အားလုံးက ကျိုးကြောင်းဆီလျော်သည်ဟု စတင်ယူဆလာကြသည်။ သို့သော် ချိုးပါ့ကျွင်းက သူ၏ စိုးရိမ်မှုကို ထုတ်ဖော်လာသည် -
"ဒါပေမဲ့ စနစ်ကော ဘယ်လိုလုပ်မလဲ။ အခု ငါတို့ သုတေသန လုပ်နေတဲ့ PC စနစ်က သိပ်မကြီးဘူး ဆိုဦးတော့၊ အနည်းဆုံး 2GB လောက် ရှိတာ။ တခြားသော အစိတ်အပိုင်းတွေနဲ့ System Patch တွေပါ ပေါင်းလိုက်ရင် အနည်းဆုံး 10GB လောက် မှတ်ဉာဏ် နေရာယူလိမ့်မယ်။ ဒီလောက် သေးငယ်တဲ့ စက်လေးကို စာအုပ်ထက် ပိုထူအောင် ငါတို့ လုပ်လို့ မရဘူးလေ"
"စနစ်ကို ရိုးရှင်းအောင် လုပ်လို့ ရတာပဲ။ ကျွန်တော်တို့ရဲ့ PC စနစ်နဲ့ စမတ်ဖုန်းစနစ်ကြားမှာ ကွာခြားချက်က အကြီးကြီးပဲလေ၊ ဒါပေမဲ့ နှစ်ခုစလုံးက LINUX ရဲ့ အခြေခံ ကုဒ်တွေကိုပဲ သုံးထားတာ မဟုတ်လား။ ဒါဆိုရင် စမတ်ဖုန်းစနစ်ထက် စွမ်းဆောင်ရည် ပိုမြင့်ပြီး၊ PC စနစ်ထက်တော့ ပိုပြီး ရိုးရှင်းတဲ့ 'စနစ်သစ်' တစ်ခုကို ဘာလို့ မဖန်တီးနိုင်ရမှာလဲ”
"ဒီ Tablet PC အပေါ်မှာ ကျွန်တော့်ရဲ့ တောင်းဆိုချက်က... အင်တာနက် သုံးနိုင်မယ်၊ အီးမေးလ် ပို့နိုင်မယ်၊ ဂိမ်းဆော့မယ်၊ သီချင်းနားထောင်မယ်၊ ဗီဒီယို ကြည့်မယ်၊ ဓာတ်ပုံ ကြည့်မယ်၊ ပြီးတော့ IM သုံးလို့ရရင် လုံလောက်ပါပြီ။ ဒါတွေဟာ လူအများစု ကွန်ပျူတာကို သုံးနေကြတဲ့ အဓိက အချက်တွေပဲ။ ရုံးလုပ်ငန်းအတွက်ဆိုရင်တော့... ငါတို့က Keyboard ကိုတောင် ဖြုတ်ပစ်လိုက်ပြီဆိုမှတော့၊ ဒီအပိုင်းကိုလည်း ချန်ထားခဲ့လို့ ရတာပဲလေ"
"ဒီ Tablet PC ကို 'ဖျော်ဖြေရေး' အတွက်ပဲ အဓိက ဦးတည်မယ်၊ အလုပ်လုပ်ဖို့ မဟုတ်ဘူး။ အကယ်၍ အလုပ်လုပ်ချင်တယ် ဆိုရင်တော့ စွမ်းဆောင်ရည် ပိုမြင့်တဲ့ ထုတ်ကုန်တွေကိုပဲ ဝယ်သင့်တာပေါ့။ သေချာပေါက်၊ နောင်အနာဂတ်မှာ Hardware နဲ့ Software တွေ အဆင့်မြင့်လာတဲ့အခါ၊ အလုပ်လုပ်ဖို့အတွက် အသုံးချနိုင်လာမှာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ"
"သိုလှောင်မှုနဲ့ ပတ်သက်ရင်လည်း... ငါတို့က Mechanical HDD တွေကို သုံးစရာ မလိုပါဘူး။ SD Card တွေကို ဘာလို့ မသုံးနိုင်ရမှာလဲ။ ငါတို့ရဲ့ နည်းပညာဟာ အခုဆိုရင် 4GB အထိ ထုတ်နိုင်နေပြီပဲ။ နောင်နှစ်ဆိုရင် 8GB ဒါမှမဟုတ် 16GB တွေ သေချာပေါက် ထွက်လာမှာပါ။ ခင်ဗျားတို့ ထင်သလား... ကျွန်တော် အခုပြောတဲ့ လုပ်ဆောင်ချက်တွေအတွက် 16GB ဆိုတာ မလုံလောက်ဘူးလို့လား။ 8GB တောင်မှ အပိုကြီးပါ။ ကျွန်တော်တို့က အပြင်ကနေ မှတ်ဉာဏ်ကတ် ထပ်စိုက်လို့ရမယ့် Expansion Slot လေး တစ်ခု ချန်ထားပေးရင်တင် အဆင်ပြေနေပါပြီ"
သူ၏ အရင်ဘဝက တက်ဘလက်များ စတင်ထွက်ပေါ်စဉ်က မှတ်ဉာဏ်မှာ ယခုထက်ပင် သေးငယ်ခဲ့သည် မဟုတ်ပါလား။ သို့သော်လည်း ပုံမှန်အတိုင်း အသုံးပြုနိုင်ခဲ့သည်သာ ဖြစ်သည်။
"မန်နေဂျာဖုန်း... ခင်ဗျားက ကျွန်တော်တို့ရဲ့ နည်းပညာကို အရမ်းကြီး အကောင်းမြင်လွန်းနေသလားလို့ဗျာ။ Touchscreen နဲ့ LCD ကို ပေါင်းစပ်ဖို့က မလွယ်ကူသလို၊ မျက်နှာပြင် ၈လက်မလောက် ရှိမယ်ဆိုရင် လျှပ်စစ်စားသုံးမှုကလည်း အလွန် မြင့်မားလိမ့်မယ်” ရှုလိဟွာက ကြားဝင် ပြောဆိုလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော်က အကောင်းမြင်နေတာ မဟုတ်ဘဲ၊ ငါတို့ဟာ ဒီဦးတည်ချက်အတိုင်း ကြိုးပမ်းရမယ်လို့ ပြောတာပါ။ နည်းပညာ နှစ်ခု ပေါင်းစပ်ဖို့ ခက်ခဲမယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ထိတွေ့စနစ်သုံး ဖုန်းတွေက အဲဒါကို သက်သေပြနေတာပဲ။ လျှပ်စစ်စားသုံးမှု ကိစ္စကိုတော့ Taihua Battery ကုမ္ပဏီကို ဖြေရှင်းခိုင်းရမယ်။ စွမ်းဆောင်ရည်မြင့် Lithium Battery တွေဟာ သူတို့ရဲ့ လက်ရှိ အဓိက သုတေသန ဦးတည်ချက်ပဲလေ"
"နောက်ထပ် တစ်ခုက... Taihua Batteryရဲ့ နောက်ထပ် ထုတ်ကုန်တစ်ခုဖြစ်တဲ့ Power Bank ကို မမေ့ပါနဲ့။ ဒါဟာ အပိုဘက်ထရီ တစ်ခုလိုပဲ အသုံးဝင်စေမှာပါ။ ပထမဆုံး ထွက်လာမယ့် ထုတ်ကုန်မှာတော့ စွမ်းဆောင်ရည် သိပ်မမြင့်သေးရင်တောင်မှ၊ အနည်းဆုံး ဗီဒီယို နှစ်နာရီစာ ဆက်တိုက် ကြည့်လို့ရရမယ်"
အကယ်၍ ရုပ်ရှင်တစ်ကားတောင် အဆုံးထိ ကြည့်လို့မရဘူးဆိုရင်၊ ဒီဖျော်ဖြေရေး လုပ်ဆောင်ချက်က အပိုသက်သက်ပဲ ဖြစ်သွားပေလိမ့်မည်။
ထိုစဉ် ယန်ကျိယွမ်က အတွေးတစ်ခု ရလာသည်။ "စွမ်းအင် သုံးစွဲမှုကို လျှော့ချဖို့အတွက် CPU နဲ့ Graphics ကို တစ်ပါတည်း ပေါင်းစပ်လိုက်ရင် ပိုပြီး အဆင်ပြေနိုင်မယ် ထင်တယ်"
ဤသည်မှာ သူ၏ အရင်ဘဝက AMD မှ ထုတ်လုပ်ခဲ့သော APU နှင့် ဆင်တူလှပေသည်။ ၎င်းသည် စွမ်းဆောင်ရည် ကောင်းမွန်ရုံတင်မကဘဲ နေရာယူမှုလည်း သက်သာစေသည် မဟုတ်ပါလား။
"ဒီအကြံဉာဏ်က အလွန်ကောင်းတယ်။ ယီထျန်းမင်... ခင်ဗျားတို့ဘက်က အဆင်ပြေပါ့မလား” ဖုန်းယွီက မေးလိုက်သည်။
"ပြဿနာ မရှိပါဘူး။ ငါတို့ရဲ့ သုတေသန ဓာတ်ခွဲခန်းတွေက တရုတ်ပြည်ထဲမှာ ရှိနေသလို စက်မှုဇုန်တစ်ခုတည်းမှာပဲ ရှိတာဆိုတော့... NVIDIA နဲ့ ပူးပေါင်းပြီး ဒီထုတ်ကုန်ကို အမြန်ဆုံး ဖော်ဆောင်နိုင်မှာပါ။ ဌာနချုပ်ကိုလည်း ချက်ချင်း အစီရင်ခံလိုက်ပါ့မယ်” ယီထျန်းမင်က ပြန်လည် ဖြေကြားလိုက်သည်။
သို့သော်လည်း လျူချွမ်းကျစ်ကမူ သတိကြီးစွာဖြင့် ထပ်မံ အကြံပြုလာသည်။ "ဒါပေမဲ့... မျက်နှာပြင် နည်းပညာရော၊ ဘက်ထရီနဲ့ Hardware တွေကပါ အဆင်သင့် မဖြစ်သေးဘူးဆိုရင်တော့၊ အစပိုင်းမှာ Laptop ပုံစံမျိုးနဲ့ပဲ အရင် စတင်သင့်တယ်လို့ ထင်တယ်။ ငါတို့က အဆင့်ဆင့်ပဲ တိုးတက်သွားသင့်တယ်"
"ပြီးတော့ ငါတို့က Micro AIO ကိုလည်း သုတေသန လုပ်ဖို့ စီစဉ်ထားတာဆိုတော့၊ ဒီစီမံကိန်းနဲ့လည်း ဆန့်ကျင်ဘက် မဖြစ်ပါဘူး"
Laptop ဟုတ်လား။ ဤလုပ်ဆောင်ချက်များမှာ သူ၏ အရင်ဘဝက အောက်ခြေဈေးကွက်ကို ပစ်မှတ်ထားခဲ့သော Netbookများ၏ လုပ်ဆောင်ချက်များ ဖြစ်သည်။ အကယ်၍ Tablet PC နည်းပညာ အဆင်သင့် မဖြစ်သေးပါက၊ ဈေးနှုန်းချိုသာသော Netbook တစ်ခုကို အရင် ထုတ်လုပ်ခြင်းကလည်း မဆိုးလှပါချေ။
"ခင်ဗျားပြောတာလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ ဒါဆိုရင် ခင်ဗျားတို့ရဲ့ အကြံဉာဏ်အတိုင်းပဲ အရင် လုပ်ကြတာပေါ့။ ဒီထုတ်ကုန်ရဲ့ အဓိက အားသာချက်က 'ဈေးနှုန်းချိုသာမှု' နဲ့ 'ကျစ်လျစ်မှု' ပဲ ဖြစ်ရမယ်။ ဒါပေမဲ့... အကြီးစား အွန်လိုင်းဂိမ်းတွေ ဆော့ဖို့အတွက်ဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ပဲ သတ်မှတ်ထားလိုက်ပါ"
"မန်နေဂျာဖုန်း... Laptop တွေဆိုတာ အမြဲတမ်း အဆင့်မြင့် ထုတ်ကုန်အဖြစ်ပဲ တည်ရှိနေတာလေ။ အခုလို စွမ်းဆောင်ရည် မမြင့်တဲ့ ပစ္စည်းကို ထုတ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အဆင့်အတန်း ကျသွားနိုင်မလား” ကျန်းဝမ်မုန့်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ဈေးနှုန်း မတူရင် ဈေးကွက်လည်း မတူပါဘူး။ ဒီထုတ်ကုန်ကိုတော့ လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ ကျောင်းသူတွေကို အဓိက ပစ်မှတ်ထားပြီး ရောင်းချမှာပါ။ နောင်အနာဂတ်မှာ Laptop ဈေးကွက်က ပြည့်ဝသွားတဲ့ အခါကျရင် ငါတို့ အခု သုတေသန လုပ်နေတဲ့ ဒီ Tablet PC ဟာ ကုမ္ပဏီရဲ့ အမြတ်အစွန်း လမ်းကြောင်းသစ်နဲ့ အဓိက ထောက်တိုင်ကြီး ဖြစ်လာစေရမယ်” ဖုန်းယွီက အဆုံးသတ် နိဂုံးချုပ်လိုက်လေတော့သည်။
******
အခန်း (၁၄၀၄) Lenovo အခက်တွေ့နေရပြီ
လတ်တလောကာလတွင် လျူချွမ်းကျစ်သည် လုပ်ငန်းတာဝန်များကြောင့် အလွန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ရသည်။ အဓိက အကြောင်းရင်းမှာ Lenovoအနေဖြင့် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပ၊ အမေရိကန်တို့မှ ထုတ်ကုန်များ၏ စိန်ခေါ်မှုကို ကြံ့ကြံ့ခံနေရချိန်တွင်၊ နိုင်ငံတော်၏ ကူညီပံ့ပိုးမှုများ ရှိနေစေကာမူ ထိုင်ဝမ်အခြေစိုက် ကွန်ပျူတာ အမှတ်တံဆိပ်များက တရုတ်ပြည်တွင်း ဈေးကွက်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်လာခြင်းကြောင့်ပင် ဖြစ်သည်။
ထိုစဉ်က တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့၏ ဆက်ဆံရေးမှာ ပြန်လည်ပြေလည်လာခဲ့ပြီး၊ ထိုင်ဝမ်အတွက် ဈေးကွက်ကို ဖွင့်လှစ်ပေးခဲ့သည်။ မူလရည်ရွယ်ချက်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ကုန်သွယ်ကြရင်း စီးပွားရေးအရ တစ်သားတည်းဖြစ်စေကာ ထိုင်ဝမ်ကို ပြည်မကြီး၏ သြဇာအောက်သို့ တဖြည်းဖြည်း သွတ်သွင်းရန် ဖြစ်သည်။
သို့သော်လည်း တစ်ခုမေ့လျော့သွားသည်မှာ တရုတ်ပြည်မကြီး အားကောင်းသည့် နယ်ပယ်များတွင် ထိုင်ဝမ်သည်လည်း အလားတူ အားကောင်းနေခြင်းပင်။ ထို့ထက်ပိုသည်မှာ ထိုင်ဝမ်တွင် သွင်းကုန်ဆိုင်ရာ အားသာချက်အချို့ ရှိနေသဖြင့် ထုတ်ကုန်အတော်များများ၌ တရုတ်ပြည်မကြီးမှ ထုတ်ကုန်များထက် ပိုမို၍ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။
ထိုအထဲတွင် ကွန်ပျူတာလုပ်ငန်းလည်း ပါဝင်နေပြီး အထူးသဖြင့် Laptopဈေးကွက်မှာ အကြီးမားဆုံးသော ရိုက်ခတ်မှုကို ခံစားခဲ့ရသည်။
ဤလှိုင်းလုံးကြီးထဲတွင် အဓိက ဦးဆောင်လာသည့် အမှတ်တံဆိပ် သုံးခုမှာ ASUS၊ Acer နှင့် BenQ တို့ ဖြစ်ကြသည်။ Acer နှင့် BenQ တို့မှာမူ တည်ထောင်သူ တစ်ဦးတည်းကပင် ခွဲထွက်လာခြင်း ဖြစ်ပြီး BenQ မှာ အစောပိုင်းက Acer ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။
အဆိုပါ ကုမ္ပဏီများထဲတွင် ASUS သည် ကမ္ဘာ့ထိပ်တန်း Motherboard ပံ့ပိုးသူ ဖြစ်ပြီး တစ်ကမ္ဘာလုံး၏ Motherboard ဈေးကွက်ဝေစု လေးပုံတစ်ပုံကျော်ကို သိမ်းပိုက်ထားသည်။ ၎င်းတို့သည် ကွန်ပျူတာ ထုတ်လုပ်မှုလောကထဲသို့ ခြေစုံပစ်ဝင်လာသည့် အချိန်မှစ၍ Laptop ရောင်းအားမှာ တဟုန်ထိုး မြင့်တက်လာခဲ့ပြီး အရှိန်အဟုန်မှာ အလွန်ပင် ပြင်းထန်လှပေသည်။
Acer နှင့် BenQ တို့မှာမူ ASUS ထက် အနည်းငယ် နိမ့်ကျနေစေဦးတော့၊ ၎င်းတို့၏ စွမ်းဆောင်ရည်မှာလည်း အထင်သေး၍ မရပါချေ။ အနည်းဆုံးအားဖြင့် ဂျပန်နှင့် တောင်ကိုရီးယား ထုတ်လုပ်သူများထက် မညံ့ဖျင်းသည့်အပြင်၊ Laptop ထုတ်လုပ်မှုနှင့် ရောင်းအားမှာလည်း ကမ္ဘာ့အဆင့်တွင် ထိပ်တန်းစာရင်းဝင်နေကြသည်။
တစ်ချိန်တည်းမှာပင် ပြည်တွင်း၌လည်း Hasee ဟု ခေါ်ဆိုသော နောက်ထပ် ဧရာမ ကွန်ပျူတာ အမှတ်တံဆိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဤကုမ္ပဏီမှာလည်း Laptop ထုတ်လုပ်မှုကို အဓိက လုပ်ဆောင်ခြင်း ဖြစ်သော်လည်း၊ ထူးခြားချက်မှာ ၎င်းတို့၏ ဈေးနှုန်းမှာ အလွန်အမင်း ချိုသာနေခြင်းပင်။ စက်ပစ္စည်း အစိတ်အပိုင်း အတူတူပင် ဖြစ်စေကာမူ၊ ၎င်းတို့၏ ဈေးနှုန်းမှာ Lenovoထက်ပင် ပို၍ နိမ့်ကျနေခဲ့သည်။
Lenovoသည် ၎င်း၏ ကြီးမားသော ထုတ်လုပ်မှု ပမာဏကို အသုံးချကာ ကုန်ကျစရိတ်ကို အစဉ်တစိုက် လျှော့ချခဲ့သဖြင့် ကမ္ဘာ့အဆင့်တွင် ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း အရှိဆုံး ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း မမျှော်လင့်ဘဲ Hasee ၏ ကုန်ကျစရိတ်မှာ Lenovoထက်ပင် ပိုမို သက်သာနေသည်ကို တွေ့ရှိလိုက်ရသဖြင့် လျူချွမ်းကျစ်တစ်ယောက် အံ့အားသင့်နေမိသည်။
လျူချွမ်းကျစ်သည် သေသေချာချာ လေ့လာဆန်းစစ်ပြီးနောက်မှသာ Hasee ၏ ကုန်ကျစရိတ်မှာ အဘယ်ကြောင့် ဤမျှအထိ နိမ့်ကျနေရသနည်းဆိုသည်ကို သဘောပေါက်သွားခဲ့သည်။
ပထမဆုံး အချက်မှာ Hasee သည် အစိတ်အပိုင်းများကို ဝယ်ယူပြီး တပ်ဆင်ရုံ သက်သက်သာ မဟုတ်ပါချေ။ အစိတ်အပိုင်းများကို စုပေါင်းတပ်ဆင်ခြင်းဆိုသည်မှာ ကုန်ထုတ်လုပ်မှု ကွင်းဆက်၏ အောက်ခြေအကျဆုံး အဆင့်ဖြစ်သလို၊ အကျိုးအမြတ် အနည်းဆုံးနှင့် အမှတ်တံဆိပ် တည်ဆောက်ရန် ခက်ခဲသော အဆင့်လည်း ဖြစ်သည်။
ဥပမာအားဖြင့် Intel နှင့် AMD တို့မှာ အပေါ်ဘက် ကွင်းဆက်တွင် ရှိကြပြီး၊ သုတေသန၊ ဒီဇိုင်းနှင့် ထုတ်လုပ်မှုကို တစ်ပါတည်း လုပ်ဆောင်ကြသည်။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော ကွန်ပျူတာများမှာမူ ရောင်းအားမှာ သာမန်မျှသာ ရှိသည်။
အလယ်အလတ် ကွင်းဆက်တွင်ရှိသော Toshiba နှင့် Samsung ကဲ့သို့သော ထုတ်လုပ်သူများမှာမူ အဓိက အစိတ်အပိုင်းများကို ကိုယ်တိုင် ထုတ်လုပ်ကြပြီး၊ အချို့ကို သုတေသနလုပ်ကာ အချို့ကို အပြင်မှ ဝယ်ယူ တပ်ဆင်ကြသည်။
ထို့အပြင် NVIDIA ကဲ့သို့သော ထိပ်တန်း Hardware ထုတ်လုပ်သူများမှာမူ PC ထုတ်လုပ်မည့် အခွင့်အရေးကို စွန့်လွှတ်ကာ၊ မိမိတို့၏ အားသာချက်ရှိသော အဓိက အစိတ်အပိုင်းများကိုသာ အာရုံစိုက် ထုတ်လုပ်ကြသည်။
ASUS မှာမူ အပေါ်ဘက် ကွင်းဆက်ရှိသော ထုတ်လုပ်သူဖြစ်ပြီး၊ ကမ္ဘာ့ Motherboard လောက၏ ခေါင်းဆောင်တစ်ဦး ဖြစ်နေသဖြင့် ၎င်းတို့၏ ကုန်ကျစရိတ်မှာ Lenovoနှင့် မတိမ်းမယိမ်း ဖြစ်နေခြင်းအပေါ် လျူချွမ်းကျစ်အနေဖြင့် များစွာ အံ့သြခြင်း မရှိပါချေ။
သို့သော် Hasee ၏ နည်းပညာမှာမူ များစွာ နောက်ကျနေခဲ့သည်။ အကယ်၍ ၎င်းတို့သည် အလယ်အလတ်အဆင့်သို့ တက်လှမ်းရန်အတွက် အဓိက အစိတ်အပိုင်း အချို့ကို ကိုယ်တိုင် သုတေသနပြုကာ ကွန်ပျူတာ ထုတ်လုပ်လိုသည်ဆိုပါက၊ ဦးစွာပထမ ၎င်းတို့တွင် အားသာချက်ရှိသော ထုတ်ကုန်တစ်ခုခု ရှိနေရမည် မဟုတ်ပါလား။
သို့သော် လက်တွေ့တွင် Haseeသည် ကွန်ပျူတာ၏ မည်သည့် အဓိက အစိတ်အပိုင်းတွင်မှ အားသာချက် မရှိသလို၊ ထုတ်ပြစရာ ထူးခြားသော ထုတ်ကုန်မျိုးလည်း မရှိပါချေ။ မူပိုင်ခွင့် အချို့ ရှိနေစေဦးတော့၊ ထိုမူပိုင်ခွင့်များမှာ အခြားသူများ မက်မောလောက်စရာ မရှိသလို၊ Lenovoနှင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပါချေ။
ဒါဆိုလျှင် Hasee က ကုန်ကျစရိတ်ကို ဘယ်လိုများ ထိန်းချုပ်နေပါသနည်း။ ပထမ အချက်မှာ ၎င်းတို့ စက်ရုံရှိ အလုပ်သမားများ၏ လစာမှာ အလွန်ပင် နိမ့်ကျနေသဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ခြင်း ဖြစ်သည်။
ဒုတိယ အချက်မှာ ၎င်းတို့တွင် ကိုယ်ပိုင် တိုက်ရိုက်အရောင်းဆိုင်များ မရှိဘဲ ကိုယ်စားလှယ်ပေးစနစ်ကိုသာ အသုံးပြုခြင်း ဖြစ်သည်။ လုပ်ငန်းချဲ့ထွင်ချိန်တွင် ကိုယ်စားလှယ်ကြေးကို အလွန်နည်းပါးစွာ သတ်မှတ်ထားသဖြင့် ၎င်းတို့၏ အရောင်းဆိုင်များမှာ အချိန်တိုအတွင်း နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ထို့ပြင် Hasee ၏ အကြီးအကဲသည် ဝန်ထမ်းများ အားလုံးကို "အကောင်အထည် မပေါ်သေးတဲ့ အိပ်မက်ကြီး" တစ်ခုဖြင့် ဆွဲဆောင်ထားခဲ့သည်။ သူသည် Lenovoအုပ်စုကို စံနမူနာအဖြစ် ပြသကာ ယခု ခံစားနေရသော ဆင်းရဲဒုက္ခများမှာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ နောင်တွင် ဝန်ထမ်းတိုင်းအား ကုမ္ပဏီ၏ မူလရှယ်ယာများ ခွဲဝေပေးမည်ဖြစ်ပြီး ကုမ္ပဏီ စတော့ဈေးကွက် တက်သွားသည့်အခါ လူတိုင်းမှာ အနည်းဆုံး သန်းကြွယ်သူဌေးများ ဖြစ်လာကြမည်ဖြစ်ကြောင်း လိမ်ညာ ဆွဲဆောင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဝန်ထမ်းများမှာ နိမ့်ကျသော လစာနှင့် ခံစားခွင့်များအောက်တွင် ကြိတ်မှိတ် လုပ်ကိုင်နေကြရပြီး၊ ၎င်းတို့၏ လူမှုဖူလုံရေး အခြေအနေမှာ Lenovoနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။
စတော့ဈေးကွက် တက်လှမ်းမည့် ကိစ္စနှင့် ပတ်သက်၍လည်း၊ လျူချွမ်းကျစ်၏ အမြင်တွင် Hasee အနေဖြင့် အချိန်တိုအတွင်း အောင်မြင်နိုင်ရန် မဖြစ်နိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဘဏ္ဍာရေး စာရင်းများမှာ စတော့တင်ရန် လိုအပ်ချက်နှင့် မကိုက်ညီသလို၊ လက်ရှိတွင် ပြည်တွင်းရှိ IT လုပ်ငန်းများအပေါ် စစ်ဆေးမှုမှာ အလွန်ပင် တင်းကျပ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံသူ အများစုကလည်း Hasee အနေဖြင့် ဈေးကွက်တွင် ရေရှည် ရပ်တည်နိုင်မည်ဟု မယူဆကြဘဲ၊ ခေတ္တခဏသာ ပေါ်ထွက်လာပြီး အခြားသော ထုတ်လုပ်သူများ၏ ဝါးမြိုခြင်းကို ခံရမည်ဟုသာ ထင်မြင်နေကြသည်။
နောက်ဆုံး အချက်မှာ လျူချွမ်းကျစ်အဖို့ အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ Haseeသည် ပထဝီဝင် အားသာချက်ကို အသုံးချကာ ဆိပ်ကမ်းနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် ၎င်းတို့သည် စက်ရုံထွက် ပိုလျှံပစ္စည်းများကို မကြာခဏ တင်သွင်းလေ့ ရှိခြင်းပင်။
ပိုလျှံပစ္စည်း ဆိုသည်မှာ အချို့သော စက်ရုံများက ထုတ်လုပ်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အော်ဒါ ဖျက်သိမ်းခံရသဖြင့် ပုံနေသော ပစ္စည်းများ၊ သို့မဟုတ် ရောင်းအား ခန့်မှန်းချက် လွဲချော်သဖြင့် ဂိုဒေါင်ထဲတွင် သောင်တင်နေသော ထုတ်ကုန်များကို ဆိုလိုသည်။ ထို့အပြင် ထုတ်လုပ်မှု ဖြစ်စဉ်အတွင်း ဆုံးရှုံးမှုနှုန်းအတွက် ကြိုတင် လျာထားသော်လည်း လက်တွေ့တွင် ပိုလျှံနေသော အစိတ်အပိုင်းများလည်း ပါဝင်သည်။
ဤသို့ ပိုလျှံပစ္စည်းများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းများစွာ ရှိသော်လည်း၊ စက်ရုံများမှာ ထိုပစ္စည်းများကို အမြန်ဆုံး ဖယ်ရှားပစ်ရန်သာ လိုလားကြသည်မှာ ငြင်းမရသော အချက်ပင်။ တစ်ဖက်တွင်မူ ဂိုဒေါင်များ ပြည့်မနေစေရန်နှင့် ကုန်ကြမ်းများ လေလွင့်မသွားစေရန် ဖြစ်သလို၊ နောက်တစ်ဖက်တွင်လည်း ထိုပစ္စည်းများကို ငွေသားအဖြစ် ပြန်လည် ပြောင်းလဲနိုင်ခြင်းမှာ ၎င်းတို့အတွက် မျှော်လင့်မထားသော ဝင်ငွေတစ်ခု ဖြစ်နေသောကြောင့်ပင်။ ထိုဝင်ငွေမှာ အလွန်ပင် နည်းပါးလှစေဦးတော့၊ ၎င်းမှာ အပိုရရှိသည့် ငွေကြေးသာ ဖြစ်သည် မဟုတ်ပါလား။
ယခုအခါ Hasee သည် ထိုပိုလျှံပစ္စည်း အစိတ်အပိုင်းများကို ဝယ်ယူကာ ၎င်းတို့၏ ကိုယ်ပိုင် Laptop များအဖြစ် တပ်ဆင်နေရုံတင်မကဘဲ၊ နောက်ထပ် နည်းလမ်းတစ်ခုကိုပါ အသုံးချလာသည်။ ၎င်းမှာ ပိုလျှံနေသော အီလက်ထရွန်နစ် အစိတ်အပိုင်းများကို တင်သွင်းပြီး၊ ၎င်းတို့ကို ပြန်လည် အသုံးပြုကာ အခြားသော အစိတ်အပိုင်းများကို ကိုယ်တိုင် ထုတ်လုပ်ခြင်း ဖြစ်သည်။ ၎င်းကိုပင် Hasee က "ကိုယ်ပိုင် သုတေသနနှင့် ဖော်ဆောင်ရေး” အမည်တပ်ကာ ဒုတိယတန်းစား လုပ်ငန်းများထဲသို့ အတင်းအကျပ် တိုးဝင်လာခဲ့ခြင်းပင်။
သို့သော်လည်း ပိုလျှံပစ္စည်းများကို သုံးထားသဖြင့် ထုတ်ကုန်၏ အရည်အသွေးကို ထိရောက်စွာ မထိန်းချုပ်နိုင်ပါချေ။ ထို့ကြောင့် Hasee ၏ ကွန်ပျူတာများမှာ မကြာခဏ ပျက်စီးတတ်သလို၊ ပြင်ဆင်မှုနှုန်း မှာလည်း အလွန်မြင့်မားလှသည်။ သို့သော်လည်း တကယ်တမ်း ကုန်ကျစရိတ်ကို တွက်ချက်ကြည့်လျှင်မူ၊ အခြားသော လုပ်ငန်းတူ ပြိုင်ဘက်များထက် ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။
၄၀ ရာခိုင်နှုန်း ဆိုသည်မှာ မည်မျှအထိ ကြီးမားသော ပမာဏ ဖြစ်သနည်း။ လက်ရှိတွင် Laptop တစ်လုံး၏ အမြတ်မှာ ၁၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိသလို၊ Desktop ကွန်ပျူတာ၏ အမြတ်မှာ ၈ ရာခိုင်နှုန်းပင် မပြည့်ပါချေ။ ထို့ပြင် ထုတ်လုပ်သူ များပြားလာခြင်းနှင့်အတူ ဈေးနှုန်းလျှော့ချလာမှုများကြောင့် အမြတ်အစွန်းမှာလည်း တဖြည်းဖြည်း ကျဆင်းနေခဲ့ရသည်။ ကြော်ငြာ၊ ထုတ်လုပ်မှုနှင့် အရောင်းစရိတ်များမှာမူ အလျင်အမြန်ပင် မြင့်တက်နေသည် မဟုတ်ပါလား။
Hasee ၏ သာမန် Laptop တစ်လုံး၏ ကုန်ကျစရိတ်မှာ Lenovoထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနေသဖြင့်၊ ၎င်းတို့၏ ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းမှာ အလွန်ပင် ကြီးမားနေခဲ့သည်။ ၎င်းတို့ အဓိကထား ရောင်းချနေသည့် အချက်မှာ တစ်ခုတည်းပင် ဈေးပေါခြင်း ဖြစ်သည်။
ခင်ဗျားက Laptop တစ်လုံးကို ယွမ် တစ်သောင်းနဲ့ ရောင်းနေချိန်မှာ၊ ကျွန်တော်က ယွမ် ရှစ်ထောင် ဒါမှမဟုတ် ခုနစ်ထောင်နဲ့ပဲ ရောင်းမယ်။ စွမ်းဆောင်ရည် အချက်အလက်တွေကတော့ အတူတူပဲ ဆိုပါစို့၊ သုံးစွဲသူတွေက ဘယ်သူ့ကို ရွေးချယ်ကြပါမည်နည်း။
ကျွန်တော့်ရဲ့ အရောင်းအပြီး ဝန်ဆောင်မှု မကောင်းဘူး ဆိုစေဦးတော့၊ ကွန်ပျူတာ တစ်ခါပြင်ရင် ငွေဘယ်လောက် ကုန်မှာမို့လို့လဲ။ ထပ်ပြောရရင် အရည်အသွေး အနည်းငယ် ညံ့ပြီး ပျက်စီးနှုန်း မြင့်တယ်ဆိုတာကလည်း၊ အခြားသော တန်ဖိုးကြီး Laptop တွေနဲ့ နှိုင်းယှဉ်ရင်သာ မြင့်မားနေတာပါ။ အချို့သော အိမ်သုံးလျှပ်စစ် ပစ္စည်းတွေရဲ့ ပျက်စီးနှုန်းလောက်တောင် မမြင့်ပါဘူးဟု Hasee ဘက်က ဆင်ခြေပေးနိုင်သည်။
၎င်းတို့သည် သုံးစွဲသူများ၏ "ဈေးသက်သာသော ပစ္စည်းကို နှစ်သက်သည့်" စိတ်ဓာတ်ကို အမိအရ ဆုပ်ကိုင်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ Desktop မဟုတ်ဘဲ Laptop ဖြစ်နေသဖြင့် ကြည့်လိုက်လျှင် ပိုပြီး အဆင့်မြင့်သည်ဟု ထင်ရသည် မဟုတ်ပါလား။
ဤသို့ဖြင့် ပြည်တွင်း Laptop ဈေးကွက်မှာ ကုမ္ပဏီများစွာ၏ အသေအလဲ အားပြိုင်မှုဇုန် ဖြစ်လာခဲ့သည်။ Lenovoသည် ဥရောပ၊ အမေရိကနှင့် ဂျပန်၊ ကိုရီးယား အမှတ်တံဆိပ်များကိုသာ အဓိကထား တိုက်ခိုက်နေခဲ့သဖြင့်၊ အခြားသော အမှတ်တံဆိပ်ငယ်များကို မေ့လျော့ခဲ့မိရာမှ ၎င်းတို့မှာ လျင်မြန်စွာ ကြီးထွားလာခဲ့ကြပြီး Lenovoအုပ်စု၏ ဈေးကွက်ဝေစု အမြောက်အမြားကို လုယူသွားခဲ့ကြတော့သည်။
Desktop ဈေးကွက်တွင်လည်း စုပေါင်းတပ်ဆင်သည့် စက်များ (DIY PCs) မှာ ပို၍များပြားလာခဲ့သည်။ အထူးသဖြင့် ကွန်ပျူတာ အရောင်းစင်တာများရှိ ဆိုင်ရှင်များသည် ဝယ်ယူသူများအတွက် ကွန်ပျူတာ တပ်ဆင်ပေးရာတွင် Lenovo၏ အရောင်းပြခန်းများထက် များစွာချိုသာသော ဈေးနှုန်းဖြင့် ပေးအပ်နိုင်ကြသည်။
၎င်းတို့ အသုံးပြုသည့် နည်းလမ်းမှာလည်း ပိုလျှံပစ္စည်း အစိတ်အပိုင်းအချို့ကို ရောနှော၍ တွဲဖက်ရောင်းချခြင်းပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဝယ်ယူသူများမှာ ထိုအစိတ်အပိုင်းများကို ခွဲခြားသိနိုင်စွမ်း မရှိသဖြင့်၊ ပြဿနာ တစ်ခုခု ပေါ်ပေါက်လာပါက ၎င်းတို့ဘက်မှ အာမခံ ပြင်ဆင်ပေးရုံသာ ရှိတော့သည် မဟုတ်ပါလား။
Laptop ရော Desktop ဈေးကွက်ပါ တစ်ပြိုင်နက်တည်း စိန်ခေါ်ခံနေရခြင်းမှာ Lenovoအုပ်စုကို များစွာ အကျပ်ရိုက်စေခဲ့သည်။ ၎င်းတို့သည် ဥရောပနှင့် အမေရိကသို့ နယ်မြေချဲ့ထွင်ရန် တက်ကြွစွာ ကြိုးပမ်းနေချိန် ဖြစ်ရာ၊ ထိုဘက်မှာ မအောင်မြင်သေးမီမှာပင် မိမိတို့၏ အခြေစိုက်စခန်းဖြစ်သော ပြည်တွင်းဈေးကွက်ကို အခြားသူများ တိုက်ခိုက်ခြင်း ခံနေရခြင်းမှာ အလွန်ပင် အန္တရာယ်ကြီးလှပေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်မှာပင် ဖုန်းယွီက Tablet PC အကြောင်းကို တင်ပြလာခဲ့ရာ၊ ၎င်းက လျူချွမ်းကျစ်အား အတွေးသစ်တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။ လုပ်ဆောင်ချက် အနည်းငယ် ရိုးရှင်းသော Laptop တစ်မျိုးကို အဘယ်ကြောင့် မထုတ်လုပ်နိုင်ရမည်နည်း။ ဈေးနှုန်းကို ပိုမိုသက်သာအောင် ထားရှိပြီး၊ Lenovo၏ အမှတ်တံဆိပ် ဂုဏ်သတင်းနှင့် ဝါဒဖြန့်ချိရေးကိုသာ အသုံးချလိုက်မည်ဆိုပါက သေချာပေါက် ရောင်းကောင်းပေလိမ့်မည်။
သို့သော်လည်း ၎င်းကို မည်သို့ ရောင်းချမည်ဆိုသည့် အချက်တွင်မူ၊ သူသည် ဖုန်းယွီနှင့် သဘောထား ကွဲလွဲမှုများ ရှိနေခဲ့ပြန်သည်။
******
အခန်း (၁၄၀၅) အငတ်ထား၍ အရောင်းမြှင့်တင်ခြင်း
"မန်နေဂျာဖုန်း၊ ခင်ဗျား ပြောသလိုဆိုရင် ထုတ်ကုန်ဒီဇိုင်းကို အခုချက်ချင်း ဆွဲထုတ်နိုင်ပေမဲ့၊ ထုတ်လုပ်ခြင်း မပြုရသေးခင်မှာ ကြိုတင်ရောင်းချမှုတွေကို စတင်မယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ တစ်လုံးမှတောင် မထုတ်ရသေးဘဲနဲ့ ရောင်းမယ်ဆိုတာက... အိမ်ခြံမြေလောကမှာ အဆောက်အအုံ မဆောက်ခင် မြေပုံပြပြီး ကြိုရောင်းနေတဲ့ လုပ်ရပ်မျိုးနဲ့ သွားတူနေမှာပေါ့” လျူချွမ်းကျစ်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ကန့်ကွက်လိုက်သည်။
သူ၏စိတ်ထဲတွင် ယခုနှစ်အတွင်း အထက်လူကြီးများ ချမှတ်ထားသော 'တိုက်ခန်းကြိုရောင်းခြင်း' တားမြစ်သည့် မူဝါဒကို ပြေးမြင်နေမိသည်။ ထိုမူဝါဒသည် အခြေအမြစ်မရှိသော အိမ်ခြံမြေ လုပ်ငန်းရှင်များကြောင့် ပြည်သူတို့၏ ငွေကြေးများ ဆုံးရှုံးရမှုကို ကာကွယ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ Lenovoကဲ့သို့သော နာမည်ကြီး ကုမ္ပဏီတစ်ခုအနေဖြင့် ဤကဲ့သို့သော စွန့်စားမှုမျိုး ပြုလုပ်ပါက နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ဂုဏ်သိက္ခာမှာ တစ်ခဏအတွင်း ပြိုလဲသွားမည်ကို သူ အလွန်စိုးရိမ်နေခဲ့သည်။
ဖုန်းယွီကမူ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ကာ ပြန်လည် ရှင်းပြလိုက်သည်။ "ဘယ်သူက ခင်ဗျားကို အခုချက်ချင်း ရောင်းခိုင်းလို့လဲ။ မရောင်းခင်မှာ အချောသတ်ထားတဲ့ ထုတ်ကုန်ဒီဇိုင်း ရှိရမှာဖြစ်သလို၊ အနည်းဆုံးတော့ စမ်းသပ်မှုတွေ အောင်မြင်ထားတဲ့ အနမူနာစက် ရှိရမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ရဲ့ ထုတ်ကုန်သစ်အတွက် မိတ်ဆက်ပွဲကိုလည်း ခမ်းခမ်းနားနား ကျင်းပရမယ်။ ဒါဟာ ထုတ်ကုန်သစ်တစ်ခုကို သုံးစွဲသူတွေကြားမှာ အမြန်ဆုံး သိရှိသွားစေမည့် နည်းလမ်းပဲလေ"
သူက ဆက်လက်၍ "ဒါ့အပြင် ခင်ဗျားရဲ့ ဘလော့ဂ်တွေ၊ Lenovoရဲ့ တရားဝင် ဘလော့ဂ်တွေနဲ့ အဆင့်မြင့် အရာရှိတွေရဲ့ စာမျက်နှာတွေပေါ်မှာပါ သတင်းစကားတွေ ဖြန့်ရမယ်။ ခင်ဗျားတို့ကို စောင့်ကြည့်နေတဲ့သူတွေက ဒီ Laptop အသစ်ရဲ့ အားသာချက်တွေကို ပထမဆုံး သိခွင့်ရရမယ်။ ဒါပေမဲ့ မိတ်ဆက်ပွဲပြီးမှ လူတွေ ဘယ်လောက် စိတ်ဝင်စားလဲ ကြည့်ပြီးမှ အရောင်းမြှင့်တင်မယ် ဆိုတာကတော့ အရမ်းနှေးလွန်းပါတယ်။ ကျွန်တော် ဆိုလိုတဲ့ ကြိုတင်ရောင်းချမှုက... အသုံးပြုသူတွေကို အင်တာနက်ပေါ်မှာ တိုက်ရိုက် မှာယူခိုင်းဖို့ပါ။ Taobaoလိုမျိုး အင်တာနက် စင်တာတွေပေါ်က ငါတို့ရဲ့ တိုက်ရိုက်အရောင်းဆိုင်တွေမှာ မှာယူခိုင်းရမယ်။ စက်ပစ္စည်းကို လက်ဝယ်ရဖို့ လအနည်းငယ် နောက်ကျနိုင်ပေမဲ့၊ ဈေးနှုန်းကတော့ အများကြီး ပိုပြီး သက်သာနေစေရမယ်။ ငါတို့ရဲ့ ဒီထုတ်ကုန်ကို အစောဆုံး မှာယူသူက အစောဆုံး ရမယ်၊ ဈေးလည်း အသက်သာဆုံး ရမယ်။ နောက်ကျမှ မှာယူသူကတော့ ဈေးနှုန်း ပိုကြီးပေးရမယ်။ ငါတို့ရဲ့ ရောင်းဈေးကို အဆက်မပြတ် မြှင့်တင်သွားမှာဖြစ်သလို၊ နောက်ဆုံးမှာ ဝယ်ယူဖို့တောင် ခက်ခဲတဲ့ အခြေအနေမျိုးအထိ ဖန်တီးရမယ်"
"ခဏလေးဗျာ” လျူချွမ်းကျစ်က ဖုန်းယွီ၏ စကားကို ဖြတ်ပြောလိုက်သည်။ "အီလက်ထရွန်နစ် ပစ္စည်းတွေရဲ့ ဈေးနှုန်းက တဖြည်းဖြည်း ကျဆင်းတာပဲ ကျွန်တော်ကြားဖူးတယ်၊ ဈေးနှုန်းက တက်လာတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ ခင်ဗျားလည်း သိသားပဲ... နည်းပညာတွေက အရမ်း မြန်မြန်ဆန်ဆန် အဆင့်မြင့်နေတာလေ။ မနှစ်က အကောင်းဆုံးဆိုတဲ့ ပစ္စည်းဟာ ဒီနှစ်မှာ သာမန်ပဲ ရှိတော့သလို၊ နောက်နှစ်ဆိုရင် ခေတ်နောက်ကျသွားမှာပဲ။ Laptop တွေဆိုတာလည်း အတူတူပါပဲ၊ တစ်နှစ်အတွင်းမှာ စွမ်းဆောင်ရည်တွေက အကြီးအကျယ် ကွာခြားသွားနိုင်တာကို၊ ခင်ဗျားက ကျွန်တော်တို့ရဲ့ ထုတ်ကုန်ကို ဈေးမြှင့်ရောင်းမယ် ဆိုတော့... ဘယ်သူက ဝယ်ပါတော့မလဲ!၏"
လျူချွမ်းကျစ်က ဖုန်းယွီအား စိတ်ပျက်လက်ပျက် ကြည့်လိုက်ရင်း ဤအကြံဉာဏ်မှာ မိမိကိုယ်ကိုယ် သေတွင်းတူးခြင်းသာ ဖြစ်သည်ဟု ယူဆနေမိသည်။
ဖုန်းယွီက ပြုံးလျက် "ခင်ဗျား ကျွန်တော့် ဆိုလိုရင်းကို မပေါက်သေးဘူး။ ဈေးနှုန်းမြှင့်တင်တယ်ဆိုတာက သုံးစွဲသူတွေရဲ့ စိတ်ထဲမှာ 'စောစောဝယ်တာကမှ တွက်ခြေကိုက်တယ်၊ ပိုပြီး တန်ဖိုးရှိတယ်' ဆိုတဲ့ ခံစားချက်ကို ပေးချင်တာပါ။ ဒါက လိမ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကြိုတင်မှာယူတဲ့ ဈေးနှုန်းဟာ၊ ထုတ်ကုန် အမြောက်အမြား ဈေးကွက်ထဲ ရောက်လာတဲ့ အချိန်ထက် သေချာပေါက် ပိုပြီး သက်သာနေရမယ်။ ပြီးတော့ ပုဂ္ဂလိက မှာယူမှုတွေကိုပဲ လက်ခံမယ်၊ လက္ကားပေးတာမျိုးတွေ မလုပ်ဘူး။ ဒီပစ္စည်းကို အင်တာနက်ကနေပဲ တိုက်ရိုက်ရောင်းမယ်၊ အရောင်းဆိုင်တွေမှာ မတင်ဘူး။ ဥပမာအားဖြင့်... မှာပြီး သုံးလကြာမှ ပစ္စည်းပို့မယ် ဆိုပါစို့။ မူလဈေး ယွမ် ၃၉၉၉ ရှိတဲ့ Laptop ကို ကြိုတင်မှာရင် ယွမ် ၃၀၉၉ နဲ့ပဲ ပေးမယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း ဈေးနှုန်းကို ၁၀ ယွမ်စီ မြှင့်တင်သွားရမယ်။ တစ်နေ့ ၁၀ ယွမ်ဆိုတာ နည်းတယ်လို့ ထင်ရပေမဲ့၊ သုံးလ ကြာတဲ့အခါကျရင် ယွမ် တစ်ထောင်လောက် တက်သွားပြီလေ။ အဲဒါဟာ Laptop တန်ဖိုးရဲ့ သုံးပုံတစ်ပုံလောက် ရှိတယ်။ ဒါ့အပြင် သုံးစွဲသူတွေအတွက် ငါတို့ရဲ့ ပစ္စည်းကို ကြိုမှာရတာ မနစ်နာဘူးဆိုတဲ့ ခံစားချက်ကို ပေးရမယ်။ ပစ္စည်းလည်း အစောကြီးရမယ်၊ ဈေးလည်း သက်သာမယ်။ တစ်ပြိုင်နက်တည်းမှာပဲ... ဝယ်လိုအားနဲ့ ရောင်းလိုအား အချိုးအစားကြောင့် ကျွန်တော်တို့ရဲ့ ထုတ်ကုန်က တန်ဖိုးတွေ အဆက်မပြတ် တက်နေတယ်ဆိုတဲ့ အထင်အမြင်မှားကိုလည်း ပေးနိုင်ရမယ်။ ကြိုတင်ရောင်းချတဲ့ ကာလကို သုံးလ မဟုတ်ဘဲ တစ်လ ဒါမှမဟုတ် ရက်ပေါင်း ငါးဆယ်လောက်ပဲ ထားလည်း ရပါတယ်။ ဒါပေမဲ့ အဓိက အချက်ကတော့ သူတို့ကို ကြိုတင်မှာယူစေဖို့ပဲ၊ တိုက်ရိုက်ဝယ်ယူနိုင်တဲ့ အခွင့်အရေးကို လောလောဆယ် မပေးရဘူး။ ပထမအသုတ် အနေနဲ့ ငါတို့ အလုံးရေ ငါးသောင်းပဲ ထုတ်မယ်။ အဲဒီ ငါးသောင်း ကုန်သွားရင်တော့ အရောင်းကို ခဏရပ်နားထားလိုက်မယ်"
"မန်နေဂျာဖုန်း... ခင်ဗျား ဘာပြောလိုက်တာလဲ” လျူချွမ်းကျစ်သည် များစွာမနှစ်မြို့သော်လည်း ဖုန်းယွီ၏ စကားကို ထပ်မံ ဖြတ်ပြောလိုက်မိသည်။ "ပထမအသုတ်မှာ အလုံးရေ ငါးသောင်းတည်းလား။ ရောင်းကုန်ရင်လည်း ခဏ ရပ်ထားမယ် ဟုတ်လား”
လျူချွမ်းကျစ်သည် ဖုန်းယွီ၏ စိတ်ကူးကို နားမလည်နိုင်အောင် ဖြစ်နေရသည်။ ကုမ္ပဏီတစ်ခု၏ ရည်ရွယ်ချက်မှာ ရောင်းအားကို မြှင့်တင်ကာ ကုန်ကျစရိတ်ကို လျှော့ချရန် မဟုတ်ပါလား။ ယခုကဲ့သို့ အလုံးရေ ငါးသောင်းတည်း ထုတ်လုပ်ခြင်းသည် ကုန်ကျစရိတ်နှင့် ရောင်းဈေးမှာ ထပ်တူကျနေမည်ဖြစ်ရာ၊ အမြတ်လည်း မကျန်နိုင်သလို ဈေးကွက်ကိုပါ လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလား။
ဖုန်းယွီက သူ၏ ဗျူဟာကို ဆက်လက် ရှင်းပြလိုက်သည်။ “လောင်လျူ... ကျွန်တော်က ဥပမာ ပေးလိုက်တာပါ။ ကျွန်တော်တို့ တကယ်ပဲ ငါးသောင်းတည်း ရောင်းမယ်လို့ မဆိုလိုပါဘူး။ သုံးစွဲသူတွေကို 'ဒီအသုတ်မှာ အလုံးရေ ငါးသောင်းပဲ ရှိတယ်၊ ကုန်ရင် မရတော့ဘူး' လို့ပဲ ပြောမှာပါ။ အခုတော့ သဘောပေါက်ပြီလား”
"ဒါဟာ အငတ်ထားပြီး အရောင်းမြှင့်တင်တဲ့ ဗျူဟာလား” လျူချွမ်းကျစ်က မသေချာသော လေသံဖြင့် မေးမြန်းလိုက်သည်။
"မှန်တယ်။ ဒါဟာ 'အငတ်ထားခြင်း' ဗျူဟာပါပဲ။ ဒါပေမဲ့ နည်းနည်းတော့ ထူးခြားလိမ့်မယ်။ ကျွန်တော်တို့က လူတွေကို လိမ်ညာနေတာ မဟုတ်ဘူး။ အလုံးရေ တစ်သိန်းရှိတာကို ငါးသောင်းပဲ ရှိတယ်လို့ ကြော်ငြာတာ မဟုတ်ဘဲ၊ တကယ်ကို ငါးသောင်းပဲ အရင်ထုတ်လုပ်မှာပါ။ အဲဒီ ငါးသောင်း ကုန်သွားရင်တော့ ဈေးကွက်ရဲ့ လိုအပ်ချက်ကို ပြန်ကြည့်ပြီးမှ၊ နောက်တစ်သုတ်ကို ဘယ်လောက် ထုတ်မလဲဆိုတာ ဆုံးဖြတ်ရမယ်။ ဒီလို လုပ်ခြင်းအားဖြင့် ထုတ်ကုန်ရဲ့ အရည်အသွေးကို ထိရောက်စွာ ထိန်းချုပ်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အကယ်၍ တစ်စုံတစ်ရာသော ချို့ယွင်းချက် ရှိခဲ့ရင်တောင်မှ၊ အရှုံးက သိပ်မကြီးသလို ထိန်းချုပ်ရတာလည်း လွယ်ကူတယ်။ နောက်ထွက်လာမယ့် အသုတ်တွေမှာ အဲဒီပြဿနာမျိုး ထပ်မဖြစ်အောင် တားဆီးနိုင်တာပေါ့။ ပစ္စည်းက ဝယ်လိုအားထက် နည်းနေတယ်ဆိုတဲ့ အထင်အမြင်ကို ပေးနိုင်တာကတော့ အတူတူပါပဲ"
သူက ဆက်လက်၍ ဈေးကွက်အတွင်းရှိ ဝယ်ယူသူများ၏ စိတ်နေစိတ်ထားကို ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။ "သုံးစွဲသူတွေ အလိုချင်ဆုံး ပစ္စည်းက ဘာလဲ။ စွမ်းဆောင်ရည် မြင့်ရမယ်၊ ဈေးနှုန်း ချိုရမယ်၊ အသွင်အပြင် လှရမယ်၊ ပြီးတော့ အရောင်းအပြီး ဝန်ဆောင်မှု ကောင်းရမယ်။ ဒီအချက်တွေထဲမှာ ဝန်ဆောင်မှု၊ အသွင်အပြင်နဲ့ ဈေးနှုန်းပိုင်းမှာ ကျွန်တော်တို့က အစွမ်းကုန် လုပ်ပြနိုင်တယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း အချို့သော အစိတ်အပိုင်းတွေကို အဆင့်မြင့်အောင် လုပ်လို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဒီပစ္စည်းက အင်တာနက် သုံးရုံလောက်ပဲ ရည်ရွယ်တာမို့၊ အဓိက ဖောက်သည်တွေကတော့ အမျိုးသမီး ငယ်လေးတွေပဲ ဖြစ်ရမယ်။ ခင်ဗျား ကွန်ပျူတာ အရောင်းစင်တာတွေကို သွားကြည့်ဖူးလား။ အမျိုးသားတွေက ကွန်ပျူတာ ရွေးရင် စွမ်းဆောင်ရည်ကို အရင်ကြည့်တယ်၊ ဒုတိယက ဈေးနှုန်း၊ ပြီးမှ အသွင်အပြင်နဲ့ ဝန်ဆောင်မှုကို ကြည့်ကြတာ။ ဒါပေမဲ့ အမျိုးသမီးတွေကျတော့ မတူဘူး။ သူတို့ရဲ့ ပထမဦးစားပေးက အသွင်အပြင်၊ ဒုတိယက ဈေးနှုန်း၊ ပြီးမှ စွမ်းဆောင်ရည်နဲ့ ဝန်ဆောင်မှုကို ကြည့်ကြတာ။ အရောင်းဝန်ထမ်းက ထုတ်ကုန်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အားသာချက်၊ အားနည်းချက်တွေကို တစ်နေကုန် ထိုင်ရှင်းပြနေစေဦးတော့... နောက်ဆုံးမှာ အမျိုးသမီးက ဘာပြောမယ် ထင်သလဲ။ 'ကျွန်မကို ဟို အဖြူရောင်လေးပဲ ပေးပါ' တဲ့"
"ဖူးးးးးးးး!"
လျူချွမ်းကျစ်သည် သောက်လက်စ လက်ဖက်ရည်များပင် ပန်းထွက်ကုန်တော့သည်။ နည်းပညာတွေ အကြာကြီး ရှင်းပြနေပေမဲ့၊ နောက်ဆုံးမှာ အရောင်ကို ကြည့်ပြီး ရွေးချယ်သွားသည်ဟူသော အချက်က သူ့အား များစွာ အံ့သြရယ်မောစေခဲ့သည်။
"ကျွန်တော် ပြောတာတွေကို ကျန်တဲ့သူတွေနဲ့ ပြန်ဆွေးနွေးကြည့်ပြီး အကောင်းဆုံး စီမံချက်တစ်ခုကို ရေးဆွဲလိုက်ပါ။ ဒီထုတ်ကုန်ဟာ ခင်ဗျားအတွက် မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတွေကို သယ်ဆောင်လာပေးမှာပါ” ဖုန်းယွီက ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားလိုက်လေတော့သည်။
******