အခန်း (၂၀၈၇-၂၀၈၉)
Vol. 129 Ch. 2087-2089
အခန်း (၂၀၈၇) လီလင်ဖူ၊ မတွေ့ရတာ ကြာပြီ
ညဉ့်အမှောင်ထုအတွင်း ဗလာကျင်းနေပြီး ဘာမျှမရှိသကဲ့သို့ ထင်ရသော်လည်း၊ ထျန်းဖူနတ်မင်းကဲ့သို့သော အဆင့်ရှိသည့် ပညာရှင်တစ်ဦး၏ မျက်လုံးထဲတွင်မူ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံထားသော ပုံသဏ္ဌာန်မရှိသည့် ဧရာမအလင်းကမ္ဘာကြီးတစ်ခုကို ထင်ရှားစွာ မြင်တွေ့နေရပေသည်။ ထိုအလင်းအကာအကွယ်အတွင်းရှိ စွမ်းအင်များမှာ မြစ်မင်းသမုဒ္ဒရာများကဲ့သို့ ပြင်းထန်ထက်သန်လှပြီး၊ ထျန်းဖူနတ်မင်းအပါအဝင် မည်သူ့ကိုမဆို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
“အဲဒီ ဝမ်ချောင်က တကယ်ကို ကိုင်တွယ်ရ ခက်ခဲလွန်းတယ်။ သူက ငါတို့ရဲ့ တည်ရှိမှုကို သိသွားကတည်းက မြို့တော်ထဲကနေ လုံးဝ ထွက်မလာတော့ဘူး။ ငါတို့ ရှာဖွေထားတဲ့ လူသတ်သမားတွေရဲ့ အစွမ်းကလည်း အလွန်နိမ့်ပါးလွန်းတော့ ဘာလှိုင်းတံပိုးမှ ထမလာနိုင်ဘူး ဖြစ်နေတယ်”
ထျန်းဖူနတ်မင်းက ခေတ္တရပ်ကာ သက်ပြင်းချသံ ပါဝင်နေသော အသံဖြင့် ဆက်ပြောလိုက်၏။
“ဒီ အစီအရင်ကို မဖျက်ဆီးနိုင်သရွေ့တော့ ငါတို့ သူ့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”
ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းသည် အင်အားတောင့်တင်းပြီး ပညာရှင် အမြောက်အမြား ရှိသဖြင့်၊ အတိတ်ကာလများတွင် ထီးနန်းအာဏာတစ်ခုကို မှောက်လှန်ပစ်ရန်မှာ လက်တစ်ဖက် လှန်ရသလောက်ပင် လွယ်ကူခဲ့သော်လည်း၊ ယခုအခါတွင်မူ ဤထန်အင်ပါယာ၏ တော်ဝင်မိသားစုကို ဘာမျှ မတတ်နိုင်ဘဲ ဖြစ်နေရပေသည်။
ထိုက်ရှီမှာမူ စကားတစ်ခွန်းမျှ မဆိုဘဲ မျက်မှောင်ကိုသာ အနည်းငယ် ကြုတ်လိုက်ပေသည်။
ယခုလက်ရှိ အခြေအနေကို သူ မသိဘဲ မနေပေ။
အရင်တုန်းက သူသည် မြို့တော်အတွင်းသို့ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးသော်လည်း နောက်ဆုံးအခိုက်အတန့်တွင်မူ ဂူဗိမာန်နတ်ဘုရားအဆင့်ပညာရှင်တစ်ဦး၏ အလိုလိုသိမြင်မှုကြောင့် ထိုအကြံကို လက်လျှော့ခဲ့ရပေသည်။
ထိုရှောင်ကျိုးကျိုး အစီအရင်မှာ ဂူဗိမာန်နတ်ဘုရားအဆင့်ပညာရှင်များအတွက်ပါ အလားတူပင် အန္တရာယ်ရှိနေပေသည်။
အစီအရင် ပျက်စီးမသွားသရွေ့ သူပင်လျှင် မဆင်မခြင် လှုပ်ရှားရန် မဝံ့ပေ။
“အကြီးအကဲ…… သူ့ရဲ့လက်ရုံးတပည့်တွေနဲ့ သူနဲ့ နီးစပ်တဲ့ မိန်းမတချို့ကို မြို့ပြင်ကို ဖမ်းခေါ်လာပြီး သူ့ကို ထွက်လာအောင် အကျပ်ကိုင်ရင် မကောင်းဘူးလား”
ထျန်းဖူနတ်မင်းက ထိုက်ရှီကို ခိုးကြည့်ကာ တွန့်ဆုတ်လျက် ပြောလိုက်ပေသည်။
အစွမ်းနိမ့်ပါးလှတဲ့ သာမန်လူတွေနဲ့တော့ ဒီအစီအရင်ကြီးကို မဖျက်ဆီးနိုင်ပေ၊ အစီအရင်ကို ဖျက်ဆီးဖို့ဆိုလျှင် အန္တရာယ်များတဲ့ နည်းလမ်းကို သုံးရပေလိမ့်မည်။ ဤအတောအတွင်း လှုပ်ရှားမှုများကြောင့် ထျန်းဖူနတ်မင်းမှာလည်း အချို့သော ရလဒ်များကို ရရှိထားပေသည်။
အနည်းဆုံးတော့ သူ စုဆောင်းထားတဲ့ သတင်းတွေအရ အဲဒီဝမ်ချောင်ဘေးနားမှာ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးရှိတဲ့ မိန်းမတချို့ ရှိနေတာကို သူ သိထားပေသည်။
ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းအနေနဲ့ အခုလောလောဆယ် ရှောင်ကျိုးကျိုး အစီအရင်ကို မဖျက်ဆီးနိုင်သလို ဝမ်ချောင်ကိုလည်း မသတ်နိုင်သေးသော်လည်း အစွမ်းသာမန်မျှသာရှိတဲ့ မိန်းမတချို့ကို ဖမ်းဆီးဖို့ဆိုလျှင်တော့ ထိုမျှအထိ မခက်ခဲနိုင်ပေ။
အကယ်၍ အရင်တုန်းကဆိုလျှင် ထျန်းဖူနတ်မင်းအနေဖြင့် ဤကဲ့သို့သော စကားမျိုးကို လုံးဝ ပြောလိမ့်မည် မဟုတ်ပေ။ သို့သော် ဝမ်ချောင်လက်ထဲတွင် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရုံမက ပြင်းထန်စွာပါ ဒဏ်ရာရရှိခဲ့သဖြင့် ဂုဏ်သိက္ခာများ အားလုံး ပျက်ပြားခဲ့ရရာ၊ ယခုအခါတွင်မူ မည်သည့်နည်းလမ်းကို သုံးရပါစေ ဝမ်ချောင်ကို သတ်ဖြတ်ရန်ဟူသော အတွေးတစ်ခုသာ သူ၏ စိတ်ထဲ၌ ကျန်ရှိတော့ပေသည်။
“ဝုန်းးးး”
ထျန်းဖူနတ်မင်း၏ စကားအဆုံးတွင် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် အပူချိန်မှာလည်း ဝုန်းခနဲ ကျဆင်းသွားခဲ့ပေသည်။
“အသုံးမကျတဲ့ကောင် အဲဒီသာမန်လူသားရှေ့မှာ မင်းက ဒီလောက်အထိ နိမ့်ကျသွားပြီလား။ နတ်ဘုရားတစ်ပါး ဖြစ်နေပြီးတော့ ဒီလောက် နိမ့်ပါးတဲ့ နည်းလမ်းမျိုးကို သုံးဝံ့တယ်ပေါ့၊ ဒါကို သူများတွေ သိသွားရင် ရယ်စရာကြီး ဖြစ်မနေဘူးလား”
ထိုက်ရှီသည် မည်သည့်အချိန်က ကိုယ်ကို လှည့်လိုက်သည် မသိရဘဲ ထျန်းဖူနတ်မင်းကို စူးစိုက်ကြည့်ကာ အလွန်အမင်း အေးစက်သော အမူအရာဖြင့် ဆိုလိုက်ပေသည်။
ထိုက်မျိုးဆက်မှ ပညာရှင်တစ်ဦး ဖြစ်သည့်အပြင်၊ လူသားအားလုံးကို အထက်မှ ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးအနေဖြင့် ထိုက်ရှီသည် သေချာပေါက်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲကာ မာနကြီးလှပေသည်။ ထျန်းဖူနတ်မင်းတင်ပြသော နည်းလမ်းမှာ ထိုက်ရှီအတွက်မူ သိက္ခာချခြင်း တစ်မျိုးသာ ဖြစ်သလို၊ သူ၏စွမ်းဆောင်ရည်အပေါ် သံသယဝင်ခြင်းလည်း ဖြစ်ပေသည်။
နတ်ဘုရားတစ်ပါးသာ နိမ့်ကျသွားပြီး သာမန်လူသားတစ်ဦးကို ကိုင်တွယ်ရန် ဤကဲ့သို့ ယုတ်ညံ့သော နည်းလမ်းများကို သုံးရမည်ဆိုပါက၊ ၎င်းမှာ သာမန်လူသားနှင့် မခြားနားတော့ပေ။
ထိုသို့ဆိုလျှင် မိမိကိုယ်မိမိ နတ်ဘုရားဟု ခေါ်ဆိုရန်လည်း မထိုက်တန်တော့ပေ။
“ဒါ့အပြင် ဒီလိုကိစ္စမျိုးကို အဲဒီကောင်လေးက ကြိုမစဉ်းစားထားဘူးလို့ မင်း ထင်နေတာလား။ မင်း ရှာထားတဲ့ လူတွေ မြို့တော်ထဲကနေ ပြန်မထွက်နိုင်ခင်မှာတင် သူ့လူတွေရဲ့ ရှင်းလင်းတာကို ခံလိုက်ရမှာ သေချာတယ်”
ထိုက်ရှီက အေးစက်စွာ ဆိုလိုက်၏။
မြို့တော်ကို ဖုံးလွှမ်းထားတဲ့ အစီအရင်ဆိုတာ ဧရာမ ချောက်ကြီးတစ်ခုလိုပဲ၊ အတွင်းနဲ့ အပြင်က လုံးဝ မတူညီတဲ့ ကမ္ဘာနှစ်ခု ဖြစ်နေတာ။ မြို့တော်ထဲမှာ ဝမ်ချောင်ရဲ့ မိန်းမတွေကို ဖမ်းဆီးနိုင်မယ့်သူဆိုတာ အခုချိန်အထိ ရှိမနေသေးဘူး။ ဝမ်ချောင်ရဲ့ လက်အောက်ငယ်သားတွေနဲ့ ပတ်သက်ရင်လည်း ဘယ်လောက်ပဲ ဖမ်းဖမ်း ဘာအဓိပ္ပာယ် ရှိမှာလဲ။
သူက တကယ်ပဲ လက်အောက်ငယ်သား တစ်စုအတွက်နဲ့ အသေခံဖို့ ထွက်လာလိမ့်မယ်လို့ မင်း ထင်နေတာလား။
ထျန်းဖူနတ်မင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာတစ်ခုလုံး အရှက်ရမှုများဖြင့် ပြည့်နှက်သွားခဲ့ရ၏။
“ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုပါ”
“ဒါပေမဲ့ အကြီးအကဲ…… အဲဒီလို မလုပ်ဘူးဆိုရင် ကျွန်တော်တို့ အဲဒီအရာကို ရနိုင်မှာ မဟုတ်ဘူး၊ ထျန်းရဲ့တာဝန်ကိုလည်း မပြီးမြောက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ နောက်ပိုင်း ဘာဆက်လုပ်ကြမလဲ”
ထျန်းဖူနတ်မင်းက ခေတ္တရပ်ကာ ခေါင်းငုံ့လျက် မေးမြန်းလိုက်ပေသည်။
“စောင့်”
ထိုက်ရှီက မြို့တော်ရှိရာ အရပ်ဆီသို့ ကြည့်လျက် တည်ငြိမ်စွာ ဆိုလိုက်ပေသည်။ သူ၏အသံအတွင်း၌ အရာရာကို ကြိုတင်စီစဉ်ထားပြီးသား ဖြစ်ကြောင်း အငွေ့အသက်များ ထွက်ပေါ်နေပေသည်။
“အရာရာကို ဒီနတ်ဘုရား စီစဉ်ပြီးသားမို့၊ မင်း စိုးရိမ်မနေနဲ့”
ထိုခဏ၌ ထိုက်ရှီ၏ ဝတ်ရုံများမှာ လေထဲ၌ တဖျပ်ဖျပ် လွင့်နေကာ သူ၏အကြည့်မှာလည်း အလွန်ပင် နက်နဲလှပေတော့သည်။
ထျန်းဖူနတ်မင်းမှာ တစ်စုံတစ်ရာကို ဆက်ပြောလိုသော်လည်း၊ နောက်ဆုံးတွင်မူ ခေါင်းကိုသာ ပြန်ငုံ့လိုက်ပြီး ထပ်မံ၍ မမေးမြန်းတော့ပေ။
……
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ ထိုက်ရှီတို့ဘက်မှ လှုပ်ရှားမှုများကို ခေတ္တထားခဲ့ပြီး ရက်အနည်းငယ်အကြာ ညဉ့်နက်ပိုင်း အချိန်သို့ ရောက်ရှိလာခဲ့ပေသည်။
“ဝုန်း”
မြို့တော်၏ တောင်ဘက်တံခါး၊ မြို့တံခါးများ ပိတ်ပြီးနောက်တွင် မြည်ဟည်းသံကြီးတစ်ခုနှင့်အတူ မြို့တံခါးမှာ ပြန်လည် ပွင့်သွားခဲ့ကာ၊ ရိုးရှင်းပြီး သာမန်မျှသာ ထင်ရသလို မြည်းရှေ့၌ မီးအိမ်နှစ်လုံးကို ချိတ်ဆွဲထားသော မြင်းရထားတစ်စီးမှာ မြို့တံခါးမှ မောင်းနှင် ထွက်ခွာလာခဲ့ပေသည်။
ညဉ့်အမှောင်ထုမှာ နက်ရှိုင်းနေပေသည်။ သေသေချာချာ ကြည့်ရှုလိုက်ပါက ထိုမြင်းရထားမှာ ရိုးရှင်းရုံသာမက၊ ရထားခန်းမှာလည်း လုံခြုံစွာ ဖုံးအုပ်ထားသဖြင့် ၎င်းအတွင်းရှိ အရှင်သခင်မှာ အပြင်လူများအား မိမိ၏မျက်နှာကို မမြင်စေလိုကြောင်း ထင်ရှားလှပေသည်။
သို့သော်လည်း ညဘက် မြို့တံခါးများ ပိတ်ထားပြီးသည့်တိုင်အောင် မြို့စောင့်စစ်သည်များကို မြို့တံခါး အထူးဖွင့်လှစ်ပေးရန် ခိုင်းစေနိုင်သူမှာ သာမန်လူတစ်ဦး ဖြစ်ရန် မဖြစ်နိုင်ပေ။
ဤအချက်ကို ကြည့်ခြင်းဖြင့် မြင်းရထား၏ အရှင်သခင်မှာ ချမ်းသာကြွယ်ဝသူ သို့မဟုတ် အာဏာရှိသူ တစ်ဦးဖြစ်ကြောင်း ထင်ရှားနေပေသည်။
“အဟွတ် အဟွတ်”
အချိန်မည်မျှ ကုန်လွန်သွားသည် မသိရသော်လည်း၊ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော ချောင်းဆိုးသံ အချို့မှာ မြင်းရထားအတွင်းမှ ထွက်ပေါ်လာခဲ့ပေသည်။ ရထားခန်းအတွင်း၌ ဆီမီးအိမ်တစ်လုံးကို ထွန်းညှိထားသော်လည်း မီးရောင်မှာ မှိန်ဖျော့နေကာ၊ ဝေဝါးလှသော အလင်းရောင်အောက်၌ သက်လတ်ပိုင်းအရွယ် လူတစ်ဦး၏ ပုံရိပ်မှာ ပေါ်ထွက်နေပေသည်။ သူသည် ဦးခေါင်းပေါ်၌ ဖူဦးထုပ်ကို ဆောင်းထားကာ သာမန် ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ အပြင်ပန်းအားဖြင့် သာမန်လူတစ်ဦးကဲ့သို့ ထင်ရသော်လည်း သူ၏ လှုပ်ရှားမှုတိုင်း၌မူ အထက်လူကြီးတစ်ဦး၏ အရှိန်အဝါများ ဝေဝါးစွာ ကိန်းအောင်းနေပေသည်။
“မင်အမတ်ချုပ် အရှင့်ရဲ့ ကျန်းမာရေးက မကောင်းဘူးလေ၊ ဒီလောက်အထိ နောက်ကျနေပြီဆိုတော့ စံအိမ်ကို ပြန်ပြီးတော့ အစောကြီး အနားယူသင့်ပါတယ်”
မြင်းရထားအတွင်း၌ အဘိုးအို အစေခံတစ်ဦးမှာ ကိုယ်ကို ကိုင်းညွှတ်လျက် ဘေးနားမှ ပြုစုပေးနေရင်း ရိုသေစွာ ဆိုလိုက်ပေသည်။
အကယ်၍ ဝမ်ချောင်သာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက ထိုဖူဦးထုပ် ဆောင်းထားသော သက်လတ်ပိုင်း လူကြီးအား မြင်တွေ့လိုက်ရသည့်အခါဖြစ်စေ၊ သို့မဟုတ် မင်အမတ်ချုပ်ဟူသော အခေါ်အဝေါ်ကို ကြားလိုက်ရသည့်အခါ၌ဖြစ်စေ၊ သေချာပေါက် များစွာ အံ့အားသင့်သွားပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့မှောက်၌ ညမထွက်ရအမိန့် ထုတ်ထားသည့်တိုင်အောင် တိတ်တဆိတ် မြို့ပြင်သို့ ထွက်ခွာလာသော ဤ သက်လတ်ပိုင်း လူကြီးမှာမူ၊ အရင်တုန်းက အာဏာစက် ပြင်းထန်လှပြီး လောကတစ်ခွင် ကျော်ကြားခဲ့သော်လည်း၊ ဧကရာဇ်အသစ် နန်းတက်လာပြီးနောက်ပိုင်းတွင်မူ အာဏာဗဟိုချက်မှ ဖယ်ထုတ်ခြင်း ခံလိုက်ရကာ အင်အားများ မှေးမှိန်သွားခဲ့ရသော လီလင်ဖူပင် ဖြစ်နေသောကြောင့် ဖြစ်ပေသည်။
ယခုလက်ရှိ အစိုးရအဖွဲ့အတွင်း၌ မင်အမတ်ချုပ်အခေါ်ခံနိုင်သူမှာ လီလင်ဖူတစ်ဦးတည်းသာ ရှိပေသည်။
“သိပြီ၊ အာကျိ ငါကိုယ်တိုင် ကိုင်တွယ်ရမယ့် ကိစ္စတချို့ ရှိနေလို့ပါ၊ မင်း ဆက်ပြီးတော့ မတားပါနဲ့တော့”
လီလင်ဖူက တည်ငြိမ်စွာ ဆိုလိုက်ပေသည်။ သူ၏ပုံစံမှာ အာရုံများ ထွေပြားနေဟန် ရှိပေသည်။
“မျိုးနွယ်ခြားဘုရင် ကြောင့်လား”
ဘေးနားရှိ အစေခံ အဘိုးအိုမှာ စိုးရိမ်ပူပန်မှုများဖြင့် မေးမြန်းလိုက်ရင်း၊ လက်ဖက်ရည်အိုးကို မကာ လီလင်ဖူ၏ ရှေ့မှ ကြွေပန်းကန်လုံးလေးအတွင်းသို့ လက်ဖက်ရည်ကြမ်းများ ထည့်ပေးလိုက်ပေသည်။
ရထားခန်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေသည်။ လီလင်ဖူမှာ စကားတစ်ခွန်းမျှ မဆိုသော်လည်း သူ၏ တင်းတင်းကြုတ်ထားသော မျက်ခုံးများမှာမူ အလိုအလျောက် အနည်းငယ် လှုပ်ခတ်သွားခဲ့ရ၏။
အရင်တုန်းက သူသည် နောက်ကွယ်မှ ကြိုးကိုင်လျက် ဝမ်ချောင်နှင့် အနောက်ဘက်ဒေသ၊ ဆမ်ဆာနစ် အစရှိသော အရပ်မျက်နှာအသီးသီးမှ ပုဂ္ဂိုလ်များနှင့် မသင်္ကာဖွယ် ပတ်သက်မှုများ ရှိနေကြောင်း ကောလာဟလများကို တိတ်တဆိတ် ဖြန့်ဝေခဲ့ပေသည်။ သူသည် ဝမ်ချောင်၏ ဂုဏ်သတင်းမှာ ဧကရာဇ်ကိုပင် ခြိမ်းခြောက်နေပြီး မရိုးသားသော စိတ်ဆန္ဒများ ရှိနေသည်ဟု ထင်မြင်စေရန် ဖန်တီးလိုခဲ့ခြင်းဖြစ်ကာ၊ ၎င်းမှတစ်ဆင့် ဝမ်ချောင်နှင့် လီဟန်တို့ကြားရှိ ဆက်ဆံရေးကို သွေးခွဲရန် ကြံစည်ခဲ့ခြင်း ဖြစ်၏။
ဤကိစ္စရပ်များကို လီလင်ဖူမှာ များစွာ သတိထား၍ လုပ်ဆောင်ခဲ့သလို၊ မည်သည့် သက်သေအထောက်အထားမျှ ကျန်ရစ်လိမ့်မည် မဟုတ်ဟုလည်း သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားခဲ့ပေသည်။
သို့သော်လည်း မမျှော်လင့်ဘဲ ဤကိစ္စများကို နောက်ဆုံးတွင် ဝမ်ချောင်က သိရှိသွားခဲ့သဖြင့် သူ၏မကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့ရာ၊ ရလဒ်မှာမူ ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်ပေသည်။
သိန်းငှက်အိုကြီး ဘက်မှနေ၍ ရန်သူ့လက်နက် ရန်သူ့ကို ပြန်သုံးခြင်းအသုံးပြုလျက်၊ သူ အတိတ်ကာလများက နှုတ်ချိုသော်လည်း စိတ်အတွင်း၌မူ ရက်စက်လှသော အကြံအစည်များဖြင့် အမတ်အချို့အား လုပ်ကြံခဲ့သော ကိစ္စများကို အစိုးရအဖွဲ့နှင့် လူထုကြားအတွင်း၌ အကြီးအကျယ် ဖြန့်ဝေခဲ့ပေတော့သည်။
မူလက လူအနည်းငယ်သာ သိရှိသင့်သော နှစ်ရှည်လများက ဖြစ်ရပ်ဟောင်းများကို၊ ယခုအခါတွင်မူ အစိုးရအဖွဲ့နှင့် လူထုအတွင်း၌ မသိသူဟူ၍ မရှိသလောက် ဖြစ်သွားခဲ့ရပေပြီ။
အကယ်၍ အရင်တုန်းကဆိုလျှင် ဤကိစ္စရပ်များမှာ ခိုင်လုံသော သက်သေမရှိသရွေ့ သူ၏ ရာထူးအဆင့်အတန်းကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်သော်လည်း၊ ယခုအခါတွင်မူ သူသည် အာဏာစက်များ ဆုံးရှုံးနေချိန်ဖြစ်ရာ၊ လဲနေသူကို ထပ်ဆင့် နင်းလိုကြသူများမှာလည်း မနည်းလှပေ။
ဝမ်ချောင်သည် ဤလှည့်ကွက်ကို အလွန်ပင် ကျွမ်းကျင်စွာ အသုံးချခဲ့ပေသည်။ ဧကရာဇ်အသစ် နန်းတက်လာပြီးနောက်ပိုင်းတွင် လီလင်ဖူဘေးနား၌ အင်အားအချို့ ရှိနေသေးသော်လည်း၊ ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင်မူ မူလက သူ့အား အားကိုးနေခဲ့ကြသော အမတ်များပင်လျှင် တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားခဲ့ကြပေပြီ။
အစိုးရအဖွဲ့နှင့် လူထုအတွင်း၌ လူအများက အပြင်ပန်းအားဖြင့် ဘာမျှမပြောကြဘဲ သူ့အား မင်အမတ်ချုပ် ခေါ်ဆိုနေကြဆဲ ဖြစ်သော်လည်း၊ တိတ်တဆိတ်တွင်မူ သူ၏ ဂုဏ်သိက္ခာမှာ မြေလှန်ခြင်း ခံလိုက်ရပြီ ဖြစ်ပေသည်။
ထိုကဲ့သို့သော အခြေအနေ ကွာခြားမှုကိုမူ လီလင်ဖူတစ်ခါမျှ မခံစားဖူးခဲ့ပေ
“ဝမ်မိသားစု…… ဝမ်မိသားစု……”
လီလင်ဖူသည် မျက်လုံးများကို မှိတ်လိုက်ကာ ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး၊ သူ၏ လက်ချောင်းများကို အင်္ကျီလက်စအတွင်း၌ တိတ်တဆိတ် တောက်လိုက်မိပေသည်။
လွန်ခဲ့သော အနှစ်သုံးဆယ်က ဝမ်မိသားစုတွင် ဝမ်ပိုဝူရှိခဲ့သည်။ အနှစ်သုံးဆယ်အကြာတွင်မူ ဝမ်မိသားစုမှ ဝမ်ချောင်ဟူ၍ နောက်ထပ်တစ်ဦး ပေါ်ထွက်လာခဲ့ပြန်သည်။ သူ၏ ကံကြမ္မာနှင့် သူ၏ ရာထူးလမ်းကြောင်းမှာ ဝမ်မိသားစုနှင့် အမြဲတမ်းပင် မြဲမြံစွာ ရစ်ပတ်နေခဲ့ပေသည်။
ဝမ်မိသားစု ဆုတ်ယုတ်လျှင် သူ၏ ရာထူးလမ်းကြောင်းမှာ ပွင့်လန်းခဲ့ပြီး၊ ဝမ်မိသားစု ပြန်လည်ကြီးပွားလာသည့် အခါတွင်မူ သူသည်……
ခဏချင်းမှာပင် လီလင်ဖူ၏စိတ်ထဲ၌ နက်နဲလှသော နာကျည်းမှုနှင့် မကျေနပ်မှုများ တိုးဝင်လာခဲ့ပေသည်။
သို့သော်လည်း ယခုလက်ရှိ ဝမ်မိသားစုမှာမူ နေမင်းကြီးအလား တောက်ပနေသလို၊ ဝမ်ချောင်နှင့်လီဟန်မှာလည်း အလွန် ရင်းနှီးလှသော မိတ်ဆွေကောင်းများ ဖြစ်ကြသဖြင့်၊ သူသည် အခြေအနေကို ပြန်လည် ကုစားနိုင်စွမ်း မရှိတော့ပေ
ဘေးနားမှ အစေခံ အဘိုးအိုမှာမူ လီလင်ဖူ၏ မျက်နှာပေါ်မှ အားငယ်စိတ်ပျက်နေသော အမူအရာများကို ကြည့်ရှုရင်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။ သူ တစ်စုံတစ်ရာကို လုပ်ဆောင်ပေးလိုသော်လည်း မတတ်နိုင်ဘဲ ရှိနေရပေသည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ၊ အချိန်မည်မျှ ကြာသည် မသိရသော်လည်း၊ ဖုန်း ဟူသော အသံနှင့်အတူ မြင်းရထားမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီးနောက်၊ ရထားမောင်းသူ၏ အသံမှာ နားထဲသို့ ဝင်ရောက်လာခဲ့ပေသည် -
“မင်အမတ်ချုပ် ရောက်ပါပြီ”
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေကာ လေပြေတစ်ချက် တိုက်ခတ်သွားသည့် အခါတွင်မူ ညဉ့်အမှောင်ထုအတွင်း၌ သစ်ရွက်များ လှုပ်ခတ်နေသော အသံများမှာ ဆက်တိုက် ထွက်ပေါ်နေပေသည်။
မသိမသာဖြင့်ပင် လူတိုင်းမှာ မြို့တော်မှ ထွက်ခွာလာခဲ့ကြပြီဖြစ်ကာ၊ တောအုပ်တစ်ခုအတွင်းသို့ ရောက်ရှိနေခဲ့ကြပေပြီ။
ဤအချိန်၌ လီလင်ဖူသည်လည်း စိတ်ထဲ၌ လှုပ်ခတ်သွားခဲ့ကာ ဝုန်းခနဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပေသည်။
“မင်းတို့ ဒီမှာပဲ နေခဲ့ကြ၊ ငါ့ရဲ့ အမိန့်မရှိဘဲ ဘယ်သူမှ မလှုပ်ရှားရဘူး”
လီလင်ဖူက ရုတ်တရက် စကားဆိုလိုက်ပေသည်။ သူ၏အမူအရာမှာလည်း များစွာ လေးနက်တည်ငြိမ်သွားခဲ့ရ၏။
အာကျိ၏ မျက်နှာတစ်ခုလုံး အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့ရကာ၊ သူ တုံ့ပြန်ရန် အချိန်မရမီမှာပင် လီလင်ဖူသည် မတ်တပ်ရပ်လိုက်ကာ ဘေးနားမှ မီးအိမ်တစ်လုံးကို ယူဆောင်လျက် မြင်းရထားတံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ထွက်ခွာသွားခဲ့ပေတော့သည်။
ညဉ့်အမှောင်ထုမှာ နက်ရှိုင်းနေကာ မြင်းရထားအပြင်ဘက်၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ လီလင်ဖူသည် မီးအိမ်ကို ကိုင်ဆောင်လျက် ပထမဦးစွာ လမ်းဘေးရှိ ဘုတ်စပတ်ပင်တစ်ပင်ကို ရှာဖွေတွေ့ရှိလိုက်ပေသည်။ အနားသို့ နီးကပ်စွာ သွားကြည့်လိုက်သည့်အခါ မီးအိမ်၏အလင်းရောင်အောက်၌ ဘုတ်စပတ်ပင်ပေါ်တွင် လတ်ဆတ်လှသော ထူးခြားသည့် အမှတ်အသားတစ်ခုကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ပေသည်။
“ဒီနေရာပဲကိုး”
လီလင်ဖူက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပေသည်။
“မင်အမတ်ချုပ် အရှင် ဘယ်ကို သွားမလို့လဲ။ အာကျိလိုက်ပါရစေ”
နောက်ကွယ်မှနေ၍ အာကျိ၏ စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုများ ပါဝင်နေသော အသံ ထွက်ပေါ်လာခဲ့ပေသည်။
“မလိုတော့ဘူး”
လီလင်ဖူသည် နောက်သို့ ပြန်မလှည့်ဘဲ သူ၏အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းပြလိုက်ကာ မီးအိမ်ကို ကိုင်ဆောင်လျက် တောအုပ်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပေတော့သည်။
နောက်ကွယ်မှ အစေခံအဘိုးအိုမှာမူ မှင်တက်နေခဲ့ရကာ အချိန်အတော်ကြာအောင် စကားပင် မပြောနိုင်ဘဲ ရှိနေပေသည်။
ဘာကြောင့်လဲ မသိသော်လည်း သူ ခံစားနေရသည်မှာ ယခုတလော မင်အမတ်ချုပ်မှာ များစွာထူးဆန်းနေပေသည်။ သူသည် အမြဲတမ်းပင် စိုးရိမ်ပူပန်မှုများစွာ ပြည့်နှက်နေဟန် ရှိပေသည်။
သူသည် မင်အမတ်ချုပ်ကို ဆယ်စုနှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ကာ၊ နန်းတွင်းညီလာခံများ ပြုလုပ်ချိန်မှလွဲ၍ ကျန်ရှိသော အချိန်များတွင်မူ အမြဲတမ်းပင် အရိပ်တစ်ခုသဖွယ် နောက်မှ ကပ်လျက် လိုက်ပါခဲ့သူ ဖြစ်ပေသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ၏လိုက်ပါမှု မပါဘဲ မင်အမတ်ချုပ် တစ်ဦးတည်း လှုပ်ရှားခြင်းဖြစ်ကာ၊ မည်သူ့ကိုမျှလည်း လိုက်ပါခွင့် မပေးခဲ့ခြင်း ဖြစ်ပေသည်။
……
“ဟူး”
တောအုပ်မှာ နက်ရှိုင်းလှသကဲ့သို့ မှောင်မိုက်နေပေသည်။ နားဘေး၌လည်း လေစီးကြောင်းများ၏ ဟိန်းဟောက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေကာ၊ ညဉ့်ငှက်တစ်ကောင်၏ အော်မြည်သံအလား လူကို များစွာ ထိတ်လန့်စေပေသည်။
လီလင်ဖူသည် မီးအိမ်ကို ကိုင်ဆောင်လျက် ခြေလှမ်းများကို ခက်ခဲစွာ လှမ်း၍ ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေပေသည်။
သူ၏ အမူအရာမှာ များစွာသတိကြီးစွာ ထားရှိနေသော်လည်း အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိပေ။
“လီလင်ဖူ နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီပေါ့၊ ငါတို့ မတွေ့ရတာ ကြာပြီပဲ”
ဤကဲ့သို့သော ထိတ်လန့်ဖွယ် အခြေအနေကြား၌ သဲ့သဲ့မျှသာ ဖြစ်သော အသံတစ်ခုမှာ တစ္ဆေတစ်ကောင်အလား တောအုပ်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ သူ၏ အသံမဆုံးသေးမီမှာပင် လေပြေတစ်ချက် တိုက်ခတ်သွားခဲ့ကာ လီလင်ဖူ၏ ရှေ့မှောက်၌ ပုံရိပ်နှစ်ခုမှာ မရှိရာမှ ရှိလာခဲ့ပြီး ရုတ်တရက် ပေါ်ထွက်လာခဲ့ပေတော့သည်။
ထိုပုံရိပ်နှစ်ခုမှာ ဝတ်စုံနက်ကို ဝတ်ဆင်ထားကြကာ ဟင်းလင်းပြင်၌ လွင့်မျောနေကြပေသည်။ ကြည့်ရသည်မှာ မည်သည့် အသက်ရှူသံမျှ မရှိသကဲ့သို့ ဖြစ်နေသဖြင့် အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။
အကယ်၍ ဝမ်ချောင်သာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ သေချာပေါက် များစွာတုန်လှုပ်သွားပေလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ရုတ်တရက် ပေါ်ထွက်လာသော ထိုသူနှစ်ဦးမှာ အခြားသူများ မဟုတ်ဘဲ ဝမ်ချောင်အမြဲတမ်း သတိထားနေခဲ့ရသော ထိုက်ရှီနှင့် ထျန်းဖူနတ်မင်းတို့ပင် ဖြစ်နေသောကြောင့် ဖြစ်ပေတော့သည်။
******
အခန်း (၂၀၈၈) နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တု
မျှော်လင့်မထားဘဲ မိမိ၏မျက်စိရှေ့မှောက်ရှိ ထိုက်ရှီနှင့် ထျန်းဖူနတ်မင်းတို့ကို မြင်တွေ့လိုက်ရသော်လည်း၊ လီလင်ဖူမှာမူ ကိုယ်ခန္ဓာ အနည်းငယ်မျှသာ တုန်လှုပ်သွားခဲ့ပြီး၊ များမကြာမီမှာပင် ပြန်လည်တည်ငြိမ်သွားခဲ့ကာ သူ၏အမူအရာအတွင်း၌ အနည်းငယ်မျှပင် ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိပေ။
“ပြောစမ်းပါဦး၊ ငါ့ကို ဘာကိစ္စနဲ့ ရှာတာလဲ”
လီလင်ဖူသည် ခေါင်းကို မော့ကြည့်လိုက်ကာ တိုက်ရိုက်ပင် မေးမြန်းလိုက်ပေသည်။
“ဟမ့်… မဟာထန်ရဲ့အမတ်ချုပ် ဖြစ်လာတာနဲ့ ငါတို့ကို ခါချပစ်ချင်နေတာလား? မင်းဘယ်လိုနည်းနဲ့ ဒီအမတ်ချုပ် ရာထူးကို ရခဲ့သလဲဆိုတာ မမေ့နဲ့ဦး”
ထိုက်ရှီ အသံမှာ အေးစိမ့်လှပေသည်။ သူသည် အနည်းငယ်မျှပင် အားနာခြင်း မရှိဘဲ ပြောဆိုလိုက်ခြင်းပင် ဖြစ်၏။
အကယ်၍ အပြင်လူတစ်ဦးသာ ဤစကားကို ကြားလိုက်ရပါက သေချာပေါက် များစွာအံ့အားသင့်သွားပေလိမ့်မည်။ မြင့်မြတ်လှသော မဟာထန်၏ အမတ်ချုပ်တစ်ဦးသည် ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းနှင့် ဤမျှအထိ ရင်းနှီးသော ဆက်ဆံရေး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း၊ ထို့ပြင် ဝတ်စုံမည်းဝတ်လူ၏ စကားအရ ကြည့်လျှင် လီလင်ဖူသည် အစပိုင်း၌ အမတ်ချုပ် ရာထူးကို ရရှိခဲ့ခြင်းမှာ သိသိသာသာပင် ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းနှင့် များစွာပတ်သက်မှု ရှိနေပေသည်။
ဤသတင်းသာ အပြင်သို့ ပေါက်ကြားသွားပါက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
လီလင်ဖူသည် စကားတစ်ခွန်းမျှ မဆိုဘဲ၊ စိတ်ထဲမှသာ သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိပေသည်။
ဤနေရာ၌ အောင်မြင်ခဲ့သလို ဤနေရာ၌ပင် ပျက်စီးရပေတော့မည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်က သူသည် အမည်မသိ လူသားတစ်ဦးမျှသာ ဖြစ်ခဲ့သလို၊ အသုံးမကျသူ တစ်ဦးအဖြစ် တော်ဝင်မျိုးနွယ်ဝင် ဘေးထွက်မျိုးဆက်မှ သားငယ်တစ်ဦးအဖြစ် လူအများ၏ လှောင်ပြောင်ခြင်းကို ခံနေရစဉ် ကံကြမ္မာ၏ထူးဆန်းသော တိုက်ဆိုင်မှုတစ်ခုကြောင့် ထိုစဉ်က မြို့တော်အတွင်းသို့ သူတော်စင် ဧကရာဇ်အား လုပ်ကြံရန် လာရောက်ခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမြောပါး ဖြစ်နေသော ထိုက်ရှီကို မတော်တဆ ကယ်တင်မိခဲ့ခြင်း ဖြစ်ပေသည်။ သူသည် ထိုက်ရှီအား နန်းစောင့်တပ်ဖွဲ့တို့၏ ရှာဖွေမှုများမှ လွတ်မြောက်အောင် ကူညီပေးခဲ့ပေသည်။
ထိုအချိန်မှ စတင်၍ လူနှစ်ဦးကြားရှိ ဆက်ဆံရေးမှာ မြဲမြံစွာ ရစ်ပတ်သွားခဲ့ပေတော့သည်။
ထိုက်ရှီနှင့် ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းတို့၏ အကူအညီများအပြင် သူကိုယ်တိုင်၏ မွေးရာပါ နိုင်ငံရေး ပါရမီများကို အမှီပြုလျက် လီလင်ဖူသည် ရာထူးအဆင့်ဆင့်သို့ အတားအဆီးမဲ့ တက်လှမ်းနိုင်ခဲ့ကာ နောက်ဆုံးတွင်မူ အမတ်ချုပ်ရာထူးအထိ ရောက်ရှိခဲ့ခြင်း ဖြစ်ပေသည်။
ဤလုပ်ငန်းစဉ်အတွင်း၌ အစပိုင်းတွင် သူနှင့် ရန်သူဖြစ်ခဲ့သူများ သို့မဟုတ် သူနှင့် ယှဉ်ပြိုင်ခဲ့သူများစွာမှာမူ နောက်ဆုံးတွင် အကြောင်းအမျိုးမျိုးကြောင့် ရှုံးနိမ့်ခဲ့ရခြင်း သို့မဟုတ် နယ်နှင်ဒဏ် ပေးခြင်းများကို ခံခဲ့ကြရပေသည်။
လူအများစုက လီလင်ဖူမှာ တာချီဝမ်ချန် (နောက်ကျမှ အောင်မြင်သူ)ဟု ပြောဆိုကြသည်။ အသက် လေးဆယ်ကျော်မှသာ ရုတ်တရက်ဆိုသလို ကံကြမ္မာများ ပွင့်လန်းလာခဲ့ကာ၊ သူတော်စင် ဧကရာဇ်၏ အသိအမှတ်ပြုမှုကို ရရှိလျက် ယခုလက်ရှိ ရာထူးအထိ ရောက်ရှိလာခဲ့သည်ဟု ယူဆကြသော်လည်း၊ ဤအရာအားလုံး၏ နောက်ကွယ်၌ ဝတ်စုံမည်းဝတ်လူများ၏အကူအညီမှာ ခွဲခြား၍ မရနိုင်လောက်အောင် ရှိနေခဲ့သည်ကိုမူ လူနည်းစုသာ သိရှိကြပေသည်။
သို့သော်လည်း ဝတ်စုံမည်းဝတ်လူများ၏ တည်ရှိမှုမှာ အမြဲတမ်းပင် တားမြစ် အတားအစီးတစ်ခု ဖြစ်သကဲ့သို့၊ သူတော်စင် ဧကရာဇ်၏ သေရန်ငြိုး ရန်သူများလည်း ဖြစ်ကြပေသည်။ ထို့ပြင် သူတော်စင်ဧကရာဇ်သည် နှစ်ပေါင်းများစွာအတွင်း သူတို့အား ချေမှုန်းဖျက်ဆီးရန်အတွက်သာ အစွမ်းကုန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့်ပင် အမတ်ချုပ် ရာထူးကို ရရှိပြီးနောက်တွင်မူ၊ လီလင်ဖူသည် နှစ်ပေါင်းများစွာအတွင်း အလွန်အမင်း သတိကြီးစွာ ထားရှိခဲ့ကာ၊ ဝတ်စုံမည်းဝတ်လူများနှင့် တိုက်ရိုက်ပတ်သက်မှု မှန်သမျှကို အစွမ်းကုန် ရှောင်ရှားခဲ့ပေသည်။ အလွန်အမင်း မတတ်သာသည့် အခြေအနေမျိုးမှလွဲ၍ သူတို့၏ စွမ်းအားများကို လွယ်လွယ်နှင့် အသုံးမပြုခဲ့ပေ။
နှမြောစရာကောင်းသည်မှာမူ အရာရာတိုင်းမှာ သတ်မှတ်ပြီးသား ဖြစ်နေခဲ့ခြင်းပင် ဖြစ်ပေသည်။ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ကတည်းက သူသည် ဤဝတ်စုံမည်းဝတ်လူများထံမှ ရုန်းထွက်ရန် မဖြစ်နိုင်တော့ကြောင်း ကံကြမ္မာက ပြဋ္ဌာန်းပြီးသား ဖြစ်နေခဲ့ပြီ ဖြစ်၏။
“ငါ့ရဲ့အဓိပ္ပာယ်က အဲဒီလို မဟုတ်ပါဘူး။ ဧကရာဇ်အသစ် နန်းတက်လာပြီလေ။ မင်းတို့ ဒီအတောအတွင်း လှုပ်ရှားမှုတွေက အရမ်းကို စိပ်လွန်းနေတယ်။ ဒါက ငါ့အတွက် အများကြီးအဆင်မပြေသလို ငါ့ကိုလည်း အလွယ်တကူ ပေါ်သွားစေနိုင်တယ်”
လီလင်ဖူက ဆိုလိုက်ပေသည်။
သူတစ်ပါး၏ အိမ်ခေါင်မိုးအောက်၌ ခိုကပ်နေရသူ ဖြစ်သည့်အတိုင်း သူသည် အင်ပါယာ၏ အမတ်ချုပ်အဖြစ် မြင့်မြတ်နေသည့်တိုင်အောင် ဤဝတ်စုံမည်းဝတ်လူများရှေ့၌မူ ခေါင်းငုံ့ပေးရုံမှတစ်ပါး အခြားလမ်း မရှိပေ။
“ဟွန်း… အဲဒီလို မလုပ်ရင်ရော မင်းက မြို့ပြင်ကို ထွက်လာချင်ပါ့မလား။ တကယ်လို့ မင်းက ငါတို့နဲ့ တမင်တကာ ပတ်သက်မှု ဖြတ်တောက်ချင်နေဦးမယ်ဆိုရင်တော့ နောက်တစ်ဆင့်မှာ ဒီလောက် လှုပ်ရှားမှုလေးတွေတင် ရှိတော့မှာ မဟုတ်ဘူးဆိုတာ သတိထားပါ”
ထိုက်ရှီက အေးစက်စွာ ဆိုလိုက်ပေသည်။
လီလင်ဖူ၏ အကြံအစည်များကို သူ ဘယ်လိုလုပ်ပြီး မသိဘဲ နေပါမည်နည်း။
ဤအတောအတွင်း သူသည် လီလင်ဖူထံသို့ အနည်းဆုံး အကြိမ်အနည်းငယ် ဆက်သွယ်ခဲ့သော်လည်း လီလင်ဖူကမူ အားလုံးကို လျစ်လျူရှုထားခဲ့ကာ သတင်းမရရှိခဲ့သကဲ့သို့ ဟန်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။ အဖွဲ့အစည်းက သူ့အား ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပျိုးထောင်ပေးခဲ့သည်ဖြစ်ရာ၊ ယခုအခါ အမတ်ချုပ်ရာထူးကို ရရှိပြီးနောက်တွင် မည်သည့် တန်ဖိုးမှ မပေးဆပ်ဘဲ သူတို့အား ခါချပစ်လိုနေခြင်းမှာ၊ အဘယ်သို့ လွယ်ကူနိုင်ပါမည်နည်း။
လီလင်ဖူသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ခေါင်းငုံ့လျက် တိတ်ဆိတ်နေပေသည်။
“လီလင်ဖူ မင်းအခု အာဏာစက်တွေ ဆုံးရှုံးနေရတာကို ငါ သိတယ်၊ ဒါတွေအားလုံးက အဲဒီမျိုးနွယ်ခြားဘုရင်နဲ့ မကင်းဘူးဆိုတာလည်း သိတယ်၊ ဒီအချက်အရဆိုရင် ငါတို့မှာ တူညီတဲ့ရန်သူ ရှိနေတာပဲ”
“မင်းသာ ဒီတစ်ခေါက် ငါ့ကို ကူညီမယ်ဆိုရင် ငါ မင်းကို မျိုးနွယ်ခြားဘုရင်ကို ရှင်းထုတ်ပေးဖို့ ကတိပေးတယ်၊ အဲဒီလီဟန်ကိုတောင်မှ တစ်ပါတည်း ရှင်းထုတ်ပေးနိုင်သေးတယ်။ အဲဒီအချိန်ကျရင် ငါတို့ စိတ်ကြိုက်လူတစ်ယောက်ကို ထီးနန်းပေါ် တင်လို့ရတာပဲ၊ ဒါမှမဟုတ်လည်း…… မင်း ကိုယ်တိုင်ကလည်း တော်ဝင်မျိုးနွယ်ဝင် တစ်ယောက်ပဲလေ၊ မင်း သဘောတူမယ်ဆိုရင် ငါ မင်းကို မဟာထန်ရဲ့ အရှင်သခင်ဖြစ်အောင်တောင် မြှောက်ပေးနိုင်တယ်”
“အကယ်၍ မင်းက ငါတို့နဲ့ အရမ်းကြီး မပတ်သက်ချင်ဘူးဆိုရင်လည်း ဒီကိစ္စ ပြီးသွားတာနဲ့ ငါတို့ကြားက ဆက်ဆံရေးတွေကို အဆုံးသတ်ပေးဖို့ ငါ ကတိပေးတယ်၊ မင်းကိုလည်း ထပ်ပြီးမနှောင့်ယှက်တော့ဘူး”
ထိုက်ရှီက ဆက်လက် ပြောဆိုလိုက်ပေသည်။ သူ၏အမူအရာနှင့် လေသံမှာမူ သိသိသာသာပင် ပိုမို ပျော့ပျောင်းလာခဲ့ပေသည်။
“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ မင်း ငါ့အတွက် ကိစ္စတစ်ခုကို သေချာပေါက် ကူညီလုပ်ဆောင်ပေးရမယ်၊ ပြီးတော့ အခုက မင်း ငါ့ကို ကျေးဇူးဆပ်ရမယ့် အချိန်ပဲ”
“မင်းက ငါ့ကို ဘာလုပ်စေချင်တာလဲ”
လီလင်ဖူ၏ စိတ်ထဲ၌ နတ်နှင့်မိစ္ဆာတို့ အပြန်အလှန် စစ်ခင်းနေကြပြီးနောက်၊ နောက်ဆုံးတွင်မူ စကားဆိုလိုက်ပေသည်။
“ဒါ့အပြင် မင်း တကယ်ပဲ ဝမ်ချောင်ကို ရှင်းထုတ်နိုင်မှာလား”
လီလင်ဖူ၏ နောက်ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ ထိုက်ရှီသာမက ဘေးနားရှိ ထျန်းဖူနတ်မင်း၏ မျက်နှာပေါ်၌ပါ ပြုံးယောင်သန်းသွားခဲ့ပေသည်။ အဆုံးစွန်ထိ ပြောရလျှင် လီလင်ဖူအလေးထားဆုံးအရာမှာမူ အာဏာနှင့် လုပ်ပိုင်ခွင့်များသာ ဖြစ်ပေသည်။
“လီအကြီးအကဲ အကြီးအကဲ ထိုက်ရှီရဲ့ စွမ်းဆောင်ရည်တွေကို ခင်ဗျား သိထားသင့်ပါတယ်။ ဝမ်ချောင်က ဒီအတောအတွင်းမှာ မြို့ထဲကနေ လုံးဝ ထွက်မလာရဲဘဲ အောင်းနေရတာ၊ ဘာကြောင့်လို့ ခင်ဗျား ထင်သလဲ။ သူက စံအိမ်ထဲမှာပဲ ကျင့်စဉ်ကျင့်နေတာလို့ ရိုးရိုးလေးပဲ ထင်မနေပါနဲ့”
ထိုအချိန်မှာပင် ဘေးနားရှိ ထျန်းဖူနတ်မင်းက ဆိုလိုက်ပေသည်။
လီလင်ဖူက ခေါင်းညိတ်ပြလိုက်ပေသည်။ ဤအချက်ကိုမူ သူ သံသယ မဖြစ်ပေ၊ ဤသည်မှာလည်း သူ ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းပင် ဖြစ်ပေသည်။
“စိတ်အေးအေးထားပါ၊ ဒီတစ်ခေါက် ငါ မင်းကို ခိုင်းမယ့်ကိစ္စက အရမ်းကို ရိုးရှင်းပါတယ်၊ မင်းအတွက်လည်း ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး။ ငါ မင်းဆီကနေ လူတစ်ယောက်ကိုပဲ ရှာပေးဖို့ လိုချင်တာပါ”
လီလင်ဖူလက်ခံသွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုက်ရှီက နောက်ဆုံးတွင် စကားဆိုလိုက်ပေသည်။
“လူရှာပေးဖို့လား”
လီလင်ဖူသည် ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကို ကြုတ်လိုက်ကာ ခေါင်းမော့ကြည့်လိုက်မိပေသည်။ သူ၏ စိတ်ထဲ၌ များစွာ အံ့အားသင့်သွားရ၏။
သူသည် အများကြီး စဉ်းစားခဲ့ဖူးသော်လည်း ထိုက်ရှီအနေဖြင့် မြို့တော်အတွင်း၌ ဤမျှအထိ ကြီးမားသော ဆူညံမှုများ ဖန်တီးကာ သူ့အား ထွက်လာအောင် အကျပ်ကိုင်ခဲ့ခြင်းမှာ ရိုးရိုးရှင်းရှင်း လူတစ်ယောက်ကို ရှာဖွေခိုင်းရန်အတွက်သာ ဖြစ်လိမ့်မည်ဟုမူ လုံးဝ မစဉ်းစားခဲ့မိပေ။
ဤဝတ်စုံမည်းဝတ်လူများ၏ အင်အားကို သူထက် ပိုသိသူ မရှိပေ၊ အကယ်၍ လူတစ်ယောက်ကို ရှာဖွေလိုရုံသက်သက်ဆိုပါက ထိုက်ရှီအနေဖြင့် မည်သူ့ကိုမဆို စေခိုင်းနိုင်သည်ဖြစ်ရာ၊ သူကဲ့သို့သော မဟာထန်၏အမတ်ချုပ်ကို အသုံးပြုရန် လိုအပ်လိမ့်မည် မဟုတ်ပေ။
ထို့ပြင် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ရှာမတွေ့နိုင်သော လူဟူ၍ ရှိပါဦးမည်နည်း။
“သေချာပေါက် အဲဒီလောက် မရိုးရှင်းပါဘူး”
လီလင်ဖူ၏စိတ်ထဲမှ တွေးတောမှုများကို သိရှိဟန်ဖြင့် ထိုက်ရှီသည် သူ၏အင်္ကျီလက်စကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလျက် တည်ငြိမ်စွာ ဆိုလိုက်ပေသည်။
“ဒီလူက အရမ်းကို ထူးခြားတယ်၊ ပြီးတော့ ငါ အပြန်အလှန် စဉ်းစားကြည့်သလောက်တော့ မဟာထန်တစ်ခွင်လုံးမှာ မင်းတစ်ယောက်တည်းပဲ သူ့ရဲ့သတင်းအစအနကို ရှာတွေ့နိုင်လိမ့်မယ်”
“ဘယ်သူလဲ”
လီလင်ဖူ၏ မျက်မှောင်များမှာ တင်းကျပ်သွားခဲ့ကာ ပို၍ပင် ထူးဆန်းအံ့သြနေမိပေသည်။
အကယ်၍ အစပိုင်း၌ ထိုက်ရှီနှင့် ထားရှိခဲ့သောကတိကို တည်ရုံသက်သက်သာဖြစ်ကာ စိတ်ထဲမှ ငြင်းဆန်နေခဲ့သည်ဆိုပါက ယခုအခါ ထိုက်ရှီ၏စကားများကြောင့် သူ၏စိတ်ထဲ၌ စူးစမ်းလိုစိတ်များ အမှန်တကယ်ပင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပေသည်။
ထိုက်ရှီရှာဖွေလိုသော သူသည် အမှန်တကယ် ဘယ်သူဖြစ်ကြောင်း သူ လုံးဝ စဉ်းစား၍ မရနိုင်ပေ။ ထို့ပြင် ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းပင် ရှာမတွေ့နိုင်ဘဲ မိမိတစ်ဦးတည်းသာ ရှာတွေ့နိုင်မည့်သူမှာ အဘယ်သူနည်း။
“ငါ မင်းကို ရှာခိုင်းချင်တဲ့သူကတော့ ရာထူးအဆင့်အတန်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး လောကတစ်ခုလုံးကို စိုးမိုးသင့်သူဖြစ်ပေမဲ့ အခုအချိန်မှာတော့ လူအများရဲ့ မေ့လျော့ခြင်းကို ခံထားရတဲ့သူ၊ အတိတ်က ရှုံးနိမ့်ခဲ့သူ တစ်ယောက်ပဲ”
ထိုက်ရှီသည် အေးဆေးစွာ ပြုံးလိုက်ကာ နောက်ဆုံးတွင်မူ ပဟေဠိ၏အဖြေကို ပြောဆိုလိုက်ပေတော့သည်။
“လောကကို စိုးမိုးသင့်တဲ့…… ရှုံးနိမ့်ခဲ့သူ……”
ထိုက်ရှီ၏စကားကို ကြားလိုက်ရသည့်အခါ လီလင်ဖူမှာမူ အာရုံများ ထွေပြားသွားခဲ့ရပေသည်။ ထိုက်ရှီက နောက်ပြောင်နေခြင်းတော့ မဟုတ်နိုင်ပေ၊ မည်သို့သော သူက လောကကို စိုးမိုးနိုင်လောက်သည့် အာဏာရှိခဲ့ပါလျက်နှင့် လူအများ၏ မေ့လျော့ခြင်းကို ခံရပါမည်နည်း။
မဟာထန်မှာရော ထိုကဲ့သို့သော သူမျိုး ရှိနေပါသလား။
“ဟွန်း၊ လီလင်ဖူ၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ‘ရှန်လုံ ပုန်ကန်မှု’ ကို မင်းမေ့သွားတာတော့ မဟုတ်ဘူး မလား”
ထိုက်ရှီက ရုတ်တရက် စကားဆိုလိုက်ပေသည်။
“ဝုန်း”
မိုးကြိုးတစ်ချက် ပစ်ချလိုက်သည့်အလား၊ လီလင်ဖူ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ၊ မျက်လုံးများကို ပြူးကျယ်လျက် တစ်ဖက်ရှိ ထိုက်ရှီကို မယုံကြည်နိုင်လောက်အောင် စူးစိုက်ကြည့်လိုက်မိပေသည် -
“မင်း၊ မင်း ပြောတာက သူလား”
ခဏချင်းမှာပင် လီလင်ဖူ၏ စိတ်နှလုံးအတွင်း၌ လှိုင်းလုံးကြီးများ ထကြွလာခဲ့ရပေသည်။
ထိုက်ရှီက သူ့အား ရှာဖွေခိုင်းနေသော သူမှာ ထိုသူ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ
ထို့ပြင် လောကတစ်ခုလုံးကို ကြည့်မည်ဆိုပါကလည်း ထိုက်ရှီ ပြောကြားသော ထိုအချက်အလက်များနှင့် ကိုက်ညီသူမှာ၊ သေချာပေါက် သူ တစ်ဦးတည်းသာ ရှိပေသည်။
အခြားတစ်ဖက်၌မူ ထိုက်ရှီသည် စကားတစ်ခွန်းမျှ မဆိုဘဲ လေးနက်တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပေသည်။
နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တု
လွန်ခဲ့သော အနှစ်သုံးဆယ်က ရှန်လုံ ပုန်ကန်မှုအတွင်း၌ သူတော်စင် ဧကရာဇ်၏ အကြီးမားဆုံးသော ပြိုင်ဘက်ဖြစ်ခဲ့ကာ လောကကို စိုးမိုးလျက် မဟာထန်၏ အစစ်အမှန် အရှင်သခင် ဖြစ်လာရန်အတွက် ဆံချည်မျှင်မျှသာ လိုအပ်ခဲ့သူ ဖြစ်ပေသည်။
အကယ်၍သာ ထိုအာဏာသိမ်းမှုကြီး မဖြစ်ပေါ်ခဲ့ပါက ယနေ့ခေတ် မဟာထန်၏ အခြေအနေမှာ လုံးဝ ကွဲပြားခြားနားသွားပေလိမ့်မည်။
“ဒါပေမဲ့ အဲဒီအာဏာသိမ်းမှုအတွင်းမှာ လီရွှမ်တုက သေသွားပြီ မဟုတ်ဘူးလား”
လီလင်ဖူက စကားဆိုလိုက်ပေသည်။
ရှန်လုံ ပုန်ကန်မှု အတွင်း၌ သူတော်စင် ဧကရာဇ်က အောင်နိုင်ခဲ့ပြီး နန်းချခံရသော အိမ်ရှေ့မင်းသားက ရှုံးနိမ့်ခဲ့ရသည်ကို လူတိုင်း သိရှိထားကြပေသည်။ ၎င်းနောက်ပိုင်းတွင် သူတော်စင်ဧကရာဇ်သည် ထီးနန်းကို တရားဝင် ဆက်ခံလျက် မဟာထန်၏ အရှင်သခင် ဖြစ်လာခဲ့သဖြင့် ယနေ့ခေတ်ကဲ့သို့သော စည်ပင်ဝပြောသည့် ခေတ်ကြီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။
နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တုနှင့် ပတ်သက်၍မူ ရှုံးနိမ့်သူတို့၏ အဆုံးသတ်မှာ အမြဲတမ်း တူညီနေကြခြင်း ဖြစ်ပေသည်။
ထိုအာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက လီရွှမ်တုမှာ ထပ်မံ၍ ပေါ်ထွက်လာခြင်း မရှိတော့ရာ နောက်ဆုံး ရလဒ်မှာမူ ပြောနေရန်ပင် မလိုတော့ပေ။
ထိုက်ရှီ၏အဓိပ္ပာယ်အရဆိုလျှင် လီရွှမ်တုမှာ အခုချိန်အထိ မသေသေးဘူးဟု ဆိုလိုနေခြင်းလား။
သို့သော်လည်း ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ထိုစဉ်က လီရွှမ်တုမှာ ပါရမီ အံ့မခန်းလှသလို၊ သူတော်စင်ဧကရာဇ်အတွက် အစွမ်းထက်လှသော ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့ပေသည်။ အကြိမ်ပေါင်းများစွာပင် သူတော်စင်ဧကရာဇ်အား သေလမ်းသို့ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သလို၊ ဧကရာဇ်ဟောင်းပင်လျှင် သူ့အား များစွာအလေးထားခဲ့ကာ မိမိ၏ရာထူးကို ဆက်ခံရန် ထိုက်တန်သူအဖြစ် ယူဆခဲ့ခြင်း ဖြစ်ပေသည်။ ဤမျှအစွမ်းထက်လှသော ခြိမ်းခြောက်မှုကြီးကို သူတော်စင်ဧကရာဇ်အနေဖြင့် အာဏာသိမ်းမှု အောင်မြင်ပြီးနောက်တွင် အဘယ်ကြောင့် မသတ်ဘဲ ထားပါမည်နည်း။
သူသည် ဤမျှ များပြားလှသော နှစ်များတစ်လျှောက် အသက်ရှင်နေဆဲဟု ပြောချင်တာလား။
“မင်းတွေးတာက ရိုးရှင်းလွန်းနေပြီ၊ လီရွှမ်တုသာ တကယ် သေသွားခဲ့ရင် ငါ မင်းကို ရှာနေမှာ မဟုတ်ဘူး။ ငါတို့ဆီက အချက်အလက်တွေအရဆိုရင်၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ‘ရှန်လုံ ပုန်ကန်မှု’မှာ လီရွှမ်တု ရှုံးနိမ့်ခဲ့ပေမဲ့၊ မင်းတို့ရဲ့ အဲဒီ သူတော်စင် ဧကရာဇ်က သူ့ကို အသက်ရှင်ခွင့် ပေးခဲ့ပြီးတော့ လျှို့ဝှက်တဲ့ နေရာတစ်ခုမှာ အမြဲတမ်း ချုပ်နှောင်ထားခဲ့တာ”
“ငါတို့ နေရာအတော်များများကို ရှာဖွေခဲ့ပေမဲ့ သူ့ကို ရှာမတွေ့ခဲ့ဘူး၊ ဒါပေမဲ့ နောက်ဆုံး ရလဒ်တွေအရ ကြည့်ရင်တော့ သက်သေတွေ အားလုံးက နန်းတော်ကိုပဲ ညွှန်ပြနေကြတယ်။ ဒီလောက် များပြားလှတဲ့ နှစ်တွေတစ်လျှောက်မှာ လီထိုက်ယီက သူ့ကို သူရဲ့ဘေးနားမှာပဲ အမြဲထားထားခဲ့တာ ဖြစ်နိုင်တယ်။ ငါတို့ အင်အားက ကြီးမားလှပေမဲ့လည်း မြို့တော်ရဲ့ အပြင်ဘက်မှာပဲ လှုပ်ရှားလို့ ရတာလေ၊ အခု မြို့တော်နဲ့ နန်းတော်ကို အစီအရင်က ဖုံးအုပ်ထားတာဆိုတော့ ငါတို့တွေ ဘယ်လိုမှ ဝင်လို့ မရဘူး”
“ဒီကိစ္စမှာတော့ မင်းတစ်ယောက်တည်းပဲ လုပ်ဆောင်နိုင်လိမ့်မယ်”
နောက်ဆုံး စကားတစ်ခွန်းကို ပြောဆိုလိုက်သည့်အခါ ထိုက်ရှီသည် လီလင်ဖူကို လှည့်ကြည့်လိုက်ပေသည်။
လီလင်ဖူသည် စကားတစ်ခွန်းမျှ မဆိုဘဲ သူ၏စိတ်ထဲတွင် အတွေးများစွာမှာ ဆက်တိုက်ဆိုသလို ဖြတ်ပြေးသွားခဲ့ပေသည်။
အကယ်၍ ထိုက်ရှီပြောကြားသည်မှာ အမှန်ဖြစ်နေခဲ့ပါက၊ အကယ်၍ ထိုသူမှာ အမှန်တကယ် အသက်ရှင်နေဆဲဆိုပါက၊ လောကတစ်ခုလုံး၏ အခြေအနေမှာ များစွာကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သွားရပေလိမ့်မည်။
ဤသည်မှာ သူ ယခုတစ်ကြိမ် ထိုက်ရှီနှင့် မတွေ့ဆုံမီက လုံးဝ ထင်မှတ်မထားခဲ့သော အချက်ပင် ဖြစ်ပေသည်။
“နားလည်ပါပြီ။ မင်းတို့အတွက် ရှာဖွေပေးနိုင်အောင် ငါ သေချာပေါက် နည်းလမ်းရှာပါ့မယ်”
လီလင်ဖူသည် စိတ်ထဲမှ တုန်လှုပ်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ၊ ခေါင်းညိတ်ပြလျက် ဆိုလိုက်ပေသည်။
ထိုက်ရှီနှင့် စကားအနည်းငယ် ထပ်မံ ပြောဆိုပြီးနောက်တွင် လီလင်ဖူသည် လျင်မြန်စွာ ထွက်ခွာသွားခဲ့ပေတော့သည်။
သူ၏ နောက်ကွယ်၌မူ ထိုက်ရှီနှင့် ထျန်းဖူနတ်မင်းတို့နှစ်ဦးမှာ လက်ကို နောက်ပစ်လျက် ရပ်နေကြကာ သူ အဝေးသို့ ပျောက်ကွယ်သွားသည်အထိ စူးစိုက်ကြည့်နေခဲ့ကြပေသည်။
“အကြီးအကဲ သူက အမတ်ချုပ်အဆင့်အထိ မြင့်နေတာ မှန်ပေမဲ့၊ ကိုယ့်အားကိုယ်ကိုးပြီး ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ သာမန်လူတစ်ယောက်ပဲလေ၊ သူ တကယ်ပဲ လီရွှမ်တုကို ရှာတွေ့နိုင်ပါ့မလား”
ထျန်းဖူနတ်မင်းသည် အကြည့်များကို ပြန်လည်ရုပ်သိမ်းလိုက်ကာ ရုတ်တရက် စကားဆိုလိုက်ပေသည်။
ထိုက်ရှီရှာဖွေခိုင်းနေသော သူမှာ မူလမင်းဆက်မှ နန်းချခံရသော အိမ်ရှေ့မင်းသားဖြစ်နေခြင်းကြောင့် သူလည်း များစွာ အံ့အားသင့်နေမိခြင်း ဖြစ်၏။
သို့သော်လည်း လီလင်ဖူဆိုသော ဤလူမှာမူ သူ ပေးစွမ်းနေသည့် ခံစားချက်မှာ များစွာအားနည်းလွန်းနေသဖြင့် သူသည် လီလင်ဖူအား အမှန်တကယ်ပင် ယုံကြည်ရခက်နေပေသည်။
“ဟင်းဟင်း ဒီ သာမန်လူသားကို ဘယ်တော့မှ အထင်မသေးနဲ့၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေက ဘယ်သူ စိတ်ကူးယဉ်ထားတာထက်မဆို ပိုပြီးတော့ ကြီးမားလှတယ်။ အမတ်ချုပ်ရာထူးကို ထိုင်နိုင်တဲ့သူ တစ်ယောက်ဆိုတာ၊ မင်းထင်ထားသလို ဘယ်လိုမှ မရိုးရှင်းပါဘူး”
ထိုက်ရှီက လီလင်ဖူ ပျောက်ကွယ်သွားရာ အရပ်ဆီသို့ ကြည့်လျက် တည်ငြိမ်စွာ ဆိုလိုက်ပေသည်။
သူ၏အသံအဆုံးတွင် ထိုက်ရှီသည် သူ၏ အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းပြလိုက်ကာ ကိုယ်ကို လှည့်လိုက်ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
……
******
အခန်း (၂၀၈၉) ဂူဗိမာန် စည်းမျဉ်းများ
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ၊ မြို့တော်အတွင်း၌ အရာရာ ငြိမ်သက်အေးချမ်းနေပေသည်။ ဧကရာဇ်အသစ် နန်းတက်ပြီးနောက် လူတိုင်းမှာ သာယာဝပြောသော အငွေ့အသက်များအတွင်း၌ နစ်မြုပ်နေကြပေသည်။
သို့သော်လည်း ဤကဲ့သို့သော ငြိမ်သက်အေးချမ်းမှု၏ အပေါ်ယံအောက်၌မူ၊ နောက်ကွယ်ရှိ ရေစီးကြောင်းများမှာ ပိုမို၍ ပြင်းထန်လှုပ်ခတ်နေခဲ့ပေသည်။ လူအနည်းငယ်သာလျှင် သိရှိနိုင်ကြခြင်း ဖြစ်ပေသည်။
ဆယ်ရက်ခန့် ကြာပြီးနောက်တွင်မူ၊ ဝမ်ချောင်၏ ရှေးဦးရှန်ထိုက်သုံးခုမှာ တောင်တန်းများကို ကျော်ဖြတ်လျက် မြစ်ချောင်းများကို ဖြတ်ကျော်ကာ နောက်ဆုံးတွင် မြို့တော်ဆီသို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့ပေတော့သည်။
“ဝုန်းးးး”
ခမ်းနားထည်ဝါလှသော နန်းဆောင်ကြီးအတွင်း၌ မြေပြင်ပေါ်တွင် လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ၊ ဝမ်ချောင်၏ ရှန်ထိုက် ကိုယ်ပွား သုံးခုမှာ တစ်တန်းတည်း စီတန်းပေါ်ထွက်လာခဲ့ကြပေသည်။ သူတို့၏ ကိုယ်ပေါ်မှနေ၍ မြေမှုန်ရောင်၊ ပြာလဲ့လဲ့အရောင်နှင့် ရွှေဝါရောင် အလင်းတန်းများမှာ အသီးသီး ထွက်ပေါ်နေကြပြီး တစ်ခုချင်းစီမှာ များစွာတောက်ပလှပေသည်။ သို့သော်လည်း အကြီးမားဆုံးသော အပြောင်းအလဲမှာမူ သူတို့၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများပင် ဖြစ်ပေသည်။
စတင်ထွက်ခွာစဉ်ကနှင့် နှိုင်းယှဉ်ပါက၊ ရှန်ထိုက် သုံးခုလုံး၏ ကိုယ်ပေါ်၌မူ အချိန်နှင့် ဟင်းလင်းပြင် လှုပ်ခတ်မှု အငွေ့အသက်လေးများ ကိန်းအောင်းနေကြပေပြီ။
“မဆိုးဘူးပဲ၊ ဒီတစ်ခါတော့ တကယ့်ကို အမြတ်ထွက်တာပဲ”
ဝမ်ချောင်သည် မိမိ၏ ရှေ့မှောက်ရှိ ရှန်ထိုက် သုံးခုကို ကြည့်လျက် စိတ်ထဲမှ များစွာဝမ်းမြောက်နေမိပေသည်။
ယခုတစ်ကြိမ် ရရှိလိုက်သော ရလဒ်များမှာ သူ၏စိတ်ကူးယဉ်မှုများထက်ပင် ပိုမို ကြီးမားလှပေသည်။ သူသည် မူလက ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်း၏ နေရာကူးပြောင်းခြင်းဂိတ်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ရုံဖြင့် ကျေနပ်နေခဲ့ခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ ထိုက်ချန်းဆီမှ အဖိုးတန်လှသော ဂူဗိမာန် ဗဟိုချက် စည်းမျဉ်းများကိုပါ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
နောက်ဆုံးတွင် ထိုက်ချန်းမှာ မိမိကိုယ်မိမိ ဖောက်ခွဲလိုက်သဖြင့် ဂူဗိမာန် ဗဟိုချက် စည်းမျဉ်းအချို့မှာ ပျက်စီးသွားခဲ့သော်လည်း ရှန်ထိုက်သုံးခုလုံးမှ ရရှိထားသော စည်းမျဉ်းများကို ပေါင်းစပ်လိုက်လျှင်မူ ရှစ်ပုံခန့်အထိ ရှိနေဆဲ ဖြစ်ပေသည်။
“အချိန်အခါ သင့်လာတဲ့အခါမှာတော့ ရှန်ထိုက် သုံးခုလုံးပေါ်က ဂူဗိမာန် စည်းမျဉ်းတွေကို ပေါင်းစပ်လိုက်မယ်ဆိုရင် တစ်ဝက်လောက် အားစိုက်ရုံနဲ့ အကျိုးရလဒ်ကတော့ နှစ်ဆလောက် ဖြစ်လာမှာပဲ”
ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းများမှာ စူးရှတောက်ပနေကာ စိတ်ထဲမှ အစွမ်းကုန် ကျေနပ်နေပေသည်။
သိမ်မွေ့နက်နဲသောအဆင့် အထွတ်အထိပ်မှ ဂူဗိမာန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ အပြင်ပန်းအားဖြင့် ခြေတစ်လှမ်းစာမျှသာ ကွာခြားသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ မြေကမ္ဘာနှင့် ကောင်းကင်ယံအလား ကွာခြားလှပေသည်။ သို့သော်လည်း ထိုက်ချန်း၏ ဂူဗိမာန် စည်းမျဉ်းများကို ရရှိလိုက်ခြင်းမှာမူ၊ ထိုချောက်ကမ္ဘာကြီးကြား၌ နတ်ဘုရား လှေကားထစ်တစ်ခုကို တပ်ဆင်လိုက်သကဲ့သို့ ဖြစ်ပေရာ နောင်တစ်ချိန်တွင် ဂူဗိမာန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်အတွက် များစွာ လွယ်ကူသွားစေသကဲ့သို့ လိုအပ်သော အချိန်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်မည် ဖြစ်ပေသည်။
“မျက်နှာမဲ့လူ မင်း ဒီကို လာခဲ့ဦး”
မကြာမီမှာပင် ဝမ်ချောင်သည် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ကာ၊ နန်းဆောင်၏ အခြားတစ်ဖက်တွင် ရှိနေသော မျက်နှာမဲ့လူကို လှမ်းခေါ်လိုက်ပေသည်။
ကက်စပီယန်ပင်လယ်ပင်လယ်အနားမှ တာဝန်မှာ ခေတ္တမျှ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ၊ မျက်နှာမဲ့လူသည်လည်း မြို့တော်ဆီသို့ အတူတူ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ အရေးအကြီးဆုံးအချက်မှာ ယခုတစ်ကြိမ် လှုပ်ရှားမှုအတွင်း၌ မျက်နှာမဲ့လူသည်လည်း ထိုက်ချန်း ဆီမှ အဖိုးတန်လှသော ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများကို အတော်များများ စုပ်ယူထားနိုင်ခဲ့သဖြင့် သူ၏ကျင့်စဉ်မှာလည်း အထွတ်အထိပ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့ပြီဖြစ်ရာ နောက်ထပ် ကျင့်စဉ်အဆင့်တစ်ခုသို့ စတင် တက်လှမ်းနိုင်မည့် အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။
“အရှင်”
မျက်နှာမဲ့လူမှာ မည်သည့်အသံမျှ မထွက်ပေါ်ဘဲ လျင်မြန်စွာ ရှေ့သို့ လျှောက်လှမ်းလာခဲ့ပြီးနောက် ကိုယ်ကို ကိုင်းညွှတ်လျက် အလေးပြုလိုက်ပေသည်။
“ဒါကို ယူထားလိုက်၊ ဒီထဲမှာ ပိုပြီ မြင့်မားတဲ့ အဆင့်ရှိတဲ့ ကျင့်စဉ် အနှစ်သာရတွေ ပါဝင်နေတယ်၊ ငါ့ရဲ့မှတ်ဉာဏ်တွေနဲ့ နားလည်သိမြင်မှုအချို့ကိုလည်း ဒီထဲမှာ ထည့်ပေးထားတယ်။ မင်း သွားပြီးတော့ သေသေချာချာ လေ့လာလိုက်ဦး၊ မင်းရဲ့ အခုရှိနေတဲ့ စုဆောင်းထားမှုတွေနဲ့ဆိုရင်တော့ ဒီကျင့်စဉ် အနှစ်သာရကို နားလည်သွားတာနဲ့ သိမ်မွေ့နက်နဲသော အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး ရှိနေပြီ၊ ဒါက မင်းရဲ့ နောင်တစ်ချိန် လှုပ်ရှားမှုတွေအတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်”
ဝမ်ချောင်သည် နန်းဆောင်အတွင်း၌ ရပ်လျက် ဆိုလိုက်ပေသည်။
“ဖုန်း”
သူ၏ စကားမဆုံးသေးမီမှာပင် သူ၏လက်ညှိုးကို တစ်ချက် တောက်လိုက်ရာ၊ နူးညံ့လှသော အလင်းလုံးလေးတစ်ခုမှာ လက်ညှိုးထိပ်မှ ထွက်ပေါ်လာခဲ့ပြီး ဟင်းလင်းပြင်ထဲ၌ အကွေးပုံစံတစ်ခုကို ရေးဆွဲလျက် မျက်နှာမဲ့လူ၏ ကိုယ်အတွင်းသို့ တိုးဝင်သွားခဲ့ပေတော့သည်။
“ကျေးဇူးတင်ပါတယ် အရှင်”
မျက်နှာမဲ့လူက ကိုယ်ကို ကိုင်းညွှတ်လျက် ရိုသေစွာ အလေးပြုလိုက်ပေသည်။ သူ၏ အသံအတွင်း၌မူ များစွာသော လှုပ်ခတ်မှုများ မရှိပေ။
“သွားတော့လေ”
ဝမ်ချောင်က လက်ဝှေ့ယမ်းပြလိုက်သည့်အခါ မျက်နှာမဲ့လူလည်း လျင်မြန်စွာ ထွက်ခွာသွားခဲ့ပေတော့သည်။
သူ၌ သွားစရာ နေရာ ရှိနေသော်လည်း ဝမ်ချောင်ဆီသို့ တစ်ခါမျှ အစီရင်မခံခဲ့သလို ဝမ်ချောင်ကလည်း ဘယ်သောအခါမှ မမေးမြန်းခဲ့ပေ။
မကြာမီမှာပင် နန်းဆောင်ကြီးအတွင်း၌ တိတ်ဆိတ်သွားခဲ့ပေသည်။ မျက်နှာမဲ့လူထွက်သွားပြီးနောက်တွင်မူ ဝမ်ချောင်သည် သူ၏လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ စံအိမ်၏ ခန်းမဆောင် တံခါးကြီးမှာ ပြင်းထန်စွာ ပိတ်သွားခဲ့ပေသည်။ တစ်ချိန်တည်းမှာပင် အလင်းတန်းများစွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး မျိုးနွယ်ခြားဘုရင်စံအိမ်၏ ခန်းမဆောင်မြေအောက်၌ အစီအရင်အဘိုးအိုအား ဝမ်ချောင် တည်ဆောက်စေခဲ့သော ပြင်းထန်လှသည့် ကာကွယ်ရေး အစီအရင်တစ်ခုမှာ ချက်ချင်းပင် လည်ပတ်လာခဲ့ကာ နန်းဆောင်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်ပေတော့သည်။
ဝုန်း ဝုန်း ဝုန်း….
တစ်ချိန်တည်းမှာပင် နန်းဆောင်အတွင်းရှိ လေထုမှာ ဟိန်းဟောက်လာခဲ့ပေသည်။ ဝမ်ချောင်နှင့် ရှန်ထိုက်သုံးခုလုံး၏ ကိုယ်အတွင်းမှနေ၍ တောင်ပြိုခြင်းနှင့် ပင်လယ်လှိုင်းတံပိုးများအလား ပြင်းထန်လှသော အရှိန်အဝါများ တစ်ပြိုင်တည်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။ သူတို့လေးဦး၏ နောက်ကွယ်၌မူ အလင်းနှင့် အရိပ်များမှာ ရောယှက်နေခဲ့ကြပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှေဝါရောင်တောက်ပကာ ခန့်ညားထည်ဝါလှသော ကျောက်စိမ်းနန်းဆောင်များမှာ၊ အချိန်နှင့် ဟင်းလင်းပြင် အနက်ရှိုင်းဆုံးအထိ ပျံ့နှံ့သွားမည့်အလား နန်းဆောင်အတွင်း၌ တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ကြပေသည်။
ကောင်းကင်ဘုံ ၃၃ထပ်
ဤခဏ၌ ဝမ်ချောင်နှင့် ရှေးဦးရှန်ထိုက် သုံးခုမှာ အလယ်ပိုင်းဒေသ၏ နံပါတ်တစ် အံ့ဖွယ်ကျင့်စဉ်ကြီးကို တစ်ပြိုင်တည်း အသုံးပြုလိုက်ကြခြင်းပင် ဖြစ်ပေသည်။
တစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်…… ဝမ်ချောင်နှင့် ရှန်ထိုက် သုံးခု၏ နောက်ကွယ်ရှိ ကောင်းကင်ဘုံ ၃၃ထပ် များမှာ အနည်းဆုံး ၂၅ ထပ်အထိ ရှိနေကြပြီး၊ အမြင့်ဆုံးဖြစ်သော ပထမ ရှန်ထိုက်မှာမူ ၂၇ ထပ်အထိပင် ရှိနေပေသည်။
“ဝုန်းးးး”
အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ဝမ်ချောင်သည် နန်းဆောင်အလယ်၌ လျင်မြန်စွာ ပေါ်ထွက်လာခဲ့ပြီး၊ ရှန်ထိုက်သုံးခုနှင့်အတူ နဂါးပြာ၊ ကျားဖြူ၊ မီးလျှံငှက်နှင့် လိပ်နက် ဟူသော စတုရန်းပုံစံ အစီအရင် တည်နေရာများအတိုင်း ရပ်တည်လိုက်ကြပေသည်။ တစ်ချိန်တည်းမှာပင် လေးဦးသား၏ နောက်ကွယ်ရှိ ကောင်းကင်ဘုံ ၃၃ထပ်များကိုလည်း အထွတ်အထိပ်သို့ မြှင့်တင်လိုက်ကြရာ တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောယှက်သွားခဲ့ကြပေတော့သည်။
ခဏချင်းမှာပင် လူလေးဦး၏ အရှိန်အဝါများမှာ အပြန်အလှန် ရောယှက်သွားခဲ့ကြပြီး၊ ရွှေရောင်တောက်ပလှသော မဟာလော့ ဂန်ချီများမှာ ရေစီးကြောင်းအလား ကောင်းကင်ဘုံ ၃၃ထပ် လေးခုကြားအတွင်း၌ စီးဆင်းနေသည်ကို မြင်တွေ့လိုက်ရပေသည်။
ဤမျှသာမကဘဲ စီးဆင်းနေသည်မှာ မဟာလော့ ဂန်ချီများသာမက ထူးခြားဆန်းကြယ်လှသော အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများလည်း ပါဝင်နေပေသည်။
ကက်စပီယန်ပင်လယ်ခရီးစဉ်အတွင်း၌ ဝမ်ချောင်၏ ကိုယ်ပွား သုံးခုမှာ ထိုက်ချန်း ဆီမှ ဂူဗိမာန် ဂန်ချီနှင့် ဂူဗိမာန် ဗဟိုချက် စည်းမျဉ်းများကို လုယူခဲ့ခြင်း ဖြစ်ပေရာ၊ ယခုအခါတွင်မူ ထူးခြားလှသော အကျိုးသက်ရောက်မှုတစ်ခုအောက်၌ နန်းဆောင်အတွင်းရှိ ဝမ်ချောင်၏မူလကိုယ်ထည်နှင့် အပြန်အလှန် မျှဝေနေကြခြင်း ဖြစ်ပေသည်။
ထိုဂူဗိမာန် ဂန်ချီနှင့် ဂူဗိမာန် ဗဟိုချက် စည်းမျဉ်းများမှာ ကောင်းကင်ဘုံ ၃၃ထပ် ဟူသော တံတားကို အသုံးပြုလျက် ဝမ်ချောင်၏ မူလကိုယ်ထည်ဆီသို့ တရွေ့ရွေ့နှင့် စီးဝင် မျှဝေနေကြပေသည်။
ထိုစွမ်းအားများ၏ အားဖြည့်ပေးမှုကြောင့် ဝမ်ချောင်တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာလည်း ဆက်တိုက်ဆိုသလို ပိုမိုအစွမ်းထက်လာခဲ့ပေတော့သည်။
“ဝုန်းးးး”
ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ မူလကိုယ်ထည် နောက်ကွယ်ရှိ ကောင်းကင်ဘုံ ၃၃ထပ်မှာ တုန်ခါသွားခဲ့ရပေသည်။ မူလက ၂၅ ထပ်သာရှိသော ကောင်းကင်ဘုံ ၃၃ထပ် မှာ ရွှေရောင် အလင်းတန်းများ များစွာ တောက်ပလာခဲ့ကာ၊ ၂၅ ထပ်၏ အပေါ်ဘက်၌ နောက်ထပ် ခန့်ညားလှသော ကျောက်စိမ်းနန်းဆောင် တစ်ထပ်မှာ အတင်းအကျပ် ထပ်မံ ဖြစ်ပေါ်လာခဲ့ပေတော့သည်။
၂၆ ထပ်
တိုတောင်းလှသော အချိန်လေးအတွင်းမှာပင် ဝမ်ချောင်မူလကိုယ်ထည်၏ ကောင်းကင်ဘုံ ၃၃ထပ်မှာ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တစ်ဖန် ပြန်လည်တက်လှမ်းနိုင်ခဲ့ကာ ၂၆ထပ် အဆင့်သို့ ရောက်ရှိသွားခဲ့ပေသည်။ ထို့ပြင် ဤအရှိန်အဝါများမှာ ဆက်လက်၍ မြင့်တက်နေဆဲ ဖြစ်ကာ၊ ခေတ္တအကြာတွင်မူ
ဝမ်ချောင်နောက်ကွယ်ရှိ ကောင်းကင်ဘုံ ၃၃ထပ် မှာ နောက်တစ်ကြိမ် တုန်ခါသွားခဲ့ပြန်ကာ နောက်ထပ် တစ်ထပ် ထပ်မံမြင့်တက်သွားခဲ့ပြီးနောက် ၂၇ထပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပေတော့သည်။
ဝမ်ချောင် ရရှိလိုက်သော အကျိုးကျေးဇူးများမှာ တစ်နှစ်ကျော်ကြာ ကျင့်ကြံအားထုတ်မှုနှင့် ညီမျှနေပေသည်။
ဤမျှသာမကဘဲ ဝမ်ချောင်အနေဖြင့် အကျိုးကျေးဇူးများ ရရှိနေသည့် တစ်ချိန်တည်းမှာပင်၊ သူ၏ ကိုယ်အတွင်းရှိ ထူထဲလှသော ဂန်ချီများမှာလည်း ကျန်ရှိသော ရှန်ထိုက်သုံးခု၏ ကိုယ်အတွင်းသို့ တစ်ပြိုင်တည်း စီးဝင်သွားခဲ့ကြပေသည်။
ကက်စပီယန်ပင်လယ်ခရီးစဉ်အတွင်း၌ ရှန်ထိုက်သုံးခုလုံးမှာ အနည်းနှင့်အများ ဒဏ်ရာအသီးသီး ရရှိခဲ့ကြသော်လည်း ဝမ်ချောင်၏ မူလကိုယ်ထည်မှာမူ ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ပြည့်စုံနေသည်ဖြစ်ရာ၊ မူလကိုယ်ထည်၏ ပြည့်ဝလှသော ဂန်ချီများ၏ အကျိုးသက်ရောက်မှုကြောင့် ရှန်ထိုက်သုံးခု၏ ကိုယ်အတွင်းရှိ ဒဏ်ရာများမှာလည်း အဆက်မပြတ် ပြန်လည် ကုသပျောက်ကင်းနေခဲ့ပေသည်။
အချိန်အတော်ကြာအောင် ကုန်လွန်သွားခဲ့ပြီးနောက်တွင်မူ……
“ဝုန်းးးး”
နန်းဆောင်အတွင်းရှိ ခန့်ညားလှသော ကောင်းကင်ဘုံ ၃၃ထပ် လေးခုလုံးမှာ တစ်ပြိုင်တည်း ပျောက်ကွယ်သွားခဲ့ကြပြီး၊ ကောင်းကင်ပြည့်နှက်နေသော တောက်ပလှသည့် အလင်းတန်းများမှာလည်း ရေလှိုင်းများအလား ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ပေတော့သည်။
ဝမ်ချောင်နှင့် ရှေးဦးရှန်ထိုက်သုံးခုမှာ ကျင့်စဉ်ကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ကြပြီး ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ကြပေသည်။
“သွားကြတော့”
ဝမ်ချောင်က သူ၏အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းကာ လက်ကာပြလိုက်ရာ၊ ရှန်ထိုက်သုံးခုလုံးမှာ နားလည်သဘောပေါက်သွားခဲ့ကြပြီး မြေပြင်ပေါ်၌ လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ အရင်ကအတိုင်းပင် ရှန်ထိုက် သုံးခုလုံးမှာ မြေအောက်သို့ လျင်မြန်စွာ လျှိုးဝင်သွားခဲ့ကြရင်း ကျင့်စဉ်များကို ဆက်လက် လေ့ကျင့်ရန်အတွက် ထွက်ခွာသွားခဲ့ကြပေတော့သည်။
သိမ်မွေ့နက်နဲသော အဆင့်မှ ဂူဗိမာန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှပေ။ မွေးရာပါ ပါရမီနှင့် ကံတရားနှစ်ခုလုံး လိုအပ်ပေသည်။
ဝမ်ချောင်သည် ထိုက်ချန်း၏ ဂူဗိမာန် စည်းမျဉ်းများကို ရရှိလိုက်ပြီဖြစ်ရာ၊ ၎င်းမှာ အဆင့်တက်လှမ်းရန်အတွက် ဝင်ခွင့်လက်မှတ် တစ်စောင်ကို ရရှိလိုက်ခြင်းပင် ဖြစ်ပေသည်။
“ဂူဗိမာန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ဆိုတာ သာမန်ကိစ္စ မဟုတ်ဘူး၊ ပထမဦးဆုံးတော့ ငါ့ရဲ့မူလကိုယ်ထည်နဲ့ ကိုယ်ပွား သုံးခုလုံးကို ဂူဗိမာန်နတ်ဘုရားအဆင့် တစ်ဝက်အထိ အရင် မြှင့်တင်ရမယ်။ အဲဒီနောက်မှ ရှန်ထိုက် သုံးခုလုံးရဲ့ အစွမ်းတွေကို စုစည်းပြီး တစ်ချက်တည်းနဲ့ တိုက်ရိုက် ထိုးဖောက်ကာ အစစ်အမှန် ဂူဗိမာန်နတ်ဘုရားအဆင့်ကို တက်လှမ်းမယ်ဆိုရင်တော့ သေချာပေါက် အောင်မြင်ဖို့ အခွင့်အလမ်းက အများကြီး ပိုများသွားမှာပဲ”
ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပေသည်။
အရာရာကို သေသေချာချာ စဉ်းစားတွက်ချက်ပြီးမှသာ လှုပ်ရှားရမည်။ ဝမ်ချောင်သည်လည်း ဂူဗိမာန်နတ်ဘုရားအဆင့်သို့ တက်လှမ်းလိုစိတ် ပြင်းပြနေသော်လည်း ယခုအချိန်မှာမူ အလျင်စလို ဖြစ်လွန်းနေသေးသဖြင့် အဆင့်တက်လှမ်းရန်အတွက် အကောင်းဆုံးသော အချိန်မဟုတ်သေးပေ။
“ဝင်လာခဲ့ပါ”
ဤအတွေးများမှာ သူ၏ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်သည် ချက်ချင်းပင် ကိုယ်ကို လှည့်လျက် နန်းဆောင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပေသည်။ ဝမ်ချောင်၏အာရုံခံစားမှုအရဆိုပါက ပုံရိပ်တစ်ခုမှာ ထိုနေရာ၌ အချိန်အတော်ကြာအောင် ရပ်နေခဲ့ပြီး ဖြစ်ပေသည်။
“ကျီ”
တံခါးကြီး ပွင့်သွားခဲ့ကာ ကျန်းချွယ်သည် သတင်းမှတ်တမ်း တစ်စုကို ကိုင်ဆောင်လျက် ကိုယ်ကို ကိုင်းညွှတ်ကာ အလေးပြုပြီးနောက် လျင်မြန်စွာ ဝင်ရောက်လာခဲ့ပေသည်။
“အရှင်”
“ဘာကိစ္စ ရှိလို့လဲ”
ဝမ်ချောင်သည် အင်္ကျီလက်စကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလျက် မေးမြန်းလိုက်ပေသည်။
“အရှင် လီလင်ဖူနဲ့ ပတ်သက်တဲ့ သတင်းတချို့ ရှိနေလို့ပါ”
ကျန်းချွယ်က ဟိန်းထွက်နေသော အသံဖြင့် ဆိုလိုက်၏။
“အို”
ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်သွားခဲ့ကာ သူ၏အမူအရာမှာလည်း အနည်းငယ်မျှ လှုပ်ခတ်သွားခဲ့ရပေသည်။
အရင်တစ်ခေါက်တုန်းက သိန်းငှက်အိုကြီးသည် ဝမ်ချောင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သဖြင့် လီလင်ဖူကို ရည်ရွယ်ကာ တိတ်တဆိတ် လှည့်ကွက်အချို့ကို လုပ်ဆောင်ခဲ့ပေသည်။ လီလင်ဖူဆိုသောသူမှာ ကျင့်စဉ်အစွမ်း များစွာမမြင့်မားသော်လည်း နိုင်ငံရေး လှည့်ကွက်များမှာမူ များစွာပြင်းထန်လှပေသည်။ ဝမ်ချောင်သည် အကြိမ်ကြိမ် စဉ်းစားကြည့်သော်လည်း စိတ်မချနိုင်ဖြစ်နေသဖြင့်၊ လီလင်ဖူကို စောင့်ကြည့်ရန် တာဝန်ကို ကျန်းချွယ်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကာ၊ လီလင်ဖူဘက်မှ မည်သည့် လှုပ်ရှားမှုမဆို ရှိလာခဲ့လျှင် မိမိအား အချိန်မီ ပြန်လည်အစီရင်ခံရန် ကျန်းချွယ် ကို မိန့်ကြားထားခဲ့ခြင်း ဖြစ်ပေသည်။
“ပြောစမ်း လီလင်ဖူဘက်က နောက်ထပ် ဘာတွေ လှုပ်ရှားနေပြန်ပြီလဲ”
ဝမ်ချောင်က မေးမြန်းလိုက်ပေသည်။
လီလင်ဖူဆိုသော သူမှာ စိတ်အတွင်း၌ အကြံအစည်များစွာ ရှိနေသော်လည်း၊ သူ၏ဂုဏ်သတင်းကိုမူ အလွန်အမင်း အလေးထားသူတစ်ဦး ဖြစ်ပေသည်။ ဤသည်မှာလည်း သူ ဘာကြောင့် နှုတ်ချိုသော်လည်း စိတ်အတွင်း၌မူ ရက်စက်လှသော အကြံအစည်များ ရှိနေရသည့် အကြောင်းရင်းပင် ဖြစ်၏။
လီလင်ဖူသည် လူတစ်ဦးအား အရိုးထဲအထိ နာကျည်းနေသည့်တိုင်အောင်၊ သူ၏ တည်ငြိမ်ခန့်ညားမှုကိုမူ အမြဲတမ်း ထိန်းသိမ်းထားလေ့ရှိကာ၊ မျက်နှာပေါ်၌ ပြုံးယောင်သန်းလျက် မည်သည့်ဆဲဆိုကြိမ်းမောင်းသံမျှ ထွက်ပေါ်စေလိမ့်မည် မဟုတ်ပေ။
ဤသည်မှာ ရန်သူ၏ သတိထားမှုကို လျော့နည်းစေရန်သက်သက်သာ မဟုတ်ဘဲ၊ လီလင်ဖူသည် သူ၏ ဂုဏ်သိက္ခာကို အလွန်အမင်း တန်ဖိုးထားသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့်ပင် လီလင်ဖူအား ကျော်ကြားလှသော အမတ်ချုပ်ဟူ၍ အခေါ်ခံရခြင်း ဖြစ်၏။
ယခုအခါ၊ မိမိက သိန်းငှက်အိုကြီးအား ကောလာဟလများ လွှင့်ခိုင်းလျက် သူ၏အတိတ်က ဖြစ်ရပ်ဟောင်းများကို ဖော်ထုတ်စေခဲ့ပြီဖြစ်ရာ လီလင်ဖူကဲ့သို့သောသူမျိုးမှာမူ အဘယ်သို့ လွယ်လွယ်နှင့် လက်လျှော့ပါမည်နည်း။
သို့သော်လည်း ကျန်းချွယ်၏အဖြေမှာမူ ဝမ်ချောင်အား များစွာအံ့အားသင့်သွားစေခဲ့ပေသည်။
“အရှင် ဘာမှ မရှိပါဘူး၊ ဒီအတောအတွင်းမှာ အစိုးရအဖွဲ့နဲ့ လူထုအတွင်းမှာ သူ့အပေါ် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဝေဖန်မှုတွေ အများကြီး ရှိနေသလို၊ အမတ်တွေ အားလုံးကလည်း သူ့ကို ဝိုင်းပြီးတော့ ရှောင်ကျဉ်နေကြပေမဲ့ လီလင်ဖူဟာ ဒီအတောအတွင်းမှာ ထူးထူးခြားခြားကို တိတ်ဆိတ်နေပါတယ်။ နန်းတွင်းညီလာခံတွေမှာတောင်မှ၊ အရှင်မင်းမြတ်က သူ့ကို မနှစ်သက်တာကို သိရှိဟန်တူပြီးတော့ လက်ဦးမှုယူပြီး ငြင်းပယ်ကာ ညီလာခံတက်ခြင်း မပြုခဲ့ပါဘူး”
“ကျွန်တော်တို့ သေချာစောင့်ကြည့်နေတာ အချိန်အတော်ကြာပါပြီ၊ လီလင်ဖူရဲ့ စံအိမ်တံခါးကြီးက အမြဲတမ်း ပိတ်ထားပြီးတော့ အဝင်အထွက်ရှိတဲ့ အစေခံတချို့ကလွဲရင် ကျန်တဲ့ လှုပ်ရှားမှုမျိုး လုံးဝမရှိသလောက်ပါပဲ။ လီလင်ဖူဟာ သူကိုယ်တိုင်လည်း အာဏာစက်တွေ ဆုံးရှုံးသွားပြီဆိုတာကို သိရှိသွားပုံရပါတယ်၊ သူ့ကိုယ်သူ ဘေးကင်းအောင် နေထိုင်ဖို့အတွက် အရှင့်ကို လက်ဦးမှုယူ ရှောင်ဖယ်နေတာ ဖြစ်ရပါမယ်”
ကျန်းချွယ်က ကိုယ်ကို ကိုင်းညွှတ်လျက် ဆိုလိုက်ပေသည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ ထက်မြက်လှသော မျက်ခုံးအစုံမှာမူ ချက်ချင်းပင် တင်းတင်းကြုတ်သွားခဲ့ရပေသည်။
“အရှင် ဘာဖြစ်လို့လဲ”
ကျန်းချွယ်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲမှ တင်းကျပ်သွားခဲ့ကာ များစွာအံ့အားသင့်သွားရပေသည်။
ဝမ်ချောင်၏ တုံ့ပြန်မှုမှာ သူ ထင်မှတ်ထားသည်နှင့် လုံးဝကွဲပြားခြားနားနေပေသည်။ မိမိတို့၏ အရှင်မှာ ဧကရာဇ်၏မိတ်ဆွေဖြစ်သလို၊ ဧကရာဇ်ဟောင်း၏ အလေးထားခြင်းကိုလည်း ခံခဲ့ရသူဖြစ်သည်။ ထို့ပြင် ယခုလက်ရှိ ဧကရာဇ်အသစ်နှင့်လည်း ရင်းနှီးလှသော မိတ်ဆွေကောင်းများဖြစ်ကြကာ၊ ထီးနန်းတက်လှမ်းရေး၌လည်း များစွာသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးခဲ့သူ ဖြစ်ရာ လီလင်ဖူအနေဖြင့် မိမိ၏အာဏာစက်များ ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိရှိကာ၊ မိမိမှာ ဝမ်ချောင်၏ပြိုင်ဘက်မဟုတ်ကြောင်း ဝန်ခံလိုက်ခြင်းမှာလည်း များစွာသဘာဝကျလှပေသည်။
အဆုံးစွန်ထိပြောရလျှင် ယခုအခါတွင်မူ မင်းဆက် အပြောင်းအလဲ ဖြစ်ပေါ်သွားခဲ့ပြီဖြစ်ကာ အရင်မင်းဆက် မဟုတ်တော့ပေ။
ထို့ပြင် အကယ်၍ မိမိတို့၏အရှင်သာ အလိုရှိမည်ဆိုပါက လီလင်ဖူထိုင်နေသော ထိုအမတ်ချုပ် ရာထူးမှာလည်း လက်တစ်ကမ်းအတွင်း၌သာ ရှိနေပေရာ မည်သည့် အရပ်မျက်နှာမှ ကြည့်သည်ဖြစ်စေ လီလင်ဖူသည် အရှင်ကို ယှဉ်ပြိုင်နိုင်စရာ လမ်းစ လုံးဝမရှိပေ။
သေချာပေါက်ပင် အရှင်၏ တုံ့ပြန်မှုကို ကြည့်မည်ဆိုပါကမူ ဝမ်းမြောက်နေသောပုံစံမျိုး လုံးဝရှိမနေပေ။
“ပြဿနာရှိတယ်”
ဝမ်ချောင်က မျက်မှောင်ကို ကြုတ်လျက် စကားသုံးလုံးသာ ဆိုလိုက်ပေသည်။ မည်သည့် အချိန်နှင့် ဟင်းလင်းပြင်၌ ဖြစ်စေ၊ အတိတ်ဘဝ၌ဖြစ်စေ သို့မဟုတ် ယခုဘဝ၌ဖြစ်စေ၊ လီလင်ဖူဆိုသော သူမှာ အလွန်ပင် ထက်မြက်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ သူ၏အာဏာအပေါ် တောင့်တမှုများမှာ အရိုးထဲအထိ စိမ့်ဝင်နေခဲ့ပြီဖြစ်ရာ မည်သူမဆို သူ၏အာဏာများကို လုယူမည်ဆိုပါက ၎င်းမှာ သူ့အား သတ်ဖြတ်လိုက်ခြင်းနှင့် မခြားနားပေ။
အကယ်၍ သူ အမတ်ချုပ်ရာထူးကို ကာကွယ်ရန်အတွက်သာ မဟုတ်ပါက၊ လီလင်ဖူအနေဖြင့် ဤမျှများပြားလှသော ကိစ္စရပ်များကို လုပ်ဆောင်နေလိမ့်မည် မဟုတ်ပေ။
သူ၏ အတိတ်က နှုတ်ချိုသော်လည်း စိတ်အတွင်း၌မူ ရက်စက်လှသော အကြံအစည်များဖြစ်စေ၊ နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော စစ်ဘုရင်ဖြစ်ရပ်များဖြစ်စေ၊ သို့မဟုတ် သူနှင့် ဝမ်မိသားစုကြားရှိ ရန်ငြိုးများဖြစ်စေ…… လီလင်ဖူလုပ်ဆောင်ခဲ့သမျှ အရာအားလုံးမှာ၊ သူ၏အမတ်ချုပ်ရာထူးကို ခိုင်မြဲစေရန်အတွက်သာ ဖြစ်ပေသည်။
ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခ ခံခဲ့ရသော ဘေးထွက်မျိုးနွယ်မှ တော်ဝင်မျိုးနွယ်ဝင် တစ်ဦးအနေဖြင့် ခက်ခက်ခဲခဲ ရရှိထားသော အာဏာစက်များကိုမူ အဘယ်သို့ လွယ်လွယ်နှင့် လွှတ်ပေးပါမည်နည်း။
ယခုအခါ လီလင်ဖူသည် ထိခိုက်မှုများ ကြုံတွေ့ရပြီးနောက်တွင်၊ ပြန်လည် တိုက်ခိုက်ခြင်း မရှိသည့်အပြင် ဤမျှအထိ တိတ်ဆိတ်နေခြင်းမှာမူ၊ သူ၏လုပ်ဟန်မျိုး လုံးဝမဟုတ်ပေ။
ဝမ်ချောင်၏ ခံစားချက်အရ၊ ဤအရာအားလုံးမှာ များစွာ ပြဿနာ ရှိနေပေတော့သည်။
******