အခန်း (၂၀၉၀-၂၀၉၂)
Vol. 129 Ch. 2090-2092
အခန်း (၂၀၉၀) ဝမ်ချောင်၏ ရွှီချီချင်အပေါ် ကာကွယ်စောင့်ရှောက်မှု
“လူအင်အား ထပ်တိုးလိုက်ပါ၊ ၁၂ ရှီချန်ပတ်လုံး နေ့ရောညပါ လီလင်ဖူကို စောင့်ကြည့်ကြစမ်း၊ သူ့ရဲ့လှုပ်ရှားမှု မှန်သမျှကို ငါ သိချင်တယ်”
ဝမ်ချောင်၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ ရုတ်တရက် အမိန့်ပေးလိုက်ပေသည်။
“ဒါက…… ဟုတ်ကဲ့ပါ”
ကျန်းချွယ်၏ စိတ်ထဲ၌ တုန်လှုပ်သွားရသော်လည်း၊ သူသည် အလျင်အမြန်ပင် ခေါင်းငုံ့လျက် တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်လည် ထူးလိုက်သည်။
အဖြစ်အပျက်အလုံးစုံ၏ တိုးတက်ပြောင်းလဲမှုမှာ ကျန်းချွယ် အစပိုင်း၌ ခန့်မှန်းထားသည်နှင့် များစွာကွဲပြားခြားနားနေသော်လည်း၊ ဝမ်ချောင်၏ဆုံးဖြတ်ချက်အပေါ်တွင်မူ ကျန်းချွယ်သည် ဘယ်သောအခါမှ သံသယမရှိခဲ့ပေ။
ကျန်းချွယ် သည် အလျင်အမြန်ပင် ထွက်ခွာသွားခဲ့ပေတော့သည်။
ကျန်းချွယ်ဆီမှ သတင်းများမှာ များစွာမြန်ဆန်စွာ ရောက်ရှိလာခဲ့ပေသည်။ တစ်ရက်တာမျှ အချိန်အတွင်းမှာပင် လီလင်ဖူနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ ဝမ်ချောင်၏လက်ဝယ်သို့ ရောက်ရှိလာခဲ့ပေပြီ။
“ဘာလဲ။ လီလင်ဖူက နန်းတွင်းမှတ်တမ်းတွေကို တောင်းကြည့်တယ် ဟုတ်လား၊ အဲဒီထဲမှာမှ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အချက်အလက်တွေကိုပဲ ရှာနေတာလား”
လက်ထဲရှိ သတင်းမှတ်တမ်းကို ကြည့်လျက် ဝမ်ချောင်သည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိပေသည်။
အရေးကြီးမှု အနိမ့်အမြင့်အရဆိုပါက လီလင်ဖူ၏ကိစ္စမှာ ဒုတိယတန်းစားမျှသာ ဖြစ်ပေသည်။ ဝမ်ချောင်အနေဖြင့် ကျန်းချွယ်အား သူ့ကို စောင့်ကြည့်ခိုင်းရခြင်းမှာ ဤကဲ့သို့သော အချိန်မျိုး၌ သူ တစ်စုံတစ်ရာ ပြဿနာ မရှာနိုင်စေရန်အတွက်သာ ဖြစ်ပေသည်။ အဆုံးစွန်ထိ ပြောရလျှင် ယိုးကျိုးစစ်ပွဲကြီးမှာ အချိန်မရွေး ပေါက်ကွဲနိုင်သော အခြေအနေ၌ ရှိနေသောကြောင့် ဖြစ်၏။
သို့သော်လည်း ဝမ်ချောင်ပင်လျှင် ထင်မှတ်မထားခဲ့သည်မှာ လီလင်ဖူဘက်မှ အမှန်တကယ်ပင် တစ်စုံတစ်ရာကို လုပ်ဆောင်နေခြင်းပင် ဖြစ်ပေသည်။
နန်းတွင်းမှတ်တမ်းများအတွင်း၌မူ တော်ဝင်မိသားစုနှင့်ဆွေမျိုးနွယ်ဝင်များ၏ ကိစ္စရပ်များကိုသာ မှတ်တမ်းတင်ထားခြင်းဖြစ်ရာ အပြင်ဘက်မှ အမတ်များအနေဖြင့် ထိတွေ့နိုင်ရန် ခက်ခဲလှပေသည်။ သို့သော်လည်း လီလင်ဖူ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအရဆိုလျှင်မူ ၎င်းတို့ကို တောင်းယူဖတ်ရှုရန် အပြည့်အဝ အခွင့်အရေး ရှိနေပေသည်။
ဝမ်ချောင်အား သံသယဖြစ်စေသည့်အချက်မှာ လီလင်ဖူအနေဖြင့် ၎င်းတို့ကို ရှာဖွေဖတ်ရှုနေခြင်းမှာ အမှန်တကယ်တော့ အဘယ်ကြောင့်နည်း ဟူသည်ပင် ဖြစ်၏။
“ကျွန်တော်မျိုးတို့ စုံစမ်းကြည့်ပြီးပါပြီ၊ လီလင်ဖူ တောင်းယူထားတဲ့ စာအုပ်တွေရဲ့ ခုနစ်ပုံခန့်ဟာ လွန်ခဲ့တဲ့ နှစ်တွေက ‘ရှန်လုံ ပုန်ကန်မှု’နဲ့ ပတ်သက်နေပါတယ်၊ တခြားစာအုပ်တွေကိုလည်း သူ တောင်းကြည့်နေပေမဲ့ အဲဒါတွေက လူအများရဲ့ မျက်စိကို လွှဲဖို့အတွက် ဟန်ပြလုပ်နေတာနဲ့ ပိုတူပါတယ်၊ ဒါကတော့ ကျွန်တော်မျိုးတို့ ရှာတွေ့ထားတဲ့ စာအုပ်စာရင်းတွေပါ”
ကျန်းချွယ်က စကားဆိုလိုက်ရင်း နောက်ထပ် သတင်းမှတ်တမ်းတစ်ခုကို ကမ်းပေးလိုက်ပေသည်။
လီလင်ဖူ တိတ်တဆိတ် လုပ်ဆောင်နေသော ကိစ္စများကို အကယ်၍သာ အာရုံမစိုက်ခဲ့ပါက ထားလိုက်ပါဦး။ သို့သော်လည်း ယခုလက်ရှိ ဝမ်ချောင်၏ အင်အားနှင့် အစွမ်းအရဆိုလျှင် မြို့တော် နယ်ပယ်အတွင်း၌ လူတစ်ဦးအား တမင်တကာ စုံစမ်းစစ်ဆေးမည်ဆိုပါက တစ်ဖက်လူက မည်မျှပင် လျှို့ဝှက်စွာ လုပ်ဆောင်ပါစေ သူသည် အရာရာကို အသေးစိတ် သိရှိနိုင်မည် ဖြစ်ပေသည်။
ဝမ်ချောင်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သတင်းမှတ်တမ်းကို ယူဆောင်ကာ လျင်မြန်စွာ ဖတ်ရှုလိုက်ပေသည်။
သူ၏မျက်မှောင်များမှာ ပို၍တင်းကျပ်လာခဲ့ပေသည်။ ယခုကဲ့သို့သော ကိစ္စမျိုးကို ဝမ်ချောင်အရင်တုန်းကလည်း လုပ်ဆောင်ခဲ့ဖူးသော်လည်း ထိုစဉ်က သူသည် သူတော်စင် ဧကရာဇ်အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါတွင်မူ သူတော်စင်ဧကရာဇ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သလို ဧကရာဇ်အသစ်လည်း နန်းတက်ပြီးဖြစ်ရာ၊ သီအိုရီအရဆိုလျှင် လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က ရှန်လုံ ပုန်ကန်မှုသည် ယနေ့ခေတ်အတွက် မည်သည့် သက်ရောက်မှုမျှ မရှိနိုင်တော့ပေ။
“ဒီမြေခွေးအိုကြီးက အမှန်တကယ် ဘာလုပ်ချင်နေတာလဲ”
ဝမ်ချောင်၏စိတ်ထဲ၌ အဖြေရှာမရဘဲ ရှိနေပေသည်။ လီလင်ဖူသည် အကြောင်းမဲ့ တစ်စုံတစ်ရာကို လုပ်ဆောင်မည့်သူ မဟုတ်ကြောင်း ဝမ်ချောင်ယုံကြည်ထားပေသည်။ သူ ဤသို့ လုပ်ဆောင်နေခြင်းမှာ သေချာပေါက် တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိနေရပေမည်။
“ဒီကိစ္စကို လီလင်ဖူဘက်က သိရှိသွားတာမျိုး ရှိလား”
ဝမ်ချောင်က မေးမြန်းလိုက်ပေသည်။
“မရှိပါဘူး၊ ဒီကိစ္စကို ကျွန်တော်မျိုးတို့က ပျန့်အမတ်မင်းကို အကူအညီတောင်းပြီး စုံစမ်းခိုင်းတာပါ၊ နန်းတွင်းမှတ်တမ်းတွေကို စောင့်ကြပ်နေတဲ့ သူတွေကလည်း စကားဖောက်မှာ မဟုတ်ပါဘူး”
ကျန်းချွယ်က ပြန်လည် ဖြေကြားလိုက်ပေသည်။
လီလင်ဖူမှာ စာပေအရာရှိတစ်ဦးသာ ဖြစ်သည့်အပြင်၊ နန်းတော်အတွင်း၌ ပျန့်လင်းချန်တို့ကဲ့သို့သော သူများ၏ အကူအညီ ရှိနေသဖြင့်၊ လီလင်ဖူအား မသိမသာ စုံစမ်းစစ်ဆေးရန်မှာ များစွာလွယ်ကူလှပေသည်။
“ဒါဆိုရင်တော့ ဧကရာဇ်မင်းမြတ်လည်း သိသွားပြီပေါ့”
ဝမ်ချောင်သည် အတွေးနက်နေပေသည်။
“ကျွန်တော်မျိုးလည်း မသေချာပါဘူး၊ ဒါပေမဲ့ အမှားအယွင်း မရှိဘူးဆိုရင်တော့ ဧကရာဇ်မင်းမြတ်လည်း သိရှိသွားလောက်ပါပြီ”
ကျန်းချွယ်က ကိုယ်ကို ကိုင်းညွှတ်လျက် ဆိုလိုက်ပေသည်။
နန်းတော်အတွင်း၌ ပျန့်လင်းချန်သာ သိရှိသွားလျှင် လီဟန် သိရှိသွားရန်မှာလည်း မလွဲဧကန်ပင် ဖြစ်ပေသည်။
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်ကာ ထပ်မံ၍ စကားမဆိုတော့ပေ။
လီလင်ဖူ၏ ယခုကဲ့သို့သော လှုပ်ရှားမှုများကို လီဟန်အနေဖြင့် သိရှိထားခြင်းမှာလည်း ကောင်းမွန်လှပေသည်။ လီလင်ဖူသည် မိမိကိုယ်ကျိုးကိုသာ အလွန်အမင်း ကြည့်တတ်သလို အာဏာအပေါ်တွင်လည်း အလွန်အမင်း တောင့်တသူ ဖြစ်ပေသည်။ လီဟန် နန်းတက်လာကာ ခေတ်သစ်တစ်ခု ရောက်ရှိလာချိန်၌ ဤကြီးမားလှသော ပြုပြင်ပြောင်းလဲမှုများကြားတွင် အစိုးရအဖွဲ့အတွင်း၌ သူ့အတွက် နေရာတစ်နေရာ ရှိနေတော့မည် မဟုတ်ကြောင်းမှာ သတ်မှတ်ပြီးသား ဖြစ်ပေသည်။
“ဆက်ပြီး စုံစမ်းစမ်း လီလင်ဖူဘေးနားက အရင်းနှီးဆုံး လူတွေကို စည်းရုံးနိုင်မယ့် နည်းလမ်းရှာပါ၊ သူ ဒီနန်းတွင်းမှတ်တမ်းတွေကို ဘာကြောင့် ဒီလောက်အထိ ရှာဖွေနေရတာလဲဆိုတာ ငါ သိချင်တယ်”
ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ကာ လက်ချောင်းများဖြင့် စားပွဲတင်ခုံကို တိတ်တဆိတ် တောက်လိုက်ရင်း ဆင်ခြင်သုံးသပ်နေပေသည်။
လောကကြီးတွင် လုံခြုံလှသော တံတိုင်းဟူ၍ မရှိပေ။ အကယ်၍ အရင်တုန်းကဆိုပါက ဝမ်ချောင်အနေဖြင့် လီလင်ဖူ၏ စံအိမ်အတွင်းမှ ဟာကွက်တစ်ခု ရှာဖွေရန်မှာ လုံးဝမလွယ်ကူနိုင်သော်လည်း၊ ယခုအခါ လီလင်ဖူသည် အာဏာစက်များ ဆုံးရှုံးနေချိန်ဖြစ်ရာ အရာရာတိုင်းမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။
နာရီအနည်းငယ်ခန့် ကြာပြီးနောက်တွင်မူ ဝမ်ချောင်သည် သူ အလိုရှိသော အဖြေကို ရရှိခဲ့ပေတော့သည်။
“နန်းချခံရတဲ့ အိမ်ရှေ့မင်းသား…… လီရွှမ်တု…… လီလင်ဖူက လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က အိမ်ရှေ့မင်းသားဟောင်းကို ရှာနေတာလား”
ကျန်းချွယ်ဘက်မှ ပေးပို့လာသောသတင်းကို ကြည့်လျက် ဝမ်ချောင်သည် မှင်တက်သွားခဲ့ရကာ ချက်ချင်းပင် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိပေသည်။
ဤရလဒ်မှာ ဝမ်ချောင်၏ ခန့်မှန်းချက်များကို များစွာကျော်လွန်နေကြောင်း ဝန်ခံရပေလိမ့်မည်။
ထိုစဉ်က ရှန်လုံ ပုန်ကန်မှုအတွင်း၌ နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တုမှာ အဓိကကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သော်လည်း၊ အမှားအယွင်း မရှိပါက ထိုသူမှာ အနှစ်သုံးဆယ်ကျော်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။ လီလင်ဖူအနေဖြင့် ယခုကဲ့သို့သော အချိန်မျိုး၌ သေဆုံးပြီးသား လူတစ်ယောက်ကို ဘာကြောင့် ရှာဖွေနေရပါသနည်း။
ဝမ်ချောင်၏ ထက်မြက်လှသော မျက်ခုံးအစုံမှာ အလွန်အမင်း တင်းကျပ်နေခဲ့ကာ၊ သူ၏လက်ညှိုးကို စားပွဲပေါ်၌ စနစ်တကျ တောက်လိုက်ရင်း ထွက်ပေါ်လာသော အသံများနှင့်အတူ သူသည် နက်နဲလှသော အတွေးကမ္ဘာအတွင်းသို့ နစ်မြုပ်နေပေသည်။
အဖြေကို သိရှိလိုက်ရခြင်းမှာမူ ဘာမျှမသိရှိရသေးခင်ကထက်ပင် ပို၍သံသယများကို ဖြစ်ပေါ်စေနေပေသည်။
ထို့ပြင် လီရွှမ်တုနှင့်လီလင်ဖူတို့၏ ယခုလက်ရှိ အခြေအနေကြား၌ အမှန်တကယ် ဘာများ ပတ်သက်မှု ရှိနေပါသနည်း။
သို့မဟုတ် ထိုစဉ်က နန်းချခံရသော အိမ်ရှေ့မင်းသားမှာ တစ်စုံတစ်ရာသော သွေးချင်းသားချင်းများကို ကျန်ရစ်စေခဲ့သဖြင့်၊ လီလင်ဖူအနေဖြင့် ၎င်းအပေါ်၌ တစ်စုံတစ်ရာသော လှည့်ကွက်များကို အသုံးပြုလိုနေခြင်းလား။
သို့သော်လည်း ဝမ်ချောင်သည် ခေါင်းကို ခါယမ်းပြလိုက်ကာ ချက်ချင်းပင် ထိုအချက်ကို ပယ်ချလိုက်ပေသည်။
ဤအကြောင်းပြချက်ကိုမူ သူကိုယ်တိုင်ပင် ယုံကြည်ခြင်း မရှိပေ။
သူသည် အရင်က ရှန်လုံ ပုန်ကန်မှုအပေါ်၌ များစွာသော စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ခဲ့သော်လည်း၊ လီရွှမ်တု၌ မည်သည့် သားသမီးမျှ ကျန်ရစ်ခဲ့ခြင်း မရှိကြောင်းကိုမူ သူ သိရှိထားပေသည်။ ထို့ပြင် ယခုအခါတွင်မူ အခြေအနေအားလုံးမှာ တည်ငြိမ်နေပြီဖြစ်ရာ အကယ်၍ သားသမီးများ ကျန်ရစ်ခဲ့သည်ဆိုလျှင်ပင် မည်သည့် လှိုင်းတံပိုးမျှ ထမလာနိုင်တော့ပေ။
လီလင်ဖူ၏ ဉာဏ်ပညာနှင့်ဆိုပါက ဤအချက်ကို သူ နားမလည်ဘဲ မနေပေ။
သို့ဆိုလျှင်…… သူ အမှန်တကယ် ဘာတွေ လုပ်ဆောင်နေပါသနည်း။
“လူအင်အား ထပ်တိုးလိုက်ပါ၊ ဆက်ပြီးတော့ စုံစမ်း”
ဝမ်ချောင်က အမိန့်ပေးလိုက်ပေသည်။
“ဟုတ်ကဲ့ပါ”
ကျန်းချွယ်က ခေါင်းညိတ်ပြလိုက်ကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့ပေတော့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ လီလင်ဖူဘက်မှ တစ်စုံတစ်ရာကို ရိပ်မိသွားခြင်းကြောင့်လား၊ သို့မဟုတ် သူသည် မူလကတည်းကပင် ထိုမျှအထိ သတိကြီးစွာ ထားရှိသူဖြစ်သောကြောင့်လား မသိရသော်လည်း၊ ၎င်းနောက်ပိုင်းတွင်မူ မည်သည့် လှုပ်ရှားမှုမျှ ထပ်မံမရှိတော့ဘဲ ငြိမ်သက်သွားခဲ့ပေသည်။ သူသည် နန်းတွင်းညီလာခံများကိုလည်း တက်ရောက်ခြင်း မပြုသလို၊ စံအိမ်မှလည်း လွယ်လွယ်နှင့် ထွက်ခွာခြင်း မရှိတော့ဘဲ အလွန်အမင်းကို တိတ်ဆိတ်စွာ နေထိုင်နေပေတော့သည်။
ယခုကဲ့သို့သော လီလင်ဖူကို ရင်ဆိုင်ရသည့်အခါ၌မူ ဝမ်ချောင်အနေဖြင့် တစ်စုံတစ်ရာကို ရှာဖွေလိုသည့်တိုင်အောင် သူ့အား ဘာမျှမတတ်နိုင်သဖြင့် ခေတ္တမျှသာ ဆိုင်းငံ့ထားလိုက်ရပေတော့သည်။
……
ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ၊ မြို့၏ အနောက်ဘက်၊ ယောင်ယွဲ့စားသောက်ဆိုင် ၏ အပေါ်ဆုံးထပ်၌၊ ရွှေရောင်နှင့် အဖြူရောင် ဝတ်စုံဝတ် ပုံရိပ်နှစ်ခုမှာ မျက်နှာချင်းဆိုင် ထိုင်နေကြပေသည်။ ရွှေရောင်ဝတ်စုံနှင့်ပုဂ္ဂိုလ်မှာမူ ခန့်ညားထည်ဝါကာ မြင့်မြတ်လှပေသည်။ သူ၏ကိုယ်ပေါ်ရှိ ဝတ်ရုံမှာ ထိုလူငယ်လေး၏ မျက်နှာပေါ်မှ ရဲစွမ်းသတ္တိ အရှိန်အဝါများကို ပိုမို ပေါ်လွင်စေနေကာ အဆင့်အတန်း မြင့်မားလှပေသည်။ အဖြူရောင် ဝတ်စုံနှင့် ပုဂ္ဂိုလ်မှာမူ ကိုယ်ဟန်မှာ သွယ်လျလှပကာ၊ အမူအရာမှာလည်း တည်ငြိမ်အေးဆေးလျက် ခန့်ညားလှပေသည်။ ၎င်းမှာ ပန်းချီကားချပ်ထဲမှ နတ်သမီးလေးတစ်ပါးအလား သို့မဟုတ် မိုးစက်မိုးပေါက်များကြားမှ နတ်ဘုရားမလေး တစ်ဦးအလား ရှိနေပေသည်။
ဤသူနှစ်ဦးမှာ အခြားသူများ မဟုတ်ဘဲ ဝမ်ချောင်နှင့် ရွှီချီချင်တို့ပင် ဖြစ်ကြပေတော့သည်
သူတို့ နှစ်ဦးကြား၌မူ စားပွဲလေး တစ်လုံး ခြားထားပေသည်။ စားပွဲပေါ်၌ ဖန်သားပြင်အလား ကြည်လင်လှသော လည်ပိုင်သွယ်သည့် ကျောက်စိမ်း လက်ဖက်ရည်အိုး တစ်လုံး ရှိနေကာ၊ ဘယ်နှင့် ညာ တစ်ဖက်စီတွင်မူ လက်ဖက်ရည်ခွက် သေးသေးလေး တစ်လုံးစီ တင်ထားပေသည်။ လက်ဖက်ရည်ခွက်အတွင်း၌မူ မွှေးပျံ့လှသော လက်ဖက်ရည်များ ပြည့်နှက်နေကာ၊ သင်းပျံ့လှသော ရနံ့များမှာ သဲ့သဲ့လေး အဆက်မပြတ် ထွက်ပေါ်နေပေသည်။
အလှလေးနှင့် လူချော၊ ကျောက်စိမ်းအိုးနှင့် မွှေးပျံ့လှသော လက်ဖက်ရည်ခွက်၊ ထို့ပြင် သင်းပျံ့လှသော လက်ဖက်ရည်နံ့များအပြင်၊ ရှေးမူမပျက်ဘဲ အဆင့်မြင့်လှသော လက်ဖက်ရည်ဆောင်ကြီး၊ ဤအရာအားလုံး ပေါင်းစပ်လိုက်သည့်အခါတွင်မူ ဤသေးငယ်လှသော အပေါ်ဆုံးထပ်လေးကို နတ်ဘုရားတို့ စံမြန်းရာ ကမ္ဘာလေးတစ်ခုအဖြစ် ဖန်တီးပေးနေသကဲ့သို့ ရှိနေပေသည်။
ဤအတောအတွင်း၌ ကိစ္စရပ်များစွာဖြင့် အလုပ်များနေခဲ့သဖြင့် ဝမ်ချောင်သည် စစ်ရေး နိုင်ငံရေး ကိစ္စရပ်များဖြင့် မအားမလပ် ဖြစ်နေခဲ့သလို၊ မိမိ၏ အစွမ်းများကို မြှင့်တင်လျက် ဝတ်စုံမည်းဝတ်လူများကို ကိုင်တွယ်ရန်အတွက်လည်း အချိန်များစွာ ပေးခဲ့ရပေသည်။ ထို့ကြောင့်ပင် ယခုကဲ့သို့သော တိတ်ဆိတ်ငြိမ်သက်လှသည့် ခဏတာမျှ အနားယူချိန်မျိုးကို ရရှိရန်မှာ များစွာ ခဲယဉ်းလှပေသည်။
ထို့ကြောင့်ပင် ရွှီချီချင်၏ ဖိတ်ကြားမှုကို ရရှိလိုက်သည့်အခါ ဝမ်ချောင်သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
ပြန်လည်စဉ်းစားကြည့်မည်ဆိုပါက သူတို့ နှစ်ဦးကြား၌ မတွေ့ဆုံဖြစ်ခဲ့သည်မှာလည်း အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ ဝမ်ချောင်သည် သူ၏အာရုံများကို လွှတ်ချထားလိုက်ကာ၊ လက်ဝါးကို ဆန့်ထုတ်လျက် လက်ဖက်ရည်ခွက်ကို ယူဆောင်ပြီးနောက် သေသေချာချာ မြည်းစမ်းနေပေသည်။
အခြားတစ်ဖက်၌မူ ရွှီချီချင်သည် ဝမ်ချောင်၏ခိုင်မာပြတ်သားလှသော မျက်နှာကို ကြည့်လျက် နှုတ်ခမ်းဖျား၌ အပြုံးလေးတစ်ခုကို ဆင်မြန်းကာ တိတ်တဆိတ် ကြည့်ရှုနေပေသည်။
မှတ်ဉာဏ်ထဲမှ ပုံစံနှင့် နှိုင်းယှဉ်ပါက၊ သူ၏ရှေ့မှအမျိုးသားမှာ ပိုမို၍ ရင့်ကျက်တည်ငြိမ်လာခဲ့ပြီ ဖြစ်ကာ၊ ဗိုလ်ချုပ်ကြီး တစ်ဦး၏ အရှိန်အဝါများလည်း ပိုမိုပေါ်လွင်နေပေသည်။
ဝမ်ချောင်ကိုယ်တိုင်ပင် သတိမပြုမိသည်မှာ ဖြစ်နိုင်ပေသည်။ ယခုလက်ရှိ သူသည် အရင်နှင့် လုံးဝကွဲပြားခြားနားသွားခဲ့ပြီဖြစ်ကာ၊ သူ၏လှုပ်ရှားမှုတိုင်း၌မူ လူတို့၏ စိတ်နှလုံးကို လှုပ်ခတ်သွားစေနိုင်သော ဆွဲဆောင်မှုတစ်ခုမှာ ပုံသဏ္ဌာန်မရှိဘဲ ပြန့်နှံ့နေခြင်းပင် ဖြစ်ပေသည်။
ဝမ်ချောင်အနေဖြင့် ဘာမျှလုပ်ဆောင်ခြင်း မရှိဘဲ၊ ထိုနေရာ၌ ရိုးရိုးရှင်းရှင်း ထိုင်နေသည့်တိုင်အောင်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသော ဆွဲဆောင်မှု တစ်ခု ရှိနေပေသည်။
“ဘာဖြစ်လို့လဲ”
တစ်ဖက်ရှိ ရွှီချီချင်ကို ကြည့်လျက် ဝမ်ချောင်က ပြုံးယောင်သန်းကာ မေးမြန်းလိုက်ပေသည်။
“ဘာမှ မဟုတ်ပါဘူး၊ ဒီက လက်ဖက်ရည်က တော်တော်လေး မွှေးတာပဲ”
ရွှီချီချင်က အနည်းငယ် ပြုံးပြလိုက်ကာ၊ အင်္ကျီလက်စဖြင့် အနည်းငယ် ဖုံးအုပ်လျက် စားပွဲပေါ်ရှိ မွှေးပျံ့လှသော လက်ဖက်ရည်ကို ယူဆောင်ပြီး ဖြည်းညှင်းစွာ မြည်းစမ်းလိုက်ပေသည်။ သူမ၏ အမူအရာမှာ များစွာ ခန့်ညားတည်ငြိမ်လှပေသည်။
“တကယ်ကို မဆိုးပါဘူး၊ မာန်ရှဲ့ကျောက်ရဲ့ အာဟိုင်လက်ဖက်ရည်ကတော့ တကယ်ကို ထူးခြားတဲ့ အချက်တွေ ရှိနေတာပဲ”
ဝမ်ချောင်က တည်ငြိမ်စွာ ဆိုလိုက်ပေသည်။
“ဒါနဲ့၊ ကျောက်မီးသွေးဘက်က ကိစ္စတွေကရော ဘယ်လို အခြေအနေ ရှိနေပြီလဲ”
ဟန်အန်း၊ ယန်ချွမ်နှင့် ရှို့ကျိုးဟူသော နေရာသုံးခုရှိ ကျောက်မီးသွေးတွင်း တူးဖော်မှုများမှာ လက်ရှိတွင် လုပ်ဆောင်နေဆဲ ဖြစ်ပေသည်။ တူးဖော်မှုအပိုင်း၌မူ ပြဿနာ မရှိသော်လည်း၊ အရေးအကြီးဆုံးအချက်မှာ နောက်ဆက်တွဲ သိုလှောင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်များမှာမူ တူးဖော်မှုထက် များစွာ ပိုမိုရှုပ်ထွေးလှပေသည်။ ထို့ကြောင့်ပင် ဝမ်ချောင်က ဤကိစ္စကို ရွှီချီချင်အား တာဝန်ပေးကာ ကိုင်တွယ်စေခဲ့ခြင်း ဖြစ်၏။
“အရာရာကို သေသေချာချာ စီစဉ်ထားပြီးပါပြီ၊ တခြားအရပ်တိုင်းမှာ တည်ဆောက်ထားတဲ့ ဧရာမ ကျောက်မီးသွေး သိုလှောင်ရုံ ၅၀၀ လုံးမှာလည်း အကုန်လုံး အပြည့် ဖြည့်ထားပြီးပါပြီ”
ရွှီချီချင်က အေးဆေးတည်ငြိမ်စွာ ဆိုလိုက်ပေသည်။ သူမသည် မြို့တော်အတွင်း၌သာ ရှိနေသော်လည်း၊ အရာရာကို စနစ်တကျ စီစဉ်ထားပြီး ဖြစ်ပေသည်။ ကျောက်မီးသွေး ကိစ္စရပ်များကို ကိုင်တွယ်ရခြင်းမှာမူ၊ လူအများက အသိအမှတ်ပြုထားကြသော ထောက်ပံ့ပို့ဆောင်ရေး ဘုရင်မအတွက်မူ အမှန်တကယ်တော့ ဘာမျှ မဟုတ်ပေ။
“ပြောရမယ်ဆိုရင်တော့ ဒီလောက်အထိ ကြီးမားတဲ့ ကိစ္စကြီးကို ငါတို့ ရွှီမိသားစုဆီကို လွှဲပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရမှာပဲ၊ ဦးလေးကြီးကလည်း အရှင့်ကို အထူးပဲ ကျေးဇူးတင်စကား ပြောပေးဖို့ ကျွန်မကို မှာထားပါသေးတယ်၊ ဒီတစ်ခါတော့ မိသားစုက ငွေတွေ အများကြီး ရလိုက်ပုံရတယ်”
ရွှီချီချင်က ထိုသို့ ပြောဆိုပြီးနောက်တွင် ပါးစပ်ကို ပိတ်ကာ ခိုးပြုံးလိုက်ပေသည်။
ဝမ်ချောင်သည်လည်း ထိုစကားကို ကြားလိုက်ရသည့်အခါ ရယ်မောလိုက်မိပေသည်။ ဟန်အန်း၊ ယန်ချွမ်နှင့် ရှို့ကျိုးဟူသော နေရာသုံးခုရှိ ကိစ္စရပ်များမှာ နောက်ဆုံးတွင် တစ်စုံတစ်ဦးက လုပ်ဆောင်ပေးရန် လိုအပ်သည်ဖြစ်ရာ၊ ကြီးမားသော မဟာဗျူဟာကိုသာ အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဆိုလျှင်၊ မည်သူက ဤကိစ္စကို လုပ်ဆောင်သည်ဟူသည်ကို ဝမ်ချောင်အနေဖြင့် များစွာ ဂရုမစိုက်ပေ။
ထို့ပြင် ဧရာမ အအေးလှိုင်းကြီးမှာလည်း မကြာမီ ကျရောက်တော့မည်ဖြစ်ရာ အချိန်တိုင်းမှာ တန်ဖိုးရှိလှပေသည်။ ထိပ်တန်း မိသားစုကြီးများ၏ အလုပ်လုပ်နှုန်းမှာ များစွာမြန်ဆန်လှသဖြင့် ဝမ်ချောင်အတွက်မူ ယခုကဲ့သို့သော အချိန်မျိုး၌ အလုပ်လုပ်နှုန်းမှာ အရေးအကြီးဆုံး ဖြစ်ပေသည်။
“မင်းရဲ့ဦးလေးကြီးက အများကြီးအားနာနေတာပဲ၊ ရွှီမိသားစုက ထောက်ပံ့ပို့ဆောင်ရေး မိသားစုဖြစ်တဲ့အတိုင်း၊ ဒီအပိုင်းမှာတော့ အခြားမိသားစုတွေထက် ပိုပြီးတော့ ကျွမ်းကျင်တာပဲလေ၊ ဒါ့အပြင်…… အမြတ်အစွန်းတွေကိုလည်း သူစိမ်းတွေဆီ မရောက်စေချင်တာလည်း ပါတာပေါ့”
ဝမ်ချောင်က ဆိုလိုက်ပေသည်။
ဝမ်ချောင်၏ နောက်ဆုံး စကားတစ်ခွန်းကို ကြားလိုက်ရသည့်အခါ ရွှီချီချင်၏ ပါးပြင်နှစ်ဖက်မှာ နီမြန်းသွားခဲ့ရကာ အလျင်အမြန်ပင် ခေါင်းငုံ့သွားခဲ့ရပေတော့သည်။
ထိုကဲ့သို့သော ရှက်သွေးဖြာနေသည့် ပုံစံလေးကို ကြည့်ရှုရင်း ဝမ်ချောင်သည်လည်း စိတ်ထဲမှ တိတ်တဆိတ် လှုပ်ခတ်သွားခဲ့ရ၏။
သို့သော်လည်း မကြာမီမှာပင် သူတို့ နှစ်ဦးကြားရှိ စကားဝိုင်းမှာ လမ်းကြောင်း ပြောင်းလဲသွားခဲ့ပေသည်။
“ဒါနဲ့ အရှေ့က လက်ဖက်ရည် သောက်နေတုန်းမှာ မျက်မှောင်ကြုတ်နေတာ မြင်လိုက်ရတယ်၊ တစ်ခုခု စိုးရိမ်ပူပန်နေတဲ့ပုံပဲ၊ ဘာကိစ္စ ရှိလို့လဲ”
ရွှီချီချင်က ခေါင်းမော့ကြည့်လိုက်ကာ လူအကဲခတ် ကျွမ်းကျင်စွာဖြင့် မေးမြန်းလိုက်ပေသည်။
“ဘာမှ မဟုတ်ပါဘူး၊ ကိစ္စအချို့ကို စဉ်းစားမိနေရုံပါ”
ဝမ်ချောင်က ဆိုလိုက်ပေသည်။ ဤသည်မှာ ငြင်းကွယ်ခြင်း မဟုတ်ပေ၊ ယခုအခါ သူ စဉ်းစားကိုင်တွယ်ရမည့် ကိစ္စရပ်များမှာ များစွာ များပြားလွန်းနေသောကြောင့် ဖြစ်၏ -
“အခု မြို့တော်ထဲမှာ အခြေအနေတွေက သိပ်ပြီးတော့ မအေးချမ်းဘူး၊ ဒီအတောအတွင်းမှာ မင်း သတိထားပါဦး၊ အကယ်၍ အရေးမကြီးဘူးဆိုရင်၊ တခြားလူတွေကိုပဲ စေခိုင်းလို့ ရမယ်ဆိုရင်တော့ တခြားလူတွေကိုပဲ လွှတ်လိုက်ပါ”
ဝမ်ချောင်က စကားဆိုလိုက်သည့်အခါ သူ၏မျက်ဝန်းအတွင်းမှ စိုးရိမ်ပူပန်မှု အရိပ်အယောင် အနည်းငယ်မှာ ဝေဝါးစွာ လက်သွားခဲ့ပေသည်။
“ဘာဖြစ်လို့လဲ၊ ကျွန်မရဲ့လုံခြုံရေးအတွက် စိုးရိမ်နေတာလား”
ဝမ်ချောင်၏စကားအတွင်းမှ ဂရုစိုက်မှုများကို ကြားလိုက်ရသည့်အခါ ရွှီချီချင်၏ စိတ်ထဲ၌ ချိုမြိန်မှုများ ပြည့်နှက်သွားခဲ့ရပေသည်။
“ဒါမှမဟုတ် အဲဒီ ထိုက်ရှီရဲ့ကိစ္စကို စိုးရိမ်နေတာလား။ သူက ကျွန်မအပေါ်မှာ မကောင်းကြံလိမ့်မယ်လို့ ရှင် ခံစားနေရတာလား”
“အင်း”
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်ပေသည်။
“လူကို ဒုက္ခပေးလိုတဲ့ စိတ်မရှိသင့်ပေမဲ့၊ လူကို ကာကွယ်ရမယ့် စိတ်တော့ ရှိရမယ်။ ထိုက်ရှီဘက်က မြို့တော်အတွင်းမှာ လှုပ်ရှားမှုတွေက အရမ်းကို စိပ်လွန်းနေတယ်၊ အကယ်၍ သူ လိုချင်တဲ့အရာကို အချိန်အတော်ကြာတဲ့အထိ မရနိုင်ဘူးဆိုရင်၊ ရှောင်ကျိုးကျိုး အစီအရင်ကိုလည်း မဖျက်ဆီးနိုင်ဘူးဆိုရင်တော့ သူတို့ တခြား နည်းလမ်းတွေကို စဉ်းစားမှာကတော့ မလွဲဧကန်ပဲ”
ဝမ်ချောင်က စကားဆိုလိုက်ပေသည်။
လတ်တလော ရက်များအတွင်း၌၊ သူသည် ထိုက်ရှီနှင့် ထျန်းဖူနတ်မင်းတို့၏ အရှိန်အဝါများ မြို့တော်၏အစီအရင် ပတ်ဝန်းကျင်၌ ပေါ်ထွက်နေသည်ကို အကြိမ်ပေါင်းများစွာ ခံစားမိခဲ့ပေသည်။ ပြင်းထန်လှသော ပြိုင်ဘက်နှစ်ဦးက အပြင်ဘက်မှနေ၍ အမြဲတမ်း စူးစိုက်ကြည့်နေခြင်းမှာမူ လုံးဝကို ကောင်းမွန်လှသော ခံစားချက်မျိုး မဟုတ်ပေ။
“ဟင်းဟင်း အဲဒီလောက်အထိတော့ မလွယ်ကူပါဘူး၊ ဦးလေးကြီးဘက်ကလည်း ကာကွယ်ရေးအတွက် လူအင်အားတွေ ထပ်တိုးထားသလို နန်းစောင့်တပ်ဖွဲ့ ဘက်ကလည်း ကင်းလှည့်တဲ့ လမ်းကြောင်းတွေကို ပြောင်းလဲထားပေးတယ်။ နာရီဝက်တိုင်းမှာ နန်းစောင့်တပ်ဖွဲ့ တစ်စုက ကျွန်မတို့ဆီကနေ ဖြတ်ကျော် သွားနေကြတာပဲ၊ ဒါ့အပြင် ရှင်က ကျွန်မရဲ့ကိုယ်ပေါ်မှာ စိတ်ဝိညာဉ် အမှတ်အသားကို တမင်တကာ ထားပေးထားတာ မဟုတ်ဘူးလား”
ရွှီချီချင်က ဆိုလိုက်ပေသည်။
ဝမ်ချောင်သည် ရွှီချီချင်အတွက် ပြုလုပ်ပေးထားသော ကာကွယ်ရေး လုပ်ငန်းစဉ်များမှာ လူတိုင်း၏ စိတ်ကူးယဉ်မှုများထက်ပင် များစွာ ပိုမိုများပြားလှပေတော့သည်။
******
အခန်း (၂၀၉၁) ဆက်နွယ်မှု၊ ဉာဏ်အလင်း တစ်ချက် ပွင့်သွားခြင်း
တခြားအချက်တွေကို ထားလိုက်ပါဦး၊ ဝမ်ချောင်ထားရစ်ခဲ့တဲ့ အဲဒီစိတ်ဝိညာဉ် အမှတ်အသားတစ်ခုတည်းနဲ့တင် ရွှီချီချင်ဘက်မှာ တစ်စုံတစ်ရာ ဖြစ်ပျက်တာနဲ့ ဝမ်ချောင်က ချက်ချင်း သိရှိနိုင်မှာ ဖြစ်တယ်။ မြို့တော် နယ်ပယ်အတွင်းမှာ ရွှီချီချင်ကို ဖမ်းဆီးခေါ်ဆောင်သွားဖို့ဆိုတာ အခြေခံအားဖြင့် မဖြစ်နိုင်တဲ့ ကိစ္စပဲ ဖြစ်သည်။
“အကောင်းဆုံးတွေချည်းပဲ မျှော်လင့်လို့ မရဘူး၊ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားရမယ်၊ ဒီကိစ္စကိုတော့ လုံးဝ ပေါ့ဆလို့ မဖြစ်ဘူး”
အရေးကြီးတဲ့ ကိစ္စရပ်တွေကို ပြောဆိုတဲ့အခါမှာတော့ ဝမ်ချောင်ရဲ့ အမူအရာဟာ များစွာ တည်ကြည်လေးနက်သွားခဲ့ပေသည်။
“အင်း”
ဝမ်ချောင်၏လေးနက်သည့် အမူအရာကို မြင်တွေ့လိုက်ရသ်ည့အခါ ရွှီချီချင်ကလည်း အပြုံးတွေကို ရုပ်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။
“အဲဒီ ထိုက်ရှီက တကယ်ပဲ အဲဒီလောက်အထိ ကြောက်စရာ ကောင်းတာလား? သူတော်စင်ဧကရာဇ် ချန်ထားခဲ့တဲ့ ရှောင်ကျိုးကျိုး အစီအရင်ကို သူ ဖျက်ဆီးနိုင်လိမ့်မယ်လို့ ရှင် တကယ်ပဲ ထင်နေတာလား”
“တစ်ခုခုကို စွဲစွဲမြဲမြဲ လုပ်နေတယ်ဆိုရင် နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုခု ရှိစမြဲပဲ၊ ဒီလောက်အထိ ကြာမြင့်တဲ့အချိန်အထိ ထိုက်ရှီက မြို့ပြင်မှာ လှည့်လည်နေပြီး မထွက်သွားသေးဘူးဆိုရင်တော့ သေချာပေါက် တစ်ခုခုကို ကြံစည်နေတာပဲ ဖြစ်ရမယ်။ ပြီးတော့ နန်းတော်ထဲမှာ သူတို့ သုံးနေတဲ့ နည်းလမ်းတွေက အရမ်းကို ယုတ်ညံ့လွန်းတော့ ရှောင်ကျိုးကျိုး အစီအရင်ကို ဘယ်လိုမှ မဖျက်ဆီးနိုင်ဘူးဆိုတာ ထိုက်ရှီလည်း မသိဘဲ မနေပါဘူး”
“အဲဒီ ည်းလမ်းတွေက အလုပ်မဖြစ်ဘူးဆိုတာ သိသိကြီးနဲ့ ဆက်ပြီး လုပ်နေတယ်ဆိုရင်တော့ သူတို့ဆီမှာ တခြား ဝှက်ဖဲတွေ ကျန်နေသေးတာ သေချာတယ်”
ဝမ်ချောင်က ဆိုလိုက်ပေသည်။
သူဟာ ဘယ်တော့မှ ပြိုင်ဘက်ကို အထင်မသေးတတ်သူ ဖြစ်တယ်။ ထိုက်ရှီရဲ့ အစွမ်းဟာ အမှန်တကယ်ပဲ အလွန်အမင်း ပြင်းထန်လှသလို အကယ်၍သာ ရှောင်ကျိုးကျိုး အစီအရင် ပျက်စီးသွားခဲ့ရင်တော့ နောက်ဆက်တွဲ ရလဒ်တွေဟာ စိတ်ကူးယဉ်ဖို့တောင် ခက်ခဲလှပေလိမ့်မယ်။
ဒါဟာလည်း သူ့အနေနဲ့ အခုလို ပြင်းထန်တဲ့ ရန်သူကြီး ရှိနေတဲ့ အချိန်မှာ ပါးလွှာတဲ့ ရေခဲပြင်ပေါ် လျှောက်လှမ်းနေရသလို အမြဲတမ်း ထိတ်လန့်တုန်လှုပ်ကာ သတိကြီးစွာ ထားရှိနေရတဲ့ အကြောင်းရင်းပဲ ဖြစ်သည်။
ရွှီချီချင်ဟာလည်း ထိုစကားကို ကြားလိုက်ရတဲ့အခါ အတွေးနက်သွားခဲ့ပြီး လက်ဖက်ရည်ဆောင် တစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေတော့သည်။
“ချီချင် အကယ်၍သာ မင်းက ထိုက်ရှီရဲ့ နေရာမှာဆိုရင် ဘယ်လို လုပ်ဆောင်မလဲ”
ဝမ်ချောင်က ရုတ်တရက် မေးမြန်းလိုက်ပေသည်။
ဒီစကားကို ဝမ်ချောင်က ရိုးရိုးလေးပဲ မေးလိုက်ခြင်း ဖြစ်တယ်။ အဆုံးစွန်ထိ ပြောရရင်တော့ ရွှီချီချင်ဟာ ထောက်ပံ့ပို့ဆောင်ရေး ဘုရင်မလို့ အမည်ကျော်ကြားပြီး ဉာဏ်ပညာ ကြီးမားလှပေမဲ့၊ သိုင်းပညာကျင့်စဉ်အဆင့်မှာတော့ မမြင့်မားတာကြောင့် ဒီအပိုင်းမှာတော့ အကြံဉာဏ် များများစားစား ပေးနိုင်လိမ့်မယ်လို့ မထင်ထားလို့ပဲ ဖြစ်သည်။
သို့သော်လည်း ဝမ်ချောင်မမျှော်လင့်ထားဘဲ ရွှီချီချင်ဟာ အမှန်တကယ်ပဲ စဉ်းစားတွေးတောမှုတွေ ပြုလုပ်လာခဲ့ပေသည်။
“ဒါကတော့……”
ရွှီချီချင်ရဲ့ အမူအရာဟာ မှင်တက်သွားခဲ့ပြီးနောက် အမှန်တကယ်ပဲ စတင်စဉ်းစားနေပေတော့သည်။
“ဒီကိစ္စကို ကျွန်မ သိပ်ပြီး နားမလည်ပေမဲ့၊ ရှင် ပြောခဲ့တာရှိတယ်၊ ရှောင်ကျိုးကျိုး အစီအရင်ရဲ့ဗဟိုချက်က ထိုက်ကျိနန်းဆောင်ရဲ့ မြေအောက်က သုံးပါးဧကရာဇ် အစီအရင်ပဲလေ။ အကယ်၍ အပြင်ဘက်ကနေ အစီအရင်ကို ဖျက်ဆီးဖို့ နည်းလမ်း မရှိဘူးဆိုရင်တော့ အကောင်းဆုံး နည်းလမ်းက အတွင်းဘက်ကနေ ဖျက်ဆီးနိုင်မယ့်သူ တစ်ယောက်ကို ရှာရမှာပဲ။ ပြီးတော့ အဲဒီလူက သေချာပေါက် အစွမ်းထက်ရမယ်၊ နန်းတော်ထဲက မြေအနေအထားကိုလည်း ကျွမ်းကျင်ရမယ်၊ ဒါမှသာ သူတစ်ပါးရဲ့ သတိပြုမိခြင်း မခံရဘဲ ဧကရာဇ်သုံးပါး အစီအရင်အနားကို ချဉ်းကပ်ဖို့ အခွင့်အရေး ရမှာ”
ရွှီချီချင်က ခေါင်းလေးကို ငုံ့လျက် စဉ်းစားဆင်ခြင်နေသ်ည့ အမူအရာ ပြသနေသည်။
“ဧကရာဇ်သုံးပါး အစီအရင်အနားကို ကပ်နိုင်တဲ့သူက အမှန်တော့ အများကြီး မရှိပါဘူး။ နန်းတွင်းသူတွေ၊ မိန်းမစိုးတွေနဲ့ နန်းစောင့် တပ်ဖွဲ့တွေကတော့ အနားကို ကပ်နိုင်ဖို့ ကြိုးစားလို့ ရပေတယ်၊ ဒါကြောင့်လည်း သူတို့ အခုတလော နန်းတွင်းသူတွေအဖြစ် ဟန်ဆောင်ပြီး ချဉ်းကပ်နေကြတာ ဖြစ်ရမယ်။ ဒါပေမဲ့ ထိုက်ကျိနန်းဆောင်မှာက ဧကရာဇ်ရဲ့ နဂါးကိုယ်ရံတော်တွေ စောင့်ကြပ်နေတာလေ၊ သူတို့က နန်းတွင်းသူတွေကို စည်းရုံးတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဟန်ဆောင်ပြီး ခိုးဝင်တာပဲဖြစ်ဖြစ် အောင်မြင်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်”
“ပြီးတော့ ထိုက်ရှီနဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေကလည်း ရှောင်ကျိုးကျိုး အစီအရင်ထဲကို ဝင်လို့ မရဘူးဆိုတော့ ဒါက ဖြေရှင်းလို့ မရတဲ့ ပြဿနာကြီးတစ်ခုလို ဖြစ်နေတာပဲ”
ဝမ်ချောင်က ရယ်မောလိုက်မိသည်။ ဒီအချက်တွေကို သူ အချိန်အတော်ကြာကတည်းက စဉ်းစားခဲ့ပြီးသား ဖြစ်လို့ပင်။
ဒီလိုမျိုး အဆင့်မရှိတဲ့ လှည့်ကွက်လေးတွေနဲ့တော့ ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ပေ။
“နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်၊ အဲဒါကတော့ ရှင့်ရဲ့အစွမ်းနဲ့ ရင်ဘောင်တန်းနိုင်တဲ့သူ၊ ဒါမှမဟုတ် နဂါးကိုယ်ရံတော်တွေထက် အဆပေါင်းများစွာ ပိုပြီး အစွမ်းထက်တဲ့သူ တစ်ယောက်ကို ရှာပြီးတော့ ထိုက်ကျိနန်းဆောင်ထဲကို အတင်းအကျပ် ဝင်ရောက်ကာ အစီအရင်ကို ဖျက်ဆီးခိုင်းတာပဲ”
ရွှီချီချင်က ဆိုလိုက်ပေသည်။
“မဖြစ်နိုင်ပါဘူး၊ အကယ်၍ အဲဒီလို လူမျိုး တကယ်ရှိနေတယ်ဆိုရင် သူတို့ အချိန်အတော်ကြာကတည်းက အောင်မြင်နေလောက်ပြီ”
ဝမ်ချောင်က ခေါင်းကို ခါယမ်းလျက် ပြုံးဆိုလိုက်ပေသည်။
အခုအချိန်မှာ ဝမ်ချောင်ရဲ့ အစွမ်းဟာ သိမ်မွေ့နက်နဲသော အဆင့် အထွတ်အထိပ်ကို ရောက်နေပြီး ဂူဗိမာန်နတ်ဘုရား အဆင့်ကို တက်လှမ်းဖို့အတွက် ဆံချည်မျှင်မျှသာ လိုတော့တဲ့ အခြေအနေ ဖြစ်ပေသည်။
ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းဆိုတာ အချိန်အတော်ကြာ တည်ရှိနေခဲ့သလို အထဲမှာလည်း ပညာရှင်အမြောက်အမြား ရှိနေတာကြောင့်၊ ဝမ်ချောင်နဲ့ ရင်ဘောင်တန်းနိုင်တဲ့သူ၊ ဒါမှမဟုတ် သူ့ထက် အစွမ်းထက်တဲ့သူကို ရှာမယ်ဆိုရင် သူတို့ အဖွဲ့အစည်းအတွင်းမှာတော့ ရှိနိုင်ပေတယ်။ ဒါပေမဲ့ အဲဒီ အဖွဲ့အစည်းရဲ့ အပြင်ဘက်မှာတော့ မဟာထန်တင်မကဘဲ တစ်ကမ္ဘာလုံးမှာတောင် ရှာဖို့ ခက်ခဲလိမ့်မယ်။
သိမ်မွေ့နက်နဲသော အဆင့်ဆိုတာ လွယ်လွယ်နဲ့ တက်လှမ်းနိုင်တဲ့ အဆင့်မျိုး မဟုတ်သလို၊ တက်လှမ်းချင်တိုင်း တက်လှမ်းလို့ ရတဲ့ အဆင့်မျိုးလည်း မဟုတ်ပေ။
အကယ်၍ အဲဒီအဆင့်ကို ရောက်တဲ့သူ ရှိတယ်ဆိုရင်တော့ လောကမှာ အချိန်အတော်ကတည်းက နာမည်ကျော်နေလောက်ပြီ ဖြစ်ပေသည်။
“ဒါဆိုရင်တော့ နောက်ဆုံး နည်းလမ်း တစ်ခုပဲ ကျန်တော့တယ်၊ အဲဒါကတော့ အစီအရင်ကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိတဲ့သူကို ရှာပြီးတော့ သူ့ကို နည်းလမ်းမျိုးစုံနဲ့ အစီအရင်ကို ဖျက်ဆီးခိုင်းတာပဲ”
ရွှီချီချင်က ဆိုလိုက်ပေသည်။
“မဖြစ်နိုင်ပါဘူး၊ အခု အစီအရင်ကြီးက ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာပဲ”
ဝမ်ချောင်က ခေါင်းကို ခါယမ်းလိုက်သည်။ ရွှီချီချင်ဟာ တကယ်ကို ထက်မြက်လှပေမဲ့၊ သိုင်းပညာကျင့်စဉ်အဆင့်အရတော့ ဒီလိုကိစ္စရပ်တွေကို မေးမြန်းတာက သူမရဲ့စွမ်းဆောင်ရည်ထက် ကျော်လွန်နေတာကြောင့် ဖြစ်ပေသည်။
ဒီအချက်ကတော့ သူ သေချာ မစဉ်းစားမိဘဲ မေးလိုက်မိတာပဲ ဖြစ်ရမယ်။
“အဲဒါတော့ မသေချာဘူးနော်”
မျှော်လင့်မထားဘဲ ရွှီချီချင်က အမူအရာ လေးနက်စွာဖြင့် ခေါင်းကို ခါယမ်းပြလိုက်သည်။
“ရှင် ထိန်းချုပ်ထားတာက ရှောင်ကျိုးကျိုး အစီအရင်ပဲလေ၊ ဧကရာဇ်သုံးပါးအစီအရင် မဟုတ်ဘူး။ ရှင် မေ့သွားတာလား၊ ဧကရာဇ်သုံးပါး အစီအရင်ဆိုတာ အမှန်တကယ်တော့ ဘယ်သူ့အတွက် တည်ဆောက်ထားတာလဲ ဆိုတာကို”
ရွှီချီချင်၏ထိုစကားသည် ရုတ်တရက် မိုးကြိုးတစ်ချက် ပစ်ချလိုက်သလို ဝမ်ချောင်၏ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ရသည်။ ဝမ်ချောင့်တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရပြီး ရေအေးတစ်ပုံးနဲ့ အလောင်းခံလိုက်ရသလို ခံစားချက်မျိုး ရရှိသွားကာ မျက်တောင်တစ်ခတ်အတွင်းမှာ စကားတစ်ခွန်းမှ မဆိုနိုင်တော့ဘဲ ဖြစ်သွားခဲ့ရသည်။
ရွှီချီချင်ပြောတာ လုံးဝ မမှားပေ။ ဝမ်ချောင်ဟာ အမြဲတမ်း တမင်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ မေ့လျော့နေခဲ့တာက သူ ထိန်းချုပ်ထားတာဟာ ရှောင်ကျိုးကျိုး အစီအရင် သက်သက်သာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်သည်။ အစကတည်းက သူဟာ ထိုက်ကျိနန်းဆောင်ရဲ့ မြေအောက်က ဧကရာဇ်သုံးပါး အစီအရင်ကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။
ဧကရာဇ်သုံးပါးအစီအရင်ဆိုတာ များစွာအရေးကြီးလှသလို ရှေးယခင်ကတည်းက မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တာ ဖြစ်ပြီး၊ ဧကရာဇ်မျိုးဆက်တွေရဲ့ လက်ထဲမှာပဲ ရှိနေတဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ အမြတ်နိုးဆုံး အရာလည်း ဖြစ်ပေသည်။
သူတော်စင် ဧကရာဇ်ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ယခု ဧကရာဇ်သုံးပါးအစီအရင်ကို ပိုင်ဆိုင်ထားသူကတော့ သေချာပေါက် ဧကရာဇ်အသစ်ဖြစ်သည့် လီဟန်ပဲ ဖြစ်သည်။
သို့သော် ဧကရာဇ်အပြင် နောက်ထပ် ဧကရာဇ်သုံးပါးအစီအရင်ကို ထိန်းချုပ်နိုင်စွမ်း ရှိနိုင်တဲ့သူ တစ်ယောက် ရှိသေး၏။ ထိုသူကတော့ နိုင်ငံတစ်ခုရဲ့အိမ်ရှေ့မင်းသားပဲ ဖြစ်သည်။ အိမ်ရှေ့မင်းသားဆိုတာ နန်းလျာဖြစ်သောကြောင့်၊ ဧကရာဇ်က ဧကရာဇ်သုံးပါးအစီအရင်ရဲ့တည်ရှိမှုကို သူ့ကို ကြိုတင်အသိပေးထားနိုင်တဲ့ အခြေအနေမျိုး ရှိနေတာကြောင့် ဖြစ်သည်။
လီဟန်ကတော့ ဝတ်စုံမည်းဝတ်လူတွေကို ဧကရာဇ်သုံးပါးအစီအရင်ကို ပေးအပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တာကြောင့် သီအိုရီအရဆိုရင်တော့ ဝတ်စုံမည်းဝတ်လူတွေဟာ ဘယ်လိုမှ ရနိုင်စရာ အကြောင်းမရှိပေ။ သို့သော် ထိုကိစ္စက လုံးဝဥဿုံတော့ မဟုတ်သေးပေ။
“လီရွှမ်တု”
မသိမသာသော အခြေအနေကြားမှ ဉာဏ်အလင်း တစ်ချက်ဟာ ဦးနှောက်ထဲမှာ ဖြတ်ပြေးသွားခဲ့သည်။ ဝမ်ချောင့်တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပြီး စိတ်နှလုံးထဲမှာ လှိုင်းလုံးကြီးတွေ ထကြွလာခဲ့ပေတော့သည်။
လီလင်ဖူ..
ထိုက်ရှီ..
ခဏချင်းမှာပဲ ဝမ်ချောင်၏အမူအရာသည် အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့တော့သည်။
ယခုတစ်ခေါက် ရွှီချီချင်ကို လာတွေ့ခြင်းသည် မူလက ရိုးရိုးလေးပဲ သူ တွေ့ဆုံပြီး စကားပြောချင်တာ ဖြစ်ပေမဲ့၊ ရွှီချီချင်ရဲ့လမ်းပြမှုကြောင့် မမျှော်လင့်ဘဲ ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခုကို ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။
အပြင်ပန်းအားဖြင့် ပတ်သက်မှု မရှိဘူးလို့ ထင်ရတဲ့ ကိစ္စရပ်နှစ်ခုဟာ ဤအခိုက်အတန့်မှာတော့ ရုတ်တရက် ဆုံစည်းသွားခဲ့ကြပြီး၊ အရင်က သူ လုံးဝ သတိမထားမိခဲ့တဲ့ လျှို့ဝှက်တဲ့ ဆက်နွယ်မှုတွေကို ပြသလာခဲ့ပေသည်။
လီလင်ဖူက ဘာကြောင့် လီရွှမ်တုကို ရှာဖွေနေရတာလဲ။
လီရွှမ်တုကို ရှာတွေ့တာက သူ့ရဲ့အခုလက်ရှိ ရာထူးအခြေအနေအတွက် ဘာများ အကျိုးရှိမှာလဲ။
ဒီမေးခွန်းတွေကို ဝမ်ချောင်အနေနဲ့ အဖြေရှာမရဘဲ ဖြစ်နေခဲ့တာ ဖြစ်ပေသည်။
ဘယ်လို ယုတ္တိနည်းလမ်းမျိုးနဲ့မှ ဆက်စပ်လို့ မရတဲ့ ကိစ္စတွေ ဖြစ်နေလို့ပဲ ဖြစ်ပေသည်။
သို့သော် ဤအခိုက်အတန့်မှာတော့ ဝမ်ချောင်ဟာ တစ်စုံတစ်ရာကို ရုတ်တရက် နားလည်သွားခဲ့ပေပြီ။
လီရွှမ်တုကို အမှန်တကယ် အလိုရှိနေတာက လီလင်ဖူလုံးဝ မဟုတ်ဘဲ ထိုက်ရှီသာ ဖြစ်ပေလိမ့်မည်။
ရှိပြီးသား မှတ်တမ်းတွေအရဆိုလျှင် လီရွှမ်တုဟာ အရင်မင်းဆက်တုန်းက အိမ်ရှေ့မင်းသားအဖြစ် တရားဝင် တင်မြှောက်ခြင်း ခံခဲ့ရဖူးသလို ထီးနန်းကို ဆက်ခံဖို့အတွက်လည်း ဆံချည်မျှင်မျှသာ လိုအပ်ခဲ့သူဖြစ်တာကြောင့်၊ သူဟာ ဧကရာဇ်သုံးပါးအစီအရင်ကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သိရှိထားဖို့ များစွာအခွင့်အလမ်း ရှိနေသည်။ ပိုပြီး အရေးကြီးတာကတော့…
“လီရွှမ်တုနဲ့ သူတော်စင် ဧကရာဇ်က သေရန်ငြိုး ရန်သူတွေပဲ”
ဝမ်ချောင်၏အမူအရာသည် လေးနက်နေပြီး စိတ်ထဲမှာလည်း လှိုင်းတွန့်များစွာ ပေါ်ထွက်နေသည်။
ရှန်လုံ ပုန်ကန်မှုအတွင်းမှာ သူတော်စင် ဧကရာဇ်က လီရွှမ်တုဆီကနေ မဟာထန်ရဲ့အာဏာစက်တွေကို လုယူခဲ့တာ ဖြစ်သည်။ ထိုအချက်အရဆိုလျှင် လီရွှမ်တုသာ အသက်ရှင်နေဦးမယ်ဆိုပါက သူဟာ ဝတ်စုံမည်းဝတ်လူတွေအတွက် အကောင်းဆုံး အသုံးချစရာ ပစ်မှတ် တစ်ခုပဲ ဖြစ်မှာ သေချာသည်။
လီလင်ဖူနဲ့ လီရွှမ်တု ကြားမှာ ဘာဆက်နွယ်မှုမှ မရှိသလို၊ လီရွှမ်တုကလည်း လီလင်ဖူရဲ့ အခုလက်ရှိ အခြေအနေအတွက် ဘာအကူအညီမှ ပေးနိုင်စရာ အကြောင်းမရှိပေ။ ဒါပေမဲ့ လီရွှမ်တုကို ရှာနေတာက ဝတ်စုံမည်းဝတ်လူတွေ ဖြစ်နေပြီး၊ လီလင်ဖူက ဝတ်စုံမည်းဝတ်လူတွေနဲ့ ပူးပေါင်းနေခဲ့မယ်ဆိုရင်ကော…
“ဟူး”
ဒီအချက်ကို တွေးမိတဲ့အခါ ဝမ်ချောင်ဟာ အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်မိပြီး သူ၏အမူအရာမှာလည်း ပိုမို၍ လေးနက်တည်ငြိမ်သွားခဲ့ရပေသည်။
သူဟာ လီလင်ဖူနဲ့ ဝတ်စုံမည်းဝတ်လူတွေကြားမှာ တစ်စုံတစ်ရာ ပတ်သက်မှု ရှိလိမ့်မယ်လို့ တစ်ခါမျှ မစဉ်းစားခဲ့ဖူးပေ။ သို့သော် အကယ်၍သာ သူ ထင်ထားသလို ဖြစ်နေခဲ့မယ်ဆိုလျှင် အရင်က လီလင်ဖူရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေနဲ့ အဖြေရှာမရတဲ့ ကိစ္စရပ်တွေ အားလုံးအတွက် ယုတ္တိတန်တဲ့ ရှင်းပြချက်တွေ ရရှိသွားမှာ ဖြစ်ပေသည်။
ဤမျှသာမကဘဲ ဝမ်ချောင်ဟာ တခြားသော အချက်အလက်တွေကိုပါ စဉ်းစားမိသွားခဲ့ပေသေးသည်။
အရှေ့မြောက်ဘက် ယိုးကျိုးက အန်းလုရှန်းရဲ့ နောက်ကွယ်မှာ အမြဲတမ်း ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းရဲ့ အရိပ်တွေ ရှိနေခဲ့တာပဲ၊ ပြီးတော့ နိုင်ငံပေါင်းစုံပွဲတော်တုန်းက လီလင်ဖူနဲ့အန်းလုရှန်းတို့ဟာ သိသိသာသာပဲ ပထမဆုံးအကြိမ် တွေ့ဆုံကြတာ ဖြစ်ပေမဲ့ နှစ်ဖက်ကြားမှာတော့ အရမ်းကို ရင်းနှီးနေခဲ့ကြတာပဲ၊ ဒါတွေအားလုံးက သူတို့မှာ ဝမ်ချောင်ဆိုတဲ့ တူညီတဲ့ ရန်သူ ရှိနေတာကြောင့်သက်သက်ပဲလား။
အရာရာတိုင်းက အပြင်ပန်းအားဖြင့် မြင်တွေ့နေရသလိုမျိုး တကယ်ပဲ ရိုးရှင်းနေလို့လား။
လီလင်ဖူနဲ့ အန်းလုရှန်းရဲ့နောက်ကွယ်က ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းကြားမှာ ဘာဆက်နွယ်မှုတွေ ရှိနေတာလဲ။
မသင်္ကာစရာ တစ်နေရာတည်းကတော့ ဘာကိုမှ သက်သေမပြနိုင်ပေ၊ ၎င်းဟာ သူရဲ့ စိတ်အာရုံ မှားယွင်းမှုလည်း ဖြစ်နိုင်တာကြောင့် ဖြစ်သည်။
ဒါပေမဲ့ ကိစ္စရပ် နှစ်ခုလုံး ဆက်နွယ်သွားတဲ့အခါမှာတော့ ဒါဟာ သေချာပေါက် တိုက်ဆိုင်မှုသက်သက် မဟုတ်တော့တာ ထင်ရှားလှပေသည်။
“မထင်ထားမိဘူး၊ တကယ်ကို မထင်ထားမိဘူး……”
ဝမ်ချောင်က စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်လိုက်ပေသည်။
မြင့်မြတ်လှတဲ့ မဟာထန်ရဲ့အမတ်ချုပ် အမတ်အားလုံးရဲ့ အကြီးအကဲ၊ အစိုးရအဖွဲ့ကို ဆယ်စုနှစ် တစ်ခုမက ဦးဆောင်ခဲ့ပြီး သူတော်စင်ဧကရာဇ်ရဲ့ အလေးထားခြင်းကို ခံခဲ့ရသူဟာ၊ မမျှော်လင့်ဘဲ သူတော်စင်ဧကရာဇ် အစက်ဆုပ်ဆုံးဖြစ်သလို သေရန်ငြိုး ရန်သူအဖြစ် သတ်မှတ်ထားတဲ့ ဝတ်စုံမည်းဝတ်လူတွေနဲ့ ပူးပေါင်းနေခဲ့တယ်ဆိုတာကတော့ မဟာထန်စတင် တည်ထောင်ကတည်းက အမှန်တကယ်တော့ အရှက်ရစရာ အကောင်းဆုံး ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။
“ဘာဖြစ်လို့လဲ”
ရွှီချီချင်က သူမ၏လှပသော မျက်ဝန်းအစုံကို ပြူးကျယ်လျက် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
သူမကလည်း ရိုးရိုးလေးပဲ ပြောလိုက်ခြင်း ဖြစ်ပေမဲ့၊ ဝမ်ချောင်ဆီကနေ ဒီလောက်အထိ ကြီးမားတဲ့ တုံ့ပြန်မှုမျိုး ရရှိလာလိမ့်မယ်လို့ မထင်ထားခဲ့လို့ပဲ ဖြစ်သည်။
“ငါ့မှာ လုပ်စရာ ကိစ္စတချို့ ရှိနေလို့ အရင်သွားလိုက်ဦးမယ်။ ဒီအတောအတွင်း မင်းစံအိမ်ထဲမှာပဲ နေပါ၊ မြို့တော်ထဲကနေ လုံးဝ ထွက်မသွားပါနဲ့”
ဒီစကားကို ပြောဆိုပြီးနောက်မှာတော့ ဝမ်ချောင်ဟာ လျင်မြန်စွာပဲ မတ်တပ်ရပ်လိုက်ပေတော့သည်။
“အင်း”
ဝမ်ချောင်ရဲ့ အမူအရာဟာ အလွန်အမင်း တည်ကြည်လေးနက်နေတာကို မြင်တွေ့ရတဲ့အတွက် ရွှီချီချင်ဟာ ခေါင်းညိတ်ပြလိုက်ပြီး ထပ်မံ၍ မမေးမြန်းတော့ပေ။
ပြောဆိုပြီးနောက်မှာတော့ ဝမ်ချောင်ဟာ အလျင်အမြန်ပဲ ထွက်ခွာသွားခဲ့ပေတော့သည်။
နန်းချခံရသော အိမ်ရှေ့မင်းသားလီရွှမ်တုကို၊ ဝမ်ချောင်ဟာ အနှစ်သုံးဆယ်ကတည်းက သေဆုံးသွားပြီလို့ အမြဲထင်မှတ်ထားခဲ့တာ ဖြစ်သည်။ သို့သော် ယခုရှိနေသော အခြေအနေပေါင်းစုံအရ ကြည့်မယ်ဆိုလျှင် နန်းချခံရသော အိမ်ရှေ့မင်းသားဟာ အသက်ရှင်နေဖို့ များစွာအခွင့်အလမ်း ရှိနေပေသည်။
မယုံကြည်နိုင်လောက်အောင် ဖြစ်ရပေမဲ့၊ ဒါဟာ အမှန်ကန်ဆုံး အဖြေလည်း ဖြစ်နိုင်ပေသည်။
အနှစ်သုံးဆယ်ကျော်က အဖြစ်အပျက်ဟောင်းတွေ ဖြစ်တာကြောင့် အချက်အလက် တော်တော်များများကို ရှာဖွေဖို့ဆိုတာ ခက်ခဲပေလိမ့်မည်။ သို့သော် ဝမ်ချောင် သိထားတာကတော့ မဟာထန်တစ်ခုလုံးမှာ လီရွှမ်တုရဲ့သတင်းကို အသိဆုံး တစ်ယောက် ရှိနေတယ်ဆိုရင်တော့ အဲဒါဟာ သေချာပေါက်….
မိန်းမစိုးကောင်း
မသိမသာသော အခြေအနေကြားမှ ဝမ်ချောင်၏ဦးနှောက်ထဲတွင် ဉာဏ်အလင်း တစ်ချက် လက်သွားခဲ့ပေသည်။
သူတော်စင်ဧကရာဇ် ကွယ်လွန်သွားခဲ့ပြီးနောက်မှာတော့ မိန်းမစိုးကောင်းဟာ မဟာထန်ရဲ့နန်းတွင်းအဖွဲ့ထဲကနေ ပျောက်ကွယ်သွားခဲ့သလို၊ သူ ဘယ်ကို ရောက်သွားသလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြတော့ချေ။
သို့သော် ဝမ်ချောင်အတွက်တော့ လူတစ်ယောက်ကို တမင်ရှာဖွေချင်တယ်ဆိုလျှင် သဲလွန်စတွေကို သေချာပေါက် ရှာတွေ့နိုင်မှာ ဖြစ်သည်။
မိန်းမစိုးကောင်း ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ လူအတော်များများက သူဟာ မြို့တော်ကနေ ထွက်ခွာသွားပြီး တိတ်ဆိတ်တဲ့ တစ်နေရာရာမှာ အနားယူနေပြီလို့ ထင်မှတ်ခဲ့ကြသည်။
သို့သော် ဝမ်ချောင်သိထားတာကတော့ မိန်းမစိုးကောင်းဟာ မြို့တော်ကနေ လုံးဝ ထွက်မသွားခဲ့ဘဲ၊ ဧကရာဇ်သင်္ချိုင်းအနားမှာ တဲလေးတစ်လုံး ဆောက်ပြီးတော့ သူတော်စင် ဧကရာဇ်ရဲ့ အုတ်ဂူကို တိတ်တဆိတ် စောင့်ကြပ်နေခဲ့တာ ဖြစ်သည်။
အသက်ရှင်စဉ်မှာ အလုပ်အကျွေး ပြုခဲ့သလို၊ သေဆုံးသွားတဲ့ အခါမှာလည်း စောင့်ကြပ်ပေးနေခဲ့တာ ဖြစ်သည်။
မိန်းမစိုးကောင်း တိတ်တဆိတ် နေထိုင်နေတဲ့ နေရာမှာတော့ ဝမ်ချောင်ဟာ လောကတစ်ခွင် ကျော်ကြားလှတဲ့ နံပါတ်တစ် သစ္စာရှိ အစေခံကြီးကို တွေ့ဆုံခဲ့ရသည်။
မတွေ့ရတာ ခေတ္တမျှသာ ရှိသေးပေမဲ့၊ သူ၏ရှေ့မှောက်ရှိ မိန်းမစိုးကောင်းဟာ အရင်ကထက် အဆပေါင်း ဆယ်ဂဏန်းမက ပိုပြီးအိုမင်းသွားပုံ ရသည်။
အရင်က မိန်းမစိုးကောင်းရဲ့မျက်နှာဟာ သွေးရောင်သမ်းနေပြီး အမြဲတမ်း ပြုံးရွှင်နေတတ်ကာ၊ လူ့လောကထဲက ဗုဒ္ဓတစ်ပါးအလား ရှိခဲ့ပေမဲ့၊ အခုရှိနေတဲ့ မိန်းမစိုးကောင်းသည် ပိန်ချောင်နေပြီး၊ ဆံပင်တွေ ဖြူဖွေးလျက် မျက်နှာပေါ်မှာလည်း အရေးအကြောင်းတွေ ပြည့်နှက်နေတာကြောင့်၊ သာမန်အဘိုးအို တစ်ဦးနှင့် လုံးဝမခြားနားတော့ပေ။
နန်းတော်ထဲကနေ ထွက်လာခဲ့ပြီးနောက်မှာတော့ မိန်းမစိုးကောင်းဟာ သူ၏ကိုယ်ပေါ်က ပိုးထည်ဝတ်စုံတွေကို ဖယ်ရှားလိုက်ပြီး၊ သာမန် ဝတ်စုံတွေကိုသာ ဝတ်ဆင်ထားခဲ့တာ ဖြစ်သည်။ အကယ်၍သာ အကြောင်းစုံကို သိရှိသူ မဟုတ်ရင်တော့ သူ၏ရှေ့မှောက်က သာမန် အဘိုးအိုတစ်ဦးဟာ၊ တစ်ချိန်က လောကတစ်ခွင် ကျော်ကြားခဲ့တဲ့ နန်းတွင်းကိုယ်ရံတော် အကြီးအကဲ ကောင်းလီရှီ ဖြစ်လိမ့်မယ်လို့ ဘယ်သူမှ ထင်မှတ်ထားကြမှာ မဟုတ်ပေ။
သူ၏အမူအရာဟာ ခိုင်မာတည်ငြိမ်နေပြီး ဝမ်ချောင်ထင်မှတ်ထားသလို ဝေခွဲမရဖြစ်တာမျိုး၊ လမ်းပျောက်နေတာမျိုး လုံးဝမရှိပေ။ ဤအတောအတွင်းမှာ စိတ်အေးလက်အေး နေထိုင်ခဲ့ပြီးနောက် သူဟာ သူ၏လက်ကျန် ဘဝသက်တမ်းရဲ့ အဓိပ္ပာယ်ဟာ သူတော်စင် ဧကရာဇ်ရဲ့ အုတ်ဂူကို စောင့်ကြပ်ဖို့ပဲ ဖြစ်တယ်ဆိုတာကို အချိန်အတော်ကြာကတည်းက သေသေချာချာ စဉ်းစားဆုံးဖြတ်ပြီးပုံ ရပေတော့သည်။
******
အခန်း (၂၀၉၂) “ဆွေ့” စာလုံးပါသော သော့
“ဧကရာဇ်မင်းမြတ်က အရှင့်ကို ပြောပြလိုက်တာလား”
ကောင်းလီရှီသည် ဝမ်ချောင်၏မျက်နှာချင်းဆိုင်တွင် ထိုင်လျက် ပထမဦးစွာ စကားဆိုလိုက်ပေသည်။
“ဟုတ်ပါတယ်”
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်သည်။
ကောင်းလီရှီအနေဖြင့် ဧကရာဇ်သင်္ချိုင်းအနားတွင် တဲလေးတစ်လုံးဆောက်ကာ စောင့်ကြပ်နေခြင်းမှာ လီဟန်၏ သဘောတူညီချက် လိုအပ်ပေသည်။
ဝမ်ချောင်သည်လည်း အမှန်တကယ်တော့ လီဟန်ထံမှပင် သတင်းရရှိခဲ့ခြင်း ဖြစ်ပေသည်။
“အမတ်မင်း၊ ဝမ်ချောင်ရဲ့စိတ်ထဲမှာ နားမလည်နိုင်တဲ့ ကိစ္စတစ်ခုရှိနေလို့၊ အမတ်မင်းဆီမှာ အထူးလာပြီး လမ်းညွှန်မှု တောင်းခံတာပါ”
ဝမ်ချောင်က လိုရင်းကို တိုက်ရိုက်ပင် ပြောဆိုလိုက်ပေသည်။
“ပြောပါ၊ ငါ ပြောပြလို့ရတာမှန်သမျှကို အကုန်လုံး ပြောပြပေးပါ့မယ်”
ကောင်းလီရှီက တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ဆိုလိုက်ပေသည်။ သူ၏မျက်ဝန်းအစုံမှာ အရာရာကို စိတ်ဝင်စားမှုမရှိတော့ဘဲ လောကုတ္တရာဆန်နေကာ အရာရာကို ထိုးဖောက်သိမြင်ပြီးသား ဖြစ်ဟန်ရှိပေသည်။
“ကျွန်တော့်အနေနဲ့ အမတ်မင်းကို လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က နန်းချခံရတဲ့ အိမ်ရှေ့မင်းသားလီရွှမ်တုရဲ့ကိစ္စကို မေးမြန်းချင်လို့ပါ”
ဝမ်ချောင်က စကားဆိုလိုက်ပေသည်။
“လီရွှမ်တု”
ကောင်းလီရှီသည် ထိုစကားကို ကြားလိုက်ရသည့်အခါ၊ မူလက တည်ငြိမ်နေသော မျက်နှာပေါ်မှ ဖြူဖွေးလှသော မျက်ခုံးတစ်စုံမှာ ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရသည်။
“မင်းက သူ့ကို ဘာလို့ ရှာရတာလဲ”
ဝမ်ချောင်သည်လည်း ဖုံးကွယ်ထားခြင်းမရှိဘဲ၊ ထိုက်ရှီမြို့ပြင်တွင် လှည့်လည်နေသည့် ကိစ္စနှင့် လီလင်ဖူအပေါ် သူ၏ခန့်မှန်းချက်များကို ပြောပြလိုက်ပေသည်။
ဝမ်ချောင်၏ စကားများကို ကြားလိုက်ရသည့်အခါ၊ မိန်းမစိုးကောင်းသည် မျက်ခုံးများကို တင်းတင်းကြုတ်လိုက်ကာ နက်နဲလှသော စဉ်းစားခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ပေသည်။
“လီလင်ဖူက ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းနဲ့ ပူးပေါင်းဝံ့တယ်ပေါ့၊ သူ တကယ်ပဲ သတ္တိမနည်းဘူးပဲ”
ဝမ်ချောင် ယူဆောင်လာသော သတင်းမှာ မိန်းမစိုးကောင်းအတွက်ပင်လျှင် များစွာကြီးမားလှသော ရိုက်ခတ်မှုတစ်ခု ဖြစ်ပေသည်။
“မိန်းမစိုးကောင်း ကျွန်တော့်ရဲ့ ရဲတင်းတဲ့ မေးခွန်းကို ခွင့်လွှတ်ပေးပါ၊ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ရှန်လုံ ပုန်ကန်မှုအတွင်းမှာ နန်းချခံရသော အိမ်ရှေ့မင်းသားလီရွှမ်တုက အမှန်တကယ်ပဲ မသေသေးတာလား”
ဝမ်ချောင်က မေးမြန်းလိုက်ပေသည်။
သူ စကားပြောနေသည့်အချိန်တွင် သူ၏ အကြည့်မှာ မိန်းမစိုးကောင်းကိုသာ စူးစိုက်ကြည့်နေခဲ့ကာ သူ မျက်နှာပေါ်မှ အသေးငယ်ဆုံးသော အပြောင်းအလဲကိုပင် လက်လွှတ်မခံခဲ့ပေ။
မိန်းမစိုးကောင်းမှာမူ စကားတစ်ခွန်းမျှ မဆိုဘဲ မျက်ခုံးများကိုသာ ကြုတ်လျက် တိတ်ဆိတ်နေပေသည်။
ဤရိုးရှင်းလှသော လှုပ်ရှားမှုလေးကပင် ဝမ်ချောင်၏ စိတ်နှလုံးကို ဝုန်းခနဲ တုန်ခါသွားစေခဲ့ပေသည်။
အကယ်၍ လီရွှမ်တုသာ သေဆုံးသွားခဲ့ပြီဆိုလျှင်၊ မိန်းမစိုးကောင်းအနေဖြင့် တွန့်ဆုတ်နေရန် မလိုဘဲ တိုက်ရိုက်ပင် ငြင်းဆိုလိုက်နိုင်သည်ဖြစ်ရာ၊ ယခုကဲ့သို့ သူ စကားမဆိုဘဲ ရှိနေခြင်းမှာ သိသိသာသာပင် ထိုစဉ်က ဖြစ်ရပ်များအတွင်း၌ တစ်စုံတစ်ရာသော လျှို့ဝှက်ချက်များ ရှိနေခြင်း သို့မဟုတ် ထိုစဉ်က သမိုင်းမှတ်တမ်း အရာရှိများက အမှန်တရားကို လုံးဝမှတ်တမ်းမတင်ခဲ့ခြင်းကြောင့် ဖြစ်ရပေမည်။
“ဒီလောက်အထိ များပြားလှတဲ့ နှစ်တွေ ကုန်လွန်သွားခဲ့ပြီပဲ၊ သူ့ကို မှတ်မိနေတဲ့သူ ရှိသေးတယ်ဆိုတာ မထင်ထားမိဘူး”
အချိန်အတော်ကြာပြီးနောက်တွင်မူ၊ နံဘေးဆီမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ မိန်းမစိုးကောင်းသည် ခေါင်းကို မော့ကြည့်လိုက်ကာ ရုတ်တရက် သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်ပေတော့သည်။
“ဝုန်း”
ဤသာမန်မျှသာဖြစ်သော စကားတစ်ခွန်းမှာမူ၊ ကျောက်တုံးကြီး တစ်လုံး ကျရောက်လာသည့်အလား ဝမ်ချောင်၏ စိတ်နှလုံးအတွင်း၌ လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့ပေသည်။
လီရွှမ်တုက…… အမှန်တကယ်ပင် မသေသေးဘူးပေါ့။
မိန်းမစိုးကောင်းက တိုက်ရိုက်မပြောသော်လည်း၊ သူ၏ အမူအရာကမူ အရာရာကို သက်သေပြနေခဲ့ပြီ ဖြစ်ပေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝမ်ချောင်၏ စိတ်ထဲ၌ များစွာ လှုပ်ခတ်သွားခဲ့ရပေသည်။
သူသည် အရင်က ခန့်မှန်းရုံသာ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ သူ၏စိတ်ထဲမှ နောက်ဆုံးသော ကံကောင်းမှု မျှော်လင့်ချက်လေးမှာ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်ပေသည်။
တစ်ခုတည်းသော အချက်မှာမူ၊ ဝမ်ချောင်အနေဖြင့် နားမလည်နိုင်သေးပေ၊ ရှန်လုံ ပုန်ကန်မှုအတွင်း၌ လူတိုင်းက လီရွှမ်တု သေချာပေါက် သေဆုံးရမည်ဟု ယူဆထားကြသော်လည်း၊ သူတော်စင် ဧကရာဇ်က ဘာကြောင့် သူ့ကို အသက်ရှင်ခွင့် ပေးခဲ့ရသနည်း။
“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကောင်းကျုံး နန်းစံနေစဉ် ဧကရာဇ်ဟောင်းက မင်းသားတစ်ပါးပဲ ရှိသေးတဲ့ အချိန်တုန်းကပေါ့၊ မဟာထန် တစ်ခုလုံးမှာ အတောက်ပဆုံးသော မင်းသားဟာ အမှန်တော့ သူတော်စင် ဧကရာဇ်မဟုတ်ဘဲ၊ နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တုပဲ ဖြစ်နေခဲ့တာ။ စာပေ၊ နိုင်ငံရေးနဲ့ စစ်ရေးစစ်ရာတွေအပြင်၊ စစ်သေနင်္ဂဗျူဟာပိုင်းမှာပါ အခြားသော မင်းသားတွေက သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ကြဘူး၊ အချို့သော အပိုင်းတွေမှာဆိုရင်တော့ အဲဒီအချိန်က သူတော်စင် ဧကရာဇ်တောင်မှ သူ့ကို မမီခဲ့တာတွေ ရှိတယ်”
“ဒါကြောင့်လည်း လီရွှမ်တုဟာ သဘာဝကျကျပဲ ဧကရာဇ်မင်းမြတ်အတွက် အစွမ်းအထက်ဆုံးသော ရန်သူနဲ့ ပြိုင်ဘက် ဖြစ်လာခဲ့တာပေါ့”
ဝမ်ချောင်၏စိတ်ထဲမှ တွေးတောမှုများကို သိရှိနေသည့်အလား၊ မိန်းမစိုးကောင်းသည် ယခုတစ်ကြိမ်တွင် ဝမ်ချောင်မေးမြန်းသည်ကို မစောင့်တော့ဘဲ ထိုစဉ်က အဖြစ်အပျက်ဟောင်းများကို လက်ဦးမှုယူလျက် ပြောပြလာခဲ့ပေသည်။
“ဒီလိုမျိုး ထူးချွန်တဲ့ သားတစ်ယောက်ကို ဘယ်သူက မနှစ်သက်ဘဲ နေမလဲ။ ကောင်းကျုံးဧကရာဇ်လည်း ကွဲပြားမှာ မဟုတ်ပါဘူး၊ ပြီးတော့ လီရွှမ်တုက မိဖုရားခေါင်ကြီးရဲ့ သားဦးလည်း ဖြစ်နေတာကြောင့်၊ အဲဒီအချိန်က ကောင်းကျုံးဧကရာဇ်ဟာ လီရွှမ်တုကိုပဲ ထီးနန်းဆက်ခံဖို့ အလိုရှိခဲ့တာ၊ အဲဒီအချိန်က သူတော်စင် ဧကရာဇ်ကို လုံးဝ မဟုတ်ခဲ့ဘူး”
“အကယ်၍ သူတော်စင် ဧကရာဇ်သာ ပေါ်မလာခဲ့ဘူးဆိုရင်တော့ အခုမဟာထန်ရဲ့ ဧကရာဇ်ဟာ အဲဒီလီရွှမ်တုပဲ ဖြစ်နေလောက်ပြီ”
ထိုစဉ်က အဖြစ်အပျက်များကို ပြန်လည်ပြောဆိုရင်း မိန်းမစိုးကောင်းသည် စိတ်မကောင်းစွာဖြင့် သက်ပြင်းချနေပေသည်။
သူသည် ငယ်စဉ်ကတည်းက နန်းတွင်းထဲ၌ ကြီးပြင်းခဲ့သူဖြစ်ရာ၊ ထိုစဉ်က အဖြစ်အပျက်များကို သဘာဝကျကျပင် အသေးစိတ် သိရှိထားသူ ဖြစ်ပေသည်။
ဘေးနားမှ နားထောင်နေသော ဝမ်ချောင်သည်လည်း စိတ်ထဲ၌ များစွာတုန်လှုပ်နေမိပေသည်။
မိန်းမစိုးကောင်းသည် သူတော်စင် ဧကရာဇ်အပေါ် အမြဲတမ်း သစ္စာရှိခဲ့သူဖြစ်ကာ၊ သူတော်စင်ဧကရာဇ်၏ ဘေးနားတွင် အယုံကြည်ရဆုံးသော နံပါတ်တစ် လက်ရုံးလည်း ဖြစ်ပေရာ၊ အနှစ်သုံးဆယ်ကျော် ကြာပြီးနောက်တွင် လီရွှမ်တုအကြောင်းကို ပြန်လည်ပြောဆိုသည့်အခါ၊ ရပ်တည်ချက်ချင်း ရန်သူဖြစ်နေသည့်တိုင်အောင် မိန်းမစိုးကောင်းက ထိုစဉ်က နန်းချခံရသော အိမ်ရှေ့မင်းသားအပေါ် ဤမျှအထိ မြင့်မားသော အသိအမှတ်ပြုမှုများ ပေးအပ်နေလိမ့်မည်ဟု ဝမ်ချောင် ထင်မှတ်မထားခဲ့ပေ၊ အချို့သော အပိုင်းများ၌ သူတော်စင်ဧကရာဇ်နှင့်ပင် ရင်ဘောင်တန်းနိုင်သည်ဟု ဆိုလိုနေခြင်း ဖြစ်၏။
“နှမြောစရာ ကောင်းတာကတော့ သူက အရမ်းကို မာနကြီးလွန်းသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း အထင်ကြီးလွန်းခဲ့တာပဲ။ အရင်တုန်းကတော့ မင်းသားတွေထဲမှာ သူ့ကို ကျော်ဖြတ်နိုင်တဲ့သူ မရှိခဲ့တော့ အဲဒီ အားနည်းချက်တွေက မသိသာခဲ့ဘူး၊ ဒါပေမဲ့ သူတော်စင်ဧကရာဇ် ပေါ်လာတဲ့အခါမှာတော့ သူ့ရဲ့ ကိုယ်ပေါ်မှာ ဖုံးကွယ်နေတဲ့ အားနည်းချက်တွေ အကုန်လုံးက တစ်ပြိုင်တည်း ပေါက်ကွဲထွက်လာခဲ့တော့တာပဲ”
“ရှန်လုံ ပုန်ကန်မှုမတိုင်ခင်ကတည်းက၊ လီရွှမ်တုနဲ့ သူတော်စင်ဧကရာဇ်တို့ကြားက ဆက်ဆံရေးဟာ ရေနဲ့မီးအလားဖြစ်နေခဲ့ပြီ၊ တစ်ယောက်ချင်းစီရဲ့ ဘေးနားမှာလည်း အရည်အချင်းရှိတဲ့ အမတ်တွေနဲ့ ဗိုလ်ချုပ်တွေ အမြောက်အမြား စုစည်းနေခဲ့ကြတာ၊ အဲဒီအချိန်ကတော့ လေးပေါ်တင်ထားတဲ့ မြှားတစ်စင်းလိုပဲ၊ ပစ်လွှတ်ဖို့ကလွဲလို့ တခြားလမ်း မရှိတော့ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတော်စင် ဧကရာဇ်ကပဲ အောင်နိုင်ခဲ့ပြီး၊ အခုလို မဟာထန်ရဲ့ စည်ပင်ဝပြောတဲ့ မဟာထန် ပေါ်ထွက်လာခဲ့တာပေါ့”
နောက်ဆုံး စကားများကို ပြောဆိုလိုက်သည့်အခါ၊ မိန်းမစိုးကောင်းသည် နက်နဲစွာ သက်ပြင်းချလိုက်ပေသည်။
ထိုစဉ်က အဖြစ်အပျက်များကို ကိုယ်တိုင် မကြုံတွေ့ခဲ့ဖူးပါက၊ ၎င်းအတွင်းရှိ အန္တရာယ်များကို နားလည်နိုင်ရန်မှာ ခက်ခဲလှပေလိမ့်မည်။
တစ်ဖြစ်ပျက်လုံးတွင် မည်သူမှားသည်။ မည်သူ မှန်သည်ဟူသည်မှာ အရေးမကြီးတော့ပေ၊ အရေးအကြီးဆုံးအချက်မှာ သူတော်စင် ဧကရာဇ်သည် နောက်ဆုံးသော အောင်နိုင်သူ ဖြစ်ခဲ့ခြင်းပင် ဖြစ်၏။
ထို့ပြင် နောက်ဆုံး ရလဒ်များအရ ကြည့်မည်ဆိုပါကလည်း ဤသည်မှာ မဟာထန်အတွက် အကောင်းဆုံးသော ရလဒ်ပင် ဖြစ်ပေတော့သည်
“ဒါဆိုရင် အဲဒီနောက်ပိုင်းမှာကော ဘာကြောင့် သူတော်စင် ဧကရာဇ်က သူ့ကို မသတ်ခဲ့တာလဲ”
ဝမ်ချောင်က မေးမြန်းလိုက်ပေသည်။
လွန်ခဲ့သော အနှစ်သုံးဆယ်က ဝမ်ချောင် မွေးဖွားခြင်းပင် မရှိသေးပေ။ ထိုအာဏာသိမ်းမှုကြီးကို ကိုယ်တိုင်မကြုံတွေ့ခဲ့ရသော်လည်း၊ ကောင်းလီရှီ၏ စကားများအရဆိုလျှင် လီရွှမ်တုဟူသော ဤပုဂ္ဂိုလ်မှာလည်း သေချာပေါက် အံ့မခန်းလှသော စွမ်းရည်များနှင့် အထက်တန်းဆန်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း ဝမ်ချောင်ခံစားသိရှိနိုင်ပေသည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး နောက်ထပ် တစ်ရက်မျှ အသက်ရှင်နေခြင်းမှာပင် သူတော်စင် ဧကရာဇ်အတွက် များစွာ ကြီးမားလှသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပေသည်။
သူတော်စင် ဧကရာဇ်က ဘာကြောင့် သူ့ကို အသက်ရှင်ခွင့် ပေးခဲ့ရသလဲဟူသည်ကို ဝမ်ချောင်နားမလည်နိုင်ဘဲ ရှိနေရပေသည်။
“ဒါကတော့……”
မိန်းမစိုးကောင်းသည် ခေတ္တမျှတွန့်ဆုတ်သွားခဲ့သော်လည်း၊ နောက်ဆုံးတွင်မူ ပြောဆိုလိုက်ပေသည်။
“ဧကရာဇ်မင်းမြတ်ရဲ့ စိတ်ကူးတွေကိုတော့ ငါလည်း ခန့်မှန်းလို့ မရပါဘူး။ အဲဒီတုန်းက ဖြစ်ရပ်တွေ ပြီးဆုံးသွားတဲ့ အချိန်မှာ ငါနဲ့ ယောင်အမတ်ချုပ်တို့က သူ့ကို အကြံပေးခဲ့ကြဖူးပါတယ်၊ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ကတော့ လုံးဝနားမထောင်ခဲ့ဘူး။ နောက်ပိုင်းမှာ သေသေချာချာ စဉ်းစားကြည့်တော့လည်း၊ ဧကရာဇ်မင်းမြတ်ဟာ ညီအစ်ကို သံယောဇဉ်ကို ငဲ့ညှာတာလည်း ဖြစ်နိုင်သလို၊ လီရွှမ်တုရဲ့ ပြိုင်ဘက်ကင်းလှတဲ့ ပါရမီတွေကို နှမြောတာလည်း ဖြစ်နိုင်ပါတယ်၊ နောက်ဆုံးတော့ သူ့ကို အသက်ရှင်ခွင့် ပေးခဲ့တာပေါ့။ အဆုံးစွန်ထိ ပြောရရင်တော့ တတိယမင်းသားရွှမ်းကိုတောင်မှ ဧကရာဇ်မင်းမြတ်က အခွင့်အရေး တစ်ကြိမ် ပေးခဲ့သေးတာပဲ မဟုတ်လား”
ဝမ်ချောင်မှာ တိတ်ဆိတ်သွားခဲ့ရ၏။
လီရွှမ်တုကဲ့သို့သော ခြိမ်းခြောက်မှုကြီးကို အကယ်၍ သူ အသက်ရှင်နေဆဲ ဖြစ်ကြောင်းကိုသာ လူအများ သိရှိသွားမည်ဆိုပါက သေချာပေါက် များစွာသော ဆူညံမှုများကို ဖြစ်ပေါ်စေမည် ဖြစ်ပေရာ သူ့အား အသက်ရှင်ခွင့် ပေးခြင်းမှာမူ အမြော်အမြင်ရှိသော လုပ်ရပ်မျိုး လုံးဝ မဟုတ်ပေ။
သို့သော်လည်း သေသေချာချာ ဆင်ခြင်သုံးသပ်ကြည့်မည်ဆိုပါက ဤသည်မှာ သူတော်စင် ဧကရာဇ်၏ အမြဲတမ်း လုပ်ဟန်မျိုး မဟုတ်ပါလား။
လောကတစ်ခုလုံးကို ကြည့်မည်ဆိုပါကလည်း ထိုကဲ့သို့သော သူများကို ထိန်းချုပ်နိုင်စွမ်း ရှိသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု အပြည့်ရှိကာ၊ ၎င်းတို့အား အောင်မြင်စွာ စီမံခန့်ခွဲနိုင်သူမှာမူ များစွာသော စွမ်းရည်များနှင့် ပြည့်စုံလျက် အချိန်အတော်ကြာကတည်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူတော်စင် ဧကရာဇ်တစ်ဦးတည်းသာ ရှိပေလိမ့်မည်။
ဤသည်မှာ “မိန်းမသားတို့၏ သနားကြင်နာမှု”မျိုး လုံးဝမဟုတ်ကြောင်း ဝမ်ချောင် ယုံကြည်ထားပေသည်။
သူတော်စင် ဧကရာဇ်၏ စိတ်နှလုံးနှင့် အရှိန်အဝါမှာမူ ဤလောကရှိ လူသားအားလုံးကို အချိန်အတော်ကြာကတည်းက ကျော်လွန်နေခဲ့ပြီ ဖြစ်ပေသည်
သို့သော်လည်း ယခုအခါမှာမူ ထိုအရာများကို ချီးကျူးနေရမည့် အချိန်မဟုတ်ပေ၊ ဝမ်ချောင် ယခု သိချင်နေသည်မှာ သူတော်စင် ဧကရာဇ်သည် သူ့အား အမှန်တကယ် ဘယ်နေရာမှာ ချုပ်နှောင်ထားသနည်း ဟူသည်ပင် ဖြစ်၏။
“ဒီကိစ္စကိုတော့ ငါလည်း သေသေချာချာ မသိပါဘူး၊ သူက နန်းတော်ရဲ့ မြေအောက်ထောင် အောက်ခြေ၊ ဆွေ့မင်းဆက်ရဲ့ စွန့်ပစ်ထားတဲ့ နန်းဆောင်တွေရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ ချုပ်နှောင်ခံထားရတယ်လို့ပဲ ဝေဝေဝါးဝါး သိထားတာ။ ဧကရာဇ်မင်းမြတ်က နှစ်စဉ် အဲဒီကို တစ်ခေါက် သွားလေ့ရှိတယ်၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း ခေါ်မသွားဘူး၊ ငါတောင်မှ လိုက်ပါခွင့် မရှိခဲ့ဘူး၊ အဲဒီနေရာရဲ့အဝင်ဝကို ဧကရာဇ်မင်းမြတ်ကလွဲလို့ ဘယ်သူမှ မသိကြဘူး”
“ဒါပေမဲ့ ပြောရမယ်ဆိုရင်တော့ မြေအောက်ထောင်အောက်ခြေကိုတော့ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က စစ်ဘုရင် ဖြစ်ရပ်ကြောင့် မင်းလည်း ရောက်ဖူးတာပဲ မဟုတ်လား”
မိန်းမစိုးကောင်းက ဆိုလိုက်ပေသည်။
“ဝုန်း”
နောက်ဆုံး စကားတစ်ခွန်းကို မိန်းမစိုးကောင်းက ရိုးရိုးလေးပဲ ပြောလိုက်ခြင်း ဖြစ်သော်လည်း၊ ဝမ်ချောင်မှာမူ အလိုအလျောက်ပင် မျက်ခုံးများ လှုပ်ခတ်သွားခဲ့ရကာ စိတ်နှလုံးအတွင်း၌ လှိုင်းလုံးကြီးများ တစ်ဖန် ပြန်လည် ထကြွလာခဲ့ပေတော့သည်။
“မြေအောက်ထောင်အောက်ခြေ…… ဆွေ့မင်းဆက် နန်းဆောင်…… နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တု ……”
လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင်၊ ဝမ်ချောင်သည် လူတစ်ယောက်ကို သတိရသွားခဲ့ပေသည်။
လွန်ခဲ့သော သုံးနှစ်ကျော်က ထိုစဉ်က သူသည် အသက် ၁၆ နှစ်သာ ရှိသေးသည်။ အစီရင်ခံစာတစ်စောင်ကြောင့် လောကတစ်ခွင်ရှိ ဟူလူမျိုးများ၏ ငြိုငြင်မှုကို ခံခဲ့ရသဖြင့်၊ သူတော်စင် ဧကရာဇ်က သူ့အား မြေအောက်ထောင် အောက်ခြေရှိ လျှို့ဝှက်လှသော အကျဉ်းထောင် တစ်ခုအတွင်းသို့ ချုပ်နှောင်ခဲ့ပေသည်။ ထိုစဉ်က သူသည် မတော်တဆ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုသူမှာ ဟင်းလင်းပြင်ကို ခြားနားလျက် စကားပြောဆိုနိုင်ခဲ့သလို သူ့အား မေးခွန်းအချို့လည်း မေးမြန်းခဲ့ဖူးပေသည်။
ဤမျှသာမကဘဲ ထိုစဉ်က ထိုလူသည် သူ့အား ဟင်းလင်းပြင်ကို ခြားနားလျက် ကျင့်စဉ်စွမ်းအားများ ပေးအပ်ခဲ့ကာ သူ့အား တစ်ဖက်မှ ကူညီပေးခဲ့သဖြင့် သူသည် ဟာကွက်များကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကာ အသေးစား ယင်ယန် အတတ်ပညာကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဝမ်ချောင်သည် ထိုသူ ဘယ်မှာ ရှိနေသနည်းဟု မေးမြန်းခဲ့ဖူးသည်ကို မှတ်မိနေသေးပေသည်။ ထိုသူကမူ သူသည် မြေအောက်ထောင်အောက်ခြေ၊ ဆွေ့မင်းဆက် နန်းဆောင်၏ အထပ် ၂၀ မြောက် အနက်ရှိုင်းဆုံး၌ ရှိနေကြောင်း ပြန်လည် ဖြေကြားခဲ့ဖူးပေသည်။
“ဒါ သူပဲလား”
ထိုခဏ၌ ဝမ်ချောင်၏ အမူအရာမှာ များစွာ ရှုပ်ထွေးသွားခဲ့ရပေသည်။
သူသည် အရင်က ထိုအကျဉ်းထောင်အတွင်း၌ မိမိတွေ့ဆုံခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်မှာ၊ ကောင်းကျုံးဧကရာဇ်ခေတ်အတွင်း၌ သူတော်စင် ဧကရာဇ်၏ အကြီးမားဆုံးသော ပြိုင်ဘက်ဖြစ်ခဲ့သူ၊ နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တု ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
“မိန်းမစိုးကောင်း ကျေးဇူးတင်ပါတယ်”
ဤအချက်ကို တွေးမိသည့်အခါတွင်မူ ဝမ်ချောင်သည် ဆက်လက်၍ မအောင့်ထားနိုင်တော့ဘဲ၊ မတ်တပ်ရပ်လျက် နှုတ်ဆက်ထွက်ခွာရန် ပြင်ဆင်လိုက်ပေသည်။
“အကယ်၍ မင်းက လီရွှမ်တုကို ဝတ်စုံမည်းဝတ်လူတွေက အသုံးချသွားမှာကို စိုးရိမ်နေတာဆိုရင်တော့ ထိုမျှအထိ စိုးရိမ်စရာ မလိုပါဘူး။ ငါ အဲဒီကို ကိုယ်တိုင် မရောက်ဖူးပေမဲ့လည်း အဲဒီနေရာမှာ သေချာပေါက် ကာကွယ်ရေးတွေ တင်းကျပ်နေမှာ ဖြစ်သလို၊ ပြင်းထန်လှတဲ့ အစီအရင်တွေနဲ့ တားမြစ် အတားအစီးတွေလည်း ရှိနေမှာပဲ၊ လီရွှမ်တုအနေနဲ့ လွတ်အောင် ထွက်ပြေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ။ အကယ်၍သာ အဲဒီလောက်အထိ လွယ်ကူနေမယ်ဆိုရင်တော့ လီရွှမ်တုရဲ့စွမ်းဆောင်ရည်နဲ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သူ လွတ်မြောက်နေလောက်ပြီ၊ အခုအချိန်အထိ စောင့်နေမှာ မဟုတ်ဘူး”
“ပြီးတော့ ဧကရာဇ်ဟောင်းကလည်း လီရွှမ်တုရဲ့အန္တရာယ်ကို နားမလည်ဘဲ မနေပါဘူး၊ သူ ဒီလိုလုပ်ဆောင်ခဲ့တာဟာ၊ သူ့ကို သေချာပေါက် ချုပ်နှောင်ထားနိုင်သလို၊ မဟာထန်ကိုလည်း ဒုက္ခမပေးနိုင်အောင် လုပ်ထားနိုင်မယ်ဆိုတာကို ယုံကြည်ချက် ရှိလို့ပဲ ဖြစ်ရမယ်”
မိန်းမစိုးကောင်းက လေးနက်သော အသံဖြင့် ဆိုလိုက်ပေသည်။
သူတော်စင် ဧကရာဇ်၏ လှည့်ကွက်များမှာ သာမန်လူတို့ မမီနိုင်သော အရာဖြစ်သလို၊ လီရွှမ်တုကဲ့သို့သော အန္တရာယ်ရှိသူကို ချုပ်နှောင်ထားသော နေရာမှာလည်း သဘာဝကျကျပင် သာမန် အကျဉ်းထောင်တစ်ခု ဖြစ်ရန် မဖြစ်နိုင်ပေ။
“နားလည်ပါပြီ”
ဝမ်ချောင်သည် မတ်တပ်ရပ်လိုက်ကာ ကိုယ်ကို ကိုင်းညွှတ်လျက် အလေးပြုပြီးနောက် လျင်မြန်စွာ အပြင်သို့ ထွက်ခွာသွားခဲ့ပေသည်။
“ခဏလေး”
ဝမ်ချောင်သည် ကိုယ်ကို လှည့်လျက် ထွက်ခွာသွားကာ ပေပေါင်း ဆယ်ဂဏန်းခန့် ရောက်ရှိသည့်အခါတွင်မူ၊ မိန်းမစိုးကောင်းသည် ခေတ္တမျှ တွန့်ဆုတ်သွားခဲ့သော်လည်း ရုတ်တရက် သူ့အား လှမ်းခေါ်လိုက်ပေသည်။
“ကိစ္စအတော်များများကို ငါ မသိပေမဲ့၊ အကယ်၍ မင်းက လီရွှမ်တုကို ရှာချင်တယ်ဆိုရင်တော့ အရင်ဆုံး ပြန်သွားပြီးတော့ သူတော်စင် ဧကရာဇ်က မင်းအတွက် ချန်ထားခဲ့တဲ့ အဲဒီ ကြေးသေတ္တာကို အရင် ရှာကြည့်လိုက်ပါဦး၊ အဲဒီထဲမှာ သဲလွန်စ တစ်ခုခု ရှိနေနိုင်တာပဲ၊ ဧကရာဇ်မင်းမြတ်က အရာရာကို အဲဒီ သေတ္တာထဲမှာပဲ ချန်ထားခဲ့တာလေ”
“ကျေးဇူးတင်ပါတယ် အမတ်မင်း”
ဝမ်ချောင်သည် ခြေလှမ်းများကို လှမ်းလိုက်ကာ မကြာမီမှာပင် မိန်းမစိုးကောင်း၏ တဲလေးအပြင်ဘက်သို့ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
……
မင်းသားစံအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသည့်အခါတွင်မူ ဝမ်ချောင်သည် သူတော်စင် ဧကရာဇ်ချန်ထားခဲ့သော လက်ရာမြောက်လှသည့် ကြေးသေတ္တာလေးကို နောက်တစ်ကြိမ် ထပ်မံဖွင့်လှစ်လိုက်ပေသည်။
သူတော်စင် ဧကရာဇ်၏ နောက်ဆက်တွဲ အစီအစဉ်များအားလုံးမှာ ဤကြေးသေတ္တာအတွင်း၌သာ ရှိနေခြင်းဖြစ်သလို၊ ကြေးသေတ္တာမှာလည်း သော့ခတ်ထားသဖြင့် မိန်းမစိုးကောင်းပင်လျှင် တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။
ဤကြေးသေတ္တာအတွင်းရှိ အရာအားလုံးကို ဝမ်ချောင်သည် အကုန်လုံး ကြည့်ရှုခဲ့ပြီး ဖြစ်သော်လည်း၊ လီရွှမ်တုနှင့်ပတ်သက်သော အရာတစ်ခုကိုမျှမူ မမြင်တွေ့ခဲ့ရပေ။
“ဒါမဖြစ်သင့်ဘူး၊ လီရွှမ်တုက သာမန်လူ မဟုတ်ဘူး၊ အကယ်၍ သူတော်စင် ဧကရာဇ်က သူ့ကို သတ်ချင်တယ်ဆိုရင် ထိုစဉ်ကတည်းက သတ်ခဲ့ပြီးသား ဖြစ်မှာပဲ၊ အခုလို သူ့ကို အသက်ရှင်ခွင့် ပေးခဲ့တယ်ဆိုရင်တော့ နောက်ပိုင်းမှာ သေသေချာချာ စီစဉ်ထားတာတွေ ရှိကို ရှိရမယ်”
ဝမ်ချောင်သည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ကာ ဆင်ခြင်သုံးသပ်နေပေသည်။
သူ၏ အကြည့်မှာ ကြေးသေတ္တာအတွင်းသို့ နောက်တစ်ကြိမ် ကျရောက်သွားခဲ့ပြန်သည်။ မှတ်တမ်းများ၊ ပေးစာများ အားလုံးကို သူ တစ်ခုချင်းစီ ဝှေ့ယမ်းကြည့်ရှုလိုက်သော်လည်း၊ နောက်ဆုံးတွင်မူ ဝမ်ချောင်၏ အကြည့်မှာ သေတ္တာအောက်ခြေရှိ ရှစ်လက်မခန့် ရှည်လျားသော ကြေးသော့ တစ်ချောင်းပေါ်သို့ ကျရောက်သွားသည့် ခဏ၌ သူ၏ စိတ်နှလုံးမှာ ဝုန်းခနဲ တုန်ခါသွားခဲ့ရပေတော့သည်။
ဤကြေးသော့ကို ဝမ်ချောင်သည် အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသော်လည်း၊ ယခုတစ်ကြိမ် ဝမ်ချောင်အား ဆွဲဆောင်လိုက်သည်မှာ သော့ကိုယ်တိုင် မဟုတ်ဘဲ၊ ကြေးသော့၏ မျက်နှာပြင်ပေါ်ရှိ သတိမထားမိနိုင်လောက်အောင် သေးငယ်လှသော နန်းဆောင်ပုံသဏ္ဌာန် ထွင်းစာလုံးများပင် ဖြစ်ပေသည်။
ထိုနန်းဆောင်များ၏ ပုံစံမှာ မဟာထန်နှင့် လုံးဝကွဲပြားခြားနားနေပေသည်။
အရေးအကြီးဆုံးအချက်မှာမူ၊ ထိုနန်းဆောင်များအနက် တစ်ခု၏ဆိုင်းဘုတ်ပေါ်၌မူ၊ ဝမ်ချောင်သည် အလွန်အမင်း သေးငယ်လှသော “ဆွေ့” ဟူသော စာလုံးလေးတစ်ခုကို ထင်ရှားစွာ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ပေတော့သည်။