အခန်း (၂၀၉၃-၂၀၉၅)
Vol. 129 Ch. 2093-2095
အခန်း (၂၀၉၃) မြေအောက်မှ လျှို့ဝှက်ဆန်းကြယ်သော စီနီယာနှင့် ပြန်လည်တွေ့ဆုံခြင်း
“ဒါက ဆွေ့မင်းဆက်ရဲ့ နန်းဆောင်တွေပဲ”
ဝမ်ချောင်သည် စိတ်နှလုံးအတွင်း၌ သိသိသာသာ တုန်လှုပ်သွားခဲ့ရပြီး၊ တစ်စုံတစ်ရာကို ချက်ချင်းပင် ထိုးဖောက်သိမြင်သွားခဲ့လေသည်။ သူသည် သေတ္တာအောက်ခြေ၌ရှိသော ကြေးသော့ကို ဆွဲယူပြီးနောက် စံအိမ်အတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပေတော့သည်။
……
ညဉ့်အမှောင်ထုသည် နက်ရှိုင်းလျက်ရှိရာ နန်းတွင်းရှိ မြေအောက်ထောင်၏ အပြင်ဘက်၌မူ ခန့်ညားထည်ဝါသော ပုံရိပ်နှစ်ခုသည် ပခုံးချင်းယှဉ်လျက် ရပ်တန့်နေကြလေသည်။
“ဒီသော့က မြေအောက်ထောင်ရဲ့ မြေအောက်အနက်ရှိုင်းဆုံး၊ ဆွေ့မင်းဆက် နန်းဆောင်တွေထဲမှာ ခင်းကျင်းထားတဲ့ အစီအရင်တွေနဲ့ တားမြစ် အတားအစီးအားလုံးရဲ့ အဓိက ဗဟိုချက်ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့မိဘူး”
ဝမ်ချောင်သည် သူ၏ရှေ့မှောက် ဟင်းလင်းပြင်၌ လွင့်မျောနေလျက် ရွှေဝါရောင် အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ်နေသော ကြေးသော့ကို ကြည့်ရှုရင်း၊ စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိလေသည်။ သေသေချာချာ အာရုံစိုက်ကြည့်ရှုလိုက်ပါက၊ ထိုကြေးသော့ပေါ်မှနေ၍ အလင်းတန်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ရောယှက်နေကြကာ၊ ဟင်းလင်းပြင် ဗလာနယ်အတွင်း၌ မြေအောက်ထောင် အောက်ခြေ၏ သေးငယ်လှသော ပုံစံတူ ပြကွက်တစ်ခုကို ဖန်တီးနေပေသည်။ အကျဉ်းထောင်၏ တည်ဆောက်ပုံ အစိတ်အပိုင်းများအပြင်၊ ပတ်ဝန်းကျင်၌ တပ်ဆင်ထားသော အစီအရင်များနှင့် တားမြစ် အတားအစီးအားလုံးကိုပါ အသေးစိတ် ထင်ရှားစွာ ပြသနေခြင်းပင် ဖြစ်၏။
“စီနီယာ ကျွန်တော်တို့တွေလည်း လူချင်းတွေ့ရမယ့် အချိန်ကို ရောက်ခဲ့ပါပြီ”
ဝမ်ချောင်သည် သူ၏ ရှေ့မှောက်ရှိ မြေအောက်ထောင်ကို စိုက်ကြည့်လျက် စိတ်ထဲမှနေ၍ တိတ်တဆိတ် ရေရွတ်လိုက်လေသည်။
“စရအောင်”
ဝမ်ချောင်က လက်ကို ဆန့်ထုတ်လိုက်ပြီး ဘေးနားရှိ ပထမ ရှန်ထိုက်၏ ပုခုံးကို ဆွဲကိုင်လိုက်ပေသည်။ များမကြာမီမှာပင် ပထမ ရှန်ထိုက်၏ မျက်ဝန်းအတွင်းမှ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ၊ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကို ချက်ချင်းပင် စတင် လှုပ်ရှားစေလိုက်ပေတော့သည်။
ပတ်ဝန်းကျင်၌ အလင်းတန်းများ လှုပ်ခတ်သွားခဲ့ပြီး၊ ခိုင်မာလှသော မြေပြင်ကြီးမှာ ပင်လယ်လှိုင်းတံပိုးများအလား လှိုင်းတွန့်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ပထမ ရှန်ထိုက်၏ စွမ်းဆောင်ရည်ကို အမှီပြုလျက်၊ လူနှစ်ဦးသည် မြေအောက်ကမ္ဘာအတွင်းသို့ လျင်မြန်စွာ လျှိုးဝင် ပျောက်ကွယ်သွားခဲ့ကြပေပြီ။
မြေအောက်ကမ္ဘာသည် မှောင်မိုက်တိတ်ဆိတ်နေသော်လည်း၊ ရှုပ်ထွေးလှသော မြေအောက် တားမြစ် အတားအစီးများဆီမှနေ၍ အလင်းတန်းများမှာ ဝေဝါးစွာ ထွက်ပေါ်နေပေသည်။ မြေအောက်ထောင် တစ်ခုတည်းသာမက၊ နန်းတော်တစ်ခုလုံး၏ မြေအောက်နယ်ပယ်တွင်မူ တားမြစ် အတားအစီးများမှာ ပြည့်နှက်နေခြင်း ဖြစ်ပေသည်။ သို့သော်လည်း လက်ဝယ်ရှိ ကြေးသော့ကြောင့်သာလျှင်၊ တားမြစ် အတားအစီး အားလုံးမှာ ရေစီးကြောင်းများအလား ဝမ်ချောင်ကို အလိုအလျောက် ရှောင်ကွင်းပေးနေကြလေသည်။ ဝမ်ချောင်သည် ပထမ ရှန်ထိုက်၏ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကို အသုံးပြုလျက်၊ ဟင်းလင်းပြင် အထပ်ထပ်ကို ဖောက်ထွက်ဖြတ်ကျော်ကာ စွန့်ပစ်ထားသည့် ဆွေ့မင်းဆက် နန်းဆောင်များ၏ အနက်ရှိုင်းဆုံးသော နေရာဆီသို့ တန်းတန်းမတ်မတ် ဦးတည်ဝင်ရောက်သွားခဲ့ပေတော့သည်။
စွန့်ပစ်ထားသော နန်းဆောင် အဆင့်ဆင့်ကို ကျော်လွန်ခဲ့ပြီး၊ နဂါးရုပ်များ ထွင်းထုထားသည့် အနီရောင် တိုင်လုံးကြီးများကို ဖြတ်ကျော်လာခဲ့ရာ၊ အချိန်မည်မျှ ကုန်လွန်သွားသည် မသိရဘဲ၊ ဝမ်ချောင်သည် ထိုစွန့်ပစ်ထားသော ဆွေ့မင်းဆက် နန်းဆောင်များ၏ အနက်ရှိုင်းဆုံးသော အောက်ခြေသို့ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပေပြီ။
“ဝုန်း”
နောက်ဆုံးသော အခိုက်အတန့်၌မူ၊ ဝမ်ချောင်၏ လက်ဝယ်ရှိ ကြေးသော့သည် တစ်စုံတစ်ရာသော ဆွဲငင်မှုကို ခံရသည့်အလား အလိုအလျောက် ပျံထွက်သွားခဲ့ပြီး၊ ရှေးဟောင်း သံနက်တံခါးကြီး၏ သော့ပေါက်အတွင်းသို့ တိတိကျကျ ဝင်ရောက်သွားခဲ့လေသည်။ ကျယ်လောင်လှသော မြည်ဟည်းသံကြီးနှင့်အတူ တံခါးကြီးမှာ ပွင့်ဟသွားခဲ့ကာ၊ ၎င်းအတွင်းမှ မီးခိုးငွေ့များသည် အရှိန်အဟုန်ဖြင့် တိုးထွက်လာပေတော့သည်။ လူအများ၏ မေ့လျော့ခြင်းကို ခံထားရသော လျှို့ဝှက်ချက်များ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုသည်၊ တံခါးချပ်များ ပွင့်ဟလာသည်နှင့်အမျှ ဝမ်ချောင်၏ ရှေ့မှောက်တွင် တစ်စတစ်စ ပေါ်ထွက်လာခဲ့ပေပြီ။
“ကောင်လေး၊ မင်းကိုး”
တံခါးကြီး ပွင့်ဟလာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင်၊ အလွန်အမင်း အေးစိမ့်တည်ငြိမ်လှကာ ရင်းနှီးနေသော အသံတစ်ခုသည် သူတို့နှစ်ဦး၏ နားထဲသို့ တိုးဝင်လာခဲ့လေသည်။ နက်ရှိုင်းလှသော နောက်ကွယ်ဆီမှ ပြင်းထန်သော အရှိန်အဝါတစ်ခုသည် နှောင့်ယှက်ခံလိုက်ရသည့်အလား နိုးထလာခဲ့ပေတော့သည်။
“ဂျလွန်း ဂျလွန်း”
ထို့နောက်တွင်မူ ကျယ်လောင်လှသော သံကြိုးခတ်သံများ ထွက်ပေါ်လာခဲ့ပြီးနောက်၊ ရှည်လျားလှသော တိတ်ဆိတ်ငြိမ်သက်မှုကြီးသည် စတင်သွားခဲ့ပြန်လေသည်။
ထိုရင်းနှီးလှသောအသံကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားခဲ့ပြီး မျက်ဝန်းများ ခေတ္တမျှ ဝေဝါးသွားခဲ့သော်လည်း၊ ချက်ချင်းပင် စိတ်ကို ပြန်လည်စုစည်းလိုက်ပေသည်။ သူသည် အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလျက် တံခါးကို ကျော်ဖြတ်ကာ၊ မြေအောက်ထောင်အောက်ခြေရှိ ဆွေ့မင်းဆက် နန်းဆောင်များ၏ အနက်ရှိုင်းဆုံးသော နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ပေပြီ။
ပထမဦးဆုံး အနေဖြင့်မူ ဝမ်ချောင်သည် နက်ပြာရောင်ရှိသော နန်းဆောင်ကြီး တစ်ခုကို မြင်တွေ့လိုက်ရပေသည်။ ကြမ်းပြင်ပေါ်၌ အပြာရောင် ကျောက်ပြားများကို စနစ်တကျ ခင်းကျင်းထားပြီး၊ ကျောက်ပြား တစ်ချပ်ချင်းစီပေါ်၌မူ ရှေးမူမပျက်သော နဂါးပုံသဏ္ဌာန်များကို လက်ရာမြောက်စွာ ထွင်းထုထားပေသည်။ ထိုနဂါးရုပ်များသည် မဟာထန်၏ နဂါးရုပ်ဟန်များနှင့် သိသိသာသာ ကွဲပြားနေပြီး၊ ဟန်မင်းဆက်၏ အနုပညာလက်ရာများနှင့် ပိုမိုနီးစပ်နေလေသည်။
“ဒါက ဆွေ့မင်းဆက်ရဲ့အလွန်အရေးပါတဲ့ ဧရာမ နန်းဆောင်ကြီး တစ်ခုပဲ”
ဝမ်ချောင်၏ဦးနှောက်အတွင်း၌ အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီး ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့လေသည်။
နန်းဆောင်ကြီးသည် အလွန်ပင် ဟာလာဟင်းလင်းဖြစ်နေကာ အတွင်း၌လည်း တိတ်ဆိတ်ငြိမ်သက်နေပေသည်။ မြေအောက် အနက်ရှိုင်းဆုံး၌ တည်ရှိနေသော်လည်း၊ ဝမ်ချောင် ထင်မှတ်ထားသကဲ့သို့ စိုစွတ်ထိုင်းမှိုင်းခြင်း မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် များစွာသန့်ရှင်းလတ်ဆတ်နေခြင်း ဖြစ်ပေသည်။ မြေအောက်၏ ပြင်းထန်သော မီးခိုးငွေ့များကြားမှပင် ဝမ်ချောင်သည် စန္ဒကူးနံ့သဲ့သဲ့လေးကိုပင် ရရှိနေဆဲဖြစ်ရာ၊ ဤနေရာသည် အကျဉ်းထောင် တစ်ခုနှင့် မတူဘဲ၊ လူအများ မေ့လျော့နေကြသော ခမ်းနားထည်ဝါသည့် နန်းဆောင်တစ်ခုနှင့် ပိုမို တူညီနေပေသည်။
သို့သော်လည်း မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝမ်ချောင်သည် စိတ်အာရုံကို ပြန်လည်စုစည်းလိုက်ပြီး၊ သူ ခံစားသိရှိနေရသော ရင်းနှီးသည့် အရှိန်အဝါတည်ရှိရာဆီသို့ လျှောက်လှမ်းသွားခဲ့ပေတော့သည်။
ခေတ္တအကြာတွင်မူ ဤဆွေ့မင်းဆက် နန်းဆောင်များ၏ အနက်ရှိုင်းဆုံးသောနေရာ၌ လွန်ခဲ့သည့် သုံးနှစ်ကျော်က အသံပိုင်ရှင်ကို ဝမ်ချောင်နောက်ဆုံးတွင် မျက်မြင်တွေ့လိုက်ရပေပြီ။
စိတ်ထဲမှနေ၍ ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း၊ ထို ပုံရိပ်ကို မြင်တွေ့လိုက်ရသည့် ခဏ၌ ဝမ်ချောင်၏ ရင်ထဲတွင် ပြင်းထန်သော တုန်လှုပ်မှုကို ခံစားလိုက်ရပေသည်။
ဆွေ့မင်းဆက် နန်းဆောင်၏ အနက်ရှိုင်းဆုံး၊ ဧရာမ ခရမ်းရွှေရောင် နဂါးတိုင်ကြီးနှစ်တိုင်၏ ကြားဝယ်၊ လူတစ်ရပ်မက မြင့်မားသော လေးထောင့်ပုံသဏ္ဌာန် ပလ္လင်တစ်ခု တည်ရှိနေပေသည်။ ထိုမြင့်မားသော ပလ္လင်ပေါ်၌မူ ခန့်ညားသော ပုံရိပ်တစ်ခုသည် အနက်ရောင်နှင့်ရွှေရောင် ရောယှက်နေသော ဝတ်ရုံကို ဝတ်ဆင်ထားကာ ပြင်းထန်ထက်မြက်သော အရှိန်အဝါများနှင့်အတူ ထိုင်နေသည်ကို မြင်တွေ့ရပေသည်။
သူ၏ဆံနွယ်ရှည်များသည် ဖရိုဖရဲ ဖုံးအုပ်နေသဖြင့် မျက်နှာကို သေသေချာချာ မမြင်ရသော်လည်း လှမ်းကြည့်လိုက်ရုံမျှဖြင့် ထိုသူ၏ ကိုယ်ပေါ်ရှိ မွေးရာပါ တင့်တယ်လျက် မြင့်မြတ်လှသော အရှိန်အဝါကို ဝမ်ချောင်ကောင်းစွာ ခံစားနေရပေသည်။
သို့သော်လည်း ထိုသူ၏ အခြေအနေမှာမူ ထင်မှတ်ထားသကဲ့သို့ မကောင်းမွန်လှပေ။
သူ၏ခြေထောက်နား၌မူ ပလ္လင်အတွင်းမှ ထွက်ပေါ်လာသော တုတ်ခိုင်လှသည့် သံကြိုးနှစ်ချောင်းသည်၊ အနက်ရောင် ရွှေဝတ်ရုံ အတွင်းသို့ တိုးဝင်သွားသည်ကို ဝမ်ချောင် ထင်ထင်ရှားရှား မြင်တွေ့နေရပေသည်။ ထိုအထဲမှ သံကြိုးတစ်ချောင်းမှာမူ၊ အပြင်ဘက်သို့ ပေါ်ထွက်နေသော ထိုသူ၏ ခြေကျင်းဝတ်ကို မြဲမြံစွာ ခတ်နှိပ်ထားခြင်းပင် ဖြစ်၏။
ထိုသူသည် သစ်ငုတ်တို တစ်ခုကဲ့သို့ပင် ငြိမ်သက်စွာ ထိုင်နေပေသည်။
ထိုသူ၏ အရှိန်အဝါများကို အတွင်း၌သာ ထိန်းချုပ်ထားသော်လည်း၊ ဝမ်ချောင်မှာမူ ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုနိုင်လောက်သည့် မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လှသော ဖိအားများကို ခံစားနေရဆဲ ဖြစ်ပေသည်။
ရက်စက်ကြမ်းကြုတ်လှသည်။ အန္တရာယ် ကြီးမားလှသည်။
ဤသည်မှာ ဝမ်ချောင်၏ ပထမဆုံးသော ခံစားချက်ပင် ဖြစ်ပေတော့သည်။
သို့သော်လည်း အရေးအကြီးဆုံးအချက်မှာမူ၊ ထိုသူ၏ကိုယ်ပေါ်မှနေ၍ ဝမ်ချောင်သည် လွန်ခဲ့သည့် သုံးနှစ်ကျော်က ရင်းနှီးခဲ့သော အငွေ့အသက်များကို တစ်ဖန် ပြန်လည် ခံစားလိုက်ရခြင်းပင် ဖြစ်၏။
အချိန်များ ပြောင်းလဲသွားခဲ့သော်လည်း၊ ဝမ်ချောင်သည် ယခုကဲ့သို့သော အခြေအနေမျိုး၌ ထိုစဉ်က အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ခဲ့သည့် စီနီယာနှင့် ပြန်လည်တွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့မဟုတ် လွန်ခဲ့သော အနှစ်သုံးဆယ်ကျော်က လောကတစ်ခွင်၌ ကျော်ကြားခဲ့သည့် နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တုပင် ဖြစ်ပေတော့သည်။
အတွေးစုံတို့သည် ဦးနှောက်အတွင်း၌ လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပြီးနောက်၊ ဝမ်ချောင်သည် သတိပြန်လည်ဝင်လာကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ကျယ်လောင်သော အသံဖြင့် ဆိုလိုက်လေသည်။
“ကျွန်တော် ဝမ်ချောင်ပါ၊ စီနီယာ ကို ဂါရဝပြုပါတယ်!”
ဝမ်ချောင်၏ နှုတ်ဆက်စကားကို ကြားလိုက်ရသည့်အခါ၊ မြေအောက်နန်းဆောင်၏ မြင့်မားလှသော ပလ္လင်ပေါ်၌ အနက်ရောင် ရွှေဝတ်ရုံကို ဝတ်ဆင်လျက် လှုပ်ရှားမှုမရှိဘဲ ထိုင်နေသော ထိုပုံရိပ်၏ ဖရိုဖရဲ ဖြစ်နေသည့် ဆံနွယ်ရှည်များသည် ဝုန်းခနဲ လှုပ်ခတ်သွားခဲ့လေသည်။ ထို့နောက်တွင်မူ ရက်စက်လှသော လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့ပေတော့သည်။
“မင်းက ငါ့ကို မှတ်မိနေသေးတာပဲ၊ ဘာလဲ… အလိမ်အညာလေး အခုထိတောင်မှ ငါ့ကို ထပ်ပြီးလာလိမ်ချင်သေးတာလား”
ထိုအေးစိမ့်လှသော အသံနှင့်အတူ မြင့်မားလှသည့် ပလ္လင်ပေါ်က ခန့်ညားသော ပုံရိပ်သည် ခေါင်းကို အနည်းငယ် မော့လိုက်လေသည်။ မည်သည့် ခံစားချက်မျှ ပါဝင်ခြင်းမရှိဘဲ အေးစိမ့်နေသည့် မျက်ဝန်းတစ်စုံသည် ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်များကြားမှနေ၍ လျှပ်စီးလက်သည့်အလား ဝမ်ချောင်ကို စူးစိုက်ကြည့်လိုက်ပေသည်။
ထိုခဏ၌ မှောင်မိုက်နေသည့် မြေအောက်နန်းဆောင် အတွင်း၌ မိုးကြိုးအလင်းတန်းများ ဝေဝါးစွာ လက်သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားခဲ့ရလေသည်။
တစ်ချိန်တည်းမှာပင် နန်းဆောင်၏ အခြားတစ်ဖက်၌ရှိသော ဝမ်ချောင်သည် စိတ်နှလုံးအတွင်း၌ ထိတ်လန့်သွားခဲ့ရကာ အန္တရာယ်အငွေ့အသက်များကို ချက်ချင်းပင် ခံစားလိုက်ရပေသည်။ သို့သော်လည်း ခဏအတွင်းမှာပင် ဝမ်ချောင်သည် မျက်မှောင်ကို ကြုတ်လိုက်မိလေသည်။
“လိမ်ညာသူ ဟုတ်လား။ စီနီယာ ဘာကြောင့် အဲဒီလို ပြောရတာလဲ”
ဝမ်ချောင်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်ပေသည်။
“ဟွန်း.. ငါ့ရှေ့မှာ ငြင်းချင်သေးတာလား? အရင်တုန်းက မင်း ဒီမြေအောက်ထောင်ရဲ့ အနက်ရှိုင်းဆုံးကို ရောက်လာတုန်းက၊ မင်းကို လီထိုက်ယီက လုပ်ကြံလိုက်တာလို့ ငါ ထင်ခဲ့လို့ ငါက တမင်တကာ မင်းကို ကူညီခဲ့တာ။ ဒါပေမဲ့ အခု မင်းရဲ့ ဝတ်စားဆင်ယင်မှုက မြင့်မြတ်နေသလို၊ ခါးက တံဆိပ်ကလည်း မင်းဟာ မင်းသားအဆင့်အထိ ရောက်နေပြီဆိုတာ ပြနေတာပဲ။ ကြည့်ရတာ မင်းဟာ လီထိုက်ယီရဲ့ အားကိုးရဆုံး လက်ရုံးဖြစ်နေပြီပေါ့။ ဘာလဲ၊ ငါက ဒီမြေအောက်ထဲမှာ ပိတ်မိနေလို့ ဘာမှ မသိဘူးလို့ မင်း ထင်နေတာလား”
“ဒါ့အပြင် ဒီနေရာက အလွန်ကို လျှို့ဝှက်တာ၊ လီထိုက်ယီရဲ့သော့ မရှိဘဲနဲ့ အပြင်လူ ဘယ်သူမှ ဝင်လာလို့ မရဘူး။ ဒါကိုလည်း မင်း ငြင်းချင်သေးတာလား”
နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အချိန်တွင်မူ၊ မြင့်မားလှသော ပလ္လင်ပေါ်က ပုံရိပ်၏ မျက်ဝန်းအတွင်း၌ ရန်လိုမှုများ ပြည့်နှက်နေခဲ့ပေပြီ။
ဝမ်ချောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်နှလုံး လေးလံသွားခဲ့ရလေသည်။ အရင်တုန်းက မြေအောက်ထောင်အတွင်း၌ တွေ့ဆုံခဲ့ဖူးသည့် ထိုလျှို့ဝှက်ဆန်းကြယ်သော စီနီယာအပေါ်၌ ဝမ်ချောင်သည် အမှန်တကယ်တော့ အထင်ကြီးလေးစားမှုများ ရှိခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါတွင်မူ ထိုသူသည် သူတော်စင် ဧကရာဇ်အပေါ်၌ အစွဲအလမ်းနှင့် ရန်ငြိုးများ အလွန်အမင်း ကြီးမားနေဟန် ရှိပေသည်။
ဝမ်ချောင်သည် တစ်စုံတစ်ရာကို ရှင်းပြလိုသော်လည်း၊ လီရွှမ်တုနှင့် သူတော်စင် ဧကရာဇ် ကြားရှိ ရန်ငြိုးများ၊ ထို့ပြင် တစ်ဖက်လူသည် သူတော်စင် ဧကရာဇ်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရကာ ထီးနန်းဆက်ခံခွင့်ပါ ဆုံးရှုံးခဲ့ရခြင်းများကို ပြန်လည်တွေးတောမိသည့်အခါ၊ သူသည် စကားစ ဆွံ့အသွားခဲ့ရပေသည်။
“စီနီယာ နားလည်မှု လွဲနေပါပြီ၊ အဲဒီအချိန်က ကျွန်တော်ဟာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။ ပြီးတော့ စစ်ဘုရင် ဖြစ်ရပ်ကြောင့် သူတော်စင် ဧကရာဇ်ရဲ့ အငြိုအငြင်ကို ခံရပြီး မြေအောက်ထောင်အတွင်းကို အမှန်တကယ် ပို့ဆောင်ခံခဲ့ရတာပါ။ ဒီအချက်မှာတော့ ဝမ်ချောင်အနေနဲ့ စီနီယာကို လိမ်ညာခဲ့တာ မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်”
ဝမ်ချောင်သည် ခေတ္တမျှ ရပ်နားပြီးနောက် ဆက်လက် ပြောဆိုလိုက်လေသည်။
“ကျွန်တော် အခု လာရောက်တာကလည်း၊ အရင်တုန်းက စီနီယာ ကူညီပေးခဲ့တဲ့ ကျေးဇူးကို အထူးပဲ ကျေးဇူးတင်လိုလို့ပါ”
“အို…”
ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည့်အခါ နန်းဆောင်အတွင်းရှိ အေးစိမ့်သော မျက်ဝန်းတစ်စုံသည် အနည်းငယ် ကျုံ့သွားခဲ့ပြီး နောက်ဆုံးတွင်မူ အနည်းငယ် နူးညံ့သွားခဲ့ပေသည်။ သို့သော်လည်း များမကြာမီမှာပင် ပြန်လည်၍ ထက်မြက်လာခဲ့ပြန်လေသည်။
“ကျေးဇူး အနည်းအကျဉ်းပါပဲ၊ ပြောနေစရာ မလိုအပ်ပါဘူး။ ပြီးတော့ မင်းရဲ့အခုလက်ရှိ ကျင့်စဉ်အရဆိုရင်၊ အဲဒီအချိန်တုန်းက အကူအညီဟာ မင်းအတွက် ဘာမှမဟုတ်တော့ပါဘူး။ ပြောစမ်းပါဦး၊ မင်း ဒီနေရာကို တကူးတက ပေါ်လာရတာ အမှန်တကယ် ဘာလုပ်ချင်လို့လဲ”
နန်းဆောင်အတွင်းရှိ မြင့်မားလှသော ပလ္လင်ပေါ်၌ ထိုင်နေသော ထိုပုံရိပ်သည် ဝမ်ချောင်ကို နက်နဲလှသည့် သံသယများဖြင့် စူးစိုက်ကြည့်နေခဲ့ပေတော့သည်။
ဝမ်ချောင်သည် ထိုစကားကို ကြားသည့်အခါ တိတ်ဆိတ်သွားခဲ့ရလေသည်။
ဝမ်ချောင် ခံစားနေရသည်မှာမူ ပလ္လင်ပေါ်ရှိ ပုဂ္ဂိုလ်သည် သံသယ အလွန်ကြီးမားနေခြင်းပင် ဖြစ်ပေသည်။ မဟုတ်ပေ၊ သံသယကြီးမားခြင်းထက်၊ သူတော်စင် ဧကရာဇ်နှင့် အတိတ်က အဖြစ်အပျက်များအပေါ်၌ အစွဲအလမ်းများ များစွာကြီးမားနေခြင်းသာ ဖြစ်ပေသည်။ ထိုသူ၏ စိတ်အတွင်း၌မူ ဝမ်ချောင်သည် သူတော်စင် ဧကရာဇ်နှင့် တစ်သားတည်းဖြစ်ကြောင်း အမှတ်အသား ပြုခြင်း ခံထားရဟန် ရှိပေသည်။ ထိုသူ၏ ယုံကြည်မှုကို ရရှိရန်မှာမူ လုံးဝ မလွယ်ကူလှသော ကိစ္စပင် ဖြစ်၏။
အရင်တုန်းကဆိုပါက ထားလိုက်ပါဦး၊ ယခုအခါ သူတော်စင် ဧကရာဇ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သလို၊ ရှန်လုံ ပုန်ကန်မှုမှာလည်း အနှစ်သုံးဆယ်ကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။ ထို့ပြင် မိမိရှေ့မှ ပုဂ္ဂိုလ်သည် အတိတ်က နန်းချခံရသော အိမ်ရှေ့မင်းသား လီရွှမ်တုဖြစ်ကြောင်း သိရှိလိုက်ရရုံသာမက၊ အရင်ကလည်း သူ၏ ကျေးဇူးကို ခံယူဖူးသဖြင့်၊ ဝမ်ချောင်သည် ထိုသူအား ဤကဲ့သို့ပင် တစ်သက်လုံး ပိတ်လှောင်ခံထားရသည်ကို ကြည့်ရှုရင်း စိတ်အတွင်း၌ မနေနိုင် မထိုင်နိုင် ဖြစ်နေခဲ့ရခြင်းပင် ဖြစ်ပေသည်။
“စီနီယာ ကျွန်တော့်မှာ နားမလည်တဲ့ အချက်တစ်ခု ရှိနေလို့ စီနီယာ လမ်းညွှန်ပေးဖို့ တောင်းဆိုချင်ပါတယ်”
ဝမ်ချောင်သည် ကိုယ်ကို ကိုင်းညွှတ်လျက် ရုတ်တရက် စကားဆိုလိုက်လေသည်။
“မင်း ဘာမေးချင်တာလဲ”
ပလ္လင်ပေါ်ရှိ ပုဂ္ဂိုလ်က အေးစက်စွာ မေးမြန်းလိုက်ပေသည်။
“စီနီယာဟာ…… လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က၊ ကောင်းကျုံးဧကရာဇ်ခေတ်တုန်းက အိမ်ရှေ့မင်းသားဖြစ်ခဲ့တဲ့ လီရွှမ်တုများလား ခင်ဗျာ”
ဝမ်ချောင်သည် အမူအရာ တည်ကြည်သွားခဲ့ပြီး ကိုယ်ကို မတ်မတ်ထားလျက် ရိုသေစွာဖြင့် ကိုယ်ကို ကိုင်းညွှတ် အလေးပြုပြီးနောက်၊ ကျယ်လောင်သော အသံဖြင့် မေးမြန်းလိုက်ပေတော့သည်။ ထိုခဏ၌ နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး ဝမ်ချောင်၏ အသံမှာ မြေအောက်ဟင်းလင်းပြင် တစ်ခွင်လုံး၌ ပဲ့တင်ထပ်နေခဲ့လေသည်။
“ကောင်းကျုံးဧကရာဇ်…… အိမ်ရှေ့မင်းသား…… ဒီစကားလုံးတွေကို မကြားရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ”
အချိန်အတော်ကြာပြီးမှသာ တိုးတိုးလေး ရေရွတ်သံများ နန်းဆောင်အတွင်း၌ ထွက်ပေါ်လာပေသည်။ ဝမ်ချောင်ရဲ့ စကားကို ကြားလိုက်ရသည့်အခါ မြင့်မားလှသော ပလ္လင်ပေါ်က ပုဂ္ဂိုလ်သည် ခေါင်းကို မော့ကြည့်လိုက်ပြီး နန်းဆောင်၏အမိုးကို စိုက်ကြည့်နေပေသည်။ သူ၏ ကိုယ်ပေါ်၌မူ ထူးခြားလှသော လှုပ်ခတ်မှု အနည်းငယ် ပေါ်ထွက်လာခဲ့သော်လည်း၊ ခေတ္တအတွင်းမှာပင် ထိုသူသည် သတိပြန်လည်ဝင်လာခဲ့ကာ၊ အေးစိမ့်လှသော အရှိန်အဝါများသည် ထက်မြက်စွာဖြင့် ဝမ်ချောင်ပေါ်သို့ တစ်ဖန် ပြန်လည်ကျရောက်လာခဲ့ပြန်သည်။
“ကောင်လေး၊ မင်း အမှန်တကယ် ဘာလုပ်ချင်နေတာလဲ? လီထိုက်ယီက မင်းကို သော့တွေတောင် ပေးအပ်ခဲ့တာပဲ၊ ငါ ဘယ်သူလဲဆိုတာကိုရော မင်းကို မပြောပြခဲ့ဘူးလား။ သိသိကြီးနဲ့ လာမေးနေတာပဲ”
ဤစကားများသည်မူ သူသည် မည်သူဖြစ်ကြောင်းကို ဝန်ခံလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။ နောက်ဆုံး စကားကို ပြောဆိုလိုက်သည့် အချိန်တွင်မူ၊ လီရွှမ်တု၏ ကိုယ်ပေါ်မှနေ၍ အေးစိမ့်လှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ ခဏချင်းမှာပင် မြေအောက်တစ်ခုလုံး၏ အပူချိန်မှာ ဝုန်းခနဲ ကျဆင်းသွားခဲ့ရပေတော့သည်။ ပတ်ဝန်းကျင် နံရံများပေါ်ရှိ မီးအိမ်များပင်လျှင် ဖူးခနဲ မြည်သံနှင့်အတူ အလင်းရောင်များ မှိန်ဖျော့သွားခဲ့ရလေသည်။
ဝမ်ချောင်သည် မျက်မှောင်ကို ကြုတ်လိုက်မိလေသည်။ သူတော်စင် ဧကရာဇ်က သူ့အား ကြေးသော့ကို ချန်ထားပေးခဲ့သည်မှာ မှန်ကန်သော်လည်း၊ လီရွှမ်တုနှင့် ပတ်သက်သည့် အကြောင်းအရာကိုမူ တစ်လုံးတစ်ပါဒမျှ မဟခဲ့သည်မှာ အမှန်ပင် ဖြစ်ပေသည်။
သို့သော်လည်း ဤအချက်ကိုမူ ဝမ်ချောင်အနေဖြင့် လီရွှမ်တုကို မည်သို့ပင် ရှင်းပြစေကာမူ၊ တစ်ဖက်လူအနေဖြင့် လက်ခံနိုင်ရန်မှာ များစွာ ခဲယဉ်းလှပေလိမ့်မည်။
******
အခန်း (၂၀၉၄) လီလင်ဖူနှင့် လီရွှမ်တု
“စီနီယာ ကျွန်တော်မျိုးမှာ မကောင်းတဲ့ စိတ်ရည်ရွယ်ချက် မရှိပါဘူး။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်က ကိစ္စတွေဟာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာထက် အရာအားလုံးက အတိတ်ဖြစ်သွားပါပြီ။ သူတော်စင်ဧကရာဇ်တောင်မှ အခုဆိုရင် မရှိတော့ပါဘူး။ အကယ်၍ စီနီယာအနေနဲ့ အတိတ်က ရန်ငြိုးအာဃာတတွေကို အကုန်လုံး လွှတ်ချနိုင်မယ်၊ အခုလက်ရှိ သူတော်စင် ဧကရာဇ်ရဲ့ သားမြေးတွေနဲ့ ရန်မဖြစ်တော့ဘူးလို့ ကတိပေးနိုင်မယ်ဆိုရင်၊ ကျွန်တော်မျိုးအနေနဲ့ ကိုယ်တိုင် ဆုံးဖြတ်ပြီး စီနီယာကို အပြင်ထုတ်ပေးပါ့မယ်၊ အိမ်ရှေ့မင်းသားဆီကို လွတ်လပ်ခွင့်တွေ ပြန်ပေးပါ့မယ်”
ဝမ်ချောင်က ရိုးသားဖြောင့်မတ်သော အသံဖြင့် ဆိုလိုက်ပေသည်။
နန်းချခံရသော အိမ်ရှေ့မင်းသားလီရွှမ်တု၏ တစ်ဘဝလုံးကို ပြန်ကြည့်မည်ဆိုပါက၊ အမှန်တကယ်တော့ ကြီးမားလှသော ဆိုးသွမ်းမှုများ မရှိခဲ့ဘဲ၊ အရာအားလုံးမှာ ထီးနန်းအာဏာ လုယူပွဲ၏ ထုံးစံအတိုင်းသာ ဖြစ်ခဲ့ပေသည်။ ထို့ပြင် ဝမ်ချောင်၏ ခံစားချက်အရ လီရွှမ်တုမှာ အလွန်အမင်း ရက်စက်ယုတ်မာသော လူစားမျိုး မဟုတ်ဟု ယူဆထားသဖြင့်၊ ဤကဲ့သို့သော ကတိကဝတ်ကို ပြုလုပ်ကာ သူ့အား လွှတ်ပေးရန် ဆန္ဒရှိနေခြင်း ဖြစ်၏။
ဤမျှသာမက လီရွှမ်တု မှာ အဆုံးစွန်ထိ ပြောရလျှင် တော်ဝင်မျိုးနွယ်ပင် ဖြစ်ပေသည်။ ယခုလက်ရှိ မဟာထန်မှာ ဘေးအန္တရာယ်များ ဝိုင်းရံနေကာ လူတော်များ လိုအပ်နေချိန်ဖြစ်ရာ၊ အကယ်၍ လီရွှမ်တုကို စည်းရုံးနိုင်မည်ဆိုပါက မဟာထန်ဘက်တွင်လည်း ထိပ်တန်းအစွမ်းထက် တိုက်ခိုက်ရေးသမားတစ်ဦး ပိုမိုရရှိလာနိုင်ဖွယ် ရှိပေသည်။
“လွှတ်ချရမယ် ဟုတ်လား? ဘယ်လိုလုပ်ပြီး လွှတ်ချနိုင်မှာလဲ”
မျှော်လင့်မထားဘဲ ဝမ်ချောင်၏စကားကို ကြားလိုက်ရသည့်အခါ လီရွှမ်တု၏ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ၊ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။
“ကောင်လေး မင်း သိလား။ ငါကိုယ်တော်ကမှ အစစ်အမှန် ဧကရာဇ်ပဲ။ ငါကိုယ်တော်ကမှ အဲဒီတုန်းက ဧကရာဇ်ဟောင်းကိုယ်တိုင် ထီးနန်းဆက်ခံဖို့ ရွေးချယ်ထားတဲ့သူပဲ လီထိုက်ယီဆိုတဲ့သူက ကမ္ဘာကူးပြောင်းလာသူ တစ်ယောက်သက်သက်ပဲ၊ ဒါပေမဲ့ သူက ငါကိုယ်တော်ရဲ့ အရာရာတိုင်းကို လုယူသွားခဲ့တာ။ အဲဒါကို ငါကိုယ်တော်က ဘယ်လို လွှတ်ချရမှာလဲ”
“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ရှန်လုံ ပုန်ကန်မှုမှာ ငါကိုယ်တော့်အပေါ် ဘယ်လောက်တောင် များပြားတဲ့ အမတ်ဟောင်းတွေက ယုံကြည်ခဲ့ကြပြီး၊ သူတို့ရဲ့ စည်းစိမ်တွေနဲ့ အသက်တွေကို ငါကိုယ်တော့်ဆီမှာ ပုံအပ်ခဲ့ကြသလဲဆိုတာ မင်း သိလား။ ဒါပေမဲ့ အဲဒီ ပုန်ကန်မှုတစ်ခုတည်းနဲ့တင် အားလုံး တစ်ယောက်မကျန် သေဆုံးခဲ့ရတာပဲ။ အခုကျမှ မင်းက ငါကိုယ်တော့်ကို လွှတ်ချခိုင်းနေတာလား”
“ဘယ်လိုနည်းနဲ့ လွှတ်ချရမှာလဲ”
ထိုဟိန်းထွက်နေသော အေးစိမ့်သည့် အသံမှာ မိုးကြိုးအလား မြည်ဟည်းလျက် မြေအောက်ဟင်းလင်းပြင် တစ်ခုလုံး၌ ပဲ့တင်ထပ်နေပေသည်။ တစ်ချိန်တည်းမှာပင် မြင့်မားလှသော ပလ္လင်အထက်၌ လီရွှမ်တုသည် ဘေးတစ်ဖက်စီသို့ ဖရိုဖရဲ ကျဆင်းနေသော သူ၏ဆံနွယ်ရှည်များကို နောက်ဆုံးတွင် သပ်တင်လိုက်ရာ၊ ဖြူလျော့ကာ အေးစက်တည်ငြိမ်လျက် နာကျည်းမှုများ ပြည့်နှက်နေသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့ပေတော့သည်။
အထိတ်လန့်ဆုံး ဖြစ်စေသည့်အရာမှာမူ နီမြန်းနေကာ သွေးကြောများ ယှက်သန်းလျက်၊ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြင်းထန်နေသော သူ၏ မျက်ဝန်းအစုံပင် ဖြစ်ပေသည်။
ထိုခဏ၌ ဝမ်ချောင်၏ စိတ်နှလုံးပင်လျှင် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရပေသည်။
အချိန်အတော်ကြာအောင် လေထဲ၌ အေးစိမ့်လှသော လှောင်ရယ်သံများ ထွက်ပေါ်နေခဲ့ပြီးနောက် ပလ္လင်ပေါ်ရှိ လီရွှမ်တုမှာ နောက်ဆုံးတွင်မှ ပြန်လည် တည်ငြိမ်သွားခဲ့ပေသည် -
“ကောင်လေး အဆုံးစွန်ထိ ပြောရရင်တော့ မင်းက လီမျိုးနွယ်ရဲ့ သားမြေးတွေအတွက် လာပြီး တောင်းပန်ပေးတာပဲ။ အဲဒီချိန်က လီထိုက်ယီ နန်းစံနေစဉ်မှာတောင် ငါကိုယ်တော်က အညံ့မခံခဲ့တာ၊ အခု လီထိုက်ယီရဲ့သားမြေးတွေ နန်းတက်လာတဲ့ အချိန်ကျမှ မင်းက ငါကိုယ်တော့်ကို သူ့ရဲ့သားမြေးတွေဆီမှာ ဒူးထောက် ခစားခိုင်းနေတာလား? ဒါက ဖြစ်နိုင်မယ်လို့ မင်း ထင်နေတာလား? တကယ့်ကို ရယ်စရာ ကောင်းလွန်းတာပဲ”
“အကယ်၍ မင်းက ဒီကိစ္စအတွက် လာတာဆိုရင်တော့ အမြန်ဆုံးပဲ ပြန်လှည့်သွားလိုက်ပါတော့။ ငါကိုယ်တော်မှာ မင်းဆီက ကျေးဇူးခံစရာ မလိုဘူး”
“တစ်နေ့နေ့မှာ ငါကိုယ်တော် ဒီကနေ ထွက်သွားနိုင်တဲ့ အချိန်ကျရင်တော့ လီထိုက်ယီရဲ့ သားမြေးတွေကို ဒီအတွက် သေချာပေါက် ပေးဆပ်စေရမယ်”
လီရွှမ်တုသည် ဝမ်ချောင်ကို စူးစိုက်ကြည့်လျက် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသော အသံဖြင့် ဆိုလိုက်ပေသည်။
အခြားတစ်ဖက်မှာတော့ ဝမ်ချောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ စိတ်နှလုံး လေးလံသွားခဲ့ရကာ၊ မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိပေသည်။
သူသည်လည်း လီရွှမ်တု၏ သူတော်စင်ဧကရာဇ်အပေါ် ထားရှိသော နာကျည်းမှုမှာ ဤမျှအထိ နက်ရှိုင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ ဤသည်မှာ သူ စိတ်ကူးယဉ်ထားသည်ထက် များစွာ ပိုမို ဆိုးရွားနေခြင်း ဖြစ်၏။
သူတော်စင် ဧကရာဇ်မှာ ကမ္ဘာကူးပြောင်းလာသူဖြစ်ကြောင်းကို ဝမ်ချောင်ကမူ မိမိတစ်ဦးတည်းသာ သိရှိသည်ဟု ထင်မှတ်ထားခဲ့သလို၊ သို့မဟုတ် ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းကလည်း အနည်းငယ် သိရှိနိုင်သည်ဟု ယူဆခဲ့သော်လည်း၊ မြေအောက်၌ အနှစ်သုံးဆယ်ကျော်ကြာ ချုပ်နှောင်ခံထားရသော ဤ နန်းချခံရသော အိမ်ရှေ့မင်းသားလီရွှမ်တု ပင်လျှင် ဤလျှို့ဝှက်ချက်ကို အလုံးစုံ သိမြင်ထားလိမ့်မည်ဟုမူ လုံးဝထင်မှတ်မထားခဲ့ပေ။
ကြည့်ရသည်မှာ ထိုစဉ်က လူအများက ချီးကျူးခဲ့ကြသော အံ့မခန်း ပါရမီရှင်၊ ပြိုင်ဘက်ကင်း ပါရမီပိုင်ရှင် နန်းချခံရသော အိမ်ရှေ့မင်းသားမှာ၊ ကောလာဟလများထက်ပင် များစွာ ပိုမို ထက်မြက်ကာ ကြောက်စရာ ကောင်းနေခြင်းပင် ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချောင်အစိုးရိမ်ဆုံးသော အချက်မှာ ဤသည် မဟုတ်ပေ။
ယခုတစ်ကြိမ် မြေအောက်သို့ လာရောက်ရခြင်းမှာ၊ ဝမ်ချောင်အနေဖြင့် အကယ်၍ လီရွှမ်တုကို လွှတ်ပေးနိုင်မည်ဆိုပါက အင်ပါယာအတွက် အစွမ်းထက် တိုက်ခိုက်ရေးစွမ်းအား တစ်ခု တိုးလာနိုင်မည်ဟု တွေးတောခဲ့ခြင်းဖြစ်ကာ၊ တစ်ပါတည်းမှာပင် သူ၏ကျေးဇူးကို ပြန်ဆပ်ရင်း အတိတ်က ရန်ငြိုးများကိုပါ ဖြေရှင်းပေးလျက် ဤအိမ်ရှေ့မင်းသားဟောင်းအား ကောင်းမွန်သော အဆုံးသတ်တစ်ခု ရရှိစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုအခါတွင်မူ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လီရွှမ်တု၏ စိတ်ထဲမှ နာကျည်းမှုများမှာ ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင်၊ ပိုမို၍သာ ပြင်းထန်လာခဲ့ကြောင်း မြင်တွေ့လိုက်ရပေသည်။
မြေအောက်ဟင်းလင်းပြင်အတွင်း၌ အနှစ်သုံးဆယ်ကျော် ချုပ်နှောင်ခံထားရသော်လည်း၊ သူ၏ စိတ်ဝိညာဉ်မှာမူ အတိတ်က ရှန်လုံ ပုန်ကန်မှုအတွင်း၌သာ အမြဲတမ်း ရှင်သန်နေဆဲ ဖြစ်ပေသည်။
ယခုကဲ့သို့သော အချိန်မျိုး၌ သူ့အား လွှတ်ပေးခြင်းမှာ ကျားကို တောလွှတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်ရာ၊ ၎င်းမှာ ကံကောင်းခြင်း မဟုတ်ဘဲ ဘေးအန္တရာယ်သာ ဖြစ်လာပေလိမ့်မည်။
“စီနီယာ…စီနီယာအနေနဲ့ စိတ်အာဃာတတွေကို ဖြေဖျောက်နိုင်သည်ဖြစ်စေ၊ မဖြေဖျောက်နိုင်သည်ဖြစ်စေ၊ ထိုစဉ်က အဖြစ်အပျက်တွေဟာ အတိတ်ဖြစ်သွားခဲ့ပါပြီ။ ရှန်လုံ ပုန်ကန်မှုမှာ ပါဝင်ခဲ့ကြတဲ့သူတွေ အတော်များများလည်း အခုဆိုရင် မရှိကြတော့သလို၊ သူတော်စင် ဧကရာဇ်ကိုယ်တိုင်တောင်မှ လူ့လောကထဲမှာ မရှိတော့ပါဘူး။ စီနီယာဟာ မြင့်မြတ်လှတဲ့ အဆင့်အတန်းရှိတဲ့ တော်ဝင်မျိုးနွယ်ဝင် တစ်ယောက် ဖြစ်တာကြောင့် စိတ်ဓာတ်တွေ အလွန်အမင်း မာနကြီးမယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ်၊ ဒါပေမဲ့ စီနီယာဟာ သူတော်စင် ဧကရာဇ်ကို မယှဉ်နိုင်ခဲ့လို့၊ အခုကျမှ သူ့ရဲ့ သားမြေးတွေကို အသုံးချပြီး လက်စားချေချင်တာလား”
“မဟာထန်ဟာ အခုအချိန်မှာ လူထုတွေ စည်ပင်ဝပြောနေသလို နိုင်ငံတော်ရဲ့ အင်အားကလည်း တောင့်တင်းနေပါတယ်၊ ဧကရာဇ်အသစ်ကလည်း နိုင်ငံတော်ကို ပြန်လည် ထူထောင်ပေးနိုင်မယ့် ထူးချွန်တဲ့ အရှင်သခင် တစ်ယောက်ပါ။ အကယ်၍ စီနီယာ အနေနဲ့ အတိတ်က ကိစ္စတွေကိုပဲ အစွဲအလမ်းကြီးနေဦးမယ်၊ သူတော်စင်ဧကရာဇ် ရဲ့ သားမြေးတွေကိုတောင်မှ ရန်ငြိုးဖွဲ့နေဦးမယ်ဆိုရင်တော့ ကျွန်တော်မျိုးအနေနဲ့ စီနီယာကို အပြင်ထုတ်ပေးနိုင်မှာ မဟုတ်တာကို ခွင့်လွှတ်ပေးပါ”
“စီနီယာဟာ အဲဒီလောက်အထိ ယုတ်မာရက်စက်တဲ့ လူစားမျိုး လုံးဝ မဟုတ်ဘူးလို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်”
“ကျွန်တော်မျိုး နောက်တစ်ကြိမ် စီနီယာဆီကို ထပ်လာခဲ့ပါ့မယ်၊ အကယ်၍ စီနီယာ အနေနဲ့ အတိတ်ကို လွှတ်ချနိုင်မယ်၊ ရန်ငြိုးတွေကို ဖြေဖျောက်နိုင်မယ်ဆိုရင်တော့ အဲဒီအချိန်ကျရင် ကျွန်တော်မျိုး ကတိအတိုင်း စီနီယာကို အပြင်ထုတ်ပေးပြီးတော့ လွတ်လပ်ခွင့်တွေ ပေးအပ်သွားမှာပါ”
ဝမ်ချောင်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ကာ၊ မတ်တပ်ရပ်လျက် ရိုရိုသေသေဖြင့် ကိုယ်ကို ကိုင်းညွှတ် အလေးပြုပြီးနောက်၊ အမူအရာ တည်ကြည်လေးနက်စွာဖြင့် ဆိုလိုက်ပေသည်။
ထူထဲလှသော ရေခဲပြင်ကြီးမှာ တစ်ရက်တည်းဖြင့် ဖြစ်ပေါ်လာခြင်း မဟုတ်သကဲ့သို့ လီရွှမ်တု၏ အစွဲအလမ်းများကို ပြောင်းလဲစေကာ နာကျည်းမှုများကို လွှတ်ချစေရန်မှာလည်း တစ်ရက်နှစ်ရက်ဖြင့် လုပ်ဆောင်နိုင်မည့်ကိစ္စမျိုး လုံးဝမဟုတ်ပေ။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် လီရွှမ်တုကို လွှတ်ပေးလိုသော်လည်း၊ ယခုအချိန်မှာမူ သင့်တော်သော အချိန်အခါမျိုး လုံးဝ မဟုတ်သေးပေ။
သို့သော်လည်း ဝမ်ချောင်သည် အမြဲတမ်း ယုံကြည်ထားပေသည်။ တစ်နေ့နေ့တွင်မူ လီရွှမ်တု အနေဖြင့် စိတ်ကူးများ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ဤနေရာမှ ထွက်ခွာသွားလိမ့်မည် ဟူ၍ ဖြစ်၏။
“ဟားဟားဟား ကောင်လေး မင်း အားအင်ကုန်ခံမနေပါနဲ့တော့ ဒီကိုလည်း ထပ်ပြီး လာမနေပါနဲ့တော့ ငါကိုယ်တော်ကတော့ ဘယ်တော့မှ စိတ်ကူးပြောင်းပြီး မင်းကို သဘောတူမှာ မဟုတ်ဘူး”
လီရွှမ်တုက ကျယ်လောင်စွာ ရယ်မောလိုက်ပေသည်။ သူ၏ အသံအတွင်းမှ ကြီးမားလှသော စွမ်းအားများကြောင့် တစ်နန်းဆောင်လုံးမှာ တုန်ခါနေခဲ့ကာ မြေမှုန့်များစွာမှာလည်း အဆက်မပြတ် ကျဆင်းနေပေတော့သည်။
“ကျွန်တော်မျိုးကို ခွင့်ပြုပါဦး”
ဝမ်ချောင်သည် စိတ်ထဲမှ နက်နဲစွာ သက်ပြင်းချလိုက်မိကာ၊ ကိုယ်ကို လှည့်လျက် စိတ်ပျက်မှု အရိပ်အယောင် အနည်းငယ်ဖြင့် ဤနေရာမှ ထွက်ခွာခဲ့ပေတော့သည်။
ပထမ ရှန်ထိုက်မှာ အပြင်ဘက်၌ အသင့်စောင့်ဆိုင်းနေခဲ့ပြီဖြစ်ရာ၊ ဝမ်ချောင်ကို မြင်တွေ့လိုက်သည်နှင့် သူ၏ ပုခုံးကို လှမ်းဖမ်းကာ လှိုင်းတွန့်များအတွင်းသို့ လျှိုးဝင်လျက် ဤနေရာမှ ထွက်ခွာသွားခဲ့ပေပြီ။
မြေအောက်၌ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပေသည်။
ဝမ်ချောင်အနေဖြင့် မသိရှိနိုင်သည်မှာမူ၊ မြင့်မားလှသော ပလ္လင်အထက်၌ လီရွှမ်တုမှာ ငြိမ်သက်စွာ ထိုင်နေလျက် သူ ထွက်ခွာသွားသည်ကို အာရုံဖြင့် ကြည့်ရှုနေခြင်းပင် ဖြစ်ပေသည်။
အချိန်အတော်ကြာပြီးနောက်တွင်မူ လီရွှမ်တု၏ မျက်ဝန်းအတွင်း၌ လှုပ်ခတ်မှု အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားခဲ့ပေသည်။
“လူက ထွက်သွားပြီပဲ၊ ထွက်လာခဲ့ကြတော့”
လီရွှမ်တုသည် ရှေ့သို့ မျက်နှာမူလျက် လှုပ်ရှားခြင်းမရှိဘဲ ရုတ်တရက် စကားဆိုလိုက်ပေသည်။
ပတ်ဝန်းကျင်၌ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် နောက်တစ်ခဏ၌ လီရွှမ်တု၏ အသံကို ပြန်လည်တုံ့ပြန်လိုက်သည့်အလား၊ ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ လီရွှမ်တု၏ နောက်ကွယ်ရှိ နန်းဆောင်နံရံ တစ်စိတ်တစ်ဒေသမှာ ပြိုလဲသွားခဲ့ရပေသည်။ ထိုနံရံနောက်ကွယ်မှနေ၍ ပုံရိပ်အချို့မှာ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့ကြပေတော့သည်။
ဦးဆောင်လာသူမှာမူ ဦးခေါင်းပေါ်၌ ဖူဦးထုပ်ကို ဆောင်းထားကာ သာမန်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ ခါးတွင်မူ ငါးပုံသဏ္ဌာန် တံဆိပ်ကို ချိတ်ဆွဲထားကာ၊ သူ၏ နောက်မှ လိုက်ပါလာသူများမှာမူ အားလုံး ဝတ်စုံနက်ကို ဝတ်ဆင်ကာ မျက်နှာဖုံးများ စွပ်ထားကြပေသည်။
“လီလင်ဖူ မင်းသတ္တိ မနည်းဘူးပဲ အခု မင်း လုပ်နေတဲ့ ကိစ္စတွေသာ ဧကရာဇ်အသစ်ရဲ့ နားထဲကို ပေါက်ကြားသွားရင် ဘယ်လို အဆုံးသတ်မျိုး ကြုံရမလဲဆိုတာ သိရဲ့လား”
လီရွှမ်တုသည် နောက်သို့ပင် လှည့်မကြည့်ဘဲ အေးစက်စွာ ဆိုလိုက်ပေသည်။
လီရွှမ်တု၏အသံမှာ ကျယ်လောင်လွန်းခြင်း မရှိသော်လည်း သူ ပြောကြားလိုက်သော အကြောင်းအရာများမှာမူ မြေအောက်နန်းဆောင်အတွင်း၌ မိုးကြိုးတစ်ချက် ပစ်ချလိုက်သကဲ့သို့ ပြင်းထန်လှပေသည်။
အကယ်၍ ဝမ်ချောင်သာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုပါက သေချာပေါက် များစွာ တုန်လှုပ်သွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လီရွှမ်တု၏ နောက်ကွယ် နံရံကြားမှ ထွက်ပေါ်လာသူမှာ အခြားသူ မဟုတ်ဘဲ၊ ဝမ်ချောင်က ကျန်းချွယ်အား အမြဲတမ်း စောင့်ကြည့်ခိုင်းထားသော ထန်အမတ်ချုပ် လီလင်ဖူပင် ဖြစ်နေသောကြောင့် ဖြစ်ပေတော့သည်။
လီရွှမ်တု ရှိနေသော နေရာမှာ မြေအောက်ထောင်အောက်ခြေ၊ ဆွေ့မင်းဆက် နန်းဆောင်၏ အထပ် ၂၀ မြောက် အနက်ရှိုင်းဆုံး၌ တည်ရှိခြင်း ဖြစ်ပေသည်။
ဝမ်ချောင်သည် မိမိကိုယ်မိမိ ဤနေရာသို့ ပထမဆုံး ရောက်ရှိသူဟု အမြဲ ထင်မှတ်ထားခဲ့သော်လည်း၊ ယခုလက်ရှိ အခြေအနေအရ ကြည့်လျှင်မူ လီလင်ဖူမှာ သိသိသာသာပင် သူ့ထက် များစွာ စောစီးစွာ ရောက်ရှိနေခဲ့ခြင်းပင် ဖြစ်၏။
“အိမ်ရှေ့မင်းသားရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”
လီရွှမ်တု၏အသံကို ကြားလိုက်ရသည့်အခါ၊ လီလင်ဖူသည် ပြိုလဲနေသော နံရံအုတ်ခဲများကို ကျော်ဖြတ်လာရင်း လီရွှမ်တုဆီသို့ ကိုယ်ကို ကိုင်းညွှတ်ကာ အလေးပြုလိုက်ပေသည်။ သူ၏အမူအရာမှာ တည်ငြိမ်အေးဆေးနေကာ မည်သည့် လှုပ်ခတ်မှုမျှ ရှိမနေပေ။
“ဒါပေမဲ့ အခုအချိန်မှာတော့ လီလင်ဖူ လုပ်ဆောင်နေတဲ့ ကိစ္စတွေက ပေါက်ကြားသွားသည်ဖြစ်စေ၊ မပေါက်ကြားသွားသည်ဖြစ်စေ၊ ဧကရာဇ်အသစ်က သိသွားသည်ဖြစ်စေ၊ မသိသွားသည်ဖြစ်စေ၊ ဘယ်လိုမှ ကောင်းမွန်တဲ့ အဆုံးသတ်မျိုး ရှိမှာ မဟုတ်တော့ပါဘူး။ အသာတကြည် အသေခံမယ့်အစားတော့ နောက်ဆုံးအင်အားရှိသမျှ အစွမ်းကုန် တိုက်ခိုက်ကြည့်တာကမှ ပိုပြီးတော့ ကောင်းဦးမယ်။ လီလင်ဖူအနေနဲ့ အိမ်ရှေ့မင်းသားအပေါ်မှာ အမြဲတမ်း ရိုသေလေးစားမှု ရှိခဲ့ပါတယ်၊ အကယ်၍ အိမ်ရှေ့မင်းသားသာ ဘေးအန္တရာယ်ကနေ လွတ်မြောက်သွားခဲ့ရင်တော့ ကျွန်တော်မျိုးကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”
လီရွှမ်တုသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံသာ ရှိပေသည်။
သူသည် လီလင်ဖူကို မည်မျှပင် မနှစ်သက်ပါစေ၊ ယခုအခါတွင်မူ အသုံးချနိုင်မည့် စစ်သည်အင်အား မရှိတော့သလို၊ အတိတ်က အခြေအနေမျိုးလည်း မဟုတ်တော့သဖြင့် မတတ်သာဘဲ အသုံးချနေရခြင်းသာ ဖြစ်၏။
“အဲဒါထက် အိမ်ရှေ့မင်းသားဘက်ကကော၊ အရင်က ကျွန်တော်မျိုး ပြောခဲ့တဲ့ ကိစ္စကို ဘယ်လို စဉ်းစားထားပါသလဲ။ အိမ်ရှေ့မင်းသားအနေနဲ့ ဒီနေရာမှာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်မိနေခဲ့တာဆိုတော့ လီထိုက်ယီနဲ့ သူ့ရဲ့ သားမြေးတွေအပေါ်မှာ အရိုးထဲအထိ နာကျည်းနေမယ်ဆိုတာ သေချာပါတယ်။ အကယ်၍ အိမ်ရှေ့မင်းသားအနေနဲ့ လွတ်မြောက်သွားပြီးနောက်မှာ၊ ထိုက်ကျိနန်းဆောင်အောက်ခြေက ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်ကို ဖျက်ဆီးပေးမယ်၊ ဧကရာဇ်အသစ် လီဟန်ကို သတ်ဖြတ်ပေးမယ်လို့ ကတိပေးနိုင်မယ်ဆိုရင်တော့အနေနဲ့ အိမ်ရှေ့မင်းသားကို ထီးနန်းပေါ်တက်ပြီး မိမိနဲ့ထိုက်တန်တဲ့ အရာတွေကို ပြန်လည် ရယူနိုင်ဖို့အတွက် အစွမ်းကုန် ထောက်ပံ့ပေးသွားမှာပါ”
“ပြီးတော့ ဝတ်စုံမည်းဝတ်လူတွေဘက်ကလည်း၊ အိမ်ရှေ့မင်းသားကို မဟာထန်ရဲ့ အရှင်သခင် အသစ်ဖြစ်လာဖို့အတွက် အစွမ်းကုန် ကူညီပေးမယ်လို့ ကတိပေးထားပါတယ်”
လီလင်ဖူသည် ကိုယ်ကို ကိုင်းညွှတ်လျက် လေးနက်သော အသံဖြင့် ဆိုလိုက်ပေသည်။
ခွေးအကျပ်ရိုက်လျှင် တံတိုင်းကို ခုန်ကျော်တတ်သကဲ့သို့ လူမှာမူ ပြောနေရန်ပင် မလိုတော့ပေ။
ယခုတစ်ကြိမ် လှုပ်ရှားမှုမှာ မူလက သူ ကိုယ်တိုင် ထွက်လာရန် မလိုအပ်သော်လည်း၊ လီလင်ဖူသည် နောက်ဆုံးတွင်မူ မိမိကိုယ်တိုင် ထွက်လာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပေသည်။
အစိုးရအဖွဲ့အတွင်း၌ အာဏာစက်များ ဆုံးရှုံးနေရသလို၊ အမတ်များကြား၌လည်း လူကြိုက်မများတော့သဖြင့်၊ ဤအတိုင်း ဆက်သွားမည်ဆိုပါက နောင်တစ်ချိန်တွင် အမတ်ချုပ်ရာထူးကို မကာကွယ်နိုင်ရုံသာမက၊ သူ၏ ရာထူးလမ်းကြောင်းမှာပါ အမြစ်ပြတ် သွားတော့မည် ဖြစ်ရာ၊ ဤသည်မှာ သူ မည်သို့မျှ လက်မခံနိုင်သော အချက်ပင် ဖြစ်ပေသည်။
အကြိမ်ကြိမ် ဆင်ခြင်သုံးသပ်ကြည့်ပြီးနောက်တွင်မူ၊ ထီးနန်းအသစ် တည်ထောင်ရေး၌ များစွာသော အကျိုးကျေးဇူးများကို ဖော်ဆောင်ပေးနိုင်မှသာ အခြေအနေကို ပြောင်းပြန်လှန်နိုင်မည် ဖြစ်သလို၊ အသက်ဘေးမှ လွတ်မြောက်လျက် ယခုလက်ရှိ အကျပ်အတည်းကို ပြောင်းလဲနိုင်မည် ဖြစ်ပေသည်။
“ဟွန်း… အရင်တုန်းကတော့ မင်းလိုလူမှာ ဒီလောက်အထိ သတ္တိတွေ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ တကယ်လို့သာ မင်းမှာ ဒီလိုမျိုး လှည့်ကွက်တွေ ရှိခဲ့ရင်တော့ ဆယ်စုနှစ်ပေါင်းများစွာ ကြာမှ နောက်ကျမှ အောင်မြင်သူ ဖြစ်လာမှာ မဟုတ်ဘူး နှမြောစရာ ကောင်းတာကတော့……”
လီရွှမ်တုက အေးစက်စွာ ဆိုလိုက်ပေသည်။ သူ၏ အသံအတွင်း၌ လှောင်ပြောင်မှုများ ပြည့်နှက်နေပေသည်။
သို့သော်လည်း လီလင်ဖူမှာမူ အရင်အတိုင်းပင် တည်ငြိမ်အေးဆေးနေဆဲ ဖြစ်ကာ၊ လီရွှမ်တု ပြောဆိုနေသည်မှာ အခြားလူတစ်ဦးအကြောင်းကဲ့သို့ပင် မှတ်ယူထားဟန် ရှိပေသည်။ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှုအပိုင်း၌မူ၊ အစိုးရအဖွဲ့အတွင်း၌သာမက လောကတစ်ခုလုံး၌ပင် သူ့အား ယှဉ်နိုင်သူ များစွာ မရှိပေ။
“အိမ်ရှေ့မင်းသားဘယ်လို စဉ်းစားထားပါသလဲ”
လီလင်ဖူက တည်ငြိမ်သော မျက်နှာထားဖြင့် မေးမြန်းလိုက်ပေသည် -
“အကယ်၍ အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ဒီလီလင်ဖူဆီမှာ ‘တားမြစ် အတားအစီးဖြိုခွင်းသော သွေး”အချို့ ကျန်ရှိနေပါသေးတယ်၊ အိမ်ရှေ့မင်းသားရဲ့ ပတ်ဝန်းကျင်က အစီအရင် တားမြစ် အတားအစီးတွေကို ဖြိုခွင်းပေးဖို့ စတင် လုပ်ဆောင်လို့ ရပါပြီ”
လီလင်ဖူက စကားဆိုလိုက်ရင်း သူ၏ အင်္ကျီလက်စအတွင်းမှ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပေသည်။
အခြားသော စာပေအရာရှိများကဲ့သို့ပင်၊ သူ၏လက်ညှိုးမှာ သွယ်လျလှကာ အလွန်ပင် ဖြူဖွေးလှပေသည်။ သို့သော်လည်း လက်ဝါးအထက်၌မူ သိသိသာသာပင် လက်သီးဆုပ် အရွယ်အစားခန့်ရှိသော ရွှေရောင် အလင်းလုံးလေး တစ်ခုမှာ လင်းထိန်နေလျက် ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေပေသည်။ ထိုရွှေရောင် အလင်းတန်းအတွင်း၌မူ မယုံကြည်နိုင်လောက်အောင်ပင် ရွှေနီရောင် သန်းနေကာ၊ ကျောက်သလင်းအလား ကြည်လင်တောက်ပနေသော သွေးတစ်စက် ရှိနေပေသည်။
သေသေချာချာ ကြည့်ရှုလိုက်ပါက ထိုသေးငယ်လှသော ရွှေနီရောင် သွေးတစ်စက်အတွင်း၌မူ၊ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် သောင်းနှင့်ချီသော သာမန်မျက်စိဖြင့် မြင်တွေ့ရန် ခက်ခဲလှသည့် လျှို့ဝှက်ဆန်းကြယ်သော ရွန်းသင်္ကေတများ ပါဝင်နေသည်ကို တွေ့ရှိရပေလိမ့်မည်။
ထိုရွန်းသင်္ကေတများ အားလုံးမှာ သက်ရှိများအလား ရှိနေကြပြီး၊ တစ်စုံတစ်ရာသော စည်းမျဉ်းများအတိုင်း တစ်သားတည်း ပေါင်းစပ်လျက်၊ လျှို့ဝှက်ဆန်းကြယ်ကာ ပြင်းထန်လှသော အစီအရင်တစ်ခုကို တည်ဆောက်ထားကြခြင်းပင် ဖြစ်ပေတော့သည်။
ထိုသွေးတစ်စက်ကို မြင်တွေ့လိုက်ရသည့်အခါ၊ လီရွှမ်တု၏ အကြည့်ပင်လျှင် ခေတ္တမျှ ဝေဝါးသွားခဲ့ရပေသည်။
“လီလင်ဖူ လီထိုက်ယီကတော့ သူ့ကိုယ်သူ များစွာသော စွမ်းရည်တွေနဲ့ ပြည့်စုံပြီး လောကတစ်ခွင်မှာ အောင်နိုင်သူလို့ အခေါ်ခံခဲ့ရပေမဲ့၊ မင်းကို ကြည့်တဲ့ နေရာမှာတော့ တကယ်ကို အမှားကြီး မှားသွားခဲ့တာပဲ။ မြင့်မြတ်လှတဲ့ မဟာထန်ရဲ့ အမတ်ချုပ်တစ်ယောက်က၊ အဲဒီဝတ်စုံမည်းဝတ်လူတွေနဲ့ ဒီလောက်အထိ နီးနီးကပ်ကပ် ပတ်သက်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ၊ ထျန်းဆိုတဲ့ အဲဒီသောက်ကျိုးနည်းကတောင်မှ သူရဲ့ မူလအနှစ်သာရ သွေးတစ်စက်ကိုတောင်မှ မင်းဆီကို ပေးထားခဲ့တာပဲကိုး”
လီရွှမ်တုက ပြုံးယောင်သန်းကာ ဆိုလိုက်ပေတော့သည်။
******
အခန်း (၂၀၉၅) တားမြစ် အတားအစီးဖြိုခွင်းသော သွေး
တားမြစ် အတားအစီးဖြိုခွင်းသော သွေး။
ဤသည်မှာ ထျန်း၏ မူလအနှစ်သာရသွေးကို ထူးခြားဆန်းပြားသော လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် ဖော်စပ်ထားခြင်းဖြစ်ပြီး၊ များစွာကြီးမားသော စွမ်းပကားရှိပေသည်။ ဒဏ္ဍာရီလာအဆင့်ရှိသော ဧရာမ ဧကရာဇ်သုံးပါးအစီအရင်ကဲ့သို့သော အရာမျိုးမှလွဲ၍၊ ဤ တားမြစ် အတားအစီးဖြိုခွင်းသော သွေးသည် လောကရှိ အစီအရင်များနှင့် တားမြစ် အတားအစီး မှန်သမျှကို ချေဖျက်နိုင်စွမ်း ရှိပေသည်။
မြေအောက်ထောင်၏ မြေအောက်အနက်ရှိုင်းဆုံး၊ ဆွေ့မင်းဆက် နန်းဆောင်များ၏ အောက်ခြေတွင်မူ တားမြစ် အတားအစီးများ အထပ်ထပ်ရှိနေသကဲ့သို့၊ အန္တရာယ်များကလည်း ဝိုင်းရံနေပေသည်။ အကယ်၍ ဝမ်ချောင်၏ လက်ဝယ်ရှိ ကြေးသော့သာ မရှိပါက ဤနေရာသို့ ဝင်ရောက်နိုင်ရန်မှာ များစွာ ခဲယဉ်းလှပေသည်။
လီလင်ဖူနှင့် သူ၏လူစုမှာမူ ထျန်း၏ တားမြစ် အတားအစီးဖြိုခွင်းသော သွေးကို အသုံးချလျက် ဤနေရာသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိလာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
အလားတူပင်၊ လီရွှမ်တု သည်လည်း တားမြစ် အတားအစီးဖြိုခွင်းသော သွေး၏ လှုပ်ခတ်မှုကို ခံစားမိသဖြင့် ထိုသူတို့ ရောက်ရှိလာမည်ကို ကြိုတင်သိရှိနေခဲ့ခြင်းဖြစ်ကာ၊ အတွင်းနှင့်အပြင် အပေးအယူမျှတစွာဖြင့် ၎င်းတို့အား ဤနေရာသို့ ရောက်အောင် လမ်းညွှန်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
“ဒီကို လာခဲ့ကြစမ်း”
လီရွှမ်တုသည် ထပ်မံ၍ စကားမဆိုတော့ဘဲ လက်ဝါးကို တစ်ချက် ဝှေ့ယမ်းကာ တိုက်ရိုက်ပင် မိန့်ကြားလိုက်ပေသည်။
မနီးမဝေးတွင်ရှိသော လီလင်ဖူ၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်သွားခဲ့ကာ၊ နှုတ်ခမ်းဖျား၌ အပြုံးလေးတစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့ပေသည်။
သူသည် လျှောက်လှမ်းသွားခဲ့ပြီး၊ မြင့်မားလှသော ပလ္လင်နှင့် ပေဆယ်ဂဏန်းခန့် အကွာအဝေးသို့ ရောက်ရှိသည့်အခါ၊ လီလင်ဖူသည် လက်ဝါးကို အသာအယာ လှန်လိုက်ပြီး လက်ထဲရှိ ရွှေရောင်အလင်းလုံးလေးကို လွှတ်ထုတ်လိုက်သကဲ့သို့၊ ထိုတားမြစ် အတားအစီးဖြိုခွင်းသော သွေးတစ်စက်ကိုလည်း လွှတ်ထုတ်လိုက်ပေတော့သည်။
“ဝုန်း”
ထိုသေးငယ်လှသော သွေးတစ်စက် မြေပြင်ပေါ်သို့ ကျရောက်သွားသည့် ခဏ၌ မူလက ဗလာကျင်းနေသော မြေပြင်မှာ ရုတ်တရက် ဆူပွက်နေသော ရေနွေးအိုးအလား လှိုင်းလုံးကြီးများ ထကြွလာခဲ့ပေသည်။ ဧရာမ ကြီးမားလှသကဲ့သို့ ရှုပ်ထွေးလှသော၊ ကြောက်မက်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသည့် စက်ဝိုင်းပုံစံ အစီအရင်ကြီးတစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပေသည်။ တစ်ခု၊ နှစ်ခု၊ သုံးခု……
လီရွှမ်တု၏ ပတ်ဝန်းကျင်၌ အနည်းဆုံး ပြင်းထန်လှသော အစီအရင်ပေါင်း သုံးဆယ်ကျော်ကို တစ်ပြိုင်တည်း ခင်းကျင်းထားခြင်း ဖြစ်ပေသည်။
သို့သော်လည်း ထိုတားမြစ် အတားအစီးဖြိုခွင်းသော သွေးကျရောက်သွားသည့် ခဏ၌မူ၊ အထပ်ထပ်သော ပြင်းထန်လှသည့် အစီအရင်များမှာ တစ်ခုပြီးတစ်ခု ကွဲအက်လျက်၊ ပြိုကွဲပျက်စီးကာ နှင်းခဲများ အရည်ပျော်သွားသည့်အလား ပျောက်ကွယ်သွားခဲ့ရပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ မြည်ဟည်းသံကြီးတစ်ခုနှင့်အတူ ပလ္လင်ပတ်ဝန်းကျင်၌ လီရွှမ်တု အား ချုပ်နှောင်ထားသော တားမြစ် အတားအစီးများမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ပေတော့သည်။
“ဟူး”
လေပြင်းများမှာ ဟိန်းဟောက်လာခဲ့ပေသည်။ အစီအရင်များ ပျက်စီးသွားသည်နှင့်အမျှ၊ မြေအောက်နန်းဆောင်အတွင်းရှိ လေစီးကြောင်းများမှာ လှုပ်ခတ်လာခဲ့ကာ လီလင်ဖူတို့၏ ကိုယ်ပေါ်ရှိ ဝတ်ရုံများကို တဖျပ်ဖျပ် လွင့်ပျံ့စေနေပေသည်။ မြေအောက်ဟင်းလင်းပြင်အတွင်း ဖုံးလွှမ်းနေသော အနက်ရောင် မီးခိုးငွေ့များမှာလည်း ခဏချင်းမှာပင် လုံးဝ သန့်စင်သွားခဲ့ရကာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ပေသည်။
လီလင်ဖူသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး၊ ခြေလှမ်းများကို လှမ်းလျက် ရှေ့သို့ အနည်းငယ် တိုးကပ်သွားခဲ့ပေသည်။
“အခုတော့ နောက်ဆုံးအဆင့်ကို ရောက်ပါပြီ၊ အိမ်ရှေ့မင်းသားကို ချုပ်နှောင်ထားတဲ့ အဲဒီသံကြိုးတွေကတော့ နည်းနည်း ထူးခြားတယ်၊ အဲဒီအပေါ်မှာ လီထိုက်ယီကိုယ်တိုင် ချထားတဲ့ တားမြစ် အတားအစီးတွေ ရှိနေတာမို့၊ အစီအရင်တွေနဲ့ နှိုင်းယှဉ်ရင်တော့ နည်းနည်းတော့ အားစိုက်ရလိမ့်မယ် ထင်တယ်”
လီလင်ဖူက စကားဆိုလိုက်ရင်း နောက်ကွယ်သို့ လက်တစ်ဖက် ဝှေ့ယမ်းပြလိုက်ပေသည်။
ကိုယ်လုံးကိုယ်ထည် တုတ်ခိုင်ကာ ဝတ်စုံနက်ဝတ်လျက် မျက်နှာဖုံးစွပ်ထားသော၊ ကိုယ်ပေါ်၌ ဗိုလ်ချုပ်တစ်ဦး၏ အရှိန်အဝါများ သိသိသာသာ ပေါ်ထွက်နေသော အမျိုးသားတစ်ဦးသည် ချက်ချင်းပင် ရှေ့သို့ လျှောက်လှမ်းလာခဲ့ပေသည်။ သူသည် မျက်နှာပြင်ပေါ်၌ မိစ္ဆာရုပ်ပုံများ ထွင်းထုထားကာ ထူးခြားသော လှုပ်ခတ်မှုများကို အဆက်မပြတ် ထုတ်လွှတ်နေသည့် အနက်ရောင် သံသေတ္တာတစ်လုံးကို ကမ်းပေးလိုက်ပေသည်။
ထိုအနက်ရောင် သံသေတ္တာမှာ အလွန်ပင် ထူးဆန်းလှပေသည်။ ပတ်ဝန်းကျင် ပေအနည်းငယ်အတွင်းရှိ အလင်းတန်းများမှာ တွန့်လိမ်နေကြကာ၊ အားလုံးမှာ သေတ္တာအတွင်းသို့ စုပ်ယူခြင်း ခံနေရသည့်အလား ရှိနေသဖြင့် အလွန်အမင်း မှောင်မိုက်လှသော နယ်ပယ်တစ်ခုကို ကျန်ရစ်စေပေသည်။
“ဒါက ရှေးဦးမိစ္ဆာဝိညာဉ်သွေးပဲ၊ ထိုက်ရှီ ပြောပြချက်အရဆိုရင်တော့ ဒါက သူတို့ ရှေးဦးခေတ်က မိစ္ဆာဝိညာဉ်တွေရဲ့ ကိုယ်ပေါ်ကနေ ထုတ်ယူထားတဲ့ မူလအနှစ်သာရသွေးတွေပဲ၊ အရာရာကို တိုက်စားနိုင်စွမ်း အရမ်းပြင်းထန်တာမို့ အိမ်ရှေ့မင်းသားရဲ့ ကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်တောက်ပေးနိုင်လိမ့်မယ်၊ ဒါပေမဲ့ အချိန်တော့ နည်းနည်း လိုလိမ့်မယ်”
လီလင်ဖူက လေးနက်သော အသံဖြင့် ဆိုလိုက်ပေသည်။
“ယူလာခဲ့စမ်း”
လီရွှမ်တု၏ မျက်ဝန်းအတွင်းမှ အလင်းတန်းတစ်ခု လက်သွားခဲ့ကာ၊ မကြာမီမှာပင် လီလင်ဖူ၏ဘေးနားရှိ ထိုတုတ်ခိုင်သော အမျိုးသား၏ လက်ထဲမှ အနက်ရောင် သံသေတ္တာမှာ၊ ကြီးမားလှသော စွမ်းအားတစ်ခု၏ ဆွဲငင်မှုအောက်၌ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် လီရွှမ်တု ၏ လက်အတွင်းသို့ ပျံဝင်သွားခဲ့ပေတော့သည်။
သေတ္တာ ပွင့်သွားခဲ့ပြီးနောက် သဲ့သဲ့မျှသော အညိုရောင် မြူခိုးများမှာ ၎င်းအတွင်းမှနေ၍ အဆက်မပြတ် ယိုစိမ့်ထွက်ပေါ်လာခဲ့သည်။ ထိုမြူခိုးများအတွင်း၌မူ ပြင်းထန်လှသော တိုက်စားနိုင်စွမ်းနှင့် သေခြင်းတရား အငွေ့အသက်များ ကိန်းအောင်းနေပေသည်။
လီရွှမ်တုက လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြူခိုးများမှာ လွင့်စင်သွားခဲ့ပြီး၊ အနက်ရောင် သံသေတ္တာ အောက်ခြေရှိ အညိုရောင် အရည်တစ်လွှာကို ချက်ချင်း မြင်တွေ့လိုက်ရပေသည်။
လီရွှမ်တုက လက်ဝါးကို အနည်းငယ် စောင်းလိုက်ရာ ထိုသိပ်သည်းလှသော အရည်များမှာ အောက်ဘက်သို့ စီးကျသွားခဲ့ပြီး၊ တုတ်ခိုင်လှသော သံကြိုးများအနက် တစ်ချောင်းပေါ်သို့ ကျရောက်သွားခဲ့ပေသည်။ တစီစီ မြည်သံများနှင့်အတူ ဖြူဖွေးလှသော မီးခိုးငွေ့များ ထွက်ပေါ်လာခဲ့ကာ ထိုသံကြိုးကြီးပေါ်၌မူ အပေါက်ငယ်လေးများနှင့် မီးလောင်ထားသော အမှတ်အသားများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ပေတော့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြီးနောက် တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ ဝမ်ချောင်သည်လည်း နန်းတော်တံခါးဆီသို့ လျှောက်လှမ်းသွားနေပေသည်။
ညဉ့်အမှောင်ထုမှာ တိတ်ဆိတ်နေကာ၊ နန်းတော်အတွင်း၌ ဝမ်ချောင်ကို သတိပြုမိသူဟူ၍ မရှိသလောက်ပင် ဖြစ်ပေသည်။
“တစ်ခုခုတော့ မှားနေပြီ”
ဝမ်ချောင်၏ မျက်ခုံးများမှာ လှုပ်ခတ်နေကာ၊ ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့ပေသည်။ ဘာကြောင့်လဲ မသိသော်လည်း မြေအောက်၌ လီရွှမ်တု နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်းတွင်၊ ဝမ်ချောင်၏ စိတ်ထဲ၌ တစ်စုံတစ်ရာ မဟန်တော့သည့် ခံစားချက်မျိုး အမြဲ ရှိနေပေသည်။
သို့သော်လည်း ခေတ္တခဏအတွင်းမှာမူ ပြဿနာက ဘယ်နေရာမှာ ရှိနေသနည်းဟူသည်ကို သူ ရှာမတွေ့ဘဲ ဖြစ်နေရပေသည်။
“ဝုန်း ဝုန်း ဝုန်း”
ဆင်ခြင်သုံးသပ်နေစဉ်မှာပင် နန်းတော်တံခါးကြီး ပွင့်သွားခဲ့ကာ ကျယ်လောင်လှသော အသံများမှာ နားထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
“မျိုးနွယ်ခြားဘုရင်ကို ဂါရဝပြုပါတယ်”
နန်းတော်တံခါး ပတ်ဝန်းကျင်ရှိ နန်းစောင့် တပ်ဖွဲ့စစ်သည်များမှာ တစ်ဦးပြီးတစ်ဦး ခေါင်းငုံ့လျက် အရိုအသေ ပေးလိုက်ကြပေသည်။
ဝမ်ချောင်ခေါင်းမော့ကြည့်လိုက်သည့် အခါမှသာ မသိမသာဖြင့် ညဉ့်အမှောင်မှာ နက်ရှိုင်းနေကာ ကောင်းကင်ယံ၌လည်း ကြယ်တာရာများ ပြည့်နှက်နေပြီ ဖြစ်ကြောင်းနှင့်၊ မိမိမှာ မသိမသာဖြင့် နန်းတော် တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရှိလိုက်ရပေသည်။
ဝမ်ချောင်သည် စိတ်အာရုံ ခေတ္တမျှဝေဝါးသွားခဲ့သော်လည်း နန်းတော်တံခါးမှ ထွက်ခွာလျက် ရှေ့သို့ ဆက်လက် လျှောက်လှမ်းခဲ့ပေသည်။
“မဖြစ်ဘူး”
ဝမ်ချောင်၏ မျက်ခုံးအစုံမှာ လှုပ်ခတ်သွားခဲ့ကာ၊ သူ၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပေသည်။
“လီရွှမ်တု က အရမ်းကို တည်ငြိမ်လွန်းနေတယ်”
မသိမသာသော အခြေအနေကြားမှ ဉာဏ်အလင်း တစ်ချက်မှာ ဦးနှောက်ထဲ၌ ဖြတ်ပြေးသွားခဲ့ရာ ဝမ်ချောင်သည် ယခုတစ်ကြိမ် တွေ့ဆုံမှု၌ ဘယ်နေရာမှာ မှားယွင်းနေသနည်းဟူသည်ကို နောက်ဆုံးတွင် သိရှိသွားခဲ့ပေပြီ။
လီရွှမ်တု၏ အပြုအမူများမှာ များစွာတည်ငြိမ်လွန်းနေပေသည်။ အနှစ်သုံးဆယ်ကျော်ကြာ ချုပ်နှောင်ခံထားရပြီးနောက်တွင် သူတော်စင် ဧကရာဇ်မှလွဲ၍ အခြားသော လူတစ်ဦးကို ပထမဆုံးအကြိမ် တွေ့ဆုံရသည့်အပြင်၊ မိမိက သူ့အား လွတ်လပ်ခွင့် ပေးမည်ဟု ပြောဆိုလိုက်သည့်တိုင်အောင်၊ လီရွှမ်တုက စကားများစွာ ပြောဆိုခဲ့သော်လည်း၊ ဝမ်ချောင်အနေဖြင့် သူ၏ ကိုယ်ပေါ်၌ အနှစ်သုံးဆယ်ကျော် ချုပ်နှောင်ခံထားရသူတစ်ဦး လွတ်လပ်ခွင့်ကို မြင်တွေ့ရသည့်အခါတွင် ရှိသင့်ရှိထိုက်သော ဝမ်းမြောက်မှု သို့မဟုတ် တုံ့ပြန်မှုမျိုးကို လုံးဝမမြင်တွေ့ခဲ့ရဘဲ၊ တောင့်တလိုစိတ် အနည်းငယ်မျှကိုပင် မမြင်တွေ့ခဲ့ရခြင်းပင် ဖြစ်ပေသည်။
လီရွှမ်တု အနေဖြင့် သူတော်စင် ဧကရာဇ်အပေါ် မည်မျှပင် နာကျည်းနေပါစေ၊ ဤသည်မှာ လုံးဝကို ပုံမှန်မဟုတ်သော ကိစ္စဖြစ်ပေသည်။
ထို့ပြင် သေသေချာချာ ပြန်လည် စဉ်းစားကြည့်မည်ဆိုပါက မိမိက သူ့အား သူတော်စင်ဧကရာဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ပြောပြလိုက်သည့်အခါ၌၊ လီရွှမ်တုမှာ အံ့အားသင့်မှု အနည်းငယ်မျှပင် မရှိသည့်အပြင် ကြီးမားလှသော တုံ့ပြန်မှုမျိုးလည်း မရှိခဲ့ပေ။ သူ ပြသနေသော သူတော်စင်ဧကရာဇ်အပေါ် နာကျည်းမှုများအရ ကြည့်လျှင်မူ ဤသည်မှာ လုံးဝ ယုတ္တိမရှိပေ၊ တစ်ခုမှလွဲ၍
“တစ်စုံတစ်ယောက်က သူ့ကို ကြိုတင်ပြီး ပြောပြထားခဲ့တာ ဖြစ်ရမယ်”
ဝမ်ချောင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်ပေသည်။
ထိုအချိန်မှာပင် ငှက်တောင်ပံ ခတ်သံတစ်ခုမှာ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ပေသည်။ ဝမ်ချောင် ခေါင်းမော့ကြည့်လိုက်ရာ၊ အဝေးဆီမှ စာပို့ချိုးငှက်တစ်ကောင်မှာ ဟင်းလင်းပြင်ထဲမှ ကျဆင်းလာသည်ကို မြင်တွေ့လိုက်ရပေသည်။ ညဉ့်အမှောင်အတွင်း၌ လူငယ်ပုံရိပ်တစ်ခုမှာ ထိုနေရာ၌ ရပ်နေကာ စာပို့ချိုးငှက်၏ ခြေထောက်မှ စာလိပ်ကို ဖြုတ်ယူလိုက်ပြီးနောက်၊ တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့်ပင် အလျင်အမြန် ခြေလှမ်းကျဲကျဲဖြင့် မိမိဆီသို့ လျှောက်လှမ်းလာခဲ့ပေသည်။
“အရှင် မကောင်းတော့ဘူး အခုပဲ သတင်းရတာကတော့ လီလင်ဖူပျောက်ကွယ်သွားပြီတဲ့”
ကျန်းချွယ်က ကိုယ်ကို ကိုင်းညွှတ်လျက် လေးနက်သော အသံဖြင့် ဆိုလိုက်ပေသည်။
“ဘာလဲ”
ဝမ်ချောင်၏ စိတ်ထဲ၌ တုန်လှုပ်သွားခဲ့ရကာ ချာခနဲ လှည့်ကြည့်လိုက်သည်။
“တကယ် ဘာဖြစ်တာလဲ”
လီလင်ဖူမှာ ထန်အမတ်ချုပ်တစ်ဦးဖြစ်ကာ ပထမတန်းစား အရာရှိကြီးလည်း ဖြစ်ပေသည်။ ထို့ပြင် သူသည် စာပေအရာရှိ တစ်ဦးသာ ဖြစ်ရာ၊ ကျယ်ပြောလှသော မြို့တော်အတွင်း၌ သူ ဘယ်ကို ထွက်ပြေးနိုင်ပါမည်နည်း။
“အရှင်၊ ကျွန်တော်တို့ လူတွေက သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့တာပါ၊ ဒါပေမဲ့ အမတ်ချုပ် စံအိမ်တော်က အရမ်းထူးခြားလွန်းနေတာကြောင့်၊ အနီးကပ် သွားရောက် စောင့်ကြည့်မယ်ဆိုရင်တော့ ပြဿနာတွေ ဖြစ်လာနိုင်စရာ ရှိလို့ပါ”
“နေ့ဘက်တုန်းကတော့ လီလင်ဖူဟာ စံအိမ်တော်အတွင်းမှာပဲ ရှိနေတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်၊ ဒါပေမဲ့ ညဘက်ရောက်တဲ့ အခါမှာတော့ စံအိမ်တော်အတွင်းက သူလျှိုတွေဆီက သတင်းရုတ်တရက် ရောက်လာတာက၊ လီလင်ဖူရုတ်တရက် ပျောက်ကွယ်သွားပြီတဲ့၊ ညစာ စားချိန်ရောက်လို့ သူတို့တွေ လီလင်ဖူဆီကို ထမင်းသွားပို့တဲ့ အခါကျမှပဲ ဒါကို အတည်ပြုနိုင်ခဲ့တာပါ၊ ပြီးတော့ တစ်စံအိမ်တော်လုံးကို ရှာဖွေကြည့်ပေမဲ့လည်း သူ့ကို မတွေ့ရတော့ပါဘူး”
“ဒါ့အပြင် အပြင်ဘက်မှာ စောင့်ကြည့်နေတဲ့ သူလျှိုတွေ အားလုံးကိုလည်း ကျွန်တော်မျိုးတို့ ထပ်ပြီး စုံစမ်းခိုင်းခဲ့ပါတယ်၊ အားလုံးက အတည်ပြုတာကတော့ လီလင်ဖူကို နောက်ဆုံး မြင်တွေ့ခဲ့ရတဲ့ အချိန်တုန်းက သူဟာ စံအိမ်တော်အတွင်းမှာပဲ ရှိနေတာဖြစ်ပြီးတော့ လူအားလုံးက အပြင်ဘက်မှာ ဝိုင်းပြီး စောင့်နေကြတာမို့၊ သူဟာ စံအိမ်ထဲကနေ လုံးဝထွက်မသွားခဲ့ပါဘူးတဲ့”
ကျန်းချွယ်က လေးနက်သော အသံဖြင့် ဆိုလိုက်ပေသည်။
ဤစကားများကို ကြားလိုက်ရသည့်အခါ ဝမ်ချောင်၏ မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ရပေသည်။
လီလင်ဖူမှာ မြေခွေးအိုကြီး တစ်ကောင်ကဲ့သို့ အလွန်ပင် လှည့်ပတ်ကျွမ်းကျင်သူ ဖြစ်ကြောင်းကို ဝမ်ချောင် အချိန်အတော်ကြာကတည်းက သိရှိထားပေသည်။ သို့သော်လည်း သူသည် အဆုံးစွန်ထိ ပြောရလျှင် စာပေအရာရှိတစ်ဦးသာ ဖြစ်ရာ၊ ဘယ်လိုနည်းနဲ့မှ ဗလာကျင်းနေသော ဟင်းလင်းပြင်ထဲ၌ အငွေ့ပျံ ပျောက်ကွယ်သွားရန် မဖြစ်နိုင်ပေ။ ယခုကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာခြင်းမှာမူ တစ်ခုတည်းသော အချက်ကိုသာ ဖော်ပြနေပေသည်။ ၎င်းမှာ လီလင်ဖူသည် မိမိအား တစ်စုံတစ်ဦးက စောင့်ကြည့်နေကြောင်း ရိပ်မိသွားခဲ့သဖြင့်၊ ဝမ်ချောင်၏ လက်အောက်ခံ သူလျှိုများ၏ မျက်စိကို တမင်တကာ ရှောင်လွှဲလျက် ပျောက်ကွယ်သွားခဲ့ခြင်းပင် ဖြစ်၏။
မြင့်မြတ်လှသော အမတ်ချုပ်တစ်ဦးအနေဖြင့် စံအိမ်တော်အတွင်း အဝင်အထွက် ပြုလုပ်သည်ကိုမူ၊ ဝမ်ချောင်ပင်လျှင် သူ့အား ကန့်သတ်ထားရန် မဖြစ်နိုင်ပေ။
ယခုကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာခြင်းမှာမူ၊ အဖြေတစ်ခုသာ ရှိပေသည်။ ၎င်းမှာ လီလင်ဖူသည် နောက်ကွယ်၌ တိတ်တဆိတ် တစ်စုံတစ်ရာကို လုပ်ဆောင်နေခြင်း ဖြစ်ကာ၊ ဤကိစ္စမှာ များစွာအရေးကြီးလှသဖြင့် အပြင်လူများအား မသိစေလိုခြင်းပင် ဖြစ်ရပေမည်
သို့သော်လည်း လီလင်ဖူကဲ့သို့သော စာပေအရာရှိ တစ်ဦးအနေဖြင့် အမှန်တကယ် ဘာကို လုပ်ဆောင်နိုင်ပါမည်နည်း။
ဝမ်ချောင်သည် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်နေပေသည်။
ဝမ်ချောင် ဆင်ခြင်သုံးသပ်နေစဉ်မှာပင်၊ ရုတ်တရက်ဆိုသလို ခြေသံများ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ ခေတ္တမျှ ကြာပြီးနောက်တွင်မူ နောက်ထပ် ပုံရိပ်တစ်ခုမှာ ခြေလှမ်းများ မြန်ဆန်လှလျက် အလျင်အမြန် ရောက်ရှိလာခဲ့ပြန်သည်။
“အရှင် အရှင်ရဲ့ မိန့်ကြားချက်အတိုင်း ကျွန်တော်တို့ ထပ်ပြီးတော့ သေသေချာချာ စုံစမ်းကြည့်ခဲ့ရာမှာ အခုလေးတင် ရှာဖွေတွေ့ရှိချက် အသစ်တချို့ ရရှိထားပါတယ်၊ လီလင်ဖူဟာ ဒီအတောအတွင်းမှာ စံအိမ်တော်ထဲမှာပဲ အမြဲ နေထိုင်နေခဲ့တာ မှန်ပေမဲ့၊ အမှန်တကယ်တော့ ဟွမ်ရှောင်ထျန်းနဲ့ အမြဲတမ်း ရင်းနှီးစွာ ဆက်သွယ်နေခဲ့တာပါ”
ကျန်းချွယ်၏ ဘေးနား၌ ရွှီခဲ့ယီသည် ကိုယ်ကို ကိုင်းညွှတ်လျက် ဆိုလိုက်သည်။
လီလင်ဖူနှင့် ဝတ်စုံမည်းဝတ်လူတို့ကြား၌ တစ်စုံတစ်ရာ ပတ်သက်မှု ရှိနိုင်ကြောင်း ရိပ်မိသွားသည့် ခဏမှစ၍၊ ဝမ်ချောင်သည် ဤကိစ္စမှာ များစွာအရေးကြီးလှကြောင်း ခံစားမိခဲ့သဖြင့်၊ လူအင်အားများ အထူး ထပ်တိုးလိုက်ကာ လက်အောက်ရှိ လူများကို အုပ်စုနှစ်စု ခွဲလိုက်ခြင်း ဖြစ်ပေသည်။ ကျန်းချွယ်အား လီလင်ဖူကို စောင့်ကြည့်ရန် တာဝန်ပေးထားခဲ့ကာ၊ ရွှီခဲ့ယီအား အပြင်စည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်စေလျက် လီလင်ဖူနှင့် ဤအတောအတွင်း ထိတွေ့ခဲ့ဖူးသော သူများကို တင်းကျပ်စွာ စောင့်ကြည့် စုံစမ်းခိုင်းထားခဲ့ခြင်း ဖြစ်ပေသည်။
လီလင်ဖူမှာ စံအိမ်တော်အတွင်း၌သာ တစ်ချိန်လုံး အောင်းနေလျက် အပြင်သို့ ထွက်ခွာခြင်း မရှိသော်လည်း၊ ဝမ်ချောင်သည် ဤကိစ္စမှာ ထိုမျှအထိ မရိုးရှင်းနိုင်ကြောင်း အမြဲခံစားနေရပေသည်။ လီလင်ဖူအနေဖြင့် ဤမျှအထိ တိတ်ဆိတ်နေလေလေ ပိုသံသယဖြစ်ဖွယ် ကောင်းလေလေ ဖြစ်ပေသည်။
သို့သော်လည်း ဝမ်ချောင် မထင်မှတ်ထားခဲ့သည်မှာ လီလင်ဖူတိတ်တဆိတ် ထိတွေ့နေခဲ့သော သူမှာ အမှန်တကယ်တော့ သူ ဖြစ်နေခြင်းပင် ဖြစ်ပေသည်။
“ဟွမ်ရှောင်ထျန်း”
ဝမ်ချောင်၏မျက်ခုံးများမှာ လှုပ်ခတ်သွားခဲ့ကာ များစွာအံ့အားသင့်သွားရပေသည်။
မည်သည့် အရပ်မျက်နှာမှ ကြည့်သည်ဖြစ်စေ လီလင်ဖူ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာအရဆိုပါက၊ သူ ထိတွေ့ရမည့်သူမှာ မည်သို့ပင်ဖြစ်စေ သူ ဖြစ်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် နန်းစောင့် တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကို လီလင်ဖူအနေဖြင့် ဘာကိစ္စရှိလို့ သွားရောက် ထိတွေ့နေရပါသနည်း။
အကယ်၍ လီလင်ဖူအနေဖြင့် တစ်စုံတစ်ရာ လုပ်ဆောင်လိုသည်ဆိုပါက၊ အနည်းဆုံးတော့ အဆင့်မြင့် ဗိုလ်ချုပ်အဆင့်ရှိသူကိုသာ ထိတွေ့သင့်သည် မဟုတ်ပါလား။
ဟွမ်ရှောင်ထျန်း အနေဖြင့်ရော သူ့အား ဘာများ ကူညီပေးနိုင်ပါမည်နည်း။
ဝမ်ချောင်၏ စိတ်ထဲ၌ များစွာ သံသယဖြစ်နေမိပေသည်။
“ရွှီခဲ့ယီ နန်းစောင့် တပ်ဖွဲ့ဆီကို တစ်ခေါက် သွားစမ်း၊ ငါ့ရဲ့အမိန့်ကို ပါးလိုက်ပါ၊ ဟွမ်ရှောင်ထျန်းကို ငါ့ဆီကို ခေါ်လာခဲ့”
ဝမ်ချောင်သည် မျက်ခုံးကို တစ်ချက် ပင့်လိုက်ကာ၊ လက်ဝါးကို ဆန့်ထုတ်လျက် သူ၏ ခါးရှိ ချင်ဝမ် တံဆိပ်ကို လျင်မြန်စွာ ဖြုတ်ယူလိုက်ပေသည်။
နန်းတော်မှာ လက်တစ်ကမ်းအတွင်း၌သာ ရှိနေပေသည်။ ဝမ်ချောင်၏ ယခုလက်ရှိ အဆင့်အတန်းနှင့်ဆိုပါက ဟွမ်ရှောင်ထျန်းအား ဆင့်ခေါ်ရန်မှာ လက်တစ်ဖက် လှန်ရသလောက်ပင် လွယ်ကူလှပေသည်။
လီလင်ဖူသည် ဟွမ်ရှောင်ထျန်းနှင့် ဘာတွေ ဆွေးနွေးနေကြသလဲဟူသည်ကို အခုလောလောဆယ် မသိရှိရသေးသော်လည်း၊ ဟွမ်ရှောင်ထျန်းကိုသာ ဆင့်ခေါ်လိုက်မည်ဆိုလျှင် ပြဿနာအားလုံးမှာ သဘာဝကျကျပင် ရှင်းလင်းသွားမည် ဖြစ်ပေသည်။
ဟွမ်ရှောင်ထျန်းအနေဖြင့် ဖီဆန်ဝံ့လောက်အောင် သတ္တိရှိလိမ့်မည်ဟု သူ မယုံကြည်ပေ။
“အရှင် ဟွမ်ရှောင်ထျန်းက အခု နန်းစောင့် တပ်ဖွဲ့မှာ မရှိတော့ပါဘူး၊ မင်းသားသုံးပါး ပုန်ကန်မှုတုန်းက၊ ဟွမ်ရှောင်ထျန်းဟာ အဓိက တရားခံ မဟုတ်ပေမဲ့လည်း၊ ပတ်သက်မှုတွေ ရှိခဲ့တာကြောင့် ဧကရာဇ်အသစ် နန်းတက်ပြီးနောက်မှာတော့ မြေအောက်ထောင်ကို ရာထူးချခံလိုက်ရပြီးတော့ အခုလောလောဆယ် မြေအောက်ထောင်ကို စောင့်ကြပ်ဖို့ တာဝန်ယူထားရတာပါ”
ရွှီခဲ့ယီသည် ခေါင်းငုံ့လျက် ကိုယ်ကို ကိုင်းညွှတ်ကာ ဆိုလိုက်ပေသည်။
မင်းသားသုံးပါး ပုန်ကန်မှုအတွင်း၌၊ ဟွမ်ရှောင်ထျန်းကဲ့သို့သော အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့သူမျိုးမှာမူ၊ အိမ်ရှေ့မင်းသားဟောင်း လီယင်းဘက်ကတောင်မှ သူ့အား အလေးမထားခဲ့သဖြင့် နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော နန်းတွင်း အာဏာသိမ်းမှုတွေမှာပင် ပါဝင်ခွင့် မရခဲ့ပေ၊ သို့သော်လည်း ဟွမ်ရှောင်ထျန်းမှာမူ ထိုအချက်ကြောင့်ပင် ကံကောင်းထောက်မစွာဖြင့် ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့ခြင်း ဖြစ်ပေသည်။
ဤကိစ္စရပ်များမှာ များစွာသေးငယ်လှသကဲ့သို့၊ ဟွမ်ရှောင်ထျန်းမှာလည်း အရေးမပါလှသော လူငယ်လေးတစ်ဦးသာ ဖြစ်သဖြင့်၊ အခြေအနေ အရပ်ရပ်အပေါ်၌လည်း မည်သည့် သက်ရောက်မှုမျှ မရှိနိုင်ရာ၊ ဝမ်ချောင်အနေဖြင့်လည်း အရေးကြီးသော ကိစ္စရပ်များစွာကို ကိုင်တွယ်နေရသဖြင့် အရာရာကို အစီရင်ခံရန် မဖြစ်နိုင်သောကြောင့်၊ ရွှီခဲ့ယီတို့ကလည်း ဤအချက်ကို ယခင်က အစီရင်ခံခြင်း မပြုခဲ့ကြပေ။
“ဘာလဲ၊ မြေအောက်ထောင် ဟုတ်လား”
ဝမ်ချောင်၏မျက်ခုံးများမှာ လှုပ်ရှားသွားခဲ့ကာ နှလုံးခုန်သံများလည်း မြန်ဆန်လာခဲ့ပေသည်။ ရုတ်တရက်ဆိုသလို အလွန်အမင်း မကောင်းသော ခံစားချက်မျိုး တစ်ခု တိုးဝင်လာခဲ့ပေတော့သည်။
******