← Chapters

အချိန်တောင် တော်တော်ကြာခဲ့ပြီပဲနော်၊ ဂျူနီယာညီမ ဖန်း

Vol. 15 Ch. 197

အချိန်တောင် တော်တော်ကြာခဲ့ပြီပဲနော်၊ ဂျူနီယာညီမ ဖန်း

Vol. 15 Ch. 197

“အစ်ကိုကြီး စစ်မာ”

မိန်းကလေးသည် အံ့အားသင့်မှင်တက် သွားခဲ့ပြီး သူမမျက်နှာတွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဤယောက်ျား၏ မျက်နှာပေါ်တွင် ယခုလိုအမူအရာမျိုးကို သူမ ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပေ။ သူမ၏ ထိုသူ့အပေါ် အထင်ကြီးထားမှုများ အရတော့ ယခုလို သိသိသာသာ ပြောင်းလဲမှုများ၊ အလျင်စလို အပြုအမူများသည် စစ်မာရှင်း၏ မျက်နှာပေါ်တွင် ပေါ်ပေါက် မလာသင့်ပါချေ။

သူသည် အမြဲတစေ နူးညံ့သိမ်မွေ့၊ ခန့်ညားနေတတ်ပြီး သူ့နှုတ်ခမ်းများတွင် ခပ်ရေးရေး အပြုံးတစ်ခု တွဲခိုနေတတ်သည်။ တောင်ပြိုခြင်း၊ ကမ္ဘာလောကကြီး ပြိုကွဲသွားခြင်းများနှင့် ရင်ဆိုင်ရလျှင်ပင် သူသည် ထိုကဲ့သို့သာ ဆက်လက်၍ ရှိနေမည်ဖြစ်သည်။

ထိုအရာက သူ၏ သူမအပေါ် ဆွဲဆောင်နိုင်မှုပင် ဖြစ်သည်။ သူမ၏စိတ်ထဲတွင်တော့ ဤယောက်ျားသည် အမှန်တကယ် သန်မာ၍ စွမ်းအားကောင်းသူ တစ်ဦးဟု မှတ်ယူထားခဲ့ခြင်းသာ ဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ စစ်မာရှင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို သူမတွေ့မြင်လိုက်ရသည်။ သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် လျှပ်စီးအလင်းစက် များကိုလည်း သူမ တွေ့မြင်လိုက်ရသေး၏။ ဝိုင်ခွက် ကွဲကြေသွားသည် ကိုလည်း သူမမြင်လိုက်ရသည်။ ထိုအရာများအားလုံးကို စစ်မာရှင်း၏ စကားလုံးများနှင့် သူမချိတ်ဆက်လိုက်မိ ချိန်မှာတော့ ကောင်မလေး၏ နှလုံးသားထဲ၌ အယူအဆတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စစ်မာရှင်း၏ ဝိုင်ခွက် ကွဲကြေသွားပြီး လျှပ်စီးအလင်းစက်များ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် အခိုက်အတန့်မှာပင် ဟန်တောင်တန်း မြို့တော်တွင်လည်း ထိတ်လန့်တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လီထောင်ပေါင်းများစွာ ဧရိယာတစ်ဝိုက် ပြည့်နှက်နေခဲ့သည့် လျှပ်စီးတန်းတို့သည် ဟန်တောင်တန်း ခေါင်းလောင်းပေါ်တွင် ထိုင်နေသည့် စုမင်ထံသို့ တိုးဝင်လာခဲ့ကြသည်။ လေထုအတွင်း ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားသည်နှင့် လျှပ်စီးတို့ဖြင့် ပြည့်နှက်နေသည့် ကောင်းကင်အလယ်၌  နတ်ဘုရားရုပ်တု အစစ်အမှန်ပုံစံ ဖြစ်ပေါ်လာခြင်းနှင့် အပြာရောင် တိမ်တိုက်တို့အပြင် တတိယမြောက် ပုံမှန်မဟုတ်မှုသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

၎င်းသည် ကြမ်းကြုတ် ရက်စက်ဟန် သားရဲတစ်ကောင်၏ မထင်မရှားပုံစံပင် ဖြစ်သည်။ ထိုသားရဲပုံရိပ်ကို မြင်ရရုံရှိသေးသည့် အချိန်မှာပင် ၎င်းထံမှ  သန်မာသည့် ဖိအားအရှိန်အဝါသည် ဒီရေလှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာခဲ့သည်။ ထိုရက်စက် ကြမ်းကြုတ်ဟန် သားရဲကြီးတွင် ခေါင်းကိုးလုံးရှိ၏။ ထိုခေါင်းများထဲမှ ခြောက်လုံးသည် အိပ်ပျော်နေဟန်ဖြင့် ၎င်းတို့မျက်လုံးများကို မှိတ်ထားကြသည်။

မျက်လုံးများ ပွင့်နေသည့် ခေါင်းသုံးလုံးအနက်မှ နှစ်လုံးကိုတော့ များပြားလှသော လျှပ်စီးတို့ဖြင့် ဝန်းရံလျက်ရှိပြီး ကျယ်လောင်သည့် မြည်ဟည်း ဆူညံသံများကို ထုတ်လွှတ်လျက်ရှိသည်။ ထိုခေါင်းများကို လျှပ်စီးတို့ ဝန်းရံနေရင်းမှပင် ခေါင်းနှစ်လုံး၏ မျက်လုံးများထဲတွင် ဝတ်ရုံအဖြူနှင့် လူတစ်ဦး၏ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုလူ၏ပုံရိပ်သည်တော့ ပုံပျက်နေခဲ့ချေသည်။

ကျန်ခေါင်းတစ်လုံး၏ မျက်လုံးများထဲတွင်တော့ စုမင်၏ခန္ဓာကိုယ်က ရောင်ပြန်ဟပ်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ၎င်းသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းထံသို့ အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ၎င်းကို အနက်ရောင် အခိုးအငွေ့တို့ ဝန်းရံနေခဲ့ပြီး ထင်ရှားပေါ်လွင် နေစေသည်။

“ကိုး...”

မသဲမကွဲ ခပ်တိုးတိုး ဟိန်းဟောက်သံ တစ်ခုသည် မျက်လုံးများပွင့်နေသည့် သားရဲခေါင်းသုံးလုံး၏ ပါးစပ်များမှ ထွက်ပေါ်လာခဲ့သည်။

“ခေါင်း ... ကိုးလုံး ... နဂါး...”

ထိုအသံသည် အချိန်တို့ကို ဖြတ်သန်းထွက်ပေါ် လာဟန်တူ၏။ ၎င်းသည် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေပြီး သူ့ပတ်ဝန်းကျင်မှ လျှပ်စီးအချို့ကို ပျောက်ကွယ်သွားစေသည်။

ဤထူးဆန်းသည့် မြင်ကွင်းသည် မြေပြင်မှ ကြည့်ရှုနေကြသူများ အားလုံးကို ထိတ်လန့် တုန်လှုပ်မှုအတွင်း ကျရောက်သွားစေခဲ့သည်။

စုမင်သည် ဟန်တောင်တန်း ခေါင်းလောင်းပေါ်တွင် ထိုင်နေခဲ့ပြီး ၎င်းကိုသုံးလျက် လျှပ်စီး၏စွမ်းအားကို ခုခံရန် ကြိုးစားနေခဲ့သည်။ ဤအရာသည် သူတွေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်သည်။ ခေါင်းလောင်းသည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်ပြီး ခေါင်းကိုးလုံးအနက်မှ သူ၏အလိုဆန္ဒရှိသည့် ခေါင်းတစ်လုံးသည် လျှပ်စီးကိုခုခံနိုင်ရန် ဤနေရာတွင်ရှိသည့် အကောင်းဆုံးသော အရာပင်ဖြစ်သည်။

သူထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ လျှပ်စီး၏ စွမ်းအားအများစုကို အပြင်သို့ ထုတ်လိုက်ပြီး ခေါင်းလောင်းထဲသို့ ထည့်သွင်းလိုက်ချိန်တွင် သူ မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချလိုက်မိကြောင်း စုမင်သိခဲ့ရသည်။

သူ့မျက်နှာသည် ဖြူရော်နေမည် ဖြစ်သော်လည်း သူ့အမူအရာသည်တော့ တည်ငြိမ်နေခဲ့၏။ ယခုအချိန်တွင်တော့ သူ့ခန္ဓာကိုယ်အတွင်းရှိ မြေကမ္ဘာလျှပ်စီးနှင့် ဟင်းလင်းပြင်လျှပ်စီးတို့ အချင်းချင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော လျှပ်စီးတို့ကို သန့်စင်နိုင်ရန် အချိန်လုံလောက်စွာ ရရှိသွားပြီဖြစ်သည်။ ပတ်ဝန်းကျင် ဧရိယာတစ်ဝိုက်ရှိ လျှပ်စီးတို့၏ အင်အားများသည် သူ့ထံသို့ ဆွဲဆောင်ခံရသော်လည်း ၎င်းတို့ထဲမှ အများစုက သူ့အောက်မှ ခေါင်းလောင်းထံသို့ ရောက်ရှိသွားခဲ့ကြပြီး ခေါင်းလောင်းက ထိုအင်အားတို့ကို ၎င်း၏စွမ်းအားဖြင့် ခုခံခဲ့သည်။

အမှန်တွင်တော့ ထိုအခိုက်အတန့်၌ ပြင်းပြသည့် ဆန္ဒတစ်ခုက စုမင်နှလုံးသားအတွင်း ကြီးထွားဖြစ်ပေါ်လာခဲ့၏။

ဟန်တောင်တန်း ခေါင်းလောင်းသည် အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခု ဖြစ်သည်။ သို့သော် သူက ထိုအရာကို အဝေးသို့ ယူသွား၍မရပေ။ ဝတ်ရုံအဖြူနှင့် လူသည်ပင် ခေါင်းနှစ်လုံးကို ပိုင်ဆိုင်ထားသော်လည်း အဝေးသို့ ယူမသွားနိုင်ခဲ့ချေ။ အကယ်၍ စုမင်သာ ခေါင်းလောင်းကို ပိုင်ဆိုင်လိုလျှင် သူ ပိုမိုများပြားသည့် ဦးခေါင်းတို့ကို သေချာပေါက် နှိုးထရန်လိုပြီး သူ၏စိတ်ဆန္ဒကို ၎င်းတို့အထဲ၌ ချန်ထားရစ်ခဲ့ရမည် ဖြစ်သည်။

သူ ရုပ်နယ်လွန်အဆင့် မရောက်ရှိခင်က ခေါင်းတစ်လုံးကိုသာ နိုးထစေနိုင်ခဲ့သည်။ သို့သော် ယခုတော့ သူက ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ခေါင်းလောင်းသည် လျှပ်စီးကိုခုခံနိုင်ပြီး သူ့ကို အချိန်ပိုပေးနိုင်သည့် အခိုက်အတန့်တွင် စုမင်ထံ၌ သူ၏ ပြင်းပြသည့်ဆန္ဒက ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းပတ်လည်သို့ တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို စုမင် ဖြန့်ကြက်လိုက်သည်။ ခေါင်းလောင်းသံ မြည်ဟည်းသွားချိန်တွင် သားရဲ၏ နိုးထနေသော ခေါင်းသုံးလုံးသည် ‘ခေါင်းကိုးလုံးနဂါး’ ဟူ၍ ဟိန်းဟောက်ခဲ့ကြသည်။

ခေါင်းလောင်းသည် ကျယ်လောင်သည့် ခေါင်းလောင်းသံတစ်ခုကို ရုတ်တရက် ထုတ်လွှင့်လိုက်သည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် လှိုင်းဂယက်အလွှာ တစ်ခုသည် ပျံ့နှံ့သွားခဲ့၏။ ဟန်တောင်တန်း မြို့တော်နှင့် ပတ်ဝန်းကျင် ဧရိယာတစ်ဝိုက်မှ ကျောက်တောင်များသည် တုန်ခါသွားကြပြီး ကောင်းကင်ရှိ သားရဲ၏ ခေါင်းခြောက်လုံးအနက်မှ ဦးခေါင်းတစ်ခု၏ မျက်လုံးများသည် လျင်မြန်စွာ ပွင့်ဟလာခဲ့သည်။

သူ၏မျက်လုံးများ ပွင့်လာသည်နှင့် သားရဲသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားစေသည့် အသံဖြင့် နောက်တစ်ကြိမ် ဟိန်းဟောက်အော်မြည် လိုက်ပြန်သည်။

“ခေါင်း ... ကိုးလုံး နဂါး ... တောင်အရပ်”

ထိုအသံတွင် အံ့အားသင့်ဖွယ် စွမ်းအားများဖြင့် ပြည့်နေခဲ့သည်။ ၎င်းအသံသည် လေထုအတွင်း ပဲ့တင်ထပ်နေခဲ့ပြီး သားရဲ၏နိုးထလာသည့် လေးခုမြောက်ဦးခေါင်းမှ မျက်လုံးတို့သည် တောက်ပသည့် အလင်းတို့ဖြင့် စူးရှတောက်ပနေခဲ့ပြီး စုမင်၏ခန္ဓာကိုယ်က သူ၏မျက်လုံးများအတွင်း ပုံပေါ်လာခဲ့သည်။

သားရဲ၏ ခေါင်းကိုးလုံးအနက်မှ နှစ်လုံးကို သိမ်းပိုက်ပြီးသည်နှင့် သူနှင့်ခေါင်းလောင်းကြားမှ ထူးခြားဆန်းကြယ်သည့် ဆက်နွှယ်မှုတစ်ခုကို စုမင်ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ထိုဆက်နွှယ်မှုသည် သူ့အား ခေါင်းလောင်းကို အသုံးချခွင့် မပြုသော်လည်း သူသည် ခေါင်းလောင်းနှင့် ပိုမို၍ အပြည့်အဝ ကိုက်ညီမှု ရှိလာသည်ဟုတော့ ခံစားလိုက်ရ၏။

ထိုခံစားချက်သည် ဤမြင့်မြတ်သော ရတနာကို သူ့အနေဖြင့် ပထမကပိုင်ဆိုင်ထား ခဲ့သော်လည်း ယခုမှသာ သူ့ထံသို့ သေချာပြန်လည် ရောက်ရှိလာသကဲ့သို့ပင် ဖြစ်သည်။

ဤအချိန်အတွင်းတွင် ကောင်းကင်မှသားရဲ၏ အခြားဦးခေါင်း နှစ်လုံးတို့သည် ခပ်တိုးတိုးအသံများကို ထုတ်လွှတ်လိုက်ကြသည်။ ထိုအသံများသည် ခပ်တိုးတိုး ဟိန်းဟောက်သံ တစ်ခုအဖြစ် ဧရိယာတစ်ဝိုက် ပဲ့တင်ထပ်နေခဲ့သည်။

“ဟန်တောင်တန်း ခေါင်းလောင်းက ငါ စစ်မာရှင်းနဲ့ပဲ သက်ဆိုင်တယ်။ တကယ်ပဲ မင်းက ဘယ်သူလဲဆိုတာ ငါမြင်ချင်မိတယ်”

အသံထွက်ပေါ်လာသည်နှင့် ဟန်တောင်တန်း မြို့တော်မှ လူများအားလုံး တိတ်ကျသွားခဲ့သည်။ နန်ထျန်းနှင့် အခြားသူများသည်လည်း ရုတ်ခြည်းဆိုသလို ဖြူဖျော့သွားကြသည်။ မျိုးနွယ်စုသုံးစု၏ တောင်များသည်လည်း အပ်တစ်ချောင်း ပြုတ်ကျလျှင်ပင် ကြားနိုင်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။

ဖန်းချန်းလန် တစ်ယောက် တုန်ယင်သွားမိသည်။ သူမအတွက်တော့ ထိုအသံသည် အိပ်မက်ဆိုး တစ်ခုပင်ဖြစ်သည်။

သို့သော် မကြာမီမှာပင် သူမ၏ အမူအရာတို့ ပြောင်းလဲသွားပြီး လျင်မြန်စွာ ပြောဆိုလိုက်သည်။

“အစ်ကို ... ဖန်းမု ရော”

ဖန်းရှန်လည်း တုန်လှုပ်သွားပြီး ရုန်းကန်နေရသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့သားဒဏ်ရာများ၏ သဘောသဘာဝတို့ကို သူအမှန်တကယ် နားမလည်ခြင်းလား ... ထိုအရာသည် သူ၏ လျှို့ဝှက်ချက်ဖြစ်ပြီး အခြားမည်သူမှ ထိုအကြောင်းကို မသိပေ။

သို့သော် သူခဏတာ တုံ့ဆိုင်းပြီး နောက်တွင်တော့ ဖြူဖျော့နေသည့် အမူအရာနှင့်အတူ အံကြိတ်လျက် ဖန်းချန်းလန် ရပ်နေသည့် တောင်လှေကားဆီသို့ ပြေးသွားလိုက်ပြီး သူမနောက်မှ ချက်ချင်း လိုက်ပါသွားလိုက်သည်။

ဖန်းမုသည် မူလက ငြိမ်းအေးရာ အရှေ့အရပ် တောင်ပေါ်မှနေ၍ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သော်လည်း ရုတ်တရက်ဆိုသလို တုန်ယင်သွားခဲ့သည်။ များစွာသော အနက်ရောင်မြူများ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ထိုအနက်ရောင် မြူများသည် မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု၏ စစ်သည်တော် ခေါင်းဆောင်သည်လည်း အပြင်းအထန် တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာခဲ့သည်။ ထိုကဲ့သို့ အလားတူအရာမျိုးသည် အရောင်စုံရေကန် မျိုးနွယ်စုနှင့် ပုချန့်မျိုးနွယ်စုမှ များစွာသော လူများတွင်လည်း ဖြစ်ပျက်သွားခဲ့သည်။ သူတို့၏ သိစိတ် ကင်းလွတ်သွားသည့် အခြေအနေမှာပင် အနက်ရောင်မြူများသည် သူတို့၏မျက်နှာများကို ဖုံးအုပ်သွားခဲ့ကြပြီး သူတို့ခန္ဓာကိုယ်များ တုန်ယင်သွားခဲ့ကြသည်။

ကောင်းကင်မှ သားရဲ၏ ဦးခေါင်းနှစ်လုံးသာ လျှပ်စီးများနှင့် ရင်ဆိုင်နေရာမှ ဟိန်းဟောက်လိုက်ကြသည်။

၎င်းတို့ ဟိန်းဟောက် လိုက်သည်နှင့် ပုချန့်တောင်ပေါ်မှ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းခံထားရသော  သိစိတ်လွတ်၍ မိန်းမောနေသည့် လူနှစ်ဦး၏ မျက်လုံးများက ပွင့်လာကြသည်။ သူတို့မျက်လုံးများသည် ဗလာဖြစ်နေသော်လည်း ၎င်းတို့ထဲတွင် မုန်းတီးမှု အရိပ်အမြွက်တော့ ရှိနေခဲ့သည်။ သူတို့သည် မျက်လုံး ဖွင့်လိုက်ပြီးသည်နှင့် မတ်တတ်ထရပ် လိုက်ကြသည်။ သူတို့ဘေးမှလူများက အံ့အားသင့်စွာ အော်ဟစ်လိုက်ကြချိန်တွင် သူတို့သည် ဟန်တောင်တန်း ခေါင်းလောင်းပေါ်တွင် ထိုင်နေသည့် စုမင်ထံသို့ အလင်းတန်းများ အသွင်ဖြင့် လေထုကို ဖြတ်သန်း တိုးဝင်သွားကြ၏။

သိပ်မကြာခင်မှာပင် ငြိမ်းအေးရာအရှေ့အရပ် မျိုးနွယ်စု၏ စစ်သည်တော် ခေါင်းဆောင်သည်လည်း ငြိမ်းအေးရာအရှေ့အရပ် တောင်ပေါ်တွင် ခေါင်းကိုမော့လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ပျံ့နှံ့လာသည့် မြူခိုးတို့သည် သူ့ကိုလုံးဝဖုံးအုပ် သွားခဲ့ချိန်တွင်တော့ ရူးသွပ်မှုများက သူ့မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အစွမ်းထက်သန်မာသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့ပြီး လေထဲသို့ခုန်တက်လျက် ဟန်တောင်တန်း မြို့တော်ဆီ ဦးတည်လိုက်သည်။

အရောင်စုံရေကန် တောင်ပေါ်မှလည်း မြူခိုးနက်များ ဖုံးလွှမ်းခံထားရသည့် လူနှစ်ဦးထွက်ပေါ်လာပြီး ဟန်တောင်တန်း မြို့တော်ဆီသို့ ဦးတည်ရွေ့လျား သွားကြပြန်သည်။

လူငါးဦးသည် အနက်ရောင် အလင်းတန်းများ အသွင်ဖြင့် စုမင်ထံ လျင်မြန်စွာ တိုးဝင်သွားကြပြီး ခဏအတွင်းမှာပင် စုမင်အနီးသို့ ရောက်ရှိသွားကြ၏။ ထိုလူငါးယောက်သည် ရူးသွပ်သွားကြပြီဖြစ်ကာ သူတို့ မျက်လုံးများတွင်တော့ ရက်စက် ကြမ်းကြုတ်မှုများဖြင့် ပြည့်နေခဲ့သည်။ ဟန်တောင်တန်း မြို့တော်မှ လူများသည် အံ့အားသင့်ထိတ်လန့်စွာ အော်ဟစ်လိုက်ကြ သော်လည်း မျိုးနွယ်စု သုံးစုသည်တော့ တိတ်ဆိတ်နေဆဲပင် ဖြစ်သည်။

လူငါးဦးသည် ဟန်တောင်တန်း ခေါင်းလောင်းပေါ်မှ စုမင်ထံသို့ လမ်းကြောင်းသုံးခုမှ တိုးဝင်လာခဲ့ကြသည်။

ငြိမ်းအေးရာအရှေ့အရပ် မျိုးနွယ်စု၏ စစ်သည်တော် ခေါင်းဆောင်သည် ပထမဆုံးရောက်ရှိလာသူ ဖြစ်သည်။ သူ့မျက်နှာတွင်တော့ ယုတ်မာသည့် သဘောထား ရည်ရွယ်ချက်တို့ဖြင့် ပြည့်နေခဲ့သည်။ ခပ်တိုးတိုး ဟိန်းဟောက်သံ တစ်ခုနှင့်အတူ ညာလက်ကိုမြှောက်လျက် စုမင်ထံသို့ ဦးတည်ကုပ်ဆွဲလိုက်သည်။ သူ့ခန္ဓာကိုယ်နောက်၌ ဧရာမသစ်သားတုံးကြီး တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုသစ်လုံးကြီးသည် စုမင်ထံ တိုးဝင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် စစ်သည်တော် ခေါင်းဆောင်သည် သူ၏ရင်ဘတ်ကို ဘယ်လက်ဖြင့် ထုရိုက်လိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် သူ၏အင်္ကျီသည် ပေါက်ကွဲထွက်သွားပြီး သူ၏ရင်ဘတ်ပေါ်တွင် စစ်ပွဲပုဆိန် တစ်ခုအသွင် မာန်အမှတ်ကြီးပေါ်လာခဲ့သည်။

ထိုမာန်အမှတ်သည် ခပ်ဖျော့ဖျော့အလင်း ထုတ်လွှတ်နေခဲ့သည်။ ၎င်းပုဆိန်ကြီးသည် ကောင်းကင်၌ ရုပ်လုံးပေါ်လာပြီးနောက် စုမင်ဆီသို့ ဦးတည် ခုတ်ချလိုက်သည်။

အခြားသူ လေးဦးသည်လည်း စုမင်အနီးသို့ ရောက်ရှိလာကြပြီး အမျိုးမျိုးသော မာန်ပညာရပ်တို့ကို အသက်သွင်းလိုက်ပြီး ကျယ်လောင်သည့် ဆူညံသံလှိုင်းကြီးများ ဖြစ်ပေါ်စေလိုက်သည်။

စုမင် မျက်လုံးတို့ကို ပိတ်ထားဆဲပင်ဖြစ်ပြီး လှုပ်ရှားခြင်းမရှိချေ။ ထိုအခိုက်အတန့်တွင် သူသည် လျှပ်စီးကိုသန့်စင်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူအနှောင့်ယှက် မခံနိုင်ပေ။ လူငါးယောက်၏ ဟန့်တားမှု အတားအဆီးများနှင့် ကြုံလိုက်ရချိန်တွင် အစိမ်းရောင်အလင်းသည် သူ၏ မျက်ခုံးများအလယ်မှ တောက်ပစွာ ထွက်ပေါ်လာပြီးနောက် ကျောက်စိမ်း ဓားမြှောင်ငယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤအချိန်သည် ဓားမြှောင်ကို ဖုံးကွယ်ထားရမည့် အချိန်မဟုတ်တော့ပေ။ ဓားမြှောင် ထွက်ပေါ်လာသည်နှင့် ၎င်းသည် စုမင်ခန္ဓာကိုယ် ပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး အကာအကွယ် တစ်ခုအသွင်ဖြင့် အစိမ်းရောင် အလွှာတစ်ခု ဖြစ်ပေါ်လာခဲ့၏။

မြည်ဟည်းသံများ လေထုအတွင်း မြည်ဟည်းသွားသည်။ ဧရာမသစ်လုံးကြီးသည် အစိမ်းရောင်အလင်းနှင့် ရိုက်ခတ်မိသွားပြီး ပုဆိန်ကြီးသည်လည်း ခုတ်ချလိုက်သည်။ ၎င်းသည် အစိမ်းရောင်အလင်းနှင့် ထိမိချိန်မှာပင် အခြားလူလေးဦး၏ တိုက်ခိုက်မှုများ သည်လည်း ကျရောက်လာခဲ့သည်။

တိုက်ပွဲသည် မြေပြင်ပေါ်တွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ပေ။ ကောင်းကင်တွင်လည်း စုမင်၏စိတ်ဆန္ဒကို ပိုင်ဆိုင်ထားသည့် ဦးခေါင်းနှစ်လုံးသည် စစ်မာရှင်း၏ သိမ်းပိုက်ခံထားရသည့် ဦးခေါင်းနှစ်လုံးထံ ဦးတည်လိုက်သည်။ ၎င်းတို့သည် တစ်ခုကို တစ်ခု အပြန်ပြန်အလှန်လှန် ဖျက်ဆီးပစ်လိုဟန်ဖြင့် သားရဲ၏ ဦးခေါင်း လေးလုံးတို့သည် တစ်ခုနှင့်တစ်ခု စတင်ကိုက်ဖဲ့ တိုက်ခိုက်လိုက်ကြသည်။

သို့သော် စစ်မာရှင်း၏ ဦးခေါင်းနှစ်လုံးတို့သည် စုမင်ကြောင့် ဖြစ်ပေါ်လာသည့် လျှပ်စီးများ၏ ရိုက်ခတ် တိုက်ခိုက်မှုကိုလည်း ခုခံတွန်းလှန် နေရသေးသဖြင့် သူတို့သည် ဆိုးရွားသည့် အခြေအနေသို့ ကျရောက်လျက် ရှိကြသည်။

၎င်းသည် ထူးဆန်းသော တိုက်ပွဲတစ်ခုဖြစ်ပြီး စစ်မာရှင်းနှင့် စုမင်တို့ ပထမဆုံး အကြိမ်အဖြစ် လက်ရည်ချင်း ယှဉ်ပြိုင်ကြခြင်းလည်း ဖြစ်သည်။

လေထုအတွင်း ပေါက်ကွဲမြည်ဟည်းသံများ ပဲ့တင်ထပ်နေချိန်တွင် စုမင်သည်တော့ ဟန်တောင်တန်း ခေါင်းလောင်းပေါ်၌ ထိုင်နေဆဲပင်ဖြစ်သည်။ သူ့ပတ်ဝန်းကျင်မှ လူငါးဦးကို ကျောက်စိမ်းဓားမြှောင်ငယ်မှ ဖြစ်ပေါ်လာသည့် အလင်းအကာအကွယ်အား ရိုးရှင်းစွာသာ တိုက်ခိုက်ခွင့် ပြုထားလိုက်သည်။ အကြောင်းအရင်းမှာ ဤလူများကိုသတ်ရန် ဓားကိုထိန်းချုပ်ဖို့ သူ၏အာရုံကို ပိုင်းခြားခြင်းဖြင့် အနှောင့်အယှက် အဖြစ်မခံနိုင် သောကြောင့်ပင် ဖြစ်သည်။ သူသည် ခုခံကာကွယ်ရုံသာ ပြုလုပ်နေခဲ့သည်။

သူ ယခုလိုအပ်နေသော အရာသည် အချိန်ဖြစ်သည်။ သူ့ခန္ဓာကိုယ် အတွင်းမှ လျှပ်စီးအများစုကို သူ့သန့်စင်ခဲ့ပြီးပြီ ဖြစ်သည်။ များမကြာမီမှာပင် သူ့အတွင်းမှ လျှပ်စီးများအားလုံးကို သန့်စင်ပြီးသည်နှင့် သူ၏ ရုပ်နယ်လွန်အဆင့် မူလမာန်အကြောမျှင် ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

ဤမူလမာန် အကြောမျှင်သည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီး၏ လျှပ်စီးပင်ဖြစ်သည်။

ဖန်းရှန်သည် စိုးရိမ်ပူပန်စွာဖြင့် ငြိမ်းအေးရာအရှေ့အရပ် မျိုးနွယ်စုမှ သူ့သားရှိနေရာ နေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် သွားနေခဲ့သည်။ ဖန်းချန်းလန်သည်လည်း သူ့နောက်မှ လိုက်ပါလာခဲ့ပြီး သူတို့သည် မယုံနိုင်ဖွယ် အရှိန်နှုန်းဖြင့် သွားနေခဲ့ခြင်းဖြစ်သည်။ လူငါးဦးတို့ စုမင်ပတ်ဝန်းကျင်မှ အစိမ်းရောင်အလင်း အကာအကွယ်ကို တိုက်ခိုက်နေချိန်တွင်တော့ ဖန်းရှန်နှင့် ဖန်းချန်းလန်တို့ တောင်နံဘေး ဆင်ခြေလျှောသို့ ရောက်ရှိသွားကြလေသည်။ ထိုနေရာတွင် များစွာသော မျိုးနွယ်စုဝင်များသည် စုရုံးလျက် မြေပြင်တွင် အဆက်မပြတ် ပြင်းထန်စွာ တုန်ယင်နေသော ဖန်းမုကို ကြည့်နေခဲ့ကြသည်။

ဖန်းမု၏မျက်နှာသည် သူ၏မျက်ခုံးများ အလယ်နေရာမှလွဲ၍ ခရမ်းရောင် ဖြစ်နေခဲ့သည်။ ဖန်းရှန် ခြေတစ်လှမ်း လှမ်းလိုက်ရင်း နီးကပ်သွားခဲ့သော်လည်း သူထိုသို့နီးကပ်သွားသည့် အချိန်မှာပင် သူ၏နှလုံးသည် ရင်ဘတ်မှ ပေါက်ထွက်တော့မည်ကဲ့သို့ ပြင်းထန်စွာ ခုန်လှုပ်သွားခဲ့ရသည်။ အေးစက်စက် အရှိန်အဝါတစ်ခုသည် ဖန်းမုခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ဖန်းချန်းလန်၏ အမူအရာသည် ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။ သူမ ရပ်တန့်သွားမိပြီး မသိစိတ်အရ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။

မျက်လုံးများ ပိတ်ထားဆဲဖြစ်သည့် ဖန်းမုသည် ရုတ်တရက် တုန်ယင်နေရာမှ ရပ်တန့်သွားခဲ့ပြီး မျက်လုံးတို့ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ သူ့မျက်လုံးများတွင်တော့ ရူးသွပ်မှုများရှိမနေပဲ အေးဆေး တည်ငြိမ်မှုများသာ ရှိနေခဲ့သည်။

ထိုအေးဆေးတည်ငြိမ်သည့် အကြည့်ကို မြင်လိုက်ရသူတိုင်းသည် သူတို့နှလုံးသား အတွင်းမှ အေးစိမ့်မှုများ ဖြစ်ပေါ်လာပြီး ကျောရိုးတစ်လျှောက် ဖြတ်သန်းသွားသည်ဟု ခံစားလိုက်ရ၏။

“အချိန်တောင် တော်တော်ကြာခဲ့ပြီပဲနော်၊ ဂျူနီယာညီမ ဖန်း”

မရင်းနှီးသည့်အသံ တစ်ခုသည် ဖန်းမုပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ ဖန်းမုသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး နူးညံ့ညင်သာသည့် အပြုံးလေးဖြင့် ဖန်းချန်းလန်ကို စိုက်ကြည့်လိုက်သည်။ သူ့အရေပြားပေါ်မှ ခရမ်းရောင် အရိပ်တို့သည်တော့ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်လျက်ရှိသည့် ခရမ်းရောင်ဝတ်ရုံရှည် တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဖန်းချန်းလန် တုန်လှုပ်သွားပြီးနောက် သူမမျက်နှာပေါ်မှ အရောင်အားလုံး ပျောက်ကွယ် သွားတော့သည်။

***

All Chapters