စစ်မာရှင်း
Vol. 15 Ch. 198
“စစ်မာရှင်း”
ဖန်းချန်းလန်နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်မိရင်း သူမမျက်နှာထက်တွင် မုန်းတီးမှုများ ပေါ်လာခဲ့သည်။
ဖန်းရှန် ထိုနေရာတွင် ထုံထိုင်းကြောင်အစွာ ရပ်နေခဲ့မိသည်။ သူ့ရှေ့မှ ရင်းနှီးကျွမ်းဝင်ဟန် တူသော်လည်း ရင်းနှီးကျွမ်းဝင်မှု မရှိသည့်လူကို ကြည့်လိုက်ရင်း သူ့နှလုံးသားတစ်ခုလုံး ဆုတ်ခြေခံလိုက်ရသလို နာကျင်သွားရသည်။ ဖန်းမုဒဏ်ရာများ၏ အရင်းအမြစ်ကို သူသိခဲ့သော်လည်း မသိဟန်ဆောင် နေရန်သာ ရွေးချယ်နိုင်လဲ့သည်။ အခြားဘာများ သူလုပ်နိုင်ဦးမည်နည်း။
မည်သည့်အကြောင်းမှ သူ မသိရှိသလို ဟန်ဆောင်ခဲ့ပြီး သူ့သား၏ ဒဏ်ရာများကို ကုသနိုင်ရန် သူလုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။ ဤသို့လုပ်ခြင်းဖြင့်သာ ဖန်းမုသည် တစ်နေ့နေ့တွင် အမှန်တကယ် ပြန်လည်ကောင်းမွန် လာနိုင်ချေရှိကြောင်း သူသိခဲ့၏။
“ကျွန်တော်က ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖန်းရှန်ပါ။ ဆရာစစ်မာကို နှုတ်ဆက်ပါတယ်”
ဖန်းရှန် ခေါင်းငုံ့လျက် နှလုံးသားမှ နာကျင်မှုတို့ကို မျိုသိပ်ရင်း လေးစားစွာ ပြောဆိုလိုက်သည်။
ဖန်းချန်းလန်၏ မျက်နှာပေါ်မှ အမုန်းတရားကို မမြင်သည့်ဟန်ဖြင့် ဖန်းမုမျက်နှာတွင်တော့ နူးညံ့ညင်သာသည့် အမူအရာသာ ရှိနေခဲ့သည်။ သူ့ဘေးတွင်ရပ်နေသည့် ဖန်းရှန်ကိုတော့ လုံးဝလျစ်လျူရှု ထားခဲ့ချေသည်။ ဖန်းချန်းလန်ထံသို့ လျှောက်သွားလိုက်ပြီး သူမအနီးသို့ ရောက်သည့်အခါ ဖန်းချန်းလန်၏ ဖြူဖျော့နေသည့် မေးစေ့လေးကို ညာဘက်လက်ဖြင့် ပင့်မလိုက်သည်။
“ဟန်တောင်တန်း ခေါင်းလောင်းက ငါ့အပိုင်ပဲ။ ပြီးတော့ ဖန်းမုကိုလည်း ငါပိုင်သလို၊ မင်းကိုလည်း ငါပိုင်တယ်။ အခုတော့ ဘယ်သူကများ ငါပိုင်ဆိုင်တဲ့အရာကို ယူဆောင်ရဲတာလဲ ဆိုတာ သွားကြည့်ရဦးမယ်”
ဖန်းမုသည် ထိုသို့ပြောဆိုပြီးသည်နှင့် မည်းမှောင်နေသည့် အမူအရာက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် လက်မောင်းကို တစ်ချက်ယမ်းလိုက်ရင်း ဖန်းချန်းလန်ကို ထပ်မံဂရုမစိုက်တော့ပဲ ငြိမ်းအေးရာအရှေ့အရပ် တောင်ထိပ်ဆီသို့ လှေကားထစ်များအတိုင်း တက်သွားလိုက်သည်။
သူရှေ့သို့ လျှောက်လှမ်းလာသည်နှင့် အမျှ လှေကားထစ်များကို အေးခဲနေသည့် လေထုအလွှာတစ်ခုဖြင့် ဖုံးအုပ်သွားခဲ့၏။ သူတောင်ထိပ်သို့ ရောက်လာသည့်အချိန်တွင် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည်သာ သူ့ကိုတစ်ချက် လှမ်းကြည့်လာသည်။ ကြည့်လိုက်မိချိန်တွင် အကြီးအကဲ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီးနောက် ဖန်းမုထံသို့ လျင်မြန်စွာ ဦးညွှတ်လိုက်သည်။
“ဆရာစစ်မာကို နှုတ်ခွန်းဆက်ပါတယ်”
ဖန်းမု မည်သည့်စကားမှ ပြန်မပြောခဲ့ပဲ မည်းမှောင်နေသည့် အမူအရာဖြင့် အကြီးအကဲကို ဖြတ်လျှောက်သွားခဲ့၏။ ထို့နောက် သူသည် တောင်စွန်းတွင်ရပ်လျက် ဟန်တောင်တန်း မြို့တော်ထံ ငေးကြည့်လိုက်သည်။
သူ၏အမိန့်သံကို မကြားရပဲနှင့် အကြီးအကဲသည် ပြန်လည်၍ မတ်မတ်မရပ်ရဲချေ။ သူသည် အချိန်အတော်ကြာ ဦးညွှတ်နေခဲ့ပြီး သူ့ပတ်ဝန်းကျင်မှ လူများက ထိုအခြင်းအရာကို မြင်လိုက်ချိန်တွင် ထိတ်လန့်တုန်လှုပ် သွားခဲ့ကြသည်။ သူတို့သည်လည်း ဆက်လက်၍ မတ်မတ်မရပ်ရဲတော့ပဲ အလားတူပင် ဦးညွှတ်လိုက် ကြချေသည်။
ဖန်းမုတစ်ယောက် တောင်ထိပ်တွင်ရပ်လျက် ဟန်တောင်တန်း မြို့တော်မှ ခေါင်းလောင်းပေါ်တွင် ထိုင်နေသည့် စုမင်ထံ လှမ်းကြည့်လိုက်ချိန်တွင် စုမင်ခန္ဓာကိုယ် အတွင်းမှ လျှပ်စီးသည် ကျယ်လောင်သည့်အသံကြီး တစ်ခုနှင့်အတူ စူးရှသည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ စုမင်ခန္ဓာကိုယ်ကို တုန်ယင်သွားစေခဲ့သည့် ပြောင်းလဲမှုတစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့၏။
၎င်းတို့သည် ပါးလွှာသော မိုးကြိုးလျှပ်စီး အလင်းတန်းများပင် ဖြစ်သည်။ စုမင်ခန္ဓာကိုယ် ပတ်လည်တွင် လွင့်မျောနေကြသည့် ထိုမိုးကြိုးလျှပ်စီး အလင်းတန်းများ၏ ဖြစ်ပေါ်မှုသည် သူ၏ပတ်ဝန်းကျင်များမှ ဖြစ်ပေါ်လာခြင်းမဟုတ်ပဲ သူ့ခန္ဓာကိုယ်အတွင်းမှ မြေကမ္ဘာလျှပ်စီးနှင့် ဟင်းလင်းပြင် လျှပ်စီးတို့ အချင်းချင်း အဆက်မပြတ် ထိတိုက်ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခဲ့သည့် အရာပင်ဖြစ်သည်။ ၎င်းတို့ကို ဆက်တိုက် သန့်စင်ပြီး နောက်ဆုံးတွင်တော့ ၎င်း၏ တစ်စိတ်တစ်ပိုင်းကို သူပိုင်ဆိုင်သည့် အရာအဖြစ် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူသန့်စင်နေသော အရာသည် လျှပ်စီးမဟုတ်ပေ။ လျှပ်စီးစွမ်းအားကို ဖန်တီးပေးနိုင်သည့် အရင်းအမြစ်ကို သန့်စင်နေခြင်းဖြစ်သည်။
မြေကမ္ဘာလျှပ်စီးနှင့် ဟင်းလင်းပြင် လျှပ်စီးတို့ကို သူသန့်စင်ခဲ့သည်။ ၎င်းတို့ တစ်ခုနှင့်တစ်ခု တိုက်ခိုက်မိချိန်တွင်သာ သန့်စင်မှုအတွက် ပစ္စည်းကို ရရှိလိမ့်မည်ဖြစ်သည်။
မြေကမ္ဘာလျှပ်စီးသည် သူ၏ခန္ဓာကိုယ် အင်္ဂါများထဲသို့ ဝင်ရောက်သွားပြီး ဟင်းလင်းပြင် လျှပ်စီးသည်တော့ သူ၏ဦးနှောက်နှင့် ဦးခေါင်းခွံထိပ်တို့တွင် ပြည့်နှက်သွားစေခဲ့သည်။ ထိုသာမန်မျက်စိဖြင့် မမြင်နိုင်သည့် လျှပ်စီးအလင်းစက်များ အတူတကွ ပေါင်းစပ်သွား ချိန်တွင်တော့ ထိတ်လန့်တုန်လှုပ်ဖွယ် အားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး စုမင်ခန္ဓာကိုယ် အပြင်ဘက်တွင် သဘာဝအလျောက် လျှပ်စီးတို့ ဖြစ်ပေါ်လာလိမ့်မည်သာ ဖြစ်၏။
စုမင် တုန်ယင်သွားမိသည်။ နောက်ဆုံးတွင်တော့ သူ့ခန္ဓာကိုယ်အတွင်းမှ လျှပ်စီးတို့သည် လုံးဝသန့်စင် ခံလိုက်ရပြီဖြစ်ကာ သူ၏ မူလရုပ်နယ်လွန် မာန်အကြောမျှင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြပြီပင် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့် အတွင်းမှာပင် စုမင်၏ စိတ်ခံစားချက်များ အားလုံးကို ထိတ်လန့် တုန်လှုပ်မှုတို့ဖြင့် အစားထိုးသွားခဲ့သည်။ သူသည် လျှပ်စီးကို သန့်စင်နေခြင်း ဖြစ်သည်ဟု ထင်ထားခဲ့သော်လည်း အောင်မြင်သွားသည့် အချိန်တွင် သူ့ခန္ဓာကိုယ်အတွင်းမှ မယုံကြည်နိုင်ဖွယ် ကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရချေသည်။
သူ့ခန္ဓာကိုယ်တွင် လျှပ်စီးတို့ ပြည့်နေခဲ့သော်လည်း ၎င်းတို့က သူ့ကို မည်သည့်အန္တရာယ်မှ မဖြစ်စေပေ။ ၎င်းတို့သည် သူနှင့်ပေါင်းစပ်သွားပြီး သူ၏အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်ဟုပင် ခံစားနေရ၏။ သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် ကူးခတ်လွင့်မျောနေသည့် လျှပ်စီးအလင်းတန်း လေးများကိုလည်း သူခံစားမိနေသည်။ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး မိုးကြိုးသွားပုံစံ အမှတ်တစ်ခုက သူ့နဖူးအလယ်တွင် ဖြစ်ပေါ်လာခဲ့သည်။
သူ အောင်မြင်ခဲ့သည်။
လျှပ်စီးကို သူ၏ မူလမာန်အကြောမျှင်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။ လျှပ်စီးတို့ ကောင်းကင်တွင် ဝင်းလက်တောက်ပသွားပြီး မိုးခြိမ်းသံများ မြည်ဟည်းသွားကြသည်။ ထိုအသံများ ထွက်ပေါ်လာခဲ့ပုံမှာ ကောင်းကင်တွင် မရေမတွက်နိုင်သော လူများသည် စုမင်ကို ဂုဏ်ပြုနေဟန်ဖြင့် ဟိန်းဟောက်အော်ဟစ် လိုက်ကြသကဲ့သို့ပင် ဖြစ်သည်။
သူ့ကိုယ်သူ အစွမ်းထက်သည်ဟူသော ခံစားမှုတစ်ခုသည် စုမင်နှလုံးသားအတွင်း ဖြစ်ပေါ်လာခဲ့သော်လည်း ထိုအခိုက်အတန့်တွင် သူခံစားနေရသည့် ထိတ်လန့် တုန်လှုပ်မှုကိုတော့ အစားထိုးဖယ်ရှား မပစ်နိုင်ပါချေ။ အချိန်အတော်ကြာ ပြီးနောက်တွင်တော့၊ သူ ထိုခံစားမှုကို အားသုံးဖိနှိပ်လိုက်ပြီး မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။ သူထိုသို့ လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်း ဓားမြှောင်ငယ်လေးသည် လှည့်ပတ်နေရာမှ ရပ်တန့်သွားပြီး သူ့ကို အဆက်မပြတ် တိုက်ခိုက်နေသည့် ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု စစ်သည်တော် ခေါင်းဆောင်၏ နဖူးအလယ်သို့ ထွင်းဖောက်သွားတော့သည်။ ထိုတိုက်ခိုက်မှုသည် သွေးအနည်းငယ်သာ ထွက်ပေါ်စေခဲ့ပြီး သူ၏ဦးခေါင်းကို ဖြတ်သန်းသွားခဲ့သည်။ ပြီးနောက်တွင်တော့ ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု စစ်သည်တော် ခေါင်းဆောင်သည် တုန်ယင်သွားပြီး လဲကျသေဆုံး သွားတော့သည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော လျှပ်စီးတန်းတို့သည် စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး အခြားလူလေးဦးထံသို့ တိုးဝင်သွားတော့သည်။ အနက်ရောင် မြူခိုးတို့ဖြင့် ဖုံးလွှမ်းခံထားရသည့် လူလေးဦးတို့သည် ရှောင်ဖယ်နိုင်ခြင်းမရှိပဲ လျှပ်စီး၏စွမ်းအားဖြင့် တိုက်ခိုက် ခံလိုက်ရလေသည်။ သူတို့ထဲမှ တစ်ဦးသည် ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး အခြားလူ သုံးဦးသည်တော့ ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရ၏။ သူတို့နောက်ပြန်ဆုတ် လိုက်ချိန်မှာပင် ကျောက်စိမ်း ဓားမြှောင်ငယ်လေးက ရောက်ရှိလာခဲ့ပြီး ဓားချက် တစ်ချက်တည်းနှင့် သူတို့၏ဦးခေါင်းများကို လည်ပင်းမှ ပိုင်းဖြတ်ပစ်လိုက်ပြီး လွင့်ထွက်သွားစေခဲ့သည်။
စုမင်၏ တည်ငြိမ်နေသည့် အကြည့်ထဲတွင် အေးစက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် ဘယ်တော့မှ အခြားသူများကို စတင်ရန်စလိမ့်မည် မဟုတ်သော်လည်း တစ်စုံတစ်ယောက်က သူ့ကို နှောင့်ယှက်လာလျှင်တော့ သူ့ဘက်မှ သနားညှာတာ နေလိမ့်မည် မဟုတ်ပေ။
လေးယောက်လုံးကို တစ်ချက်တည်း သတ်ပြီးသွားသည်နှင့် ငြိမ်းအေးရာ အရှေ့အရပ် မျိုးနွယ်စုထံ စုမင်လှမ်းကြည့်လိုက်သည်။ ငြိမ်းအေးရာ အရှေ့အရပ်တောင်ဆီမှ မကောင်းသည့် အကြံအစည်ဖြင့် သူ့ကိုလှမ်းကြည့်နေသူ တစ်ဦးရှိသည်ဟု စုမင်ခံစားမိသည်။ သူလှမ်းကြည့်လိုက်သည်နှင့် ဟန်တောင်တန်းနှင့် ငြိမ်းအေးရာအရှေ့အရပ် တောင်ကြားရှိ လေထုထဲတွင် သူ၏အကြည့်နှင့် စစ်မာရှင်း၏အကြည့်တို့ ထိပ်တိုက်ရင်ဆိုင်မိ သွားခဲ့သည်။
သူတို့အကြည့်များ ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် ငြိမ်းအေးရာအရှေ့အရပ် တောင်ပေါ်တွင် ရပ်နေသည့် ဖန်းမုတစ်ယောက် ယိမ်းယိုင်တုန်ယင် သွားခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံး၏ ပတ်ဝန်းကျင်တွင် များပြားလှသော လျှပ်စီးတို့ ဖြစ်ပေါ်လာခဲ့ပြီး သူ့ခြေထောက်အောက်မှ မြေပြင်သို့ တိုးဝင်သွားခဲ့ကြ၏။ သူ့မျက်လုံးတို့ ကျဉ်းမြောင်း စူးရှသွားခဲ့သည်။
“ငါက သူ့ကို လျှော့တွက်ခဲ့မိတာပဲ”
စစ်မာရှင်း၏ အကြည့်နှင့် စုမင် တွေ့ဆုံလိုက်မိချိန်တွင် ဟန်တောင်တန်း ခေါင်းလောင်းပေါ်မှ သူ့ခန္ဓာကိုယ်အား အေးခဲနေသည့် ရေခဲအလွှာတစ်ခု ချက်ချင်း ဖုံးအုပ်သွားခဲ့၏။ ပမာဏများပြားလှသော အေးစက်စက်လေတို့ သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့ပြီး သူ့ကို ခပ်ပါးပါး ရေခဲအလွှာတစ်ခုဖြင့် ဖုံးအုပ်ခံလိုက်ရခြင်း ဖြစ်သည်။ ထိုရေခဲတို့သည် လျှပ်စီးအလင်းတန်း လေးများကြောင့် ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး ပျောက်ကွယ်သွား သော်လည်း ထိတ်လန့်တုန်လှုပ်မှု တစ်ခုသည်တော့ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း ဖြစ်ပေါ်သွားခဲ့ရသည်။
စုမင် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး သူမတ်မတ်ရပ် ပြီးသွားသည်နှင့် ကောင်းကင်မှ မိုးကြိုးလျှပ်စီးတို့သည် မိုးခြိမ်းသံ တစ်ခုကို ထုတ်ဖော်လိုက်ပြီး စုမင်ပတ်လည်၌ စုဝေးလာခဲ့ကြသည်။
‘ငါက လျှပ်စီးကို သန့်စင်ပြီးတော့ ငါ့ရဲ့ မူလမာန် အကြောမျှင်အဖြစ် ပြောင်းလဲခဲ့တယ် ... ငါ့ရဲ့ မူလမာန်အကြောမျှင်က ပုံရိပ်ယောင် ဖြစ်နိုင်သလို အစစ်အမှန်ပုံစံလည်း ဖြစ်နိုင်တဲ့ အခြေအနေကြားထဲမှာပဲ။ သူ့ရဲ့ တကယ့် အစစ်အမှန်ပုံစံကတော့ ငါ့အတွင်းထဲမှာ ရှိနေတယ် ... ဒါပေမဲ့ အဲဒါကို ဖြန့်ကြက်လိုက်တဲ့ အချိန်ကျရင် ကမ္ဘာလောကကြီးထဲမှာရှိတဲ့ မြေကမ္ဘာလျှပ်စီးနဲ့ ဟင်းလင်းပြင် လျှပ်စီးတွေကို ပေါင်းစပ်သွားစေတယ်’
စုမင်မျက်လုံးများသည် လျှပ်တစ်ပြက် တောက်ပသွားခဲ့သည်။ ကောင်းကင်မှ လျှပ်စီးတန်းတို့ ကျရောက်လာသည်နှင့် သူညာဘက်လက်ကို မြှောက်လိုက်ပြီး မရေမတွက်နိုင်သော လျှပ်စီးကြောင်းများ ရှိနေသည့် လမ်းကြောင်းသို့ ဦးတည်၍ လေထဲသို့လက်ဖြင့် ဆွဲစုပ်လိုက်သည်။
ရုတ်ခြည်းဆိုသလိုပင် မရေမတွက်နိုင်သော လျှပ်စီးများက စုမင်ခန္ဓာကိုယ်ကို ဖုံးအုပ်သွားခဲ့ပြီး မိုးခြိမ်းသံများသည်လည်း ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်လှုပ်သွားစေခဲ့သည်။ နောက်ဆုံးတွင်တော့ ကောင်းကင်၌ မည်သည့်လျှပ်စီးမှ ရှိမနေတော့ပေ။ ၎င်းတို့အားလုံးသည် စုမင်ထံတွင်သာ စုဝေးနေခဲ့ပြီး ဧရာမလျှပ်စီး အလုံးကြီးတစ်ခုအသွင် ပြောင်းလဲသွား ခဲ့တော့သည်။
နေလုံးထံမှ အလင်းရောင်များ ထုတ်လွှတ်နေသကဲ့သို့ ၎င်းလျှပ်စီးအလုံးကြီးထံမှ အလင်းသည် အရပ်မျက်နှာအားလုံးသို့ ထွန်းလင်းတောက်ပလျက် ရှိ၏။
ငြိမ်းအေးရာ အရှေ့အရပ်တောင်ပေါ်မှ ဖန်းမုတစ်ယောက် ထိုအခြင်းအရာကို မြင်လိုက်ချိန်တွင် သူ၏မျက်နှာက ပိုမိုလေးနက်သွားခဲ့ရသည်။
“သူ့နာမည် ဘယ်လိုခေါ်လဲ”
ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စု အကြီးအကဲသည် ခဏတာတုံ့ဆိုင်းနေ ပြီးနောက်မှ ခပ်တိုးတိုးပြောလာ၏။
“ဆရာ၊ သူ့နာမည်က မော့စုပါ ... သူက သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။ ပြီးတော့ ... ရုပ်နယ်လွန်အဆင့်၏ စစ်နတ်ဘုရားဆိုတဲ့ ဘွဲ့နာမည်ကို ပေးအပ်ခံခဲ့ရပါတယ်...”
စူးရှသည့်အကြည့်က ဖန်းမု မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့သည်။ သူသည် တောင်ပေါ်တွင် ရပ်နေရင်းမှ ညာလက်ကိုမြှောက်လျက် အဝေးရှိ တောင်တစ်လုံးကို ညွှန်ပြလိုက်သည်။
“အေးခဲကောင်းကင် မာန်ပညာရပ်၊ ဖန်တီးမှု ၉မျိုး”
သူ့အသံသည် တည်ငြိမ်နေခဲ့သော်လည်း ထိုစကားလုံးတို့ကို ကြားလိုက်ရချိန်တွင် အကြီးအကဲသည်တော့ သူ့နှလုံးသားထဲမှ ထိတ်လန့်တုန်လှုပ် သွားခဲ့ရသည်။
‘ဖန်တီးမှု ၉မျိုးလား။ ဆရာစစ်မာက ဒီမာန်ပညာရပ်ကို အခုလို အတိုင်းအတာ အထိတောင် ထိန်းချုပ်နိုင်နေပြီလား’
ဖန်းမုညွှန်ပြလိုက်သည့် တောင်အပြင်ဘက်တွင် လေအေးတို့ နေရာအနှံ့မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုလေအေးတို့သည် တောင်တစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ရေခဲတောင်တစ်လုံးအသွင် ပြောင်းလဲသွားခဲ့သည်။
မြေပြက်တုန်ခါသွားခဲ့သည့် မြည်ဟည်းသံတို့ လေထုအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ရေခဲတောင်ကြီးသည် ယိမ်းထိုးတုန်ခါသွားခဲ့ပြီး ပြည့်စုံကောင်းမွန်သည့် အခြေအနေပုံစံဖြင့် တောင်မှကွာထွက်လာသည့် ရေခဲအလွှာကြီးတစ်ခုက လေထုအတွင်း လွင့်မျောလာခဲ့၏။
ပိုမိုတိကျစွာ ပြောရလျှင်မူ အတွင်း၌ ဘာမှမရှိသည့် ရေခဲတောင်ကြီးတစ်ခုပင် ဖြစ်သည်။ တောင်၏ အတွင်းထဲ၌ ဗလာဖြစ်နေခဲ့သော်လည်း ၎င်း၏ ပုံသဏ္ဌာန်သည်တော့ မြေပြင်ပေါ်မှ ကျောက်တောင်နှင့် တစ်ထေရာတည်းပင် ဖြစ်နေလေသည်။
၎င်းလွင့်မျောလာသည်နှင့် ထိုဗလာရေခဲ တောင်ကြီးသည် ဖန်းမု ညွှန်ပြသည့်အတိုင်း ဟန်တောင်တန်း မြို့တော်ထံသို့ ပျယ်လောင်သံ တစ်ခုနှင့်အတူ ဦးတည်ရွေ့လျားသွားပြီး စုမင်ရပ်နေသည့်နေရာသို့ ရောက်သည့်အခါ သူ့အပေါ်သို့ ကျဆင်းသွားခဲ့၏။
စုမင် တုန်လှုပ်သွား၏။ သူ့ပတ်လည်မှ ဧရာမလျှပ်စီး အလင်းလုံးကြီးသည် အထက်သို့ လွင့်မျောသွားပြီး ဗလာရေခဲတောင်ကြီးနှင့် လေထုအလယ်တွင် တိုက်မိသွားကြသည်။
သူ၏ လျှပ်စီးအလင်းလုံးနှင့် ရေခဲတောင်တို့ တိုက်ခိုက်မိချိန်တွင် ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေနိုင်သည့် ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခုက လေထုအတွင်း ဖြစ်ပွားသွားပြီး အသံလှိုင်းလုံးကြီး တစ်ခုအသွင် ပြောင်းလျက် အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ရေခဲတောင်ကြီးသည် လျှပ်စီးတို့ဖြင့် ဖုံးလွှမ်းခံလိုက်ရပြီး ရုတ်ခြည်းပင် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြိုကွဲသွားခဲ့သည်။ သို့သော် ၎င်းတို့ပြိုကွဲသွားသည့် အချိန်မှာပင် စုမင်ပတ်လည်မှ လျှပ်စီး အလင်းလုံးကြီးသည်လည်း ပျောက်ကွယ် သွားရလေသည်။
လျှပ်စီးနှင့် ရေခဲများ ပျောက်ကွယ်သွား ချိန်တွင်တော့ စုမင်သည် အေးခဲနေသည့် ပုံစံများ ဖြစ်နေခဲ့လေသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ရေခဲအလွှာများဖြင့် ဖုံးအုပ်ခံထားရ၏။ ခဏအကြာတွင် ထိုရေခဲအလွှာများ ပြိုကွဲသွားခဲ့သော်လည်း စုမင်၏မျက်နှာသည် မယုံနိုင်ဖွယ် ဖြူဖျော့သွားခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှ ရေခဲမှ ပျောက်ကွယ်သွားခဲ့သည်နှင့် သူ ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက် ရလေသည်။
သွေးတို့သည်လည်း အေးခဲနေခဲ့ကြ၏။ သူသွေးတို့ကို ထွေးထုတ်လိုက်ချိန်တွင် ၎င်းတို့သည် ရေခဲများအဖြစ် ပြောင်းလျက် လေနှင့်အတူ အဝေးသို့ ပြန့်ကျဲသွားခဲ့ကြသည်။
သို့သော် စုမင်၏ နောက်ဘက်တွင် လှည့်ပတ်နေသည့် မိုးကြိုးလျှပ်စီးများ ရှိနေဆဲပင်ဖြစ်သည်။ ၎င်းတို့သည် နောက်တစ်ကြိမ် အတူတကွ ပြန်လည် စုစည်းလိုက်ဟန်ဖြင့် ဖြန့်ကြက်လာခဲ့ကြပြီး စုမင်၏နဖူးအလယ်မှ မိုးကြိုးသွားပုံစံ အမှတ်သည်လည်း ပြန်လည် ထွက်ပေါ်လာခဲ့သည်။
မိုးကြိုးသွားပုံစံ အမှတ်အသားသည် များစွာသော ကိုင်းခွဲများ ပြန့်ကျဲနေခဲ့သည်။ ၎င်း၏ပုံစံသည် မပြည့်စုံနေခဲ့သော်လည်း ကောင်းကင်တွင် လူများမြင်ရသည့် လျှပ်စီး၏ပုံစံနှင့်တော့ မယုံနိုင်ဖွယ် တူညီနေဆဲပင်ဖြစ်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် ထိုလျှပ်စီး အလင်းစက်များအပြင် အနက်ရောင်မြူခိုးများမှ ဖြစ်ပေါ်လာသည့် ချပ်ဝတ်တစ်ခုလည်း ရှိနေခဲ့သည်။ ထိုချပ်ဝတ်သည် သူ့မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့သည်။ ငြိမ်းအေးရာ အရှေ့အရပ်တောင်ဆီမှ သူ့ကို လှမ်းကြည့်နေသည့် ဖန်းမုကဲ့သို့ပင် သူသည်လည်း ဂရုမစိုက်ဟန် အကြည့်များဖြင့် ဖန်းမုကို အလားတူ ပြန်ကြည့်လိုက်၏။
“ငါပိုင်ဆိုင်တဲ့အရာက ဒီမှာပဲ။ မင်း အဲဒါကို ယူဆောင်ရဲတယ် ဆိုရင်တော့ မင်း တူညီစွာ ပြန်ပေးဆပ်ရလိမ့်မယ်။ မင်း ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ငါ မင်းကို လာရှာမှာပဲ”
ဖန်းမုသည် ဖြည်းညင်းစွာ ပြောလိုက်ရင်း သူ့ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်မြူခိုးများဖြင့် ပြုလုပ်ထားသည့် ဝတ်ရုံရှည်က လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ သူ ဤနေရာသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်ရခြင်းအတွက် ရည်ရွယ်ချက် တစ်ခုသာ ရှိ၏။ သူပိုင်ဆိုင်သည့်အရာကို လုယူရန် ကြိုးစားရဲသူသည် မည်သူဖြစ်ကြောင်း သူမြင်ချင်သောကြောင့် ဖြစ်ပြီး ယခု သူတွေ့လိုက်ရပြီ ဖြစ်သည်။
“ဒီခန္ဓာကိုယ်က တိုက်ခိုက်မှုတစ်ခုတည်း အတွက်ပဲ လုံလောက်တဲ့စွမ်းအားကို ထောက်ပံ့ပေးနိုင်တာ စိတ်မကောင်းစရာပဲ ... ဒါပေမဲ့ ဒီတိုက်ခိုက်မှု တစ်ခုတည်းနဲ့ပဲ မင်းက ဒဏ်ရာရခဲ့တယ် ဆိုရင်တော့ ... မင်းက အရမ်း အားနည်းလွန်းတယ်။ မင်းက ငါဒီနေရာကို လာရောက်ရတဲ့အထိ မထိုက်တန်ဘူးပဲ”
“ဒါပေမဲ့ ငါ့တိုက်ခိုက်မှုကို အတွေ့အကြုံ ရပြီးတဲ့နောက်မှာတောင် မင်းက ငါပိုင်တဲ့အရာကို လုယူဖို့ဆက်ပြီး ကြိုးစားရဲဦးမလား ဆိုတာကို ငါသိချင်မိတယ်”
ဖန်းမုတစ်ယောက် ခပ်ရေးရေး ပြုံးလိုက်သည်။ သူ့အသံသည် လေထုအတွင်း ပဲ့တင်ထပ်သွားခဲ့သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ အပြာရောင် ဝတ်ရုံသည်လည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီးနောက် စုမင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး မျက်လုံးတို့ကို မှိတ်ချလိုက်သည်။ ထို့နောက် မျက်လုံးတို့ တစ်ဖန် ပြန်ပွင့်လာချိန်တွင်တော့ သူ့မျက်လုံးများအတွင်း ဝေခွဲမရမှုများသာ ရှိနေခဲ့တော့သည်။
စစ်မာရှင်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
နယ်မြေတစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့ပြီး ... ကောင်းကင်ပေါ်မှ သားရဲ၏ ဦးခေါင်းလေးလုံးသည်သာ အချင်းချင်း ကိုက်ဖြတ်တိုက်ခိုက် နေကြဆဲ ဖြစ်သည်။
စုနင် တိတ်ဆိတ်သွားခဲ့သည်။ ယခုနက လူသည် စစ်မာရှင်းဖြစ်သည်ကို သူသိရှိလိုက်ရပြီ ဖြစ်သည်။
‘သူက တကယ် သန်မာတာပဲ...’
ကောင်းကင်ပေါ်မှ ခေါင်းကိုးလုံးသားရဲကို စုမင် မော့ကြည့်လိုက်သည်။ စူးရှသည့် အကြည့်တစ်ခုသည် သူ့မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့ပြီးနောက် သူလေထဲသို့ ဖြည်းညင်းစွာ ပျံတက်လိုက်သည်။ သူ အမြင့်သို့ ရောက်ရှိသွားသည်နှင့် စစ်မာရှင်း၏ စိတ်ဆန္ဒများ ရှိနေသည့် ဦးခေါင်းနှစ်လုံးကို စူးစိုက်ကြည့်လိုက်သည်။
‘ဒါပေမဲ့ ... မင်း ပိုင်ဆိုင်တယ်ဆိုတဲ့ အရာကို ငါ ယူဆောင်သွားမှာကိုတော့ မင်း ... မတားဆီးနိုင်ပါဘူး...’
သူသာ ထိုဦးခေါင်းနှစ်လုံးကို ထိန်းချုပ်နိုင်ပြီး ဦးခေါင်းလေးလုံး ပိုင်ဆိုင်သွားမည်ဆိုလျှင် သူ ခေါင်းလောင်းကို အဝေးသို့ ယူဆောင်သွားနိုင်မည် ဖြစ်ကြောင်း စုမင် ပြောနိုင်ပေသည်။
***