ထွက်ခွာသွားခြင်း
Vol. 15 Ch. 199
သူ၏ ယခုလက်ရှိ စွမ်းအားနှင့်ဆိုလျှင် အခြားသော နောက်ထပ်ဦးခေါင်း နှစ်လုံးကို နိုးထစေနိုင်ရန် သူလုနိုင်မည် မဟုတ်သည်ကို စုမင် သိသည်။ သို့သော် စစ်မာရှင်း၏ စိတ်ဆန္ဒများ သိမ်းပိုက်ခံထားရသည့် နိုးထပြီးသား ဦးခေါင်းနှစ်လုံးကိုတော့ သူလုယူနိုင်ဆဲပင် ဖြစ်သည်။
‘သူက သန်မာရင် သန်မာလိမ့်မယ်၊ ဒါပေမဲ့ သူ့စိတ်ဆန္ဒတွေကို ငါရှင်းထုတ်မပစ် နိုင်လောက်တဲ့အထိတော့ သူက သန်မာနိုင်မှာ မဟုတ်ဘူး’
ကောင်းကင်ပေါ်ရှိ ဦးခေါင်းများထံသို့ လျှောက်သွားနေရင်းမှ စုမင် မျက်လုံးများထဲတွင် အေးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။
စစ်မာရှင်း၏ သိစိတ်ဆန္ဒများ ရှိနေသည့် ဦးခေါင်းနှစ်လုံးကလည်း စုမင်ထံသို့ တစ်ချိန်တည်းလိုလို လှည့်ကြည့်လာကြသည်။ သူတို့ မျက်လုံးများအတွင်းမှ စစ်မာရှင်း၏ ပုံရိပ်များကလည်း စုမင်ကို ကြည့်နေခဲ့ကြသည်။
သူတို့က တိုက်ခိုက်ခြင်းမပြုပဲ သူတို့ထံသို့ လျှောက်လှမ်းလာနေသည့် စုမင်ကိုသာ ရိုးရိုးရှင်းရှင်းဖြင့် အေးစက်စွာ စိုက်ကြည့်နေ ခဲ့ကြသည်။ သူကိုယ်တိုင် လာရောက်ခြင်းမရှိပဲ ဦးခေါင်းများအတွင်းမှ စိတ်ဆန္ဒ သက်သက်ဖြင့်ဆိုလျှင် ထိုစိတ်ဆန္ဒများ ရှင်းထုတ်ခံရမည့် အရေးကို သူ တားဆီးနိုင်မည် မဟုတ်မှန်း လွန်ခဲ့သည့်အချိန် ကြာမြင့်စွာတည်းကပင် စစ်မာရှင်းတစ်ယောက် နားလည်ထားခဲ့သော်လည်း သူ့တွင် အချိန်မရခဲ့ပေ။
သို့သော် သူမည်သည့် ခြိမ်းခြောက်မှုမှ မပြုလုပ်ခဲ့ပေ။ သူ၏ အေးစက်စက် အဖက်မတန်ဟန် အကြည့်ထဲမှ ပါဝင်နေသည့် အဓိပ္ပာယ်များသည် ယခုအချိန်တွင် သူပြောဆိုနိုင်မည့် မည်သည့် စကားလုံးထက်မဆို ပိုမိုကြောက်စရာ ကောင်းနေပေလိမ့်မည်။
စုမင်သည်လည်း ဦးခေါင်းနှစ်လုံး၏ မျက်လုံးများထဲမှ စစ်မာရှင်း၏ ပုံရိပ်များကို အလားတူအေးစက်သည့် အကြည့်ဖြင့်သာ ပြန်စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များသည်လည်း အေးစက်နေခဲ့သည်။
ငြိမ်းအေးရာ အရှေ့အရပ်တောင်ပေါ်မှ အကြီးအကဲသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင်တော့ စုမင်သည် စစ်မာရှင်းနှင့် အင်မတန် တူညီနေသည်ဟု ခံစားနေရခြင်းကို နောက်ဆုံးတော့ သူနားလည်သွားခဲ့ရပြီ ဖြစ်သည်။ သူတို့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါတို့သည်ပင် ထပ်တူညီလုနီးပါး ဖြစ်၏။
စုမင် ညာလက်ကို မြှောက်လိုက်ချိန်တွင် များစွာသော လျှပ်စီး အလင်းတန်းများက နေရာအနှံ့မှ ထွက်ပေါ်လာခဲ့ပြီး ခဏအတွင်းမှာပင် သားရဲ၏ ဦးခေါင်းနှစ်လုံးကို ဖုံးအုပ်သွားခဲ့ကြသည်။
“စစ်မာရှင်း၊ ဒီခေါင်းလောင်းက ငါနဲ့ပဲ သက်ဆိုင်ရလိမ့်မယ်”
စုမင် ထိုကဲ့သို့ အေးဆေးတည်ငြိမ်စွာ ပြောလိုက်ချိန်တွင် ကောင်းကင်မှ မိုးခြိမ်းသံများက ဆူညံသွားခဲ့ကြသည်။ ဦးခေါင်းနှစ်လုံးအနက် တစ်လုံး၏ မျက်လုံးများထဲမှ စစ်မာရှင်း၏ပုံရိပ်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ဗလာဖြစ်သွားခဲ့သည်။
အခြာပုံရိပ် တစ်ခုသည်လည်း သိပ်မကြာခင်မှာပင် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။ ၎င်းသည် မျက်လုံးများထဲမှ ပျောက်ကွယ်လုနီးပါး ဖြစ်သွားချိန်တွင် စစ်မာရှင်း ပြုံးလိုက်သည်ကို စုမင်မြင်လိုက်ရ၏။
ထိုအပြုံးထဲ၌ ပျော်ရွှင်မှုရော၊ ဝမ်းနည်းမှုရော မည်သည့်စိတ်ခံစားချက် အရိပ်အယောင်ကိုမှ မမြင်နိုင်ပေ။ သို့သော် ထိုအပြုံးထဲတွင် အရိုးစွဲနေသည့် မာနထောင်လွှားမှု အရိပ်အယောင်တို့ကိုတော့ ဖုံးကွယ်ထားခဲ့သည်။ ထိုမာနထောင်လွှားမှုကို အခြားသူများ မမြင်နိုင်သလို၊ မြင်နိုင်ခွင့်လည်း မရှိသော်လည်း ထိုအခိုက်အတန့်မှာတော့ ၎င်းမာနထောင်လွှားမှုက ထွက်ပေါ်လာခဲ့၏။
စုမင်၏မျက်နှာသည်တော့ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ ညာလက်ကို ဝှေ့ယမ်းလျက် လျှပ်စီးတို့ ဝင်းလက်တောက်ပ သွားစေလိုက်ရင်း မျက်လုံးများအတွင်းမှ ပြုံးနေသည့် စစ်မာရှင်း၏ ပုံရိပ်ကို ရှင်းထုတ်ပစ် လိုက်တော့သည်။
ဦးခေါင်းနှစ်လုံး၏ မျက်လုံးများအတွင်းမှ စစ်မာရှင်း၏ ရုပ်ပုံများကို ရှင်းထုတ်ပြီးချိန်မှာပင် ထိုမျက်လုံးများထဲ၌ လျှပ်စီး အလင်းစက်ငယ်လေးများ ရုတ်ခြည်း ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင်တော့ ၎င်းမျက်လုံးများထဲ၌ စုမင်ပုံရိပ်တို့ ရောင်ပြန်ဟပ် ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်မှာပင် စုမင်၏စိတ်ဆန္ဒများ ရှိနေသည့် ကောင်းကင်မှ သားရဲ၏ ဦးခေါင်း၄လုံးသည် ခေါင်းမော့လျက် ဟိန်းဟောက်အော်ဟစ် လိုက်ကြသည်။
“ခေါင်း ... ကိုးလုံး နဂါး ... တောင်ပိုင်း ... ဧကရာဇ် ... ”
ထိုစကားလုံး၅လုံးသည် စုမင်စိတ်ထဲတွင် ဧရာမသားရဲကြီး တစ်ကောင်၏ ဟိန်းဟောက်သံကြီးသဖွယ် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံသည် အလွန်အမင်း ရှေးကျနေဟန်ပေါ်ပြီး ကြားလိုက်ရသည့် အခြားသူများကို တစ်ခါတစ်ရံ ထိုအသံသည် အဝေးမှ လာနေသကဲ့သို့၊ တစ်ခါတစ်ရံတွင်တော့ အလွန်နီးကပ်နေသကဲ့သို့ ခံစားမှုမျိုး ပေးစွမ်းနေခဲ့သည်။
“ခေါင်းကိုးလုံးနဂါး တောင်ပိုင်းဧကရာဇ်”
စုမင် ရေရွတ်လိုက်သည်။
သူ့အသံ ထွက်ပေါ်လာသည်နှင့် ဟန်တောင်တန်း မြို့တော်တွင် ယခင်က လုံးဝမကြားဖူးခဲ့သည့် ခေါင်းလောင်းသံ တစ်ချက်သည် ရုတ်ခြည်းဆိုသလို လေထုအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
ခေါင်းလောင်းက သူ၏သခင်ကို အသိအမှတ် ပြုလိုက်ဟန်ဖြင့် ထိုခေါင်းလောင်းသံက ထွက်ပေါ်လာခဲ့သည်။ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့် မြေပြင်မှ ဟန်တောင်တန်း ခေါင်းလောင်းသည်လည်း တုန်ခါသွားပြီး လူအုပ်၏ အံ့အားသင့် ထိတ်လန့်နေသည့် အကြည့်များအောက်တွင်ပင် မြေပြင်မှ ဖြည်းညင်းစွာ လွင့်မျော ပျံတက်လာခဲ့သည်။
ခေါင်းလောင်း၏ လှုပ်ရှားနေမှုက မလျင်မြန်သော်လည်း အပေါ်သို့ အနည်းငယ် မြင့်တက်သွားသည့် အကြိမ်တိုင်းတွင် လှိုင်းဂယက် ငယ်လေးများအသွင် ပြောင်းလဲသွားမည့် ခေါင်းလောင်းသံ တစ်ချက်စီကို ထုတ်လွှတ်လျက်ရှိ၏။ နောက်ဆုံးတွင်တော့ ခေါင်းလောင်းသည် စုမင်ထံ ဦးတည်ရွေ့လျား သွားခဲ့လေသည်။ ဧရာမခေါင်းလောင်းကြီးက လျင်မြန်စွာ ကျုံ့ဝင်သွားပြီး စုမင်အနီးသို့ ရောက်ရှိသွားချိန်တွင်တော့ လက်သည်းခွံ အရွယ်အစားအထိ ကျုံ့ဝင်သွားခဲ့တော့သည်။ ထို့နောက်တွင်တော့ ၎င်း ခေါင်းလောင်းလေးသည် စုမင်၏ မျက်ခုံးအလယ်သို့ ပေါင်းစပ်သွားခဲ့ပြီး ပျောက်ကွယ်သွား ခဲ့တော့သည်။
ထိုအရာလေးသည် စုမင်ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားချိန်တွင်တော့ သူ့ထံမှ ကျယ်လောင်သည့် ခေါင်းလောင်းသံကြီး ထွက်ပေါ်လာခဲ့ချေသည်။
ခေါင်းလောင်းသံသည် ပတ်ဝန်းကျင် ဧရိယာတစ်ဝိုက် ပျံ့လွင့်သွားခဲ့ပြီး ကြားလိုက်ရသူတိုင်းကို အရိုးထဲမှပင် ထိတ်လန့်တုန်လှုပ် သွားသည်ဟု ခံစားလိုက်ရစေသည်။ ထိုအခိုက်အတန့်မှာပင် သူတို့စိတ်များ ဗလာဖြစ်သွားခဲ့ကြ၏။
အရောင်စုံရေကန် မျိုးနွယ်စုမှ အဘွားအိုသည်ပင် အလားတူအခြေအနေသို့ ကျရောက်သွားခဲ့ရသည်။
အချိန်တွေမည်မျှ ကုန်ဆုံးသွားမှန်း သူတို့မသိခဲ့ကြပေ။ နောက်ဆုံးတွင် သူတို့ တွေဝေမိန်းမောနေရာမှ ပြန်လည် သတိဝင်လာပြီး သူတို့စိတ်များ ကြည်လင်သွားခဲ့ပြီး ကောင်းကင်ကို မော့ကြည့် လိုက်ချိန်တွင်တော့ ... စုမင်ကို ရှာမတွေ့တော့ပါချေ။
ကောင်းကင်တွင်၎င်း၊ မြေပြင်ပေါ်၌ ၎င်း၊ တောင်တန်းများပေါ်တွင် ၎င်း အခြားမည်သည့် နေရာတွင်မှ စုမင်ကို ရှာမတွေ့တော့ချေ။ သူသည် မည်သည့်အချိန်ကမှ ထွက်ပေါ်မလာခဲ့ဖူးသလို၊ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် လူအုပ်တစ်ခုလုံး အတူမက်ခဲ့သည့် အိပ်မက်တစ်ခုလိုပင် ဖြစ်သည်။
ခဏတာ တိတ်ဆိတ်သွား ပြီးနောက်တွင်တော့ လူအများကြား၌ ဆူညံပွက်လော ရိုက်သံများ ထွက်ပေါ်လာခဲ့၏။
“သူ ထွက်သွားပြီလား”
“အခု ဘာဖြစ်သွားခဲ့တာလဲ။ ခဏလေးလိုပဲ ခံစားလိုက်ရပေမဲ့ ငါနိုးလာတဲ့အချိန်မှာ စစ်နတ်ဘုရားအရှင်က ထွက်ခွာသွားခဲ့ပြီ”
“ဟန်တောင်တန်း ခေါင်းလောင်း၊ ဟန်တောင်တန်း ခေါင်းလောင်း၊ ခေါင်းလောင်းကလည်း ပါသွားတာပဲ”
အရောင်စုံရေကန် တောင်ပေါ်မှ အဘွားအိုသည်လည်း အသက်ပြင်းပြင်း ရှူလိုက်မိပြီး သူမမျက်နှာ၌ စဉ်းစားတွေးတောနေသည့် အမူအရာမျိုး ဖြစ်ပေါ်နေခဲ့၏။ သူမဘေးမှ ယန်လွမ်သည်တော့ မျက်မှောင်ကြုတ် နေခဲ့သည်။ သူမသည်လည်း စုမင်ကို ဧရိယာတစ်ဝိုက် ရှာဖွေကြည့်ရှု လိုက်သော်လည်း မအောင်မြင်ခဲ့ပေ။
လူတိုင်းက စုမင်ကိုရှာဖွေခဲ့ကြပြီး အံ့အားသင့်စွာ အော်ဟစ်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ချေသည်။ အော်ဟစ်လိုက်သူသည် ဟန်တောင်တန်း မြို့တော်အတွင်းမှ ရွှမ်းလွမ်အနီးတွင် ရပ်နေခဲ့သူဖြစ်သည်။
ရွှမ်းလွမ်၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေခဲ့ပြီး ထိုနေရာ၌ လှုပ်ရှားခြင်း အလျင်းမရှိပဲ ရပ်နေခဲ့၏။
သူနှင့် သိပ်မဝေးသည့် နေရာတွင်တော့ ယောက်ျားတစ်ဦးက အံ့အားသင့်စွာ အော်ဟစ်နေခဲ့သည်။ ရွှမ်းလွမ်၏လည်ပင်း၌ အနီရောင် သွေးစီးကြောင်းတစ်ခုကို သူတွေ့လိုက်ရခြင်း ဖြစ်သည်။ ထိုသွေးစီးကြောင်းမှ သွေးတို့ စီးကျနေခဲ့ချေသည်။
လူအုပ်ကြီး၏ အာရုံသည် သူ့ထံသို့ ရောက်ရှိသွားချိန်မှာပင် ရွှမ်းလွမ်၏ဦးခေါင်းက သူ၏ခန္ဓာကိုယ်မှ ရုတ်တရက် ပြတ်ထွက်သွားပြီး မြေပေါ်သို့ ပြုတ်ကျသွားခဲ့ချေသည်။ သူ့ဦးခေါင်းက ပေရာပေါင်းများစွာ အဝေးသို့ လိမ့်သွားပြီးချိန်တွင်တော့ ရွှမ်းလွမ်၏ခန္ဓာကိုယ်က လဲပြိုကျသွားခဲ့၏။
မည်သူမှ စကားမပြောခဲ့ပဲ လူအုပ်ကြီးသည် ရုတ်တရက် တိတ်ကျသွားခဲ့ချေသည်။
ပုချန့်တောင်ပေါ်မှ ပုချန့်မျိုးနွယ်စု အကြီးအကဲသည်လည်း ဖြူဖျော့သွားခဲ့ရသည်။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် အရာကို သူတစ်ဦးတည်းသာ သေချာ မြင်လိုက်ခြင်းဖြစ်သည်။ အမှန်တကယ်တွင်တော့ သူ၏ကျင့်ကြံဆင့်သည် ရုပ်နယ်လွန် အလယ်ဆင့်တွင် ရှိနေခဲ့သော်လည်း ဟန်တောက်တန်း ခေါင်းလောင်းသံ၏ လွှမ်းမိုးမှုအောက်၌ သူသည်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပါချေ။
သို့သော် ထွက်ခွာမသွားသေးခင် ဤနေရာသို့ စုမင် ရောက်လာခဲ့သေးပေသည်။
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ခေါင်းလောင်းသံကို ကြားလိုက်ရချိန်တွင် သူ့စိတ်သည် တွေဝေမိန်းမောသွား ခဲ့ရသော်လည်း သန်မာသည့် စွမ်းအားတစ်ခုက သူ့ခေါင်းတွင်းမှ မိန်းမောမှုတို့ကို ဖယ်ရှားပေးလိုက်ချိန်တွင် သူ့စိတ်တို့ ရှင်းလင်းကြည်လင် သွားခဲ့ရသည်။ ထိုကဲ့သို့ စိတ်ကြည်လင် သွားရသည့်အချိန်မှာပင် အနက်ရောင် ချပ်ဝတ်နှင့် စုမင်က ကောင်းကင်မှနေ၍ သူတို့ထံသို့ လျှောက်လှမ်းလာခဲ့သည်ကို သူတွေ့လိုက်ရသည်။ စုမင်သည် ပုချန့်တောင်ပေါ်သို့ ရောက်သည်နှင့် လျှပ်စီးတိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံထားရပြီးချိန်တွင် ကျန်ရှိနေခဲ့သည့် ဦးခေါင်းခွံတစ်ဝက်ကို ယူဆောင်လိုက်၏။
ထို့နောက်တွင်တော့ သူက အကြီးအကဲကို တစ်ချက် စိုက်ကြည့်သွား ခဲ့ချေသည်။
ပုချန့်မျိုးနွယ်စု အကြီးအကဲသည် ထိုအကြည့်ကို ဘယ်သောအခါမှ မေ့နိုင်တော့မည် မဟုတ်ပေ။ ထိုအရာကို ပြန်တွေးလိုက်မိချိန်၌ပင် သူ့ခန္ဓာကိုယ်ကို လျှပ်သီးတန်းများ ပိုင်းဖြတ်ခံလိုက်ရ သကဲ့သို့ ထိတ်လန့်တုန်လှုပ် သွားမိချေသည်။
စုမင်သည် တောင်ပေါ်မှ လျှောက်လှမ်းသွား ခဲ့သည်ကို သူမြင်ခဲ့ရသည်။ လေထဲတွင် အစိမ်းရောင် အလင်းတစ်ခု လျှပ်တစ်ပြက် တောက်ပသွားခဲ့ပြီး အစိမ်းရောင် အလင်းတန်းတစ်ခုသည် ဟန်တောင်တန်းမြို့တော်မှ ရွှမ်းလွမ်ထံ ဦးတည်တိုးဝင်သွားခဲ့၏။ ၎င်းက ရွှမ်းလွမ်၏ခန္ဓာကိုယ်ကို တစ်ပတ်ပတ်လိုက်ပြီး စုမင်ထံ ပြန်ရောက်လာခဲ့သည်။ ထိုအမျိုးသားသည် မည်သည့်အရာမှ တွေးတောခြင်းမရှိဟန် ပေါ်သော်လည်း အရှေ့ဘက်သို့ ရုတ်တရက် မော့ကြည့်လိုက်ပြီးနေက် အခြားဦးတည်ဘက် အရပ်မျက်နှာ တစ်ခုဆီသို့ အရိပ်အယောင် ပြန်မကျန်ရစ်ခဲ့ပဲ အလင်းတန်းတစ်ခု အသွင်ဖြင့် ထွက်ပြေးပျောက်ကွယ် သွားခဲ့ခြင်းဖြစ်သည်။
ဟန်တောင်တန်း မြို့တော်နှင့် မျိုးနွယ်စုသုံးစုမှ လူများအားလုံး တိတ်ဆိတ်နေချိန်တွင် အလင်းတန်းသုံးခုသည် လေထုကိုဖြတ်သန်းလျက် အဝေးမှ ရောက်ရှိလာခဲ့ကြ၏။ အလင်းတန်း သုံးခုအနက်မှ ခေါင်းဆောင်သည် ‘လျူ’ဟုအမည်ရသည့် အဘိုးအိုတစ်ဦးပင် ဖြစ်သည်။
သူသည် ဟန်တောင်တန်း မြို့တော်ထံသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး မြို့တော်အထက် လေထုထဲ၌ လေးနက်သည့် အမူအရာဖြင့် ရပ်လိုက်သည်။ သူ၏ ပထမဆုံး မြင်ကွင်းသည်တော့ ကျောက်တိုင်အချို့ ဆုံးရှုံးသွားရမှုကြောင့် လှုပ်ယမ်းနေသည့် ပုချန့်တောင်ထံ ဦးတည်သော ဟန်တောင်တန်း၏ သံကြိုးတန်းပင် ဖြစ်သည်။ အဘိုးအိုတစ်ယောက် မျက်လုံးတို့ကို မှေးကျုံ့လိုက်မိသည်။
ဟန်တောင်တန်းမြို့တော်မှ လူများသည် အဘိုးအိုကို မသိရှိကြသလို သူ့နောက်မှ ပါလာသည့် အမျိုးသမီးနှင့် အမျိုးသားတို့ကိုလည်း မသိခဲ့ကြပါချေ။ သို့သော် အရောင်စုံရေကန် မျိုးနွယ်စုမှ အဘွားအိုသည်တော့ ထိုအဘိုးအိုကို မြင်လိုက်ချိန်တွင် သူမ၏မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးဟန် အမူအရာမျိုး ဖြစ်ပေါ်လာခဲ့ချေသည်။
အဘိုးအိုကို သိရှိလိုက်သည့် အခြားသူတစ်ဦးသည် ငြိမ်းအေးရာအရှေ့အရပ် တောင်ပေါ်တွင် ဖြူရော်နေသည့်မျက်နှာဖြင့် ရပ်နေခဲ့သည့် ဖန်းချန်းလန်ပင် ဖြစ်သည်။ အဘိုးအိုကို မြင်လိုက်သည်နှင့် သူမ၏မျက်နှာပေါ်တွင် ရိုသေလေးစားဟန် အမူအရာတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။
“နှုတ်ခွန်းဆက်ပါတယ် ခေါင်းဆောင် လျူ”
“အဖွဲ့ဝင်အစ်ကို ချန်း၊ အဖွဲ့ဝင်အစ်မ ရှု”
ဖန်းချန်းလန်သည် အမျိုးသားနှင့် အမျိုးသမီးတို့ကို ကြည့်လျက် သိမ်မွေ့စွာ နှုတ်ဆက်လိုက်သည်။
ဖန်းချန်းလန်၏ စကားလုံးများကို ကြားလိုက်ရသည်နှင့် ဟန်တောင်တန်းမြို့တော် တစ်ဝိုက်မှ လူများအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြပြီး လူသုံးဦးကို လှမ်းကြည့်လိုက် မိကြသည်။
“အေးခဲကောင်းကင် ကလန်”
“အဲဒါ အေးခဲကောင်းကင် ကလန်က သံတမန်တွေ ဖြစ်ရမယ်။ ဒီတစ်ကြိမ်တော့ သူတို့က ခရီးစဉ်ကို လပေါင်းများစွာ စောရောက်လာကြတာပဲ”
“အေးခဲကောင်းကင် ကလန်က လူတွေ ဒီကိုရောက်လာပြီ။ တပည့်ရွေးချယ်မှုက စတင်တော့မယ်”
“စိတ်မကောင်းစရာပဲ ... သူတို့သာ စောစောလာခဲ့ရင်၊ အခုလေးတင် ဖြစ်ပျက်သွားခဲ့တဲ့ အရာတွေကို မြင်လိုက်ရမှာ”
“အေးခဲကောင်းကင်ကလန်ကို ဘယ်သူ ဝင်ရောက်နိုင်မလဲဆိုတာ ငါသိချင်လိုက်တာ ... စစ်နတ်ဘုရား အရှင်ကတော့ ဝင်ရောက်နိုင်မှာ အသေအချာပဲ”
လူအများကြား၌ ဆွေးနွေးသံများ ထွက်ပေါ်လာခဲ့ပြီး မနာလိုမှု၊ စိတ်လှုပ်ရှားမှုစသည့် စိတ်ခံစားချက်အမျိုးမျိုး ရောထွေးလျက် ကောင်းကင်မှ လူသုံးဦးကို အာရုံစိုက်လာ ကြချေသည်။
ဟန်တောင်တန်းမြို့တော်မှ လူအများစုသည် အေးခဲကောင်းကင် ကလန်သို့ ဝင်ရောက်နိုင်ရန် ရည်ရွယ်ချက်အတွက် ဤနေရာတွင် ရောက်ရှိနေထိုင်နေခဲ့ကြခြင်း ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားပဲ နေနိုင်ပါမည်နည်း။ သူတို့အခွင့်အရေးသည် နည်းပါးလှသည် ဆိုသော်လည်း လုံးဝ မဖြစ်နိုင်သည်ဟုတော့ ဆိုလိုခြင်းမဟုတ်ပါချေ။
ကောင်းကင်ထပ်မှ အဘိုးအိုသည် ဆွေးနွေးသံများကို ကြားဟန်မတူပေ။ သူသည် ဟန်တောင်တန်း၏ သံကြိုးကို ငေးကြည့်နေရာမှ သူ့မျက်လုံးများအတွင်းမှ အလင်းသည် ပိုမိုစူးရှတောက်ပလာခဲ့ပြီး ပုချန့်တောင်ဆီသို့ လှမ်းကြည့်လိုက် ပြန်သည်။
သူ့ဘေးမှ အမျိုးသားနှင့် အမျိုးသမီးသည်တော့ လူအများ၏ အာရုံစိုက်မှုအောက်၌ပင် သက်သောင့်သက်သာ ရှိနေခဲ့ကြသည်။ အပြင်လူများထံမှ ဤကဲ့သို့အမြဲတစေ ကြည့်ရှုခံနေရခြင်း ဖြစ်သည်။ အေးခဲကောင်းကင်ကလန်မှ လူများသည် မည်သည့်နေရာသို့ ရောက်သွားပါစေ သူတို့သွားသည့် နေရာတိုင်း၌ လူထု၏အာရုံကို ဖမ်းစားနိုင်မြဲပင် ဖြစ်သည်။ ဤနေရာတွက် တပည့်များ ရွေးချယ်ရန်အတွက် ယခုလိုမျိုး သူတို့နှစ်ဦး လာရောက်ရချိန်တွင်တော့ ပိုမို၍ပင် အာရုံဖမ်းစားနိုင်ဦးမည် ဖြစ်သည်။ ယခုတွင်တော့ သူတို့၏ အဆင့်အတန်းသည် အေးခဲကောင်းကင် ကလန်ကို ကိုယ်စားပြုနေ ခဲ့ချေသည်။
နန်ထျန်း၊ ခဲ့ကျူးစစ်နှင့် လန်ယင်တို့သည်လည်း တည်ငြိမ်စွာ မနေနိုင်ခဲ့ပဲ ကောင်းကင်မှ လူသုံးဦးကို အရိုအသေပေးဟန် အမူအရာများ ပြုလုပ်၍ နှုတ်ဆက်လိုက်ကြသည်။
“အေးခဲကောင်းကင် ကလန်က သံတမန်ကြီးတွေကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က နန်ထျန်းပါ”
“အေးခဲကောင်းကင်ကလန်က သံတမန်ကြီးတွေကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က ခဲ့ကျူးစစ်ပါ”
“အေးခဲကောင်းကင် ကလန်က သံတမန်ကြီးတွေကို နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်က လန်ယင်ပါ”
ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် သုံးဦး၏ နှုတ်ဆက်မှုကိုပင်လျှင် အမျိုးသားနှင့် အမျိုးသမီးသည်တော့ အသိအမှတ်ပြုဟန်ဖြင့် ပေါ့ပေါ့ပါးပါးသာ ခေါင်းညိတ်ပြ လိုက်ကြသည်။ အဘိုးအိုသည်တော့ ထိုနှုတ်ဆက်မှုကြောင့် စိတ်အနှောင့်အယှက်ပင် အဖြစ်မခံခဲ့ပေ။ ထိုအစား မျက်မှောင် ကြုတ်လျက်ကပင် ပုချန့်တောင်ဆီမှ အကြည့်လွှဲလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူကြည့်နေခဲ့သည့် နေရာသည် ယခင်က ရုပ်နယ်လွန်အဆင့် မာန်နတ်ဘုရား ရုပ်တု၏ အစစ်အမှန်ပုံစံကြီး ဖြစ်ပေါ်သွားခဲ့သည့် နေရာပင်ဖြစ်သည်။
“အဖွဲ့ဝင်ညီမ ဖန်းချန်းလန်။ ငါတို့ကို ဒီနေရာကို တပည့်တွေ လာရောက်ရွေးချယ်ပြီး ခေါ်ဆောင်လာခဲ့ဖို့ အမိန့်ပေးခံခဲ့ရတာ။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရတာတောင်အတော် ကြာသွားပြီပဲနော်။ နောက်မှ ဆုံကြသေးတာပေါ့”
လှပသည့် အမျိုးသမီးက အပြုံးလေးတစ်ခုဖြင့် ဖန်းချန်းလန်ကို နှုတ်ဆက်လိုက်သည်။ သူမ၏အကြည့်သည် လူအုပ်အပေါ်သို့ ဖြန့်ကြက်သွားပြီးနောက် ဟန်ဖေးကျစ်အပေါ်သို့ ကျရောက်သွားခဲ့ရသည်။ အကြည့်တစ်ချက်နှင့် သူမသည် အံ့အားသင့်ကြောင်အ သွားခဲ့ရသော်လည်း လူအုပ်ထဲ၌ တိတ်ဆိတ်စွာရပ်နေသည့် ဟန်ဖေးကျစ်ကို ရင်းနှီးချစ်ခင်စွာ စကားလှမ်းပြော လိုက်ချိန်တွင်လည်း သူမမျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေဆဲပင် ဖြစ်သည်။
“မင်းက ညီမငယ် ဟန်ဖေးကျစ် ဖြစ်ရမယ်။ သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို မင်း တက်ရောက်တဲ့အချိန်မှာ နတ်ဘုရားရုပ်တု အစစ်အမှန်ပုံစံကို ဆင့်ခေါ်နိုင်ခဲ့ပြီး စစ်နတ်ဘုရားဘွဲ့ကို ချီးမြှင့်ခံခဲ့ရတဲ့အတွက် ဂုဏ်ပြုပါတယ်။ လက်ဝဲတော်ရံသာ ဒီအကြောင်းကို သိသွားမယ်ဆိုရင်၊ အေးခဲကောင်းကင် ကလန်ထဲမှာတောင် လှုပ်ခတ်သွားပါလိမ့်မယ်”
သူမဘေးမှ ချန်းအမည်ရှိလူသည် ခဏတာတုံ့ဆိုင်းနေခဲ့၏။ သဘာဝကျကျပင်၊ ဟန်ဖေးကျစ်သည် ယခုအချိန်အထိ ရုပ်နယ်လွန်အဆင့်သို့ မရောက်သေးကြောင်းကို သူမြင်နိုင်ချေသည်။ သို့သော် မြို့တော်အတွင်းမှ အခြားတစ်စုံ တစ်ယောက်က ရုပ်နယ်လွန်အဆင့်သို့ တက်ရောက်သွားခြင်း ဖြစ်သည်ကိုတော့ သူမယုံကြည်နိုင်ပါချေ။
‘သူမမှာ တစ်ခုခု မှားယွင်း ချွတ်ချော်သွားတာ ဖြစ်နိုင်တာပဲလေ...’
ချန်းဆိုသူသည်လည်း လက်သီးနှင့် လက်ဝါးထပ်လျက် အပြုံးလေးတစ်ခုဖြင့် ဟန်ဖေးကျစ်ကို နှုတ်ဆက်လိုက်သည်။
“ငါလည်း အတူတူပါပဲ။ သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို ရောက်ရှိခဲ့ပြီးတော့ စစ်နတ်ဘုရားဘွဲ့ကို ရရှိခဲ့တဲ့အတွက် ငါလည်း မင်းကို ဂုဏ်ပြုပါတယ်။ ဒါက သာမန်အဖြစ်အပျက်လေး တစ်ခုမဟုတ်တာ အသေအချာပဲ။ အဖွဲ့ဝင်ညီမငယ်လေး၊ မင်း မြန်မြန် ပြန်ကောင်းလာအောင် ကောင်းကောင်းအနားယူပါ”
သူတို့နှစ်ဦး ထိုသို့ပြောလိုက်သည်နှင့် သူတို့ပတ်ဝန်းကျင်မှ ဆွေးနွေးသံများသည် သုသာန်တစပြင်သဖွယ် တိတ်ကျသွားခဲ့၏။ စိတ်လှုပ်ရှားမှု၊ မနာလိုမှုများဖြင့် အကြည့်များသည်လည်း စကားပြောဆိုလိုက်သည့် အမျိုးသားနှင့် အမျိုးတို့ကို အထူးအဆန်းသဖွယ် ကြည့်ရှုနေသကဲ့သို့ ပြောင်းလဲသွားခဲ့ကြသည်။
သူတို့၏စကားလုံးများသည် လူအုပ်ကြီးကို တိတ်ကျသွားစေ ခဲ့ရုံမျှမက ဟန်ဖေးကျစ်သည်လည်း မျက်မှောင်ကြုတ် သွားခဲ့ရပြီး ကောင်းကင်မှ လူနှစ်ဦးကို မော့ကြည့်လျက် ပြန်လည် ပြောဆိုလိုက်သည်။
“သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့သူက ကျွန်မ မဟုတ်ပါဘူး”
***