ထျန်းရှဲ့ကျီ
Vol. 15 Ch. 200
သူမ၏စကားသံ ထွက်ပေါ်လာသည်နှင့် အမျိုးသမီးနှင့် အမျိုးသားတို့၏ အမူအရာများသည် မယုံကြည်နိုင် ဖြစ်နေသည့်ပုံစံသို့ ပြောင်းလဲသွားကြသည်။
“အဲဒါ မင်းမဟုတ်ဘူးလား။ ဒီနေရာမှာရှိတဲ့ တခြာ တစ်ယောက်ယောက်က သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်နိုင်ခဲ့တာလား”
“အဲဒီလိုသာဆိုရင် ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုရဲ့ အစစ်အမှန်ပုံစံ အပါအဝင် အခုလေးတင် ငါမြင်ခဲ့တဲ့ အရာအားလုံးက တခြား တစ်ယောက်ယောက်ကြောင့်ပေါ့။ ဒါ ... ဒါက...”
သူတို့နှစ်ဦးလုံး ထိတ်လန့်စွာဖြင့် အသက်ပြင်းပြင်း ရှူလိုက်မိကြသည်။ အဘယ်ကြောင့် သူတို့နှစ်ဦး စကား စပြောလိုက်ချိန်တွင် ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ တိတ်ဆိတ်သွား ခဲ့ရသည်ကို သူတို့ ရုတ်တရက် နားလည်သွားခဲ့ရ၏။
“မင်းမဟုတ်ဘူးဆိုရင်၊ အဲဒါက ဘယ်သူများလဲ”
“ဘယ်သူက သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကို ရောက်ရှိနိုင်ခဲ့ပြီးတော့ ရုပ်နယ်လွန်အဆင့် နတ်ဘုရားရုပ်တုရဲ့ အစစ်အမှန်ပုံစံကို ဆင့်ခေါ်နိုင်တဲ့အပြင် ရုပ်နယ်လွန်အဆင့်ရဲ့ စစ်နတ်ဘုရားဘွဲ့ကို ချီးမြှင့်ခံခဲ့ရတာလဲ”
ကောင်းကင်မှ အမျိုးသားနှင့် အမျိုးသမီး၏ ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သည့် စကားများကို ကြားလိုက်ရချိန်တွင် ဟန်ဖေးကျစ်သည် ခဏတာ တိတ်ဆိတ်နေခဲ့ပြီးမှ ညင်သာစွာ ပြန်လည်ပြောဆို လိုက်သည်။
“အဲဒါက လူစိမ်းတစ်ယောက်ပါ။ သူက သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်အထိ ရောက်ရှိပြီးတဲ့အချိန်မှာ ရုပ်နယ်လွန်အဆင့်ကို တက်ရောက်ခဲ့ပြီးတော့ လျှပ်စီးကို သူ့ရဲ့မူလမာန် အကြောမျှင်အဖြစ် သန့်စင်ခဲ့ပါတယ်။ သူက ဟန်တောင်တန်း ခေါင်းလောင်းကိုလည်း ယူဆောင်သွား ခဲ့ပါသေးတယ် ... စစ်မာရှင်းက ခန္ဓာကိုယ်တစ်ခုကို ထိန်းချုပ်ပြီး ပေါ်လာခဲ့ပေမဲ့ သူလည်း အဲဒီလူစိမ်းကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ပါဘူး”
သူမ၏ စကားလုံးတို့သည် ညင်သာစွာ ထွက်ပေါ်လာခဲ့သော်လည်း လူနှစ်ဦး၏နားထဲသို့ မိုးကြိုးပစ်လိုက်သကဲ့သို့ ကျရောက်သွားခဲ့သည်။ ဤရုတ်တရက် အပြောင်းအလဲကို မယုံကြည်နိုင်ဟန်ဖြင့် အသက်ရှူရန်ပင် မေ့သွားခဲ့မိကြ၏။
“အဖွဲ့ဝင်အစ်ကို စစ်မာတောင် ရောက်လာခဲ့တာလား။ ပြီးတောင် သူတောင် မတားနိုင်ခဲ့ဘူးပေါ့...။ အဲဒီလူက ယောက်ျားလား မိန်းမလား။ သူ့မှာ သွေးကြော ဘယ်လောက်တောင် ရှိခဲ့လဲ”
ချန်းဆိုသူက ချက်ချင်းပင် လျင်မြန်စွာ မေးမြန်းလိုက်သည်။
သူ့ဘေးမှ အမျိုးသမီးသည်လည်း စစ်မာရှင်းဟူသော နာမည်ကို ကြားလိုက်ရချိန်တွင် အသက်ကို ဝဝရှူလိုက်မိပြီး သူမမျက်နှာ၌ ရိုသေလေးစားသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ထိုရိုသေလေးစားမှု အတွင်း၌ အကြောက်တရားများလည်း ပါရှိနေခဲ့၏။
“သူက အရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်ပါ ... သူ့ရဲ့ သွေးကြောတွေကိုတော့ ... ကျွန်မ မသိပါဘူး”
ဟန်ဖေးကျစ်က တည်ငြိမ်စွာ ပြောသည်။
“သွေးကြော ၉၉၅ကြော အထက်ပဲ”
အိုမင်းသည့် အသံတစ်သံက အဘိုးအို၏ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ အဘိုးအိုသည် ကောင်းကင်ကို ကြည့်နေသည့် သူ့အကြည့်ကို ပြန်လွှဲလိုက်ပြီး ဟန်တောင်တန်း ခေါင်းလောင်း တည်ရှိခဲ့ရာနေရာသို့ ပြန်ကြည့်လိုက်သည်။
“ဒါက ငါမြင်ဖူးခဲ့သမျှထဲမှာ အထူးချွန်ဆုံး လူတစ်ယောက်ပဲ”
အဘိုးအိုသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ့မျက်နှာတွင် ကျေနပ်အားရ ပျော်ရွှင်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။ သူသည် အဝေးရှိနေရာတစ်ခုကို လှမ်းကြည့်နေရင်းမှ အလွန်ပျော်ရွှင်နေဟန် ပေါ်နေခဲ့သည်။ ပုချန့်မျိုးနွယ်စု အကြီးအကဲသည်သာလျှင် ထိုအရပ်သည် စုမင် ထွက်ခွာသွားခဲ့သော လမ်းကြောင်းဖြစ်သည်ကို သိရှိနေခဲ့လေသည်။
အဘိုးအိုသည် ရယ်မောနေရင်းမှ သူ့မျက်နှာသည် ဝင်းပသွားခဲ့ပြီး အရောင်စုံ ရေကန်တောင်ပေါ်မှ အရောင်စုံရေကန် မျိုးနွယ်စု အကြီးအကဲရှိရာဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူတို့အကြည့်ချင်း ဆုံသွားသည်နှင့် အဘွားအိုက သူမမျက်လုံးတို့ကို မှိတ်ချပစ် လိုက်ချေသည်။
အဘိုးအိုသည် မည်သည့်စကားမှ မပြောဆိုခဲ့ပေ။ စုမင် ထွက်ခွာသွားခဲ့သည့် ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်ရင်း လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ သူထွက်ခွာသွားခဲ့သည့် အချိန်ထိအောင်ပင် အရောင်စုံရေကန် မျိုးနွယ်စုမှ အဘွားအိုကို တစ်ချက် လှမ်းကြည့်ခဲ့ခြင်းမှလွဲ၍ သူ၏အခြားအကြည့်များ အားလုံးတို့က စုမင်ယခင်က ဖြတ်သန်းသွားလာခဲ့သော နေရာများတွင်သာ ရှိနေခဲ့ခြင်းဖြစ်သည်။
အဘိုးအို ထွက်ခွာသွားခဲ့ချိန်တွင် အမျိုးသားနှင့် အမျိုးသမီးတို့သည် သူတို့၏ မိန်းမောတွေဝေနေခြင်းမှ ကြိုးစား၍ သတိကပ်လိုက်ပြီး အရောင်စုံရေကန် တောင်ဆီသို့ တိတ်ဆိတ်စွာ ပျံသန်းသွား ခဲ့ကြချေသည်။
ထူးဆန်းသည့် အလင်းသည် ဖန်းချန်းလန်၏ မျက်လုံးများအတွင်း ဖြစ်ပေါ်လာခဲ့ပြီး ထိုအထဲတွင် စိတ်လှုပ်ရှားမှုနှင့် စိတ်အားထက်သန်မှုများပါ ရှိနေခဲ့၏။ သူမသည် အဘိုးအို ထွက်ခွာသွားရာ လမ်းကြောင်းသို့ ကြည့်လိုက်ရင်း မသေချာမရေရာသည့် အတွေးတစ်ခုက သူမခေါင်းထဲ၌ ဖြစ်ပေါ်လာခဲ့သည်။
ဟန်တောင်တန်း မြို့တော်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူရောက်ရှိလာခဲ့ချိန်တွင် စုမင်က သွေးကြောကျောက်သား နယ်ပယ်တွင်သာ ရှိနေခဲ့သေး၏။ သူ ပြန်လည် ထွက်ခွာသွားချိန်တွင်တော့ ရုပ်နယ်လွန်အဆင့်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ချေသည်။
ဤအကြိမ်သည် စုမင်ဘဝတွင် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် လေထဲတွင် ပျံသန်းဖူးသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သို့သော် သူစိတ်လှုပ်ရှားသည်ဟု မခံစားရပေ။ သူ့မျက်နှာတွင် လေးနက်သည့် အမူအရာတစ်ခုသာ ရှိနေခဲ့သည်။
သူ၏မာန်အမှတ်ကိုဆွဲရန် လျှို့ဝှက်၍ဝေးလံသည့် နေရာတစ်ခုကို ရွေးချယ်ရန် လျင်မြန်စွာ ထွက်လာခဲ့ခြင်း ဖြစ်သည့်အပြင် သူ့အတွင်းမှ သန့်စင်ခဲ့ပြီးဖြစ်သော မူလမာန် အကြောမျှင်အပေါ် အံ့အားသင့်မှုကြောင့်လည်း သူထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် သူ ဟန်တောင်တန်း မြို့တော်တွင် ရှိနေခဲ့စဉ်က မြို့တော်ထံသို့ ဦးတည်၍ နီးကပ်လာနေသည့် အရှိန်အဝါနှစ်ခုကို ခံစားလိုက်မိခြင်းကြောင့်လည်း ဖြစ်သည်။
သူက သူ၏ စွမ်းအားကိုလည်း တည်ငြိမ်အောင် ပြုလုပ်ရန်လိုသေး၏။ ထို့ကြောင့်ပင် ခဏတာ စဉ်းစားပြီးနောက်တွင် သူထွက်လာရန်သာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် စုမင် အရှိန်နှုန်းအပြည့်ဖြင့် ပျံသန်းလာခဲ့၏။ ရက်အနည်းငယ် ကြာပြီးနောက်တွင်တော့ ဝေးလံသည့်တောင်များက သူ့မြင်ကွင်းထဲတွင် ပေါ်လာခဲ့လေသည်။ ဤနေရာသည် တိတ်ဆိတ်ငြိမ်သက်ပြီး လူသူအရောက်အပေါက် နည်းချေသည်။ သူသည် လေထဲတွင် ရပ်နေရင်းမှ ခေါင်းငုံ့၍ ဧရိယာတစ်ဝိုက်ကို သေချာဖြန့်ကြက် ကြည့်လိုက်ပြီး မြေပြင်ဆီသို့ ကြယ်တံခွန်တစ်စင်းလို့ ဆင်းသက်လိုက်ပြီး တောင်များအတွင်း ပျောက်ကွယ်သွား ခဲ့တော့သည်။
အဆုံးမဲ့တောင်တန်းများ အကြားရှိ နေရာတစ်ခုတွင် အစိမ်းရောင် အလင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။ ထိုနေရာတွင်တော့ စုမင်သည် သူ့ရှေ့မှ အရှိန်နှုန်း မြန်ဆန်စွာဖြင့် တူးဆွနေခဲ့သည့် ကျောက်စိမ်း ဓားမြှောင်ငယ်လေးကို အေးဆေးစွာ ရပ်ကြည့်နေခဲ့၏။
၎င်းက သူ့အတွင် ဂူတစ်ခု တူးပေးပြီးသည်နှင့် စုမင်အတွင်းသို့ လျှောက်လှမ်းဝင်ရောက် လိုက်သည်။
လိုဏ်ဂူထံသို့ သူဝင်ရောက်ပြီးသည်နှင့် ယခင်က တူးထုတ်ထားခဲ့သည့် ကျောက်တုံးကြီးတစ်ခုက တံခါးအသွင်ဖြင့် လိုဏ်ဂူကို ပြန်လည်ပိတ်ဆို့ သွားခဲ့လေသည်။
မှောင်မည်းနေသည့် လိုဏ်ဂူပတ်လည်ကို စုမင် လှည့်ပတ်ကြည့်လိုက်ရင်း ညာလက်ဖြင့် ရင်ဘတ်ကိုထိလိုက်ရာ အနီရောင်အလင်းက ရုတ်ခြည်း တောက်ပလာခဲ့သည်။ သားရဲအရေပြားသည် ထွက်ပေါ်လာကာ မြေပြင်ပေါ်သို့ ဝဲပျံကျဆင်းသွားခဲ့သည်။ ထို့နောက် ၎င်းသည် အနီရောင် မြက်ခင်းပြင်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး လိုဏ်ဂူအတွင်းမှ မြေပြင်ကို ဖုံးအုပ်သွားလေသည်။
တံဆိပ်ခတ်နှိပ်ခြင်း ပညာရပ်ကို အသက်သွင်းလိုက်ရာ ကျောက်စိမ်း ဓားမြှောင်ငယ်လေးက ကျောက်တုံးတံခါး၏ ဘေးတစ်ဖက်သို့ လွင့်မျောသွားပြီး ထိုနေရာ၌ မျက်ခြည်မပြတ် စောင့်ကြည့်နေလေသည်။
ဟယ်ဖုန်းသည်လည်း စုမင်ကိုယ်ထဲမှ ဖိအားပေး၍ အထုတ်ခံလိုက်ရ၏။ သူသည်စုမင်ကို လေးလေးနက်နက် ဦးညွှတ်လိုက်ရင်း သူ့မျက်နှာပေါ်တွင် ကျေးဇူးတင်မှုများ၊ ရိုသေလေးစားမှုများဖြင့် ပြည့်နေခဲ့သည်။
လွန်ခဲ့သည့်ရက် အနည်းငယ်က ဟန်တောင်တန်း ခေါင်းလောင်းကို စုမင် ရရှိလိုက်ချိန်တွင် သူ သတိရနေခဲ့ပြီးဖြစ်၍ စုမင်က ဓားချက် တစ်ချက်တည်းဖြင့် ရွှမ်းလွမ်အသက်အား နှုတ်ယူခဲ့သည်ကို သူမြင်ခဲ့ရ၏။ တစ်ချိန်တည်းမှာပင် သူလက်စားချေ လိုက်ရသည်ဟု ခံစားလိုက်ရပြီး စုမင်ကို ပိုမိုလေးစားသွားခဲ့ရပြီး ထိုလေးစားမှုသည် သူ့အရိုးထဲထိပင် စွဲမြဲသွားခဲ့ချေသည်။ ရုပ်နယ်လွန် မာန်စွမ်းအားရှင် တစ်ယောက်ကို တစ်ချက်တည်းဖြင့် သတ်နိုင်ရန် မည်သို့သော စွမ်းအားမျိုး လိုအပ်လိမ့်မည်ဆိုသည်ကို သူ စိတ်ကူး၍ပင်မရပေ။
“ကျောက်စိမ်း ဓားမြှောင်ငယ်နဲ့တွဲပြီး ငါ့ကို ကာကွယ်ပေးထား”
စုမင်သည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ဟယ်ဖုန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
ဟယ်ဖုန်းသည် ချက်ချင်း ခေါင်းပြန်ညိတ်ပြလိုက်ပြီး သူ့မျက်နှာပေါ်တွင် လေးစားမှု အရိပ်အယောင်များ ပိုမိုတိုးပွားလာခဲ့ချေသည်။ ထိုသို့ ကတိပေးလိုက်ချိန်တွင် သူ့ထံ၌ စုမင်ကို မြှောက်ပင့်လိုသည့် အရိပ်အမြွက်များလည်း ရှိနေခဲ့၏။
စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ရင်း ဟယ်ဖုန်းနှင့် ပတ်သက်၍ စိတ်ရှုပ်ခံမနေတော့ပေ။ စုမင်ပုံစံသည် တည်ငြိမ်နေဟန် ရသော်လည်း အမှန်တကယ်တွင် သူ့နှလုံးသားထဲ၌ စိတ်များလေးလံနေခဲ့ခြင်း ဖြစ်သည်။ သူ့မျက်လုံးများကို မှိတ်လိုက်ရာ ထိုအချိန်တွင် သူ့ကိုယ်ထဲ၌ မည်သည့်လျှပ်စီးမှ ရှိမနေတော့သည်ကို ခံစားလိုက်မိ၏။ သို့သော် သူ့ကိုယ်အင်္ဂါများထဲမှ မြေကမ္ဘာလျှပ်စီးနှင့် သူ့ခေါင်းထဲမှ ဟင်းလင်းပြင်လျှပ်စီးတို့ တိုက်မိသွားအောင်သာ သူလုပ်လိုက်လျှင် လျှပ်စီးများက ချက်ချင်းပင် ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ထိုကိစ္စသည် ဒုတိယနေရာတွင်သာ ဖြစ်သည်။ အရေးကြီးသောအရာမှာ ၎င်းလျှပ်စီးများ ဖြစ်ပေါ်လာချိန်တွင် သူ့ကိုပင် ထိတ်လန့်သွား စေနိုင်သည့် အရာတစ်ခုကို သူ့ကိုယ်ထဲတွင် တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ထိုပစ္စည်းက အစစ်အမှန်ပင်ဖြစ်သည်။ ၎င်းသည် လျှပ်စီးများ ဖြစ်ပေါ်လာချိန်တွင် ရုပ်ဝတ္ထုအခြေအနေကို ရရှိသော်လည်း ပြီးလျှင် ပုံရိပ်ယောင် လျှပ်စီးစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကိုယ်ထဲမှ ထွက်သွားလေသည်။
‘ကောင်းကင်ဘုံလျှပ်စီးကို ငါသန့်စင်ခဲ့တာ။ အဲဒါက မြေကမ္ဘာလျှပ်စီးနဲ့ ဟင်းလင်းပြင်လျှပ်စီး ဆိုလည်း ဟုတ်တယ်။ အဲဒီလျှပ်စီးနှစ်ခု အတူတူပေါင်းစပ်သွားတဲ့ အချိန်ကျရင် လျှပ်စီးစွမ်းအားက ထွက်ပေါ်လာတယ် ... ဒါပေမဲ့ ... အဲဒီအရာက ဘယ်လို ရောက်လာတာလဲ’
စုမင် သူ့ခန္ဓာကိုယ်အတွင်းမှ အရာဝတ္ထုကို ဂရုတစိုက် လေ့လာနေရင်းဖြင့် ဆက်လက်၍ ထိတ်လန့်နေခြင်း မရှိတော့ပေ။
အချိန်အတော်ကြာ ပြီးနောက်တွင် သူ့မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး ထိုမျက်လုံးများထဲတွင် လေးနက်စွာ တွေးတောနေဟန် အမူအရာတစ်ခု ရှိနေခဲ့သည်။ ခဏအကြာတွင် သူမျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ထိုအချိန်၌ အခြားသူများ မမြင်နိုင်သည့် မြေကမ္ဘာ လျှပ်စီးများသည် သူ့ကိုယ်တွင်း အင်္ဂါများထဲမှ ပျံ့နှံ့ထွက်ပေါ်လာခဲ့သလို တစ်ချိန်တည်းမှာပင် သူ့ခေါင်းထဲမှ ဟင်းလင်းပြင် လျှပ်စီးကလည်း အောက်သို့ ကျဆင်းလာခဲ့ချေသည်။
ထိုလျှပ်စီးနှစ်မျိုး တိုက်မိသွားချိန်တွင် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရုတ်ခြည်းဆိုသလို စုမင်ခန္ဓာကိုယ်မှ လျှပ်စီးအလင်းစက်များစွာ ပျံ့လွင့်လာခဲ့သဖြင့် ဟယ်ဖုန်းတစ်ယောက် အထိတ်တလန့်ဖြင့် နောက်ဆုတ်လိုက်ရ၏။ ဤကဲ့သို့ နောက်ဆုတ်လိုက်ပြီးမှသာ စုမင်ကို ကြောက်ရွံ့စွာ လှမ်းကြည့်လိုက် မိချေသည်။
လျှပ်စီးနှစ်မျိုး တိုက်မိသွားချိန်တွင် သူ၏မူလ မာန်အကြောမျှင်ကို စုမင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ထိုအရာသည် အနက်ရောင်ပလိတ်ပြားဖြင့် ပြုလုပ်ထားပြီး မျက်နှာပြင်တွင် အပေါက်ကိုးပေါက်ပါသော ဒယ်ဇောက်အိုးတစ်ခုပင် ဖြစ်သည်။
၎င်းမှာ သူ၏ မူလမာန်အကြောမျှင်ပင် ဖြစ်သည်။ လျှပ်စီးများမှာမူ ပုံရိပ်ယောင်များ သက်သက်ပင်ဖြစ်သည်။ ထိုအပေါက် ကိုးပေါက်ပါသည့် အနက်ရောင် ဒယ်ဇောက်အိုးသည်သာ သူ၏ ရုပ်နယ်လွန်အဆင့် မူလမာန်အကြောမျှင်ပင် ဖြစ်သည်။
‘အဲဒါ ဘာကြီးလဲ...’
စုမင် တွေဝေသွားမိ၏။ သူ့ကိုယ်ထဲမှ ထိုအရာသည် ပြန်၍ ပျောက်ကွယ်မသွားမီ အချိန်ခဏသာ တည်ရှိနေတတ်လေသည်။ ပြီးလျှင် ၎င်းကို စုမင် ရှာမတွေ့တော့ပေ။
သူ့ရင်ဘတ်တွင် ဆွဲထားသော အလားတူ အရောင်အဆင်းရှိသည့် ကျောက်တုံး အပိုင်းအစလေးကို စုမင် ထိကြည့်လိုက်မိပြီး ထိုကျောက်တုံး အပိုင်းအစလေးထဲတွင် တည်ရှိနေသည့် တောင်ကို စုမင် သတိရလိုက်မိသည်။ သူ့မှတ်ဉာဏ်များ ထဲတွင်တော့ ဤအပြာရောင် လျှပ်စီးကို ယခင်က မြင်ဖူးခဲ့ဟန်ပင်။
“အဲဒါများ ဖြစ်နိုင်မလား ... ဒါပေမဲ့ ... ဒီလောက် မတူသလိုပဲ”
စုမင် တီးတိုးရေရွတ်မိသည်။
သူ စိတ်ရှုပ်ထွေးစွာ တွေးတောနေမိသဖြင့် လိုဏ်ဂူအပြင်ဘက် ကောင်းကင်တွင် အဘိုးအိုတစ်ဦး လျှောက်လာခဲ့သည်ကို သူမသိလိုက်မိပေ။ ထိုအဘိုးအိုသည် အေးခဲကောင်းကင် ကလန်မှ လျူအမည်ရှိသည့် အဘိုးအိုပင် ဖြစ်သည်။ သူသည် ကောင်းကင်တွင် ရပ်လိုက်ပြီး မြေပြင်ပေါ်မှ လိုဏ်ဂူကို မျှော်လင့်ချက် အပြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
“ငါ့ဘဝမှာ တပည့်နှစ်ယောက်ပဲ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့က ငါ့ပညာရပ်ရဲ့ အစစ်အမှန် အနှစ်သာရကို အမွေမဆက်ခံ နိုင်ခဲ့ဘူး။ ငါ့မျှော်လင့်ချက်တွေ အကုန်လုံးကို စစ်မာရှင်းအပေါ်မှာ ထားခဲ့ဖူးတယ် ... ဒါပေမဲ့ အဲဒီကလေးရဲ့ နှလုံးသားက ... အရမ်း မိစ္ဆာဆန်နေခဲ့လို့ ... သူက ငါ့အတွက် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ခဲ့ဘူး”
အဘိုးအိုသည် မြေပြင်ပေါ်ရှိ တောင်များထဲမှ နေရာတစ်ခုကို အထူးတလည် စိုက်ကြည့်လိုက်ရင်း သူ့မျှော်လင့်ချက်များက ပိုမိုကြီးထွားလာ ခဲ့ရချေသည်။
“ငါ့တပည့် ဖြစ်လာနိုင်မလား ဆိုတာကတော့ မင်းပါရမီပေါ်မှာပဲ မူတည်တယ်...”
အဘိုးအိုသည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ညာလက်ဖြင့် မြေပြင်ကို ညွှန်ပြလိုက်သည်။
“ရှေးဟောင်း စကားလုံးများ၊ အဆုံးမဲ့ ဖန်တီးမှု”
ထိုသို့ပြောပြီးချိန်တွင် အဘိုးအို၏ မျက်လုံးများသည် ပြူးကျယ်လာခဲ့ပြီး မျက်သားအဖြူရောင် များသည်လည်း အနီရောင် ပြောင်းလာကာ သူ့ယခင်ပုံစံမှ လုံးဝကွဲပြားခြားနား သွားစေသည်။ သူ့အဖြူရောင် ဆံပင်များသည်လည်း လေမတိုက်ပဲ လွင့်မျောလာခဲ့ကြပြီး တဖြည်းဖြည်းနှင့် အရောင်ပြောင်းသွား ခဲ့ကြသည်။ မျက်စိတစ်မှတ် အတွင်းမှာပင် ဆံပင်များသည် အနီရောင် ဖြစ်သွားကြတော့သည်။
သူ့အနီရောင် ဆံပင်များသည် လေထဲတွင် လွင့်မျောနေခဲ့ပြီး အဘိုးအိုကို မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် တစ်ယောက်၏ အသွင်ပုံစံမျိုး ဖြစ်ပေါ်နေစေသည်။ သူ့မျက်နှာတွင်လည်း သွေးကြောများ ထွက်ပေါ်လာပြီး သူ့ပုံစံက ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းနေစေသည်။ သူ့နောက်တွင် ပုံရိပ်ယောင် သွေးပင်လယ်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ထိုသွေးပင်လယ် ထဲတွင်မူ ကျောက်ရုပ်တုတစ်ခု ရှိနေခဲ့သည်။ အဆိုပါ ကျောက်ရုပ်တု၏ မျက်နှာသည် ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ၎င်းထံမှ ထိန်လန့်တုန်လှုပ်ဖွယ် ဆိုးယုတ်သော အရှိန်အဝါ တစ်ခုတော့ ထွက်ပေါ်နေချေသည်။
အဘိုးအို၏ စွမ်းအားသည် မူလက ရိုးရေစတေး ကနဦးဆင့်တွင် ရှိနေခဲ့ဟန်တူသည်။ ယခုအထိ သူသည် ထိုအဆင့်တွင်သာ ရှိနေပုံပေါ်သော်လည်း သူ့ထံမှ ထွက်ပေါ်နေသော ဆိုးယုတ်သည့် အရှိန်အဝါသည် သူ့ထက်စွမ်းအား မြင့်သူများကိုပင် ထိတ်လန့်တုန်လှုပ် သွားစေနိုင်လေသည်။
“မင်းငါ့ရဲ့ တပည့် ဖြစ်လာနိုင်မလားဆိုတာ ဒီနေ့ပဲ သိရတော့မှာပေါ့”
အဘိုးအိုသည် ညာလက်ကိုမြှောက်ကာ လေထဲတွင် အလင်းတန်းတစ်ခု ရေးဆွဲလိုက်ပြီး သူ့လက်ကိုမြေပြင်သို့ နောက်တစ်ကြိမ် ညွှန်ပြလိုက်သည်။ သူ ထိုသို့လုပ်လိုက်သည်နှင့် မြေပြင်သည် အစစ်အမှန် မတုန်ခါသွား ခဲ့သော်လည်း လူများကိုတော့ မြေပြင်နှင့်တောင်များ လှုပ်ခါနေသည်ဟူ၍ ထင်မှတ် မှားသွားစေပြီး အစစ်အမှန်လား၊ ပုံရိပ်ယောင်လား ခွဲခြားမရ ဖြစ်သွားစေသည်။
သို့သော် လိုဏ်ဂူအတွင်းမှ စုမင်သည်တော့ ထိုအရာကို သတိမပြုလိုက်မိပေ။ စုမင်၏စိတ်အာရုံ အလုံးစုံသည် သူ့ကိုယ်ပေါ်၌သာ စူးစိုက်လျက် ရှိနေခဲ့သည်။ သူ၏ ရုပ်နယ်လွန်မူလမာန် အကြောမျှင်သည် ရုပ်ဝတ္ထုရှိအရာ တစ်ခုအဖြစ်မှ ပုံရိပ်ယောင်အဖြစ် ပြန်လည် ပြောင်းလဲသွားပြီး မိုးကြိုးလျှပ်စီး အသွင်ဖြင့် သူ့ကိုယ်ထဲမှ ထွက်သွားသည်ကို သူ စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။
‘မေ့လိုက်တော့။ ငါ ဒါကို နားမလည်နိုင်ဘူး...’
စုမင်မျက်လုံးတို့ ပြန်ပွင့်လာပြီး တဖြည်းဖြည်း ပြန်လည်တည်ငြိမ် လာခဲ့ချေသည်။
‘အခုတော့၊ ငါ့ မာန်အမှတ်အသားကို ဆွဲရမယ် ... ငါ့မာန်အမှတ်အသားက ဘာများ ဖြစ်နေမလဲ...’
မာန်စွမ်းအားရှင် အများစုတွင် သူတို့ ရုပ်နယ်လွန်အဆင့် မရောက်ခင်မှာပင် ပုံရိပ်ယောင် မာန်အမှတ်အသားများ ရှိနေတတ်ပြီး သူတို့ ရုပ်နယ်လွန်အဆင့်သို့ ရောက်၍ ထိုအမှတ်အသားကို အရေပြားပေါ်တွင် ဆွဲသားလိုက်သည်နှင့် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန် တစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။
သို့သော် သူတို့ မာန်အမှတ်အသား များသည် ဘယ်လိုပုံစံရှိသည်ကို မသိသော မာန်စွမ်းအားရှင် မျိုးလည်း ရှိသည်။ ထိုသူများသည်တော့ တရားထိုင်ရင်းဖြင့် မာန်အမှတ်အသားကို အာရုံခံရမည်ဖြစ်ပြီး ထိုသို့လုပ်လိုက်လျှင် မာန်အမှတ်အသားက သူတို့ကိုယ်ပေါ်၌ အလိုအလျောက် ရေးဆွဲပြီး ဖြစ်သွားပေလိမ့်မည်။
စုမင်သည် ဒုတိယ အမျိုးအစားထဲမှ တစ်ယောက်ဖြစ်သည်။
ရုပ်နယ်လွန်အဆင့်၏ အရှိန်အဝါများ ပါဝင်နေသည့်ချီတို့ကို စုမင်တိတ်ဆိတ်စွာ လှည့်ပတ်လိုက်သည်။ ထိုသို့ လှည့်ပတ်လိုက်သည်နှင့် နိုးနေခြင်း မဟုတ်သလို အိပ်မောကျနေခြင်းလည်း မဟုတ်သည့် ကြားခံအခြေအနေ တစ်ခုထဲသို့ စုမင် ကျရောက်သွားခဲ့သည်။ သူ့လက်တို့ကို ဒူးများပေါ်တွင် ထင်လျက် မျက်လုံးကိုမှိတ်ကာ ခေါင်းကို မော့ထားခဲ့သည်။ သူ့ဆံပင်များသည် ပခုံးပေါ်သို့ ဝဲဖြာကျဆင်းနေပြီး မျက်လုံးများအောက်မှ အမာရွတ်သည် အနီဖျော့ဖျော့ အလင်းတစ်ခု တောက်ပနေ ခဲ့ချေသည်။
“ငါ့ မာန်အမှတ်အသား...”
သူ့မာန်အမှတ်အသားကို ခေါ်နေဟန်ဖြင့် စုမင်က တီးတိုးရေရွတ် လိုက်သည်။
ရုပ်နယ်လွန် မာန်စွမ်းအားရှင်များ အတွက် သူတို့၏ မူလမာန်အကြောမျှင် တစ်ခုတည်းသာမက သူတို့၏ မာန်အမှတ်အသား သည်လည်း အလားတူ အရေးကြီးလှချေသည်။
မာန်အမှတ်အသား ဆိုသည်မှာ ရုပ်နယ်လွန် မာန်စွမ်းအားရှင် တစ်ဦးအတွက် သူ၏အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းကို သတ်မှတ်ပေးသည့် အရာပင်ဖြစ်သည်။ ထို့ကြောင့် မာန်အမှတ်အသားများ အားလုံးက ကွဲပြားခြားနား ကြပေသည်။
ထိုအချိန်တွင် လိုဏ်ဂူအပြင်ဘက် ကောင်းကင်၌ ထိုင်နေသည့် အဘိုးအိုသည် မျက်လုံးများပိတ်လျက် သူ့ညာလက်ညှိုးဖြင့် မြေပြင်ကို ညွှန်ပြထားခဲ့ရာမှ မျက်လုံးတို့ကို ဖြည်းညင်းစွာ ပြန်ဖွင့်လာခဲ့၏။
“ငါသိပြီ။ အဲဒီတော့ ဒါက လတစ်ခုပေါ့ ... ဟမ် အဲဒါမဟုတ်ဘူးလား”
***